ရောဟိနီမြစ်ကမ်းမှသည် မစ်ရှိဂန် ကမ်းခြေဆီထိ
ကံထွန်းသစ်
“ရေတစ်ပေါက်အတွက်နှင့် အဘယ်ကြောင့်တန်းဖိုးကြီးသောသွေးကို ပြုန်တီးပစ် လိုကြသနည်း အချင်းတို့”လို့ ဗုဒ္ဓရှင်တော် ဟောညွှန် ဆုံးမလေမှ သာကီယ ဆွေတော် မျိုးတော်တွေရဲ့ ဓါးရောင် လှံရောင် တပြောင်ပြောင်နဲ့ ရောဟိနီမြစ်ကမ်း က ရေလုပွဲပြီး ငြိမ်းအေး သွားခဲ့တဲ့ အကြောင်းကို ကြည်ကြည်နူးနူး ပြန်တွေး နေမိတာကတော့ ၀က်စကွန်စင်ပြည်နယ်ရဲ့ ကိုယ်နေ ထိုင်ရာ မီဝေါကီးမြို့က အတာသင်္ကြန်ပွဲတော် ကျင်းပတဲ့နေ့ကပေါ့။
အမိမြေမှာလို ပိတောက်တွေလှိုင်တဲ့ ခါတန်ခူးမှာ မကျင်းပနိုင်ဘဲ၊ စနိုးစဲရာ စပရင်းရာသီ မေလထဲမှာ ကျင်းပရတာကလွဲလို့ တကယ့်မြန်မာရိုးရာ သင်္ကြန်ပွဲလေးပါပဲ၊ ဇာတိမြေကိုလွမ်းသူတွေ အလွမ်းဖြေကြတဲ့ ပွဲမို့ထင့်၊ ဆင်နွဲလားသူတွေကဖြင့် ခန်းမတစ်ခုလုံး ဖိတ်လျှံသွားတဲ့အထိ။
ကခုန်သီဆိုသူတွေကလည်း တစ်ခြား စတိတ်ကဧည့်သည်တွေ အပါအ၀င် အရွယ်စုံ၊ အရောင်စုံ၊ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံပေါ့၊ ဒီအထဲ ဌာနေအမေရိကန်တွေ မက်စ်ဆီကန်တွေ အာဖရိကန်တွေ လာအိုတို့ မုန်းလူမျိုးတို့စတဲ့ အာရှနွယ်တွေ အပါအ၀င်လေ။
ကိုယ်တို့ မြေဖွားတွေက သူဟာသူနေကြတုန်းမှာ ရင်းနှီးချစ်ခင်ကြသလောက် စုစည်းလိုက်မှ သွေးကွဲလွယ်ကြတဲ့ သဘောကရှိလေတော့၊ ခုလိုစည်မှ စည်ပါ့မလားလို့ စိတ်ပူမိခဲ့တာတော့ အမှန်ပါ။ ဒီအထဲ အရေးပေါ်ကိစ္စကြောင့် အင်ဒီယားနားပြည်နယ်ကို အဆောတလျှင် ထွက်ခွါသွားရတော့ ပွဲတော် ကို စိတ်ကူးထဲကအတိုင်း အပြည့်အ၀ ပုံမဖော်နိုင်ခဲ့ဘူး။
ဒါပေမဲ့ သင်္ကြန်ချစ်သူတွေ ၀ိုင်းကြ၀န်းကြ ပူးပေါင်းဆောင်ရွက်ကြလေတော့၊ တော်သေးရဲ့ဟဲ့လို့ “ဟင်း” ချနိုင်တော့တယ်။ အစက စိတ်မ၀င်စား ဟန် ရှောင်ဖယ်နေသူတွေ၊ ဗမာပွဲဆိုပြီး အားမပေးလိုသူတွေ၊ ယခင့်ယခင် ပွဲလမ်းတွေမှာ ယုံကြည်မှုရအောင် ဦးဆောင်မှုမပေးနိုင်ကြ တဲ့ ခေါင်းဆောင် ဆိုသူ တစ်ချို့ရယ်ကြောင့် သဒ္ဓါပျက်နေသူတွေ စတဲ့စတဲ့ အားလုံးနီးပါးဟာ တပျော်တပါး ဆင်နွဲကြလို့။
ဒီမှာက တကယ့်ကိုတိုင်းရင်းသားက ပေါင်းစုံရယ်၊ ကိုးကွယ်ရာ ဘာသာကလည်းစုံပ၊ နောက်ပြီး တန်းတူလွတ်လပ်ခွင့်ရှိတဲ့ ဒေသဆိုတော့ “ သူတစ်လူ ငါတစ်မင်း၊ သူတစ်သင်း ငါတစ်ဖွဲ့” လုပ်ချင်သူတွေက အများသား၊ ဒီအထဲ သင်္ကြန်ကိုအကြောင်းပြုပြီး ကိုယ်ကျိုးရှာသူတွေကလည်း မရှား။
အခြားစတိတ်တွေမှာဆို ဘုန်းတော်ကြီးကျောင်း တည်တံ့ခိုင်မြဲရေး ရန်ပုံငွေရှာဖွေတဲ့ ပွဲတော်အဖြစ် ကျင်းပကြပေမဲ့၊ ဒီမှာက အဲဒီအသိမရှိကြ၊ ရတဲ့အခွင့် အပိုင်ယူဖို့ ချောင်းနေသူကလည်း ယခင်ပွဲတွေက အတိုင်းပေါ့။ ကိုယ့်ဆန္ဒကလည်း ရန်ပုံငွေရရှိရေးထက် တို့သွေးချင်းတွေ တစ်စု တစ်ဝေး ပေါင်းစုံပျော်ရွှင်တာကို မြင်ချင်တာဆိုတော့ ဘာမှ အရေးမဆိုခဲ့ပါဘူး၊ လိုအပ်ရင် ကိုယ်ကတောင် အိတ်စိုက်ဖို့အသင့်ပါ။
ကိုယ်တို့မြေဖွားတွေ ပုဂံခေတ်က ကျောက်စာမှာပါသလို “ အချင်းချင်း အမျက်အအီကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြ” တာကိုသာ လိုချင်တာပါ၊ လူမျိုးစွဲတွေမပြင်း၊ အာဃာတတွေကင်းပြီး “သူ့ကို ကိုယ်ဖေးမ၊ ကိုယ့်ကို သူရိုင်းပင်း” နဲ့ စည်းလုံးခွန်းအားရှိတဲ့ မြန်မာပြည်သားတွေ ဖြစ်စေချင်တာ တစ်ခုပါပဲ။
အခုတော့ ဒီမှာက အဲလိုမဟုတ်၊ တစ်ချို့က ဗမာပြည်သားလို့ပြောရမှာ သိမ်ငယ်သလိုလို၊ ခရစ်ယန်ဘာသာ ၀င်မှ လူရာဝင်သလိုလို ထင်နေကြပြီး ဇာတိကိုမခင်သူတွေ တွေ့နေရတော့ စိတ်မလန်းခဲ့ဘူး။ တစ်ချို့များဆို သူတို့ကို အမေရိကန်တွေက မေးလာခဲ့ရင်၊ ဒါမှမဟုတ် သင်းအုပ်ဆရာတစ်ဦး ဦးက မေးလာခဲ့ရင် အိမ်နားနီးချင်း နိုင်ငံတစ်ခုကလိုလို၊ ဒါမှမဟုတ် သူတို့မွေးဖွားရာပြည်နယ်ကိုပဲ နိုင်ငံတစ်ခုလိုလို၊ နောက်ပြီး အခုလို ကတာ ခုန်တာတွေဟာ သူတို့ကိုးကွယ်ရာ ဘာသာအနေနဲ့ ကြည့်ရင် ဂုဏ်ငယ်တဲ့ အပြုအမူတွေလိုလို ပြောတတ်ကြတာ ကလား။
မှတ်မိသေးတော့၊ ကိုယ်တတ်နေတဲ့ ILC ကျောင်းမှာပေါ့၊ ခိုလုံလာသူ လူမျိုးပေါင်းစုံတတ်ရောက်ရာဆိုတော့ ကိုယ့်တို့တိုင်းရင်းသားတွေအပါအ၀င် လူမျိုးပေါင်းစုံပေါ့၊ တစ်နေ့မှာ ဆရာမက အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး ရဲအရာရှိတစ်ယောက်လာရောက် ဟောပြောမှာမို့ ဆိုင်ရာ နိုင်ငံ အလိုက် စုဝေးကြဖို့ ပြောတဲ့အခါ မြန်မာလို့ လက်ညိုးထောင်သူဟာ ကိုယ်နဲ့ ရခိုင်လေး တစ်ယောက်ပဲရှိတယ်။ ကျန်သူတွေက သူတို့ပြည်နယ် ကို နိုင်ငံအဖြစ်ပြောပြကြတော့ ဆရာမက မဟုတ်ဘူး သူဟာဆိုရင် ပိုလန်လူမျိုးဖြစ်ကြောင်း ဒါပေမဲ့ အခုတော့ အမေရိကန်နိုင်ငံသူ လို့ ပြော ရကြောင်းကို ရှင်းပြတယ်။
စိတ်မကောင်းဖြစ်ရတယ်၊ ဒါပေမဲ့ သူတို့ကို အဆိုးမဆိုသာပါဘူး၊ တစ်ချို့ဆို ရွာပုန်းရွာရှောင်ဘ၀နဲ့နေကြရပြီး အိမ်နားနီးချင်းနိုင်ငံတွေမှာ ကြီးပြင်း ခဲ့လေတော့ တကယ်ပဲ အဲဒီနိုင်ငံသား ထင်သူတွေ ရှိကောင်းရှိမှာပေါ့။ တစ်ချို့အုပ်ချုပ်သူတွေကြောင့် နားကြည်းနေသူတွေလည်း ရှိကောင်းရှိမှာပေါ့။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို သွေးကွဲးမှုဖြစ်စရာကို စဉ်းစားကြည့်နေမိတယ်။ ဒါကိုအခွင့်အရေးယူပြီး တစ်ချို့တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတွေကလည်း အက်ကြောင်းကို သပ်ပင်းခဲ့ကြတယ်။ ဒီတော့ရိုးသားတဲ့ တိုင်းရင်းသားတွေဟာ သွေးကွဲကုန်ကြတာဟာ ရောက်လေ ရာဒေသ တိုင်းလို့ ဆိုရတော့မှာပေါ့။
ဒီနေရာမှာ မြစ်ဝကျွန်းပေါ် တစ်နေရာက သူကြီးအိုကြီး တစ်ယောက်ပြောခဲ့တဲ့ စကားတွေ ကိုပြန်ကြား ရောင်မိတယ်၊ သူတို့ဒေသမှာ ကရင်ဗမာအဓိက ရုန်းဖြစ်တော့ တစ်ဖက်နဲ့ တစ်ဖက် တိုက်ကြခိုက်ကြ ရွာတွေအပြန်ပြန်အလှန်လှန် မီးရှို့ကြနဲ့ ဆူပူပြီးချိန်မှာ ဖဆပလ အဖွဲ့နဲ့ “ ဗိုလ်ချုပ်အောင်ဆန်း” ရောက်လာတယ်တဲ့၊ ရောက်မဆိုက် ဆိုသလို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက “ တာဝန်မဲ့တဲ့ အုပ်ချုပ်သူတွေနဲ့ အမြင်ကျဉ်းမြောင်းတဲ့ တိုင်းရင်း သားခေါင်းဆောင်ဆိုသူတွေကြောင့် ဖြစ်ရတာ”တဲ့။
အခုအချိန်ထိလည်း ဒီစကားဟာမှန်နေတုန်းပါလားလို့ ကိုယ်တွေးနေမိတယ်၊ အာရုံထဲမှာလည်း လက်ရှိကချင်ပြည်နယ် လိုင်ဇာဒေသကို မြင်ယောင် လိုက်မိတယ်၊ တကယ်တော့ ဘယ်တိုင်းရင်းသားမဆို ရိုးရိုးပြည်သူတွေကတော့ လူမျိုးမခွဲ ဘာသာမခြား အချင်းချင်းပျော်ဝင်လွယ်ကြတာကို သတိထားခဲ့မိတယ်၊ ဒါပေမဲ့ အခုလို ပြည်ပရောက်တဲ့ အခါမှာတော့ ကိုးကွယ်ရာ ဘာသာတရားကို တံခွန်ထူချင်ကြသူတွေ၊ လူမျိုးစွဲကို ရှေးတန်းတင်လို သူတွေ တွေ့နေရတော့ အထက်မှာပြောခဲ့သလို တကယ်စိတ်မကောင်းဖြစ်ရတယ်။
လွတ်လပ်စွာသဘောထားကွဲခွင့်နဲ့ အချင်းချင်းသွေးကွဲခြင်းကို ထပ်တူပြုချင်နေကြပြီးကောလို့ စဉ်းစားမိတယ်၊ ကိုယ့်အဖို့တော့ အမိမြေက အထင်လွဲမှု သံသယတွေ ပါလာခဲ့ရင်တောင်၊ အာဃာသအဖြစ် မရောက်စေချင် တာအမှန်ပါ၊ နောက်ပြီး “ မင်းလူမျိုးက ဘယ်လို၊ ငါ့လူမျိုးက ဘယ်ပုံ” နဲ့ ဘယ်လို ပင် ၀င့်ဝါပြနေပါစေ၊ ဒီနိုင်ငံကလူတွေအဖို့တော့ ဒုက္ခသည်အဖြစ်ရောက်လာသူ၊ Green Card ပေါက်လို့ရောက်လာသူ၊ အားလုံးဟာ ခိုလုံလာသူတွေ သာ ပဲရယ်လို့ မြင်ကြတာကို သိစေချင်နေမိတယ်။
ဒါကြောင့် သင်္ကြန်ပွဲကျင်းပဖို့ စည်းဝေးတဲ့နေက “အချင်းချင်း ပြိုင်ဆိုင်နေကြမည့်အစား၊ တို့များဟာ အကြောင်း မလှလို့ ဒုက္ခသည် အဖြစ်ရောက်ခဲ့ ရပေမဲ့ အစဉ်အလာရှိတဲ့ လူမျိုးတွေဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ရာစုနှစ်များစွာ ကတည်းက ကိုယ်ယဉ်ကျေးမှု ကိုယ်ဓလေ့ ကိုယ့်အနှပညာနဲ့ နေလာကြ သူတွေဖြစ်ကြောင်း ပြသကြရမယ်၊ အခုသင်္ကြန်ပွဲတော်မှာ ကရင်ကလည်း ကရင်အလျောက်၊ ဗမာကလည်း ဗမာအလိုက်၊ မွန်တို့ ရခိုင်စသည်တို့ ကလည်း ကိုယ့်ဓလေ့ ကိုယ့်အလှတွေနဲ့ အသီးသီးပြကြရမှာဖြစ်ကြောင်း၊ ညှိညှိနှိုင်းနှိုင်း ပူးပေါင်း ဆောင်ရွက်ကြစေချင်ကြောင်း” ပြောခဲ့တယ်။
ဟော အခုတော့ သိုက်မြိုက်စွာ ကျင်းပနိုင်ကြပြီလေ၊ အခုလို ကျင်းပနိုင်တာဟာ ကိုယ့်စကားကြောင့် မဟုတ်သည့်တိုင်၊ သူတို့ရင်ထဲက ငုတ်နေတဲ့ ဇာတိစိတ်ကိုတော့ နိုးလိုက်နိုင်တယ်လို့ ထင်မိတယ်။ ကြည့်စမ်း အခုတော့ သင်္ကြန်ရေမှာ အားလုံးပျော်ဝင်လို့၊ ခန်းမတစ်ခုလုံး သင်္ကြန်ဒိုးသံလွှမ်းလို့။
မြင်ကွင်းကို ပြန်စမြံ့ပြန်မိတော့……………. ပထမဦးဆုံး ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့ဝင်ဖြစ်တဲ့ ကိုယ်သူရိန်ရဲ့ သ၀ဏ်လွှာက သင်္ကြန်ရဲ့ ထုပ္ပတ်နဲ့ ပွဲလာတွေကို မိတ်ဆက်ပေးသွားတယ်၊ ငွေဖလားလေးတွေပိုက်ထားတဲ့ မြန်မာပျိုဖြူလေးတွေရံပြီး သင်္ကြန်တော်ဖွင့်လှစ်ကြောင်း ကြေငြာ သွားတဲ့ စောဘရွှေရဲ့ စကားတွေကလည်း ချစ်ကြည်သွေးစည်းမှု မင်္ဂလာတွေလွှမ်းလို့၊
မရှင်သန်း နော်လွင်သန်းတို့ခေါင်းဆောင်တဲ့ “ မြူမောင်ဝေကင်း” မြို့မသီချင်းနဲ့ အဖွင့် က ကွက်ကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း ပရိတ်သတ်ကို ဖတ်းစားလို့၊ မသွယ်သွယ်စိုး အော်ဟယ် ငေါက်ဟယ်နဲ့ သင်ကြားပေးခဲ့ရတဲ့ ကလေးမ ငယ်လေးတွေရဲ့ ယိမ်းနဲ့ ဆယ်ကျော်သက်လေးတွေရဲ့ သင်္ကြန်အကတွေကလည်း ဒီက အမေရိကန်တွေကို နှစ်သက်သဘောကြစေခဲ့တယ်၊ သူတို့ တစ်တွေ ပန်းကုံးတွေ တတ်စွပ်ကြတာက သက်သေပေါ့။ နောက်ပြီး နော်မေဖောရဲ့ တိုင်းရင်းသားရိုးရားဝတ်စုံ မော်ဒယ်ရှိုးကလည်း ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တယ်၊ ကချင် ကယား ကရင် ချင်း ရခိုင် မွန် မြန်မာ ရှမ်း စတဲ့ ၀တ်စုံတွေကို ဆင်မြန်းထားတဲ့ မောင်မယ်စုံတွဲလေးတွေဟာ ပရိတ်သတ်ကြားထဲကနေပြီး စင်ပေါ်ကို အလှည့်ကြ တတ်ရောက်လာကြတဲ့ ဟန်က ရင်ခုန်စရာပေါ့၊ အဲ…….နောက်ခံတေးဂီတက အမေရိကန် ဘင်ထုသံမဟုတ်ပဲ၊ လူမျိုးအလိုက် ရိုးရာတီးလုံးလေးတွေဆို ပိုလို့ ပနံရမယ် မြင်မိတယ်။
နန်းစိုးတို့ တင်ဆက်တဲ့ ၀ါးညှပ်အက ကလည်း ဒီကလူတွေအဖို့ မြင်ကွင်းဆန်း ရသပေါ့၊ ကိုယ့်ရင်မှာ ပိုပြီးကြည်နူးသွားရတာက၊ ကနေတဲ့ ကရင်မောင်မယ်တွေအတွက် အောက်ကနေ ၀ါးညှပ်ခုပ်ပေးနေသူတွေဟာ ရခိုင်လူငယ်လေးတွေ ဖြစ်နေတာတွေ့လိုက်ရလို့ပါပဲ၊ အဲဒီလို ရိုးရာ အလှတွေကို စုစုစည်းစည်း တတ်ညီလက်ညီ တင်ဆက်ခဲ့သလို ကိုချစ်ဝင်း မစန်းအေးတို့ရဲ့ သမီးငယ်ချောစုဝင်းကလည်း အမေရိကန်သီချင်းတစ်ပုဒ်ကို ကီ:ဘုတ်နဲ့ ကိုယ်တိုင်ဆိုတီးပြခဲ့သေးတယ်။
ထားဝယ်သံဝဲ၀ဲနဲ့ ရိုးရာသီချင်းတွေကို ပိုနိုင်စွာပျော်ဖြေသွားကြတဲ့ ကိုနီဝင်း မစန်းဦးနဲ့ ကပြဖြေဖျော်တဲ့ သမီးလေး “ အိ ” တို့ရဲ့ ဖြေဖျော်မှုကလည်း ကြည်းနူးစရာ မိသားစု ကပွဲပေါ့။ အဲဒီလို ကသူတွေများလေလေ ပန်းကုံးစွပ်သူတွေ ပေါလေလေ၊ ပန်းကုံးစွပ်သူတွေပေါလေလေ နန်းရွှေမြတို့ ခင်ထွေးရီတို့ရဲ့ ကျောင်းရံပုံငွေ အတွက် ပန်းကုံးတွေကလည်း လက်မလည်အောင် ရောင်းရလေပေါ့။
အစီအစဉ်တိုင်းကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ကြေငြာပေးခဲ့နိုင်တာကလည်း မြန်မာရိုးရာ မြန်မာ့အလှတွေကို အမေရိကန်ဧည်တွေနဲ့ မိတ်ဆက်ပေးနိုင်ခဲ့တယ်၊ ဒီအတွက် အင်္ဂလိပ်လို ကြေငြာသူအဖြစ် ကူညီဆောင်ရွက်ပေးတဲ့ မွန်မင်းသမီးလေး “ ဆောင်းသဇင် ” ကိုလည်း ဒီနေရာကနေ ကျေးဇူးစကားဆိုလိုက်ပါရဲ့။
ဒါတင်မက သက်ကြီးပူဇော်တဲ့ အခါကြလည်း မြန်မာတိုင်းရင်းသား သက်ကြီးရွယ်အိုများကိုသာမက ဒုက္ခသည်တွေကို တတ်နိုင်သမျှ အကူ အညီပေးနေတဲ့ မစ္စတာဂျွန်နဲ့ အခြားအမေရိကန်အဘွားတစ်ဦးကိုပါ ဂါရ၀ နိဝါတပြုနိုင်ခဲ့ကြတယ်လေ၊ ကုသိုလ်ရှင်တွေရဲ့ သင်္ကြန်ထမင်း မုန့်လုံးရေပေါ် ထမင်းကြော် ကြာဇံဟင်းခါး ဖရဲသီးစတဲ့ ရိုးရာအာဟာရတွေနဲ့လည်း ဧည့်ခံလိုက်သေးတယ်။ ကသူ ခုန်သူ သီသူ ဆိုသူတွေများလွန်းလို့ ခန်းမကို အချိန်တစ်နာရီ တိုးဌားရသေးတယ်၊ ပွဲပြီးခါနီးလေလေ ကသူတွေက မြူးလေလေပေါ့၊ ညနေငါးနာရီ ထိုးမှတော့ သင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တယ်။
အားနည်းချက်လေးတွေကတော့ မြန်မာတွေထုံးစံအတိုင်း အနည်းအကျဉ်းတော့ရှိတာပေါ့၊ ဆောင်းဘောက်ကြီး တွေ အကျယ်ကြီးဖွင့်လို့ လှိုင်သံနဲ့ ဟိန်းပြီး ဘာတွေဆိုမှန်းမသိရတာတို့။ ( ခန်းမတွင်းမှာ ကျင်းပတာကို လောက်စ ပီကာစွဲ မပျောက်တဲ့သူတွေဆိုတော့ အမြည်ကြိုက်က ခုထိပြင်လို့ မရကြသေးဘူး အသံကို လျော့ပါလို့ပြောတာတောင် မရချင်ဘူး ) တစ်ယောက်ဆိုမည် သီချင်းကို အခြားတစ်ယောက်က အရင်ဦးအောင် ၀င်ဆို သွားတာတို့၊ ဆိုမယ်လို့ စာရင်းပေးထားပြီး မလာလို့ ကြုံသူက ၀င်ဆိုပေးရတာတို့၊ အကမှာ မော့နေကြ လို့ ကျွေးမွေးခန်းမှာ လက်ဟာသွားတာတို့၊ ပွဲပြီးမှ ထမင်းအိုးကြီး ထမင်းအပြည့်နဲ့ ခုံအောက်မှာ သွားတွေ့တာတို့ စတာတွေပေါ့။
နောက်ဆုံးနိဂုံးချုပ်လိုက်တော့ အမေရိကားရဲ့ တစ်နေရာမှာ ပျော်ရွှင်သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြတဲ့ ရိုးရာပွဲလေး တစ်ခုပါပဲ၊ အောင်မြင်လိုက်သမှ ပန်းကုံးရောင်းရတဲ့ ကျောင်းရံပုံငွေလေးတွေကိုတောင် ခန်းမထပ် ဌားခနဲ့ လုံခြုံရေးဝန်ထမ်း ဌားခပေးချေလိုက်ရတဲ့ အထိပါပဲ။
ဘာပဲဖြစ်ဖြစ်လေ ဆောင်းပါးအစမှာ ကိုယ်ဆိုခဲ့သလိုပေါ့၊ ရောဟိနီမြစ်ရေကို အကြောင်းပြုပြီး သွေးမကွဲပဲ သွေးစည်း သွားကြတဲ့ သာကီဝင်ဆွေတော် မျိုးတော်တွေလိုပေါ့၊ အခုလည်း မြန်မာသင်္ကြန်ရေကို အကြောင်းပြုပြီး သွေးစည်းပျော်ဝင်ခဲ့ကြပုံကဖြင့် ရင်ခုန်ကြည်းနူးလို့ မဆုံးနိုင်အောင်ရှိရတယ်။
ရောဟိနီမြစ်ကမ်းကနေ ကိုယ်တို့နေထိုင်ရာ မီးဝေါကီးမြို့နားက မီရှီဂန် ကန်ကြီးရဲ့ အနောက်ဘက်ကမ်းခြေအထိ ရိုက်ခတ်လာတဲ့ သွေးစည်းသံလို့ ဆိုလိုက်ချင်တယ်။
သည်မှ………… ဟိုး……….ဧရာဝတီကမ်းခြေသို့တိုင် ရိုက်ခတ်ပါစေလို့ ဆုတောင်းရင်း………………။
ကံထွန်းသစ်
မေ ၂၉ , ၂၀၁၁
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
http://www.ashinsirinda.com/
2011-ခု၊ ဇွန်လ ၂၄-ရက်၊ သောကြာနေ့။
0 Comments:
Post a Comment