* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, October 24, 2011

ငရဲတစ်ခေါက်ရောက်ဖူးသူ

ငရဲတစ်ခေါက်ရောက်ဖူးသူ (၁)


ငရဲတစ်ခေါက်ရောက်ဖူးသူ (၂)

Read more...

မဟာကာဠထေရ်၊ မဟဂ္ဂုတ်စိတ်များနှင့် ကိုယ့်ကိုကိုယ်သာ အားကိုးရာ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ် တစ်နာရီ ဝိပဿနာ ရှုမှတ်ပွားများခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲဝယ် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ် ပွားများကြပြီးနောက် မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်အထိ အရှင်စက္ကိန္ဒက ဓမ္မပဒ ဂါထာ အမှတ် (၇)နှင့် (၈)လာ မဟာကာဠထေရ်အကြောင်း ဆက်လက် ပို့ချ သင်ကြားပေး၏။



မဟာကာဠထေရ်သည် အသက်အရွယ်ကြီးမှ ရဟန်းဘဝသို့ ရောက်လာသူဖြစ်ရာ ရဟန်းတို့ ပြုကျင့်ရသော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးအနက်၊ ဝိပဿနာဓုရကို ကျင့်ကြံကြိုးကုတ်၊ အထူးသဖြင့် အသုဘကမ္မဋ္ဌာန်း စီးဖြန်း၊ ဝိပဿနာ ရှုပွားပြီး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

မတင့်တယ် စက်ဆုပ်ရွံရှာဖွယ် အာရုံကို ရှုလျက်နေသော မဟာကာဠထေရ်အား မယားဟောင်းတို့က လူထွက်အောင် မဆွဲဆောင် မသိမ်းသွင်းနိုင်၊ လေပြေလေညင်းသည် ကျောက်တောင်ကြီးကို မလှဲဖျက်နိုင်သကဲ့သို့ ကိလေသာရန်တို့ မနှိပ်စက် မဖျက်ဆီးနိုင်ပုံကို မှတ်သား သင်ယူ လေ့လာကြရ၏။

မွန်းလွဲ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ အရှင်ဝဏ္ဏိတက မဟဂ္ဂုတ်စိတ်များအကြောင်းကို သင်ကြား ပို့ချပေး၏။





ညနေ ၆ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိနေသော နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာမှ အရှင်သောဘနက “ကိုယ့်ကိုကိုယ်သာ အားကိုးရာ တရားတော်”ဖြင့် ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။


တရားပွဲပြီးသော် ၁၅ မိနစ်ခန့် တရားရှုမှတ် ပွားများကြပြီး ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Read more...

မနာပ ဒါယီ စာကြည့်တိုက် အလှူတော် စာရင်းချုပ်

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်မည့် မနာပ ဒါယီဆရာတော် အရှင်ဝိစိတ္တ၏ “မနာပ ဒါယီ” စာကြည့်တိုက် အဆောက်အဦ အလှူတော်ကို ကိုရီးယားရောက် စိတ္တသုခ မြန်မာဒကာဒကာမများ၏ လှူဒါန်းမှုဖြင့် ယခုအခါ အလှူတော် အလှူရှင်စာရင်း ချုပ်လိုက်ပြီ ဖြစ်ပါသည်။ မနာပ ဒါယီ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြေအလှူရှင်များ၊ အဆောက်အဦ အလှူရှင်များ၊ စာအုပ်အလှူရှင်များဖြင့် အများပေါင်းစုကာ တည်ထောင်ဖြစ်ခဲ့သည့် မနာပ ဒါယီ စာကြည့်တိုက်ကို မကြာမီ ဆရာတော်ကိုယ်တိုင် မြန်မာပြည်သို့ ကြွရောက်ကာ အပြီးသပ်တည်ဆောက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ စာကြည့်တိုက်နှင့် ပတ်သက်သည့် အသေးစိပ် အချက်အလက်မှတ်တမ်းများကို အလှူရှင်များ သဒ္ဓါပွားနိုင်စေရန် နောက်ပိုင်းတွင် မီဒီယာမှတစ်ဆင့် မှတ်တမ်းတင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ယခုလောလောဆယ်တွင် စာကြည့်တိုက် အဆောက်အဦးအတွက် လှူဒါန်းထားကြသည့် အလှူရှင်စာရင်း အချုပ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

၁။ ဆရာတော် အရှင်ဝိစိတ္တ = ၃၀၀၀၀၀ (ဝမ် သုံးသိန်း)
၂။ ယုံရှင်းရွှေညီအစ်ကိုများ = ၄၀၀၀၀၀ (ဝမ် လေးသိန်း)
၃။ ဂျီလယန်းရွှေညီအစ်ကိုများ = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၎။ ဝဲဂွန်ရွှေညီအစ်ကိုများ = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၅။ ကိုဖြိုးမောင်မောင်ထွန်း = ၃၀၀၀၀ (ဝမ် သုံးသောင်း)
၆။ ကိုသက်နိုင်+မသင်းသင်းဌေး = ၂၀၀၀၀၀ (ဝမ် နှစ်သိန်း)
၇။ ကိုကျော်စွာမင်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၈။ ကိုကျော်သန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၉။ ကိုစိုးမြင့်အောင် + ဒေါက်တာ နီနီမာ = ၈၀၀၀၀ (ဝမ် ရှစ်သောင်း)
၁၀။ ကိုခင်မောင်ချင်း၊ ကိုဟန်ထွန်းမောင် = ၅၀၀၀၀ (ဝမ် ငါးသောင်း)
၁၁။ ကိုလှမျိုး + မယဉ်မင်းသိန်း = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၂။ ဒါဆန်း၊ ဝဲဂွန်ရွှေညီအစ်ကိုများ = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၃။ ကိုစည်သူ၊ ကိုဇော်သူ၊ ကိုမျိုးမြင့်ဦး၊ ကိုလှမြင့်စိုး = ၆၀၀၀၀၀ (ဝမ် ခြောက်သိန်း)
၁၄။ စိတ္တသုခကျောင်း ဒကာဒကာမများ = ၅၀၀၀၀၀ (ဝမ် ငါးသိန်း)
၁၅။ နှစ်ဖက်မိဘများ အမှူးထား၍ ကိုလင်းထိန်းဝင်း + မမေထက်ထက်လွင် = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
၁၆။ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ထွေးသိန်းအား ရည်စူး၍ ကိုမင်းနိုင် + မအေးယုနွယ် မိသားစု = ၁၀၀၀၀၀ (ဝမ် တစ်သိန်း)
အလှူတော်ငွေ စုစုပေါင်း = 3,010,000 (ဝမ် သိန်းသုံးဆယ်၊ တစ်သောင်း)

Read more...

ရွှေတံခါးကြီး ဖွင့်နိုင်ဖို့


(၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
စာတွေ ရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ ၀တ္တရားမပျက် လုပ်နေတာ။ ရာနှုန်းပြည့် အားရ ကျေနပ်တယ်လို့တော့ ဘယ်အခါမှ မရှိခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လောက်ပဲ ရေးရေး ဘာမှအရာ
ရောက်တယ်လို့ မခံစားရလို့ပဲ။
အတိုင်းအဆမရှိ မေတ္တာတွေကြောင့်
တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ 'ဟောရင်းသာ ပျံတော်မူလိမ့်မယ်' လို့တောင် ရေးမိသွားတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ရေးခဲ့တဲ့စာတွေ နည်းတာ မဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော် ငါးဆယ်နီးပါး ရှိနေပြီ။ ရေးရကျိုး နပ်တယ်လို့ ကျေနပ်အားရ ဖြစ်ရတာမျိုး မရှိဖူးဘူး။ အတိုင်းအဆမရှိ ကြီးမားတဲ့ စာဖတ်ပရိသတ်
ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ ခံစားနေရတာလေး တစ်ခုကြောင့်ပဲ အဆက်မပြတ်ရေး ဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။
ထင်းခုတ်စားတောင် ရပါတယ်
စာတွေအများကြီး ရေးတော့ ပိုက်ဆံတွေ အများကြီး ရနေတယ် မဟုတ်လားလို့ မေးစရာ ရှိတယ်။ မှန်ပါတယ်။ အများကြီး မဟုတ်ပေမယ့် အသင့်အတင့် ရပါတယ်။ ဒါပေမဲ့ ဒါလောက် ငွေကြေးကတော့ မြန်မာပြည်မှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောခဲ့သလို ''ထမင်း တစ်လုတ်တော့ ထင်းခုတ် စားရင်တောင် ရပါတယ်'' လို့ပြောရမှာပါ။ ရှမ်းပြည်နယ် တက်ပြီး ကော်ဖီလေး စိုက်လိုက်၊ လိမ္မော်လေး စိုက်လိုက် လုပ်နေတာက အန္တရာယ် ကင်းဘေးကင်း ဖြစ်ရုံမက ကျန်းမာရေး အတွက်ပါ အလွန် ကောင်းတာပေါ့။ အဲဒီလို နေချင်စိတ် အခုထိရှိ နေသေးတယ်။ ဒါပေမဲ့ အတိတ်က ၀ဋ်ကြွေးတွေက မကုန်သေးတော့ စာရေးတဲ့ အလုပ်ကို မစွန့်နိုင်ဘူး။ ရန်ကုန်ဟာ ကိုယ့်အတွက် ပဋိ ရူပဒေသ မဟုတ်ပေမယ့် မခွာနိုင်ဘူး။ တွယ်ကပ်ပြီး နေနေရဆဲ ဖြစ်တယ်။
ရုတ်တရက် ပြောင်းသွား
ကိုယ့်ဟာကိုယ် ပခုံးပေါ်တင်ပြီး ထမ်းထားတဲ့ တာဝန်မို့ မညည်းမညူ လုပ်ကိုင်နေပေမယ့် အားတက်သရော မရှိလှတာ တော့ အမှန်ပဲ။ ဒါပေမဲ့ အခုနှစ်လ၊ သုံးလအတွင်းမှာ အခြေအနေတွေ ရုတ်တရက် ပြောင်းသွားတယ်။ နှစ်ပေါင်း ငါးဆယ်လောက် အတွင်း ဘယ်တုန်းကမှ မကြားဖူးတဲ့ 'ပြည်သူလူထု' ဆိုတဲ့အသံတွေ ညံနေအောင် ကြားလာရပြီး၊ အရင်က ထုတ်ဝေခွင့် အကြိမ်ကြိမ် ပယ်ချခံရတဲ့ ကိုယ့် စာအုပ်တွေ ထုတ်ဝေခွင့် ပြန်ရလာတယ်။ နေ့စဉ်ရေးနေတဲ့ စာမူတွေလည်း ပရိသတ် လက်ထဲ မြန်မြန် ဆန်ဆန် ရောက်လာတယ်။ ပုဂ္ဂလိက ကြေးမုံ သတင်းစာတို့၊ လူထုသတင်းစာတို့ ခေတ်ကတည်းက အတူ လက်တွဲလာခဲ့တဲ့ သွေးသောက်ကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေလည်း ထုတ်ဝေခွင့်ရလို့ တစ်အုပ်ပြီး တစ်အုပ် ပြန်ထွက်လာတာ ၀မ်းသာစရာတွေ့ရတယ်။
တံခါးဖွင့်ထားတယ်
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ဂျာနယ်တွေမှာ ဖော်ပြခွင့် ရလာတယ်။ ပြီးတော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်။
ပြည်သူက ရွေးကောက် တင်မြှောက်ထားသူများ ဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်အောင် နည်းလမ်းတွေ ရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကို အတူ ပူးပေါင်း လုပ်ဆောင်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ နိုင်သေးသူများနဲ့ပါ လက်တွဲ ဆောင်ရွက် နိုင်အောင် ညှိနှိုင်း ဆွေးနွေးဖို့ တံခါး ဖွင့်ထားတယ် ဆိုတဲ့ စကားတွေ ပြောကြားလာခဲ့တယ်။
ပေါ်လစီ ဆောင်းပါး
အဲဒီအချိန်မှာ ဧရာဝတီမြစ်ဆုံ ဒေသမှာ တရုတ်ကုမ္ပဏီက ဧရာမရေကာတာကြီး တစ်ခု တည်ဆောက်မယ့် ကိစ္စကို ပြည်သူလူထု တစ်ရပ်လုံးက မလိုလားတဲ့ အကြောင်း ပုံစံအမျိုးမျိုးနဲ့ တင်ပြမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာတယ်။ ဒီအသံတွေကို ချေဖျက်ဖို့ အစိုးရ သတင်းစာတွေမှာ ထုံးစံအတိုင်း 'ပေါ်လစီ ဆောင်းပါး' တစ်ပုဒ် ထည့်လိုက်တယ်။ လျှပ်စစ်ဝန်ထမ်း တစ်ဦး အမည်ခံပြီး ထည့်တဲ့ ဆောင်းပါးမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်တဲ့ အတွက် အကျိုးအ မြတ်တွေ ဘယ်လိုရရှိမယ် ဆိုတဲ့အချက်တွေကို ပေါ်လစီဆောင်းပါးများ ထုံးစံအတိုင်း ရွှန်းရွှန်း ဝေအောင် ရေးသား ထားတာတွေ့ရတယ်။
ဈေးဦးပေါက်ခွင့်ပြု
အဲဒီဆောင်းပါး ပါလာတဲ့နေ့မှာ ပဲ Weekly Eleven ရဲ့ စီအီးအိုက အွန်လိုင်း ဂျာနယ်မှာ ဒီဆောင်းပါးကို ကန့်ကွက်ကြောင်း၊ အချက်အလက် အခိုင်အမာနဲ့ ပြန်လည် ရေးသားလိုက်တယ်။ ပုံနှိပ် ဂျာနယ်ထဲမှာလည်း အပြည့်အစုံ ဖော်ပြခဲ့တယ်။ ဒါဟာ နှစ်ငါးဆယ် အတွင်း မြန်မာ စာနယ်ဇင်း လောကရဲ့ မှတ်တိုင် တစ်ခု ဖြစ်သွားတယ်။ အစိုးရ သတင်းစာမှာ
ပါတဲ့ ဆောင်းပါးကို ပြန်လည် ဝေဖန် ချေပတဲ့စာမျိုး ဘယ်တုန်း ဘယ်အခါကမှ မရေးဖူးခဲ့ဘူး။ စာပေ စိစစ်ရေးကလည်း ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ ဈေးဦးပေါက် ခွင့်ပြုတာ ဖြစ်တယ်။
မကြုံဖူးတဲ့ ပေါင်းစည်းမှု
အဲဒီ ကန့်ကွက် ဝေဖန်ချက် ပါလာပြီးတဲ့နောက် ဧရာဝတီ ကယ်တင်ရေး အသံတွေ ပိုညံလာတယ်။ ပြည်သူလူထုကြီး တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးမှုမျိုးနဲ့ ညီညွတ် ပေါင်းစည်း သွားတယ်။ တကယ်ကို အံ့သြစရာ ပေါင်းစည်း ညီညွတ်မှုကြီး ဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမား တွေက ပြည်သူ လူထုကြီးရဲ့ နောက်က လိုက်လာကြပြီး လွှတ်တော်ထဲအထိ ဂယက်တွေရောက် သွားတယ်။ နောက်တော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သူ့အစိုးရ လက်ထက်မှာ ဆက်မလုပ်
တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
နတ်လူသာဓုခေါ်
လုံးဝမျှော်လင့် မထားတဲ့ ကြေညာချက် ဖြစ်တာကြောင့် လူတွေအားလုံး မယုံနိုင်အောင် ဖြစ်သွားကြပြီး နီးစပ်ရာ မိတ်သင်္ဂဟတွေဆီ ဖုန်းဆက် မေးလိုက်ကြတာ အဲဒီနေ့ကတော့ ဖုန်းလိုင်းတွေ အားတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အိမ်ကဖုန်းလည်း ဆက်တိုက် မြည်နေတော့တယ်။ တချို့ဖုန်းဆက်ရင်း မျက်ရည်တောင် ကျရှာကြတယ်။ ၀မ်းသာတယ် ဆိုတာထက် ပိုလိမ့်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဘယ်တုန်းကများ ဖြည့်ဆည်း ပေးဖူးတယ် ရှိလို့လဲ။ သမ္မတကြီးကို သာဓု ခေါ်ကြတယ်။ နတ်လူသာဓု ခေါ်ကြတယ်လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။
ဆန့်ကျင်ဘက်က ရပ်ခဲ့တာ
သာမန် ပြည်သူတွေ ဆိုတာထား နှစ်ပေါင်း ငါးဆယ် လုံးလုံး တက်လာသမျှ အစိုးရတိုင်းကို တစ်ကြိမ် တစ်ခါတောင် အကောင်း မပြောဖူးတဲ့ မိမိ ကိုယ်တိုင်တောင် မေးလာသမျှ မီဒီယာတိုင်းကို ကြိုဆိုကြောင်း၊ ၀မ်းသာကြောင်း၊ ကျေးဇူး တင်ကြောင်း ပြောတဲ့အထိ ဖြစ်သွားတယ်။ တကယ်ပါ။ နှစ်ပေါင်း ငါးဆယ်လုံးလုံး ဆန့်ကျင်ဘက်က ရပ်ခဲ့တာပါ။ တော်လှန်ရေး ကောင်စီ အစိုးရကို မထောက်ခံသလို၊ မြန်မာ့ဆိုရှယ်လစ် အစိုးရကိုလည်း မထောက်ခံဘူး။ ၁၉၈၈ နောက်ပိုင်း အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသား ညီလာခံကို မထောက်ခံသလို၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လက်မခံဘူး။ ရွေးကောက်ပွဲကို မထောက်ခံသလို ပေါ်ထွက်လာတဲ့ လွှတ်တော်တို့၊ အစိုးရတို့ကိုလည်း မထောက်ခံဘူး။ နိုင်ငံတော် သမ္မတကြီးနဲ့ တခြားထိပ်ပိုင်း ပုဂ္ဂိုလ်တွေက ဒီမိုကရေစီ စနစ်ကို မဖြစ်မနေ အကောင်အထည် ဖော်မယ်လို့ အကြိမ်ကြိမ် ပြောနေလည်း မယုံသေးဘူး။ စောင့်ကြည့် ဦးမယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။
မနာယူဘဲ မနေနိုင်
ဒီလိုလူတောင် ဧရာဝတီ ကိစ္စကျတော့ သတင်းသမားရဲ့ ၀ိညာဉ် (Conscience)က သတိ ပေးလာတာကို မနာယူဘဲ မနေနိုင်တော့ဘူး။ သတင်းသမား ဆိုတာ ကောင်းတာတွေ့ရင် ကောင်းတယ် ရေးရမယ်။ မှန်တာ တွေ့ရင် မှန်တယ် ရေးရမယ်လို့ တစ်သက်လုံး နာယူ မှတ်သားခဲ့ရတာ မဟုတ်လား။ ပြည်သူ့ မျက်နှာက လွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူးလို့ ကိုယ်တိုင် အပ်ကြောင်းထပ်အောင် ရေးနေတာပဲ။ ဒီတော့ အပြောနဲ့အဟော ညီရမှာပေါ့။ ပြည်သူ တစ်ရပ်လုံး လှိုက်လှိုက် လှဲလှဲကြီး ၀မ်းသာ ကြိုဆို နေကြတာကို ဘာကြောင့် မကြိုဆိုဘဲ နေရမှာလဲ။ ၀မ်းသာတယ်။ ကြိုဆိုချင်တယ်။ ကျေးဇူးတင်လို့ ရေးရင် ပိုပြီးလေးနက် စေချင်လို့ အရင်က မထောက်ခံခဲ့ဘူး ဆိုတာတွေပါ ထည့်ရေးလိုက်တယ်။ အံ့သြစရာမှ တကယ့်အံ့သြစရာ။ စာပေစိစစ်ရေးက အဲဒီ မထောက်ခံဘူး ဆိုတာတွေကို ထည့်ခွင့်ပေး လိုက်တယ်။
ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ
အဲဒါတွေပါတဲ့ 'ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ' ဆိုတဲ့ ဆောင်းပါးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အချိန် နည်းနည်း ပေးလိုက်ပါ။ တကယ်ကို ခဏလေးပါလို့ ရေးလိုက်တယ်။ ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရကို 'စံသုံးခု' နဲ့ စောင့်ကြည့် အကဲခတ်နေမယ် လို့လည်း ရေးလိုက်တယ်။
၁။ နိုင်ငံရေး အကျဉ်းသားများလွှတ်၊ မလွှတ်ဆိုတဲ့စံ။
၂။ ပြည်တွင်း စစ်ရပ်စဲရေး အမြန်လုပ်၊ မလုပ်ဆိုတဲ့စံ။
၃။ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး ရပ်၊ မရပ်ဆိုတဲ့စံ။
အဲဒီသုံးချက်ထဲက မြစ်ဆုံရေကာတာ ကိစ္စ အဖြေပေါ်သွားပြီ။ အစိုးရက ပြည်သူ့ဆန္ဒကို အမှန် လေးစား လိုက်နာကြောင်း ပြလိုက်ပြီ။ ထောက်ခံမဲ တစ်မဲပေးလိုက်ပြီ။
လွတ်ငြိမ်း ချမ်းသာခွင့်
သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့) မွန်းလွဲပိုင်းလောက်မှာ သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးထားတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထွက်လာတယ်။ အမျှော်ကြီး မျှော်ရင်း နှစ်ပေါင်းများစွာ 'မျှော်မျှော် သူမောရရှာတယ်' ဖြစ်နေကြရတဲ့ မိဘ ဆွေမျိုးတွေ ဧရာဝတီတုန်းကလိုပဲ ၀မ်းသာရွှင်မြူး သွားကြတယ်။ ဧရာဝတီ ကိစ္စမှာ ပြည်သူ တစ်ရပ်လုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့ သမ္မတကြီးကို အပြည့်အ၀ ယုံကြည်ပြီး အရင် အကြိမ်တွေလိုတော့ ဖြစ်မှာ မဟုတ်ပါဘူးလို့ သေချာပေါက် တွက်ဆထားကြတယ်။ တစ်ညလုံး အိပ်မပျော်နိုင်ကြဘဲ မိုးလင်းအောင် မနည်းကြီး သည်းခံ စောင့်ဆိုင်း နေကြရတယ်။ တချို့က မအောင့်နိုင်တော့ဘဲ မိုးမလင်းခင်က ထောင်ဗူးဝက သွားစောင့်ကြတယ်။
ရောင်နီလာပြီ။ ပြီးတော့ မိုးစင်စင်လင်းပြီ။ ထောင်တံခါးကြီး ပွင့်ပြီ။ အချိန်တန်တော့ သူတို့ ပြန်လာကြပြီ။ ဒါပေမဲ့ သူတို့ထဲမှာ သူတို့ ပါမလာဘူး။ အရင် အကြိမ်တွေလိုပဲ မျှော်မျှော်သူ မောရရှာတယ် ဖြစ်ရပြန်ပြီ။ ဘာကြောင့်လဲ။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းဖို့ဆိုတာ ခေါင်းဆောင် နှစ်ယောက်တည်း အားနဲ့ မရနိုင်ဘူး။ ပါတီ အဖွဲ့အစည်း နှစ်ခုတည်းလည်း မဆောင်ရွက် နိုင်ဘူး။ ပြည်သူလူထု အများစုကြီးရဲ့ ပေါင်းစည်း အင်အားနဲ့ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုတယ်။ အထူးသဖြင့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်းစစ် တိုက်ခိုက်နေရတဲ့ တိုင်းပြည် တစ်ပြည်အဖို့၊ တိုင်းရင်းသား အားလုံးနဲ့ လက်တွဲ နိုင်ဖို့ အင်မတန် အရေးကြီးတယ်။ မဖြစ်မနေကို ရအောင်လုပ်ဖို့ လိုတယ်။
ရွှေပြည်တော် ဂိတ်တံခါး
အထဲမှာ ကျန်ရှိနေရစ်တဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အရေးကြီးဆုံး သော့တစ်ချောင်း ကိုယ်စီ ကိုင်ဆောင် ထားသူတွေ ဖြစ်တယ်။ ရွှေပြည်တော် ဂိတ်တံခါးက သော့လေးချက် ခတ်ထားတယ်။ တစ်ချောင်းက ဒေါ်အောင်ဆန်းစုကြည် ဆီမှာရှိပြီး၊ နောက်တစ်ချောင်းက သမ္မတ ဦးသိန်းစိန်ကို ရှေ့တန်း တင်ထားတဲ့ တပ်မတော် လက်ထဲမှာ ရှိတယ်။ ဒီနေ့ တပ်မတော် ခေါင်းဆောင် အားလုံး လိုလိုဟာ လူငယ်တွေ ဖြစ်တယ်။ အထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက်တွေနဲ့ အရွယ်ချင်း မတိမ်း မယိမ်းတွေလို့ ဆိုနိုင်တယ်။
မော်ကွန်းတင်နိုင်တဲ့ အချိန်
သူတို့ ရွယ်တူ တန်းတူ လူငယ်တွေချင်း အတွေးအခေါ်တွေ သိပ်ခြားနားကြမှာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဒေသမှာ အချမ်းသာဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကြီးထဲက ဆွဲထုတ်ပြီး ထိုက်တန်တဲ့ နေရာကို အမြန်ဆုံး ပြန်လည် ရရှိအောင် လုပ်ဆောင်ချင်စိတ်တွေ လူငယ်တိုင်းမှာ ရှိပါတယ်။ စစ်မြေပြင်မှာ လုံခြုံရေး ဦးစားပေး လုပ်ဆောင်ရတာ သဘာဝ ကျတယ်။ ဒါပေမဲ့ နိုင်ငံရေး ကိစ္စမှာတော့ နိုင်ငံရေးကိုသာ ဦးစားပေး စဉ်းစားရပါတယ်။ ဒီအချိန်ဟာ သမိုင်းမှာ အလှည့် အပြောင်းကြီး တစ်ခု အဖြစ် မော်ကွန်း တင်နိုင်တဲ့ အချိန် ဖြစ်တယ်။ တပ်မတော်နဲ့ ပြည်သူ ကြည်ဖြူ လက်တွဲမှု ဖြစ်ပေါ် လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ဘူး။ အမိအရ၊ ရအောင် ယူကြပါလို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။
လူထုစိန်ဝင်း

Read more...

( ၆ ) ကြိမ်မြောက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းမှု မှတ်တမ်း


၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (သီတင်းကျွတ်လ ) အတွက် ဓမ္မနန်းတော် မှ ဓမ္မစာအုပ်များ လစဉ်လှူဒါန်းမှု အစီအစဉ်ကို ဆက်လက် လှူဒါန်းဖြစ်တာကတော့ သံဃာ ( ၃၀၀ ) ကျော် စစ်ကိုင်းတောင်ရိုး မြစကြာပရိယတ္တိစာသင်တိုက် ရှိ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဖြေဆိုနေကြဆဲဖြစ် သော ဒုတိယဆင့် တတိယဆင့် သံဃာတော် ( ၇၂ ) ပါး အတွက် စာအုပ် ရေ ( ၇၂ ) အုပ် ကို လှူဒါန်းခဲ့ပါတယ်။

ယနေ့ခေတ် မြန်မာနိုင်ငံမှာ ဓမ္မကထိက ဆရာတော်များစွာကလဲ ပရိယတ္တိစာသင်တိုက်များ အစားအသောက် မပြည့်စုံမှု၊ အထူးသဖြင့် သံဃာဦးရေ များလွန်းသော စာသင်တိုက်ကြီးများတွင် ၀ါဆို ကထိန်အလှူပွဲများ မပြည့်စုံနိုင်မှု တို့ကို ထောက်ပြ ဟောပြကာ ရောက်လေရာ အရပ် တောရွာ မြို့ပေါ် စာသင်တိုက်များကို ပစ်ပယ်မထားကြဖို့၊ သံဃာငယ် ဦးဇင်းငယ် ကိုရင်ငယ်လေးများကို ပစ်ပယ်မထားကြဖို့ မနားတမ်း ဟောပြောနေကြတာကို ကြားမိတော့ အတိုင်းမသိ ၀မ်းသာရပါတယ်၊
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့တစ်ခုက သာသနာကို ဆွမ်းကွမ်းမှ စ၍ ကျောင်း အဆောက်အဦးအဆုံး လိုလေသေးမရှိ ထောက်ပံ့လှူဒါန်းနေကြတာခေတ်အဆက်ဆက် မပြတ်သုဉ်းခဲ့ပါဘူး၊ စေတီ ကျောင်းကန် ဘုရား တန်ဆောင်း ဘယ်နေရာမှာမဆို လိုအပ်နေတာ သိလျင် အလိုလို အလှူရှင်ပေါ်လာပြီး ပြည့်စုံသွားတာတွေ မြင်တွေ့နေရပါတယ်၊ သို့သော် လည်း ရေပြည့်ပြီး သား အိုးတွေကို ပိုမိုကာ ထည့်ဖြည့်လိုတဲ့ စေတနာ သဒ္ဓါတရားများ ပြည့်စုံပြီးသား နေရာတွေကို လှူဒါန်းခြင်းအပါအ၀င် ပေါလျံနေတဲ့နေရာတွေကို တော့ ဥာဏ်ယှဉ်ကာ လှူဒါန်းဖို့ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

ဒါကြောင့် အနာဂါတ်သာသနာရဲ့ အာဇာနည်လျောင်းလျာများ လို့ ဆိုနိုင်တဲ့ ပရိယတ္တိ စာသင်တိုက်များကိုလည်း တတ်စွမ်းသလောက် ထောက်ပံ့လှူနိုင်ကြစေဖို့ မေတ္တာစကားပါးလိုပါတယ်၊ တဆက်ထည်းမှာ မန္တလေးမြို့မှာ သီတင်းသုံး ခဲ့စဉ်က ရင်းနှီးတဲ့ ဒကာကြီးတဦးက လျောက်ထားတာကို သတိရမိတယ်၊ သူလျောက်ထားတာက -- တပည့်တော်တို့က လှူတာတော့ လှူပါတယ်ဘုရား၊ စွမ်းနိုင်သလောက် လှူနေသော်လည်း တခါတခါ လှူနေရင်းနဲ့ စေတနာတွေ သဒ္ဓါတရား တွေကို အရောင်ဆိုးခံလိုက်ရသလို ဖြစ်ဖြစ်သွားတော့ တွန့်တွန့်သွားမိတယ် ဘုရား တဲ့။
ဘယ်လိုဖြစ်ရတာလဲ လို့ မေးမိတော့ . သံဃာတွေရဲ့ ချို့ယွင်းချက်လို့ပြောနိုင်တဲ့ မဟုတ်တာ လုပ်တာတွေကို တွေ့ရမြင်ရ ကြားနေရတော့ စိတ်က ရာခိုင်နှုံးအပြည့် ကုသိုလ်စိတ်မထားနိုင်တော့ဘူး တဲ့။

သူ့စကားကို ကြားမိတော့ အလှူရှင်များရဲ့ စေတနာအား၊ သဒ္ဓါအားတွေကို ကိုယ်ချင်းစာ နာလည်မိတယ်၊ နောက်မှာတော့ သူတပါးတွေ ဘယ်လို မကောင်းတာတွေ လုပ်နေပါစေ၊ သူ့လမ်း သူ သွားရမှာ၊ လျောက်ရမှာဖြစ်ပါတယ်၊ ကိုယ်က လှူနေတဲ့ အချိန်မှာ ဘယ်သူ့ကို လှူပါတယ် ဆိုပြီး ပုဂ္ဂလိက အလှူကို အာရုံမပြုပဲ အရိယာ သံဃာတော်များစွာကို အာရုံပြုကာ သံဃိကဒါနအဖြစ် လှူပါတယ်လို့ အာရုံပြောင်းလိုက်ရင် မြင့်မြတ်တဲ့ သံဃိကအလှူ ဖြစ်သွားတာကြောင့် ၁၀၀ ရာခိုင်နှုံး ကုသိုလ်ဖြစ် သွားပါလိမ့်မယ်လို့ အားပေးစကား ပြောဖြစ်ခဲ့တယ်။

သာသနာ့ဘောင်ဆိုတာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို ပဲ၊ ကောင်းကောင်းလျှောက်နိုင်ရင် သံသရာ တဖက်ကမ်း ကို မြန်မြန်ရောက်နိုင်သလို မလျောက်နိုင်ရင်လဲ ချောက်ထဲ ကျနိုင်တယ် လို့ ရှေးပညာရှိများက ဆိုခဲ့ကြတယ်၊ နောက်တမျိုးက ဓားသွားပေါ်က ပျားရည်စက် နဲ့ ဥပမာပေးကြတယ်၊ ပျားရည်ရဲ့ ချိုမြိန်မှုကို သုံးဆောင်လိုရင် သတိမလွတ်စေနဲ့၊ သတိ လွတ်ရင် ဓားရှခံရမယ် လို့ ဆိုတယ်၊ ပျားရည် နဲ့ ဓားသွားကြားမှာ ခပ်ပါးပါးလေးပဲ ခြားနားနေပါသတဲ့။ ဒီအကြောင်း အရာလေးကို ပြောပြပြီး သူတို့လမ်းကြောင်း သူတို့သွားပါစေ၊ ကိုယ့်စိတ်ကို အရောင်ဆိုးမခံပါနဲ့၊ မညစ်ပေပါစေနဲ့ လို့အားပေးခဲ့ရတယ်။

အောက်တိုဘာ( သီတင်းကျွတ်လ )အတွက် ဓမ္မစာပေ အလှူရှင်

ပုံမှန် လစဉ် အလှူရှင် ဒေါ်မြကြေးမုံ ( နော်ဝေ )မှ ဗုဒ္ဓမြတ်စွာ ၏ အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ကို ပူဇော်သောအားဖြင့် ပညာဒါန ပညာပါရမီဖြစ်စေရန် နိဗ္ဗာန်ရည် မှန်း လှူဒါန်းပါသည်။

လှူဒါန်းခဲ့သော စာအုပ်များ စာရင်း

၁။ ပါစိတ်ပါဠိတော် တအုပ်ကို ၅၅၀၀ ကျပ်ဖြင့် ၃ အုပ် ၁၆၅၀၀ ကျပ်၊
၂။ ပါစိတျာဒိ အဋ္ဌကထာ တအုပ် ၅၀၀၀ ဖြင့် ၅ အုပ် ၂၅၀၀၀ ကျပ်၊
၃။ အဂုင်္တ္တရ ပါဠိတော် တတိယတွဲ တအုပ် ၅၅၀၀ ဖြင့် ၇ အုပ် ၃၈၅၀၀ ကျပ်၊

၎။ ပါရာဇိကဏ် ပါဠိတော် တအုပ် ၅၀၀၀ ကျပ်ဖြင့် ၁၁ အုပ် ၅၅၀၀၀ ကျပ်၊
၅။ အဂုင်္တ္တိုရ် အဋ္ဌကထာ ( ဒုတိယတွဲ )တအုပ် ၅၅၀၀ ဖြင့် ၄ အုပ် ၂၂၀၀၀ ကျပ်၊
၆။ အဂုင်္တ္တိုရ် အဋ္ဌကထာ ( တတိယတွဲ ) တအုပ် ၅၀၀၀ ဖြင့် ၅ အုပ် ၂၅၀၀၀ ကျပ်၊
၇။ အဂုင်္တ္တိုရ် ပါဠိတော် နိဿယ ( တတိယတွဲ ) တအုပ် ၅၅၀၀ ဖြင့် ၆ အုပ် ၃၃၀၀၀ ကျပ်၊

စာအုပ်ရေ ( ၄၁ )အုပ် အတွက် ကုန်ကျငွေ - ၂၁ ၅၀၀၀ ကျပ်၊ ( ၂ သိန်း ၁ သောင်း ၅ ထောင်ကျပ် )

၁။ ကင်္ခါပါဠိတော် တအုပ်ကို ၃၇၀၀ နှုံးဖြင့် ၈ အုပ် ၂၉၆၀၀ ကျပ်၊
၂ ။ အဂုင်္တ္တိုရ် နိဿယ ပထမတွဲ တအုပ် ၅၅၀၀ ကျပ်၊ ၂ အုပ် ၁၁၀၀ ကျပ်၊
၃။ အဂုင်္တ္တိုရ် နိဿယ စတုတ္ထတွဲ တအုပ် ၆၅၀၀ ကျပ်၊ ၅ အုပ် ၃၂၅၀၀ ကျပ်၊
၎။ ဓမ္မပဒ အဋ္ဌကထာ (ဒုတိယတွဲ ) တအုပ် ၅၅၀၀
၅။ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ ၁ အုပ် ၇၀၀၀

၆။ ဓမ္မာစရိယ မျက်ရှု ၁ အုပ် ၇၀၀၀
၇။ ရူပသိဒ္ဓိ ရှင်းတမ်း ၁ အုပ် ၆၀၀၀
၈။ ဋီကာ ရှင်းတမ်း ( ပထမတွဲ ) တအုပ် ၅၀၀၀
၉။ အဂုင်္တ္တိုရ် ဋီကာ ( တတိယအုပ် ) တအုပ် ၅၀၀၀

၁၀။ ဘာသာဋီကာ လမ်းညွှန် တအုပ်ကို ၇၀၀၀ ၂ အုပ် ၁၄၀၀၀ ကျပ်၊
၁၁။ ဋီကာကျော် နိဿယ တအုပ်ကို ၄၇၀၀ ကျပ်၊ ၃ အုပ် ၁၄၁၀၀
၁၂။ ၀ိဂ္ဂဟ မဉ္ဇူ တအုပ် ၄၅၀၀ ကျပ်၊ ၃ အုပ် ၁၃၅၀၀ ကျပ်၊
၁၃။ သမန္တစက္ခုဒီပနီကျမ်း ၁ အုပ် ၈၀၀၀
၁၄။ တစ်ဘ၀ သံသရာ ၁ အုပ် ၅၇၀၀

စာအုပ်ရေ ( ၃၁ ) အုပ် ၁၆၃ ၉၀၀ ကျပ် ( ၁ သိန်း ၆ သောင်း ၃ ထောင့် ၉ ရာကျပ် )

၁၅။ သံဃာတော်များ ဘုရားဝတ်တက် ၀တ်ကပ်ပြုရာ၊ စာဝါများပို့ချ သင်ယူရာ ဓမ္မာရုံကျောင်း တော်ကြီး တွင် အသုံးပြုရန်အတွက် ခြေသုတ်အခင်း ကော်ဇော ဆိုက်အကြီး ၁ ခုအတွက် ၁ သောင်း ၂၀၀၀ ကျပ်၊

လွှဲအပ်လှူဒါန်းငွေ - ၄ ၅၀၀၀၀ ကျပ်၊ ( ၄ သိန်း ၅ သောင်းကျပ် )
သံဃာများအတွက် ကုန်ကျငွေ - ၃ ၈၀၀၀၀ ကျပ်၊
ကော်ဇော လှူဒါန်းငွေ - ၁၂၀၀၀ ကျပ်၊
စာအုပ်များအတွက် ကယ်ရီခ ၃၀၀၀ ကျပ်၊
ကြွင်းကျန်ငွေ - ၅၅၀၀၀ ကျပ်၊ ( ၅ သောင်း ၅ ထောင်ကျပ် )

စုစုပေါင်း ( ၃ သိန်း ၉ သောင်း ၅ ထောင်) ကျပ်တိတိ

ယခုအကြိမ် (၆) ကြိမ်မြောက် လှူဒါန်းမှုအတွက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ ဘာသာဋီကာ၊ နိဿယ စသည်ဖြင့် အမျိုးပေါင်း စုံစုံလင်လင် နှင့် မျက်နှာဖုံး ဂျပ်ထူ အလှူရှင်ကမ္ဗည်းအပါအ၀င် စာအုပ်ရေ ( ၇၂ )အုပ် ကို လှူဒါန်း နိုင်ခဲ့ပါ သည်။ လောက်ချာ စာရွက်နှစ်ရွက်အတိုင်း စာအုပ်စာရင်းကို ခွဲရေးလိုက်ပါသည်။



မြစကြာကျောင်းတိုက်အတွင်းရှိ သုံးထပ် အာစီ စာကြည့်တိုက်အဆောက်အဦးကြီးပါ၊ သံဃာများ အဖိတ် ဥပုသ် နားရက်များနှင့် ညနေပိုင်း ခဏတာတွင် မည်သူမဆို စာဖတ်လေ့လာနိုင်သည်။
ဒီလို စည်းကမ်းသေ၀ပ်တဲ့ သံဃာ့ပရိသတ်မျိုးကို မည်သူက မကြည်ညိုပဲ နေနိုင်ပါမလဲ လေ ..
ဝတ်ချရှိခိုးတော့လည်း ညီညီညာညာ

လက်အုပ်ချီတော့လည်း ညီညီညာညာနဲ့ ကြည်နူးဝမ်းသာစရာ ကောင်းလှပါဘိ
သံဃာများအတွက် ဓမ္မာရုံကြီးမှာ အသုံးပြုရန် ခြေသုတ်အခင်း ကော်ဇော

ဓာတ်ပုံမှတ်တမ်းများကို အားတက်သရော ကူညီ ပို့ပေးပါသော စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ညီငယ် အရှင်ဝိလာသ၊ ဝေယျာဝစ္စကုသိုလ်များကို ဆောင်ရွက်ပေးသော ဆရာကြီး ဒေါ်ဝိလာသီ နှင့် တပည့်များအားလုံးကို အလှူရှင်၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။
အားလုံးသော သတ္တ၀ါအပေါင်းတို့အား ပြုပြုသမျှ ကုသိုလ်အားလုံးအတွက် အမျှ အမျှပေးဝေပါသည်..

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 24.Oct.2011


စာကြွင်း။ ။ဒီတကြိမ်မှာ မြစကြာပရိယတ္တိ စာသင်တိုက်နဲ့ ပက်သက်သော အချက်အလက်များကို ( ၅ ) ကြိမ်မြောက် လှူဒါန်းမှု မှတ်တမ်းမှာ ရေးသားပြီး ဖြစ်တာကြောင့် ပို့စ်ရှည်မှာ စိုးသည့်အတွက် မရေးဖြစ်တော့ပါ၊ ဒီနေရာမှာ သွားရောက်လေ့လာ ကြည် ညိုနိုင်ပါသည်။

Read more...

စုန်းကဝေအကြောင်း သိကောင်းစရာ

စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ၀ိနည်းမဟာဝါ (၀ိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်း လိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။

အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘ၀က ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိပါတာကို အသုံးမချမိလို့ မသိတာမျိုးရှိသလို အသုံးမချတတ်လို့ အသုံးမကျတာမျိုးလည်း ရှိနေပါတယ်။ ဥပမာ-မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။

အဲဒီလိုပါပဲ မွေးရာပါကမ္မသိဒ္ဓိအစွမ်းပါတဲ့ မိန်းမများဟာ သူတို့သာမာန်ချိန်မှာတော့ သူတို့မှာပါလာတဲ့ စုန်းပညာကို အသုံးမချတဲ့အတွက် မသိဘဲဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့အခါမျိုးမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့စုန်းပညာ ပါတယ်ဆိုတာသိပြီး သူများကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော်လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီးလုပ်တာမျိုးလည်း ရှိပါတယ်။

စုန်းပညာတစ်ခါလုပ်ဖူးလို့ စုန်းပညာတတ်တယ်ဆိုတာသူကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကိုကြည့်တဲ့အခါ သူ့မျက်စိကိုကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုးပြောင်းပြန်ပေါ်နေတယ်လို့ ဦးဇင်းကြားဖူးပါတယ်။ အဲဒီတော့ စုန်းပညာတတ်တဲ့လူဟုတ်မဟုတ်ကို သူ့မျက်စိစိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ်ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင် ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါလိမ့်မယ်။ ဒါဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးမို့ အစွမ်းထက်မယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးက မှန်ဘီးလူနဲ့ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးများစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။

အဲဒီတော့ စုန်းကဝေနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာကိုထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ ရပါကြောင်း၊ စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေးလုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်းလုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊ တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှုအကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါးကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့ စုန်းပြုစားခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းအတိုင်း ဖြေရှင်းလို့ရတယ်ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲပြောရင်း ဦးဇင်းသိသမျှ အသိပညာဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း


Read more...

ရတနာဂီရိသို့ အမှတ်တရ

စာမိတ်ဆက်
စာရေးသူတော့ အခုတလော ဒကာကြီး ဦးကျော်ဆွေရဲ့ ကောင်းမှုနှင့် ဓမ္မဂီရိ (တရားရှိရာတောင်) ခရီးတွေကို သွားခွင့်ရသည်၊ မှတ်တမ်းများလည်း ကောင်းကောင်းရသည်။ ယခုတစ်ခေါက်တော့ ရတနာရှိရာ သို့မဟုတ် ရွှေတောင် ဟု အဓိပ္ပါယ်ရှိသည့် ရတနာဂီရိ ခရီးဖြစ်သည်၊ ရတနာဆိုတော့ ဘာရတနာရှိမှန်းတော့ မသိ၊ ရွှေရောင်လို မြေရှိနေသည်တော့ အမှန်ဖြစ်သည်။ တောတောင်တစ်ခုလုံး၏ မြေရောင်သည် ရွှေရောင်ပေါက်နေသည်၊ ထို့ကြောင့်ပဲ ရတနာဂီရိဟု ခေါ်လေသလား မပြောတတ်။ နောက်တစ်ခုက စာရေးသူတို့အမျိုး၊ စာရေးသူတို့နိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်း ဦးခေါင်းချရာ နေရာဖြစ်လို့ ရတနာရှိရာမြို့ ရတနာဂီရိဟု အမည်ပေးလိုက်ရင်တော့ ကြွားရာကျနေမလား။ လမ်းခရီးက အလွန်ဝေးပေမဲ့ တစ်ချိန်က ကိုယ့်လူမျိုးတို့ရဲ့ ဥသျှောင် အဖြစ် လေးစားခဲ့ကြတဲ့ ကိုယ့်မင်းရှိရာနေရာသို့ ပင်ပန်းမှုတွေ အသာထားပြီး သွားခဲ့ရတဲ့ ခရီးစဉ်လေးကို အမှတ်တရရှိစေဘို့ မှတ်စုမှတ်ရာအဖြစ် ရေးတင်လိုက်ရပါသည်။

ကျေးဇူတင်ခြင်း

၂၂-၁၀-၂၀၁၁ စနေနေ့က မနက် ၅-၃၀ အိပ်ရာထ၊ မျက်နှာသစ် ရေချိုး၊ ခရီးထွက်ဖို့ ပြင်စရာရှိတာပြင်ဆင်ပြီး အောက်ဆင်းစောင့်နေကြသည်။ ဒကာကြီး၏ကားတစ်စီးနှင့် ဒကာကြီးကပဲ လိုက်ချင်တဲ့ ရဟန်းတော်များ လိုက်လို့ရအောင် ကားတစ်စီး ထပ်လှူသည်၊ ကားအပြင် နံက်စာ နေ့လည်စာဆွမ်းများပါ ခရီးစဉ်အားလုံး အစဉ်ပြေအောင် ဒကာကြီးကပဲ လှူသည်။ ရောက်ဖို့ သိပ်ခက်ခဲတဲ့နေရာကို ပို့ပေးတဲ့ ဒကာကြီး ဦးကျော်ဆွေအား ရဟန်းတော်များကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။

ရတနာဂီရိသို့ ကီလိုမီတာ ၉၀ ကျန်သေးသော နေ့ဆွမ်းစားရာ Makhjan မြို့ကလေးမှာ

ရတနာဂီရိခရီးစတင်ခြင်း

စာရေးသူတို့အဖွဲ့ ဒကာကြီး ဦးကျော်ဆွေ၏ ကောင်းမှု (စပွန်ဆာ) ဖြင့် ရတနာဂီရိ ခရီးသို့ ၂၂-၁၀-၂၀၁၁ စနေနေ့ စာရေးသူတို့နေသည့် စောမယကောလိပ်ရှိ Polytechnic Hostel မှ မနက် ၆ နာရီမှ စတင်ထွက်ခဲ့သည်။ ရတနာဂီရိသည် မဟာရဋ္ဌပြည်နယ်တွင်းမှာပဲ ရှိသည်၊ မဟာရဋ္ဌပြည်နယ်သည် တောတောင် ပေါသည့်ပြည်နယ်ဖြစ်သည့်အပြင် ပင်လယ်တို့ဖြင့်ကာရန်ထားသည်။ ခရီးကား အိန္ဒိယမြေပုံလမ်းညွှန်များအရ ဘုံဘေမှ ရတနာဂီရိ ကီလိုမီတာ ၃၅၆ ရှိသည်၊ ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား စာအုပ်တွင် မိုင်ပေါင်း ၁၂၀ ဟု ဖော်ပြပေမဲ့ သီပေါမင်းမြေးဖြစ်သူ တော်ဘုရားကလေး (သီပေါမင်းနှင့် စုဖရားလတ်တို့၏ စတုတ္ထသမီးတော်၏ သား) ၏ ရတနာပုံမှ ရတနာဂီရိသို့ ဆိုတဲ့ စာအုပ်မှာတော့ ဘုံဘေ-ရတနာဂီရိ မိုင်ပေါင်း ၂၅၀ ဟုရေးထားသည်။ စာရေးသူတို့ ကိုယ်တွေ့ သွားကြည့်သောအခါ တော်ဘုရားကလေး ပြောသည့် မိုင်ပေါင်း ၂၅၀ က မှန်နိုင်ပါသည်။ အပြန်အသွား မိုင်ပေါင်း ၅၀၀ ခရီးဖြစ်သည့်အပြင် အများစုက တောင်တက်လမ်းဖြစ်သဖြင့် ခရီးကား အချိန်များစွာယူရလိမ့်မည်၊ ထို့ကြောင့် အချိန်တိုနိုင်သမျှတိုအောင် မနက်စာရော နေ့လည်စာအတွက်ပါ ဒကာကြီး၏ကောင်းမှုနဲ့ပဲ အဆောင်မှာကထဲက ပြင်ဆင်သွားခဲ့ကြသည်။

ဘုံဘေမြို့အထွက်ကနေ စိမ်းလန်းစိုပြေနေတဲ့ တောတောင်တန်းတွေ စဖြတ်သည်၊ လမ်းတွေ အရမ်းကောင်းသည်။ ၇ နာရီထိုးတော့ ကားသမားများက မနက်ကထဲ မျက်နှာသစ်ခြင်းစသည့် ကိုယ်လက်သန့်ရှင်းခြင်း ကိစ္စမလုပ်ခဲ့သေးသဖြင့် စားသောက်ဆိုင်တစ်ခုမှာ ခဏ နားကြသည်၊ ပါလာတဲ့ နွားနို့ကိတ်မုန့်တို့ဖြင့် မနက်စာကိစ္စ အဲဒီနေရာမှာ ပြီးခဲ့သည်။ ထိုမှ ခရီးဆက်ခဲ့ရာ တောလမ်းတောင်တက်လမ်း ဆိုပေမဲ့ အရမ်းကောင်းသည်၊ ချောမွေ့နေသည်၊ သို့ပေမဲ့ ပန်း (Pen) မြို့နှင့်ဝန်းကျင်မှာတော့ ချိုင့်ခွက်တွေများသည်၊ ကုန်ကားများ မောင်းနှင်ထားသဖြင့် လမ်းများ ပျက်စီးနေသည်၊ လမ်းခုလပ် တစ်ဝက်လောက်မှာ တစ်နေရာ လမ်းနဲနဲကြမ်းသည်ကိုတွေ့ရသည်၊ ၇ ကီလို ၈ ကီလို ၀န်းကျင်လောက်သာ လမ်းဆိုးတာကလွဲလို့ ကီလိုမီတာ ၃၅၆ ဝေးသည့်ခရီးသည် လမ်းကောင်း လမ်းချောဖြစ်သည်။

ကီလိုမီတာ ၂၀၀ လောက်က တောင်တက်လမ်းဖြစ်သည်၊ တောင်ထိပ်ရောက်လေ S အကွေ့ကောက်တွေ များလာသည်၊ ကားထဲမှာ ခလောက်ဆန်နေသည်၊ သူငယ်ချင်းအချို့လဲ ကားမူးသဖြင့် စားသမျှ အန်ထုတ်ပြစ်ရသည်။ စာရေးသူလဲ အတော်ကို ကြိတ်မိတ်ထားရသည်၊ နေ့လည် ၁၁-၃၀ လောက်ရောက်တော့ ရတနာဂီရိရောက်ဖို့ ကီလိုမီတာ ၉၀ လောက် လိုသေးသည့် မြို့လေးမှာ နေ့လည်စာ စားရန် အနားယူကြသည်၊ မြို့နာမည်က Makhjan ဟု ထင်သည်။ ထိုမြို့လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်တော်တော်များများ ရှိသည်၊ စာရေးသူတို့အဖွဲ့လည်း အဆောင်က ကြက်သားဟင်းချက်လာသဖြင့် Non-Vegetable ဆိုင်ကို ရွေးရသည်။ အဆင်ပြေသည်၊ ထိုဆိုင်မှာပဲ စခန်းချပြီး ဆိုင်မှ တချို့ဟင်းများကို မှာပြီး အဆောင်မှ ချက်ယူလာသော ဆွမ်းနှင့် ဟင်းအချို့တို့ကို ဒကာကြီး ဦးကျော်ဆွေက ကပ်သည်။

ရတနာဂီရိသို့ရောက်ခြင်း

နေ့ဆွမ်းအပြီး ခရီးဆက်ရာ တောင်တက် တောင်ဆင်းတွေ ရှိနေသေးပေမဲ့ အဆင်းလမ်းများသည်။ လမ်းတလျှောက် ငေးမောလာမိသည် တောတွေ တောင်တွေ စမ်းချောင်းတွေဖြင့် အရမ်းလှပါသည်၊ သာယာသည်၊ မြန်မာပြည် သီပေါမြို့ကို သွားသည့် နောင်ချို- ကျောက်မဲလမ်း ခြောက်ထက်ကွေ့ လမ်းပုံစံလဲ တွေ့ရသည်။ တောတွေ တောင်တွေ လမ်းတွေကို ငေးမောကြည့်ရင်း စဉ်းစားလာမိသည်၊ အိန္ဒိယအစိုးရသည် အလွန်တော်ပါသည်၊ သစ်တောတွေကို ကောင်းကောင်းထိမ်းသိမ်းနိုင်သည်၊ တောရောမြို့ရှိ ပြည်သူတွေကို လျပ်စစ်မီး လုံလုံလောက်လောက် ပေးနိုင်သောကြောင့် တောရွာများက ထင်းမီးမသုံး၊ မြို့ပေါ်တွေက လူတွေကလဲ မီးသွေးမသုံးဘဲ လျပ်စစ်နဲ့ ဂက်စ်မီးကိုသာ သုံးနေကြသည်။ ထိုကဲ့သို့ လျပ်စစ် မီးနှင့် ဂက်စ် စနစ်ကောင်းကြောင့် တောတောင်တွေ သစ်ပင်တွေ ယခုကဲ့သို့ တွေ့မြင်ရတာ ဖြစ်နိုင်သည်။ ဤမျှလောက် ဝေလံခေါင်သော နေရာတွေမှာ လမ်းတွေ ကောင်းအောင် တည်ဆောက်ပေးနေသော အစိုးရကို ကျေးဇူးတင်ရမှာ အမှန်ပင်ဖြစ်သည်။ တချို့လမ်းဆိုးသောနေရာတွေမှာ ကားဘီးခွန်ကောက်လျှင် ကားသမားများက မပေးကြ၊ လမ်းတော့ ကောင်းအောင် မပြင်ဘဲ ပိုက်ဆံတော့ တောင်းသည်ဟု ပုံစံမျိုးနဲ့ မပေးသည်ဟု ထင်သည်။ စာရေးသူတို့နိုင်ငံ မန္တလေးမှ မုံရွာ ရွှေဘို၊ ပဲခူးမှ မော်လမြိင်၊ ဘားအံတို့လို၊ ရန်ကုန်မှ မအူပင်၊ ဖျာပုံစတဲ့ ခရီးမျိုးဆိုရင် high way လမ်းဖြစ်သည်၊ အဲဒီလောက်ဝေးသည့် လမ်းခရီးမျိုးဆိုရင် အိန္ဒိယ မဟာရဋ္ဌပြည်နယ်မှာ ရှယ်လမ်းတွေ ဖြစ်သည်။ ၆ လမ်းသွား National high way လမ်းဖြစ်သည်။

တောတွေ တောင်တွေ စမ်းချောင်းတွေ ကွေ့ကောက်နေသော လမ်းတွေကို ငေးမောရင် ပင်လမ်းကမ်းခြေက ရတနာဂီရိမြို့သို့ နေ့လည် ၂ နာရီကျော်လောက်မှာ ရောက်သည်။ အရင်ဆုံး သီပေါမင်း၏ စံအိမ် သို့မေးမြန်းပြီး သွားခဲ့ကြသည်။ စံအိမ်သို့ရောက်ပါပြီ၊ စံအိမ်သမိုင်းနောက်ခံလေးကိုတော့ ဤသို့မှတ်သားရသည်။

သီပေါမင်းနှင့်အိန္ဒိယခရီး
သီပေါမင်းကို ၁၈၈၅ ဒီဇင်ဘာလမှာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထိုလ ၁၀ ရက်နေ့မှာ ရန်ကုန်သင်္ဘောဆိပ်ကနေ အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ချနိုင်းမြို့ (ယခင် မဒ္ဒရစ်မြို့) သို့ ထိုလ ၁၄ ရက်နေ့မှာပဲ ရောက်သည်၊ ပင်လယ်ခရီး ၄ရက်ကြာသည်။ ထိုအချိန်မှာ ဘုရင့်မိဘုရား စုဘုရားလတ်မှာ တတိယသမီးတော် ဖွားခါနီး ကိုယ်ဝန်ရှိနေသည်။ တတိယသမီးတော်ကို ချနိုင်းမှာတွင် မွေးဖွားပြီး မကြာမီမှာပဲ အင်္ဂလိပ်အစိုးရ ပြင်သစ်ကို စိုးရိမ်နေတာကြောင့် ချနိုင်းမြို့မှာ ကြာကြာမထားဘဲ ရတနာဂီရိသို့ ၁၈၈၆ ဧပြီလမှာ ပို့သည်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပင်လယ်ခရီး ၆ ရက်ကြာသည်။ ချနိုင်းမြို့သည် ယခုအခါ အိန္ဒိယပြည်ကြီး၏ မြို့တော် ၅ ခုတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အိန္ဒိယမြေပုံအရ အိန္ဒိယပင်လယ်အနီးရှိ ချနိုင်းမြို့မှ အာရဗျပင်ပင်လယ်ရှိ ရတနာဂီရိသည် ပင်လယ်လမ်းကြောအတိုင်း သွားလျင် ရသော်လည်း ကွေ့ကောက် ၀င်ရသည်။ ဘုံဘေမှဆိုလျှင်တော့ ဖြောင့်တန်းလျှက်ရှိသည်။ ကုန်းကြောင်းကသွားရင်တော့ ကားနှင့် ရထား အဆင်ပြေသည်၊ သို့သော တောင်တက် တောင်ဆင်းလမ်းများဖြစ်သည်။


သီပေါမင်းစံအိမ် (သို့) နန်းတော်

သီပေါမင်း စံအိမ်ကား ထိုရတနာဂီရိမြို့ပြင်က ပင်လယ်ကမ်းခြေမှာ တည်ရှိသည်။ ဒီခေတ်မှာတောင် ထိုစံအိမ်ရှိရာ ရတနာဂီရိမြို့သည် အလွန်ဝေးလံခေါင်သည့် ဒေသဖြစ်သည်။ ထိုခေတ်ကဆို ဒိထက်မက ခေါင်ပါလိမ့်မည်။ တောထူထပ်ပြီး တောရိုင်းတိရစ္တာန်တွေ ပေါနိုင်သည်။ ဆိုးခိုး တိုက်ခိုက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပုန်းအောင်တဲ့ နေရာဖြစ်သည်၊ မြို့ထဲရွာထဲ ထားလို့ မသင့်တော်တဲ့ နူနာစွဲနေတဲ့ ရောဂါသည်တွေ နေရာဖြစ်သည်။ ထိုနေရာကို အပို့ခံရသော တိုင်ပြည်၏ဥသျှောင်မဆိုထားနဲ့ သာမန်လူတန်းစားတောင် စိတ်ဓာက်ကျစရာ နေရာဖြစ်သည်။ မည်သူမဆို ထိုနေရာ ရောက်သူတိုင်း ကြောက်ရွံ့ ထိတ်လန့် စိုးရိမ်စိတ်တွေနဲ့ပဲ နေကြရလိမ့်မည်။

သီပေါမင်းသည် ထိုရတနာဂီရိ ရောက်ခါစက အင်္ဂလိပ်အစိုးရက ငှါးရမ်းပေးထားသည့် တစ်လုံးနှင့်တစ်လုံး ကိုက် ၄၀၀ လောက်ဝေးသည့် Outram hall နှင့် Baker’s Burgalow အိမ်နှစ်လုံးတို့မှာ ဘုရင်မိဖုရား နေကြရသည်။ ဆယ်နှစ်စာ ငှါးထားသည်ဟုဆိုသည်။ ထိုအငှါးစံအိမ်တော်နှစ်လုံးမှာ ၁၈၈၆ ခုနှစ်ကနေ ၁၉၁၀နှစ်အထိ ၂၄ နှစ်ကြာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရသည်ဟုဆိုသည်။ အဲဒီအချိန်မှာ ထိုဒေသရှိလူတွေ ပလိပ်ရောဂါခံစားနေကြရပြီ ဖြစ်သည်။ သီပေါမင်းသည်လည်း အငှါးစံအိမ်ကျဉ်းကျဉ်းလေးမှာပဲ၂၄ နှစ်လုံးလုံး အဲဒီဒဏ်တွေ ခံခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်း ကိုယ်ပိုင် ၁၉၁၀ ခုနှစ်မှာမှ စံအိမ်တော်ကြီးမှာ ၉ နှစ်လောက်သာ နေခွင့်ရပြီး ထိုရောဂါတွေနဲ့ပဲ နတ်ရွာစံသည်ဟုဆိုသည်။

စံအိမ်အသစ်

သီပေါမင်းပါတော်မူခြင်း၊ ထိုစံအိမ်မှာ ပြည်နှင်ဒဏ်ပေးခြင်း စတဲ့ အကြောင်းတွေကို တော်ဘုရားကလေး (အောင်ဇေ)၊ ချစ်ဦးညိုတို့လို စာရေးဆရာတွေ တော်တော်များ ရေးထားကြသည်။ တော်ဘုရားကလေးကတော့ ရတနာဂီရိမှာ ရှိတဲ့ စံအိမ်ကို အိန္ဒိယမီဒီယာနှင့် အင်္ဂလိပ်က သီပေါနန်းတော် (Thibaw Palace) ဟု သုံးထားပေမဲ့ သီပေါမင်းစံအိမ် (Royal residence)။ ဒါ့ပြင် အင်္ဂလိပ်အစိုးရက King thibaw ဟု သုံးရမည့်အစား King ကိုဖြုတ်ပြီး Thibaw ဟု သုံးတာကိုလဲ မကြိုက်။ မှန်ပါသည် ကိုယ်လေးစား ကြည်ညိုတဲ့ ဘုရင်ကို မည်သူမဆို ဒီလိုပဲ ဖြစ်ပါလိမ့်မည်။
မြန်မာဘုရင်ကို အိန္ဒိယမှာ နေအိမ်အကျယ်ချုပ်ချထားသလို အိန္ဒိယ၏ နောက်ဆုံး ဘုရင် ဇဖားရှား (Zafar Shah) ကိုလဲ King ဆိုတဲ့ ဂုဏ်ထူးဆိုတာကို ဖြုတ်ပြီး မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ထားသည်။ ဇဖားရှားလမ်း (zafar shah road) အမည်ပေးကာ လမ်းနာမည်လဲ ထားခဲ့သည်။

အင်တာနက် စာမျက်နှာပေါ်မှာ ‘‘စံအိမ်အသစ် ဧရိယာမမှာ ဧက ၂၃ရှိသည်၊ နန်းတော်ဟု ဆိုသော စံအိမ်အသစ်ကို ကျွန်းသားများ နေရောင်ပြန် အီတလီ ရောင်စုံမှန်ပြတင်းများဖြင့် လှပစွာတည်ဆောက်ထားသည်ဟု ရေးထားတာတွေ့ရသည်။ အိမ်၏ပုံစံသည်လည်း Pagoda style နှင့် ထိုအိမ်၏တည်ဆောက်ရေးကာလသည် ၂ နှစ်ဟု ရေးထားသည်။ Main building ပင်မအဆောက်အဦးကြီးမှာ ပေ-၁၉၇ အလျားရှိပြီး အနံမှာ ၁၄၁ ပေရှိသည်ဟုလဲ ဖော်ပြထားသည်။ သီပေါဘုရင်နှင့် သူ၏မိဘုရားတို့သည် ထိုစံအိမ်မှာ စိတ်ဓာတ်ကျခြင်း ငြီးငွေ့စွာ နေခဲ့ရရှာသည်၊ သိပေါမင်း မန္တလေးကို ပြန်ပို့ဖို့ စာအကြိမ်ကြိမ်ရေးပြီး အာဏာရှင်တွေထံ ပေးခဲ့သည်၊ ဒေလီဒါဘာပွဲသို့ အိန္ဒိယ မင်းသားတွေအနဲ့ အတူတက်ရောက်ဖို့ရန်လည်း မေတ္တာရပ်ခံခဲ့သည်၊ ထိုမေတ္တာရပ်ခံချက်အားလုံး ပယ်ခံရသည်။ နောက်ပြဿနာတစ်ခုက ငွေရေးကြေးရေးပင်ဖြစ်သည်၊ သီပေါမင်းနှင့် စုဘုရားလတ်တို့ ပါလာသည့် ကျောက်မျက်ရတနာတွေလဲ ထုခွဲရောင်းချလို့ ၁၈၉၀ နှစ်လောက်ကထဲက ကုန်နေပြီ။ သူတို့အတွက် ပေးသည့် ပင်စာလစာကလဲ အလွန်နဲသည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရထံ အသုံးစရိတ်ကို အကြိမ်ဖန်များစွာ တောင်းခဲ့ပေမဲ့ မပေးတဲ့အပြင် သူ၏အသုံးစရိတ်ကိုပါ ထိန်းချုပ်ခံရသည်။
၁၉၀၆ ခုနှစ်က သမီးတွေချည်း မွေးထားတဲ့ ဘုရင်ကြီးမှာ စိတ်မကောင်းစရာ သတင်းတစ်ခုကြားလိုက်ရတာ၊ သမီး ၄ ယောက်ထဲက ပထမသမီးတော်သည် ဂိတ်စောင့် အိန္ဒိယလူမျိုး Gopal Bhaurao Sawant နှင့် ကိုယ်ဝန်ရနေခြင်းပဲဖြစ်သည်။ အင်္ဂလိပ်အစိုးရက သမီးတော်လေးပါးကို တိုင်းတပါးသားတွေနဲ့ အိမ်ထောင်ကျအောင် တမင်လွတ်ထားခြင်းဖြစ်သည်ဟု တော်ဘုရားကလေးက ဆိုထားသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့သည်လည်း သမီးတော်လေး လေးယောက်အတွက် တိုင်းတပါးသားတွေရဲ့ ရန်ကြောင့် စိတ်မအေးဖြစ်နေရသည်။
သမီးတော်လေးတို့အကြောင်း အပြည့်အစုံကိုတော့ ရတနာပုံမှရတနာဂီရိ အမည်ရှိ တော်ဘုရားကလေး ရေးတဲ့ စာအုပ်တွင် အပြည့်စုံဖတ်နိုင်ပါသည်၊ သီပေါမင်းရဲ့ မြေးတော် မြစ်တော်များ ဖြစ်ကြတဲ့ တော်ဘုရားကလေးတို့ ကိုယ်တိုင် ရတနာဂီရိကို သွားပြီး မှတ်တမ်းတင်ခဲ့တဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလေးဖြစ်သည်။ အလွန်ကောင်းပါသည်။ ထိုစာအုပ်တွင် ဖတ်နိုင်ပါသည်။ စာရေးသူတို့ကိုယ်တိုင် ရောက်ခဲ့တဲ့ အကြောင်းကိုပဲ ဖော်ပြပါတော့မည်။
သီပေါမင်းစံအိမ် ယနေ့မြင်ကွင်း
စာရေးသူတို့ရောက်သော စံအိမ်အသစ်
ယခုအခါ စာရေးသူတို့အဖွဲ့ Thibaw Palace သီပေါနန်းတော်ဟု ဆိုသည့် တစ်ချိန်က သီပေါမင်း စံအိမ်အသစ်ဆီသို့ ရောက်ခဲ့သည်။ ထိုသီပေါမင်းနန်းတော်သည် နောက်ပိုင်း ရာစုနှစ်တစ်ခုအထိ အစိုးရရုံးတစ်ခု ဖြစ်ခဲ့သေးသည်။ ထို့နောက် ဘုံဘေတက္ကသိုလ်၏ အခွဲ တက္ကသိုလ်တစ်ခုလဲ ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့ နှစ်စဉ် အိန္ဒိယရူပီး ၂ သောင်းပေးပြီး ပြန်တောင်းသည်၊ ၁၉၉၉ ခုနှစ်မှ ပိုက်ဆံ မပေးရတော့ဘဲ သုတေသနအဖွဲ့ကနေ ထိမ်းသိမ်းခွင့်ရသည်။ ယခုအခါ ရှေးဟောင်းသုတေသန၏ ထိမ်းသိမ်းရေးအောက်မှာ ရှိသည်။
ပညာရေးစင်တာ တစ်ခုဖြစ်ခဲ့သောကြောင့် ထိုနန်းတော်ထဲမှာ သီပေါမင်းနဲ့ပတ်သက်ပြီး ဘာမှမရှိတော့၊ အဆောက်အုံကြီးသာ ကျန်တော့သည်၊ ယခုမြင်တွေ့နေရသော စံအိမ်ရှိ မျက်နှာစာအလှများသည် ပညာရေးစင်တာဖြစ်တုန်းက ပန်းခင်းအလှများဖြစ်ဟန်တူသည်၊ ဘယ်ညာ နားနေဆောင် ၂ ခုလဲ မပြီးသေးဘဲ ထားခဲ့ပုံရသည်။
သီပေါမင်း အစဉ်အဆက် အသုံးပြုခဲ့သော ဒေါင်းတံဆိပ်

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့ နားလည်မှုအရ ရှေးဟောင်းသုတေသနအဖွဲ့က ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုထားသည်။ အခုမြင်တွေ့နေရတဲ့ အဆောက်ဦးကြီးကတော့ နန်းတော်၏ နှစ်ထပ် ပင်မစံအိမ် ဖြစ်သည်၊ ထိုပင်မအဆောင်ကြီးကို ယခုအခါ ပိတ်ထားသည်၊ ဘယ်သူမှ မ၀င်ရ၊ နောက်မှ တွဲထားသည် အခန်း သုံးခန်းပါသည့် အဆောင်ငယ်တစ်ခုကို အပေါ်လှေခါးဖြင့် ဆက်စပ်ထားသည်၊ ထိုအခန်း ၃ ခန်းတွင် ဘယ်ဘက်အခန်းမှာ အိန္ဒိယလူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားရုပ်များကိုထည့်ထားပြီး ပြတိုက်အဖြစ်ထားသည်။ အလယ်ခန်းကိုတော့ သီပေါမင်း ဓာတ်ပုံကြီးတစ်ပုံ၊ ကုလားထိုင်များနှင့် ပထမသမီးတော်နှင့်အိန္ဒိယသားနဲ့ ရသောမြေးတော် တုတု ပုံကလွဲ ဘာမှမရှိ။ ညာဘက်အခန်းမှာတော့ ဟိန္ဒူများ ကိုးကွယ်တဲ့ ရှီဝလိင်ကြီး တင်ထားသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ အဆောင်နှစ်ခုအကြား အပေါ်ကနေ အောက်ငုံ့ကြည့်လိုက်ရင် ရေပန်းအလှကန်တစ်ခုကို တွေ့ရသည်။
မီးဖိုဆောင်နှင့် အဆောင် ၂ တွဲ၏အလယ်က ရေပန်းနှင့်ရေကန်
နောက်တွဲအဆောင် အောက်ထက်မှာတော့ ရုံးခန်းအဖြစ်ထားသည်၊ ရှေ့ပင်မအဆောင်၏ အောက်ထက်တစ်ခုလုံးရော အပေါ်ထပ်ပါ ပိတ်ထားသည်။ အမှတ်ရစရာဆိုလို့ အဆောက်ဦးကြီးသာ ကျန်တော့သည်။ မြန်မာ့အဆောက်ဦးပုံစံနဲ့တော့ တူသည်၊ အထူးသဖြင့် လှေခါးများကို ကျွန်းသားများဖြင့် ပြုလုပ်ထားခြင်းပဲ ဖြစ်သည်၊ အိန္ဒိယမှာ များသောအားဖြင့် ကျွန်းသားမသုံးဘဲ သံ စတီးလ် အုဋ္ဌ် အင်္ဂတေများကိုသာ အသုံးများသည်။ ထိုပင်မဆောင်ကြီး၏ အောက်ထက်နှင့်ဆက်သွယ်ထားသော အနောက်ဘေးမှာ မီဖိုဆောင်ရှိသည်။
နောက်ဆက်တွဲ အဆောင် ၃ခန်းမှ တည်ခင်းပြသထားသော ပုံများ
ဓာတ်ပုံနှင့် ကုလားထိုင်များသာကျန်
စိတ်မကောင်းစရာ မြင်ကွင်း


သံဝေဂ

အဆောက်ဦးများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့မိသည်။ တစ်ချိန်က ကိုယ့်မြေ ကိုယ်ပြည်မှာ စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့ဘ၀ကနေ သူတပါး၏ သွားဆိုသွား စားဆိုစား ထားမှနေရ ကျွေးမှ စားရမည့် သူများ၏ ‘‘စေ’’တစ်လုံးအောက်အခြေနေသို့ ရောက်သွားခဲ့ရသည်။ ဘ၀မှာ ဘာမှ ထာဝရပိုင်ဆိုင်တာမရှိ၊ တန်ခိုးအာဏာ စည်းစိမ်တို့သည် ကိုယ့်အလိုသို့ မလိုက်နိုင်ပေ၊ အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးကို လွမ်းမိုး ခြယ်လှနိုင်သော ဘုရင်အသောကမင်းသည် သေခါနီးအချိန် ဆီဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်သွားသည်။ ကိုယ့်နောက် အရိပ်ပမာ ပါနိုင်သည်ကား ချစ်ခင်လေးစားတတ် နုညံ့သော မေတ္တာတရား၊ ကြင်နာတတ် စာနာတတ်သော ကရုဏာ၊ သူတပါး၏အောင်မြင်မှုအပေါ် ၀မ်းသာနိုင်တဲ့ မုဒိတာ စတဲ့ ကောင်းမြတ်တဲ့ စိတ်ထားနဲ့ ကုသိုလ်တရားများပင်ဖြစ်သည်။
သားအဖနှစ်ယောက်၏ အုဋ္ဌ်ဂူ

ထိုစံအိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ အသက် ၅၈နှစ်အရွယ်မှာ နတ်ရွာစံသွားတဲ့ သီပေါမင်း အုဋ္ဌ်ဂူနှင့် ပထမသမီးတော်တို့ အုဋ္ဌ်ဂူ နှစ်ခုကို ယှဉ်တွဲလျက်တွေ့ရသည်၊ အုဋ္ဌ်ဂူနှစ်ခုကိုလည်း ပုံစံတူ အရွယ်တူ လုပ်ထားသည်။ ထိုဂူနှစ်ခုသည် ယခုအခါ လူနေအိမ်ရပ်ကွက်ထဲမှာ သံစကာများ ကာရံပြီး စောင့်ရှောက်ထားသည်။ လူနေအိမ်များ၏ အလည်မှာ သူတို့ ၂ ယောက်တည်း အထီးကျန်စွာ နေနေရသည်ကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ အာဏာရှိစဉ်က ဘုရင်ကြီးသီပေါမင်းသည် ယခုလို အဖြစ်မျိုးနဲ့ကြုံပြီး တိုင်းတပါးမှာ ဒီလို လာပြီ ဒီပုံစံနဲ့ သေရလိမ့်မယ်ဟု တခါမှ တွေးထားလိမ့်မည်မဟုတ်။ သံဝေဂ ရစရာပင် လောကမှာ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။

ကြိုတင် မသိနိုင်တဲ့ အရာ ၅ မျိုး

၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)
ကြိုတင်မသိနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်မှာ ထာဝရ ဘာပိုင်ဆိုင်ထားတာ ရှိနေသလဲ? လောကနဲ့ သာသနာအတွက် ဘာသမိုင်းကောင်းတွေ ချန်ထားနိုင်မလဲ ဆိုတာတွေကိုပဲ ကြိုတင် စဉ်းစားသင့်လှသည်။
ခရီးစဉ်ကို စပွန်ဆာပေးသော ဒကာဦးကျော်ဆွေနှင့် ရတနာဂီရိကမ်းခြေ အမှတ်တရ
ရတနာဂီရိ ကမ်းခြေကိုလည်း ရောက်ခဲ့ပါသည်

မှတ်ချက်။ ။ သီပေါမင်းပါတော်မူခြင်း story သည် ကျယ်ဝန်းလှသည်၊ စာရေးသူ၏ ပို့စ်တွင် ရောက်ခဲ့သည့် အမှတ်တရဖြစ်ရုံလောက်သာ မှတ်စုရေးခြင်းမျှသာ ဖြစ်သည်။

ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၁

Read more...

အထင်မကြီးကြနဲ့

  • လူတွေဟာကိုယ်ရဲ့အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
  • သိပ်မှန်သောစကားလေးပါပဲ။လူအများဟာ မိမိတို့ရထားသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေကို မရောင့်ရဲမတင်းတိမ်ကြလို့ လောဘတွေဖြစ်၊ ဒေါသတွေဖြစ်၊ မောဟတွေဖြစ် ပြီး အကုသိုလ်ကို အထုပ်အထည်ကြီးထုပ် နောင်ဘ၀ပေါင်းများစွာကို သယ်ဆောင်နေကြတာ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပေသည်။ မိမိတို့၏ ရထားပြီးသော ဘ၀ပေးအခြေအနေတိုင်းနေပြီး ဘ၀ပန်းတိုင်ကို တစ်လှမ်းချင်း လျှောက်လှမ်းမယ်ဆိုရင် အမြင့်ကိုလှမ်းသော ခြေလှမ်းဟာ အလယ်လပ်စရာ အကြောင်းမည်သို့ရှိမည်နည်း။ အလှမ်းကျယ် အလယ်လပ်ဆိုသော စကားသည်ကား အဘယ်မှာ မှန်မည်နည်း။ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်နေတဲ့ဘ၀ ပေါင်းစပ်တာ သဘာဝကျရင် တစ်နေ့ ပန်းတိုင်ဟာ မိမိ၏ ရင်ဝယ်လာရောက်ခိုလှုံရမည်မှာမလွဲပေ။ သို့ကြောင့် လူတိုင်းဟာ မိမိတို့ဘ၀ မိမိ ရောင့်ရဲတင်းတိမ်ပြီး လိုအပ်တာတွေ မှန်မှန်လျှောက်လှမ်းဖြည့်ကျင့်ပြီး အေးချမ်းသာယာသော ဘ၀ရည်မှန်းချက်တွေ ပြည့်ဝကြပါစေ။ ။

Read more...

ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း

ကျွန်ုပ် (ကျီးမနိုးတင်ဝင်း) နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဦးရွှေသိန်းတို့သည် ရွှေတိဂုံစေတီတော်ကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတဆိုင်တွင် လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရင်း ဦးရွှေသိန်း-က
“ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။

(ကျီး)...ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။
ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။


ကျီး...“သက်သေအထောက်အထားနဲ့ပြရင် ယုံတာပေါ့ ဆရာ၊ ဘယ်လောက်ခိုင်မာတဲ့ သက်သေအထောက်အထားလဲ”ဟု အလောတကြီး မေးလိုက်၏။
ကိုကျီးမနိုးကတော့ ရဲအရာရှိပီပီ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဘာတွေနဲ့ အတိအကျမေးနေပြန်ပြီ၊ ဒီလိုဗျ...ကျွန်တော့်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-နီးပါးက ကြေးမုံသတင်းစာ တစောင်ရှိတယ်။ အဲဒီသတင်းစာထဲမှာ ရွှေတိဂုံဘုရားအောက်က လိုဏ်ဂူထဲရောက်ပြီး လိုဏ်ဂူထဲက ရေပေါ်မှာ ဆံတော်တွေ ဌာပနာထားတဲ့ ရွှေလှေကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူ လူအကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပါတယ်ဗျ။


ဟင်-ဟုတ်လား
ဟုတ်တယ်ဆရာရေ...နောက်နေ့ကျ အဲဒီသတင်းစာကို ယူလာပြမယ်၊
ဤသို့ဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ဦးရွှေသိန်းသည် နောက်တနေ့တွင် လွန်စွာမှ ဟောင်းနွမ်းနေပြီး လွန်စွာမှ ဆွေးမြည့်နေပြီဖြစ်သော ကြေးမုံသတင်းစာတစောင်အား ပေး၍ ကျွန်ုပ်လည်း ချက်ချင်းပင် သတင်းစာအားယူ၍ ကြည့်လိုက်ရာ---


(၁၃၂၉)ခု တပေါင်းလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့၊ (13.3.68)၊ (၁၃၄၂)ခု ရက်စွဲများ ရေးထားသော
ကြေးမုံသတင်းစာအား ခေါင်းစီးဒီဇိုင်းအနီရောင်ဖြင့် တွေ့လိုက်ရ၏။
(မှတ်ချက်။ ။ သတင်းစာပေါ်ရှိ ရက်စွဲများမှာ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြထားခြင်းဖြစ်၏)


သတင်းစာ၏ မျက်နှာဖုံးစာမျက်နှာတွင် ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံနှင့်အတူ-
ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်း ဆံတော်တွင်း ဗိသုကာလက်ရာများ ရင်သပ်ရှုမောဖွယ် ဆန်းကြယ်လှ၊ လွန်ခဲ့သည့် နှစ် ၆၀-ကျော်က ဝင်ရောက်ခဲ့ဖူးသူက ဂေါပက အဖွဲ့သို့တင်ပြခြင်း...ဟူသော စာသားများကို တွေ့လိုက်ရ၏။ သတင်းနှင့်အတူ ဌာပနာတိုက်အတွင်းသို့ ဆင်းလာခဲ့ဖူးသူ၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့လိုက်ရပြန်၏။


ထိုသတင်းအား ဖတ်ပြီး လွန်စွာမှ အံ့သြသွားကာ ဤအကြောင်းအရာအား မသိရှိသေးသူများ၊ ဗဟုသုတ ရှာဖွေလိုသူများအား သိစေလိုသောစေတနာဖြင့် သတင်းအား မိတ္တူကူးယူခြင်း၊ ဓာတ်ပုံများအား မိတ္တူ ကူးယူခြင်းများ ပြုလုပ်လျက် သတင်းစာထဲတွင် တွေ့ရသည့် စာလုံးပေါင်းသတ်ပုံများအတိုင်း တလုံးမကျန်အောင် ဂရုစိုက်ပြီး စနစ်တကျကူးယူ၍ မဂ္ဂဇင်းတိုက်သို့ မနှေးအမြန် ရေးပို့လိုက်ရပေသတည်း။


ရန်ကုန်၊ မတ်လ (၁၂) ---
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အောက် ပေ ၆၀-ခန့်တွင် ဆံတော်တွင်း ဌာပနာတိုက်ကြီး ရှိသည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်မြတ်များသည် ကရဝိက်ရွှေလှေပေါ်တွင် ကိန်းဝပ်လျက်ရှိသည်။ ဆံတော်တို့ ကိန်းဝပ်ရာ ဌာပနာတိုက်သည် ဗိသုကာလက်ရာအားဖြင့် အံ့မခန်း ဆန်းကြယ်လှသည်ဟု ဆံတော်ဌာပနာတိုက်သို့ ဝင်ရောက်ခဲ့ဖူးသည်ဆိုသူ အာမေးနီးယားလူမျိုး မစ္စတာဒီ အက်စအပရမေ (၇၃)နှစ်က ယနေ့ ကြေးမုံနှင့်တွေ့ဆုံရာတွင် ပြောပြလိုက်သည်။


နှစ် ၆၀-ကျော်---
မစ္စတာအပရမေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀-ကျော် (၁၉၀၄)ခုနှစ်က ဆံတော်ကိန်းဝပ်ရာ ဌာပနာတိုက် အတွင်းသို့ ဆင်းသက်ကြည့်ရှုဖူးခြင်းဖြစ်သည်ဟု ဆို၏။


ဂေါပက---
မစ္စတာအပရမေက ရွှေတိဂုံစေတီ ဌာပနာတိုက် တည်ဆောက်ထားပုံကို ပုံစံဆွဲကာ ရွှေတိဂုံဂေါပကအဖွဲ့သို့ တင်ပြထားရာ ဂေါပကအဖွဲ့ဝင်များကလည်း မစ္စတာအပရမေကို တွေ့ဆုံမေးမြန်းပြီး ထိုနေရာကို လိုက်လံပြသစေသည်။


ဌာပနာတိုက်လိုဏ်ဂူမှာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာတွင် ရှိသည်ဆိုသော်လည်း နောက်တိုးတန်ဆောင်းနှင့် ဘုရားများ ထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိဘဲ ဆုတောင်းပြည့်စေတီ၏ လိုဏ်ဂူအောက်တွင်ရှိမည်ဟုသာ ခန့်မှန်းညွှန်ပြသွားနိုင်သည်ဆို၏။


သော့ခတ်---
အထူးအဆန်း မြင်တွေ့လိုသူများ၊ မသမာသူများ နှောင့်ယှက်နိုင်ခြင်းမရှိစေရန် ဆုတောင်းပြည့် စေတီ လိုဏ်ဝကို ဂေါပကအဖွဲ့က သံတံခါးပိတ် သော့ခတ်ထားလိုက်ပြီး မစ္စတာအပရမေ၏ တင်ပြချက်များကို
လေ့လာစူးစမ်းလျက် ရှိသည်ဟု သိရသည်။


ငယ်ငယ်ရွယ်ရွယ်---
မစ္စတာအပရမေကို ယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းရာတွင် (၁၉၀၄)ခုနှစ်၊ မိမိအသက် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းဖြစ်သူ ဘမွှေး၊ ဘနှစ်၊ ဘအေး၊ မောင်ချစ် ဆိုသူတို့နှင့်အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြပါသည်။


ရသေ့ကြီး---
ရွှေတိဂုံရင်ပြင်တော်၏ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) ရှိ ဌာပနာတိုက်အဝသို့ ရောက်သောအခါ ရသေ့ကြီးတပါးကိုတွေ့၍ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲသို့ ဆင်းခဲ့ကြပါသည်။


ယောဂီတွေ့---
ရသေ့ကြီး၏ ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲသို့ ဆင်းသွားရာတွင် လမ်းတလျှောက်လုံး ယောဂီဝတ်နှင့် နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇)ဦးကို (၈)ပေ, (၉)ပေခြား တယောက်ကျစီ တွေ့ရပါသည်။


(၃၆)ခန်း---
ဌာပနာတိုက်အောက်ပိုင်းတွင် လှေကားထစ်များ ထပ်မံတွေ့ရပါသည်။ ပတ်ပတ်လည်၌ အခန်း (၃၆)ခန်းဖွဲ့လျက် အုတ်များဖြင့် တည်ဆောက်ထားပါသည်။ အလယ်တိုင်မရှိဘဲ ခံ့ညားစွာ အခိုင်အမာတည်ဆောက်ထားသည်။


ရေတွင်း---
အခန်း ၃၆-ခန်း၏ အလယ်ဗဟိုတွင် (၁၀)ပေပတ်လည်ခန့်ရှိ ရေတွင်းတတွင်း ရှိပါသည်။ ထိုရေတွင်းသည် ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်ပါသည်။


ကရဝိက်လှေ---
ထိုရေတွင်းထဲ၌ အလျား ၆-ပေခွဲခန့်ရှိ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ကရဝိက်လှေတစင်းကို တွေ့ရပါသည်။ ထိုလှေသည် ဒီရေအတက်အကျအလိုက် ရေတွင်းထဲ၌ အနိမ့်အမြင့် လှုပ်ရှားနေပါသည်။ ထိုလှေသည် ထိုခေတ်ကာလ၌ တန်ဖိုးအရပင် လေးသိန်းထက်မနည်း တန်မည်ဟု ခန့်မှန်းရကြောင်း လူကြီးသူမများ ပြောကြားခဲ့သည်ကို ကြားခဲ့ရပါသည်။ ထိုကရဝိက်ရွှေလှေပေါ်တွင် ဆံတော်များဟု ယူဆရသော ဌာပနာများ ကိန်းဝပ်လျက်ရှိသည်ကို တွေ့ရပါသည်။ သို့သော် ပဝါလွှမ်းထား၍ ဆံတော်ဟု အတိအကျမပြောနိုင်ပါ။


လင်းထိန်---
ဌာပနာတိုက်၏ ထူးခြားချက်မှာ တခန်းလုံးလင်းနေခြင်းပင် ဖြစ်ပါသည်။ တခုသောအလင်းရောင်သည် ချိန်ခါမရွေး ရွှေလှေပေါ်သို့ ထိုးစိုက်ကျရောက်နေခြင်းကြောင့် ဖြစ်ပါသည်။


ဤမျှ ထုထည်ကြီးမားသော စေတီအဆောက်အအုံကြီးကိုပင် ပင်မအလယ်တိုင်မပါ၊ သံရက်မ, မရှိဘဲ ကျောက်တုံးကျောက်ခဲများဖြင့်သာ တည်ဆောက်ပြီး ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံမှာ ရှေးဗိသုကာများ၏ ပြောင်မြောက်သော အံ့မခန်းလက်ရာဖြစ်ပါသည်။


သုတေသန---
ထိမျှ ခမ်းနားဆန်းကြယ်သော ဌာပနာတိုက်ကို မိမိကိုယ်တွေ့ မြင်ခဲ့ရခြင်းကြောင့် နှောင်းလူများ သုတေသနပြုနိုင်စေရန် မသေမီ ဖော်ထုတ်ပြောကြားလိုသောဆန္ဒ ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ဂေါပကအဖွဲ့ကို တင်ပြခဲ့ခြင်းဖြစ်ပါသည်ဟု ပြောပြလိုက်သည်။


ဇာတိ---
မစ္စတာဒီအက်စ် အပရမေသည် လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း)အမှတ် ၂၅-တွင် (၁၈၉၅)ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ မစ္စတာအက်စ် အပရမေ နှင့် မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်သည်။


မိသားစု---
မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး (၁၉၁၃)ခုနှစ်တွင် ဘာလ်သာဇာကုမ္ပဏီသို့ ဝင်ရောက် အလုပ်လုပ်ခဲ့သည်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေ ဆိုသူနှင့်အိမ်ထောင်ကျပြီး သားသမီးငါးယောက် ထွန်းကားသည်။

ပန်းချီဆွဲ---
ယခုအခါ သားသမီး မြေးများနှင့်အတူ နတ်စင်၊ ဘောက်ထော်၊ (ဇ)ရပ်ကွက်၊ အမှတ်(၁၆၈)(ဃ)တွင် နေထိုင်လျက်ရှိသည်။ အားလပ်ချိန်တွင် ရွှေတိဂုံဌာပနာတိုက် အနေအထားပုံကို ပန်းချီရေးဆွဲလျက်ရှိသည်ဟု သိရ၏။


ကျီးမနိုးတင်ဝင်း (ပေါင်းတည်)
(ဂမ္ဘီရ ၂၀၀၇-၁၂)

Read more...

ဇင်ဘုန်းကြီးပြောသော ထေရဝါဒ ဗုဒ္ဓဘာသာ (အပိုင်း-၁)

Monday, 24 October 2011 02:54

ဗုဒ္ဓဟာ အိန္ဒိယနိုင်ငံ မဟာဗောဓိပင်အောက်မှာ ဉာဏ်အလင်းကိုရရှိတော်မူခဲ့တယ်။ အဲဒီနောက်သူဟာ ဓမ္မကို စတင်ဟောပြောခဲ့တယ်။ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ အာယတန တစ်ဆယ့်နှစ်ပါး အကြောင်းတွေကို သင်ကြားပေးခဲ့တယ်။ ဘဝဆိုတာ ဆင်းရဲ၊ ဆင်းရဲဆိုတာ ဘဝ ဆိုတာကိုပါ သင်ကြားပေးခဲ့ပြီး၊ အဲဒီ ဆင်းရဲနဲ့ ဘဝ, ဘဝနဲ့ ဆင်းရဲကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာကိုပါ သင်ကြားပေးခဲ့တယ်။ ဗုဒ္ဓရဲ့ (ရှေးကျတဲ့) မူလတရားဓမ္မရဲ့ တစ်ခုသောနာမည်ကတော့ “ထေရဝါဒဗုဒ္ဓဘာသာ” ပဲ ဖြစ်တယ်။

မတည်မြဲတဲ့သဘောကို ထိုးထွင်းသိမြင်တတ်ခြင်း (Insight into impermanence) ဟာ ဗုဒ္ဓရဲ့ အခြေခံအကျဆုံး သင်ကြားမှုဖြစ်တယ်။ ဒို့တွေအားလုံး ကြုံတွေ့ဖူးကြတဲ့ ဆင်းရဲမျိုးစုံတို့ရဲ့ အခြေခံဟာ “မတည်မြဲမှု” ဖြစ်တဲ့အတွက် ဗုဒ္ဓဟာ အဲဒီသဘောကို ပထမဦးဆုံး သင်ကြားပေးခဲ့တာဖြစ်တယ်။

လောကကြီးကို ကြည့်ကြည့်လိုက်ပါ။ အရာရာဟာ အမြဲတမ်းပဲ ပြောင်းလဲ, ပြောင်းလဲ, ပြောင်းလဲ, ပြောင်းလဲနေတယ်။ ဒါဟာ စကြာဝဠာတစ်ခုလုံးရဲ့ အခြေခံသဘာဝပဲ ဖြစ်တယ်။

မြစ်ကြီးတစ်ခုဆီကိုသွားလိုက်ပါ။ တံတားကို ဖြတ်လျှောက်လိုက်ပါဦး။ အဲ့ဒါ… (၈) နာရီလောက်မှာ ဆိုပါတော့။ တစ်နာရီလောက်အကြာမှာ ပြန်လှည့်ခဲ့ပါ။ တံတားကိုပါ ပြန်ပြီးဖြတ်လျှောက်လိုက်ပါဦး။ (အဲဒီမှာ) မင်းဟာ မူလမြစ်ကြီးကို ဖြတ်လျှောက်နေတာ မဟုတ်တော့ပါဘူး။ (တံတားအောက်မှာ စီးနေတဲ့) ရေထုဟာ လုံးဝကို ကွဲပြားခြားနား သွားခဲ့ပါပြီ။ မြစ်ကြီးဟာ အတူတူ မဟုတ်တော့ပါဘူး။ (၈) နာရီလောက် တုန်းက မင်းတွေ့ခဲ့တဲ့ ရေထုဟာ စီးသွားနှင့်ပါပြီ။ ပြီးတော့ (၉) နာရီမှာ မင်းတွေ့နေရတဲ့ရေထုဟာ မူလ(၈)နာရီတုန်းက တွေ့ခဲ့ရတဲ့ ရေထု မဟုတ်နိုင်တော့ပါဘူး။ ရေအလျဉ်ကတော့ ဆက်လက် စီးဆင်းမြဲ စီးဆင်းနေတာပါပဲ။

မင်းက “အိုး၊ ဒါဟာ ဟာဒ့်ဆန် မြစ်ကြီးပဲ” လို့ မင့်သူငယ်ချင်းကို ပြောလိုက်မယ်။ အဲ..၊ နောက်တစ်နာရီအကြာမှာ မင်းပြန်လှည့်လာမယ်။ မင်းဟာ (အဲဒီတော့လဲ) “ဟာဒ့်ဆန်မြစ်ကြီး” လို့ ခေါ်နေတုန်းပါပဲ။ တကယ်တော့ အဲဒါဟာ မမှန်ပါဘူး။ (၈)နာရီတုန်းက ဟာဒ့်ဆန်မြစ်ဟာ (လက်ရှိဟာဒ့်ဆန်နဲ့) ဘယ်နည်းနဲ့မှ အတူတူမဟုတ်နိုင်ပါဘူး။ ဟုတ်တယ်။ အပြင်ပန်းသဏ္ဍာန်ကတော့ တူပါရဲ့၊ ဒါပေမယ့် အတွင်းသား (ရေထု) ကတော့ ပင်လယ်ထဲကိုသွားနှင့်ပြီလေ။ အဲလိုပါပဲ..၊ မြစ်ကြီးဟာ ခဏတိုင်း ခဏတိုင်းမှာပဲ အမြဲမပြတ်ကို ပြောင်းလဲနေပါတယ်။

မနက်ပိုင်း အိပ်ယာကထတဲ့အခါ၊ မင်းရဲ့ခန္ဓာကိုယ်ဟာ ညတုန်းကနဲ့စာရင် နည်းနည်းလေးဖြစ်ဖြစ်တော့ ကွာခြားသွားခဲ့ပြီလေ။ အစိတ်အပိုင်းအများစုကို ကြည့်လိုက်ရင် ခုနေအခါမှာ မင်းဟာ ခန္ဓာအသစ်ကို ရရှိပိုင်ဆိုင်ထားတယ် (လို့ ပြောရမှာပါပဲ)။ ကုန်ကုန်ပြောရရင် မင်းအိပ်နေစဉ်မှာပဲ မင့်ခန္ဓာရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ သိမ်သိမ်မွေ့မွေ့ကလေးကို ပြောင်းလဲသွားခဲ့ပြီး ဖြစ်တယ်။

မင်းရဲ့အပြင်ပန်း သဏ္ဍာန်ကတော့ တူတူပဲလို့ ထင်ကောင်းထင်ရမယ်။ သို့သော်.. ကိုယ်တွင်းမှာကတော့…၊ မနေ့က မင်းစားခဲ့သမျှ အစာတွေဟာ ကြေညက်သွားခဲ့ပြီ၊ မင်းရဲ့ မျက်နှာ၊ သွားနဲ့ အရေပြားတို့ဆီ (အာဟာရအဖြစ်) ရောက်သွားခဲ့ကြပြီ။ ဒါ့အပြင်..၊ အသုံးမကျတော့တာတွေ အားလုံးကတော့ ဆီး၊ ဝမ်း (မစင်) အဖြစ် ပြောင်းလဲ စီးဆင်းသွားခဲ့ကြပြီလေ။

ဟော.. ခုမနက်စောစောမှာ မင်းရဲ့မျက်နှာဟာ မနေ့ကထက် အိုစာသွားခဲ့ပြီ။ ဒါပေမယ့်လည်း မင်းကတော့ အဲလိုမြင်သာတဲ့ ခြားနားသွားမှုတွေကိုတောင်မှ သတိပြုမိချင်မှ ပြုမိမှာပါ။ ဒါနဲ့..၊ ခုနစ်နှစ်ကြုံတိုင်း ကြုံတိုင်းမှာ မင်းမှာ လုံးဝပြည့်တဲ့ ခန္ဓာကိုယ်ပုံစံအသစ် (တစ်မျိုးစီ) ကို ရရှိပိုင်ဆိုင်လေ့ရှိတယ် (လို့ ငါပြောမယ်)။ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ကလာပ်စည်း (cells) တစ်ခုစီဟာ (အသစ်ကလာပ်စည်းတွေနဲ့) အစားထိုး ခံလိုက်ရလို့ပါပဲ။ ဒါပေမယ့်..၊ ဘယ်သူမှ ဒါကို နားမလည်ကြဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ နာရီတိုင်း နာရီတိုင်းမှာ လုံးဝကို ပြောင်းလဲနေတယ်ဆိုတာ သဘောမပေါက်နိုင်ကြဘူး။

“လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ ပဲရစ် ကို သွားခဲ့တယ်” လို့ တစ်ယောက်ယောက်ကများ ပြောလိုက်မယ်ဆိုရင်၊ ဒါဟာ ဦးနှောက်မဲ့တဲ့ ပြောဆိုမှုမျိုးပဲ ဖြစ်လိမ့်မယ်။ ဟိုး.. ဆယ်နှစ်အလွန်က အခြားခန္ဓာကိုယ်တစ်ခုဟာ ပဲရစ်ကို သွားခဲ့တယ်။ သို့သော် အဲဒီခန္ဓာဟာ (ဆယ်နှစ်အလွန်က ငါ ပဲရစ်ကို သွားခဲ့တယ် လို့ ပြောနေတဲ့) ခန္ဓာနဲ့ အတူတူ (ထပ်တူ) မဟုတ်တော့ပါဘူး။ အဲဒါမျိုးကို “မတည်မြဲမှု” (impermanence) လို့ ခေါ်တယ်။

ဒါဟာ (ဒီမတည်မြဲမှုဟာ) လူသားတွေမှာလောက်တင် ဖြစ်တာမဟုတ်ဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကမ္ဘာကြီးဟာ နေလုံးကြီးကနေ ဆင်းသက်လာခဲ့တယ်။ လမင်းကြီးကတော့ ဒီကမ္ဘာဆီကနေ ဆင်းသက်လာခဲ့တာပေါ့။ ဒါကြောင့်ပဲ လ, ဟာ ကမ္ဘာကိုလှည့်တယ်၊ လ နဲ့ ကမ္ဘာကတော့ နေကိုလှည့်နေကြရတယ်။

တစ်နေ့နေ့မှာ..၊ ဟိုး နောင်နှစ်ပေါင်းများစွာကြာဦးမယ့် တစ်နေ့နေ့မှာ နေလုံးကြီးရဲ့ စွမ်းအားဟာ ကုန်ခမ်းသွားလိမ့်မယ်။ နေလုံးကြီးဟာ ဖြည်းဖြည်း ဖြည်းဖြည်းချင်း အေးသထက် အေးလာလိမ့်မယ်။ နေလုံးကြီး အေးလာတာနဲ့အမျှ ကမ္ဘာကြီးကလည်း အေးသထက် အေးလာလိမ့်မယ်။ အဲဒီနောက်မှာတော့ တိရစ္ဆာန်တွေအားလုံး သေကြလိမ့်မယ်။ သစ်ပင်တွေလည်း သေကြလိမ့်မယ်။ လူတွေလည်း သေကြရမှာပါပဲ။ ဒို့တွေက မြဲတယ် (မြဲလိမ့်မယ်) လို့ ထင်နေကြတာတွေ အားလုံးဟာ အချိန်ကုန်တဲ့အခါ ဘာဆိုဘာမှ မကျန်တော့တဲ့ အနေအထားသို့ ဆိုက်ရောက်ကွယ်ပျောက်သွားလိမ့်မယ်။

(ဆက်လက်ပြန်ဆိုရေးသားပါမည်။)

မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)

Read more...

ကိုအေး၏ ဒဿန



“ကိုအေး၊ ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွံဘူးလား”

“ဘာရွံမလဲကွ၊ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ၊
မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ။ ဘာရွံစရာရှိလဲ။
သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ၊
လူတွေ သမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ။
ငါဆို ဒီသင်္ချိုင်းကထွက်တဲ့မျှစ်တွေ စားလာတာ ကြာပြီ။
ကြည့်စမ်း၊ ငါးသားသမီးတွေ ဘယ်လောက်ချောလဲ။
ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။
ဖျားနာနေတာ မင်းတို့မြင်ဘူးလား။
ဥာဏ်ရည်ဆိုတာလည်း ငါးသားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။
ရွာကနေ ကျပ်ပြင်ကျောင်းသွားတက်နေရတာ။ ဒါပေမဲ့
စာမေးပွဲဖြေရင် ပထမဆင့်ကနေ မကျဘူး။ ကောင်းလိုက်တဲ့ဥာဏ်ရည်။

မင်းတို့စဉ်းစားကြည့်။
မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက
လူသေလွှမ်းတဲ့အ၀တ်တွေ ကောက်ယူတော်မူပြီး
ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ။
မင်းတို့ငါတို့လို ဘာမှ မဟုတ်တဲ့အကောင်တွေက
ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို ဆောင် ဆိုတဲ့ အဆိုလည်း ရှိသားပဲကွာ။
ကျောင်းပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ်၊
သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။
ဘာလို့လဲဆိုတော့
သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်
အတွယ်အတာမရှိပဲ စွန့်ပစ်ထားတဲ့နယ်မြေ။
အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။
အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို သုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။

ဘုန်းကြီးကျောင်းဝင်းထဲက
ညောင်ချင်တစ်နပ်စာလောက် ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။
ကျောင်းဆိုတာက သာသနာ့နယ်မြေ
သံဃာရဲ့ပစ္စည်းလေကွာ။ ယှဉ်ကြည့်ပေါ့။

ကျောင်းပစ္စည်းဆိုတာ မစားတတ်ရင် သံသရာအဆိပ်ကွ။
သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။
ဒါ့ကြောင့် ငါအမြဲစားခဲ့တာပေါ့။

သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။ အပြင်ကမျှစ်လည်း မျှစ်ပါပဲ။
အတူတူပါပဲကွာ။
အေး၊ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ်၊
ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ၊ ဘယ်စားမှာလဲ။

အလကားပါကွာ၊ လူတွေကိုက အယူသီးနေတာပါ။
သင်္ချိုင်းတဲ့။ မင်းတို့စဉ်းစားကြည့်။
သင်္ချိုင်းဆိုတာက ကြာကြာတစ်ခါ လူသေမှ မြှုပ်ကြတာ။
မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကို ကြည့်စမ်း။
ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။
ကြက်သေ၊ ၀က်သေ၊ ဘဲသေ၊ ငါးသေ၊ နွားသေ၊ ဆိပ်သေတွေကွာ။
စဉ်းစားကြည့်ကြ။ အဲ့ဒါလည်း အသုဘတွေပဲကွ။
ကြက်မသာ ၀က်မသာတွေပေါ့ကွာ။

ဒါတွေကျတော့ အသုဘလို့မမြင်ဘဲ
သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။
မင်းတို့ငါတို့ရဲ့ ပါးစပ်သင်္ချိုင်းထဲ အဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ
မနည်းမနောဝင်ပြီးပြီနော။

ဒါကျတော့ လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။
သူလည်း ခန္ဓာငါးပါးအစုအဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။
မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။
ဒါတွေကျတော့ တဖြောင်းဖြောင်း ၀ါးစားနေကြပြီး
ငါသင်္ချိုင်းထဲက မျှစ်ချိုးစားတာကျတော့ အပြစ်မြင်ပြီး
လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ တရားအလွန်ဝေးတဲ့လူတွေပါ။
ကိုယ်ပြောမှ အမှန်၊ ကိုယ်လုပ်မှ အဟုတ်ထင်ကြတာကလား။

လူဆိုတာ သေမျိုးကွ။
ဘယ်သူမှ ဒီသင်္ချိုင်းက ပြေးမလွတ်ဘူး။ မှတ်ထား။”

မိုးကုတ်ကျော်ကျော်စိုး၊ သေခြင်းတရားနှင့် သင်္ချိုင်း
သူရဇ္ဇ၊ ၂၀၁၁၊ ဧပြီ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP