* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 5, 2011

လောကပါလတရား တကယ်ရှိသူဆိုတာ

လောကပါလ (လောကကိုစောင့်ရှောက်တဲ့) တရားဆိုတာ ဟိရီနဲ့ သြတ္တပ္ပတရားနှစ်ပါးကို ပြောတာဖြစ်ပါတယ်။ ဟိရီဆိုတာ မကောင်းမှု အကုသိုလ်လုပ်ရမှာ ရှက်တာကိုဆိုလိုပြီး၊ သြတ္တပ္ပဆိုတာ မကောင်းမှု အကုသိုလ် လုပ်ရမှာကို ကြောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းမှု အကုသိုလ်ဆိုတာ လူသိရှင်ကြား လုပ်လို့ရတဲ့ အကုသိုလ်တွေ ရှိသလို လူမသိသူမသိ လုပ်လို့ရတဲ့ အကုသိုလ်တွေကလည်း အများကြီးပါပဲ။ လူသိသူသိမှာဆိုးလို့ လူရှေ့သူရှေ့မှာ မကောင်းတာတွေကို မလုပ်ဘဲ ရှောင်နေပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ဒါဟာ မကောင်းမှုကနေ တကယ်ရှက်ကြောက် ရှောင်ကြဉ်တာ မဟုတ်ပါဘူး။ မကောင်းမှု အကုသိုလ်ကို တကယ်ရှက်ကြောက်တဲ့သူ၊ လောကပါလတရား တကယ်ရှိသူဆိုတာ ရှေ့မှာပဲဖြစ်ဖြစ် ကွယ်ရာမှာပဲ ဖြစ်ဖြစ် မကောင်းမှုအကုသိုလ်ရဲ့ အပြစ်တွေကို သေသေချာချာ သဘောပေါက်ပြီး ရှောင်ကြဉ်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်တဲ့အတွက် မကောင်းမှု အကုသိုလ် အလုပ်ကို ရှေ့နောက်ကွယ်ရာမထားဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ရှေ့နောက်နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ရှောင်ကြဉ်တဲ့ သူကိုသာ တကယ် ဟိရိသြတ္တပ္ပရှိတဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာ လုပ်တာပဲ ဖြစ်ဖြစ်၊ ကွယ်ရာမှာလုပ်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကျန်တဲ့သူတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသား ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လူရှေ့သူရှေ့မှာ မလုပ်ဘဲ ရှောင်ကြဉ်ပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေတာကိုလည်း ကိုယ်ကိုယ်တိုင်က သိနေပြီးသား ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်အဖွင့်ကို ကြည့်မယ်ဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူခြင်းဆိုတဲ့ အဖွင့်တစ်ခု ရှိပါတယ်။ ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကွယ်ရာအရပ်မှာပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ စိတ်ကွယ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတော့တဲ့ အနှိုင်းမဲ့အရှင်မြတ်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်လောက် ကွယ်ရာမှာ အကုသိုလ် အလုပ်တွေကို အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် ဘုရားရှင်ကို အတုယူပြီး ကွယ်ရာမှာလည်း အကုသိုလ်အလုပ်တွေကို ရှောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အဓိကကတော့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာပဲ ဖြစ်ဖြစ်၊ လူကွယ်ရာမှာပဲ ဖြစ်ဖြစ် မလုပ်ဘဲရှောင်ကြဉ်နိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်မကောင်းမှု အကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်တယ်ဆိုတဲ့သူဟာ အဲဒီလို မျက်မှောက်မျက်ကွယ် နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်နိုင်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်ပြီး ဒီလိုမျက်မှောက်မျက်ကွယ် နှစ်ခုလုံးမှာ ဒီဟိရီသြတ္တပ္ပတရားတွေကို စောင့်ထိန်းတဲ့သူကိုသာ တကယ့်လောကပါလ တရားရှိသူ၊ လောကပါလ တရားနဲ့ ပြည့်စုံသူလို့ ပြောရခြင်း ဖြစ်ပါတယ်။

Read more...

တရားမင်းသခင် - . . .။ ကလေးများကို ဆုံးမခြင်း

(. . . . . နှင့် အဆက်)

“တရားမင်းသခင်” အမှတ် (၂၄)ထိ တင်ပြီးပါပြီ။ ကလေးတွေကို စာသင်ဖို့ ပြင်ဆင်ရင်း ကလေးစာတွေ ဟိုတို့ဒီတို့ လိုက်မြီးရာက စိတ်ကူးပေါက်မိလို့ ဒီစာကို ရေးလိုက်တာပါ။ Jayasena Jayakodyကို အားကျပြီး အတုခိုးကြည့်လိုက်ပါတယ်။ ရေးလက်စ တရားမင်းသခင်ရဲ့ ဗုဒ္ဓ၀င်ဇာတ်ကြောင်းကတော့ ဒီစာမှာပါတဲ့ အကြောင်းအရာထိ မရောက်သေးပါဘူး။ ဇေတ၀န်ကျောင်း မရောက်သေးပါဘူး။ အားလုံးပြီးလို့ စုပေါင်းစာအုပ်ထုတ်နိုင်မှပဲ ဒီအပိုင်းကို သင့်တော်တဲ့ နေရာမှာ ထည့်ရမှာပါ။ ခုတော့ အမှတ်စဉ် နံပါတ် မတပ်ဘဲ ထားလိုက်ပါတယ်။

အမျိုးအားလုံးကို ပေးဖတ်ချင်ပေမယ့် tagချင်တိုင်း များများtagလို့ မရပါ။ Facebookက tagဦးရေ ကန့်သတ်တယ် ထင်ပါတယ်။ အများကြီး tagလိုက်ရင် နောက်လူတွေကို ချန်ထားခဲ့ပါတယ်။ ကြုံသလိုသာ တွေ့ရာမှာ ဖတ်လိုက်ကြပါ။ tagနေကျလူတွေကိုပဲ [ဖတ်ဖတ် မဖတ်ဖတ် :)] tagလိုက်ပါတယ်။

တစ်စုံတစ်ရာ အမှားမြင်ရင် ပြင်ယူလိုက်ကြပါ။

စာရဲ့သဘောက ပြန်ဖတ်တိုင်း အမှားတွေ့ရတတ်ပါတယ်။ သတ်ပုံအမှား၊ စာစီအမှား မြင်မိရင် ပြောကြပါအုံး။ ပရုဖတ်ဖို့ လူမငှားနိုင်သေးလို့ အကူအညီ တောင်းရတာပါ။ စာကောင်းစာသန့် ဖြစ်အောင် ကူညီကြပါ။ ကျေးဇူးဆပ်ပါမည်။

:)

-----------------------------------


ဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ နွေးဦးနံနက် နေခြည်နုနုသည် ကျောင်းတော်ကို အနွေးဓာတ် ပေးနေ၏။ အရိယာတို့ ကျက်စားရာ သာဝတ္ထိ မြို့တော်သည် နွေးထွေးစွာ အေးချမ်းနေ၏။ နွေဦးရာသီဖြစ်၍ ကောင်းကင်ပြင် ကြည်လင်နေသည်။ ကျောင်းရိပ်ခိုသည့် ကျေးငှက် သာရကာတို့ အစာရှာ ထွက်နေကြလေပြီ။ အတောင်သာလျှင် ၀န်ရှိသည့် ငှက်တို့နှင့် အလားတူသော ဘုရားရှင်နှင့် တပည့်သား သံဃာတော်တို့ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်ကျရောက်လေပြီ။ ထို နံနက်ခင်း၌ ဘုရားရှင်သည် မြို့တွင်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူ၏။


ဘုရားရှင် ဆွမ်းခံ ကြွတော်မူသည့် လမ်းတစ်နေရာ၌ ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်အုပ် အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကလေးတို့သည် လမ်းဘေးရှိ ခြုံတစ်ခုကို ၀ိုင်းရံထားကြ၏။ ခြုံထဲသို့ ခဲနှင့် ပစ်ပေါက်နေကြသည်။ ခြုံထဲ၌ ပိတ်မိနေသော မြွေတစ်ကောင်သည် ကလေးတို့ ပစ်ခတ်သည့် ခဲဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေ၏။ ကလေးများဆီသို့ တပြစ်ပြစ် ထွေးခဲ့ရ၍ သူ့တံတွေးတို့ ခန်းခြောက်လေပြီ။ ရှိရှိသမျှ သူ့မာန်တို့လည်း ကုန်လေပြီ။ ပါးပျဉ်းထောင်၍ မြွေမာန် မပြနိုင်တော့ဘဲ တွန့်လိမ်လျက်သာ လဲလျောင်းနေရလေတော့၏။

မြွေဆီသို့ အာရုံရောက်နေကြသော ကလေးတို့သည် ဘုရားရှင် ကြွတော်မူလာသည်ကို သတိမထားမိလိုက်ကြပေ။ ဘုရားရှင်သည် ကလေးများ အနီးသို့ ချဉ်းကပ်၍ ကလေးတို့ကို ပျူပျူငှာငှာ စကားဆိုတော်မူ၏။

“ကလေးတို့ . . . ဘာဖြစ်လို့ မြွေကြီးကို နှိပ်စက်နေကြတာလဲ . . .။ သတ်နေကြတာလား . . .။”

နှုတ်လေးသည့် ကလေးများ ခေါင်းငုံ့ မျက်လွှာချလျက် တိတ်ဆိတ်နေကြ၏။ တစ်ချို့က အချင်းချင်း မျက်လုံးနှင့် စကားပြောနေကြ၏။ ဘုရားရှင်ကိုကား မျက်နှာချင်း မဆိုင်ရဲကြပေ။ ရဲတင်း၍ နှုတ်သွက်သည့် ကလေးတို့ကား ဘုရားရှင်ကို တစ်ယောက်တစ်ပေါက် ပြန်လည် လျှောက်ထားကြ၏။

“ဘုန်းဘုရား . . . သတ်တာတော့ မဟုတ်ဘူးလေ . . .။”

“သူက သားတို့ကို ကိုက်မှာ . . .။ သူ မကိုက်နိုင်အောင် သားတို့က အရင်ချတာ . . .။”

“မြွေကြီး တော်တော်တော့ နာနေပြီ . . .။ ဘုန်းဘုရား ရောက်လာလို့ပေါ့။ မဟုတ်ရင် သေလောက်ပြီ . . .။”

“အဲဒီ မောင်သာမဆိုတဲ့ကောင် ကလေးပေမယ့် တော်တော် လက်ဖြောင့်တယ်။ သူပစ်တဲ့ခဲ အားသိပ်မပြင်းလို့သာပေါ့။ သူပစ်လိုက်ရင် ချက်တိုင်းချက်တိုင်း မြွေကို ထိတာချည်းပဲ။”

ကလေးအဖွဲ့တွင် အငယ်ဆုံးဖြစ်သူ မောင်သာမသည် ဘုရားရှင်၏ အနီး၌ ရှိနေ၏။ မောင်သာမသည် သူ ကျုးလွန်မိသော ပြစ်မှုအတွက် ကြောက်လန့် ရှက်ရွံ့နေ၏။ အထူးသဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ နာမည်ဖော်၍ အပြောခံလိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေ၏။ ခေါင်းငုံ့လျက် မျက်လွှာချထားရင်း လက်ချောင်းများကို ချိုးနေ၏။ မောင်သာမ၏ အခြေအနေကို ရိပ်စားမိသော မောင်ဝဏ္ဏသည် မောင်သာမ၏ အနီးသို့သွား၍ မောင်သာမ၏ ပခုံးကို ဖွဖွဆုပ်ကာ အသံတိတ် အားပေးနေ၏။ ငိုမယောင် မျက်နှာထားနှင့် မျက်တောင်သာ ပေကလပ် ပေကလပ် တွင်တွင်ခပ်ရင်း အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် ဖိကိုက်နေသူ မောင်သာမသည် ဒဏ်ရာရနေသော မြွေကြီးကို မ၀ံ့မရဲ လှမ်းကြည့်လိုက်ပြီး ၀မ်းသာအားရ အော်လေ၏။

“ဟော . . .။ မြွေကြီး ပြေးတော့မယ်။ မသေဘူး။”

ကလေးအားလုံး မြွေဆီ ကြည့်လိုက်ကြပြီး ဘုရားရှင်နှင့် မောင်သာမတို့ ရှိရာဘက်သို့ ပြေးလာကြ၏။ မြွေလည်း တစ်ခြားတစ်ဘက်မှ ထွက်သွား၏။ သေလုမျောပါး ဒဏ်ရာရနေသော မြွေ မသေဘဲ လွတ်မြောက်သွား၍ စိုးရွံ့ထိတ်လန့်မှု သက်သာပြီး လွတ်လပ်ပေါ့ပါးသွားသည့် မောင်သာမကို ကြည့်၍ ဘုရားရှင် ပြုံးတော်မူ၏။ မောင်သာမ၏ ခေါင်းကို ယာလက်တော်ဖြင့် ညင်သာစွာ ပုတ်လျက် နှစ်သိမ့်အားပေးတော်မူ၏။

“ဟုတ်ပါတယ် . . . မောင်သာမ . . .။ မင့်မြွေကြီး မသေပါဘူး။ ဒဏ်ရာတော့ ရသွားတာပေါ့။ သက်သာသွားမှာပါ . . .။ ကလေးတို့ . . . စိတ်ပူမနေကြပါနဲ့။”

ဘုရားရှင်၏ အနီးအပါး၌ ၀န်းရံနေကြသော ကလေးတို့သည် ကိုင်ဆောင်ထားသည့် ခဲများကို လမ်းဘေးသို့ လွှင့်ပစ်လိုက်ကြ၏။ ဘုရားရှင်၏ ရှေ့တည့်တည့်၌ ရှိနေကြသော ကလေးတို့သည် ဘုရားရှင်၏ အသရေ ပြည့်ဝသော မျက်နှာတော်ကို အတန်ကြာအောင် ငေးစိုက် ကြည့်နေကြ၏။ ဘုရားရှင်၏ နောက်တော်၌ ရှိနေသော ကလေးတစ်ယောက်သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဘုရားရှင် မသိအောင် ညင်ညင်သာ ကိုင်ကြည့်ရင်း သူ့ဘေးက ကလေးတစ်ယောက်ကို လျှာထုတ်ပြနေ၏။ ကလေးများ အားလုံး ဘုရားရှင်နှင့် ရင်းနှီးကျွမ်းလိုကြဟန် တူသည်။

“ကလေးတို့ . . . ငါ့နောက်မှာ မနေကြနဲ့။ ရှေ့ကို လာခဲ့ကြ”ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။ ထိုအခါ ကလေးများအားလုံး ဘုရားရှင်၏ ရှေ့တော်မှောက်၌ စုဝေးမိလေသည်။ ဘုရားရှင်၏ သင်္ကန်းတော်ကို တိတ်တဆိတ် ကိုင်ကြည့်ခဲ့သော ကလေးငယ်သည် သူ၏ ခိုးကြောင်ခိုးဝှက် ကိစ္စကို ဘုရားရှင် သိလေသလားဟု သံသယဖြစ်မိ၏။ သို့သော် ဘုရားရှင်က သူ့ကို ငေါက်ငမ်းလိမ့်မည် မဟုတ်ဟူ၍ကား သူ အခိုင်အမာ ယုံကြည်ထားသည်။

“ကလေးတို့ . . .။ သက်ရှိ သတ္တ၀ါ အားလုံးဟာ ချမ်းချမ်းသာသာ နေချင်ကြတယ်။ ကလေးတို့ ပျော်ချင်ကြတယ် မဟုတ်လား။ ဘေးကင်းချင်ကြတယ် မဟုတ်လား။ လူလိမ္မာဆိုတာ စာနာတတ်ရတယ်။ ကြင်နာတတ်ရတယ်။ ကိုယ် ချမ်းသာဖို့၊ ကိုယ်ဘေးကင်းဖို့ သူတစ်ပါးကို ညှင်းဆဲတဲ့သူ၊ လက်နက်နဲ့ တိုက်ခိုက်တဲ့သူဟာ ဘ၀သံသရာမှာ ချမ်းသာသုခ မရရှိနိုင်ဘူး။ ကိုယ်ချင်းစာတတ်မှ၊ သူတစ်ပါးကို ငဲ့ညှာတတ်မှ ချမ်းသာမယ်။ နားလည်ကြရဲ့လား။”

“မှန်ပါ ဘုရား . . .။”

“ကလေးတို့ . . . ဒီ သာဝတ္ထိ မြို့ထဲမှာ။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့သူတွေ၊ ရုပ်ရည်အဆင်း မလှပတဲ့သူတွေ မြင်ဖူးကြတယ် မဟုတ်လား။”

“ဘုန်းဘုရား . . . သစ်ပင်ပိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ စဏ္ဍာလကြီး ၀စ္ဆလို လူမျိုးလား . . .”

“ဟုတ်တာပေါ့ . . .။”

“ရက်ကန်းသည်မကြီး ၀ိသာဆိုရင် သွားခေါခေါ မျက်လုံးစွေစွေနဲ့။ အသားအရေကလည်း ခြောက်ကပ်နေတာပဲ။ ကျက်သရေကို မရှိဘူး။”

“ဟုတ်ပြီ . . . ကလေးတို့။ ကိုယ်အင်္ဂါချို့တဲ့သူတွေ၊ အရုပ်ဆိုး အကျည်းတန်သူတွေ၊ နောက်ပြီး အားအင်ချိနဲ့သူတွေ၊ လေးလံထိုင်းမှိုင်းသူတွေ၊ ကြောက်ရွံ့ထိတ်လန့်လွယ်သူတွေ၊ အနာရောဂါ များသူတွေ၊ အခြွေအရံ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေရသူတွေဟာ အတိတ်ဘ၀က သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခဲ့လို့ ခုဘ၀မှာ အဲဒီလိုတွေ ဖြစ်နေကြရတာပဲ။

တစ်ချို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ၊ တစ်ချို့ အရွယ်မရင့်သေးဘဲ သေဘေးဆိုက်ရတာတွေလည်း ကလေးတို့ မြင်ဖူး ကြားဖူးကြတယ် မဟုတ်လား။ အဲဒါတွေလည်း သတ်ဖြတ်ညှင်းဆဲခြင်းရဲ့ အကျိုးဆက်ကို ခံယူလိုက်ကြရတာပဲ။”

“သဘောပေါက်ပါပြီ ဘုရား . . .။”

“ဘုန်းဘုရား . . . မသတ်ဖြတ် မညှင်းဆဲဘဲ သနားကြင်နာတတ်တဲ့ သူဆိုရင် ဘ၀တိုင်း ဘ၀တိုင်း ရုပ်ချောမှာပေါ့။ အသက်ရှည်မှာပေါ့. . .။ ဒါဆိုရင်တော့. . . ကိုယ်ချင်းစာပြီး ကြင်နာမှ ဖြစ်မယ် . . .။”

“ကလေးတို့ . . . သနားကြင်နာတတ်တဲ့သူတွေ ရုပ်ဆင်းရူပကာ ချောမောလှပတာ၊ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ဒေါသအိုးတွေ အရုပ်ဆိုး အကျည်းတန်တာကတော့ ဘ၀သံသရာမှာ မပြောနဲ့ ခုဘ၀မှာကိုပဲ ထင်ရှားတယ်။ ဒေါသထွက်နေတဲ့သူတွေ၊ စိတ်ဆိုးနေတဲ့သူတွေ၊ စိတ်ညစ်နေတဲ့သူတွေဟာ ရုပ်ရည်လှလို့လား။ မျက်နှာထား ပုပ်သိုးသိုးနဲ့ အရုပ်ဆိုးနေကြတာ မဟုတ်လား။ သနားကြင်နာတတ်တဲ့ သူတွေကတော့ ဖော်ရွေတဲ့ အပြုံးနဲ့ လှနေကြတာ မဟုတ်လား။ ပင်ကိုယ်က ဘယ်လောက် ချောမောလှပတဲ့ သူပဲဖြစ်ဖြစ် ဒေါသထွက်နေရင် လှတော့လို့လား။ အပြုံးပန်းကတော့ အကျည်းတန်သူကိုတောင် လှစေနိုင်တယ်။ ငိုမဲ့တဲ့ ကလေးနဲ့ ပြုံးရယ်တဲ့ ကလေး ဘယ်သူက ပိုလှသလဲ။ ဘယ်သူက ပိုပြီး ချစ်စရာ ကောင်းသလဲ။ တောက်ပတဲ့ အကြင်နာ အပြုံးတစ်ပွင့်ဟာ လောကတစ်ထောင်ကို ကမ္ဘာတစ်ထောင် လင်းလက်စေနိုင်တယ် ကလေးတို့ . . .။”

ဘုရာရှင်၏ မေတ္တာ ကရုဏာ ကြွယ်ဝသော အပြုံးဓာတ်သည် ကလေးများထံ ကူးရောက်ပြန့်နှံ့သွား၏။ ဖြူဖြူစင်စင် အပြစ်ကင်းသော ကလေးတို့ မြတ်နိုးဖွယ် ပြုံးပျော်နေကြသည်။ ကလေးများနှင့် ဘုရားရှင်တို့ အတိုင်အဖောက်ညီညီ အပြန်အလှန် စကားဆိုနေကြရာ မောင်သာမလည်း ရဲစိတ်ဝင်လာပြီး နှုတ်ဆိတ်မနေနိုင်တော့ပေ။ ဘုရားရှင်ကို ရိုသေစွာ လက်လုပ်ချီရင်း ချိုကြည်စွာ လျှောက်ထားလိုက်၏။

“ဘုန်းဘုရား . . . သား . . . တစ်သက်လုံး သတ်ဖြတ်တာတွေ၊ ညှင်းဆဲတာတွေ မလုပ်တော့ပါဘူးဆိုတာကို ဘုန်းဘုရားသိအောင် သူငယ်ချင်းတွေသိအောင် ကတိပေးပါတယ် ဘုရား . . .။”

ကလေးအားလုံး မျက်လွှာချထားလျက် ဘုရားရှင်ကို လက်အုပ်ချီနေကြသည်။ ကလေးငယ်တို့သည် နုနယ်သူတို့ သဘာဝအလျောက် မိုက်မှားမိခဲ့ကြ၏။ သို့သော် မျိုးကောင်းမျိုးသန့် ကလေးများ၊ မိကောင်းဖကောင်းတို့၏ သားထူးသားမြတ်ကလေးများ၊ ပါရမီရှင်လေးများ ဖြစ်ကြသည့် အားလျော်စွာ ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို ခံယူရရှိသောအခါ ကလေးအားလုံး ဉာဏ်အလင်း ပေါက်သွားကြလေ၏။ အရွယ်ပင် ငယ်သော်လည်း အရိယာမဂ် ပထမအဆင့်ထိ ရောက်သွားကြ၏။ အရိယာ သူတော်စင်လေးများ ဖြစ်သွားကြပြီး တစ်သက်တာလုံး သတ်ဖြတ်မှု ညှင်းဆဲမှုများကို ရှောင်ကြဉ်ကြလေ၏။ ဘုရားရှင်ကိုလည်းကောင်း၊ ဘုရားရှင်၏ အဆုံးအမ မှန်သမျှကိုလည်းကောင်း၊ ဘုရားရှင်၏ တပည့်သား သံဃာတော် အားလုံးကိုလည်းကောင်း အသက်ထက်ပင် မြတ်နိုးနိုင်သော အာဂယောက်ျားလေးများ ဖြစ်သွားကြလေ၏။ အရွယ်ရောက်သောအခါ သာသနာတော်ကို အားတက်သရော ထောက်ပံ့ကြလေ၏။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

မှတ်ချက်။ ။ သမ္ဗဟုလကုမာရက၀တ္ထု (ဒဏ္ဍ၀ဂ်၊ ဓမ္မပဒအဋ္ဌကထာ) စသည်ကို မှီးပါသည်။

Read more...

ပညာရအောင် ဒါတွေဆောင်

“အသိပညာသည် ကြီးမားတဲ့ စွမ်းအားတစ်ခုဖြစ်တယ်”
“ပညာနဲ့တူသော အလင်းရောင် လောကမှာ မရှိ”
“ပညာရဲရင့် ပွဲလယ်တင့်၊ ပညာရှိသူ ဂုဏ်ခံယူ”
“အတတ်ပညာသည် ဘ၀ရဲ့ မိတ်ဆွေ၊ အတတ်ပညာနှင့်တူသော ဥစ္စာသည် လောကမှာ မရှိ”
“အလိမ္မာ စာမှာရှိ၊ ပညာရွှေအိုး လူမခိုး”
“ပညာနည်း၍ ၀န်ထမ်းရ၊ ပတ္တမြားရောင်ထက် ပညာရောင်ထက်”………စတဲ့ ပညာနဲ့ပတ်သက်သော ပညာကို တင်စားထားသော ဆိုရိုးစကားများစွာရှိပါသည်။ ဒီစကားတွေဟာ ပညာဟာ ဘယ်လောက်အရေးပါတဲ့အရာဖြစ်တယ်။ တန်ဖိုးကြီးမားတဲ့အရာဖြစ်တယ်။ ဘ၀ရဲ့အလင်းရောင်ဖြစ်တယ်…စသည်ဖြင့် ညွှန်းဆိုထားတာဖြစ်ပါတယ်။

စာရေးသူတက်ရောက်နေတဲ့တက္ကသိုလ်ဆောင်ပုဒ်တစ်ခုက “ပညာဆိုတာ လောကရဲ့ အလင်းရောင်- Wisdom is the light of the world” ဆိုပြီး ဆောင်ပုဒ်ထားရှိပါတယ်။ ဒီနေရာမှာ ပညာရဲ့အလင်းရောင်ဟာ ဘယ်လောက်အရေးပါသလဲဆိုတာကို ဆရာအော်ပီကျယ်ပြောပြတဲ့ ဥပမာလေးကို မျှဝေချင်ပါတယ်။

“အသိပညာဆိုတာ မမှောင်ခြင်းဖြစ်တယ်။ အလင်းရောင်ဖြစ်ပါတယ်။ ဥပမာ လမိုက်ညတစ်ညမှာ အပြင်လမ်းပေါ်ကို လျှောက်လှမ်းကြည့်လိုက်ပါ။ လမိုက်ညရဲ့ အမှောင်ထုထဲမှာ ဘာမှမမြင်ရဘူးဆိုရင် လျှောက်လှမ်းသူအနေနဲ့ မြွေလည်းကိုက်ခံရနိုင်ပါတယ်။ ကင်းခြေများ၊ ကင်းမြီးကောက်တိုလည်း ကိုက်ခံရနိုင်ပါတယ်။ ကျင်းထဲလည်း ကျရောက်သွားနိုင်ပါတယ်။ ဆူး ခလုတ် ငြောင့်များလည်း ဆူးနစ်ခြင်းကို ခံသွားရနိုင်ပါတယ်။ လျှောက်လှမ်းသူမှာသာ အလင်းရောင်ဖျော့တဲ့ ဂစ်မီးခြစ်လေးတစ်ခုသာပါမယ်ဆိုရင် မသက်ာတဲ့နေရာမှာ မီးခြစ်လေးကို အသုံးပြုပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဟ ဟိုရှေ့မှာတော့ ချောက်ကြီးဟ၊ ဟိုရှေ့မှာ ကွေးကောက်ကောက်ကြီးဟ မြွေလား တုတ်ချောင်လား စသည်ဖြင့် သိနိုင်ပါတယ်။ အမှောင်ထဲမှာ နည်းနည်းကလေး အလင်းရောင်ရရင်တောင်မှ ဘ၀မှာ အန္တရာယ်ကင်းရှင်းပါတယ်။ ဒီထက်သာပိုပြီးအလင်းရောင်ရှိတဲ့ လက်နှိပ်ဓာတ်မီးနဲ့ သေသေချာချာထိုးကြည့်ရင် ဟော…..ရှေကကောက်ကောက်ကြီးက သစ်ကိုင်းပါကွာ နောက်လူများ ခလုတ်မတိုက်အောင် ဘေးဖယ်ဦးမှ၊ ကောက်တာတော့ ကောက်နေတာ လှုပ်လှုပ်လှုပ်လှုပ်နဲ မြွေပဲဆိုတာ သိတာနဲ ထိုမြွေအန္တရာယ်မှ ရှောင်ရှားကာ လွတ်မြောက်နိုင်ပါတယ်။ ပညာဆိုတဲ့အလင်းရောင် နည်းနည်းရှိရုံမျှနဲ့ (အပြည့်အ၀သာဆို အတိုင်းထက်အလွန်ပေါ့) အန္တရာယ်စသည်မှ လွတ်မြောက်နိုင်တယ်ဆိုတာ သိစေဖို့ပါ။ အသိပညာသည် မိမိလိုချင်တာကိုလည်း ရအောင်ပေးစွမ်းနိုင်တယ်။ မလိုချင်တာလည်း မရအောင် လုပ်နိုင်သော အလင်းတရားဖြစ်ပါတယ်။ မမှောင်ခြင်းတရားကို ပေးပါတယ်။”…………ဆိုပြီး သိပ်ကောင်းတဲ့ နားလည်လွယ်နိုင်တဲ့ ဥပမာလေးပြောပြသွားပါတယ်။

ဒီတော့ မိမိလိုချင်တာကိုလည်း ရအောင်ပေးစွမ်းနိုင်တဲ့ မလိုချင်တာကိုလည်း မရအောင် လုပ်နိုင်တဲ့ အသက်အန္တရာယ်များမှ လွတ်မြောက်အောင် စောင်မပေးနိုင်သော ပန်းခင်းလမ်းကို ညွှန်ပြပေးနိုင်သော ထို ပညာဆိုတဲ့ အလင်းရောင်ကို ဘယ်လို ရယူရမလဲ၊ ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ရအောင် လေ့လာဆည်းပူးရယူရမလဲဆိုတာ သိဖို့လိုအပ်လာပါတယ်။ အဲဒီ ပညာဆိုတဲ့ အလင်းရောင်ကို ဘယ်လိုနည်းများနဲ့ ဆည်းပူးရယူရမလဲဆိုတာကို ပြောပြချင်လို့ စာရေးသူ ဒီစာစုလေးကို ရေးလိုက်တာပါ။ ပညာအလင်းရောင် ရယူကြရအောင်ပါ။

မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်
သုဘလုလင်။ ။ ဘုန်းတော်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား လောကမှာ ပညာရှိသော လူများကိုလည်း တပည့်တော် တွေ့မြင်နေရပါတယ်။ ဥာဏ်ပညာကင်းမဲ့သော လူများကိုလည်း တပည့်တော် တွေ့မြင်နေရပါတယ် မြတ်စွာဘုရား။ မြတ်စွာဘုရား သူတို့မှာ လူလူချင်း အတူတူပင်ဖြစ်ကြပါလျှက် ထိုကဲ့သို့ ပညာတတ်လူတန်းစာ ပညာမဲ့လူတန်းစားတို့ကို တွေ့မြင်နေပါတယ်။ ထိုကဲ့သို့ ကွဲပြားခြားနားခြင်းရဲ့အကြောင်းအရင်းကား အဘယ်တရားဖြစ်ပါသလဲ၊ ဘယ်လိုအထောက့်အပံ့ဖြစ်ပါသလဲ မြတ်စွာဘုရား….။ ဟု သုဘလုလင်သည် ဗုဒ္ဓမြတ်စွာကို မေးမြန်းလျှောက်ထားပါတယ်။

ဒီတော့ ဗုဒ္ဓမြတ်စွာက အသိပညာကို ဘယ်လိုရယူဆည်းပူးရမယ်ဆိုတာ မသိနားမလည်တဲ့သူများဟာ အသိဥာဏ်ပညာကင်းမဲ့ကြသူများဖြစ်ပြီးတော့ အသိပညာ အတတ်ပညာကို ဘယ်လိုပုဂ္ဂိုလ်တွေဆီမှာ ဆည်းကပ်ရယူရမယ်၊ ဘယ်လိုပညာတွေကို ရယူဆည်းပူးရမယ်ဆိုတာကို ဂ,ဃ,န,ဏ သိနားလည်သူများဟာ အသိပညာဥာဏ်ကြီးပွားကြသူများဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် ရှင်းလင်းဟောကြားတော်မူခဲ့ပါတယ်။ အသိပညာကင်းမဲ့သူများဟာ အသိပညာကို ဘယ်လို ဘယ်ပုဂ္ဂိုလ်ဆီမှာ ဆည်းပူးလေ့လာသင်ယူရမယ်ဆိုတာ မသိလေတော့ သူ့သန္တာန်မှာ အသိပညာကင်းမဲ့နေတတ်ပါတယ်။ ဒီတော့ အသိပညာကို ရအောင် ဘယ်အရာတွေကို ဘယ်လိုပြုလုပ်ရမယ် လေ့လာရမယ် ဆည်းပူးရမယ်ဆိုတာ သိထားဖို့ သိပ်ကိုလိုအပ်ပါတယ်။ အသိပညာကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတော့……..

ဗုဒ္ဓမြတ်စွာ။ ။ သုဘလုလင် လောကမှာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် အချို့သောသူများကတော့ ပညာရှိသော သမဏ ရဟန်းသူမြတ်များကိုလည်းကောင်း ဗြာဟ္မဏများကိုလည်းကောင်း ချဉ်းကပ်ပြီးတော့ “အရှင်မြတ်ဘုရား အဘယ်တရားဟာ ကုသိုလ်တရား ကောင်းကျိုးတရားကို ပေးတတ်သောတရား အပြစ်ကင်းတဲ့တရားဖြစ်ပါသလဲဘုရား၊ အဘယ်တရားဟာ အကုသိုလ်တရား မကောင်းသောအကျိုးတရားကို ပေးစွမ်းတတ်သောတရား အပြစ်ရှိတဲ့တရားဖြစ်ပါသလဲဘုရား။ အဘယ်တရားကို မှီဝဲလိုက်နာကျင့်ကြံထိုက်ပါသလဲဘုရား၊ အဘယ်တရားဟာ မမှီဝဲသင့်တဲ့တရား လိုက်နာကျင့်ကြံမှု့ မပြုထိုက်တဲ့တရားဖြစ်ပါသလဲဘုရား၊ အဘယ်သို့ပြုလုပ်သော် တပည့်တော်မှာ ကြာမြင့်စွာသောကာလပတ်လုံး ဆင်းရဲခြင်း အကျိုးမဲ့ စီးပွားမဲ့ခြင်းငှါ ဖြစ်ပါသလဲဘုရား။ အဘယ်သို့ပြုလုပ်သော် တပည့်တော်မှာ ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားတိုးတက်ခြင်း ချမ်းသားခြင်းငှာ ဖြစ်ပါသလဲဘုရား……။” စသည်ဖြင့် ရိုသေစွာ ဆည်းကပ်ပြီးတော့ အဖန်ဖန် မေးမြန်းခြင်းကိုပြုလုပ်ရပါမယ်။ ထိုကဲ့သို ကုသိုလ် အကုသိုလ်စသည်ကို ပညာရှိသူမြတ်များထံ ဆည်းကပ်မေးခြင်း၊ ဆွေးနွေးခြင်း၊ စုံစမ်းခြင်းများကိုပြုလုပ်တဲ့သူများမှာသာ အသိပညာကို ရရှိနိုင်မှာ ဖြစ်ပါတယ်..ဆိုပြီးတော့ ဗုဒ္ဓက ဟောကြားတော်ခဲ့ပါတယ်။

ပညာရှိသူမြတ်များထံမှာ မေးမြန်းဆည်းကပ်တဲ့အခါမှာ ရှောင်ရှားရမည့်တရား၊ ပွားများရမည့်တရားကို ပိုင်းခြားစွာ သိမြင်နိုင်မှာဖြစ်ပါတယ်။ ခွဲခြားသိမြင်တဲ့အတိုင်း ရှောင်အပ်တဲ့တရားကို ရှောင်းရှားပြီးတော့ ပြုအပ်ပွားများအပ်တဲ့တရားကို ပွားများအားထုတ်တဲ့အခါမှာတော့ ဆင်းရဲကင်းကာ ချမ်းသာခြင်းများကိုသာ လက်ရှိဘ၀မှာ ခံစားရမှာဖြစ်ပြီး မိမိတို့မှာ အသိပညာနဲ့ပြည့်စုံတဲ့သူဖြစ်ပါတယ်။

အသိပညာရှိတဲ့သူဆိုတာ ဘယ်တရားဟာ အပြစ်ကင်းတဲ့ အကျိုးစီးပွားကိုဖြစ်စေတဲ့ ချမ်းသာခြင်းကိုဖြစ်စေတဲ့ ကုသိုလ်တရား၊ အဘယ်တရားဟာ အပြစ်မကင်းတဲ့ အကျိုးစီးပွားကို ပျက်စီးစေတဲ့ ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကုသိုလ်တရား၊ ဘယ်အရာဟာ မှန်ကန်တဲ့တရား မှားယွင်းတဲ့တရား၊ အဘယ်အရာဟာ ပြုလုပ်သင့်တဲ့ ပြုလုပ်အပ်တဲ့ ပြုလုပ်ရမည့်တရား၊ အဘယ်အရာဟာ မပြုလုပ်ရမည့် မပြုလုပ်အပ်တဲ့ မပြုလုပ်သင့်တဲ့တရားများကို ခွဲခြားနားလည်သိမြင်နိုင်တဲ့ ဥာဏ်ပညာရှိသူများကိုပဲ ဆိုလိုတာပါ။ စုတေပြီးနောက်ဘ၀မှာလည်းပဲ ကောင်းမြတ်တဲ့ဘုံဘ၀ကို ရောက်ရှိခံစားရမှာဖြစ်ပါတယ်။ ဒါကတော့ အသိပညာရှိသူများရဲ့ အကျိုးတရားကို ပြဆိုထားတာဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ အလောင်းတော် သရဘင်္ဂရသေ့ဘ၀တုန်းကဖြစ်ပါတယ်။ တစ်နေ့တော့ သိကြားမင်းဟာ အလောင်းတော် သရဘင်္ဂရသေ့သူမြတ်ထံ ချဉ်းကပ်ပြီးတော့ “သရဘင်္ဂရသေ့ အရှင်သူမြတ်ဘုရား ပညာရှိဖြစ်ဖို့အတွက် ပညာရရှိဖို့အတွက် ဘယ်လိုများ ကျင့်ကြံရပါမလဲ ဘုရား”ဆိုပြီး ပညာရှိဖြစ်ဖို့အတွက် မေးမြန်းလျှောက်ထားလေတော့ အလောင်းတော် သရဘင်္ဂရသေ့က “ဒါယကာ အရှင်သိကြားမင်း၊ အသိပညာကို ရရှိဖို့အတွက် ပညာရှိဖြစ်ဖို့အတွက် မိမိထက် အသက်အရွယ်ကြီးမြတ်ကုန်သော သိမ်မွေ့သော ပညာရှိကုန်သော အကြားအမြင်ဗဟုသုတပြည့်ဝကြကုန်သော ပုဂ္ဂိုလ်များကို ဆည်းကပ်မှီဝဲရပါမယ်။” ဒါဟာ အသိပညာရရှိကြောင်း တစ်ခုပဲဖြစ်ပါတယ်။

“ဒါယကာ သိကြားမင်း၊ အသိပညာရရှိဖို့အတွက် ပညာရှိဖြစ်ကုန်သော အကြားအမြင်ဗဟုသုတပြည့်ဝကြကုန်သော ပုဂ္ဂိုလ်များထံမှာ မှီဝဲဆည်းကပ်ပြီးတော့ လေ့လာဆည်းပူးရပါမယ်။” ပညာရှိသူမြတ်များထံ မှီဝဲဆည်းကပ်ပြီးတော့ နားထောင်ရုံမျှတင်မဟုတ်ဘဲ ပညာရှိသူမြတ်များ ဟောပြသင်ပြပေးလိုက်တဲ့ ကောင်းမြတ်တဲ့တရားများကို မိမိသန္တာန်မှာ တည်ရှိအောင် ကိန်းနေအောင် ဂရုတစိုက် လေ့လာသင်အံလေ့ကျင့်ရမယ်ဆိုတာကို ပြောလိုတာပါ။ ဒီဘက်နားဝင် ဟိုဘက်နားက ပြန်ထွက်သွားတာမျိုး ပြောပြနေစဉ်သာ သိပြီး နောက်တစ်ရက်မေ့သွားတာမျိုးမဖြစ်ရလေအောင် သေသေချာချာ လေးလေးစားစား ကြိုးကြိုးစားစာ သင်ယူမှသာ ပညာကိုရရှိမှာဖြစ်ပါတယ်။

“ဒါယကာ သိကြားမင်း၊ အသိပညာရရှိဖို့အတွက် ပညာရှိကုန်သော အကြားအမြင် ဗဟုသုတပြည့်ဝကြကုန်သော ရဟန်းရှင်,လူ, သူမြတ်များကို မိမိစိတ်ထဲမှာ မရှင်းလင်းသေးတဲ့အကြောင်းအရာ၊ သိချင်တဲ့အရာများကိုလည်း မေးမြန်း စုံစမ်းရပါမယ်။” မေးမြန်းစုံစမ်းခြင်းဟာလည်းပဲ အသိပညာ ရရှိခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။

“ဒါယကာ သိကြားမင်း၊ အသိပညာရရှိဖို့အတွက် အကြားအမြင် ဗဟုသုတပြည့်ဝကြကုန်သော ပညာရှိသူတော်မြတ်များက ဟောပြ ဆုံးမတဲ့အခါမှာလည်းပဲ ရိုရိုသေသေ လေးလေးစားစားနဲ့ လိုက်နာသင်ယူရပါမယ်။” မိမိက ပညာသင်ယူလေ့လာနေတဲ့အခါမှာ ရိုရိုသေသေလေးလေးစားစား သတိတရားလေးထားပြီး မလေ့လာ မနာယူဘူးဆိုပါက ဘာပြောသွားတယ်၊ ဘာသင်ပြသွားတယ်ဆိုတာကို သိနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အသိပညာရရှိဟာ လုံးဝအလှမ်းဝေးသွားမှာပါ။ ဒါကြောင့် ဆရာသမား ပညာရှိသူတော်မြတ်များ ဟောပြ သင်ပြနေတဲ့အခိုက်မှာ ရိုရိုသေသေ နားထောင်ပြီး သင်ယူရမယ်လို့ဆိုတာပါ။ ဒီလေးချက်ကတော့ အလောင်းတော်သရဘင်္ဂရသေ့ရဲ့ အသိပညာရရှိုဖို့အတွက် ကျင့်ကြံရမည့် နည်းလမ်းလေးသွယ်ကို အမေးရှိထားတဲ့ သိကြားမင်းအား ဖြေကြားတော်မူခြင်းဖြစ်ပါတယ်။ ဒီအကြောင်းလေးချက်ကို လေးလေးနက်နက်လိုက်နာပြီး ကျင့်ကြံမယ်ဆိုပါက အသိပညာများရရှိပြီးတော့ ပညာရှိဖြစ်မှာ မလွဲပါဘူး။

အလောင်းတော် သရဘင်္ဂရသေ့က ပညာရှိဖြစ်သွားပြီဆိုရင် ရရှိမည့်အကျိုးတရားများကို ဆက်လက်ပြောပြထားပါသေးတယ်။ အသိပညာရှိသူဖြစ်သွားပြီဆိုရင် “ဒါယကာ သိကြားမင်း၊ ပညာရှိတဲ့သူဟာ ၀တ္ထုအာရုံ ကာမဂုဏ်တရားတို့ကို မမြဲခြင်း အနိစ္စဟူ၍လည်းကောင်း၊ အဖြစ်အပျက်တို့နှင့် အနှိပ်စက်ခံနေရသောကြောင့် ဒုက္ခ ဆင်းရဲခြင်းပဲ ဟူ၍လည်းကောင်း၊ ဒီဝတ္ထုအာရုံကာမဂုဏ်တရားတွေဟာဖြင့် ဆင်းရဲရောဂါအမျိုးမျိုး ကျရောက်ကြောင်းတွေဖြစ်လို့ ဘေးတွေပါပဲဟူ၍လည်းကောင်း သိမြင်ဆင်ခြင်လာနိုင်ပါတယ်။ ဒီလိုသိမြင်ဆင်ခြင်လာနိုင်တဲ့အခါမှာ ၀တ္ထုအာရုံ ကာမဂုဏ်တွေကို (လောဘ, ဒေါသ,များကို) တဒဂ်ပဟာန်ဖြင့် ပယ်ရှားနိုင်ပါတယ်။” ဒီ လောဘ ဒေါသတွေကိုသာ တဒဂ်ပယ်သတ်ထားပြီဆိုရင် ထိုသူရဲ့သန္တာန်မှာ အင်မတန်ငြိမ်းချမ်းနေမှာ သေချာပါတယ်။ မိမိကို အကြောင်းပြုပြီးတော့ မိမိရဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပတ်ဝန်းကျင်တို့မှာလည်းပဲ ငြိမ်းချမ်းသာယာနေမှာပါ။

အင်းဝခေတ် ရွှေနန်းကြော့ရှင်လက်ထက်က အရှင်မဟာရဋ္ဌသာရ ရေးချပြခဲ့တဲ့ ပညာသင်ယူပုံနည်းစနစ်ဟာလည်း ပညာသင်ယူနေသူတစ်ယောက်အနေနဲ့ မမေ့ထားသင့်တဲ့ နည်းတစ်ခုဖြစ်သလို တကယ့်လက်တွေ့ကျကျ လိုက်နာကြည့်ဖို့ကောင်းပါတယ်။ အရှင်မဟာရဋ္ဌသာရက သက်တော် ၅၅နှစ်မှာ ရေးစပ်ခဲ့တဲ့သူ၏ ဂမ္ဘီသာရပျို့မှာရေးသားလမ်းပြထားခဲ့တာပါ။

"သု, စိ, ပု, ဘာ၊ ၀ိ, လိ, သိ, ဓာ”
"သု, စိ, ပု, ဘာ၊ ၀ိ, လိ, သိ, ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီးကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့"တဲ့။ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေး စနစ်က ဒီမူရှစ်ချက်နဲ့ပါ။ "သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ”ဆိုတဲ့ အတိုချူပ် ပါဠိစကားများရဲ့ အဓိပ္ပါယ်ကတော့ အောက်မှာ ရှင်းပြထားပါတယ်။

“သု = သုဏေယျ။ သင်ပြတာကို နားစိုက် ထောင်ရမယ်။
စိ = စိန္တေယျ။ သင်ပြီးသားကို ကြံစည်တွေးတော သုံးသပ်ရမယ်။
ပု = ပုစ္ဆေယျ။ နားမလည်တာရှိရင် ဆရာကို ပြန်မေးရမယ်။ ကိုယ့်ထက် အတန်းကြီးတဲ့သူကို မေးရမယ်။
ဘာ = ဘာသေယျ။ ကျောင်းသူကျောင်းသား အချင်းချင်း သင်္ခန်းစာကို ပြောဆို ဆွေးနွေး တိုင်ပင်ရမယ်။
ဝိ = ၀ိစာရေယျ။ သင်ယူခဲ့တာ ဆွေးနွေးခဲ့တာတွေကို ပြန်ပြီး ဆင်ခြင် သုံးသပ်ရမယ်။
လိ = လိက္ခေယျ။ အရေးအသား လေ့ကျင့်ရမယ်။ သိထားတာကို ပြန်ပြီး တင်ပြ တတ်အောင် လေ့ကျင့်ရ မယ်။
သိ = သိက္ခေယျ။ စာသိကို လက်တွေ့ ကျင့်သုံးရမယ်။ ဘ၀အတွက် အသုံးချ ရမယ်။
ဓာ = ဓာရေယျ။ သင်ထားသမျှ မမေ့အောင် ဆောင်ထားရမယ်”……လို့ဆိုထားပါတယ်။

လုံးဝနားလည်နိုင်တဲ့ စာဖြစ်နေတာမို အကျယ်မရေးတော့ပါဘူး။ ဒီမူရှစ်ချက်သာ ပညာလေ့လာရှာမှီးနေသူတစ်ယောက်အနေနဲ့ နေ့စဉ် လိုက်နာ အသုံးချနေဖြစ်မယ်ဆိုပါက ပညာရရှိဖို့ လုံးဝသေချာပါတယ်။

စာရေးသူ ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှာ “သုဿုသာ လဘတေ ပညံ-အသိပညာ အလိမ္မာတို့ကို ရရှိဖို့အတွက် ပညာရှိတို့ရဲ့စကားကို ရိုရိုသေသေ နားထောင်ရမယ် တစ်နည်းအားဖြင့် ပညာရရှိုဖို့အတွက် နားထောင်ရမယ်”ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမစကားအတိုင်း၊ အရှင်မဟာရဋ္ဌရဲ့ ပညာရေးစနစ်က ပထမနည်းစနစ်ဖြစ်တဲ့ “သုဏာတိ-ဆရာ, ပညာရှိသူများ သင်ပြ ဟောပြတာကို လေးလေးစားစား နားထောင်ရမယ်” ဆိုတဲ့အဆုံးအမအတိုင်း လေ့လာသင်ယူရတာကို ပိုနှစ်သက်ပါတယ်။ ဒီနားထောင်ခြင်းဖြင့် လေ့လာတာပိုပြီးများပါတယ်။ စာရေးသူ ဒီနည်းစနစ်ကို ပိုပြီးနှစ်သက်ခြင်းအကြောင်းတစ်ခုရှိပါတယ်။ စဉ်းစားမိမလားမသိဘူး။ ဘာသာစကားတစ်ခုကို ပြောနိုင် နားလည်နိုင်ဖို့အတွက် ဦးစွာပထမ နားထောင်ခြင်းဖြင့် လေ့လာသင်ယူခြင်းကနေ တတ်မြောက်လာတယ် ပြောဆိုနိုင်လာတယ် သူများပြောတာကို နားလည်နိုင်လာတယ်ဆိုကိုပါ။ ဥပမာအားဖြင့် စာရေး/ဖတ်သူတို့ မိခင်ဘာသာစကားကို အတန်းပညာလေ့လာသင်ယူခြင်းမပြုခင်ကတည်းက ပြောဆိုတတ်နေပြီးသား မိဘများနဲ တစ်ပါးသူတို ပြောဆိုစကားများကို နားလည်နေပြီးသားဖြစ်ပါတယ်။ ဒီလို ပြန်လည်ပြောတတ် နားလည်နိုင်စွမ်းဟာ သူတို့ပြောစကားများကို နားထောင်ခြင်းကြောင့်ပါပဲ။

ပယ်လျှင်မာန ပညာရ
စကားပုံတစ်ခုရှိပါတယ်။ “ပညာရှာ ပမာသူဖုန်းစား၊ ပညာလိုလျှင် မာနစင်၊ မာနကိုဝှက် ပညာဆက်၊ ပယ်လျှင်မာန ပညာရ။” အင်္ဂလိပ်စကားဆိုမှာတော့ “In Seeking education one should be humble like beggars.” ဆိုပြီးတော့ ရှိပါတယ်။ ဒီတော့ ပညာရှာမှီးနေတဲ့အခါမှာ မိမိရဲ့မာနကို ထောင်လွှားပြနေမယ်ဆိုရင်တော့ မိမိရဲ့သန္တာန်မှာ ဘယ်တော့မှ အသိပညာ အတတ်ပညာများကို ရရှိလာမယ် တတ်မြောက်လာမယ် မဟုတ်ပါဘူး။ ငါသိတယ် ငါတတ်တယ် မင်းတို့ဘာမှမသိပါဘူး စတဲ့ ငါ…..ဆိုတဲ့မာန ထောင်လွှားပြနေမယ်ဆိုပါက မည်သူကမျှ ဆုံးမ သွန်သင် ညွှန်ပြနေမှာ မဟုတ်ပါဘူး။ သနားစရာ သတ္တ၀ါတစ်ကောင်လို့ သဘောထားကာ ဥပေက္ခာပြုသွားကြမှာပါ။ အရေးမလုပ် နှာခေါင်းရှုံ့သွားကြမှာပါ။ ဒီတော့ ပညာရရှိဖို့အတွက် မာနမထားပါနဲ့။ ပညာရဖို့ မာနလေးသာ ပယ်ဖြစ်အောင် ပယ်လိုက်ပါ။

ပယ်လျှင် ထိန/မိဒ္ဓ ပညာရ
လောကနီတိမှာ အဆိုတစ်ခုရှိပါတယ်။ “ပျင်းသောသူမှာ အတတ်ပညာ ဘယ်မှာ တတ်အံ့နည်း” ပျင်းရိထိုင်းမှိုင်းနေတဲ့သူဟာ ဘယ်တော့မှ အသိပညာ အတတ်ပညာကို ရရှိမှာ မဟုတ်ပါဘူး။ ပြောပြောနေကြတဲ့ စကားတစ်ခုရှိတယ်။ “ပျင်းတယ်ဆိုတာ နာမည်သာ မကောင်းတာဗျ လူတော့ တော်တော်လေးသက်သာတယ်” တဒဂ်အတွက်တော့ ၀ီရိယစိုက်ထုတ်ကာ အားမထုတ်ဘဲ မလုပ်လိုက်ရတာကြောင့် သက်သာသွားတာတော့ မှန်ပါတယ်။ အနာဂတ်လမ်းမှာတော့ ပညာမဲ့သူတစ်ယောက်ရဲ့ဘ၀ဟာ သိပ်ကို ခက်ခဲ ပင်ပန်းစရာကောင်းမှာ သေချာပါတယ်။ ဒီတော့ အတတ်ပညာ အသိပညာကို ရရှိဖို့အတွက် ထိန မိဒ္ဓ ပျင်းရိခြင်း ထိုင်းမှိုင်းခြင်းတွေကို ပယ်ရှားထားရပါတယ်။ ပျင်းရိနေမယ်ဆိုရင်တော့ အတတ်ပညာကို ဘယ်လိုနည်းနဲ့မျှ ရရှိလာမှာ မဟုတ်ပါဘူး။

အတတ်ပညာမရှိရင် ဘာဖြစ်မှာမို့လဲလို့ စောဒကတက်ချင်သူများအတွက် လောကနီတိက ဆက်ဖွင့်ဆိုပြထားပါတယ်။ “အတတ်ပညာ မရှိသောသူအား ဥစ္စာ အဘယ်မှာ ရအံ့နည်း။”တဲ့။ ဒါဟာ အတတ်ပညာ အသိပညာကင်းမဲ့သူရဲ့ ပထမ ဆိုးကျိုးတရားဖြစ်ပါတယ်။ အခုခေတ်အခုခါဆို ပိုပြီးသိသာပါတယ်။ လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လျှောက်တဲ့အခါမှာ ပထမဦးစွာ ထိုသူတစ်ယောက်ရဲ့ ပညာအရည်အချင်းကို စစ်ကြည့်ပါတယ်။ နောက်မှ လုပ်သက် စတာတွေလာပါတယ်။ အတတ်ပညာမရှိရင် ဘယ်သူကမျှ အလုပ်မခန့်ချင်ကြပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ အတတ်ပညာမရှိသူများအတွက်တော့ ကုန်ထမ်းတဲ့ကူလီအလုပ်နေရာများမှာတော့ ရနိုင်ပါတယ်။ ပင်ပန်းတာပေါ့၊ ပင်ပန်းသလောက်လည်း တန်အောင် အကျိုးအမြတ်က မရရှိကြပြန်ဘူး။

မိမိကသာ အတတ်ပညာရှိမယ် အသိပညာနဲပြည့်စုံမယ်ဆိုရင် ကိုယ်၌က ကြေးတောင်းလို့ရပါတယ်။ ဒီလိုသာဆိုရင် အလုပ်ကလည်းကောင်းကောင်းရမယ်၊ ပင်ပင်ပန်းပန်း လုပ်ကိုင်ရတဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ မိမိရဲ့ပညာနဲတန်တဲ့ လုပ်အားခကို ကောင်းကောင်းရရှိနိုင်ပါတယ်။ အသိပညာ အတတ်ပညာ မရှိတဲ့သူမှာ ဥစ္စာမရရှိနိုင်ဘူးဆိုတာ ဒီအကျဉ်းသဘောလေးနဲ့တင် နားလည်နိုင်ပါတယ်။ လောကမှာ အသိပညာမရှိသူတွေ ချမ်းသာနေတာ ပေါပ့ါဟု စောဒက တက်လာနိုင်ပါသည်။ ဟုတ်ပါတယ်၊ ပညာမတတ်တဲ့သူတွေ ချမ်းသာနေတာ လောကမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ ချမ်းသာခြင်းဟာ တာရှည်မခံပါဘူး။ ပညာမရှိတဲ့သူကို သူရှာဖွေထားတဲ့ ပစ္စည်းဥစ္စာများက ဘ၀ပျက်အောင် ပြန်လည် သတ်ဖြတ် ဖျက်ဆီးတတ်၏၊ ဆိုပြီး ဗုဒ္ဓမြတ်စွာ မိန့်မှာထားတာရှိပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ကုဋေရှစ်ဆယ်သူဌေးသားကိုပဲ ပြရမှာပါပဲ။ အသိပညာမရှိဘူးဆိုရင် မိမိရှာဖွေထားတဲ့ ပစ္စည်းဥစ္စာကို ထိန်းသိမ်းရမယ်ဆိုတာ မသိနိုင်ပါဘူး။ ဘယ်လိုအကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုရမယ် ရင်းနှီးမြှပ်နှံရမယ်ဆိုတာ မသိပါဘူး။ သောက်သောက်စားစား လူမင်းသားဘ၀ကနေ (စကားလုံးကြမ်းတယ်ထင်က နားလည်ပေးပါ) လမ်းတကာ လျှောက်သွား သူတောင်းစားဘ၀ကို ရောက်ရှိသွားမှာ သေချာပါတယ်။

ပစ္စည်းဥစ္စာမရှိတဲ့သူမှာ အဆွေခင်ပွန်း အလွန်အင်မတန်ရှားပါးပါတယ်ဆိုပြီးတော့ “ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာ ရအံ့နည်း”ဟု ဆက်လက်ပြဆိုထားပါတယ်။

အဆွေခင်ပွန်းကောင်းသာ မိမိဘ၀မှာ တစ်ဦးတစ်လေမျှ မရှိဘူးဆိုရင် ချမ်းသာမှု့နဲ့ ကင်းဝေးမှာ သေချာပါတယ်။ ဒါနဲပတ်သက်လို့ “အဆွေခင်ပွန်း မရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း”ဆိုပြီးတော့ လောကနီတိက ဆက်ဆိုထားပါတယ်။ ချမ်းသာမရှိတဲ့သူအတွက် မကောင်းသော အကျိုးဆက်ကတော့ “ချမ်းသာ မရှိသောသူအား ကောင်းမှု့ အဘယ်မှာ ရအံ့နည်း” ဟု ဆက်ဆိုထားသလို ထိုကောင်းမှု့သာ မရှိဘူးဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကတော့ “ကောင်းမှု့ မရှိသော သူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း”ဆိုပြီး ပြထားပါတယ်။

နားလည်အောင် သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်လိုက်မယ်ဆိုရင် အသိပညာ အတတ်ပညာဟာ ဘ၀လွတ်မြောက်ရေးအတွက်မှာ အင်မတန် အရေးပါတဲ့ အထောက်အပံ့တစ်ခု၊ အရာတစ်ခု တန်ဖိုးကြိးမားတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကို လောကနီတိမှာပြဆိုထားတဲ့စာသားကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ချမ်းသာရေးအတွက်တင်မက ဘ၀လွတ်မြောက်ရေး ချမ်းသာအထိပါ ပေးစွမ်းနိုင်တဲ့ အသိပညာ အတတ်ပညာကို ရရှိအောင် သင်ယူလေ့လာထားသင့်ပါတယ်။ အတတ်ပညာ အသိပညာကို ရရှိဖို့အတွက်တော့ မပျင်းပါနဲ့။ ပျင်းရင် ဖျင်းတတ်တယ်ဆိုတဲ့ စကားအတိုင်း ပျင်းပြီဆိုတာနဲ့ အရာရာမှာ ဖျင်းသွားတတ်ပါတယ်။ ဖျင်းသွားပြီဆိုမှတော့ ဘယ်နေရာမှာမှ အသုံးဝင်တဲ့အရာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလိုသာဆို မိမိဘ၀ဟာ အပယ်ခံ စွန့်ပစ်ခံဘ၀နဲ့ လမ်းဘေးရောက် ဘ၀ပျောက်သွားမှာပါ။

စာဖတ်သူ အသိပညာရှင်ဖြစ်ဖို့ အတတ်ပညာရှင်ဖြစ်ဖို့အတွက် ပညာကိုလိုလားသူ၊ ပညာကို မြတ်နိုးသူ၊ ပညာကို ဆည်းပူးနေသူ၊ ပညာကို လေ့လာနေသူဖြစ်တဲ့ စာဖတ်သူအနေနဲ့ စာဖတ်သူရဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားစေဖို့ ဖော်ပြပါ ပညာရှိသူမြတ်များရဲ့ အဆုံးအမ နည်းလမ်းများကို စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ကျကျ နေ့စဉ်ဘ၀တိုင်းမှာ နှစ်သက်တဲ့နည်းတစ်ခုလောက်ဖြစ်ဖြစ် အသုံးပြုလိုက်နာ ကျင့်ကြံကြည့်လိုက်ဖို့ ဆန္ဒပြုလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတတ်ပညာ အသိပညာများဟာ ပစ္စုပ္ပန် ဒီဘ၀မှာရော ဘ၀လွတ်မြောက်ရေး ချမ်းသာအစစ်အမှန်နေရာအထိပါ ပို့ဆောင်ပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်နေလို့ပါပဲ။

“Wisdom never appear in our mind as long as craving, hatred, ignorant, illusion maintain in our mind”
(ဥယျာဉ်မှူးလေး)

Read more...

ငရဲပြည်သို့ အလည်ခရီး


ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတဲ့ လူတစ်စုဟာ ပီနန်ကျွန်းမှာ ကျင်းပတဲ့ “ငရဲပြည်သို့ အလည်သွားခြင်း” ခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ငရဲပြည်အနှံ့ လျှောက်လည်ကြရမယ့် ဒီခရီးစဉ်ကို ဦးဆောင်သူကတော့ ဇီဘိုင် ဂွမ်ရင် ဓမ္မစင်တာ (Tze Bei Guan Yin Dhamma Centre) က ဆရာတော် ကက် အန်း စိန် (Kek Eng Seng) ဖြစ်ပါတယ်။ ဒီဆရာတော်က ငရဲပြည်အထပ်ထပ်နဲ့ နတ်ပြည်ဗြဟ္မာပြည်အနှံ့ လျှောက်လည်နိုင်စွမ်းရှိတယ်လို့ အတိအလင်း ကြေငြာထားတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် မလေးရှားကို ရောက်လာတာနဲ့ လူတွေကို ဘ၀တစ်ပါးကို သွားလည်နိုင်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။

အံ့သြစရာပါပဲ။ မလေးရှားနိုင်ငံ အနှံ့အပြားက လူပေါင်း ၂၀၀-ကျော်လောက်ဟာ ဒီထူးခြားတဲ့ သာမန်မဟုတ်တဲ့ ငရဲပြည်ခရီးစဉ်မှာ လိုက်ပါလိုကြောင်း စာရင်းပေးသွင်းကြပါတယ်။ အမြင်အာရုံမကောင်းသူများနဲ့ အချို့ မွေးနေ့ရှင်များကိုတော့ ဆရာတော်က စာရင်းကနေ ပယ်ဖျက်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ငရဲပြည်ခရီးစဉ်မှာ လိုက်ပါခွင့်မပြုပါဘူး။ နောက်ဆုံးမှာ ငရဲပြည်ကို လိုက်ပါခွင့်ပြုသူ ဦးရေ အမျိုးသားအမျိုးသမီး ၅၀-သာ ကျန်ပါတယ်။ ငရဲပြည် ခရီးသွားတွေထဲမှာ တရုတ်လူမျိုးများ နေ့စဉ်သတင်းစာနဲ့ နေ့စဉ်ချီလီသတင်းစာတို့မှ သတင်းထောက် ၁၂-ယောက်ခန့်ပါဝင်ခဲ့ပါတယ်။

ကြာသပတေးနေ့နဲ့ သောကြာနေ့ (သြဂုတ် ၃၁-ရက်နေ့နဲ့ စက်တင်ဘာ ၁-ရက်နေ့)တွေမှာ မိုးက တစ်နေကုန် သည်းကြီးမဲကြီး ရွာပါတယ်။ ဒါပေမယ့် စနေနေ့ကျတော့ မိုးက လုံးဝ မရွာတော့ပါဘူး။ စနေနေ့က ငရဲပြည် အလည်သွားမယ့်နေ့ပေါ့။ ဆရာတော် ကက်က “ကျုပ် ကွမ်ရင်နတ်ကို ကျုပ်တို့ ငရဲပြည်ခရီးစဉ်ရှိလို့ မိုးရပ်ပေးပါလို့ တောင်းဆိုတဲ့အတွက် မိုးရပ်သွားတာ”လို့ ပြောပါတယ်။ ညကျတော့ ငရဲသွားမယ့်ခရီးသည်အားလုံးဟာ အဖြူရောင်ရှပ်အကျီ င်္ကိုယ်စီဝတ်ကြရပါတယ်။ အဖြူရောင်ဝတ်ရတာကတော့ ဖြူစင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုတဲ့သဘောပါပဲ။ ပီနန်ကျွန်း၊ ပဒန်းဘရောင်းနယ်မြေမှာ စတင်စုရုံးကြပါတယ်။ ဘုရားရှိခိုးခြင်းနဲ့ အခြားလုပ်သင့်လုပ်ထိုက်သော ဘာသာရေးအစဉ်အလာတွေ အားလုံးပြီးတဲ့အခါ ည ၁၀း၁၅ မိနစ်မှာ ငရဲပြည်ခရီးစဉ်ကို စတင်ထွက်ခွါခဲ့ကြပါတယ်။
ကျွန်တော်တို့ မျက်လုံးတွေကို ဆရာတော်က ကံကြမ္မာစာရွက် သို့မဟုတ် အစွမ်းရှိတဲ့ စာရွက်နဲ့ ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့ အပေါ်ကနေ အ၀ါရောင်အ၀တ်စနဲ့ ချည်နှောင်လိုက်ပါတယ်။ နောက်ဆုံး မီးတွေအားလုံးကို ပိတ်ပြီး အမှောင်ချလိုက်ပါတယ်။ ထိုအချိန်မှာ ဆရာတော် ကက်က ဘုရားစာတွေ စတင်ရွတ်ဖတ်ပါတယ်။ ဆရာတော် စ ရွတ်လိုက်တာနဲ့ ကျွန်တော့်ခေါင်းက အင်မတန် ပူလောင်လာတာကို သတိပြုမိပါတယ်။ ဘယ်လိုလဲဆိုတော့ ပူပြင်းတဲ့ စမ်းချောင်းလေးက ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ အထက်ကို ဖောက်ထွက်တော့မယ့်အတိုင်းပါပဲ။ (နောက်ပိုင်းမှာ ဆရာတော်က ဒီလို ဖြစ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ အမှန်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဏ်က အပြင်ကို ကြိုးစားထွက်နေလို့ ဒီလို ခံစားနေရတာဖြစ်ကြောင်း ရှင်းပြပါတယ်။) ဒီလိုဖြစ်တာဟာ ၃-ကြိမ်၊ ၄-ကြိမ်လောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခဏချင်းအတွင်းမှာ ပျောက်သွားတာချည်းပါပဲ။

ကျွန်တော် ကြိုးစားပြီး စိတ်ကို ထိန်းပါတယ်။ ဒါပေမယ့် ခပ်လှမ်းလှမ်းမှာရှိတဲ့ တရုတ်ရိုးရာပြဇာတ်ပွဲက အသံတွေရယ်၊ ပွဲကြည့်ပရိသတ်အသံတွေရယ်ကြောင့် ကျွန်တော့်စိတ်တွေ ပျံ့လွင့်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ငရဲပြည်ခရီးစဉ်ကို အရှုံးမပေးခဲ့ပါဘူး။

ငရဲခရီးစဉ် စတင်ပြီးနောက် ၄၅-မိနစ်လောက်မှာ ကျွန်တော် အလင်းရောင်တွေ စမြင်ရပါတယ်။ ကျွန်တော် အဲဒီအလင်းရောင်တွေနောက်ကို ဆက်လိုက်သွားပါတယ်။ မကြာခင်မှာပဲ အမှောင်ထုကြီးထဲ ပြန်ရောက်သွားပြန်ပါတယ်။ နောက်ပြီး အ၀ိုင်းအ၀ိုင်းတွေက ကျွန်တော့်ဆီကို တည့်တည့်မတ်မတ် ပြေးလာနေကြပါတယ်။ ဘယ်လိုပုံစံလဲဆိုတော့ သိပ္ပံဇာတ်ကားတွေထဲက အာကာသယဉ်ကြီးတွေ ကမ္ဘာပတ်လမ်းကြောင်းထဲ ပြေးလွှားနေကြသလိုပါပဲ။ (ဆရာတော်က ရှင်းပြတယ်။ ဒါဟာ ငရဲပြည်ခရီး လမ်းခုလတ်မှာ တွေ့ရတတ်တဲ့ ရေအိုင်တွေကို ဖြတ်ကျော်နေရတာလို့ ဆိုပါတယ်)။ ဒါပေမယ့် ပြင်ပက ဆူဆူညံညံအသံတွေကြောင့် ငရဲပြည်သွားတဲ့ ခရီးစဉ်ကို အရှုံးပေးလိုက်ပါတယ်။ မကြာခင်မှာ ဆရာတော် ကက်က ခရီးသည်အားလုံးကို ငရဲပြည်ကနေ ပြန်လှည့်ဖို့ ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ဟာ စုစုပေါင်း ၁-နာရီနဲ့ ၁၅-မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

ကံမကောင်းတာကတော့ ကျွန်တော်တို့ ငရဲပြည်သွား ခရီးသည် ၅၀-ထဲက ၁၂-လောက်ပဲ ငရဲတံခါးကြီးကို ဖောက်ခွဲပြီး ငရဲပြည်တွင်းကို ၀င်ခွင့်ရခဲ့တာပါပဲ။ ကျွန်တော်တို့ သတင်းသမားတွေထဲက မစ္စတာ ချိန်ကီချွမ်းတစ်ယောက်ပဲ ငရဲပြည်တွင်း ၀င်ခွင့်ရခဲ့ပါတယ်။ သူက “အရမ်းလှပတဲ့ ကောင်းကင်မှာ သက်တန့်ကြီးက တွဲလောင်းကြီးကျနေတာကို ကျွန်တော် မြင်ခဲ့ရတယ်။ နောက်ပြီးတော့ နတ်သားတစ်ယောက်က ကျွန်တော့်ကို သတ်သက်လွတ်စားဖို့ မှားကြားလိုက်တယ်”လို့ ဆိုပါတယ်။ နောက်ပြီး အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်ကလည်း “ကျွန်မက ဈေးကြီးတစ်ခုကို တွေ့ပြီး အဲဒီမှာ လူတွေ အများကြီးကိုလည်း တွေ့ခဲ့တယ်”လို့ ဆိုပါတယ်။ သူပြောလို့ မပြီးခင်မှာ ဆရာတော်က “အဲဒီဈေးနာမည်က ဘာ ဂျီယာအို ဂျီ (Ba Jiao Jie) မဟုတ်လား”လို့ မေးတော့ သူမက “ဟုတ်ပါတယ်ဘုရား”လို့ ဖြေတာကို တွေ့ခဲ့ရပါတယ်။ “ဟုတ်ရမယ်လေ။ အဲဒီကို ဆရာတော်လည်း ရောက်ဖူးတယ်”လို့ ဆိုပါတယ်။

အခြားအမျိုးသမီးတစ်ယောက်ကလည်း ဆိုပါသေးတယ်။ သူလည်းပဲ ငရဲပြည်မှာ သူ့အမေကို တွေ့ခဲ့ကြောင်း၊ ဒါပေမယ့် အနီးကပ် တွေ့ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ကို ဘုရားရှိခိုးစာများ ရွတ်ဖတ်ခြင်း၊ ကံဆိုးမှုများကို ရှင်းလင်းခြင်းများ ပြုလုပ်ပြီး ဆရာတော် ကက်က အဆုံးသတ်ပေးခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ (အားမရတဲ့) ကျွန်တော်တို့ သတင်းသမားမျက်နှာကို တွေ့မြင်လိုက်တဲ့ ဆရာတော် ကက်က စိတ်ပျက်မနေဖို့၊ နောက်နေ့ တနင်္လာနေ့မှာ တစ်ခေါက်ထပ်သွားနိုင်အောင် စီစဉ်ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်လည်း စိတ်ပျက်လက်ပျက်နဲ့ပဲ ပြီးဆုံးသွားကြတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသည်တွေဟာ အဘက်ဘက်က အရည်အချင်း မပြည့်မီကြလို့ ဖြစ်ပါတယ်။

မှတ်ချက် = ဟုတ်တာ မဟုတ်တာ၊ ယုံတာ မယုံတာ အပထား။ မလေးရှားက တရုတ်တွေရဲ့ ကြံကြံဖန်ဖန် ယုံကြည်မှုများကို ဗဟုသုတအဖြစ် မလေးရှားနိုင်ငံမှာ အထင်ကရ သတင်းစာကြီးဖြစ်တဲ့ THE STAR သတင်းစာကြီးမှာ ပါတဲ့ ဆောင်းပါးကို ဘာသာပြန်တင်ပေးလိုက်တာပါ။

Read more...

အနေကဇာတင်ပွဲ (၂)



မြန်မာပြည်ပရိယတ္တိပညာရေး လို့ခေါ်တဲ့ ဘုန်းကြီးပညာရေးမှာ
ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းလို့
အခြေခံအဆင့်မှာ သုံးတန်းရှိတယ်။
ပထမကြီးတန်းအောင်ပြီးရင်
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဦးစီးပြီး ကျင်းပတဲ့
သာသနဓဇဓမ္မာစရိယဘွဲ့အတွက် ဓမ္မာစရိယစာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့်ရှိသွားပြီ။

ဒီနေရာမှာ ဘွဲ့ဆိုလို့ ပြောရအုံးမယ်။
မြန်မာပြည်က ဗုဒ္ဓဘာသာဒကာတွေ ဒကာမတွေ အတော်လေး
ဘာသာရေးဝေါဟာရတွေနဲ့ စိမ်းနေတာ တွေ့ရပါတယ်။
ဒီကိုအလည်လာတဲ့ဆရာတော်တစ်ပါးက
သူပြန်ရင် သယ်ဆောင်သွားမည့် အိပ်ကြီးမှာ
သူ့နာမည်နဲ့ လိပ်စာကပ်သွားလိုကြောင်း၊
ဒီအတွက် စာရိုက် ပရင့်ထုတ်ပေးစေလိုကြောင်း၊
ဒီလို စာရိုက်ရာမှာ သူ့နာမည်ရှေ့မှာ ဦး၊ အရှင် လို့မရေးဘဲ
ဘဒ္ဒန္တဆိုတဲ့ စာလုံးရေးပေးစေလိုကြောင်း၊
(ဥပမာ - ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ စသည်)
ဒီလိုဘဒ္ဒန္တစာလုံးရေးတပ်ထားရင် မြန်မာပြည်က လေဆိပ်ဝန်ထမ်းတွေအပါအ၀င်
အားလုံးက လေးစားသမှု ပိုပြုကြကြောင်း၊
ဒီဘဒ္ဒန္တဆိုတဲ့ စာလုံးကို သူတို့က ဘွဲ့ကြီးတစ်ခုလို့ ယူဆကြကြောင်း ပြောပြပါတယ်။
သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးလိုက်ပါတယ်။

တကယ်တော့ ဒီဘဒ္ဒန္တဆိုတာ ဘွဲ့ထူးဂုဏ်ထူး မဟုတ်ပါဘူး။
မြန်မာလိုတော့ အရှင် လို့ အဓိပ္ပါယ်ရပါတယ်။
ရဟန်းဖြစ်ပြီးတဲ့ ဘယ်လိုဦးဇင်းမဆို သူ့တို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ရေးလို့ရပါတယ်။
ဒါ့ကြောင့်မို့ ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တဂုဏ ဆိုတာ
အရှင်ပညာဇောတ၊ အရှင်ဂုဏဆိုတာနဲ့ အတူတူပါဘဲ။
ဘဒ္ဒန္တဆိုတာ သီးခြားဖြေဆိုယူရတဲ့၊ ဒါမှမဟုတ် အစိုးရက သီးခြားကပ်ထားတဲ့
ဘွဲ့ထူး ဂုဏ်ထူးမဟုတ်ပါဘူး။ စကားစပ်မိလို့ ပြောဖြစ်တာပါ။
ထား။

အထက်ကပြောခဲ့တဲ့ ပထမကြီးတန်း အောင်ပြီးပြီဆိုရင်
ဓမ္မာစရိယစာမေးပွဲထက်ကြီးကျယ်တဲ့ တိပိဋကစာမေးပွဲကိုလဲ
ဝင်ရောက်ပြန်ဆိုခွင့် (ဖြေဆိုခွင့်) ရှိသွားပါပြီ။
ဒါတင်မကပါဘူး။
ရန်ကုန်၊ မန္တလေးတို့မှာရှိတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွေမှာ
ပညာသင်ယူချင်တယ်ဆိုရင်လည်း ဒီပထမကြီးအောင်ပြီးတဲ့ ဦးဇင်း၊ ကိုရင်တွေဟာ
ဝင်ခွင့်ဖြေဆိုကာ ၀င်ခွင့်အောင်တယ်ဆိုရင် ပညာသင်ခွင့်ရပါတယ်။

ပထမကြီးတန်းအောင်မြင်ပြီးတဲ့ မိမိကတော့
မန္တလေးမှာရှိတဲ့ ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ
ဝင်ခွင့်ဝင်ရောက်ဖြေဆိုကာ ပညာသင့်ခွင့်ရပါတယ်။
ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ လေးနှစ်ပညာသင်ယူပြီး
သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရပါတယ်။
မဟာတန်းတက်ခွင့်ရလို့ မဟာတန်း (၂) နှစ် ဆက်တက်ဖြစ်ပါတယ်။
မဟာဘွဲ့ (M.A) အတွက် ကျမ်းပြုရမယ်ဆိုလို့ ကျမ်းကြီးကြပ်မဲ့ Supervisor နဲ့ညှိနှိုင်းရင်း
ကျမ်းခေါင်းစဉ်စောင့်ရင်း အထက်ကပြောခဲ့တဲ့
သာသနာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃမဟာနာယကတိုးပူးပေါင်းကျင်းပတဲ့
အစိုးရဓမ္မာစရိယစာမေးပွဲကို (ဘွဲ့လောဘကြီးတဲ့ မိမိလည်း အလကားမနေပဲ) ၀င်ရောက်ဖြေဆိုဖြစ်ပါတယ်။
အောင်လို့ သာသနဓဇဓမ္မာစရိယဘွဲ့ရလိုက်ပါတယ်။

ဒီအစိုးရဓမ္မာစရိယစာမေးပွဲ အောင်လိုက်တဲ့အချိန်၊ အောင်ပြီလို့ သိလိုက်တဲ့အချိန်မှာ
“ဒါမှ ဣန္ဒက ကွ” လို့ မိမိနာမည်ကို မိမိခေါ်ကာ အော်ဟစ်လိုက်ဖူးပါတယ်။
ဝမ်းသာလွန်းအားကြီးလို့ ရင်ထဲ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံပါ၊ စကားပါ။
ဒါကို ဘာသာရေးအသုံးမှာ ဥဒါန်းစကားလို့ ခေါ်ပါတယ်။

ဘုရားရှင်လည်း ဘုရားဖြစ်ဖို့ ဘ၀ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ရပါတယ်။
နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀မှာ လောကီအာရုံ လောကီစည်းစိမ်ကို ငြီးငွေ့ပြီး
တောထွက်ပါတယ်။ တရားကျင့်ပါတယ်။
အသက် (၃၅) နှစ်အရွယ်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့
မိုးသောက်ယံ အချိန်မှာ ဘုရားဖြစ်ပါတယ်။

ဒီလိုဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း သူ့နှလုံးသားထဲမှာ သူ့ရင်ထဲမှာ
ဝမ်းသာလုံးတွေ တစ်လုံးပြီး တစ်လုံးတက်လာပါတယ်။
နောက်ဆုံးမှာ ဒီဝမ်းသာလုံးတွေဟာ ဘုရားရှင်ရဲ့ ပါးစပ်တော်က
စကားလုံးအဖြစ်ထွက်လာတော့တာပါဘဲ။
ဒီဘုရားရှင်ရဲ့ ၀မ်းသာစကားလုံးတွေကတော့
“အနေကဇာတိသံသာရံ” အစချီတဲ့ ဂါထာတွေပါ။

ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း ဘုရားရှင်မြွက်ဆိုတဲ့စကားလုံးတွေဖြစ်လို့
ဘုရားရှင်ရဲ့ ပထမဦးဆုံးစကားတော် လို့ မှတ်ချက်ပြုကြပါတယ်။

ဘုရားဖြစ်ပြီး ပထမဦးဆုံးရွတ်ဆိုတဲ့ ဒီ “အနေကဇာတိသံသာရံ” ဂါထာတွေထဲက
အနေကဇာ ဆိုတဲ့ရှေ့ဆုံးစကားလေးကို ယူပြီး အနေကဇာတင်တယ် လို့ ပြောဆိုနေကြတာပါ။
မြန်မာရဟန်းတော်များက ရုပ်ပွါး၊ ဆင်းတု၊ စေတီတွေရှေ့မှာ ထိုင်ကာ
အရင်ပြောခဲ့တဲ့အစီအစဉ်အတိုင်း အနေကဇာတင်တယ် ဆိုပြီး ပြုမူနေကြတာပါ။

ဘုရားရှင်ကတော့ ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်း (အသက်ရှင်ဆဲဆိုတော့)
သူကိုယ်တိုင် ရွတ်ဆိုနိုင်တာပေါ့။
အခုဘုရားရှင်က မရှိတော့ ရုပ်ပွါးတော်၊ ဆင်းတုတော်၊ စေတီတော်တွေကို ကိုးကွယ်ရတာ။
ဒါတွေက သက်မဲ့တွေ (အသစ်တွေ - သစ်သားစသည်မှ ဘုရားဖြစ်လာတာတွေ) ဆိုတော့
ဘုရားဖြစ်ပြီးလျှင် ဖြစ်ပြီးချင်းရွတ်ဆိုတဲ့
ဥဒါန်းဂါထာတွေ (၀မ်းသာစကားတွေ) ကို
သက်ရှိထင်ရှား ဘုရားရှင်ကိုယ်စား ဘုန်းကြီးတွေက ရွတ်ဆိုပေးရတဲ့သဘောပဲ။
ဒါကိုပဲ အနေကဇာတင်တယ်လို့ ခေါ်နေကြတာပဲ။

ဘုန်းကြီးတွေက သစ်သားရုပ်တုစတာတွေကို ဘုရားရှင်ကိုယ်စား ရွတ်ဆိုပေးတာနဲ့
ဘုရားဖြစ်သွားရောလား။ ဒီလိုတော့လဲ မဟုတ်ပါဘူး။
ဒီရုပ်တုကို ကိုးကွယ်မယ်ဆိုတာသိအောင် အထိမ်းအမှတ်ပြုလိုက်တဲ့ပွဲပါဘဲ။
အမှန်စင်စစ်၊ ဒီရုပ်တုကို ကိုးကွယ်တာတော့လဲ မဟုတ်သေးပါဘူး။


Read more...

မှတ်ဉာဏ်ကောင်းဖို့ . . .

မှတ်ဉာဏ်ကောင်းဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ အားငယ်တတ်တဲ့စိတ် တုန်လှုပ်တတ်တဲ့စိတ် နိမ့်ကျတဲ့စိတ်ကို အနိုင်ယူဖို့၊ စိတ်ကြည်လင်ဖို့ စိတ်ကိုစိတ်နဲ့မှတ်တဲ့ စိတ္တာနုပဿနာ ကျင့်သုံးပါလို့ ရွှေဥမင်ဆရာတော်ကြီး ဦးကောသလ္လ အရှင်သူမြတ် မိန့်တော်မူတာကို ဖတ်လိုက်ရပါတယ်။

အဘိဓမ္မာသဘောအရ စိတ်ရဲ့ ဖြစ်တည်မှုဟာ မြစ်ရေစီးသလို ပါပဲ။ တရစပ် ဖြစ်နေပါတယ်။ စိတ်ဖြစ်ချိန် ခဏလေး အတွင်းမှာ စိတ်တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်တစ်ခု ချုပ်ငြိမ်းသွားမှ နောက်စိတ်တစ်ခု ဖြစ်ပေါ်ပါတယ်။ တစ်စိတ်ပြီး တစ်စိတ် ဖြစ်ပေါ်နေတဲ့ အစဉ်မှာ ရှေ့စိတ်ကို နောက်စိတ်နဲ့ မှတ်တာကို စိတ္တာနုပဿနာလို့ ခေါ်ပါတယ်။ စိတ်အမူအရာ အားလုံးကို စိတ်နဲ့ ပြန်သိတာ ဖြစ်ပါတယ်။ ပျော်ရင် ပျော်တယ်လို့ သိ၊ စိတ်ညစ်ရင် စိတ်ညစ်တယ်လို့ သိ၊ မနာလိုရင် မနာတာကို သိ၊ ကြောက်ရင် ကြောက်တာကို သိ စသည်ပေါ့။

စိတ္တာနုပဿနာ ကျင့်ရာမှာ စိတ်ကိုစိတ်နဲ့ သိတယ်လို့ လွယ်လွယ်ပြောပေမယ့် နာမ်တရား အားလုံးကို သိမှတ်ရတာ ဖြစ်ပါတယ်။ စိတ်တစ်ခုထဲကို သိမှတ်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်တစ်ခုတည်း ဖြစ်နေတာ မဟုတ်လို့၊ စိတ်ဖြစ်ရင် စေတသိတ်လည်း အတူဖြစ်တာမို့ပါ။ ဒါကြောင့် သိမှတ်ရတဲ့ နာမ်တရားဆိုတာဟာ ဝေဒနာ သညာ သင်္ခါရ နဲ့ ၀ိညာဏ် (စိတ်)ဆိုတဲ့ နာမက္ခန္ဓာလေးပါး ဖြစ်ပါတယ်။ ဝေဒနာ = ခံစားခြင်း၊ ခံစားချက်။ သညာ = မှတ်သားမှု။ သင်္ခါရ ဆိုတာကတော့ စေသိတ် (၅၂)မျိုး ရှိတဲ့အထဲက ဝေဒနာ နဲ့ သညာကလွဲလို့ ကျန်တဲ့ (၅၀) ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စတာတွေ ဖြစ်ပါတယ်။ ဆိုပါစို့ ၀မ်းနည်းတော့ “၀မ်းနည်းတယ်။ ၀မ်းနည်းတယ်”လို့ သိမှတ်လိုက်တယ်ဆိုရင် ၀မ်းနည်းခြင်း (ဒေါသ)နဲ့ အတူဖြစ်ဖက်စိတ်ကို သိမှတ်လိုက်တာ ဖြစ်ပါတယ်။ လက်တွေ့ သိမှတ်တဲ့ အခါမှာ ဒီသဘောတရားတွေကို နားလည်စရာ မလိုပါဘူး။ စိတ်အခြေအနေကို အရှိအတိုင်း သိနေလိုက်ရုံပါပဲ။

ဘယ်သူဖြစ်ဖြစ် စိတ်ညစ်တာကို “စိတ်ညစ်တယ်။ စိတ်ညစ်တယ်။”လို့ တစ်ခါလေး သိလိုက်ရုံ၊ ရှုလိုက်ရုံ၊ စမ်းကြည့်လိုက်ရုံလေးနဲ့ ချက်ချင်းကြီး စိတ်ပျော်သွားမယ်လို့တော့ လွယ်လွယ်ပြောလို့ မရပါဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်ကို ရရှိဖို့၊ ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်ယူဖို့ အချိန်ယူပြီး ကျင့်ဖို့လိုပါတယ်။

ကြီးမားတဲ့ အကျိုးတရားကို လွယ်လွယ်ကူကူနဲ့ မရရှိနိုင်ပေမယ့် စိတ်အမူအရာကို တစ်ခါလေး သိလိုက်တယ်၊ ရှုလိုက်တယ်၊ စမ်းကြည့်လိုက်တယ် ဆိုရင်ကိုပဲ အဲဒီ တစ်ခါလေးရဲ့ အကျိုးကို ရရှိနိုင်ပါတယ်။ ကုသိုလ်စုဆောင်းခြင်း၊ ပါရမီ ဖြည့်ဆည်းခြင်းပေါ့။ ကျင့်ကြည့်ပါ။ အနည်းဆုံး စမ်းကြည့်ပါ။

-------------------------

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး

၃၈၁။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (တပ်မက်ခြင်း) ရာဂနှင့်တကွသော စိတ်ကိုလည်း “ရာဂနှင့်တကွသောစိတ်” ဟု သိ၏၊ ရာဂကင်းသော စိတ်ကိုလည်း “ရာဂကင်းသောစိတ်” ဟု သိ၏၊ (အမျက်ထွက်ခြင်း) ဒေါသနှင့်တကွသော စိတ်ကိုလည်း “ဒေါသနှင့်တကွသောစိတ်”ဟု သိ၏၊ ဒေါသကင်းသော စိတ်ကိုလည်း “ဒေါသကင်းသောစိတ်” ဟု သိ၏၊ (တွေဝေခြင်း) မောဟ နှင့်တကွသော စိတ်ကိုလည်း “မောဟနှင့်တကွသောစိတ်”ဟု သိ၏၊ မောဟကင်းသော စိတ်ကိုလည်း “မောဟကင်းသောစိတ်”ဟု သိ၏၊ (ကျုံ့သော) သံခိတ္တစိတ်ကိုလည်း “သံခိတ္တစိတ်” ဟု သိ၏၊ (ပျံ့သော) ဝိက္ခိတ္တစိတ်ကိုလည်း “ဝိက္ခိတ္တစိတ်”ဟု သိ၏၊ (ရူပ အရူပ) မဟဂ္ဂုတ်စိတ်ကိုလည်း “မဟဂ္ဂုတ်စိတ်” ဟု သိ၏၊ (ကာမာဝစရ) အမဟဂ္ဂုတ်စိတ်ကိုလည်း “အမဟဂ္ဂုတ်စိတ်”ဟု သိ၏၊ (ကာမာဝစရ) သဥတ္တရစိတ်ကိုလည်း “သဥတ္တရစိတ်”ဟု သိ၏၊ (ရူပ အရူပ) အနုတ္တရစိတ်ကိုလည်း “အနုတ္တရစိတ်”ဟု သိ၏၊ (အပ္ပနာသမာဓိ ဥပစာသမာဓိရှိသော တည်ကြည်သော) သမာဟိတစိတ်ကိုလည်း “သမာဟိတစိတ်”ဟု သိ၏၊ (သမာဓိနှစ်ပါးကင်းသော မတည်ကြည်သော) အသမာဟိတစိတ်ကိုလည်း “အသမာဟိတစိတ်”ဟု သိ၏၊ (လွတ်မြောက်သော) ဝိမုတ္တစိတ်ကိုလည်း “ဝိမုတ္တစိတ်”ဟု သိ၏၊ (မလွတ်မြောက်သော) အဝိမုတ္တစိတ်ကိုလည်း “အဝိမုတ္တစိတ်”ဟု သိ၏။

ဤသို့ မိမိ၏ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါး၏စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိ သူတစ်ပါး၏ စိတ်၌ မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ စိတ်၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ စိတ်၌ ဖြစ်ကြောင်းပျက်ကြောင်း တရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊ ထို့ပြင် “စိတ်သည်သာလျှင်ရှိ၏” ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိတစ်ဖန် တိုးပွါးခြင်းငှာသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ ဥစ္စာဟု) စွဲလည်းမစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။

(မဟသတိပဋ္ဌာနသုတ်၊ သုတ်မဟာဝါပါဠိ၊ ဒီဃနိကာယ်)

-------------------------

ပကတိ အေးဆေး တည်ငြိမ်သူ ဖြစ်လိုလျှင်

မြတ်ဗုဒ္ဓ၏ တရားကို နှလုံးသွင်းပါ။

“စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသောပုဂ္ဂိုလ်အဘို့

စိတ်သည် လှုပ်ရှားခြင်း ကင်းကာ ငြိမ်သက်ပိပြားလာသည်။

စိတ်ကို အလိုမလိုက်ဘဲ ဉာဏ်ကွပ်ကဲလျှင် စိတ်သည် ဉာဏ်

အောက်၌ အမိန့်နာခံ ရိုးကျိုးကာ ခေါင်းမထောင်နိုင်ဘဲ လည်

စင်းကာ အလျှော့ပေးလေ့ရှိသည်။

စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာ

ကျင့်စဉ်ပင်ဖြစ်သည်။ ထိုကျင့်စဉ်အရ စိတ်ကို နိုင်ရုံမျှမက

စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်

နိုင်သည်။

ချစ်သူတွေ့တွေ့၊ မုန်းသူတွေ့တွေ့၊ မတုန်မလှုပ်စေရန်

ဉာဏ်ဖြင့် ထိန်းနည်းသည် စိတ္တာနုပဿနာခေါ် ပေါ်စိတ်၊

တုန်လှုပ်စိတ်ကို အပျက်တရားဟု ရှုသတ်သောနည်းပင်ဖြစ်သည်။

နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်

မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်ကို ယထာဘူတကျကျသိ

သွားနိုင်သည်။

ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်း

ကို ကောင်းကောင်းကြီးသိသည်။

ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်း လိုသော် ဤနည်း

ကို ကျင့်ပါ။ စိတ်များကြည်လင်၍ မှတ်ဉာဏ်ကောင်းလာမည်။”

by Ashin Acara on Sunday, September 4, 2011 at 8:38am

Read more...

မရဏမင်းသို့ အိတ်ဖွင့်ပေးစာ

မရဏမင်းသို့ အိတ်ဖွင့်ပေးစာ

သူ့ကို စည်းချင်းထိုး၊ ကြွေအန်ပစ်၊ ပဏ္ဍာဆက်၊ ဘယ်ပဉ္စလက်နှင့်မှ သင်ဖျက်မရ။ သို့သော် စည်းမထိုး၊ ကြွေမပစ်၊ ပဏ္ဍာမဆက်ဘဲ ဧကန်မလွဲ နိုင်နိုင်ပါ့။ “သင့်”

(၁) မဖြုံပါ

ဗျို့…မိတ်ဆွေကြီး မရဏ…၊ နေကောင်းတယ်နော်။ အော်…စက္ကန့်မလပ် ဇီဝိန်တွေကိုခြွေပြီး အလောင်းကုန်ကြမ်းအဖြစ် မီးသဂြိုဟ်စက်တွေ၊ သုဿာန်မြေတွေ၊ နေရာအနံ့ပို့နေရတော့ အမြဲလှုပ်ရှား စံပြလုပ်သားကြီးပေါ့ဗျာ။ Ideal woker ပါပဲ။

၂၀၀၈-ခုနှစ်နှောင်းပိုင်းမှာ မိတ်ဆွေကြီးရဲ့လက်ရုံးတော် ဦးဗျာဓိ ပစ်လွှတ်လိုက်တဲ့ ကင်ဆာ မြှားဟာ ကျွန်တော့်လည်ပင်း လာမှန်တယ်လေ။ တော်တော်ထိပါ့ဗျာ။ ကင်ဆာနှစ်ကြိမ်ဖြစ်၊ ဓာတ် ရောင်ခြည်နှစ်ခါကင် ကီမိုဆေးခြောက်ကြိမ်သွင်းရ၊ ဒေါင်ချာစိုင်းသွားတာပဲ။ ကံကြမ္မာက ဟန့်တား ထားလို့သာ။ အခု ၂၀၁၀-ပြည့် နှစ်ဝက်ကျော်အထိ မလဲသေးဘဲ ရှူနိုင်ဆဲ၊ ရှိုက်နိုင်ဆဲ။ ဒါပေမဲ့ ကိုယ် အလေးချိန် ၁၀၅-ပေါင်ကနေ ၈၀-ပေါင်အထိကျ၊ အသံက ပျောက်လိုက်ပေါ်လိုက်။ ကိုယ်က စာခြောက်ရုပ်သာသာမို့ A half man ထက်ဝက်လူသားဖြစ်နေပါပြီ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ဒီထက် ၀က်လူသားက မယိုင်မကျိုးနိုင်တဲ့ ယုံကြည်မှု “ပဲ့”၊ တွန်းအားကောင်းတဲ့စိတ်ဓာတ် “လှော်တက်”တွေ ကို မြဲမြဲဆုတ်ကိုင်ပြီး ခန္ဓာလှေကို လှော်ခတ်နေတာပါ။ ကျွန်တော့်ဆီ မိတ်ဆွေကြီး လာစရာမလိုပါ ဘူး။ အချိန်စေ့တဲ့နေ့ အမီ ကျွန်တော်လာမှာပါ။ ဒီကြားထဲ မိတ်ဆွေကြီးကို နှုတ်ဆက်စကားအဖြစ် ကြိုပြောချင်တာလေးတွေ ပြောလိုပါ့။ တော်တော်ကြာ မပြောလိုက်ရဘဲ ဘ၀ကန့်လန့်ကာက အရင် ကျသွားဦးမယ်။

ပြောဖူးတယ်နော်၊ ကလေးဘ၀တုန်းက မိတ်ဆွေကြီးကို အကြောက်ကြီး ကြောက်ခဲ့ရတာ။ အသုဘဆိုမကြည့်ရဲ။ နောက်တော့ အရွယ်လေးရ၊ အသိလေးကျယ်လာတော့ တစ်ခါတစ်ခါ အလောင်းစင် ဆင်ထားတဲ့လိုဏ်အောက်ဝင်၊ အလောင်းကို ခေါင်းထဲ ကိုယ်တိုင်ထည့်၊ ပြီးတော့ ထမ်း၊ မိတ်ဆွေကြီးရဲ့လုပ်ငန်းမှာ အကူဝန်ထမ်းအဖြစ် အခြေအနေပြောင်းသွားပါ့။ ဘာ့ကြောင့်ပါလိမ့်၊ မိတ်ဆွေကြီးက ကြောက်စရာမှ မဟုတ်တာ။ သတ္တ၀ါကို ဗျာဓိလိုကပ်ပြီး နှိပ်စက်ကလူပြုနေတာမှ မဟုတ်ဘဲ။ အချိန်ကျလို့ ဇီဝိန်ကိုတစ်ခါတည်း ခ၀ါချပေးလိုက်သူပါနော်။

မိတ်ဆွေကြီး မရဏကို ရင်ဆိုင်တဲ့အခါမှာ ဘ၀အသိနဲ့ ဓမ္မအသိနှစ်မျိုးလက်ကိုင်ထားပြီး ရဲဝံ့စွာ ရင်ဆိုင်သွားသူတွေ မနည်းပါ။ စလုပ်ကို တုတ်တိုနဲ့ရိုက်ခါနီး ဇက်ပေါ်ဓားမကျခင် စာတစ်ပုဒ် ပေတစ် ဖွဲ့ကို အေးအေးလေး ရေးဖွဲ့သွားနိုင်တဲ့ အာဂစာဆိုတွေ၊ တောပြိုတာတောင် ထွက်မပြေးဘဲ လှံကိုင် ပြီး တာဝန်စောင့်ကြပ်ရင်း မတ်တတ်အသေခံတဲ့ စစ်သည်တွေ၊ သင်္ဘောမြုပ်ခါနီးမှာ ဣနြေ္ဒမပျက်ဘဲ လှိုင်းလုံးတွေလာပုတ်တဲ့ ကုန်းပတ်ပေါ် တေးတကျူကျူတယောထိုးပြီး ခန္ဓာကိုယ်မျှောလိုက်တဲ့ ဂီတ ဇာနည်တွေ၊ တောကြီးမျက်မည်း အန္တရာယ်မျိုးစုံ ရာသီဆိုးဝါး အနှိပ်စက်ခံလူသားဘ၀မှာ ရထားလမ်း ဖောက်ရင်း လေလေးတချွန်ချွန်နဲ့ အသက်သွေးကို သွန်ပေးလိုက်သူတွေ၊ ကိုယ့်အသက်ကို ပဓာနမ ထား အများအတွက် စတေးခံလိုက်သူတွေကို မိတ်ဆွေကြီး ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်ခဲ့တယ်မ ဟုတ်လား။ လောကအသိ လောကခံယူချက်သာမဟုတ်၊ နက်ရှိုင်းတဲ့ဓမ္မအသိနဲ့ အသက်ကို ဖက်ရွက် လိုသဘောထားပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့တဲ့ အရိယာသူတော်စင်တွေလည်း အများကြီးပါ။ မိတ်ဆွေကြီးကို မဖြုံတဲ့သူတွေဟာ ယုံကြည်ချက်၊ ဘ၀အသိ၊ ဓမ္မအသိတွေနဲ့ (undaunted sprit) မတွန့်ဆုတ်တဲ့ စိတ်ဓာတ်ကြောင့်ပါ။ ဟုတ်တယ်နော်…။ နဂိုကတည်းက မိတ်ဆွေကြီးနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသူတွေအဖို့ ပိုလို့တောင် မဖြုံသေး။

(၂) ကြောက်ရမဲ့သူ

အဓိကပြောချင်တာက မိတ်ဆွေကြီးက ကြောက်စရာမဟုတ်ပါ။ ဒါဖြင့် ဘယ်ဟာက ကြောက်စ ရာလဲ။ တစ်ခါတုန်းက ကျွန်တော် ကတ္တရာလမ်းပေါ်လျှောက်ရင်း မြုပ်နေတဲ့ ကျောက်စရစ်ခဲလေးတွေ ကိုကြည့်ပြီး “ရှေ့မှာမြင်နေရတဲ့ ကျောက်စရစ်ခဲတွေလောက် ဘ၀တွေဖြစ်ရဦးမယ်ဆိုရင် ဘယ်လိုလဲ နေချင်သေးလား”လို့ ကိုယ့်ကိုယ်ကို မေးမိဖူးပါတယ်။ မိတ်ဆွေကြီးရေ…မဖြစ်စဖူးဖြစ်တာပြောပြမယ်။ ရှေ့မှာမြင်နေရတဲ့ ကျောက်စရစ်ခဲတွေကို တိုးမကြည့်ရဲတော့ဘူး။ ရင်ထဲမှာ တဖြည်းဖြည်းခုန်လာပြီး အသားတွေပါ တဆတ်ဆတ်တုန်လာတယ်။ ကြောက်စိတ်ပေါ်လာပြီး ကျောစိမ့်ရုံမက ရင်ထဲမှာ စူးနင့် သွားတာပဲ။ ငယ်ငယ်ရွယ်ရွယ်တုန်းက ထိုထိုဘ၀ ထိုထိုပုဂ္ဂိုလ် ဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေ အခုတော့လွင့် စင်သွားတာပဲ။ “တော်ပြီ တော်ပြီ၊ နေရရင် ကျောက်ခဲ (၇)လုံးထက်ပိုမနေချင်တော့ဘူး။ အလွန်ဆုံး (၇) ဘ၀ပေါ့”လို့ စိတ်ထဲက ကြုံးဝါးလိုက်တယ်။ တဆက်ထဲမှာပဲ ကြောက်ရမဲ့အရာကို ထင်ထင်ရှား ရှား ဘာဝနာအသိနဲ့ သိလိုက်တယ်။ မိတ်ဆွေကြီးဟာ ဇာတိရှိလို့သာ မရဏအဖြစ်ရှိတာပါ။ ဇာတိမရှိ ရင် မိတ်ဆွေကြီး မရှိတော့ဘူးလေ။ အဲဒီဇာတိရဲ့ အရင်းခံဇစ်မြစ်က အမှန်မသိမှုအ၀ိဇ္ဇာနဲ့ တပ်မက်မှု တဏှာမဟုတ်လား။ သူတို့နှစ်ခုက သွယ်တန်းပေးလိုက်တော့ မိတ်ဆွေကြီးဆီမှာ ဘူတာသွားဆိုက် တာပဲ။ ဒါ့ကြောင့် မိတ်ဆွေကြီးက တကဲ့ကြောက်ရမဲ့အရာမဟုတ်ဘဲ (By-product) ဆင့်ပွားရလာဒ် တစ်ခုပါ။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” စကားလို သတိသံဝေဂရစေပြီး မာန်မာနတွေ တောင် ကျစေနိုင်ပါ့။ ဒီ့အပြင် မရဏာနုဿတိအဖြစ် တရားကိုပေါက်မြောက်စေနိုင်မယ့် အနုဿတိ ဓမ္မစွမ်းအားကြီးတစ်ခုပါ။ (Death the Leveller) သေမင်းက အားလုံးကို အဆုံးမှာ ဘုရင်ဧကရာဇ်က အစ ဖုန်းတောင်းယာစကာအထိ ညှိပေးတိပေးလိုက်တာပါ။ တကဲ့မိတ်ဆွေကြီးပါလား။ ကြောက်စရာ မဟုတ်လို့ ဓမ္မအသိ လောကအသိနဲ့ အစဉ်သဖြင့် သေရွာကိုလှမ်းနေတဲ့ ကျွန်တော်တို့ ဝေဒနာသည် တွေ အမြဲနှလုံးသွင်းအပ်ပါတယ်။ မိတ်ဆွေကြီးကိုလည်း အရင်းခံပြီး တွန်းအား၊ မောင်းတန်၊ လောင် စာ၊ ဒလက်အဖြစ် အသုံးချပြီး လိုရာခရီးကို ချီတက်ရမှာပါနော် မိတ်ဆွေကြီး….။

မိတ်ဆွေကြီးဟာ ဒင်္ဂါးလိုပါပဲ။ ရှေ့ဘက်ကကြည့်ရင် ဇီဝခြွေတဲ့ ပါးကွက်အာဏာသား (Excutioner)၊ နောက်ကကြည့်ရင် အကျိုးဆောင်သမား (Promoter) ခံယူမှုအပေါ်ကွာတာပါပဲ။

(၃) ခတ်ကွင်းကိုပြင်

ပြောချင်တာလေးတွေပြောရပြီမို့ ၀မ်းသာအားရပါတယ်။ မိတ်ဆွေကြီးအကြောင်း၊ မိတ်ဆွေကြီး ရဲ့ဂုဏ်သိက္ခာတွေ သိခဲ့ပြီးနောက် ကျွန်တော့်ခတ်ကွင်းကို စိတ်ရှင်းရှင်းနဲ့ ရဲရဲတင်းတင်းပဲ ပြင်နိုင်၊ လုပ်နိုင်ခဲ့ပြီလေ။ ကာလကြာလာပြီး အခြေအနေကဆိုးဝါးလာ၊ အချိန်အခါက နေ့လားညလား ဖြစ်သွားနိုင်တဲ့အထိ တာစူနေတော့ ရောဂါကို နောက်ကျောမှာထား၊ ကုသစရာနည်းလမ်းအတိုင်း ဆက်ကုသနေ၊ ဘာကြီးဖြစ်ဖြစ် အဓိဋ္ဌာန်နဲ့ သစ္စာကိုတော့ ဘာနဲ့မှ အပေးအယူညှိနှိုင်းမှုမလုပ်၊ (Non- compromise) ပဲ။ ကျွန်တော့်ကိုကုသနေတဲ့ ပါမောက္ခသမားတော်ကြီးက ကျွန်တော်ကီမိုသွင်းဖို့ သွားအစစ်ခံတိုင်း “သတ်သတ်လွတ်စား ဥပုသ်စောင့်တုန်းပဲလား”မေးပါတယ်။ ကျွန်တော်ပြုံးနေလိုက် ပါတယ်။ “There are things larger than life” အသက်ထက် ဘ၀ထက် ပိုကြီးမားတဲ့အရာတွေ ရှိပါ ကောလားဗျာ။ ဒီခံယူချက် ဒီကျင့်သုံးမှုကို မဏ္ဍိုင်ပြုပြီး အလုပ်လမ်းကြောင်းကို မပျက်ချီတက်လုပ် ကိုင်လာတာ ကျွန်တော့်ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ပထမ ဘာသာသာသနာအနေနဲ့ မဟာပရိတ္တစေတီတော်ကြီး တည်ဆောက်ရေးကိစ္စမှာ ဆရာတော်များ၊ ကုသိုလ်ရှင်များ၊ ပရဟိတအ ကျိုးဆောင်များအားပေးကူညီမှုနဲ့ အခုဆို ပန္နက်ချပွဲပြီးလို့ အကျယ် ၃၆-ပေပတ်လည်အတွက် အုတ်ခုံ ပုံဖော်နေပါပြီ။ ပြီးလျှင် မုခ်ဝလေးခု၊ လိုဏ်ဂူ၊ အဲဒီအပေါ်စေတီတည်သွားဖို့ပါပဲ။ ကျွန်တော် ၀မ်းသာ ကြည်နူးရဆုံးကိစ္စပါ။ ဒီမြင်ကွင်းကို အာရုံပြုမိတိုင်း ကင်ဆာကလပ်စည်းတွေ ကျုံ့သွားသလိုခံစားရပါ တယ်။ “သေပျော်ပါပြီ”လို့တောင် ပြောမိပါတယ်။ မဟာပရိတ္တစေတီတော်အကြောင်းကို ဆောင်းပါး အမှတ် ၅-မှာ ရေးထားပါတယ်။ အလှူဒါနပြုလိုသူများရှိရင် ဆရာတော်အရှင်ဝေပုလ္လ၊ ဖုန်းနံပါတ် ၀၉- ၂၂၁၀၈၂၃ နဲ့ ကျွန်တော့်ဖုန်းနံပါတ် ၄၀၀၅၂၁-ကိုဆက်သွယ်နိုင်ပါတယ်။ ဒုတိယကိစ္စကတော့ စာပေ။ ကျွန်တော်ထုတ်ချင်တဲ့စာအုပ်တွေ ထွက်နိုင်ဖို့ ဝေဒနာကြားက အားခဲပြီးလုပ်လိုက်တာ “ပြင်ပ အိပ်မက်တစ်ခု” WHAT I SEE HOW I FEEL စာအုပ်ထွက်နိုင်ပြီး၊ ပဲခူး ၁၀-မိုင်ကုန်း ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရရဲ့ လိုရင်းတိုရှင်းဝိပဿနာကို ကျွန်တော် အင်္ဂလိပ်လို “MIND AND CONSISE VIPASSANA” အမည်နဲ့ပြန်ဆိုခဲ့တာ အခု စိစစ်ပြီးလို့ ထုတ်ဖို့လုပ်နေပါပြီ။ ကျွန်တော့်ရဲ့ ကိုယ်တိုင်ရေး ဒုတိယအင်္ဂလိပ်ကဗျာစာအုပ်ဖြစ်တဲ့ MID-NIGHT RAINBOW လည်း ထွက်ဖို့စီစဉ်နေ ပါပြီ။ တတိယကိစ္စဖြစ်တဲ့ ပရဟိတလုပ်ငန်းက ကိုယ်တိုင်စာမပြနိုင်တော့ပေမဲ့ ကွန်ပျူတာသင်တန်း အဖြစ်ပြောင်းလည်းပြီး ပြင်ဦးလွင်မြို့နယ်၊ သာစည်ရွာမှာ ဆက်တိုက်ပညာဒါနပို့ချလျက်ပါ။ ဒီတော့ မိတ်ဆွေကြီးရေ…ရောဂါလမ်းကြောင်း၊ ကုသရေးလမ်းကြောင်း၊ အလုပ်လမ်းကြောင်းတွေဟာ သူ့အရှိန်နဲ့သူ သွားနေကြတာပါ။ ဘယ်ဟာမှရပ်မနေပါဘူး။ လူကသာနုံးချည့်ခွေယိုင်လာပေမဲ့ ကျန် တာက ဒေါင်ဒေါင်ဒင်ဒင်ပါပဲ။ ဘယ်လောက်ပဲ ဒေါင်ဒေါင်ဒင်ဒင်ဖြစ်နေပေမဲ့ မိတ်ဆွေကြီးဆီကိုတော့ လာကြရမှာပါ။ မလွန်ဆန်နိုင်ပါဘူး။ ဒါပေမဲ့ အထက်ကကဗျာလေးမှာပြောထားသလို စည်းမထိုး… ကြွေမပစ်…ပဏ္ဍာမဆက်ပေမဲ့…။

(၄) ဆုံးခြင်း-ရှုံးခြင်း ခြားနားချက်

မိတ်ဆွေကြီးရေ….မိတ်ဆွေကြီးအလုပ်က အသက်ကိုဆုံးစေခြင်းပါပဲ။ အသက်ဆုံးရတာနဲ့ ဘ၀ ရဲ့ မွန်မြတ်တဲ့အယူအဆတွေးခေါ်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေဟာ ဆုံးသွားပြီလား၊ ဝေးသေး။ ရှုံးသွားပြီလား၊ ဝေးသေး။ သေခြင်းဟာ ခန္ဓာကိုယ်ကို မြေမှုန့်ဖြစ်သွားရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ ဘူး။ ဒါပေမဲ့ လူ့လုပ်ဆောင်ချက်တွေဟာ သေသည်မရှိ။ လူသာဆုံးတာ ဘ၀ရှုံးသွားတာမဟုတ်ဘူး နော်။ ဒါကြောင့် ကျွန်တော်က ဘ၀တူဝေဒနာသည်တွေကို ဝေဒနာမှာ ကိုယ်စိတ်နှစ်ပါးမြှုပ်မထားဘဲ အားခဲပြီး ကောင်းတာလေးတွေ တွေးတောပြောဆိုလုပ်ကိုင်သွားပါလို့ တိုက်တွန်းရတာပါ။ အဲဒီလို လုပ်ရင်းနဲ့ပဲ မိတ်ဆွေကြီးနဲ့ တွေ့ရမဲ့နေ့ တွေ့တာပေါ့ဗျာ၊ မဟုတ်ဘူးလား။

ကဲ…နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ ဟိုပဝေသဏီကတည်းက မသေခင်ပြင်ဆင်မှု တွေလုပ်ခဲ့တဲ့အနက် ဟောဒီကဗျာလေးလည်း အပါအ၀င်တစ်ခုပါ။ “ဒို့သေရင် ဟောဒီကဗျာလေးရယ် POPETRY MY LOVE ဆိုတဲ့ကဗျာလေးရယ် ဝေပေးပါနော်”လို့ မှာထားခဲ့ပါတယ် မိတ်ဆွေကြီး။

မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့

ပြန်လိုက်ရမဲ့အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှမလည်နဲ့

သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင်မငိုနဲ့

ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ်အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ…

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာ ကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ…။

မိုးဟိန်း

by Shwe Yee on Saturday, September 3, 2011 at 12:00am

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP