* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, February 9, 2012

ဒုက္ခိတကွန်ပျူတာ ဗြဟ္မာများနှင့်သာတန်၏

ကွန်ပျူတာသည် တန်ခိုးကြီးသည်ဟု ပြောခဲ့ပြီးပြီ။
သို့သော် ထိုကွန်ပျူတာသည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ အမွေခံ မျက်ခွက်ဘွတ်အုပ် သည်လည်းကောင်း၊ ထိုကွန်ပျူတာ၏ ဘိုးအေ တယ်လီဗေးရှင်းသည်လည်းကောင်း အင်္ဂါမစုံ၊ အာရုံ မညီသော ဒုက္ခိတများသာ ဖြစ်ကြပြန်တော့၏။

မရှင်းသေးဟု ထင်၏။ အချို့ကား နားဝေး၍ အချို့ကား နားနီး၏။

လူ၌ အာရုံငါးပါး (သို့) အာရုံခြောက်ပါး ရှိ၏။ ထို့အတူ အာရမ္မဏိကငါးပါး (သို့) အာရမ္မဏိက ခြောက်ပါးလည်း ရှိ၏။

ထပ်ရှင်းဦးအံ့။ ကွန်ပျူတာသည် ကြည့်လို့ရ၏။ ထို့ကြောင့် ရူပါရုံ ရှိသည်ဟု သိလို့ရ၏။ ကွန်ပျူတာသည် နားထောင်လို့ရ၏။ ထို့ကြောင့် သဒ္ဒါရုံ ရှိသည်ဟု သိရ၏။ ကုန်ပြီ ဖြစ်၏။ ထိုကွန်ပျူတာသည် အနံ့ကိုမပေးနိုင်၊ လျှာဖြင့် စားလို့ရသည့် အရသာကို မပေးနိုင်၊ နူးညံ့၊ မာကျော၊ အိစက်၊ ခက်မာ စသော ဖောဋ္ဌဗ္ဗအာရုံကိုလည်း မပေးနိုင်။

ကွန်ပျူတာ၌ရှိသောလူ၊ ၀န်းကျင်ရှုခင်း စသည်တို့ကို တထပ်တည်းကြည့်၍၊ ခံစား၍ ရ၏။ ကွန်ပျူတာ၏ အသံ၊ သီချင်းသံ၊ ငိုသံ၊ ရယ်မောသံ တို့ကိုလည်း ခံစား၍ရ၏။ ခက်သည်က ကွန်ပျူတာမှာပေါ်နေသော ထမင်းဝိုင်း၏ ထမင်းဟင်းများ၊ ဇွန်းသံ၊ ခက်ရင်းသံ စသည့် အာရုံနှစ်ပါးကို ခံစား၍ရသော်လည်း ထိုထမင်းပွဲ၏ အနံ့အသက်ကိုမူ ထိုကွန်ပျူတာက ထုတ်လုပ်မပေးနိုင်တော့။ ၀မ်းနည်းစရာ ကောင်း၏။ ၀မ်းသာစရာလည်း ကောင်း၏။


နှင်းဆီတစ်ပွင့်ကို ပြနိုင်သော ကွန်ပျူတာသည် ထိုနှင်းဆီ၏ အနံ့ကို မပေးနိုင်။ ငါးကြော် တစ်ကောင်၏ပုံကို ပြနိုင်သော ကွန်ပျူတာသည် ထိုငါးကြော်၏ အရသာကို ထုတ်မပေးနိုင်။ ပွေ့ဖက် နေသော ဇနီးမယား (သို့) သမီးရည်းစားကို ပြနိုင်သော ထိုကွန်ပျူတာသည် ကြည့်ရှုသူအထံ ထိတွေ့ လို့ရသည့် ဖောဋ္ဌဗ္ဗအာရုံကို မပို့လွှတ်နိုင်တော့ချေ။ ၀မ်းနည်းဖွယ် ကောင်း၏။ ၀မ်းသာဖွယ်လည်း ကောင်း၏။

သိပ္ပံသည် အသံဖြင့် ရှေးဦးစွာ မိတ်ဆက်ခဲ့၏။ သောမတ်(စ်) အက်ဒီဆင်က စတင်တွေ့ရှိ ခဲ့သည်ဟု မှတ်သားဖူး၏။ ဤကား အရေးမကြီး။ အမေရိကမှ စကားပြောနေလျှင် မြန်မာပြည်မှ ကြားရ၏။ ဒါ လိုရင်း ဖြစ်၏။ တချို့က မယုံကြည်ကြ။ အရူးများဟုပင် ပြောခဲ့ကြ၏။ သို့သော် အရူးများဟုပြောဆိုသူများကိုယ်တိုင် အရူးများ ဖြစ်သွားကြ၏။ ယခု လူတစ်ယောက် အမေရိကားမှ စကားပြောနေလျှင် ကြားလိုက ကြားလို့ရ၏။ မကြားလိုက မကြားလို့ ရ၏။ မကြားလိုက မကြားလို့ရ၏ဟူသည် မကြားဟန်ဆောင်ခြင်းပေတည်း။

ထို့နောက် စကားပြောနေသံကိုသာမက ထိုစကားပြောနေသူကိုပါ မြင်လို့ရလာပြန်၏။ အစကနဦးက လူသားတစ်ချို့ မယုံကြည်ကြ။ ယခုမူ ဤကိစ္စသည် ထမင်းစားရေသောက်ကိစ္စ ဖြစ်သွားပြီဖြစ်၏။ ထိုစကား မှန်၏။ ကွန်ပျူတာ၌ ရူပါရုံ ရှိ၏။ သဒ္ဒါရုံရှိ၏။

အာရုံလေးနှစ်ပါးဖြင့် လူသား၏ ဧည့်ခန်းကို အာဏာသိမ်းထားသော တယ်လီဗေးရှင်းကို မကျေနပ်သဖြင့် သက်ဆိုင်ရာဌာန နှစ်ခုသို့ စာရေးမေးဖူးသည်။ ထိုတယ်လီဗေးရှင်းသည် ရုပ်၊ အသံအပြင် ဂန္ဓာရုံဟုခေါ်သည့် အနံ့ကိုပါ ထုတ်လွှတ်ပေးနိုင်ခြေ ရှိမရှိ ကိစ္စဖြစ်၏။ အံ့သြဖွယ် ကောင်း၏။ တစ်ဌာနကတော့ လုံးဝ မဖြစ်နိုင်ဟုဆို၏။ အခြား တစ်ဌာနကတော့ ဖြစ်နိုင်ခြေရှိ၏ဟု ပြန်ဆို၏။ ရသာရုံနှင့် ဖောဋ္ဌဗ္ဗာရုံတို့ကတော့ လောလောဆယ် အခြေအနေအရ မဖြစ်နိုင်။ ဂန္ဓာရုံကိုမူ မဖြစ်နိုင်ဟု သူတို့ မဆိုရဲကြောင်းပြော၏။ ထိုအခါ ငါးကြော်ကိုသာမက ငါးကြော်အနံ့ကိုပါ ရတော့မည်ဖြစ်၏။

ရဟန်းတော်များအတွက် သိပ်မကောင်း၊ ဗိုက်ဆာနေရသည့်အချိန်တွင် ငါးကြော်ကိုတွေ့ရ၊ ငါးကြော်၏ သင်းသင်းပျံ့ပျံ့အနံ့ကိုပါရမည်ဆိုလျှင် ထိုဗိုက်ဆာမှုဝေဒနာ ပို၍ဆိုးဝါးလာနိုင်၏။ သို့သော် သိပ္ပံပညာရှင်သည် ရဟန်းဗိုက်ဆာ၊ မဆာ ကိစ္စကြောင့်တော့ သူ၏တီထွင်မှုကို ရပ်ပစ်လိမ့်မည်မဟုတ်။ ရဟန်းက ကိုယ့်မျက်လုံးနှင့် ကိုယ့်နှာခေါင်းကို ပိတ်လိုက်ရုံသာရှိ၏။ တော်သေး၏၊ နှာခေါင်းက လက်ဖြင့်ပိတ်မှ လုံသော်လည်း မျက်စိနှစ်လုံးကမူ လက်မပါပဲ ပိတ်လို့ရ၏။ ပိတ်ချင်ဖို့သာ လို၏။ ပိတ်ဖို့ လက်မလို။

အချို့က သီဟနာဒကို အရူးဟု ပြောကြ၏။ အဘယ့်ကြောင့်ဆိုသော် ရဲရင့်သော ကြိုတင် နိမိတ်ဖတ်မှု နှစ်ခုကြောင့် ဖြစ်၏။ အချို့ စိတ်ဝင်စားကောင်း ၀င်စားနိုင်၏။ ထို့ကြောင့် ပြောချင်သည်။
၁။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ ဘောလုံးကစားခြင်းထက် ပို၍ လူကြိုက်များသော အားကစားတစ်မျိုးပေါ်မည်
၂။ နောင်နှစ်ပေါင်း ၁၀၀၀ ကျော်သည့်အခါ အာရုံနှစ်ခုသာပေးနိုင်သော တယ်လီဗေးရှင်းက အနည်းဆုံး အာရုံသုံးခုပေးလိမ့်မည်- ဟူ၍ ဖြစ်၏။
ဤမျှဆိုလျှင် အတန်ငယ် ရှင်းပြီဟုထင်သည်။

လူသားက အာရုံငါးပါး(သို့) အာရုံခြောက်ပါးကို ခံစားနိုင်သည်။
ထိုတယ်လီဗေးရှင်း၊ ကွန်ပျူတာစသည်ကတော့ လူသားကို အာရုံနှစ်ခုသာ ပေးနိုင်၏။ ထို့ကြောင့် အင်္ဂါမစုံ အာရုံမညီသော ဒုက္ခိတများဟု ဆိုခဲ့ခြင်းဖြစ်၏။
စာပေ၌ သင်ကြားရ၏။ အထူးသဖြင့် အဘိဓမ္မာသဘောတရား ဖြစ်၏။ အချို့သော အထက် တန်းစား ဗြဟ္မာကြီးများ၌ အာရုံနှစ်ပါးသာရှိ၏ဟု ဆို၏။ တစ်နည်းဆိုရသော် စက္ခုပသာဒရုပ်နှင့် သောတပသာဒရုပ်ဆိုသည့် ပသာဒရုပ်နှစ်ခုသာရှိ၏ဟု ဆို၏။ ဤစက္ခုနှင့် သောတပသာဒရုပ်ရှိလျှင် ဘုရားဖူးခြင်း၊ တရားနာခြင်းကိစ္စနှစ်ခုကို လုပ်လို့ရပြီဖြစ်၏။ သူတို့ လုပ်လိုသော ကိစ္စနှစ်ခုကလည်း ဤမျှသာ ဖြစ်၏။ ဒုက္ခနည်းသွားသည်ဟု ဆိုရမည်ထင်သည်။

မှန်၏။ ထိုဗြဟ္မာကြီးများအတွက် ရေမချိုးသူ၊ ညစ်ပတ်သူ၊ အာခံတွင်းနံ့ မကောင်းသူ တို့နှင့်အတူထိုင်နေရသော် သူတို့က ဂန္ဓာရုံကို မခံစားနိုင်သဖြင့် နှာခေါင်းပိတ်ရခြင်းဒုက္ခမှ ကင်းဝေး လိမ့်မည်။ထိုပုဂ္ဂိုလ်များနှင့် အတူတူနေထိုင်ရသူများ ဗြဟ္မာဖြစ်ဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။

ရသာရုံမရှိ၊ ရသတဏှာကို ဖြတ်ပြီးသည့်အတွက် ဗြဟ္မာများ အများစုနေထိုင်ရာ၌ ဂျေဒိုးနတ် တို့၊ ကေအက်(ဖ)စီတို့ ဆိုင်ဖွင့်မရောင်းနိုင်၊ စီးပွါးရေးလုပ်လို့မရ။ ထို့ကြောင့် ဂျေဒိုးနတ်တို့၊ ကေအက်(ဖ)စီတို့က ဗြဟ္မာဖြစ်ရေး ကမ်ပိန်းကို အသေအလဲ တားမြစ်ကြလိမ့်မည် ဖြစ်၏။ မည်သို့ဖြစ်စေ ဗြဟ္မာများ ငါးပိ မကြိုက် သည်က သေချာလောက်၏။ သို့သော် အနံ့ကြောင့် မဟုတ်၊( ရှေ့တွင် ရေးခဲ့ပြီ) နာမည်ကြောင့် ဖြစ်နိုင်သည်။ ငါးပိဟူသည် ပိနေသောငါးကို ဆိုလိုသည်။ ငါးချဉ်ကိုလည်း ဗြဟ္မာကြီးများ မကြိုက်လောက်၊ ချဉ်သောကြောင့်ကား မဟုတ်
(ရသတဏှာ မရှိကြောင်း ပြောနေဆဲ)၊ နာမည်ကြောင့်သာ ဖြစ်နိုင်၏။ ငါးချဉ်ဟူသည် ထမင်းလုံး
များဖြင့် ညစ်ပတ် နေသောငါးကို ဆိုလိုသည်။

ဖောဋ္ဌဗ္ဗာအာရုံကို မခံစားထိုက်သော ဗြဟ္မာများ နေထိုင်ရာ၌ အနီရောင် အိပ်ခန်းများမရှိ၊ တိတ်တိတ်ပုန်း အနှိပ်ခန်းများမရှိ၊ မင်္ဂလာဆောင်ခြင်းမရှိ၊ သမီးရည်းစားထားသည်မရှိ၊ ရည်းစားစကား ပြောသည်မရှိ၊ ချစ်သော်လည်း နည်းနည်းတော့ တင်းထားမှ ဆိုတာမျိုးမရှိ၊ စိတ်ကောက်သည် ဟူ၍လည်း မရှိတော့။

တစ်ခုကောင်းသည်မှာ ဗြဟ္မာများ၌ လိင်ခွဲခြားမှုပြဿနာ မရှိတော့။ ထို့ကြောင့် လိင်ခွဲခြားမှုကို ဆန့်ကျင်သူများအနေဖြင့် အကောင်းဆုံးဖြေရှင်းနည်းကား ဗြဟ္မာများဖြစ်အောင် ကျင့်လိုက်ခြင်း ပေတည်း။

ထိုစကားတို့ကို ချုံ့အံ့။ အထက်တန်းစား ဗြဟ္မာကြီးများသည် ရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ဘုရားဖူးခြင်း၊ တရားနာခြင်းတို့အတွက် ချန်ထား၏။

ယနေ့ ကွန်ပျူတာနှင့် တယ်လီဗေးရှင်းသည်လည်း ထိုရူပါရုံနှင့် သဒ္ဒါရုံနှစ်ခုကိုသာ ထရမ်စမစ်လုပ်နိုင်၏။ ကိုက်၏။ သဟဇာတ ဖြစ်၏။

ကွန်ပျူတာသည် ဗြဟ္မာ့ဘုံ၌ ရောင်းအားပိုကောင်းလောက်၏။
တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးသည် သူ့ကိုသူ ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူ ဖြစ်ဟန် ရှိကြောင်း အထောက်အထားများဖြင့် ပြော၏။ သူသည် အသားငါးကို မတပ်မော၊ ကာမဂုဏ်အာရုံ နည်းပါး၊ သတ္တ၀ါများအပေါ် မေတ္တာထားနိုင်ခြင်းကြောင့် ဖြစ်သည်ဟုပြော၏။ မှန်၏။ ထိုမျှအထိ မှန်သေး၏။

ဗြဟ္မာ့ပြည်မှဆင်းလာသော သုဝဏ္ဏသာမ၏ မိခင် ဖခင်တို့ဖြစ်ကြသည့် ဒုကုလနှင့် ပါရိကာ တို့သည်လည်း ထိုအချက်အလက်များနှင့် ပြည့်စုံ၏။ ကာမဂုဏ် မပတ်သက်၊ မေတ္တာစစ် မေတ္တာမှန် တို့ဖြင့်သာ တစ်ဦးကိုတစ်ဦး ဆက်ဆံပြီး သစ်ဥသစ်ဖုတို့ဖြင့်သာ အာဟာရပြီးကြ၏။
ခက်သည်ကား ထိုဒုကုလနှင့် ပါရိကာတို့၏ အသားအရေသည် ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေများ ရှိကြ၏ဟုဆို၏။ ဗြဟ္မာ့ပြည်မှ လာဟန်တူသည်ဟု သူ့ကိုသူပြောသော ထိုရဟန်း ကား မြန်မာပြည်အလယ်ပိုင်းသား ဖြစ်ချေ၏။ စိတ်မဆိုးဘူးဆိုလျှင် ထို့ထက် တိတိကျကျ ပြောချင်၏။ ထိုမိတ်ဆွေရဟန်းသည် “ ” နယ်မှ ဖြစ်၏။ အသားဖြူစရာ အကြောင်းမရှိ။

ထို့ကြောင့် သီဟနာဒက-
“ ရှေးရှေးသော အကြောင်းပြချက်များဖြင့်ကား ညီညွတ်ပါ၏။ သို့သော်လည်း ရွှေအဆင်းကဲ့သို့ ၀ါဝင်းဟူသည့်အချက်ကား အရှင်ဘုရားနှင့်မညီ၊ အရှင်၏ အသားတော်သည် မည်းနက်တော် မူလှ ချည်ရဲ့” ဟု လျှောက်ထားသောအခါ……..
ထိုရဟန်းနှင့် ကွန်ပျူတာ ကိုက်ညီ၏။

အနှစ်ချုပ်ပါတော့အံ့….။
ဗြဟ္မာများသည် ဘုရားဖူးခြင်း၊ တရားနာခြင်း အလို့ငှါ အာရုံနှစ်ပါးကိုသာ ရှိကြသကဲ့သို့ တယ်လီဗေးရှင်းနှင့် ကွန်ပျူတာတို့သည်လည်း ရူပါရုံနှင့် သဒ္ဓါရုံတို့ကိုသာ ထုတ်လွှတ်ပေးနိုင်၏။ လူကား အာရုံငါးပါးလုံးကို တောင်းဆို၏။ လူ၏ ဆန္ဒကို လိုက်လျောရန် လက်လျော့ရသူများတွင် ကွန်ပျူတာလည်း ပါသွားရလေတော့သည်။

ကွန်ပျူတာ မည်မျှစွမ်းစွမ်း၊ လူ့တဏှာနှင့် ယှဉ်လိုက်သောအခါ ဒုက္ခိတလေးသာ ဖြစ်ရရှာလေတော့သတည်း။ ထောင်ကြွားလွန်းသော ကွန်ပျူတာလေး လက်မှိုင်ချနေပုံကား သနားစရာပင်ကောင်းနေပေသေးတော့သည်။




သီဟနာဒ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP