* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, February 9, 2012

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တရားအစီအစဉ်များ။

၂၀၁၂ ခု ဖေဖော်ဝါရီလ ၁၀ ရက် (၁၃၇၃ ခု တပို့တွဲလဆုတ် ၃ ရက် သောကြာနေ့ )

စင်္ကာပူစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ...

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော...

၀၁။ ခန္ဓာ နှင့် ဥပါဒါနက္ခန္ဗာ (၁၈.၁၂.၁၀၊ သီရိမြိုင် ၃ လမ်း ၊ လှိုင်မြို့နယ်)

၀၂။ ပဋိသမ္ဘိဒါဥာဏ် ကို လေ့လာသုံးသပ်ခြင်း ( ၁၉.၁၂.၁၀၊ လသာမြို့နယ်)

၀၃။ လူတွေပြောတဲ့ လူ့စကား (၂၀.၁၂.၁၀၊ ပန်းပဲတန်း ၃၁ လမ်း)

၀၄။ မုဓ်ဦးရေစက်ချ အလှူတော်မင်္ဂလာ သာရဏီယ အနုမောဒနာ (၂၁.၁၂.၁၀၊ သံလျင်၊ ဓမ္မ၀ိဇ္ဇာလယသုဗောဒရုံ)

၀၅။ လိုချင်တာရနိုင်ဖို့ လက်တွေ့ကျင့်သုံးစို့(၂၁.၁၂.၁၀၊ တာမွေ၊ဓမ္မစိန္တာလမ်း )

၀၆။ ကုသိုလ်တပဲ ငရဲတစ်ပိဿာ (၂၃.၁၂.၁၀၊ ၀ိသုဒ္ဓိ ဆွမ်းလောင်းအသင်း ၊ကမာရွတ်)

၀၇။ သူယုတ်မာတို့၏ အမူအကျင့်များ ၁ (၂၄.၁၂.၁၀၊ ၀ိသုဒ္ဓိ ဆွမ်းလောင်းအသင်း ၊ကမာရွတ်)

၀၈။ သူယုတ်မာတို့၏ အမူအကျင့်များ ၂ (၂၅.၁၂.၁၀၊ ၀ိသုဒ္ဓိ ဆွမ်းလောင်းအသင်း ၊ကမာရွတ်)

၀၉။ ဓမ္မစကြာည၏ အမှတ်တရ ဒေသနာ (၂၆.၁၂.၁၀၊ တပ်ကုန်း၊ မန္တလေးတိုင်း)

၁၀။ နိဗ္ဗာန်သည် အားလုံးအတွက် (၂၇.၁၂.၁၀၊ ပဲခူး၊ သာသနာ့မဏ္ဍိုင်)

၁၁။ ပြစ်မှားခြင်းနှင့် ဒါဏ်သင့်ခြင်း (၂၈.၁၂.၁၀၊ ဘုရင့်နောင် ပွဲရုံတန်း၊ မရမ်းကုန်း)

၁၂။ နိယျာနိကသာသနာ (၂.၁.၁၁၊ ပေါင်းလဲတိုက်၊ မန်းမြို့ဈေး၊ မန္တလေး)

၁၃။ နောင်တရခြင်း နှင့် နောင်တပူပန်ခြင်း (၃.၁.၁၁၊ မတ္တရာ၊ သာသနဇောတာရုံ ၊၀ိနည်းစာပြန်ပွဲ)

၁၄။ သုခချမ်းသာ အကြောင်းရှာ

၁၅။ ယောဂီပုဂ္ဂိုလ် ရှိရမည့် အရည်အချင်းများ

၁၆။ မဓုပိဏ္ဍိကသုတ် အနှစ်ချုပ်

၁၇။ ယထာဘူတ ဒဿန

၁၈။ ကမ္မ၀ဋ်မှ လွတ်မြောက်ရေး

၁၉။ လက်တွဲညီညာ သာသနာပြုကြ

တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

ပဲခူးအောင်သုခ ဓမ္မရိပ်သာဆရာတော်ကြီး ဦးစန္ဒိမာနှင့် ယောဂီများ တစ်နေ့တာ မှတ်တမ်း

Read more...

တဖွားဖွား ပျက်စီးနေပါတယ်

Read more...

နံနက်ခင်း တရား

မနက်အိပ်ယာထပြီဆိုတာနဲ့ စားဖို့၊ သောက်ဖို့ကနေ စပြီး တစ်နေ့တာအတွက် ပူပန်ရပါပြီ။ တစ်နေ့တာအတွက် စား၊ ၀တ်၊ နေရေး ဆိုတဲ့ အရေးတွေနဲ့ စတင်ပြီး၊ ဒီအရေးတွေ အပြီးဆုံးခင်ပဲ တစ်နေ့ ကွယ်ပြန်တယ်။ အော် အရေးပေါင်းများစွာကို ပြုနေကြတာ၊ သေတဲ့အထိ ဒီအရေးတွေက မပြီးဆုံးပဲနော်။ ဒီကနေ့ နံနက်တုံးခေါက်လို့ အိပ်ယာက နိုးနိုးချင်းဒီအတွေးလေးစိတ်ထဲပေါ်မိတယ်။

မနက်နေထွက်လာတာနဲ့ သေမယ်ဆိုတာ ဘယ်သူမှမတွေးဘူး၊ နေမယ်ဆိုတာနဲ့ပဲ တွေးကြ တယ်။ တစ်နေ့တာဘာတွေ လုပ်စရာ ရှိတယ်ဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ကြတယ်။ အဲ့ဒီ တစ်နေ့တာအတွင်း ကုသိုလ်တရား၊ အကုသိုလ်တရားတွေ ပြု၊ ပြော၊ ကြံ ပြီးအသက်ရှင်နေကြတယ်။ သာယာစ ရာတွေရော၊ ငြီးငွေ့ စရာတွေကော တွေ့ကြုံနေကြရတယ်။ သာယာစရာ နဲ့တွေ့တော့ ပျော်လိုက်ကြ၊ ငြီးငွေ့ စရာ နဲ့တွေ့တော့ စိတ်ဆိုးလိုက်ကြ၊ အော် တစ်နေ့တာတိုင်း၊ တစ်နေ့တာတိုင်းကို ဒီလိုချည်း ဖြတ်သန်းနေရင်တော့ ခက်ရချည်ရဲ့။
လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာရှိကြစမြဲ။ ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်တယ် ဆိုတာတွေပေါ့။ ဖြစ်ချင်တာတွေဖြစ်ပြီးတော့ရော ဘာများထူးခြား လာသလဲဆိုတာ မေးကြည့်ချင်တယ်။ တစ်နေ့ တစ်နေ့ ဖြစ်ချင်တာတွေကို ဦးစားပေး လို့ ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ ဆုံးရှုံးနေကြရတယ်။ တစ်နေ့တာလုံးမှာ ကုသိုလ်နဲ့ အသက်ရှင်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ အာရုံအမျိုးမျိုးတွေ ကြားမှာ အယောနိသောမနသိကာရ နဲ့ နေမိလို့ လောဘ၊ ဒေါသတွေ ဖြစ်လိုက်ကြရတာ။ ဒါပေမယ့် ပြောကြတယ်။ ပုထုဇဉ်ပဲ အဲ့လောက်တော့ရှိမှာပေါ့ တဲ့ ။ ပုထုဇဉ်ဆိုတာနဲ့ ကိုင်ပေါက်လိုက်ကြပြန်တယ်။
ကိုယ်ကိုယ်တိုင်က ပုထုဇဉ်ဘ၀ကို ခုံမင်တွယ်တာနေရင် ပုထုဇဉ်ဘ၀က လွတ်ပါ့မလား။ အရိယာတွေကို အားကျပြီး အရိယာစိတ်မွေးမှသာလျှင် အရိယာဘ၀ ရောက်နိုင်မှာပေါ့။ ပုထုဇဉ်မိုလို့ တစ်သံသရာလုံး မိုက်ခဲ့၊ ဆိုးခဲ့တာ ခုလည်းပဲ မိုက်တုန်း၊ ဆိုးတုန်းပဲလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ မိုက်လို့ ကောင်း၊ ဆိုးလို့ကောင်းနေကြတာ။ ဒေါသဖြစ်မပေါ့ ပုထုဇဉ်ပဲ၊ သောကရောက်မပေါ့ ပုထုဇဉ်ပဲ ဘယ်တုန်းကများ အရိယာလို လောဘ၊ ဒေါသ၊ သောက မဖြစ်ပဲ နေချင်လိုက်တာလို့ ဖြစ်ခဲ့ဖူးလဲ ? ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ကြပါ။ ထစ်ခနဲဆို ဖြစ်လိုက်တာပဲ၊ ထစ်ခနဲဆို ဆိုးလိုက်တာပဲ။ အော် ပုထုဇဉ် အမြင်များနော်။ ကြောက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။
မြတ်စွာဘုရားရှင် ရှေ့ တော်မှောက်မှာ တရားလေးတစ်ပုဒ်လောက်ဟောတာနဲ့ တရားရ သွားတဲ့သူတွေဟာ ဟိုး သံသရာအဆက်ဆက်က ဒီတရားဓမ္မတွေကို နှစ်ပေါင်း သောင်းနဲ့ချီပြီး အားထုတ်ခဲ့ လို့ပါ။ ခုမှ မြတ်စွာဘုရားကဘက်လိုက်ပြီး သူတို့ချည်းဟောပေးတာမဟုတ်ပါဘူး။ သူ့မှာကိုက တရားရဖို့ သံသရာ အဆက်ဆက်က အရိယာဖြစ်ချင်စိတ်၊ အရိယာလိုစိတ်ဓာတ်မျိုးမွေးခဲ့လို့ပါ။ ကိုယ်ကခုမှ ပုထုဇဉ် စိတ်မွေးတုန်းရှိသေးတယ်။ တော်သေးတယ်လို့ ပြောစရာကတစ်ခုပဲ ရှိတော့တယ်။ ကိုယ့်မှာ အရိယာနဲ့တူတဲ့ စိတ်ထားကောင်းလေး တစ်ခုပဲရှိတော့တယ်။
စိတ်ကောင်းလေးရှိ နိဗ္ဗာန်ရောက်ပါတယ်တဲ့။ ဘာဖြစ်လို့လဲ စိတ်ကောင်းရှိမှ ဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့ ကုသိုလ်အလုပ်တွေလုပ်ဖြစ်မှာပါ။ စိတ်ကောင်းမရှိသူကတော့ အကုသိုလ်နဲ့ ပျော်လို့ကို မ၀နိုင်သေး။ ခုခေတ် ဘုံဆွမ်းလောင်းတွေ၊ အဘိဓမ္မာသင်တန်းတွေဆိုတာ စိတ်ကောင်းရှိသူတွေ ရှိလို့ လုပ်ဖြစ်ကြတာပါ။ စိတ်ကောင်းသာမရှိရင် မနက်စောစော ထပြီး ဘယ်သူက ဆွမ်းလောင်းမလဲ ? ဒါကြောင့် အရိယာ နဲ့တူတာ စိတ်ကောင်းလေးပဲရှိတော့တယ်။
ဒီတော့ အရိယာတွေမှာ ရှိတဲ့ စိတ်ကောင်းလောက်တော့ ကိုယ့် စိတ်ကောင်းက အားကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ပုထုဇဉ် အကန်းတွေထက်ပိုတာကတော့ ကိုယ်ဟာ အရေးပေါင်း များစွာထဲမှာ စိတ်ကောင်းလေးနဲ့ ရှင်သန်နေနိုင်တယ်ဆိုတာပဲ။ ဒေါသဖြစ်မယ်ကြံတာနဲ့ ကိုယ့်စိတ်ကောင်း ကိုယ်ပြန်သတိရ၊ သောကဖြစ်မယ်ဆိုတာနဲ့ ကိုယ့်စိတ်ကောင်းလေး ကိုယ်ပြန်သတိရ၊ ဒါဆို ဖြစ်မယ့် အကုသလဓမ္မတွေဟာ စိတ်ကောင်းလေးကြောင့် ဖြစ်ချင်ပါလျက် မဖြစ်နိုင်တော့ဘူးပေါ့။
လူတွေဘာလို့ ငါ့ဟာ၊ ငါ၊ ဆိုပြီး ငါတကောကောနေရတလဲဆိုတာ ဆန်းစစ်ကြည့်တော့ သေဖို့ သတိမရကြလို့ပါ။ ကိုယ်သေမှာ ကိုယ်သတိမရတော့ ရှင်နေစဉ်မှာ ဘာမှ အနှစ်သာရမရှိတဲ့ တရားတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်အတွက်ကိုယ် ဘာကမျှမလုပ်ကြတာရယ်ပါ။ ဒါတွေဟာ သတိမထားမိသူအတွက်တော့ ဘာမှ မထင်ရပေမယ့် သတိထားကြည့်သူအတွက်တော့ သံဝေဂရစရာပါ။ ယူတတ်ရင် တရား၊ မယူတတ်ရင်တော့ အလကားဆိုသလိုပေါ့။ ယူတတ်လို့ ကောလိတနဲ့ ဥပတိဿ တို့ ဇာတ်ပွဲထဲကနေ တရားသဘောနားလည်ခဲ့ကြတာပေါ့။
အော် မနက်ခင်းလေးမှာ ဒါလေးတွေတွေးမိတော့ လူတွေကိုလည်း မနက်ခင်းတိုင်းတွေးစေ ချင်မိတယ်။ တစ်နေထွက်သေဘက်ကို မေ့လျော့ကာ နေဖို့မထင်ကြပါနဲ့။ နေကွယ်ကာတစ်ကြိမ် သွားလျှင်ဖြင့်သေနယ်ရွယ် တစ်ခါသွားရမယ်။ တားမရဘူး တဲ့ ။ တားလို့ မရတဲ့ခြေလှမ်းတွေနဲ့ သွားနေကြတာ။ ဒါကြောင့် တိပိဋက ယော ဆရာတော်ဘုရားကြီးကမိန့်ပါတယ်။ သွားနေပါလျှက် မရောက် နိုင်သေးတာက နိဗ္ဗာန်၊ မသွားချင်ဘဲ ရောက်ရောက်သွားရတာ သုဿန် တဲ့။ လူတိုင်းမရောက်ချင် ကြတဲ့ နေရာ၊ ထိုနေရာက မရောက်ချင်ပေမယ့် ရောက်ရမှာပါလားလို့ တွေးထားရင်။ ငါတစ်ယောက်တည်း မဟုတ်ဘူး အားလုံးရောက်ရမှာပါလားလို့ တွေးထားရင် အရေးပေါင်းများစွာထဲမှာစိတ်ကောင်လေးနဲ့နေ လို့ဖြစ်သွားပါပြီ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

Read more...

ဒုက္ခိတကွန်ပျူတာ ဗြဟ္မာများနှင့်သာတန်၏

ကွန်ပျူတာသည် တန်ခိုးကြီးသည်ဟု ပြောခဲ့ပြီးပြီ။
သို့သော် ထိုကွန်ပျူတာသည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ အမွေခံ မျက်ခွက်ဘွတ်အုပ် သည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ ဘိုးအေ တယ်လီဗေးရှင်းသည်လည်းကောင်း အင်္ဂါမစုံ၊ အာရုံ မညီသော ဒုက္ခိတများသာ ဖြစ်ကြပြန်တော့၏။

မရှင်းသေးဟု ထင်၏။ အချို့ကား နားဝေး၍ အချို့ကား နားနီး၏။

လူ၌ အာရုံငါးပါး (သို့) အာရုံခြောက်ပါး ရှိ၏။ ထို့အတူ အာရမ္မဏိကငါးပါး (သို့) အာရမ္မဏိက ခြောက်ပါးလည်း ရှိ၏။

ထပ်ရှင်းဦးအံ့။ ကွန်ပျူတာသည် ကြည့်လို့ရ၏။ ထို့ကြောင့် ရူပါရုံ ရှိသည်ဟု သိလို့ရ၏။ ကွန်ပျူတာသည် နားထောင်လို့ရ၏။ ထို့ကြောင့် သဒ္ဒါရုံ ရှိသည်ဟု သိရ၏။ ကုန်ပြီ ဖြစ်၏။ ထိုကွန်ပျူတာသည် အနံ့ကိုမပေးနိုင်၊ လျှာဖြင့် စားလို့ရသည့် အရသာကို မပေးနိုင်၊ နူးညံ့၊ မာကျော၊ အိစက်၊ ခက်မာ စသော ဖောဋ္ဌဗ္ဗအာရုံကိုလည်း မပေးနိုင်။

ကွန်ပျူတာ၌ရှိသောလူ၊ ၀န်းကျင်ရှုခင်း စသည်တို့ကို တထပ်တည်းကြည့်၍၊ ခံစား၍ ရ၏။ ကွန်ပျူတာ၏ အသံ၊ သီချင်းသံ၊ ငိုသံ၊ ရယ်မောသံ တို့ကိုလည်း ခံစား၍ရ၏။ ခက်သည်က ကွန်ပျူတာမှာပေါ်နေသော ထမင်းဝိုင်း၏ ထမင်းဟင်းများ၊ ဇွန်းသံ၊ ခက်ရင်းသံ စသည့် အာရုံနှစ်ပါးကို ခံစား၍ရသော်လည်း ထိုထမင်းပွဲ၏ အနံ့အသက်ကိုမူ ထိုကွန်ပျူတာက ထုတ်လုပ်မပေးနိုင်တော့။ ၀မ်းနည်းစရာ ကောင်း၏။ ၀မ်းသာစရာလည်း ကောင်း၏။


နှင်းဆီတစ်ပွင့်ကို ပြနိုင်သော ကွန်ပျူတာသည် ထိုနှင်းဆီ၏ အနံ့ကို မပေးနိုင်။ ငါးကြော် တစ်ကောင်၏ပုံကို ပြနိုင်သော ကွန်ပျူတာသည် ထိုငါးကြော်၏ အရသာကို ထုတ်မပေးနိုင်။ ပွေ့ဖက် နေသော ဇနီးမယား (သို့) သမီးရည်းစားကို ပြနိုင်သော ထိုကွန်ပျူတာသည် ကြည့်ရှုသူအထံ ထိတွေ့ လို့ရသည့် ဖောဋ္ဌဗ္ဗအာရုံကို မပို့လွှတ်နိုင်တော့ချေ။ ၀မ်းနည်းဖွယ် ကောင်း၏။ ၀မ်းသာဖွယ်လည်း ကောင်း၏။

သိပ္ပံသည် အသံဖြင့် ရှေးဦးစွာ မိတ်ဆက်ခဲ့၏။ သောမတ်(စ်) အက်ဒီဆင်က စတင်တွေ့ရှိ ခဲ့သည်ဟု မှတ်သားဖူး၏။ ဤကား အရေးမကြီး။ အမေရိကမှ စကားပြောနေလျှင် မြန်မာပြည်မှ ကြားရ၏။ ဒါ လိုရင်း ဖြစ်၏။ တချို့က မယုံကြည်ကြ။ အရူးများဟုပင် ပြောခဲ့ကြ၏။ သို့သော် အရူးများဟုပြောဆိုသူများကိုယ်တိုင် အရူးများ ဖြစ်သွားကြ၏။ ယခု လူတစ်ယောက် အမေရိကားမှ စကားပြောနေလျှင် ကြားလိုက ကြားလို့ရ၏။ မကြားလိုက မကြားလို့ ရ၏။ မကြားလိုက မကြားလို့ရ၏ဟူသည် မကြားဟန်ဆောင်ခြင်းပေတည်း။

ထို့နောက် စကားပြောနေသံကိုသာမက ထိုစကားပြောနေသူကိုပါ မြင်လို့ရလာပြန်၏။ အစကနဦးက လူသားတစ်ချို့ မယုံကြည်ကြ။ ယခုမူ ဤကိစ္စသည် ထမင်းစားရေသောက်ကိစ္စ ဖြစ်သွားပြီဖြစ်၏။ ထိုစကား မှန်၏။ ကွန်ပျူတာ၌ ရူပါရုံ ရှိ၏။ သဒ္ဒါရုံရှိ၏။

အာရုံလေးနှစ်ပါးဖြင့် လူသား၏ ဧည့်ခန်းကို အာဏာသိမ်းထားသော တယ်လီဗေးရှင်းကို မကျေနပ်သဖြင့် သက်ဆိုင်ရာဌာန နှစ်ခုသို့ စာရေးမေးဖူးသည်။ ထိုတယ်လီဗေးရှင်းသည် ရုပ်၊ အသံအပြင် ဂန္ဓာရုံဟုခေါ်သည့် အနံ့ကိုပါ ထုတ်လွှတ်ပေးနိုင်ခြေ ရှိမရှိ ကိစ္စဖြစ်၏။ အံ့သြဖွယ် ကောင်း၏။ တစ်ဌာနကတော့ လုံးဝ မဖြစ်နိုင်ဟုဆို၏။ အခြား တစ်ဌာနကတော့ ဖြစ်နိုင်ခြေရှိ၏ဟု ပြန်ဆို၏။ ရသာရုံနှင့် ဖောဋ္ဌဗ္ဗာရုံတို့ကတော့ လောလောဆယ် အခြေအနေအရ မဖြစ်နိုင်။ ဂန္ဓာရုံကိုမူ မဖြစ်နိုင်ဟု သူတို့ မဆိုရဲကြောင်းပြော၏။ ထိုအခါ ငါးကြော်ကိုသာမက ငါးကြော်အနံ့ကိုပါ ရတော့မည်ဖြစ်၏။

ရဟန်းတော်များအတွက် သိပ်မကောင်း၊ ဗိုက်ဆာနေရသည့်အချိန်တွင် ငါးကြော်ကိုတွေ့ရ၊ ငါးကြော်၏ သင်းသင်းပျံ့ပျံ့အနံ့ကိုပါရမည်ဆိုလျှင် ထိုဗိုက်ဆာမှုဝေဒနာ ပို၍ဆိုးဝါးလာနိုင်၏။ သို့သော် သိပ္ပံပညာရှင်သည် ရဟန်းဗိုက်ဆာ၊ မဆာ ကိစ္စကြောင့်တော့ သူ၏တီထွင်မှုကို ရပ်ပစ်လိမ့်မည်မဟုတ်။ ရဟန်းက ကိုယ့်မျက်လုံးနှင့် ကိုယ့်နှာခေါင်းကို ပိတ်လိုက်ရုံသာရှိ၏။ တော်သေး၏၊ နှာခေါင်းက လက်ဖြင့်ပိတ်မှ လုံသော်လည်း မျက်စိနှစ်လုံးကမူ လက်မပါပဲ ပိတ်လို့ရ၏။ ပိတ်ချင်ဖို့သာ လို၏။ ပိတ်ဖို့ လက်မလို။

အချို့က သီဟနာဒကို အရူးဟု ပြောကြ၏။ အဘယ့်ကြောင့်ဆိုသော် ရဲရင့်သော ကြိုတင် နိမိတ်ဖတ်မှု နှစ်ခုကြောင့် ဖြစ်၏။ အချို့ စိတ်ဝင်စားကောင်း ၀င်စားနိုင်၏။ ထို့ကြောင့် ပြောချင်သည်။
၁။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ ဘောလုံးကစားခြင်းထက် ပို၍ လူကြိုက်များသော အားကစားတစ်မျိုးပေါ်မည်
၂။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ အာရုံနှစ်ခုသာပေးနိုင်သော တယ်လီဗေးရှင်းက အနည်းဆုံး အာရုံသုံးခုပေးလိမ့်မည်- ဟူ၍ ဖြစ်၏။
ဤမျှဆိုလျှင် အတန်ငယ် ရှင်းပြီဟုထင်သည်။

လူသားက အာရုံငါးပါး(သို့) အာရုံခြောက်ပါးကို ခံစားနိုင်သည်။
ထိုတယ်လီဗေးရှင်း၊ ကွန်ပျူတာစသည်ကတော့ လူသားကို အာရုံနှစ်ခုသာ ပေးနိုင်၏။ ထို့ကြောင့် အင်္ဂါမစုံ အာရုံမညီသော ဒုက္ခိတများဟု ဆိုခဲ့ခြင်းဖြစ်၏။
စာပေ၌ သင်ကြားရ၏။ အထူးသဖြင့် အဘိဓမ္မာသဘောတရား ဖြစ်၏။ အချို့သော အထက် တန်းစား ဗြဟ္မာကြီးများ၌ အာရုံနှစ်ပါးသာရှိ၏ဟု ဆို၏။ တစ်နည်းဆိုရသော် စက္ခုပသာဒရုပ်နှင့် သောတပသာဒရုပ်ဆိုသည့် ပသာဒရုပ်နှစ်ခုသာရှိ၏ဟု ဆို၏။ ဤစက္ခုနှင့် သောတပသာဒရုပ်ရှိလျှင် ဘုရားဖူးခြင်း၊ တရားနာခြင်းကိစ္စနှစ်ခုကို လုပ်လို့ရပြီဖြစ်၏။ သူတို့ လုပ်လိုသော ကိစ္စနှစ်ခုကလည်း ဤမျှသာ ဖြစ်၏။ ဒုက္ခနည်းသွားသည်ဟု ဆိုရမည်ထင်သည်။

မှန်၏။ ထိုဗြဟ္မာကြီးများအတွက် ရေမချိုးသူ၊ ညစ်ပတ်သူ၊ အာခံတွင်းနံ့ မကောင်းသူ တို့နှင့်အတူထိုင်နေရသော် သူတို့က ဂန္ဓာရုံကို မခံစားနိုင်သဖြင့် နှာခေါင်းပိတ်ရခြင်းဒုက္ခမှ ကင်းဝေး လိမ့်မည်။ထိုပုဂ္ဂိုလ်များနှင့် အတူတူနေထိုင်ရသူများ ဗြဟ္မာဖြစ်ဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။

ရသာရုံမရှိ၊ ရသတဏှာကို ဖြတ်ပြီးသည့်အတွက် ဗြဟ္မာများ အများစုနေထိုင်ရာ၌ ဂျေဒိုးနတ် တို့၊ ကေအက်(ဖ)စီတို့ ဆိုင်ဖွင့်မရောင်းနိုင်၊ စီးပွါးရေးလုပ်လို့မရ။ ထို့ကြောင့် ဂျေဒိုးနတ်တို့၊ ကေအက်(ဖ)စီတို့က ဗြဟ္မာဖြစ်ရေး ကမ်ပိန်းကို အသေအလဲ တားမြစ်ကြလိမ့်မည် ဖြစ်၏။ မည်သို့ဖြစ်စေ ဗြဟ္မာများ ငါးပိ မကြိုက် သည်က သေချာလောက်၏။ သို့သော် အနံ့ကြောင့် မဟုတ်၊( ရှေ့တွင် ရေးခဲ့ပြီ) နာမည်ကြောင့် ဖြစ်နိုင်သည်။ ငါးပိဟူသည် ပိနေသောငါးကို ဆိုလိုသည်။ ငါးချဉ်ကိုလည်း ဗြဟ္မာကြီးများ မကြိုက်လောက်၊ ချဉ်သောကြောင့်ကား မဟုတ်
(ရသတဏှာ မရှိကြောင်း ပြောနေဆဲ)၊ နာမည်ကြောင့်သာ ဖြစ်နိုင်၏။ ငါးချဉ်ဟူသည် ထမင်းလုံး
များဖြင့် ညစ်ပတ် နေသောငါးကို ဆိုလိုသည်။

ဖောဋ္ဌဗ္ဗာအာရုံကို မခံစားထိုက်သော ဗြဟ္မာများ နေထိုင်ရာ၌ အနီရောင် အိပ်ခန်းများမရှိ၊ တိတ်တိတ်ပုန်း အနှိပ်ခန်းများမရှိ၊ မင်္ဂလာဆောင်ခြင်းမရှိ၊ သမီးရည်းစားထားသည်မရှိ၊ ရည်းစားစကား ပြောသည်မရှိ၊ ချစ်သော်လည်း နည်းနည်းတော့ တင်းထားမှ ဆိုတာမျိုးမရှိ၊ စိတ်ကောက်သည် ဟူ၍လည်း မရှိတော့။

တစ်ခုကောင်းသည်မှာ ဗြဟ္မာများ၌ လိင်ခွဲခြားမှုပြဿနာ မရှိတော့။ ထို့ကြောင့် လိင်ခွဲခြားမှုကို ဆန့်ကျင်သူများအနေဖြင့် အကောင်းဆုံးဖြေရှင်းနည်းကား ဗြဟ္မာများဖြစ်အောင် ကျင့်လိုက်ခြင်း ပေတည်း။

ထိုစကားတို့ကို ချုံ့အံ့။ အထက်တန်းစား ဗြဟ္မာကြီးများသည် ရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ဘုရားဖူးခြင်း၊ တရားနာခြင်းတို့အတွက် ချန်ထား၏။

ယနေ့ ကွန်ပျူတာနှင့် တယ်လီဗေးရှင်းသည်လည်း ထိုရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ထရမ်စမစ်လုပ်နိုင်၏။ ကိုက်၏။ သဟဇာတ ဖြစ်၏။

ကွန်ပျူတာသည် ဗြဟ္မာ့ဘုံ၌ ရောင်းအားပိုကောင်းလောက်၏။
တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးသည် သူ့ကိုသူ ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူ ဖြစ်ဟန် ရှိကြောင်း အထောက်အထားများဖြင့် ပြော၏။ သူသည် အသားငါးကို မတပ်မော၊ ကာမဂုဏ်အာရုံ နည်းပါး၊ သတ္တ၀ါများအပေါ် မေတ္တာထားနိုင်ခြင်းကြောင့် ဖြစ်သည်ဟုပြော၏။ မှန်၏။ ထိုမျှအထိ မှန်သေး၏။

ဗြဟ္မာ့ပြည်မှဆင်းလာသော သုဝဏ္ဏသာမ၏ မိခင် ဖခင်တို့ဖြစ်ကြသည့် ဒုကုလနှင့် ပါရိကာ တို့သည်လည်း ထိုအချက်အလက်များနှင့် ပြည့်စုံ၏။ ကာမဂုဏ် မပတ်သက်၊ မေတ္တာစစ် မေတ္တာမှန် တို့ဖြင့်သာ တစ်ဦးကိုတစ်ဦး ဆက်ဆံပြီး သစ်ဥသစ်ဖုတို့ဖြင့်သာ အာဟာရပြီးကြ၏။
ခက်သည်ကား ထိုဒုကုလနှင့် ပါရိကာတို့၏ အသားအရေသည် ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေများ ရှိကြ၏ဟုဆို၏။ ဗြဟ္မာ့ပြည်မှ လာဟန်တူသည်ဟု သူ့ကိုသူပြောသော ထိုရဟန်း ကား မြန်မာပြည်အလယ်ပိုင်းသား ဖြစ်ချေ၏။ စိတ်မဆိုးဘူးဆိုလျှင် ထို့ထက် တိတိကျကျ ပြောချင်၏။ ထိုမိတ်ဆွေရဟန်းသည် “ ” နယ်မှ ဖြစ်၏။ အသားဖြူစရာ အကြောင်းမရှိ။

ထို့ကြောင့် သီဟနာဒက-
“ ရှေးရှေးသော အကြောင်းပြချက်များဖြင့်ကား ညီညွတ်ပါ၏။ သို့သော်လည်း ရွှေအဆင်းကဲ့သို့ ၀ါဝင်းဟူသည့်အချက်ကား အရှင်ဘုရားနှင့်မညီ၊ အရှင်၏ အသားတော်သည် မည်းနက်တော် မူလှ ချည်ရဲ့” ဟု လျှောက်ထားသောအခါ……..
ထိုရဟန်းနှင့် ကွန်ပျူတာ ကိုက်ညီ၏။

အနှစ်ချုပ်ပါတော့အံ့….။
ဗြဟ္မာများသည် ဘုရားဖူးခြင်း၊ တရားနာခြင်း အလို့ငှါ အာရုံနှစ်ပါးကိုသာ ရှိကြသကဲ့သို့ တယ်လီဗေးရှင်းနှင့် ကွန်ပျူတာတို့သည်လည်း ရူပါရုံနှင့် သဒ္ဓါရုံတို့ကိုသာ ထုတ်လွှတ်ပေးနိုင်၏။ လူကား အာရုံငါးပါးလုံးကို တောင်းဆို၏။ လူ၏ ဆန္ဒကို လိုက်လျောရန် လက်လျော့ရသူများတွင် ကွန်ပျူတာလည်း ပါသွားရလေတော့သည်။

ကွန်ပျူတာ မည်မျှစွမ်းစွမ်း၊ လူ့တဏှာနှင့် ယှဉ်လိုက်သောအခါ ဒုက္ခိတလေးသာ ဖြစ်ရရှာလေတော့သတည်း။ ထောင်ကြွားလွန်းသော ကွန်ပျူတာလေး လက်မှိုင်ချနေပုံကား သနားစရာပင်ကောင်းနေပေသေးတော့သည်။




သီဟနာဒ

Read more...

“သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး” နှင့် “အလှကိုယ်စီ ရှိကြသည်”

...... နားက တရားနာ၍ ဉာဏ်က ခန္ဓာစိုက်ရမည့်အကြောင်း၊ လက်တွေ့ တရားကျင့်သုံးနိုင်ရန်အတွက် နှလုံးသွင်း တရားနာရမည့်အကြောင်း။

သတိပဋ္ဌာန်တရား လေးပါး အားထုတ်နေခြင်းသည် မဂ္ဂဗြဟ္မစရိယ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ကို ကျင့်သုံးနေခြင်း ဖြစ်ကြောင်း။

အလုပ်ထဲမှာ အလုပ်လုပ်ဆဲမှာလည်း တရားပါရန်၊ သဒ္ဓါ ဝီရိယ အားကောင်းကောင်းဖြင့် သတိကပ်၍ လုပ်ကိုင် ဆောင်ရွက်ရမည့်အကြောင်း။

သတိရှိရန် ဝီရိယအားကောင်းဖို့လို၊ ဝီရိယရှိရန် သဒ္ဓါတရားအားကောင်းဖို့လို၊ သဒ္ဓါတရားဖြစ်ရန် တရားနာ တရားစာပေများ ဖတ်ရှု လေ့လာကြရမည့်အကြောင်း။

သတိအမြဲကပ်ပြီး ပစ္စုပ္ပန်တည့်တည့် ပစ္စုပ္ပန်ကျကျ ရှုမှတ်ကာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မြင်အောင် ကြည့်၍ ကျန်းမာနေခိုက် အခွင့်သာခိုက်ဝယ် ဒုက္ခသစ္စာထပ်မဖြစ်အောင် ... သံသရာထဲ မလည်နေအောင် ... သံသရာဝဋ်ဒုက္ခထဲမှ လွတ်မြောက်အောင် တစ်မှတ်ဆို တစ်မှတ်ဆိုသလောက် သတိပဋ္ဌာန်တရား ရှုမှတ် ပွားများကြရန် လောကချမ်းသာဆရာတော်က ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ ‘လောကချမ်းသာ ငါးမိနစ်တရားတော်’တွင် မိန့်ကြား တိုက်တွန်းသွား၏။

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ နာရေးကိစ္စပင့်ဖိတ်သဖြင့် Philadelphia မြို့သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

အဘိဓမ္မာသင်တန်း၊ စေတသိက်-စိတ်ယှဉ် သင်္ဂဟနည်းကို ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီထိ သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် အရှင်ပညာနန္ဒက ဝိဒူရဇာတ်တော်လာ ‘မင်းလေးပါးတို့ ဥပုသ်သုံးခန်း’ကို “အလှကိုယ်စီ ရှိကြသည်” တရားတော်အမည်ဖြင့် ဟောကြား ဓမ္မဒါနပြု၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Read more...

ကိုယ့်…ကိုသတိရပါ

ကိုယ့်…ကိုသတိရပါ

အရှင်ဥာဏိကာဘိဝံသ

လုပ်ငန်းတစ်ခုခုလုပ်တော့မယ်ဆိုလျင် သင့်တင့်တဲ့ အချိန်အခါကောင်းကိုရွေးတတ်ကြတယ်။ ရွေးချယ်ပုံကတော့ အမျိုးမျိုးပေါ့။ လက်တွေ့ဆန်တဲ့အချို့က ရာသီဥတု၊ နေရာဒေသစတဲ့ လောလောဆည် အခြေအနေကိုသုံးသပ်ပြီကိုယ်လုပ်မည့်အလုပ်နဲ့ လိုက်လျောညီထွေ ဖြစ်မည့်အချိန်ကိုရွေးချယ်ကြတယ်။



အချို့ကတော့ ဗေဒင်ဆရာလို၊ အခါပေးလိုသူတွေဆီကအကြံပြုစကားကိုရယူပြီးနက္ခတ်တွေ ဂြိုဟ်တွေကိုမှီကာနေ့ကောင်းရက်သာချိန်ခါမျိုးကိုရွေးတတ်ပါတယ်။ ကိုယ့်အတွက် အရေးကြီးတယ်လို့ ထင်တဲ့အခါမျိုး၊ အထူးသဖြင့် ကိုယ့်ဘဝအတွက် မှတ်တိုင်ဖြစ်မယ့် အလုပ်တစ်ခုခုကိုလုပ်မည့် အခါမျိုးမှာဆိုပိုပြီးအချိန်အခါကောင်းကိုရွေးတတ်ပါတယ်။

လုပ်ငန်းသဘောကိုအခြေခံပြီးလက်တွေ့ကျတဲ့ ရွေးချယ်မှုမျိုးကတော့ ရှိရမည့်အရာမျိုးပါ။ ဗေဒင်တွေ အကြားအမြင်တွေအခြေခံတဲ့ ရွေးချယ်မှုမျိုးအတွက်တော့ ဘာမှမှတ်ချက်မပြုလိုပါဘူး။ (ကိုယ့်ပတ်ဝန်းကလူတွေတော်တော်များများကဒီဖက်မှာအခြေခံပြီးရွေးချယ်မှုတွေလုပ်တတ်လို့ သူတို့တွေနဲ့မငြင်းခုံလိုတာကြောင့်ပါ)။ကိုယ်ကိုယ်တိုင်ကတော့ဒီဖက်မှာအားမသန်တာကြောင့် ဘယ်လို ကိစ္စမျိုး ကိုမှ ဂြိုဟ်နက္ခတ်တွေ၊ ဗေဒင်ယတြာစတာမျိုးတွေအခြေခံကာမလုပ်ခဲ့ဖူးပါဘူး။

ဗုဒ္ဓကတော့ သုနက္ခတ္တံသုမင်္ဂလံ၊ သုပ္ဗဘာတံသုဟုဋ္ဌိတံ၊သုခဏောသုမုဟုတ္တောစ= သုစရိုက်တရားသုံးပါးတို့ကို ဖြည့်ကျင့်တဲ့နေ့ဟာနက္ခတ်ကောင်းတဲ့နေ့၊ မင်္ဂလာရှိတဲ့နေ့ ၊ အပြစ်ကင်းရှင်း ကောင်းသောမိုးလင်းတဲ့နေ့၊ သာယာသန့်ရှင်းကောင်းခြင်းအတိနဲ့ အိပ်ရာမှ ထခြင်းရှိတဲ့နေ့၊ ကောင်းသောခဏကောင်းသောသမယရှိတဲ့အချိန်အခါလို့ မိန့်တော်မူပါတယ်။ ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်လာလျင် သံသယဟူ မြူတစ်မှုန်မျှ မရှိလေတဲ့ကိုယ့်အဖို့ ကောင်းခြင်းချိန်ခါ မင်္ဂလာ ဆိုတာကိုယ့်ဆီကပဲလာတယ်လို့ အကြွင်းမဲ့စွာယုံကြည်ထားတာလေ။

ဗုဒ္ဓမိန့်လိုရင်းကတော့ ကောင်းရာလုပ်တဲ့အချိန်ဟာကောင်းတဲ့ချိန်ခါပါပဲ။ အချိန်နက္ခတ် ဘယ်လိုကောင်းကောင်းမကောင်းမှု လုပ်ချိန်ဆိုတာမကောင်းတဲ့အချိန်အခါပဲလို့ အပြန်အားဖြင့် ဆိုရမှာပါ။ ဒါကြောင့် ကိုယ့်အတွက် အချိန်အခါကောင်းဖြစ်စေချင်လျင် အကြံကောင်းကိုအခြေခံပြီးအပြောကောင်း၊ အလုပ်ကောင်းကိုပြောဖို့လုပ်ဖို့လိုပါမယ်။မကောင်းစိတ် မကောင်းကြံကိုအခြေခံပြီး မကောင်းပြော မကောင်းလုပ်တွေ ပြောနေလုပ်နေပြီးကျော်ဇောချီးမွမ်းမှုကိုခံယူလိုခြင်း၊ ကောင်းကျိုး ရလဒ်ကို ရလိုခြင်း မျိုးကတော့ ကံတရားရဲ့ မျက်နှာမလိုက်တတ်တဲ့အလှကိုအကျည်းတန်အရုပ်ဆိုးအောင် အိုးမဲသုတ်လိုတဲ့ အရိုင်းအစိုင်းစိတ်ဓာတ်မျိုးသာဖြစ်လေမှာပါ။

တကယ် ဖြစ်မလာသည်ပင် ရှိပါစေ၊ လူတိုင်းလူတိုင်းကတော့ အကောင်းဆုံးကိုသာမျှော်လင့်ကြတာပါ။ မကောင်းတဲ့အရာများနဲ့ မတွေ့လိုမဆုံလိုသလိုမကောင်းတဲ့အရာများကိုလည်းမကြားမမြင်လိုကြပါဘူး။ သို့ပေမယ့်လည်းလောကထဲမှာနေနေကြရတဲ့ လောကသားတို့အဖို့မှာကလောကထဲမှာ ဖြစ်မြဲဓမ္မတာဖြစ်တဲ့ ကောင်းဆိုးလောကဓံဆိုတာတွေကိုအနည်းနဲ့အများဆိုသလိုတွေ့ကြုံနေကြရစမြဲပါ။



အချို့လောကဓံဆိုးများကိုဥာဏ်စွမ်းအားဝီရိယစွမ်းအားနဲ့ ရှောင်ရှားလို့ ရတာမျိုးရှိသလို အချို့အရာများကိုတော့ ဥာဏ်ဝီရိယစွမ်းအားများနဲ့ ရှောင်လွှဲလို့ မရနိုင်တာမျိုးလည်းရှိတတ်ပါတယ်။ကံရဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်အောက်ကနေပေါ်ထွက်လာတဲ့ ကြမ္မာဆိုးလောကဓံမုန်တိုင်းမျိုးကိုတော့ ဘယ်လိုတန်ခိုးရှင်မှ ငြင်းပယ်ဟန့်တားနိုင်စွမ်းမရှိပါဘူး။ဒါကြောင့် ကြမ္မာကောင်းထွက်ပေါ်မှုကိုလိုလား တယ်ဆိုလျင်ဖြင့် ကောင်းကံတွေကိုလုပ်ကြဖို့လိုပါတယ်။

အတၱာနေဥၥပိယံဇညာ ၊ရေကၡယ် နံသုုရကၡိတံ၊ တိဏၰံအညတရံယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော-ရယ်လို့ ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုလျင် ချစ်ရာရောက်အောင် နေဖို့ မိန့်ကြားခဲ့တဲ့ စကားလေး တစ်ခွန်းရှိတယ်။စွမ်းအားရှိသလောက် ကောင်းကျိုးများတဲ့ လုပ်ငန်းတွေလုပ်နေသူဟာ ကိုယ့်ကိုယ်ကိုချစ်သူအစစ်ဖြစ်တယ်လို့ဆိုလိုတယ်။



ကောင်းကျိုးများတဲ့အလုပ်ဆိုတာကကုသိုလ်ပါပဲ။တစ်ဖက်မှာလည်းမကောင်းလုပ်မကောင်းပြောလုပ်တော့မယ် ပြောတဲ့မယ်အကြံဖြစ်လျင်ဖြင့် ဒီမကောင်းမှုဒဏ်ကိုခံရမယ့်သူဟာကိုယ်သာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်လည်သတိရဖို့လိုပါတယ်။ကုသိုလ်ဆိုတာဘာကိုပဲအကြောင်းပြုပြီးလုပ်လုပ်။ လုပ်ဖြစ်လျင် ကောင်းတာပါပဲ။ ဒါနဲ့ ပြောင်းပြန်၊ အကုသိုလ်ကတော့ ဘယ်လိုအကြောင်းကြောင့်ပဲမလုပ်ဖြစ်၊ မလုပ်ဖြစ်။ မလုပ်ဖြစ်လေကောင်းလေပါ။

စိတ်ကူးတစ်ခုပေါ်လာလို့ တစ်ခါမှ မလုပ်ဖြစ်ခဲ့ဘူးတဲ့ မွေးနေ့ပွဲကိုအမှတ်တရလုပ်ပါမယ်။ မွေးနေ့ကိုအခြေခံလို့ ကောင်းမှုကုသိုလ်တစ်ခုခုကိုယ်တိုင်လုပ်ဖြစ်လျင် ကိုယ့်အတွက် အမြတ်ဖြစ် စေသလိုကိုယ်နဲ့နီးစပ်သူတွေ လုပ်ဖြစ်တယ်ဆိုလျင်လည်းသူတို့တွေအတွက် အမြတ်ဖြစ်စေ နိုင်မယ်လို့ လည်းယုံကြည်မိပါတယ်။

ကိုယ့်မွေးနေ့က မြန်မာလိုဆိုတပို့တွဲလထဲမှာ။ တပို့တွဲလဆိုတာကမီးဖုန်းပွဲတော် ကျင်းပတဲ့လ။ တပို့တွဲလအကြောင်းကိုမြန်မာစာဆိုတော်ကြီးဦးကြော့ကတော့-ရွှေယုဂံနန်းညိုမြက၊ စန်းခိုခ လျှံလူ။ ချမ်းဆိုမျှ စံမတူသည်၊ သယမ္ဘူသော်မှ။ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်တွင် အေးတဲ့သည်လ-လို့ ဖွဲ့ဆိုခဲ့ပါတယ်။ သွေးသားနဲ့တည်ဆောက်ထားတဲ့ မြတ်ဘုရားသော်မှ ခြေလက်ဖျားတွေ အေးစက်တော်မူတာကြောင့် မီးကင်တော်မူရတယ်လို့ အစဉ်အလာစကားရှိခဲ့တဲ့ လရာသီပေါ့။

ကိုယ်ငယ်ငယ်ကရွာဦးကျောင်းမှာတပို့တွဲလပြည့်နံနက်စောစောနံ့သာထင်းမီးတွေနဲ့ မြတ်ဗုဒ္ဓကိုမီးပူဇော်ခဲ့ရ တာကိုတမ်းတမိတယ်။ အလယ်မှာဝါးစိမ်းတစ်လုံးကိုအူတိုင်အနေထောင်ပြီးသနပ်ခါးသားတွေ၊ သီးသား တွေကိုအထပ်ထပ်ဘေးမှာရံပြီးမီးပူဇော်ခဲ့ရတာ။ လေလုံတဲ့ဝါးစိမ်းလုံးကိုမီးလောင်တော့ ဖျောင်းကနဲဖောင်း ကနဲအသံကမိုင်ဝက်လောက်ဝေးတဲ့ ရွာထဲကပင်ကြားရတယ်။



ဝါးမီးပေါက်သံကိုကြားလျင်ဖြင့် အာရုဏ်တက်ဖို့နီးပြီရယ်လို့သိတဲ့ ရွာသားများကမိသားစုဝိုင်းဖွဲ့ မီးလှုံရင်းညဦးပိုင်းကပျော်ပျော်ပါးပါးထိုးခဲ့တဲ့ ထမနဲများကိုကျောင်းသွားပို့ဖို့ အချိန်ရောက်ပြီလို့ နားလည် လိုက်ကြတယ်။ ခဏအကြာမှာတော့ ထမနဲအုပ်တွေကိုယ်စီသယ်လို့ ကျောင်းကိုရောက်လာကြတယ်။

တပိုတွဲလကဗုဒ္ဓကိုရည်မှန်းပြီး လှူဒါန်းတဲ့ မီးဖုန်းပွဲနဲ့အတူထမနဲ(ထမင်းနှဲ) ပွဲတော်ကိုလည်း တပျော်တပါးခြိမ့်ခြိမ့်သဲသဲကျင်းပတဲ့လပေါ့။ အချိုးအစားမျှတပြီးစနစ်တကျထိုးထားတဲ့ ထမနဲဟာရာသီစာ ဖြစ်တာကြောင့် ကျန်းမာရေးမျှတကောင်းမွန်စေသလို ကြာရှည်လည်းခံပါတယ်။ ညီညွတ်မှုနဲ့ အတူ အားမာန်ကိုကိုယ်စားပြုလို့ ထမနဲပွဲဆိုတာပေါင်းစည်းယှဉ်တွဲခြင်းသရုပ်ကိုလည်းပေါ်လွင်စေတဲ့ ရိုးရာပွဲ တစ်ပွဲပေါ့။

လယ်ယာလုပ်ငန်းအခြေခံတဲ့ မြန်မာတို့ရဲ့ ကောက်ရိတ်သိမ်းပြီး၊ လယ်ယာလုပ်ငန်းခွင်လည်း ပြီးစအချိန်။ ငွေစလေးတွေရွှင်တဲ့ ဒီအချိန်ကာလမျိုးမှာဟိုရွာဒီရွာကနေ ကြားရတဲ့ အလှူပွဲများဆီက စည်ဗျောသံတွေလည်းဝေစည်တဲ့အချိန်ကာလပေါ့။

အညာဒေသရဲ့ နံနက်လင်းစများမှာဆိုဆောင်းနှောင်းလရဲ့ နှင်းစတို့နဲ့အတူ မှုန်ပျပျ မြူဆိုင်များက ရိတ်သိမ်းပြီးစရိုးပြတ်တောပေါ်မှာဝေ့သီရစ်ဝဲလို့။ လယ်နုားချောင်းကမ်းတွေမှာအလေ့ကျပေါက်လေ့ရှိတဲ့ ပေါက်ပင်ကြီးတွေ၊ လက်ပံပင်ကြီးတွေရဲ့ ပင်ယံဖျားမှာလည်းနီတျာတျာ အပွင့်တွေကတစ်ပင်လုံးရဲရဲ နီရုံမကတတောလုံးကိုပင်လျင်ပတ္တမြားရောင်တွေချယ်သထားသလိုထင်ရတယ်။



တခါခါမှာဦးဦးဖျားဖျားရောက်လာတတ်တဲ့ ဥသြငယ် တစ်ကောင်စ နှစ်ကောင်စရဲ့ လွမ်းဆွေးတသ နွမ်းလျလျတွန်သံကိုလည်းတောကြိုမြိုင်စကနေ ကြားရတတ်တဲ့ သမယပေါ့။ ဆောင်းနှောင်းနွေဦး ရာသီထူးရဲ့ မြူးဖွယ်ကာလညာဒေသကငယ်ဘဝများတသအောက်မေ့ အလွမ်းငွေ့က ရင်မှာဝေ့သီ၊ အော်.. ကြာချီကြာညောင်းအဟောင်းများမင့် အသစ်တဖန် ရစ်ပြန်လည်လီ။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာကိုယ့်ရဲ့မွေးနေ့ကျရောက်ပါမယ်။ ခြောက်ဆယ့်လေးမှာမွေးခဲ့တာမို့ လာမယ့်မွေးနေ့ကလေးဆယ့်ခြောက်အလွန် မွေးနေ့များထဲကတစ်ခုသာပေါ့။အတ္တသမံပေမံနတ္ထိ-ကိုယ့်ကိုယ်ကိုချစ်သလို ပြန်လည်ချစ်နိုင်တဲ့ အခြားသူတစ်ဦးဆိုတာမရှိဘူးတဲ့။ ကိုယ့်ကိုယ်ကိုချစ်တဲ့ သူတိုင်းကိုယ်နဲ့ကိုယ် နှစ်သလိုဖြစ်စေမယ့် မကောင်းအလုပ် မကောင်းအပြော မကောင်း အကြံတွေကိုမလုပ်မပြောမကြံမိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လေ။ တစ်ဖက်မှာလည်း ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရှိလောကသားတွေ သယာယာငြိမ်းချမ်းစေရေး။ ပိုမိုတိုးတက်ကောင်းမွန် စေရေးတွေအတွက်လည်းလုပ်ဆောင်ပေးဖို့လိုပါတယ်။

ဖေဖော်ဝါရီလမွေးလူငယ်တွေနဲ့တွေ့တိုင်းဖေဖော်ဝါရီမွေးနေ့ရှင်တွေကတော်တယ်ကွ။ ဥပမာပြောရရင်ပေါ့၊ နိုင်ငံခေါင်းဆောင်ကြီးများထဲကဆိုအမေရိကန်သမတကြီးလင်ကွန်း၊ သူကဖေဖော်ဝါရီ ၁၂ နေ့ကမွေး တယ်။ ဂျော့ဝါရှင်တန်ကတော့ ဖေဖော်ဝါရီလ၂၂ရက်နေ့။သမတရေဂင်ဆိုလည်းဖေဖော်ဝါရလ ၆ ရက်ဖွား ပေါ့။



ဒို့နိုင်ငံရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကဖေဖော်ဝါရီလ ၁၃ ရက်လေ။ ဒါကြောင့် ဒို့ငယ်ငယ်ကဆို ဖေဖော်ဝါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသားစသဖြင့် ကဗျာတွေဆိုခဲ့ရဖူးတယ်။ သိပ္ဗံခေတ်ဦးရဲ့ ကိုပါနီးကပ်တို့လို၊ သတ္တမျိုးနွယ်ဝင် လူသားတစ်ဦးရဲ့ဖြစ်စဉ် ကိုရဲရဲဝံ့ဝံ့တင်ပြခဲ့တဲ့ ချားလ်ဒါဝင်တို့လိုပုဂ္ဂိုလ်ကြီိးများ၊ ဂီတဖက်မှာလည်းချိုပင်တို့လို သူတွေ။ အဲဒီလို ကျော်ကြားတဲ့ သူတွေဒီဖေဖော်ဝါရီလမှာမွေးတာပေါ့။ပြီးတော့ နောက်ကျော်ကြားသူတစ်ဦး လည်းရှိသေး တယ်။ အဲဒါသိလား။ အဲဒါ ကိုယ်လေ၊ ကိုယ်လည်းဖေဖော်ဝါရီလ ၁၁ ရက်နေ့မွေးတာပေါ့လို့ သူတို့ကိုစလေ့ရှိတယ်။

ကိုယ်ကအဲဒီလိုပြောတော့ ဖေဖော်ဝါရီလမွေးဒကာလေးတစ်ဦးကပြောတယ်။ ဒါဆိုနောက်တစ် ယောက်လည်းထည့်ပါဦး။ သူလည်းဖေဖော်ဝါရီလမွေးပါတဲ့။ သူ့ကိုတော့ ခုလိုပြောလိုက်ပါတယ်။ အဲမင်းလည်းကျော်ကြားသူတွေထဲပါချင်ရင် တစ်ခုလုပ်ဖို့တော့ လိုတယ်။ အဲဒါကခုဖေဖော်ဝါရီမွေးနှေ့ ရှင်ဖြစ်တဲ့ကိုယ်ကဒီဖေဖော်ဝါရီလမှာပဲမွေးနေ့အမှတ်တရကုသိုလ်ကောင်းမှုတစ်ခုလုပ်မယ်။



အဲဒီထဲမှာအလှူငွေများများပါဝင်တယ်ဆိုရင် မင်းကိုလည်းကျော်ကြားသူထဲထည့်မယ်လို့ ပြောလိုက်တယ်။ ဖေဖော်ဝါရီမှာမွေးတဲ့ အခြားသူများလည်းကျော်ကြားသူတွေထဲပါချင်လျင်တော့ အဲဒီဒကာလေးလိုပဲ ပြောရမှာပေါ့။

ဖေဖော်ဝါရီမွေးနေ့ရှင်တစ်ဦးလည်းဖြစ်၊ ကိုယ့်အမိနိုင်ငံရဲ့ ကျေးဇူးရှင်ဖခင်တစ်ဦးလည်းဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အတ္ထုပ္ဗတ္တိကိုရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်အတွက် အမှတ်တရအလှူငွေ လှူဒါန်းမယ်လို့ ရည်ရွယ်ထားတယ်။ဒါဟာဖေဖော်ဝါရီလ ၁၃ ရက်မွေးနေ့ရှင် ဗိုလ်ချုပ်အတွက် အကောင်းဆုံးပေးဆပ်ဖြစ်တဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်မယ်လို့ လည်းယုံကြည် မိတယ်။

ဗိုလ်ချုပ်ဆိုတာကစံပြုစရာပုဂ္ဂိုလ်နည်းပါးလှတဲ့ လူ့ပတ်ဝန်းကျင်မှာအနည်းငယ်မျှလောက်သာရှိတဲ့ စံပြုထိုက်သူထဲကအထင်ကရတစ်ဦး။စွန့်လွှတ်စွန့်စားမှုများစွာနဲ့တိုင်းပြည်အတွက် လွတ်လပ်မှု အမေတေမျိုးစေ့ကို ချပေးခဲ့သူ။ နောက်သားနောက်လူများအတွက် စံထားအားကျဖွယ်ရာ။ ဗိုလ်ချုပ်လိုစံနမူစရာယူထိုက်သူတွေရဲ့အကြောင်းမသိမမြင်ရအောင် ဖျောက်ဖျက်ထား၊ ဖုံးအုပ်ထားတာ အလွန်မှဝမ်းနည်းဖွယ်ကောင်းလှပါတယ်။





ကောင်းတုယူခွင့်မသာတဲ့လူ့အသိုင်းအဝိုင်းမှာကောင်းမှုကောင်းရာလုပ်လိုတဲ့စိတ်ထားပြန့်ပွားခြင်းခေါင်းပါးတတ်တာဓမ္မတာပဲပေါ့။

ဖေဖော်ဝါရီမွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ ဖရက်ဒရစ်ဒေါက်ဂလပ်ရဲ့ ‘ မှန်တာလုပ်တဲ့သူုတိုင်းနဲ့ ပေါင်းပြီးမမှန်တာ လုပ်တဲ့သူနဲ့တော့ မပေါင်းသင်းနိုင်ဘူး’ ဆိုတဲ့ စကားလေးကိုသတိရမိပါတယ်။ တိုင်းပြည်နဲ့လူမျိုး အကျိုးကောင်းရာကောင်းကြောင်းလုပ်တဲ့သူတွေကိုအားပေးရမယ်။ သူတို့တွေရဲ့ ဂုဏ်ကိုလည်း မြှင့်တင် ရမယ်လေ။

မွေးနေ့အခါသမယမှာကုသိုလ်ဖြစ်ဖွယ်အလုပ်တစ်ခုခုလုပ်ဖြစ်မှာအတွက် ကြိုတင်ပြီး ကြည်နူးမိပါတယ်။ ကိုယ့်ရဲ့အလုပ်ကတိုင်းပြည်နဲ့လူမျိုးအကျိုးကောင်းကျိုးဖြစ်စေမယ့်အလုပ်မို့နောင်လည်းအချိန်ကြာကြာကြည်နူးနေရလိမ့်ဦးမယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။

ကိုယ့်နိုင်ငံကို၊ ကိုယ့်လူမျိုးကို၊ ကိုယ့်ဘာသာသာသနာကို၊ ကိုယ့်…..ကိုချစ်တဲ့သူတစ်ဦးအဖို့ ကိုယ့်ရဲ့အမှတ်တရ နေ့တစ်နေ့မှာကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာသာသနာ၊ ကိုယ့်အပေါ် ကျေးဇူးရှိသူ တစ်ဦးဦးကိုသတိရမိခြင်းဟာကောင်းခြင်းမင်္ဂလာ သာဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။ အချိန်ကြာအနေဝေးသမို့သွေးအေးလို့တော့မသွားစေချင်ပါဘူး။



ကိုယ့်…ကိုချစ်သူတိုင်းကိုယ့်လိုပဲကိုယ့်...ကိုသတိရဖို့ တိုက်တွန်းစကားဆိုချင်ပါတယ်။ ။





မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

www.ashinsirinda.com

2012-ခု၊ ဖေဖော်ဝါရီလ(၇)ရက်၊ ဗုဒ္ဓဟူးနေ့

Read more...

စိတ်အားဖြည့်ဓမ္မနှင်းပွင့်(၅)

မြန်မြန်လုပ်ရင် မကြာပါဘူး

အကျိုးပေး ကြာခြင်း၊ မကြာခြင်းဟာ

အကြောင်းကံဆိုင်ရာ ပစ္စည်းဝတ္ထုတွေမှာ

ကြာတဆိုတဲ့စကားလုံးပါခြင်း ၊ မပါခြင်းနဲ့

ဘာမှမသက်ဆိုင်ပါဘူး၊ အကြောင်းကံပြုစဉ်တုန်းက

စိတ်မပါလက်မပါနဲ့ အချိန်ကြနေခြင်း၊

အချိန်ဆွဲနေခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။

စိတ်စေတနာအားနည်းစွာနဲ့ ကုသိုလ်ကောင်းမှုကို

မလုပ်ချင်လုပ်ချင် လေးလေးတွဲ့တွဲ့

လုပ်ခဲ့သူဟာ အကျိုးပေးကြန့်ကြာပါတယ်။

အကျိုးပေးနှေးကွေးပါတယ်။

စိတ်စေတနာ ထက်ထက်သန်သန်နဲ့

ကုသိုလ်ကောင်းမှုကို အားရပါးရ တက်တက်ကြွကြွ

လုပ်ခဲ့တဲ့သူဟာ အကျိုးပေး မကြန့်ကြာပါဘူး။

အကျိုးပေး မြန်ဆန်ပါတယ်။

ကြာလှူတိုင်း ကြာနဲ့ပတ်သက်တိုင်း

အကျိုးပေးမကြာပါဘူး။

စိတ်ကောင်းထားဖို့ကြာမှအလုပ်ကောင်းလုပ်ဖို့ကြာမှ

အကျိုးပေး ကြာတာပါ။

ပုံချတာလည်း မလုပ်ပါနဲ့ လွှဲချတာလည်း မလုပ်ပါနဲ့ဝါးချတာလည်း မလုပ်ပါနဲ့

အယူမှား ရွှံ့နွံတွေ ကင်းစင်တဲ့ အယူမှန် ကြာလိုလူ

ဖြစ်ချင်တယ်ဆိုရင် ဘာမဆို အတိတ်ကံကိုချည်း

ပုံချတာမျိုးလည်း မလုပ်ပါနဲ့၊

ဘာဖြစ်ဖြစ် ဖန်ဆင်းရှင်ကြောင့်လို့လွှဲချတာမျိုးလည်း မလုပ်ပါနဲ့၊

လောကကြီးကသူဖြစ်ချင်သလို ဖြစ်နေတာပါလို့

ဝါးချတာမျိုးလည်း မလုပ်ပါနဲ့၊

ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ကံတရားတွေက

ကိုယ့်ကို အကျိုးပေးနေတာလို့ အခိုင်အမာ ယုံကြည်လိုက်ပါ။

ကိုယ့်ကံသာ ကိုယ့်ဘဝရဲ့ ဖန်တီးရှင်လို့

အသေအချာ နားလည်သဘောပေါက်လိုက်ပါ။

ခန္ဓာမရှိရင် ခံတာမရှိတော့

ဆင်းရဲဒုက္ခဆိုတာ ရုပ်နာမ်ခန္ဓာရှိလို့ ရှိနေတာပါ။

ရုပ်နာမ်ခန္ဓာမရှိရင် ဆင်းရဲဒုက္ခ လုံးဝ မရှိပါဘူး။

နိဗ္ဗာန်မှာ ရုပ်နာမ်ခန္ဓာ လုံးဝ မရှိတဲ့အတွက်

ဆင်းရဲဒုက္ခလည်း လုံးဝ မရှိပါဘူး။

ဆင်းရဲဒုက္ခ မှန်သမျှ လုံးဝ မရှိခြင်းသည်ပင်လျှင်

နိဗ္ဗာန်ရဲ့ တကယ့်အစစ်အမှန် ချမ်းသာပါပဲ။

ခန္ဓာဆိုတဲ့အတိုင်း ဆင်းရဲဒုက္ခ ခံ ရတာ ပါ ။

ခန္ဓာမရှိမှတော့ ဆင်းရဲဒုက္ခ ခံ ရ တာ လည်း

မရှိတော့ဘူးပေါ့။

မရိုးတဲ့ချမ်းသာ ဒီတစ်ခုပဲရှိတယ်

နိဗ္ဗာန်ချမ်းသာဟာ ဘယ်လောက်ပဲ ခံစားခံစား၊

ဘယ်တော့မှ ရိုးအိမသွားနိုင်တဲ့ ချမ်းသာပါ ။

တစ်နာရီဆက်တိုက် ခံစားလည်း မဝ

တစ်နေ့ဆက်တိုက် ခံစားလည်း အားမရ

တစ်ပတ်လုံး တစ်နှစ်လုံး တစ်သက်လုံး

အဆက်မပြတ် ဆက်တိုက်ခံစားလည်း

မတင်းတိမ်နိုင်လောက်အောင်ကို

ကောင်းပါတယ်။

ဘယ်အချိန် ခံစားခံစား ကောင်းလွန်းလို့

မြတ်စွာဘုရား တရားဟောတော်မူတဲ့အခါ

တရားနာပရိတ်သတ်က သူတို့အထူးကြိုက်တဲ့

နေရာရောက်လို့ သာဓုသုံးကြိမ်ခေါ်လိုက်တိုင်း

ပရိတ်သတ်သာဓုခေါ်နေစဉ် စက္ကန့်ပိုင်းအချိန်လေးမှာ

မြတ်စွာဘုရားနိဗ္ဗာန်ချမ်းသာကို အာရုံပြုခံစားတော်မူပါတယ်။

အရိုးဟာအရိုးပါပဲ

ကာမဂုဏ်အာရုံနဲ့ မိမိရဲ့စိတ်နဲ့ တွေ့လိုက်တဲ့အချိန်မှာ

တကယ်တော့ အရသာ လုံးဝ မရှိပါဘူး။

အသားလုံးဝမရှိတော့တဲ့ အရိုးလိုပါပဲ။

ဘာအရသာမှ မရှိပါဘူး။

ဒါပေမဲ့ …..

မိမိရဲ့ စိတ်တည်းဟူသော ခံတွင်းကနေ

ထွက်လာတဲ့ တဏှာတည်းဟူသော

သွားရည်လေးကြောင့် အဲဒီအာရုံလေးကို

အရသာရှိတယ်လို့ ထင်မှတ်သွားပါတယ်။

အရိုးကိုက်ရင်း ထွက်လာတဲ့သွားရည်ကြောင့်

အသားလုံးဝမရှိတဲ့အရိုးကို အရသာရှိတယ်လို့

အရိုးကိုက်တဲ့ခွေး ထင်မှတ်သွားသလိုပါပဲ။

မှတ်ချက်။ ။အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့် ဓမ္မနှင်းပွင့် စာအုပ်မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Read more...

မေတ္တာရှင်ရွှေပြည်သာ ဆရာတော်၏ သက်တော် (၄၈)နှစ်ပြည့် ဝိဇာတ မင်္ဂလာ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ၊ ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏ သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို ၁၃၇၃ ခု၊ တပိုတွဲလပြည့်နေ့ ၇.၂.၂၀၁၂ အင်္ဂါနေ့ နံနက် (၅)နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့၊ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတည်ရှိရာ သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပရာ စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးတော်မူကြသော သံဃာ အပါး (၁၀၀၀) ကျော်တို့အား အာရုဏ်ကြက်သား ကြာဇံဟင်းခါးဆွမ်းကပ်လှူပြီးနောက်၊ နတ်သုဒ္ဒါဆွမ်းနှင့် စာရေးတံမဲများကို ဆရာတော်နှင့် တပည့်သာဝကများမှ ဆက်ကပ်လောင်းလှူခဲ့ကြပါတယ်။

မနက် (၉) နာရီအချိန်တွင် အကယ်ဒမီ ဒေါ်ချိုပြုံးနှင့် တေးဂီတ ပညာရှင်များမှ ဆရာတော်အား ဓမ္မပူဇာတေးများ ဖြင့် ပူဇော်ကန်တော့ခဲ့ကြပါတယ်။

ည (၈) နာရီခွဲ အချိန်တွင် ဆရာတော၏် တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော မော်တော်ကား ရေစက်ချပွဲ ဓမ္မသဘင်ကို ကျင်းပခဲ့ပါတယ်။


7520613.jpg

7520615.jpg

7520616.jpg

7520799.jpg

7520798.jpg

7520617.jpg

7520618.jpg

7520619.jpg

7520621.jpg

7520622.jpg

7520623.jpg

7520624.jpg
သီတဂူကြယ်တစ်ပွင့် ဆရာတော်မှ ဆရာတော်အား မွေးနေ့လက်ဆောင်ပေးအပ်လှူဒါန်းပုံ

7520625.jpg

7520626.jpg

7520627.jpg

7520629.jpg

7520797.jpg

7520633.jpg
7520634.jpg



--
ခင်မင်စွာဖြင့်...
ကိုဇော်သိင်္ခ

Read more...

ဖေဖော်ဝါရီလ ၉ ရက်နေ့တရားအစီအစဉ်များ။

၂၀၁၂ ခု ဖေဖော်ဝါရီလ ၉ ရက် (၁၃၇၃ ခု တပို့တွဲလဆုတ် ၂ ရက် ကြာသာပတေးနေ့)

စင်္ကာပူစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ...

သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ ဟောကြားတော်မူသော...

၁။ အနာထပိဏ် (၁)

၂။ အနာထပိဏ် (၂)

၃။ အနာထပိဏ် (၃)

၎။ အနာထပိဏ် (၄)

၅။ အနာထပိဏ် (၅)

၆။ အနာထပိဏ် (၆)

၇။ အနာထပိဏ် (၇)

၈။ အနာထပိဏ် (၈)

၉။ အပြုံးအပျော်များအတွက် သံဝေဂ

၁၀။ အပ္ပမာဒ သတိ

၁၁။ ထုပ်ပြခြင်း နှင့် ဖော်ပြခြင်း

၁၂။ ကောင်းမှု (၆) ပါး

၁၃။ ကိုယ်ကျင့်သိက္ခာ သန့်စင်သူတို့၏ အရင်းအနှီး

၁၄။ မေတ္တာ တရား စွယ်တော်

၁၅။ နိုင်ငံပိုင် ရတနာများ စောင့်ရှောက်ရေး

၁၆။ အိုးကွဲရေလှောင် မဖြစ်စေနဲ့

၁၇။ သင်္ခတ

၁၈။ သေလာ ထေရ်ရီ (၁)

၁၉။ သေလာ ထေရ်ရီ (၂)

၂၀။ ဥပစာလာ ထေရ်ရီ (၁)

၂၁။ ဥပစာလာ ထေရ်ရီ (၂)

၂၂။ သုပ္ပ၀ါသာ (၁)

၂၃။ သုပ္ပ၀ါသာ (၂)

၂၄။ ခရီးသွားရခြင်း၏ အကျိုးကျေးဇူး

၂၅။ သူတော်ကောင်းတရား (၇) ပါး

တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

ဘုရားရှင်၏ အံ့ဖွယ် ( ၁၈ ) ပါး


ဘုရားရှင်၏ အံ့ဖွယ် ( ၁၈ ) ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၉.၂.၁၂)ကြာသာပတေးနေ့
email..ashinvimala2009@gmail.com

Read more...

အပြကောင်းဘို့



ရတနာသုံးပါးထဲက ဘုရားရှင်နဲ့တရားတော်ကို
ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး
ထင်သာမြင်သာအောင် ပြောပြခဲ့တယ်။

ဒီတခါ သံဃာရတနာလို့ခေါ်တဲ့ သံဃာတော်တွေကို
ဘာကြောင့် ဘယ်လို ကိုးကွယ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး
နည်းနည်း ပြောပြရအုံးမယ်။
ဒီအကြောင်းကို ပြောဘို့အတွက်
ဗုဒ္ဓဘာသာသမိုင်းအနည်းငယ်ကို သိထားဘို့လိုတယ်။

သဗ္ဗညုတဥာဏ်ရပြီး ဘုရားဖြစ်ပြီးတဲ့နောက်
ဘုရားရှင် ခုနစ်ရက်ခုနစ်လီ
(၀ါ) လေးဆယ့်ကိုးရက်ကြာ မဟာဗောဓိပင်အနား သီတင်းသုံးနေထိုင်ခဲ့တယ်။
ပြီးတော့ တရားကို နားထောင်နိုင်စွမ်း၊ လက်ခံနိုင်စွမ်းရှိတဲ့သူ ရှာတယ်။
နောက်ဆုံး ဗုဒ္ဓစာပေမှာ ပဉ္စ၀ဂ္ဂီငါးဦးလို့ ထင်ရှားတဲ့
ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ လို့ အမည်ရတဲ့
ရသေ့ငါးဦးကို တရားဦးဖြစ်တဲ့ ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်ကို ဟောပါတယ်။
အကုန်လုံး ရဟန္တာတွေဖြစ်ကုန်တယ်။ ရဟန်းဘောင်တက်ရောက်ကြတယ်။
သူတို့ငါးဦးဟာ ဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်များဖြစ်လာတယ်။

တိုတိုပြောကြပါစို့။
အချိန်တိုအတောအတွင်း ဘုရားရှင်ကြိုးပမ်းအားထုတ်လိုက်တာ
ဘုရားရှင်ထံမှာ တပည့်သံဃာတော်အရေအတွက် (၆၀) ရလာတယ်။

ဘုရားရှင်က သံဃာတော် (၆၀) ကို
စရထ ဘိက္ခဝေ စာရိကံ၊ မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ
ဒေသစာရီ လှည့်လည်ကြ၊
ခရီးတစ်ကြောင်းကို နှစ်ပါးအတူ မကြွကြနဲ့။
တရားဟောကြပါ လို့မိန့်တယ်။

ဒါ ဘုရားရှင်က သံဃာတော်တွေကို ခရီးထွက်ခိုင်းတာ။
ခရီးသွားတဲ့နေရာမှာလဲ တရားဟောဘို့အတွက်၊ သာသနာပြုဘို့အတွက်
လမ်းခရီးတစ်ကြောင်းကို တစ်ပါးသာကြွခိုင်းတာ၊
ဘုရားရှင်ကိုယ်တော်တိုင်လဲ သာသနာပြုခရီးစတင်ထွက်ပါတယ်။

ဒါကို စဉ်းစားကြည့်ရအောင်။

ဘုရားရှင်အနေနဲ့ ဘုရားဖြစ်အောင် အားထုတ်တယ်။
ထင်သာမြင်သာတဲ့စကားနဲ့ပြောရရင်
ကိုယ့်ကိုယ်ကို တော်အောင် ပထမလုပ်တယ်။

နောက်ပြီး အရည်အချင်းပြည့်မှီတဲ့ တပည့်မွေးတယ်။
ပြီးတော့မှ သာသနာပြုလုပ်ငန်းစတင်တယ်။

ဆိုတော့ သာသနာပြုလုပ်ငန်းကို လုပ်တဲ့နေရာမှာ
ဘုရားရှင်တောင်မှ တစ်ကိုယ်တည်းသာသနာပြုရင်
အောင်မြင်သင့်သလောက် မအောင်မြင်နိုင်လို့
ခရီးရောက်သင့်သလောက် မရောက်နိုင်လို့
တပည့်သံဃာတော်ကို မွေးကာ
တရားတော်ကို သာသနာတော်ကို ပြန့်ပွါးအောင် လုပ်ခဲ့ရတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် သံဃာတော်ရဲ့အင်အား၊ သံဃာတော်ရဲ့ ခွန်အား
သံဃာတော်ရဲ့ စွမ်းပကားကို လေ့လာ အကဲခတ်နိုင်တယ်။
သံဃာတော်ကို ဘုရားရှင်အားကိုးကြောင်း သိသာတယ်။

သာသနာပြုခရီးစတင်ထွက်တော့ သံဃာတော်အပါး (၆၀) ထဲမှာ
ရှင်အဿဇိဆိုတာလဲပါတယ်။ ရှင်အဿဇိဆိုတာက အထက်ကပြောခဲ့တဲ့
ပဉ္စ၀ဂ္ဂီငါးဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တယ်။
သူသာသနာပြုကြွတဲ့နေရာက ရာဇဂြိုဟ်မြို့ဖြစ်တယ်။
ရာဇဂြိုဟ်မြို့နားမှာ နာလန္ဒာရွာဆိုတာရှိတယ်။
အဲ့ရွာမှာ ဥပတိဿနဲ့ ကောလိတ ဆိုတဲ့လူငယ်နှစ်ဦးရှိတယ်။

တနေ့ ဒီလူငယ်နှစ်ဦး (ဂိရိသမဇ္ဇ လို့ခေါ်တဲ့) တောင်ထိပ်ပွဲသဘင် သွားကြည့်ကြတယ်။
အဲ့နေရာမှာ ဒီပွဲသဘင်ကို အခုခေတ်အထိ သုံးနှစ်တစ်ကြိမ်ကျင်းပဆဲလို့သိရတယ်။
လူငယ်လူရွယ်ကာလသားတွေ အစွမ်းကုန် ‘ကဲ’ ကြတဲ့ပွဲလို့လဲ သိရတယ်။
ပွဲကပြရာမှာ အိုနာသေရေး ဒုက္ခဘေးတွေအကြောင်းလဲ ပါဟန်တူပါရဲ့။
အဲ့ဒီပွဲသဘင်ကို သွားကြည့်ကြတဲ့ နာလန္ဒာရွာသားတွေဖြစ်တဲ့
ဥပတိဿနဲ့ ကောလိတ လူငယ်နှစ်ဦး သံဝေဂရသွားတယ်။

သံဝေဂရပြီး မအိုရာ မနာရာ မသေရာနေရာအတွက် အရှာထွက်ကြတယ်။
နောက်ဆုံး ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိကို တွေ့သွားတယ်။
ရှင်အဿဇိကို ဂရုပြုမိသွားတယ်။
ရှင်အဿဇိ ဆွမ်းခံကြွပုံကလဲ အတော်တည်ငြိမ်အေးချမ်းတာကိုး။
ဆွမ်းခံကြွချိန် ရှေ့ကို လေးတောင်ခန့်မျှပဲ ကြည့်တယ်တဲ့။
သူ့ခေတ်သူ့အခါကတော့ ရှေ့ကို လေးတောင်ခန့်မျှကြည့်ပြီး အေးအေးဆေးဆေး
ဆွမ်းခံကြွလို့ရတာပေါ့။ အခုခေတ်လို ကားတွေ ဘာတွေမှ မရှိသေးတာ။

ဒီလို အေးချမ်းတည်ငြိမ်စွာ ဆွမ်းခံကြွမ်းလှမ်းနေတဲ့ ရှင်အဿဇိကို ကြည့်ပြီး
ဥပတိဿဆိုတဲ့ သူငယ် အတော်သဘောကျနေတယ်။
အော်၊ ဒီပုဂ္ဂိုလ်ရဲ့ အမူအယာ အတော်ထူးခြားတယ်၊ အင်မတန်တည်ငြိမ်အေးချမ်းတာပဲ၊
သူ့မှာ တရားထူးတစ်ခုခုတော့ ရှိလောက်တယ် လို့ ဆက်စဉ်းစားတယ်။

ဒီမှာလဲ တစ်ခုသတိပြုမိတယ်။
ဥပတိဿဆိုတဲ့သူငယ်ဟာ ဗုဒ္ဓဘုရားရှင်ကိုလဲ မတွေ့ဘူးသေးပါဘူး။
ဗုဒ္ဓဘာသာဝင် မဟုတ်သေးပါဘူး။
ဒါပေမဲ့ ထူးခြားတဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို မြင်တွေ့ပြီး စိတ်ဝင်စားသွားတယ်။

ခုခေတ် ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ရဟန်းတော် သံဃာတော်များလဲ
ရှင်အဿဇိကဲ့သို့ Express (အမူအယာ အပြ) ကောင်းဘို့ အရေးကြီးပါတယ်။
အပြင်ထွက်ရာမှာ ခရီးသွားရာမှာ ဆွမ်းခံထွက်ရာမှာ
သေသေချာချာ သပ်သပ်ယပ်ယပ်ဝတ်ရုံသင့်ပါတယ်။
ဒီလို Express ကောင်းမှသာ ဥပတိဿတို့လို ဘာသာခြားတွေကိုရော
ကိုယ့်ဘာသာဝင်တွေကိုရော Impress (သဘောကျစေ)မှာပါ။
Impress ဖြစ်မှ Interest ဆိုတဲ့ စိတ်ဝင်စားမှု ရမှာပါ။

ဒါ့ကြောင့် ရဟန်းတော်သံဃာတော်များ
သပ်သပ်ယပ်ယပ် စားတတ်ဖို့၊ သွားတတ်ဖို့၊ နေတတ်ဖို့၊ ထိုင်တတ်ဖို့
အင်မတန်အရေးကြီးပါတယ်။

ဒီလိုမဟုတ်ဘဲ
လူတွေနဲ့ တန်းတူထိုင်၊ တန်းတူသွား၊ တန်းတူစား၊ တန်းတူကစားနေရင်
ရှိခိုးခံမဲ့ ရဟန်းတော်ကို ရှိခိုးမဲ့ လူတွေက ဘယ်လိုလုပ် အားပါပါ ရှိခိုးချင်မလဲ။
ဝတ်ကျေတမ်းကျေသာ ရှိခိုးတော့မပေါ့။

ရှိခိုးတဲ့သူတွေ အားရပါးရ ရှိခိုးချင်အောင်
ရှိခိုးခံရဟန်းတော်များက သီလ၊ သမာဓိ၊ ပညာ သာလွန်ရုံတင်မကဘဲ
စားတဲ့၊ သွားတဲ့၊ ပြောတဲ့ဆိုတဲ့နေရာတွေမှာလဲ သာလွန်အောင် ကြိုးစားသင့်ပါတယ်။

Photo: FB

Read more...

ကြိုး

ကြိုး(၁)
အမှောင်သည် တိုးလို့တွဲလောင်းဖြင့်
ညကို ချည်နှောင်၏။

ကြိုး(၂)
သမုဒယသည် မျက်တွင်းဟောက်ပက်ဖြင့်
သာယာစရာကို ချည်နှောင်၏။

ကြိုး(၃)
အိပ်မက်သည် လိုက်ပွဲတစ်ဝက်ဖြင့်
ဘ၀ကို ချည်နှောင်၏။

ကြိုး(၄)
ဆဌအာရုံသည် ဖုံးကာဖိကာဖြင့်
လူလူချင်း ချည်နှောင်၏။

ကြိုး(၅)
သံသရာသည် ကောင်းလင့်နိုးနိုးဖြင့်
(၃၁)ဘုံသားတို့အား ချည်နှောင်၏။

ကြိုး(၆)
ငါသည် ငါ့အရိပ် ငါနင်းရင်း
ငါ့သံသရာကို ချည်နှောင်၏။

ထိုသို့ဖြင့်
လွတ်မြောက်ခြင်းတို့သည်
ငါ့အား တစ်ကိုယ်တည်း ထားခဲ့လေပြီတကား။


(မောနေယျ)

Read more...

အနတ္တ (၁)

အတ္တမဟုတ်သောကြောင့် အနတ္တမည်၏ဟု ဖွင့်ဆိုခြင်းသည် အကျဉ်းဆုံးနှင့် အထိမိဆုံး ဖွင့်ဆိုချက် ဖြစ်ပေလိမ့်မည်။ အတ္တနှင့် အနတ္တတို့သည် ဆန့်ကျင်ဘက် အဖြစ်ဖြစ် ဆက်စပ်နေကြ၏။ ဗုဒ္ဓဝါဒသည် အတ္တကို ငြင်းပယ်သည့် အနတ္တဝါဒ ဖြစ်၏။ အတ္တဝါဒသည် သာသနာနှင့် ဆန့်ကျင်သော သာသနဝိပစ္စနိကဝါဒ၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိဝါဒ ဖြစ်၏။ ဗုဒ္ဓစာပေ၌ အနတ္တ၏ ဆန့်ကျင်ဘက်ဖြစ်သော အတ္တနှင့်တွဲ၍ အတ္တနိယကိုပါ တွေ့ရ၏။ အတ္တကို ငါဟုလည်းကောင်း၊ အတ္တနိယကို ငါ့ဥစ္စာဟုလည်းကောင်း မြန်မာမှု ပြုကြ၏။ ဆန့်ကျင်ဘက်ဖြစ်သော အနတ္တသဘောကို ငါမဟုတ်ခြင်း၊ ငါ့ဥစ္စာမဟုတ်ခြင်းဟု နားလည်နိုင်ပေသည်။ အယူမှန် အနတ္တသဘောကို နားလည်ရန်အတွက် ဆန့်ကျင်ဘက်ဖြစ်သော အယူမှား အတ္တကို ရှေးဦးစွာ လေ့လာသင့်၏။

အတ္တဝါဒသည် ကမ္ဘာဦးကပင် တည်ရှိခဲ့ကြောင်း သီလက္ခန် ပါဠိတော် ဗြဟ္မဇာလသုတ်၌ ဖော်ပြထား၏။ ကမ္ဘာပျက်ရာ၌ ကာမဆယ့်တစ်ဘုံမှ ပထမဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ မီးကြောင့်ပျက်၏။ နေခုနစ်စင်း ထွက်လာ၍ မီးတောက်ရသည်။ ဒုတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ ရေကြောင့်ပျက်၏။ တတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ လေကြောင့်ပျက်၏။ ဝေဟပ္ဖိုလ်၊ အသညသတ်နှင့် သုဒ္ဓါဝါသ ငါးဘုံဟူသော စတုတ္ထဈာန် ရူပဗြဟ္မာ့ဘုံ ခုနစ်ဘုံတို့ မပျက်စီးဘဲ ကျန်ခဲ့သည်။ အရူပလေးဘုံလည်း ကျန်ခဲ့သည်။ ကမ္ဘာသည် မီး၊ ရေ၊ လေတို့ကြောင့် ပျက်ပြီးနောက် တစ်စတစ်စ ပြန်လည်၍ စည်ကားလာခဲ့သည်။ ကမ္ဘာပျက်သော်လည်း မသေမပျက်သော အထက်ဗြဟ္မာကြီးတို့မှ အဆင့်ဆင့် ပေါက်ဖွား၍ လူသားတို့ တည်ရှိလာခဲ့သည်။ (ဝိသုဒ္ဓိမဂ်)

ထိုဗြဟ္မာတို့၏ သက်တမ်းသည် ကမ္ဘာများစွာ ရှည်လျား၏။ ဝေဟပ္ဖိုလ် ဗြဟ္မာနှင့် အသညသတ် ဗြဟ္မာတို့သည် မဟာကပ်ငါးရာ အသက်ရှည်ကြ၏။ သုဒ္ဓါဝါသ ငါးဘုံအနက် အဝိဟာ ဗြဟ္မာတို့သည် မဟာကပ်တစ်ထောင် အသက်ရှည်ကြ၏။ အတပ္ပာ ဗြဟ္မာတို့သည် မဟာကပ်နှစ်ထောင် အသက်ရှည်ကြ၏။ သုဒဿာ ဗြဟ္မာတို့သည် မဟာကပ်လေးထောင် အသက်ရှည်ကြ၏။ သုဒဿီ ဗြဟ္မာတို့သည် မဟာကပ်ရှစ်ထောင် အသက်ရှည်ကြ၏။ အထက်ဘဝဂ်ဟု ဆိုအပ်သော အကနိဋ္ဌဘုံသား ဗြဟ္မာတို့သည် မဟာကပ် တစ်သောင်းခြောက်ထောင် အသက်ရှည်ကြ၏။ အာကာသာနဉ္စာယတန၊ ဝိညာနဉ္စာယတန၊ အကိဉ္စညာယတန၊ နေဝသညာနာသညာယတနဟု ဆိုအပ်သော အရူပဗြဟ္မာ့ဘုံတို့၌ အစဉ်အတိုင်း မဟာကပ်နှစ်သောင်း၊ မဟာကပ်လေးသောင်း၊ မဟာကပ်ခြောက်သောင်း၊ မဟာကပ် ရှစ်သောင်းလေးထောင် အသက်ရှည်ကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ)

ကမ္ဘာပျက်ရာ၌ မပါဝင်သော သက်တမ်းရှည်သည့် ဗြဟ္မာကြီး တစ်ဦးသည် အခြံအရံ အပေါင်းအဖော် လိုလားသောစိတ်ဖြင့် “တစ်ခြားသတ္တဝါ တစ်ဦးဦး ရောက်လာလျှင် ကောင်းမည်”ဟု တောင့်တကြံစည်လေ၏။ တိုက်ဆိုင်စွာပင် အခြားဘုံမှ အရင်သက်တမ်းကုန်သော၊ အရင်ကံကုန်သော ဗြဟ္မာအချို့ စုတေကြကာ အခြံအရံ အပေါင်းအဖော် လိုလားသော ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ပြန်ဖြစ်ကြ၏။ အရင်ရှိနှင့်သော ဗြဟ္မာကြီးသည် နောက်မှရောက်လာသည့် ဗြဟ္မာများငယ်များထက် အရောင်အဝါနှင့် အခြားအရည်အသွေးများ သာလွန်နေသောကြောင့် “ဗြဟ္မာကြီးက အခြားဗြဟ္မာများထက် အစစအရာရာ သာလွန်သည်၊ ဗြဟ္မာကြီး၏ အလိုဆန္ဒအတိုင်း ဖြစ်ပေါ်လာကြရသော နောက်ပေါက်ဗြဟ္မာငယ်များမှာ ဗြဟ္မာကြီး ဖန်ဆင်းလိုက်သည့် သတ္တဝါများ ဖြစ်ကြသည်”ဟု ဗြဟ္မာအားလုံးက လက်ခံယုံကြည်ကြ၏။

ထို့နောက် ကမ္ဘာကြီး ပြန်လည်စည်ကား လာနေစဉ် ဗြဟ္မာငယ်များ စုတေ၍ လူ့ပြည်၌ ဖြစ်ကြ၏။ ဗြဟ္မာ့ပြည်မှ လာခဲ့ကြသော လူသားတို့သည် လောကီအာရုံ ကာမဂုဏ်ကို တပ်မက်သောစိတ် မရှိကြပေ။ ဝသီဟောင်းကြောင့် ဈာန်အဘိညာဏ် ရအောင်ကျင့်၍ ဈာန်အဘိညာဏ်နှင့်သာ မွေ့လျော်နေကြပြီး စုတေကြသောအခါ ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ဖြစ်ကြပြန်၏။ လူပြည်မှလာသော ဗြဟ္မာတို့သည် အဘိညာဏ် အစွမ်းဖြင့် အတိတ်ကို ဆင်ခြင်ကြည့်သောအခါ သက်တမ်းရှည်သော ဗြဟ္မာကြီး၏ အစွမ်းသတ္တိကို ပို၍ပင် အထင်ကြီး သွားကြ၏။ မသေမပျက် ထာဝရ တည်တံ့နိုင်သော မဟာဗြဟ္မာကြီးဟု ထင်မှတ်သွားကြ၏။ ဗြဟ္မာငယ်များ မွေးသေသံသရာ၌ ကျင်လည်ကြရသော်လည်း မဟာဗြဟ္မာကြီးကား အိုနာသေကင်းသူ၊ ဗြဟ္မာ့ဘုံ၌ ထာဝရ ရှင်သန်နိုင်သူဟု ထင်မှတ်သွားကြ၏။ အစိုးရသော ဣဿရဟု ထင်မှတ်သွားကြ၏။ ဖန်းဆင်းတတ်သူ နိမ္မာနတာဟု ထင်မှတ်သွားကြ၏။ ထိုအချိန်မှစ၍ ခန္ဓာတစ်ခုပြီးတစ်ခု ပြောင်း၍ပြောင်း၍ သံသရာ ကြင်လည်ရသော ဇီဝအတ္တ အသက်ကောင်နှင့် အမြင့်မြတ်ဆုံး ဖန်ဆင်းရှင် ပရမအတ္တဟူ၍ အတ္တနှစ်မျိုးကို လက်ခံလာခဲ့ကြ၏။ (ဗြဟ္မဇာလသုတ်)

ထို့ပြင် ထာဝရဗြဟ္မာကြီးသည် သက်ရှိအားလုံးကို ဖန်းဆင်းသည်၊ သတ္တဝါတို့၏ သန္တာန်၌ အသက်ဇီဝ အတ္တကို ထည့်ပေးသည်၊ ထာဝရအတ္တမှ အသက်ဇီဝကို ဖန်းဆင်းသည်၊ ထာဝရအတ္တ၏ အစိတ်အခွဲများ ဖြစ်ခြင်းကြောင့် သတ္တဝါတို့၏ သာမန်အတ္တသည်လည်း ထာဝရအတ္တကဲ့သို့ပင် တည်မြဲသည်ဟု ယုံကြည်ကြ၏။

ဤကဲ့သို့သော ထာဝရ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းသည် ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ မည်၏ (တိတ္ထာယတနာဒိသုတ်၊ တိကင်္ဂုတ္တရ)။
ကံနှင့်သံသရာကို လက်ခံယုံကြည်ကြသည့် အတ္တဝါဒီ အချို့က စိတ်ကို အတ္တဟု ယူဆကြ၏။ အတ္တကောင်ကို ဝိဥာဉ်ဟု ခေါ်ကြသည်။ ဝိဥာဉ်သည် နှလုံးသားထဲ၌ တည်နေသည်၊ မျက်စိဖြင့် မမြင်ရလောက်အောင် သေးငယ်သည်ဟု ယုံကြည်ကြ၏။ အတ္တဝါဒီ အချို့က အတ္တကောင်ကို ရုပ်ဟု ယူဆကြသည်။ ခန္ဓာကိုယ် အနှံ့အပြား၌ အတ္တကောင် တည်နေသည်ဟု ယူဆကြ၏။ ခန္ဓာကိုယ်ကြီးလျှင် အတ္တကြီး၍ ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်သည်ဟု ယူဆကြ၏။ အတ္တဟူသည် ရုပ်လည်းမဟုတ်၊ နာမ်လည်းမဟုတ်သော အစွမ်းသတ္တိထူး တစ်မျိုးသာဖြစ်သည်ဟု ယူဆကြသော အတ္တဝါဒီများလည်း ရှိ၏။

အတ္တဝါဒီတို့သည် အတ္တ၏ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုကြ၏။ အချို့ကို ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ် အစရှိသော အဋ္ဌကထာ ဋီကာတို့၌ တွေ့နိုင်သည်။ အတ္တ၏ အလိုအတိုင်း သတ္တဝါက ပြုမူရသည်၊ ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်းစသည်ကို ပြုမူရသည်ဟု ဆိုကြ၏ (သယံဝသီ)။ အတ္တသည် သတ္တဝါ၏ သန္တာန်၌ တည်နေသည်၊ အတ္တသည် မပျက်မစီးဘဲ ခန္ဓာပြောင်းကာ သံသရာ ကြင်လည်သည်ဟုလည်း ဆိုကြ၏ (နိဝါသီ)။ အတ္တသည် သတ္တဝါကို စိုးပိုင်သည်၊ သတ္တဝါတို့သည် အတ္တ၏ ကျွန်နှင့်တူသည်၊ သတ္တဝါတို့ ကောင်းမှုမကောင်းမှု ပြုလုပ်ကြသည်မှာ အတ္တ၏ အမိန့်အတိုင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟုလည်း ဆိုကြ၏ (သာမီ)။ အတ္တသည် သတ္တဝါကို စီမံနိုင်သည်၊ အတ္တ၏ စီမံညွှန်ကြားချက်အတိုင်း သတ္တဝါတို့ လိုက်နာ ဆောင်ရွက်ကြရသည်ဟုလည်း ဆိုကြ၏ (အဓိဋ္ဌာယက)။ သတ္တဝါတို့ ပြုမူဆောင်ရွက်မှု မှန်သမျှ အတ္တ၏ လုပ်ဆောင်ချက်သာဖြစ်သည်၊ မြင်ခြင်း၊ ကြားခြင်း၊ သွားခြင်း၊ စားခြင်း စသည်တို့ကို အတ္တက ဆောင်ရွက်သည်ဟုလည်း ဆိုကြ၏ (ကာရက)။ အတ္တသည် အကောင်းအဆိုး ဝေဒနာမျိုးစုံကို ခံစားသည်ဟုလည်း ဆိုကြ၏ (ဝေဒက)။

ခန္ဓာပျက်သော်လည်း မပျက်မစီး တည်ရှိနေသော (နိစ္စ၊ ဓူဝ) အတ္တသည် ခန္ဓာဟောင်း တစ်ခုပျက်လျှင် ခန္ဓာသစ် တစ်ခုသို့ ပြောင်းဝင်၍ ကံ၏အကျိုးကို ခံစားရသည်ဟု အားလုံးသော အတ္တဝါဒီတို့က ယုံကြည်ကြ၏။ အတ္တကို ဖွင့်ဆိုပုံ အမျိုးမျိုး (မတိမ်းမယိမ်း) ကွဲပြားသော်လည်း “အတ္တသည် တည်မြဲ၏”ဟု ယုံကြည်ပုံမှာ အတူတူပင် ဖြစ်၏။

ထိုယုံကြည်ချက်ဖြင့် သံသရာ၌ အတ္တခံစားရမည့် ကောင်းကျိုးကို မျှော်လင့်တောင့်တ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆည်းပူးကြ၏။ ပစ္စုပ္ပန် အကျိုးစီးပွားအတွက်လည်း သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း အစရှိသော အကုသိုလ်မှုများကို ကျူးလွန်ကြ၏။ အတ္တကို အကြောင်းပြု၍ မာန်မာနလည်း ထောင်လွှားကြ၏။ ငါက သူ့ထက်မြတ်သည်၊ ငါ့အတ္တက သူ့အတ္တထက် အရည်အသွေးကောင်းသည် စသည်ဖြင့် မောက်မာကြ၏။ အတ္တကို အကြောင်းပြု၍ တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲများ ပြင်းထန်လာကြ၏။
ဗုဒ္ဓဘာသာအလိုအရ ဤသို့သော အတ္တဟု ယူမှားခြင်း၊ အတ္တကို တပ်မက်စွဲလမ်းခြင်းနှင့် အတ္တကြောင့် မာန်တက်ခြင်း (ဒိဋ္ဌိ၊ တဏှာ၊ မာန)တို့သည် သံသရာကို ချဲု့ထွင်သည့် ပပဉ္စတရားများ ဖြစ်ကြ၏ (“]တဏှာပပဉ္စသင်္ခါ၊ ဒိဋ္ဌိပပဉ္စသင်္ခါ၊ မာနပပဉ္စသင်္ခါ”}၊ မဟာနိဒ္ဒေသ)။

ဗုဒ္ဓဘာသာ၌ အတ္တကို ငြင်းပယ်သည့် အနတ္တဒေသနာတော်သည် ပဓာနကျသည့် တရားတော် ဖြစ်၏။ နာလည်ရန်လည်း ခက်ခဲ၏။ ဘုရားရှင် ထုတ်ဖော်တော်မူခဲ့သည် တရားထူး အသစ်အဆန်းဟုလည်း ဆိုနိုင်၏။ ဆိုခဲ့ပြီးသည့်အတိုင်း ဘုရားရှင် ပွင့်တော်မမူခင်ကပင် ကံနှင့်သံသရာကို လက်ခံကျင့်သုံး နေခဲ့ကြ၏။ အတ္တရှိခြင်းကြောင့် ကံပြုလုပ်၍ သံသရာ၌ ကျင်လည်ရသည်ဟု ယုံကြည်ခဲ့ကြ၏။ သတ္တဝါတို့၏ ခန္ဓာကိုယ်ထဲ၌ ခန္ဓာပျက်သော်လည်း မပျက်နိုင်သည့် အတ္တကောင် ရှိသည်ဟု ယုံကြည်ခဲ့ကြ၏။ အတ္တကောင် (ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်၊ အသက်ကောင်)သည် ခန္ဓာကိုယ်တစ်ခု သေးဆုံးပျက်စီးလျှင် ဘဝသစ် ခန္ဓာသစ်သို့ ဝင်ရောက်သည်ဟု ယုံကြည်ခဲ့ကြ၏။

ထိုသို့ ယုံကြည်ခြင်းသည် မှားယွင်းကြောင်း ဘုရားရှင် မိန့်တော်မူခဲ့၏။ တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းနေသည့် အတ္တကောင် မရှိရုံသာမက ဘဝဟောင်းမှ ရုပ်နာမ်တို့ ဘဝသစ်သို့ ကူးပြောင်းသွားကြသည်လည်း မဟုတ်ပေ။ ဘဝဟောင်းမှ ဘဝသစ်သို့ ရုပ် (သို့မဟုတ်) နာမ် (သို့မဟုတ်) အတ္တကောင် ကူးပြောင်းသည်ဟု မှတ်ယူခြင်းသည် မှားယွင်း၏။ ဤအယူသည် သဿတဒိဋ္ဌိ (တည်မြဲအယူမှား)တစ်မျိုး ဖြစ်၏။ ဘဝဟောင်းနှင့် ဘဝသစ်တို့ ကျိုးကြောင်းဆက်စပ်မှု လုံးဝမရှိဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် ဥစ္ဆေဒဒိဋ္ဌိ (ပြတ်စဲအယူမှား)တစ်မျိုး ဖြစ်၏။ အတ္တကောင်သည် ဘဝဟောင်း ဘဝသစ် နှစ်ခုကြား၌ ယာယီနေရသေးသည်ဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် အန္တရာဘဝဒိဋ္ဌိ (ကြားဘဝအယူမှား)မည်၏။

လူတို့ ကြုံတွေ့ရတတ်သော နာနာဘာဝ ဝိနာဘာဝ သတ္တဝါတို့သည် ဘဝနှစ်ခု၏ ကြားကာလ၌ ယာယီရှင်သန်နေကြသည့် အန္တရာဘဝသားများ မဟုတ်ကြပေ။ သုံးဆယ့်တစ်ဘုံ ဘဝသံသရာတွင် ပါဝင်သည့် ပြိတ္တာကဲ့သို့သော အပါယ်ဘုံသားများသာ ဖြစ်ကြ၏။ သို့မဟုတ် စတုမဟာရာဇ် နတ်ဘုံတွင် ပါဝင်သော အောက်တန်းစားနတ်များ ဖြစ်ကြ၏။ အောက်တန်းစားနတ်ပင် ဖြစ်သော်လည်း ကမ္မဇိဒ္ဓိ (ကံတန်ခိုး)ကြောင့် ကိုယ်ရောက်ဖျောက်ခြင်း၊ ရုပ်သွင်ထူး ဖန်းဆင်းခြင်း အစရှိသော အထူးအဆန်းများ ပြုလုပ်နိုင်ကြ၏။ စတုမဟာရာဇ် နတ်တို့၏ သက်တမ်းသည် လူတို့အရေတွက်အားဖြင့် နှစ်ပေါင်းကိုးသိန်း ရှည်ကြာ၏ (အဘိဓမ္မတ္ထသင်္ဂဟ)။ သို့ဖြစ်၍ လူသားမျိုးဆက် မြောက်များစွာကြာအောင် အသက်ရှင်နိုင်ကြ၏။ ၎င်းတို့သည် အခြားသော ကာမဘုံသားများကဲ့သို့ ရုပ်နာမ်ခန္ဓာ (ခန္ဓာငါးပါး) အပြည့်အစုံ ရှိကြ၏။ သို့သော် ၎င်းတို့၏ ရုပ်ခန္ဓာ ဖွဲ့စည်းမှု၌ သိမ်မွေ့သည့် သုခုမရုပ်ပါဝင်မှု များလွန်းနေသောကြောင့် ၎င်းတို့ကို လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ၎င်းတို့၏ ရုပ်ခန္ဓာကို မမြင်ရသောကြောင့် ၎င်းတို့ကို ရုပ်မရှိသော နာမ်လောကသားများ၊ ဝိဥာဉ်လောကသားများဟု အထင်မှားတတ်ကြ၏။ အတ္တကောင်၊ အသက်ကောင်၊ ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်များဟု အထင်မှားတတ်ကြ၏။

မပျက်စီးဘဲ သံသရာကျင်လည်နေသည့် အတ္တဟု မရှိကြောင်း၊ ကံစွမ်းသတ္တိနှင့် အခြားအကြောင်းတရားတို့ ဖန်တီးအပ်သည့် ရုပ်နာမ်အစဉ်သာလျှင် သံသရာလည်နေကြောင်း ဘုရားရှင် ဟောတော်မူခဲ့၏။ ဗုဒ္ဓစာပေ၌ သံသရာ ကျင်လည်သည့် ရုပ်နာမ်ခန္ဓာ အစဉ်ကို မြစ်ရေအလျဉ်နှင့် နှိုင်းစာပြ၏။ မီးလျှံ အစဉ်အတန်းနှင့်လည်း နှိုင်းစာပြ၏ (“နဒီသောတော ဝိယ”၊ “ဒီပဇာလာ ဝိယ”၊ ဓမ္မပဒအဋ္ဌကထာ၊ ဝိဘင်းအဋ္ဌကထာ စသည်)။ ဗုဒ္ဓဘာသာ အလိုအရ ဘဝဟောင်းမှ ရုပ်နာမ်ဟောင်းတို့ ချုပ်ပျောက်သောအခါ ဘဝအသစ်၌ ရုပ်နာမ်အသစ်တို့ ဆက်တိုက်ပင် ဖြစ်ပေါ်လာသည်။ ရုပ်ဟောင်းနာမ်ဟောင်းတို့ ချုပ်ပျောက်မှုသည် ရုပ်သစ်နာမ်သစ်တို့ ဖြစ်ပေါ်ရန် နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။ ဘဝဟောင်းမှ ရုပ်နာမ်တို့နှင့် ဘဝသစ်မှ ရုပ်နာမ်တို့သည် အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှု ရှိကြ၏။ ရုပ်နာမ်ခန္ဓာတို့ သံသရာလည်ပုံ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို ပဋ္ဌာန်းဒေသနာတော်နှင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့၌ လေ့လာနိုင်ပေသည်။

ဘဝသစ် ရုပ်နာမ်နှင့် ဘဝဟောင်း ရုပ်နာမ်တို့ မြစ်ရေအလျဉ်ကဲ့သို့၊ မီးလျှံအစဉ်အတန်းကဲ့သို့ တစ်ဆက်တည်း ဖြစ်ပုံမှာ သမဏနတ်သား ဝတ္ထု၌ ထင်ရှား၏။ အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ပဋိပတ္တိအကျင့်ကို အားထုတ်၏။ ငါးဝါမြောက် ဝါကျွတ်သောအခါ ပဝါရဏာပြုပြီးလျှင် ဝိနည်းမာတိကာနှင့် နှစ်သက်ရာကမ္မဋ္ဌာန်းကို သင်ယူ၍ တောရဆောက်တည်၏။ ပြင်းစွာ အားထုတ်၏။ မေ့လျော့မည် စိုးသောကြောင့် နေ့ရောညပါ မအိပ်မနေ မပြတ်အားထုတ်၏။ အစာအာဟာရ ကင်းလျက်ပင် အားထုတ်လေရာ ကိလေသာနှင့် စစ်ဆင်ရင်း ကျဆုံးသွား၏။ မဂ်ဖိုလ်ရရန် အကြောင်းဥပနိဿယ အားနည်းသေးသောကြောင့် မဂ်ဖိုလ်မဆိုက်ဘဲ စုတေသွားပြီး တာဝတိံသာ နတ်ပြည်ဝယ် နတ်သမီးများသာရှိပြီး နတ်သားမရှိသေးသော ဗိမာန်တစ်ခု၌ နတ်သားသွားဖြစ်၏။ လူတို့ကဲ့သို့ အမိဝမ်း၌ ပဋိသန္ဓေ မယူရဘဲ အရွယ်ရောက်သော နတ်သားအဖြစ် နတ်ဘုံ၌ ဘွားကနဲ ပေါ်၏။ ဥပပတ်ပဋိသန္ဓေဟု ခေါ်သည်။ နတ်ပဋိသန္ဓေ၏ သဘာဝပင် ဖြစ်သည်။ ထိုနတ်သားသည် ဘဝပြောင်းခဲ့သည်ကို မသိဘဲ ရဟန်းဘဝမှာသာ ရှိသေးသည်ဟု ထင်နေ၏။ သူ့ကိုယ်သူ ရဟန်းဟု ထင်နေ၏။ အခြံအရံ နတ်သမီးများကို ကျောင်းသို့ လာရောက်ဖူးမျှော်ကြသည့် လူဒကာမများဟု ထင်နေ၏။ သို့ဖြစ်၍ နတ်ဝတ်ဖြစ်သော အပေါ်ရုံ ဘွဲ့ဖြူအဝတ်ကို အပေါ်ဝတ်သင်္ကန်းကဲ့သို့ တင့်တယ်စွာ ဝတ်ရုံလျက် မျက်လွှာချနေ၏။ ရဟန်းဘဝမှ နတ်သားဖြစ်လာသူဖြစ်ကြောင်း နတ်သမီးတို့ သိကြ၍ အခြေအနေကို သတိပေးကြ၏။ နတ်ပြည်ဖြစ်၍ ရဟန်းတရား အားထုတ်နေရန် မသင့်တော်ကြောင်း၊ နတ်စည်းစိမ် ခံစားရမည့် အချိန်ဖြစ်ကြောင်း ပြောကြားကြ၏။ နတ်သားသည် မျက်လွှာချလျက်သာ ရှိနေ၏။ နတ်သမီးတို့က နတ်တူရိယာများကို ချီမြှောက်၍ ပြသော်လည်း မကြည့်ပေ။ သို့ဖြစ်၍ နတ်သမီးတို့သည် နတ်သား၏ ရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ချပေးလိုက်ကြ၏။ နတ်သားလည်း မှန်ထဲက သူ့အရိပ်ကို မြင်လိုက်ရမှ အဖြစ်မှန်ကို သဘောပေါက်သွား၏။ အရဟတ္တဖိုလ်အတွက် ကျင့်ခဲ့သော်လည်း နတ်ချမ်းသာကိုသာ ရသည်၊ ရွှေတံဆိပ်ဆု ရရန်ရည်ရွယ်သော စစ်သားသည် ဆန်တစ်ဆုပ်သာ ဆုရသကဲ့သို့ ဖြစ်၏ဟု စိတ်မချမ်းမသာဖြစ်၍ နတ်ဗိမာန်သို့ မဝင်ဘဲ နတ်သမီး အခြံအရံနှင့်တကွ ဘုရားရှင်ထံသို့ သွား၏။ ဘုရားရှင်ထံမှ တရားတော်ကို နာယူရသောအခါ သောတာပန် ဖြစ်သွား၏။ (အစ္ဆရာသုတ်၊ ဒေဝတာသံယုတ်အဋ္ဌကထာ)။

ဤဝတ္ထု၌ အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှုရှိသော ဘဝနှစ်ခုမှ ရုပ်နာမ်ဖြစ်စဉ် ပြောင်းလဲမှု (ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းလဲမှု)ကို ကာယကံရှင် ကိုယ်တိုင်ပင် မသိလိုက်ပေ။ နတ်တို့၏ ဥပပတ် ပဋိသန္ဓေ၌သာမက လူတို့၏ ပဋိသန္ဓေ၌လည်း ရုပ်သစ်နာမ်သစ်တို့သည် ရုပ်ဟောင်းနာမ်ဟောင်းတို့နှင့် ဖြစ်စဉ်တစ်ဆက်တည်းမှာပင် ရှိကြ၏။ ကြားဘဝ မရှိပေ။

ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်း အစရှိသော အမူအရာတို့မှာလည်း အတ္တဝါဒီတို့ ယုံကြည်သကဲ့သို့ စီမံညွှန်ကြားတတ်သော၊ အစိုးရသော ထာဝရအတ္တကြောင့် ဖြစ်ရသည် မဟုတ်ပေ။ ၎င်းတို့သည် စိတ္တဇရုပ်တို့၏ ဆောင်ရွက်မှုများသာ ဖြစ်ကြ၏။ စိတ္တဇဝါယောဓာတ်ကြောင့် ပြုမူလှုပ်ရှားမှုများ ဖြစ်ပေါ်၏ (“အဘိက္ကမာဒိပ္ပဝတ္တကစိတ္တသမုဋ္ဌာနာ, ဝါယောဓာတု”၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဓမ္မသင်္ဂဏီ)။

ခံစားမှုသည်လည်း အတ္တနှင့် မဆိုင်ပေ။ ခံစားသည့် အတ္တဟူ၍ မရှိပေ။ အကြောင်းတိုက်ဆိုင်လျှင် ခံစားမှု ဖြစ်ပေါ်၏။ ဝေဒနာသည် အတ္တမဟုတ်။ ဝေဒနာသည် ပရမတ္ထသဘာဝ စေတသိက်တစ်ခုသာ ဖြစ်၏ (“ဖဿ ပစ္စယာ ဝေဒနာ”၊ မဟပဓာနသုတ် စသည်)။

(ဆက်ရန် . . . . .)
:)
ရှင်အာစာရ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP