* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, February 14, 2012

ဘယ်သူ့ အချစ်ဆုံးလဲ

လောကကြီးထဲ တစ်ယောက်နဲ့တစ်ယောက် ချစ်သည်၊ မုန်းသည်နှင့် ပြောဆိုနေကြတာတွေ ကြားနေရတယ်။ တွေ့နေရတယ်။ ဒီကနေ့ဆိုရင် ချစ်သူများနေ့ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချောက လက်တွေကျွေးကြ၊ လက်ဆောင်တွေပေးကြပြီး အချစ်ရဲ၏ သင်္ကေတဆိုပြီးပြောဆိုတတ်ကြသေးတယ်။ ဒါတွေကြားရတော့ အော် လောကလူတွေများ ဟိုလူ့ချစ်တယ်၊ ဒီလူ့ချစ်တယ်ဆိုပြီးပြောနေကြတယ်။ တကယ်တမ်း ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတာ မေးကြည့်ချင်လိုက်တာလို့ စိတ်ထဲဖြစ်မိတယ်။
ပိဋကတ်စာပေသမိုင်းထဲမှာ အလွန်ထင်ရှားတယ် မင်းကြီးတစ်ပါးရှိတယ်။ ကောသလမင်းလို့ လူတိုင်း နီးပါးသိကြတဲ့ မင်းကြီးပေါ့။ တစ်ခါက မင်းကြီးကလည်း ဒီလို ချစ်သူများနေ့ တော့ မဟုတ်လောက်ဘူး သူ့ဖာသာ ဘာအကြံပေါက်ပြီး မေးလဲတော့မသိဘူး။ သူ့ မိဖုရားကြီး မလ္လိကာကို မေးတယ်။ တစ်လောကလုံးမှာ ဘယ်သူ့ အချစ်ဆုံးလဲ တဲ့။ မင်းကြီးကတော့ ကြည်ကြည်နူးနူး နဲ့ နှစ်ယောက်တည်း နန်းတော်ထက်မှာရှိခိုက် အရှင်မင်းကြီးကို အချစ်ဆုံးပါလို့ ဖြေစေချင်တယ်နဲ့ တူပါတယ်။ ဒါပေမယ့်လို့ မိဖုရားကြီး မလ္လိကာက ဖြေလိုက်ပုံ က တစ်လောကလုံး ကိုယ့်ကိုယ်ကို အချစ်ဆုံးပါတဲ့။ မင်းကြီးခမျာ ကြည်နူးနေတဲ့ စိတ်ကလေးတွေပင် ဘယ်ပျောက်လို့ ဘယ်ရောက်ကုန်သလဲ မသိတော့ပါဘူး။ တစ်ခါတည်း နန်းတော်ကဆင်းပြီး ဘုရားကျောင်း သွားတော့တာပါပဲ။
ဘုရင်ကြီးကတော့ ဘုရားရှင်ဆီရောက်တယ်ဆိုရင်ပဲ အိမ်တွင်းရေးကို တင်လျှောက်တော့ တာပါပဲ။ ဘုရားရှင်က ပြုံးပြီး ဘုရင်ကြီးရဲ့  အဖြစ်ကို အမှန်တရားလမ်းကြောင်းပေါ် ကနေပဲ ဖြေရှင်းပေး လိုက်ပါ တယ်။ ဟုတ်ပါတယ်တဲ့ မိဖုရားကြီး မလ္လိကာ ပြောသလိုပဲ သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါတဲ့။ ဘုရားရှင်ရဲ့  တရားတော်တွေ နာကြားလိုက်ရမှ မိဖုရားကြီးအပေါ်တင်းနေတဲ့ ဘုရင်ကြီး စိတ်တွေ ပြေလျော့ခဲ့ ပါတယ်။ သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကို အချစ်ကြဆုံးပါ။ ကိုယ့်အလို ဆန္ဒကို ပြည့်ဝစေဖို့သာ သူတစ်ပါးကို ချစ်တယ်ဟု ပြောဆိုနေကြခြင်း၊ တကယ်တော့ အရပ်ထဲမှာ ဆိုနေကြတဲ့ မေတ္တာဟူသည်ကား တဏှာကိုယ်စားလှယ်ပင်တည်း။
တကယ့်မေတ္တာအစစ်သည်ကား အကျိုးလိုလားခြင်းပါပဲ။ သူ့အပေါ်မေတ္တာရှိတယ်ဆိုလျှင် သူ့အကျိုးကို လိုလားရပါမယ်။ သတ္တ၀ါတွေအကျိုးလိုလားလို့ သတ္တ၀ါတွေ ချမ်းသာစေခြင်းငှာ ဆောင်ရွက်ပါ တယ်ဆိုလျှင် မေတ္တာတရားရှိတာပါ။ သူ့အကျိုးကို လိုလားပြီး သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေး လိုတာဟာလည်း မေတ္တာရဲ့ သဘောတရားပါပဲ။ ဒီလို မဟုတ်ဘူး ကိုယ်ရယူပိုင်ဆိုင်ချင်တာ သူက ကိုယ့်ကိုပဲ ဂရုစိုက်နေစေချင်တာတွေဟာ မေတ္တာယောင်ဆောင်တဲ့ တဏှာသဘောတွေပါ။ သူက ကိုယ့်ကို ဂရုမစိုက် တော့ရင် ကိုယ်စိတ်ထဲမကောင်းဖြစ်ရတာတွေဟာ မေတ္တာမစစ်ခဲ့လို့ပါ။ မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါတွေအပေါ် မေတ္တာထားရှိခဲ့တယ်။ အနှိုင်းမဲ့မေတ္တာပေါ့။ မြတ်စွာဘုရားရှင်က သတ္တ၀ါ တစ်ဦးတစ်ယောက် ပြန်ပြီး ဂရုစိုက်ပါစေဆိုတဲ့ အလိုဆန္ဒလည်း မထားခဲ့ဘူး။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဘုရားရှင်ကတော့ မေတ္တာကွန်ရက်ကို ဖြန့်ကျက်ခဲ့ပါတယ်။
ခုတော့ လူသားတွေဟာ ကိုယ်သတိရတာလေးကို သိအောင် ပြောပြရသေးတယ်။ ကိုယ့်သတိရသလိုပဲ သူလည်း သတိရစေချင်တယ်။ ကိုယ်မေတ္တာပို့သလို သူလည်း မေတ္တာပို့ပါ့မလားဆိုပြီး တဏှာကို မေတ္တာနဲ့ ဖုံးလွှမ်းချင်နေကြတယ်။ ဒါကို မသိတော့ မေတ္တာပဲ ဆိုပြီး ပြောဆိုနေကြသေးတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုချစ်နေကြတာပါ။ ကိုယ့်ကိုယ်ကို ချစ်တာတောင် အချစ်စစ်နဲ့၊ အချစ်တု ဆိုပြီး နှစ်မျိုး ထပ်ခွဲ နိုင်သေးတယ်။ ဘယ်လို အချစ်စစ်လဲဆိုရင် ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါတယ်တဲ့။
အတ္တာနဉ္စေ ပိယံ ဇည၊ ရက္ခေယျ နံ သုရက္ခိတံ တဲ့ ကိုယ့်ကိုယ်ကို အမှန်တကယ်ချစ်ပါတယ် ဆိုလျှင် ကိုယ့်ရဲ့  ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးကို ကောင်းစွာစောင့်ရှောက်ပါ။ ထိုကဲ့သို့ မစောင့်ရှောက်ခဲ့ဘူးဆိုလျှင် ကိုယ့်ကိုယ်ကိုလည်း ချစ်ရာမရောက်ပါ။ ကိုယ့်ကိုယ်ကိုတောင် အချစ်စစ်နဲ့ မချစ်တတ်သေးသမျှ သူတစ်ပါးကို အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်တယ်ဆိုတာဟာ ဖြစ်နိုင်ပါ့မလား။ ကိုယ်ကိုယ် တိုင် ချစ်တတ်ပြီးမှ သူတစ်ပါးကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တတ်မှာပါ။
ကိုယ့်ကိုယ်ကိုချစ်ပါရဲ့ ဆိုပြီး အကုသိုလ်တောမှာ ကံသုံးပါးနဲ့ပျော်မွေ့နေတယ်၊ မထိန်းသိမ်း မစောင့်ရှောက်နိုင်ဘူးဆိုလျှင် အချစ်တုပါ။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်ပျော်တတ်ပါတယ်။ ဒါကို ကိုယ့်ကိုယ်ကိုချစ်သူများက သိပြီး ကောင်းမှုဘက်ရောက်အောင် စောင့်ရှောက်ရမှာပါ။ ကောင်းသောအမှုနဲ့ မပျော်တတ်သေးသမျှ မချစ်တတ်သေးပါဘူး။ ကိုယ်ကိုယ်တိုင် မကောင်းမှုမှာပျော်နေတဲ့သူဟာ ကိုယ်ချစ်ပါ တယ်ဆိုတဲ့ သူတွေကိုလည်း မကောင်းမှုဘက်ကိုရောက်အောင် တွန်းပို့မှာ မလွဲပါပဲ။ ဒါကြောင့် မကောင်းမှု လုပ်နေသူရဲ့  ချစ်စကားဟာ အပါယ်ငရဲ လက်မှတ် ၀ယ်မလားလို့ မေးနေတာနဲ့ တူပါတယ်။
စိတ်အလိုလိုက်တိုင်း ချစ်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်လို့ ကိုယ့်စိတ်အလိုလိုက်ပြီး။ စားချင်သလိုစား၊ သောက်ချင်သလိုသောက်ပြီး နေမယ်ဆိုရင်၊ ကိုယ့်ဘ၀ဟာလည်း ဖြစ်ချင်သလို ဖြစ်သွား မှာပါ။ ဖြစ်ချင်သလိုဆိုတာ ကိုယ်ဖြစ်ချင်သလိုမဟုတ်ဘဲ အကုသိုလ်အကျိုးပေးတဲ့ အတိုင်းဖြစ်သွားမှာကို ဆိုတာပါ။ ကိုယ့်စိတ်ကလေး ကိုယ်ပြန်မေးရမှာပါ။ မေတ္တာကို တဏှာနဲ့များ လှည့်စားမိနေခဲ့သလား။ တဏှာက မေတ္တာယောင်ဆောင်ပြီး ကိုယ့်ကိုလှည့်စားခဲ့လို့ ကိုယ်ပူလောင်ခဲ့ရတာများပြီ။ မေတ္တာရဲ့ သဘော သည်ကား အေးငြိမ်းသော သဘောပါ။ တဏှာဆိုတာ ပူလောင်တတ်ပါတယ်။ ဒါလေးတွေကို သိထားမှ ကိုယ်ပူလောင်နေရင် ဒါဟာ တဏှာ၊ သမုဒယကြောင့်ဖြစ်ရတာ ဆိုတာ သိမှာပါ။
အော် ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းလေးကို ဖြေဆို ကြည့်မယ်၊ တစ်ခါမက၊ တစ်ကြိမ်မက၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာသာ မက၊ နေ့စဉ်နေ့တိုင်း မေးကြည့်ဖြေကြည့်နေမယ်ဆိုရင် ကိုယ့် ကိုယ်ကို ချစ်တတ်လာမှာပါ။ ချစ်တဲ့နေရာမှာလည်းပဲ အချစ်စစ် နဲ့ ချစ်တတ်အောင် ချစ်ပါ။ ဒါမှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရဲ့  ကုသိုလ်ဆွေမျိုးတွေကို မပူလောင်တဲ့ မေတ္တာချစ်တွေ မျှဝေနိုင် မှာပါ။ ပူလောင်မှုတွေများတဲ့ကြားမှာ မပူမလောင်အေးချမ်းစွာ နေထိုင်နိုင်သူဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတာ သိအောင်ကြိုးစားရင်း အချစ်ငတ်ခဲ့သမျှ အတိုးချ ချစ်တတ်ကြပါစေ လို့ ဆုတောင်းရင်း...................။

အချစ်စစ် အချစ်မှန် ပိုင်ဆိုင် နိုင်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )

Read more...

မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်းဖြင့်အေးမြစေ - ၎

ကျောက်ဂူတောရ

အုံးတုံးတောင်တောရ က ပြန်တဲ့ အချိန်မှာ နောက်ထပ်သွားလိုလှတာကတော့ ကျောက်ဂူတောရပါ။ အရိယာ သူတော်ကောင်း ရဟန်းတော်များ ထွက်ပေါ် လေ့ရှိသော ယောနယ် ဒေသက တော့ ဖူးတွေ့ချင်စရာ အများသားမဟုတ်ပါလား။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား၊ မုံလယ်တောရ ဆရာတော်ဘုရားတို့ ကဲ့သို့ပင် ကျောက်ဂူတောရ ဆရာတော် ဘုရားလည်း ရှိနေပြန်သေးသည် တဲ့။

ဂန့်ဂေါမြို့နယ် ကန်ငါးရွာက အဘယဇီဝိတာ ပါဏီပဗံတံ ၊ ပဋိပတ်သာသနာ ၊ပရဟိတ ဘိုးဘွားရိပ်သာမှာ သီတင်းသုံးလျက် တရားပြနေတဲ့ ဆရာတော်ကတော့ ကျောက်ဂူဆရာတော် ဘဒ္ဒန္တ န္ဒာစရိယ ရယ်လို့ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။

အချိန် ကနည်း ခရီးကဝေးတာမို့ သွားရောက်မဖူးမျှော် နိုင်သော်လည်း ဆရာတော်ဘုရား ရဲ့ အဆုံးအမ ဓမ္မ တို့ဖြင့် ထိတွေ့ခွင့်ရအောင် စီစဉ်ပေးကြပါတယ်။ဆရာတော်ဘုရားဟောကြားတော်မူသော တရာတော်များ သြဝါဒ စာအုပ်များ ရရှိခဲ့ တာမို့ တစ်ပိုင်းတစ်စ တရားဓမ္မ ကိုမျှဝေချင်မိပါတယ်။

*ယောဂီ..

မဝေးတဲ့နိဗ္ပာန် ဘာကြောင့်မရောက်တာလဲ။

ပြေးလွှားနေတဲ့ မြင်းရဲ့ကျော ပေါ်က အုန်းသီး ပမာ ၊ငါတို့သဒ္စ္ဒါ…

ဒါကြောင့်..သြ

နိဗာန် မခက် ခန္စ္ဒာငါးပါး မုန်းဘို့ခက်။*

ကျွန်မတို့ တွေရဲ့ သဒ္စ္ဒါ…တရားသည် *မြင်းပေါ်မှ အုန်းသီးပမာ* အဘယ်မှာ တည်ကြည်ခိုင်ခန့်နိုင်ပါမည်နည်း။

ထိမိသောစကားလုံး ၊ အဆုံးအမ ကြောင့် ကိုယ့်အားနည်းချက် ကိုယ်ပြန်မြင်ရသလို ….။ တည်ကြည် ညိမ်သက်အောင် ကြိုးစားပါ့မယ်ဘုရား။

သင်တန်းဆင်း ခဲ့ပါပြီ

နမောတဿ ဖြင့် စတင်ဖွင့်လှစ်ခဲ့သောသင်တန်းသည် အစကောင်းခဲ့တာမို့ အဆုံးလည်း လှပခဲ့ပါတယ်။ သင်တန်း သားဦးရေ လျော့ မသွားပဲ ၃၀ကျော် မှ ၅၀ ကျော်.. ၆၀ကျော် မှ တဆင့်တိုးတက်လာကာ သင်တန်းဆင်းသည့်အချိန်မှာ ၇၉ ယောက်ဖြင့် ဆင်းဖြစ်ခဲ့ပါတယ်။

ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းဦးသုဇာတ ခရီးထွက်နေတာမို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။ ဂန့်ဂေါခရိုင် စိုက်ပျိုးရေး မန်နေဂျာ ဦးဝင်းဖေ ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားပေးပါတယ်။

စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ် နှစ်တန်းကြီး သော စီနီယာ အစ်ကို တစ်ယောက်ဖြစ်တာမို့ ရှေးဟောင်းနှောင်းဖြစ်တွေ အတူ တကွ တူးဖေါ်ရင်း အားတက်ဝမ်းသာ ရပါတယ်။ ဆရာဦးဝင်းဖေ နှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန မှ အရာရှိ ဦးအောင်ကျော်၊ ပုညဟိတေသီ အသင်းဥက္ကဋ္ဌ ဦး ဝင်းမြင့် တို့က တို့က သင်တန်းဆင်း လက်မှတ် ချီးမြှင့်ပေးခဲ့ပါတယ်။

ကျွန်မတွေ့ကြုံခဲ့ဘူးသော ကျေးလက်ပညာပေးသင်တန်းတို့တွင် တစ်ခုတွင်မှ မပါဘူးသော ဆရာကန်တော့ပွဲ အစီအစဉ် ကတော့ စိတ်နှလုံး ထိထိခိုက်ခိုက်ဖြစ်ရပါတယ်။ မေတ္တာ ဆိုသည်မှာ အားကောင်းစွာ တန်ပြန်ရိုက်ခတ် တတ်သော နူးညံ့တဲ့ စိတ်လှိုင်း များပင်မဟုတ်ပါလား။

ပူဇော် မှုများစွာ နှင့်ထိုက်တန်အောင်ဖြည့်ကျင့်ရမဲ့ သိက္ခာ သုံးပါးကိုလည်း စိတ်ထဲရွတ်ဆို သံမှိုနှက်သလို အမှတ်ရ ခိုင်မြဲစေ ခဲ့ပါတယ်။

အော်..ပီတိလွှမ်းသော ကာလများ..။


အစုန်ပီတိ…… အဆန်ပီတိ

လောက မှာ သိတာ နှင် သိစရာ နှစ်မျိုးသာရှိသည်မို့ သိစရာကိုသိခြင်း သဘောမျှသာရှိသော စိတ်ကို စေတသိတ် တို့ကချယ်လှယ်မြဲပါ..။ ထိုသို့သော ၅၂ ခုသော စေတသိတ်များ တွင် ပီတိ ဆိုသော စေတသိတ် သည် အာရုံကိုနှစ်သက်ခြင်း ရယ်လို့ အဓိပ္ပါယ်ရတာမို့ နှစ်သက်စရာ အာရုံ တို့ စိတ် နဲ့ တွေ့ လေတိုင်း ပီတိ ကိုခံစား ရပါတယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ကတော့ အစုန် ပီတိ နှင့် အဆန် ပီတိ နှစ်မျိုး ရှိကြောင်း ဟောကြား ဘူးပါတယ်။ အဆိပ်ပျော့ နဲ့ တူ တဲ့ ပီတိကတော့ အစုန်ပီတိ ဖြစ်ပါတယ်။ တစ်ဘက်သားရဲ့ ဘဝကို ကိုယ့်ဘဝထားပြီး အပေး နဲ့ ပျော် တဲ့ ပီတိကတော့ အဆန်ပီတိဖြစ်ပါတယ် တဲ့။

အစုန်ပီတိ ဆိုတာကတော့ အယူ နဲ့ပျော် တာ ကိုယ်ရရှိတာကို ပျော်တာ ၊ ကိုယ့်ကို လိုလေသေး မရှိ လုပ်ကိုင်ဆောင်ရွက် ပေးတာကို ကျေနပ်တာ..။ အဲဒီ ရရှိမှုအပေါ် စိတ်ကျက်စား ထားပြီး နောင်သောအခါ ဝယ် အရင်ကလို မရရှိတော့ရင် ပူလောင်ခံစား ကြရပါတယ် ။

နှလုံးသွင်းသတ္တိကိန်းထားတဲ့ အခံဓာတ် နဲ့ အာရုံ တွေ့ဆုံအဆင်မပြေရင် အပူဓာတ်သာ ထွက်ပေါ်နိုင်တာကိုး..။ ဒါကြောင့် လည်း တမြေ့မြေ့ ဆိုးကျိုး ပေးတတ်တာမို့ အဆိပ်ပျော့ နဲ့ တူတယ်လို့ ဆိုပါတယ်။ မကျေမနပ် အပူဓာတ် ဖြစ်ပြီး အကုသိုလ် ဖြစ်တတ်တာမို့ အစုန်လမ်း ကိုဆင်း တတ်တာမို့ အစုန်ပီတိလည်း ခေါ်ပါသေး တယ်။

လောက မှ အောင်မြင်တဲ့ လူ တိုင်း ကတော့ အဆန်ပီတိကို ဖန်တီးကျက်စား တတ်ကြပါတယ်။ အဆန်ပီတိ ကတော့ ပြောင်းပြန်ပေါ့နော် ။ လူတစ်ဘက်သား ရဲ့ အခက်အခဲ …ခံစားချက်ကို ကိုယ်ချင်းစာနာစိတ်ဖြင့် ထဲထဲဝင်ဝင် စိတ်ဝင်စားပြီး စိတ်တိုင်းကျဖြစ်အောင် ကူညီပေးတာ..ဖြည့်ဆည်းပေးတာ ။ ပေးဆပ် နေရခြင်း အပေါ်မှာ ပဲ အာရုံပြုပြီး ပျော်တတ်တာ အဆန်ပီတိ ဖြစ်ပါတယ်။

ဧည့်ဝတ်ကျေပွန်သော … တန်ဘိုးထားဂရုစိုက်တတ်သော ယောဒေသ ရဲ့ ပုံရိပ်တွေက တော့ ဘဝ မှာ ယခင် ကမရရှိခဲ့ဘူး သော နွေးထွေးလှိုက်လှဲမှုများ ဖြစ်လေသည် မို့ အစုန်ပီတိ ဖြင့် မကျက်စားမိအောင် သတိဥာဏ်ဝင် ဆင်ခြင်ဖြစ်ခဲ့ ပါတယ်။ သတ္တိက ကိန်းထားမိတာမို့ သတိ ထားရင်း ဖြင့်ပင် တခြားသော ဒေသ များရောက်လျှင် မနှိုင်းယှဉ် မိအောင်လည်း ကြိုးစားရပါသေး တယ်။

အစုန်ပီတိဆိုသည့်အတိုင်း ကွာဟချက်ပေါ်လျှင် ပုထုဇဉ် သဘာဝ ဝေဖန်တော့မည်.. အလိုမကျ ဖြစ်တော့မည်…အပူ ဓာတ်ထွက်မည်…. စုန်တော့မည် မဟုတ်ပါလော..။

ပေးဆပ်မှု ဖြင့်ရင့်ကျက် ရမည်… ။

စာနာမှုဖြင့် ကြီးမြတ်နိုင် ရမည် ။

နားလည်မှုဖြင့် ယုံကြည် ရမည်။

ယုံကြည်မှုသဒ္စ္ဒ ခိုင်မာစေရမည် ။

စသည် စသည်..တို့ကို အပီအပြင် တည်ဆောက်ရပါအုံးမည်..။

တစ်ခါတစ်ခါ ယိမ်းယိုင်တတ်သောစိတ်စွမ်း အား များပြန်လည်ဖြည့်တင်းချိန်မှာ တော့

မြန်မာ ပြည် မြေပုံပေါ်မှ တောင်မှမြောက်သို့ တစ်သွင်သွင် ဆန်တက် စီးဆင်းနေမည့် ..စိမ်းလန်းဝေဆာနေမည့် မြစ်သာမြစ်ဝှမ်းကို

ကျွန်မ ဘဝ မှာ မှတ်မှတ်ရရ သတိတရ ရှိနေပါလိမ့်မည်..။

မြစ်သာမြစ်ဝှမ်းစိမ်းလန်းခြင်း ဖြင့် ထာဝရအေးမြ ညိမ်းချမ်းပါစေသား။

မေတ္တာဖြင့်

သစ္စာအလင်း

Read more...

ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှု သင်တန်း

╰⊰⊹✿ ဗုဒ္ဓဘာသာ
လေး ငါး နှစ် အရွယ်ကလေးတွေရဲ့ ပါးစပ်တဲ သရဏဂုဏ် နဲ့ ငါးပါး သီလ ရောက်သွားရင်ကော နည်းသလား၊
( ၇ ) နေ့ ဘုရားရှိခိုးတွေ၊ရွတ်လို့ကောင်းတဲ့ ကဗျာ လေးတွေ ရသွားရင် ဘောနပ်စ်။
နိဗ္ဗာန် အထိ မှန်းကြရင်တော့ ကိုယ်တိုင်ပဲ ဆက်လုပ်ကြတော့ပေါ့။

မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
သူတို့လေးတွေ ရင်ထဲ မျိုးချစ်စိတ်ပါ တွဲပြီး အင်စတောလ်လုပ်ရမယ်၊
အနည်းဆုံး နိုင်ငံတော် သီချင်းတော့ ပါးစပ်ထဲ ရောက်သွားစေရမယ်၊
အဲ..နောက်မှ စီတီဇင်တွေ အခြေအနေ အရ ကွဲကုန်တာတော့ သင်တန်းနဲ့ မဆိုင်လှဘူး။ ။



အမှတ်တရ ဓါတ်ပုံများ (အဘိဓမ္မာ အသင်းကြီး၏ FB မှတဆင့် ပြန်လည်ဝေမျှထားပါသည်။)


Read more...

“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”

လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ - သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။

ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။

(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။

ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ - စုန္ဒဝက်ကုန်သည်အကြောင်း သင်ကြား ပို့ချပေး၏။

‘စုန္ဒဝက်ကုန်သည်’သည် နှစ်ပေါင်း ၅၀ ကျော် ဝက်တို့ကို သတ်ဖြတ် ရောင်းချ အသက်မွေးခဲ့၏။ မသေမီ ၇-ရက်တို့ပတ်လုံး ထိုမကောင်းမှုတို့၏အကျိုးကို သူကိုယ်တိုင် ပင်ပန်း ဆင်းရဲကြီးစွာ ခံစားသွားရလေသည်။

(၁၅)

သည်ဘဝမှာ စိုးရိမ်ရ။

နောင်ဘဝမှာ စိုးရိမ်ရ။

နှစ်ဘဝလုံး စိုးရိမ်ရ။

ကိုယ့်လုပ်ငန်းယုတ် သိမြင်က

သူယုတ်မာသည် စိုးရိမ်ရ။

ပင်ပန်း ဆင်းရဲ အမြဲပါ့။

(မင်းသုဝဏ်)

+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း၊ ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ, ကိစ္စသင်္ဂဟတို့ကို ပို့ချ သင်ကြားပေး၏။

+++++

ညနေ ၆ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၆ လာ ကောင်းမှုတို့၏ ကောင်းကျိုးကို ယခုဘဝ နောင်ဘဝ ပြုံးရွှင်စွာ ခံစားရသော မဟာဓမ္မိကဥပါသကာအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

(၁၆)

သည်ဘဝမှာ ဝမ်းမြောက်ရ။

နောင်ဘဝမှာ ဝမ်းမြောက်ရ။

နှစ်ဘဝလုံး ဝမ်းမြောက်ရ။

ကိုယ့်လုပ်ငန်းမြတ် သိမြင်က

သူတော်ကောင်းသည် ဝမ်းမြောက်ရ။

နှစ်လိုအားရ အမြဲပါ့။

(မင်းသုဝဏ်)

တရားပွဲပြီးသော် တစ်နေ့တာ ကုသိုလ်အစုအပေါင်းတို့၏ အဖို့ဘာဂကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Read more...

Sayadaw U Ottamasara's oversea trip schedule 2012

Dear Dhamma friends,

We are most welcome to anyone who is interested in learning the only middle way which enables us to get the real freedom and blessings.
-----------------------------------------------------------------
Sayadaw U Ottamasara's trip schedule 2012

22/2/2012 - 24/2/2012 in KL,
(Address: Blk A, 31st floor, Unit 02 (A-31-02), Suasana Sentral Condominium, KL Sentral Station_Brick fields, Kuala Lumpur.)

24/2/2012 - 29/3/2012 in Penang,
(Address: Bodhi Heart Sanctuary, 677-G, Jalan Mt Erskine, 10470 Tanjung Tokong, Penang)

01/3/2012 - 02/3/2012 in KL,
(Address: Blk A, 31st floor, Unit 02 (A-31-02), Suasana Sentral Condominium, KL Sentral Station_Brick fields, Kuala Lumpur.)

02/3/2012 - 06/3/2012 in KL,
(Address: Chempeka Buddhist Lodge _No.60. Jalan SS23/25, Taman Sea Petaling Jaya 47400, Kuala Lumpur).

09/3/2012 - 20/3/2012 in Singapore,

20/3/2012 - 22/3/2012 in KL
(Address: Blk A, 31st floor, Unit 02 (A-31-02), Suasana Sentral Condominium, KL Sentral Station_Brick fields.)

(Note: Sayadaw's trip schedule may be slightly changed according to the situation. If any changes, we will let you know about it.)

For more enquires,
email: soewinhtut1977@gmail.com
mtsm45@gmail.com
(6) 016 638 7439
Prev: Non-self Motto (1-2011)

Read more...

ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန် (အနတ္တအဆုံးအမများ အပိုင်း ၁)

ပျော်ရွှင်အေးချမ်းသောဘ၀ တည်ဆောက်နိုင်ရေး

ဘ၀တစ်သက်တာ ဆောင်ရန် – ရှောင်ရန်
(အနတ္တအဆုံးအမများ အပိုင်း ၁)

ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ-သန်လျင်)

အဓိက ထားရမှာ နဲ့ မထားရမှာ

- လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊
လုပ်ချင်တာ(မလုပ်ချင်တာ)ကို အဓိကမထားနဲ့။

-ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊
ဖြစ်ချင်တာ(မဖြစ်ချင်တာ) ကို အဓိကမထားနဲ့။

သိသင့်တာသိဖို့ကိုသာ အဓိကထား၊
သိချင်တာ(မသိချင်တာ)ကို အဓိကမထားနဲ့။

- အိတ်ထဲမှာ ပိုက်ဆံရှိတာ၊ မရှိတာထက်၊
စိတ်ထဲမှာ ပိုက်ဆံရှိမနေဖို့ကို အဓိကထားပါ။

- ကိုယ်ခန္ဓာမှာ ရောဂါရှိတာ မရှိတာထက်၊
စိတ်ထဲမှာ ရောဂါရှိမနေဖို့ကို အဓိကထားပါ။

ကံတူ အကျိုးပေး

-ပြုလုပ်သည့်အတိုင်းပင် အကျိုး ဖြစ်သည်။

-သတ်ဖြတ်ခြင်း၏အကျိုးသည် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

-ကဲ့ရဲ့ခြင်း၏အကျိုးသည် ကဲ့ရဲ့ခံရခြင်းဖြစ်သည်။

-အမျက်ထွက်ခြင်း၏ အကျိုးသည် အမျက်ထွက် ခံရခြင်းဖြစ်သည်။

-မည်သူ့ကိုမျှ ကြမ်းတမ်းသည့်စကားကိုမဆိုပါနှင့်၊
ကြမ်းတမ်းသည့်စကားကိုဆိုလျှင်ထိုနည်းတူပြန်ဆို ခံရလိမ့်မည်။

-ခိုက်ရန်စကားကြောင့်ဒုက္ခပွားများလာတတ်သည်။

-သူတစ်ပါးကို ဒဏ်ပြုလျှင် သင်လည်းဒဏ်ပြန်ခံရလိမ့်မည်။

-မကောင်းမှုသည် လတ်ဆတ်သောနို့ကဲ့သို့ လျင်မြန်စွာ ဖောက်ပြန်ပြောင်းလဲမသွားပေ၊
ပြာဖုံးထားသောမီးခဲကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းလျှက်
လူမိုက်၏နောက်သို့ အစဉ်လိုက်လေသည်။

အပြောလျော့

-အကျိုးမဲ့အချည်းနှီးဖြစ်သော စကားအခွန်း တစ်ထောင် နာကြားရသည်ထက်ငြိမ်းချမ်းမှုကိုရရှိမည့်
အကျိုးရှိသောစကားတစ်ခွန်းက သာ၍မြတ်၏။


-၀ါဒငြင်းခုန်ခြင်းကိုပြုလုပ်သဖြင့် အတွင်းသဘော
စင်ကြယ်မှုမဖြစ်နိုင်ပေ၊ မာန်မာနပွားများခြင်း၏
အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။

-တစ်ယောက်ကိုတစ်ယောက် လူမိုက်လူအ ဟူ၍
ပြောဆိုနေကြသူတို့သည် လူတော်လူကောင်းမဟုတ်ကြပေ၊ အကြောင်းမူကား သူတို့သည်
မိမိ၏အယူဝါဒကိုသာလျှင် အမှန်ဟုယူဆကြ၍သူတစ်ပါးတို့ကိုမူ လူမိုက်လူအဟု ထင်မှတ်ကြ
သောကြောင့် ဖြစ်သည်။

စွမ်းရည်သတ္တိကို အဓိကထား

-အကယ်၍ တစ်စုံတစ်ယောက်သောသူသည် လုံ့လ
ရှိသူ လမ်းကောင်းလမ်းမှန်သို့သွားသူ ဇွဲရှိသူ မိတ်ဆွေမျိုးကို တွေ့ရလျှင် ဒုက္ခဟူသမျှ အနှောင့်
အယှက်ဟူသမျှကို တွေ့ကြုံခံစားရသော်လည်း ထိုမိတ်ဆွေနှင့် အတူတကွ နေသင့်သည်။

ကြည့်တဲ့အတိုင်း မြင်တယ်

-လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိ၊ ချီးမွမ်း စရာ တစ်ကွက်မျှမရှိသောသူ ကဲ့ရဲ့စရာတစ်ကွက်
မျှ မရှိသောသူဟူ၍ ရှေးကလည်းမရှိခဲ့ နောင်သော အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်းမရှိ။

-အချို့သောသူတို့က မြတ်၏ဟု အထင်ရှိသော
တရားကိုပင် အချို့သောသူတို့က ယုတ်၏ဟု အထင်ရှိကြသည်။

ပုဂ္ဂိုလ်အားလုံးသည် ကိုယ့် ငါးချဉ် ကိုယ်ချဉ်တတ်ကြသည်ဖြစ်ရာ ယင်းတို့၏
ဝါဒအနက် အဘယ်ဝါဒသည် မှန်ကန်သင့်လျော် သည်ဟု ပြောမည်နည်း။

မှန်သောအဓိကထားခြင်း

-ဘယ်သူဘယ်ဝါဆိုတာထက် ဘာလုပ်သလဲ ဆိုတာကို ပိုအဓိကထားပါ၊

-ဖြစ်တဲ့အကျိုးထက် ပြုလုပ်တဲ့အကြောင်းကို ပိုအဓိကထားပါ။

-ဖြစ်တာ မဖြစ်တာ၊ လုပ်တာ မလုပ်တာ၊ သိတာ၊ မသိတာတွေကို အဓိကထားမှုကြောင့် လုပ်ချင် - မလုပ်ချင်၊ ဖြစ်ချင်မဖြစ်ချင်၊ သိချင်မသိချင်ဆိုတဲ့ လိုအင်ဆန္ဒတွေ မဆုံးနိုင်အောင်ဖြစ်ရတယ်၊
အဟုတ်ထင်-ငြိတွယ်-အဓိကထားမှုကိုစွန့်နိုင်မှ လိုအင်ဆန္ဒတွေ အဖြစ်ရပ်မယ်။

-ဟိုဟာလုပ်ချင်၊ဒီဟာလုပ်ချင်ဆိုတာတွေက ကိုယ်
ရဲ့ သေးသိမ်တဲ့လိုအင်ဆန္ဒနဲ့ ပတ်သက်နေတယ်။

-နာမည်ကို အဓိကထားရင် နာမည်ခံပဲဖြစ်မယ်၊
အလုပ်နဲ့ စွမ်းဆောင်ရည်ကို အဓိကထားမှ
အမှန်အကန်ဖြစ်မယ်။

-စကားကို အဓိကထားတာ၊ စိတ်ကို အဓိကထား တာထက် တရားနားလည်ဖို့ကို အဓိကထားမှ မှန်တယ်။

-အပူဇော်ခံရတာမခံရတာထက် အပူဇော်ခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-လာဘ်လာဘပေါတာ မပေါတာထက် အလှူခံယူ ထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-သူများကြည်ညိုတာ မကြည်ညိုတာထက်အကြည် ညိုခံထိုက်တဲ့ စွမ်းရည်သတ္တိရှိဖို့က ပိုအရေးကြီးတယ်။

-အသုံးပြုတဲ့နည်းလမ်းတွေ၊ အချိန်ကာလ၊ နေရာ
ဒေသတွေ၊ တွေ့ကြုံတဲ့ အတွေ့အကြုံတွေကိုအဓိက
ထားမှုကိုစွန့်ပြီး ကြိုးပမ်းအားထုတ်မှုကိုသာ အဓိကထားပါ။

(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ အနတ္တအဆုံးအမများ ၃-၂၀၁၁၊ ၄-၂၀၁၁ ကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်။ ဆက်လက်ဖော်ပြပါမည်။)

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။

Prev: ကျွန်ုပ်နားလည်မိသမျှ သစ္စာတရားနှလုံးသွင်းပုံ မှတ်စုများ (ebook)

Read more...

အနတ္တ (၂)


ရုပ်နာမ်ခန္ဓာသာ ရှိ၍ အတ္တမရှိ၊ ပရမတ္ထသဘာဝအားဖြင့် အမှန်တကယ် တည်ရှိနေသော ရုပ်နာမ်ခန္ဓာအစဉ်၌ လာရောက်၍ ကိန်းဝပ်နိုင်သော အတ္တဟူ၍လည်း မရှိဟု ဗုဒ္ဓဘာသာဝင်တို့ မှတ်သားသင့်၏။ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါးကို လွှမ်းမိုးအုပ်ချုပ်သည့် အတ္တဟူ၍ မရှိကြောင်း၊ ခန္ဓာ့သဘာဝမှာ အနတ္တသာဖြစ်ကြောင်း အနတ္တလက္ခဏသုတ်၌လည်း ဘုရားရှင် ဟောတော်မူခဲ့၏။

အတ္တဝါဒီတို့ ယူဆသည့်အတိုင်း ရုပ်ကို အစိုးရသည့် အတ္တဟူ၍ မရှိပေ။ ရုပ်ခန္ဓာသည် သဘာဝအတိုင်း ဖျားနာရသည်။ အလိုမရှိဘဲ နာကျင်ရသည်။ လှလိုပါလျက် အရုပ်ဆိုး အကျည်းတန်ရသည်။ ရုပ်ခန္ဓာသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့၏ စီမံမှုကိုသာ ခံရသည်။ ရုပ်သည် အနတ္တသာ ဖြစ်၏။

ဝေဒနာကို အစိုးရသည့် အတ္တ၊ ခံစားသည့် အတ္တဟူ၍လည်း မရှိပေ။ ခံစားမှု ဝေဒနာသဘော သက်သက်သာ ရှိ၏။ ခံစားသည့်အတ္တ၊ အစိုးရသည့်အတ္တ မရှိခြင်းကြောင့် ချမ်းသာသုခချည်း ခံစားရအောင် မလုပ်နိုင်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဝေဒနာမျိုးစုံ ကြုံရသည်။ ဝေဒနာသည်လည်း အနတ္တသာ ဖြစ်၏။

သညာကို စီမံကွပ်ကဲသည့် အတ္တဟူ၍လည်း မရှိပေ။ ထိုကြောင့် မကောင်းသော အာရုံများကို မမှတ်မိအောင်၊ သတိမရအောင် မစွမ်းဆောင်နိုင်။ ကောင်းမြတ်သည့် မှတ်သားမှုချည်း ဖြစ်နေအောင်လည်း မထိန်းချုပ်နိုင်။ သညာသည်လည်း အနတ္တသာ ဖြစ်၏။

ဝေဒနာနှင့် သညာမှ တစ်ပါးသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို အုပ်ချုပ်သည့် အတ္တဟူ၍လည်း မရှိပေ။ ဥပမာအားဖြင့် စေတနာကောင်းချည်း ဖြစ်နေအောင်၊ တည်ကြည်မှု သမာဓိကောင်းချည်း ဖြစ်နေအောင်၊ မေတ္တာဓာတ်ဖြင့် အမြဲငြိမ်းချမ်းနေအောင် လုပ်လို့မရပေ။ စေတနာ၊ ဧကဂ္ဂတာ (သမာဓိ)၊ အဒေါသ (မေတ္တာ) အစရှိသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို လိုသလို ခြယ်လှယ်နိုင်သည့် အတ္တ မရှိပေ။ သင်္ခါရတို့သည်လည်း အနတ္တသာ ဖြစ်၏။

စိတ်ကို အစိုးရသည့် အတ္တဟူ၍လည်း မရှိပေ။ စိတ်ညစ်မှု၊ စိတ်မကျေနပ်မှု၊ စိတ်အားငယ်မှုများ မဖြစ်အောင် တားမြစ်၍ ကောင်းစိတ်များချည်း ဖြစ်နေအောင် ပြုပေးနိုင်သည့် အတ္တ မရှိပေ။ စိတ်သည်လည်း အနတ္တသာ ဖြစ်၏။

ဤသို့ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါသည် အနတ္တသာဖြစ်ကြောင်း ဟောတော်မူ၏။
သံသရာ မရှည်ရလေအောင် အနတ္တသဘာဝ ရှိနေသော ခန္ဓာငါးပါးကို စက်ဆုပ်ငြီးငွေ့ကြရန်လည်း ဟောတော်မူ၏။ ခန္ဓာသည် အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်သောကြောင့် “ခန္ဓာသည် ငါ့ဥစ္စာတည်း”၊ “ခန္ဓာသည် ငါတည်း”၊ “ခန္ဓာသည် ငါပိုင်သည့် အတ္တတည်း”ဟု တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ခန္ဓာကို မစွဲလမ်းရန်လည်း ဟောတော်မူ၏ (အနတ္တလက္ခဏသုတ်)။

အရာရာတိုင်းသည် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ ငါမဟုတ် ငါ့ဥစ္စာမဟုတ်၍ အစိုးမရခြင်း အနတ္တသာ ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူသော်လည်း အဝိဇ္ဇာ၏ ဖုံးကွယ်မှု၊ အဝိဇ္ဇာ၏ လှည့်စားမှုကို ခံနေကြရသော သတ္တဝါတို့သည် သဘောမှန်ကို နားမလည်နိုင်ကြပေ။ သတ္တဝါတို့၏ သန္တာန်၌ သံသရာ အဆက်ဆက် ဘဝအဆက်ဆက်က အမြစ်တွယ်လာခဲ့သည့် အဝိဇ္ဇာသည် အမှန်ကို မသိနိုင်အောင် ဖုံးကွယ်ထား၏။ အမှားကို အမှန်ထင်အောင်လည်း အမြင်ပြောင်းလဲစေ၏။

အတ္တဟု မှတ်ယူခြင်းသည် အယူမှားမှု မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ သို့သော် သောတာပန်ဖြစ်မှ ဒိဋ္ဌိစင်မည်ဖြစ်ရာ ပုထုဇဉ်တို့ အနေဖြင့် အတ္တကင်းနိုင်မည် မဟုတ်ပေ။ ထာဝရအတ္တကို ငြင်းပယ်နိုင်သော်လည်း ငါ၊ ငါဥစ္စာ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့မြို့၊ ငါ့နိုင်ငံ အစရှိသော တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှုများ ရှိကြသည်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်၏။ ပြင်းပြင်းထန်ထန် စွဲလမ်းပြီး စွဲလမ်းမှုကို အကြောင်းပြု၍ အကုသိုလ်မှုများ ယုတ်ယုတ်မာမာ မကျူးလွန်ကြလျှင် တော်ပေသေးသည်။

တရားဝေးသော ပုထုဇဉ်တို့သည်သာလျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာဟု အပြင်းအထန် မှတ်ယူစွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပင် ဖြစ်သော်လည်း သူတော်ကောင်းတရား ကြားနာမှတ်သားမှု အလေ့အလာများလျှင် ယူမှတ်မှားမှု မပြင်းထန်ပေ။ အနတ္တသဘောကို ကိုယ်ပိုင်ဉဏ်ဖြင့် ထိုးထွင်း၍ မသိနိုင်စေကာမူ သဒ္ဓါဖြင့် လေ့လာကြားနာ မှတ်သားပြီး သဘောမှန်ကို ကြံဆ၍ လက်ခံနိုင်ကြ၏။ အတ္တပါးအောင်၊ အတ္တယဉ်ပါးအောင် စွမ်းဆောင်နိုင်ကြ၏။

လေ့လာမှတ်သားမှု နည်းလျှင်ကား အယူလွဲသွားနိုင်၏။ ဘဝကူးခြင်း အသက်ထွက်ခြင်း ဝိဥာဉ်ချုပ်ခြင်း လိပ်ပြာနှုတ်ခြင်း လိပ်ပြာခွဲခြင်း အစရှိသော အနတ္တဝါဒီ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း ဆောင်ရွက်မှုများ၌ အတ္တအယူအဆ ပါဝင်သွားနိုင်သည်ကို သတိထားသင့်၏။

ထာဝရတည်မြဲသည့် အတ္တကောင်ဟု စွဲမှတ်မှု မပါဝင်ဘဲ လောကဝေါဟာရကို အသုံးပြုခြင်း၊ ငါ သူတစ်ပါး ယောကျာ်း မိန်းမဟု ခေါ်ဆိုခြင်းကား အပြစ်မဟုတ်ပေ။ ခိုင်မြဲသည့် အတ္တရှိသည်ဟု မမှတ်ယူမိရန်သာ အရေးကြီး၏။

စင်စစ်အားဖြင့် လောကဝေါဟာရ သမုတိသစ္စာကို ဘုရားရှင်ပင် ပယ်စွန့်တော် မမူနိုင်ခဲ့ပေ။ ပြောဆိုဆက်ဆံရာ၌ အပြန်အလှန် နားလည်နိုင်ရေးအတွက် သတ်မှတ်ပညတ်ချက်များ၊ အများနားလည်သည့် အခေါ်အဝေါ်များကို အသုံး ပြုတော်မူခဲ့ရ၏။ မိမိ သို့မဟုတ် ကိုယ် (အတ္တ)၊ ငါ (အဟံ၊ မံ)၊ သင် (တွံ၊ တံ) အစရှိသော အသုံးအနှုံးများကို ဘုရားရှင်၏ ဒေသနာတော်တို့၌ တွေ့နိုင်၏။ ၎င်းတို့သည် ခန္ဓာငါးပါးကို ခေါ်ဝေါ်သမုတ်အပ်သော အမည်များသာ ဖြစ်ကြ၏။ လောကဝေါဟာရ သမုတိသစ္စာများသာ ဖြစ်ကြ၏။ လူ့သန္တာန်၌ ကိန်းဝပ်နေသော စွဲလမ်းယူမှားစရာ ထာဝရအတ္တဟု မဆိုလိုပေ။ ထိုထို ဒေသနာတော်တို့၌ မဖြစ်မနေ ထည့်သွင်းဟောကြားရသည့် သမုတိသစ္စာကို ပရမတ် အရှိတရားဟု ထင်မှတ်မှားတတ်ကြ၏။ အထူးသဖြင့် “အတ္တ”ဟူသော ဝေါဟာရဒေသနာ၊ သမုတိသစ္စာကို ခိုင်မြဲသည့် “အတ္တ”ကို ဆိုလိုသည်ဟု မှတ်ယူမှားတတ်ကြ၏။ သုတ္တန်၌သာမက ပရမတ္ထသစ္စာကို ဟောတော်မူရာ အဘိဓမ္မာ၌ပင် ဝေါဟာရပညတ်ကို အသုံးပြုတော်မူခဲ့ရ၏။ ဥပမာအားဖြင့် “ရူပ = ရုပ်”ဟု ဟောတော်မူခဲ့၏။ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟု ဟောတော်မူခဲ့၏။ ကိလေသာကင်းစင်၍ ငြိမ်းအေးခြင်း သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟူသော ဝေါဟာရနောက်သို့ လိုက်၍ နိဗ္ဗာန်ကို လားရောက်ရမည့် ဘုံဌာန၊ သွားရောက်ရမည့် ခရီးဆုံးပန်းတိုင်ဟု အမှတ်မှားတတ်၏။ ထာဝရအတ္တ၏ ပျော်စံရာ ဘုံဌာနဟုပင် အထင်ရောက်သွားတတ်၏။ ထို့ကြောင့် သမုတိသစ္စာကို အကောက်အယူမှား၍ အတ္တဝါဒီ မဖြစ်အောင် သတိထားသင့်ပေသည်။

အချုပ်ဆိုရသော် “သဗ္ဗေ ဓမ္မာ အနတ္တာ” (ဥပ္ပါဒါသုတ်၊ တိကင်္ဂုတ္တရ)ဟု ဘုရားရှင် ဟောတော်မူသည့်အတိုင်း နိဗ္ဗာန်ပါအဝင် မည်သည့်သဘောတရား၊ မည်သည့်သတ္တဝါ၊ မည်သည့်နေရာမှာမှ အတ္တ မရှိပေ။ အရာအားလုံး အနတ္တသာ ဖြစ်၏။ အဝိဇ္ဇာကို ပယ်ခွာပြီး အနတ္တသဘောကို အရိယာဉာဏ်ဖြင့် ထိုးထွင်း၍ ပိုင်ပိုင်နိုင်နိုင် မသိနိုင်ကြသေးမီ သဒ္ဓါတရားဖြင့် ကြားနာမှတ်သား လေ့လာသုံသပ်၍ အနတ္တ သဘောမှန်ကို ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။

:)
ရှင်အာစာရ

Read more...

(၃) ရက်တရားစခန်းဖွင့်မည်။

ဆရာတော် အရှင်ရာဇိန္ဒ ( ရဝေနွယ် အင်းမ) ပဓါန နာယကအဖြစ် သတင်းသုံးလျှက်ရှိသော ဓမ္မရဝေတောရ တွင်
ဖေဖော်ဝါရီ ၂၄-၂၅-၂၆ ရက် မတ်လ ၂-၃-၄ နေ့များတွင် ၂ ညအိပ် ၃ ရက် စခန်းများ ဖွင့်လှစ်သွားမည်ဟု သတင်းရရှိပါသည်။
( ရုံးသူ ၊ရုံးသားများအတွက် တရား ၀င်နိုင်အောင် စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရပါသည်။ )

Read more...

မွေးနေ့

ဦးဇင်းရဲ့(၂၉)နှစ်ပြည့်မွေးနေ့မှာ ခုလို အမှတ်တရနဲ့ဆုတောင်းပေးသူတွေ အများကြီးတွေ့ရတဲ့ အခါကျတော့ ၀မ်းသာမဆုံးဖြစ်လို့ အိပ်ရေးပျက်နေတာတွေတောင် မအိပ်ချင်ဘဲ ဖြစ်သွားရတယ်။ ဘယ်လိုဝမ်းသာမှန်းကို မသိပါဘူးလေ။ နောက်ပြီး ဦးဇင်းမွေးနေ့မှာ သူငယ်ချင်းသံဃာများအား ဆွမ်းကပ်ဖို့ရန်အတွက် သူငယ်ချင်းသံဃာအချင်းချင်းကနေ ပြန်လှူပေးကြတာကြောင့်လည်း ၀မ်းသာမဆုံးဖြစ်နေမိပါတယ်။ ဦးဇင်းရဲ့ မိဘများ၊ မောင်နှမလိုသဘောထားသူများကလည်း ဦးဇင်းမွေးနေ့မှာ ကောင်းမှုကုသိုလ်လုပ်ပေးပြီးပြီဆိုတဲ့ စာတွေရောက်လာတဲ့အခါကျတော့ အော်-ငါ့ဘ၀မှာ ကျန်တာမချမ်းသာရင်နေပါစေ၊ ခုလိုစိတ်ချမ်းသာပျော်ရွှင်မှုတွေ နေ့စဉ်ပိုင်နိုင်ရရင် ကျေနပ်ပါပြီလို့ ဆုတောင်းနေမိပါတယ်။

ဒီထက်မကလည်း အသက်ရှိသမျှ ယခုမျက်မှောက်ဘ၀မှာရော၊ နောက်နောင်နိဗ္ဗာန်မရောက်သေးမီ ကာလာတွေမှာရော အများအကျိုးကို အချိန်တိုင်းပြုလုပ်ပေးနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဆုတောင်းမြဲဆုတောင်းလျက်ပါ။ ဦးဇင်းအတွက် ဆုတောင်းပေးကြသူလှူဒါန်းပေးကြသူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပြီးလျှင် မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်ပါ။ ဒါပြင် သားဖြစ်သူအတွက် မွေးနေ့မှာ ဆွမ်းကပ်ခြင်း၊ သင်္ကန်းလှူခြင်းများပြုလုပ်ပေးပြီး ဆုတောင်းပေးတဲ့ မိဘများနဲ့ ဦးဇင်းကို မောင်နှမအရင်းကဲ့သို့ သဘောထားကာ မွေးနေ့မှာ ကောင်းမှုကုသိုလ်လုပ်ပေးပြီး ဆုတောင်းပေးကြသော အွန်လိုင်းမှ အမ၊ ညီမ၊ အကို၊ ညီများကိုလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာလျက် လိုရာဆန္ဒပြည့်ဝပြီးသကာလ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ရှိကြပါစေလို့ ဆုတောင်းပေးရင်း ကျေးဇူးအထူးတင်ရှိ၍ ဦးဇင်းရင်ထဲမှာ ထာဝရမှတ်တမ်းတင်ထားလိုက်ပါတယ်။



Read more...

သမိုင်း၏တရားခံ အခန်း(၂) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

ချစ်ဖို့လော့၊ နှစ်ဖို့လော့
မဟနအစိုးရအဖွဲ့အတွင်းသို့ ဝင်သည့်ဆရာတော်များကလည်း ရည်ရွယ်ချက်အမျိုးမျိုး
ဖြင့် ဝင်ရောက်ကြသည့် ဆရာတော်များ ဖြစ်ကြလေသည်။ အချို့က နာမည်ကြီးချင်၍ အချို့က အထင်ကြီးခံချင်၍ အချို့က ဘုန်းကံကြီးချင် လာဘ်ပေါများချင်၊ စည်းစိမ်ခံချင်၊ ဇိမ်ယစ်ချင်၍၊
အချို့က အလှည့်ကျ၍၊ အချို့က စီးပွားရေးတွက်ခြေကိုက်၍၊ အချို့က ဗိုလ်ကျစိုးမိုးချင်၍ ဖြစ်လေသည်။
သာသနာကို တကယ်ချစ်၍သာသနာအတွက် တကယ်အလုပ်လုပ်ချင်၍၊
သာသနာအတွက် အလုပ်လုပ်ရာ၌ လုပ်ပိုင်ခွင့်ရလို၍ ဝင်ကြသည့် ဆရာတော်များလည်း ရှိပါသည်။

မင်းကွန်းဆရာတော်ကြီးတို့လို အမှန်တကယ်ဖြူစင်သည့် ဆရာတော်ကြီးများ ဖြစ်၏။
ထိုသို့သော ဆရာတော်ကြီးများမှာ အနည်းငယ်မျှသာ ဖြစ်ပါသည်။ ဆယ်ပါးတစ်ပါးခန့်သာ ရှိပါသည်။ ဆယ်ရာခိုင်နှုန်း(၁၀%)ထက်မပိုပါ။ ကိုယ်ကျိုးအတွက်ဝင်လာသော ဆရာတော်များသည်
သာသနာပြုမည်လော၊ ဖျက်မည်လော၊
အတ္တသမား များစွာကို အနည်းငယ်မျှသာပရဝါဒီဆရာတော်ကြီးများက တားမြစ်နိုင်ပါမည်လော၊ထိန်းကွပ်နိုင်ပါမည်လော၊
ဆန္ဒမဲဖြင့် ဆုံးဖြတ်သည့်နေရာမျိုး၌ အတ္တသမားများက အနိုင်ရရှိသွားခြင်း၊လွှမ်းမိုးသွားခြင်းတို့ကများပါသည်။

အချို့ အရည်အချင်းရှိ၍ ရွေးကောက်တင်မြှောက်ခြင်းခရသူများရှိသလို၊

အချို့ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ လာဘ်ပေး၍ ဝင်ရောက်ခဲ့ကြသူများလည်း ရှိလေသည်။ မဟနအဖွဲ့သို့ဝင်ဖို့ မန္တလေးတိုင်း၊မြို့နယ်တစ်ခု ဆရာတော်ကြီးတစ်ပါးက ငွေ(၁၀)သိန်း အကုန်အကျခံ လာဘ်ထိုးကြောင်း၊ (၁)နှစ်တည်းနှင့် အရင်းကျေသည်ဟု ပြောကြောင်း၊
တိုင်းဥက္ကဌဆရာတော်ကြီးက မိန့်တော်မူလေသည်။
လာဘ်ပေးအရွေးခံသောဆရာတော်ကြီးကား သာသနာ့အာဇာနည်ပုဂ္ဂိုလ်မြတ်ကြီးပါတကား။


Read more...

ဗုဒ္ဓဘာသာ ၀င်တိုင်းသိသင့်တဲ့..ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ



ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား ၂။ တရား ၃။ သံဃာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး

၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ

ပစ္စည်းလေးပါး
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး

၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး

၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

အပယ်လေးပါး

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး

၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး

၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ

၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ

၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်

၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ

လောကပါလတရား သုံးပါး

၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း

လောက သုံးပါး

၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး

၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး

၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး

၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ

စေတီ လေးမျိုး

၁။ ဓမ္မစေတီ ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿစေတီ ၄။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၄.၂.၁၂)အင်္ဂါနေ့

Email..ashinvimala2009@gmail.com...

Read more...

ချစ်တတ်ပါရဲ့လား ရဟန်းများ

နှလုံးသားမှာ ဓမ္မတံဆိပ်ကပ်ထားလိုက်ရင်...သောကဆိုတဲ့အပူတွေလာရောက်မကပ်ငြိနိုင်ပါဘူး။ နှလုံးသားမှာ အချစ်(တဏှာ)တံဆိပ်ကပ်ထားနေသမျှတော့ သောကဆိုတဲ့အပူတွေတငွေ့ငွေ့လောင်မြိုက်နေဦးမှာပါပဲ..။
မိမိကိုယ်ကို
ချစ်ပြီဆို
ဝတ်ကြီး ၀တ်ငယ်
အသွယ်သွယ်နှင့်
နှလုံးသွင်းမှု
ကမ္မဌာန်းရှု့
ပရိယတ်စာပေ
ရွတ်အံနေ
နေ့စဉ်ကြိုးကုတ်
ဤသုံးလုပ်
ကိုယ့်ကိုယ်ကိုချစ်
ရဟန်းကောင်းဖြစ်
ပစ္စုပ်သံသရာ
အေးစေသော် .....။
လပြည့်ဝန်း(သာစည်)

Read more...

Don't Sleep There Are Snakes

People find their faith or lose it (or lose their reason and then find it, as a friend of mine prefers to say) for a wide variety of reasons. The linguist Daniel Everett spent years in the Amazonian jungles trying to share his faith with the Piraha Indians. But in a strange reversal of expectations the simple, practical and content Indians caused Everett to abandon his faith. In his book Everett tells how this happened and articulately explains how one view of reality can be just as valid and just as satisfying, as another. The Piraha were able to accept Everett despite him having a different faith. But when Everett announced to his family that he had lost his faith, he lost them also. It’s a very interesting story.
http://www.youtube.com/watch?v=dg84mFeIsLQ&feature=related

Read more...

ခွင့်လွှတ်ပါတယ်

"ငယ်ကပေါင်းသင်း၊ ကျွမ်းဝင်ခြင်းနှင့်၊ နှီးရင်းမှီကပ်၊ ချစ်အပ်သက်တူ၊ ဤသူတစ်ဦး၊ ကိုယ့်ကျေးဇူးကို၊ အထူးမပြတ်၊ ပြုတတ်တုံမြောက်၊ ထိုနှစ်ယောက်တို့၊ ယိုယွင်းစိုစိ၊ ပြစ်သာရှိလည်း၊ ခံဘိသည်းညည်း၊ ကျေးဇူးပည်း၏။" (မဃဒေ၀လင်္ကာ-၁၈၁)

မိမိ အောင်မြင်မှု့ရရှိလာတဲ့အခါ၊ ဂုဏ်သတင်းတွေ ကျော်ကြားနေတဲ့အခါမှာ မိမိရဲ့ အောင်မြင်မှု့ ကျော်ကြားမှု့ကို မနာလိုဝန်တိုနေကြတဲ့၊ မနာလိုဝန်တိုလာကြမယ့်သူတွေ အမှန်တကယ် ရှိလာမှာဖြစ်ပါတယ်။ သူတို့ရဲ့ မနာလိုဝန်တိုမှု့ကြောင့်ပဲ မိမိရဲ့ အောင်မြင်မှု့ ကျော်ကြားမှု့တွေကို မဟုတ်မတရားစွပ်စွဲတဲ့နည်းနဲပဲဖြစ်ဖြစ်၊ ယုတ်ညံ့တဲ့နည်းလမ်းတစ်ခုခုနဲ့ပဲဖြစ်ဖြစ် လျော့ပါးသွားအောင် ပျက်စီးသွားအောင် နှောင့်ယှက် ဖျက်ဆီးခြင်းတွေ၊ အခက်အခဲပြဿနာတွေ ပြုလုပ်လာတတ်ကြပါတယ်။

အလုပ်ဌာနမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ်၊ ဘာသာ သာသနာ အဖွဲအစည်းတစ်ခုမှာပဲဖြစ်ဖြစ်ပေါ့ တစ်နေ့နေ့တစ်ချိန်ချိန် မိမိက အောင်မြင်ကျော်ကြားတဲ့အချိန်အခါဆိုရင် မိမိရဲ့အောင်မြင်မှု့ ကျော်ကြားမှု့၊ အရိုအသေပေးခြင်းခံရမှု့၊ ကြီးပွားတိုးတက်မှု့တွေကို ၀န်တိုစိတ်ထားမယ့်သူတွေနဲ့ မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ မိမိအပေါ်မနာလိုဝန်တိုစိတ်ထားရှိသူတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပြင်ဆင်ထားဖို့ သိထားဖို့တော့လိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘယ်လိုရင်ဆိုင် ကျော်လွှားရမယ်ဆိုတာကို သိစေဖို့အတွက် ပုံပြင်လေးတစ်ပုဒ်ကို အရင်ဦးဆုံး ဖတ်ကြည့်ရအောင်ပါ။

တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ ကမ္ဘာလောကကြီးရဲ့ လှပတဲ့ရှု့ခင်းတွေ၊ တိုးတက်ပြောင်းလဲမှု့တွေကို မြင်နိုင်ဖို့အတွက် လေ့လာရေးခရီးထွက်သွားပါတယ်။ ဒီလိုနဲ့ ရက်အတန်အတော်ကြာတော့ ခရီးကနေပြန်လာပါတယ်။ ကမ္ဘာပတ်လာတဲ့ ခွေးကို အပေါင်းအဖော် သူငယ်ချင်းများက လမ်းခရီးတစ်လျောက်မှာ အခက်အခဲပြဿနာတွေနဲ့များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသေးလားဆိုပြီး မေးမြန်းစူးစမ်းကြတယ်တဲ့။

ဒီတော့ ကမ္ဘာပတ်ပြန်လာတဲ့ ခွေးက “လမ်းခရီးတစ်လျောက်မှာ လူပေါင်းများစွာ တိရစ္ဆာန်ပေါင်းများစွာကို တွေ့ခဲ့တယ်။ ဒါပေမယ့် အဲဒီ လူတွေ အခြားတိရစ္ဆာန်တွေက ဘာအနှောင့်အယှက် အန္တရာယ်မှမပြုကြဘဲနဲ့ င့ါကို လွပ်လပ်စွာ လျောက်လည်ခွင့်ပြုကြတယ်။” ဒါပေမယ့်…….

“အနှောင်အယှက်တွေ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကတော့ ကိုယ့်အမျိုးတွေဆီကပဲ၊ သူတို့က ငါ့ကို လွပ်လပ်စွာ လည်ပတ်ခွင့်မပြုကြဘူး။ င့ါကို လိုက်ဟောင်ကြတယ်၊ ပြီးတော့ လိုက်ကိုက်ဖို့ ကြိုးစားကြတယ်လို့ ပြန်ပြောလိုက်ပါတယ်။”

ဒီပုံပြင်လေးအတိုင်းပါပဲ…………၊ လူတစ်ယောက် အောင်မြင်ကြီးပွားလာတဲ့အခါမှာ သူ့ကို သိကျွမ်းခင်မင်မှု့မရှိတဲ့သူ၊ သူနဲ့ဆွေမျိုး မတော်စပ်တဲ့သူတွေကတော့ သူ့ရဲအောင်မြင်ကြီးပွားတိုးတက်မှု့နဲ့ ပတ်သက်ပြီး ဘာအန္တရာယ် အနှောင့်အယှက်မှ မပြုကြပါဘူး။ ဟုတ်ပါတယ်… စိတ်မကောင်းစရာတစ်ခုကတော့ ကိုယ်အောင်မြင် ကြိးပွားတိုးတက်လာပြီဆိုတာနဲ့ ကိုယ်နဲ့ ခင်မင်ရင်းနှီးလှပါတယ်ဆိုတဲ့ သူတွေက၊ ကိုယ့်သွေးရင်းသားရင်းဆိုတဲ့သူတွေကပဲ ကိုယ့်ရဲ့အောင်မြင်တိုးတက်ကြီးပွားတာကို မနာလို ၀န်တိုစိတ်ဖြစ်တတ်ကြတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီဆိုရင်တော့ ကိုယ့်အပေါ် မနာလို မရှုစိတ်ထားရှိသူတွေအပေါ်မှာ ကိုယ့်ဘက်က သည်းခံစိတ်ကို ပြည့်ပြည့်၀၀ မွေးမြူထားရှိနိုင်ဖို့ ကြိုးစားရမှာပါ။

ဒီသဘောတရားကိုသာ နားလည်ထားမယ်ဆိုရင် မိမိရဲ့အောင်မြင်မှု့ကို မနာလိုဝန်တိုစိတ်ထားပြီး နှောင့်ယှက်လာမယ့်သူတွေ၊ အခက်အခဲအမျိုးမျိုး ပြုလုပ်လာမယ့်သူတွေ၊ မလိုမုန်းထား ရန်စလာမယ့်သူတွေနဲ့ တွေ့ကြုံလာခဲ့မယ်ဆိုရင် ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်၊ ဘယ်လိုစိတ်နေသဘောထား ထားရှိရမယ်ဆိုတာကို ပြင်ဆင်ထားနိုင်ပါတယ်။ နားလည်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ လူဆိုတာ ကိုယ့်အလုပ်ကို လုပ်နေဖို့သာပဲ အရေးကြီးပါတယ်။ ကိုယ့်အောင်မြင်မှု့အပေါ် မနာလိုဝန်တိုစိတ်ဖြစ်ပြီး မိမိကိုယ် အမြင်မကြည်တာတွေ မကောင်းကြံတာတွေက သူတို့အလုပ်ပါ၊ မိမိက ထိုသူတွေကို နားလည်ခွင့်လွှတ်ပေးဖို့ပါပဲ။

တစ်ခုတော့ ရှိတာပေါ့….မိမိရဲ့အောင်မြင်မှု့ကို မနာလိုဝန်တိုနေတဲ့ မိမိနဲ့ ခင်မင်ရင်းနှီးလှပါတယ်ဆိုတဲ့ လည်ပင်းဖက်ပေါင်းသင်းလာတဲ့ ငယ်သူငယ်ချင်းတွေ၊ လောဘ ဒေါသ မာန်မာနတွေ နည်းပါးစဉ်အခါ ငယ်စဉ်ဘ၀က တူတူပျော်ပါး ကစားခဲ့ဖူးသူတွေအပေါ်မှာပဲဖြစ်ဖြစ် ဆွေမျိုးရင်းချာ ညီအစ်ကို မောင်နှမတွေအပေါ်မှာပဲဖြစ်ဖြစ် အသင့်အတင့်သဘောနဲ့ စိတ်နှလုံးမသွင်းနိုင်သူအတွက်တော့ ကျေကျေနပ်နပ်ကြီး သည်းခံခွင့်လွှတ်ပေးဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်းလေ……….

“ငယ်ကပေါင်းသင်း၊ ကျွမ်းဝင်ခြင်းနှင့်၊ နှီးရင်းမှီကပ်၊ ချစ်အပ်သက်တူ၊ ဤသူတစ်ဦး၊ ကိုယ့်ကျေးဇူးကို၊ အထူးမပြတ်၊ ပြုတတ်တုံမြောက်၊ ထိုနှစ်ယောက်တို့၊ ယိုယွင်းစိုစိ၊ ပြစ်သာရှိလည်း၊ ခံဘိသည်းညည်း၊ ကျေးဇူးပည်း၏။…….”ဆိုတဲ့ မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာ-၁၈၁ အလိုအရပေါ့……ဆရာတော်ဘုရားကြီးက မိမိနဲ့အတူ ငယ်စဉ်ဘ၀ကနေစပြီး ချစ်ခင် ရင်းနှီး ကျွမ်းဝင်ခဲ့သူကိုပဲဖြစ်ဖြစ်၊ တစ်ချိန်တစ်ခါက မိမိအပေါ် ကျေးဇူးတစ်စုံတစ်ရာပြုခဲ့ဖူးသူကိုပဲဖြစ်ဖြစ်၊ မိမိအပေါ်အမြဲထာဝရ ကျေးဇူးပြုနေသူကိုပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် အသိစိတ်တစ်စုံတစ်ရာ ချွတ်ယွင်းအားနည်းမှု့ကြောင့် မိမိအပေါ်မှာ အပြစ်တစ်စုံတစ်ရာ ပြုလုပ်လာခဲ့မိတဲ့အခါတွေမှာ သည်းခံခွင့်လွှတ်ပေးသင့်တယ်။ သည်းခံခွင့်လွှတ်ရမယ်လို့ဆိုထားပါတယ်။

ထိုသူတို့အပေါ်မှာ သည်းခံခွင့်လွှတ်စိတ် မထားနိုင်ဘူးဆိုရင်၊ နားလည်မှု့မထားနိုင်ဘူးဆိုရင် မိမိရဲ့ဒေါသက တွန်းအားပေးမှု့ကြောင့် မိမိက တန်ပြန်ပြီးတော့ တူညီတဲ့အပြုအမူတွေ လုပ်ရပ်တွေကို ဒေါသအလျောက် လုပ်မိလိုက်မယ်ဆိုရင် နှစ်ဦးသားအတွက် ရရှိလာမယ့် အကျိုးဆက်ကတော့ အနှုတ်လက္ခဏာပဲဖြစ်နေတတ်ပါတယ်။ ဘယ်လိုကောင်းကျိုးတစ်စုံတစ်ခုမှ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ဖြစ်တည်လာမှာ မဟုတ်ပါဘူး။

ဒီတော့ သည်းခံခြင်းတရားကို ထားရှိလိုက်ပါ။ စာနာ နားလည်ခြင်းတွေကို ထားရှိလိုက်ပါ။ ကံ ကံရဲ့ အကျိုးတရားကို နားလည်ခြင်းဆိုတဲ့ မြင့်မားတဲ့ အသိဥာဏ်တွေ ကိုယ့်သန္တာန်မှာ တည်ရှိအောင် ကြိုးစားလိုက်ဖို့ပါပဲ။

မိမိရင်ထဲမှာသာ သည်းခံခြင်းတရား၊ စာနာနားလည်ခြင်းတရား၊ အသိဥာဏ်ပညာတွေ ရှိနေပြီဆိုရင် တစ်ဖက်သား အပေါ်မှာပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် ထိခိုက်နစ်နာစေမယ့်အတွေးစိတ်ထား၊ ဒုက္ခပေးလိုတဲ့အတွေးစိတ်ထားတွေ၊ အကျိုးယုတ်စေမယ့် အတွေးတွေကို ဘယ်တော့မှ တွေးမိမှာ မဟုတ်ပါဘူး။ အကျိုးယုတ်စေမယ့် အတွေး၊ အန္တရာယ်ပြုစေလိုတဲ့ အတွေးတွေကင်းနေပြီဆိုရင် သေချာပါတယ် မိမိ သူတစ်ပါးရဲ့ ကောင်းကျိုးကိုသာဖြစ်စေမယ့် အတွေး၊ မိမိ သူတစ်ပါးရဲ့ ချမ်းသာစေလိုတဲ့ အတွေးလှလှလေးတွေကိုသာ တွေးနေတတ်ပါတယ်။

အရာရာတိုင်းအတွက် အတွေးလေးကသာ အဓိကပါပဲ…….။ မိမိရဲ့ အတွေးလှရင် မိမိရဲ့ ကာယကံလည်း လှနေပါလိမ့်မယ်၊ မိမိရဲ့ ၀စီကံကလည်း လှနေပါလိမ့်မယ်၊ အတွေးကောင်းနေရင် မိမိရဲ့ ကာယကံကလည်း ကောင်းနေပါလိမ့်မယ်၊ မိမိရဲ့ ၀စီကံကလည်း ကောင်းနေပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ အောင်မြင်မှု့အပေါ်၊ အဆင်ပြေမှု့အပေါ်မှာ မနာလိုဝန်တိုနေကြတဲ့၊ ၀န်တိုနေကြမယ့်သူ ဘယ်သူ့ကိုပဲဖြစ်ဖြစ် သည်းခံခွင့်လွှတ်ပေးနိုင်ဖို့အတွက် ရင်ထဲမှာ သည်းခံစိတ်လေးတွေမွေးပြီး ခွင့်လွှတ်နားလည်ပေး လိုက်ဖို့ပါပဲလေ……….။

ကိုးကား။ ။

မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လမ်းညွှန်နီတိများ

Dhammanada. K. Sri, (2007) “Why Worry”, Buddhist Missionary Society Malaysia,

(ဥယျာဉ်မှူးလေး)

Read more...

ဦးစန်းမြင့် (USA) မွေးနေ့အလှူပွဲ











သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု တပိုတွဲလပြည့်ကျော် (၇) ရက် အင်္ဂါနေ့ ၁၄.၂.၂၀၁၂

အရုဏ် ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူခြင်းနှင့် ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

ဦးစန်းမြင့် (USA) မွေးနေ့အလှူပွဲဖြစ်ပါသည်။

သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။

ယနေ့ ဦးစန်းမြင့် မွေးနေ့ အလှူကုသိုလ်ပြုပွဲမှာ သံဃာတော်များအား အရုဏ်ဆွမ်း+နေ့ဆွမ်းများကပ်လှူပေးသော
ကုသိုလ်ကောင်းမှုကံစေတနာသည် ရန်သူမျိုးငါးပါး မဖျက်စီးနိုင်သော ကုသိုလ်ကောင်းမှုကံဖြစ်ပါသည်။
ယနေ့ ဦးစန်းမြင့် လှူဒါန်းလိုက်သော ဆွမ်းတည်းဟူသော ကောင်းမှုကံစေတနာ တို့ကြောင့် ယနေ့မှစ၍
ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ၊ချမ်းသာ စွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ ဘာသာသာသနာအကျိုး
လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက်ပါစေရန် ဆွမ်းလောင်းအသင်းမှဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

တရားပွဲ ဖိတ်ကြားလွှာ

ရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင် ဆရာတော် အရှင် ဝေပုလ္လ(သာသန ဓဇ ဓမ္မာစရိယ - ဥဘတောဝိ ဘင်္ဂဓရ)၏ တရားပွဲ

ဓမ္မမိတ်ဆွေအပေါင်းတို့………….. လမ်းတံတားပြုပြင်ထိန်းသိမ်းရေး အကျိုးတော်ဆောင်ဆရာတော် အရှင်ဝေပုလ္လမှ၏ တရားပွဲကို စင်ကာပူနိုင်ငံတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက်။ ။ ၁၈ မတ်လ ၂၀၁၂ ( တနင်္ဂနွေနေ့ )
အချိန်။ ။ ညနေ ၇း၀၀နာရီမှ ၉:၀၀ နာရီ တရားပွဲ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ http://www.dhammadownload.com/live1.htm

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
မခိုင်ခိုင်ဝင်း (၉၁၈၇၃၅၅၈)
မဆွေမာဦး (၉၈၈၆၀၄၂၅)
မောင်မြမင်းစိန် (၉၀၀၉၁၀၄၇)
ကိုမြင့်စိုး (၉၈၁၈၆၄၄၇)
မမြဆွေဦး (၉၃၄၉၃၈၇၉) Type the rest of your post here.

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP