* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 11, 2012

မင်းလေးပါးတို့ ဥပုသ်သုံးခန်း (ဝိဓူရဇာတ်တော်-မင်းပူးဆရာတော်ဦးသြဘာသ)

လွန်လေပြီးသောအခါ ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျ အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ဆုံးမတတ်သော အမတ်ပညာရှိသည်ကား ဝိဓုရ အမည်ရှိ၏။

ထို ဝိဓုရသုခမိန်သည် သာယာစွာသော စကားဖြင့် လူအပေါင်းတို့အား တရားဟော၏။ ဇမ္ဗူဒီပကျွန်းအပြင်၌ နေကုန်သော မင်းအပေါင်းတို့သည် ဆင်ကို နှစ်သက်စေတတ်သော စောင်းကို တီးလျှင် ဆင်အပေါင်းတို့သည် ထိုစောင်းသံ၌ တပ်မက်ခြင်းဖြင့် မခွာရက်သကဲ့သို့ သာယာလှစွာသော တရားသံဖြင့် ကြည်ညိုတပ်မက်ကြသည် ဖြစ်၍ မိမိတို့ပြည်သို့မျှ ခွာ၍ မပြန်ရက်နိုင် ဖြစ်ကြကုန်၏။

ဝိဓုရအမတ်သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် မင်းအစရှိသော လူအပေါင်းတို့အား တရားဟောလျက် များစွာသော စည်းစိမ်အခြံအရံဖြင့် ထို ဣန္ဒပတ္တနဂိုရ်ပြည်၌ ထင်ရှားစွာ နေ၏။

ဗာရာဏသီပြည်၌လည်း အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသူကြွယ် ၄ ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကို မြင်၍ များစွာသော စည်းစိမ်ကို စွန့်ပစ်လျက် ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်းပြုသဖြင့် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ တောသစ်မြစ် သစ်သီးသာလျှင် အစာရှိကုန်လျက် ဟိမဝန္တာ၌ ကာလအရှည် နေကြပြီးမှ ချဉ်ဆား မှီဝဲလိုသောငှာ မြို့,ရွှာ,ဇနပုဒ်တို့သို့ လှည့်လည်သွားလာကြသော် အင်္ဂတိုင်း စမ္ပာနဂိုရ်ပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေကြကုန်၏။

မိုးသောက်လျှင် ဆွမ်းအလို့ငှာ မြို့သို့ ဝင်လေကုန်သော် ထိုမြို့၌ သူကြွယ်အဆွေခင်ပွန်း ၄ ယောက်တို့သည် ထိုရသေ့တို့၏ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုတ်ကို မြင်လျှင် ကြည်ညို၍ ရသေ့တို့၏ အထံသို့ ကပ်ကြကုန်လျက် ရှိခိုး၍ သပိတ်ကို ယူပြီးသော် မိမိ မိမိတို့အိမ်သို့ တစ်ပါးစီ ပင့်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးသော် “ဤအရပ်၌ နေ၍ နေ့တိုင်းမပြတ် အကျွန်ုပ်တို့အိမ်သို့ ဆွမ်းစားကြွတော်မူပါကုန်”ဟု တောင်းပန်၍ ပဋိညာဉ်ကို ရလျှင် ထိုဥယျာဉ်၌ နေစေကုန်၏။

ရသေ့တို့လည်း နေ့တိုင်း ထိုသူကြွယ်တို့၏ အိမ်သို့ သွား၍ ဆွမ်းစားပြီးသော် နေ့နေလိုသောငှာ တစ်ရပ်စီ ခွဲ၍ သွားကြကုန်၏။

တစ်ပါးသော ရသေ့ကား တာဝတိံသာနတ်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား နဂါးပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဂဠုန်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဣန္ဒပတ္တနဂိုရ်ပြည် ဓနဉ္စယကောရဗျမင်း၏ မိဂါဇိန်အမည်ရှိသော ဥယျာဉ်သို့ သွား၍ နေ့ နေ၏။

ထို ၄ ယောက်သော ရသေ့တို့တွင် တာဝတိံသာသို့ သွားသော ရသေ့သည် မိမိဒကာအား မိမိမြင်ခဲ့သည့်အတိုင်း သိကြားမင်းစည်းစိမ်ကို ချီးမွမ်း၍ ဟောပြော၏။ နဂါးပြည်သို့ သွားသော ရသေ့သည် နဂါးမင်းစည်းစိမ်ကို၊ ဂဠုန်ပြည်သို့ သွားသော ရသေ့ည် ဂဠုန်မင်းစည်းစိမ်ကို၊ ကောရဗျမင်းဥယျာဉ်သို့ သွားသော ရသေ့သည်လည်း ကောရဗျမင်းစည်းစိမ်ကို မိမိတို့ မြင်ခဲ့သည့်အတိုင်း မိမိတို့ဒကာ အလုပ်အကျွေးသူကြွယ်တို့အား အသီးအသီး ချီးမွမ်း၍ ပြောကြကုန်၏။

သူကြွယ် ၄ ယောက်တို့လည်း မိမိတို့ဆရာ ရှင်ရသေ့ ချီးမွမ်းသော စည်းစိမ်ကို အသီးအသီး အလိုရှိကြကုန်သဖြင့် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း အစရှိသော ကောင်းမှုကို ပြုကြကုန်လျက် အသက်အတိုင်း နေ၍ စုတေကြလတ်သော် သိကြားအဖြစ်ကို တောင့်တသော သူကြွယ်သည် သိကြားဖြစ်လေ၏။ နဂါးအဖြစ်ကို တောင့်တသော သူကြွယ်သည်လည်း မိမိသား မယားနှင့်တကွ နဂါးဖြစ်လေ၏။ ဂဠုန်မင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် လက်ပံတောဗိမာန်၌ ဂဠုန်မင်း ဖြစ်လေ၏။ ကောရဗျမင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် ဓနဉ္စယကောရဗျမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေလေ၏။

ရသေ့ ၄ ယောက်တို့သည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေကုန်၏။

ကောရဗျမင်းသားသည် ဖွား၍ အရွယ်ရောက်လတ်သော် ခမည်းတော်လွန်သဖြင့် မင်းကျင့်တရားနှင့်အညီ မင်းပြု၏။ ထိုရောအခါဝယ် ကောရဗျမင်းကြီးသည်ကား အန်ကစားကြူး၏။ ဝိဓုရသုခမိန် အဆုံးအမ၌ တည်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။

ထိုကောရဗျမင်းသည် တစ်နေ့သော ဥပုသ်နေ့၌ ဥပုသ်ဆောက်တည်ပြီးသော် ‘ဆိတ်ငြိမ်ခြင်းကို ပွားစေအံ့’ဟု ဥယျာဉ်သို့ သွား၍ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ သိကြားမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နတ်ပြည်၌ ကြောင့်ကြစိုးရိမ်ခြင်း နှောင့်ယှက်ခြင်း များသည်ဟု လူ့ပြည်သို့ လာ၍ ထိုဥယျာဉ်၏ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ နဂါးမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နဂါးပြည်၌ ကြောင့်ကြများသည်ဟု ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ ဂဠုန်မင်းသည်လည်း ဂဠုန်ပြည်၌ ကြောင့်ကြများသည်ဟု ဂဠုန်ပြည်မှ ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။

ထိုမင်း ၄ ပါးတို့သည် ညချမ်းသောအခါ မိမိတို့နေရာမှ ထွက်ခဲ့၍ မင်္ဂလာရှိသော လေးထောင့်ကန်နား၌ အညီအညွတ် တွေ့ကြုံကြသော် အချင်းချင်း ကြည့်ကြ၍ ရှေး၌ အဆွေခင်ပွန်းဖြစ်ဖူးသောအားဖြင့် ချစ်ခင်ကြင်နာ ဝမ်းမြောက်စွာ သာယာစွာ စကားပြောဆိုကြပြီးလျှင် သိကြားမင်းသည် မင်္ဂလာရှိသော ကျောက်ဖျာထက်၌ နေ၏။ မင်း ၃ ပါးတို့သည်လည်း သင့်ရာအရပ်၌ နေကြကုန်၏။

ထိုရောအခါ သိကြားမင်းသည် - “မင်း ၃ ပါးတို့၊ ယခု ငါတို့ ၄ ယောက် စောင့်ကြသော သီလတွင် အဘယ်သူ၏ သီလသည် မြတ်မည် ထင်ကြသနည်း”ဟု မေး၏။

ဝရုဏနဂါးမင်းသည် - “အရှင်သိကြားမင်း၊ အကျွန်ုပ်၏ သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်မည် ထင်၏”ဟု ဆို၏။ “အဘယ့်ကြောင့်နည်း”ဟု မေးလျှင်၊ “ဤဂဠုန်မင်းသည် အကျွန်ုပ်ကို အန္တရာယ်မပြုသည်ဖြစ်စေ၊ ဂဠုန်တို့မည်သည် အကျွန်ုပ်တို့အသက်အန္တရာယ်ကို ပြုတတ်၏။ ထိုသို့ အသက်အန္တရာယ်ပြုတတ်သော ဂဠုန်မင်းကို မြင်ရ တွေ့ရသော်လည်း ကြောက်လန့် စိုးရိမ်ခြင်း မရှိ။ မိမိဝေဒနာကို ပမာဏမပြုသဖြင့် သည်းခံခြင်းမြတ်သောကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်သည် ထင်ပါသည်”ဟု ဆို၍ ဒသကနိပါတ် စတုပေါသထဇာတ်၌ လာသော -

“ယောကောပနေယျေ န ကရောတိ ကောပံ၊

န ကုဇ္ဈတိ သပ္ပုရိသော ကဒါစိ။

ကုဒ္ဓေါ ပိ သော နာဝိကရောတိ ကောပံ။

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူ သော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်း ၃ ပါးတို့၊ အကြင်သူသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်စေမူ၍ အခါခပ်သိမ်းလျှင် သည်းခံ၏။ ရံခါ အမျက်ထွက်သော်လည်း ထို မိမိထွက်သောအမျက်ကို ထင်စွာ မပြု။ ထိုသို့သဘောရှိသော သူတော်ကောင်းကိုလျှင် ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ဤသို့ အမျက်မထွက်ခြင်း သည်းခံခြင်းကျေးဇူးသည် အကျွန်ုပ်၌ရှိသောကြောင့် အကျွန်ုပ်၏သီလသည် ကြီးမြတ်၏”ဟု ဆို၏။

(ဤစကား၌ ခန္တီဝါဒီ ရှင်ရသေ့သည် အပြစ်မရှိဘဲလျက် နှိပ်စက်သော ကလာဗုမင်းအား အချင်းခပ်သိမ်း အမျက်မထွက်သကဲ့သို့လည်းကောင်း၊ စူဠဗောဓိ ရှင်ရသေ့သည် မိမိခင်ပွန်း ရသေ့မအား ဗာရာဏသီမင်းကြီး ဖျက်ဆီးမည် အကြံရှိသည်ကို သိ၍ နှလုံးမသာမယာရှိသော်လည်း ထိုအမျက်ကို အပြင်သို့ မထွက်ရ၊ လက်ခုပ်ထဲ၌ရှိသော မီးပွားကို ပြင်တပါး အမှိုက်မီးစာသို့ မကျမငြိစေရဘဲ လက်ခုပ်ထဲ၌ပင်လျှင် သေငြိမ်းအောင် ကြိတ်နယ်ဘိသကဲ့သို့ အမျက်ကို ထင်စွာ မပြု။ ဤသို့ကျင့်သော စူဠဗောဓိရှင်ရသေ့ကဲ့သို့လည်းကောင်း သည်းခံရမည် ဆိုလိုသည်။)

ထိုစကားကို ကြားလျှင် ဂဠုန်မင်း ဆိုပြန်၏။ “မင်းကြီးတို့၊ ဤနဂါးမင်းသည် အကျွန်ုပ်တို့၏အစာတွင် အမြတ်ဆုံးတည်း။ ဤသို့သောအစာကို မြင်၍လည်း မွတ်သိပ်ခြင်းကို သည်းခံလျက် အစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကို မပြု။ ထို့ကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်၏”ဟု ဆို၍ -

“အနုဒရော ပိယော သဟတေ ဇိဃစ္တံ၊

ဒန္တော တပိ မိတ ပါနဘောဇနော။

အာဟာရဟေတု န ကရောတိ ပါပံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းကြီးတို့၊ အကြင်သူသည် အလွန်မွတ်သိပ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် ယုတ်မာသောအမှုကို မပြု။ အတိုင်းအရှည် တန်ရုံမျှသော အစာ,အဖျော်တို့ကိုသာ မှီဝဲလျက် ဣနြေ္ဒကို ကောင်းစွာ ဆုံးမ၍ သီလကို မကျိုးမပျက်ရအောင် ကောင်းစွာ စောင့်၏။ ထိုသို့ သဘောရှိသောသူကို ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ထို့ကြောင့် အကျွန်ုပ်၏သီလသည်လျှင် မြတ်၏”ဟု ဆို၏။

(ဤစကား၌ အစာတည်းဟူသော အကြောင်းကြောင့် သီလပျက်ကောင်းသည်ကို မဆိုနှင့်ဦး။ သီလပျက်ကောင်းသော အရာ၌ပင်သော်လည်း အရှင်သာရိပုတ္တရာသည် “လေနာပေါ်သောအခါ အဘယ်ဆေးဖြင့် ပျောက်ဖူးသနည်း”ဟု အရှင်မောဂ္ဂလာန် မေးလျှောက်သောကြောင့် “ထောပတ်ဖြင့် ပျောက်ဖူး၏”ဟု ဆိုသည့် စကားကိုပင်လျှင် ‘အစာ၌ လော်လည်ခြင်းဖြစ်သည်’ဟု စက်ဆုပ်တော်မူ၍ အရှင်မောဂ္ဂလာန် ခံဆောင်ခဲ့သော ထောပတ်ကို မသုံးဆောင်ဘဲ နေ၏။ ဤသို့ သူတော်ကောင်းတို့သည် သီလမပျက်ကောင်းသောအရာ၌ပင်သော်လည်း အစာကြောင့် လော်လည်ခြင်းမရှိ ဆိုလိုသည်။)

ထို ဂဠုန်မင်းစကားကို ကြားလျှင် သိကြားမင်း ဆိုပြန်၏။

“မင်းများတို့၊ ငါသည် အထူးထူးအပြားပြား များလှစွာသော နတ်စည်းစိမ်ကို စွန့်၍ သီလစောင့်လိုသောငှာ ဤလူ့ပြည်သို့ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့သီလထက် မြတ်၏”ဟု ဆို၍ -

“ခိဍ္ဍရတိံ ဝိပ္ပဇဟေတွာ သဗ္ဗံ၊

န စာလိကံ ဘာသတိ ကိဉ္စိ လောကေ။

ဝိဘူသနဋ္ဌာနာ ဝိရတော မေထုနသ္မာ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ကိုယ်ဖြင့် မြူးတူးခြင်း၊ နှုတ်ဖြင့် မြူးတူးခြင်းကို ကြဉ်၍ စိုးစဉ်းမျှလည်း ပျက်စကားကို မဆို။ တဏှာ၏အကြောင်းဖြစ်သော အသားကို ပြေပြစ်ပြည့်ဖြိုးစေခြင်းငှာ အစာ မမှီဝဲ။ အရေ၏ ပြေပြစ်စေခြင်းငှာ ပန်း နံ့သာ နံ့သာပျောင်း အခိုး အထုံ စသည်တို့မှလည်းကောင်း၊ မေထုန်မှလည်းကောင်း ရှောင်ကြဉ်၏။ ထိုသို့သဘောရှိသော သူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း နတ်ပြည်၌ အလွန်အဆင်းလှသော နတ်သမီးအပေါင်းတို့ကို စွန့်၍ ဤလူ့ပြည်၌ သီလဆောက်တည်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် မြတ်၏”ဟု ဆို၏။

ထို သိကြားမင်းစကားကို ကြားလျှင် ဓနဉ္စယကောရဗျမင်းသည် ဆိုပြန်၏။

“မင်းများတို့၊ ငါသည် များစွာသော ဥစ္စာကိုလည်းကောင်း၊ တစ်သောင်းခြောက်ထောင်သော မောင်းမတို့ဖြင့် ပြည့်သော ရွှေနန်းစည်းစိမ်ကိုလည်းကောင်း စွန့်၍ ဤဥယျာဉ်၌ ဥပုသ်စောင့်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့စောင့်သောသီလထက် မြတ်၏”ဟု ဆို၍ -

“ပရိဂ္ဂဟံ လောဘဓမ္မဉ္စ သဗ္ဗံ၊

ယော ဝေ ပရိညာယ ပရိစ္စဇတိ။

ဒန္တံ ဓိတတ္တံ အမမံ နိရာသံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ခန္ဓာ ၅ ပါး အစရှိသည်တို့၏သဘောလက္ခဏာကို သိတတ်သော ဉာတပရိညာဉ်၊ ထိုခန္ဓာ ၅ ပါး စသည်တို့၏ အနှစ်သာရ မရှိသည်ကို စူးစမ်းဆင်ခြင်တတ်သော တိရဏပရိညာဉ်၊ ထို ခန္ဓာ ၅ ပါးတို့သည် ပျက်စီးခြင်း ဖောက်ပြန်ခြင်း စသော အပြစ်သာလျှင် ရှိ၏ အကျိုးမရှိဟု ဟုတ်မှန်တိုင်း သိပြီး၍ ‘ငါ၏ကိုယ်’ဟု မှတ်ထင်သော ဆန္ဒရာဂကို ပယ်နုတ်ခြင်းတည်းဟူသော ပဟာနပရိညာဉ်၊ ဤပရိညာဉ် ၃ ပါးတို့ဖြင့် သဘောအလျောက် ပိုင်းဖြတ် ခြားနားစွာ သိပြီး၍ စည်းစိမ်ဥစ္စာ အခြွေအရံ အစရှိသော ဝတ္ထုကာမ၊ ထိုဝတ္ထုကာမကို တပ်မက်သော ကိလေသာကာမတို့ကို ပယ်စွန့်၍၊ အစွယ်ကျိုးသော မြွေကဲ့သို့ အမျက်ရန်ငြိုးတို့ကို မရှိစေရ နှိမ်နင်းခြင်း၊ ဤသို့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက် ဟု ဆိုအပ်သော အကြံအစည်တို့ကို မဖြစ်စေရသဖြင့် ကိုယ်စိတ်၏ ငြိမ်သက်တည်ကြည်ခြင်း၊ သားမယားတို့၌ မတပ်မက်ခြင်းနှင့် ပြည့်စုံ၏။ ထိုသို့ သဘောရှိသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း သားမယားတို့နှင့်တကွ ရွှေနန်းစည်းစိမ်ကို စွန့်၍ သီလစောင့်ခြင်းငှာ ဤဥယျာဉ်သို့ လာသောကြောင့် ပညာရှိတို့ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ငါ၏သီလသာ မြတ်၏”ဟု ဆို၏။

ဤသို့ မင်း ၄ ပါးတို့သည် မိမိတို့သီလကိုသာလျှင် ချီးမွမ်းကြကုန်၏။

သိကြားမင်း၊ ဂဠုန်မင်း၊ နဂါးမင်းတို့သည် ဓနဉ္စယကောရဗျမင်းကို “ဓနဉ္စယမင်းကြီး၊ သင်၏ ပြည်နိုင်ငံ၌ ငါတို့ယုံမှားခြင်းကို ဖျောက်နိုင်သော ပညာရှိသုခမိန် မရှိလော”ဟု မေးကြကုန်၏။

ဓနဉ္စယမင်းလည်း - “မင်းကြီးတို့၊ ပညာရှိသုခမိန် ရှိ၏။ ငါ၏အကျိုးစီးပွားကို ပြညွှန် ဆုံးမတတ်သော အမတ်ကြီးသည် ဝိဓုရ အမည်ရှိ၏။ ထို ဝိဓုရအမတ်သုခမိန်သည် ကြီးကျယ်သော ပညာလည်း ရှိ၏။ သာယာနာပျော်ဖွယ်သော အသံနှင့်လည်း ပြည့်စုံ၏။ ငါတို့ ယခုယုံမှားခြင်းကို ပျောက်စေနိုင်လတ္တံ့။ ဝိဓုရအမတ်ကြီးထံ သွား၍ အဆုံးအဖြတ် ခံကြကုန်အံ့”ဟု ဆို၏။

မင်း ၃ ပါးတို့လည်း “ကောင်းပြီ။ သွားကြကုန်အံ့”ဟု အညီအညွတ် ဥယျာဉ်မှ ထွက်ခဲ့၍ တရားစီရင်ဆုံးဖြတ်ရာ သဘင်သို့ သွားပြီးသော် မြတ်သောပလ္လင်ကို တန်ဆာဆင်၍ ဝိဓုရအမတ်သုခမိန်ကို ပလ္လင်ထက် နေစေပြီးလျှင် ပဋိသန္ဓာရစကား ပြောဟော၍ မိမိတို့ယုံမှားခြင်း ပြဿနာကို မေးလိုသောကြောင့် -

“ပုစ္ဆာမ ကတ္တာရ မနောမပည၊

ကထာသု နော ဝိဂ္ဂဟော အတ္ထိ ဇာတော။

ဆိန္ဒဇ္ဇကင်္ခံ ဝိစိကိစ္ဆိတာနိ၊

တဒဇ္ဇ ကင်္ခံ ဝိတရေမု သဗ္ဗေ။”ဟူသော ဂါထာဖြင့် ရွတ်မေးကုန်၏။

အဓိပ္ပာယ်ကား - “မယုတ်သော ပညာရှိသော သုခမိန်အမတ်ကြီး၊ ငါတို့ မင်း ၄ ပါး၌ သီလကို မှီ၍ တစ်ခုသော အငြင်းအခုံစကား ဖြစ်ကြကုန်၏။ ထို ငါတို့ယုံမှားခြင်းကို သင်အမတ်ကြီးသည် ဝဇိရစိန်လက်နက်ဖြင့် မြင်းမိုရ်တောင်ကို ခတ်ဘိသကဲ့သို့ ထက်လှစွာသော ပညာဖြင့် ဖြောင့်စေ၍ ဟုတ်မှန်သောအတိုင်း ဆုံးဖြတ်လော့”ဟု ဆိုကြကုန်၏။

ထိုအခါ ဝိဓုရအမတ်သုခမိန်သည် “အရှင်မင်းကြီးတို့၊ ပညာရှိ တရားသူကြီးတို့သဘောသည် အငြင်းအခုံစကားကို ကြားသိရမှ ကောက်ယူ ဆုံးဖြတ်သာသည်။ အငြင်းအခုံစကားကို မကြားမသိရလျှင် မဆုံးဖြတ်သာ ဖြစ်သည်။ အရှင်မင်းကြီး၊ နတ်များသခင် သိကြားမင်းကား မည်သို့ဆိုသည်၊ ကုရုတိုင်းသူ လူတို့၏သခင် အရှင်မင်းကြီးကား မည်သို့ဆိုသည်၊ ဝိနတအမျိုးဖြစ်သော ဂဠုန်မင်းကား မည်သို့ဆိုသည်၊ နဂါးမင်းကား မည်သို့ဆိုသည်ကို အမိန့်တော်ရှိတော်မူကြမှ ကောက်ယူ ဆုံးဖြတ်သာပါမည်”ဟု မင်း ၄ ပါးတို့၏အယူကို မေး၏။

မင်း ၄ ပါးတို့သည်လည်း မိမိတို့အငြင်းအခုံစကားကို ဝိဓုရအမတ်အား ပြန်ကြားလို၍ -

“ခန္တိံဟဝေ ဘာသတိ နာဂရာဇာ၊

အပ္ပါဟာရံ ဂရုဠော ဝေနတေယျော။

ဂန္ဓဗ္ဗရာဇာ ရတိ ဝိပ္ပဟာရံ၊

အကိဉ္စနံ ကုရူနံ ရာဇသေဋ္ဌော။” ဟူသော ဂါထာဖြင့် မင်း ၄ ပါးတို့၏ အယူကို ပြ၏။

အနက်ကား -

ပဏ္ဍိတ - သုခမိန်။

ဟဝေ - စင်စစ်။

နာဂရာဇာ - နဂါးမင်းသည်။

ခန္တိံ - သည်းခံခြင်းကို။

ဘာသတိ - ဆို၏။

ဝေနတေယျော - ဝိနတ အမျိုးဖြစ်သော။

ဂရုဠော - ဂဠုန်မင်းသည်။

အပ္ပါဟာရံ - အစာကြောင့် မကောင်းမှုကို မပြုခြင်း။

ဘာသတိ - ဆို၏။

ဂန္ဓဗ္ဗရာဇာ - သိကြားမင်းသည်။

ရတိဝိပ္ပဟာရံ - ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်းကို။

ဘာသတိ - ဆို၏။

ကုရူနံ - ကုရုတိုင်းသူတို့၏။

ရာဇသေဋ္ဌော - မင်းမြတ်သည်။

အကိဉ္စနံ - ကြောင့်ကြမရှိခြင်းကို။

ဘာသတိ - ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ နဂါးမင်းသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်မူ၍ သည်းခံခြင်းကို ချီးမွမ်း၏။ ဂဠုန်မင်းသည် အစာမွတ်သိပ်သည် ဖြစ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် မကောင်းမှုကို မပြု။ ကြည်ရှောင်ခြင်းကို ချီးမွမ်း၏။ သိကြားမင်းသည် ကာမဂုဏ် ၅ ပါးတို့၌ မွေ့လျော်ပျော်ပါးခြင်းမှ ကြဉ်ရှောင်ခြင်းကို ချီးမွမ်း၏။ ကုရုတိုင်းသူတို့၏ သခင်ဖြစ်သော ဓနဉ္စယမင်းသည် ကြောင့်ကြမရှိသောအဖြစ်ကို ချီးမွမ်း၏”ဟု အယူကို ပြန်ဆိုကြကုန်၏။

ထို ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ စကား ၄ ခွန်းကို ကြားလျှင် ဟုတ်မှန်တိုင်း သိပြီး၍ ဖြောင့်မှန်စွာ ဖြေဆိုဆုံးဖြတ်လိုသောကြောင့် -

“သဗ္ဗာနိ ဧတာနိ သုဘာသိတာနိ၊

နဟေတ္ထ ဒုဗ္ဘာသိတ မတ္ထိ ကိဉ္စိ။

ယသ္မိံ စ ဧတာနိ သုပတိဋ္ဌိတာနိ၊

အရာဝ နာဘျံ သုသမာ ဟိတာနိ။

စတုဗ္ဘိ ဓမ္မေဟိ သမင်္ဂိဘူတံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “အရှင်မင်းကြီးတို့၊ ယခု ဆိုတော်မူကြသည့် စကား ၄ ခွန်းသည် ကောင်းသော စကားချည်း ဖြစ်သည်။ စိုးစဉ်းမျှ မကောင်းသောအရာ မရှိ။ ဥပမာကား လှည်းပုံတောင်း၌ ကောင်းစွာ နှက်အပ်သော အကန့်ကဲ့သို့တည်း။ အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်း၊ အစာကြောင့် မကောင်းမှုကို မပြုခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်း၊ ကြောင့်ကြမရှိခြင်း ဂုဏ်နှင့် ပြည့်စုံ၏။ ထို ဂုဏ် ၄ ပါးနှင့် ပြည့်စုံသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။”

ဤသို့ ဘုရားလောင်း ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ သီလကို ထပ်တူပြုတော်မူ၏။

ထိုစကားကို ကြားလျှင် မင်း ၄ ပါးတို့သည် နှစ်သက် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ဝိဓုရသုခမိန်အား ကောင်းချီးပေးလိုသောကြောင့် -

“တုဝံ နု သေဋ္ဌော တွမနုတ္တရောသိ၊

တွံ ဓမ္မဂူ ဓမ္မဝိဒူ သုမေဓော။

ပညာယ ပဥံ သမဝိဂ္ဂဟေတွာ၊

အစ္ဆိဇ္ဇိ ဓီရော ဝိစိကိစ္ဆိတာနိ။

အစ္ဆိဇ္ဇိ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊

စုန္ဒော ယထာ နာဂဒန္တံ ခရေန။” ဟူသော ဂါထာကို ဆိုကုန်၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည်ကား သူတော်မြတ်တည်း။ သင်သုခမိန်နှင့် နှိုင်းယှဉ်စရာ တစ်စုံတစ်ယောက်မျှ မရှိ။ မိမိ၏အရှင် ဖြစ်သည်ဟူ၍ ဆန္ဒ၊ ဘယ၊ အဂတိသို့ မလိုက်။ တရားကို သိမြင်သည်နှင့်အညီ တရားကို စောင့်၏။ လောက၌ ထင်ရှားသော ပညာနှင့် ပြည့်စုံ၏။ မိမိပညာအစွမ်းဖြင့် ငါတို့ပြဿနာကို ‘ဤအရာ၌ ဤသည်ကား ဤအကြောင်းတည်း’ဟု ဟုတ်မှန်စွာ စူးစမ်းဆင်ခြင်၍ သိတိုင်း ငါတို့ယုံမှားခြင်းကို ဆုံးဖြတ်ပေ၏။ မြတ်သော အဆုံးအဖြတ်သည်လည်း ငါတို့စိတ်နှင့် မဆန့်ကျင်။ ငါတို့အလိုနှင့်လည်း လျော်၏။ တရားနှင့်လည်း ညီ၏။ ဆင်စွယ်ပွတ်သမားသည် ထက်စွာသော လွှဖြင့် ဆင်စွယ်ကို ဖြတ်သကဲ့သို့ ပိုင်းပိုင်းခြားခြား တရားနှင့်လျော်ညီအောင် ဆုံးဖြတ်ပေ၏”ဟု ကောင်းချီးပေးကြကုန်၏။

ထိုအခါ သိကြားမင်းသည် ဝိဓုရသုခမိန်အား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်လို၍ -

“နိလုပ္ပလာဘံ ဝိမလံ အနဂ္ဃံ၊

ဝတ္ထံ ဣဒံ ဓူမသမာန ဝဏ္ဏံ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် ငါ နှစ်သက်၏။ သင်သုခမိန်အား တရားကို ပူဇော်ခြင်းအလို့ငှာ ကြာညိုအဆင်းကဲ့သို့ တောက်ပလျက် အညစ်အကြေးမရှိ အဖိုးများစွာထိုက်သော မီးခိုးအဆင်းရှိသော ဤဘွဲ့ဖြူပုဆိုးကို ငါပေး၏”ဟု ဆို၍ ဘုရားလောင်းအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်၏။

ဂဠုန်မင်းသည်လည်း ရွှေပန်းဖြင့် ပူဇော်လို၍ -

“သုဝဏ္ဏမာလံ သတပတ္တ ဖုလ္လိတံ၊

သကေသရံ ရတနသဟဿ မဏ္ဍိတံ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်သဖြင့် ငါ နှစ်သက်သည်ဖြစ်၍ သင့်အား တရားကို ပူဇော်ခြင်းအလို့ငှာ ဝတ်ဆံတို့ဖြင့် တင့်တယ်စွာ ပွင့်ချပ် ၁၀၀ ရှိသော၊ ရတနာမျိုး ၁,၀၀၀ တို့ဖြင့် တန်ဆာဆင်အပ်သော ဤရွှေပန်းကို ငါပေး၏”ဟု ဆို၏။

နဂါးမင်းသည်လည်း ပတ္တမြားဖြင့် ပူဇော်လို၍ -

“မဏိံ အနဂ္ဃံ ရုစိရံ ပဘဿရံ၊

ကဏ္ဌာ ဝသတံ မဏိဝိဘူသိတံ မေ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် သင့်အား ငါနှစ်သက်သည်ဖြစ်၍ တရားကို ပူဇော်ခြင်းအလို့ငှာ ပြိုးပြိုးပြက် နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် တင့်တယ်လျက် အဖိုး အတိုင်းမသိထိုက်သော ပတ္တမြားမျက်မြတ်တို့ဖြင့် ထက်ဝန်းကျင် ဆန်းကြယ်စွာ ငါ၏လည်၌ဆင်သော ဤပတ္တမြားကို သင့်အား ငါပေး၏”ဟု ဆို၍ ပတ္တမြားဖြင့် ပူဇော်၏။

ဓနဉ္စယကောရဗျမင်းသည်လည်း ဆင်,မြင်း စသည်တို့ဖြင့် ပူဇော်လို၍ -

“ဝရံသဟဿံ ဥသဘဉ္စ နာဂံ၊

အာဇညယုတ္တေ စ ရထေ ဒသီမေ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဂါမဝရာနိ သောဠဿ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသည်ဖြစ်၍ ငါ နှစ်သက်၏။ သင့်အား နို့ညှစ်နွားမ ၁,၀၀၀၊ နွားလားဥသဘ, ဆင်, မြင်း, သိန္ဓောမျိုးမြင်း ကသော ရထား ၁၀ စီး၊ ရွာကြီး ၁၆ ရွာ၊ ဤအလုံးစုံကို ငါပေး၏”ဟု ဆို၏။

ဤသို့ မင်း ၄ ပါးတို့သည် ဘုရားလောင်းဝိဓုရသုခမိန်အား အသီးအသီး တရားပူဇော်ခြင်းဖြင့် ပူဇော်ခဲ့၍ မိမိတို့နေရာပြည်သို့ သွားကြကုန်၏။

+++++

(မင်းပူးဆရာတော် ဦးသြဘာသ၏ ဝိဓုရဇာတ်တော်ကြီး မှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP