* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, August 22, 2011

ဗုဒ္ဓသာသနာအကျိုးဆောင်လုပ်ငန်း” သုမင်္ဂလာအသင်း ဖွဲ့စည်းတည်ထောင်ရန် နှင့် ပရဟိတအသင်းများ နှီးနှောဖလှယ်ပွဲ

“ဗုဒ္ဓသာသနာအကျိုးဆောင်လုပ်ငန်း” သုမင်္ဂလာအသင်း ဖွဲ့စည်းတည်ထောင်ရန်

တတိယအကြိမ်အကြိုညှိနှိုင်း ဆွေးနွေးပွဲ နှင့် ပရဟိတအသင်းများ နှီးနှောဖလှယ်ပွဲ

မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖွဲ့စည်းတည်ထောင်ဆောင်ရွက်လျက်ရှိသော ပရဟိတလူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ အပြန်အလှန် ပေါင်းကူးဆက်သွယ် ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်၍ “စုံနံ့သာမြိုင်” တွေ့ဆုံ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပေးပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၃-၉-၂၀၁၁ မှ ၄-၉-၂၀၁၁

နေရာဌာန - သုဒ္ဓ၀ိပဿာရိပ်သာ၊ ဖန်ခါးကုန်းကျေးရွာ၊ မှော်ဘီမြို့။

မှတ်ချက်။ ။ တက်ရောက်ကြမည့် အသင်းအဖွဲ့များ အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်နိုင်ရန် ၂-၉-၂၀၁၁ နေ့ (၃) နာရီ ကြိုတင်ကြွရောက်ပါရန်။

ဆက်သွယ်ရန်။ ။ ၀၁-၆၂၁၁၁၇၊ ၀၉-၂၀၂၅၈၃၄ (ဗုဒ္ဓသာသနာအကျိုးဆောင်လုပ်ငန်း “သုမင်္ဂလအသင်း“)

"အသင်းအဖွဲ့များအပေါ် မေတ္တာရပ်ခံချက်"

မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းအဖွဲ့များ နှီးနှောဖလှယ်ပွဲတွင် သတင်းထုတ်ပြန်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ကြိုတင် စီစဉ်ဆောင်ရွက်နိုင်ရန်၊ လူကြီးမင်း၏ အသင်းအဖွဲ့များမှ အောက်ပါအချက် အလက်များကို ကြိုတင်၍ သတ်မှတ်ရက်အမှီ ပေးပို့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည် ခင်ဗျား။

၁။ အသင်းအဖွဲ့အစည်း၊ အဖွဲ့တည်နေရာ၊ အဖွဲ့ဝင်အရေအတွက် စသည်ဖြင့် ဖော်ပြပေးပါရန်။

၂။ အသင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက် အသင်းပေါ်ပေါက်လာပုံ၊ အသင်း၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားမှု ဓာတ်ပုံ မှတ်တမ်း စာစောင်များ (ရှိပါက ထည့်သွင်းဖော်ပေး ပါရန်)

၃။ အသင်း၏ထူးခြားဖြစ်စဉ် ( ဆောင်ရွက်မှု)

၎။ ရှေ့ဆက်လက် လုပ်ကိုင်မည့်လုပ်ငန်းစဉ်၊

စသည်ဖြင့် အသင်းနှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ၊ အခက်အခဲများ အောင်မြင်မှုအခြေအနေတို့ကို တစ်သင်းနှင့်တစ်သင်း နှီးနှောဖလှယ်နိုင်ရန် အတွက် အခမ်းအားတွင် (၁၀)မိနစ်စာခန့် တင်ပြနိုင်ရန် ကြိုတင်ပြင်ဆင်၍ (၂၅.၈.၂၀၁၁) နေ့ ထက် နောက်မကျစေဘဲ၊ ပေးပို့စေလိုပါသည်။

ဆရာတော်ဦးသုမင်္ဂလ - မင်္ဂလာတိုက်(မှော်ဘီ)

ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလမ်းကျေးရွာ ပြည်လမ်း၊ မှော်ဘီ၊ ရန်ကုန်။
၀၁-၆၂၁၁၁၇။ ၀၉-၂၀၂၅၈၃၄၊ ၀၉-၅၃၄၁၉၃၇ ၀၉-၅၁၃၃၅၀၂၊

ဖြစ်မြောက်ရေးကော်မတီ

deou@thumingala-deou.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
daewarlaing@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
foundation@deounews.comThis e-mail address is being protected from spambots. You need JavaScript enabled to view it
info@deounews.com

Read more...

“ရဝေနွယ်အသစ်”(၂)

“ရဝေနွယ်အသစ်”(၂)

ရဝေနွယ်(အင်းမ)

ဖြစ်ပေါ်လာတဲ့အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ်ပယ်နည်းငါးနည်းကို အဓိကထား

ဝိတက္ကသဏ္ဌာနသုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ်တရားတွေဝင်လာရင် အကြောင်းငါးပါးနဲ့ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။

၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။


၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။


ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကို ဖွင့်ပြပေးပါတယ်။


ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင်မေတ္တာပွါးပြီးဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက“ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။


ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကိုအာရုံပြုပြီး အကုသိုလ်ကိလေသာစိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီးပယ်လိုက်လို့လည်း ရပါတယ်။


ဥပမာ- အကုသိုလ်စိတ်တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော်လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်း တရားအကြောင်းကို တွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာမရှိတော့ပါဘူး။


၂။ အပြစ်ကို ဆင်ခြင်ပါ။


၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ်ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။


ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်လာရင် “ဒီအကုသိုလ်တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်းဖြစ်သွားနိုင်တယ်။ သုဂတိဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာခရီးတစ်လျှောက် ဘဝကို ကမောက်ကမဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက်ရပါမယ်။


လူတွေဟာ အကုသိုလ်လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်းကြောက်ကြ ပါတယ်။


အသိတစ်ယောက်ကတော့ ဘုရားရှိခိုးပြီးတိုင်း “ငရဲနှင့်ဆင်းရဲ ကင်းလွတ်ရပါလို၏”လို့ အမြဲဆုတောင်းပါသတဲ့။ ရင်းနှီးနေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ်ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ်နေပြီးတော့ လွတ်ပါလိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။


ငရဲနဲ့ဆင်းရဲကိုတော့ လူတိုင်းကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ပိုလို့တောင် ကြောက်ကြပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ်ဖြစ် လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်းရပါတယ်။


ငရဲကိုဆင်ခြင်၊ သံဝေဂဖြစ်ပြီး ဝိပဿနာရှုမှတ်လိုက်တာ ရဟန္တာဖြစ်သွားတဲ့သီဟိုဠ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။


တခါတုန်းက သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့မုဆိုးကြီးတစ်ယောက်ရှိပါတယ်။ သူကမိသားစုအတွက်မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မက ပါဘူး တောထဲသွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင်စားသောက်လေ့ရှိပါတယ်။


တစ်နေ့တော့ သားကောင်တွေဖုတ်ကင်စားသေက်ပြီး ရေဆာလို့အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုဝင်ပါတယ်။ ရေအိုးကိုဖွင့် လိုက်တော့ ရေက တစ်စက်မှ မရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမလှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။ ဒါကို ကျောင်းထိုင်မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့်ရှိနေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေး ပါတယ်။


အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီးတစ်ယောက် ရန်ကုန်မြို့ကို လာရင်း ရွှေတိဂုံစေတီကို တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ်ရောက် တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။


အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝတရားတွေက ပုံမှန်အတိုင်းဖြစ်နေပေမယ့် သူတို့အတွက်တော့ ပြောင်းပြန် ဖြစ်ခြင်ဖြစ်နေတတ်ပါတယ်။


အပြင်မှာ ဘယ်လောက်ပဲအေးနေအေးနေ သူတို့အတွက် ပူချင်ပူနေတာပါ။ မိတ်ကောင်းဆွေကောင်းတွေက တရားစကားတွေနဲ့ ဘယ်လောက်ပဲဖေး မဖေးမ၊ မတရားစကားလို့ပဲထင်နေတော့တာပါ။ ဘယ်သူ့ကိုမှလည်းအကောင်းမမြင်တော့ပါဘူး။ကိုယ့်မှာတရားနဲ့ဖေးမ,ပေးတဲ့ မိတ်ကောင်းဆွေကောင်း လည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီသိပြီး အချိန်မီကုစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။


ကျောင်းထိုင်မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး“ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။


မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။


ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့မထေရ်ဆီပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။ ရဟန်းဝတ်ပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် ပါတယ်။ ဒါပေမယ့်တရားထိုင်တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကိုဘယ်လိုမှ အားထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။


နောက်ဆုံး စိတ်ဓာတ်ကျပြီး လူထွက်တာပဲ ကောင်းပါတယ်ဆိုပြီး မထေရ်ထံလူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့မထေရ်က မုဆိုးဦးဇင်းကြီး ကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။


မုဆိုးဦးဇင်းကြီးကလည်း “အဲဒီငရဲကို ကြည့်လို့မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင်မထေရ်က“ငရဲတော့ ကြည့်လို့မရဘူး၊ တခြား တစ်နည်း နဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သားထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။ တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်းထင်းအစိုပုံကြီး ပြာဖြစ်သွားပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ်ပါတော့တယ်။


ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုးကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက်ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ်တင်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတော့တယ်။


ငရဲကိုဆင်ခြင်လိုက်လို့ ရဟန္တာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုကတဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး ဝိပဿနာရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။


ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့လည်း ရပါတယ်။


၃။ နှလုံးမသွင်းပါနဲ့


နံပါတ်(၃)က အကုသိုလ်အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီအကုသိုလ်စိတ်ကို နှလုံးမသွင်းပါနဲ့တဲ့။


နှလုံးမသွင်းပါနဲ့ရဲ့ နောက်မှာအဋ္ဌကထာက တစ်ခြားအာရုံကိုဖြစ်စေလိုက်ပါတဲ့။ တချို့အတွေးတွေဟာ တွေးလိုက်ရင် ကုသိုလ်ဖြစ်ပါတယ်။ တချို့ အတွေးတွေကျတော့ တွေးလိုက်ရင်အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့အတွေးကိုမှတ်ထားပြီး မတွေးမိအောင်နေရမှာပါ။


နှလုံးမသွင်းပါနဲ့၊ မတွေးပါနဲ့ဆိုပေမယ့်တွေးချင်တွေးနေမှာပါ။ စိတ်ကိုထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့အကုသိုလ်အတွေးကို တခြားအာရုံ တစ်ခုနဲ့ အစားထိုးပေးရမှာပါ။


တချို့ကျတော့လည်း မကျေနပ်တဲ့အာရုံကို သေချာပုံဖေါ် သေချာနှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံးမသွင်းရင် အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကိုအဋ္ဌကထာမှာ အဆင့်ဆင့်အကျယ်ဖွင့်ပြထားတာ အကုသိုလ်စိတ် ပယ်ချင် သူတွေအတွက် သိပ်စိတ်ဝင်စားဖို့ ကောင်းတာပါ။


နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှမပျောက်ရင် ကမ္မဋ္ဌာန်းအပေါ်ကျေးဇူးများတဲ့ပါဠိကို အသံခပ်ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။


ဒါကိုထောက်ပြီး အကုသိုလ်စိတ်ဝင်လာရင် ရထားတဲ့ပါဠိကို လမ်းကိုရှေ့နောက်အပြန်ပြန် လျှောက်ပြီး ရွတ်နေလိုက်ရုံပါပဲ။


ဥပမာ… ဒိဝါတပတိဂါထာရွတ်နေကျဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက်တစ်ရာလောက် ရွတ်ပစ်လိုက်ပေါ့။ စာမှာ ပြထားတဲ့အတိုင်း အသံ ကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက်တစ်ရာပြည့်သွားတဲ့အခါ အကုသိုလ်လည်းပျောက်၊ ကုသိုလ်လည်းရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။


အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ်အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” ၊ ဦဇင်းအရှင်ဆန္ဒာဓိကရဲ့ “လိုတရနှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်ကစာထဲရောက်သွားတာနဲ့ အကုသိုလ်ကပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ်တစ်အုပ်ဖတ်ပြီး ဘဝတစ်ခုလုံးတောင်ပြောင်းသွားသေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။


ဒီနေရာမှာ အဋ္ဌကထာဆရာက အကုသိုလ်စိတ် ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွားပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓကပြထားပါသေးတယ်။


အဲဒီဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်ထဲမှာ ပါပြီးသားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။


တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင်တိဿဟာ အကုသိုလ်ကာမဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက“ကိုရင်တိဿရယ် သင်လူထွက်လိုကထွက်ပါ။ တို့မတားပါဘူး။ ဒါပေမယ့် တို့နေတဲ့အရပ်ဟာ ချိုးရေရှားတယ်။ ရေပေါတဲ့စိတ္တရတောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။


ကိုရင်တိဿလည်း ရေပေါတဲ့ စိတ္တရတောင်ဘက်ကို ပို့ပေးပါတယ်။


စိတ္တရတောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာရှိတဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိကကျောင်းတွေဆိုတော့ အစစ အရာရာဆင်ခြင်နေရတယ်။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံးကျေးဇူးဆပ်ခြင်းဆိုပြီးကျောင်းငယ်လေးကို ကိုယ်တိုင်ဆောက်ပေးပါတယ်။


ကျောင်းဆောက်ရင်း တေဇောကသိုဏ်းလည်းပွါး၊ သံယုတ္တနိကာယ်ကိုလည်းရွတ်ဖတ်နေပါတယ်။ ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ ဒီတစ်ညတော့ သင်ဆောက်တဲ့ကျောင်းလေးမှာ သင်ပဲအိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက် ခင် ဝိပဿနာတရားကိုလည်း ကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း တရားတွေပွါးများလိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။


အဋ္ဌကထာဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ်ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။


ကိုယ်ကဒီသာဓကလေးကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုးလဲတာ စသည်ဖြင့်ပေါ့။


မန္တလေးက ဒကာမတစ်ယောက်ကတော့ စိတ်ဆိုး ဒေါသထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန်ဆွဲချလိုက်ပါသတဲ့။ ပြီးတော့ ဖွပစ်လိုက်ပါသတဲ့။ ပြီးမှတစ်ထည်ချင်းပြန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်းမှတ်သားစရာပါပဲ။ အဓိကကတော့ ဝင်လာတဲ့အကုသိုလ်ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာအလုပ်တစ်ခုကို ထလုပ် လိုက် ဖို့ပါ။ အကုသိုလ်အာရုံနေရာမှာ တခြားအာရုံတစ်ခုနဲ့အစားထိုးလိုက်တဲ့သဘောပါ။


ဒီနှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာပဲ မဟာစည်ဆရာတော်ဘုရားကြီးက-ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီလောက်ပဲဖြစ်ဖြစ် နေ့ဝက်ပဲဖြစ်ဖြစ်၊ တစ်နေ့ပဲဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက် အတူတူနေပုဂ္ဂိုလ်တွေနဲ့ အလွတ်စကားပြောနေလိုက်ပါတဲ့။


ဒီတော့ အကုသိုလ်ဝင်လာရင် မိတ်ဆွေတစ်ယောက်ယောက်ဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေးေ ဆးဆေးပြောနေလိုက်ပေါ့။ စိတ်ကစကားထဲမှာပဲ ရောက်နေတဲ့အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံမရောက်တော့ပါဘူး။


ဒါမှမဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့အကုသိုလ်စိတ်ဖြစ်လာရင် ရွှေတိဂုံစေတီပဲ ဖြစ်ဖြစ်၊ ဆူးလေစေတီပဲံဖြစ်ဖြစ်၊ မဟာမြတ် မုနိပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာရှိတဲ့ စေတီတစ်ဆူဆူပဲဖြစ်ဖြစ် သွားဖူးလိုက် ဖို့ပါ။


နောက်ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။


ဆရာတော်ဘုရားကြီးက အကုသိုလ်ကိုရှုမှတ်မှုနဲ့မပယ်နိုင်ရင်တောင် တစ်ခြားရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့မိန့်ပြထားတာပါ။ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာကရုဏာတော်ပါပဲ။ အကုသိုလ်ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ်နိုင်ဖို့ပါပဲ။


အကုသိုလ်စိတ်ဖြစ်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ်ပယ်နည်းတွေ အများကြီးရှိပေမယ့် ပယ်တဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်သပ္ပါယသင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အရကောက်လိုက်တော့ အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။


အကုသိုလ်စိတ် တစ်ခုဝင်လာရင် တချို့ကျတော့ ဂါထာရွတ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဝေယျာဝစ္စတစ်ခုခု လုပ်လိုက်ရင် ပျောက် သွားပါတယ်။ တချို့ကျတော့ ဘုရား စေတီသွားဖူးလိုက်ရင် ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သပ္ပါယသင့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့နည်းနဲ့ ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့နည်းကို သိထားဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်း မျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းကို မှတ်ထားလိုက်ဖို့ပါ။


နှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည်ဆရာတော်ဘုရားကြီးကကော အကျယ်ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ဆိုင် တာတွေလောက်ပဲ ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။


၎။ အကြောင်းကိုရှာပါ


၎။ နှလုံးမသွင်းဘဲနေလို့မှ မပျောက်ရင် အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုရှာပြီး ဖျောက်ပါတဲ့။


အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဇာတ်ဝတ္ထုလေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့ဥသျှစ် ပင်အောက် မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီးကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့်ပြေး ရင်း နောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီးကိုပြပြီး မြေပြိုတာမဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။


အဋ္ဌကထာဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာသွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်း ရင်း ရှာဖျောက်ပါလို့ ဥပမာသာဓကနဲ့ ရှင်းပြထားပါတယ်။


တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီးနေ တာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါးလေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေကျတော့လည်း ကိုယ့်စိတ် ကူးနဲ့ကိုယ် အထင်မှားနေတာ လည်း ရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလိုမဟုတ်ပါဘူး။ အကြောင်းရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ်တင်ပါတယ်။


၅။ သွားအံကိုကြိတ်ပါ။


၅-က အကြောင်းရင်းရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။


ဒါတွေကတော့ ဝိတက္ကသဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ်ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သပ္ပါယသင့်ပုံခြင်းမတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။


ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်တဲ့သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။


အသစ်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။


အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။


သိက္ခာသုံးပါးတည်ဆောက်တဲ့နေရာမှာ မနက်အိပ်ရာထကိုယ်လက်သန့်စင်ပြီးတဲ့အခါ တည်ဆောက်တာကအကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အိပ်ရာထစဆိုတော့ ဘာအာရုံမှမတွေ့သေးပါဘူး။ ဒီတော့အာရုံကြောင့်ဖြစ်တဲ့အကုသိုလ်မဝင်သေးပါဘူး။ အကုသိုလ် ဝင်မလာသေးတဲ့အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက်သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။


ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပိုတစ်ခုရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန်မထိခိုက်သလို မိသားစုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ်စော အိပ်ရာဝင် လိုက်ပါ။


ဒီတော့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလ ယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။


နောက်-ဂုဏ်တော်ကိုငါးမိနစ်၊ မေတ္တာကိုငါးမိနစ်၊ မရဏာနုဿတိကိုနှစ်မိနစ်၊ ဝိပဿနာကိုငါးမိနစ်ပွါးလိုက်ပါ။ ဒါဆိုအားလုံးပေါင်း မိနစ် နှစ်ဆယ်ရှိပါလိမ့်မယ်။


မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုအသစ်တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာသုံးပါးတည်သူ လည်း ဖြစ်သွားတော့တာပါ။


ဒီလိုပါပဲ။ မနက်မိနစ်နှစ်ဆယ်စောထပြီး သိက္ခာသုံးပါးဆောက်တည်တာလေးကို စွဲနေအောင်လုပ်ထား လိုက်ပါ။ စွဲသွားရင် စွဲသွားတော့တာပါပဲ။


ဘဝရဲ့တစ်နေ့တာကို သိက္ခာသုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ်နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။


သိက္ခာသုံးပါးတည်ပြီး တစ်နေ့တာနောက်ပိုင်း မနှစ်သက်တဲ့ အာရုံကြောင့်ပဲဖြစ်ဖြစ်၊ တွေးလို့ပဲဖြစ်ဖြစ် အကုသိုလ်စိတ်လေးတွေ ဝင်လာရင်လည်း အထက်ကအကုသိုလ်ပယ်နည်းတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းကိုယူပြီး ပယ်ပယ်သွားရမှာပါ။ လူငယ်စကားနဲ့ ပြောရရင်တော့ ကိုယ်နဲ့ အိုကေ မယ့် နည်းကိုယူပြီး ပယ်သွားဖို့ပါ။


တချို့အကုသိုလ်တွေကျတော့ ဖြစ်ချင်လွန်းလို့မဟုတ်ဘဲ၊ မထင်မှတ်ဘဲဖြစ်သွားရတာတွေလည်းရှိပါတယ်။ ဖြစ်ပြီးခါမှ“သြော်…ဒီအကုသိုလ်တွေ ငါဖြစ်သွားပါလား”ဆိုပြီး ကိုယ့်ကိုယ်ကို တအံ့တသြဖြစ်ရတာပါ။ ဒါတွေဟာ အတိတ်တိတ်က ပါလာတဲ့ အကုသိုလ် အထုံဓာတ်တွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်ကဒီဘဝမှာ တရားမျိုးစုံနာ၊ တရားစာအုပ်မျိုးစုံဖတ်၊ တရားတွေအခါအားလျှော်စွာ ထိုင်နေပေမယ့် အတိတ်အထုံဓာတ် ဆိုးတွေကြောင့် မထင်မှတ်ဘဲ ဖြစ်သွားရတာတွေပါ။ အတိတ်အထုံဓာတ်ဆိုးတွေဟာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သူ့ရဲ့လျှပ်တစ်ပြက်ရိုက် ချက်ကြောင့် ပုံကနဲ လဲကျသွား တတ်ပါတယ်။


ဒါပေမယ့် လဲကျသွားရင် စိတ်ဓာတ်မကျဘဲ ပြန်ထနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ပြန်ထတဲ့အခါ သိက္ခာသုံးပါးကို ကိုင်ပြီးထရမှာပါ။ သိက္ခာသုံးပါး ကလည်း ကိုယ့်ကို အဆင်သင့်လက်ကမ်းထားပြီးသားပါ။ ကိုယ်ကသူကမ်းတဲ့ လက်ကိုဆွဲယူလိုက်ရမှာပါ။


တကယ်တော့ကိုယ်လဲကျရင် ကိုယ့်ကိုပြန်ထူပေးမယ့် သိက္ခာသုံးပါကရှိပြီးသားပါ။ ဒါကို ကိုယ်ကသိထားဖို့ပါ။ ဒီတော့ကိုယ့်ကိုယ်ကို သတိနဲ့ နေနိုင် မှတော်ကာကျတာပါ။


ကျန်တဲ့အချိန်လေးတွေမှာလည်း တတ်နိုင်သမျှ အမှတ်သတိလေးတွေနဲ့ နေနေရမှာပါ။ အထူးသဖြင့် တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်လေးတွေမှာ အမှတ်သတိလေးတွေ ပါနေဖို့ပါ။


ဥပမာ - ရေသောက်တယ်ဆိုတာ တစ်ယောက်တည်း သောက်ရတာဖြစ်လို့ အမှတ်သတိလေးနဲ့ ခွက်ကိုလှမ်းယူတာ၊ ကိုင်တာ၊ ရေထည့်တာ၊ ပြန်ယူ တာ၊ ခွက်နဲ့ နှုတ်ခမ်းနဲ့ထိတာ၊ သောက်တာစသည်တွေကို အမှတ် သတိလေးတွေပါအောင် ကြိုးစားရမှာပါပဲ။


ဒီလိုပါပဲ အိမ်သာတက်တဲ့ နေရာမှာလည်း တစ်ယောက်တည်းဆိုတော့ အမှတ်သတိပါအောင် ကြိုးစားရမှာပါပဲ။ တံခါးဖွင့်တာ ပြန်ပိတ်တာ လုံချည် ပင့်တာ ထိုင်တာ စွန့်ခြင်စိတ်ကိုမှတ်တာ စွန့်တာကို မှတ်တာ စသည်ဖြင့် အမှတ်သတိနဲ့ မှတ်သွားရုံပါ။ ဒီတော့ အိမ်သာထဲမှာတင် ဘာဝနာ ကုသိုလ်တွေ ဖြစ်နေတော့တာပါ။ ကုသိုလ်က ယူမယ်ဆိုရင် အိမ်သာထဲမှာတောင် သတိရှိရင် ယူလို့ရတာပါပဲ။ အကျိုးရလဒ်ကတော့ တစ်ချက်မှတ် တစ်ချက် ကုသိုလ်ရသလို တစ်ချက်မှတ်တစ်ချက် အကုသိုလ်ကို ပယ်လိုက်တာပါပဲ။


အများနဲ့ လုပ်ရတဲ့အလုပ်တွေမှာတော့ လိုက်မှတ်ဖို့ မလွယ်လှပါဘူး။ တစ်ယောက်ထည်း လုပ်ရတဲ့ အလုပ်တွေမှာတော့ တတ်နိုင်သမျှ အမှတ် သတိလေးတွေပါအောင် ကြိုးစားရပါမယ်။


မှတ်ချက်။ ။ ရဝေနွယ်အသစ်(၃) ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ သြဂုတ်လ ၂၁-ရက်၊ တနင်္ဂနွေနေ့။

Read more...

နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း

အမှတ်စဉ်(၁၃)

ယခုတစ်ဖန်နိုင်ငံခြားတွင် ဖူးတွေ့ခွင့်ရရှိခဲ့သည့် ဆရာတော်ကြီးကို ဖေါ်ပြပါမည်။ ထိုဆရာတော်ကြီးကို ဖူးတွေ့ခွင့် ရရှိခဲ့သည်မှာ ယခုအခါတွင်မှ မဟုတ်ပေ။မြန်မာနိုင်ငံတွင်ရှိခဲ့သည့် အခါတုန်းကပင် ဖူးတွေ့ဖူးခဲ့ပါ သည်။ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပြီဟုဆိုရပါမည်။ ထိုစဉ်က ဖူးတွေ့ခဲ့ဖူးသည့်နေရာမှာ ကမ္ဘာအေးကုန်းမြေ ဇမ္ဗူဒီပဆောင်တွင်ဖြစ်ခဲ့ပါသည်။ စာရေးသူ၏ ကျေးဇူးရှင် သံတော်ဆင့် ဆရာတော်ကြီးသည် နိုင်ငံတော် သံဃမဟာနာယကတာဝန်ကို ထမ်းဆောင်ခဲ့စဉ်က တစ်ညနေတွင် ဆရာတော်တစ်ပါးသည် ဆရာတော် သီတင်းသုံးရာ အခန်းတွင်းသို့ ကြွလာခဲ့ပါသည်။ ထို့နောက် သူ၏အယူအဆရေးရာတို့ကို လျောက်ထားခဲ့ ပါသည်။ ဆရာတော်ကြီးကရွှေဘိုမြို့က ပုခန်းဆရာတော် ဦးဝိမလထံတွင်ဆွေးနွေးပါရန် မိန့်တော်မူခဲ့ ပါသည်။ စာရေးသူလည်း ရှိနေခဲ့ရာ ထိုအဖြစ်အပျက်ကို သတိတရ ရှိနေခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ စာရေးသူ၏ ဆရာတော်ကြီးသည် ပျာပျာသလဲနှင့် ထိုဆရာတော်၏ဆွေးနွေးချက်ကို တစ်ခြားရွှေဘို ဆရာတော်ထံသို့ လွှဲလိုက်ခြင်းမှာ ထူးခြားသည်ဟု စိတ်ထဲတွင် ထင်မိခဲ့ပါသည်။ သို့သော် ထိုကြွလာသော ဆရာတော်သည် ဖားအောက်တောရကျောင်းမှ ဆရာတော်တစ်ပါးဖြစ်သည်မှ လွဲ၍ ပိုပြီးမသိခဲ့ ပါ ။နောင်နှစ်အနည်းငယ်ကြာလာသောအခါတွင် ဖားအောက်တောရ ဆရာတော်၏ ဂုဏ်သတင်းကိုပိုပြီး သိလာခဲ့ရပါသည်။ အထူးသိလာ ခဲ့ရသည်မှာ ဆရာတော်ကြီးသည် သာသနာ့လောက အထူးသဖြင့် ကမ္မ ဋ္ဌာန်းတရားအားထုတ်မှုနယ်ပယ်တွင်ပြည်တွင်းပြည်ပ၌ ထင်ရှားလာခဲ့သည်ကို သတိပြုမိပါသည်။ အထူး သဖြင့် ဆရာတော်ကြီးရေးသားခဲ့သော အတွဲလိုက် စာအုပ်ထူထူကြီးကို ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်ဟု သိလာခဲ့ရပါသည်။ပြဿနာစာအုပ်ကြီးဟုပင် ဆရာတော်ကြီး တစ်ချို့ကမေးမြန်းသည်ဟုသိရ ပါသည် ။မေးမြန်းရသည်မှာလည်း ဟုတ်ပါသည်၊ ထိုစာအုပ်ကိုပြည်ပနိုင်ငံတစ်ခုတွင် ထုတ်ဝေခဲ့ပါသည်။ ယခုမူ ထိုစာအုပ်ကြီးကို မြန်မာပြည်၌လည်းတွေ့နေရပါပြီ။ စာအုပ် ထုတ်ဝေမှုတွင်ပင် ပြဿနာ ပေါ်ခဲ့သည် မဟုတ်ပါ။ ပြသသည့် တရားနည်းလမ်းအပေါ်တွင်လည်းပြဿနာဟု ယူဆကြသူတွေလည်း မနည်းလှပါ။ ဤအနေအထားကြားမှပင် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်း စဉ်သည် အရှိအဟုန်ကောင်းနေ ခဲ့ပါသည်။ အမေရိက၊ တောင်ကိုရီးယား၊ ထိုင်ဝမ်စသော နိုင်ငံများတွင် ဆရာတော်ကြီး၏ တရားဘာဝနာကို ယုံကြည်သူများလှပါသည်။ဖြစ်ရသည်မှာ ဈာန်လမ်းကျင့်စဉ်နှင့်စပ်ပြီး အငြင်းပွါးမှုများဖြစ်သည်ဟု အကြမ်း အားဖြင့် သိထားပါသည်။

ထိုဆရာတော်ကြီး၏ကျောင်းသို့လည်း စာရေးသူအနေနှင့် မရောက်ဖူးသည့်ပြင် ဆရာတော်ကြီးကိုလည်း ကမ္ဘာအေးတွင် ကြွလာခိုက်ခေတ္တမျှ ဖူးတွေ့ခဲ့သည်မှတစ်ပါး အဆက်အစပ် မရှိခဲ့ပါ။ ၂၀၀၃ခုတွင် ထိုဆ ရာတော်ကြီးကို ကြည်ညိုလှသော ရန်ကုန်မှ မိသားစုနှင့် စာရေးသူ ဆက်စပ်ခဲ့ပါသည်။ ထိုမိသားစုမှ စာရေးသူကိုကျောင်းမြေ လှူဒါန်းခဲ့ပြီးကျောင်းငယ်လေးကိုပင်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော် ကြီး၏ သာသနာပြု လုပ်ငန်းနှင့်စပ်ပြီး စိတ်ဝင်စားစရာ ကြားသိရသည့်သည် အချက်တစ်ခု စာရေးသူတွင် ရှိနေခဲ့ပါသည်။ ဆရာတော်ကြီး၏ကျောင်းတွင် သီတင်သုံးသော သံဃာတော်များသည် နိဿဂ္ဂိပစ္စည်း များကို အထူးရှောင်ကြဉ်ရသည့် အနေနှင့် ၀ိနည်းအလွန်လေးစားသည့် အချက်တစ်ခုပင်ဖြစ်ပါသည်။ ထို့ပြင် သက်သတ် လွတ်စားရသည်ဟု လည်းကြား သိရပြန်ပါသည်။ ဤသည်မှာလက်တွေ့များ မဟုတ် ပါ။ကောင်းသော ဂုဏ်သတင်းများကို ကြားသိနေ ရပုံများဖြစ်ပါသည်။ ထိုနေရာသို့ သွားချင်သည့် စိတ်များ တဖွားဖွားဖြစ်နေခဲ့သော်လည်း ယခုစာရေးနေသည့် အချိန်အထိ မရောက်ဘူးသေးပါ။ ထို့နောက် တွင် စာရေးသူနှင့် ခင်မင်ဖူးသော ရဟန်းတစ်ပါး ဆရာတော်ကြီး၏ တပည့် ခံယူခဲ့ပုံနှင့် ကိုရီယားနိုင်ငံ သို့ရောက်လာသော အခါတွင်လည်း မိတ်ဆွေအရှင်ပဏ္ဍိစ္စနှင့် စကားစပ်မိခဲ့ရာ သူသည် ထိုဆရာတ်ာကြီး၏ တပည့်ဖြစ်ခဲ့ပုံစသဖြင့် အသေးစိတ်ကိုပြောပြခဲ့ပါသည်။ ဆရာတော်ကြီးကျောင်းမှ ဦးသီလဆိုသော ရဟန်းတော်လည်း စာရေးသူနေထိုင်ရာသို့ လာရောက် တည်းခိုခဲ့သဖြင့် ဖားအောက် ဆရာ တော်ကြီးနှင့် အလွန်နီးစပ်သော အကြောင်းများရှိခဲ့ပါသည်။ အမေရိကနိုင်ငံသို့ရောက်ရှိခဲ့စဉ်ကလည်း အင်္ဂလိပ်ဘာ သာဖြင့် တရားဟောသော ကက်ဆက်ခွေ တစ်ခွေကို နာခဲ့ဖူးရာ ထိုတရားဟောသော ဆရာတော် မှာလည်း ဖားအောက် ဆရာတော်ကြီးဖြစ်သည်ဟု သိခဲ့ပေရာ စာရေးသူအနေဖြင့် စိတ်ဝင်စားနေခဲ့ပါသည်။

ထိုဆရာတော်ကြီးသည် ယခုနှစ်ဆန်းပိုင်းကတောင်ကိုရီးယားနိုင်ငံသို့ ကြွလာမည်ဟု သတင်းကြား သိရပေ ရာ ဖူးမျှော်လိုစိတ် ထက်သန်လျက်ရှိခဲ့ပါသည်။ တစ်ဖန် ဆရာတော်ကြီးကိုဝေယျာဝစ္စပြု ကြမည့် သူများကလည်းမြန်မာပြည်မှ ကိုရီးသို့ ပညာသင်လာရောက်နေကြသောကျောင်းသူ၊ကျောင်းသား များဖြစ် ကြပေရာ အသင့်အနေအထားပင်ဖြစ်ပါသည်။ မရွှေမာသန်းအမှူပြုသောကျောင်းသား၊ကျောင်းသူများက ဆရာတော်ကြီး၏ ဆွမ်းဝေယျာဝစ္စစသည်တို့ကို ကုသိုလ်ယူဆောင်ရွက်ပေးကြရာ ၀မ်းသာစရာပင်ဖြစ်ခဲ့ ပါသည်။ သူတို့သည် စာရေးသူ၏ကျောင်းတွင်လည်းဝေယျာဝစ္စဆောင်ရွက်ကြ၊ တနင်္ဂနွေနေ့တိုင်း စုပေါင်း ၀တ်ပြုကြ သူများဖြစ်ရာ ဆရာတော်ကြီးကို ဖူးတွေ့ရာတွင် အရာအားလုံးက အဆင်ချောနေခဲ့ပေ သည်။ကျောင်းသားမောင်မျိုးသန်းထွန်းက စာရေးသူအားပြောပြခဲ့သည်မှာ ဆရာတော်ကြီးအ တွက်ကျောင်း သားအဖွဲ့က အလှူငွေကောက်ခံခဲ့ကြရာဒေါ်လာနှစ်ထောင်နီးပါးပင် ရခဲ့သည်ဟု သိရပါသည်။ ဆရာတော် ကြီးထံသို့ စာရေးသူသည်ဖူးတွေ့ရန် သွားရောက်ခဲ့ပါသည်။နှစ်ပေါင်းနှစ်ဆယ်ကျော်မှ ဒုတိယ အကြိမ်ပြန်လည်ဖူးတွေ့ရသော အခါပင်ဖြစ်ခဲ့ပါသည်။ ဆရာတော်ကြီးအား ကိုယ်တိုင်မိတ်ဆက်ပြီး ၀တ်ပြုရာ မှစ၍ သာသနာရေး၊ ဘာသာရေးစကားများကို အဆက်မပြတ်လျောက်ထားမိခဲ့ပေသည်။ ဆရာတော်ကြီး ကလည်းနှစ်လို အားရစွာဖြင့်ပင် သူ့ဘ၀ ခရီးစဉ်နှင့်ဆောင်ရွက်နေသည်များကို အချိန်ပေးပြီး မိန့်နေခဲ့ သည်မှာ ခဏ လေးဟု ပင် ထင်ခဲ့ရပါသည်။ အထူးကြည်ညိုမိသည်မှာ ဆရာတော်ကြီး၏ ဆွဲဆောင်နိုင်သည့် အားဟုပင်ပြောရပေမည်။ စာရေးဆရာငွေဥဒေါင်းစကားနှင့်ပြောရသော်မေတ္တာမီးမောင်းကြီး အားကောင်ြး ခင်း ပင်ဖြစ်တော့သည်။ ဆရာတော်ကြီး၏ မှတ်ဥာဏ်မှာ လက်ဖျားခါလောက်အာင်ပင်ရှိလှပါသည်။ ပါဠိတော်၊အဋ္ဌကထာကြီးများကို အာဂုံဆောင်ထားနိုင်သည်မှာ ပြော၍ယုံကြည်နိုင်မည် မဟုတ်ပေ။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ဋီကာကျမ်းများကိုကျေညက်နီုင်နင်းသည်ဟု မှတ်ချက်ပြုရပါသည်။ ဖားအောက်ဆရာတော်ကြီး သည် စစ်ကိုင်းသီတဂူဆရာတော်၊တောင်စွန်း ဓမ္မဒူတဆရာတော်တို့နှင့် သူ့ဘ၀ဆက်စပ်ပုံတို့ကို အသေး စိတ်ပြန်လည်မိန့်ကြားနေခဲ့သည်မှာ စာရေးသူ ကြားဖူးထားပြီးသားဖြစ်သည့် အချက်အလက်မှား တစ်ချို့ ကိုပြင်ဆင်ခွင့်ရခဲ့ပါသည်။ ပညာရှိသူတော်စင်ပုဂ္ဂိုလ်များကို တစ်ကြိမ်ဖူးခွင့် ကြည်ညိုခွင့်ရသည် မှာတွေးမိတိုင်း စိတ်ကြည်နူးဖွယ်ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏မေတ္တာစွမ်းအားများသည် ဓာတ်ကူးသည့် အနေဖြင့် စိတ်ကိုကြည်နူးစေခဲ့ပါသည်။ ဆရာတော်ကြီး၏ သာသနာပြု အငွေ့အသက်များသည် စာရေးသူ၏ စိတ်ကိုဖြန့်ဝေပေးသည့် အနေဖြင့် ကုသိုလ်ထုကြီးကြီးကို တည်ဆောက်မိသည်ဟု ခံစားရပါသည်။ ဆက်ရန်

ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ။

Read more...

ဒို့ဘာသာ (၃၁) နိဂုံးပိုင်း



အစောကပြောခဲ့သလို မင်းတုန်းမင်းကြီးလက်ထက်မှာ ပဉ္စမသင်္ဂါယနာတင်ပွဲကျင်းပခဲ့ပါတယ်။
သာသနာ အတော် စည်ပင်ပြန့်ပွါးခဲ့ပါတယ်။
မင်းတုန်းမင်းပြီးတော့သီပေါမင်း။
သာသနာတော်တိုးတက်မှု အရှိန်အဟုန်ကောင်းတုန်းပါဘဲ။

နောက် အင်္ဂလိပ်တွေ ၀င်လာတယ်ပဲ ဆိုကြပါဆို့။
ဘာသာခြားတွေ ကိုယ့်နိုင်ငံတွင်းဝင်လာတော့ ရှိရင်းစွဲကိုယ့်ဘာသာကို
ထောက်ပံ့မှုတွေ လျော့နည်းလာတာ အမှန်ပါပဲ။

အဲ့ဒီအချိန် အုပ်ချုပ်တဲ့အင်္ဂလိပ်အစိုးရက ဗုဒ္ဓဘာသာကို အားမပေးတော့
ဘာသာရေးနိုးကြားတဲ့သူတွေက တစ်ပိုင်တစ်နိုင်အဖွဲ့အစည်းတွေ ဖွဲ့ကြတယ်။
အမိနိုင်ငံတော်က မိမိတို့ယုံကြည်ကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာ မပျောက်ပျက်သွားဘို့၊
အမိမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ဘို့၊ ထွန်းကားပြန့်ပွါးဘို့
ဆရာတော်သံဃာတော်တွေဦးဆောင်ပြီး အထက်ဗမာပြည်၊ အောက်ဗမာပြည်
ဆိုင်ရာဆိုင်ရာဒေသတွေမှာ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ကြတယ်။

ဒီလိုအဖွဲ့အစည်းတွေထဲမှာ သံဃသာမဂ္ဂီအဖွဲ့အစည်းကြီးဟာ
အင်မတန် အားကောင်းခဲ့တယ်။
၁၉၂၀ ပြည့်လွန်နှစ်ခန့် အင်္ဂလိပ်အစိုးရအုပ်စိုးစဉ်
ဒီသံဃာသာမဂ္ဂီအဖွဲ့ကြီးက ဆဋ္ဌသင်္ဂါယနာတင်ဘို့ ဆော်သြခဲ့ပါသေးတယ်။
အင်္ဂလိပ်အစိုးရက ဒီကိစ္စကို ခေါင်းထဲလုံးလုံး မထည့်ခဲ့ပါဘူး။

တကယ်တော့ အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့အချိန်မှာကိုက
ဗုဒ္ဓဘာသာ ပိဋကတ်စာပေနှင့်ပတ်သက်ပြီး
စိုးရိမ်ရမည့်အခြေအနေရောက်နေပါပြီ။

လက်ရှိ ပိဋကတ်စာပေတွေကို
တစ်ဆင့် ကူးယူတဲ့အခါမှာဖြစ်စေ၊ ပုံနှိပ်တဲ့အခါမှာဖြစ်စေ
ပုဒ်၊ ပါဌ်၊ အက္ခရာ၊ ၀ါကျ ချို့ယွင်းမှုများ တဖြည်းဖြည်း ပေါ်ပေါက်လာနေပါပြီ။
ပုဒ်၊ ပါဌ်မမှန် အက္ခရာချို့ယွင်းရင် အဓိပ္ပာယ်ပြန်ဆိုမှုမှာလည်း လွဲမှားတော့တာပါဘဲ။
အဓိပ္ပာယ် လွဲမှားပါက သင်ကြားမှု ပရိယတ္တိဒေသနာများ ပျက်စီးသွားတော့တာပေါ့။
ပရိယတ္တိဒေသနာပျက်စီးသွားရင်
ပဋိပတ္တိအကျင့်တရားတွေလည်း ဘယ်မှန်ကန်တော့ပါ့မလဲ။
အကျင့်လွဲမှားရင် ဘယ်လိုလုပ် ပဋိဝေဓလို့ခေါ်တဲ့ တရားထူးရနိုင်တော့မှာလဲ။

ဒီအရေးကို မြင်လို့ ဒီအရေးကို စိုးရိမ်လို့ အင်္ဂလိပ်အစိုးရလက်ထက်မှာ သံဃသာမဂ္ဂီဆရာတော်များက
ဆဋ္ဌသံဂါယနာတင်ပွဲကျင့်ပဖို့ လှုံ့ဆော်ပေမဲ့ အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။

၁၉၄၈ ခုနစ်၊ လွတ်လပ်ရေးရပြီးခါမှ ဦးနုဝန်ကြီးချုပ်ဖြစ်မှ
သံဃာတော်တွေရဲ့ဆန္ဒတော်ဖြစ်တဲ့ ဆဋ္ဌသံဂါယနာတင်ပွဲကို ကျင်းပနိုင်ခဲ့တယ်။
နေရာကတော့ ရန်ကုန်မြို့၊ ကမ္ဘာ အေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာပါ။

ဒီဆဋ္ဌသံဂါယနာတင်ပွဲကြီးကို
၁၉၅၄ - ခုနစ် မေလ (၁၇) ရက်နေ့မှာ စတင်ကျင်းပပြီး
၁၉၅၆ -ခုနစ်၊ မေလ (၂၄) ရက်နေ့မှာ အောင်မြင်ပြီးဆုံးပါတယ်။

မန္တလေးမြို့မှ ညောင်ရမ်းဆရာတော်ဘုရားကြီးက
သဘာပတိဆရာတော်အဖြစ်ထမ်းဆောင်ပါတယ်။
အမေး(ပုစ္ဆက) ဆရာတော်အဖြစ်
မဟာစည်ဆရာတော်ဘုရားကြီးက တာဝန်ယူဆောင်ရွက်ပြီး
အဖြေ (၀ိဿဇ္ဇက) ဆရာတော်အဖြစ်
မင်းကွန်းဆရာတော်ဘုရားကြီးက ဆောင်ရွက်တော်မူပါတယ်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးသို့ ထိုင်း၊ ကမ္ဘောဒီးယား၊လော၊ သီရိလင်္ကာနိုင်ငံတို့မှ ထေရ၀ါဒရဟန်းတော် ၁၄၄-ပါး၊ မြန်မာနိုင်ငံမှ ရဟန်းတော် ၂၄၇၃-ပါးတို့က
၂၄၅-ရက်တိုင်တိုင် ရွတ်တော်မူကြပါတယ်။

ထူးခြားတာက ဒီသံဂါယနာတင်ပွဲကို
ထေရ၀ါဒမဟုတ်တဲ့ ဂျပန်၊ တိဗက်၊ ဗီယက်နမ်၊ ကိုရီးယား၊
ဂျာဗားကျွန်း၊ မလေးကျွန်း၊ ဆစ်ကင်းပြည်စတဲ့ နိုင်ငံတို့မှ
မဟာယာနဂိုဏ်းဝင် ရဟန်းတော်များလည်း ကြွရောက်ချီးမြှင့်အားပေးခဲ့ကြပါတယ်။

ဒီခြောက်ကြိမ်မြောက်သံဂါယနာတွင်ပွဲမှာ
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်စာပေတွေကို
စက္ကူထက်မှာ အက္ခရာတင်ပြီး ပိဋကတ်စာပေသန့်စင်ရေးကို ဆောင်ရွက်နိုင်ခဲ့တယ်။

ဒီပွဲကြီးဖြစ်မြောက်အောင် ထောက်ပံ့ပေးသူများကတော့
ထိုအချိန်က အစိုးရများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတ ဦးဘဦး၊
နိုင်ငံတော် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သူ ၀န်ကြီးချုပ် ဦးနုတို့က
ကူညီဆောင်ရွက်တာဝန်ယူပေးပါတယ်။

သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်ဦးဆောင်တဲ့ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးကလည်း တိုင်းသူပြည်သားတို့ကိုယ်စား ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပူဇော်ဘို့ တာဝန်ယူကြပါတယ်။
ဝန်ကြီးချုပ်ကတော် ဒေါ်မြရီဦးဆောင်တဲ့ အမျိုးသမီးများကလည်း
သံဂါယနာ ဝေယျာဝစ္စ လုပ်ငန်းများကို အားတက်သရော ပါဝင်ပြီး
လုပ်အားဒါနများ လှူဒါန်းကြကြောင်း သိရပါတယ်။

ဦးနုတို့ခေတ်ကနေပြီး ယနေ့မျက်မှောက်ခေတ်အထိ
ဆရာတော် သံဃာတော်အရှင်သူမြတ်တွေဟာ
ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာ မကျရှုံးသွားဘို့၊ မပျောက်ကွယ်သွားဖို့
အဓိကအခန်းကဏ္ဍကပါဝင်နေဆဲပါ။

တကယ်လို့သာ ဆရာတော် သံဃာတော်အရှင်သူမြတ်တွေ
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့မယ်ဆိုရင်
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ပြီပေါ့။
ဒီနေ့ဒီခေတ်လို တစ်ကမ္ဘာလုံးက ပြောပြောနေတဲ့
ကမ္ဘာ့ဘာသာကြီးလေးခုဆိုတဲ့စကားဘယ်ဖြစ်လာနိုင်မလဲ။
ကမ္ဘာဘာသာကြီးသုံးခုလို့ပဲ သုံးနှုန်းတော့မပေါ့။

တကယ်လို့သာ ရှေးရှေးဆရာတော် သံဃာတော်အရှင်သူမြတ်တွေ
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့လို့
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ရင်
အခု ဒီစာရေးနေတဲ့အရှင်လည်း ဘုန်းကြီးတစ်ပါးဘယ်ဖြစ်နိုင်တော့မလဲ။
ဘုန်းကြီးတစ်ပါးဖြစ်နေစေဦးတော့။
ဗုဒ္ဓဘာသာဘုန်းကြီးတော့ ဖြစ်မှာမဟုတ်တော့ဘူး။
အခြားဘာသာရဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဦးဖြစ်နေရောပေါ့။
(ဒါမှမဟုတ်၊ အရည်းကြီးဘုန်းကြီးဖြစ်နေရောပေါ့)

ဒီစာကိုဖတ်နေတဲ့သူတွေလည်း ဒီလိုပဲပေါ့။
ဗုဒ္ဓဘာသာဝင်တွေ ဘယ်ဖြစ်နိုင်တော့မှာလဲ။

နောက်တစ်မျိုးစဉ်းစားကြည့်ရအောင်၊
ဒီနေ့ဒီအချိန်ကာလ ဒီနေ့ခေတ်ဗုဒ္ဓဘာသာဝင်တွေ ငါးပါးသီလကျင့်စဉ်မှသည်
သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရနေတာဟာ ဒီနေ့ခေတ်ဆရာတော် သံဃာတော်တွေ
ဟောပြောပြသပေးနေလို့မို့လား။

ကိုယ့်အဖိုးအဖွားတွေခေတ်တုန်းကရော။
သူတို့လည်း သူတို့နဲ့ခေတ်ပြိုင်ဆရာတော် သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရခဲ့ကြတာပေါ့။

ဆိုတော့ကား
မိမိတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ သားသမီးတွေ ခေတ်ရောက်ရင် သူတို့လေးတွေကို
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ဘယ်သူက ပြောပြ ဟောပြပေးမှာလဲ။

ရှင်းပါတယ်။
အခုလောလောဆယ် မိမိတို့ရဲ့ သားသမီးလေးတွေနဲ့ ရွယ်တူဖြစ်နေတဲ့
ပရိယတ္တိစာသင်တိုက် အသီးသီးမှာရှိနေတဲ့
ကိုရင်လေးတွေ ဦးဇင်းလေးတွေက ပြောပြ ဟောပြပေးမှာပါ။

ဒါ့ကြောင့်မို့ ဘုရားရှင်ရဲ့တရားတော်တွေကို ပြန်လည်ဖောက်သည်ချပေးနေတဲ့ သံဃာထုအခန်းကဏ္ဍ ပြတ်မသွားအောင်၊ ဆက်လက်တည်တံ့အောင်
ဗုဒ္ဓဘာသာဝင်မိသားစုတွေအနေနဲ့ အသက်ငယ်ရွယ်တဲ့ကိုရင်လေးပင်ဖြစ်လင့်ကစား
“ဒီကိုရင်လေးဟာ ဒို့သားသမီးတွေကို ဗုဒ္ဓဘာသာတရားတော်တွေကို
ပြန်လည်ဟောကြားပေးမည့် ဆရာတော်ကြီးဖြစ်လာမှာပါလား” လို့နှလုံးသွင်းပြီး
ရိုသေစွာ ဆက်ဆံကာ ထောက်ပံ့မှုများ ပြုလုပ်သင့်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာကမ္ဘာမြေပေါ်က ပျောက်ကွယ်မသွားအောင် ထောက်ပံ့တာနဲ့ အတူတူပါပဲ။

ဒါတွေကို ဘာလို့ဒီလောက်ရှည်ရှည်ဝေးဝေးကြီး ပြောနေရသလဲ၊ ရေးနေရသလဲဆိုရင်
သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ
ဗုဒ္ဓဘာသာမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိစေချင်လို့ပါ။
ဗုဒ္ဓဘာသာ ဒီနေ့အထိရေရှည် တည်တံ့ပြန့်ပွါးနေတာဟာ
ဆရာတော်သံဃာတော်တွေရဲ့ လုံ့လအားကြောင့် ဆိုတာကို သိစေချင်လို့ပါ။

ဒါ့အပြင် ဗုဒ္ဓဘာသာဟာ မြန်မာလူမျိုး မြန်မာနိုင်ငံအပေါ်မှာ
အများကြီးလွှမ်းမိုးမှုရှိပါတယ်။
မြန်မာနိုင်ငံသားအများစုကို ဘာလူမျိုးလဲလို့မေးရင်တောင်
ဗုဒ္ဓဘာသာလူမျိုးလို့ဖြေတဲ့သူတွေကိုတောင် အများကြီးတွေ့ဘူး ကြားဘူးပါတယ်။

ရိုးရာ၊ ယဉ်ကျေးမှု၊ မြို့ပြအဆောက်အဦတွေမှာလည်း
ဗုဒ္ဓဘာသာအငွေ့အသက်တွေ လွှမ်းမိုးခံရတာပါဘဲ။

နောက်ဆုံးကုန်ကုန်ပြောရရင်
မြန်မာပြည်ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပယ်နှုတ်လိုက်ရင်
သုညယဉ်ကျေးမှုသာ ကျန်မှာပါ။
မြန်မာနဲ့ဗုဒ္ဓဘာသာ၊ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာခွဲခြားလို့ မရပါဘူး။
ဒါ့ကြောင့် ဒို့ဘာသာဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို
ဒို့ဘာသာဝင်တွေက အဓိပ္ပါယ်ရှိရှိ၊ အနှစ်အသားပါပါ
ကိုးကွယ်ဆည်းကပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


Read more...

လွတ်လပ်စွာ တွေးခေါ်ကြရာဝယ်

နွေရာသီမှာ နေပူမယ်၊ မိုးရာသီမှာ မိုးရွာမယ်၊ ဆောင်းရာသီမှာ နှင်းကျမယ်ဆိုတာ လူသားတိုင်း သိနေပါတယ်။ဒါပေမဲ့ ယခုအခါ မိုးရာသီမှာ မြူနှင်းများကျတာခဲ့ရှိသလို၊ ဆောင်းရာသီမှာ မိုးတွေရွာနေတာလဲရှိတယ်။ နွေရာသီမှာလဲ မိုးတွေ ထစ်ချုန်းရွာတာကိုလဲ တွေ့မြင်နေရပါတယ်။ ဒါကိုသတိထားမိတော့ ရာသီဥတုတစ်ခုမှာ ဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆုတ်ကိုင်ထားတဲ့အတွေးစတွေလဲ တဖြေးဖြေးပျောက်ကွယ်ခဲ့ရပါတယ်။ ရာသီဥတုတွေ လွတ်လပ်စွာ ဖေါက်နေပြန်ကြသလို လောကလူသားများဟာလဲ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် လွတ်လပ်စွာ ယူဆပိုင်ခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တွေရှိကြပါတယ်။

ဘုရားရှင်လက်ထက်တော်ကတည်းက ငါဘုရားဟောတဲ့တရားကိုလဲ မှန်တယ်လို့ မထင်ကြနဲ့ဦး ကိုယ်တိုင်ဝေဖန်သုံးသပ်ပြီး ကိုယ်တိုင်အားထုတ်ကြည့်ပြီးမှ အမှား အမှန်ကို ကိုယ်တိုင်ပဲ မှတ်ယူကြဖို့ ကာလာမသုတ်မှာ ဟောကြားတော်မူခဲ့တာပါ။ ဒါကြောင့်လဲ လွတ်လပ်စွာ ဝေဖန်သုံးသပ်၊ယူဆ၊တွေးခေါ်မှု တွေဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့သလို အခုလဲရှိနေဆဲ၊ နောင်လဲရှိနေဦးမှာပါ။
တစ်နေ့ လူရွယ် တစ်သိုက် ကျောင်းပေါ်ရောက်လာကာ စာရေးသူအား ၀တ်ပြုကြပြီး တစ်ယောက်သောသူက “အရှင်ဘုရား…တပည့်တော်က အရှင်ဘုရားရဲ့စာဖတ်ပရိသတ်တစ်ဦးဖြစ်ပါတယ်။ တပည့်တော်ဟာ ထားဝယ်မြို့ကပါဘုရား၊ မရှင်းလင်းတာတွေကို တွေးခေါ်ပိုင်ခွင့်ရှိသလို မေးမြန်းခွင့်လဲ ရှိမယ်လို့ ထင်ပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် စိတ်ထဲမတင်မကျတာလေးကို မေးလျှောက်ခွင့်ပြုပါဘုရား။ အရှင်ဘုရားရေးထားတဲ့ “ဘုရားအရာမြောက်-မမြောက်” ဆိုတာနဲ့ပတ်သက်ပြီး ဘုရားဂုဏ်တော်တွေလဲ ရှိပြီးသားမို့ ဂုဏ်တော်ကိုသာ မျှော်မှန်းပြီး ရှိခိုးလို့ရပါတယ်။ ရုပ်တုတော်က အရေးမကြီးလို့ ထင်ပါတယ်။ ဒါနဲ့စပ်လို့ အဖြေပေးစေချင်ပါတယ်ဘုရား” လို့ လျှောက် ထားလာပါတယ်။ ထိုလူရွယ်ရဲ့ ဆိုလိုချက်က ဘုရားဂုဏ်တော်ရှိနေပြီဖြစ်တဲ့အတွက် ဂုဏ်တော်ကိုမှန်းပြီး ရှိခိုးရင်လုံလောက်ပြီ၊ ဆင်းတုတော်က အရေးမကြီးဘူး၊ ဒါကြောင့် ဘုရားအရာ မြောက်-မမြောက် ဆိုတာလဲ အရေးကြီးတဲ့ကိစ္စမဟုတ်တော့ဘူး။(ဆင်းတုတော်က ပဓာနမဟုတ်၊ ဂုဏ်တော်သာ ပဓာန) လို့ ဆိုလိုခြင်းဖြစ်တယ်။ ထိုစဉ်က တိုစိတိုစိပဲ ဖြေခဲ့ရတဲ့အတွက် မေးလာသူလူရွယ်ဟာ ကျေနပ်ဟန်မတူပါဘူး။ ဒါကြောင့် မေးလာသူလူရွယ်နှင့်တကွ စာချစ်သူများလဲ သိစေဖို့အတွက် ရည်ရွယ်ပြီး “နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့အတိုင်း စာနဲ့ အဖြေပေးလိုက်ရပါတယ်။
ပထမဦးစွာ “ဘုရားအရာ မြောက် မမြောက်” ဆိုတာနဲ့စပ်လို့ စာချစ်သူများသိအောင် အနည်းငယ်တင်ပြလိုပါတယ်။ ဘုရားဆင်းတုတော် ဖြစ်မြောက်အောင် ထုလုပ်ဆဲကာလမှာတော့ ကျော်ခွပြီး ထုလုပ်ပေမဲ့ အပြစ်မရှိဘူး။ ဘာကြောင့်ဆိုရင် ဘုရားအရာ မမြောက်သေးလို့ပါပဲ။ ဒါပေမဲ့ ဆင်းတုတော်ကို ထုလုပ်ပြီးစီးတဲ့အခါ ဘုရားဆင်းတုတော်ပဲလို့ မှတ်ယူတဲ့အချိန်ကစပြီး ဘုရားအရာမြောက်သွားပြီမို့လို့ ဆင်းတုတော်ကို မရိုမသေ မလုပ်ကောင်းတော့ပါဘူး။ ဒုတိယ ဂုဏ်တော်သာ ပဓာန၊ဆင်းတုတော်၊ပုံတော် ပဓာနမဟုတ် ဆိုတာနဲ့စပ်ပြီး တင်ပြပါ့မယ်။
ယနေ့မျက်မှောက်ခေတ်မှာ လောကအကျိုး အများအကျိုးကို အသက်စွန့်ပြီး လုပ်ဆောင်သွားကြတဲ့သူများ ရှိပါတယ်။ အများကလေးစားရတဲ့ ထိုသူများကို ရုပ်တုထုလုပ်ပြီး ထားရှိတာကို တွေ့ရပါတယ်။ လက်ညိုးထိုးပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု၊ ဦးဝိစာရ ရုပ်တုပါတဲ့ ကျောက်တိုင်၊ အိန္ဒိယနိုင်ငံမှာဆိုရင် မဟတ္တမဂန္ဓီအိမ်ဝင်းအတွင်းထားရှိတဲ့ မဟတ္တမဂန္ဓီရုပ်တု ၊ အခြားခြားသောနိုင်ငံတွေမှာလဲ ထင်ရှားတဲ့သူတွေရဲ့ရုပ်တုတွေ အသီးသီးထုလုပ်ထား ရှိကြတာ ကို တွေ့မြင်ကြရမှာပါ။ ဒီလိုရုပ်တုတွေဘာကြောင့်ထားတာလဲ၊ သူတို့ရဲ့စွမ်းစွမ်းတမံလုပ်ဆောင် ခဲ့တဲ့ အတုယူဖွယ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ထားခဲ့သလို၊ နောင်လာနောင်သားများလဲ အတုယူ အားကျလာအောင် ထုလုပ်ခဲ့ကြတာ ဖြစ်တယ်။
ထို့အတူပဲ လူတိုင်းမှာ မိဘဆိုတာရှိပါတယ်။ မိဘများ မရှိတဲ့နောက် ဓါတ်ပုံကိုပဲ အထွဋ်အမြတ်ထားကြပါတယ်။ မိဘဆိုတဲ့ဂုဏ်တွေ ရှိနေတာပဲ ၊ ဂုဏ်ကိုပဲမှန်းဆရင်ရပြီ၊ မိဘဓါတ်ပုံက အရေးမကြီးဘူးဆိုပြီး ဘယ်သားသမီးမှ ပြောကြမှာမဟုတ်ပါ။ မိဘဓါတ်ပုံကို မြတ်မြတ်နိုးနိုး ထားရှိကြမှာပါ။ ဒါဟာ ကိုယ့်ကိုယ်မွေးကျွေးခဲ့တဲ့ မိဘအဆင့်သာရှိသေးတာပါ။
လောက၊ဓမ္မနှစ်ဖြာ ကောင်းကျိုးအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ပြီးမှ ဘုရားဖြစ်တော်မူလာရတဲ့ ဘုရားရှင်ဟာ သုံးဆယ့်တစ်ဘုံအတွင်းရှိတဲ့လောကသားများကို အို နာ သေဘေးမှ လွတ်အောင် လမ်းညွန်ပေးတော်မူတဲ့အတွက် အထူး ဆိုဘွယ်ရာမရှိပြီ။ ဘုရားကို ဖူးမျှော်တဲ့အခါမှာ “ပုံတော်ကိုဖူး ဂုဏ်ထူးကိုမျှော် ဖူးမျှော်ခေါ်ရသည်” လို့ ရှေးဆရာတော်များ စပ်ဆိုခဲ့တဲ့ လင်္ကာနဲ့အညီ ဘုရားရှင်ရဲ့ပုံတော်ဆင်းတုတော် ကို ဖူးပြီး ဘုရားရှင်ရဲ့ဂုဏ်ထူးကိုမျှော်မှန်းမှသာ ဖူးမျှော်တယ်လို့ ပြောရတာပါ။ ပြီးတော့ ဗုဒ္ဓါနုဿတိပွားများတဲ့အခါ ပထမဦးစွာ ဘုရားဆင်းတုတော်၊ ပုံတော်များကို မျက်စိထဲစွဲနေအောင် ကြည့်ရပါမယ်။ ပြီးမှ မျက်စိမှိတ်ပြီး ပုံတော်ကိုအာရုံပြုကာ ဂုဏ်တော်ကို အထပ်ထပ်အခါခါ ပွားများရတာပါ။
ဒါကြောင့် ဘုရားရှင်ကို ရှိခိုးတဲ့နေရာမှာ ဂုဏ်တော်သာမက ပုံတော်၊ဆင်းတုတော်များပါ ရှိခိုးပါက ပိုမိုထိရောက်ကောင်းမွန်ပါကြောင်း ပြောပါရစေ။
တစ်ဖန် ထိုလူရွယ်က စာရေးသူအား “အရှင်ဘုရား…တပည့်တော် သံသယဖြစ်မိတာ၊ မေးချင်တာတွေကို စာထဲထည့်ရေးထားပါတယ်ဘုရား” ဆိုပြီး စာတစ်စောင် ဆက်ကပ်လာပါတယ်။ စာပါအကြောင်းအရာများကို လိုရင်းပဲပြောပါ့မယ်။
“အရှင်ဘုရား….တပည့်တော် စိတ်ထဲ မတင်မကျ ဖြစ်နေတာတစ်ခုကို ဖြေရှင်းပေးတော်မူပါဘုရား။ “မနုဿတ္တဘာဝ ဒုလ္လဘ” နဲ့စပ်ပြီး ဆရာတော်ကြီးများ တရားဟောပြောတဲ့အခါမှာ လူတစ်ထောင်သေရင် လူတစ်ယောက် ပြန်ဖြစ်ဖို့မလွယ်ဘူးဆိုတာကို နာကြားရပါတယ်ဘုရား။ အပါယ်လေးဘုံ ရောက်တာ များတယ်၊ တိရစ္ဆာန်ဘုံရောက်ပြီဆိုရင် လူပြန်ဖြစ်ဖို့ ပိုဝေးသွားပြီ လို့လည်း နာကြားရပါတယ်ဘုရား။ အခုအခါမှာ ကမ္ဘာ့လူဦးရေ မြန်မာ့လူဦးရေ တိုးတက်မှုဟာ လွန်စွာများပြားလာနေပါတယ်ဘုရား။ အဲဒီဖြစ်လာတဲ့ လူတွေဟာ လည်နေတဲ့သံသရာထဲကပဲ မဟုတ်ဘူးလားဘုရား၊ အပါယ်လေးဘုံသားတွေ လူပြန်ဖြစ်လာတာပါလို့ တွေးမိရင်လည်း အရှေ့အနောက်မညီဘဲ ဖြစ်နေပါတယ်ဘုရား။ ဆိုလိုတာကတော့ “လူ့ဘ၀ရခဲတယ်ဆိုရင် သေဆုံးမှုဦးရေနဲ့ မွေးဖွားမှုဦးရေတို့အနက် မွေးဖွားမှုနှုန်းဦးရေက ပိုမိုများပြားနေပါတယ်။ ဒါဘာကြောင့်လဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား” ။
မေးသင့်တဲ့အမေးတစ်ခုပါပဲ၊ ကမ္ဘာ့လူဦးရေကို အင်တာနက်ပေါ်မှာရှာကြည့်တဲ့အခါ
ကမ္ဘာ့လူဦးရေ (၁၉၀၀)ပြည့်နှစ်မှာ ၁.၆ ဘီလီလျံ ရှိပြီး (၂၀၀၉)ခုနှစ်မှာတော့ ၆.၈ ဘီလီလျံ အထိ များပြားလာတာကိုတွေ့ရပါတယ်။နှစ်ပေါင်း ၁၀၉နှစ်အတွင်း ကမ္ဘာ့လူဦးရေ (၅.၂) ဘီလီလျံ တိုးတက်ပွားများလာပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကမ္ဘာမှာ သေဆုံးမှုနှုန်းနည်းပြီး မွေးဖွားမှုနှုန်း များပြားနေတာကို တွေ့ရပါတယ်။ ဒါဆိုရင် ကမ္ဘာမှာ လူအဖြစ်များလာတယ်လို့ဆိုရမယ်။ ဒါနဲ့စပ်ပြီး လူ့ဘ၀ရခဲတယ် ဆိုတဲ့ဘုရားရှင်ရဲ့စကားတော်နဲ့ စပ်လို့ သံသယ ဖြစ်စရာပဲ လို့ မေးခွန်းရှင်မေးသလို စာချစ်သူများလဲ တွေးကောင်းတွေးပါလိမ့်မယ်။ ဘုရားရှင်တို့မည်သည် ဘယ်သောအခါမှ မမှန်သောစကားကို မဆို၊ မှန်သောစကားကိုသာဆိုတတ်တဲ့အတွက် ဘုရားရှင်ရဲ့စကားတော်ကို တော့ ယုံကြည်ရမှာပါ။ဒါဖြင့် ယခုလက်ရှိပစ္စုပ္ပန်လူဦးရေအလွန်များပြားလာတဲ့အခြေအနေအရ သံသယဖြစ်စရာဖြစ်နေတဲ့အတွက်….အားလုံးအသိရှင်း သွားအောင် တင်ပြပေးပါရစေ….။
စာရေးသူတို့ကျောင်းရှေ့မှာ လမ်းမီးတိုင်တွေရှိတယ်။ မိုးတအားရွာချပြီး မိုးတိတ်သွားတဲ့အချိန်မှာ လျှပ်စစ်မီးတိုင်မှ မီးရောင်ကြောင့် မြေကြီးထဲက အတောင်ပေါက်ပြီး ထွက်လာတဲ့ ပလူကောင်တွေဟာ အရေအတွက်အားဖြင့် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ များပြားလွန်းတဲ့ပလူကောင်တွေရှိတဲ့နေရာမှာ လူရယ်လို့တစ်ယောက်မှ မရှိ၊ အယုတ်ဆုံး ပလူကောင်ကို တွေ့မြင်သူတစ်ယောက်နှစ်ယောက်တော့ အများဆုံးရှိမှာပေါ့။ ဒီလိုနေရာလေးမှာတောင်မှ လူအရေအတွက်က တစ်ယောက်နှစ်ယောက်၊ ပလူကောင်အရေအတွက်က မရေနိုင်တဲ့ အသင်္ချေအနန္တဖြစ်နေတော့ လူနဲ့တိရစ္ဆာန်အရေအတွက် ကွာခြားလွန်းလှပါတယ်။
ဒီအခြေအနေကိုကြည့်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ဆိုဖွယ်ရာတောင် မရှိတော့ပါ။ ပြီးတော့ ကမ္ဘာ့လူဦးရေ ဘယ်လောက်ပဲ များပြားပါစေ၊ ရေတွက်နိုင်တဲ့အနေအထားမှာရှိပါသေးတယ်။ တိရစ္ဆာန်တို့ရဲ့ အရေအတွက်ကျတော့ များပြားလွန်းတဲ့အတွက် မရေမတွက်နိုင်ပါဘူး။
ဥပမာ လူနေအိမ် သုံးဆယ့်တစ်လုံးရှိတယ်ဆိုပါစို့။ ကိုယ်နေတဲ့အိမ်တစ်အိမ်ရဲ့ အခြေအနေကိုကြည့်ကြည့်ပါ။ နှစ်ကာလကြာလာတဲ့အမျှ မိသားစု လူဦးရေဟာ အထိုက်လျောက်တော့ တိုးပွားလာမှာပါ။ ကိုယ့်အိမ်က လူဦးရေတိုးတက်များပြားလာတာကို ကြည့်ပြီး လူဦးရေ တအားများလာတယ်လို့ ထင်တာပါ။ ဒါဟာ ကိုယ့်အိမ်တွင်းအခြေအနေကိုသာကြည့်ပြီး မှတ်ယူတာပါ။ တကယ်တန်း ကိုယ့်အိမ်ရဲ့အပြင်ဘက်က အိမ် အလုံးသုံးဆယ်နဲ့ နိုင်းယှဉ်လိုက်မယ်ဆိုရင် ကိုယ့်အိမ်ရှိတဲ့အရေအတွက်ဟာ မပြောပလောက်ပါဘူး။
ဒီလိုပါပဲ ကိုယ့်အိမ်နဲ့အလားတူတဲ့ ဒီကမ္ဘာကြီးမှာ လူဦးရေတိုးတက်များပြားလာတာကိုကြည့်ပြီး ဝေဖန်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုရင် ကျန်တဲ့ အိမ်အလုံးသုံးဆယ်နဲ့တူတဲ့ အပါယ်လေးဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ဘုံနှစ်ဆယ်မှာရှိတဲ့ ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်၊ နတ်သား၊နတ်သမီး၊ ရူပ၊အရူပဗြဟ္မာများရဲ့အရေအတွက်ဟာ များပြားလွန်းလှပါတယ်။ ဆိုလိုတာက သတ္တ၀ါအနန္တလို့ဆိုတဲ့အတိုင်း မရေမတွက်နိုင်တဲ့ အပါယ်ဘုံသား၊နတ်၊ဗြဟ္မာတို့နဲ့ နှိုင်းယှဉ်ကြည့်ရင် လူ့ဘုံက လူ့အရေအတွက်ဟာ အပုံတစ်ရာပုံလို့ တစ်ပုံ မရှိသေးပါဘူး။ ဒါကြောင့်လဲ သုံးဆယ့်တစ်ဘုံအတွင်း လူဖြစ်ဖို့ဆိုတာ ရခဲတယ်လို့ ဘုရားရှင် ဟောကြားတော်မူခဲ့တာပါ။
နောက်တစ်ခု ဘုရားရှင်ရဲ့အလိုတော်ကျပြောရရင် လောကမှာ လူလာဖြစ်တိုင်း လူ လို့ခေါ်နိုင်တဲ့သူဟာ ကမ္ဘာတစ်ဝှမ်းမှာ နည်းပါးလှပါတယ်။ လူ လို့ခေါ်နိုင်တဲ့ အဆင့်ရှိမှသာ ရခဲတဲ့လူဘ၀ ရရှိတယ်လို့ ပြောရမှာပါ။ လောကမှာ လူနဲ့တူတဲ့လူဖြစ်အောင် နေတတ်ဖို့ လိုတယ်။
လူ့ပြည်မှာ လူဦးရေ ဘီလျံနဲ့ချီပြီး တိုးတက်များပြားလာသော်လည်း လူအမျိုးအစားခွဲခြားလိုက်ရင် လေးမျိုးသာ ရှိပါတယ်။ အဲဒီလေးမျိုးက (၁) ငရဲသားနဲ့တူတဲ့လူ။ (၂) ပြိတ္တာနဲ့တူတဲ့လူ။ (၃) တိရစ္ဆာန်လူ။ (၄) လူနဲ့တူတဲ့လူ တို့ ဖြစ်ကြပါတယ်။
(၁)ငရဲသားနဲ့တူတဲ့လူ။ ။ ငရဲသားများဟာ ငရဲဘုံမှာ အကုသိုလ်ကံအားလျော်စွာ နှိပ်စက်ညင်းပမ်း ခံနေကြရတဲ့အတွက် ကိုယ်နေချင်သလို နေလို့ မရပါဘူး။ ဒီလိုပါပဲ လောကမှာ ရာဇ၀တ်မှုတွေ ကျုးလွန်ပြီး ထောင်ထဲ၊ အချုပ်ထဲမှာ အပြစ်ဒါဏ်ကျခံကြရပါ တယ်။ ထောင်သားများ ထောင်ကျခံနေရတဲ့အခိုက် စားချင်တဲ့အစားစာလဲ မစားရ၊ နေချင်တိုင်းလဲ မနေရ၊၀တ်ချင်တိုင်းလဲမ၀တ်ရ၊ အိပ်ချင်တိုင်းလဲ မအိပ်ရ၊ ကိုယ်နေချင်သလို နေလို့ မရတဲ့အတွက် လူစင်စစ်ကနေ ငရဲကျခံနေရသလိုပါပဲ။ ဒါကြောင့် ထောင်ကျခံနေရတဲ့သူများကို “ငရဲသားနဲ့တူတဲ့လူ” လို့ ခေါ်ဆိုရပါတယ်။
(၂)ပြိတ္တာနဲ့တူတဲ့လူ။ ။ပြိတ္တာဘုံဆိုတာ ချမ်းသာကင်းတဲ့နေရာဖြစ်တယ်။ ဆင်းရဲတာနဲ့ပြည့်နှက်နေပြီး၊ ချမ်းသာတာဆိုလို့ ဘာတစ်ခုမှ မရှိပါ။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ၀တ်စရာလည်းမရှိ၊ နေစရာဆိုလဲရှားပါးလှတယ်။ ဒီလိုပါပဲ လောက လူရယ်လို့ဖြစ်လာပေမဲ့ အတိတ်ကုသိုလ်ကံ နည်းပါးလွန်းတဲ့အတွက် သူတောင်းစားမျိုးမှ ဖြစ်ကြရတဲ့ သူတောင်းစားများပဲဖြစ်တယ်။ ထိုသူများဟာ စားဝတ်နေရေးအတွက် လူတွေဆီက ပင်ပင်ပမ်းပမ်း လိုက်တောင်းစားနေရတဲ့အတွက် အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ ဖြစ်ကြရတယ်။ ဒါကြောင့် သူတောင်းစားဖြစ်နေတဲ့ သူများကို “ပြိတ္တာနဲ့တူတဲ့လူ” လို့ခေါ်ဆိုရပါတယ်။
(၃)တိရစ္ဆာန်နဲ့တူတဲ့လူ။ ။ တိရစ္ဆာန်များဟာ ကာမဂုဏ်မှီဝဲခြင်း၊ စားခြင်း၊အိပ်ခြင်း ဆိုတဲ့လုပ်ငန်းသုံးမျိုးနဲ့ ဘ၀တစ်လျှောက်လုံး အချိန်ကို ကုန်လွန်စေပါတယ်။ ဒီလို ကာမဂုဏ်၊အိပ်၊စား ဆိုတဲ့ သုံးမျိုးသာအလုပ်ရှိတဲ့အတွက် တိရစ္ဆာန်လို့ ခေါ်ကြတာပါ။ ဒီလိုပါပဲ လောကမှာ လူဖြစ်လာပေမဲ့ ကာမဂုဏ်မှီဝဲမယ်၊အိပ်မယ်၊ စားမယ် ဆိုတဲ့ လုပ်ငန်းသုံးမျိုးသာသိပြီး အကုသိုလ်တရားတွေနဲ့ ဘ၀ရဲ့အချိန်တွေကို ကုန်လွန်စေပါတယ်။ ကုသိုလ်တရားနဲ့စပ်လို့ ဘာတစ်ခုမှ မပြုလုပ်၊မပွားများတတ်ကြ။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ လူလာဖြစ်သော်လဲ “တိရစ္ဆာန်နဲ့တူတဲ့လူ” လို့ ခေါ်ဆိုရပါမယ်။
ဖေါ်ပြခဲ့တဲ့ လူသုံးမျိုးဟာ ကုသိုလ်တရားနည်းပါးပြီး အကုသိုလ်ဒုစရိုက်နဲ့သာ အချိန်ကုန်ခဲ့ကြတဲ့သူများဖြစ်တယ်။ ဒီလိုလူမျိုးတွေဟာ လောက လူလာဖြစ်သော်လဲ လူ့ဘ၀ကို အကျိုးမဲ့စွာ ဖြတ်သန်းခဲ့ကြတဲ့အတွက် ရခဲတဲ့လူ လို့ မခေါ်ဆိုနိုင်ပါ။
ဒါဖြင့် ရခဲတဲ့လူအဖြစ်ကို ရလိုက်တဲ့သူများက ဘယ်လိုလူလဲဆိုရင် “လူနဲ့တူတဲ့လူ” များသာဖြစ်ပါတယ်။ လူနဲ့တူတဲ့လူ(ရခဲတဲ့လူ)ဖြစ်ဖို့ အတွက် အခြေခံအချက်ကြီးသုံးချက်ရှိပါတယ်။ (က) သရဏဂုံတည်ရပါမယ်။ (ခ) ငါးပါးသီလလုံခြုံရပါမယ်။(ဂ) အသက်မွေးမှု စင်ကြယ်ရမယ်။ တရားတဲ့နည်းနဲ့ စီးပွားရှာရမယ်။ ဒီအခြေခံအချက်ကြီးသုံးချက်နဲ့ပြည့်စုံရင်တော့ လူနဲ့တူတဲ့လူ(ရခဲတဲ့လူ)ဖြစ်ပါပြီ။ ထိုလူနဲ့တူတဲ့လူမှာလဲ သုံးမျိုးသုံးစားရှိပါသေးတယ်။ ဒါတွေကတော့ မူလတန်းလူ၊အလယ်တန်းလူ၊အထက်တန်းလူ တို့ဖြစ်ကြပါတယ်။
(က) မူလတန်းလူ။ ။ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တဲ့သူများကို မူလတန်းလူလို့ခေါ်ပါတယ်။
(ခ) အလယ်တန်းလူ။ ။နည်းမှန်လမ်းမှန်နဲ့တရားအားထုတ်ပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရ လို့ ရုပ်နာမ်ရဲ့သဘော လက္ခဏာသုံးပါး အနက်တစ်ပါးပါးသိမြင်တဲ့သူကို အလယ်တန်းလူ လို့ခေါ်ပါတယ်။
(ဂ) အထက်တန်းလူ။ ။ထိုသူများကျတော့ တရားအားထုတ် လို့ အောက်ထစ်ဆုံး သောတာပန် ဖြစ်သွားပြီ ဆိုရင် အထက်တန်းလူဖြစ်ပါပြီ။
နိဂုံးချုပ်ပြောလိုတာကတော့ လူ့ဘ၀ရောက်လာပြီး ရခဲလှတဲ့လူ့ဘ၀ရရှိဖို့အတွက် လူနဲ့တူတဲ့လူ များဖြစ်အောင် ကျင့်သုံးနေထိုင်ဖို့ပါပဲ။ ဒီအတွက် အကုသိုလ်တွေကို တတ်နိုင်သလောက်ပယ် သတ်သွားရမှာဖြစ်ပြီး၊ ဒါန၊သီလ၊ဘာဝနာကုသိုလ်တရားများကို စွမ်းနိုင်သလောက် ကျင့်သုံးသွားရပါမယ်။ ဒိလိုကျင့်သုံးနေတဲ့လူများကိုမှ မနုဿတ္တဘာဝဒုလ္လဘ ရခဲတဲ့လူ့ဘ၀ကို ရရှိလာတာဖြစ်တယ်။ ဒါဆိုရင် ကမ္ဘာကြီးမှာ လူဖြစ်လာပေမဲ့ ရခဲတဲ့လူ့ဘ၀ကို ရရှိလာကြတဲ့သူများဟာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ကြည့်ရင် အနည်းငယ်မျှသာရှိတယ်ဆိုတာ ပြောရင်း အဆုံးသတ်လိုက်ပါရစေ……

Read more...

ရဝေနွယ်အသစ်(၁)

ရဝေနွယ်(အင်းမ)

တစ်ခါတုန်းကလူသုံးယောက်လမ်းလျှောက်လာရင်း တောင်ကုန်းထိပ်မှာမိတ်ဆွေတစ်ယောက် ရပ်နေတာကို လှမ်းမြင်ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ ရှုခင်းတွေကြည့်နေတာထင်တယ်”လို့ ပြောလိုက်ပါတယ်။

ဒုတိယတစ်ယောက်က“မဟုတ်ပါဘူး၊ တို့ကိုစောင့်နေတာထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ တစ်ယောက်က “မဟုတ်ဘူး၊ လေကောင်းလေသန့် ရှုနေတာထင်တယ်”လို့ ပြောလိုက်ပါတယ်။

Read more...

Read more...

လွတ်ရာကမ်းသို့...

လောက ကောင်းကင်ကြီး အောက်
ရှုပ်ထွေးပွေလီ ဇာတ်ကြောင်းတွေနဲ့
သရုပ်ဆောင်နေကြ လူသားဘဝ
ရီလိုက် ငိုလိုက် လွမ်းဆွေးလိုက်နဲ့
ငရုပ်သီးထဲက ပိုးလို
ကိုယ့်ကိုယ်ကိုယ် ပူမှန်းမသိ အသိမဲ့။

ခန္ဓာငါးပါးသစ္စာ ဗုဒ္ဓတရားများ
ဟုတ်မှန်ပိုင်းခြား သိ ဤလူသားသည်
ဒိဋ္ဌိမာယာကြားက ဖောက်ထွက်ရင်း
အချိန်မနှောင်းခင် ဒီဘ၀အမီ
မဂ္ဂင်လမ်းလျှောက် မေတ္တာလွှမ်းကာ
လွတ်ရာကမ်းသို့ ကူးချေပြီ…..

Read more...

ဦးဗဂျီငို၏ အတွေးအမြင်များ




''ပါပသ္မိံရမတိမနော" ဆိုသည်နှင့်အညီ စိတ်သည် မကောင်းသောကို စဉ်းစား မကောင်း တာကိုဖက်ရှုပါက မကောင်းတာကို လုပ်ချင်တက်သဖြင့် ကောင်းတာကိုစဉ်းစား ကောင်းတာ ကိုရွေး၍ဖက်ပါ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အစဉ်ကြံစည်နေသူသည် အကြံကောင်းကို ရရှိ၏။ အကြံကောင်းကို ရရှိပြီးစ၍မလုပ်က အကျိုးမများချေ။ မကြံစည်ဘဲနေသူနှင့်လည်း ဘာမျှမခြားပေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကျောက်သည် အရေလည်အောင် အကွက်လည်အောင် အသွေးခံမှ အရောင်ပြောင်လက်၏။ အိုးသည် ခပ်နာနာအရိုက်ခံရမှ အိုးကောင်း၏။ အထွက်အထိပ်သို့ ရောက်လိုသူများ သည်လည်း အနှောက်အယှက် အဖျက်အဆီးများစွာနှင့် တွေ့ဆုံခဲ့ရသူများသာဖြစ်လေသည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လောက၌ ပညာရှိဖြစ်ခြင်းသည်လည်း ကောင်း၏။ သူဋ္ဌေးဖြစ်ခြင်းသည်လည်း ကောင်း၏။ ထို့အတူ သူတော်ကောင်းဖြစ်ခြင်းသည်လည်းကောင်း၏။ ပညာရှိဖြစ်ရန် အစဉ်ကြိုးစား နေသူသည် ပညာရှိဖြစ်နိုင်၏။ သူဋ္ဌေးကြီးကား မဖြစ်နိုင်။ သူဋ္ဌေးကြီးဖြစ်ရန် အစဉ်ကြိုးစား နေသူသည် သူဋ္ဌေးဖြစ်နိုင်၏။ ပညာရှိမဖြစ်နိုင်။ ထို့အတူ သူတော်သူမြတ် သူတော်ကောင်း ဖြစ်ရန် ကြိုးစားနေသူသည် မကြာမီ သူတော်သူမြတ် ဖြစ်မည်ကား မလွဲ၊ သို့သော် သူဋ္ဌေးကြီး ကားမဖြစ်နိုင်။

ထို့ကြောင့် တိုးတက်ကြီးပွားလိုသူသည် အထက် ၃-လမ်းတွင် ဘယ်လမ်းလိုက်မည်ကို မိမိကိုယ်တိုင် ပထမရွေးချယ်၍ လိုက်နာဆောင်ရွက်ကြိုးစားရမည်။ သိုမှသာလျှင် မိမိလိုရာသို့ ရောက်ရှိနိုင်လေသည်။

တိုးတက်မှုသည် နောင်တွင်မရှိ၊ ရှေ့တွင်သာရှိ၏။ နောက်ကိုဆုတ်ဖို့ရန် အဘယ်အခါမျှ စိတ်မကူးနှင့်၊ နောက်ဆုတ်ဖို့မှာ သူ့အလိုလိုဖြစ်လျှင်ဖြစ်ပါစေ ရှေ့သို့တိုးဖို့ရန် လုပ်ရမည်မှာ လူတိုင်း၏တာဝန်။

ဧည့်သည် တရုတ်-ကုလား လူမျိုးခြားများသည် မြန်မာပြည်သို့ နံငယ်ပိုင်းနှင့်လာ၍ မကြာမီ ကြီးပွားလာကြပါလျက် အိမ်ရှင် 'တို့မြန်မာ ' များမှာ မိမိအိမ်တွင် ဘယ်နေရာဘာရှိသည်ကို သိပါလျက် ဆင်းရဲနေရခြင်းမှာ ကံကြောင့်လော၊ ဉာဏ်ကြောင့်လော၊ ၀ီရိယကြောင့်လောဟု ကျမ်းထုက်ကာ စဉ်းစားဆင်ခြင်စရာတစ်ရပ်ပ်ဖြစ်၏။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တကယ်တန်း တိုးတက်ကြီးပွားလိုလျှင် ကံကိုမစောင့်နေနှင့် ကံကိုသွားခေါ်ပါ။ သို့သော် ကံကမလိုက်ဘဲ ရှိတတ်သဖြင့် ၄င်း၏ အဖော်သဟဲဖြစ်သော ကုသိုလ်ကောင်းမှုပြုခြင်း၊ မပျင်းမရိဘဲ ဉာဏ်နှင့်ယှဉ်၍ ကြိုးစားခြင်း၊ အလုပ်များကိုလုပ်၍ ၄င်းကံကိုခေါ်ပါ။ ထိုကံ ဤကံ အဘယ်ကံမဆို မိမိခေါ်ရာသို့ ရောက်ရှိမည်ကား အမှန်ပင်။

ရှင်ဘုရင်ဖြစ်မည့်သူမှာ ရာဇပလ္လင်ဖင်ကပ်ပါလာသည်ဟု ဆိုရိုးရှိစေကာမူ သူဌေးဖြစ်မည့်သူမှာ ငွေထုပ်ကိုကိုင်၍ မွေးလာကြသည်မဟုတ်ကြချေ။ မိဘဘိုးဘွားလက်ထက်၌ အလွန်အမင်းဆင်းရဲ ကြစေကာမူ ၄င်းတို့လက်ထက်၌ လူချမ်းသာ၊ လူကုံထန်အထက်တန်းစားများ ဖြစ်ခဲ့သူများ အရပ်ရပ်အရွာရွာ အမြို့မြို့တွင် ရှိကြလေသည်။ ထိုသို့မိမိတို့လက်ထက်ကျမှ ကြီးပွားတိုးတက် ချမ်းသာလာကြသူများအထဲတွင် မိမိလည်းမပါရဟု မည်သူမျှ ဟန့်တားခြင်းငှါ မတက်နိုင် ချေ။ မိမိလုပ်ရည်ကြံရည်ရှိပါက ပါဝင်နိုင်သည်သာတည်း။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတိုင်းလူတိုင်းတို့သည် မိမိတို့ကိုယ်ကို တစ်ရပ်လုံး၊ တစ်မြို့လုံးက၀ိုင်း၍ချစ်သည်။ မုန်းသူမရှိဟုဆိုခြင်းကို နှစ်လိုကြကုန်၏။ ထိုသို့တစ်ရပ်လုံး၊ တစ်မြို့လုံးတွေ့မြင်သူအပေါင်းတို့ ချစ်ခင်ခြင်းခံရရန်မှာ "သူ့သဘော လိုက်လျောညီထွေ ပေါင်းတက်လေ" ဆိုသောစကားအရ ဆက်ဆံပေါင်းသင်သွားခြင်းသည် ခရီးအရောက်ဆုံးလုပ်ငန်းဖြစ်လေသည်။

သူ့သဘော လိုက်လျောညီထွေ၊ ပေါင်းတက်စေ ဆိုသောစကားကို အသေစိတ်၍ သိရန်မှာ၎င်းပြောဆိုချက်ကို မိမိမနှစ်သက် မနှစ်မြို့သော်လည်း တစ်ချက်တည်း တဲ့တိုးပြန် လှန်ချေပခြင်း မပြုဘဲ ၄င်းပြောသူ နားခံသာအောင် အကျိုးအပြစ်ကို အေးချမ်းသာယာ နားဝင်အောင် ပြောဆိုနိုင်ဖို့သည် အလွန်အရေးကြီးလေသည်။

စကားတစ်ခုကို နားဝင်ချိုအောင်လည်း သုံးစွဲနိုင်၏။ ရင့်သီးအောင်လည်းပြောဆိုနိုင်၏။ ဥပမာ- ခင်ဗျား၏ မွေးသဖခင်ဆိုသော စကားကို ခင်ဗျားအမေ့လင်ဟု သုံးစွဲလိုက်လျှင် အတော်ပင် အခံရခက်၍ ထထိုးချင်လာမည်ကား မလွဲချေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ရိုးသားဖြောင့်မတ်ခြင်း

လူတို့တွင် ရိုးသားဖြောင့်မတ်ခြင်းမှာ တကယ်တန်း တိုးတက်ကြီးပွားလိုသူတို့အတွက် အထူး အရေးကြီးဆုံး အချက်ကြီးဖြစ်လေသည်။ ၄င်းရိုးသားဖြောင့်မတ်ခြင်းမှကင်း၍ အဘယ်သူမျှ အဓွန့်ရှည်စွာ မကြီးပွားနိုင်။ ထို့အတူ အလုပ်တွင်လည်း မှန်ကန်ခြင်းသည် အထူးအရေး ကြီးပေသည်။ ၄င်းမှန်ကန်ခြင်းမှ ကင်းခဲ့မူ အဘယ်အလုပ်မျှ မတိုးတက် မကြီးပွားနိုင်။ ၄င်း အချက်နှစ်ခုကို အနောက်နိုင်ငံသားများက လူအတွက် (ရိုးသားဖြောင့် မတ်ခြင်း ဂုဏ်နှင့် ပြည့်စုံခြင်း- Honesty)ဟု ခေါ်ဆို၍ အလုပ်အတွက် (စေ့စပ်သေချာ၍ အမှားအယွင်းမရှိ၊ တိကျမှန်ကန်ခြင်း-Accuracy)ဟု ခေါ်ဆိုကြလေသည်။ ထိုနှစ်ခုကင်းနေမူ လူသည်လည်း ကောင်း၊ အလုပ်သည်လည်းကောင်း မကြီးပွားနိုင်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

စာအုပ်နှစ်မျိုး

မိမိဉာဏ်အမြင်ကျယ်မှုအတွက် တိုးတက်လိုသူတိုင်း အထူးဂရုပြုရပေမည်။ ဉာဏ်အမြင် ကျယ်ရန် နည်းလမ်းကောင်းများမှာ တော၊ တောင်၊ ရေ၊ မြေ၊ ကြယ်၊ လ၊ နက္ခတ်၊ တာရာ စသော သဘာဝတရားများကို ကြည့်ရှုစဉ်းစား ဆင်ခြင်နေခြင်းပင်လျှင်၊ မိမိအကြံအစည် စိတ်ကူးဉာဏ်များ ရင့်သန်လာနိုင်လေသည်။

ဤကမ္ဘာဓမ္မတာ သဘာဝစာအုပ်ကြီးကား မိမိလိုရာကို ဖြစ်စေနိုင်သော၊ အကြံဉာဏ်ကို ပေးနိုင်သော စာအုပ်ကြီးဖြစ်သဖြင့် ထိုကမ္ဘာ့ဓမ္မတာ သဘာဝစာအုပ်ကြီးကို သာမန်လူတို့ မကြည့်နိုင်ကြချေ။ လောက၌ပေါ်ပေါက်နေသော စက္ကူစာအုပ်များကို ကျေပြွန်အောင် ကြည့်ရှုလေ့လာ ဆည်းပူးခဲ့သူများသာ ထိုသဘာဝစာအုပ်ကြီးများကို ဖက်ရှုနိုင်လေသည်။ အကယ်၍ မိမိသည် ထိုကမ္ဘာ့သဘာဝစာအုပ်ကြီးကို ဉာဏ်မမှီ၍ မကြည့်ရှု့ မဖက်တတ်ချေက မိမိလုပ်ငန်းနှင့်ဆိုင်သော အလုပ်များအတွက် ရိုက်နှိပ်ထားသော စာအုပ်စားတမ်းများကို ၀ယ်ယူဖက်ရှုမှ လက်ရှိအခြေအနေထက် တိုးတက်နိုင်လေသည်။

ထို့ကြောင့် မိမိသည် မည်သည့်အခြေအနေ၌ ရှိစေကာမူ တက်ခေတ်ကြီးဖြစ်၍နေသည်နှင့် အညီ မိမိနှင့်ဉာဏ်ရည်တူများ မိမိထက်မသာနိုင်ရန် မိမိသည် ထိုစာအုပ်(၂)မျိုးကို အစဉ်လက် ကိုင်ထား၍ ဖတ်ကြားမှတ်သားနေရမည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုရင်လေး
၂၁.၈.၂၀၁၁

Read more...

သြဂုတ်လ ၂၂ရက်နေ့တရားအစီအစဉ်များ။

Sunday, August 21, 2011


၂၀၁၁ ခု သြဂုတ်လ ၂၁ရက် ( ၁၃၇၃ ခု ၀ါခေါင်လဆုတ်(၇)ရက်နေ့ )
စင်္ကာပူ စံတော်ချိန်
တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီမှ တနင်္ဂလာနေ့ ည ၁၀း၀၀ နာရီ အထိ ...



ဆရာတော်ဦးသုမင်္ဂလဟောကြားတော်မူအပ်သောတရားတော်များ

(အောက်ပါတ၇ားတော်များကိုဒေါင်းလုပ်ရယူနိုင်ပါသည်)

၁။ မဟာသဠပုတ္တသုတ်
၂။ ကုဣသုတ
၃။ ကူဋဘာဂိရသုတ်
၎။ သီလာနိသံသသုတ်
၅။ ကစ္စဇာတ်
၆။ကုသိုလ်နှင့် အကုသိုလ်
၇။ လူပီသရေး
၈။ ဗာလပဏ္ဍတသုတ်(၁)
၉။ ဗာလပဏ္ဍတသုတ်(၂)
၁၀။ ကိုယ်သာနာ၍ စိတ်မနာစေနဲ့(၁)
၁၂။ သောတနုဂသုတ်
၁၃။ နန္ဒကောဝါဒသုတ်(၁)
၁၄။ နန္ဒကောဝါဒသုတ်(၂)
၁၅။ နန္ဒကောဝါဒသုတ်(၄)
၁၆။ နန္ဒကောဝါဒသုတ်(၅)
၁၇။ ဘူမိဇသုတ်
၁၈။ စူဠရာဟုလောဝါဒသုတ်
၁၉။ မှာတမ်းတော်
၂၀။ ဓမ္မဒါယဒသုတ်(၁)
၂၁။ ဓမ္မဒါယဒသုတ်(၂)
၂၂။ ဓမ္မဒါယဒသုတ်(၃)
၂၃။ ဓမ္မဒါယဒသုတ်(၄)
၂၄။ မဆုံသောလမ်း

တရားတောများကိုထုတ်လွင်ပေးသွားမည်ဖြစ်ပါသည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

တရားတော်အစီအစဉ်

Saturday, August 20, 2011


ပဲခူးမြို့ ဆယ်မိုင်ကုန်း
ဓမ္မဒူတတောရ သာသနာ့ရိပ်သာ ဆရာတော်
ဒေါက်တာ အရှင် ပညိဿရ
ဟောကြားတော်မူသော တရားတော်များ


၁။ လွတ်လမ်းကိုရှာ တရားနာ
၂။ လိုတိုရှင်း (၁)
၃။ လိုတိုရှင်း (၂)
၎။ တရားဘာကြောင့်ကျင့်ရတယ်
၅။ တရားကျင့်တဲ့ ရည်ရွယ်ချက်အမှန်
၆။ ခုရောနောင်ပါ ချမ်းသာတဲ့အကျင့်

တရားတော်များကို လွှင့်တင်ပူဇော်ပေးသွားမည် ဖြစ်ပါသည်။

သတ္တ၀ါမှန်သရွှေ့ တရားတွေ့၊ ချမ်းမြေ့သာယာရှိပါစေ။

သြဂုတ်လ ၂၀ ရက်နေ့တရားအစီအစဉ်များ။

Thursday, August 18, 2011

၂၀၁၁ ခု သြဂုတ်လ ၂၀ ရက် ( ၁၃၇၃ ခု ၀ါခေါင်လဆုတ် ၆ ရက် ) စနေနေ့

မြန်မာစံတော်ချိန် ၀၀း၀၀ နာရီမှ ၂၄း၀၀ နာရီ အထိ ..

ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ
ဟောကြားတော်မူသော

၁။ကောင်းတာယူ မကောင်းတာမယူနဲ့
၂။အရှုံးပေး အနိုင်ယူပါ
၃။ခွင့်လွှတ်ကြပါ
၎။ဗုဒ္ဓလမ်းစဉ်


စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ

အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ

အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ

ဟောကြားတော်မူသော

၁။အဘိဓမ္မာနှင့်ဝိပသနာတရားတော်

၂။အရှင်နာဂသိန်နှင့် အဘိဓမ္မာ

၃။ရဟန်းတပါး၏တန်ဖိုး

၎။ဘုန်းကံကြီးသူတို့အတွက်သာသနာ

၅။မြတ်ဗုဒ္ဓသာသနာ့သမိုင်းတရားတော် (၁)

၆။မြတ်ဗုဒ္ဓသာသနာ့သမိုင်းတရားတော် (၂)
၇။ဗုဒ္ဓသာသနာပြန့်ပွားရေး
ဂ။ရာဇောဝါဒ(မင်းကျင့်တရားဆယ်ပါး) ၁
၉။ရာဇောဝါဒ(မင်းကျင့်တရားဆယ်ပါး) ၂

ပဲခူးမြို့ ဆယ်မိုင်ကုန်း
ဓမ္မဒူတတောရ သာသနာရိပ်သာ ဆရာတော်
ဒေါက်တာအရှင်ပညိဿရ
ဟောကြားတော်မူသော

၁။အကျင့်မှန်မှ အသိမြန်
၂။နိဗ္ဗာန်သွားတဲ့လမ်း
၃။တစ်ကြိမ်လှူရမြတ်ဒါန
၎။ဥပုဒ်ဘာကြောင့်စောင့်ရတယ်
၅။မှားနေရင်ပြင်လိုက်ပါ
၆။တရားကျင့်နည်း၊ အားထုတ်နည်း

တရားတော်များကိုလွှင့်ကြားပေးသွားပါမည်။

တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏
ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP