ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရား၏ အမေရိက ဓမ္မဒူတခရီးစဉ်
အရှင်တိက္ခဉာဏာ လင်္ကာရ ၏ သိက္ခာ ထပ်မင်္ဂလာ အခမ်းအနား
ကို ချီးမြှောက် တက်ရောက်မှာ ဖြစ်ပါတယ်။
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
တရားနှလုံးသွင်းပြီး ခန္ဓာကိုယ်ထဲကို စောင့်ကြည့်လိုက်ပါ။ စောင့်ပြီး အသက်ကလေး မှန်မှန်ရှူပြီးကြည့်လိုက်တော့ အာရုံတွေက တိုက်ချင်ရာက တိုက်လိမ့်မယ်။ ဥပမာ မျက်လုံးဖွင့်လိုက်တာနဲ့ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်လာတယ်။ ဒီဧည့်သည်မြင်စိတ်ဟာ အရင်ကပါလာတာလား၊ အခုမှ အဆင်းနဲ့တိုက်လို့ပေါ်လာတာလားဆိုရင် အခုပဲ ပေါ်လာတဲ့ ပစ္စုပ္ပန်စိတ်ပဲဆိုတာ မှတ်ရမယ်။ မြင်စိတ်ပေါ်သည်နဲ့တစ်ပြိုင်နက် စောင့်နေတဲ့ သတိ သမာဓိ ပညာက ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိဘူးဆိုတာ သိအောင် ချက်ချင်းလိုက်ပါ။ လိုက်လိုက်တော့ စက္ခုဝိညာဏံ အနိစ္စံဆိုတဲ့အတိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တဲ့ဓမ္မလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင် သူမြင်တာမဟုတ်ပါဘူး။ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေးကပဲ မမြင်ဘဲနဲ့ ချုပ်သွားတယ်ဆိုတာ သိမယ်။ ဒီလိုရှုတော့ မြင်စိတ်ဖြစ်ပျက်၊ ရှုတာက မဂ်။ ရှုတာက ၀ိပဿနာမဂ်ဖြစ်နေတော့ နောက်က ခင်တယ် စွဲလန်းတယ် အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံဆိုတဲ့ အနာဂတ်အကြောင်းသုံးခုမလာဘူး။ စောင့်မကြည့်ရင် လာမယ်။ စောင့်ကြည့်နေတုန်း မြင်စိတ်ကလေးပေါ်ရင် မြင်စိတ်နောက်ကို စောင့်နေတဲ့ဓမ္မတွေက ချက်ချင်းလိုက်ပါ။ လိုက်လိုက်တော့ အနာဂတ်အကြောင်းသုံးခု မလာဘဲနဲ့ ချုပ်တယ်။ ဒါကြောင့် စောင့်ပြီးတော့ ပေါ်ရာကို အနိစ္စရှုပါ၊ ဖြစ်ပျက်ရှုပါ။ စောင့်မကြည့်ရင် မြင်စိတ်နောက်က လိုချင်တယ်၊ စွဲလန်းတယ်၊ မရ ရအောင်အားထုတ်တယ်ဆိုတဲ့ အနာဂတ်အကြောင်းသုံးခုလာမယ်။ အနာဂတ်အကြောင်းဆိုတာ ပစ္စုပ္ပန်အကြောင်းတွေပါပဲ။ အခုလုပ်ထားတဲ့အကြောင်းတွေ။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာ မရဏတွေလာမယ်။ ဒုက္ခသစ္စာတွေပဲ။ အဲဒီဒုက္ခသစ္စာတွေ လာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပါ။ ဧည့်သည်စိတ်ကလေးပဲ။ ငါမြင် သူမြင်မဟုတ်ဘူး။ အခုမှ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာ။ အာရုံဒွါရတိုက်လို့ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲမထင်နဲ့၊ သူလဲမထင်နဲ့။ အနိစ္စလေးလို့သာ ထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ရမယ်။
စောင့်နေရင်းပဲ ဒုန်းကနဲ့ အသံကြားလိုက်တော့ ကြားစိတ်ပေါ်လို့ ကြားတာလန့်သွားတယ်ဆိုရင် နောက်က ဒေါသ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ အ၀ိဇ္ဇာတွေလိုက်တယ်။ စောင့်မကြည့်လို့ လိုက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ် အဆုံးကပြန်ဆက်တယ်။ အခုမှပေါ်လာတဲ့ ဧည့်သည်ကြားစိတ်ကလေး ပေါ်လာရင်လဲ ဖြစ်ပျက်ရှု။ ဒါဟာ စိတ္တာနုပဿနာပါပဲ။ ဉာဏ်ကလဲ ထိုင်း၊ ဒိဋ္ဌိကလဲများတဲ့ပုဂ္ဂိုလ် စိတ်ကို ရှုရမယ်လို့ သမ္မောဟအဋ္ဌကထာမှာ ဆိုတယ်။ ငါ့စိတ်လို့ထင်တယ်၊ ငါမြင်တယ် ငါကြားတယ်လို့ထင်တယ်ဆိုတာ ဒိဋ္ဌိပဲ။ ဉာဏ်ကလဲ လေး ဒိဋ္ဌိကလဲ များပြန်တော့ စိတ္တာနုပဿနာကို ရှုရပေလိမ့်မယ်။ စိတ္တာနုပဿနာရှုရင် ဒိဋ္ဌိအပြုတ်မြန်တယ်လို့ မှတ်လိုက်ပါ။ ဒိဋ္ဌိအနှောင်အဖွဲ့ကြောင့် အပါယ်ရောက်ကြရတာပဲ။ ၀ိပဿနာရှုတာဟာ ဟောဒီ အပါယ်ပို့မယ့်ဒိဋ္ဌိသတ်နေတာလို့ သဘောကျပါ။ ပြောလာတာ စိတ်နှစ်စိတ်ပြီးသွားပြီ။ နံစိတ်ကလေးပေါ်လာရင်လဲ ဖြစ်ပျက်ရှု။ မရှုရင် ငါနံတယ် ဘာညာဆိုပြီး ဒေါသ သောက ပရိဒေ၀ ဒုက္ခဒေါမနဿတွေ အ၀ိဇ္ဇာတွေ လာပြန်တယ်။ ဒါကြောင့် ဧည့်သည်နံစိတ်ကလေး နှာခေါင်းမှာပေါ်ရင်လဲ ဖြစ်ပျက်ရှု။ ရှုလိုက်တော့ နောက်ကလာမယ့်တရားဆိုးတွေ လာခွင့်မရှိတော့ဘူး။ လာခွင့်မရှိတော့ အနာဂတ်အကြောင်းပြတ်လို့ အနာဂတ်အကျိုးလဲ မပေါ်တော့ဘူး။ ဒါကြောင့် ၀ိပဿနာရှုတာသည် နောက်ခန္ဓာအစဉ်ပြတ်သွားအောင် လုပ်နေတာလို့ သဘောကျထားရမယ်။ နောက်ခန္ဓာအစဉ်ဟာ ဒုက္ခသစ္စာပဲ။ ဒါဖြင့် ၀ိပဿနာရှုရင် ဒုက္ခပြတ်တယ်လို့လဲမှတ်လိုက်ပါ။
လျှာပေါ်မှာ စားစိတ်ပေါ်လာရင် အခုမှပေါ်တာဖြစ်လို့ ပစ္စုပ္ပန်စိတ်ပဲ။ အဲဒီပစ္စုပ္ပန်စိတ်ကို ဖြစ်ပျက် အနိစ္စမြင်အောင် ရှုလိုက်ပါ။ မရှုရင် စားလို့ကောင်းတယ်ဆိုတော့ တဏှာဥပါဒါန် ကံတွေလာလိမ့်မယ်။ စားမကောင်းပါဘူးဆိုတော့လဲ ဒေါသ သောက ပရိဒေ၀တွေလာပြန်တယ်။ စားတဲ့စိတ်ကလေး ပေါ်တာကိုမှ ပေါ်မှန်းမသိလို့ရှိရင် အ၀ိဇ္ဇာ သင်္ခါရလိုက်တယ်။ ပဋိစ္စသမုပ္ပါဒ်တွေချည်းဆက်နေတယ်၊ အကြောင်းတွေချည်းဆက်နေတော့ အကျိုးဒုက္ခတွေကလဲ လိုက်လာမှာပဲ။ ဒါဟာ ဒိဋ္ဌိသတ်တဲ့ နည်း စိတ္တာနုပဿနာပဲ။ ဒိဋ္ဌိသတ်နိုင်ရင် သောတာပန်တည်တယ်။ ဒါကြောင့် သောတာပန်အမြန်တည်တဲ့နည်းဟာ စိတ္တာနုပဿနာပဲလို့ မှတ်ထားရမယ်။ စားတာကို ငါစားတယ်ထင်တော့ စားတာက စားစိတ်။ စားစိတ်ကို ငါထင်တော့ ဒိဋ္ဌိ။ စားစိတ်အပေါ်မှာ ဒိဋ္ဌိကပ်နေတယ်။ ဒါကြောင့် ပေါ်တဲ့စိတ်ကို ငါထင်တဲ့ အမြင်မှားတွေ ပျောက်အောင် စိတ္တာနုပဿနာက စရတယ်။
ယားတယ် နာတယ်ဆိုတော့လဲ အရင်ကတည်းက ယားနေတာမဟုတ်၊ အခုမှ ပေါ်လာတဲ့ ပစ္စုပ္ပန်စိတ်ပဲ။ ပေါ်ရာကို လိုက်ပြီးဖြစ်ပျက်ရှုလိုက်ပါ။ ရှုလိုက်တော့ ဖြစ်ပျက်နဲ့ မဂ်ဟာ တန်းသွားတယ်။ မရှုမိလိုက်ရင် နာတာကို မခံချင်တဲ့စိတ် ဒေါသ သောကတွေ လိုက်လာမှာပဲ။ လိုက်လာတော့ အ၀ိဇ္ဇာနဲ့ ပြန်တွဲပြီး အနာဂတ်အကျိုးတွေ ကိုယ်ပိုင် ရလာမယ်။ ဒီလို ရမယ့် နောက်ဒုက္ခတွေကို ဖြတ်နေတာဟာ ၀ိပဿနာပါပဲ။ အခုဖြစ်နေတဲ့ ဒုက္ခကို မမြင်တဲ့သူဟာ နောက်ဒုက္ခကို ဘယ်တော့မှမဖြတ်နိုင်ဘူး။ ဖြစ်ပျက်ဟူသရွေ့ ဒုက္ခသစ္စာလို့ မှတ်ထားပါ။ ခန္ဓာမှာလဲ ဖြစ်ပြီးပျက်တဲ့ဓမ္မကလွဲလို့ ဘာမှမရှိဘူး။ ဘာမှမရှိတော့ တစ်ကိုယ်လုံးဟာ ဒုက္ခသစ္စာပဲလို့ သဘောကျထားရမယ်။ တစ်ကိုယ်လုံး ဒုက္ခသစ္စာကြီးကို ဉာဏ်လှည့်ထားပြီး ပေါ်ရာဓမ္မဟူသရွေ့ ဒုက္ခသစ္စာချည်းပဲလို့ ဆုံဖြတ်ချက်ချနိုင်ရမယ်။ ဒုက္ခသစ္စာကို ရှုလိုက်တော့ ဒုက္ခသစ္စာမှန်းသိတဲ့ ၀ိပဿနာမဂ် နောက်ကလာတယ်။ ရှုလို့ ပေါ်တဲ့မဂ်က အနာဂတ်အကြောင်းတွေကိုဖြတ်လိုက်တော့ အနာဂတ်အကျိုးတွေလဲ မလာနိုင်တော့ဘူး။
ဒေါက်တာအရှင်ပါရမီ
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ စွန့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့
ငါပါအသက်ဆုံးစေမည်
စိတ်မပျက်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
(ကိုယ်ကျင့်အဘိဓမ္မာနိဒါန်း၊ မဟာဂန္ဓာရုံဆရာတော်)
ကိံ မေ ဧကေန တိဏ္ဏေန ၊ ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ ၊ သန္တာရေဿံ သဒေဝကံ။ (ဓမ္မသင်္ဂဏီ အဋ္ဌကထာ နိဒါန်း)
တစ်ယောက်ထည်းတည်း လွတ်မြောက်မှုကို ရယူမယ်ဆိုလျင် ရယူနိုင်တဲ့ အနေအထားရှိပေမယ့် အစွမ်းအစ ရှိတဲ့ ငါ့လိုယောက်ျားကောင်း တစ်ယောက်အဖို့ ကိုယ်တစ်ဦးတည်း လွတ်မြောက်မှုကို ရရုံနဲ့ ကျေနပ်ခဲ့မယ်ဆို ရင်(ကိုယ်လွတ်ရုံးခဲ့မယ်ဆိုရင်) ဘယ်မှာ ယောက်ျားကောင်း တစ်ယောက် ပီသပါ့မလဲ၊ သမိုင်းပေးတာဝန်ကျေတဲ့ လူသားတစ်ဦးဖြစ်နိုင်ပါ့မလဲ၊ ဆင်းရဲနွံတွင်း နစ်နေတဲ့သူတွေကိုလည်း နွံတွင်းကနေ ထုတ်ဆောင်ကယ်တင်မှ တော်မှာပေါ့။ (ဗုဒ္ဓလောင်းလျာ သုမေဓာ)
ဗုဒ္ဓကိုကြည်ညိုစိတ်နဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အောင့်မေ့သတိရတိုင်း အများဆုံးပေါ်လာတတ်တာက ဗုဒ္ဓလောင်းလျာ သုမေဓာရှင်ရသေ့ ဘ၀ဖြစ်စဉ်က ဒီပင်္ကရာဘုရား ခြေတော်ရင်း ၀ပ်စင်းခတွားရင်း စဉ်းစားမိတဲ့ အထက်က စကားလေးပါ။ တစ်စုံတစ်ယောက်ကို ကြည်ညိုရမှု၊ တစ်ဦးတစ်ယောက်ကို ကိုးစားယုံကြည်ရမှုမှာ တစ်ဦးတစ် ယောက်ရဲ့ အရည်အသွေးက အနှစ်မပါတဲ့ ဟန်ပြသက်သက်လား၊ အပြော သက်သက်လား၊ အပြောတခြား အလုပ်တခြား လူစားမျိုးလားလို့ တွေးတောမိလေတိုင်း ဗုဒ္ဓလောင်းလျာရဲ့ လုပ်ရပ်များက ပြတ်သားခိုင်ကျည်တဲ့ မှတ်ကျောက်တင်စွမ်းရည်များအဖြစ် ကွင်းကွင်းကွက်ကွက် စိတ်မနောထဲ ပေါ်လာလေ့ရှိလို့မို့ နှစ်ထောင်းအားရ ကြည်ညိုမ၀ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ်ပါ။
တခါခါမှာ ဉာဏ်ကင်းတဲ့ မပြတ်မသား မှုန်ဝါးဝါး သဒ္ဓါအားကြောင့် ကိုယ်ပိုင်မဖြစ်စလောက်အရာလေးကို စွန့် လွှတ်ဖို့ တွန့်ဆုတ်နေတတ်တဲ့ အခါများမှာ ဗုဒ္ဓလောင်းလျာ သုမေဓာရဲ့ ဒီစိတ်ထားကို သတိရမိရင် ကိုယ့်မှာ ဖြစ် နေတဲ့ ရွံ့တွန့် စိတ်ထားလေး လွင့်ပါးသွားတတ်အောင် တွန်းအားပေးတတ်သလိုဖြစ်လို့မို့လည်းပဲ ဒီစကားလေး က ကိုယ့်အဖို့ အားဆေးကောင်းကောင်းဖြစ်တတ်လေ့ရှိပါတယ်။ ကောင်းမှုကောင်းရာ လုပ်ငန်းလေးတွေကို လုပ်ဆောင်နိုင်စေဖို့အတွက်လည်း အထောက်အပံ့ကောင်းကို အများဆုံးဖြစ်စေနိုင်ခဲ့ပါတယ်။
ဒီစကားလေးကပဲ သုမေဓာရှင်ရသေ့ရဲ့ စွန့်လွှတ်စိတ်ထားတစ်ခုကိုသာမက သူ့ဘ၀ရဲ့အကြောင်းကိုလည်း တွေးမိစေခဲ့ပါတယ်။ ဒီပင်္ကရာဘုရားခြေတော်ရင်းမှာ နိယတဗျာဒိတ်ပန်း ဆင်မြန်းခွင့်ရနေတဲ့ အလောင်းတော် သုမေဓာအဖို့ အဲဒီလို ဗျာဒိတ်ရတဲ့အနေရောက်အောင် တုနှိုင်းရန်ခက်ခဲမည့် ပါရမီတော်တွေကို တော်တော် ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပူးပြီးသား ဖြစ်လေမှာပါ။ နို့မဟုတ်လို့ သာမန်ပုဂ္ဂိုလ်တစ်ဦးသာဆိုလျင် သုမေဓာဟာ ဗျာဒိတ်ပန်းဆင်မြန်းခွင့်ရသူ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ "တစ်ယောက်ထည်းတည်း နိဗ္ဗာန်ဆုကို ယူခဲ့မယ်ဆို လျင် ရနိုင်တဲ့အနေ ရှိတဲ့ ယောက်ျားမြတ်" ဆိုတဲ့ အဆင့်ကိုရောက်နိုင်မယ် မဟုတ်ပါဘူး။
ဒီအဆင့်ကို ရောက် လာအောင် ပါရမီတော်တွေဖြည့်ဆည်းပူးလာသူ တစ်ဦးအနေနဲ့ ဖြည့်ဆည်းစဉ်က ခိုင်မာတဲ့ပန်းတိုင်တစ်ခု အသေ အချာရှိခဲ့မှာပါပဲ။ ဒီပန်းတိုင်ဆိုတာကလည်း သံသရာဝဋ်ဒုက္ခကနေ ထွက်မြောက်နိုင်ရေးပဲ ဖြစ်မှာပါပဲ။ ဒါက အမြတ်ဆုံးသော နိဗ္ဗာန် သာဖြစ်လေ မှာပါ။ ကိုယ့်အတွက် အမြတ်ဆုံးပန်းတိုင်ကိုရောက်ဖို့ ကြိုးစားအား ထုတ်လာပြီး ပန်းတိုင်ကိုရောက်ဖို့ လက်တစ်ကမ်း အရောက်မှာမှ ကိုယ့်အတွက် ကိုယ့်အရေးကိုစွန့်လွှတ်ပြီး အများသတ္တ၀ါအတွက် ငဲ့ကွက်စဉ်းစားတော်မူခဲ့တဲ့ သုမေဓာရသေ့ရဲ့ မြင့်မြတ်စိတ်ထားနဲ့ စွန့်လွှတ်အားက လေး စားအားကျလို့ မဆုံးနိုင်စရာ၊ အတုယူစရာ မြင့်မြတ်တဲ့ စံပြုဖွယ်တစ်ခုပါ။
ဒီနေရာမှာ ထေရဒါဒ သင်္ဂါယနာ ပိဋကကျမ်းများမှာ မပါဝင်ပေမယ့် ဆရာစဉ်ဆက်ပြောရိုးစဉ်လာမှတ်သားထား ခဲ့ကြတဲ့ စကားဟာလည်း ကြည်ညိုတတ်သူတွေအဖို့ အားမာန်တိုးစေဖွယ်ပါ။ ဗုဒ္ဓအဖြစ်ရောက်တော်မူဖို့ စိတ် ထဲမှာတင် အဓိဋ္ဌာန်နဲ့ ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့တာက ခုနစ်အသင်္ချေ။ နှုတ်တော်ကပါ ထုတ်ဖော်ရင်း ပါရမီ တော်တွေ ဖြည့်ကျင့်နေခဲ့တာက ကိုးအသင်္ချေ။ ကိုယ်နှုတ်နှလုံး သုံးပါးအစုံနဲ့ ဖြည့် ကျင့် တော်မူခဲ့တာက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတဲ့။ တကယ်တော့ ဒီတဆင့်စကားက ကြားနာရသူတွေအဖို့ ကြည်ညိုပွားစရာ ဖြစ်စေရုံမက သုမေဓာဆိုတဲ့ ယောက်ျားမြတ်တစ်ဦးဖြစ်လာဖို့ တင်ကြိုကာ ဖြည့်ဆည်းပူးထားတဲ့ ပါရမီတော် တွေကပင်လျင် အံ့မခန်းနှိုင်စရာပါလားရယ်လို့ လှစ်ဟပြသနေသလိုပါပဲ။
နိဗ္ဗာန်ဆိုတဲ့ အမြတ်ပန်းကို လှန်းဆွတ်လို့ယူမယ်ဆိုလျင် လက်တကမ်းမှာပဲရှိတဲ့အနေ ရောက်နေပါလျက် ကိုယ်လွတ်ရုန်း မထွက်ပဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရှည်ကြာ ဆင်းရဲဒုက္ခတွေကို အများနဲ့အတူ မျှဝေခံစားကာ နေတော်မူတဲ့ မြတ်ဗုဒ္ဓလောင်းလျာရဲ့ မဟာ ကရုဏာကြီးမြတ်တော်မူ မှုကိုလည်း ကြက်သီးထမျှ ကြည်နူးအားရ ဖြစ်ခဲ့ရတာလည်း အကြိမ်ရာထောင်မကပါဘူး။
တကယ်တော့ သူ့တစ်ကိုယ်တည်းလွတ်မြောက်မှုအတွက်ဆိုလျင် ရနိုင်တဲ့အခြ အနေကောင်းတွေ ပြည့်ပြည့် စုံစုံရှိပါလျက်ကယ်နဲ့ အများ တကာတွေအတွက် ငဲ့ကွက်ကာ ရနိုင်တဲ့အမြတ်ဆုံးအရာကို စွန့်လွှတ်ခြင်းမှာ အမြတ်ဆုံးအရာကို စွန့်လွှတ်ရုံသက်သက်မျှသာမက အခြားသော ဆင်းရဲဒုက္ခ အမျိုးမျိုးကိုပါ လက်ခံရယူလိုက် သလိုဖြစ်မယ်ဆိုတာ အလောင်းတော် သုမေဓာလို ဉာဏ်ပညာပြည့်ဝသူတစ်ဦးအနေနဲ့ ကောင်းကောင်း သဘောပေါက်လေမှာ မလွဲပါဘူး။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတွင်းမှာ စီးပွားဥစ္စာတွေကိုလည်း စွန့်လွှတ်ရမယ်၊ ချစ်သမီးသား ဇနီးမယား တွေကိုလည်း စွန့်လွှတ် ရမယ်၊ ခြေလက်နားနှာခေါင်း အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ပေးစွန့်ရမယ်၊ အဆုံးစွန် အားဖြင့် လိုအပ်လာသူရှိပါက ကိုယ့်အသက်ကိုပင်လျင် မညှာမငဲ့ ပေးစွန့်ရမယ်၊ ဒီပေးစွန့်ရမှုကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲဒုက္ခတွေနဲ့လည်း ရင်ဆိုင်ရမယ်။ ဘာတွေကို ဘယ်လိုပင် စွန့်လွှတ်ကာ ပေးဆပ်ပစေ၊ မလိုတမာသူတွေရဲ့ ဆိုးသွမ်းယုတ်မာတဲ့ မမှန်စကားနဲ့ ကဲ့ရဲ့တင်းဆို ညင်ညိုမှုကို ခံရနိုင်ပေလိမ့်မယ်ဆိုတာ ကိုလည်း ကြိုတင်ပြီး သိမြင်ခဲ့လေမှာလည်း မလွဲပါဘူး။
ဗုဒ္ဓသမိုင်းကြောင်းပြန်ကြည့်လျင်ဖြင့် အလောင်းအလျာဘ၀များမှာ ပေးဆပ်ခဲ့ရတဲ့ စွန့်လွှတ်မှုတွေ၊ ကိုယ်စိတ် ဆင်းရဲဒဏ်အပြည့်နဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ စိတ်ကူးထဲမှာ တောင် စဉ်းစားပုံဖော်လို့ မရနိုင်လောက်အောင်ပင် ခမ်းနားကြီးကျယ်ခဲ့တာကို တွေ့နိုင်ပါတယ်။
ဒါဟာ မမြင် နိုင်တဲ့ အတိတ်ဘ၀တွေမို့ ငြင်းဆန်လိုတယ်ဆို ထားလိုက်ပါဦး။ နောက်ဆုံးဘ၀ အလောင်းတော် သိဒ္ဓတ္ထမင်းသား အခြေအနေ မှာကိုပဲ ပိုင်ဆိုင်တဲ့ထီးနန်း၊ ချစ်လှတဲ့ဇနီးမယားနဲ့ မွေးဖွားစ သားရတနာ ရာဟုလာ။ နောက်ပြီး လည်း မောင်းမမိဿံ ခြွေရံသင်းပင်း။ စွန့်ခြင်းကြီးများစွာကို စွန့်လွှတ်တော်မူခြင်းဟာ အံ့မခန်းပါ။ စွန့်လွှတ်မှုဆို တာ ဖြည့် ဆည်းပူးတော်မူခဲ့တဲ့ ပါရမီလုပ်ငန်းစဉ်များထဲက အနိမ့်ဆုံးဒါနဆိုတဲ့ ပေးကမ်းမှုတစ်ခုရဲ့ သင်္ကေတ မျှသာပါ။ ဒီ ထက်ပိုပြီး ခက်ခဲနက်ရှိုင်းတဲ့ လုပ်ငန်းစဉ်တွေကို အလောင်းလျာ ဖြည့်ကျင့်ဆည်းပူးတော် မူခဲ့ခြင်း တွေ ကိုဖြင့် ရေတွက်ပြ ၊ ပြောပြလို့ ဘယ်လိုမှ စွမ်းနိုင်မယ် မဟုတ်ပါဘူး။ ဘုရားတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတရားကို ဘုရားမှတစ်ပါး ဘယ်သူက ကုန်စင်အောင် ပြောပြနိုင်ပါ့လဲ။
အများကောင်းကျိုးဆောင်ဖို့ ကိုယ့်ရဲ့အချိန်အနည်းငယ်လေးမျှ၊ ပိုင်ဆိုင်မှုအနည်းငယ်လေးမျှကိုပင် ခွဲဝေသုံးစွဲ ပေးဖို့ ၀န်လေးတတ်တဲ့ သာမန်သူလိုကိုယ်လိုသူတွေရဲ့ စိတ်ဓာတ်နဲ့တော့ အကွာခြားကြီးလည်း ကွာခြားတော်မူ လှပါတယ်။ အထူးသဖြင့်တော့ သနားခြင်း မဟာကရုဏာ အပေါ်မှာ သတ္တ၀ါတွေကို ကယ်တင်ကာ ဘယ်လို ထုတ်ဆောင်လျင် အသင့်တော်ဆုံးနည်းလမ်းဖြစ်လေမလဲရယ်လို့ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဉာဏ်တော် စွမ်းအား၊ ဉာဏ်အားလျော်စွာ မှန်ကန်စွာအသုံးချနိုင်တော်စွမ်းအားကိုဖြင့် လေးစားအားရ ဖြစ်လို့ပင် မဆုံးနိုင်ပါဘူး။
မှားနေမှန်းသိပါလျက် ဘယ်လိုပြင်ဆင်နိုင်ရမှန်းမသိနိုင်အောင် အမှောင်လမ်းကြားမှာ စမ်းတ၀ါးဝါး သွား ရင်း ကြီးပြင်းနေရတဲ့ သူတစ်ဦးမို့လည်း အမှန်လမ်း ပြနိုင်စွမ်းနိုင်တဲ့ ဗုဒ္ဓအလောင်းတော်များရဲ့ ဉာဏစွမ်းအား တော်နဲ့ အဆုံးဘ၀ မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတ စွမ်းတော်စကို အခါခါမျှော်တ ကြည်ညိုလို့ မ၀နိုင်အောင် ဖြစ်မိရပါတယ်။
ကဆုန်လပြည့်နေ့ (မေလ) ရောက်လေတိုင်း ဗုဒ္ဓအဆုံးအမတရားတွေထွန်းကားတဲ့ နေရာတိုင်းမှာ ဗုဒ္ဓနေ့ပွဲ တော်ကို ကျင်းပကြတယ်။ အလောင်းအလျာဘ၀ကစလို့ ပြုမူခဲ့တဲ့ဗုဒ္ဓရဲ့ အမူအလေ့တွေကို အားကျအတုယူလို့ အတူပြုနိုင်မယ့် ခွန်အားတွေကိုလည်း ကူးယူကာ ပွားစည်ကြစေမယ်ပေါ့။ ရေတွက်နှိုင်းဆလို့ မရနိုင်တဲ့ အသင်္ချေအနန္တ ဂုဏ်တွေထဲက ဂုဏ်တော်တစ်ခုတလေမျှ တို့တွေရဲ့နှစ်လုံးသားမှာ ထင်ဟပ်လာမယ်ဆိုလျင် ကိုပဲ ဘယ်လောက် ဂုဏ်ယူဖွယ် လူသားတစ်ဦးဖြစ်လာနိုင်လေမလဲ။ ကောင်းဂုဏ်ဆိုတာ အတုယူ အားကျကာ ထုံပွားရတာမျိုးပဲ မဟုတ်လားလေ။
ဗုဒ္ဓနေ့ မဟာပဌာန်းပူဇော်ပွဲတဲ့။ ဗုဒ္ဓဂုဏ်တော်တွေကို မှန်းမျှော်ကာ ပူဇော်မှုတစ်ခု ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ ၀ိဟာရမှာ ပြုလုပ်ကြမယ်။ အသင်္ချေအနန္တ ဂုဏ်ပေါင်းခတဲ့ မဟာလူသားမြတ်ဗုဒ္ဓကို အနန္တနယ နည်းစုံလှတဲ့ မြတ်ဓမ္မနဲ့ အမှတ်တရ ပူဇော်ကြမယ်။ ရေချမ်းဆီမီး ပန်းသစ်သီး တို့ဖြင့်လည်း ၀မ်းသာအားရ ပူဇော်ကြမယ်။
ဗုဒ္ဓ ဘုရားရှင် လောကသားများအတွက် တရားဓမ္မစက်ကို ဖြန့်ကျက်နိုင်စေဖို့ သဗ္ဗညုတရွှေဉာဏ်တော်ကိုရကာ ဘုရားအဖြစ်ရောက်တော်မူခဲ့တာ ဒီနှစ်ဆို နှစ်ပေါင်း ၂၆ဝဝ တိတိ ပြည့်မြောက်ခဲ့ပြီ။ ဗုဒ္ဓညွှန်ပြတော်မူခဲ့တဲ့လမ်း အတိုင်း လျှောက်လှန်းခဲ့ကြလို့ (ဝိမုတ္တိသုခ) လွတ်မြောက်ရေးချမ်းသာ ပန်းတိုင်ဆီ ဆိုက်ရောက်ခဲ့ကြတဲ့ ဝေနေ ယျတွေလည်း အသင်္ချေမက အပမာဏ မက။ အနန္တရယ်မှ အနန္တာ။
တကယ်တော့ ဂုဏ်တော်တွေ အသင်္ချေအနန္တနဲ့ ပြည့်ဝတော်မူတဲ့ ဗုဒ္ဓကို ခုလို ပူဇော်ခြင်းက တကယ့်ကိုမှ မဖြစ် စလောက် အတိုင်းအတာလေး မျှသာပါ။ သို့ပေမယ့် ဒို့တွေအားလုံးရဲ့ နှလုံးသားမှာ ကိန်းတည်နေတဲ့ ဗုဒ္ဓကို ယုံကြည်မှုသဒ္ဓါတရားကတော့ ဗုဒ္ဓဂုဏ်တော်တွေအလား ရေတွက် ပိုင်းခြား လို့ ရနိုင်မယ် မထင်ပါဘူး။ အနှိုင်းမဲ့ ဂုဏ်သခင် ဘုရားရှင်ကို အနှိုင်းမဲ့ ကြည်ညိုသဒ္ဓါစွမ်းအားတွေနဲ့ ပူဇော်ကြတဲ့ပွဲမှာ သင်လည်းပါ၊ ငါလည်းပါ၊ ညီညာစွာ ကုသိုလ်ဒါနတွေ ပူးပေါင်းပါဝင်ခြင်းဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒို့တွေရဲ့ ဒီလုပ်ရပ်ကပဲ သံသရာရေအယဉ်ကြောမှာ မျောပါလှုပ်ရှားရင်း ရုန်းကန်ကူးခတ်နေတဲ့ ဒို့တွေကိုလည်း နိဗ္ဗာန်ဆိုတဲ့ ကြည်းကုန်းပေါ် ရောက်အောင် ထုတ်ဆောင်ကယ်တင်တဲ့ အားအစွမ်းတွေကို ပေးနိုင်လိမ့်မယ်။ ဒီ အားအစွမ်းတွေကိုပေးတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာသနာကြီး (တစ်နည်းအားဖြင့်) ဓမ္မအလှတရားတွေ အရှည် ပြန့်ပွားတည်တန့်နိုင်စေဖို့အတွက် အားကူလုပ်ဆောင်ပေးသလိုလည်းပဲ ဧကန်အမှန် ဖြစ်လိမ့်မယ်။ ဒါဟာ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းမြတ်မွန်ရည်တဲ့ မင်္ဂလာတစ်ပါးပင်ဖြစ်ပါတယ်။ ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာတစ်ဝှမ်း ပြန့်ပါစေ
ကမ္ဘာတစ်ဝှမ်း သာသနာလွှမ်း သာယာငြိမ်းချမ်းကြပါစေ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ မေလ- ၂ဝ--ရက်၊ သောကြာနေ့။သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာတွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တရားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ် ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှပါတယ်။
Enlightenment teacher David Hawkins makes a distinction between the idea of detachment - which signifies a non caring remote isolationist standpoint to the world – and the idea of non-attachment which involves engaged action without attachment to your own desires or expectation of particular outcomes.
Compassion is active.
A story illustrates:
A man walking thought he forest saw a fox that has lost its legs, and he wondered how it lived. Then he saw a tiger come up with game in its mouth. The tiger ate its fill and left the rest of the meat for the fox.
The next day God fed the fox by means of the same tiger. The man began to wonder at God’s greatness and said to himself, “I too shall just rest in a corner with full trust in the Lord and he will provide me with what I need.”
He did this for many days but nothing happened, and he was almost at death’s door when he heard a voice say, “O you who are in the path of error, open your eyes to the truth! Stop imitating the disabled fox, and follow the example of the tiger.”
Non-attachment is compassion in action:
Read more...စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 6:45 PM 0 မှတ်ချက်များ (...ရေးရန်)
စုစည်းထားမှု = တွေးမိသမျှ
Read more...© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP