* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 11, 2012

ငရဲနှင့်နတ်ပြည် တကယ်ရှိ-မရှိ၊ ပါယာသိ၏ စူးစမ်းချက်များ

ငရဲပြည်၊ နတ်ပြည်အကြောင်း စိတ်ဝင်စားကြသူများအနေဖြင့် ပါယာသိမြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့ ဆွေးနွေးခန်းကို လေ့လာကြည့်သင့်ကြ၏။ ပါယာသိမြို့စားကြီးဟူသည် ပသေနဒီကောသလမင်းကြီးထံမှ သေတဗျမြို့ကို အပိုင်စားရထားသူဖြစ်ပြီး “ပရလောကဟူသည်မရှိ၊ သေပြီးလျှင် ပြန်ဖြစ်သော သတ္တဝါဟူ၍ မရှိ၊ ကောင်းမှု-မကောင်းမှုတို့၏ အကျိုးပေးဟူသည် မရှိ” ဟု ယုံကြည်ထားသူဖြစ်၏။ အရှင်ကုမာရကဿပသည် ဆန်းကြယ်စွာဟောပြောတတ်သူတို့တွင် အမြတ်ဆုံး အသာဆုံး (စိတ္တကထိကဧတဒဂ်) ဘွဲ့ထူးကို ရရှိတော်မူသော ရဟန္တာမထေရ်မြတ် ဖြစ်တော်မူ၏။

-----------------------------------------------------------------

တစ်နေ့သ၌ အရှင်ကုမာရကဿပမထေရ်သည် နောက်ပါရဟန်း ငါးရာနှင့်အတူ သေတဗျမြို့သို့ ရောက်ရှိတော်မူလာ၏။ ပါယာသိမြို့စားကြီးသည် အရှင်ကုမာရကဿပ မထေရ်မြတ်အထံတော်သို့ သွားရောက်၍ နှုတ်ဆက်စကားပြောကြားပြီးလျှင် သူ့အယူဝါဒကို တင်ပြ၏။ အရှင်ကုမာရကဿပက ပြန်မေး၏၊ ပြန်ဖြေရှင်း၏။

မြို့စား။ ။ ‘အရှင်ကဿပ၊ တပည့်တော်ဟာ ဒီလိုဒီလို အကြောင်းတွေကြောင့် ပရလောကဆိုတာမရှိ၊ သေပြီးလျှင် ပြန်ဖြစ်သောသူဆိုတာ မရှိ၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ မရှိ’ ဆိုပြီးတော့ ပြောဟောလေ့၊ ယူဆလေ့ရှိပါတယ်။


မထေရ်။ ။ မြို့စား၊ ငါဟာ ဒီလို ပြောဟောလေ့၊ ယူဆလေ့ရှိတဲ့သူကို မမြင်ဖူး မကြားဖူးဘူး၊ သင်က ဘာ့ကြောင့် ဒီလို ဆိုရသလဲ။ ငါမေးဦးမယ်။ ကြိုက်သလိုဖြေပါ။ နေလ ဆိုတာ ဤလောကမှာဖြစ်သလော၊ တစ်ပါးသောလောကမှာ ဖြစ်သလော။ အဲသည် နေလတွေဟာ နတ်တွေလော၊ လူတွေလော။

မြို့စား။ ။ အရှင်ကဿပ၊ နေလတို့ဟာ တစ်ပါးသောလောကမှာ ဖြစ်ပါတယ်။ ဒီလောကမှာ မဖြစ်ပါ။ အဲဒီနေလတို့ဟာ နတ်တို့ဖြစ်ပါတယ်။ လူတို့ မဟုတ်ပါ။

မထေရ်။ ။မြို့စား၊ ဒါကြောင့် သင်မြို့စားဟာ ‘ဒီအကြောင်းကြောင့်လည်း ပရလောက တကယ်ရှိကြောင်း၊ သေပြီးနောက် ပြန်ဖြစ်သော သတ္တဝါတို့ ရှိကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိကြောင်း’ သင့်အယူကို ပြင်ဆင်ပါ။’’

မြို့စား။ ။ အရှင်ကဿပ၊ အရှင်ဘုရားက အဲသလိုပြောသော်လည်း တပည့်တော်၏ အယူကို မပြင်နိုင်သေးပါ။

------------------------------------------------------------------------------

မထေရ်။ ။ မြို့စား၊ တစ်ခြားအကြောင်းရှိသေးသလော။

မြို့စား။ ။ ရှိပါသေးတယ်။

မထေရ်။ ။ ဘယ်အကြောင်းလဲ။

မြို့စား။ ။ အရှင်ကဿပ၊ တပည့်တော်ရဲ့ သေခါနီး ဆွေမျိုးတစ်ချို့ကို ချည်းကပ်ပြီးတော့ ‘မောင်တို့၊ တစ်ချို့ရဟန်းပုဏ္ဏားတွေ အဆိုအရပြောရရင် မောင်တို့ဟာ၊ သူ့အသက်ကို သတ်လေ့၊ သူ့ဥစ္စာကို ခိုးလေ့၊ သူများအိမ်ယာကို ကျူးလွန်လေ့၊ မုသားပြောလေ့၊ ကုန်းချောလေ့၊ ကြမ်းကြမ်းတမ်းတမ်းပြောလေ့၊ ပြိန်ဖျင်းတဲ့စကားကိုပြောလေ့၊ တပ်မက်မောလေ့ ရှိကြတဲ့အတွက်၊ တဖက်သားကို ပျက်စီးစေလိုတဲ့ စိတ်ရှိကြတဲ့အတွက်၊ အယူမှားရှိကြတဲ့အတွက် မောင်တို့ဟာ ငရဲကိုရောက်ရပေတော့မယ်။ တကယ်လို့များ ငရဲကိုရောက်တာမှန်ခဲ့ရင် ‘ပရလောကဆိုတာ တကယ်ရှိကြောင်း၊ သေပြီးလျှင် ပြန်ဖြစ်ကြရကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ တကယ်ရှိကြောင်း’ တဆိတ်ပြန်ပြောလှည့်ကြပါ။ မောင်တို့ဟာ ငါရဲ့လူရင်း လူယုံတွေဖြစ်တဲ့အတွက် ၊ မောင်တို့သိမြင်တာဟာ ငါကိုယ်တိုင်သိမြင်သလိုပါပဲ’ ဆိုပြီး မှာလိုက်ပါတယ်။ သူတို့ကလည်း ပြန်ပြောလာပါ့မယ်လို့ ကတိဝန်ခံချက်ပေး၊ သေသွားကြပြီးတော့ ဘယ်သူကမျှ ကိုယ်တိုင်လည်း လာမပြော၊ လူကြုံလည်း မပါးကြပါဘူး။ ဒါကြောင့် ‘ပရလောကဆိုတာမရှိ၊ သေပြီးလျှင် ပြန်ဖြစ်သောသူဆိုတာ မရှိ၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ မရှိ’ ဆိုပြီး တပည့်တော် ခံယူထားပါတယ်။

မထေရ်။ ။ ‘မြို့စား၊ ဒီလိုဆို သင့်ကို ငါမေးဦးမယ်၊ ကြိုက်သလိုဖြေပါ။ ခိုးမှုကြောင့် ကွပ်မျက်ခံရခါနီးဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်ဟာ ‘အရှင်တို့၊ ဒီမြို့ ဒီရွာမှာ ကျွန်တော့် ဆွေမျိုးသားချင်းတွေ ရှိပါတယ်၊ ကျွန်တော် သူတို့နဲ့တွေ့ချင်ပါသေးတယ်၊ ကျွန်တော့ ပစ္စည်းဥစ္စာတွေကိုလည်းသူတို့ကိုပြခဲ့ချင်ပါသေးတယ်။ ခဏစောင့်ဆိုင်းပေးကြပါ’ ဆိုပြီး သူသတ်ယောင်္ကျားတွေကို ငိုယိုတောင်းပန်မယ်ဆိုရင်၊ တောင်းပန်တဲ့အတိုင်း ရနိုင်မလား၊ ငိုယိုတောင်းပန်နေတုန်းမှာပဲ ဦးခေါင်းအဖြတ်ခံရမှာလား။’

မြို့စား။ ။ ‘အရှင်ကဿပ၊ ခိုးသူ တောင်းပန်တဲ့အတိုင်း မရနိုင်ပါဘူး၊ ငိုယိုတောင်းပန်နေတုန်းမှာပဲ ဦးခေါင်းအဖြတ်ခံရမှာပါ။’

မထေရ်။ ။ ‘မြို့စား၊ လူလူချင်းတောင် တောင်းပန်လို့မရနိုင်ဘူးဆိုရင်၊ မဟုတ်တာတွေလုပ်ခဲ့တဲ့အတွက် ငရဲကိုရောက်သွားတဲ့ သင့်ဆွေမျိုးတွေကရော (သင့်ဆီကို စကားပြန်နိုင်ဖို့အတွက်) ငရဲထိန်းတွေကို ဘယ်လိုလုပ်ပြီး တောင်းပန်လို့ ရနိုင်ပါ့မလဲ ၊ ဒါကြောင့် သင်မြို့စားဟာ ‘ဒီအကြောင်းကြောင့်လည်း ပရလောက တကယ်ရှိကြောင်း၊ သေပြီးနောက် ပြန်ဖြစ်သော သတ္တဝါတို့ ရှိကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိကြောင်း’ သင့်အယူကို ပြင်ဆင်ပါ။’

မြို့စား။ ။ ‘အရှင်ကဿပ၊ တပည့်တော်၏ အယူကို မပြင်နိုင်သေးပါ။

---------------------------------------------------------------------------

မထေရ်။ ။ မြို့စား၊ တစ်ခြားအကြောင်းရှိသေးသလော။

မြို့စား။ ။ ရှိပါသေးတယ်။

မထေရ်။ ။ ဘယ်အကြောင်းလဲ။

မြို့စား။ ။တပည့်တော်ဟာ သေခါနီးလူတစ်ချို့ထံ ချည်းကပ်ပြီးတော့ ‘မောင်တို့၊ တစ်ချို့ရဟန်းပုဏ္ဏားတွေ အဆိုအရ ပြောရရင် မောင်တို့ဟာ၊ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူများအိမ်ယာကျူးလွန်ခြင်း၊ မုသားပြောခြင်း၊ ကုန်းချောခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊ အပြိန်အဖျင်းပြောခြင်းတို့မှ ရှောင်ကြဉ်လေ့ရှိကြတဲ့အတွက်၊ တပ်မက်မောခြင်း မများတဲ့အတွက်၊ တဖက်သားကို ပျက်စီးစေလိုစိတ်မရှိကြတဲ့အတွက်၊ မှန်သောအယူရှိကြတဲ့အတွက် နတ်ပြည်ကို ရောက်ကြရပေတော့မယ်။ တကယ်လို့များ နတ်ပြည်ကိုရောက်တာမှန်ခဲ့ရင် ‘ပရလောကဆိုတာ တကယ်ရှိကြောင်း၊ သေပြီးလျှင် ပြန်ဖြစ်ကြရကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ တကယ်ရှိကြောင်း’ တဆိတ်ပြန်ပြောလှည့်ကြပါ။ မောင်တို့ဟာ ငါရဲ့လူရင်း လူယုံတွေဖြစ်တဲ့အတွက် ၊ မောင်တို့သိမြင်တာဟာ ငါကိုယ်တိုင်သိမြင်သလိုပါပဲ’ ဆိုပြီး မှာလိုက်ပါတယ်။ သူတို့ကလည်း ပြန်ပြောလာပါ့မယ်လို့ ကတိဝန်ခံချက်ပေး၊ သေသွားကြပြီးတော့ ဘယ်သူကမျှ ကိုယ်တိုင်လည်း လာမပြော၊ လူကြုံလည်း မပါးကြပါဘူး။ ဒါကြောင့် ‘ပရလောကဆိုတာမရှိ၊ သေပြီးလျှင် ပြန်ဖြစ်သောသူဆိုတာ မရှိ၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ မရှိ’ ဆိုပြီး တပည့်တော် ခံယူထားပါတယ်။

မထေရ်။ ။ ‘မြို့စား၊ ဒီလိုဆို ဥပမာတစ်ခုပေးမယ်။ ပညာရှိတွေဟာ ဥပမာနဲ့ ပြောရင် သိလေ့ရှိပါတယ်။ မစင်တွင်းထဲမှာ ဦးခေါင်းကအစ တစ်ကိုယ်လုံးနစ်မြုပ်နေခဲ့သူတစ်ယောက်ကို တွင်းထဲကဆွဲထုတ်၊ မစင်တွေကိုခြစ်ထုတ်၊ ဆပ်ပြာရည်နဲ့ချိုးပေး၊ ဆံမုတ်ဆိတ်တွေကို ပြုပြင်ပေး၊ ပန်းကုံးစွပ်၊ အမွှေးနံသာလိမ်းကျံပေး၊ အဖိုးထိုက်အဖိုးတန် အဝတ်အစားကောင်းကောင်း ဆင်ပေး၊ ပြာဿာဒ်ထက်သို့တင်၊ ကာမဂုဏ်ငါးပါးကို ပြင်ဆင်ပေးပြီး ကောင်းကောင်းထားလိုက်မယ်ဆိုရင် အဲဒီယောင်္ကျားဟာ မစင်တွင်းထဲကို နောက်တစ်ခေါက် ပြန်ဆင်းချင်ပါဦးမလား။’

မြို့စား။ ။ ‘အရှင်ကဿပ၊ ဆင်းချင်တော့မှာ မဟုတ်ပါ။ မစင်တွင်းဆိုတာ အင်မတန် ညစ်ညမ်း နံစော်ပါတယ်။ စက်ဆုပ်ရွံရှာစရာ ကောင်းလှပါတယ်။’

မထေရ်။ ။ ‘မြို့စား၊ အဲလိုပဲ၊ နတ်တို့အနေအထားကကြည့်ရင် လူတွေဆိုတာ ညစ်ညမ်းတယ်၊ နံစော်တယ်၊ စက်ဆုပ်ရွံရှာစရာကောင်းတယ်၊ လူတွေရဲ့အနံ့ဟာ ယူဇနာတစ်ရာ အဝေးကပင် နတ်တွေကိုနှိပ်စက်နိုင်တယ်။ နတ်ပြည်ကိုရောက်သွားတဲ့ သင့်ဆွေမျိုးတွေက ဘယ်လိုလုပ်ပြီး သင့်ဆီကို စကားပြန်ပါ့မလဲ၊ ဒါကြောင့် သင်မြို့စားဟာ ‘ဒီအကြောင်းကြောင့်လည်း ပရလောက တကယ်ရှိကြောင်း၊ သေပြီးနောက် ပြန်ဖြစ်သော သတ္တဝါတို့ ရှိကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိကြောင်း’ သင့်အယူကို ပြင်ဆင်ပါ။’’

မြို့စား။ ။ အရှင်ကဿပ၊ တပည့်တော်၏အယူကို မပြင်နိုင်သေးပါ။

---------------------------------------------------------------------------------

မထေရ်။ ။ မြို့စား၊ တစ်ခြားအကြောင်းရှိသေးသလော။

မြို့စား။ ။ ရှိပါသေးတယ်။

မထေရ်။ ။ ဘယ်အကြောင်းလဲ။

မြို့စား။ ။တစ်ချို့သော သေခါနီးဆွေမျိုးများကို ‘မောင်တို့ တစ်ချို့သော ရဟန်းပုဏ္ဏားများရဲ့ စကားသာမှန်မယ်ဆိုရင် ၊ မောင်တို့ဟာ ကောင်းကောင်း မွန်မွန် နေခဲ့ကြတဲ့ အတွက် သေပြီးတဲ့နောက် ကောင်းသောလားရာ တာဝတိံနတ်ပြည်သို့ ရောက်ကြရပေလိမ့်မယ်။ အကယ်၍ ရောက်ခဲ့ကြရင် တဆိတ်ပြန်ပြောလှည့်ကြဖို့ မှာလိုက်ပါတယ်။ သူတို့ကလည်း ကတိပေးကြပါတယ်။ ဒါပေမယ့် ဘယ်သူကမျှ ကိုယ်တိုင်လည်း လာမပြော၊ လူကြုံလည်း မပါးကြပါဘူး။ ဒါကြောင့် ‘ပရလောကဆိုတာမရှိ၊ သေပြီးလျှင် ပြန်ဖြစ်သောသူဆိုတာ မရှိ၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်ဆိုတာ မရှိ’ ဆိုပြီး တပည့်တော် ခံယူထားပါတယ်။’

မထေရ်။ ။ ‘မြို့စား၊ ဒီလိုဆို သင့်ကို ငါမေးဦးမယ်၊ ကြိုက်သလိုဖြေပါ။ မြို့စား၊ လူပြည်၌အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့အတွက် တစ်နေ့နှင့် တစ်ညဥ့်ဖြစ်တယ်။ ထိုသို့သော နေ့ညဥ့် သုံးဆယ်သည် တစ်လ၊ တစ်ဆယ့်နှစ်လသည် တစ်နှစ်၊ ထိုသို့သော အနှစ်တစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်တမ်းဖြစ်တယ်။ လူ့ပြည်မှာ ကောင်းကောင်းနေခဲ့တဲ့ သင့်ရဲ့ဆွေမျိုးတွေဟာ တာဝတိံသာကို ရောက်သွားခဲ့ကြပြီး ‘ ငါတို့ဟာ နတ်စည်းစိမ်ကို နှစ်ရက် သုံးရက်လောက် ခံစားဦးမယ်၊ ပြီးမှ ပါယာသိမြို့စားကြီးဆီကို သွားပြီး အကြောင်းပြန်မယ်’ လို့များ ကြံစည်မိကြမယ်ဆိုရင်၊ သူတို့တွေက သင့်ကိုလာပြီး ပြောနိုင်ပါ့မလား။

မြို့စား။ ။ အရှင်ကဿပ၊ မပြောကြားနိုင်ပါဘူး။ တကယ်သာ သူတို့လာပြောမယ်ဆိုရင်တောင် တပည့်တော်တို့ သေနှင့်တာ ကြာလှရောပေါ့။ အရှင်ဘုရား၊ တာဝတိံသာနတ်တို့ တကယ်ရှိကြောင်း၊ တာဝတိံသာနတ်တို့ရဲ့ အသက်ဟာ အဲသလောက်ရှည်ကြောင်း အရှင်ဘုရားကို ဘယ်သူကပြောကြားပါသလဲ။ အရှင်ဘုရားပြောတာတွေကို တပည့်တော် မယုံနိုင်ပါ။

မထေရ်။ ။ မြို့စား၊ ဥပမာပေးမယ်။ အမိဝမ်းတွင်းကပင် ကန်းလာတဲ့ သူတစ်ယောက်က ‘အမည်း၊ အဖြူ၊ အညို၊ အရွှေ၊ အနီ၊ အမောင်း အရောင်အဆင်းတွေဆိုတာ မရှိဘူး၊ ညီညွတ်ပြေပြစ်တဲ့အရာ၊ မညီညွတ်တဲ့အရာတွေဆိုတာ မရှိဘူး၊ ကြယ်တာရာ၊ လ၊ နေ တို့ရဲ့ အရောင်ဆိုတာ မရှိဘူး။ အဲဒါတွေကို မြင်တဲ့သူတွေလည်း မရှိဘူး။ ဒီဟာတွေကို ငါ မသိ၊ ငါ မမြင်၊ ဒါကြောင့် အဲဒီ အရောင်အဆင်း၊ ညီညွတ်ရာ၊ မညီညွတ်ရာ၊ ကြယ်နက္ခတ်၊ လ၊ နေ ဆိုတာတွေဟာ မရှိဘူး’ လို့ပြောရင် အဲဒီဝမ်းတွင်းကန်းပြောတာ အမှန်ကိုပြောတာပဲလို့ ဆိုနိုင်မလား။

မြို့စား။ ။ အရှင်ကဿပ၊ ထိုဝမ်းတွင်းကန်းပြောတဲ့စကားဟာ အမှန်ကိုပြောတာပဲလို့ မဆိုနိုင်ပါ။ ‘အမည်း၊ အဖြူ စတဲ့အရောင်အဆင်းတွေ၊ ညီညွတ်တဲ့အရာ-မညီညွတ်တဲ့အရာတွေ၊ ကြယ်တာရာအရောင်တွေ ဆိုတာ တကယ်လည်းရှပြီး အဲဒါတွေကို မြင်သူတွေလည်း တကယ်ရှိပါတယ်။ ဒါကြောင့် ထိုဝမ်းတွင်းကန်း ပြောတဲ့ စကားဟာ အမှန်ကိုပြောတာပဲလို့ မဆိုနိုင်ပါ။

မထေရ်။ ။ မြို့စား၊ အဲသလိုဆိုရင် သင့်စကားကြောင့်ပဲ၊ သင်ဟာ ဝမ်းတွင်းကန်းလို ဖြစ်နေမှာ ထင်ရှားတယ်။ မြို့စား၊ သင်ထင်သလို ဟောသည် မံသစက္ခုနဲ့ တစ်ပါးသော ပရလောကကို မြင်နိုင်တယ်လို့ မမှတ်နဲ့။ မြို့စား၊ ဆိတ်ငြိမ်ရာ တောကျောင်းတောင်ကျောင်းတွေမှာ ပြင်းပြင်းထန်ထန် ကျင့်ကြံကြိုးစားနေကြတဲ့ ရဟန်းပုဏ္ဏားတွေရှိကြတယ်။ သူတို့တွေဟာ တည်ကြည်သောစိတ်နဲ့ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ကြည်လင်စေကြတယ်။ သူတို့တွေဟာ လူတွေရဲ့ မျက်စိအမြင်ထက် သာလွန်တဲ့၊ နတ်တို့ရဲ့မျက်စိနဲ့တူတဲ့ ဒိဗ္ဗစက္ခု အဘိညာဏ်နဲ့ ဒီလောကကိုဖြစ်စေ၊ ပရလောကကိုဖြစ်စေ မြင်နိုင် ကြတယ်။ သေပြီးတဖန် ပြန်ဖြစ်တဲ့သတ္တဝါတို့ကိုလည်း မြင်နိုင်ကြတယ်။ မြို့စား တစ်ပါးသော ပရလောကကို အဲသလို မှတ်ရမယ်၊ သင်ထင်သလို မံသစက္ခုနဲ့ မြင်အပ်တယ်လို့ မမှတ်ပါနဲ့။ မြို့စား၊ ဒါကြောင့် သင်မြို့စားဟာ ‘ဒီအကြောင်းကြောင့်လည်း ပရလောက တကယ်ရှိကြောင်း၊ သေပြီးနောက် ပြန်ဖြစ်သော သတ္တဝါတို့ ရှိကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိကြောင်း’ သင့်အယူကို ပြင်ဆင်ပါ။’’

မြို့စား။ ။ အရှင်ကဿပ၊ အရှင်ဘုရားက အဲသလိုပြောသော်လည်း တပည့်တော်၏ အယူကို မပြင်နိုင်သေးပါ။

---------------------------------------------------------------------------

မထေရ်။ ။ မြို့စား၊ တစ်ခြားအကြောင်းရှိသေးသလော။

မြို့စား။ ။ ရှိပါသေးတယ်။

မထေရ်။ ။ ဘယ်အကြောင်းလဲ။

မြို့စား။ ။ အရှင်ကဿပ၊ ဒီလောကမှာ သီလရှိတဲ့၊ အသက်ရှည်လိုတဲ့၊ ချမ်းသာကိုလိုချင်-ဆင်းရဲကိုစက်ဆုပ်တဲ့ ရဟန်းပုဏ္ဏားတွေကို တပည့်တော် တွေ့ဖူးပါတယ်။ အကယ်၍များ သူတို့တွေဟာ ‘ငါတို့သေရင် ဒီလောကထက် မွန်မြတ်လိမ့်မယ်’ လို့သာ သေချာသိရင် အဆိပ်စားလို့ပဲဖြစ်ဖြစ်၊ ဓားနဲ့ထိုးလို့ပဲဖြစ်ဖြစ်၊ ကြိုးဆွဲချလို့ပဲဖြစ်ဖြစ်၊ ချောက်ထဲကို ခုန်ချလို့ပဲဖြစ်ဖြစ် သတ်သေကြရမှာပါ။ ခုက၊ အဲလို မသေချာတဲ့အတွက်ကြောင့်ပဲ သီလရှိတဲ့ အဲဒီရဟန်းပုဏ္ဏားတွေဟာ အသက်ရှည်လိုကြတာပါ၊ ချမ်းသာကိုလိုချင်-ဆင်းရဲကိုစက်ဆုပ်သော်လည်း၊ ကိုယ့်ကိုယ်ကိုတော့ သတ်မသေကြပါဘူး။ ဒါကြောင့် တပည့်တော်ရဲ့ အယူကို မစွန့်လွှတ်နိုင်သေးပါဘူး။

မထေရ်။ ။ မြို့စား၊ ဥပမာပေးဦးမယ်။ ပညာရှိတွေဟာ ဥပမာနဲ့ပြောရင် ဆိုလိုရင်းအဓိပ္ပါယ်ကို သိတတ်ကြပါတယ်။ ဟိုးရှေးတုန်းက ပုဏ္ဏားကြီးတစ်ယောက်မှာ မယားနှစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ယောက်မှာ ဆယ်နှစ်-ဆယ့်နှစ်နှစ်အရွယ်သားတစ်ယောက်ရှိပြီး၊ နောက်တစ်ယောက်မှာ ကိုယ်ဝန်အရင့်အမာနဲ့ မီးဖွါးခါနီးအချိန်မှာပဲ ပုဏ္ဏားကြီးသေသွားခဲ့တယ်။ အဲဒီမယ် ကောင်လေးက သူ့အဖပိုင်သမျှ သူ့ကိုပေးဖို့ သူ့မိထွေးကို အရေးဆိုတော့တယ်။ မိထွေးဖြစ်သူက သူ ကလေးမွေးတဲ့အထိ စောင့်ဖို့၊ အကယ်၍ သားယောင်္ကျားမွေးရင် သူ့သားကိုပါ အချို့အဝက်ခွဲပေးဖို့၊ အကယ်၍ သ္မီးလေးမွေးခဲ့ရင် သူ့သ္မီးကို ကောင်လေးရဲ့ ခြေရင်းအလုပ်အကျွေးအဖြစ်ထားပေးဖို့ တောင်းဆိုတယ်။

နောက်ဆုံးဘယ်လိုမှ ပြောမရတော့တဲ့အဆုံးမှာ မိထွေးလုပ်သူဟာ ကလေးမွေးစေဖို့ ကိုယ့်ဗိုက်ကိုကိုယ် ဓားနဲ့ခွဲချလိုက်တယ်။ မလိမ္မာ ပညာကန်းတဲ့ ပုဏ္ဏေးမဟာ အဆင်အခြင်ကင်းတဲ့အတွက် မိမိကိုယ်ကိုလည်းဖျက်ဆီးရာရောက်၊ ကိုယ်ဝန်ကိုလည်းဖျက်စီးရာရောက်ပြီး ပျက်စီးခဲ့ရတယ်။ မြို့စား၊ အဲဒီလိုပဲ၊ မလိမ္မာ ပညာကန်းတဲ့ သင်ဟာ အဆင်အခြင်မရှိဘဲ ပရလောကကိုရှာတဲ့အတွက် ပျက်စီးခြင်းသို့ ရောက်လိမ့်မယ်။ မြို့စား၊ သီလရှိတဲ့ ရဟန်းပုဏ္ဏားတွေဟာ မလိမ္မာ ပညာကန်းတဲ့ ပုဏ္ဏေမလို မရင့်ကျက်သေးတာကို ရင့်ကျက်အောင် မလုပ်ကြပေဘူး၊ စစ်စစ်အားဖြင့် ရင့်ကျက်မယ့်အချိန်ကို စောင့်ကြတာသာဖြစ်တယ်။

မြို့စား၊ သီလရှိတဲ့ ရဟန်းပုဏ္ဏားတွေဟာ ကာလရှည်ရှည် တည်နေခဲ့ရင် တည်နေတဲ့အလျောက် များစွာသော ကုသိုလ်ကောင်းမှုကို တိုးပွါးတော်မူစေကြတယ်။ လူအများရဲ့ ပွါးစီးခြင်း၊ လူအများရဲ့ချမ်းသာခြင်းအလို့ငှါ ကျင့်တော်မူကြတယ်။ သတ္တလောကကို သနားတော်မူကြတဲ့အတွက် နတ်လူတို့ အကျိုးများစေခြင်း၊ ပွါးစီးစေခြင်း၊ ချမ်းသာစေခြင်းအလို့ငှါ ကျင့်တော်မူကြတယ်။ မြို့စား၊ ဒါကြောင့် သင်မြို့စားဟာ ‘ဒီအကြောင်းကြောင့်လည်း ပရလောက တကယ်ရှိကြောင်း၊ သေပြီးနောက် ပြန်ဖြစ်သော သတ္တဝါတို့ ရှိကြောင်း၊ ကောင်းမှုကံ-မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိကြောင်း’ သင့်အယူကို ပြင်ဆင်ပါ။’’

မြို့စား။ ။ အရှင်ကဿပ၊ ဘယ်လိုပဲပြောပြော တပည့်တော်၏ အယူကို မပြင်နိုင်သေးပါ။

--------------------------------------------------------------------

မထေရ်။ ။ မြို့စား၊ အကြောင်းရှိသေးသလား။

မြို့စား။ ။ အရှင်ကဿပ၊ ရှိပါသေးသည်။

မထေရ်။ ။ မြို့စား၊ ဘယ်လို အကြောင်းမျိုးလဲ။

(တောင်းပန်ချက်။ ။ ရှည်လျားလွန်းလှသောကြောင့် အပိုင်းခွဲ၍ တင်ပါမည်။ မြန်မာပြန် အစအဆုံးကို ဖတ်လိုသူများအနေဖြင့် ဤလင့်သို့သွား၍ ဖတ်ရှုနိုင်ကြပါသည်။ http://tipitakamyanmar.blogspot.com/2010/06/blog-post_3955.html )

[မှတ်ချက်။ ။ နေလ တို့ကို နတ်တို့ဟု ဆိုရာ၌ စောဒကတက်စရာ ရှိပါသည်။ နေလတို့ကို နေလတို့သာ ဖြစ်ကြောင်း ဟောတော်မူသောနေရာများစွာပင် ရှိပါသည်။ ဤနေရာ၌မူ ပရလောကကို မယုံကြည်သော ပါယာသိမြို့စားအား မျက်မြင်ဖြစ်သော နေလတို့ကို ဦးစွာပြ၍ ဤကမ္ဘာလောကမှတစ်ပါးသော ပရလောကနှင့် ပရလောကသားများရှိကြောင်း ဟောပြတော်မူသည်ဟု မှတ်ယူတော်မူသင့်ကြပါသည်။

ပါယာသိမြို့စား၏ လက်တွေ့သုတေသနဆန်သော၊ တနည်းအားဖြင့် သေဒဏ်ပေးခံရသူတို့အား လွန်စွာရက်စက်သောနည်းဖြင့် သတ်ဖြတ်ပြီး အသက်ထွက်သည်ဟူရာ၌ အသက်မည်သို့ထွက်ပုံ၊ ပရလောကသို့ အသက်ထွက်သွား-မသွား စူးစမ်းပုံတို့ကို ဆက်လက်ဖတ်ရှုသင့်ကြပါသည်။ ပန်းချီပုံများမှာ မုံရွာမြို့ ရပ်တော်မူဘုရားကြီး အတွင်းနံရံများ၌ ရေးဆွဲထားသောပုံများနှင့် အင်တာနက်မှရရှိသောပုံများ ဖြစ်ပါသည်။ ]

မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP