* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, May 15, 2011

သောတာပန်၏ ထူးခြားချက်(၇)ရပ်

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ ၀ိပရိဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။ အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။

ဝိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။

ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။ သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။

ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။ လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။

နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။

(၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။

(ဆက်လက်ဖော်ပြပါမည်)။

Read more...

ပီနန်ကျွန်းမှာ သာတဲ့လ (၂)








Read more...

ဘဝသေလွန် ကုသိုလ်မွန်

လူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ ဖြစ်နိုင်တဲ့ ဘ၀ (၅)မျိုးရှိတယ်၊

(၁) လူ့ဘ၀မှာလည်း လူပြန်ဖြစ်နိုင်တယ်၊

(၂) နတ်ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၃) တိရစ္ဆာန်ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၄) ငရဲ ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၅) တစ္ဆေ၊ပြိတ္တာ ဘ၀မှာလည်း ဖြစ်နိုင်တယ်။

သေပြီးသူအတွက် ကုသိုလ်ပြုလုပ်၍ အမျှပေးဝေသောအခါ တစ္ဆေ သို့မဟုတ် ပြိတ္တာဘ၀တွင်ဖြစ်နေသူအားသာ

အမျှပေးဝေ၍ ရနိုင်ပါတယ်၊ သေသူ အတွက် ကုသိုလ် မပြုလုပ်မီ တစ်ရက်၊ နှစ်ရက်ခန့် ကြိုတင်၍ ညပိုင်းတွင် ထိုကွယ်လွန်သူကို ဖိတ်ကြားထားရပါမယ်၊ သင့်အတွက် ကုသိုလ်ပြုလုပ်ပေးမယ် သာဓုခေါ်နိုင်သော ဘ၀တွင် ရှိနေပါက လာရောက်၍ သင့်အတွက်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အဖို့ကို သာဓုခေါ်နိုင်ရန် ကြွရောက်ပါလို့ ဆိုကာ ဖိတ်ကြားသင့်ပါတယ်၊ ထိုသူတိုက်ရိုက်မကြားနိုင်ပါကလည်း သက်ဆိုင်ရာ တိုက်စောင့်နတ်၊ ရက်ကွက် စောင့်နတ်စတဲ့ နတ်များက တစ်ဆင့်ထိုသူ့ထံသို့ရောက်အောင် ကူညီ၍ သတင်းစကားပို့ပေးကာ ကူညီဖိတ်ကြားပေးကြပါလို့လည်း အကူအညီတောင်းခံသင့်ပါတယ်။ ထိုသို့ ဖိတ်ကြားပြီးပါက သေသူအတွက် ရည်ရွယ်ကာ သီလရှိသော ဘုန်းတော်ကြီးများကို ပင့်ဖိတ်၍ ကုသိုလ်ပြုလုပ်ကာ အမျှပေးဝေသင့်ပါတယ်။ ဘုန်းကြီးမရှိသော အရပ်ဒေသဖြစ်ပါက လူပုဂ္ဂိုလ်အချင်းချင်းလည်း (၈)ပါးသီလ ခံယူဆောက်တည်စေကာ ထိုသီလရှိသူအား ပေးလှူ၍ အမျှပေးဝေသင့်ပါတယ်။

သေသူအတွက် ရည်မှန်း၍ စားစရာများကို ပေးလှူကာ အမျှပေးဝေလျှင် ထိုသေသူမှာ ဘ၀သစ်မှနေ၍ သာဓုခေါ်နိုင်ပါက စားစရာများနှင့် ပြည့်စုံပြီး၊ သောက်စရာ သောက်ရေကို ပေးလှူ၍ အမျှပေးဝေလျှင် တမလွန်ဘ၀သို့ရောက်နေသော ထိုသူက သာဓုခေါ်နိုင်ပါက သောက်စရာရေကို ရနိုင်ပါတယ်၊ သင်္ကန်းစတဲ့ အ၀တ်အထည်များကို ပေးလှူ၍ အမျှပေးဝေပါက ထိုတမလွန်ဘ၀ရောက်နေသူ သာဓုခေါ်နိုင်ပါလျှင် ထိုသူမှာ အ၀တ်အထည်များနှင့်ပြည့်စုံနိုင်တယ်။ နေစရာအတွက်ယာယီ အဆောက်အဦး ပေးလှူ၍ အမျှပေးဝေပါက ထိုတမလွန်ဘ၀ ရောက်နေသူ သာဓုခေါ်နိုင်ပါလျှင် ထိုသူမှာ နေစရာများ ရရှိနိုင်တယ်။ ယာဉ်၊ဖိနပ်၊ ထီး စတဲ့ အသုံးအဆောင်များကို လှူဒါန်း၍ အမျှပေးဝေပါက ထိုတမလွန်ရောက်နေသူ သာဓုခေါ်ဆိုနိုင်လျှင် ထိုသူမှာ စီးစရာ ယာဉ် စသည့် အသုံးအဆောင်များနှင့် ပြည့်စုံနိုင်ပါတယ်။

သေလွန်သူဟာ တကယ်လို့ လူ့ဘ၀၊ နတ်ဘ၀၊ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀တို့တွင် ဖြစ်နေပါက ကုသိုလ်ပြုလုပ်ကာ သေလွန်သူအတွက် အမျှအတမ်း ပေးဝေပါသော်လည်း သာဓုမခေါ်ဆိုနိုင်ပါ၊ သာဓုမခေါ်နိုင်သဖြင့် သေလွန်သူအတွက် ရည်စူး၍ ပြုလုပ်သောကုသိုလ်၏ အကျိုးကို ထိုတမလွန်ဘဝ ရောက်နေသူမှာ အကျိုးတစ်စုံတစ်ရာ မခံစားနိုင်ပါ။ လက်ရှိ အလှူကို ပေးလှူကြသူများသာလျှင် ထိုကုသိုလ်၏အကျိုးကို ခံစားရပါလိမ့်မယ်။ တမလွန်ဘ၀ရောက်နေသူဟာ တစ္ဆေ၊ ပြိတ္တာဖြစ်နေပါလျှင် လိုဘဝဟာ ယုတ်ညံ့ နိမ့်ကျနေပါတယ်။ လူ့ဘ၀ကတော့ မြင့်မြတ်နေပါတယ်၊ လူ့ဘ၀တွင်လည်း သီလရှိသော ရဟန်းပုဂ္ဂိုလ်များက ပို၍ မြင့်မြတ်ပါတယ်။ ထို့ကြောင့် လူ့ဘ၀က ကောင်းမှုကုသိုလ်ပြုလုပ်၍ အမျှပေးဝေခြင်းမျိုးဟာ တောင်ပေါ်က ရွာချလိုက်တဲ့ မိုးရေ တောင်အောက်သို့ စီးဆင်းကာ အင်း၊ အိုင် ၊မြစ်၊ ချောင်း၊ ချိုင့်ဝှမ်းတွေမှာ မိုးရေပြည့်လျှံသွားရတဲ့ဥပမာလို လူ့ဘဝက ပြုလုပ်သော ကုသိုလ်ပြုအမျှဝေမှုဟာလည်း နိမ့်ကျသော တစ္ဆေ၊ ပြိတ္တာများအတွက် ကောင်းကျိုးစီးပွားများ ပြည့်ဖြိုးစေပါသည်။ ထို့ကြောင့် သေလွန်သူအတွက် ရည်စူးကာ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး အမျှပေးဝေမှုကို မလွဲမသွေပြုလုပ်သင့်ပါတယ်။

သာဓကတစ်ခု တင်ပြလိုပါတယ်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းတွင် ကျောင်းထိုင်နေသော အသက် ရှစ်ဆယ်ကျော် အတွေ့အကြုံ ရင့်ကျက်သော ဆရာတော်ကြီးတစ်ပါး မိန့်ကြားဖူးသော ကိုယ်တွေ့ သာဓက တစ်ခုဖြစ်ပါတယ်။

တစ်နေ့တွင် ဘာသာခြား ဒကာမနှစ်ဦး ထိုဆရာတော်ကြီးထံသို့ လာရောက် လျှောက်ထားကြသတဲ့၊ ထိုဒကာမကြီးရဲ့ အမျိုးသားမှာ ကွယ်လွန်၍ နှစ်ရက် သုံးရက်ခန့်ကြာသောအချိန်မှစ၍ လူခြေတိတ်ပြီး အိပ်ချိန် ဖြစ်သော သန်းခေါင်ယံ အချိန်မှာ နေ့စဉ်နေ့တိုင်း မီးဖိုခန်းထဲရှိ အိုး၊ခွက်၊ ပန်းကန်များကို အသံမြည်အောင်ပြု လုပ်ကာ ခြောက်လှန့်လေ့ရှိတယ်၊ အိပ်မက်မှာလည်း စားရမဲ့ သောက်ရမဲ့ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေ၍ ဗုဒ္ဓသာသာ ဘုန်းကြီးများကို ပင့်ဖိတ်၍ မုန့်ဟင်းခါးဆွမ်းလှူပြီး အမျှပေးဝေပါလို့ မကြာမကြာအိပ်မက်ပေးသတဲ့၊ မုန့်ဟင်းခါး မချက်တတ်ပါလို့ ပြန်ပြောရာ သူပြပေးမယ်ဟု ပြောသတဲ့၊ နောက်ပြီး ငါ ရှာထားခဲ့တာတွေကို စားသောက်နေကြပြီး ငါ့ကို မကူညီချင်ကြဘူးဟုဆိုကာ ဆူပူကြိမ်းမောင်းသတဲ့၊ ထိုကဲ့သို့ အကြိမ်ကြိမ် ခြောက် လှန့်အိပ်မက်ပေးနေလို့ ဆရာတော့်ထံ လာရောက်တာဖြစ်ကြောင်း၊ ဘယ်လိုပြုလုပ်လျှင် အကောင်းဆုံးဖြစ်နိုင်ပါ သလဲ လမ်းညွှန်ပေးစေလိုကြောင်း လျှောက်ထားကြသတဲ့၊ ဆရာတော်ကြီးကလည်း သံဃာ(၅)ပါးခန့် ပင့်ဖိတ်၍ သောက်ရေ၊ သင်္ကန်း၊ ထီး၊ဖိနပ် စသည်များကို လှူဒါန်း၍ ထိုကောင်းမှုကုသိုလ်၏ အဖို့ကို အမျှပေးဝေရန် ညွှန်ကြားပေးလိုက်တယ်။ ထိုဆရာတော်ဘုရားကြီး ညွှန်ကြားချက်အတိုင်း ပြုလုပ်ပြီးသည်မှ စ၍ ညအချိန်မတော် ခြောက်လှန့်ခြင်း၊ အိပ်မက်ပေးခြင်းမျိုး ဘယ်တော့မှ ထပ်မဖြစ်တော့ကြောင်း အဆိုပါ ဆရာတော်ကြီးမှ မိန့်ကြား ဘူးတာကို မှတ်သားခဲ့ဖူးပါတယ်။

ထိုကဲ့သော သာဓကများ ဘုရားရှင် လက်ထက်ကရော၊ အခုလက်ရှိခေတ် အနေအထားတွင်ရော များစွာရှိကြပါ

တယ်။ အတွေ့အကြုံတစ်ခုလောက်သာ တင်ပြခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သေသူအတွက် ရည်စူး၍ ကုသိုလ်ပြုလုပ်ခြင်းဟာ အစဉ်အလာပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ပြုလုပ်ရမယ့် ပြုလုပ်သင့်သော

ကုသိုလ်ကောင်းမှု လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းတင်ခြင်းဖြစ်ပါတယ်။

ချမ်းသာကြပါစေ….။ သစ္စပါရမီ အရှင်ဇယတိဿ

Read more...

“ဗုဒ္ဓစာပေဖတ်ရှု့သူတို့ ရရှိနိုင်မည့်ကောင်းကျိုးတရားများ”


ဗုဒ္ဓစာပေကို မြတ်နိုးသူ၊ ဓမ္မအသိကို နှစ်သက်သူ၊ တိုးပွားလိုသူများ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀၊ လှပတဲ့ အချိန်၊ ငြိမ်းချမ်းတဲ့ နေ့ရက်များကို ဖြစ်စေဖို့အတွက် ဗုဒ္ဓရဲ့ ဓမ္မစာပေတွေကို စာကြည့်တိုက်မှာ တစ်မျိုး၊ အင်တာနက် Websites တွေမှာတစ်သွယ်၊ စာအုပ်စာပေများမှာ တစ်ဖုံစသည်ဖြင့် ဖတ်ရှု့လေ့လာနေကြပါတယ်။ အကြောင်းတရားတိုင်းအတွက် အကျိုးတရားဆိုတာ အရိပ်ပမာ လိုက်ပါလာပြီးသားပါ။
ဒီတော့ ဗုဒ္ဓစာပေကို ဖတ်တယ်ဆိုတဲ့ အကြောင်းတရားနောက်မှာ ရရှိလာမယ့် အကျိုးတရားတွေဟာ ထပ်ကြပ်မကွာ လိုက်ပါလာမယ်ဆိုတာ အထင်အရှားပေါ့။ ဒါဆိုရင် ဗုဒ္ဓစာပေတွေကို ဖတ်ရှု့ခြင်းဖြင့် ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်သလဲလို့ မေးစရာရှိလာတာပေါ့။ ဒီအမေးကို အဖြေပေးဖို့ ဒီစာလေး ရေးလိုက်တာပါပဲ။ ဒါပေမယ့် ဗုဒ္ဓဟောကြားခဲ့တဲ့ လောကုတ္တရာအကျိုးတရားတွေကို အရင်မပြောခင် လောကီအကျိုးတရားတွေကို နည်းနည်းလောက် ပြောကြည့်ရအောင်……………….။
တကယ်တော့ ဗုဒ္ဓစာပေတွေကို ဖတ်ခြင်းအားဖြင့် စာပေအသိ ဗဟုသုတတွေ တိုးပွားလာနိုင်ပါတယ်။ မြင့်မားတဲ့ အတွေးအခေါ်တွေ တိုးတက်လာနိုင်ပါတယ်။ စိတ်ဓာတ်တွေ ကြံ့ခိုင်မြင့်မြတ်လာနိုင်ပါတယ်။ လူအချင်းချင်း စာနာတတ်လာတယ်၊ မေတ္တာထားလာနိုင်မယ်၊ ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာနိုင်တယ်၊ မိမိအကျိုး လောကအကျိုးဆိုတဲ့ ပရဟိတစိတ်တွေ တိုးပွားလုပ်ကိုင်လာနိုင်ပါတယ်။ ညစ်ညမ်းနေတဲ့ စိတ်တွေ၊ အမှုအရာတွေ အပြောအဆိုတွေ ကောင်းမြတ်သန့်စင်လာနိုင်ပါတယ်။ ဒါက လောကီအနေနဲ့ အကျဉ်းအားဖြင့် ရရှိနိုင်မယ့် အကျိုးတွေပါ။ တစ်ခြား အကျိုးတရားကောင်းတွေ အများကြီး ရရှိနိုင်ပါတယ်။
ဗုဒ္ဓစာပေတွေကို ဖတ်ခြင်းအားဖြင့် လောကုတ္တရာအကျိုးတရားတွေကတော့……………………..
၁။ ရတနာသုံးပါး၌ အတိုင်းမသိ ကိုင်းရှိုင်းရိုသေခြင်း။
၂။ သဒ္ဓါတရား ကြီးထွားခြင်း။
၃။ သတိအားကောင်းခြင်း။
၎။ ပညာဥာဏ်ပြန့်ပြောခြင်း။
၅။ ကောင်းမှု့တိုးပွားခြင်း။
၆။ ပီတိပါမောဇ္ဇအားကြီးခြင်း။
၇။ အကြောက်အလန့်ကင်းစင်ခြင်း။
၈။ ဆင်းရဲဒဏ်ကို ခံနိုင်ရည်ရှိခြင်း။
၉။ လူ့သဘာဝ စရိုက်ဆိုးများပယ်ဖျောက်၍ စရိုက်ကောင်းများ ဖော်ဆောင်နိုင်ခြင်း။
၁၀။ ဖတ်ရှု့နေစဉ်အတွင်း ရတနာသုံးပါး အာရုံဖြင့် တမုဟုတ်မျှ ကင်းကွာမှု့မရှိခြင်း။
၁၁။ ထိုထိုသော ပုဂ္ဂိုလ်ထူးတို့ ရရှိအပ်သော ဒါနအကျိုး၊ သီလအကျိုး၊ ဘာဝနာအကျိုးတို့ကို ရရှိခံစားလိုသော စိတ်ဓာတ်များဖြစ်ပေါ်လာပြီး မကောင်းမှု့များကို ကြဉ်ရှောင် ကောင်းမှု့ကောင်းကျိုးများကို ဆောင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း။
၁၂။ ထိုထိုပုဂ္ဂိုလ်တို့ကဲ့သို့ ကျင့်ကြံလိုစိတ် ပွားများလာပြီး သံသရာလမ်းမှ နိဗ္ဗာန်စခန်းသို့ ရည်သန်ကျင့်ကြံလိုသော သဒ္ဓါတရားများ ပေါ်ပေါက်လာနိုင်ခြင်း။ ဆိုတဲ့ အကျိုးတရားတွေကို ဗုဒ္ဓစာပေကို ဖတ်ရှုနေတဲ့ စာဖတ်သူတို့ မလွဲမသွေရရှိနိုင်တယ်လို့ “၀ိသုဒ္ဓမဂ္ဂဌာကထာ၊ ပထမတွဲ၊” မှာ ဖွင့်ပြထားပါတယ်။
တစ်ခုချင်းရဲ့ အကျယ်အဓိပ္ပါယ်ကိုတော့ သိသာထင်ရှားနေတာကြောင့် ဥဒ္ဒေသ-အကျယ်မရေးတော့ပါဘူး။
တကယ်တော့ ဗုဒ္ဓစာပေတွေကို လေ့လာဖတ်ရှုနေစဉ်မှာ ကိလေသာကင်းစင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာကို အာရုံပြု ကြည်ညိုနေတာဖြစ်တာကြောင့် ကိလေသာကင်းစင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာလိုပါပဲ စာဖတ်သူတို့လည်း တဒင်္ဂအနေနဲ့ လောဘ ဒေါသ မာန ဣဿာ စတဲ့ ကိလေသာတွေ ကင်းစင်နေပါလိမ့်မယ်။
ဒီလို ကိုယ်တို့ စိတ်တို့ကို ညစ်နွမ်းပင်ပန်း ပူလောင်စေတတ်တဲ့ ကိလေသာတွေ ကင်းစင်နေတဲ့ စာဖတ်သူရဲ့ စိတ်သန္တာန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေကို ခံစားရရှိနေမှာ သေချာပါတယ်။
(ဥယျာဉ်မှူးလေး)

Read more...

လူတော်လူကောင်းအမူအကျင့်(၁၀)ပါး



၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲစုဆောင်းတတ်ရမယ်၊ အခုချိန်မှာသူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။


၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်ေ အာင်) ကြိုးစားတယ်ဒီအသက်အရွယ် ရောက်နေမှတော့ ကလေး ဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာကုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်းရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှုရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာလူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကိုလန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။နောက်ပြီးဓာတ်ပုံပညာ၊ပစ္စည်းစုဆောင်းခြင်းစတဲ့ဝါသနာတွေဟာ လည်း အသွင်မတူတဲသာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန်ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်ကပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် ကပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုးရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါအသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာကိစ္စတွေ ကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်းဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲဒီအသက်အရွယ် ရောက်မှတော့ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲအမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီးတန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကိုချုပ် ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီကမြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှုမပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကိုစမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကိုနားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာလုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။
၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည် နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေ တယ်။ ဒါဟာလည်း yogaသင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာတစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကိုထိန်းထားနိုင်လိမ့်မယ်။

Read more...

“အိမ်စောင့် မြေးထိန်း သာသနာပြု”

အိမ်စောင့် မြေးထိန်း သာသနာပြုT Z sayadaw (8)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

“ မိဘနဲ့ ဆရာသမားတို့ရဲ့ အဆုံးအမကို မခံရဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ကြက်ဟာ တွန်ချိန် စည်းကမ်း မရှိတဲ့အတွက် ပျက်စီးသွားရတာ ဇာတ်တော်မှ ပါသမို့လားကွဲ့” ( ကျည်တောင်ကန်တိုက်သစ် ဆရာတော်ကြီး )

“ ကိလေသာတွေ ထိန်းကျောင်းရမယ့် ကျောင်းကို ကိလေသာဘေးမဲ့တောလို သဘောထားနေကြတယ်” ဆိုတဲ့ သြ၀ါဒကို မိန့်ကြားခဲ့တဲ့ ကျည်တောင်ကန် တိုက်သစ်ကျောင်း ဆရာတော်ကြီးအကြောင်းကို အရင်က တစ်ခါ အတွေးသစ်ဂျာနယ် အတွဲ( ၅ )၊ အမှတ်( ၂၂၀ ) မှာ ရေးခဲ့ဖူးပါတယ်။


ခုတစ်ခေါက် ဆရာတော်ကြီးထံ သွားတဲ့အခါမှာတော့ ကျောင်းတိုက်ရဲ့ အ၀င်ဝနားမှာ တည်ထားတဲ့ အုတ်ရေအိုးစင်မှာ ကွမ်းသွေးတွေ ပေကျံနေ တာကို ပွတ်တိုက် ဆေးကြောပြီး ဆေးရောင်အသစ် ပြန်လည်သုတ်ဖို့ စီစဉ် ညွှန်ကြားနေတုန်းမှာ ရောက်သွားပါတယ်။ စီစဉ် ညွှန်ကြားတဲ့ ကိစ္စ ပြီးတဲ့ အခါမှာတော့ ဆရာတော်ကြီးက…….


‘ အဲဒါပဲ ကြည့်တော့လေကွာ၊ သူများက ခရီးသွား ခရီးလာ သန့်သန့်ရှင်းရှင်း သောက်ရအောင် ဆိုပြီး အုတ်ရေအိုးစင် သပ်သပ်ရပ်ရပ် နဲ့ ရေမပြတ်ကုသိုလ် လုပ်ထားတာကို လူတွေက ကွမ်းသွေးတွေ ပလုတ်ကျင်းပြီး အုတ်နံရံကို ထွေးထားတာ မြင်မကောင်း ရှုမကောင်း ကို ဖြစ်လို့ကွာ။ ငါလည်း အမြင်မတော်တာနဲ့ သန့်ရှင်းပြီး ဆေးအသစ် ပြန်သုတ်ခိုင်းနေရတယ်။ ဒါတင်မကသေးဘူး မောင်ရ၊ ဟိုလမ်းဘေးက ဇရပ်ကိုလည်း သွားကြည့်ဦး။ အယုတ္တ အနတ္တတွေ မီးသွေးနဲ့ ရေးထားလိုက်ကြတာ တိုင်ကော၊ တန်းကော၊ ခါးပန်းကော၊ ကြမ်းကော ကွက်လပ် မကျန်အောင် ပြည့်လို့။ အဲဒါ လူ့အဆင့်အတန်းနိမ့်ကျတဲ့ သင်္ကေတတွေပဲမို့လားကွ…..


‘ ဒါနဲ့များ လူတွေက ပြောကြသေးတယ်။ “ လောကကြီးက ဆုတ်ကပ်ကြီးဖြစ်လို့ ဘာမဆို ပျက်စီးပြီး အကျည်းတန်ကုန်ပြီ” တဲ့။ မင်းပဲ စဉ်းစား ကြည့်လေကွာ၊ လောကကြီးဟာ ဘယ်အချိန်မှာများ ဆုတ်ယုတ်တယ်၊ အကျည်းတန်တယ်လို့ ရှိလို့တုံး။ ရေမြေတောတောင်တွေ ဆိုတာလည်း သူ့သဘာဝနဲ့သူ သူ့ရာသီနဲ့သူ လှနေတာပဲ။ နေ့တစ်နေ့ တည်းကိုပဲကြည့်၊ အရုဏ်တက်ချိန်က နေ၀င်ချိန်အထိ သူ့အလှနဲ့ သူ ဘာများ ပျက်စီးလို့လဲ။ အဲ…….ဆုတ်ယုတ်ပျက်စီးနေတာက လူတွေ၊ စည်းကမ်းမဲ့လို့ လောကကြီး ဆုတ်ယုတ်ပြီး အကျည်းတန်နေတာ’ ဆိုပြီး မကျေမနပ်တဲ့ သဘောနဲ့ မိန့်ကြားနေပါတယ်။ မိမိကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ သဘောထားနဲ့ အဆုံးအမကို နာယူလိုတဲ့အတွက်……


‘ ဆရာတော် ဒီကိစ္စမျိုးတွေက နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေရတဲ့ ပြဿနာပဲဘုရာ့။ အဲဒါ ဘယ်လိုက ဘယ်လိုစပြီး ဖြေရှင်းရမယ်ဆိုတာ ဘယ်သူမှ မစဉ်းစားတတ်အောင် ဖြစ်နေပုံရတယ်’ လို့ လျှောက်ထားလိုက်ပါတယ်။

ဆရာတော်ကြီးက………


‘ မင်းနှယ် ခက်ပါပကော။ ဟိုဇာတ်တော်ထဲမှာ ကြားဖူးတယ်မို့လားကွ။ သင်္ချိုင်းကုန်းမှာ မိမရှိ ဖမရှိ လွှတ်ထားတဲ့ ကြက်တစ်ကောင်ဟာလေကွာ၊ အမိအဖ ဆရာသမားတို့ထံက အတုမရတော့ တွန်ချိန်ကို နားမလည်ဘူး။ တက္ကသိုလ် ဒိသာပါမေက္ခဆရာကြီးထံမှာ ပညာသင်နေကြတဲ့ တပည့်တွေက အချိန်မှန်တွန်နေကျ ကြက်ကြီးသေဆုံးသွားတော့ အဲဒီကြက်ကို သွားဖမ်းပြီး မွေးထားကြတယ်။

အချိန်မသိ အခါမသိ တွန်ချင်သလို တွန်နေတော့ ညအခါမှာ ကြက်တွန်ချိန်ကို အမှတ်အသားပြုပြီး မန္တန်တွေရွတ်ဖတ်ရတဲ့ ကျောင်းသားတွေ အိပ်ချိန်မမှန်၊ ရွတ်ဖတ်ချိန် မမှန်ဖြစ်ပြီး ပညာတွေ မတိုးတက်တော့လို့ နောက်ဆုံးရိုက်သတ်လိုက်ကြရတာလေကွာ။ ဒီအကြောင်းကို ဆရာကြီးသိတော့ ဘာပြောလဲ၊ ‘ မိနဲ့ဖနဲ့ ဆရာသမားနဲ့ မနေခဲ့ရတဲ့အတွက် အချိန်နဲ့ စည်းကမ်းကို နားမလည်လို့ ဒီကြက်ပျက်စီးရတယ်’ လို့ ဆိုသမို့လား။ အဲဒါပေါ့ကွ၊ မိဘဘိုးဘွား၊ ဆရာသမားတွေက စပြီး သင်ကြားပြုပြင်ပေးရမှာပေါ့။


တော့်တော်စဉ်တုန်းက ငါ့ရွာက ညီဝမ်းကွဲတစ်ယောက် ရောက်လာတယ်ကွ။ ငါက “ မင်း အသက်အရွယ်လည်း ကြီးလာပြီ၊ တရားလေး ဘာလေးအားထုတ်ရင်း၊ ဒီမှာ တစ်လ ကိုးသီတင်းလောက် နေပါလား” လို့ တိုက်တွန်းတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ “ အိမ်မှာ အိမ်စောင့် မြေးထိန်း အလုပ်တွေနဲ့ မအားလို့” တဲ့။ ဒါနဲ့ ငါက “ မင်းတို့မြေးကို ဘယ်လိုထိန်းကြတုံး” ဆိုတော့ “ ဒီလိုပဲ ချော့လိုက် ငေါက် လိုက် အော်လိုက် ဟစ်လိုက်ပေါ့ဘုရား၊ ဘယ့်နှယ် ထိန်းရဦးမှာတုံး” တဲ့ဗျာ။ ကဲ မှတ်ကရော……….။


‘ ဟ…….မင်းတို့က မဟုတ်သေးပါဘူးကွ၊ အရွယ်ကြီးတော့ အိမ်စောင့်၊ ကြက်နှင်၊ မြေးထိန်း၊ ခွေးမောင်းဘ၀နဲ့ပဲ အချိန်ကုန်နေရတယ် ဆိုတော့ စဉ်းစားကြည့်ကြစမ်းပါဦး။ မင်းတို့ဘ၀က အရွယ်ကောင်းတုန်းကတော့ အိမ်ကြီးရှင်၊ အရွယ်အိုတော့ အိမ်ကျွန်’ ဆိုတာမျိုး ဖြစ်မနေဘူးလား လို့ ပြောရတယ်။


“ ကိုယ့်ဘိုးကိုယ့်ဘွားတွေလည်း ဒီအတိုင်းပဲ ဟာ ကိုယ်လည်း ဒီအတိုင်းပေါ့ဘုရား” လို့ ဆင်ခြေပေးတယ်။ “ မဟုတ်ဘူးကွ၊ မင်းတို့ ငါတို့ ငယ်စဉ် ဘ၀ကို သေချာပြန်စဉ်းစားကြည့်၊ တို့ဘိုး တို့ဘွားတွေဟာ အရွယ်ကောင်းတုန်းမှာ “ အိမ်ကြီးရှင်” ၊ အရွယ်ကြီးတော့ မြေးထိန်း သာသနာပြု “ အိမ်ကြီးသခင်” အဖြစ်နဲ့ နေသွားကြတာ ဆိုပြီး ပြန်ရှင်းပြရသေးတယ်။ သူလည်း သာသနာပြု အိမ်ကြီးသခင် ဖြစ်အောင် ကြိုးစားပါ့ မယ်တော့ ပြောတာပဲကွာ။ ဟုတ်မဟုတ် တော့လည်း မသိဘူးပေါ့” လို့ မိန့်ကြားပြီး ခဏစဉ်းစားသလို တွေးရင်း နားနေတယ်။



‘ ဆရာတော် မြေးထိန်းသာသနာပြု အိမ်ကြီးသခင် ဖြစ်ပုံလေးလည်း နည်းနည်းရှင်းပြပါဦးဘုရား’ လို့ လျှောက်ထားတော့မှ…….

‘ ဒီ့ပြင်ဟာ မကြည့်နဲ့လေကွာ။ တို့ငယ်ငယ်တုန်းကလည်း နေ့လယ်နေ့ခင်း မိဘတွေတောထဲတောင်ထဲ အလုပ်သွားနေကြတဲ့အခါ အိမ်မှာ အဘိုးအဘွားတွေနဲ့ပဲ နေခဲ့ရတာပဲမို့လားကွ။ အဘိုးအဘွားတွေက တို့ကို အော်နေ ငေါက်နေတယ်ရယ်လို့ တယ်မရှိပါဘူး။


ကလေးဆိုတာတော့ ကလေးလောက်ပဲ သိပြီး ကလေးပီပီ ဆော့တာပါပဲ။ အဲ…….မတော်မလျော်တာ တွေ့တော့မှ ဘယ်လိုမလုပ်ရဘူး၊ ဘယ်လိုလုပ်ရတယ်ဆိုပြီး ဆုံးမတာပါပဲ။ ကလေးဆိုတော့ ဆိုင်းထဲမှာ ရကွင်း ( လင်းကွင်း ) တီးတာ ကြည့်ပြီး “ စလောင်းဖုံးနှစ်ချပ်တီး ကျားကြီး ကိုက်တတ်တယ်” လို့ ခြောက်လှန့်ပြီး ဆုံးမတာမျိုး၊ “ မီးဖိုမှာ နှစ်ယောက်ဆိုင်ပြီး မီးမှုတ်ရင် သူငယ်နာဖမ်းတတ်တယ်” ဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါက သူ့အရွယ်နဲ့ သူ လိုက်နာလွယ်အောင် ပြောတာ လေကွာ။ သိတတ်လာတဲ့ အခါကျတော့ “ မြေစလောင်းကို တီးရင် ကွဲတတ်လို့” “ မျက်နှာ ချင်းဆိုင် မီးမှုတ်ရင် မျက်စိထဲ ပြာတွေ မီးပွားတွေ ၀င်မှာ စိုးလို့” ဆိုတာ သိလာပါတယ်။


ခုခေတ်လူတွေကတော့ “ ဒီလိုဆုံးမတာဟာ သိပ္ပံနည်းမကျဘူး၊ ကလေးတွေကို ကြောက်အောင်ခြောက်ရာ ကျတယ်” ဘာညာနဲ့ ပြောကြ တာပဲကွာ၊ ဒါဟာ ကလေးတွေကို သိပ္ပံနည်းသင်နေတာ မဟုတ်ဘူး၊ လိမ္မာအောင် သင်နေတာကွ၊ ဒီလို ဆုံးမခံခဲ့ရလို့ တို့ဖြင့် ကြီးတဲ့ အထိ ကြောက်လန့်နေတယ်လို့ မရှိပါဘူးကွာ။


သူ့အရွယ်ရောက်တော့ သူဆိုလိုတဲ့ အဓိပ္ပာယ်ကို သိတာပါပဲ။ ဒါမျိုးတွေကို သိပ္ပံနည်း မကျဘူး ဆိုတဲ့ ခုခေတ် မိဘ ဘိုဘွားတွေကျတော့ မြေးတွေကို ဘာတွေသင်သလဲ၊ “ ဘယ်မင်းသားလို လက်သီးထိုးလိုက်စမ်း၊ ဘယ်သူ့ကို ဘယ့်နှယ် လုပ်ပြလိုက်စမ်း” ဆိုတာတွေ သင်ကြသတဲ့လေကွာ။ အဲဒါကတော့ သိပ္ပံနည်းလား၊ ယဉ်းကျေးလိမ္မာနည်းလား၊ ကဲ…..ပြောစမ်းပါဦး။


အဲ……..ပြီးတော့ ဘာသာရေးအခြေခံ ဆိုတာလည်း ဘိုးဘွားတွေကပဲ သင်ပေးကြတာပဲကွ။ ငယ်ငယ်တုန်းကဆို ဘိုးဘွားတွေက ရေသောက် ချင်လို့ ရေလေးခပ်ပေးလိုက်ရင် “ အေးကွယ်…..သာဓု …..သာဓု………သာဓု……ငါ့မြေးက လိမ္မာတယ်ဟေ့၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေကွယ်” ဆိုပြီး ဆုပေးတယ်။


“ ဘုန်းကြီးတယ်” ဆိုတာ ဘာမှန်း မသိသေးပေမယ့် ဒီလိုဆုပေးသံ ကြားရင် ၀မ်းသာတာပဲ။ အနားမှာ ရှိတဲ့ တခြားမြေးတွေက ဘိုးဘိုး ကျွန်တော်တို့ကော “ ဘုန်းကြီးမှာလားဟင်” လို့ မေးလိုက်ရင် “ အေး…..လိမ္မာတဲ့ လူမှန်သမျှ ဘုန်းကြီးတယ်၊ သက်ရှည်တယ် ကွဲ့” လို့ ပြောကြတော့ “ ဒီလိုဆို ကျွန်တော်တို့လည်း လိမ္မာမယ်” နဲ့ ဖြစ်ကုန်ကြတာပဲ။


ပြီးတော့မှ “ အေး လိမ္မာချင်ရင် ဘယ်လိုမလုပ်ရဘူး…….မပြောရဘူး၊ ဘယ်လိုလုပ်ရ ပြောရမယ်” ဆိုတာတွေ၊ ပြီးတော့ ဘုရား၊ တရား၊ သံဃာ ဆိုတာကို ဦးချကန်တော့ပုံတွေ “ ဘုရားစာ” လို့ ခေါ်တဲ့ “ သြကာသ” တို့ “ သရဏဂုံ” တို့ “ ဂုဏ်တော်” တို့ “ သမ္ဗုဒ္ဓေ” တို့ ဆိုတာတွေ တစ်နေ့ နည်းနည်းချပေးရင်း နောက်တော့ အာဂုံရလာကြတာပဲကွ။


မိုးချုပ်စာ စားပြီးပြီဆိုရင် အဘိုးအဘွားတွေက “ပုံတွေ ဇာတ်နိပါတ်တွေ” ပြောပြကြတာကို ကြာတော့ “ စွဲ” လာတယ်။ နေ၀င်ပြီဆို ထမင်းမြန်မြန်စားပြီး ဘိုးဘွားတွေနား ၀ိုင်းနေကြတာပဲ။ ပုံပြင်နားထောင်ချင်ကြလို့။ ဒီလို ပျော်မွေ့တတ်တဲ့ အလေ့အကျင့် ရလာတော့ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်တဲ့ အခါကျတော့လည်း “ ငါးရာ့ငါးဆယ်” တို့ “ ဇာတ်ကြီး ဆယ်ဘွဲ့” တို့ကို ဖတ်ရတာ ပျော်နေတော့တာပဲ။


ဘယ်သူမဆို မိဘဘိုးဘွား ကျောင်းထွက်ကောင်းတွေဖြစ်မှ ဆရာသမားကျောင်းရောက်တော့လည်း ကောင်းတာမျိုးလေကွာ။ “ ဆရာသမားဆိုတာ ပန်းပုဆရာ၊ ပန်းပဲဆရာနဲ့ တူတယ်” လို့ ဆိုသမို့လား။


“ သစ်” ကောင်း “ သံ” ကောင်းဖြစ်မှ ပုံကောင်း၊ ဓားကောင်းဖြစ်မှာပေါ့။ အမျက်အဆွေးတွေ အကြော် လိမ်တွေပါတဲ့ သစ်သားကို ပန်းပုထုရင် လက်ရာကောင်းပေမယ့် အဆွေး၊ အအက်၊ အနာတွေနဲ့ ဖြစ်နေရင် ပုံကောင်း ဘယ်ဖြစ်ပါ့မလဲ။


သံကြွပ် သံဆွေးဆိုရင်လည်း ပန်းပဲဆရာ ဘယ်လောက်ကောင်းကောင်း ပုံစံကောင်း လက်ရာကောင်းသာ ဖြစ်မယ်။ ဓားကောင်းဘယ်ဖြစ်မလဲ။ သုံးလိုက်ရင် တွန့်သွား၊ ပဲ့သွားတဲ့ ဓားမျိုးပဲ ဖြစ်နေမယ် မဟုတ်လားကွ။ ဆရာ့ဆီရောက်လာတဲ့ တပည့်ချင်းတူပေမယ့် အရည်အချင်း မတူကြတာ။ အဲဒါတွေ ကွာတယ်ဆိုတာ သတိမထားကြတော့ဘူးကွ။


အဲ…….ဆရာသမားများကလည်း သစ်ကြော သံကြောတော့ သဘောပေါက်ဖို့ လိုတာပေါ့ကွာ ( ဘုန်းကြီးကျောင်းမှာ သင်ကြားဆုံးမပုံကို သီးခြားတင်ပြပါမယ်။ )


အတိုချုပ်ကတော့ကွာ……..ဘိုးဘွားတွေက လောကရေး၊ ဓမ္မရေးနဲ့ ပတ်သက်ပြီး အဲဒီလို သွန်သင်ဆုံးမ ပေးတဲ့အတွက် ကလေးတွေမှာ လည်း လောကစည်းကမ်း၊ ဓမ္မစည်းကမ်းကို အငယ်ကတည်းက စွဲသွားတယ်ကွ။ ဘာမဆို “ ငယ်စွဲကမှ တကယ်မြဲတာ” မို့လား။


ဘိုးဘွားတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း သက်ကြီးရွယ်အိုဖြစ်နေချိန်မှာ “ တို့နားကို ဘယ်သားသမီးတော့ လာကြပါဦး၊ ဘယ်မြေးတော့ လာကြပါဦး” လို့ အထူးဖိတ်ခေါ်စရာ မလိုဘူး။ မြေးတွေက ၀ိုင်းဝိုင်းလည်နေပြီ ဆိုမှတော့ သားသမီးက ဘာပြောစရာလိုမလဲကွ မင်းနှယ်။


ကဲ…….အဲဒါ မင်းပဲ စဉ်းစားကြည့်ပေါ့။ ဒီလို သွန်သင်ဆုံးမတာဟာ အိမ်စောင့်၊ မြေးထိန်းရင်း သာသနာပြုရာ လည်း မကျဘူးလား။ ဒီလို သာသနာပြုပေးတဲ့အတွက် သားသမီးမြေးမြစ်တွေကပါ မပြတ်ဆည်းကပ် လေးစားခြင်း ခံရလို့ “ အိမ်ကြီးရှင်” ဆိုတာထက် တစ်ဆင့်တက်ပြီး “ အိမ်ကြီးသခင်” ဖြစ်သွားတယ်လို့ကော မဆိုနိုင်ပေဘူးလားကွ။ ငါ့ညီကို ငါက အဲဒါတွေ ရှင်းပြလိုက်တာပါ။ သူလည်း သဘောပေါက် တယ်လို့ ပြောတာ ပဲလေကွာ။ တကယ် သဘောပေါက်ပြီး ကျင့်သုံးမယ်ဆိုရင်တော့ အိမ်ကျွန်အဖြစ်ကနေ အိမ်ကြီးသခင် ဖြစ်သွား လို့ လောကရေးကော ဓမ္မရေးပါ ကောင်းသွားမှာပေါ့” လို့ မိန့်ကြားပါတယ်။


ဆရာတော် မိန့်ကြားချက်များကို တိပိဋက “ ယော” ဆရာတော်ရဲ့ စကားနဲ့ ကောက်ချက်ချလိုက်မယ်ဆိုရင် တော့ အိမ်စောင့် မြေးထိန်းရုံသက်သက် လုပ်နေရတဲ့ ဘ၀ကနေ အိုချိန်မှာ အပယ်ခံထားရတဲ့ “ အိုပယ်ဘ၀”၊ အိမ်စောင့်မြေးထိန်း သာသနာပြုဘ၀မျိုးက အိုပေမယ့် အခြံအရံတွေနဲ့ ကြွယ်ဝနေလို့ “ အိုကြွယ်ဘ၀” လို့ပဲ ဆိုရပါလိမ့်မယ်။


အိုပယ် အိမ်ကျွန်ဘ၀က လွတ်မြောက်ပြီး အိုကြွယ် အိမ့်သခင်များ ဖြစ်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ ( တောင်စွန်း )

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ မေလ- ၁၄--ရက်၊ စနေနေ့ ။


Share/Bookmark

Read more...

ဘယ်ဝေဒနာကို သင်မှီဝဲမယ်...



မည်သည့်အရာကို သင် မှီဝဲမည်နည်း...

၁... 'သောမနဿ' ၀မ်းမြောက်ဝမ်းသာ

၂... 'ဒေါမနဿ' နှလုံးမသာယာ

၃... 'ဥပေက္ခာ' လျစ်လှူရှုခြင်း





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

Read more...

မဇ္ဈိမပဏ္ဏာသပါဠိတော် စင်္ကီသုတ်

တရားတော်မှ လေ့လာမှတ်သားရသည့် မြတ်စွာဘုရားရှင်၏ အဆုံးအမများအား လွယ်ကူစွာ မှတ်သားနိုင်ရန် အတွက် အဆုံးအမ တစ်ချို့အား အကျဉ်းချုပ်၍ ဓမ္မဒါနအဖြစ် ဖြန့်ဝေပေးလိုက်ပါသည်။

- ဘုရားရဲ့ အဆုံးအမတိုင်း တစ်သွေမတိမ်းလိုက်နာကျင့်သုံးမှ ယုံကြည်သူ ဖြစ်သည်။

- ဘုရားဟောသည် သဘာဝအမှန်တရား ဖြစ်သည်။

- မြတ်စွာဘုရားရှင်၏ အဆုံးအမသည် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သည်၊ အကြောင်းတရားနှင့် အကျိုးတရားကို ယုံကြည်သည်။

- တရားကို လျှော်စွာ နှလုံးသွင်းနိုင်ရန် အမြဲမပြတ် လေ့ကျင့်နေရပါမည်။

- တရားကိုလျှော်စွာ နှလုံးသွင်းခြင်း(ယောနိသော မနသီကာရ) ရှိမှ

- စိတ်ဖြောင့်မတ် တည်ကြည်မည်။

- စိတ်ဖြောင့်မတ်တည်ကြည်မှ လောကဓံ (၈) ပါးကို ခံနိုင်မည်။

- လောကဓံတရား (၈)ပါးကို ခံနိုင်မှ အရိယာတို့ကဲ့သို့ နေနိုင်သည်။

- ဘုရားနှင့် ဘုရားသာဝကများသည် အကြောင်းတရားကို ရှာသည်။ အကြောင်း ရှာမှ အမှန်ရ။

- အကြောင်းရှာအမှန်ရမှ ဖြစ်သမျှအကြောင်းမကောင်း၊ ကောင်းအောင်လုပ်သည်။

သစ္စာကို စောင့်ရှောက်သူ

အဘယ်မျှသော အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်း ဖြစ်ပါသည်။

ဘုရားရှင်မှ သစ္စာစောင့်သူမှာ -

- ယုံကြည်ကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။

- နှစ်သက်ကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။

- တစ်ဆင့်စကားကြားကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်။

- ယူဆထားကာမျှဖြင့်လည်း အမှန်ဟု မဆိုနိုင်ဟု အကြင်ယောက်ျားသည် သိလည်းသိပါသည်၊ နှစ်လည်း နှစ်သက်ပါသည်။

- တစ်ဆင့်စကားကြားခြင်းမှလည်း မှန်ပါသည်။

- ကိုယ်တိုင်ကြံစည်ခြင်းလည်း မှန်ပါသည်။

- ကိုယ်အယူအဆအားဖြင့်လည်း ကိုယ်ကိုယ့်တိုင်တော့ မှန်နေပြီ။

- အဲဒီလို မှန်နေတဲ့အတွက် ငါ့အယူအဆ အမှန် သူအယူအဆအမှားဟု ထိုပုဂ္ဂိုလ်က မဆိုပါ။

- ၄င်းယုံကြည်ချက်တွေသည် ကိုယ်တိုင်ပိုင်းခြား၊ ထိုးထွင်းသိထားတာတွေ မဟုတ်သေး၊ ဆရာစဉ်ဆက် ကြားနာခဲ့၍သာ သိရခြင်း ဖြစ်၍ ငါ့တို့အယူအဆသာ အမှန်၊ တစ်ခြားသော အယူဝါဒအမှားဟု ငါးပါး သော ယုံကြည်ချက်နှင့် ပြည့်စုံသူက မဆိုဘူး၊ ထိုသို့ မဆိုသူကို သစ္စာစောင့်ရှောက်သူဟု မြတ်စွာ ဘုရားမှ ပညတ်ပါသည်။

ဤမျှဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းက မဖြစ်နိုင်သေး။

ဆရာတော်မှ တရားနာသူများအား အောက်ပါအတိုင်း ထပ်မံရှင်းလင်းပေးပါသည်။

ဆရာတော် တရားနာသူများ

- ခင်ဗျားတို့ သစ္စာတရားတွေ မနာရဘူးလား နာရပါသည်ဘုရား။

- နာရသလောက်ကော မသိဘူးလား သိပါသည်ဘုရား။

- သိသလောက်ကော မယုံကြည်ဘူးလား ယုံကြည်ပါသည်ဘုရား

- ယုံကြည်သလောက်ကော မကြိုက်ဘူးလား ကြိုက်ပါသည်ဘုရား။

- ကြိုက်သလောက်ကော ကြံစည် မကြည့်ဘူးလား ကြည့်ပါသည်ဘုရား။

- ကြံစည်သလောက်ကော မယုံဘူးလား ယုံပါသည်ဘုရား။

- အဲဒီအယူအဆတွေ ကံ ကံ၏ အကျိုးပေါ် အယူအဆ

ရှိ မရှိ အကြောင်းအကျိုးအယူအဆ ရှိ မရှိ ရှိပါသည်ဘုရား။

- ဒါပေမဲ့ သတိထားပါ။ ကိုယ့်တရားသာအမှန် တခြား

တရား အမှားဟု မပြောရဘူး၊ သစ္စာကို စောင့်ရှောက်

ရမည်။

ငါတို့ ဆရာသာအမှန် သူများဆရာအမှားဟု

ပြောအပ်ပါသည်လား။ မပြောအပ်ပါ ဘုရား။

ဗုဒ္ဓဘုရားရှင်၏ သာသနာသည် ကုသိုလ်ရရန် သက်သက်သာ မဟုတ်ဘဲ ဘ၀ သံသရာမှ လွတ်မြောက်ရေး အဓိကဖြစ်ပါသဖြင့် ဘ၀သံသရာမှ လွတ်မြောက် ရေးအတွက် ကြိုးစားရန် အလွန်အရေးကြီးပေသည်။

သစ္စာကို ထိုးထွင်းသိသူ

ကာပဋိက လုလင်က ဘယ်မျှအတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း သိခြင်း ဖြစ်ပါသနည်း။

- ဘာရဒွါဇ . . . ဤသာသနာတော်၌ ရဟန်းတစ်ပါးသည် တစ်ခုခုသော ရွာကိုလည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍နေသည် ဆိုပါစို့။ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏ သားသည်လည်းကောင်း ချဉ်းကပ်၍ ထိုရဟန်းတွင် လောဘတရား၊ ဒေါသတရား၊ မောဟတရား ရှိပါ သလားဟု အရင်စုံစမ်းသင့်ပေသည်။

- လောဘတရားမရှိလျှင် ဒေါသတရား ရှိ-မရှိ၊ ဒေါသတရားမရှိလွင် မောဟတရား ရှိ-မရှိ၊ လောဘ တရား၊ ဒေါသတရား၊ မောဟတရား မရှိလျှင် သူ၏ ဟောကြားသည့် တရားများက နက်နဲမှု၊ သိမ်မွေ့မှု၊ နူးညံ့မှု၊ ပြေပြစ်မှု၊ အကျိုးဆောင်နိုင်မှု ရှိ မရှိ၊ ဒါတွေကို လေ့လာ စူးစမ်းပြီး သူ၏ ဟောကြားသည့် တရားတွေ၊ စကားတွေက နက်နဲတယ်၊ သိမ်မွေ့တယ်၊ သိနိုင်ခဲတယ်၊ ပညာရှိသူများသာ မြင်နိုင်တဲ့ တရားတွေဖြစ်တယ်ဆိုပြီး ယုံကြည်ရပြီဆိုလျှင် အဲဒီ ပုဂ္ဂိုလ်ထံတွင် ချဉ်းကပ်သင့်ပေသည်။

- လောဘတရားလွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလည်း သိ၏ဟု ဆိုလေရာ၏၊ မမြင်ဘဲလည်း မြင်၏ဟု ဆိုလေရာ၏။

- ရှည်မြင့်စွာ အကျိုးမဲ့စေမည့် ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အား ဆောက်တည်စေရာ၏။

- လောဘတရားမျိုး မရှိသူ၏ ကိုယ်အမူအရာ၊ နုတ်အမူအရာသည် စင်ကြယ်နေပြီ ဆိုလျှင် -

ဟောကြားသည့် တရားသည်၊ နက်နဲရ၏၊ မြင်နိုင်ခဲ့ရ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံစည်၍ မရနိုင်။ သိမ်မွေ့၏ ပညာရှိသူတို့သာ သိနိုင်၏။

- လောဘတရားနည်းသူဟု ဆိုနိုင်ပါ၏။

- ဒေါသတရားကင်းသူ၊ မောဟတရားကင်းသူအဖြစ် ထပ်မံစူးစမ်းစိစစ်ကြည့်ပါ။

ပညာရှိဖြစ်ရှိလျှင် ဥာဏ်ရှိချင်လျှင်

- အကောင်းအဆိုး၊ အကြောင်းအကျိုး သိအောင် ကြိုးစားရပါမည်။

- အကြောင်းအကျိုး၊ ပိုင်းခြား သိအောင် ကြိုးစားရပါမည်။

- အမှား၊ အမှန် ပိုင်းခြား သိအောင် ကြိုးစားရပါမည်။

- ကုသိုလ်များတဲ့ လူလား၊ အကုသိုလ်များတဲ့လူလား သိရမည်။

- အကြောင်းအကျိုး လုံးဝ မသိတဲ့သူက သူများအား အပြစ်တင်တတ်သည်။

- သူတစ်ပါးပြော၍ သိသူက ကိုယ့်ကိုယ် အပြစ်တင်တတ်သည်။

- ဘာဝနာသိနှင့် - အကြောင်းနဲ့အကျိုး ပိုင်းခြားသိသူသည် မည်သူကိုမျှ အပြစ်မတင်တော့။ အကြောင်းနဲ့ အကျိုးသာ ဟူ၍ ဆင်ခြင်နေ၏။

- လောဘ၊ ဒေါသ၊ မောဟ ကင်းကြောင်း စူးစမ်းကြည့်၍ အထူးစင်ကြယ်ကြောင်း သိလျှင် ယုံကြည်မှု ရှိလာသည်။ ထိုရဟန်းပေါ်တွင် ယုံကြည်မှု တိုးပွားလာသည်။

ယတော နံ သမန္နသမာနော ၀ိသုဒ္ဓံ လောဘနီယေဟိ ဓမ္မေဟိ သမနုဿတိ။ ပ ။

ယတော နံ သမန္နေသမာနော ၀ိသုဒ္ဓံ ဒေါသနီယေဟိ ဓမ္မေဟိ သမနုဿတိ။ ပ ။

ယတော နံ သမန္နောသမာနော ၀ိသုဒ္ဓံ မောဟနီယေဟိ ဓမ္မေဟိ သမနုဿတိ အထ တမှိ သဒ္ဓံ နိဝေသေတိ၊ သဒ္ဓါဇာတော ဥပသင်္ကမတိ၊ ဥပသင်္ကမန္တော ပယိရုပါသတိ၊ ပယိရုပါသန္တော သောတံ သြဒဟတိ၊ သြဟိတသောတော ဓမ္မံ သုဏာတိ၊ သုတွာ ဓမ္မံ ဓာရေတိ၊ ဓာတာနံ ဓမ္မာနံ အတ္ထံ ဥပပရိက္ခတော ဓမ္မာ နိဇ္ဈာနံ ခမန္တိ၊ ဓမ္မနိဇ္ဈာနက္ခန္တိယာ သတိ ဆန္ဒော ဇာယတိ၊ ဆန္ဒဇာတော ဥဿဟတိ၊ ဥဿဟိတွာ၊ တုလေတိ၊ တုလယိတွာ ပဒဟတိ၊ ပဟိတတ္ထော သမာနော ကာယေန စေ၀ ပရမသစ္စံ သစ္ဆိကရောတိ၊ ပညာယ စ နံ အတိဝိဇ္ဈ ပဿတိ။ ဧတ္တာဝတာ ခေါဘာရဒွါဇ သစ္စာနုဗောဓော ဟောတိ၊ ဧတ္တာဝတာ သစ္စာမနုဗုဇ္ဈတိ။ ဧတ္တာဝတာ စ မယံ သစ္စာနုဗောဓံ ပညပေမ၊ န တွေဝ တာဝ သစ္စာနုပ္ပတ္တိ ဟောဟီတိ။

- ယုံကြည်မှုဖြစ်သည်ရှိသော် - ချဉ်းကပ်၏။

- ချဉ်းကပ်သည်ရှိသော် - ဆည်းကပ်၏။

- ဆည်းကပ်သည်ရှိသော် - နားထောင်၏။

- နားထောင်သည် ရှိသော် - နာယူ၏။

- ကြားနာသည် ရှိသော် - ဆောင်ထား၏။

- ဆောင်ထားသည် ရှိသော် - အနက်သဘောကို စူးစမ်းဆင်ခြင်၏။

- အနက်သဘောကို စူးစမ်းဆင်

ခြင်သည်ရှိသော် - တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ

ခံ့ငြား၏။

- တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ

ခံ့ငြားသည် ရှိသော် - အလိုဆန္ဒသည် ဖြစ်၏။

- အလိုဆန္ဒဖြစ်သည် ရှိသော် - အားထုတ်၏။

- အားထုတ်သည် ရှိသော် - နှိုင်းချိန်၏။

- နှိုင်းချိန်သည် ရှိသော် - ပြင်းစွာ အားထုတ်၏။

- ပြင်းစွာ အားထုတ်သည် ရှိသော် - စိတ်စိုက်၏။

- စိတ်စိုက်နေသည် ရှိသော် - ကိုယ်ဖြင့်လည်း မွန်မြတ်သော သစ္စာ

ကို မျက်မှောက်ပြုနိုင်၏။

- ကိုယ်ဖြင့် မွန်မြတ်သော သစ္စာကို

မျက်မှောက်ပြုသည်ရှိသော် - ပညာဖြင့်လည်း ထိုးထွင်းမြင်နိုင်၏။

ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျှော်စွာ သိခြင်းသည် ဖြစ်၏။.

မဂ်ကို လျှော်စွာ သိသူ ဖြစ်၏။

ဤမျှအတိုင်းအရှည်ဖြင့်လည်း သစ္စာကို လျှော်စွာသိခြင်းကို ပညတ်ပြောဆို ကုန်၏။

ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်ကား မဖြစ်သေး။

အရှင်ဘုရား အဘယ်မျှ အတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖြစ်ပါသနည်း။?

- ဘာရဒွါဇ ထိုတရားတို့ကိုသာလျှင် “ထုံခြင်းကြောင့်” “ပွားများခြင်းကြောင့်“ ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဖိုလ်ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ ဤမျှ အတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျှော်စွာ ရောက်၏ ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ပညတ်၏။

အရှင်ဘုရား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုပါသနည်း။?

- ဘာရဒွါဇ အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြု၏။ အကယ်၍ ထိုမဂ်ကို အားမထုတ်ငြားအံ့၊ ဖိုလ်သို့ လျောက်ပတ်စွာ မရောက်နိုင်လေရာ၊ မဂ်ကို အားထုတ်ခြင်းကြောင့်သာ ဖိုလ်သို့ လျောက်ပတ်စွာ ရောက်နိုင်၏။ ထိုကြောင့် အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာကျေးဇူးပြု၏။

အရှင်ဘုရား မဂ်ကို အားထုတ်ခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြု တတ်ပါသနည်း။?

- နှိုင်းချိန်ခြင်းက ကျေးဇူးပြု၏။

နှိုင်းချိန်ခြင်းကို ဘယ်တရားက ကျေးဇူးပြုပါသလဲဘုရား။?

- “ဆန္ဒ” သည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြု၏။

ဆန္ဒအား အဘယ်တရားသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?

- တရားတို့ကို စူးစိုက်ကြည့်၍ ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြု၏။

တရားတို့ကို စူးစိုက်ကြည့်၍ ကျေနပ်ခြင်းအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား?

- အနက်သဘောကို စူးစမ်းဆင်ခြင်ခြင်းသည် များစွာ ကျေးဇူးပြု၏။

အနက်သဘောကို စူးစမ်းဆင်ခြင်ခြင်းသည် အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား။?

- တရားကိုဆောင်ခြင်း၊ မှတ်ခြင်းသည် များစွာကျေးဇူးပြု၏။

တရားကို ဆောင်ထားခြင်း၊ မှတ်ထားခြင်းအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲ ဘုရား။?

- တရားကို ကြားနာခြင်း၊ (နားထောင်ခြင်း) သည် များစွာ ကျေးဇူးပြု၏။

တရားကို ကြားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?

- တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြု၏။

နားစိုက်ခြင်းအား အဘယ်တရားက ကျေးဇူးပြုပါသလဲဘုရား။?

- ဆည်းကပ်ခြင်းသည် များစွာ ကျေးဇူးပြု၏။

ဆည်းကပ်ခြင်းတရားအား အဘယ်တရားသည် ကျေးဇူးပြုပါသလဲဘုရား။?

- ချဉ်းကပ်ခြင်းသည် များစွာ ကျေးဇူးပြုပါ၏။

ချဉ်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုပါသလဲဘုရား။?

- ယုံကြည်မှုသဒ္ဓါပင် ဖြစ်ပါသည်ဟု မြတ်စွာဘုရားက အဆင့်ဆင့် တရားတွေကို အနုလုံ ပဋိလုံ ဟောတော်မူပါသည်။

ဒီနေရာမှာ ပုဏ္ဏားက ဘယ်လိုပြောသလဲဆိုတော့

အရှင်ဘုရား ကျွန်ုပ်တို့ မေးတိုင်း မေးတိုင်း ပြဿနာကိုပင် ဖြေကြားတော်မူခဲ့၏။ ထိုဖြေကြားချက်ကိုလည်း ကျွန်ုပ်တို့ သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ကြပါ ၏။

ကျွန်ုပ်တို့သည် ရှေးအခါက အလကား ဦးပြည်း ရဟန်းယုတ်တို့သည် ကြွယ်ဝကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မမင်း၏ ခြေမှ မွေးဖွားကုန်၏၊ အဘယ်မျှ တရားသဘောကို သိကြကုန်အံ့နည်းဟု အထင်မှားကြပါကုန်၏။

အရှင်ဂေါတမသည် ကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကိုလည်းကောင်း၊ ကြည်ညိုခြင်းကို လည်းကောင်း၊ ရိုသေခြင်းကိုလည်းကောင်း လွန်စွာဖြစ်စေ၏။

အရှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါ၏။

ထို့ကြောင့်

တပည့်တော်များ အသက်ထက်ဆုံး ဘုရားကို ဆည်းကပ်ပါ၏။

တပည့်တော်များ အသက်ထက်ဆုံး တရားကို ဆည်းကပ်ပါ၏။

တပည့်တော်များ အသက်ထက်ဆုံး သံဃာကို ဆည်းကပ်ပါ၏။

ဗုဒ္ဓ၏ အဆုံးအမအောက်တွင် သက်ဝင်၍ ယုံကြည်ကြပါသည်။

ကာပဋိက ပုဏ္ဏားသည် သာသနာတော်အား အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ် တတ်သော ဥပါသကာအဖြစ် ခံယူလိုက်ပေ၏။

- ယနေ့ ကြားနာသော ဒေသနာတော်ကို အစဉ်နှလုံးသွင်း၍ မိမိတို့၏ မဂ်လမ်း၊ ဖိုလ်လမ်း ဖြောင့်တန်းကြပါစေ။

- မဂ်ဖိုလ်စန်းကို လျှောက်လှမ်းနိုင်ပါစေ။

- ဒီဘ၀၊ ဒီခန္ဓာကို ဒီတခဏမှာဘဲ လွတ်အောင် ရုန်း၍ နိဗ္ဗာန် မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

ဓမ္မဒါနအလှူရှင်

တရားနာ သူတစ်ဦး

Read more...

No.1 ရှင်ဣဒ္ဓိပါလ ၏ ၀န်ခံကတိပြုချက်

သံဃနာယက ၀ိနိစ္ဆယ ဆုံးဖြတ်ချက် ၀န်ခံကတိပြုချက်
အပိုဒ် (င) တွင် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ နှင့်
မြန်မာနိုင်ငံတော်အစိုးရ၏ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရပါမည်ဟု ဟု ပါရှိပါသည်။
သို့အတွက်ကြောင့် အထက်သို့သက်သေခံအဖြစ် တင်ပြနိုင်ရန် No.1 ရှင်ဣဒ္ဓိပါလ ၏ လှုပ်ရှားမှု့များ
ဖြန့်ဝေစာများ၊ ဗွီဒီယိုဖိုင်များ အစရှိသော ခိုင်လုံသော အထောက်ထားများရှိပါက
ဓမ္မဥပဒေ ပြန်ပွါးရေးအသင်းသို့ ပေးပို့နိုင်ပါသည်။

ဘလော့တွင် ပုံတင်ရ အဆင်မပြေသည့်အတွက်ကြောင့်
ဝန်ခံကတိပြုချက် မူရင်းကို http://dhammaanalysis.multiply.com/photos/album/13/13 တွင်
သွားရောက် ကြည့်ရှူနိုင်ပါသည်။


အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်

Read more...

နို့နှစ်လုံးဖိုးကျေသူများ



စာမိတ်ဆက်
တနေ့က မနက် ၃ နာရီမှ အိပ်ဖြစ်တယ်၊ ဘုံဘေရောက်ကာမှ အိပ်ချိန်တွေ ပြောင်းပြန်ဖြစ်နေတယ်။ ပူနေးမှာ ကျောင်းတက်စဉ်ကတော့ မြန်မာပြည်မှာတုန်းကလို ပုံမှန် အလုပ်လုပ်၊ စားချိန် အိပ်ချိန် မှန်လေ့ရှိတယ်၊ အထူးသဖြင့် အိပ်ချိန် သိပ်မှန်တာ၊ pppppp။ အိန္ဒိယသည် မြန်မာပြည်ထက် ၁ နာရီမျှသာ နောက်ကျသည်။ ဘုံဘေမြို့မှာ ရာသီဥတုက ပူတော့ အိပ်မပျော်တာလဲပါသည်။ အဲနေ့ည နို့နှစ်လုံးဖိုးကျေပါစေ ဆိုတဲ့ဇာတ်ကား အစအဆုံး ကြည့်ဖြစ်လိုက်တယ်။ အစပိုင်း ရယ်စရာ ဟာသတွေနဲ့ ဖွဲ့စည်းထားပေမဲ့ နောက်ပိုင်း ဘိုးတော် ဘွားတော်ကို ကိုးကွယ်မှုနှင့် နတ်လမ်းဓာတ်လမ်းကို လျှောက်နေကြသော မိဘများကို ၀ိပဿနာလမ်း ရတနာသုံးပါး လမ်းမှန်သို့ ရောက်အောင် ဟာသနှောကာ ပို့ပေးတဲ့ အကောင်းဆုံး မိဘကျေးဇူးဆပ်နည်း ဇာတ်ကားကောင်း တစ်ခုဖြစ်ပါသည်။
နိုင်းနိုင်းနှင့် ပန်းဖြူ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ နိုင်းနိုင်း ပြောတဲ့ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို သမ္မာဒိဋ္ဌိ ၆၂ ပါးဟူ၍၎င်း ကိလေသာ ၁၀ ပါးကို ၈ ပါးဟု မှား ပြောလိုက်မိခြင်းကလွဲ၍၎င်း အားလုံးကောင်းသည်။ ချစ်သူ ရီးစားစကား ပြောတာသည်ပင် ဓာတ်သံ ပရမတ်သံတွေ ပါနေသဖြင့် ပညာပေး ဟာသဇာတ်ကားကောင်း တစ်ခု ဖြစ်၍ မိဘ ကျေးဇူးအထူးဆပ်လိုသူများ ကြည့်သင့်ပါကြောင်း မိတ်ဆက်လိုက်ပါသည်။
မိဘကျေးဇူး ကြီးမားပုံ ရေးဖွဲ့ထားသည့် စာပေ များစွာရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် မိဘကျေးဇူးအကြောင်း ပို့စ်တစ်ခု တင်ခဲ့ဖူးသေးသည်၊ မမှတ်မိတော့ပါ။ သို့ပေမဲ့ ကိုယ်ကိုယ်တိုင်ကလဲ အဖေကို ကောင်းကောင်း မမှတ်မိလိုက်၊ ရှိနေသော အမေအိုတစ်ယောက်ကိုလည်း ယနေ့အချိန်ထိ ကောင်းကောင်း မပြုစုနိုင်ခဲ့သေး။ ထို့ကြောင့် မိဘကျေးဇူးနှင့်ပတ်သက်တာလေးတွေ ရေးချင်စိတ်ဖြစ်မိသည်။ မိဘကျေးဇူးကို အမွှန်းတင်လွန်းပြီး ဘုရားရှင်တောင်မှ အမေ့နို့နှစ်လုံးဖိုး မကြေဟု ပြောကြ ရေးနေကြသည်ကိုလည်း တွေ့နေရသည်။ အမွန်းတင်ခြင်းက မမှားပေမဲ့ အစွန်းရောက်သွားရင် ဘယ်ဟာမဆို မှားနိုင်သည်။
မိဘကျေးဇူးကြီးမားခြင်း
အင်္ဂုတ္တိုရ်ပါဠိတော်တွင် ‘‘ဗြဟ္မာတိ မာတာပိတရော ပုဗ္ဗာစရိယာတိ ၀ုစ္စရေ’’ ဟု အဆိုရှိသည်။ ဆိုလိုသည်မှာ- အမေနှင့် အဖေသည် ---
(၁) ဗြဟ္မာကြီးနှင့်တူ၏၊ ဗြဟ္မာကြီးများသည် မေတ္တာ,ကရုဏာ, မုဒိတာ, ဥပေက္ခာ ဟိုဆိုအပ်သော သူတော်ကောင်းတို့၏ အကျင့်မြတ် ၄ ပါးဖြင့် နေကြသည်။ အမေနှင့် အဖေ ၂ ယောက်တို့၏ နှလုံးသားထဲတွင်လည်း သားသမီးတို့ အပေါ် ထို ၄ပါးလုံး အကြွင်းအကျန်မရှိ တည်ရှိနေသည့်အတွက်ကြောင့် ဗြဟ္မာကြီးများ ဖြစ်ကြသည်။ မေတ္တာသုတ် ပွားရာသည်ပင် လောကကြီးကို အမေ့မေတ္တာမျိုးထား ပွားရမည် (မာတာ ယထာ နိယံပုတ္တ, မာယုသာ ဧကပုတ္တ မနုရက္ခေ) ဟုပင် ဆိုထားသည်။ အမေသည် တစ်ဦးတည်းသော သားကို အသက်ဖြင့် ပေးဆပ်၍ပင် စောင့်ရှောက်သည်။ ထိုမေတ္တာမျိုးသည် လူသားပင်မဟုတ် တိရစ္ဆာန်များသည်လည်း ရှိကြသည်။ ထိုသို့သော ကြီးမားသော မေတ္တာကြောင့် နီရဲသော သွေးသည်ပင် သားသမီးအတွက် ဖြူဖွေးသော နို့ရည် ဖြစ်လာရသည်။
(၂) လက်ဦးဆရာများ ဖြစ်ကြသည့် အမေ အဖေတို့သည် မိမိ ရင်သွေးငယ်ကလေးများကို ထိုသို့ အသက်ပေးကာ မေတ္တာဖြင့်စောင့်ရှောက်ရုံသာမက လူတစ်လုံး သူတစ်လုံးဖြစ်အောင် အတတ်ပညာများ သင်ပေးရသည်။ ရှေးဦးစွာ ထနိုင်အောင် လမ်းလျှောက်နိုင်အောင် စားနိုင်အောင် ပြောနိုင်အောင် သင်ပေးကြသည်။ ဒါက အဖေ, ဒါက အမေ, သူကကတော့ ဦးလေးလို့ခေါ်တယ်ကွဲ့ ဟိုဟာကတော့ ဦးကြီး ဒေါ်လေး အကို အမ လို့ ခေါ်ရသည်ဟု စသည်ဖြင့် ခေါ်တတ်အောင် ပြောတတ်အောင် သင်ပေးကြသည်။ ပညာသင်ချိန်ရောက်တော့ ပညာသင်ပေးရသည်၊ အိမ်ထောင်တစ်ခု တည်ထောင်နိုင်သည်အထိ ပါဝင်ကြရသည်၊ ထို့ပြင် စီးပွားရေးကအစ ဖန်တီးပေးကြရသည် ဟူ၍ ပြော၍ ရေး၍ မကုန်နိုင်လောက်အောင် များပြားသော မေတ္တာတွေ၊ တိုင်းတာလို့ မရသော ကြီးမားသော မေတ္တာတွေ ပေးကြသည့်အတွက် မိဘများသည် လက်ဦးဆရာများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘတို့သည် အာဟုနေယျ- သားသမီးတို့၏ အပူဇော်ခံထိုက်သော အလှူခံထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည့် အားလျော်စွာ ပူဇော်ကြပါ အရိုသေပေးကြပါ၊ နမေဿယျ- ရှိခိုးကြပါဟူသတည်း။
ကျေးဇူး သိတတ်သူများ
ဘုရားရှင်က လောကမှာ သူတော်ကောင်း ဟူသည် ကျေးဇူးကို သိတတ်သူ (ကတညူ)နှင့် ကျေးဇူးကို ဆပ်သူ (ကတ ဝေဒီ) များဖြစ်ကြသည်။ မိဘများ၏ ကျေးဇူးကို မဆပ်နိုင်သေးစေကာမူ သိတတ်နေရင်ပဲ သူတော်ကောင်း ဖြစ်နေသည်။ ထို့ထက် တတ်နိုင်ပါက ထိုကျေးဇူးကို သိသည့်အတိုင်း ပြုသူဖြစ်က ပိုတော်သော သူတော်ကောင်း ဖြစ်သည်။ (သမစိတ္တ၀ဂ်၊ အင်္ဂုတ္တရနိကာယ)
ထိုသူတော်ကောင်းသည် မိဘကို ကျေးဇူးဆပ်မည်ဟု ဆုံးဖြတ်ချက်ချကာ အမေကို လက်ျာပုခုံးပေါ်မှာထား၊ အဖေကိုတော့ လက်ဝဲပုခုံးပေါ်မှာ တင်ထားပြီး အသက်ထက်ဆုံး ပြုစုသည်။ ထိုမိမိ ပုခုံးပေါ်မှာပဲ ခြေလက်သုပ်သင်သမှုပြု၊ ကျင်ကြီး ကျင်ငယ်စွန့်စေကာ၊ သက်တမ်းရှိသလောက် ပြုစုစေကာမူ မိဘကျေးဇူး မကျေနိုင်ဟု ဆိုသည်။ ဤကဲ့သို့ ဆပ်ပေမဲ့ အကျေ မဆပ်နိုင်စေကာမူ သူတော်ကောင်း တစ်ယောက်ဖြစ်သည်၊ ပညာရှိများ ချီးမွမ်းကြသည်၊ ပြုစု စောင့်ရှောက်လိုက်ရသဖြင့် စိတ်၏ ကြည်လင် အေးချမ်းခြင်းကို ရသည်၊ နတ်ပြည် နတ်ရွာ ရောက်နိုင်သည်။
ဤနေရာတွင် စကားစပ်၍ အမေနှင့် အဖေ၊ အဖေနှင့် အမေဟူ၍ အသုံးအနှုံးရှိကြသည်၊ အများစုကတော့ အဖေ အမေဟု အဖေကို ရှေ့ကထား ဆိုပေမဲ့ ပါဠိသဒ္ဒါကျမ်းတွေမှာ မာတာပိတု၊ မာတာပိတရော (မာတာ စ ပိတာ စ) ဟု အမေက ဂုဏ်ရည်အားဖြင့် ပိုမြတ်သဖြင့် ရှေ့ကထားရသည်ဟု ဆိုသည်။
နို့နှစ်လုံးဖိုးကျေသူများ
ဘယ်ပုံဘယ်နည်းဖြင့် ဆပ်က မိဘ ကျေးဇူး ကျေနိုင်မည်နည်း?
(၁) သဒ္ဓါတရားမရှိသူကို သဒ္ဓါတရား ရှိလာအောင် ပြုစုပေးခြင်း။ ကျောင်းကန် ဘုရား မသွားနိုင်သော မိဘများကို ရောက်အောင် ပို့ပေးခြင်း၊ သူတော်ကောင်းတရားများ နာယူနိုင်အောင် ဆောင်ရွက်ပေးခြင်း ဘုရားတရား သံဃာနှင့်ဝေးနေသော မိဘများကို နီးစပ်အောင် ဖန်တီးပေးခြင်း စသည့် သူတော်ကောင်း အလုပ်များ လုပ်နိုင်အောင် ဖန်တီးပေးခြင်းတို့ဖြစ်သည်။
သာသနာဝယ် ဘုရားရှင် အားကိုးရဆုံးသော တပည့်ကြီး ပထမအဂ္ဂသာဝက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပရိနိဗ္ဗာန်စံခါနီး မိဘကျေးဇူးဆပ်လိုသည်။ သူ၏ ကျေးဇူးကြောင့် ဘာသာခြားအယူဝါဒများ လွမ်းမိုးခံရသော ညီအမများဖြစ်သော စာလာ ဥပစာလာ သီသူပစာ ညီမသုံးယောက်၊ ညီတော်များ ဖြစ်သော စုန္ဒနှင့် ရေ၀တတို့ အားလုံးကို သာသနာ့ဘောင် ရောက်အောင် ဆွဲခေါ်ယူနိုင်ပြီး ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်စေနိုင်ခဲ့သည်။ နောက်ဆုံးကျန်ရှိသူမှာ မိခင်ကြီးဖြစ်သည်။ သားသမီးများကို ဆွဲခေါ်သွားသော သားဖြစ်သူ အရှင်သာရိပုတ္တရာ အား အမျက်မပြေသေးဘဲ ရှိနေသေးသည်။ သို့သော်လည်း မထေရ်ကြီးသည် မိခင်ကြီးကို ကျေးဇူးဆပ်လိုလှသည်ဖြစ်၍ နောက်ဆုံး မိမိ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကလေးမှာပင် မယ်တော်ကြီးအား ဘာသာခြားအယူမှ ရတနာသုံးပါး ကြည်ညိုတတ်သော ဥပါသိကာမကြီး ဖြစ်အောင် အားထုတ်နိုင်ခဲ့ပြီး နောက်ဆုံး အပါယ်ဘုံဘ၀မှ လုံးဝလွတ် သောတာပန်ဘ၀သို့ရောက်အောင် ပို့နိုင်သဖြင့် အမေ့နိုးဖိုး အကျေဆပ်နိုင်ခဲ့သည်။
တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၊ မင်းကွန်းဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့သည်လည်း မိဘကျေးဇူးဆပ်သွားကြသည်မှာလည်း အားကျဖွယ်ကောင်းလှပါသည်။
(၂) ပညာနဲသော မိဘများကို ပညာ အသိပညာများ ရရှိအောင် သူတော်ကောင်းတရားများကို များများ နားယူနိုင်အောင် ဖန်တီးပေးခြင်း၊ မုဓပ္ပသန္န-အကျိုးမဲ့တွေ ယုံကြည်နေကြသော၊ နတ်လမ်း ဓာတ်လမ်းတွေကို ယုံကြည်နေကြသော မိဘများကို အသိပညာများ ပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။
ဘုရားရှင်သည် မွေးဖွားပြီး ၇ ရက်မှာ နတ်ရွာစံသွားသော မယ်တော် မာယာဒေ၀ီမှ သန္တုသိတ နတ်သားဖြစ်သော မယ်တော်ကို အဘိဓမ္မာတရားတော်များ ဟောကြားခြင်းဖြင့် သောတာပန်တည်စေပြီး ကျေးဇူးတရား အကျေဆပ်နိုင်ခဲ့သည်။
(၃) သီလမရှိသော မိဘများ သီလရှိလာအောင်၊ ဥပုသ်သီတင်းများ ဆောက်တည်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ သီလယူနေကျ မိဘများကို မပင်မပန်းဆောက်တည်နိုင်စေရန် ဖန်တီးပေးခြင်းဖြင့်လည်း ဆပ်နိုင်သည်။
(၄) စွန့်ကြဲပေးကမ်းမှု နဲနေသော၊ မစ္ဆရိယတရား အလွန်များနေသော မိဘများကို လှူတတ် ပေးတတ် ကမ်းတတ် စွန့်ကြဲတတ်အောင် နည်းလမ်းအမျိုမျိုးပေး၍ ဖန်တီပေးခြင်းဖြင့် ကျေးဇူးဆပ်နိုင်သည်။ ဤသို့အားဖြင့် သူတော်ကောင်းတရားများ နှလုံးသားဝယ် တည်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိဘကျေးဇူးများ ဆပ်နိုင်ပါသည်။
ဘုရားရှင်တောင် နို့တစ်လုံးဖိုး ကျေ မကျေ ပြဿနာ
ဘုရားရှင်က အမေ့ကျေးဇူးဆပ်နည်းတွေတော့ ဟောထားတယ် သူကိုယ်တိုင်က အမေ့နို့ဖိုး တစ်လုံးတောင် အကျေမဆပ်နိုင်ခဲ့ဟု စာထဲမှာ ဖတ်ရပါသည်ဘုရား၊ အဲဒါ ဟုတ်ပါသလားဘုရားဟု လူငယ်တစ်ယောက်က စာရေးသူအား မေးဖူးသည်။ လွန်ခဲ့သော ၂ လကျော်လောက်က ဖြစ်ပါသည်။ အိန္ဒိယပြန်သွားဖို့ ပြင်ဆင်နေရချိန်ဖြစ်၍ ပြန်မဖြေလိုက်မိခဲ့။ ထိုဇာတ်ကားလေး ကြည့်လိုက်မှ ထိုအဖြေပေးဖို့ သတိပြန်ရလာသည်။
အမေရင်းဖြစ်သူ သန္တုသိတ နတ်သားအား အဘိဓမ္မာတရားများ ဟောကြားခြင်းဖြင့် အပါယ်တံခါးပိတ်စေပြီး ထိုမှ အဆင့်ဆင့် အထက်မဂ်ဖိုလ်များ ရသွားနိုင်ပြီး ဘ၀ဒုက္ခ သံသရာဆင်းရဲမှ လွတ်စေနိုင်သည်ဖြစ်ရကား အမေ့နို့ဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပါသည်။
ဘုရားလောင်းကို မွေးဖွားပြီး ၇ရက်အကြာ ဘုရားလောင်း၏ မယ်တော်ရင်း နတ်ရွာစံပြီးချိန်က စပြီး နို့ချိုတိုက်ကျွေး ကျွေးမွေးစောင့်ရှောက်ခဲ့သော အဒေါ်ဖြစ်သူ မိထွေးတော် ဂေါတမီကိုလည်း ဘုရားရှင်သည် ကျေးဇူးများကို အကျေဆပ်နိုင်ခဲ့သည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်မပြုမီ သားတော်ဘုရားအား နောက်ဆုံးလျှောက်ထားသော စကားများကလည်း စိတ်ဝင်စားစရာကောင်းပါသည်။
ရဟန္တာ (ကျား) များ ပရိနိဗ္ဗာန်ပြုခါနီး ဂါထာများဖြင့် လျှောက်ထားသော စကားများကို ထေရအပါဒါန်ဟု ခေါ်သည်၊ ရဟန္တာ (မ) များ လျှောက်ထားသော ဂါထားများကိုတော့ ထေရီအပါဒါန်ဟု ခေါ်သည်။
ထိုထေရီအပါဒါန်တွင် မိထွေးတော်ဂေါတမီက ဤကဲ့သို့အောက်ပါအတိုင်း လျှောက်ထားသည်ကို တွေ့ရပါသည်။
အဟံ သုဂတ တေ မာတာ၊ တွဉ္စ ၀ီရ ပိတာ မမ။
သဒ္ဓမ္မသုခဒ နာထ၊ တယာ ဇာတာမှိ ဂေါတမ။
သံဝဒ်္ဓိတောယံ သုဂတ၊ ရူပကာယော မယာ တ၀။
“မြတ်စွာဘုရား … အရှင်ဘုရားကို တပည့်တော်က သဘာဝ (လောက) နို့ရည် တိုက်ကျွေးခြင်းဖြင့် အရှင်ဘုရားရဲ့ ရုပ်ခန္ဓာ ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်မဟာ အရှင်ဘုရားရဲ့ မိခင် ဖြစ်ပါတယ် ဘုရား။”
အနိန်္ဒိတော ဓမ္မကာယော မမ သံဝဒ်္ဓိတော တယာ။
မုဟုတ်္တံ တဏှာသမဏံ၊ ခီရံ တွံ ပါယိတော မယာ။
တယာဟံ သန္တမစ္စန္တံ၊ ဓမ္မခီရဥှိ ပါယိတာ။
“တပည့်တော်ကို အရှင်ဘုရားက တရားနို့ရည် (ဓမ္မ ခီရ) တိုက်ကျွေးခြင်းဖြင့် တပည့်တော်မရဲ့ အေးချမ်း တည်ငြိမ်သော တရားကိုယ်ထည် (ဓမ္မကာယ) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက်ကြောင့် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ဖခင် ဖြစ်ပါတယ် ဘုရား။”
ဗန္ဓနာရက္ခနေ မယှံ၊ အဏဏော တွံ မဟာမုနေ။
ပုတ္တကာမာ ထိယော ယာစံ၊ လဘန်္တိ တာဒိသံ သုတံ။
“အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် (ဗန္ဓနာရက္ခနေ) တပည့်တော်အပေါ်မှာ အရှင်ဘုရားနို့ဖိုးကြွေး (အဏဏော) လုံးဝမကျန်တော့ပါဘုရား။ မိခင်ရဲ့ နို့နှစ်လုံးဖိုး လုံးဝအကျေ ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား။”

ထိုဇာတ်ကားလင့်ခ် (http://www.youtube.com/watch?v=B2UGZIUE3N8&feature=related) အပိုင်း (၁-မှ-၁၂ ထိ) ရှိသည်ထင်သည်၊ ယခုအခါ အပိုင်း ၁ ကိုဖွင့်ကြည့်တာနဲ့ ကျန်လင့်များ ပေါ်လာပါလိမ့်မည်၊ မြန်မာပြည် တွင် youtube ဖွင့်မရ၊ လိုင်းမကောင်းသဖြင့် ကြည့်ရလိမ့်မည် မထင်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၅-၂၀၁၁

Read more...

11-15 May – Events

Click the image for details (this is all the information I have received, so be sure to double check it!

Read more...

သာမဏေငယ်များနဲ့အနာဂတ်သာသနာ




ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေး ဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ် ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သ လို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော် အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြ ဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာ သနာဟု သုံးရပ် ရှိပါတယ်။

“ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ် များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့် ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ် သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅-ခုနှစ်မှာ သာသနာတော် အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေးအတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြု များ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ် တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။


ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ် လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိ စာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှု တွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့ တော့ မေ့နေတတ်ကြ ပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက် ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာတပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကို လည်း လူတိုင်းသိစေ ချင်ပါတယ်)။


ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။


အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေ ချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာ သည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိ စာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များ သည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက် သင့်ပါတယ်။

အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြ သဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

ဖြောင့်ချက်
မူရင်းနေရာ....ဗုဒ္ဓကမ္ဘာ
Show/Hide

Read more...

နဲနဲလေးတော့ လွဲနေတယ် (၂၀)...

ပံသုကူ (ပံ့သကူ) အလှူနဲ့ ထီပေါက်မှု/ မပေါက်မှု
မနှစ်က ဘုန်းဘုန်းမြန်မာပြည်မှာရှိတုန်း ပို့ချခဲ့တဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို မသိတာရှိရင် မေးပါဆိုတော့ ဒကာမကြီး တစ်ယောက်က “ဘုန်းဘုန်းဘုရား ပံ့သကူပစ်ရင် ထီပေါက်တယ်ဆိုတာ ဟုတ်လားဘုရား” လို့ မေးဖူးပါတယ်။ ဒကာမကြီးရဲ့ အမေးကိုကြားတော့ “ဘယ်ကဘယ်လို ကြားလာတာလဲ ဒကာမကြီးရယ် အဲဒီလိုဆို ဘုန်းဘုန်းတို့လည်း ဒီပေါက်အောင် ပံ့သကူပဲ ပစ်နေမှာပေါ့”လို့ ပြန်ပြောရင်း မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတဲ့ အယူအဆလေးများအကြောင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ဒကာတစ်ယောက်က “အရှင်ဘုရားရေ တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး၊ တပည့်တော် မနှစ်က သီတင်းကျွတ်တုန်းက စာသင်တိုက်တစ်ခုထဲမှာသွားပြီး ပံ့သကူသင်္ကန်းတစ်စုံ ပစ်ခဲ့ဖူးပါတယ်။ အဲဒီကအပြန် ထီလည်းထိုးဖြစ်ခဲ့ပါတယ်။ ထီထွက်လာတော့ တပည့်တော် နှစ်သိန်းဆု ပေါက်တယ်ဘုရား၊ တပည့်တော်ကတော့ ဒီလိုကံကောင်းလာတာ အဲဒီတုန်းက လှူခဲ့တဲ့ ပံ့သကူ သင်္ကန်းအလှူကြောင့်ပဲလို့ ထင်တယ်ဘုရား” စသဖြင့် လျှောက်ဖူးပါတယ်။ သူ့စကားအတိုင်း “ဟုတ်တယ် ဒကာရေ၊ ဒကာပြောသလိုပဲ တိုက်ဆိုင်မှုလို့ပဲ သဘောထားလိုက်ပါ”လို့ ပြောရင်း ကုသိုလ်ကံတွေရဲ့ သဘောကို ပြောပြဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အချို့မှာ ပံသုကူအလှူနဲ့ ပတ်သက်ပြီး ပံသုကူပစ်ရင် ဘာပေါက်တယ်၊ ညာပေါက်တယ်ဆိုတဲ့ အယူအစွဲ အလွဲလေးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်။ လွဲဆိုရင် အခေါ်အဝေါ်ကစပြီး လွဲနေတာ ဖြစ်ပါတယ်။ သူတို့ခေါ်နေကြတာက ပံ့သကူလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်လည်းမသိ အခေါ်လည်း လွဲနေပေမယ့် ဒီလွဲနေတာကို လွဲနေမှန်း မသိဘဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ပြောဆိုနေကြတဲ့ ပံ့သကူဆိုတာ ပံသုကူလိကဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပံသုဆိုတာ မြေ၊ မြေမှုန့်လို့ အဓိပ္ပါယ်ရပြီး ကူလိကဆိုတာ လိမ်းကျံခြင်း၊ လွှမ်းမိုးကျရောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား ပံသုကူလို့ပြောရင် မြေမှုန့်လိမ်းကျံနေတဲ့ စွန့်ပစ်အရာလို့ အလွယ်နားလည်ထား နိုင်ပါတယ်။ အဲဒီလို စွန့်ပစ်ထားတဲ့ မြေမှုန့်လိမ်းကျံနေတဲ့ အရာတွေကို ကောက်ယူသုံးဆောင်ခြင်းကိုပဲ ပံသုကူဆောင်လို့ဆိုတာ ဖြစ်ပါတယ်။ ပံသုကူသင်္ကန်းဆိုရင်လည်း အများက မသုံးဆောင်တော့ဘဲ စွန့်ပစ်ထားတဲ့ အဝတ်အပိုင်းအစတွေကို ကောက်ယူသန့်စင်ပြီး သင်္ကန်းအဖြစ် ချုပ်လုပ်ထားတဲ့ သင်္ကန်းမျိုးကိုဆိုပြီး ဒီသင်္ကန်းကို ဝတ်ရုံသုံးဆောင်တဲ့ ရဟန်းကို ပံသုကူဆောင် ရဟန်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးကို ယူပြီး ဒီနေ့ခေတ်မှာတော့ ပံသုကူဆောင် ရဟန်းတော်များ ရှိသလို ပံသုကူပစ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ပံသုကူပစ်တယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ရဟန်းကိုမှ မရည်ရွယ်ဘဲ ရဟန်းတော်များ အသွားအလာများတဲ့ နေရာဒေသတွေမှာ သင်္ကန်းစတဲ့ အသုံးအဆောင်ပစ္စည်းများကို ပံသုကူပါဘုရားဆိုပြီး ရေးသားစွန့်ပစ် လှူဒါန်းထားတာကို ဆိုတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ကို သီးသန့်ရည်မှန်းပြီး လှူဒါန်းတာမဟုတ်ဘဲ ထိုက်တဲ့ပုဂ္ဂိုလ်များ ခံယူသုံးဆောင်ဖို့ စွန့်လှူတာ ဖြစ်တဲ့အတွက် အလှူအနေနဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီးအကျိုးရှိတတ်ပါတယ်။ ဒီလို အကျိုးထူးရှိတဲ့ အတွက်လည်း တစ်ချို့က ပံသုကူအလှူကို လှူကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ ပံသုကူကို ကိုယ်ကောင်းစားရေးအတွက် အသုံးချတတ်တာတွေလည်း ရှိပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ကနေပြီးတော့ “ထီပေါက်ကိန်းရှိတယ်၊ ဘယ်မှာသွားပြီး ဘာလေးကိုတော့ ပံသုကူပစ်လိုက်ပါ”လို့ ပြောတာကို လူတွေက လိုက်လုပ်ရင်း ပံသုကူအလှူနဲ့ ထီကိစ္စလေးတွေက ပြောစရာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ချို့လည်း အဲဒီလို ပံသုကူပစ်ပြီးတော့မှ ဘာပေါက်တာ၊ ညာပေါက်တာတွေ ဖြစ်လာတော့ ဒါ ပံသုကူပစ်လိုက်လို့ပဲ ဆိုတာတွေလည်း ဖြစ်လာတာ ဖြစ်ပါတယ်။ စဉ်းစားကြည့်တော့ ဒါဟာ ပံသုကူပစ်လို့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီလိုသာ ဖြစ်ကြေးဆိုရင် လူတိုင်းပံသုကူပစ်ပြီး လူတိုင်းထီတွေ ချဲတွေပေါက်ကုန်ကြတော့မှာပေါ့။ ပြောရရင် အတော်လေးကို လွဲနေတော့တာပါ။

အမှန်တော့ ဒါဟာ တိုက်ဆိုင်မှုတွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပံသုကူပစ်လို့ ထီပေါက်တာဆိုရင်လည်း ပံသုကူကြောင့်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကံကိုကံနဲ့ ဆင့်ပေးလိုက်တဲ့အတွက် အကျိုးပေးကောင်းတွေ ဖြစ်လာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်တော့ လူတိုင်းလူတိုင်းအတွက် ကံဆိုတာ အတိတ်ကံရှိသလို ပစ္စုပ္ပန်ကံလည်း ရှိတတ်ပါတယ်။ အတိတ်က ကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် မကောင်းကံတွေက အားကြီးနေရင် အတိတ်ကံ အကျိုးပေးခွင့် မသာသလို အတိတ်က မကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် ကောင်းကံတွေက အားကြီးနေရင်လည်း အတိတ်က မကောင်းကံတွေ အကျိုးပေးခွင့် မသာပြန်ပါဘူး။ အဲဒီအတွက်ကြောင့် ပစ္စုပ္ပန်မှာ ကောင်းကံတွေ အားကြီးအောင် ကုသိုလ်ကောင်းမှု များများလုပ်စေကြခြင်း ဖြစ်ပါတယ်။ ခုနပြောခဲ့သလို ပံသုကူအလှူ လှူလိုက်ချိန်မှာ ကောင်းတဲ့အကျိုးတရားတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ သူတွေမှာလည်း ဒါဟာ အတိတ်ကံကို ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ ဖွင့်ပေးတဲ့အတွက်ကြောင့် လက်တွေ့မှာ ကောင်းကံလေးတွေ ဖြစ်ပေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်က ထီပေါက်လိမ့်မယ် ပံသုကူပစ်လိုက်ဆိုတဲ့ အတွက်ကြောင့် ထီပေါက်လာတာ မဟုတ်ဘူးဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

ပြောချင်တာက ပံသုကူပစ်ရင် ထီပေါက်တယ်ဆိုတဲ့ အယူအစွဲဟာ မမှန်ဘူးဆိုတာနဲ့ အကယ်၍ တိုက်ဆိုင်လို့ ထီပေါက်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကုသိုလ်ကံကြောင့် ကံပွင့်လာတာဖြစ်တယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ပံသုကူပစ်တိုင်းသာ ထီပေါက်ကြမယ်ဆိုရင် ဘာမှမလုပ်ဘဲ ပံသုကူပဲ ပစ်နေကြဖို့တောင် ကောင်းတယ်လို့ ပြောလိုက်ချင်ပေမယ့် တကယ်တော့ ဒီလိုကောင်းကျိုးလေးတွေ ဖြစ်လာတာဟာ ပံသုကူကြောင့်မဟုတ်ဘဲ ကောင်းကံကိုကောင်းကံတွေနဲ့ ဆင့်ပေးလိုက်တဲ့ အတွက်ကြောင့် ကောင်းကျိုးလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်ဆိုတာကိုပဲ ပြောပေးရမှာ ဖြစ်ပါတယ်။ တကယ်လည်း ကောင်းမှုကုသိုလ်တွေရဲ့ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲအစွဲတွေထဲမှာ ပံသုကူအလှူဟာ ထီပေါက်စေတယ်ဆိုတဲ့ အယူအစွဲလေးများလည်း ရှိနေတတ်တဲ့အတွက် တိုက်ဆိုင်လို့ ထီတွေဘာတွေ ပေါက်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ပံသုကူပစ်လို့ ထီပေါက်တယ်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့် ကောင်းကျိုးလေးတွေ ဖြစ်လာတဲ့ သဘောပဲဆိုတာကို သေချာသဘောပေါက် နားလည်လက်ခံပြီး ဒီထက်မက ကောင်းကျိုးရချင်ရင်တော့ ဒီထက်မက မကောင်းမှုရှောင်ပြီး ကောင်းမှုကိုသာ ဆောင်ကြဖို့နဲ့ အစွဲတရားနဲ့ လွဲမှားနေမယ့် အလွဲများအစား အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ ကံတရားကိုသာ အလေးထားပြီး လွဲနေတာကို မလွဲအောင်သာ ကြိုးစားကြပါလို့ပဲ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
READ MORE......

Read more...

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၅)

လူတို့သည် ရဟန်းတို့ကို မြင်သောအခါ- ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။
(၀ိနည်းမဟာဝါမြန်မာပြန်)

ရာဇဂြိုဟ်ရုပ်သံ(RTV)စင်တာမှ
ထုတ်လွှင့်ချက်.....
(မဟာသက္ကရာဇ် ၁၀၃၊ တပိုတွဲလပြည့်ကျော်........)
Breaking News
ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ
လွန်ခဲ့တဲ့ လအနည်းငယ်က မဂဓတိုင်းနိုင်ငံတော်၊ရာဇဂြိုဟ်စီတီးကို ကြွရောက်လာခဲ့ပြီး ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံနေတဲ့ ဂေါတမဗုဒ္ဓအရှင်နဲ့ တပည့်ရဟန်းတော်များဟာ ရာဇဂြိုဟ်မြို့တော်လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။ အဓိကအကြောင်းရင်းကတော့ ဂေါတမဗုဒ္ဓအရှင်ရဲ့ တရားဓမ္မအသစ်ကို နှစ်သက်လက်ခံသူအမျိုးသားတွေက အိမ်ရာကို စွန့်ခွာပြီး ရဟန်းပြုကုန်ကြတာကြောင့် လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ရာဇဂြိုဟ်ရုပ်သံရဲ့ ဝေဘာရသတင်းထောက်က တိုက်ရိုက်တင်ပြပေးပါ့မယ်။

Read more...

တရားမင်းသခင် - ၁၂။ ပါရမီဖြည့်ဖက်

(. . . . . မှ အဆက်)

ယသောဓရာက ပြန်လည် ဖြေကြား၏။
“မောင်တော်ဘုရား . . .။ မောင်တော်ပြောတဲ့ ကိုယ်ကျင့်ကောင်းအောင် လေ့ကျင့်ပေးမယ့် စနစ်ဟာ စိတ်ဓာတ်တွေ ကောင်းမွန်လာအောင်ပဲ လုပ်ပေးနိုင်မှာပါ။ လူ့အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ တကယ့်လိုအပ်ချက်ဖြစ်တဲ့ စီးပွားရေး တည်ငြိမ်မှုကို ထောက်ပံ့ပေးနိုင်မှာမို့လား။ မြှင့်တင်ပေးနိုင်မှာမို့လား။ ငြင်းစရာ စကားတစ်ခု အနေနဲ့ ဆိုကြပါစို့။ ကျားကျားမမ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံအောင်၊ လောကီလိုအင်ဆန္ဒတွေ ကိလေသာ အညစ်အကြေးတွေက လွတ်ကင်းအောင် သူတော်စင် တစ်ယောက်က လုပ်ပေးနိုင်တယ် ဆိုပါစို့။ အဲဒီလိုဆိုရင် မျိုးဆက်တစ်ခုတည်းနဲ့ လူသားမျိုးဆက် ပြတ်သွားမှာပေါ့။ အဲဒါဟာ အလုပ်အကျွေးပြုခြင်း မဟုတ်ပါဘူး။ မတွေးရဲစရာ ပြစ်မှုကြီးသာ ဖြစ်ပါတယ် မောင်တော်ဘုရား . . .။”

သိဒ္ဓတ္ထသည် မင်းသမီးကို တအံ့တသြ ကြည့်နေ၏။ မင်းသမီး၏ လွတ်လပ်သော အတွေးအခေါ်ကို သဘောကျနေသည်မှာ သေချာ၏။ ကျေနပ်အားရမှုကို ဖုံးကွယ်မထားဘဲ မင်းသမီးကို ပြော၏။
“နှစ်မတော်ရဲ့ နက်နဲတဲ့ အသိအလိမ္မာ ဗဟုသုတကို မောင်တော် သဘောကျပါတယ်။ မောင်တော်ရဲ့ ကြင်ယာတော်ဟာ တုနှိုင်းမမီလောက်တဲ့ အလှနဲ့ မြင့်မြတ်တဲ့ သူတော်ကောင်း လက္ခဏာ ရှိရုံတင် မကဘဲ ပညာရှိတဲ့ မိန်းမတစ်ယောက် ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ မောင်တော်က သဒ္ဓမ္မ တရားထူးကို ထိုထွင်းသိမြင်ဖို့ ရည်ရွယ်မျှော်လင့်တာပါ။ ပြောစမ်းပါအုံး . . .။ နှစ်မတော် ပြောခဲ့တဲ့ အယူအဆတွေဟာ နှစ်မတော်ရဲ့ ကိုယ်ပိုင် အယူအဆတွေလား။ တစ်ယောက်ယောက်က နှစ်မတော် လက်ခံအောင် ရိုက်သွင်းခဲ့တာတွေလား။”

“ပြောခဲ့တာတွေဟာ နှစ်မတော်ရဲ့ ကိုယ်ပိုင် အယူအဆတွေလို့ ခံစားရပါတယ် မောင်တော် . . .။ ဘ၀နဲ့ ပတ်သက်တဲ့၊ လောကရေးရာနဲ့ ပတ်သက်တဲ့ အဲဒီ အယူအဆတွေကို ထုတ်ဖော်တတ်အောင် ခမည်းတော်ရဲ့ အကြံပေး ပုဏ္ဏားတော်ကြီး သမ္ဗူလက တွန်းအားပေးခဲ့တာ ထင်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်လိမ္မာတဲ့ ဖွင့်ဆိုရှင်းပြချက်တွေကို နှစ်မတော် နားထောင်ခဲ့ရပါတယ်။ နှစ်မတော်ကို စာပေ သင်ကြားပေးတာလည်း သူပါပဲ။ သူက တစ်ခြား ပုဏ္ဏားတော် ဆရာကြီးတွေနဲ့ မတူဘူး။ သူက နှစ်မတော်ကို အတင်းအကြပ် ဝေဒန္တတွေ အလွတ်အကျက် မခိုင်းဘူး။ လွတ်လွတ်လပ်လပ် တွေးခေါ်ယူဆတာကို အားပေးတယ်။ ဘာသာရေး ဆရာကြီးတွေ အားလုံးရဲ့ အယူအဆတွေကို ပြောပြပေးတယ်။ အဲဒီတော့ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးစနစ်နဲ့ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား အပေါ်မှာ တည်ဆောက်ထားတဲ့၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ထားတဲ့ အစိုးရတစ်ရပ်ကသာ အကြီးမြတ်ဆုံးနည်းနဲ့ အလုပ်အကျွေး ပြုနိုင်တယ်လို့ နှစ်မတော် ကောက်ချက်ချနိုင်တာပေါ့။”

“ယသောဓရာ . . . မင့်ရဲ့ အယူအဆကို ဆန့်ကျင်ကန့်ကွက်စရာ မရှိပါဘူး။ လူကို အထောက်အကူ ပြုနိုင်တဲ့ စီးပွားရေး စနစ်နဲ့ ကိုယ်ကျင့်တရား လေ့ကျင့်မှုဆိုတာ ဘယ်လိုဟာမျိုး ဖြစ်မလဲ။ နှစ်မတော် ထင်မြင်ယူဆထားတဲ့ စီးပွားရေး စနစ်ကို အရင် ပြောပြပါအုံး။ သမ္ဗူလဆီက ရခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြားဆရာ တစ်ယောက်ယောက်ဆီက ရခဲ့တာပဲဖြစ်ဖြစ် ဘယ်ကရခဲ့တယ်ဆိုတာ မောင်တော့်အတွက် အရေးမကြီးပါဘူး။”

“မောင်တော် . . .။ စိုးရိမ်ကြောက်ရွံခြင်း ကင်းတဲ့ကမ္ဘာ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာနဲ့ ပတ်သက်လို့ စောစောက မောင်တော်ပြောတဲ့ အယူအဆတွေဟာ သမ္ဗူလရဲ့ အယူအဆတွေနဲ့ တော်တော့်ကို တူပါတယ်။ ပြည်တွင်းက စည်းစိမ်မှန်သကို အစိုးရက သိမ်းပိုက်ထားရမယ်၊ စက်ရုံတွေ ကုန်သွယ်မှုတွေ တိရစ္ဆာန် မွေးမြူရေးတွေကိုလည်း အစိုးရကပဲ စီမံကွပ်ကဲရမယ်လို့ သမ္ဗူလက ပြောပါတယ်။ အဲဒီလို လုပ်လိုက်ရင် သန်းကြွယ်သူဋ္ဌေးကြီးတွေ ရှိမှာမဟုတ်တော့ဘူး၊ ဆင်းရဲမွဲတေတဲ့ သူတောင်းစားတွေလည်း ရှိမှာမဟုတ်တော့ဘူးလို့ သူ ယူဆပါတယ် ဘုရား . . .။”

“ကောင်းလိုက်တဲ့ အကြံပါလား။ အဲဒီလို အစိုးရတစ်ရပ် ထူထောင်လိုက်ရင် ငွေနောက်လိုက်နေတဲ့ သြဇာရှိတဲ့ သူကြွယ်ကြီးတွေ ပျောက်ကွယ်သွားမယ်ဆိုတာ သံသယ မရှိပါဘူး။ ဒါပေမယ့် သူတို့နေရာကို ဘုရင်မင်းမြတ်နဲ့ မိဖုရားတွေ မင်းညီမင်းသားတွေ နောက်လိုက်နောက်ပါ အရာရှိတွေက ၀င်ယူမသွားပေဘူးလား။ စည်းစိမ်ဥစ္စာ ကြွယ်ဝမှု မတူညီတာကို ညီအောင်ညှိလို့ ဖြစ်နိုင်တယ်ဆိုရင်တောင်မှ အာဏာပါဝါကိုတော့ ညီအောင်ညှိလို့ ရမယ်မထင်ဘူး နှစ်မတော် . . .။ အကျိုးဆက် အနေနဲ့ ဖြစ်လာနိုင်တာက ရာသက်ပန် ဆင်းရဲလာခဲ့တဲ့ အောက်ခြေလူတန်းစား အများစုဟာ ဖိနှိပ်မှု တစ်မျိုးက လွတ်မြောက်ပြီး ဖိနှိပ်မှု နောက်တစ်မျိုးအောက် ရောက်သွားမှာပဲ။”

“တရားမျှတတဲ့ အုပ်ချုပ်သူရဲ့ လက်ထက်မှာ အဲဒါမျိုး ဖြစ်မလာနိုင်ပါဘူး မောင်တော်ဘုရား . . .။”

“ယသောဓရာရယ် . . .။ မောင်တော်တို့ရဲ စိတ်ကူးထဲက စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ တရားမျှတတဲ့ အုပ်ချုပ်သူ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ ကြားဖူးလို့လား။”

“မကြားဖူးပါဘူး မောင်တော် . . .။ လက်ရှိ လူမှုရေး စနစ်ကို စစ်ရေးအရ အပြင်းအထန် အမြစ်ပြတ်အောင် သုတ်သင်ပြီးမှပဲ ဇာတ်ခွဲခြားမှု အာဏာဝါပါ ခွဲခြားမှုတွေကင်းတဲ့ နိုင်ငံမျိုးကို ထူထောင်နိုင်လိမ့်မယ်လို့ သမ္ဗူလက ပြောပါတယ် ဘုရား . . .။”

“ယသောဓရာ . . .။ စောစောက မောင်တော်ပြောခဲ့တဲ့ ကိုယ်ကျင့်တရား လေ့ကျင့်ပေးတဲ့ စနစ်က အများကြီး ပိုပြီး အရေးကြီးတယ် ဆိုတာကို ခု မင်း နားလည်လောက်ပြီ ထင်ပါတယ်။ မှန်ကန်ဖြောင့်မတ်မှုကို ကျင့်သုံးနိုင်မှပဲ မင်းကောင်းမင်းမြတ်ရယ်လို့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်။ လူရဲ့ လွတ်မြောက်မှုနဲ့ ပျော်ရွှင်မှုဟာ စည်းစိမ်ဥစ္စာပေါ်မှာ မှီတည်တာ မဟုတ်ဘူး။ လူ့စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ မှန်ကန်ဖြောင့်မတ်မှု အပေါ်မှာ မှီတည်တာ။ ခုချိန်ထိ ဇမ္ဗူဒိပ်တစ်ဝှန်းလုံးမှာ မင်းကောင်းမင်းမြတ် မပေါ်ထွန်းသေးဘူးဆိုရင် အဲဒါဟာ သဒ္ဓမ္မ မပေါ်ထွန်းသေးလို့ပါ။ အဲဒါကြောင့်ပဲ တိုင်းနိုင်ငံ အများစုက စည်းစိမ်ဥစ္စာနဲ့ အာဏာပါဝါတွေ ပိုင်ဆိုင်ထားကြပေမယ့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ဒုက္ခပင်လယ်ဝေနေရတာပေါ့။ အများကောင်းစားဖို့ အများပျော်ရွှင်ဖို့ အဲဒီ သဒ္ဓမ္မကို ငါ ရှာဖွေမယ်။ အချိန်ကြာမယ်ဆိုတာ ငါ သိပါတယ်။ ခက်ခဲမယ်ဆိုတာ ငါ သိပါတယ်။ အားသွန်ခွန်စိုက် လုပ်ရမယ့် ကိစ္စ ဖြစ်တယ်ဆိုတာ ငါ သိပါတယ်။ ယသော် . . .။ လူသားတွေကို အကြီးမြတ်ဆုံးလက်ဆောင် ပေးအပ်နိုင်အောင် မင့်ရဲ့ ပူးပေါင်းပံ့ပိုးမှုကို မောင်တော် လိုချင်ပါတယ် . . .။”

ယသောဓရာသည် မတ်တတ်ရပ်လိုက်ပြီး သိဒ္ဓတ္ထမင်းသားကို တမင်သက်သက် အချိန်ယူ၍ ငေးကြည့်နေလိုက်၏။ ပြီးမှ စကားဆို၏။
“မောင်တော် . . .။ မောင်တော့်အတွက် ဂုဏ်ယူပါတယ်။ မောင်တော့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို နှစ်မတော် နားလည်ပါတယ်။ အဲဒီ စိတ်ကူးက မဇ္ဈိမအင်ပါယာကြီး တည်ထောင်မယ်ဆိုတာထက် အများကြီး ပိုပြီး မြင့်မြတ်တယ် ဆိုတာကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ မောင်တော် ရည်ရွယ်တဲ့အတိုင်း ဉာဏ်အလင်း ရရှိဖို့ တောထဲ သွားစရာ မလိုဘူး ထင်ပါတယ်။ နှစ်မတော်နဲ့ နီးနီးနားနား ဒီ နန်းမဆောင်ထဲမှာ နေရင်းနဲ့ရော အဲဒီ ဉာဏ်အလင်းကို မရရှိနိုင်ဘူးလား။ မောင်တော်က နူးညံ့ပါဘိသနဲ့ မဖြစ်နိုင်ပါဘူး မောင်တော်ရယ် . . .။ မောင်တော်က မွန်မြတ်တဲ့ တရားထူးကို ရှာဖွေတာ ဖြစ်ပေမယ့် မောင်တော် ဒုက္ခရောက်တာကို နှစ်မတော် မကြားရက် မမြင်ရက်နိုင်ပါဘူး။ နန်းဆောင်တွေကြား မြေကွက်ကောင်းကောင်း တစ်နေရာမှာ သီးသန့်ဆောင်လေးတစ်ခုဆောက်ပြီး စိတ်ကြိုက်နေပေါ့ မောင်တော်ရယ် . . .။ ကမ္မဋ္ဌာန်းတရားတွေ ပွားများပေါ့။ မောင်တော် ပြောပြခဲ့တဲ့ မှန်ကန်ဖြောင့်မတ်တဲ့ အကျင့်လမ်းစဉ် သဒ္ဓမ္မ အပေါ်မှာပဲ အာရုံစိုက်နေပေါ့။ နှစ်မတော်က မောင်တော့်ကို ကျွန်တစ်ယောက်လို ပြုစုလုပ်ကျွေးပါ့မယ် . . .။ မောင်တော် . . . နှစ်မတော်ကို ခွဲမသွားပါနဲ့နော် . . .။ မောင်တော် ထွက်သွားရင် ခံစားရမယ့် ၀မ်းနည်းကြေကွဲမှုကို နှစ်မတော် ခံစားနိုင်မှာ မဟုတ်ဘူး။”

“ယသောဓရာရယ် . . .။ မင်းက ဉာဏ်ပညာ ကြီးရင့်သူပါ။ မောင်တော့်ကိုချစ်လို့ ဒါတွေပြောနေတယ်ဆိုတာ မောင်တော် သိပါတယ်။ စိတ်တည်ငြိမ်မှု သမာဓိဟာ အိမ်ထောင်သည်ဘ၀နဲ့ မစပ်ဟပ်ပါဘူး။ မောင်တော့်စိတ်ဟာ ကောင်းကင်မှာ လွတ်လွတ်လွင့်မြောနေတဲ့ ၀ါဂွမ်းမျှင်လေးလို ပြင်ပအာရုံ အနှောင့်အယှက်တွေကနေ ကင်းလွတ်နေရမယ်။”

“ဒါဆိုရင်လည်း မောင်တော်ရယ် . . .။ ကပိလ၀တ်မြို့ထဲက မောင်တော်ကြိုက်တဲ့ နေရာမှာပဲ နေပါနော်. . .။”

“မဟုတ်သေးဘူး ယသောဓရာ . . .။”

“ဒါဖြင့်ရင်လည်း သကျနေပြည်တော် ပိုက်နက်ထဲက သင့်တော်တဲ့ တစ်နေရာရာမှာ နေပါလား မောင်တော်ရယ် . . .။”

“ဒါတော့ လောလောဆယ် မပြောနိုင်သေးဘူး။ မောင်တော့်မှာ ရှိနေတဲ့ အတ္တကို ပယ်သတ်နိုင်ဖို့ အမျိုးအနွယ်တွေ အမျိုးဇာတ်တွေ မင်းဆက်တွေကို ထည့်မတွက်ဘဲ ကျေနပ်ရောင့်ရဲနိုင်တဲ့ ဘ၀မျိုးနဲ့ အမှန်တကယ်ကို အသားကျနေမှ ဖြစ်မယ်။ ဒီတော့ ဒီစကြာဝဠာကြီးထဲက မောင်တော် ခြေချတဲ့ နေရာတိုင်းဟာ မောင်တော့်အိမ် ဖြစ်လိမ့်မယ်။”

ယသောဓရာသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သိဒ္ဓတ္ထ၏ ခြေအစုံကို ပွေ့ပိုက်ကာ ခြေဖမိုးတို့ကို နမ်းရှိုက်လေ၏။ ထို့နောက် သိမ်မွေ့စွာ စကားဆိုလေ၏။
“မောင်တော် . . .။ မရေမတွက်နိုင်တဲ့ ဘ၀သံသရာတွေမှာ မောင်တော့်ကို ချစ်မြတ်နိုးခဲ့ရပါတယ် ဘုရား . . .။ မောင်တော့်အပေါ်မှာ ကျိုးနွံစွာ သစ္စာစောင့်သိတဲ့ မောင်တော့်မယား မိယသော် . . . မောင်တော့်အတွက် ဆုတောင်းပေးပါတယ် ဘုရား . . .။ မခံစားနိုင်ပါဘူး မောင်တော် . . .။ လူ့ခံစားချက်ရှိတဲ့ မိန်းမတစ်ယောက် အနေနဲ့ ငိုမိပါတယ် ဘုရား . . .။ ဒါပေမယ့်လေ . . . တစ်ပါးသူတွေ လွတ်မြောက်နိုင်ဖို့အတွက် ဘ၀နဲ့ရင်းပြီး ရည်ရွယ်ရဲတဲ့ လင်သားတစ်ယောက်ရဲ့ ဇနီးပျို တစ်ယောက် အနေနဲ့ ပြုံးလိုက်ပါတယ်။ မောင်တော် . . .။ မြင့်မြတ်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်နိုင်ပါစေ . . .။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံယူနိုင်ပါစေ ဘုရား . . .။”

(ဆက်ရန် . . . . .)

Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP