ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Sunday, August 28, 2011
ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း
ဆန်ချီစေတီ (Sanchi Pogada) ဟာ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်၊ Bhopal မြို့မှ (၄၆)ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ Bhopal မြို့ဟာ နယူးဒေလီမြို့ကနေ (၆၉၄) ကီလိုမီတ်ာဝေးတယ်။ ရထားနဲ့ တစ်ညအိပ်စီးရတယ်။
ဤအရှင်နှင့်အတူ ရဟန်းတော် (၅)ပါး အဖွဲ့ဟာ (၁၈-၈-၂၀၁၁) နေ့ ည (၉း၀၀) နာရီရထားနဲ့ ဆန်ချီစေတီ ဘုရားဖူးခရီးစဉ် စတင်ထွက်ခဲ့ပါတယ်။ ရထားက (၉)နာရီထွက်မယ့်ရထား၊ ကိုယ်နေတဲ့နေရာကနေ ရထားထွက်မယ့် H Nizamudoin (NZM) ဘူတာကြီးအထိ သွားချိန် (၁)နာရီလောက်မှန်းပြီး ဒီကနေ ည (၈)နာရီမတ်တင်းလောက်ထွက်၊ Metro (မြို့ပတ်အမြန်ရထား) နှစ်ဆင့်စီးသွားကြတယ်။ ညပိုင်းဖြစ်တော့ Metro ရထားက နေ့ပိုင်းလောက် သိပ်မြန်မြန် မမောင်းတော့ Metro ကဆင်းတဲ့အချိန်မှာ (၉)နာရီ မတ်တင်းရှိနေပြီ။ ဒီတော့ Bhopal Express အမြန်ရထားအမီဆိုပြီး Metro က အမြန်ထွက်၊ အားကြိုးမာန်တက် ပြေးကြလွှားကြရတယ်။ တစ်သက်နဲ့တစ်ကို ဒီလောက် မြန်အောင် တစ်ခါမှ မပြေးဘူးခဲ့ပါဘူး။ သင်္ကန်းတွေ လွင့်နေအောင်ပြေးကြတော့ ဘူတာက အစောင့်ရဲတွေက သူခိုးလိုက်တယ်ထင်ပြီး ဘာဖြစ်တာလဲ ဘာညာ မေးမြန်းနေသေးတယ်။ ငါတို့ ရထားမှီအောင်လို့ ပြေးနေတာဆိုတော့မှ သူတို့လဲ ရယ်မောပြီး ကျန်နေခဲ့ကြတယ်။ အဲဒီကနေ ပြေး၊ ကားလမ်းမပေါ်ရောက်၊ ဘူတာကြီးရောက်အောင် တက္ကစီတစ်ဆင့်ငှားရဦးမယ်လေ။ ဒီတော့ သုံးဘီးတက္ကစီတစ်စီး တားပြီး ငါတို့ ဘူတာကြီးသွားမယ်၊ ပြောပြောဆိုဆို တက္ကစီပေါ်တက်၊ ဈေးမေးမနေတော့ဘူး။ တောင်းသလောက်ပေးရတော့မယ်ဆိုပြီး အမြန်မောင်းခိုင်းရတယ်။ ကားပေါ်ရောက်မှ ဈေးမေးတော့ ရူပီး (၁၀၀) တောင်းတယ်။ ပေးမယ်၊ မြန်မြန်သာမောင်း လို့ပြောပြီး မြန်မြန်မောင်းဖို့ ခဏခဏပြောတော့ တက္ကစီသမားက ဒီတက္ကစီက သုံးယောက်ဆန့်တာ၊ အခု ငါးယောက်ကြီးတင်ပြီး ဒီထက်အမြန်မောင်းရင် မှောက်လိမ့်မယ်တဲ့။ သူပြောတာလဲ ဟုတ်သားပဲ။ ကိုယ်က အမြန်ရောက်ချင်နေတာကိုး။ မောင်းရင်းနဲ့ ဘူတာကြီးလဲရောက်ရော၊ (၉)နာရီ (၁၆)မိနစ်ရှိနေပြီ။ ဒါပေမယ့် မလျှော့သေးဘူး၊ ဘူတာထဲ အတင်းဝင်ပြေး၊ Bhopal ရထားထွက်မယ့် စင်္ကြံကို အမြန်ရှာပြီး အတင်းပြေးကြရတာပေါ့။ ဘုရားမတယ်ပြောရမယ်ထင်တယ်၊ (၉)နာရီရထားက Delay ဖြစ်နေပြီး မထွက်သေးဘူး။ ဒါနဲ့ ကိုယ်စီးမယ့်အတွဲ အမြန်ရှာ၊ အမြန်တက်၊ ထိုင်ခုံတွေပေါ် အသီးသီးရောက်တော့မှ မောလွန်းလို့ ဇောချွေးတွေပြန်နေကြတယ်။ ဒီတော့မှပဲ သက်ပြင်းရှည်ရှည်ချနိုင်ကြ၊ ပြုံးနိုင် ရယ်နိုင်ကြလေရဲ့။ ကံကောင်းချင်တော့ ရထားက (၉)နာရီ (၂၆)မိနစ်မှာမှ စထွက်တယ်လေ။ အော် ဆန်ချီဘုရားဖူး၊ မပြေးစဖူး ပြေးလိုက်ကြရပါလား။ မောနေတာပဲ။
ရထားကတော့ ကောင်းပါတယ်၊ အေစီအိပ်စဉ်ကဆိုတော့ စီးရတာ မပင်ပန်းဘူး။ သက်သောင့်သက်သာရှိတယ်။ ညပိုင်းဖြစ်တော့ ဘေးပတ်ဝန်းကျင် ရှုခင်းရယ်လို့လဲ ကြည့်စရာမရှိတာနဲ့ အိပ်ပြီးလိုက်ခဲ့ကြတယ်။ 3 AC အိပ်စဉ်ဆိုတော့ အိပ်စဉ်သုံးခုဆင့်ထားတယ်။ ကိုယ်က အပေါ်ဆုံးထပ်တက်အိပ်လိုက်တယ်။ တက်ရဆင်းရတာကတော့ မလွယ်လှဘူး။ လူက အရပ်ရှည်ရှည် ၀၀ဖြစ်နေတော့ အပေါ်ဆုံးအထပ်ရောက်အောင် မနဲ အားယူတက်၊ ရောက်တော့လဲ ခေါင်းထောင်ပြီးတောင် ထိုင်လို့မရဘူးလေ။ ကွေးကွေးလေး ၀င်ပြီးတော့မှ ဆန့်အိပ်လိုက်ရတာကိုး။ ဒီတော့မှ အင်း ငါနေရာယူတာ မှားလေပြီလို့ သိလိုက်ရတယ်။ တက်ရဆင်းရတဲ့ဒုက္ခက ကိုယ်တွေ့၊ မလွယ်တာအမှန်ပဲ။ ခန္ဓာရလို့ ရှိတဲ့ဒုက္ခသစ္စာအပြင် တက်ရဆင်းရ ကွေးရဆန့်ရတဲ့ဒုက္ခက တစ်ချက်ပိုလာတော့ အင်း ချော်ကျလိုက်လို့ကတော့ဖြင့် ဒီခန္ဓာကြီးနဲ့ မလွယ်လှပါလားလို့တွေးမိလိုက်သေးတယ်။ နေရာချင်းလဲရအောင်ကလဲ ကိုယ့်နေရာနဲ့ကိုယ် ယူပြီးဖြစ်နေကြတော့ အားတုံ့အားနာဖြစ်တာနဲ့ မလဲဖြစ်တော့ဘူး။ ချော်ကျကာမှ ကျရော၊ အားတင်းပြီးသာ တက်လိုက်ဆင်းလိုက်လုပ်ရတော့မှာပဲလို့ ဆုံးဖြတ်လိုက်ရတယ်။ တစ်လမ်းလုံး အိပ်လိုက်လာတာဆိုတော့လဲ သိပ်ဆင်းရတက်ရတယ် မရှိပါဘူး၊ မိုးလင်းလို့ နံနက် (၇)နာရီလောက် Bhopal မြို့ကိုရောက်ပါတယ်။ ဒါတောင် ဘေးကလူတွေက Bhopal ရောက်ပြီဆိုမှ အလန့်တကြား ထပြီး ဆင်းကြရတာ။ ဟိုဘက်ဆက်ပါသွားရင်လဲ မလွယ်လှဘူး။ အိန္ဒိယခရီးက သွားရေးလာရေး သိပ်လွယ်ကူတာမှမဟုတ်ဘဲ။ ဒီရထားက Bhopal တင် ဂိတ်ဆုံးတာမဟုတ်ဘူးလေ၊ ဟိုဘက် Mumbai အထိ ဆက်သွားမယ့်ရထားကိုး။ Bhopal က ဒေလီနဲ့ မုန်ဘိုင်း အလယ်လောက်မှာရှိတယ်။
ဘူတာကထွက်၊ အာရုံစားဖို့ ဆိုင်လိုက်ရှာရတာကလဲ မလွယ်လှဘူး။ ဘုန်းကြီးဆိုတော့လဲ အာရုံက စားနေကျ မစားရ မနေနိုင်၊ ကုလားတွေကလဲ စောစောထတဲ့အလေ့အကျင့်က ရှိတာမဟုတ်။ စောစောဖွင့်တဲ့ဆိုင်ရှာရတာကလဲ မလွယ်လှဘူး။ ဆိုင်တွေ့ပြန်တော့လဲ ဆိုင်ထဲဝင်ထိုင်၊ စားစရာမှာဖို့ မေးမြန်းနေတုန်း ဆိုင်ရှင်က ဘုန်းကြီးတွေ စောစောစီးစီး ၀င်လာတာ ကျက်သရေ ရှိတယ်ထင်ဟန်မတူဘူး၊ မျက်နှာက စူပုပ်နေတာ၊ မပြောချင်ပြောချင်နဲ့ပေါ့။ သူတို့က ဗုဒ္ဓဘာသာမှမဟုတ်ဘဲလေ။ ဒီလောက်အပေါက်ဆိုးတဲ့ဆိုင် မစားတော့ဘူးဆိုပြီး အဲဒီဆိုင်က မစားဘဲ ပြန်ထွက်လာကြတယ်။ ဘုန်းကြီးငါးပါး ကားယားကားယားဆိုပါတော့။ နောက်တစ်ဆိုင်ဝင်လိုက်တော့ အဲဒီဆိုင်က ကုလားကတော့ မဆိုးလှဘူး၊ ဖော်ရွေရှာတယ်။ နံနက်စာဘာတွေရလဲဆိုတော့ သူတို့ထုံးစံအတိုင်း Paratha (အာလူးပလာတာ) ရတယ်တဲ့။ အေး ငါတို့ ပလာတာ စားမယ်ဆိုတော့ ပလာတာလုပ်တဲ့သူက ဒယ်အိုးကြီးနဲ့ ကြော်တာလား၊ ကင်တာလားတော့မသိဘူး၊ သူတို့ထုံးစံအတိုင်းလုပ်တာပေါ့။ ကျက်တာနဲ့ ပလာတာကို ဘေးမှာရှိတဲ့ စစ်တီးပန်းကန်းဇောင်းနဲ့ လှီးပြီး လေးစိပ်စိပ်လိုက်တယ်။ စိတ်ပြီး ပန်းကန်ပြားထဲထည့်ပြီး လာချတာပေါ့။ ကပ်တာတွေ ဘာတွေဆိုတာကတော့ ဘယ်လုပ်ပါ့မလဲ။ ပန်းကန်ပြားကို လယ်သွားအောင် သူတို့ထုံးစံအတိုင်း ခပ်ကြမ်းကြမ်းလေး ပစ်ချလိုက်တာ၊ အဲဒါကို ကိုယ်တိုင်ယူစားရတယ်လေ။ စားကြည့်တော့ မဆိုးလှဘူး၊ စားနိုင်ကြတယ်၊ ဆာနေလို့လားမသိဘူး။ ဒါနဲ့ တစ်ပါးတစ်ချပ်မ၀တော့ နောက်တစ်ခါ တစ်ချပ်စီထပ်မှာရတယ်။ ဒီတော့ ဆိုင်ရှင်က မှာမယ်ဆိုရင် တစ်ခါတည်းမှာပါ၊ ခဏခဏ မီးမွှေးရ လုပ်ရတာ မလွယ်ဘူးတဲ့။ အော် ဈေးရောင်းတာ အလွယ်ကြိုက်တဲ့ ကုလားနဲ့ လာတွေ့နေသေး။
စားပြီး Bhopal မြို့မှာ တစ်ညအိပ်ရမှာဆိုတော့ ဟိုတယ်ငှားဖို့ ဟိုတယ်ဖုန်းလှမ်းဆက်ကြည့်တော့ ရတယ်တဲ့။ ဒါနဲ့ အဲဒီဟိုတယ်ကို တက္ကစီငှားပြီး သွားကြတာပေါ့။ ဟိုတယ်ကြီးက တော်တော်ကောင်းပါတယ်။ ခမ်းခမ်းနားနားပဲ။ ဒါပေမယ့် သင်္ကန်းဝတ်ဘုန်းကြီးတွေဖြစ်နေတော့ ရောက်လဲရောက်ရော၊ ဆောရီး လူပြည့်နေလို့ အခန်းလွတ်မရှိတော့ဘူးဆိုပြီး ငြင်းလွှတ်တယ်လေ။ အိန္ဒိယက ဘုန်းကြီးတွေ သူတို့ ဟိုတယ်မှာ တည်းတာကို သူတို့ အနေနဲ့ ကျက်သရေမရှိဘူးလို့ ယူဆထားဟန်တူပါတယ်။ စောစောက ဖုန်းဆက်တုန်းက ရတယ်၊ အခုဘယ်လိုဖြစ်တာလဲဆိုတော့ အခုပဲ ဧည့်သည်တွေ ပြည့်သွားတာတဲ့။ ပြောင်ပြောင်ပဲ။ မရတော့လဲ နောက်တစ်နေရာပေါ့ဆိုပြီး ထပ်ရှာရပြန်တယ်။ နောက်ဟိုတယ်တစ်ခုကတော့ လက်ခံရှာပါတယ်။ ဒါပေမယ့် ဟိုတယ်က ဟိုတယ်မည်ကာမတ္တ။ မွေ့ယာတွေ အခင်းတွေ ခေါင်းအုံးတွေက ပေပွနေတာပဲ။ ဘာမှ သန့်သန့်ပြန့်ပြန့်မရှိဘူး။ အခန်းထဲ ရောက်မှ သန့်ရှင်းရေးအလုပ်ခိုင်းရတယ်။ အခင်းတွေ ခေါင်းအုံးတွေ အသစ်လဲပေးဖို့ တောင်းဆိုတော့ စတိုခန်းသော့ကိုင်တဲ့သူက အပြင်သွားနေလို့တဲ့။ လုပ်ပုံက။ ဒါနဲ့ပဲ တစ်ညအိပ်ဖို့အရေး လက်ခံတာပဲ တော်သေးရဲ့ဆိုပြီး သည်းခံနေလိုက်ရတာပေါ့။ ဟိုတယ်ကသာ မကောင်းတာ၊ ပေးရတဲ့ဈေးက မသက်သာလှဘူး။ နှစ်ပါးအိပ်တဲ့အခန်းက ရူပီးတစ်ထောင်၊ သုံးပါးအိပ်တဲ့အခန်းက ရူပီး (၁၃၅၀) ပေးလိုက်ရတယ်။ သူတို့တောင်းတဲ့အတိုင်းပဲ လှူလိုက်တယ်ဆိုပါတော့။ ဒေလီမြို့ကြီးက တော်တော်ကောင်းကောင်း ဟိုတယ်တွေမှာတောင် ဒီလောက် ဈေးမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အိပ်ဖို့တစ်နေရာ ရတာကိုပဲ တော်လှပါပြီဆိုပြီး နေလိုက်ကြရတယ်။
တကယ်တော့ ဆန်ချီဘုရားဖူးခရီးဟာ Bhopal မှာ ညအိပ်စရာမလိုဘူး။ တစ်ရက်ထဲနဲ့ ပြီးတယ်။ အခုဟာက မစုံမစမ်းနဲ့ လက်မှတ်ဖြတ်လိုက်တာ။ (၁၈)ရက်နေ့ရထားစီး၊ (၁၉)ရက်နေ့ရောက်၊ ရောက်ရောက်ချင်း ကားငှားပြီး ဆန်ချီသွား၊ (၁၉)ရက်နေ့ညရထားနဲ့ ပြန်လာ။ ဒီလိုစီစဉ်ထားတာပေါ့။ ဖြစ်ချင်တော့ (၁၉)ရက်နေ့က သောကြာနေ့၊ သောကြာနေ့တိုင်း ဆန်ချီစေတီပိတ်တယ်ဆိုတာက လက်မှတ်ဖြတ်ပြီးမှ သိလိုက်ရတော့ လက်မှတ်က အမြန်လက်မှတ်(တာကာလို့ခေါ်တယ်)၊ ဒီလက်မှတ်က ရက်ချိန်းလို့မရသလို Refund လဲ ပြန်ထုတ်လို့မရတော့ဘူး။ ဒီလိုဖြစ်နေတော့ (၁၉)ရက်နေ့လက်မှတ် အဆုံးခံပြီး (၂၀)ရက်နေ့လက်မှတ် ထပ်ဖြတ်လိုက်ရတာကိုး။ မသွားခင်ကတည်းက အမှားတွေနဲ့ ဖြစ်နေတာလေ။ ဒီလိုနဲ့သွားကြရတော့ နှစ်ကြောင်းစီးရမယ့်ရထားကို သုံးကြောင်းဖြတ်စီးလိုက်ရတာပေါ့။ ဒါ့အပြင် Bhopal မှာ တစ်ညအိပ်ရတဲ့ဒုက္ခက သစ္စာတစ်ပါး ထပ်တိုးလာခဲ့တယ်။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
တောင်ကိုရီယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်းအမှတ်စဉ် (၄၈)
အရှင်ဘုရား...
တပည့်တော်လည်း အရင်ရက်ပိုင်းကတော့ တပည့်တော်တို့ရဲ့ သင်တန်းအစီ အစဉ်တွေက အချိန်တိုအတွင်းမှာ မဟာသိပ္ပံသင်တန်းပြီးအောင်လုပ်ရတာဆိုတော့ အစီအစဉ်တွေ အရမ်းကြပ်နေ တာနဲ့ဘုန်းဘုန်းနဲ့တောင် သိပ်မဆက်သွယ်ဖြစ် ဘူးဘုရား။ အခုရက်ပိုင်းတော့တပည့်တော်လည်း အလုပ်တွေနည်းနည်းပါးသွားလို့ဘာသာရေးအကြောင်းလေးစဉ်းစားမိရင်းနဲ့ မေးခွန်းလေးတစ်ခုပေါ်လာ လို့ပါဘုရား။တပည့်တော်တို့ ရဟန်းပြုတဲ့ အခါ သာမန် လူဝတ်ကြောင်နာမည်ကို ပါဠိနာမည်ပြောင်းကြပါ တယ်ဘုရား။ဘုရားလက်ထက်ကရော အဲဒီလို နာမည်ပြောင်းလေ့ ရှိပါသ လားဘုရား။နောက်ပြီးလော ကုတ္တရာမှာပညတ်တရားထက် ပရမတ္ထတရားကိုပိုပြီးအလေးပေးပေမယ့်လောကီနယ်မှာတော့ ပညတ်တွေ ကလည်းမရှိမဖြစ် လိုအပ်တယ်လို့ထင်ပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် အဓိက မေးချင်တဲ့ မေးခွန်း ကတော့ပညတ်တွေဘာကြောင့် လိုအပ်ရသလဲဆိုတာ ဘုရားဟောထားတာတွေရှိရင်သိချင်ပါတယ် ဘုရား။ ရိုသေစွာဖြင့် ကြံထူး
ဘုရားလက်ထက်ကရော လူဝတ်ကြောင်ဘ၀မှ ရဟန်းဘ၀သို့ပြောင်းသော် နာမည်ပြောင်း၊ မပြောင်း ဆိုသည့် အမေးကိုဖြေရရင်သိဒ္ဓတ္ထမင်းသား(ပြီးပြည့်စုံသူမင်းသား) အမည်မှ တရားသိသွားသောအခါ သိသူ ဗုဒ္ဓအဖြစ်သို့ အမည်ပြောင်းသွားသည်ကို သိနိုင်ပါသည်။ဂေါတမ ဟူသောအမည်မှာ ဘုရားရှင်၏ မျိုးနွယ် အမည်ဖြစ်ပါသည်။ သာရိပုတ္တထေရ်သည် လူ့ဘ၀က ဥပတိဿဖြစ်ပြီးမောဂ္ဂလာနထေရ်ကို လူ့ဘ၀ ကကောလိတဟုခေါ်ပါသည်။အရှင်မဟာ ကဿပမထေရ်၏ လူ့ဘ၀နာမည်သည် ပိပ္ပလိလုလင်ဖြစ်ပါ သည်။ အရှင်အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ဒေ၀ဒတ်၊ အနုရုဒ္ဓါ၊ ဥပါလိ၊ ဆန္န၊ ဘဒ္ဒိယစသည့် မထေရ်တို့မှာ လူ့ဘ၀ ကနာမည် အတိုင်းပင်ဖြစ်၍ မပြောင်းလဲပါ။ သို့အတွက် ဘုရားလက်ထက်က နာမည်ပြောင်း ရှိသလို၊ မပြောင်းသည်လည်းရှိပေသည်။ ဘုရားခေတ်က နာမည်များသည် ပါဠိနာမည်များပင်ဖြစ်၍ နာမည်ပြောင်း လဲသော်လည်း ပါဠိနာမည်မှ အခြားပါဠိနာမည်တစ်ခုသို့ပြောင်းလဲခြင်းမျိုးဖြစ်ပါသည်။မြန်မာ ဥပ မာအားဖြင့်မောင်စိုးသူကို မောင်ကျော်နိုင်ဟု ပြောင်းခြင်းမျိုး ဖြစ်ပါသည်။
မြန်မာအပါဝင် ထေရ၀ါဒနိုင်ငံအားလုံးနှင့် မဟာယာန ၀ါဒရှိသည့်နိုင်ငံများတွင် ပါဠိနာမည် ပြောင်းခြင်းကို ဓမ္မနာမည်ပြောင်းခြင်းဟုပြောဆိုကြပါသည်။ပြောင်းလဲခြင်းမှာ သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးများ၏ နာမည် သည်ပါဠိဘာသာဖြင့်မဟုတ်သဖြင့် ပါဠိဘာသာကို အမြတ်တနိုးထားသောထေရ၀ါဒနှင့် သက္ကတဘာသာကို တန်ဖိုးထားသော မဟာယာန၀ါဒယုံကြည်သူများက ထိုဘာသာနာ မည်ကို ပြောင်းယူကြခြင်း ဖြစ်ပါသည်။ ပါဠိနှင့်သက္ကတစာပေသည်ကွဲလွဲမှုမဆိုစလောက် သာရှိပါသည်။ ဤသို့ပြောင်းလဲခြင်းဖြင့် ဓမ္မကိုတန်ဖိုး ထားခြင်း၊ လူဝတ်ကြောင်ဘ၀နာမည်နှင့် ကွဲပြား သွားသဖြင့် သီးသန့်ဖြစ်သွားပြီး ရှင်းရှင်းလင်း လင်းဖြစ် သွားခြင်းစသော ကောင်းကျိုးများရစေပါသည်။ ရဟန်းဘ၀ရောက်သော် လူ့နာမည်သုံးစွဲနေသော ရဟန်း များလည်းရှိပါသည်။ သို့သော် အနည်းစု ဖြစ်ပါသည်။ ဆရာတော်ဦးရန်ကုန်၊ ဆရာတော်ဦးထွန်းတင် စသည်တို့ ဖြစ်ပါသည်။
ပညတ်သည် အလွန်အရေးကြီးပါသည်။ အများစုက လက်ခံထားကြသဖြင့် အများနှင့် ဆက်ဆံရသော လောကကြီးတွင် ပညတ်မရှိ၍ မဖြစ်ပါ။ ဥပမာ သင်္ကန်းသည် ပိတ်စမှဖြစ်ရပါသည်။ ထဘီ၊ ပုဆိုးသည်လည်း ပိတ်စမှ ဖြစ်ရပါသည်။ သင်္ကန်းဟု လူအများကခေါ်ဝေါ် ပညတ်ပြီးသော အခါတွင် တန်ဖိုးမတူတော့ပါ။ ပရမတ်အနေနှင့် ကြည့်လျှင်မူ အဋ္ဌကကလာပ်ရုပ် အစုမျှသာ ဖြစ်ပါသည်။ မိခင်နှင့် ဇနီးတို့ကိုလည်း သမ္မုတိမျက်စိနှင့်(ပညတ်မျက်စိ) ကြည့်ရပါသည်။ ပရမတ် မျက်စိ သက်သက်ဖြင့် ကြည့်ပါ ကကျေးဇူးမပေါ်လွင်ပဲ ရှိတတ်ပါသည်။ ရုပ်နာမ်နှစ်ပါးဟုသာမြင်နေပါက ခွဲခြားရမည်မှာ ခက်ခဲ သွားပေလိမ့်မည်။ သို့အတွက်ကြောင့် ပညတ် ပရမတ်ကို ကွဲပြားစွာ သိရပါမည်။ အသေ၀နာစ ဗာလာနံ၊ (လူမိုက်ကို အပေါင်းသင်းရ) ပဏ္ဍိတာနဉ္စသေ၀နာ (ပညာရှိကို မှီဝဲဆည်းကပ်ရ) ဟုဟောတော်မူရာ ပညတ်ဒေသနာသာဖြစ်ပါသည်။ ပရမတ္ထအနေဖြင့် လူဟူ၍မရှိ ရုပ်နာမ်နှစ်ပါး၊ သို့မဟုတ် ခန္ဓာငါးပါးသာ ရှိပေရာ လူမိုက်ဟုလည်း မရှိ၊ ပညာရှိဟုလည်း မဆိုဟု ပရမတ်မျက်စိတပ်ပြီးပြောဆိုပါက ဘုရားဟောဒေ သနာကို နားလည်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် မင်္ဂလသုတ် တစ်ခုလုံးသည် သမ္မုတိသစ္စာ (ပညတ်ကိုဗဟိုပြု၍) ကိုဟောတော်မူပါသည်။ သုတ္တန်ဒေသနာ အကုန်လုံး၊ ၀ိနည်းဒေသနာ တစ်လုံး ပညတ်ကို အခြေပြု၍ဟောတော်မူပါသည်။ အဘိဓမ္မာဒေသနာတော်သည်သာလျှင် ပရမတ်ကို ဗဟိုပြု ပြီးဟောတော်မူပါသည်။ ပညတ်ကို ဥာဏ်ဖြင့်ခွဲခြမ်း စိတ်ဖြာသော် အဆင့်ဆင်ပြောင်းနေသည် ကိုတွေ့ ရပေမည်။လောကလူသားတွေ စည်းကမ်းတကျနေတတ်ရန်၊ ညီညီညွတ်ညွတ်နေ တတ်ရန်၊ ကြီးပွါး တိုးတက်ရန် ပညတ်သည် အရေးကြီးပါသည်။ သုတ္တန်၊ ၀ိနည်းဒေသနာတော်များ၏ အကျိုးများသည် ပညတ်မှ ရလာသည့် ရလာဘ်များဖြစ်ပါသည်။
ပရမတ္ထသစ္စာသည် သံသရာလွတ်လမ်း သက်သက်သာဖြစ်ပါသည်။ ပညတ်ကိုကျော်နိုင်မှ ပရမတ် ကိုမြင်မည်ဖြစ်ပါသည်။ ထူးခြားသောဥာဏ် မရှိပါပဲ ပရမတ် မျက်လုံး မရှိနိုင်ပါ။ ပရမတ်သည်လောကုတ္တ ရာ အကျိုးစီးပွါးအတွက် ဖြစ်ပါသည်။ ပညတ်သည် လောကီ အကျိုးစီးပွါး အတွက် ဖြစ်ပါသည်။
ဘဝနီတိ (၁)
သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။
ကျေးဇူးမဲ့သူ
အသင်က ကျေးဇူးပြုထားသူ တစ်ဦးသည် အသင်၏ ကျေးဇူးမဲ့ကို ပြုငြားအံ့။ အဘယ်သို့ သဘောထားမည်နည်း။ ကျေးဇူးမဲ့သူမှာ သူ့အပြစ် သူခံလိမ့်မည်ဖြစ်၍ စိတ်မကွက်ဘဲ ဥပေက္ခာပြုခြင်းသည် သူတော်ကောင်းစိတ်ဖြစ်သည်ကို သတိပြုပါ။
အရှက်နှင့်အကြောက်
မကောင်းမှုကို မကောင်းမှုမှန်း သိသဖြင့် ရှက်ကြောက်ရှောင်ကြဉ်ခြင်းထက် လူသိမည်ကို ရှက်သဖြင့် ရှောင်ကြဉ်ခြင်းသာ များ၏။ လောက၌ လူမသိအောင် ပြုလုပ်နိုင်သော မကောင်းမှုတို့သည် မကောင်းမှုသာ ဖြစ်သည်ဟု မျက်ကွယ်မျက်မှောက် ရှောင်ကြဉ်နိုင်မှသာလျှင် အထွတ်အထိပ် မြင့်မြတ်သော ရှက်ကြောက်ခြင်း (ဟိရိသြတ္တပ္ပ) ဖြစ်သည်ကို သိရာ၏။
အကျင့်သိက္ခာ
လိမ်လည်ကောက်ကျစ်ခြင်း၊ ခိုးခြင်း၊ လာဘ်စားခြင်း၊ ချောက်တွန်းခြင်း၊ သောက်စားခြင်း၊ သူ့သားမယားကို ပြစ်မှားကျူးလွန်ခြင်း စသော အမှုဆိုး၊ ဒုစရိုက်တို့ကို အားလုံးဖြစ်စေ၊ အနည်းဆုံး တစ်ပါးမျှဖြစ်စေ ဤတစ်သက်တွင် အသက်သေစေကာမူ မဖောက်ပြန်၊ မကျူးလွန်ပါဟု အဓိဋ္ဌာန်ပြုနိုင်က သင်၏အကျင့်သိက္ခာ၊ အနိမ့်အမြင့် အဆင့်အတန်းမှန်ကို ဧကန်သိနိုင်မည့်အပြင် အကျိုးထူးတရားကိုလည်း ဒိဋ္ဌခံစားရမည်ဖြစ်၏။
အဆင်းတွန်းမချသင့်
ဒုက္ခရောက်နေသူကိုတွေ့လျှင် ကူညီနိုင်က ကူညီပါ။ မကူညီနိုင်လျှင် လျစ်လျူရှုပါ။ ရေနစ်နေသည့်သူကို ဝါးကူ၍နှစ်သလို တိုး၍ဒုက္ခရောက်အောင် မလုပ်ပါနှင့်။
အမှန်မပြောလို
လူတို့သည် သူတစ်ပါးတို့ မှန်ကန်စွာ ပြောဆိုခြင်းကို စင်စစ် နှစ်သက်ကြ၏။ သို့သော် မိမိတို့ကိုယ်တိုင်မူ အခါခပ်သိမ်း မှန်ကန်စွာ ပြောဆိုခြင်းကို မပြုတတ်ကြကုန်။
မတိုင်ပင်ကောင်း
အကြင်သူသည် မိန်းမလိုက်စား၊ လောင်းကစားနှင့် သောက်စားမူးယဇ် အပျော်ကြူးလေ့ရှိအံ့။ ထိုသူအား ရေးကြီးခွင်ကျယ် တိုင်ပင်ဖွယ်တို့ကို မတိုင်ပင် မဆွေးနွေး မပြောကြားရာ။
(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 2:12 PM
စုစည်းထားမှု = အားဖြည့်ဓမ္မစကားများ
Read more...သြဂုတ်လ ၂၈ ရက်နေ့တရားအစီအစဉ်များ။
၂၀၁၁ ခု သြဂုတ်လ ၂၈ ရက် ( ၁၃၇၃ ခု ၀ါခေါင်လဆုတ် ၁၄ ရက် ) တနင်္ဂနွေနေ့
မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ ...
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ဟောကြားတော်မူသော...
၁။ ကံကောင်းအောင်းကြိုးစားနည်း
၂။ အဏာထပိတ်ကျတဲ့မျက်ရည်
၃။ ဗုဒ္ဓအလိုကျ ဒါနပြုနည်း
၎။ မိတ်ဆွေ နှင့် ရန်သူ
၅။ မိခင်နှင့် တူသောအရာ
၆။ လူဖြစ်ရခြင်း၏ရည်ရွယ်ချက်
၇။ ဆင်းရဲသားတို့ ၏ထွက်ပေါက်
၈။ မေတ္တာသုတ်
၉။ မေတ္တာအစွမ်း အံ့ မခမ်း (၁)
၁၀။ မေတ္တာအစွမ်း အံ့မခမ်း (၂)
တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
Jesus loves you anyway - နင် ဘာဖြစ်နေနေ ချစ်တယ်
အာရှရဲ့ အမြင့်ဆုံးဗုဒ္ဓဘာသာဗိသုကာအဆောက်အဦ ပါကစ္စတန်မှာ ပြန်တွေ့ပြီ

ဒီဗိသုကာအဆောက်အဦကြီးကို ကုသျှဧကရာဇ် ကနိရှကဘုရင်မင်းမြတ်လက်ထက် အေဒီတစ်ရာစုမှာ တည်ဆောက်ခဲ့ပါသတဲ့။ တရုတ်ရဟန်းတော် ဟူယင်ဆန်ဟာ အေဒီ(၆၂၉-၆၄၅)ခရီးစဉ်အတွင်း ၀င်ရောက်လည်ပတ်ခဲ့ပြီး အာရှရဲ့ အမြင့်ဆုံးဗိသုကာလက်ရာအဆောက်အဦကြီးလို့ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် (၁၃)ထပ်ရှိတဲ့ အဆောက်အဦတစ်ခုနဲ့ ညီမျှတဲ့ အဆောက်အဦကြီးဟာ နာမည်ကျော် ပက်ရှဝါမြို့တော်အနီးမှာ ခန့်ငြားစွာ တည်ရှိခဲ့တာပါ။
၁၉၀၈ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် ဒီ ဘရိန်နာ့ဒ် စပွန်းနာက ဒီနေရာကို တူးဖော်တဲ့အခါ ထူပါရုံစေတီတစ်ဆူနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့ပါတယ်။ နောက်တစ်နှစ်ကြာတဲ့အခါမှာတော့ ဗုဒ္ဓအရှင်ရဲ့ အရိုးတော်အစိတ်အပိုင်းနဲ့ ဓါတ်တော်ပြာကို ဌာပနာထားတဲ့ ရွှေဓါတ်တော်ကြုပ်ကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ဓါတ်တော်ကြုပ်မှာ ကနိသျှကဧကရာဇ်ရဲ့ ဘွဲ့အမည်နဲ့ ပုံတော်ကို ထွင်းထုထားပါတယ်။
ဗုဒ္ဓအရှင်ရဲ့ ဓါတ်တော်ကိုတော့ မြန်မာနိုင်ငံကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ဓါတ်တော်ကြုပ်ကိုတော့ ပက်ရှဝါပြတိုက်မှာ ပြသထားပါသတဲ့..။
ဒီသတင်းကို ဖတ်မိမှပဲ ပက်ရှဝါဓါတ်တော်အကြောင်းသိရပါတော့တယ်..။ မန္တလေး သာသနာ့တက္ကသိုလ် နေ့ရက်များဆီက မန္တလေးတောင်တော်ကို တက်ရောက်တဲ့အခါတိုင်း ရပ်တော်မူကိုယ်တော်ကြီးကို ဖူးပြီး ရှေ့ဆက်သွားတဲ့ အခါ နိမိတ်ကြီးလေးပါးပြခန်းအနီးမှာ ပက်ရှဝါဓါတော်လို့ ရေးထားတဲ့ အခန်းတစ်ခု ရှိပါတယ်..။ အမည်ပဲ တွေ့ရပြီး ဓါတ်တော်ကိုတော့ မဖူးဘူးပါ..။
တည်ဆောက်၊ ဆောက်တည်
စတားသို့တဂ်ခြင်း (Blog Day 2011)
စာမိတ်ဆက်
ဘလော့ဂါနေ့ ဆိုပြီး ဘလော့တဂ်တွေနဲ့ ဝေေ၀ဆာဆာ တန်ဆာဆင် ရေးထားတာ တွေ့တော့ အားကျမိတယ်၊ ဘလော့ဂါဒေးဆိုတာလဲ ဘာမှန်းမသိသလို တဂ်တယ်ဆိုတာလဲ ဘာမှန်းမသိတာ အမှန်ပဲ၊ အ,တယ်လို့ပြောရင်လဲ ခံရမှာပဲ၊ သမီးစံက ဘုန်းဘုန်း ဘလော့ဂါဒေးမှ တဂ် ပို့စ်ရေးပါ၊ အတင်းရေးခိုင်းနေတော့၊ စာရေးသူလဲ ဘာဆိုဘာမှ မသိ ပေမယ့် အန်တီတင့်နှင့် သမီးစံတို့ တဂ်ထားတဲ့ ဘလော့ဂါနေ့ပို့စ်ကိုဖတ်ပြီးရေးချင်စိတ်ပေါက်လာတယ်။ သမီးစံကရေးဖို့တိုက်တွန်းပါတယ်၊ စာရေးသူကမရေးတတ်ဘူးပြောတော့၊ ဘုန်းဘုန်းကလဲ ရထားတဲ့ဘွဲ့တွေကိုမှ အားမနာတဲ့၊ သူကလဲ ရေစေချင်တဲ့ဇော စေတနာတွေနဲ့ ပြောလိုက်ပေမယ့်ကိုယ်ကတော့ heart ထိသွားပါတယ်။ ဒါ့ကြောင့် သူများတွေက ဖြတ်ထိုးဥာဏ်ကောင်းတော့ စာတစ်ပုဒ် ရေးဖို့ အဆင်ပြေပေမဲ့ စာရေးသူမှာ တုံးတုံးအအ ဆိုတော့ ဘုမသိ ဘမသိနဲ့ စမ်းတ၀ါးဝါးနဲ့ပဲ တဂ်ပို့စ်တစ်ခု ရေးဖို့ ပြင်ဆင်လိုက်ပါတယ်။
သီတဂူစတားဖွားမြင်ခြင်း
ဘလော့ဂါဒေး၂၀၁၁သည် သီတဂူစတား ၏ ၂ နှစ်ပြည့်မွေးနေ့ဖြစ်သည်၊ စာရေးသူ ပူနေးတက္ကသိုလ် ဒဿနိကဗေဒဌာနမှာ အမ်အေ M.A တန်း ပထမနှစ်အပြီး (၂၀၀၉ ခုနှစ်) မေတ္တာပန်းတို့လန်းရာမြေ ရဲ့ ကျေးဇူးနဲ့ ဘလော့ဂ်တစ်ခု စပြီးဖြစ်လာတာပါ။ ဘလော့ဂ်တစ်ခုတော့ ဖြစ်သွားပြီး ဟိုကဒီက ရထားတဲ့စာတိုပေစလေးတွေ၊ မေးလ်ထဲ ရောက်လာတဲ့ စာလေးတွေနဲ့ သီတဂူစတား ဘလော့ဂ်ကို အသက်သွင်းခဲ့တာပါ။ စာရေးသူလဲ စာက ကောင်းကောင်းမရေးတတ်၊ ရေးလေ့ရေးထ မရှိခဲ့လေတော့ မျောက် အုံးသီးရသလို ဘာမှ မလုပ်တတ်ဖြစ်နေတယ်၊ အဲဒီအချိန်မှာပဲ သီဟိုဠ်မှာ အမ်အေတန်းတက်နေတဲ့ သူငယ်ချင်း အရှင်ဒေ၀ိန္ဒာဘိဝံသ (ဓမ္မကထိက) က ပြောတယ်၊ ‘‘ ဆရာကော--ဘလော့ဂ်တွေဘာတွေနဲ့ပါလား၊ စာတွေရေးတင်ပါ၊ သီတဂူဆရာတော်ကြီးရဲ့ တရားတွေ၊ ဆောင်းပါးတွေ ရှိတယ်၊ အဲဒါတွေ တင်ပါ၊ တပည့်တော်လဲ ရေးပြီး ပို့ပေးပါမည့်ဆိုပြီး’’ အားပေးရှာတယ်၊ မှန်ပါသည် သူ၏ ပြောင်မြာက်လှသည့် စာရေးဟန်ဖြင့် ဆန်းဒေးစကူးလ် ဆောင်းပါးက အတော်လေးပေါက်သွားတယ်၊ စာရေးသူလဲ သူ၏ စာရေးဟန်ကို သဘောကျခဲ့သည်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးး ရိုးရိုးနဲ့ ရှင်းလင်းသည့် စာရေးဟန်၊ ဆရာကြီး မင်းယုဝေ၏ ကျစ်လစ်သေသပ်သည့် စားရေးဟန်တို့ကို သဘောကျခဲ့သည်။ စိတ်ကူးပေါက်ရာ စာတိုပေစများ၊ ခရီးသွားမှတ်တမ်းများ၊ မှတ်စုအတိုထွာလေးတွေ ရေးရင်းနဲ့ စာရေးတဲ့ အလေ့ကျင့် စဖြစ်လာခဲ့သည်။
ထိုကဲ့သို့သော အကြောင်းအထာက်ပံ့ဖြင့် သီတဂူစတား ဆိုတဲ့ ဘလော့ဂ်တစ်ခု အွန်လိုင်းစာမျက်နှာပေါ် ရောက်လာခဲ့သည်၊ ဘလော့ဂ်နှင့်ပတ်သက်ပြီး နားမလည်ခဲ့၊ ဘလော့ဂ်ပညာတွေကို တစ်စတစ်စနဲ့ နားလည်လာအောင် သင်ပြ ပြောပြပေးတဲ့ ညခင်းရဲ့လမင်း၊ မေမေ့လပြည့်ဝန်းလေး၊ ပြည်မြန်မာတစ်ခွင်ရှိ စာဖတ်ပရိသတ် ကြည့်ခွင့်ရအောင် ဒိုမိန်းလှူပေးတဲ့ အမေရိကမှ ဦးကိုကို (၂ နှစ်စာလှူခဲ့)၊ ယခုနောက်ပိုင်း ထာဝရအလှူရှင်ဖြစ်တဲ့ အမေရိကမှ ကိုခွန်သီရိနှင့် အွန်လိုင်းစာဖတ်ပရိသတ်တို့၏ တခဲနက်အားပေးမှုကြောင့်ပဲ ဘလော့ဂ်သက်တမ်း ၇ လကျော်လောက်မှာ ဘာသာရေးစာပေနှင့်ဆိုင်သော ဘလော့ဂ်အကယ်ဒမီဆုကို ရရှိခဲ့သည်။
ဘလော့ဂါတစ်ယောက်ရဲ့ သဘောထား
ဘလော့ဂါတွေရဲ့ ရင်ထဲမှာ တူညီတဲ့ဆန္ဒတစ်ခုရှိတယ်၊ အဲဒါကတော့ ကိုယ့်မှာ ရရှိနေတဲ့ အသိပညာတွေကို တစ်ပါးသူများ၏ ရင်ဘက်ထဲသို့ ထိထိရောက်ရောက် ရောက်သွားစေလိုတဲ့ဆန္ဒပဲဖြစ်သည်။ ပန်းကမ္ဘာ၊ ၀ိမုတ္တိရသ၊ အဖြူရောင်မေတ္တာ၊ မင်းလှသားလေး စတဲ့ ဘာသာရေးဆိုင်ရာပဲဖြစ်ဖြစ်၊ ကိုသံလုံးငယ်၊ ညီနေမင်း၊ မနောဖြူ၊ ကိုဇော် စတဲ့နည်းပညာရှင်တွေရဲ့ နည်းပညာတွေပဲဖြစ်ဖြစ်၊ အမှတ်တရလေးများကဲ့သို့သော လူမှုရေးဆိုင်ရာ ပရဟိတတွေပဲ ဖြစ်ဖြစ်၊ ဧရာဝတီစာကြည့်တိုက်ကဲ့သို့ အထွေထွေ ဗဟုသုတတွေပဲဖြစ်ဖြစ် အားလုံးက ကိုယ်သန်ရာ သန်ရာ စာဖတ်ပရိသတ်ကို အသိတစ်မျိုးစီ ပေးနေကြသည်။ ဒါတွေဟာ သူတို့အားလုံးရဲ့ ရင်ထဲက တူညီတဲ့ဆန္ဒတစ်ခုဖြစ်သည်။
သို့သော်လည်း အခန့်မသင့်ရင် စီဘောက်ကနေ အော်ခံရမည်၊ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမည်၊ နောက်ဆုံး အဆဲအဆိုပါခံရမည်။ တချို့က ဘလော့ဂ်တစ်ခုလုံးကို စောင့်ပြီး ဖတ်နေတာမဟုတ်ဘဲ စာမျက်နှာပေါ် ပေါ်နေတဲ့ ပို့စ်တစ်ခုတည်းကိုသာ ဖတ်ပြီး ဒီဆိုက်က ဘာဆိုက် ညာဆိုက်ဆိုပြီး ပြောသွားသေးသည်၊ တချို့လဲ မဆီမဆိုင် ထိုင်နေတဲ့ ဓာတ်ပုံတွေကို ဝေဖန်လိုက်သေးသည်၊ ပိုဆိုးသည်ကား ဘလော့ထဲမှာ ဝေေ၀ဆာဆာ လှလှပနဲ့ ကိုယ်နေတဲ့ နေရာ၊ ကိုယ်မြတ်နိုးတဲ့ အဆောက်အဦးလေးတွေနဲ့ တံဆာဆင်ထားတာကိုပဲ ကြွားလုံးထုတ်သည်ဟု ဝေဖန်သွားတာမျိုးတွေရှိသလို ၉၅ ရာခိုင်းနုန်းကတော့ အကောင်းမြင်နဲ့ လာရောက်လည်ပတ် စာဖတ်၊ ကွန်မန့်လေးတွေပေးသွားကြတယ်၊ ဘလော့ဂါတွေဟာ ဘယ်လောက်ဘဲ အပြစ်တင်ဝေခံရပေမဲ့ ၉၅ ရာခိုင်နုံးသော သူတွေရဲ့ ရင်ထဲက ပီတိစကားလေးနဲ့ပဲ အသက်ရှင်နေကြရတာ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်က ဘလော့ဂါဆုရပြီး ၂ လအကြာလောက်မှာ ထင်သည်၊ ဘလော့ဂ်ထဲက ဓာတ်ပုံတွေနဲ့ ပဲ စီဘောက်မှာ အပြန်အလှန် အငြင်းပွားနေကြသည်၊ စာရေးသူ၏စာဖတ် ပရိသတ်က တစ်ဖက်နှင့် ဝေဖန်သူကလဲ တစ်ယောက်တည်းနဲ့ နာမည်အမျိုးမျိုးသုံးပြီး အပြန်အလှန်တိုက်နေကြတာ ဖြစ်ဖူးသည်၊ အဖြူရောင်မေတ္တာတို့ ပန်းကမ္ဘာတို့က အားပေးရှာသည်၊ ပန်းကမ္ဘာကပြောပါသည် ဦးကောရေ အမြင့်ကိုရောက်လာရင် လေအတိုက်ခံရမည် ဆိုတဲ့စကားတစ်ခွန်းနဲ့ပဲ စာရေးသူ၏ပုထုဇဉ်စိတ်တွေ ငြိမ်ချမ်းသွားသည်။ ဘာပဲ ပြောပြော ဘလော့ဂါတွေဆိုတာ ပြင်းထန်တဲ့ဝေဖန်ချက်တွေကို အားပေးတဲ့သူတွေရဲ့ ပီတိစကားလေးတွေနဲ့ ဖုံးလွှမ်းပစ်လိုက်ရပါတယ်။ အဲဒီလို အားပေးဖို့ အလည်ရောက်လာကြတဲ့ စာဖတ်ပရိသတ်၊ ဘလော့ဂါ ညီအစ်ကို မောင်နှမများကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
အမ်အေတန်းပြီးလို့ Ph.D အတွက် စာတမ်းရေးဖို့အတွက် ပြည်မြန်မာကိုပြန်ပြီး RV (Research Visa) ပြန်လုပ်ရတယ်၊ မြန်မာပြည်မှာ ၇ လလောက်နေခိုက် အလွန့်အလွန်နေကွေးသော internet connection နှင့် ဘလော့ဂ်တွေကို ပိတ်ဆို့ထားတာကြောင့် admin ၀င်ဖို့ အခက်အခဲနှင့်ကြုံရသည်၊ ပြည်မြန်မာ နေခိုက် စာရေးသူ ရေးသမျှပို့စ်နှင့် သတင်းများကို တင်ပေးဖို့ရန် ရုရှားပညာတော်သင် တော်သားလေး အား အကူအညီတောင်းရသည်။ သူလဲပဲ စာရေးသူစိတ်ကြိုက်ဖြစ်အောင် စာရေးသူပို့လိုက်သမျှ ပို့စ်များကို စိတ်ရှည်လက်ရှည် တင်ပေးသည်၊ ထိုအတွက် တောသားလေးအား အထူးကျေးဇူးတင်ပါသည်။
ယခုအချိန်ထိ ၂နှစ်ပြည့်ပြီးအချိန်ပေါ့ စာရေးသူဆိုက်ထဲမှာ ဘာသာရေးစာပေ ဆောင်းပါး၊ အမေး+အဖြေ၊ လူမှူရေး၊ ပေးစာများအပြင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဆက်စပ်သော သတင်းထူးများနှင့် သီတဂူသာသနာပြုအဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာ သာသနာရေးကိစ္စနှင့်စပ်သော ပို့စ်ပေါင်း ၃၅၃ ပုဒ်ရှိသွားပြီ ဖြစ်ပါသည်။
စာဖတ်ပရိသတ်များနှင့် ဘလော့ဂါညီအစ်ကိုမောင်နှမများ ဒီနေ့မှသည်နှစ်များစွာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေကြောင်း ဘလော့ဂါဒေး ၂၀၁၁ နေ့အတွက် ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၈၂၀၁၁
“ချစ်သူကို တရားဟောပါ”
ချစ်သူကို တရားဟောပါ
ရဝေနွယ်(အင်းမ)
မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။ တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”
သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန်ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေ တွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”လို့ ထပ်ဆင့်မေးကြည့် ပါတယ်။
သောတာပန် ဒကာကလည်း “ ကာမဂုဏ်ရဲ့ အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန် ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့် အကျိုးရလဒ် တွေကိုပါ ပြောပြပါတယ်။
သောတာပန် ဒကာရဲ့စကားကြးရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး “သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းမသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား”လို့ မေးလိုက်ပါတယ်။ သောတာပန် ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။ နောက် သောတာပန် ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေး ပါတယ်။ ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံ ငါးပါးသီလ ထက်မြင့်တဲ့ တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော် စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီ ရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
“ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက် အဲဒီလို နှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
ကေသကာရီလည်း သောတာပန် ဒကာဟောပြ ပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများ အားထုတ် လိုက်တာ မကြာမီ ကာလမှာပဲ သောတာပန် တည်သွားပါတယ်။လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။
(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)
တရားဟောတယ်လို့ ပြောလိုက်ရင် ရဟန်းကလူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါ တယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီ ဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။
တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသ လောက်လေး ပြောပြပေးလိုက် ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါပဲ။
တရားဟောပြီးတဲ့အခါ “ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နာကြားပြီး တရားအသိလေး တွေရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထား ရမှာပါ။ ဒါဆိုကိုယ်ဟောတဲ့ တရားကို ပိုပြီး တန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်”ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီး ကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ကိုယ်သိသလောက် ဟောပြပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ်အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေ အကြောင်း စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီသံယောဇဉ် အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိ သလောက် ကိုယ်လေ့လာ ထားသလောက် တရားစကားလေး တွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်း တွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံ အကြောင်း လေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။
မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို “ဘာလိုချင်သလဲ”လို့ မေးလာရင် “သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက် တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါ။
သုံးရက်ဆိုတော့ တရားစခန်း ဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာ ညနေရုံးကအပြန် တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား၊ ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။
ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘော လေးတွေ ပြန်ပြောပြပေပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများ အားထုတ်ခဲ့ရတဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ် ဆိုရင်လည်း ချစ်သူရဲ့ သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေတော့မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့် နေတော့မှာပါ။
ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့ တဲ့အခါ ကိုယ်လည်း တရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက “ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။ နောက်- “ညှဉ်းဆဲသူ ကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ် ဆိုရင် ကိုယ်ပဲ ဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်က မခံရပေမယ့် ကိုယ့်ချစ်သူကို ကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ ကိုယ်လည်းတရားရှိဘို့ လိုသလို သူလည်းတရားရှိဘို့ လိုပြန်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဘို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟော ပေးရမှာပါ။ တော်ကြာနောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကို တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံ လေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။
ဒီနေရာမှာ အမျှဝေတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာ ရယ်၊ ၃။ သမထဝိပဿနာ ပွါးများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာ ထပ်မံရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ ၊လူတစ်ထောင် တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။
၂။ သီလ ဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ ပါဘူး။ ဒါနကုသိုလ် ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲရကြပါတယ်။
၃။ သမထဝိပဿနာ ပွါးမျာပြီး အမျှဝေရင် သမထဝိပဿနာ ကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့ သူတွေလည်း သမထဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။
အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု (၁၀) ပါးကို အာရုံ ပြုကြည့် လိုက်ပါ။
ပုညကြိယာ ဝတ္ထု(၁၀)ပါး
၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလ ဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီး သူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ် ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကို ဖြောင့်မတ်စွာပြုမှု။
ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထား လိုက်ရ အောင်ပါ။
ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု (၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။ ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်း ထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။ အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။ နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။ ဒီခွဲပြပုံလေးကို အာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။ အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။ တရားနာတာ ၊တရားဟောတာ ကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
ဒါကိုထောကပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့ တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။ လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက် တာပါပဲ။
အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
မြတ်စွာဘုရား လက်ထက်တော်က ဝဍ္ဎမာတာထေရီ ဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဍ္ဎပါ။ ဝဍ္ဎဆိုတာ တိုးပွါးခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး “ဝဍ္ဎမာတာ=တိုးပွါးအမေ”လို့ခေါ်ကြတာပါ။
ယောင်္ကျားဆုံးပြီး ကာလတစ်ခု ကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမ ဝတ်တော့လည်း ဝဍ္ဎမာတာ ထေရီရယ်လို့ ခေါ်ဝေါ် ထင်ရှား သွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား “မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ် ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင် တတ်မြောက် သွားပါတယ်။ သားရဟန်းက တရားဟောပြန် တော့လည်း နာမည်ကျော် ဓမ္မကထိက တစ်ပါးဖြစ်သွား ပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိက ဖြစ်လာတော့ ကြည်ညိုသူတွေ ပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရား ဟောတာနဲ့ပဲ အချိန်ကုန် နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ် သက်ပါဘူး။
တစ်နေ့မှာတော့ ဓမ္မကထိက သားရဟန်းဟာ မိခင် ဘိက္ခုနီမ ကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး “အို.. သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမ ကျောင်းကိုလာရတာလဲ သင့်အမူအယာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွ နေသေးတယ်၊
ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာ အလုပ်ကို သာလုပ်ပါ။ ကိုယ်ဟန် ကြော့ကြော့မော့မော့နဲ့ အမူအယာ ကိုပြင်ပါ” လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။
သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး “မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလို အမူအယာတွေနဲ့ မနေတော့ပါဘူး”လို့ ဝန်ခံကတိ ပေးလိုက်ပါတယ်။
သားရဟန်း သတိဝင်သွားတော့ မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံ ဟောပြ ပေးပြန်ပါတယ်။
သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာ ဘာဝနာ ပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီကာလမှာပဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ် ကိုယ်စီရပြီး ပရိနိဗ္ဗာန် စံသွားကြပါတယ်။
ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံး တော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
ဒီဝတ္ထုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့ နေရာမှာလည်း ရိုးရိုးဣနြေ္ဒ ရရထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီး ခပ်တင်းတင်း လေးဟော လိုက်တာပါ။
ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
ဒီလိုပါပဲ။ ရဟန်းအချင်းချင်း လည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကို ဟောရမှာပါပဲ။ စာတွေအခြေခံရှပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်း အချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။
လိုရင်းကတော့ တရားဟောပြီးတိုင်း “ဘုရားတပည့်တော် တရားဟောပြောရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရား အသိလေးတွေ ရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျှော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့ တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြော မှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံ ပြုထားရမှာပါ။
ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့ သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေး တွေကို သိသလောက် ဟောလိုက်ဖို့ပါပဲ။
ဘဝမှာ ဘယ်သူကိုပဲ ချစ်ချစ်၊ ချစ်တဲ့သူကို တရားဟော လိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံးကုသိုလ်တွေ ဖြစ်သွားတာပါပဲလေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ ဝိမာနဝတ္ထုတော်ကြီး ။ မြို့မိဆရာတော်
၂။ အခြေပြုသဂြိုဟ်။ အရှင်ဇနကာဘိဝံသ
၃။ သိကောင်းစရာ ဓမ္မပဒေသာ (တတိယတွဲ)
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၎။ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ
Read more...နည်းနည်းသောက်ရင်၊ များများသောက်ရင်
ညာ
ဘဝနီတိ (၁)
သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။
ကျေးဇူးမဲ့သူ
အသင်က ကျေးဇူးပြုထားသူ တစ်ဦးသည် အသင်၏ ကျေးဇူးမဲ့ကို ပြုငြားအံ့။ အဘယ်သို့ သဘောထားမည်နည်း။ ကျေးဇူးမဲ့သူမှာ သူ့အပြစ် သူခံလိမ့်မည်ဖြစ်၍ စိတ်မကွက်ဘဲ ဥပေက္ခာပြုခြင်းသည် သူတော်ကောင်းစိတ်ဖြစ်သည်ကို သတိပြုပါ။
အရှက်နှင့်အကြောက်
မကောင်းမှုကို မကောင်းမှုမှန်း သိသဖြင့် ရှက်ကြောက်ရှောင်ကြဉ်ခြင်းထက် လူသိမည်ကို ရှက်သဖြင့် ရှောင်ကြဉ်ခြင်းသာ များ၏။ လောက၌ လူမသိအောင် ပြုလုပ်နိုင်သော မကောင်းမှုတို့သည် မကောင်းမှုသာ ဖြစ်သည်ဟု မျက်ကွယ်မျက်မှောက် ရှောင်ကြဉ်နိုင်မှသာလျှင် အထွတ်အထိပ် မြင့်မြတ်သော ရှက်ကြောက်ခြင်း (ဟိရိသြတ္တပ္ပ) ဖြစ်သည်ကို သိရာ၏။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 2:12 PM 0 မှတ်ချက်များ (...ရေးရန်)
စုစည်းထားမှု = အားဖြည့်ဓမ္မစကားများ
Read more...“ဧရာဝတီကိုယ်စား”
ကံထွန်းသစ်
“ကမ္ဘာကြီးဟာ နေရာတိုင်းမှာ နာကျင်နေပြီမို့ ဝိုင်းဝန်းဆုတောင်းပွဲ ကျင်းပနေကြတာလေ၊ မင်းတို့ဗုဒ္ဓဘာသာတွေ ဒါကို ပိုသိပါတယ်“ဟုဆိုကာ လက်ကိုကမ်းပေးရင်း လက်ဆွဲ နှုတ်ဆက် လာသူက အမေရိကန်ကြီးတစ်ယောက်၊
မိမိကလည်း လှိုက်လှဲစွာ တုန့်ပြန်သည့်အနေဖြင့် သူ့လက်ကို ဆုပ်ကိုင်ကာ လှုပ်ရမ်းလိုက်မိသည်၊ ဓမ္မဘေရီဆရာတော်ရောက်ခိုက် မယ်ဝေါကီးမြို့တခွင် လှည့်လည်ပြသစဉ် မစ်ချီဂန်ကန်ကြီးရဲ့ ကမ်းခြေတနေရာအရောက် ဆည်းဆာပွဲလေးတွင် ဆုံဆည်းလိုက်ရခြင်းပင်၊ အမေရိကန်ကြီး ထွက်ခွါသွား သည်နှင့် ကိုယ့်မှာတွေးဖွယ်တွေ တထွေးကြီးကျန် ခဲ့ရသည်၊
ဒီနှစ်နွေရာသီ ပိုပူပြင်းသည့်အကြောင်း အိုဇုန်းလွှာ ပါးနေ ပေါက်နေသည့်အကြောင်း အရည် ပျော်နေသည့် အာတိက်ဒေသ ရေခဲပြင်ကြီးများ အကြောင်း ဆူနာမီနှင့် မုန်တိုင်း များအကြောင်း စသည်စသည်တို့ပင်။
ပေါက်ပင်ဘာကြောင်းကိုင်းရတယ်….ဗျိုင်းနားလို့ကိုင်းရတယ်….ဗျိုင်းဘာကြောင့်နားရတယ်…စသည့် ကြောင်းကျိုးဆက်စဉ်ပြ ကဗျာလေးကိုလည်း ရွတ်ဆိုလိုက်မိသည်၊ ကာဗွန်ငွေ့ တလူလူ ထုတ်လွှင့်နေသည့် စက်ရုံကြီးများ..တစစပါးသွားသော အစိမ်းရောင်သစ်တောကြီးများ ကိုလည်း မြင်ယောင် လိုက်မိသည်။
ထိုသို့ ဒဏ်ရာဒဏ်ချက်တို့ဖြင့် နာကျင်နေသော ကမ္ဘာကြီးကို စောင့်ရှောက်ကြရန် ယိုယွင်း နေသော သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းဖို့ ကမ္ဘာ၏တောင်းဆိုသံကို ကျယ်လောင်စွာ ကြားရချိန်တွင် အမိမြေမှာတော့ တိုးတိုးသဲ့သဲ့ ကြားရစပြုပြီ ။
အမိမြေကို တကယ်ချစ်သူ သဘာဝကိုတကယ်မြတ်နိုးသူတို့က စွမ်းသမျှ တိုးတိုးသဲ့သဲ့လည်း ငြီးနေတွားနေကြစဉ်တွင် ဧရာဝတီမြစ်ကြီး၏ ညည်းတွားသံကို ပိုကျယ်လောင်စွာ ကြားနေရသည်။
မြစ်ညာဆီတွင် ရွှေရှာသူများ ၊ ငွေဆာသူများ၊ နောက်ဆုံးလျှပ်စစ်မီး ရှာသူများကြောင့် သူ့မှာ လောဘကျိန်စာ သင့်နေရပြီတဲ့ ။
နည်းတူပင် လွန်ခဲ့သော နှစ(်၂၀)ခန့်က တောင်ကြီးနှင့် ဆီဆိုင် အင်းလေးဒေသစသည့် ရှမ်းပြည်တဝိုက်ရောက်ခဲ့ရာ ဆီဆိုင်မြို့ဇာတိ အဖိုးကြီး တစ်ယောက်က လက်ညှိုးညွှန်ကာ ဒီမြင်သမျှ တောင်ကတုံးတွေဟာ အင်ပင် ကျွန်းပင်တွေနဲ့ စိမ်းညှို့နေတဲ့ တောအုပ်တွေပေါ့ ၊
အခုတော့ ထိုင်းနိုင်ငံနဲ့ ဖက်စပ် ပြောင်းခင်းတွေ ဖြစ်ကုန်ပြီ-ဟု ပြောခဲ့သံကို ပြန်ကြား ယောင်မိသည်။ မည်မျှသစ်တွေ ခုတ်လှဲခဲ့ကြသလဲဆိုရင် သူတို့ ဆီဆိုင်မြို့လေးမှာပင် သစ်ခွဲစက် (၂၄ )လုံး ရှိသည်တဲ့၊ အခုတော့ ထိုအကျိုးဆက် ရှမ်းပြည်မှာ မိုးခေါင်တာကြားဖူးပြီ ၊ အင်းလေးကန် ရေခန်းခဲ့ပြီ ၊ လောပိတက ဘီလူးချောင်း ရေမဝတော့ပြီ ။
ဒါတင်မက မြန်ပြည်မြောက်ပိုင်း ဖားကန့်ကျောက်စိမ်းမြေသည်လည်း စက်ယန္တရားကြီးများနှင့် တူးကြ ဖော်ကြသောကြောင့် တောင်ပူစာများ သည် နေ့မြင် ညပျောက်ကုန်ပြီ..တဲ့ ။
ဒီဖက်တောင်ကုန်းမှ တူးဖြို၍ထုတ်လိုက်သော မြေစာများက တခြားတဖက်တွင် တောင်ပူစာ အသစ်အဖြစ်ပေါ်လာတော့သည်။ ထိုပြောင်းလွဲ သွားသော ပထဝီကြောင့် အကျိုးဆက်ကား စိုက်ရေး ပျိုးရေးခက်အောင် ရေကြီးရေလျှံခြင်းများနှင့် တောင်ပြိုမှုများ ၊ “လူတို့လောဘ၊ ကြီးကာလကြောင့်၊ ဒုဗ္ဘက္ခဘေး၊ ငတ်မွတ်ရေးနှင့်၊ ရိုးဖွေးတောင်မျှ၊ ပျက်စီးကျရှင့် “ မဃဒေဝ လင်္ကာပိုဒ်လေးကိုလည်း တိုးတိုးရွတ်ဆိုမိသည်မှာ အကြိမ်ကြိမ်၊ လူတို့လောဘကြောင့် အစာရေစာ ငတ်မွတ်ရှားပါးခြင်းဘေး ဒုဗ္ဘက္ခကပ်ကြီးတွေ ကျရောက် တတ်သည်..တဲ့၊ ဘုရား ဘုရား …တာဝန်သိ သူတိုင်း ဒီနှယ်ထိတ်လန့် စိုးနှောင့်ဖြစ်နေချိန်တွင် တာဝန်ရှိသူတွေကကော ….။
သည်အမေရိကန်နိုင်ငံမှာဆို နည်းပညာတွေ အကြီးအကျယ် ဖွံ့ဖြိုးတိုးတက် နေသလို သဘာဝကို ချစ်မြတ်နိုးစောင့်ရှောက်မှုကလည်း အံ့စရာပင် ။
လူတိုင်းလိုလိုက တာဝန်သိ၍ တာဝန်ရှိကြသည်..တာဝန်သိ၍ တာဝန်ယူကြသည်မှာ အားကျဖွယ်ပင်၊ အရီဇိုးနားပြည်နယ်ရှိ ဆီဒိုးနားဆိုသည့် အုတ်နီရောင် တောင်ကြီးဆီ ရောက်ခိုက် ထိုဝန်းကျင် ကျောက်စွန်း ကျောက်ကမုလေးများမှာ ရေးထိုးထားသည့် ကမ္ဗည်းတွေက “ကျွန်တော်တို့ အိုမင်းနေပါပြီ ၊ကျေးဇူးပြုပြီး မနင်းလိုက်ပါနဲ့“စသည့် အဓိပ္ပါယ် ရှိသော စာတန်းလေးများပင်။
နည်းတူပင် ကိုလိုရာဒိုရှိ အမြင့်ဆုံးတောင်တန်းကြီး ရောက်ကီးမောင်းတိန်းတောင်ပေါ်သို့ ရောက်သောအခါတွင်လည်း မိုးကြိုးတွေ အကြိမ် ကြိမ်ပစ် လေတွေတဝေါဝေါထန် မိုးတွေသည်း နေတတ်သောဝန်းကျင်မှာ ပေါက်ရောက်ရှင်သန်နေသည့် မြက်ပင်ကလေးများကိုစာနာပါ ဆို သည့် စာတန်းကလေးများကို ဖတ်ရသည်၊ ကရုဏာနှင့်ယှဉ်သော စောင့်ရှောက်လိုစိတ်ကို နှိုးနိုင်ခဲ့သည်။
“သတိပန်းမခူးရ၊ မြက်ခင်းပေါ်မနင်းရ၊” စသည့်စကားများထက် လိုက်နာလိုစိတ်ကို ဖြစ်စေခဲ့ သည်မှာအမှန်ပင်၊ သို့သော် တချို့ကမူ အလေ့ အကျင့် ကြောင့်လား ဗီဇကြောင့်လားမသိ မလိုက်နာတတ် သူများကိုလည်း မှတ်မိသေးသည်၊ ထိုနေရာ ခုံတန်းလေးတစ်ခုတွင် ထိုင်နေ သော အမေရိကန်မကြီးတစ်ဦးက တဖက်စွန်းတွင် အမောပြေ ဝင်ထိုင်သောကိုယ့်ကို “သိပ်လှတဲ့ ရှုခင်းပဲနော်”ဟု ပြောနေခိုက် ကိုယ်တို့အုပ်စုထဲမှ ကြီးမှဖြစ် ဟန်ရှိသော ရဟန်းတော်ကြီးတစ်ပါးက မြက်ခင်းပေါ်တွင် နင်းသွားကာ ဓာတ်ပုံရိုက်ခံရန်ပြင်နေရာ ထိုအမျိုးသမီးကြီးက မနင်းဖို့လှမ်း သတိပေး လိုက်သည် ၊ သို့သော် ကိုယ်တို့ပြည်သား သက်တော်ကြီး ရဟန်းကတော့ ဒါလေးများ ..ဆိုသည့်ဟန်နှင့် လှည့်၍ပင်ကြည့်လိုက်သေး။
“အော် အရှင်ကြီးရယ်..ဟု စိတ်မသက်မသာ ငြီးခဲ့မိသည်၊ ကိုယ်တို့ အချို့ အချို့ရဟန်း တော်တွေမှာ သဘာဝကို တန်ဖိုးမထား တတ်ကြလို့ လား၊ ဒါမှမဟုတ် အလှအပကို သင်္ခါရတွေ လို့ ရှုမြင်နေကြလို့လား စဉ်းစားကြည့်မိသည်၊
ဒုတိယအချက်ကတော့ဖြင့် မဟုတ်နိုင်၊ဘာကြောင့်ဆို အခုခရီးစဉ်တွင် ထိုရဟန်းကြီးအပါအဝင် သံဃာကြီးငယ်တစ်စုတို့ တောတောင် အလှကို လိုက်ပါကြည့်ရှုနေကြသောကြောင့်ပင်။
သို့ဆိုလျှင် ပထမအချက်နှင့် ငြိစွန်းနေကြလေသလား၊ ထိန်းသိမ်းရကောင်း မှန်းသိအောင် မလေ့ကျင့် မသင်ကြားခဲ့ရဘူးလို့လား ကိုယ့်ကိုယ်နှင့်ယှဉ်၍ သုံးသပ်ကြည့်နေ မိသည်၊ မသင်ကြား မလေ့ကျင့်ဖူး၍ျတော့ မဟုတ်နိုင်၊ သင်ခန်းစာနှင့် လက်တွေ့ဘဝ မစပ်မိ နိုင်ကြခြင်းပင် ဖြစ်ပေမည်၊ Apply မလုပ်နိုင်ကြခြင်းပင်၊ အဘယ့်ကြောင့်ဆိုသော် ရဟန်းတို့ ရှေ့သွားရှင်တော်မြတ်ဘုရားသည် အဦးဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူ ဟု ဆိုရလောက်အောင် သစ်ပင်ကိုမခုတ်ရန် ဗီဇကံ ဘူတကံကို မဖျက်ဆီး ရန်..ဖျက်ဆီးက အာပတ်သင့်စေ၊ ပြစ်မှုသာမက ပြစ်ဒဏ်ပါတွဲ၍ ထားခဲ့ သည်မှာ ဝိနည်းတော်၌ အထင်အရှားပင်။
ဒါတွင်မက ရဟန်းငယ် ရှင်ငယ်တို့ လိုက်နာဖွယ် ကျင့်ဝတ်များတွင်လည်း ရေပြင်တွင် ဖြစ်စေ မြက်ခင်းပြင်ပေါ်တွင်ဖြစ်စေ တံတွေးထွေးခြင်း အညစ်အကြေးစွန့်ခြင်းတို့ကို တားမြစ် တော်မူခဲ့သည်။
ကိုယ်တော်တိုင်လည်း တောရိပ်တောင်ရိပ်၌ မွေ့လျော်သလို ရဟန်းတို့ကိုလည်း သစ်တစ် ပင်ရင်း ဝါးတစ်ပင်ရင်း၌နေခြင်း တောရပ်မှီခြင်းတို့ကို ချီးကျူးတော်မူခဲ့သည်၊ ဤကဲ့သို့သော ဘုရားရှင်၏ တပည့်သားများသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တန်ဖိုးထားခြင်းတို့နှင့် မစိမ်းသည်မှာ ထင်ရှားလှပါသည်။
သို့သော် ကိုယ်တိုင်က တသဝေမတိမ်း လိုက်နာကြသည့်အတိုင်း သူတစ်ပါးကို ဟောပြောဆုံးမရာ၌ လပ်ဟာတော်မူကြလေသလားဟု မဝံ့မရဲထင်လိုက်မိသည်၊ ရံခါမူ ဆုံးမသည့်တိုင် “ဗူးလုံး နားမထွင်း” သူတို့ကို တွေ့ရသည်၊ဆရာသမား၏ ကျောင်းတိုက်ကြီးကို အမွေခံသော မိမိ၏တပည့်တစ်ပါးဆိုလျှင် တောစိုးသစ်ကြီးပင်များကို ထင်းအဖြစ်သုံးကာ အုဋ္ဌ်ဖုတ်၍ ကျောင်းအား တံတိုင်းပတ်ခဲ့သည်၊ သဘာဝအစစ်ကိုဖြုန်းတီး၍ သဘာဝအတုနှင့် လဲလှယ်ခြင်း ပါတကားဟု စိတ်မကောင်းဖြစ်ခဲ့ရသည်။
ထိုင်းနိုင်ငံတွင် သစ်ပင်များ မခုတ်လှဲရန် ဥပဒေထုတ်တားမြစ်သော်လည်း လူတချို့က မလိုက်နာကြသောကြောင့် ဘာသာတရားနှင့် သတိပေးဆုံးမရန် ရဟန်းသံဃာတော်များက သစ်ပင်များကို သင်္ကန်းစများနှင့်ပတ်ကာ စောင့်ရှောက်ခဲ့ရကြောင်း ဖတ်ခဲ့ရဖူးပေသည်။ အမိမြေတွင်လည်း ယခုကဲ့သို့ တာဝန်မဲ့သူများကြောင့် တောပြုန်းတောင်ပြို ချောင်းကော မြစ်ကန်းစသည့် သဘာဝပျက်ပြုန်းသော ဘေးကြီးနှင့် ကြုံနေချိန်တွင် တနိုင် တပိုင် ဟောကြ ပြောကြ ထိန်းကြသိမ်းကြ လိုက်နာကြလျှင် ကောင်းလေစွ..ဟု အကြိမ်ကြိမ် တမ်းတမိပါသည်။
“သစ်ပင်ခုတ် အချုပ်သုံးလ”..”ဥတုရာသီ တောကိုမှီ” စသော ဗြိတိသျှခေတ်က အဆိုအမိန့်လေးတို့သည်လည်း အသက်မဝင်ကြတော့ပြီ၊ မစ်ချီဂန်ကန်ဘေးတွင် ကျင်းပ နေသည့် ပွဲလေးမှ လွင့်ပျံ့လာသော တေးသံကို မကြားတချက် ကြားတချက်နှင့် သို့နှယ် တနံ တလျား စဉ်းစားနေ မိပါသည်၊ အကယ်၍များ တစ်စုံတစ်ယောက်က ဒီအချိန်မှာ မင်းအပြော ချင်ဆုံးစကားက ဘာလဲဟုမေးလာခဲ့လျှင် “နောင်တော် ညီတော် ဓမ္မကထိက ပုဂ္ဂိုလ် နိုင်ငံကျော်အရှင်မြတ်တို့ဘုရား၊ ဒါနကထာတွေကို ခဏထားကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကထာ တို့ကို ဟောကြားပေး ကြပါ”ဟု လျှောက်ထားလိုက် လိုခြင်းပင်၊
ကံထွန်းသစ်၊၀၈-၁၉-၁၁ 4-PM
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ သြဂုတ်လ ၂၅-ရက်၊ ကြာသပတေးနေ့။