* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, September 9, 2011

ဇမ္ဗူတလူ အစွမ်းအစများ

(အဓိပတိပစ္စည်း)



အတွင်းအဇ္ဈတ္တကို ကောင်းတဲ့ဘက် ပြောင်းလဲသွားအောင် အလေးအနက် ထားရမယ့် အာရုံသုံးမျိုး ရှိတယ်တဲ့။
နံပါတ်(၁)က ကိုယ့်ကို ကိုယ်တန်ဖိုးထား အာရုံပြုခြင်း (အတ္တာဓိပတိ)ဖြစ်တယ်၊ ကိုယ့်ကိုကိုယ်ဆိုတာ ကိုယ့်ရဲ့အမျိုးအနွယ် မိဖ၊ သားသမီး၊ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ ထောက်ထားစရာတွေ အားလုံးကို ဆိုလိုတာပါ။ အဲဒါကို အလေးအနက် အာရုံပြုပြီး အာရမ္မဏာ ဓိပတိ တပ်လိုက်ရင် ကိုယ့်ရဲ့ အတွင်း အဇ္ဈတ္တမှာရှိတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ ဝီမံသတွေဟာလည်း အကောင်းစား အထက်စား အဓိပတိတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပါပဲ။



ဘုရားအလောင်း သုမေဓာရှင်ရသေ့က မိမိ လတ်တလောရရှိနိုင်တဲ့ “တစ်ကိုယ်တော် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ခွင့်”ဆိုတာကို စွန့်လွှတ်ပြီး သဗ္ဗညု ဘုရားဖြစ်လိုတဲ့ ဆန္ဒာဓိပတိ ဖြစ်ပေါ်လာတာဟာ “သဗ္ဗ ညုဘုရား ဖြစ်နိုင်စွမ်းရှိတဲ့ မိမိကိုယ်ကို အလေးအနက် အာရမ္မဏာဓိပတိ ပစ္စည်းတပ်လိုက်တဲ့ အတွက် အတွင်းအဇ္ဈတ္တ တရားပါ ပြောင်းလဲသွားတဲ့သဘောပါပဲ။



ခုခေတ်မှာလဲ တချို့ပြိုင်ပွဲတွေမှာ ပရိသတ်အားပေးမှု ထက်သန်တာကို အကြောင်းပြုပြီး အောင်မြင်အောင် ကြိုးစားချင်တဲ့ ဆန္ဒတွေ ထက်သန်လာလို့ အောင်ပွဲတွေ ရခဲ့ကြတယ်ဆိုတာ ရှိပါတယ်၊ ဒါတွေဟာ အမြင်အာရုံတွေက အဓိပတိ တပ်လောက်အောင် ဖြစ်လာလို့။ ကိုယ်က အာရမ္မဏာဓိပတိ တပ်လိုက်တဲ့အတွက် အတွင်း အဇ္ဈတ္တအဓိပတိ တရားတွေလဲ ဖြစ်ပေါ်လာပြီး အောင်ပွဲရသွားတာပါပဲ။



နံပါတ်(၂)က ပတ်ဝန်းကျင်ကို အလေးအနက် တန်ဖိုးထား အာရုံပြုခြင်း (လောကာဓိပတိ)တဲ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ မြင်အပ် မမြင်အပ်တဲ့ မဟိဒ္ဓိကပုဂ္ဂိုလ်များအပါအဝင် အားလုံးကို အလေးထားတာပါ။ ကိုယ်လုပ်သမျှ အကောင်း အဆိုးဆိုတာ ဆိတ်ကွယ်ရာမရှိဘူး၊ ကောင်းရင် ကောင်းသလို အသိအမှတ် ပြုသူရှိသလို မကောင်းရင်လဲ မကောင်းသလို ရှုတ်ချပြစ်တင်ကြမယ့် မြင်အပ် မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ပတ်ဝန်းကျင်မှာ အမြဲရှိတယ်လို့ အလေးအနက် အာရုံပြုပြီး “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်”တဲ့ အတွင်း အဇ္ဈတ္တက ဆန္ဒစတဲ့ အဓိပတိ အကောင်းစားတွေကို မွေးမြူတည်ဆောက်ပေးရတာပါ။



ပတ်ဝန်းကျင်ကို အလေးအနက် ထားခြင်းနဲ့ ပတ်သက်လို့ မြင်အပ် မမြင်အပ်တဲ့ အာရုံတွေသာမက မိမိအပေါ်မှာ ကျေးဇူးရှိတဲ့ မိဖ ဆရာသမား ကျေးဇူးရှင်များရဲ့ ကျေးဇူးတရားတွေ၊ ရဟန်းတော်များ အနေနဲ့ နေ့စဉ် သုံးဆောင်နေတဲ့ ဆွမ်းစတဲ့ ပစ္စည်းလေးပါးတို့နဲ့ ပစ္စည်းလေးပါး အလှူရှင်တွေရဲ့ ကျေးဇူး တရားတွေကို အလေးအနက် အာရုံပြုပြီးတော့လည်း မိမိရဲ့အတွင်းအဇ္ဈတ္တမှာ ဆန္ဒ ဝီရိယစတဲ့ သဟဇာတာ ဓိပတိတရားတွေ ဖြစ်ပေါ်တိုးပွားအောင် ပြုလုပ်လို့ရပါတယ်။


ဟုတ်ပါတယ်၊ ပစ္စည်းလေးပါး အထူးသဖြင့်တော့ နေ့စဉ် လောင်းလှူနေတဲ့ ဆွမ်းဒကာ ဒကာမများနဲ့ ပတ်သက်လို့ ရှေးမထေရ် မြတ်ကြီးများကတော့ သူတို့ကို ဒကာ ဒကာမတို့လို့ ရိုးရိုး မသတ်မှတ်သင့်ဘူး၊ “ပဝတ္တိ မာတာပိတရော နာမေတေ = သူတို့ဟာ ပဝတ္တိ မိဖတွေ ဖြစ်တယ်”လို့ သဘောထားရမယ်လို့ မိန့်ကြားပါတယ်။



ပစ္စည်းလေးပါးနဲ့ ပစ္စည်းလေးပါး အလှူရှင်တို့ရဲ့ ကျေးဇူးတွေကို အလေးအမြတ် ထားပုံနဲ့ပတ်သက်လို့ အဋ္ဌကထာဆရာ မိန့်ဆို တာကတော့ -


သင်ရဲ့ ဆွေမျိုးလည်းမဟုတ်၊ အခိုင်း အစေလည်း မဟုတ်တဲ့ ဒီလူတွေက သင့်ကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပြုစု လုပ်ကျွေးကြ တာဟာ သင့်ဆီက လောကီပစ္စည်း ဥစ္စာတစ်ခုခု ရလိမ့်နိုးနဲ့ မျှော်ကိုးပြီး ပေးလှူနေကြတာ မဟုတ်ဘူး၊ တကယ်တော့ ကိုယ်လုပ်တဲ့ ကောင်းမှုရဲ့ ကြီးမား မြင့်မြတ်တဲ့ အကျိုးကို သိမြင်ပြီး ပေးလှူနေကြတာပါ။



မြတ်စွာဘုရားရှင်က ပစ္စည်းလေးပါးကို ခွင့်ပြုခဲ့တာဟာလဲ “သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး ချမ်းချမ်း သာသာ ဇိမ်နဲ့ နေနိုင်ကြလိမ့်မယ်” လို့ သဘောထားပြီး ခွင့်ပြုခဲ့တာ မဟုတ်ဘူး၊ “ပစ္စည်းလေးပါးကို ဘုဉ်းပေး သုံးဆောင်ပြီး သာသနာတော်လဲ တည်တန့်အောင် မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့ သာသနဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင် ကြလိမ့်မယ်၊ ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။ သင်ဟာ မြတ်စွာဘုရား နှလုံးသွင်း သိမြင်တဲ့အတိုင်း မကျင့်မကြံ ပျင်းရိ နေမယ်ဆိုရင် ပစ္စည်းလေးပါးကို မလေးမစား သုံးစွဲရာ ရောက်တယ်။ (ဒါဟာ“ ဣဏပရိဘောဂ” လို့ခေါ်တဲ့ သံသရာနဲ့ချီပြီး ပေးဆပ်မကုန်နိုင်တဲ့ြွေကးယူစားသောက်ခြင်းလည်းဖြစ်တယ်) လို့ အလေးအနက်ခံယူပြီး ကြိုးစား အားထုတ်ရမယ်၊ ဒါမှသာ ဆွမ်းနဲ့ဆွမ်းကို ခွင့်ပြုပေးတဲ့ ဘုရားရှင်ကိုရော ဆွမ်းလှူသူများကိုပါ လေးစားရာရောက်တယ်လို့ဆိုပါတယ်။



“ကဿက” အမည်ရှိတဲ့ လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီးတစ်ယောက်က သားအရင်းလို သဘောထားပြီး ပြုစုလုပ်ကျွေးပါတယ်။


တစ်နေ့မှာတော့ ဒကာမကြီးက တောထဲ အလုပ်ကိစ္စနဲ့သွားခါနီးမှာ သမီးကို “သမီးရေ . . ဟို နေရာမှာ ဆန်ဟောင်းလေးရှိတယ် (ဆန်ဟောင်းက ဆန်သစ်ထက် အစာကျေလွယ်တယ်)၊ ဟိုနေရာမှာ ထောပတ်တို့ နွားနိုတို့ တင်လဲတို့ရှိတယ်၊ ညီးအကိုကြီး အယျမိတ္တ ကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့ ထောပတ် တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။ ကျန်တာကို ညီးလဲစားပေါ့၊ အမေတော့ မနေ့ကကျန် တဲ့ ထမင်းကြမ်းကို ပုံးရည်ဟင်းနဲ့ စားသွားတော့မယ်”လို့ မှာကြားတယ်။ “အမေ နေ့လည်ပြန်လာတော့ ဘာကိုစားမလဲ”လို့ သမီးကပြန်မေးတော့ “ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ် ကျိုထားလိုက်ပေါ့ သမီးရဲ့” လို့ ပြန်ပြောပါသတဲ့။


ဆွမ်းခံထွက်ဖို့ သပိတ် သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က ဒကာမကြီး မှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော “ကြည့်စမ်း ဒကာမကြီးက ပုံးရည်ဟင်းနဲ့ ထမင်းကြမ်းကို စားမှာတဲ့၊ နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့၊ ငါ့အတွက်ကိုတော့ စားသောက်ဖွယ် အကောင်းစားတွေ စီစဉ်မှာ ကြားနေတယ်၊ ဒီဒကာမကြီးဟာ လောကီ စည်းစိမ် ဥစ္စာတွေကို တောင်းတပြီး ငါ့ကိုလှူဒါန်းနေတာ မဟုတ်ဘူး၊ နိဗ္ဗာန်အထိ ပြည့်စုံမှုကို ရည်မှန်းပြီး လှူဒါန်းနေရှာတာ၊ ဒကာမကြီးရဲအလှူက အလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။ ငါဟာ မြင့်မြတ်တဲ့အလှူ(ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ (ဒက္ခိဏေယျ) ဂုဏ်နဲ့ ပြည့်စုံပါရဲ့လား”လို့ ကိုယ့်ကိုကိုယ်ဆုံးမပြီး “ငါဟာ ဒီလို ဂုဏ်မြောက်တဲ့ ဆွမ်းကို လောဘ ဒေါသ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး”လို့ ဆုံးဖြတ်ပြီးတော့မှ မိမိ သီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်း တို့ကို မူလနေရာမှာ ပြန်ထားပြီး “ငါဟာ အရဟတ္တဖိုလ်ပေါက် ဒက္ခိဏေယျဂုဏ် မမြောက်သမျှ လှိုဏ်ဂူထဲက မထွက်တော့” အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့ အခိုင်အမာ ဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစား အားထုတ် လိုက်တာ အရင်ကလဲ နေ့ညဥ့်မပြတ် သတိပဋ္ဌာန် တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့ ဆွမ်းစားချိန် မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။



လှိုဏ်ဂူအနီးမှာရှိတဲ့ ရုက္ခစိုးနတ်က “ဆင်းရဲ ကင်းပျောက် ချမ်းသာ ရောက်တော်မူတဲ့ အရှင်မြတ်ဘုရား . . . အာသဝေါ ကင်းကွာတဲ့ အရှင်မြတ်ဟာ မြတ်သော အလှူကိုခံထိုက်တဲ့ ဒက္ခိဏေယျပုဂ္ဂိုလ်ပါဘုရား၊ ယောကျာ်း အာဇာနည် ပီသတော်မူတဲ့ အရှင်မြတ်ဘုရား . . . အရှင်မြတ်အား ရှိခိုးပါ၏”ဆိုပြီး ဥဒါန်း ကျူးရင့်တယ်။ ပြီးတော့မှ အရှင်မြတ်တို့လို ရဟန္တာဖြစ်တဲ့ ဆွမ်းခံပုဂ္ဂိုလ်ကို ဆွမ်းလှူ ဒါန်းရတဲ့အတွက် အလှူရှင် မိန်းမအိုကြီး ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ (ဆွမ်းခံကြွတော်မူပါဘုရား) လို့ လျှောက် ထားပါတယ်။



မထေရ်မြတ်လည်း လှိုဏ်ဂူက ထွက်ပြီး နေကိုကြည့်တဲ့အခါ အချိန်ရှိသေးတာကို သိတော့ ဆွမ်းခံကြွတယ်။ ကလေးမလေးက မအေမှာ ခဲ့တဲ့အတိုင်း မထေရ်မြတ်ကို ဆွမ်းလောင်းလှူတဲ့အခါမှာ “ချမ်းသာပါစေ”လို့ မိန့်ကြားပြီး ကြွသွားတော်မူပါတယ်။



ကလေးမလေးက မထေရ်မြတ်ရဲ့ ခါတိုင်းနဲ့ မတူအောင် ကြည်လင် တည်ငြိမ်တာကို သတိထား မိလိုက်တယ်။ အမေ ပြန်လာတဲ့အခါ တွေ့မြင်ရပုံကိုအကုန်ပြော ပြတော့ ဒကာမကြီးက “ငါ့သားကြီး ဒီနေ့ ရဟန်းကိစ္စ အထွတ် အထိပ်ရောက်ပြီ” လို့ သိလိုက်တဲ့အတွက် “သမီးရေ နင့်အကိုကြီးတော့ ဒီ ဘုရား သာသနာတော်မှာ အပျော်ကြီးနဲ့ ပျော်နေပြီ၊ လူ မထွက်တော့ဘူးဟဲ့”လို့ ဝမ်းမြောက် ဝမ်းသာ ပြောလိုက်ပါသတဲ့။



အပိုင်း ၂-ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။



ဒီလိုနည်းနဲ့လည်း အဓိပတိတရားကို တည်ဆောက်လို့ရနိုင်ပါတယ်။ နောက် နံပါတ်(၃)ကတော့ ယုံကြည် လက်ခံ လိုက်နာကျင့်သုံး နေတဲ့ ဓမ္မကို အလေးအမြတ် တန်ဖိုးထား အာရုံပြုခြင်း (ဓမ္မာဓိပတိ)ဖြစ်ပါတယ်။


ဓမ္မကို အလေးအမြတ် အာရုံပြုခြင်းနဲ့ ပတ်သက်လို့ အဋ္ဌကထာဆရာ ဖွင့်ဆိုတဲ့ ဝီရိယသမ္ဗောဇ္ဈင် တိုးပွားကြောင်းများထဲက ဓမ္မနဲ့ ပတ်သက်လို့ အလေးထားပုံများဟာ မှတ်သားလိုက်နာစရာ အလွန်ကောင်းပါတယ်။ အလေးအမြတ် အာရုံပြုပုံကတော့ -


ဒီတရားဓမ္မများကို ဖော်ထုတ် ဟောကြားတော်မူတဲ့ ဘုရားရှင်ဟာ ပါရမီတော်တွေကို စတင်ဖြည့်ကျင့် စဉ်ကတည်းက တစ်လောကလုံး ဘယ်သူမှမစွမ်းနိုင်တဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ဇွဲလုံ့လကြီးမားမှု၊ သတ္တဝါတို့အပေါ်မှာ ကြီးမားတဲ့ မေတ္တာ ကရုဏာတော်တွေနဲ့ ဖြည့်ကျင့်တော်မူခဲ့ပြီး အခုနောက်ဆုံး ဘဝမှာလည်း ပဋိသန္ဓေ တည်နေချိန်ကစလို့ တောထွက်ရာအခါ၊ ဘုရားဖြစ်ရာအခါ၊ တရားဦးဟောရာ လေးဆယ့်ငါးဝါ ပတ်လုံး မနေမနား ဝေနေယျများ အတွက် လုပ်ဆောင် တော်မူခဲ့တာ၊ နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူချိန်အထိ ဝေနေယျတို့ အတွက် အမြဲကြောင့်ကျ စိုက်တော်မူခဲ့တာတွေဟာ သက်ရှိဖြစ်တဲ့ လူနတ် ဗြဟ္မာတို့က မဆိုထားနှင့် သက်မဲ့ဖြစ်တဲ့ ဩကာသလောက စကြဝဠာ လောကဓာတ်ကြီးကပါ တုန်လှုပ်ခဲ့ရပုံ။


ဒီဘုရားရှင်သာသနာတော်မှာ ဒီတရားကို သက်ဝင်ယုံကြည်လိုက်တာနဲ့တစ်ပြိုင်နက် အမြင့်မြတ်ဆုံးဖြစ်တဲ့ သာကီနွယ်ဖွား ဘုရားသားတော် ဖြစ်သွားလို့ အမျိုးဇာတ်အားဖြင့် အမြင့်မြတ်ဆုံးအဖြစ်ရောက်သွားပုံ၊
ဘုရားရှင်ရဲ့ ဒီတရား အမွေကို ခံယူလိုက်တာနဲ့ တပြိုင်နက် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်စတဲ့ အရိယာပုဂ္ဂိုလ်မြတ်ကြီးများနဲ့ အယူအကျင့် တူညီသွားလို့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များနဲ့ ဘုရားသားတော်ချင်း အတူတူ ညီအကို တော်စပ်ပြီး မြင့်မြတ်တဲ့ အမွေခံဖက်များ အဖြစ် ရောက်သွားပုံ၊ စသည် စသည် မိမိ ဉာဏ်မီသလောက် အလေးအမြတ်အာရုံပြုလိုက်ရင် မိမိရဲ့အတွင်း အဇ္ဈတ္တမှာ ထက်သန်တဲ့ ဆန္ဒဝီရိယစတဲ့ အဓိပတိတရားများ ဖြစ်ပေါ်တိုးတက်လာတဲ့ အတွက် လိုရာကိစ္စမှန်သမျှ ပြီးမြောက်အောင်မြင်နိုင်ပါတယ်တဲ့။



ကောင်းမွန်တဲ့ ကိစ္စများကို အဓိပတိ ပစ္စည်းတပ်ပြီး ပြုလုပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ကုသိုလ် တရားများဟာ အစွမ်းသတ္တိအလွန် ကြီးမားတဲ့အတွက် ကုသိုလ် ဇောစိတ် ခုနှစ်ကြိမ်ထဲက အခု ပစ္စက္ခဘဝမှာ အကျိုးပေးနိုင်စွမ်းရှိတဲ့ ပထမဇောစေတနာဟာ သိသိသာသာ ထင်ထင်ရှားရှားကြီးနဲ့ တန်ခိုးရှင်များက ဖန်ဆင်း လိုက်သလားလို့ ထင်ရ လောက်အောင်ပဲ အကျိုးပေး တတ်စမြဲဖြစ်ပါတယ်။



အများကြားဖူး သိဖူးထားကြတဲ့ ကဿပ ဘုရားရှင်လက်ထက်က “မဟာဒုဂ်”ဆိုတဲ့ ဆင်းရဲသား လင်မယားတို့ဖြစ်ရပ်ဟာ အထင် ရှားဆုံး သာဓကတစ်ခုပါပဲ။


မဟာဒုဂ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် လင်မယားနှစ်ယောက် တစ်နေကုန် အစွမ်းကုန်လုပ်မှ တစ်နပ်စာသာသာလောက် စားရတဲ့ လာခြင်း မကောင်းရှာ သူများဘဝမှာ သံဃာတစ်ပါး ဆွမ်းကပ်ခွင့် ရရေးအတွက် အလုပ်ကို နှစ်ဆလောက်တိုးလုပ်ပြီး တစ်ဝက်လောက် လျှော့စားရင်း ဆွမ်းကပ်နိုင်ဖို့ ကြိုးစားကြရတာပါ၊ ဆွမ်းကပ်ဖို့ သံဃာပင့်တဲ့ နေ့ရောက်တော့ စာရေးတံမဲ စာရင်းမှာမပါလို့ သံဃာမရတော့ဘူး။ ဒါကိုသိတော်မူတဲ့ ကဿပဘုရားရှင်က မဟာဒုဂ်လက်ထဲ သပိတ်အပ်ပြီး ဆွမ်းအလှူခံမယ်လို့
အသိအမှတ် ပြုပေးလိုက်တဲ့အခါ ဘုရားရှင်ကို ဆွမ်းကပ်လှူ ခွင့်ရချင်ကြတဲ့ ရှင်ဘုရင်နှင့်တကွ မှူးကြီးမတ်ရာ သူဌေး သူဝကြွယ်တွေက မဟာဒုဂ် လက်ထဲ ရောက်နေတဲ့ ဘုရားရှင်သပိတ်ကို သူထက်ငါ အပြိုင် မက်လုံးတွေပေးပြီး တောင်းကြပေမယ့် မဟာဒုဂ်က လက်မခံဘူး။



ပစ္စည်းဥစ္စာ မွဲပေမယ့် စေတနာက ဒိတ်ဒိတ်ကျဲ၊ တကယ့် အဓိပတိ တရားတွေအပြည့်နဲ့ပါ။ သူတို့ရဲ့ အလောဘ ရေသောက်မြစ်မှာ အဓိပတိမြောက်တဲ့ ဆန္ဒ ဝီရိယ စိတ်စေတနာဓာတ်တွေနဲ့ တပ်ဆင်ပြီး လှူဒါန်းတာဖြစ်လို့ ပထမဇောရဲ့အကျိုးပေးခွင့်က ချက်ချင်းဆိုသလို အကျိုးပေးပြီး အိမ်ဝိုင်းနဲ့ အပြည့် မြေရှိသမျှရွှေ အတိဖြစ်ပေါ် လာတာပါပဲ၊ ဒါဟာဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ဖြစ်တာလဲမဟုတ်ဘူး၊ နတ်သိကြားတွေက ဖန်ဆင်းပေးတာလဲ မဟုတ်ဘူး၊



အဓိပတိတပ်ပြီး လှူလိုက်တဲ့ ကုသိုလ်ကံရဲ့ ပထမဇော စေတနာအရ ဒိဋ္ဌဓမ္မ ခံစားရမယ့်အကျိုးကို ပေးလိုက်တဲ့ “ပုညိဒ္ဓိ” စစ်စစ်ဖြစ်ပါတယ်။ အဓိပတိ ပစ္စည်းတပ်ပြီး လုပ်တဲ့အလုပ်မှန်သမျှ လောကီလုပ်ငန်း တွေမှာလဲ စိတ်ကူးနဲ့ မှန်းဆလို့ မရနိုင်လောက်တဲ့ အကျိုးတွေ နေ့ချင်းညချင်း ဆိုသလို တိုးပွား ဖြစ်ပေါ် စမြဲဖြစ်ပါတယ်၊ အဓိပတိပစ္စည်းရဲ့သဘောကို နားမလည်ကြသူများကတော့ ဒီလိုဖြစ်တာတွေကိုပဲ မဟိဒ္ဓိက ပုဂ္ဂိုလ်တွေက မ, စ တယ်လို့ အထင်မှား အယုံကြည်မှား တွေဖြစ်တတ်တဲ့ အတွက် ဗုဒ္ဓဘာသာဝင်များအနေနဲ့ အဓိပတိ ပစ္စည်းမြောက်တဲ့ ဆန္ဒ ဝီရိယ စိတ္တ ဝီမံသတို့ရဲ့အစွမ်းကို ထဲထဲဝင်ဝင် အလေးအနက်သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။



ဒါကိုသဘောမပေါက်ရင် အယူမှား အယုံမှား ဖြစ်သွားတတ်လို့ တစ်ဘက်ကကြည့်ရင် ဘောဂ သမ္ပတ္တိဖြစ်သလောက် တခြားတစ်ဘက်မှာ သီလ ဗျသန ဒိဋ္ဌိဗျသနဆိုတဲ့ အကျင့်ပျက် အယူပျက်ဖြစ်ပြီး နစ်နာချက် ဆိုးသွားတတ်လို့ပါ။



မိမိနဲ့ ရင်းနှီးသူတစ်ယောက်က မဟိဒ္ဓိက ပုဂ္ဂိုလ်တစ်ပါးလို့ အများက ပြောဆိုနေကြတဲ့ ဆရာတော်ကြီး တစ်ပါးထံ ရောက်သွားပြီး သူ့မှာ လုပ်သမျှတွေ အဆင်မပြေဖြစ်နေရပုံကို လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက ပုတီးတစ်ကုံးပေးလိုက်တယ်၊ ပြီးတော့ “ဒီပုတီးနဲ့ (၄၅)ရက်တိတိ ဘုရားဂုဏ်တော်တွေကို အနည်းဆုံး တစ်နေ့မှာ မနက်ကိုးပတ် ညကိုးပတ်စိတ်ရမယ်။ အဲဒီရက်မှာ (၈)ပါးသီလကိုလဲ မြဲအောင်စောင့်ရမယ်။ ပြီးရင် မင်းလုပ်နေတဲ့ အလုပ်ကိုဆက်လုပ်၊ အားလုံး အဆင်ပြေသွားမယ်”လို့ မိန့်ကြားလိုက်ပါသတဲ့။



အဲဒီလူက ဆရာတော်ကြီး မှာကြားတဲ့ အတိုင်းလိုက်နာပြီး အလုပ်ကို ဆက်လုပ်တဲ့အခါ (၁)နှစ်ကျော်ကျော်လောက်အတွင်းမှာ အံ့ဩလောက်အောင် စီးပွားဖြစ်လာပြီး မင်္ဂလာဈေးမှာ ဆိုင်ခန်းကော နေစရာ တိုက်ခန်းနဲ့ ကားတစ်စီးပါ ပိုင်ဆိုင်လာတယ်၊ “အဲဒါ ဆရာ တော်ကြီးက မ- လိုက်တာပဲမို့လား” ဆိုပြီး လျှောက်ထားဖူးပါတယ်။



မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ဖြစ်စေ၊ တခြား သီလ သမာဓိ ပညာဂုဏ်တို့နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်စေ လောက ကောင်းကျိုးကို ဆောင်လိုတဲ့ပုဂ္ဂိုလ် ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ အကျိုးဖြစ်ပေါ်အောင် ကူညီညွှန်ပြနိုင်စွမ်းရှိကြတဲ့ ပုဂ္ဂိုလ်များသာဖြစ်ပါတယ်။ ပဋ္ဌာန်း လိုပြောမယ် ဆိုရင်တော့ “ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော”ဆိုတဲ့အတိုင်း အားကောင်းတဲ့မှီရာ ဥပနိဿယပစ္စည်း ထိုက်သူများလို့ ဆိုရပါတယ်။ မçစနိုင်တဲ့ ပုဂ္ဂိုလ်များ မဟုတ်ပါဘူး။ “တုမှေဟိ ကိစ္စံ အာတဗ္ဗံ၊ အက္ခာတာရော တထာဂတာ = သင်တို့ဟာ ကောင်းကျိုးကို ရချင်တယ်ဆိုရင် ကိုယ်လုပ်သင့်တဲ့ကိစ္စကို ကိုယ်တိုင်ကြိုးစား အားထုတ်ရမယ်၊ ဘုရားရှင်တို့ဆိုတာ လမ်းညွှန် ပေးရုံသာဖြစ်တယ်” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်အတိုင်းပါပဲ။



ဒါဖြင့် အခုပြောတဲ့လူဟာ ချက်ချင်းဆိုသလို စီးပွားတွေ တိုးတက် သွားတာကိုတော့ ဘယ်လို ပြောမလဲလို့ မေးစရာရှိပါတယ်။ မိမိကို လာပြီးလျှောက်တော့ အဲဒီလူကို မိမိက ပြန်မေးကြည့်တယ်၊ “ဆရာတော်ကြီး မိန့်ကြားလိုက်တော့ ခင်ဗျားစိတ်ထဲမှာ ဘယ်လိုဖြစ်သွား သလဲ” ဆိုတော့ “တပည့်တော်လဲ ဆရာတော်ကြီး ကိုယ်တိုင်က တပည့်တော် ခေါင်းကို လက်နဲ့သေသေချာချာပွတ်ပြီး မိန့်ကြား လိုက်တာဆိုတော့ “ဒါဟာ ငါ့ကို ဆရာတော်ကြီး မေတ္တာနဲ့ မ, စလိုက်တာပဲ၊ မဖြစ်မနေလုပ်မယ်ဆိုပြီး ဆရာတော်ကြီး ပြောတဲ့ အတိုင်း ရှစ်ပါးသီလစောင့် ထိန်းပြီး ပုတီးကို စိတ်ပါလက်ပါ စိတ်တော့တာပဲ၊ ဘုရားဂုဏ်တော်တွေကိုလဲ ပိုပြီးလေးလေး နက်နက်အာရုံပြုနိုင်အောင်ဆိုပြီး မြန်မာလို အဓိပ္ပါယ်တွေ ကိုတောင် နားလည် အောင် ပြန်ကြည့်သေးတယ်၊ အဲဒါပြီးတော့ အလုပ်ပြန်လုပ်တဲ့အခါ ဒီတစ်ခါတော့ ဆရာတော်ကြီး မစလိုက်ပြီ၊ အဆင်ပြေတော့မှာပဲ ဆိုတဲ့စိတ်နဲ့ ဘာမှ စိုးရိမ် မနေတော့ဘူး ပုံအောပြီး လုပ်လိုက်တာပဲဘုရား၊ တစ်ခေါက်ဆိုတစ်ခေါက် အံ့ဩလောက်အောင်ကို အမြတ်ကရလာတာပဲ၊ တပည့်တော်လဲ ဆရာတော်ကြီး စကားကို ပိုယုံကြည်သွားပြီး ဆရာတော်ကြီးဆုံးမတဲ့အတိုင်း ငါးပါးသီလကိုလဲ လုံအောင်ထိမ်းပါတယ်” လို့ ပြောပြပါတယ်။



သူ့စကားတွေထဲမှာ အဖြေပါပါတယ်၊ ဆရာတော်ကြီးရဲ့ ဥပနိဿယပစ္စည်း တွန်းအားကြောင့် စိတ်စေတနာတွေ၊ လုံ့လဝီရိယတွေက အဓိပတိပစ္စည်း မြောက်လောက်အောင် အင်အားကောင်းလာပြီး ပြုလုပ်တဲ့သူ ကိုယ်တိုင် လုပ်တဲ့ကံကြောင့် သူ့မှာ ကောင်းကျိုးရတာပါ၊ ကောင်းတဲ့ကံတွေမှာ ပထမဇောစေတနာက ယခုဘဝမှာ ခံစားရတဲ့အကျိုးကိုပေးတာပါ။ သူ့စကားထဲမှာ အဓိကအကျဆုံး က “ငါးပါးသီလ လုံခြုံတယ်” ဆိုတဲ့အချက်ဖြစ်တယ်ဆိုတာလဲ အထူးသတိပြုရပါမယ်။


“ဣဇ္ဈတိဘိက္ခဝေ သီလဝတော မနောပဏိဓိ ဝိသုဒ္ဓတ္တာ = သီလရှိသူဟာ သီလစင်ကြယ်တဲ့အတွက်ကြောင့် စိတ်အလိုဆန္ဒ ရှိတဲ့အတိုင်း ပြည့်စုံတယ်” လို့ ဘုရားရှင်က ဟောတော်မူထားတာရှိပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် -


အလောဘစတဲ့ ကောင်းတဲ့ ရေသောက်မြစ်များဟာ အဓိပတိ လေးပါးဆိုတဲ့ အစွယ်တတ်ပေးလိုက်ရင် ပိုပြီးထက်မြက်တဲ့ အတွက် ပြုလုပ်တဲ့ကံတွေ အားကောင်းတယ်၊ အားကောင်းတဲ့ကံတွေရဲ့ ပထမဇော စေတနာဟာ ယခုဘဝမှာပဲ ခံစားရမယ့် ကောင်းကျိုးတွေကို အံ့ဩ လောက်အောင် ပေးနိုင်စွမ်းရှိတယ်။



ကောင်းတဲ့ အဓိပတိအစွယ်တွေ တကယ်ထက်မြက် သန်မာအောင် သီလတရားက ထောက်ပံ့ပေးတယ်၊ ဒါကြောင့် သီလမှာတည်ပြီး အဓိပတိ တရားနဲ့ ယှဉ်ကွဲတဲ့ စေတနာနဲ့ ပြုတဲ့ကံတွေဟာ တန်ခိုးရှင်များ ဖန်ဆင်း လိုက်သလား ထင်ရအောင် လက်ငင်း လက်တွေ့ အကျိုးပေးတယ်။ ဒါကြောင့်လဲ အဓိပတိတရားတွေကို “ဣဒ္ဓိပါဒ = တန်ခိုးဣဒ္ဓိရဲ့အခြေခံများ” လို့ ဘုရားရှင်ဟောတော်မူတာဖြစ် ပါတယ်။



ဒီလို အကြောင်း အကျိုး ဆက်စပ်ယုံကြည် လက်ခံမှသာ ဣဿရနိမ္မာနဟေတုဒိဋ္ဌိက လွတ်မြောက်ပြီး ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ပြည့်စုံတဲ့ အတွက် ဗုဒ္ဓဝါဒကို စနစ်တကျ လက်ခံသူဖြစ်နိုင်ပါတယ်။ အဓိပတိပစ္စည်းနဲ့ ပတ်သက်ပြီး ဒီလောက်ထိ သဘောပေါက် ထားရင် ပြည့်စုံလောက်ပါတယ်။



မေတ္တုာများဖြင့်



အရှင်သိရိန္ဒ - မေတ္တာရနံ့

http://www.mettayanant.com/

Read more...

သည်နှစ်မှာကျွန်တော် ထပ်မံ ပြင်ဆင်ဖြစ်သည့်အရာ-၁

သည်နှစ်မှာကျွန်တော် ထပ်မံ ပြင်ဆင်ဖြစ်သည့်အရာ-၁
သက်နှင်းဆွေ-ပုပ္ပါး

(၁)


လွန်ခဲ့သည့် ရှေးနှစ်ပေါင်းများစွာကဖြစ်သည်။
သီဟိုကျွန်း၊ သီရိလင်္ကာနိုင်ငံ၏တောတွင်းတစ်နေရာရှိ လှိုဏ်ဂူကြီးတစ်ခုတွင် ဆရာတော်ကြီးတစ်ပါး သီတင်းသုံးနေတော်မူခဲ့လေသည်။ ထို ဆရာတော်ကြီးသည် ထိုလှိုဏ်ဂူကြီးထဲတွင် နှစ်ပေါင်းများစွာ သီတင်းသုံးလျှက် ခြိုးခြံသောရဟန်းမြတ်တို့ ၏အကျင့်ဖြင့် တရားဘာဝနာများ စီးဖြန်း တော်မူနေခဲ့ခြင်းဖြစ်၏။ ဆရာတော်ကြီး၏ ခြိုးခြံမှုအကျင့်မြတ်နှင့် သီလဂုဏ်၊ သမာဓိဂုဏ် တို့ က လွန်စွာကျော်ကြားခဲ့လေသည်။


ထိုအချိန်က သီရိလင်္ကာနိုင်ငံ၏ အနုရာဇမြို့ တွင် တိဿမဟာရာဇာ အမည်ရှိသော ဘုရင်ကြီးထီးနန်းစိုးစံတော်မူချိန်ဖြစ်သည်။ ထိုမင်းကြီးသည်လည်း မြတ်ဗုဒ္ဓ၏သာသနာတော်ကို အထူးပူဇော်ပံ့ပိုးခဲ့လေသည်။ နိုင်ငံတော်တွင် ဘုရားအို ကျောင်းပျက်ဟူ၍မရှိရလေအောင် အင်တိုက် အား တိုက်ပြုပြင်လှူဒါန်းနေခဲ့လေသည်။ လပြည့် လကွယ်အစရှိသည့် ဥပုသ်သီတင်းရက်များတွင်လည်း သံဃာတော်အများကို ပင့်ဖိတ်ကာ ဆွမ်း အလုပ်အကျွေးပြုလေ့ရှိ၏။ ထိုသို့ သော ဥပုသ်သီတင်းနေ့ များမှာပင် ဘုရားကျောင်းကန်စေတီပုထိုးများသို့  သွားရောက်ဖူးမြော်ခြင်း၊ သက်တော်ရှည် ဝါတော်ရင့် ဆရာတော်ကြီးများကို သွားရောက် ဆည်းကပ်ကြည်ညိုခြင်းတို့ ကိုလည်း အလျင်းသင့်သလို ပြုတော်မူလေ့ရှိလေသည်။


တစ်ခုသော ဥပုသ်သီတင်းနေ့တွင် ဘုရင်ကြီးသည် မြို့ ပြင်တောတွင်းရှိ လှိုဏ်ဂူကြီးတွင် သီတင်းသုံးကာ တရားအားထုတ်နေတော်မူသည့် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုရန် ရောက်လာခဲ့လေသည်။



မင်းကြီးရောက်လာချိန်တွင် ဆရာတော်ကြီးသည် လေနာရောဂါခံစားနေရချိန်ဖြစ်၏။ ဆရာတော်ကြီးကို အလုပ်အကျွေးပြုနေသည့် ရဟန်းငယ်သည် လှိုဏ်ဂူ၏အပြင်ဘက်တွင် ဝေယျာဝစ္စတချို့ ဆောင်ရွက်နေ၏။



နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းတို့  ဖြင့်ကြွရောက်လာသည့် ဘုရင်မင်းမြတ်ကိုတွေ့  သောအခါ ရဟန်းငယ်က ''အဘယ်အကြောင်းနဲ့ ကြွရောက်လာပါသလဲ အရှင်မင်းကြီး''ဟု ခရီးဦးကြိုကာ လောကဝတ်စကား ဆိုလေသည်။


''အရှင်ဘုရားတို့ ရဲ့ဆရာတော်ကြီးကို လာရောက်ဖူးမြော်တာပါဘုရား''


''ဒါဆိုလည်းဖူးတာပေါ့ ဒကာတော် မင်းကြီး။ လှိုဏ်ဂူထဲကိုကြွပါ။ ဆရာတော်ကြီး လှိုဏ်ဂူထဲမှာရှိနေပါတယ်''
ရဟန်းငယ်က ဂူတံခါးကိုဖွင့်ပေးလိုက်၏။ ဘုရင်မင်းမြတ်နှင့်တကွ အခြွေအရံနောက်ပါ တချို့ သည် ဆရာတော်ကြီးသီတင်းသုံးတော်မူရာ ကျောင်းသင်္ခန်းဖြစ်သည့်လှိုဏ်ဂူကြီးထဲသို့  ဝင်သွားကြလေသည်။


ဆရာတော်ကြီးသည် သက်တော်ရှစ်ဆယ်ကျော်အရွယ် ဇရာ၏ဖိစီးမှုကြောင့် အိုမင်းလှပြီဖြစ်၏။ ထို့ အပြင် လေနာရောဂါ၏နှိပ်စက်မှု ဝေဒနာဒဏ်ကိုလည်း အလူးအလဲခံစား နေရရှာချိန်ဖြစ်၏။ ကွပ်ပြစ်ထက်တွင် ဧကသီဝတ်ရုံသင်္ကန်းကို ဘေးမှာပုံပြီး ဗိုက်ကို လက်ဖြင့်နှိပ်ကာ ညည်းညူနေတော်မူရှာလေသည်။



ဘုရင်ကြီးသည် ရဟန္တာဟု ကျော်ကြား နေသည့် ဆရာတော်ကြီးကို ကြည်ညိုဖွယ်ရာဖူးမြော် လိုက်ရတော့မည်အထင်နှင့် ဝင်လာခဲ့ခြင်းဖြစ်၏။ ဆရာတော်ကြီး၏ အရဟန္တဂုဏ်ကို ကြည်ညိုလိုသည့်စိတ်တို့ ဖြင့် အထူးသဒ္ဓါတရားထက်သန်တက်ကြွစွာ ဝင်လာခဲ့ခြင်းဖြစ်၏။ သို့ သော် ပြင်းထန်သောဝေဒနာကိုခံစားနေရသည့်အတွက် ရှုံ့ ရှုံ့ မဲ့မဲ့နှင့်တညည်းညည်းတညူညူ ဖြစ်နေရှာသော ဆရာတော်ကြီးကို မြင်တွေ့ လိုက်သောအခါ ရုတ်တရက် ကြည်ညိုချင်စိတ်တို့  ပျက်ပြယ်သွားလေတော့သည်။


''အရှင်ဘုရား ဘာဖြစ်နေတာပါလဲ ဘုရား''
ဘုရင်ကြီးက မတ်တပ်ရပ်လျှက်ကပင် မေးလျှောက်လေ၏။
''ဝေဒနာနှိပ်စက်နေလို့ ပါကွယ်''
ဆရာတော်ကြီးက မျက်စေ့မှိတ်လျှက်ကပင် အားယူပြီးပြန်၍ဖြေတော်မူရှာလေသည်။
''ဘာဝေဒနာပါလဲဘုရား''
ဘုရင်ကြီးက ထပ်မံမေးလျှောက်ပြန်သည်။
“လေနာဝေဒနာပါကွယ်”


ဘုရင်ကြီးသည် ဆရာတော်ကြီးကိုတွေ၍ ကြည့်နေသေး၏။ ရဟန္တာလို့ ကျော်ကြားနေပြီး သည်ဝေဒနာလောက်ကိုပင် မကျော်လွှားနိုင်သေး ပါလားဟုလည်း ဆရာတော်ကြီး၏အပေါ်တွင် အထင်အမြင်သေးကာ သဒ္ဓါတရားတို့  လျော့ပါးသွားလေတော့သည်။ ထို့ ကြောင့် စိတ်ပျက်လက်ပျက် အမူအယာဖြင့် ခေါင်းကိုခပ်ဖြည်းဖြည်းခါရမ်းလိုက်ကာ ဦးတင်ရှိခိုးခြင်းမျှပင်မပြုတော့ဘဲ ဂူထဲမှပြန်ထွက်ခဲ့လေသည်။



အပြင်သို့ ချက်ခြင်းပြန်ထွက်လာသည့် ဘုရင်ကြီးကိုမြင်လိုက်သောအခါ ရဟန်းငယ်က အံ့သြသွားလေ၏။ ဘုရင်ကြီးမျက်နှာထားတွင် စိတ်ပျက်လက်ပျက်အမူအရာများထင်ဟတ်နေ၏။ ဘုရင်ကြီး၏နောက်ပါ ခြွေရံသင်းပင်းတို့ ၏ လက်ထဲမှလှူဖွယ်ပစ္စည်းတို့ ကလည်း ဝင်သွား စဉ်ကအတိုင်း ပြန်ပါလာ၏။ ဘုရင်ကြီးကလည်း ဂူထဲတွင် ထိုင်ပင်ထိုင်ခဲ့ဟန်မတူ။ ဘယ်အကြောင်းကြောင့် အမြန်ပြန်ထွက်လာလေသလဲဟု ဝေခွဲ၍မရ အောင်ဖြစ်သွားလေသည်။



''ကျွန်ုပ်တို့ ရဲ့ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့ပြီးခဲ့ပါပြီလားအရှင်မင်းကြီး''
ရဟန်းငယ်၏မေးခွန်းကို ဘုရင်ကြီးက စိတ်လက်မကြည်မလင်နှင့်ပင်မဖြေချင့်ဖြေချင် ဖြေတော်မူလေသည်။
''တော်ပါပြီဘုရား။ အရှင်ဘုရားတို့ ဆရာကို ရဟန္တာလို့ ကျော်ကြားနေတာကြောင့် တပည့်တော်က အရဟတ္တဖိုလ်ပညာကို ရှိခိုးချင်၊ ပူဇော်ချင်လွန်းလို့  အားကြိုးမာန်တက်လာခဲ့မိတာ။ အရှင်ဘုရားတို့  ဆရာက လေနာဝေဒနာလေး နှိပ်စက်တာလောက်ကိုတောင် ခံနိုင်စွမ်းမရှိတာ တပည့်တော်က ဘာကိုဦးတိုက်ရတော့မှာလဲ ဘုရား''



ဘုရင်ကြီး၏စကားကြောင့် ရဟန်းငယ်၏မျက်နှာတွင် ရှက်စိတ်တို့ ထင်ဟပ်သွားလေသည်။ ရဟန်းငယ်သည် ဂူတွင်းသို့ ခပ်သွက်သွက် ဝင်ရောက်သွားလေ၏။



''အရှင်ဘုရားတို့ များ တယ်ခက်တာပဲ ဘုရား။ ကိုယ့်ဆီကို ဘုရင်ကိုယ်တိုင် တကူးတကန့်  လာပြီး ဖူးတဲ့အခိုက်လေးတောင် အောင့်အည်းသည်း ခံပြီးမနေနိုင်ဘူး''



တပည့်ရဟန်းငယ်သည် ရှက်စိတ်ဖြင့် တစ်ကြိမ်တစ်ခါမျှ မလျှောက်ထားဝံ့ခဲ့ဖူးသော၊ မပြောဆိုဝံ့ခဲ့ဖူးသောစကားကို ဆိုမိလေတော့သည်။


''ဟဲ့ ... ဒီမှာ လေနာဝေဒနာနှိပ်စက်တာကို ခံနေရပါတယ်ဆို။ဘာကိုသည်းခံရဦးမှာလဲ မောင်ပဉ္ဇဇင်းရဲ့''
''အဲဒီဝေဒနာကိုပဲ ခဏလောက်ဖြစ်ဖြစ် သည်းခံတော်မူနေလိုက်ဖို့  ကောင်းတာပေါ့ဘုရား။ ဘုရင်ကြီးက အရှင်ဘုရားကို ရဟန္တာပုဂ္ဂိုလ်လို့  ကျော်ကြားနေလို့  အရှင်ဘုရားရဲ့ အရဟန္တဂုဏ်ကို ပူဇော်ချင်လို့ ရောက်လာခဲ့တာတဲ့။ အခုတော့ စိတ်ပျက် လက်ပျက်ပြန်သွားပြီ။ လှူဖို့ တန်းဖို့ ယူလာတာလေး တွေကိုတောင် ပြန်သယ်သွားတာ ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်ပါသလဲ ဘုရား''


ဆရာတော်ကြီးသည် သူ့ တပည့်၏စကား ကို စိတ်ဆိုးတော်မူခြင်းမရှိ။ လေနာဝေဒနာကို ခံစားနေရဆဲကြားမှာပင် စကားတစ်ခွန်းကိုပြန်လည်မိန့် ဟတော်မူလိုက်လေသည်။


''သြော်..သြော်..။ မင်းတို့ ဘုရင်က အရဟန္တဂုဏ်ကို ပူဇော်ချင်တာတဲ့လား။ အေး လေ ငါ့မှာကလည်း အဲဒီဂုဏ်မှ တကယ်ရှိမနေခဲ့သေးတာပဲ။ ကဲ ကဲ..မင်းတို့ ဘုရင်ကို ခဏလေးစောင့်ပေးပါလို့  သွားပြောချေ။ ဂူတံခါးကို ခဏပိတ်ထားလိုက်''


ဆရာတော်ကြီး၏စကားတော်က တည်ကြည်ပြတ်သားတော်မူလှ၏။ ရဲဝံ့ခိုင်ခန့်မှု လည်းရှိလှလေသည်။ ရဟန်းငယ်က လှိုဏ်ဂူတံခါး ကိုပိတ်လိုက်၏။ တရွေ့ ရွေ့  ပြန်လည်ထွက်ခွာ သွားနေသည့် ဘုရင်ကြီးကို ခေတ္တမျှဆိုင်းငံ့ပါရန် တောင်းဆိုလိုက်လေသည်။

(၂)


ဆရာတော်ကြီးသည် ဝေဒနာကြားမှပင် ကြိုးစားပြီး ကိုယ်ကိုပြင်၍ ထိုင်တော်မူလိုက်၏။ သင်္ကန်းကို သပ္ပါယ်စွာဝတ်ရုံတော်မူလိုက်၏။ တင် ပလ္လင်ခွေထိုင်တော်မူလျှက်မှ မျက်လွှာကိုချကာ လေနာဝေဒနာခံစားနေခဲ့ရသည့် စိတ်အာရုံတို့ကို ပြန်လည်စုစည်းတော်မူလိုက်လေသည်။ သို့ သော် ခံစားနေရသည့် လေနာရောဂါကို ဝေဒနာနုပဿနာရှုမှတ်တော်မူခြင်းတော့မဟုတ်။ ဆရာတော်ကြီးသည် သက်တော်ရှစ်ဆယ်ကျော်ပြီဖြစ်၏။ ရဟန်းဘဝဖြင့်ဝါတော်ခြောက်ဆယ်ကျော်ပြီဖြစ်၏။ ရဟန်းမြတ်ဘဝသို့ တက်လှမ်းခဲ့ရာ သိမ်မှဆင်းခဲ့သည့် အချိန်မှအစပြုကာ ထိန်းသိမ်းတော်မူလာခဲ့သည် သိက္ခာပုဒ်တော်များကို တစ်ပုဒ်စီတစ်ပုဒ်စီ ပြန်လည် သုံးသပ်တော်မူနေလေသည်။ ထိုအခါ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကာလ ရဟန်းဘဝတစ်လျှောက်သည် လွန်စွာသန့် ရှင်းသော သီလခရီးရှည်ကြီး ဖြစ်နေတာကို သံသယဟူကမြူမျှမရှိလောက်အောင် ယုံကြည်လာရလေသည်။ ထိုနှစ်ခြောက်ဆယ်ကျော် သီလခရီးရှည်ကြီးတွင် မိမိ၏သီလသည် ညှိုးနွမ်းခဲ့ခြင်း၊ ကြားလပ်ခဲ့ခြင်း၊ ကျိုးပေါက်ပျက်ပြားခဲ့ခြင်း တစ်ခုတလေမျှမရှိခဲ့ဖူးပါလား။ လွန်စွာသန့်ရှင်းပြီး အပြစ်ကင်းအောင် ဆောက်တည်စောင့်ထိမ်းလာ နိုင်ခဲ့တာပါလား။ ထိုသို့  အပြစ်ကင်းပြီး သန့် ရှင်းတော်မူလှသည့် မိမိ၏သီလအပေါ် ပြန်လည်သုံးသပ်ပြီး ဝမ်းမြောက်ကျေနပ်စိတ်တို့ ဖြစ်တည်လာရ လေတော့သည်။ ဘဝတွင်ထိုသီလမွန်တို့ ဖြင့် ဆက်ပြီးရှင်သန်ခွင့်ရနေဦးမည်ဆိုလျှင်လည်း နေပျော်လေပြီ။ ယခုသေရတော့မည်ဆိုလျှင်လည်း သေ ပျော်လေပြီဟု စိတ်တွင် ယုံကြည်မှုသဒ္ဓါတရားတို့ ခိုင်ခန့် သွားလေတော့သည်။



ထို့ အပြင်ဆရာတော်ကြီး၏စိတ်တွင် နှစ်ပေါင်းခြောက်ဆယ်လောက် စောင့်ရှောက်လာနိုင်ခဲ့သည့် သီလတို့ကို အမှီပြုကာ လွန်စွာအား ကောင်းသောပီတိ ပါမောက္စတို့ ဖြစ်တည်လာလေတော့သည်။



တစ်နေ့ လုံး လေနာဝေဒနာ၏ ဖိစီးနှိပ်စက်မှုကြောင့် ဒေါမနဿစိတ်ဖြင့် လေးလံနေခဲ့သောစိတ်သည် သီလကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် သောမနဿပီတိ အဟုန်ဖြင့် ပေါ့ပါးလာလေ၏။ ထိုအခါထိုပီတိကိုခွာပြီး ပီတိနှင့်ယှဉ်တွဲလာသည့် သောမနဿသုခဝေဒနာ ကို ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပြီး ဘာဝနာရှုမှတ် ပွားများလိုက်လေသည်။ ထိုအခါ ဝိပဿနာဉာဏ်စဉ် ဆယ်ပါးတို့ သည် အဆင့်ဆင့် ရင့်ကျက်မြင့်တက်လာလေတော့၏။ မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ် လေးပါးတို့ သည်လည်း အဆင့်ဆင့်ပွင့်လန်းလာခဲ့လေတော့၏။ အဆင့်အမြင့်ဆုံးဉာဏ်စဉ် တစ်ဆယ့် ခြောက်ပါးကို သီလဖြင့် တည်ဆောက်ပေးနိုင်လိုက်ပြီဖြစ်၏။ သီလကိုအကြောင်းပြုပြီး ဖြစ်တည်လာသည့် ပီတိလက္ခဏာနှင့် သုခဝေဒနာကို ဝိပဿနာ ဉာဏ်တင်ပြီး သုံးသပ်ရှုမှတ်လိုက်ခြင်းဖြင့် အာသဝေါကင်းပြီးအရဟတ္တဖိုလ်ဆိုက်ကာ ကိလေသာအညစ်အကြေးတို့ နှင့်သံသရာဝဋ်ဆင်းရဲတို့ မှ အပြီးတိုင်ကင်းဝေးလွတ်မြောက်သွားခဲ့လေပြီ။



''ဟဲ့..ဟဲ့..ငါ့ရှင်မောင်ပဉ္ဇင်း။ သင်တို့ ဘုရင်ကြီးကို ခေါ်လာနိုင်ပါပြီ''
ဆရာတော်ကြီးက လှိုဏ်ဂူ၏အပြင်မှ သူ့ တပည့်ကိုလှမ်းပြောလိုက်လေသည်။ အပြင်တွင် စိတ်စောစွာဖြင့် စောင့်ဆိုင်းနေသည့်ဘုရင်ကြီးသည် ဂူတံခါးကို ဖွင့်ကာဝင်လိုက်လေ၏။ အထဲသို့  ရောက်သွားသည်နှင့် ချက်ခြင်းပင်နာရီပိုင်းမျှ အချိန်ကာလလေးအတွင်း လှိုဏ်ဂူထဲမှ အပြောင်း အလဲတို့ ကို ကောင်းစွာသတိပြုလိုက်မိပြီဖြစ်၏။ တိမ်သလ္လာအညစ်အကြေးတို့  ကင်းစင်နေသည့် လပြည့်ဝန်းကြီးလို ကြည်လင်အေးငြိမ်းချမ်းသာစွာ တင့်တယ်သပ္ပါယ်တော်မူနေသည့် ဆရာတော်ကြီး ၏အသွင်အပြင်တို့ က ကြည်ညို၍မဝနိုင်အောင် ဖြစ်နေတော့သည်။



ဘုရင်ကြီးသည် ဆရာတော်ကြီး၏ ရှေ့  ကြမ်းပြင်ပေါ်တွင် ဒူးတုတ်၍ ထိုင်ကာ လက်အုပ် ချီမိုးလိုက်လေ၏။ နောက်လိုက်ခြွေရံအား လုံးသည်လည်း ကြမ်းပြင်တွင်ပျပ်ဝပ်ရိုကျိုးစွာဖြင့် ဝတ်တွားကန်တော့လိုက်ကြလေ၏။


''အရှင်ဘုရား။ ရဟန်းကိစ္စပြီးတော်မူပါပြီလားဘုရား''
မင်းကြီး၏စကားကို ဆရာတော်ကြီးက တိုက်ရိုက်ဖြေတော်မမူ။
''တို့များ နောက်ထပ်လုပ်စရာကိစ္စမရှိတော့ပါဘူး ဒကာတော်''
ဝမ်းသာပီတိစိတ်၊ ကြည်ညိုသဒ္ဓါစိတ်တို့ က ဘုရင်ကြီးအား လွှမ်းခြုံသွားလေတော့သည်။
''သည်လောက်အချိန်ပိုင်းလေးအတွင်း ကိစ္စပြီးမြောက်ခရီးရောက်သွားအောင် ဘယ်လိုကမ္မဋ္ဌာန်းတရားနဲ့ လျှောက်လှမ်းသွားလိုက် တာပါလဲအရှင်မြတ်ဘုရား''
အံ့သြစွာဖြင့် ဘုရင်ကြီးက မေးလျှောက် လိုက်လေသည်။
''သီလပါပဲ ဒကာတော်။ တို့ များ စောင့်ရှောက်လာခဲ့တဲ့ ရဟန်းဘဝရဲ့နှစ်ခြောက်ဆယ်ကျော် သီလခရီးရှည်ကြီးကို အခြေခံပြီး ပညာနဲ့သုံးသပ်လျှောက် လှမ်းလိုက်တာပါပဲ''
ဆရာတော်၏စကားတော်တို့ က အထူး တည်ကြည်ငြိမ်းချမ်းနေတော်မူလေသည်။


ထိုအခါမှဘုရင်ကြီးသည် သီလ၏တန်ခိုး နှင့်သီလ၏တန်ဖိုးတို့ ကို ပျက်ပျက်ထင်ထင် သိမြင် သွားလေတော့သည်။
''သြော်...ကိုယ်ကျင့်သီလရဲ့တန်ဖိုးက အလွန်ကြီးကျယ်မွန်မြတ်လှတာပါပဲလားဘုရား''
ဘုရင်ကြီးသည် ဆရာတော်ကြီး၏ ကွပ်ပြစ်ခြေရင်းသို့  ရိုသေစွာချဉ်းကပ်သွားလိုက်လေသည်။ ဆရာတော်၏ခြေအစုံကို ကွပ်ပြစ်ကုတင်ထက်မှ တွဲလောင်းချပေးပါရန် တောင်းပန်လေသည်။ ထို့ နောက်ဆရာတော်၏ ခြေမျက်ကျင်းဝတ်၊ ခြေမျက်စိနှစ်ခုကို သူ၏လက်ဖဝါးဖြင့် ခပ်တင်းတင်းဆုပ်ကာ ခြေဖမိုးတော်ကိုနဖူးဖြင့် အားပါးတရပွတ်တိုက်၍အထပ်ထပ်ရှိခိုး ကန်တော့နေလေတော့သည်။


''ယခုတပည့်တော်သည် အရှင်ဘုရား ၏ အရဟတ္တဖိုလ်ဉာဏ်ကို ရှိခိုးခြင်းမဟုတ်ပါဘုရား။ အရှင်ဘုရား၏ နှစ်ခြောက်ဆယ်ကျော်စောင့် ထိန်း ဆောက်တည်တော်မူခဲ့ရတဲ့ သီလသိက္ခာတော်တွေကို မာန်ရိုကျိုးစွာ ဦးတိုက်ကန်တော့ခြင်းဖြစ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ သီလကို အထူး ကြည်ညိုကျိုးနွံသော စိတ်နှလုံးဖြင့်ပူဇော်ခြင်း ဖြစ်ပါတယ်ဘုရား''


ဘုရင်ကြီးသည် ဆရာတော်ကြီး၏ခြေဖမိုးအစုံအား နဖူးဖြင့် အထပ်ထပ်ထိတွေ့ပွတ်တိုက်၍ နက်နက်ရှိုင်းရှိုင်းကြည်ကြည်မွေ့မွေ့ ပူဇော် ကန်တော့နေလေတော့သတည်း။

(၃)



ကျွန်တော်သည် နှစ်တစ်နှစ်ကူးပြောင်း သွားတိုင်း ဘဝနှင့်ပတ်သက်သည့် ပြုပြင်စရာ၊ လိုက်နာကျင့်သုံးစကားတွေကို စီစစ်လေ့ရှိပါသည်။ ယခုနှစ်သင်္ကြန်ပြီးစရက်များကလည်း ကျွန်တော့် ဘဝခရီးအတွက် မည်သည့်အရာတွေကိုမည်မျှ လျှော့ချထားရမည်။ မည်သည့်အချက်တွေ ကိုတော့ မည်မျှထပ်မံဖြည့်ဆည်းပြီး ကျင့်သုံးသွားရမည် စသည်ဖြင့်ဝေဖန်သုံးသပ်ကာ ကိုယ့်ကိုယ်ကို စဉ်းမျဉ်းတွေ၊ ကျင့်စဉ်တွေချမှတ်လေ့ရှိပါသည်။


အမှန်တော့ ကျွန်တော့်လို ပုထုဇဉ်အရိုင်း မျှသာဖြစ်သော လူသားတစ်ဦး၏ဘဝတွင် အားနည်းချက်ပေါင်းများစွာဖြင့် ရှင်သန်နေ ကြရခြင်းသာဖြစ်သည်။ အထူးသဖြင့် ကျွန်တော် သည် ကိုယ်ဉာဏ်မှီသမျှလေးတို့ ဖြင့် ကိုယ့်အနေအထားတို့ ကို ဆင်ခြင်သုံးသပ်ကာ ပိုနေသည် ထင်တာလေးတွေကိုဖယ်ထုတ်လိုက်၊ လိုနေသည် ထင်တာလေးတွေကို စွမ်းနိုင်သမျှ ဖြည့်ဆည်းလိုက်နှင့် ဘဝရုပ်တုကို ကြည့်ပျော်ရှုပျော်လေး ဖြစ်အောင် ကြိုးစားပမ်းစားထုဆစ်နေမိသူသာ ဖြစ်၏။



မြတ်ဗုဒ္ဓအဆုံးအမတို့ ကို အခြေပြုကာ ရှေ့မှဆရာတော်သမားတော်များ၊ မိဘဘိုးဘွား ဆရာသမားများတို့ ၏ အဆုံးအမတို့ ကိုလေ့လာ ဖတ်ရှုလေ့လာခြင်း၊ နာယူကျင့်သုံးခြင်းတို့ ဖြင့် ဘဝခြေလှမ်းတွေကို တပင်တပန်းကြိုးစားပြီးထိမ်းမတ်လျှောက်လှမ်းနေရသူသာဖြစ်၏။


လွန်ခဲ့သည့်ဆယ့်ငါးနှစ်ခန့်ကတည်းက ကျွန်တော့်သုတမယဉာဏ်အရ အပြည့်အဝလက်ခံ ဖက်တွယ်ထားမိခဲ့သည့်အရာမှာ 'ကိုယ်ကျင့်သီလ နှင့် အသိဉာဏ်ပညာ' သာဖြစ်၏။ ''လူ့ဘဝတွင် ကိုယ်ကျင့်သီလနှင့် အသိဉာဏ်ပညာ ထက်အရေးကြီးသောအရာမရှိ''။


ထိုသို့ ကျွန်တော်ခံယူနိုင်လာခဲ့ပါသည်။ ထိုစာတန်းလေးကိုပင် ကျွန်တော့်ဧည့်ခန်းထဲမှာ ကျကျနန ချိပ်ဆွဲထားဖြစ်ခဲ့ဖူးလေသည်။


ယခုနှစ်သင်္ကြန်ပြီးစက နှစ်သစ်အတွက် ကျွန်တော့်ကိုယ်ကျွန်တော် အထူးထပ်မံဖြည့်ဆည်း သွားရမည့် အရာကို ကျကျနနစဉ်းစားကြည့်သော အခါမှာလည်း ထိုအချက်နှစ်ချက်ကိုသာ ထင်းခနဲ တွေ့ လိုက်ရပြန်ပါသည်။ အထူးသဖြင့် 'ကိုယ်ကျင့် သီလ' ကိုထပ်မံ၍ အသေးစိပ်ဖြည့်ဆည်းကျင့်သုံး နိုင်အောင်ကြိုးစားမည်ဟု ယခုနှစ်အတွက် အဓိဋ္ဌာန် ပြုဖြစ်ခဲ့လေသည်။



''သည်နှစ်မှာ ကျွန်တော်ထပ်မံဖြည့်ဆည်းဖို့  ပြင်ဆင်ဖြစ်တဲ့အရာကတော့ ကိုယ်ကျင့် သီလပါပဲဗျာ''

သင်္ကြန်ပြီးစရက်များက မိတ်ဆွေရင်းတချို့  လက်ဖက်ရည် ဆိုင်မှာဆုံဖြစ်ကြစဉ် စကားစပ်မိ၍ ထိုစကားလေးကိုပြောဖြစ်ခဲ့ပါသည်။


ထိုသို့ ပြောရင်းနှင့်ပင် အထက်တွင်တင်ပြခဲ့သည့် ရဟန္တာအရှင်သူမြတ် ဆရာတော်ကြီး၏ ဖြစ်တော်စဉ်ကိုပါ ပြန်လည်ပြောပြဖြစ်ခဲ့လေသည်။ ထိုဖြစ်စဉ်ကို သီတဂူဆရာတော်ကြီးက လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက တရားတစ်ပုဒ်မှာ ထည့်ဟောခဲ့ဖူးလေသည်။ ထိုဖြစ်စဉ် တော်ကို ကျွန်တော်ပြန်ပြောပြခဲ့စဉ် နားထောင်နေကြသော ကျွန်တော့်မိတ်ဆွေများ၏ စိတ်တွင်လည်း သီလ၏တန်ဖိုးကို ပိုမိုလေးနက်စွာ နားလည်လက်ခံသွားကြသည်ဟု ကျွန်တော်ယုံကြည်လိုက်ပါသည်။ ကျွန်တော်သည်လည်း ထိုဖြစ်စဉ်ကို အကြိမ်ကြိမ်နာကြားရင်းနှင့်ပင် သီလ၏တန်ဖိုးကို ပို၍ပို၍မြတ်နိုး လာမိသည်မှာအမှန်ပင်ဖြစ်သည်။ ထိုသို့ နားလည်လာမိသည်နှင့်အမျှ ကိုယ်ကျင့်သီလ ကိုပို၍ပို၍ ဖြည့်ဆည်း စောင့်ရှောက် သွား နိုင်ဖို့ ကိုလည်း ကြိုးစားရ ပြန်ပါသည်။ ကျွန်တော့်လိုသာမန်ပုထုဇဉ်တို့ ၏ ဘဝတွင် သီလကို ဘယ်လိုဖြည့်ကျင့်သွားလျှင် ပိုပြီးထိရောက်လေမလဲ။ ထိုသို့ လည်း အကြိမ်ကြိမ်အထပ်ထပ် စဉ်းစားသုံးသပ်ဖြစ်ပြန်ပါသည်။ သီလအကြောင်း စဉ်းစားမိတိုင်း လူသားတို့ ၏အခြေခံကျင့်ဝတ် ဖြစ်သည့် ငါးပါးသီလက ရှေ့ဆုံးမှာရှိနေပြန်သည်။ သို့ သော် ပါရမီအကျင့်လမ်းကို ကျင့်လှမ်းသွားလိုသူတို့ အတွက်မူ နောက်ထပ်တိုး ချဲ့ ဖြည့်ကျင့်ရမည့် သီလတွေလည်းရှိလာပြန်သည်။ အထူးသဖြင့်တော့ 'အာဇီဝဋ္ဌမကသီလ' ပင်ဖြစ်လေသည်။



(ဆက်လက်တင်ပြပါဦးမည်။)




အားလုံးသတ္တဝါချမ်းသာပါစေ
သက်နှင်းဆွေ-ပုပ္ပါး
(၁၁.၇.၂ဝ၁၁။တနင်္လာည ၁၁းဝဝ။ရေးသားပြီးစီး။)
၂ဝ၁၁ ဇူလိုင် ၂ဝရက်ထုတ် နေလဂျာနယ်အမှတ်၄၂၆မှ။)


ကျမ်းကိုး။ ။
(၁)သီတဂူဆရာတော်ကြီး၏
-အမြတ်ဆုံးကိုယ်ကျင့်သီလတရား၊
-သီလသည်လူသားတို့ ၏ဘဝတရား၊
-သီလကထာတရားများ။
(၂)ဆရာတော်အရှင်ခေမိန္ဒ၏
-အခြေခံအဘိဓမ္မာ (တတိယတွဲ)
(၃)အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)
-အခြေပြုဝိပဿနာသင်တန်းတရားများ။
(၄)အရှင်ဇနကာဘိဝံသ၏
-ကိုယ်ကျင့်အဘိဓမ္မာ
(၅)သဂြိုလ်ဘာသာဋီကာ။

Read more...

စက်တင်ဘာ ၁၀ရက်နေ့တရားအစီအစဉ်များ။

၂၀၁၁ ခု စက်တင်ဘာ(၁၀)ရက် ( ၁၃၇၃ ခု တော်သလင်း လဆန်း ၁၃ ရက် ) စနေနေ့

မြန်မာတ်ာချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ ...


M.A; Ph.D

အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာဝါစက ပဏ္ဍိတ
ပါဠိ ပါရဂူ
သ၊ စ၊ အ ဓမ္မာစရိယ
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော

၁။ ယနေ့ကမ္ဘာကြီး၏ နောက်ဆုံးနေ့များ

၂။ သူတော်ကောင်းတရားတည်တံ့ပြန့်ပွားရေး

၃။ ပညာမဲ့သဒ္ဒါ (အပိုင်း ၁နှင့် ၂)

၎။ ဘ၀၏၀န်ထုတ်ဝန်ပိုးများ

၅။ လောဘနှင့်အလောဘ

၆။ အသိသုံးပါးနှင့် အမေးအဖြေ

၇။ ကျေးဇူးတရား

၈။ အသိတရားရှိသူတို့၏ စိတ်နေသဘောထား

၉။ သာသနာပြုစွမ်းအားစု

၁၀။ကိုယ်ကျင့်တရားသည်သာလျှင်လူ့ အဆင့်အတန်း

၁၁။အစွမ်းတန်ခိုးများနှင့်သာသနာ

၁၂။သမထနှင့်ဝိပသနာ

၁၃။လူဖြစ်ကျိုးနပ်ပါစေ

၁၄။မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ

၁၅။မေတ္တာနှလုံးအစဉ်သုံး

၁၆။လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား

၁၇။ရောဂါကုစားစိတ်စွမ်းအား

၁၈။ဓမ ၼံသရဏံ ဂစၧာမိ

၁၉။ဘောဂတဏှာ

၂၀။အဘိဓမ္မာဆိုင်ရာ ဗဟုသုတအမေးအဖြေများ (အပိုင်း ၁နှင့် ၂)


တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

ငါလည်းတစ်နေ့ သူတို့လို

“၉၅၊ ၈၄၊ ၇၂၊ ၇၃၊ ၈၁၊ ၆၄၊ ၆၃၊ ၆၈၊ ၃၅၊ ၃၁၊ ၄၇၊ ၄၃၊ ၅၁၊ ၂၂၊ ၃၊ ၄၆၊ ၆၉၊ ၇”



အထက်ပါဂဏန်းသင်္ချာတို့ကား အခြားမဟုတ်၊ နေ့စဉ်ထုတ်သတင်းစာ နာရေးကဏ္ဍတွင် တွေ့မြင်နေရသော သေဆုံးသူတို့၏ အသက်တို့ပင်ဖြစ်၏။ ထိုအထဲ၌ အသက်အရွယ်ကြီးရင့်သူများပါသလို အသက်အရွယ် ငယ်ရွယ်သူများလည်း ပါဝင်ပေ၏။ ကျော်ကြားသူများ ပါသလို သာမန် လူများလည်း ပါဝင်ပေ၏။ တစ်ဖန် ရာထူးဂုဏ်သိမ်မြင့်မားကာ အခြွေအရံအသင်းအပင်း ၀န်းရံနေသောသူများ ပါသလို ရာထူးဂုဏ်သိမ်မရှိ၊ အခြွေအရံအသင်း အပင်းကင်းသော သူတို့လည်း ပါဝင်ပေ၏။ အချို့ကား လူ့ဘ၀ပင် ဘယ်လိုနေမှန်း မသိသေး။ နာရေးကဏ္ဍ၌ ပါဝင်နေ၏။ ထိုမြင်ကွင်းကား တစ်ရက်မဟုတ်၊ နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းဖြစ်၏။



ထိုသေဆုံးသူတို့အထဲ၌ ကိုယ်မသိဖူး မမြင်ဖူးသူများပါဝင်သလို ကိုယ့်မိတ်ဆွေ ကိုယ့်သူ ငယ်ချင်းတို့လည်း ပါဝင်နေ၏။ တစ်ဖန် ကိုယ့်ဆွေမျိုး သားချင်းထဲက ပါရှိနေတတ်သလို ရံဖန်ရံခါ ကိုယ့်မိသားစုဝင်ထဲကပင် ဖြစ်နေတတ်၏။ ထိုသေဆုံးသူတို့ကို တွေ့မြင်ရသည့်အချိန် (သေဆုံး သည့်အကြောင်းကို ကြားသိရသည့်အချိန်)တွင် မည်သို့သော စိတ်ခံစားမှုများ ဖြစ်ခဲ့ပါသနည်း။ ထိတ်လန့်မှုသံဝေဂကော ဖြစ်ခဲ့ရဲ့လား။ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါက ချက်ချင်းပင် အဖြေထွက် လာမည်ဖြစ်၏။



အများအားဖြင့် သေဆုံးသူသည် ကိုယ်နှင့် မည်သို့မျှမတော်စပ်လျှင် စိတ်မကောင်းဖြစ်ရုံ သနားရုံမျှသာ ဖြစ်ကြ၏။ သွေးသားတော်စပ်လျှင်မူ ၀မ်းနည်းကြေကွဲရုံ၊ ပူဆွေးသောက ရောက်ရုံ မျှသာ ဖြစ်ကြ၏။ ပြောရလျှင် “ဤမျှသာ”ဟု ပြောဆိုရမည်ဖြစ်၏။ ထို့ထက်မပို။ “သူတို့သေရသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါလည်း သေရမှာပါလား”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ မရောက်ပေ။ ရောက်လျှင်လည်း အခိုက်အတန့်သာ ဖြစ်ပေလိမ့်မည်။



အချို့ကား စိတ်မကောင်းဖြစ်ခြင်း၊ သနားခြင်းမျှပင် မဖြစ်။ အလောင်းကို ရှေ့မှာထား၍ စီးပွားရေးအကြောင်း၊ သားရေးသမီးရေးအကြောင်း၊ အိမ်အကြောင်း၊ ကားအကြောင်း၊ စပါးအ ကြောင်း၊ ပဲအကြောင်း၊ ရုပ်ရှင်ဗီဒီယိုအကြောင်းတို့ကို လှိုင်လှိုင်ပြောနေကြ၏။ အသိတရား၊ သတိ တရား မရှိကြပေ။ သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထားကာ သံဝေဂမဖြစ်ဘဲ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ၊ မောဟဖြစ်စရာ အာရုံတွေနှင့် လုံးထွေးရစ်ပတ်နေသည်မှာ အရုပ်ဆိုးအကျည်းတန် လှ၏။ သေခြင်းတရားမှာ ကိုယ်နှင့်မဆိုင်တော့သလိုလို။ သေခြင်းတရားမှ အစဉ်ထာဝရ လွတ်ကင်းနေကြသလိုလိုပင်။ အမှန်အားဖြင့် သံဝေဂဖြစ်စရာကို တွေ့မြင်ကြားသိရလျှင် “ငါလည်း တစ်နေ့နေ့မှာ သူတို့လို…”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ ရောက်သင့်၏။ ထိုသို့ သံဝေဂဖြစ်သည့်အတွက် လောကီကိစ္စရော လောကုတ္တရာကိစ္စပါ အကျိုးမယုတ်။ ဆုံးရှုံးမှုမဖြစ်။ မိမိအတွက် တစ်ခုခုတော့ ကျန်ရှိမည်သာ ဖြစ်၏။ ဤ၌ တိဿမင်းသား၏ အဖြစ်ကို ပြဆိုလို၏။


၇-ရက်ပြည့်က အသတ်ခံရမည့်တိဿ



သီရိဓမ္မာသောကမင်းကြီး၌ ညီတော်အရင်းတစ်ယောက် ရှိလေ၏။ ယင်းညီတော်ကား တိဿမင်းသားပင်။ မင်းကြီးသည် ညီတော် တိဿမင်းသားကို အိမ်ရှေ့မင်းသားအရာ၌ ထားလေ၏။ ထိုတိဿမင်းသားသည် တစ်နေ့ တောလည်ထွက်ရာ သမင်များကိုမြင်ပြီး “မြက်ကိုစားနေရတဲ့ သမင်တွေတောင်မှ ပျော်မြူးနိုင်ကြသေးတယ်၊ စားကောင်းသောက်ဖွယ်တွေစား၊ နူးညံ့သိမ်မွေ့တဲ့ အိပ်ရာတွေမှာ အိပ်ကြရတဲ့ ရဟန်းတွေမှာ ဘယ်မှာမပျော်ဘဲ ရှိပါ့မလဲ”ဟု မသင့်လျော်သော အကြံကို ကြံမိလေ၏။ ထိုအကြံကို သီရိဓမ္မာသောကမင်းကြီးအား လျှောက်ထား လေ၏။ သီရိဓမ္မာ သောကမင်းကြီးသည် ညီတော်တိဿမင်းသားကို ဆုံးမလိုသည့်အတွက်….



“ညီတော်တိဿ….လာပါ။ ၇-ရက်တိတိ ထီးနန်းစံပါ။ ၇-ရက်ပြည့်ရင်တော့ ညီတော်ကို သတ်မယ်” ဟု မိန့်ကြားလေ၏။



တိဿမင်းသားသည် “၇-ရက်ပြည့်ရင် ငါဟာ အသတ်ခံရတော့မယ်(သေရတော့မယ်)”ဟု တွေးပြီး ရေမချိုးနိုင်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ချုံးလာလေ၏။ ၇-ရက်ပြည့် သောအခါ သီရိဓမ္မာသောကမင်းကြီးက....”မင်းဟာ ဘာဖြစ်လို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး ပိန်ချုံး သွားတာလဲ”ဟု မေးလေ၏။ ထိုအခါ တိဿမင်းသားက….”သေရမည့်ဘေးကို တွေးကြောက်နေမိ လို့ပါ”ဟု လျှောက်တင်ရာ…”ဟဲ့တိဿ….၇-ရက်ကြာမှ သေရမယ်လို့ ရက်တိတိကျကျပိုင်းဖြတ်ပြီး သိတဲ့ မင်းတောင်မှ လွတ်လွတ်လပ်လပ် မပျော်ရွင်နိုင်ဘူးဆိုရင် ထွက်သက်ဝင်သက်တိုင်း အစဉ်မ ပြတ် သေဘေးကိုရှုနေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာပျော်နိုင်မှာလဲ”ဟု မိန့်တော်မူလေ၏။



တိဿမင်းသားသည် ထိုအခါမှ သာသနာတော်ကို ပို၍ကြည်ညိုလေ၏။ နောင်တစ်ချိန်တွင် ရဟန်းပြုရာ ရဟန္တာဖြစ်သွားလေ၏။



ဤ၌ တိဿမင်းသားသည် အစက သူလိုကိုယ်လိုပင်။ သေခြင်းတရားကို သတိမရ။ သေခြင်းတရားနှင့်ပတ်သက်၍ အသိမရှိ၊ သတိမရှိ။ မေ့လျော့ကာနေ၏။ တကယ်သေရမည်ဆို သောအခါမှ မအိပ်နိုင်၊ မစားနိုင်လောက်အောင်ပင် ထိတ်လန့်မှုဖြစ်လေ၏။ ယင်းထိတ်လန့်မှုကို အခြေခံကာ နောင်တွင် ရဟန္တာဖြစ်သွားလေ၏။ ဆိုလိုသည်မှာ ထိတ်လန့်မှုသံဝေဂသည် နိဗ္ဗာန် ရောက်အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်ဟုပင်။



“နိဗ္ဗာန်က မြင့်တယ်။ လက်ရှိအကျိုးတရားကိုပဲ လိုချင် ရချင်တယ်”ဟုဆိုလျှင်လည်း ရနိုင်ပေ၏။ လက်ရှိအကျိုးတရားကား စိတ်ဓာတ်များ မြင့်မားလာခြင်းပင် ဖြစ်၏။ မှန်ပေသည်။ ပုထုဇဉ် တို့သဘောမှာ အများအားဖြင့် မဟုတ်တာလုပ်ရမည်ကို သဘောကျတတ်၏။ မဟုတ်တာပြောဆို ရသည်ကို ကျေနပ်နေတတ်၏။ မကောင်းတာကြံစည်နေရသည်ကို နှစ်ခြိုက်နေတတ်၏။ ထိတ်လန့်မှုသံဝေဂ ပွားများသူတစ်ယောက်အနေနှင့်မူ “ငါလည်း တစ်နေ့နေ့မှာ သူတို့လို သေရမှာ ပါလား”ဟူသောအသိ၊ သတိထားရှိသည့်အတွက် ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်သည့်တိုင် မဟုတ်တာလုပ်ရမည်ကို တတ်နိုင်သမျှ ရှောင်ကြဉ်လာ၏။ မဟုတ်တာပြောရမည်ကို ရွံရှာလာ၏။ မကောင်းတာကြံစည်ရမည်ကို စက်ဆုပ်လာ၏။



ထို့ကြောင့် သံဝေဂပွားများသူ၏ ဘ၀သည် တဖြည်းဖြည်း အထက်တန်းကျလာ၏။ အခြေ ခိုင်လာ၏။ တည်ငြိမ်လာ၏။ အေးချမ်းလာ၏။ ကိုယ်လိုသူလို သာမန်စိတ်ထားမျိုးမှ အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်၊ အပြောအဆို၊ အပြုအမူများ ပိုင်ဆိုင်လာ၏။



သို့ဖြစ်၍ လူတို့သည် သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထား၍ အမှုမဲ့ အမှတ်မဲ့ မနေသင့်ပေ။ အသိတရား၊ သတိတရား ရှိသင့်ပေ၏။ “ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရ မှာပါလား”ဟု ထိတ်လန့်မှုသံဝေဂ ဖြစ်သင့်ပေ၏။ မိမိချစ်ခင်မြတ်နိုးအပ်သော မိဘ၊ သားသမီး၊ ဇနီးမယား၊ လင်သား၊ မိတ်ဆွေသူငယ်ချင်း၊ (သို့မဟုတ်) ဘ၀တူလူသားတစ်ဦးကို ဘာမျှတန် ကြေးမရှိသော စိတ်မကောင်းမှု၊ သနားမှု၊ ၀မ်းနည်းကြေကွဲမှု၊ ပူဆွေးသောကရောက်မှုတို့မျှ လောက်နှင့် အလဲအလှယ် ပြုလုပ်မည်လား၊ စဉ်းစားသင့်ပေ၏။ အမှန်အားဖြင့် လဲချင်းလဲရလျှင် “ငါလည်းပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရမှာပါလား”ဆိုသော တန်ဖိုးရှိသော ထိတ်လန့်မှုသံဝေဂနှင့်သာ လဲလှယ်သင့်ပေ၏။ သို့မှသာ အတိုင်းအတာတစ်ခုအထိ လဲလှယ်ရ ကျိုးနပ်မည် ဖြစ်၏။



အရှင်ကောဏ္ဍည (သာသနာ့တက္ကသိုလ်)


Read more...

ကံနှင့်စပ်၍ သိမှတ်ဘွယ်

လောကရှိ သတ္တ၀ါတို့သည် ကောင်းမှု၊ မကောင်းမှုတို့ကို လုပ်ဆာင်ကြစဉ် စေ့ဆော် တိုက်တွန်းသည့် စေတနာများ ပါဝင်လျက်ရှိကြသည်။ စေတနာသည် နာမ်တရားတို့၏ သဘာဝအတိုင်း မျက်စိတစ်မှိတ် လျှပ်တပျက်အတွင်း ကုဋေတစ်သိန်းမက ချုပ်ပျောက်၍ သွားပေသည်။ ထိုသို့ ချုပ်ပျောက် သွားရာတွင် အမှတ်တမဲ့ ချုပ်ပျောက်သွားသည် မဟုတ်၊ ဖြစ်ပေါ်လာသည့် စေတနာတိုင်းမှာ အကျိုးတရားကို ပေးဆောင် နိုင်သည့် သတ္တိများ(ကမ္မသတ္တိများ) ပါရှိနေ၏။ မျိုးပေစ့များမှာ အပင်ပေါက်သည့် အစွမ်း သတ္တိ များပါရှိနေ သလိုပင်ဖြစ်သည်။ စေတနာတရား ချုပ်ပျောက် သွားသည့်အခါ အကျိုးကို ပေးဆောင်သည့် အစွမ်းသတ္တိကို ချန်ထားပြီးမှ ချုပ်ပျောက်သွားခြင်းဖြစ်ရာ ထို အစွမ်းသတ္တိသည် အကြောင်းညီညွတ်မှုနှင့် တွေ့ခဲ့သော် အကျိုး တရားကို ပေးဆောင်တော့သည်။



ဥပမာ မျိုးစေ့များကို စိုက်ပျိုးသည့်အခါ မြေကောင်းနှင့် ရေကောင်း အောကာင်းညီညွတ်မှု နှစ်ခုနှင့် တွေ့ဆုံရပါက အပင်များ ပေါက်ရောက် ရှင်သန် လာကြသလို စေတနာတရားက ချန်ထားရစ်ခဲ့သော အစွမ်းသတ္တိသည်လည်း အကြောင်းညီညွတ်မှုနှင့် တွေ့ဆုံရလျှင် ပြန်လည်၍ အကျိုးပေး လာတော့သည်။



၁။ ယောနသော မနသိကာရ- သင့်တော်မှန်ကန်စွာ နှလုံးသွင်းမှု။



၂။ ကလျာဏမိတ္တ-ဆရာကောင်း သမားကောင်း မိတ်ဆွေကောင်းများနှင့်တွေ့ဆုံရမှု။

အကြောင်းနှစ်ခုတို့ဖြစ်။ ထိုအကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက ကောင်းကျိုးကို ပေးဆောင်ပေမည်။

မကောင်းမှုပြုလုပ်သူများအဖို့ဆိုပါက-



၁။ အယောနိသော မနသိကာရ- မသင့်မတော် မမှန်မကန် နှလုံးသွင်းမှု။



၂။ ပါပမိတ္တ-ဆရာယုတ် မိတ်ဆွေယုတ်များနှင့် တွေ့ဆုံရမှု ထိုအကြောင်းနှစ်ခုနှင့် တွေ့ဆုံရပါက မကောင်းကျိုးကို ပေးဆောင် သွားပေလိမ့်မည်။ ကောင်းမှုရှင်၊ မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့ ကောင်းမှု မကောင်းမှုရှင် ပုဂ္ဂိုလ်များအဖို့ ကောင်းမှု မကောင်းမှုများ ပြုလုပ်ပြီးသည့်နောက် ကောင်းကျိုး မကောင်းကျိုးများ ဖြစ်ပေါ်လာခြင်းမှာ ထိုအကြောင်း ညီညွတ်မှုများနှင့် တွေ့ဆုံရမှုကြောင့်ဖြစ်၏၊ ထိုကဲ့သို့ အကျိုးတရား ပေးဆောင်မှုသည် တစ်ဘ၀အတွက်သာမဟုတ် ဘ၀အဆက်ဆက် နိဗ္ဗာန်ရသည့်ဘ၀ အထိ ပေးဆောင်သွားမည် ဖြစ်ပါသည်။



ကံဟု ခေါ်ဆိုရသည့် စေတနာ၏ အစွမ်းသတ္တိသည် အရိပ်ပမာ ကံပြုသူ၏ နောက်သို့ ထက်ကြပ် မကွာ လိုက်ပါနေပေသည်။ ၄င်းကံတို့သည် မည်သည့်နေရာဌာန၌ တည်ရှိနေပါသနည်းဟု မေးလာခဲ့သော် တည်ရာဌာနကို တိတိကျကျ ညွှန်ပြဖို့ရန် တတ်နိုင်ကောင်းသော အရာမဟုတ်ချေ၊ တရာဌာနကို မညွန်ပြနိုင် သဖြင့် ကံနှင့် ကံ၏အကျိုးတရား မရှိဟုယူဆပါက မှားယွင်းသော အယူအဆဖြစ်သွားမည်။ အကြောင်း ကိုပယ် အကျိုးကိုပယ်သည့် အဟေတုကဒိဋ္ဌိ- နတ္ထိကဒိဋ္ဌိ- အကိရိယဒိဋ္ဌိ အယူအဆရှိသူများ ဖြစ် သွားမည်။ ထို အယူများ ခိုင်မြဲသွားလျှင် အ၀ီစိငရဲသို့ ဧကန်မုချ ရောက်ရမည်ဖြစ်၏။



ထိုကံတို့၏ တည်ရာဌာန မရှိမဟုတ်၊ ရုပ်တရား နာမ်တရားတို့သည် တစ်ခဏအတွင်း ဖြစ်ပေါ်ပြီး နောက် တစ်ခဏအတွင်း တည်ရှိကာ တစ်ခဏ အတွင်း ချုပ်ပျောက်နေခြင်းဖြစ်ရာ အစဉ် မပြတ် တရစပ် ဖြစ်ပေါ် ချုပ်ပျောက်နေခြင်းဖြစ်ရာ အစဉ်မပြတ် တရစပ်ဖြစ်ပေါ် ချုပ်ပျောက်နေသော ရုပ်အစဉ် နာမ် အစဉ် ဖြစ်ခြင်းကြောင့် တည်ရာဌာနကို တိတိကျကျ ညွှန်ပြဖို့ရန် မတတ်ကောင်းဟု ဆိုရခြင်းဖြစ်၏။ ယေဘုယျ ညွန်ပြရလျှင် ရုပ်အစဉ် နာမ်အစဉ်ကိုပင် တည်ရာဌာန အဖြစ်ဖြင့် ညွှန်ပြရပေလိမ့်မည်။



ဥပမာပြရလျှင် အသီးသီးတော့မည့် သရက်ပင်တစ်ပင်ရှိ၏။ သို့သော် အသီးမသီးသေး။ အသီး မသီးသေးသည့် ထိုသရက်ပင်၌ အသီး၏ တည်နေရာကို မညွန်ပြနိုင်သဖြင့် အသီးမရှိဟု ဆိုလျှင် လုံးဝ မှားယွင်း သွားပေလိမ့်မည်။ ယေဘုယျ ညွှန်ပြရလျှင် သရက်ပင်ကိုပင် ညွန်ပြရသကဲ့သို့ ဖြစ်၏။



ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ခုတို့တွင် ကုသိုလ်ကံသည် များပြား၍ အကုသိုလ်ကံသည် နည်းပါး၏။ အဘယ့်ကြောင့်ဆိုသော် အကုသိုလ်ကံ မကောင်းမှုကို ပြုလုပ်မိပြီဟု စိတ်နှလုံး မချမ်းမသာ ဖြစ်၏၊ စိတ်နှလုံး မချမ်းမသာ ပူလောင်သောကြောင့် မကောင်းမှု အကုသိုလ်သည် မတိုးပွား နည်းပါးခြင်းဖြစ်သည်။ ကုသိုလ်ကောင်းမှု ပြုလုပ်သူမှာ ပူလောင်မှုမရှိ စိတ်နှလုံး ကြည်လင်အေးမြ ရွှင်လန်းရ၏၊ စိတ်ရွှင်လန်းသူမှာ ၀မ်းမြောက် ၀မ်းသာ ဖြစ်ရ၏။ ၀မ်းမြောက် ၀မ်းသာဖြစ်သူမှာ နှစ်သက်မှုဖြစ်ပေါ်လာ၏။ နှစ်သက်သောစိတ် ရှိသူ၏ ခန္ဓာကိုယ်သည် ငြိမ်းအေး၏။ ခန္ဓာကိုယ် ငြိမ်းအေးသူသည် ချမ်းသာသုခကို ခံစားရ၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ငြိမ်၏၊ တည်ငြိမ်သူသည် ဟုတ်တိုင်းမှန်ရာကို သိ၏။ ထို အကြောင်းများကြောင့် ကုသိုလ်ကောင်းမှုသည် များပြားတိုးပွားခြင်းဖြစ်သည်။



မကောင်းမှုကံ ပြုလုပ်ရာ၌ သိလျက်ပြုလုပ်ခြင်းနှင့် မသိမူ၍ ပြုလုပ်ခြင်းဟု နှစ်မျိုးရှိရာ မသိမူ၍ ပြုလုပ်ခြင်းက အပြစ်များပြားသည်။ ဥပမာ ပြရလျှင် မီးလျှံရဲရဲ တောက်လောင်နေသော သံတုန်းသံခဲကို သိလျက်ကိုင်သူနှင့် မသိမူ၍ ကိုင်သူ နှစ်မျိုးတွင် မသိမူ၍ ကိုင်သူမှာ ပြင်းထန်သည့် ပူလောင်မှု ဝေဒနာ ကို ခံစားရပေလိမ့်မည်။



ထိုနည်းတူစွာ မသိမူ၍ မကောင်းမှု အကုသိလ်ကံပြုလုပ်လျှင် ထိုသူ၏ အကုသိုလ်ကံသည် ပိုမို၍ အပြစ်များခြင်း ဖြစ်ပေသည်။



ဤသို့ဆိုလျှင် လမ်းလျှောက်သွားလာရင်း ပုရွက်ဆိပ်စသည့် တိရစ္ဆာန်ငယ်လေးများ နင်းမိ၍ သေစေခဲ့သော် အပြစ်မရှိပါဟု ပြောကြားရာ၌ အထက်ပါ စကားနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလောဟု မေးစရာရှိပေသည်။ ဤနေရာ၌ အမှတ်သညာဖြင့် အဆုံးအဖြတ် ပေးရပါမည်။ အမှတ်သညာဟူသည် တမင် တကာ ကျူးလွန်လိုသည့် အမှတ်သညာဖြစ်၏၊ ထို့ကြောင့် ကျူးလွန်လိုသည့် အမှတ်သညာရှိနေလျက် နင်း၍ သေစေခဲ့သော် အကုသိုလ်အပြစ် ကြီးပေမည်။ ကျူးလွန်လိုသည့် အမှတ်သညာ မရှိပဲ အမှတ်တမဲ့ နင်း၍ သေစေခဲ့သော် အကုသိုလ် အပြစ်မရှိနိုင်။



အားရှိအားနည်း၊ အားကောင်းမကောင်း နှစ်မျိုးခွဲလျှင် ကောင်းမှုကုသိုလ်ကံသည် အားရှိ၏၊ အားကောင်း၏၊ မကောင်းမှု အကုသိုလ်ကံသည် အားနည်း၏၊ အားမကောင်း။ ဤသို့ဆိုလျှင် လူသတ်မှု၊ မတရားလုယက်မှု၊ သူ့မယား ကျူးလွန်မှုစသော ရာဇ၀တ်မှု ကျူးလွန်သူတို့သည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ အသေစားသေစေခြင်းစသည့် ဆိုးကျိုးများကို ပစ္စပ္ပာန်ဘ၀မှာပင် ခံစားကြရသည်။



ကောင်းမှုကုသိုလ် ပြုလုပ်သူတို့သည် ပစ္စပ္ပာန်ဘ၀မှာ စည်းစိမ်ချမ်းသာ အခြွေအရံ များစွာရခြင်း၊ ရာထူးတက်ခြင်းစသော ကောင်းကျိုးများ အထင်အရှား ခံစားကြရသည်ကို တွေ့မြင်ရသည်မှာ နည်းပါးလှ ပါသည်။



ထိုအချက်များကို ထောက်၍ မကောင်းမှု အကုသိုလ်ကံသည် အားကြီးသည် အားကောင်းသည်။ ကောင်းမှု ကုသိုလ်ကံသည် အားနည်းသည် အားမကောင်းဟု ယူဆခဲ့သော် ထိုအယူအဆသည် မှန် မမှန်? ထိုအယူအဆသည် မှားယွင်းသည်၊ အဘယ်ကြောင့်ဆိုသော် မကောင်းမှု အကုသိုလ်ကံသည် နည်းပါး သောကြောင့် မြန်မြန် ဆန်ဆန် အကျိုးပေးခြင်းဖြစ်၏၊ ကောင်းမှု ကုသိုလ်ကံသည် များမြတ်ပြန့်ပြော သောကြောင့် အချန်ကြာမြင့်မှ အကျိုးပေးခြင်းဖြစ်၏။



ဥပမာ ပြရလျှင် သက်နုစပါးမျိုးသည်(၂)လ(၃)လ ကြာလျှင် မှည့်ရင့်၏။ စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။ သက်ရင့်စပါးမျိုးကား စိုက်ပြီးနောက် ၄-လ ၅-လကြာမှ မှည့်ရင့်၏။ စားသုံးနိုင်သည့်အဆင့်သို့ ရောက်၏။ စပါးဖြစ်လာမှုချင်း တူသော်လည်း အာနိသင်ကား ကွာခြားလှဘိသည်။ သက်နုစပါးမျိုးသည် အဆီသြဇာ နည်းပါးသည်။ အောက်အခြေခံ လူတန်းစားတို့သာ စားသုံးကြသည်၊ သက်ရင့်စပါးမျိုးကား အဆီ သြဇာများသည်၊ အထက်တန်းလွှာ လူတန်းစားတို့ သုံးဆောင်သော အစာအဟာရဖြစ်သည်။



ထိုနည်းတူစွာ မကောင်းမှု အကုသိုလ်ကံသည် သက်နုစပါးမျိုးနှင့်တူ၍ နည်းပါးသောကြောင့် မြန်မြန် အကျိုးပေးသည်။ ကောင်းမှုကုသိုလ်ကံသည် သက်ရင့်စပါးမျိုးနှင့်တူ၍ များမြတ်ပြန့်သောသောကြောင့် အချိန်ကြာမြင့်မှ အကျိုးပေးသည်။



ထပ်မံဆိုဖွယ်ရှိသေးသည်။ တစ်ဘက် ရန်သူကို အလျှင်အမြန် တိုက်ခိုက်၍ ရန်သူကို အရှင် လတ်လတ် ဖမ်းဆီး အနိုင်ယူနိုင်သော စစ်သားသည် ရဲရင့်သော သူရဲကောင်းဖြစ်သည်။ ရောဂါ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဆရာ ဆရာဝန်သည် ကျွမ်းကျင် လိမ်မာသည့် ဆေးဆရာ ဆရာဝန်ဖြစ်သည်။ အတွက် အချက်ကို လျှင်လျှင် မြန်မြန် တွက်ချက်နိုငသော သင်္ချာဆရာသည် ကျွမ်းကျင် လိမ်မသည့် သင်္ချာဆရာသည်။ ပြိုင်ဘက် လက်ဝှေ့သမားကို အလျှင်အမြန် အလဲထိုး၍ အနိုင်ယူနိုင်သော လက်ဝှေ့သမားသည် စွမ်းရည်ပြည့်ဝသည့် (ချန်ပီယံ) လက်ဝှေ့သမားဖြစ်သည်။



ထိုနည်းတူစွာ အလျှင်အမြန် အကျိုးပေးသည့်ကံက အားကြီးသည် အားကောင်းသည်ဟု တဆင့်တက်၍ မေးခဲ့ငြားအံ့။ ထိုအမေးအတွက် အဖြေပေးရလျှင် ဆိုင်ရာ ဆိုင်ရာ မင်းအစိုးရ အဆက်ဆက်တို့က လူသတ်သူ မတရားလုယက်သူ သူများမယား ကျုးလွန်သူ စသူတို့အား အသေးစား သေစေ ဤ၍ဤမျှ ဒဏ်ချစေ၊ ဤရွှေ့ဤမျှ ထောင်ချစေ စသည်ဖြင့် ဥပဒေထုတ်ထားကြသည်။



ထိုဥပဒေများအရ အရေးယူသဖြင့်သာ မကောင်းမှု အကုသိုလ်ကံသည် လျှင်လျှင်မြန်မြန် ဒိဋ္ဌဓမ္မ ပစ္စပ္ပာန်မှာပင် အကျိုးခံစားရသည်ဟု ဆိုပေသည်။ မင်းအစိုးရ အဆက်ဆက်တို့က အလှူဒါနပြုလုပ်သူ သီလ စောင့်ထိန်းသူ ဥပုဒ်စောင့်သုံးသူ၊ ဘာဝနာပွားများသူ စသူတို့အား ဤရွေ့ဤမျှ စည်းစိမ် ဥစ္စာအခြံအရံကို ပေးရမည် စသည်ဖြင့် ဥပဒေမထားရှိကြပေ။ ထိုကဲ့သို့ ဥပဒေမထားရှိသောကြောင့် ကောင်းမှု ကုသိုလ်ကံ သည် မျက်မှောက်ပစ္စုပ္ပာန် ဒိဋ္ဌိဓမ္မ မခံစားကြရဟု ဆိုရသည်။ သို့သော် အကြောင်းညီညွတ်မှုနှင့် တွေ့ဆုံရ လျှင် ခံစားရမည်သာ ဖြစ်သည်။



ကုသိုလ်-အကုသိုလ်ကံတို့၏ အကျိုးပေးပုံသည် ဆန်းကြယ်လှသည်။ အပေါ်ယံသာ သိမြင် ထားကြသူများအဖို့ မယုံကြည်နိုင်စရာပင်ဖြစ်၏။ ဥပမာပြရလျှင် ဗာရဏသီပြည် မဟာပတာပ မင်းကြီးဖြစ်၍ ဘုရားလောင်းလျာက သားတော် မင်းသားလေးဖြစ်ခဲ့သည်။ ဓမ္မပါလဟု နာမည်ပေးခဲ့ကြ၏။ မယ်တော် စန္ဒာဒေ၀ီ မိဘုရားကြီးက သားတော်လေးနှင့်အတူ ရွှင်မြူးကားနေစဉ် မင်းကြီးလာသည်ကို နေရာမှထပြီး မကြိုဆိုမိချေ။ မင်းကြီးသည် ဒေါသထွက်၍ သူသတ်သမားကို ခေါ်ကာ ရက်ရက်စက်စက် သတ်စေခဲ့သည်။



ဘုရားလောင်းလျာအား ထိုသို့ပြုပါလျက် ရှင်ဒေ၀ဒတ်သည် အချို့ဘ၀များ၌ ဘုရားလောင်းလျာထက် အဆင့်မြင့်နေသည်။ စည်းစိမ်ဥစ္စာ အခြွေအရံများစွာ ရရှိနေသည်။ ထိုသို့ဖြစ်ရာ၌ အကုသိုလ်ကံသည် အကျိုး မပေးပါသလောဟု မေးစရာရှိ၏။ အကျိုးပေးပါသည်ဟု ဖြေရမည်ဖြစ်သည်။ အကျိုးပေးသည်မှာ အချို့ဘ၀များ၌ဆိုလျင် မြေမျို၍ အ၀ိစိငရဲ၌ ကျသည်အထိဖြစ်၏။



ရှင်ဒေ၀ဒတ်လောင်းလျာ ပြုလုပ်သည့်ကံကို ဆန်းစစ်လျှင် သူသည် ဘုရားလောင်းလျာကိုသာ အနှောက်အရှက် အန္တရာယ်ပေးခြင်းဖြစ်သည်။ အခြားသူများကို အနှောက်အယှက် အန္တရာယ် ပေးသည်မဟုတ်။ သူသည် လူအများ ချမ်းသာရေးအတွက် ပေးကမ်းလှူဒါန်းခဲ့သည်။ ရေတွင်း ရေကန် တူးဖော်ခဲ့သည်။ တည်းခိုဇရပ်ဆောက်ခြင်း၊ လမ်းဖောက်ခြင်းစသော ကောင်းမှုများကို ပြုလုပ်ခဲ့သည်။



လူအများ ချမ်းသာရေးအတွက် ကောင်းမှုများစွာကို ပြုလုပ်ခဲ့သောကြောင့် ကောင်းမှု အကျိုးများ ကိုလည်း ခံစားရသည်။ ထို့ကြောင့်ပင် အချို့ဘ၀များ၌ ဘုရားလောင်းလျာက်ထက် သာလွန်နေခြင်းဖြစ် ပါသည်။ ကုသိုလ်ကံက ကောင်းကျိုး၊ အကုသိုလ်ကံက ဆိုးကျိုးကို ပေးသည်မှာ ကမ္မနိယာမပင် မဟုတ် လော။



ကောင်းမှုကုသိုလ်ကံ၏ ကျောင်းကျိုးပေးခြင်း၊ မကောင်းမှုအကုသိုလ်ကံ၏ ဆိုးကျိုးပေးခြင်းတို့သည် ၀ိပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုးတို့နှင့် တွေ့ဆုံရမှုကြောင့်လည်း အကျိုးပေးမှု အကျိုးမပေးမှုတို့ ဖြစ်လာနိုင်သေး ၏။



သမ္ပတ္တိ(၄)မျိုးဟူသည်။


၁။ ကာလသမ္ပတ္တိ- မင်းကောင်းစိုးကောင်းနှင့် လူကောင်းများရှိရာ အခါနှင့်ပြည့်စုံမှု။


၂။ ဥပဓိသမ္ပတ္တိ- ခန္ဓာကိုယ်အစိတ်အပိုင်း အင်္ဂါရပ်များပြည့်စုံ၍ ရုပ်ရေအဆင်း သန့်ရှင်း ကြည်လင်တင့်တယ်ခြင်းနှင့် ပြည့်စုံမှု။



၃။ ပယောဂသမ္ပတ္တိ- မကောင်းမှု ဒုစရိုက်များမှ ရှောင်ရှား၍ ကောင်းမှု သုစရိုက်များကို လုပ်ဆောင်ခြင်းနှင့် ပြည့်စုံမှု။



၎။ ဂတိသမ္ပတ္တိ-လူ့ဘ၀ နတ်ဘ၀ဖြစ်ရခြင်းနှင့် ပြည့်စုံမှုတို့ဖြစ်သည်။



ဝိပတ္တိ(၄)မျိုးဟူသည်--



၁။ ကာလ၀ိပတ္တိ- မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာ အခါနှင့် မပြည့်စုံမှု။



၂။ ဥပဓိဝိပတ္တိ- ခန္ဓာကိုယ်အစိတ်အတိုင်း အင်္ဂါရပ်များချို့တဲ့၍ ရုပ်ရည်အဆင်း မတင့်တယ်မှု။



၃။ ပယောဂ၀ိပတ္တိ-မကောင်းမှု ဒုစရိုက်များကို ပြုလုပ်မှု။



၎။ ဂတိဝိပတ္တိ- ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ၌ ဖြစ်ရမှုတို့ ဖြစ်သည်။



မကောင်းမှုများကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ အပါယ်လေးဘုံ၌ ကျရောက်လျှင် လုပ်ထားသည့် မကောင်းမှုကံ အကျိုးပေးမည် ဖြစ်သော်လည်း ကောင်းမှုကံ တစ်ခုကြောင့် လူ့ဘ၀ နတ်ဘ၀၌ ဖြစ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဂတိသမ္ပတ္တိက တားမြစ်ထားသော ကြောင့် ဖြစ်၏။



ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ ရုပ်ရည် ဥပဓိ ပျက်စီးနေ လျှင် မကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း ကောင်းမှုကံတစ်ခုကြောင့် ရုပ်ရည် ဥပဓိ လှပတင့် တယ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဥပဓိသမ္ပတ္တိက ထားဖြစ်ထားသောကြောင့်ဖြစ်၏။



ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ ကာလပျက်စီးနေလျှင် မကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း ကောင်းမှုကံတစ်ခုကြောင့် မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာ အခါ၌ ဖြစ်နေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ကာလသမ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။



ထိုနည်းတူစွာ မကောင်းမှုများစွာကို ပြုလုပ်ထားသော အချို့ပုဂ္ဂိုလ်များအဖို့ မကောင်းမှု ဒုစရိုက် များကို လုပ်ဆောင်နေလျင် ပြုလုပ်ထားသော မကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း ကောင်းမှု ကံတစ်ခုကြောင့် ပယောဂသမ္ပတ္တိ၌ တည်လျက် ကောင်းမှု သုစရိုက်များကို ပြုနေလျှင် မကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ပယောဂသမ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။



ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ လူ့ဘ၀ နတ်ဘ၀၌ ဖြစ်ရလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း မကောင်းမှု ကံတစ်ခုကြောင့် အပါယ်လေးဘုံ၌ ဖြစ်နေ ရလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဂတိဝိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။



ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ ရုပ်ရည် ဥပဓိပြည့်စုံလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော်လည်း မကောင်းမှုကံ တစ်ခုကြောင့် ရုပ်ရည် ဥပဓိပျက်စီးနေလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ချေ။ ဥပဓိဝိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။



ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ မင်းကောင်း စိုးကောင်းနှင့် လူကောင်းများရှိရာအခါနှင့် ကြုံရလျှင် ကောင်းမှုကံက အကျိုးပေးမည်ဖြစ်သော်လည်း မကောင်းမှု ကံတစ်ခုကြောင့် ကာလပျက်စီးမှုနှင့် ကြုံကြိုက်နေလျှင် ကောင်းမှုကံက အကျိုးမပေးနိုင်တော့ ချေ။ ကာလ၀ိပ္ပတ္တိက တားမြစ်ထားသောကြောင့် ဖြစ်၏။



ထိုနည်းတူစွာ ကောင်းမှုများစွာကို ပြုလုပ်ထားကြသော အချို့ပုဂ္ဂိုလ်များအဖို့ သုစရိုက်တရားတို့ကို လုပ်ဆောင်မှုဟူသော ပယောဂသမ္ပတ္တိနှင့် ကြုံကြိုက်နေလျှင် ကောင်းမှုကံက အကျိုးပေးမည် ဖြစ်သော် လည်း မကောင်းမှု ဒုစရိုက်တို့ကို လုပ်ဆောင်မှုဟူသော ပယောဂ၀ိပ္ပတ္တိနှင့် ကြုံကြိုက်နေပါလျှင် ကောင်းမှု ကံက အကျိုးမပေးနိုင်တော့ချေ။ ပယောဂ၀ိပ္ပတ္တိက တားမြစ်ထားသောကြောင့်ဖြစ်၏။



ထိုသို့ ဆိုခဲ့ပြီးသည့်အတိုင်း ကောင်းမှုကံ၏ ကောင်းကျိုးပေးမှု မကောင်းမှုကံ၏ ဆိုးကျိုးပေးမှုတို့သည် ၀ိပ္ပတ္တိ(၄)မျိုး၊ သမ္ပတ္တိ(၄)မျိုးတို့နှင့် တွေ့ဆုံရမှုကြောင့်လည်း အကျိုးပေးမှု အကျိုးမပေးမှုတို့ ဖြစ်လာနိုင်ကြ သေးသည်။



အသင် စာရှုသူတို့သည် ကံနှင့် ကံ၏အကျိုးပေးပုံသဘောကို နက်နဲစွာ ဆင်ခြင်စဉ်းစားလျက် ဆောင်ရန်တို့ကိုဆောင်၊ ရှောက်ရန်တို့ကိုရှောင်၍ ကောင်းကျိုးချမ်းသာရရှိအောင် လုပ်ဆောင်နိုင်ကြပါစေ။



(မိလိန္ဒပါဠိတော်၊ ၀ိဘင်္ဂပါဠိတော်တို့ကိုမှီး၍ရေးသားသည်။)

အရှင်ဝါယမိန္ဒာဘိဝံသ

တိပိဋကဓရ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက

Read more...

သုသာန်စီးပွားရေး

(၁၆.၇.၂၀၁၁) ကြာသပတေးနေ့ ရေဝေးသုသာန်တွင် အသုဘများဖြင့်စည်ကားလျက်။ ကြက်ပျံမကျစည်ကားသည် ဆိုလျှင်လည်းမမှားပေ။စည်ကားနေရာအရပ်ဒေသကိုကြည့် လိုက် ပြန်လျှင်လည်း သုသာန်မြေသင်္ချိုင်း။ အဖေ့ရဲ့ အသုဘအခမ်းအနားအပါအ၀င် အသုဘပေါင်း ၃၃ လောင်း။ငါးထပ်ကြီးဘုရားကျောင်းတိုက် ပဓာနဆရာတော်ဘုရားကြီး၏ ဈာပနာအခမ်းအနားလည်း ဒကာ၊ ဒကာမများ၏ ပူဇော်မှုအလီလီဖြင့် စည်ကားပြန်ရော။ ဆရာတော်ကြီး၏ဈာပနာအခန်းအနားနှင့် အဖေ့အလောင်းထားရာ ခန်းမမှာဘေးချင်းကပ်လျက်။ တစ်ချို့တွေကပြောလိုက်သေးသည် သေရတာပျော်စရာတော့ကောင်းသား အပေါင်းအသင်းတွေတစ်ပုံကြီးနဲ့တဲ့။သေပြီဆိုမှတော့ အပေါင်းအသင်းမက်နေသောသူကရှိသေးသည်။ သုသာန်ပတ်ဝန်းကျင်တစ်ခွင် ငိုသူကငို၊ ချော့သူကချော့၊ တရားဘ၀နာပွားသူကပွား စသည်ဖြင့်တွေ့မြင်ရသော မြင်ကွင်းများမှာ စိတ်မချမ်းသာစရာ အတိ။ ထိုကဲ့သို့ စိတ်မချမ်းသာစရာ ၀မ်းနည်းစရာများဖြင့် ပြည့်နှက်နေသော နေရာတွင် တစ်ယောက်ကိုတစ်ယောက် ဖေးမကူလျက် လက်တွဲကာ အားပေးနှစ်သိမ့်ရပေမည်။ ပူဆွေးသူမိသားစု၏အပူဓာတ်များသည် ဘေးပတ်ဝန်းကျင်ရှိလူများကိုလည်း ကူးစက်သည်ကားအမှန်ပင်။ မည်သို့ပင်ဆိုစေကာမူ လူအများစုတော့ သုသာန်မြေကို တစ်ခါနင်းတိုင်း အနည်းဆုံး ငါလည်းတစ်နေ့ဆိုတဲ့ အတွေးသံဝေဂလေးတော့ခံစားမိသည်ပင်။



ထိုကဲ့သို့ ၀မ်းနည်းမှုအဖုံဖုံ၊ ပူဆွေးမှုအလီလီ၊ သံဝေဂတရားတို့ဖြင့်ပြည့်နှက်နေသော နေရာတွင် သေဆုံးသူအသုဘရှင်များ၏ မျက်ရည်ကို အရင်းအနှီးပြုလျက် စီးပွားဖြစ်ထွန်းနေသူများကို တွေ့မြင်ခဲ့ရသောခါ စိတ်ထဲတွင် ထူးဆန်းမိသည်နှင့်အတူ စိတ်မကောင်းလည်းဖြစ်မိသည်။ အသုဘအခမ်းအနားတွင်အသုံးပြုနေကြသော လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းစသည်တို့ကို မြို့နယ်စည်ပင်သာယာက ခန့်ထားသည်ဆိုသောဝန်ထမ်းများက ငှားစားကာစီးပွားရှာနေကြခြင်းပင်။ အသုဘရှင်၏ ငွေကြေးပိုင်ဆိုင်မှုအပေါ်မူတည်၍ ပေးရသည့်ငွေကြေးကား တစ်နာရီစာကို ၅၀၀၀ နှင့်အထက်ပေးရလေသည်။ ကျွန်မ၏ဦးလေးသည် မင်းတို့ဟာကများလွန်းတယ်ကွာ ၃၀၀၀ ထားပါဟုဆိုကာ ၃၀၀၀ ပေးသည်ကိုမယူပေ။ အဒေါ်က စိတ်အနှောင့်အယှက်အဖြစ်မခံလို၍ ကြားထဲမှနေ၍ ငွေ၅၀၀၀ ပေးလိုက်တော့မှယူသွားလေသည်။ ထူးဆန်းပါပေစွ။ မကြုံစဖူး ပထမဆုံးအကြိမ် အဖေ့အသုဘတွင်ကြုံခဲ့ခြင်းပင်။ ထိုပန်းခြင်းများမှ အသုဘအခမ်းအနားတစ်ခုတွင် နာရီပိုင်းခန့်သာအသုံးပြုပြီး တစ်ခုပြီးသည်နှင့် နောက်အသုဘတစ်ခုအတွက် ပိုက်ဆံယူရန် အဆင်သင့်နေရာယူပြန်လေသည်။ သေဆုံးသူမိသားစု၏ ပိုင်ဆိုင်မှုကိုလိုက်၍ ပေးရသည်မှာ ၁သိန်းအထက်ထိရှိကြောင်းသိခဲ့ရပြန်သည်။ ကိုယ့်အပူနှင့်ကိုယ် ပူဆွေးနေသည့်အထဲ သူတို့၏ စိတ်အနှောင့်ကိုမခံလို၍ သူတို့တောင်းသမျှပေးလိုက်ကြသည်သာပင်။



သေဆုံးသူသည် မသေခင်အချိန်က ရောဂါဝေနာတစ်ခုကို တာရှည်စွာခံစားနေရသူသာဆိုလျှင်ထိုမိသားစုမှာ ရောဂါကိုဆေးကုနေရ၍ ပိုက်ဆံအကုန်အကျများ၊ တစ်ချို့များဆေးဖိုးအကြွေးများပင်တင်ရှိ၊ ကံအကြောင်းမလှ၍ လူနာအသက်ကိုလည်း မရလိုက်ပြန်၊ သေဆုံးသွားပြန်တော့လည်း မသာစရိတ်၊ ကျောင်းစရိတ်၊ ကျွေးမွေးစရိတ် ဟိုစရိတ်၊ ဒီစရိတ်ဖြင့် အပူတွေထပ်နေရသည့်ကြားထဲ သူတို့တွေကတစ်ဖန် အပူတွေဆင့်ပြန်လေတဲ့ သုသာန်စီးပွားရေး။



မိသားစုများ၏ အပူကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူကူညီဆောင်ရွက်ပေးနေသော ရန်ကုန်နာရေးကူညီမှုအသင်း(ဦးကျော်သူ)အပါဝင် အခြားလူမှုရေးအသင်းအဖွဲ့များက စွမ်းစွမ်းတမံ ကိုယ်တတ်နိုင်ရာကို ကူညီပေးနေကြသည့်ကာလတွင် တစ်ပါးသူ၏ ပူဆွေးမှုမျက်ရည်ကို ထမင်းအဖြစ်စားသောက်အသက်ရှင်နေသူများကို တွေ့မြင်ရခြင်းသည် ရင်နာစရာကောင်းလှပါသည်။ အခြားသောသူများအတွက် သုသာန်မြေဆိုသည်မှာ တစ်ခါနင်းမိတိုင်းငါလည်းတစ်နေ့ဆိုတော့ သံဝေဂအသိလေးတော့ဖြစ်ပေါ်နေပေမယ့် သူတို့တွေ၏စိတ်ထဲတွင်ကား အဘယ်နည်း။ နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသော အလောင်းကောင်များ၊ ပူဆွေးမှုများသည် သူတို့တွေအတွက် သံဝေဂယူစရာနတ္ထိမရှိပြီလော။ ငါလည်းတစ်နေ့ သူတို့လိုပဲ သွားရအုံးမည်။ ငါအပါအ၀င် ငါ့မိသားစုများသည်လည်း ဒီလိုပဲ ပူဆွေးကြရအုံးမည်ဟု မဖြစ်ပေါ်တော့ပြီထင့်။ မြင်ပါများတော့ ရိုးဆိုသလို သူတို့အတွက်သုသာန်မြေဆိုတာ ရုပ်ရှင်ရုံအလား၊ အလောင်းကောင်ဆိုတာ ငွေကြေးဟုမြင်၊ ၀မ်းနည်းမှုငိုကြွေးသံကို ဂီတအသံကဲ့သို့၊ ပူဆွေးမှုမျက်နှာများဟာ ရုပ်ရှင်ပိတ်ကားအသွင်၊ မျက်ရည်ဆိုတာ အချိုရည်တမျှထင်နေသော သူတို့၏ စီးပွားရေးငွေကြေးသည် တစ်လလျှင်ပင် ၁၀သိန်းအထက်ရှိသည်တဲ့။ မသင့်ရာနေရာတွင် မလုပ်သင့်သော စီးပွားရေးဖြင့် ကြီးပွားနေခြင်းပင်။ထိုလုပ်ငန်းမှရသော ငွေကြေးသည် မည်မျှပင်များပြားစေကာမူ နောင်ဘ၀မပြောနှင့် ယခုဘ၀တွင်ပင် ပူလောင်မှုများစွာကိုပေးလိုက်မည့်ဖြစ်ခြင်း။ လူတောမတိုးသည့် ချမ်းသာခြင်းမျိုး။ ထို့ကြောင့် လူသားများ၏စိတ်ဆင်းရဲမှုကို အရင်းအနှီးပြု၍ စီးပွားရှာ ကြီးပွားခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့



သတ္တ၀ါအပေါင်းကျန်းမာချမ်းသာကြပါစေ


ရွှေရည်

Read more...

အပိုအလုပ်တွေနဲ့ အလုပ်တွေမပိုပါစေနဲ့

အပိုအလုပ်တွေနဲ့ အလုပ်တွေမပိုပါစေနဲ့


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)



ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆောင်ရွက်နေကြတဲ့ ကိစ္စများအနက် တချို့ဘာသာရေး ကိစ္စတွေဟာ မလိုအပ်ပါဘဲ အစဉ်အလာ အရ ဆောင်ရွက်နေကြ ရတယ်။ နှစ်ကာလကြာလာတော့ မလိုအပ်ဘဲ ဆောင်ရွက်နေတဲ့ ကိစ္စများကိုပင် အဓိကအဖြစ် မှတ်ယူလာကြတယ်။



အဲဒီကိစ္စကို မဆောင်ရွက်က မဖြစ် ဆိုတာမျိုးတွေထိတောင် အသိတွေက လွဲချော်လာကြတယ်။ အပိုအလုပ် တွေနဲ့ အလုပ်တွေ ပိုလာကြတယ်။ ဒါကြောင့် အပိုအလုပ်တွေ မလုပ် ကြဘဲ အဓိကကုသိုလ် အလုပ်ကို ဇောက်ချလုပ်ဆောင် ခြင်းဖြင့် ကုသိုလ်များများရအောင် ဆောင်ရွက်တတ်ဖို့ကို အကြံပြုလိုက်ပါတယ်။



အခု နွေရောက်ပြီ ၊ကျောင်းတွေပိတ်ပြီမို့ ဗုဒ္ဓဘာသာများပီပီ သားများမြေးများကို သာသနာ့အမွေ ရှင်ပြုရဟန်းခံ ကုသိုလ်ပွဲများ ဆောင်ရွက်ကြတော့ မယ်။ ရှင်ပြုပွဲတို့တွင် ကုသိုလ်မရတဲ့ အပိုအလုပ်တွေကို မလုပ်ကြတော့ဘဲ ကုသိုလ်စစ်စစ် ရတဲ့ ရှင်ပြုပွဲတွေ ဆောင်ရွက်ကြရအောင်ပါ။ ယခု ကမ္ဘာ မှာရော မြန်မာမှာပါ ယခု စီးပွားရေးတွေ လုပ်လို့ကိုင်လို့ မကောင်းဘူးဟု အများစုငြီးတွားနေကြတဲ့ အသံတွေကို ကြားနေရတာမို့ အပိုအလုပ်တွေကို မလုပ်ခြင်းင်းဖြင့် ချွေတာရာလည်းကျ။ကုသိုလ်လည်း အပြည့်ရဖို့ ဖြစ်တယ်။



အလွဲကို လွဲတယ်လို့ မသိဘဲ အမှန်လို့ ထင်မြင်ယူဆ ဆောင်ရွက်ကြခြင်းဟာ အမှားကို အမှန်ထင်၊ အနှစ်ကိုအကာ မြင်လို့ ဖြစ်ပါတယ်။ အကာကို အနှစ်လို့ မြင်ရင် အနှစ်ကို ပစ်၊ အကာကို အလေးထား ချစ်ခင်တတ်တာ လူ့သဘာဝပါ။ ထိုအခါ အချိန် ငွေကြေး လုပ်အားစတဲ့ ကုသိုလ်မရတဲ့ အလုပ် အပိုတွေကို ပိုလုပ်ကြရပါမယ်။



ရှင်ပြုတဲ့အခါ နတ်ပြတဲ့ကိစ္စဆိုပါတော့။ ရဟန်းတော်များ သိကြပါတယ်။ ကိုရင်ဝတ်ခြင်းနဲ့ နတ်ပြခြင်း ဘာမှမဆိုင် ဆိုတာ၊ ဒါပေမယ့် အစဉ်အလာ အရ ဆောင်ရွက်လာကြတော့ မပြောသာတော့ဘူး။ ကာလကြာလာတာနဲ့အမျှ ဘာသာရဲ့ ဓလေ့ထုံးစံ၊ လူမျိုးရဲ့ ယဉ်ကျေးမှု့ လို ဖြစ် ပြီး နေရာ ယူလာ တယ်။ နတ်ပြစရာမလိုဘူးဟု ပြောရင် အလှူဒကာ၊ အလှူ့အမတို့က လက်မ ခံချင်ကြဘူး၊ နတ်မပြရင်ဘဲ သားမောင် ရှင်ေ လာင်း တစ်ခုခုဖြစ်မလားလို့ စိုးရိမ်လာတတ်ကြတယ်။



“လူကြီးသူမတို့ကလည်း နတ်ပြဖို့ လုပ်ကြလေ” ဟု ဆိုကာ လက်ချာပေးတတ်ကြတယ်။ အမှန်တော့ သူတို့လည်း ဂဃဏန သိကြတာမဟုတ်၊ အစဉ် အလာအရ လုပ်ရတဲ့ကိစ္စမို့သာ လူကြီးပီပီ ပြောရခြင်း ဖြစ်တယ်။



နတ်မပြလည်း ဘာမှမဖြစ်ပါ၊ မောင်ရှင်လောင်းနတ်ပြခြင်းဟာ ဘယ်ခေတ်က ပေါ်ပေါက်ခဲ့တယ်ဆိုတာတော့ တိတိကျ ကျ မသိရ။ ဒါပေမဲ့ ဘုရား အလောင်း သိဒ္ဓတ္တမင်းသား ထွက်တော်မူ နန်းကခွါတဲ့အခါ မြို့တံခါးအထွက်မှာ မာရ်နတ်ကတားပါတယ်။ တောမထွက်ပါနဲ့ (၇)ရက်အတွင် စကြာ ရတနာဆိုက်ပြီး ကျွန်းငယ်နှစ်ထောင်ခြံရံပြီး ကျွန်းလေးကျွန်းကို အုပ်စိုးနိုင်တဲ့ စကြာမင်းဖြစ်ပါလိမ့်မယ်လို့ မက်လုံးပေးတယ်။ မာရ်နတ်တားနေ ဟန် ပုံသဏ္ဍာန်ကို မြင်ဖူးကြမှာပါ။



“စကြာမင်းစည်းစိမ် မလိုကြောင်း၊ ဘုရားအဖြစ်သာ လိုကြောင်း၊ထို့ကြောင့် ရှေးကဖယ်ပါ” ဆိုကာ ထွက်တော်မူပါ တယ်။ မာရ်နတ်ကြီးကလည်း ဘုရားမဖြစ်အောင် ဘုရားဖြစ်တဲ့အထိ လိုက်ပါ နှောက်ယှက်တယ်။ ဘုရားဖြစ်သွားရင် သုံးဆဲ့တစ်ဘုံဟူသော ဝဋ်နှောင်အိမ် အတွင်းမှနေ ဘုရားရှင်နဲ အတူ လူနတ်ဗြဟ္မာသတ္တဝါအားလုံး လွတ်မြောက်ခြင်းကို မလိုလားလို့ ဖြစ်တယ်။



စာရေးသူတို့ ငယ်စဉ်က သင်္ကန်းဝတ်ကြမဲ့ မောင်ရှင်လောင်းများဟာ သစ်ပင်ပေါ်စတဲ့ အမြင့်တွေကို မတက်ကြရ ဘူး။ မာရ်နတ်က တွန်းချတတ် တယ်လို့ ဒေသအယူရှိကြတယ်။ အလှူ့ဒါယကာထံမှ ငွေရဖို့ အပျော်ရှင်လောင်းဖွက်ကြတယ် ဆိုတာကလည်း မာရ်နတ်က နှောက်ယှက်သလိုမျိုး ကြန့်ကြာအောင် ဖေါ်ဆောင်ကြခြင်း ဖြစ်တာကို တွေးမိပါတယ်။



အဲဒီနတ်ပြခြင်းကိစ္စ ဆောင်ရွက်နိုင်ဖို့ အချိန်ပေးကြရတယ်၊ ရန်ကုန်မြို့တော်မှာဆို သီးသန့်ကားစီစဉ်ကြရတယ်။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းနဲ့ လုပ်ဆောင်ကြရတယ်။ ကန့်တော့ပွဲပြင်ရတယ်၊ နတ်ကတော်(သို့မဟုတ်)နတ်ကိစ္စ ဆောင်ရွတ်တတ်သူ ရှာရတယ်။ ကျေးလက်တွေမှာဆို အဲဒီနတ်ပွဲကို ရွက်ပြီး ရွာပတ် ရှင်းလောင်းလှဲ့ လိုက်ရတဲ့သူ မသက်သာ လှဘူး။



စာရေးသူရဲ့ အမေ့မျိုးရိုးကြတော့ နတ်ပြရုံမျှ မရ၊ နတ်ဒိုးတီးပြီး နတ်ကျေနပ်စေရန် ဆောင်ရွက်ပေးရတယ်။ အချို့ ဆို နတ်ကနားပင် ကပေးကြရ တယ်။ အချိန်ကုန် ငွေကုန်ဖြစ်မည့်အပြင် အလုပ်များကာ ခေါင်းရှုပ် လိုက်မည်ဖြစ်ခြင်း စဉ်းစာဖို့ပါ။



အမရပူရမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်နေစဉ်က ဆရာတော်ကြီးက အလှူဒကာ/အလှူအမတွေကို အမြဲဆုံးမတယ်။ ဘယ်လို ဆုံးမလဲဆိုရင် “ရှင်ရာဟုလာ၊ ရှင်ဘုရင့် မြေး၊ ရှင်ပဏ္ဍိတ သူဋ္ဌေးသားလေး၊ရှင်ရေဝတ အရှင်သာရိပုတြာညီ သင်္ကန်း ဝတ်တယ်၊ ဘယ်နတ်မှ မပြဘူး၊ ရှင်လောင်း မလှည့်ဘူး၊ ကျောင်းတော်သွား သင်္ကန်းဝတ်လိုက်တာဘဲ” နတ်မပြနဲ့ ရှင်လောင်း မလှည့်နဲ့ မလိုဘူး၊ အပိုအလုပ်တွေတဲ့။



အဲဒါကြောင့် နတ်ပြခြင်းဟာ မာရ်နတ် မနှောက်ရှက်အောင်၊ မာရ်နတ်ကျေနပ်စေရန် တောင်းပန်ခြင်း ၊ပြသခြင်းဖြစ် တယ်ဆိုရင်တော့ ဗုဒ္ဓနည်းလမ်း ကို ဆန့်ကျင်ရာလည်း ရောက်ပါတယ်။



လောကကြီးကိုယ်တိုင်က အပို အလုပ်တွေနဲ့ အလုပ်ပိုတွေ ပိုလုပ်နေရတာကို အသားကျနှစ်ခြိုက်နေလေတော့ ပြောရခက်လှတယ်။ အစဉ်အလာနဲ့ အရိုးကို အရွက်မဖုံးပါနဲ့ဆိုကာ အပြစ်တင်တတ်၍ အပိုအလုပ်တွေကို လုပ်ကိုင်နေကြ ရတယ်။ တကယ် လုပ်ကြရမဲ့ အနှစ်အပိုင်း မှာကျတော့ လစ်ဟာသွားပြန်ရော။ ကုသိုလ်နဲတာပေါ့။



အမှန်တော့ လှူဒါန်းကြတယ်ဆိုတာ ပူပန်မှု့ကင်းပြီး အေးအေးချမ်းချမ်း လုပ်ဆောင်ရမှာ ဖြစ်တယ်။ မပူမပင်ကြရတော့ စိတ်လည်းကြည်လင်တယ်။ အလှူဆိုတာ စိတ်ကြည်လင်မှု့ရှိပါမှ အကျိုးရကြောင်းကို ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ပါတယ်။



စာရေးသူရဲ့ ကျောင်းခွဲသည် အမှတ်(၁) စစ်မှုထမ်းဟောင်းရွာ၊(လေးဒေါင့်ကန်)ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိတယ်။ ကျောင်းကလဲအသစ်၊ ရွာကလဲ တည်စဖြစ်၍ နတ်စင်နတ်ကွန်းမရှိ၊ တချို့အလှူရှင်များက ရှင်လောင်း+ရဟန်းလောင်းများကို နတ်ပြချင်ကြတယ်။ စာရေးသူက မပြလည်းရပါတယ် ဆိုတာကို လက်မခံချင်ကြဘူး။ ရွှေတိဂုံဘုရား သွားဖို့ရာမှာလည်း မတတ် နိုင်ကြ။ ဒါကြောင့် “ကျောင်းရှေ့က သစ်ပင်မှာ နတ်ရှိတယ်၊ အဲဒီ သစ်ပင်မှာ ပြကြလို့” စာရေးသူက ပြောလိုက်တယ်။ အဟုတ် ထင်ပြီး ပြကြတယ်။ ယခုတော့ စာရေးသူ နောက်မှန်သိသွားကြ၍ မပြကြတော့ဘူး။



ဒါ့အပြင် ငွေကုန်ကြေးကျ အမြောက်အများ အကုန်ကျခံ အပြိုင်အဆိုင် မောင်ရှင်လောင်း လှည့်ကြတယ်။ အဲဒါလည်း ရှင်ပြုတာနဲ့ ဘာမျှ မပတ်သက်ပါ။ အသိဒကာတစ်ဦး ပြောသလို “တပည့်တော်သား ရှင်ပြုရင် တောပြန်အလှူပေးမယ်” တဲ့။



ဘာလို့လဲဆိုတော့ “ဒါမှ သား မြင်းစီးပြီး ရွှေထီး ဆောင်ဖူးအောင်” တဲ့။ မှတ်သားလောက်ပါတယ်။ ရှင်လောင်းလှည့် တာ ထိုဒကာ ပြော သလို ရွှေထီးဆောင်း မြင်းစီးရခြင်း အကျိုးသာရှိပါတယ်။ ထူးပြီးတော့ ကုသိုလ်အပိုတော့ မရပါ။ သားငယ် မြေးငယ် မောင်ရှင်လောင်း များက ရှင်လောင်းလှည့်ချင်တဲ့ ဆန္ဒရှိရင်တော့လည်း တစ်မျိုးပေါ့နော်။



စာရေးသူတို့ ရန်ကုန်မြို့ကြီးမှာတော့ ရှင်လောင်းအမေနဲ့အမများက ပိုပြီးရှင်လောင်းလှည့်လိုကြ မလားဘဲ၊ ဘာကြောင့်လဲ ဆိုရင် ရှင်လောင်း အမေနဲ့အမတွေ ရှင်လောင်းလှည့်ရာမှာ ပြင်ဆင်ချယ်သထားလိုက်တာ သတိုးသမီးတောင်း ရှုံးလောက်တယ်။ ရှင်ပြုခြင်းနဲ့ မပတ်သက်ခြင်း၊ ကုသိုလ် မရခြင်းကို ပြောပြလိုတာပါ။ ရှင်းလောင်းလှည့်တာကို အပြစ်တင်ခြင်းမဟုတ်။



ဝိသာခါ သူဋ္ဌေးရဲ့ဇနီး ဒေါ်ဓမ္မဒိန္နာ ရဟန်းမဝတ်စဉ်က သူဋ္ဌေးက ဇနီး ရဟန်းမလောင်းလျာကို ရွှေထမ်းစင်ပေါ် တင်ပြီး ခန်းခန်းနာနားနဲ့ ကျောင်းတော်သို့ ပို့ဆောင်ပေးတယ်။ အလားတူ သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်အိမ်ရှေ့မင်းသား တိဿကုမာရ ရဟန်းပြုတော့လည်း မင်းခန်းမင်းနာနဲ့ ကျောင်းတော်ကို ပို့ဆောင်ပေးပါတယ်။ ဘုရားအလောင်း သိဒ္ဓတ္တမင်းသား တော်ထွက်တော်မူစဉ်ကလည်း ကဏ္ဍကမြင်းကို စီးပြီး ထွက်တော်မူ နန်းကခွါတယ်။



ဒါတွေကို အတူပြုပြီး ယနေ့ခေတ် မြင်း၊ ထမ်းစင်၊ ဆင်၊ မော်တော်ကားများနဲ့ ရှင်လောင်းလှည့်ခြင်း ဖြစ်ဟန်တူပါတယ်။ အချို့ကြတောလည်း ကြွားချင် တာနဲ့ ငွေကြေးတွေ အပိုအကုန်ခံပြီး ရှင်လောင်းလှည့်ကြတယ်။ ဘိသိတ်မြောက်ခြင်း၊ ဆိုင်းဝိုင်းနဲ့ ဧည့်ခြင်းတွေလည်း နည်းတူဖြစ်တယ်။ ရှင်ပြုအလှူနဲ့ မပတ်သက်ဘဲ ပြည့်စုံသူတို့ရဲ့ ပကာသနသက်သက် ဖြစ်တယ်။



မလိုအပ်ဘဲ လုပ်နေရတဲ့ နောက်တစ်မျိုးကတော့ ပွဲပြင်ပေးရခြင်း ဖြစ်တယ်။ မဏ္ဍပ်ထိုးပြီးဆိုကထဲက ဦးရင်တိုင် အတွက် ငှက်ပျောနှစ်ဖီးနဲ့ အုန်းတစ်လုံးပွဲ၊ ရှင်ဥပဂုတ်ပွဲ၊ နတ်ပြရန်အတွက် နတ်ပွဲ၊ ဘုန်းကြီးကန့်တော့ရန်ပွဲကတော့ နှစ်မျိုးပြင်ကြရ တယ်။ ရှင်လောင်းလှည့်ရင် ပထမဆုံး ဘုန်းကြီးကျောင်းလာရတယ်။ ဒီမှာကန့်တော့ပွဲ တစ်ပွဲ၊နောင် သင်္ကန်းဝတ်တော့ ဘွဲ့ခံပွဲ၊ ရှင်အပါးရေအလိုက် နှစ်ပါး ဆို နှစ်ပွဲ။ မြင်းနဲ့လှည့် မယ်ဆို ရင် မြင်းကောင်ရေအလိုက် ပွဲပြပေးရတယ်။ ဆိုင်းပါပြန်တော့ ဆိုင်းအတွက်ပွဲ၊ နောက် ရေစက်ချတရားဟောတဲ့ ဆရာတော့်အတွက် တရားပွဲ-ငှက်ပျော်သုံးဖီးနဲ့ အုန်းတစ်လုံးပွဲတွေ ပြင်ရတာ ကလည်း မနည်းတော့ မသက်သာလှဘူး။



အဲဒီ ပွဲထိုခြင်းယဉ်းကျေးမှုဟာ နတ် ဘိုးတော် မယ်တော် အင်းအိုင်လက်ဖွဲ့စတာတွေက သက်ဆင်းလာဟန်တူပါ တယ်။ ယနေ့တိုင် ရွှေတိဂုံစတဲ့ တန်ခိုးကြီးဘုရားတွေမှာပင် ရွှေငှက်ပျော၊ ရွှေအုန်းသီးတွေနဲ့ ရှယ်ပွဲကြီး အသီးသီးနဲ့ တင်မြောက် ပူဇော်နေကြတာ တွေ့ကြရမှာပါ။



ကျောင်းနားက ကံဘဲ့ရပ်ကွက်မှာ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေရှိတယ်။ ဟိန္ဒူပွဲတော်မှာ အုန်းငှက်ပျောနဲ့ပွဲပြင်ပြီး ပူဇော်တာကို တွေ့ရတယ်။ မြန်မာပွဲက အုန်းသီးကို အခွံနဲ့အတူ အုန်းသီးအလုံးလိုက် ပွဲပြင်တယ်။ ဟိန္ဒူဘုရားပွဲက အုန်းသီးကို အခွံ နွှာပွဲပြင်တယ်။ဒါဘဲ ထူးပါတယ်။



စာရေးသူတို့အရပ်မှာ အုန်းငှက်ပျော အလွန်ရှားလှတယ်။ ရှင်ပြုမယ်ဆိုက တစ်လတန်စေ၊ နှစ်လတန်စေ ကြိုးပြီး အုန်းသီးများကို ရှာဖွေစုဆောင်း ရတယ်။ ပွဲမပါရင် ရှင်ပြုလို့ မဖြစ်နိုင်ဟုပင် ရိုးသားပြီး သိနားလည်ခြင်းမရှိကြတဲ့ ကျေးလက် လူတို့က စွဲနေကြတယ်။ သူတို့အစွဲကို ရွာဦးကျောင်း ဆရာတော်ကလည်း ရှင်းမပြဘူး။ ရှင်းမပြတဲ့အပြင် ငှက်ပျောလှလှ၊ အုန်း ရင့်ရင့် လုပ်ကွနော်-ဟုပင် တချို့ကျောင်းထိုင်းက ခိုင်းတတ်သေးတယ်။ မခက်လား။



ကျောင်းကျက်သရေခန်းမှာ နွေရာသီကုန်ဆုံးသွားရင် အုန်းသီးတွေက ပစ်စလက်ခတ် ဖြစ်ကျန်ခဲ့တာ များလှတယ်။ ငွေကုန်ပြီး အကျိုးမများလှတာကို သိစေချင်တာပါ။



စာရေးသူငယ်စဉ်က အများစုကျောင်းထိုင် ဘုန်းတော်ကြီးများက ကြီးမှရဟန်းဖြစ်ကြတဲ့ နိက္ခမတွေများတယ်။ ငယ်ဖြူဆိုရင်လည်း ပိဋကတ်တတ် ကျွမ်းခြင်းမရှိကြတော့ ရှင်ပြုရာမှာ အုံးငှက်ပျောပွဲကို မပါမဖြစ်လို့ဘဲ အသိလွဲနေတော့ ဒကာ/ဒကာမတွေ အသိလွဲနေတာကို အပြစ်မဆိုသာဘူး။



အမှန်တော့ ရှင်ပြုတယ်ဆိုတာ ကိစ္စသုံးမျိုးဆောင်ရွက်တာ။ တစ်-ရှင်လောင်းရဲ့ခေါင်းပေါ်က ဆံပင်ကို ရိတ်ခြင်း၊ နှစ်-ဖန်ရေစွန်းတဲ့ အဝါရောင်သင်္ကန်း ဝတ်ပေးခြင်း၊ သုံး-သရဏသုံးပါး ဆောက်တည်ခြင်းတို့ဘဲ ဖြစ်ပါတယ်။



ဆံပင် ရိပ်ဖြတ်တဲ့အခါ “ ဆံပင် မွေးညှင်း ခြေသည်းလက်သည်း သွား အရေ” ဆိုပြီး တစပဉ္စက ကမ္မဋ္ဌာန်းကို ရှင်လောင်းက ခေါင်းရိပ်ခံနေရင်း ဆိုနေရမယ်။ ဆရာဘုန်းတော်ကြီး ကိုယ်တော်တိုင် ကြောင့်ကြစိုက် ဆံချပေးခြင်းနဲ့ ကမ္မဋ္ဌာန်း (ဩဝါဒ)ပေးရပါမယ်။ ဒါမှ ရှင်လောင်း က ပိုပြီး အားကိုးလေးစားမှာ ဖြစ်တယ်။



ဘုရားရှင်လက်ထက်တော်က ခုနစ်နှစ်သား မောင်ရှင်လောင်းများဟာ ဆံရိတ်ပြီးတာနဲ့ ရဟန္တာများဖြစ်ကြသတဲ့။ ပါရမီရှင် ဖြစ်က တရားထူး တရားမြတ်ကို သိမြင်အောင် တစပဉ္စကကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး ခေါင်းရိပ်ခံရတာဖြစ်တယ်။



နေအရုဏ်ကို စောင့်လင့်နေတဲ့ ပဒုမ္မာကြာဟာ နေအရောင်ကို ရလိုက်တာနဲ့ ပွင့်သလိုမျိုး၊ ငုတ်နေတဲ့ပါရမီဟာ တစပဉ္စကကမ္မ ဋ္ဌာန်းသံ ကြားလိုက်တာနဲ့ ဉာဏ်ပွင့်ပြီး အရဟတ္တဖိုလ်တရားထူးကို ရနိုင်တယ်လို့ ဥပမာနဲ့တကွ ခိုင်ခိုင်မာမာ ပြဆိုထားတယ်။



ဒါ့အပြင် “ဆံပင်သည် ပုဂ္ဂိုလ်သတ္တဝါ သူငါတစ်ပါး ယောကျာ်းမိန်းမ မဟုတ်၊ ဆံပင်သည် အဆင်းအားဖြင့်လည်း ကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း၊ ဖြစ်ရာအရပ်အားဖြင့်လည်းကောင်း စက်ဆုပ်ရွံ့ရှာဖွယ် ကောင်း၏” ဟုလည်းကောင်း၊ “ငါ၏ကိုယ်မှာ နံ့သာမွေးကြိုင် မြဲခိုင်လှစွာ ကောင်းစွာပြုပြင် တန်ဆာဆင်လည်း အမြင်သာဟုတ်၊ အတွင်းပုတ် စက်ဆုပ်ဖွယ်ရာကြီးပါတကား” ဟုလည်းကောင်း အသုဘကမ္မဋ္ဌာန်းကိုလည်း ခေါင်းရိပ်ခံနေရင်း မောင်ရှင်လောင်း က ဆင်ချင်ရပါတယ်။



ဆံပင်အရှည်က ရှင်ရဟန်းနဲ့မသင့်လျော်ဟု ကြံတွေးတော်မူပြီး ဗုဒ္ဓလောင်းလျာက ဆံတော်ကို ပယ်(ရိတ်)တော်မူ တယ်။ “ဘုရားစင်စစ် ဧကန်ဖြစ်မယ်ဆိုရင် ဆံတော်(ဦးစွန်း)ဟာ ကောင်းကင်မှာတည်ပါစေ” လို့ အဓိဋ္ဌာန်နဲ့ ပစ်မြှောက်တဲ့အခါ သိကြားမင်းက ဆံတော်ကို ခံယူပြီး၊ တာဝတိံနတ်ပြည်မှာ စူဠာမဏိစေတီတည်ပါတယ်။ ဒါကို သာဓကပြုပြီး ရှင်လောင်းရဲ့ဆံပင် ကို ရိတ်ချခြင်းလိုက်တဲ့အခါ ဆံပင် မြေသို့ မကျစေရန် ဆံခံခြင်း ဖြစ်ပါတယ်။



ခေါင်းရိပ်ပြီးရင် လူနံ့ ပျောက်အောင်လို့ ဦခေါင်းကို နနွင်းမှုန့်နဲ့ ပွတ်ပေးပြီးမှ ရေချိုးရတယ်။ ကိုရင်ဝတ်ပြီးစ ဦခေါင်း ကလေးမှာ စိမ်းဖန်ဖန့်လေးနဲ့ ဝါဝင်းနေလို့ ကိုရင်အသစ်ကလေးက အလွန်ကျက်သရေရှိတယ်။



ခေါင်းရိပ်ပြီးနောက် ဖန်ရည်စွန်းတဲ့အဝါရောင်(အညိုရောင်)သင်္ကန်းကို ဝတ်ကြတဲ့အခါ ရိုးရိုးမဝတ်ကြဘဲ ရှေးဆရာ တော်ကြီးများက သင်္ကန်းကပ်၊ သင်္ကန်းတောင်း ၊ရှင်သာမဏေအဖြစ်တောင်းခံ ပါဠိများနဲ့ဝတ်ပေးကြရပါတယ်။



သင်္ကန်းတောင်းပါဠိများဟာ ကိုရင်ဝတ်ကြမဲ့ ရှင်လောင်းများရဲ့ သင်္ကန်းဝတ်ခြင်း ရည်ရွယ်ချက်တို့ကို ပါဠိလို ရေထား တာဖြစ်တယ်။ အားလုံးကြားဖူးကြတဲ့ “သကလဝဋဒုက္ခ” စတဲ့ ပါဠိများပါဘဲ။



“အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်လက်က သင်္ကန်းကို အလှူခံပါ၊ ပြီးတော့ တပည့်တော်ကို ကိုရင်ပြုပေးပါ။ အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်ကို သင်္ကန်းပြန်စွန့်ပါ၊ တပည့်တော်ကို ကိုရင်ပြုပေးပါ။အလုံးစုံ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်တဲ့ အနေနဲ့ ကိုရင်ဝတ်ပေးပါ”လို့ တောင်းဆိုတာ ဖြစ်တယ်။



အဘယ်မျှ ကောင်းတဲ့ရည်ရွယ်ချက်ဆိုတာကို သတိထားမိစေချင်ပါတယ်။သို့မှသာ သာသနာ့အမွေခံနိုင်မှာ ဖြစ်တယ်။ အားအားယားယား ရှိလို့ သင်္ကန်းတာဝတ်မဟုတ်ဘူး၊ အရက်ဖြတ်ချင်လို့ သင်္ကန်းတာမဟုတ်ဘူး။ကျန်းမာရေးမကောင်း လို့ ယာယီခန္ဓာ ပျောင်းဖို့ သင်္ကန်းဝတ်တာ မဟုတ်ဘူး။ အဖိုးအဘွား အသက်မထွက်ခင်လေး မြေးကို သင်္ကန်းလေးနဲ့မြင်သွား စေချင်လို့ သင်္ကန်းဝတ်ပေးတာ မဟုတ်ဘူးဆိုတာကို မိဘဖိုးဘွား နဲ့ မောင် ရှင်လောင်းသားငယ်တို့ နားလည်ကြရမယ်။



“သကလ ဝတ်ထား ၊မဝတ်တတ် ချွတ်ထား” ဆိုပြီး သင်္ကန်းမနိုင်သေးတဲ့ အရွယ်သင်္ကန်းဝတ်ပေးကြတာလည်းမကောင်း လှဘူး။ သင်္ကန်းဆိုတာ အရဟတ္တဓဇ-ရဟန္တာရဲ့တံခွန်၊ ဗုဒ္ဓသာသနာရဲ့အောင်လံ ဘုရားအဆူဆူတို့ အလေးထားတော်မူကြတယ်။



မစင်လူးနေတဲ့သင်္ကန်းပင် ဖြစ်စေဦးတော့ ဦထိပ်မှာတင်ပြီး အလေးထားရကြောင်းကို ဗုဒ္ဓကိုယ်တော်တိုင် သွန်သင်တော်မူခဲ့ တယ်။ ဒါကြောင့် သင်္ကန်းပတ်ပေးရုံနဲ့ ကုသိုလ်မရနိုင်တဲ့ အပြင် ကလေးမျာအပြစ်သင့်နိုင်တယ်။



တစ်ချို့မိဘများက ကိုရင်လေးပျော်အောင်ဆိုပြီး ပရိက္ခရာ ကိုးပါးဖြစ်အောင် ဘော်လုံးပါ တစ်ခါတည်းဝယ်ပေး ထားကြတယ်။ “ မဝတ်တတ် ချွတ်ထား တင်မဟုတ်၊ ပုံထားပြီး ဘောကန်” ဖြစ်နေတယ်။သာသနာ့အမွေခံနိုင်အောင် သင်္ကန်းဝတ်ကြတာဆိုတာကို မမေ့ကြဖို့ပါ။ ကလေးပျော်အောင် ဝတ်တာ မဟုတ်။ကလေးပျော်စေချင်ရင် ဟက်ပီဝေါလ် ပို့ပေးပေါ့နော်။



သင်္ကန်းတောင်းပြီး သင်္ကန်းဝတ်ပေးပါတယ်။ ဒါပေမယ့် ကိုရင်မဖြစ်သေးဘူး၊ ကိုရင်ပြုပေးရန် တောင်းခံရပါသေးတယ်။ နောက်ဆုံး သရဏဂုံ(၃)ပါး ရွတ်ဆိုပြီးမှ ကိုရင်ဖြစ်တယ်။



ဒေသနာတော်အရကတော့ သရဏဂုံ ပီပီသသ ဌာန်ကရိုဏ်းကျအောင် ဆိုနိုင်ပါမှ ကိုရင်ဖြစ်တယ်။မဆိုနိုင်ရင် ကိုရင် မဖြစ်ဘူး။ငယ်လွန်းရင် ဘယ်လိုမှ သရဏဂုံ ပီသအောင် မဆိုနိုင်ကြပါ။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ဗုဒ် ဓံ သရ ဏံ ဂစ် ဆာ မိ။



ဓမ္မံ သရဏံ ဂစ္ဆာမိ- ဓမ် မံ သရ ဏံ ဂစ် ဆာ မိ။



သံဃံ သရဏံ ဂစ္ဆာမိ- သံ ဃံ သရ ဏံ ဂစ် ဆာ မိ။



ဓံ+ဓမ်+ဆာ+ဃံ အက္ခရာများကို သံပြင်းဖိ၍ ဆိုရမယ်။ ယင်းအက္ခရာတို့ရဲ့ရှေးရှိ ဗုဒ် ဂစ် သံ အက္ခရာတို့ကို သံပေါ့ ဆိုရမယ်။ ဓံ ဏံ ဃံ အက္ခရာတို့ကို ဆိုရာတွင် အင်္ဂလိပ်အက္ခရြာ ကို ဆိုသလို အဆုံး၌ နှုတ်ခမ်းပိတ် နှာခေါင်သံပါစေ ရန် အနဲငယ် စွဲပြီး ဆိုရမယ်။



ရှင်ပြုတယ်ဆိုတာ အဲဒီသုံးမျိုး ပြည့်စုံအောင် ဆောင်ရွက်နိုင်မှ ဖြစ်တယ်။ သုံးမျိုးတွင် သရဏံဂုံ ပီသအောင်ဆောက် တည်ခြင်းက အဓိကကျ တယ်။ ကျွေးတာမွေးတာ ဧည့်ခံတာ၊ ဆရာတော်တွေ ဆက်ကပ်တာတွေကတော့ အလှူဖြစ်တယ်။



သားရှင်ပြုအလှူဆိုပေမယ့် ရှင်ပြု မမြောက်တတ်တာကို နားလည်စေချင်တာပါ။ အထက်မှာရေးခဲ့တဲ့အတိုင်း သာမ ညကို အဓိကမှတ်ထင်ပြီး အလေးကဲဆောင်ရွက်ကြခြင်းဖြင့် သားငယ်များ သာသနာ့အမွေခံ မဖြစ်လိုက်တာကို သိကြရပါမယ်။



သင်္ကန်းနိုင်တဲ့အရွယ်၊သရဏံဂုံကို ပီသစွာဆိုနိုင်တဲ့အရွယ်ရောက်ကြပါမှ သင်္ကန်းစီးပေးသင့်တယ်။



စစ်မှန်တဲ့ သာသနာ့အမွေ ဖြစ်ဖို့အတွက် ယနေ့ခေတ်တွင် ဒုလ္လဘကိုရင်ကလေးများကို ခေတ်အသွင်၊ ခေတ်အမြင် နဲ့ စနစ်တကျ ယဉ်ကျေးလိမ္မာ ဗုဒ္ဓစာပေများနဲ့ တရားအားထုတ်နည်းတို့ကို သင်ပြပေးကြတဲ့ တရားစခန်း၊ ကျောင်းသင်္ခမ်းတို့ကို ရွှေးချယ်ပြီး ဝတ်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ သာသနာ့အမွေ (ပဗ္ဗဇ္ဇ)ပါရမီအထုံ ပါကြမှာဖြစ်တယ်။



ရှေးရိုးအစဉ်အလာအရ ရှင်လောင်းလှည့်ခြင်း၊ နတ်ပြခြင်းတို့ကို အပြစ်ပြောနေခြင်းမဟုတ် ၊မြန်မာ့အလှူရဲ့ ရှင်လောင်းလှည့် ယဉ်းကျေးမှုဟာ မြန်မာ့ အလှ၊ လူမျိုးရဲ့အမွေ၊ နွေဦးကျက်သရေပါ။ ဒါပေမဲ့ အဓိကနဲ့သာမညမှာ သာမညကို အလေး ကဲလိုက်ရင် အဓိကဟာ အားနဲသွားတတ်တာ ဓမ္မတာမို့ အသိပေးလိုက်ရတာပါ။



ဒါ့အပြင် မလိုအပ်ပါဘဲ လုပ်ဆောင်နေကြရလို့ ကုသိုလ်မရဘဲ အပိုကုန်နေကြရတဲ့ငွေကြေးကို ခေတ်ကာလအခြေအနေအရ ချင့်ချိန်ကြရပါမယ်။



ဘာသာတရားတို့သည် ကာလကြာညောင်းလာတာနဲ့အမျှ အနှစ်သာရဖြစ်တဲ့ ကုသိုလ်ဖက်မှာ အားနည်းလာပြီး၊ ကုသိုလ်ပွဲကို အကြောင်းခံ တဲ့ ပျော်ပွဲရွှင်ပွဲ၊ ပွဲထိုးပွဲတင်၊ ပွဲလမ်းသဘင် ၊အဓိဋ္ဌာန်တင်စတာတွေက တစတစ နေရာယူလာတာ ကို တွေ့ကြရမှာ ဖြစ်တယ်။ စည်းရုံးရင်းနဲ့ ဘာသာတရားရဲ့ အနှစ်သာရ နေရာပျောက်ခဲ့ရတယ်။ အကာတွေက အစဉ်အလာကြီးပြီး ရှေးထုံးလို ဖြစ်လာတော့ မဆန့်ကျင်ဝန့် တော့ဘူး ဖြစ် လာတယ်။



ပိုဆိုးတာက ဘာသာခြားတို့အမြင်မှာ ဗုဒ္ဓဘာသာဆိုတာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လုံးထွေးနေတယ်လို့ မြင်နေကြမှာပါ။ “ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံလည်း မပယ်နဲ့၊ ဈေးသုံးလွယ်တော့ မွဲတတ်တယ်၊ ရှေးထုံးပယ်တော့ လွဲတတ်တယ်” ဆိုတဲ့ အဆိုအမိန့်မှာ ဈေးသုံးလွယ်လို့ အသုံးအဖြုံး ကြီးရင် မွဲမယ်ဆိုတာ မှန်တယ်။ လက်ခံရမယ်၊ စနစ်ရှိရမယ်၊ ကျစ်ကျစ်လစ်လစ် သုံးစွဲတတ်ရမယ်၊ အသုံးနဲ့အဖြုံး နားလည်ရမယ်။ ဒါဟာ စီးပွားရေးနီတိ ဖြစ်တယ်။ ဈေးသုံးလွယ်ရင် ဘယ်လောက်ပဲ ရှာရှာ အိတ်ပေါက်နဲ့ ဖားကောက်မို့ မွဲပေမည်။ စဉ်းစားစရာကို မလို။ အရှင်းသား၊ အထင်းသား၊ ဘာမှစောဒက မတက်လိုပါ။



“ရှေးထုံးမပယ်နဲ့ လွဲတတ်တယ်” ဆိုတာကိုတော့ လူသားတို့အဖို့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ မြတ်စွာဘုရားကလည်း “ရှေးအစဉ် အဆက် ဆောင်ရွက် လာတဲ့ကိစ္စဆိုပြီး တထစ်ချ မယုံနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ စီစစ်ပါတဲ့” ကာလာမသုတ်မှာ သတိပေးထားပါတယ်။ လွဲနေတဲ့ ရှေးထုံးဆို ဘယ်လို လုပ်မလဲ။ ရှေးထုံးဆိုတာနဲ့ဘဲ စိတ်ချလက်ချ မျက်စိမှိတ် လက်ခံ ပေးကြရတော့မှာလား။ လိုက်နာဆောင်ရွက်ကြရမှာလား။ လူသားရဲ့ အသိနဲ့ ကြောင်းကျိုး ဆက် ဆင်ခြင်ခြင်းဆိုတာကို အသုံးမချရတော့ဘူးလား။ ယနေ့ခေတ်က “ခေါင်းသုံးရတယ်ကွ” ဆိုပြီး နားထင်ကို ပုတ်ပြနေ တဲ့ ခေတ်သို့ ရောက်နေပါပြီ။



ကုသိုလ်ရအောင် ပြုလုပ်ကြရတဲ့ ကုသိုလ်ပွဲတွေမှာ ကုသိုလ်တွေ များများရဖို့ဘဲ လိုအပ်ပါတယ်။ ကြွေတင်ခံပြီး မခံ ချင်စိတ်၊ြ ပိုင်လိုစိတ်၊ အသာစီး ရလိုစိတ် နဲ့ အလှူလုပ်ကြရတာ မဟုတ်ပါဘူး။ စာရေးသူတို့အရပ်မှာဆို ခုတိုင် ချေးငှါးပေါင်နှံပြီး လှူ နေကြတုန်း၊ ဘယ်လောက်ထိ ပြိုင်ကြတုန်းဆိုရင် ဘုန်းကြီးပျံတောင် တုပပြိုင်ဆိုင်ပြီး လုပ်ဆောင်ကြတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ရွာထဲနေ တရေတည်းသောက်တွေမို့ အစင်းသိ အချင်းသိတွေမို့ အခြေအနေမှန်ကို မသိရှိပါ့မလား။



ကြွေးမဆပ်နိုင်ရင်ဆိုတဲ့ အသိအခံနဲ့ ရေစက်ချနေရှာတဲ့ အလှူဒကာ အဘယ်မျှ ရင်ပူလိုက်မည်နည်း၊ အလှူပေးသူရဲ့ ဇစ်မြစ်ကို သိနေကြတဲ့ ရပ်သူရွာသားတွေကလည်း မည်သို့ သာဓုခေါ်ရက်နိုင်ကြမှာလဲနော်?



အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP