ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Thursday, May 12, 2011
ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး သြ၀ါဒ
စာသင်စာချအကျိုး
နေ့စဉ်မွေ့လျော်၊ များသူတော်တို့
ရွှင်ပျော်လုံ့လ၊ သဒ္ဓါကြွ၍
ဉာဏစင်ဖြူ၊ သင်ယူမူကား
ထိုသူစီးပွား၊ သုတများသဖြင့်
စဉ်းစားဉာဏ်ဝယ်၊ အမြင်ကျယ်၏၊
မကွယ်စေကာ၊ ကိလေသာလည်း
သူ ငါ ရုန့်ကြမ်း၊ ဖြစ်စတမ်းသို့
ဗရမ်းဗတာ၊ ဖြစ်မလာဘဲ
ဣဿာ မစ္ဆရ၊ မထကြွဘူး၊
ရာဂဒေါသော၊ မာန မော တို့
အပြောမကျယ်၊ သေးငယ်ငယ်မှ၊
စ၍ပဟာန်၊ တဒင်္ဂံဖြင့်
ဝိက္ခမ္ဘန၊ ပယ်နိုင်ကြသည်
သင် ချ အကျိုး၊ စာ တန်ခိုးတည်း...။ ။
(သမ္မေဟ၀ိနောဒနီ ဘာသာဋီကာ ဒု- ၁၈)
သာသနာ့ဝန်ထမ်း ရှင် ရဟန်းတို့၏ စာသင် စာချ အကျိုးတရားများကို ဖော်ကျူး၍ ဦးခိုက်ပူဇော်ပူဇော်ပါသည်
Show/Hide
ရဟန်းတုလော၊ တံဆိပ်တုလော
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ
အရှင်ဣဒ္ဓိပါလ အမည်ရှိ ရဟန်းတစ်ပါး ရောက်ရှိနေကြောင်း၊
အဲ့ဒီရဟန်းဟာ ဗုဒ္ဓဘာသာသာသနာတော်နဲ့ လုံးဝ မဆီလျှော်တဲ့
အပြုအမူ အပြောအဆို အကျင့်အကြံတွေနဲ့
ရိုးသားတဲ့ မြန်မာ ဗုဒ္ဓဘာသာတွေကို စည်းရုံးသိမ်းသွင်းနေကြောင်း
၁၅၊ ၅၊ ၂၀၁၀ မှာ မြို့ထဲမှာ သူ့ရဲ့ ပွဲရှိကြောင်း
လျှောက်ကြားလာပါတယ်။
ဒါနဲ့ အဲ့ဒီရဟန်းနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို လိုက်လံ ဖတ်ကြည့်မိပါတယ်။
သိလာရတာက ဒီပုဂ္ဂိုလ်ဟာ
တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို
စော်ကား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့
သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို
လုံးဝလိုက်နာခြင်းမရှိဘဲ
ပြောင်ပြောင်တင်းတင်းဆန့်ကျင်တာကို တွေ့ရပါတယ်။
သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်သားတော်ဆိုပြီး
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဘာလို့မဟောရတာလဲ။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို မဟောချင်ဘူးဆိုရင်
လူအ၀တ်အစားနဲ့ ကိုယ်ဟောချင်ရာ ဟောပါလား။
ကိုယ်တတ်ထားတဲ့ပညာကို ကိုယ်ကိုယ်တိုင် မယုံကြည်လို့
သင်္ကန်းဝတ်ပြီး သင်္ကန်းအားကိုးနဲ့ စီးပွါးရှာနေတာလား။ လူတွေကို သိမ်းသွင်းနေတာလား။
ဒီလိုမျိုးလုပ်နေတာဟာ
ကိုယ်ထုတ်တဲ့ကုန်ပစ္စည်း ရောင်းမကောင်းမှာစိုးလို့
သူများရဲ့ နာမည်ကြီးပြီးသား အမှတ်တံဆိပ်ကို
ခိုးတပ်ပြီး ရောင်းစားတာနဲ့ တူနေပါတယ်။
တကယ်တော့
ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အ၀တ်ကို ၀တ်ပြီး
ကိုယ်ပြောချင်တာ ပြောနေတာ စီးပွါ့းရှာနေတာတွေဟာ
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
ခုတုံးလုပ်နေတာပါ။
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
စော်ကားနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီ
http://swenaing.blogspot.com/2011/01/blog-post_6331.html
http://www.youtube.com/watch?v=-8wFYodeGJA&feature=player_embedded
မှာ ဒီလို တွေ့ရပါတယ်။
No.1 စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း၏ ခေါင်းဆောင်
ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးတစ်ဦး
ရန်ကုန်မြို့တွင်း စည်းရုံးသိမ်းသွင်းခြင်များ ပြုလုပ်နေကြာင်းသိရသည်။
ကုလား ဘုန်းကြီး၏ ဘွဲ့အမည်ကို
ဆရာတော် အရှင် Eiddidpala ဟု ပေးထားသည်။
ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက်
လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့
စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။
“သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ သာခေါ်ရတယ်။
သူ့လုပ်ရပ်တွေက ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ တခြားစီပဲ။
ဟောကြားချက်တွေထဲမှာ သာဓုမခေါ်နဲ့၊
ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။
သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ သင်တန်းသားတွေက လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတာပဲ။ ဘယ်လိုတွေလဲမသိဖူးဗျာ ကြည့်ရ အတော်ဆိုးတယ်။”
ဟု ရန်ကုန်မြိုခံ တစ်ဦးက ပြောပြသည်။
ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူသည့် (၂၆၀၀)ပြည့်နှစ် အထိမ်းအမှတ်အဖြစ်
Meet and Eat – ANNAPURNA
Our favourite Indian Vegetarian Restaurant – it’s cheap, cheerful, and we get the room to ourselves!
Friday 27th May
DETAILS/MAP
All Events:
April – May:
25th April – 13th May: Invitation to the annual 3 week course Jain Philosophy course at Mahidol-ISSJS 2011. This is a detailed and thorough course, which should be of interest to all who have a connection with Indian thought and religion. DETAILS UPDATED April 26th
May
- Sunday 1st May (Labour Day) Insight Meditation teacher Jeff Oliver at the WFB : DETAILS
- Monday 2nd (National Holiday in liu of Labour Day) Jeff Oliver leads talk and meditation at the beautiful Ariyasom Villa, Sukhumvit Soi 1 : DETAILS
- Thursday May 5th: Steven Smith talks on METTA – Loving Kindness Meditation at Ariyasom Villa Hotel, Bangkok : DETAILS
- Saturday 7th: Dhamma Talk in English at the delightful Baan Aree Library complex, with Ven Buddhayanando from Las Vegas Thai temple: DETAILS
- Sunday 15th: Talk on Buddha Nature with the Shambhalla group (Tibetan), with visiting speaker – Jump to their website
- Friday 27th: Meet and Eat – at ANNAPURNA, lunch, chat, and whatever else … all welcome. DETAILS
June
- Thursday 2nd: “Crisis as Opportunity” Talk by US Tibetan Nun Karma Lekshe Tsomo at Ariyasom Villa : DETAILS
- Friday 3rd : “Deep Listening Skills” : second talk by US Tibetan Nun Karma Lekshe Tsomo at Ariyasom Villa: DETAILS
- Saturday 4th: Buddhist Psychos meet for chat on psychology, Buddhism, or anything else … and coffee. Meet at Ariyasom Villa 1pm DETAILS
.. - Thursday June 16th – Special Dhamma Talk with Steven Smith, in memorial of Dr Holly – food and reflections on Holly’s time with us also. 6-8:30 pm. Venue to be announced.
.. - June 12-18 Sakayadhita Internation Women’s conference in Bangkok, please book your place and submit papers if you wish very soon. DETAILS
NOTE – Updated April 18th: conference details are now posted on their website HERE - ..
- ..
July
- Saturday 16th : Special Abhidhamma session with Ajahn Sujin DETAILS
October
- Saturday 29th: Special Abhidhamma session with Ajahn Sujin DETAILS
click for details
Read more...ဤတရားငါးမျိုးတို့ကို ပွါးများခဲ့မူ...
သတိသူပဋ္ဌိတသုတ်
လိုတရ ဘဂ၀ါဂုဏ်တော် ဘုရားရှိခိုး
“လွဲချော်နေတဲ့ အသိလေးများ”
“လွဲချော်နေတဲ့ အသိလေးများ”
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက်လေ့ရှိကြတဲ့ ကုသိုလ်ပွဲ့အချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထား မိတယ်။ ဥပမာ-အနေကဇာတင်ရာမှာ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေလို မလို၊ နောက် အနေကဇာတင်တာ နေ့လည်တွင် မတင်ကောင်း ဆိုတာမျိုးလိုပေါ့။
အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက “ဘာတွေ လုပ်ထားရမှာလဲဘုရား” လို့ မေးလျှောက်လေ့ ရှိကြတယ်။ ဘာမှ မလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း ရေချမ်း ဆွမ်း ဆီးမီး သစ်သီး ကပ်ထားရင် ရပါတယ်လို့ ပြောလိုက်ရင်ပဲ-
မဟုတ်ဘူးလေဘုရာ့ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေ ဝယ်ထားဖို့ လိုတယ် မဟုတ်လားဘုရား”တဲ့။ အတွန့်တက်လေ့ ရှိကြတာကို အမြဲ ကြုံရတတ်တယ်။
မလိုပါဘူး ပြောတာကိုဘဲ သူတို့က မယုံကြဘူး။ အိမ်ရောက်ရင် အဲဒါတွေ မဝယ်ဖို့ ပြောထားပေမယ့် ဝယ်ထားသူတွေ က များလှတယ်။
“ရဟန်းတော်များကလည်း ဒီကိစ္စ အလေးထားပြီး မပြောကြ၊ ရှင်းပြ မပေးကြတော့ အဲဒီ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီး အဓိကနေရာကို ယူလာတာ ကာလကြာပေါ့။ အဲဒါတွေ မပါရင်ဘဲ အနေကဇာတင်ကိစ္စ မဖြစ်တော့သလိုမျိုးတွေ ဖြစ်လာ ကြတယ်။
မြို့ကြီးပြကြီးတွေမှာ ဘုရားစောင်းတန်း သွားပြီး ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေကို ဝယ်ရတာ မခက်လှပေမယ့်၊ မြို့ငယ်နဲ့ ရွာတွေမှာတော့ အဲဒါတွေက ရှိခဲလှသမို့ အတော် ကြောင်းကျစိုက်ပြီး မြို့သွားသူကို မှာကြရတယ်။ အလုပ်ပိုတယ်ဆိုတာ အပိုအလုပ်တွေကို လုပ်ကြလို့ ဖြစ်တယ်။
ကြေကွဲဖို့ ကောင်းတာက အချို့ ရဟန်းတော်များက “အနေကဇာတင် တယ်ဆိုတာ အရုဏ်တက် လုပ်ရတယ်၊ ထီး၊တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တွေကို ဘုရားဈေးမှာ ရှိတယ်၊ သွားဝယ်ထားကြ၊ ဖြစ်နိုင်ရင် သစ်သီးကိုးမျိုး ပန်းကိုးမျိုး ဘုရားမှာ ပူဇော်ထားကြ၊ သာသနာပွဲထိုးထားကြ၊ ဆန်ပန်း ပေါက်ပေါက်လဲ စီစဉ်ထားကြ”လို့ မိန့်တော်မူလေ့ရှိကြတယ်။
ဒကာ၊ ဒကာမတွေက ဘာသာရေးကိစ္စမှန်သမျှ ဘုန်းကြီးတွေပြောရင် အမှန်လို့ တထစ်ချ မှတ်ယူထားတတ်ကြ သူတွေဆိုတော့ အမှန်တွေဘဲ ထင်ကြတယ်။ လုပ်လာလိုက်ကြတာ ဒီကနေ့တိုင်ဘဲ ဆိုပါတော့။
အမှန်ကတော့ ဘုန်းကြီးတိုင်းလည်း ပိဋကတ်ကို ကျွမ်းကျင် တတ်မြောက်ခြင်း ရှိကြတာ မဟုတ်လို့ ဆရာသမားတွေနဲ့ အတူနေကြရင်း ဆရာသမားတွေ ပြောခဲ့သလို ကိုယ်လူကြီး ဖြစ်လာတော့လဲ ပြောရိုးပြောစဉ် ပြောနေကြရတာ၊ မစီစစ်ဖြစ်ကြ တော့ဘူး ဆိုပါတော့။
ဒကာ ဒကာမတွေကလည်း မိဘတွေနဲ့ အတူနေလာ၊ ဒီလိုနဲ့ အိုးကွဲအိမ်ကွဲ ဖြစ်လာကြတော့ မိဘတွေ ဆောင်ရွက်သလို မျိုး ဘာသာရေး ကိစ္စတွေမှာ ကိုယ်တိုင်ဦးစီး ဆောင်ရွက်ဖြစ်ကြတယ်။ ဘာမှ ထူးပြီးလည်း စဉ်းစားမနေတော့ဘူး။ အမေတို့ လုပ်ကိုင် ဆောင်ရွက်သလိုမျိုး လုပ်ပစ်လိုက်တော့တာ။
အဲဒီတော့ စာရေးသူ ပြောသလို “အနေကဇာတင်ရာမှာ ဘာမှ မလိုဘူး” ဆိုတာကို လက်မခံနိုင်ဘူး၊ မယုံကြည် ဘူးပေါ့။ သိနေတဲ့ အသိအမှားက အခံရှိနေခြင်း၊ ကိုယ်သာမဟုတ် လူတိုင်း ကာလကြာရှည်၍ သူရောငါပါ လက်ခံဆောင်ရွက်ကြ တာဖြစ်လို့ အမှန်တွေဟုသာ တထစ်ချ မှတ်ယူ နေကြတယ်။
ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး လွဲချော်နေတဲ့ အသိလေးများကို တည့်မတ် ပေးဖို့ ဘုရားပွင်လာတာ ဖြစ်တာမို့ လွဲမှားနေတဲ့ အသိလေးတွေကို တရားဟောရင်းနဲ့ ပြောဖြစ်ပါတယ်။
တစ်ခါက အိမ်ထောင်ကျသွားတဲ့သမီးဖြစ်သူရဲ့ အိမ်တက် အနေကဇာတင်မှာ သမီးဖြစ်သူက စာရေးသူကို တံခွန် ကုက္ကားစတာတွေ လုပ်ထား ရမလားမေးလို့ ဘာမှ မလိုကြောင်းပြောတာကို အမေဖြစ်သူက ဆရာတော်ကလဲ လုပ်ပြီး ရှေးထုံးတွေ မဖျက်ပါနဲ့တဲ့။ ရှေးထုံးကြီးတဲ့။
စာရေးသူက ဒါတွေမပါလို့ ဘာမှ မဖြစ်ပါဘူးပြောတော့ အဖေဖြစ်သူကတော့ ဘုရားဈေးက တံခွန်ကုက္ကားရောင်း သူတွေ မရောင်းရတာပေါ့ဘုရားတဲ့။ အမှန်ပါဘဲ။
“အနေကဇာတင်တယ်” ဆိုတာကို ဦးစွာ သဘောပေါက်ရင် ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်တို့ လို မလို ဆိုတာ သူ့အလိုလို ဘာသာ ရှင်းပါတယ်။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ကာလကြာရှည်စွာ ပါရမီဆယ်ပါး စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးဆိုတဲ့ ပါရမီ အလုပ်များစွာတို့ကို အားထုတ်ခဲ့ရ တဲ့ မြတ်ဗုဒ္ဓ လောင်းလျာဟာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန် မှာ မျှော်မှန်းခဲ့တဲ့ ဘုရားဖြစ်ရေး သဗ္ဗညုတဉာဏ်တော် ရရှိရေး ဆန္ဒတော်ကြီးဟာ အောင်မြင်ထမြောက်ပြည့်စုံခဲ့တယ်။
ဘုရားဖြစ်ပြီးစ အချိန် နှလုံးသားမှာ ဟန့်တားလို့ မရနိုင်လောက်အောင် အားရတော်မူလွန်းလို့ နှုတ်တော်မှနေ စကား တော်တွေ အံထွက် လာကြ တယ်။ အဲဒီစကားတော်များကို ဥဒါန်းစကားလို့ ခေါ်ဆိုတယ်။ ပီတိအဟုန်ကြောင့် ပေါ်ထွက်လာတဲ့ စကားတွေပေါ့။
ဆိုပါတော့ ကိစ္စတစ်ခုကို အလေးထား ဆောင်ရွက်ခဲ့တယ်။ အောင်မြင်ဖို့လည်း အထူးမျှော်မှန်းထားတယ်။မျှော်မှန်းထား တဲ့ အတိုင်းလည်း အောင်မြင်ဖြစ်ထွန်း ခဲ့ရင် အော်ဟစ်ခုန်ပေါက်ကာ ပျော်မြူးသွား သလိုမျိုးနဲ့ ခပ်ဆင်ဆင် တူမယ်ထင်ပါတယ်။
ဆီအိုးထဲ ဆီများသွန်းလောင်းတဲ့အခါ ဆီတွေကများပြီး အိုးကသေးနေလို့ အိုးအပြင် ဆီများလျှံတက် ကျလာသလို ကန်ဘောင်နဲ့  ပြည့်စုံတဲ့ ရေကန်ကြီး အတွင်းသို့ ဝင်လာတဲ့ရေက များပြီး ကန်ဘောင်ပေါ်သို့ ရေများ လျှံတက်ကာ စီးဆင်းသွား သလိုမျိုးဟု ဥပမာနှစ်မျိုးနဲ့ ထင်ရှားအောင်ရှင်းပြထားတယ်။
ဥဒါန်းစကားတော်
၁။ အနေကဇာတိသံသာရံ (၂) ဂါထာ။
၂။ ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ပဋိလုံ။
၃။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ (၃) ဂါထာတို့ ဖြစ်ပါတယ်။
ယနေ့အခါမှာတော့ အနေကဇာတင်ရာမှာ ဟေတုပစ္စယော-စတဲ့ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိနဲ့ ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာတို့ ဖြာဖြာမိုးမိုး ဖြိုးဖြိုးမောက် ပြည့်စုံစေရန် ရည်သန်၍ ဇယန္တော ဗောဓိယာ မူလေ-စတဲ့ ပုဗ္ဗဏှသုတ်လာ ဇယမင်္ဂလာ အောင်ဂါထာတို့ကိုလည်း ထည့်သွင်း ရွတ်ဆိုပူဇော်ကြပါတယ်။
ဗုဒ္ဓမြတ်စွာဟာ ဘုရားဖြစ်ပြီးစ အချိန်အနည်းငယ်မှာ ဥဒါန်းစကားတော်တို့ကို ကျူးရင့်တော်မူပါတယ်။ စဉ်းစားလိုက် ရင် သိသာပါတယ်။ အဲဒီ ဥဒါန်း စကားတော်တွေ ကျူးရင့်တော်မူစဉ်က ဗုဒ္ဓဘုရားရှင်ရဲ့ လက်တော်မှာ မည်သည့်အရာမှ ကိုင်ခြင်း မရှိပါ။ ဒါကြောင့် တန်ခွန်ကုက္ကား စတာတွေ မပါရင်လည်း ဖြစ်ပါတယ်။
“အနေကဇာတင်” ဆိုတာ ဘုရားကို ပန်းတင်သလို၊ ဆွမ်းတော်တင်သလိုမျိုးမဟုတ်။ ဘုရားဖြစ်စအချိန်မှာ ဗုဒ္ဓဘုရားရှင် ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော်များကို ရဟန်းတော်များက ရွတ်ဆိုပူဇော်ခြင်း ဖြစ်ပါတယ်။ ဘုရားဖြစ်စအချိန်က အရုဏ်တက်မို့ အရုဏ်တက်ချိန် အနေကဇာ တင်ရမယ်လို့ ထင်နေတာပါ။ အရုဏ်တက်ပြီးစမှ မဟုတ်၊ အဆင်ပြေတဲ့အချိန် တင်လို့ ရပါတယ်။ ဗုဒ္ဓနှုတ်ခပတ်မို့ အမြဲပူဇော်နေရင်တောင် အမြဲကုသိုလ်ရနေမှာပါ။
ဒါ့အပြင် အောင်ဂါထာတွေမို့ အမြဲရွတ်ဆိုပူဇော်နေရင် အောင်ဓာတ်တွေ ကိန်းနိုင်မယ် ထင်ပါတယ်။ဗုဒ္ဓဂုဏ်တော် တွေဖြစ်လို့ပါ။ ယနေ့ အခါမှာတော့ ဗုဒ္ဓကိုယ်တော်တိုင် ကျူးရင့်နေသည့်အလား သံဃာတော်များက ရွတ်ဖတ်ပြီး၊ ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုပေါ်သို့ ရောက်စေရန် တင်ပေး လိုက်ခြင်း မျိုးဖြစ်နေတာမို့ “အနေကဇာတင်” ပေးတယ်လို့ ဆိုရမလားဘဲ။
ဥဒါန်းစကားတော်တို့ရဲ့ အစ စကားက “အနေကဇာတိ” ဖြစ်တယ်။ အနေကဇာတိ-ဆိုတဲ့ ပါဠိကို စွဲ၍ ပါဠိသက်ဝေါဟာရ အနေနဲ့ “အနေကဇာတင်” လို့ အလွယ်ခေါ်ဆိုဟန်တူပါတယ်။
“အနေကဇာတိ” အက္ခရာငါးလုံးမှာ နောက်ဆုံး “တိ”အက္ခရာ၌ လုံးကြီးတင်ကို “င်” အသတ် ပျောင်းလိုက်ရင် “အနေက ဇာတင်” ဆိုတဲ့ မွေးစားစကား ဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲလို ဗုဒ္ဓပူဇာကို “အနေကဇာတင်” လို့ ခေါ်ဆိုခြင်းကား အဘယ်အချိန်က စခဲ့တယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ ရှေးမထေရ်တို့ရဲ့ အစဉ်အလာအတိုင်း ဘာသာရေး ယဉ်ကျေးမှုအရ ဆက်လက် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ပိဋကတ်တော်မှာ ဒီပါဠိတော်များကို ရွတ်ဆိုပြီး “အနေကဇာတင်” ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါ။ (စာရေးသူ စာမနှံ့လိုလည်း ဖြစ်နိုင်ပါတယ်။)
သံဃာတော်များက မိမိတို့နေအိမ်မှာ ကိုးကွယ်မယ့် ဆင်းတုတော်မြတ်ကို ထိုပါဠိတော်များနဲ့ရွတ်ဆိုပူဇော်ပေးခြင်းဟာ မိမိတို့နေအိမ်၌ ဘုရားပွင့်တော် မူလာခြင်း အသွင်ကို ဆောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါကြောင့် နေအိမ်ရှင်များက-
“ငါတို့အိမ်မှာ ဘုရားပွင့်ပြီးလို့သာ မှတ်ထားကြရပါမယ်”။
“ ပြီးတော့ ငါတို့မိသားစုတွေက ဘုရားနဲ့ အတူနေတာလို့လည်း သဘောပေါက်ကြရပါမယ်”။
ရုပ်ပွားတော်မြတ်ကို ဆန်၊ပန်း၊ပေါက်ပေါက်တွေနဲ့ ပစ်ပေါက်ခြင်းက ဘာကြောင့်လဲ ဆိုရင်တော့- မာရ်နတ်ကြီးက ဘုရား ပွင့်ထွန်းမည့် အရုဏ်သို့ မဆိုက်ရောက်ခင် တစ်ညအလို ညနေဆည်ဆာချိန်မှာ ဗောဓိပင်နဲ့ ရွှေပလ္လင်ကို လုတယ်။ ဓားမိုး လှံမိုး စတဲ့လက်နက်တွေနဲ့ ပစ်ပေါက်တယ်။ ဓားလက်နက်စတာတွေက ရှက်စနိုးကြလို့ မြတ်ဗုဒ္ဓထံတော် အရောက်မှာတော့ လက်နက်အသွင် မဟုတ်ကြတော့ဘဲ ပန်းများများ အသွင်ဖြစ်သွားကြသတဲ့။
ဒီကနေ့ အနေကဇာတင်ရာမှာ ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက်နေခြင်းဟာ မာရ်နတ်နဲ့ သူ့စစ်တပ် ထိုတုန်းက ပြုမူဟန်ကို ပမာပြုခြင်းလို့ ဆိုနိုင်ပါတယ်။ ဆန် ပန်း ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက် နေခြင်းဟာ မိမိတို့ကိုယ်တိုင် မာရ်နတ်ရဲ့ ဘက်တော် သားတွေ ဖြစ်နေသလိုမျိုးပါ။ အပျက်စိတ်နဲ့သာ ပစ်ပေါက်မိရင် ကံကြီး ထိုက်မယ်။ ယနေ့ခေတ်မှာ ပိုက်ဆံတွေနဲ့ပါ ပစ် ပေါက်ပေးနေကြရတယ်။
ပေါက်ပေါက်နဲ့ ပစ်ပေါက်ခြင်းကတော့ ပေါက်ပေါက မြောက်မြောက် ဖြစ်စေဖို့ထင်ရဲ့။
ပိုက်ဆံများနဲ့ပေါက်ကြတာကတော့ ငွေတွေ ဝင်လာမစဲ တသဲသဲ ပျံဝဲလာဖို့နေမှာပါ။
ရှေးဆရာတော်ကြီးများ ကိုယ်တော်တိုင် ထုံစံအတိုင်း ဆောင်ရွက်နေကြလေတော့ နောင်သံဃာများလည်း အစဉ်အလာ အတိုင်း ဆောင်ရွက်ပေးနေ ကြရတယ်။ ဘုရားနဲ့ ပတ်သက်တဲ့ကိစ္စမို့ စိတ်ထားတတ်ရင် ကုသိုလ်ရမှာပါ။
အနေကဇာတင်ခြင်းကား ရုပ်တုတော် စေတီတော်များ ထုလုပ် ကိုးကွယ်ခြင်းက အစပြုခဲ့တာ။ ထုလုပ် တည်ထားပြီး နောက် ဒီအတိုင်း ကိုးကွယ်ခြင်း ထက် ဘုရားဖြစ်စ အချိန်က ကျူးရင့်တော် မူခဲ့တဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပူဇော် ပေးခြင်းဖြင့် သိဒ္ဓိတင်သလိုမျိုးများ ဆောင်ရွက်တာ များလားဟုပင် စဉ်းမိပါတယ်။
မြန်မာလူမျိုးတို့က သိဒ္ဓိတင်ပေးတတ်သူကို အထင်ကြီးလေးစားကြတယ်။ ယုံမှတ်ကြတယ်။ ဘုရားကိုးကွယ်တာတောင် စီးပွားဖြစ်ဂမုန်းလို သဘောထား ကိုးကွယ်နေကြတာ။ ဘွဲ့အမည်တော်စီးတဲ့ ဆင်းတုတော်နဲ့ ပုံသဏ္ဍာန် ထူးဆန်းတဲ့ ဆင်းတုတော်များဆို ရက်မအားရအောင် နေအိမ်တွေမှာ နှစ်ကုန်အထိ လှည့်လည် ဒေသစာရီကြွကာ ပူဇော်ခံနေရတယ်။
အသိမိသားစုများ အနေကဇာတင်ပင့်လို့ ကြွရတိုင်း ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်က လာဘ်ခေါ်ဂမုန်းမဟုတ်ဘူး၊ ဘုရားထံ ဆုတောင်းပြီး ကိုယ့်ဒုက္ခ ကို ပြောပြသလိုမျိုး အပူ မကပ်ကြနဲ့လို့ အမြဲပြောဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်မှုကား ဗေဒင်နဲ့ နွယ်လျှက် ရောရော ထွေးထွေး ဖြစ်နေတာကို နေရာတိုင်း လိုလိုမှာ တွေ့ရ တယ်။ ယတြာချေခြင်း၊ ဘေးမဲ့ပေးခြင်း၊ ဘုရားကိုးဆူကပ်ခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းတို့အပြင် အနေကဇာတင် ရာမှာလည်း ဗေဒင်ရဲ့ အငွေ့အသက်များ ပါဝင်နေတယ်။ တံခွန် ကုက္ကား၊ ထီးဖြူ၊ဂြိုဟ်ရွက်၊ ကြက်လျှာတို့ကို သံဃာတော်များ ကိုင်နေရတာကိုက သာဓကပါ။
ဒီကနေ့အခါမှာတော့ တတ်နိုင်တဲ့ ကုသိုလ်ရှင်များက သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုးကို အနေကဇာတင်မယ့် ရုပ်ပွားတော်အား ကပ်လှူပူဇော်တာ ကို တွေ့ရတတ်ပါတယ်။ ပိုပြီး ဗေဒင်ဆန်လာတာပေါ့။
ရွာမှမိသားစုအချို့သည် ရေကြည်ရာ မြက်နုရာဆိုသလို ကြည်မြင်တိုင်၊သီရိမင်္ဂလာဈေးတွင် စီးပွားလာရှာနေကြတယ်။ တစ်နေ့တွင် ကိစ္စနဲ့ စာရေးသူ ရောက်သွားရာ ၄င်းတို့အိပ်မှ ဆင်းတုတော်များကို အနေကဇာတင်ရာတွင် ရဟန်းတော်များ ကိုင်လျက် အသုံးပြုခဲ့တဲ့ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေကို ဘယ်မှာ စွန့်ပစ်ရမည်မသိ ဖြစ်နေကြောင်းနဲ့ ထိုအရာတို့ကို မည်သည့်နေရာမှာ ထားရမှာကို မေးကြ လို့ “နတ်အိုးကွဲ”အကြောင်း ပြောဖြစ်ခဲ့တယ်။
နတ်စဉ်တင်တဲ့ နတ်ပန်းထိုးတဲ့ပန်းအိုး ကွဲသွားရင် အခြားအိုးကွဲတွေလို အိမ်နောက်ဖေးမှာ အခြား အသုံးမဝင်တဲ့ အဟောင်း အစုတ်ပလုပ်တွေလို ပစ်ထားသလိုမျိုး ထားဖို့ကလဲမဝန့်။ အရှင်ကြီးတွေ ကိုင်မှာစိုးရတယ်၊ အဲဒီ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ ကလည်း ပစ်စရာနေရာ ရှားလှတယ်။
စာဖတ်သူများလည်း စဉ်းစာကြည့်ပါ၊ ထိုအရာများကို ဘုရားစဉ်တွင် အမြဲတင် လှူထားရမှလား။ ဒါမဟုတ် အိမ်ရှေ၊ အိမ် နောက် အမှိုက်ပုံ မည်သည့်နေရာမှာ စွန့်ကြရမှာလဲ။
အထက်ပါ အနေကဇာတင် ဖြစ်စဉ်အရ ထီးဖြူ တံခွန် ကုက္ကား ကြက်လျှာ မလေးပွား ဂြိုဟ်ရုပ်စက္ကူ စတာတွေ လိုမလို ဆိုတာ ဘာသာရေးအသိဉာဏ် အထိုက်အလျောက်ရှိသူပင် ထိုကိစ္စ မလိုအပ်တာကို သိနိုင်ပါတယ်။ ဒါပေမယ့် တွင်ကျယ်နေတဲ့ ကိစ္စဖြစ်နေလို့ ဘုရားအနေကဇာ တင်ရာမှာ ထိုတံခွန် ကုက္ကားစတာတွေ မပါမဖြစ်လို့ အများအမြင် ရှိလာပါတော့တယ်။
အမှန်ကတော့ တံခွန်ကုက္ကားစတာတွေ မပါလည်း အနေကဇာတင်လို့ ဖြစ်တာကို ပြောချင်တာပါ။ အဲဒါတွေကို သိပ်အလေး မထားကြပါနဲ့။
ထေရဝါဒသာသနာ ထွန်းကားခဲ့တဲ့ တိုင်းနိုင်ငံတိုင်းမှာ စေတီပုထိုးနဲ့ ရုပ်ပွားတော်များ ထုဆစ်ကိုးကွယ်လေ့ ရှိကြတယ်။ စေတီတော်၊ ဆင်းတုတော် တို့ကို အများဆုံး ထုလုပ် ကိုးကွယ် တာကလည်း အခြားဗုဒ္ဓဘာသာ နိုင်ငံများထက်စာရင် မြန်မာပြည်က ပိုများပုံ ရပါတယ်။ ဒါကြောင့် အနေကဇာတင် ပူဇော်ခြင်းကား မြန်မာနိုင်ငံရဲ့ မူပိုင် ဘာသာရေး ဓလေ့များ ဖြစ်လေရော့သလားဟုပင် တွေးမိပါတယ်။
စေတီတော်တွင် ဓာတ်တော်များ ထည့်သွင်းခြင်း၊ ဆင်းတုတော်များ ထုလုပ်ခြင်းသည် သက်တော်ထင်ရှား မြတ်ဗုဒ္ဓ ကိုယ်စား ကိုးကွယ်နိုင်ဖို့ အတု(အတူ)ပြု ထုလုပ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ဘုရားရှင်ကား တစ်မြို့ တစ်ရွာ တစ်ကျောင်းတည်းမှာ အမြဲသီတင်းသုံး နေထိုင်ခြင်းမရှိ။ အချို့ဒကာ၊ဒကာမများ မြတ်ဗုဒ္ဓရှိလိမ့်မယ် အထင်နဲ့ ဇေတဝန် ကျောင်းတော်သို့ ဘုရားဖူး လာတတ်ကြတယ်။ ကျောင်းတော်ရောက်မှ ဘုရားမရှိတာနဲ့ ကြုံလို့ စိတ်မကောင်း ဖြစ်ကြရတယ်။
ဘုန်းကံ အလွန်ကြီးမားတဲ့ ဆရာတော်ကြီးများထံ ဝေးကွာတဲ့မြို့ရွာများမှ အဖူးမြော်သွားကြရာ ဆရာတော်ကြီး ခရီးသွားနေခိုက်နဲ့ကြုံပါက စိတ်မော လူမောနဲ့ ပြန်ရသလိုမျိုးနေမှာ။
အရှင်အာနန္ဒာ မထေရ်က အမြော်အမြင် ကြီးစွာနဲ့ ကျောင်းတော်မှာ ဗုဒ္ဓမရှိခိုက် ဗုဒ္ဓကိုယ်စား ပူဇော်ကိုးကွယ်နိုင်ရန် ဗုဒ္ဓကိုယ်စား ရည်မှန်းထုလုပ်တဲ့ ဥဒ္ဒိဿက ရုပ်ပွားတော်နှင့် ဗုဒ္ဓအသုံးအဆောင် ပရိဘောဂစေတီတော် တည်ထား ကိုးကွယ် ခွင့် တောင်းခံပါတယ်။ ဗုဒ္ဓက ဗောဓိပင် စိုက်ပျိုး ပူဇော်ဖို့ ခွင့်ပြုခဲ့တယ်။
အရှင်အာနန္ဒာက အရှင်မောဂ္ဂလာန်ကို မဟာဗောဓိပင်မှ အစေ့ကို ယူဆောင်စေပြီး ဇေတဝန်ကျောင်းတော် မုခ်ဝ အနီးမှာ ဗောဓိပင်ကို စိုက်ပျိုးစေပြီး ဗောဓိပင်အောက်မှာ ဗုဒ္ဓကိုယ်တော်တိုင် သမာပတ်ဝင်စံတော်မူပါတယ်။ ကိုးကွယ် သူတို့ အကျိုးများဖို့ အထူးဆောင်ရွက်ခြင်းဖြစ်ကြောင်း စာမှာ ဆိုပါတယ်။ (မိမိသိအပ်ပြီး အရဟတ္တဖိုလ်ကို ထပ်တလဲလဲ ဖြစ်စေခြင်းကို ဖလသမာပတ်-ဟု ဆိုသည်။)
ဗုဒ္ဓမရှိတော့တဲ့ ယနေလိုအခါမျိုးမှာ နေအိမ်မှာ ဘုရားဆောင်နဲ့ ဘုရားဆင်းတုတော်မျာ ထားကာကိုးကွယ်ကြခြင်းမှာ ဗုဒ္ဓဘာသာပီပီ ဘုရားနဲ့ အတူတူ နေချင်လို့ ဖြစ်ပါတယ်။ မြန်မာအများစုက မိဘနဲ့အတူနေလေ့ရှိကြတယ်မဟုတ်လား။
“ ငါတို့ဟာ ဘုရားနဲ့ အတူနေကြသူများ ဖြစ်တယ်။ ဘုရားမကြိုက်တဲ့ အကုသိုလ်အမှုကို လွန်ကျူးရင် ဘုရား သိလိမ့်မယ်” လို့ တွေးပြီး အကုသိုလ် ပြုလုပ်ခြင်းမှ ရှက်ခြင်းဟိရီ ၊ကြောက်ခြင်းဩတ္တပ္ပ-ဆိုတဲ့ သူတော်ကောင်းတရားနှစ်ပါးနှင့် ပြည့်စုံစွာ နေကြရမယ်။ ဒါမှ ဘုရားကို အလေးထားသလိုမျိုး ဖြစ်ပါတယ်။
ဥပမာ အလေးထားအပ်တဲ့ မိဘဆရာသမားတို့နဲ့ အတူနေသူတို့ဟာ မိဘဆရာသမားတွေ မနှစ်သက်တဲ့ကိစ္စများကို မလွန်ကျူးကြသလိုမျိုးပေါ့။ မိဘကို အလေးထားကြရမယ်မဟုတ်လား။ အကုသိုလ်ပြုခွင့် ကြုံလာခဲ့ရင်တောင် ဗုဒ္ဓရဲ့ပုံတော်ကို မြင်နေရင် မလွန်ကျူးဖြစ်ဖူးပေါ့။
နေအိမ်မှာ ဧည့်သည်တော့ ဖိတ်ခေါ်ထားပြီး ဧည့်သည်ကို ဘာမှမကျွေး မမွေး၊ ဂရုမစိုက်ဘဲ ပစ်ထားလို့ မဖြစ်ပါ၊ အလားတူ နေအိမ်မှာ မြတ်ဗုဒ္ဓကို အနေကဇာတင်ကာ ပင့်ထားပြီး ပန်းတော် ရေတော် ဆွမ်းတော် ဆီးမီး သစ်သီးတွေနဲ့ ဝေဆာနေ အောင် ပူဇော်ကြခြင်း အလျဉ်းမရှိကလည်း သင့်တော် မသင့်တော်ကို ကိုယ်တိုင်ဝေဖန် ဆန်းစစ် စေချင်ပါတယ်။
ဆီးမီးကပ်လှူဖြင်းဖြင့် မျက်စိအမြင်ကောင်းခြင်း၊ပန်းကပ်လှူခြင်းဖြင့် အနံ့လည်းသင်း၊ အဆင်းလည်းလှခြင်း၊ သောက်တော်ရေ ကပ်လှူခြင်းဖြင့် သန့်ရှင်းခြင်း၊ အေးချမ်းခြင်း၊ နံသာတိုင် ကပ်လှူခြင်းဖြင့် ဂုဏ်သတင်းမွေးခြင်း ကောင်းကျိုး များကို ရုပ်ပွားတော်မြတ်ကို အကြောင်းပြုပြီး ရနိုင်တယ်။ဘုရားစင်နှင့်ရုပ်ပွားတော်မြတ်သည် စိတ်ကို ကြည်လင်စေနိုင်ပါတယ်။
ဒါ့ကြောင့် ဘုရားစင်ကို ကြည်ညိုဖွယ်ဖြစ်အောင် သန်းရှင်းသပ်ယပ် ပန်း ရေချမ်းတို့ဖြင့် ဝေဆာနေဖို့ လိုအပ်ပါတယ်။
ဒါ့ပြင် ပန်း ရေချမ်း သစ်သီး ဆီမီး ဆွမ်းကုသိုလ်ကောင်းမှု ပြုကြရုံမျှနဲ့ တင်းတိမ်အားရ ကျေနပ်မနေကြပါဘဲ၊ဣတိ ပိသော ဘဂဝါ အရဟံ စတဲ့ ဂုဏ်တော်ကို(၉)ပါးကိုလည်း ပွားကြရပါမယ်။ “ ပုံတော်မြင် ဂုဏ်တော်ပွား” ခြင်းက ဘုန်းတန်ခိုး ကျက်သရေး တိုးပွားခြင်းစတဲ့ အခြားကောင်းကျိုး အများအပြားကိုလည်း အပိုဆောင်းရနိုင်ပါတယ်။
ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေက အနေကဇာတင်ရာမှာ မပါမပြီးဟု အထင်ရှိကြတတ်ကြ၍ အဲဒါတွေ မပါရင်လည်း အနေကဇာတင်လို့ ဖြစ်ပါတယ်ဆိုတာရယ်၊ အချိန်မရွှေးလဲ အနေကဇာ တင်နိုင်ပါတယ် ဆိုတာရယ်ကို ဒေသနာတော်အရ ပြောပြ ချင်လို့ ရေးသားခြင်း ဖြစ်ပါတယ်။ မည်သူကိုမျှ အပြစ်ပြောခြင်းမဟုတ်ပါ။
တံခွန် ကုက္ကား စတာတွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကြည်ညိုစိတ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း ပူဇော် လှူဒါန်းခြင်း ဖြစ်တာမို့ ကုသိုလ်ဧကန် ရနိုင်ပါတယ်။
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ မေလ- ၁၁--ရက်၊ ဗုဒ္ဓဟူးနေ့ ။ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဓမ္မဋ္ဌ၀ဂ္ဂ)
ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဓမ္မဋ္ဌ၀ဂ္ဂ)
ဆောင်းပါးအမှတ်စဉ် (၁၉)
ဓမ္မပဒအဋ္ဌကထာ၊ ပထမတွဲ၊ ဒုတိယတွဲတွင်ရှိသော ၀ဂ်ပေါင်း (၂၆) ၀ဂ်ရှိသည့်အနက် တစ်ဆယ့်ကိုးခုမြောက် ဖြစ်သောဝဂ်သည် ဓမ္မဋ္ဌ၀ဂ်ဖြစ်ပါသည်။ ဤဓမ္မဋ္ဌ၀ဂ်ကို ပိယ၀ဂ်၊ ကောဓ၀ဂ်နှင့် မလ၀ဂ်တို့၏ နောက်တွင်စီမံထားသည်မှာ ထိုဝဂ်များတွင် လောဘ၊ ဒေါသ နှင့် အကုသိုလ်အား လုံး တို့ ဖြစ်နိုင်ပုံ နှင့် ပယ်ရမည့် နည်းလမ်းများကို ပြဆိုပြီးလျှင် ယခုဓမ္မဋ္ဌ၀ဂ်တွင် တရားတော်ကို စောင့်ထိန်း ရမည့် နည်းလမ်းများနှင့် စောင့်ထိန်းသူများကို သိစေချင်သဖြင့် စီမံထားခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါ သည်။
ဓမ္မအကြောင်းကို ပြောပြရမည်ဆိုပါလျှင် ကျယ်ဝန်းလှပါသည်။ ရှေးဟောင်း ကျမ်းစာတို့က ဓမ္မဟူသော ဝေါဟာရကို ထာဝရဘုရားသခင် ပြဋ္ဌာန်းတော်မူသော စည်းမျဉ်းဥပဒေဟု ဖွင့်ဆိုပေသည် ။ ရှေးအယုံအကြည်အရ ထာဝရဘုရားသခင်သည် ဤ “ဓမ္မ”ကို စောင့်ရှောက်ခြင်းအလို့ငှာ မကြာခဏ ဆိုသလို လူဝင်စားမှုပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာရန် ကတိပေးခဲ့သည်ဟုဆိုပါသည်။ ဟိန္ဒူဘာသာ တွင်လည်း သနန္တဓမ္မသည် ထင်ရှားသော စကားလုံးဖြစ်ပါသည်။ ဓမ္မဟူသော စကားလုံးကို ခြုံငုံ အဓိပ္ပါ ယ်ဖေါ်နိုင်သော အင်္ဂလိပ်စကာလုံး မရှိသဖြင့် ဘာသာပြန် ပြုလုပ်မနေတော့ဘဲ မူရင်းအတိုင်း ထားရ သည်ဟု ပြောဆိုကြပါသည်။ ဓမ္မစကားလုံး၏ အဓိပ္ပါယ် တစ်ဆယ့် လေးမျိုးရှိကြောင်း အဘိဓာန် ဂါထာေ နကတ္ထ၀ဂ်တွင် လေ့လာရပါသည်။ သဘာဝ၊ သင်ယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ သိခြင်း၊ မှန်ကန်ခြင်း၊ ပကတိ၊ ကုသိုလ်၊ ဂုဏ်၊ အကျင့်၊ တည်ကြည်မှု ၊ သတ္တဇီဝ မဟုတ်၊ သင့်ရောက်ခြင်း၊ အကြောင်းတရား၊ အစဦးတို့ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ ဓမ္မအယူအဆမှာ ထိုတရားတွေကို သိနား လည်သူ၊ ကျင့်ကြံလိုက်နာသူကို ဓမ္မဋ္ဌဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။ ဓမ္မပဒအဋ္ဌကထာ ဓမ္မ၏၀ဂ်တွင်လည်း ဓမ္မအနက်ကို ပုံဖေါ်ပြီး ဖွင့်ဆိုပြ ထား ပါသည်။ တရားကို စောင့်ရှောက်သူများကို တရားက ပြန်စောင့်ရှောက် သည် ဟု ဟောတော်မူ ထားရာဓမ္မနှင့်အညီ ကျင့်သုံးနိုင်ရန် ဓမ္မဋ္ဌ၀ဂ်ကို မှတ်သားရပေမည်။
နိုင်သည်ကို ရှုံးအောင်ပြု၊ ချစ်သူကိုဘက်လိုက်၊ မုန်းသူကိုချောက်တွန်း၊ ကြောက်လန့်သဖြင့် အရှုံးပေး၊ နိုင်ထက်ကလူပြုမှူမှုများသည် ဓမ္မဋ္ဌ၏ တန်ဖိုးကို ကျဆင်းစေပါသည်။ ဘက်မ လိုက် ဆောင် ရွက်မှု၊ အကျိုးအကြောင်းဆီလျော်မှု၊ မှန်မှန်ကန်ကန် ဆောင်ရွက်မှု အပြစ်အားလျော်စွာ လုပ်ဆောင် မှုများသည်နှင့် သူများအမြင်တွင်လည်း ရှင်းလင်းစေ၊ မိမိကိုယ်တိုင်ကမူလည်း အပြစ်ကင်း စေသော အပြုအမူ ရှိသူသည် ဓမ္မဋ္ဌပင် ဖြစ်ပါသည်။ ထိုဓမ္မဋ္ဌပုဂ္ဂိုလ်ကို တရားတော်၌ တည်သူဖြစ်သဖြင့်-
၁။ ပဏ္ဍိတ၊ ရန်ငါးပါး မရှိသဖြင့် (သူ့ကို အကြောင်းပြု၍လည်း ဘေးလူရန်မရှိ) ပညာရှိ။
၂။ ဓမ္မဓရ၊ မမေ့မလျော့ဘဲ တရားအားလျော်စွာ ကျင့်တတ်ပြီး သစ္စာသိသူဖြစ်သဖြင့် ဓမ္မဓရ။
၃။ ထေရ၊ မြဲမြံသည်ကို ပြုတတ်သော လောကုတ္တရာတရား ကိုးပါးကို ရှိသူကို ထေရ။
၎။ မေဓာဝီ၊ ဒေါသကိုပယ်ဖျောက် တရားထွန်းလင်းတတ် ပညာရပ်နှင့် ပြည့်စုံသူကို မေဓာဝီ။
၅။ သမဏ၊ မကောင်းမှုတွေကို ငြိမ်းစေသဖြင့် သမဏ။
၆။ ဘိက္ခု၊ မကောင်းမှု၊ ကောင်းမှုကိုလွှင့်ပြီး မြတ်သောအကျင့်တွင်တည်သူဖြစ်သဖြင့် ဘိက္ခု ။
၇။ မုနိ၊ ခန္ဓာအာယတနဓာတ်သစ္စာတို့တွင် အတွင်းအပြင်နိုင်းယှဉ်ပေတတ် မုနိမြတ်။
၈။ အရိယ၊ အဟိံသတရား မေတ္တာပွါးတတ်သူ အရိယာဟု တရား၌တည်သူကို အမည်အမျိုး မျိုးပေး ၍ ဤဓမ္မဋ္ဌ၀ဂ်တွင် ဖေါ်ပြထားပါသည်။
လောကတွင် နာမည်ကိုကြည့်ပြီး အမြင်အားဖြင့် တရားသဖြင့် ဆုံးဖြတ်ရာ တရားရုံးဟု လူများစွာက ဆိုရပါသော်လည်း လက်တွေ့အားဖြင့် နာမည်နှင့် လိုက်လျော ညီထွေ ဖြစ် ချင် မှ ဖြစ်တတ် ပေသည်။ တရားရုံးမှ တရားသူကြီးများသည် ပြင်ပက ၀င်လာသည့် တန်စိုးလက်ဆောင်ေ ကြာင့် အတွင်းစိတ်များ ပြောင်းလဲပြီး ဓမ္မမှ အဓမ္မအဖြစ်သို့ ပြောင်းလဲ သွားကြသည်ကို တွေ့ဖူးကြပေ မည်။ ရှေးခေတ်ကလည်း ဤကဲ့သို့ ဖြစ်ဖူးကြောင်း ၀ိနိစ္ဆယ မဟာမတ္တ၀တ္ထုက ဖေါ်ပြထားပါသည်။ ရဟန်းများသည် ကျောင်းတော်သို့အပြန် မိုးရွာသဖြင့် တရားဆုံးဖြတ်ရာနေရာသို့ ရောက်ခဲ့ကြပါသည်။ ထိုအခါ တရားဆုံးဖြတ် သူများသည် တန်စိုးလက်ဆောင်ကြောင့် မတရားဆုံးဖြတ်သည်ကို ရဟန်း များ က မြင်တွေ့ခဲ့ကြပါသည်။ မြတ်စွာဘုရားရှင်ထံ လျောက်ထားသောအခါတွင် မုသာဝါဒမှ ရှောင်ကြဉ်ရန် မိန့်တော်မူပါသည်။
ဒုတိယ၀တ္ထုတွင် သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေသော ဆဗ္ဗဂ္ဂီရဟန်းတော်များကို အကြောင်းပြုပြီး ပညာရှိဆိုသည်မှာ ဆိုခဲစေ မြဲစေဟူသော ဆိုရိုးနှင့်အညီ ကျင့်သုံးရ မည် ဖြစ်ကြောင်းဟောတော်မူပါသည်။
အသိနှင့်အကျင့်သည် ထပ်တူညီရန် လိုအပ်ပါသည်။ တစ်ဖက်ဖက်က အားသာနေပါမူ မဇ္ဈိမပဋိပဒါ လမ်းစဉ်အတွက် ဟန်ချက်မညီ ဖြစ်နေပါမည်။ သို့အတွက် စာပေများသင်ကြားရ မည် မှာ သေ ချာ ပါသည်။ ကျင့်ကြံအားထုတ်မှုအပိုင်းသည်လည်း စာပေနှင့် အညီလက်တွေ့ဖြစ် ရပါမည် ။ ထိုသို့စုံပါမှ အသိနှင့် အကျင့် အချိုးညီပြီး သစ္စာခရီးသို့ ရောက်နိုင်ပါသည်။ ဤ၀ဂ်၏ တတိယ၀တ္ထုတွင် သင်ကြားမှုပြီးဆုံး၍ ပိဋကတ်သုံးပုံဆောင်သော်လည်း သစ္စာမသိသေးသဖြင့် နတ်များက မနှစ် သက် ပုံ ကိုဖေါ်ပြပါသည်။ သူတို့နှစ်သက်သည်မှာ သစ္စာသိသော ရဟန်း၏ ဟောသောတရားဖြစ်ပြီး သာဓုသံကို ကျယ်လောင်စွာခေါ်ပြီး ပိဋကတ်ဆောင် ရဟန်း ၏ေ ဟာသော တရားပေါ်တွင်မူ မနှစ်သက်သဖြင့် သာဓုမခေါ်ဟု ဆိုထားပေသည်။ ထိုအခြင်း အရာ ကိုနောက် ပါလူအများက ဘက်လိုက် သည်ဟု ပြော ဆိုခဲ့ကြပြီး ဘုရားရှင် ထံ လျောက် ထားသော အခါ ဓမ္မဓရအစစ်ဖြစ်ရန် သစ္စာသိရန်လို သည်ဟု အဖြေ ထွက်ပါသည်။
သစ္စာသိရန်လိုသည်မှာ သေချာပါသည်။ အလွန်ပုကွသဖြင့် ကိုရင်ငယ်လေးဟု အများ၏ အမြင်တွင် အထင်ခံရသော အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်မှာမူ သစ္စာ သိပြီုးဖြစ်သဖြင့် အဟိံသ တရားလက်ကိုင်ထားသူ မထေရ်တစ်ပါးဖြစ်သော်လည်း အရပ်ပုလွန်းသဖြင့် ကိုရင်ငယ် သာသာမျှ အရပ်ရှိသဖြင့် အလွန်ငယ်လွန်းသူဟု ဘုရားဖူးလာကြသော တောနေရဟန်းတော်များက ပြောဆို ကြသည်။ မြတ်ဗုဒ္ဓကမူ အသက်ကြီးပြီး သစ္စာမသိသူကို မထေရ်ဟု ပြောခြင်းထက် သစ္စာသိသူကိုသာ အလေးထားကြောင်း မိန့်ပါသည်။ အရည်အချင်းကို ဦးစားပေးသည်ဟု ဆိုလိုပါသည်။ အရည် အချင်းဆိုသည်မှာ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာဖြင့် ထိုးထွင်း၍ သိအပ်သော သစ္စာ နှင့် ဥာဏ်ရှိ သူများသာ သိနိုင်သော လောကုတ္တရာတရားကိုးပါးကို မြဲမြံခိုင်ခံ့သော အရည်အချင်း၊ စစ်မှန်ေ သာအရည်အချင်း ဟုခေါ်ပါသည်။ ထိုတရားများရှိသူသည် အနှစ်သာရအားဖြင့် ထေရအမည် ရကြပါသည်။ အရှင်လကုဏ္ဍကဘဒ္ဒိယမှာ အရပ်ပုသော်လည်း ထိုအရည်အချင်းများ ရှိပါသည်။
ပစ္စည်းမသို၊ စိတ်မတို ခင်ပျိုကြီးပွါးကြောင်းဟု ရဟန်းတော်များ၏ ကြီးပွါးကြောင်းကို ကဗျာ လင်္ကာဖွဲ့ဆိုထားပါသည်။ အပြောကောင်းလျင်ဖြစ်စေ၊ ရုပ်ရည်ချောမောလှပလျှင်ဖြစ်စေ ပစ္စည်း များ ပေါများတတ်ပါသည်။ လောကမှ လူအများသည် အပြောကောင်းခြင်းနှင့် ရုပ်လှပခြင်း အရည်အချင်း နှစ်ရပ်အပေါ်တွင် အမှီပြုပြီး စီးပွါးရှာတတ်ကြသလို ထိုအရည်အချင်းနှင့် ပြည့်စုံ သူများ သည်လည်း ပစ္စည်း ဥစ္စာရတတ်ပါသည်။ ရဟန်းတော်များလည်း ထိုနည်းတူပင် ဖြစ် တတ်ပါသည်။ ထိုသို့ဖြစ်ခဲ့သော် ပစ္စည်းများအပေါ်တွင် ခင်တွယ်လွန်းခြင်းလောဘနှင့် ၀န်တိုခြင်းဒေါသကြောင့် စိုးရိမ်ခြင်း သောက ဟူသော ဆိုးကျိုးများရ တတ်ပါသည်။ ထိုသို့မဖြစ်စေဘဲ ငြူစူခြင်းကင်း၊ ၀န်တိုစိတ် ရှင်း တတ်ကြပြီးလျှင် ကြီးပွါးကြောင်းကို ရှာကြံတတ်ရန် အရေးကြီးပါသည်။
ထိုသို့မရှာကြံတတ်လျှင် ငှက်ပျောပင် နှင့် ၀ါးပင်တို့သည် အသီးသီးလာပါက သေရမည် ဖြစ်သကဲ့သို့ ရလာသော ပစ္စည်းများသည်လည်း ဆိုင်ရာ ပုဂ္ဂိုလ်တို့ကို သေစေတတ်ပါသည်။ သေစေ တတ်ပုံမှာ ပစ္စည်းဥစ္စာ ပြည့်စုံမှုအပေါ်တွင် မှီပြီး လောဘ၊ မာန နှင့် မစ္ဆရိယတရား များဖြစ်ပွါး ခြင်းဖြင့် အတွင်း ရန်သူ ကြောင့်ဖြစ်စေ၊ ခိုးဆိုးလုယက်သူ၊ အကြင်နာ မရှိသူတို့က ဒုက္ခပေး တတ်သဖြင့် ပြင်ပ ရန်ကြောင့် ဖြစ်စေ အသက်နှင့် ဥစ္စာ ဆုံးရှုံးတတ်ပါသည်။ ခင်ပျိုဆိုသည်မှာ ရဟန်းတော် ငယ်များကို ဆိုလိုသော် လည်း လူသားများနှင့်လည်း သက်ဆိုင်ပါသည်။
တရုတ်ကြီးတစ်ယောက်က ဆိုဖူးသော စကားကို သတိရမိပါသည်။ တရုတ်သည် ရဟန်းကို စကားသံဝဲသဖြင့် ရဟန်းဟု အသံထွက်ရမည့်အစား လဟန်းဟု အသံထွက်ပါသည်။ တစ်နေ့တွင် ရဟန်းတစ်ပါးက သူ့ဆိုင်တွင် အပ်ချည်လုံး တစ်လုံး ၀ယ်ရန် ရောက်လာခဲ့ပါသည်။ ပစ္စည်းနား မကပ် ရန် သတိပေးသောအခါ အေးပါကွ တရုတ်ကြီးက ငါက ရဟန်းပါကွ ဟု အပ်ချည်လုံးလာဝယ်သော ရဟန်းက ပြန်ပြောခဲ့ပါသည်။ တရုတ်ကြီးက အလျော့မပေးဘဲ ဘာလဟန်းလဲ လဟန်း လဟန်းနဲ့ ၀ (ငါ့) ဆိုင်က အပ်ချည်လုံးပျောက်သွားပြီတဲ့။ ရှေးခေတ်ကလည်း မရိုးသားသော ရဟန်းရှိခဲ့ပါသည်။ ဟတ္ထက ဟုအမည်ရှိသော ရှေးခေတ်က ရဟန်းတော်သည် သူတစ်ပါးနဲ့ ၀ါဒပြိုင်မည်ဟု ကြွေးကြော်ပြီး ချိန်းထားသူမရောက်မှီ ရှေးဦးစွာ သွားနှင့်ပြီး ထိုသူမရောက်လာမှီ အရင်ပြန်ခဲ့ပြီးလျှင် သူ့ကို ကြောက် သဖြင့် ချိန်းထားသူသည် မလာ၊ သူသာအနိုင်ဟု တစ်ဖက်သတ် ပြောဆိုနေခဲ့ပါသည်။ မြတ်ဗုဒ္ဓက ဦးခေါင်းကို ပြောင်အောင်ရိတ်ထားရုံမျှဖြင့် ရဟန်းဟု အခေါ်မခံသင့်ကြောင်း မိမိ၏ သန္တာန်တွင် အမှန်ပင်ရှိနေသေးသည့် ကြီးသည့် အကုသိုလ်၊ ငယ်သည့် အကုသိုလ်များကို ပယ်ရှားပြီး ငြိမ်းချမ်း သွားအောင် ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်သင့်ကြောင်း ဟောပြတော်မူပါသည်။
ခုနှစ်ခုမြောက်ဝတ္ထုတွင် ပုဏ္ဏားတစ်ယောက်သည် သိက္ခာမတင်၊ သိမ်မ၀င်ဘဲ မိမိကိုယ်တိုင် သင်္ကန်းကောက်ဝတ်ပြီး ဘိက္ခုဟု ၀န်ခံပါသည်။ ဘိက္ခုဆိုသည်မှာ ဆွမ်းခံစားတတ်သူဟု အဓိပ္ပါယ် ရှိပါသည်။ သူလည်း ဆွမ်းခံစားနေသူဖြစ်သဖြင့် ဘိက္ခုပင်ဖြစ်ကြောင်း ဘုရားရှင်ထံ လျောက်ထားပါ သည်။ ဘိက္ခု၏ အဓိပ္ပါယ်မှာ များစွာရှိပါသည်။ ၀ိနည်း ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ (၂၇) တွင် ဘိက္ခု(ရဟန်း) အမည်ရခြင်းအကြောင်း တစ်ဆယ့်နှစ်မျိုး ရှိကြောင်းဖေါ်ပြထားပါသည်။ အဖိုး၊အတွေ့ အထိနှင့် အရောင်အဆင်း အားဖြင့် အရည်အသွေးမကောင်းလှသော ခွက်ကို (သပိတ်) ဆွဲကို င်သော ကြောင့် ရဟန်း၊ ဧဟိ ဘိက္ခုဟု ဘုရားရှင်၏ နုတ်တော်မှ အခေါ်ခံရသြ ဖင့် ဖြစ်လာသောကြောင့် ရဟန်း၊ သရဂုံသုံးပါးသက်သက်ဖြင့် ဖြစ်လာသောကြောင့် ရဟန်း စသည်ြ ဖင့် တွေ့ရပါသည်။ ဤဓမ္မ ပဒအဋ္ဌကထာအလိုမူ ဥာဏ်ဖြင့် ကိလေသာ ကို ဖေါက်ခွဲ၊ ဖျက်ဆီးနိုင် စွမ်းရှိသူ ကို ဘိက္ခုဟုခေါ်ပါသည်။
အလှူရှင်များက လှူဒါန်းသော ဆွမ်းကိုစားပြီး တရားဟောခြင်းအလေ့သည် ဘုရားဖြစ်တော် မူကာစတွင် မရှိခဲ့ပေ။ သာသနာပြင်ပက အလှူခံများသည် အလှူခံပြီးသောအခါ ဘေးရန်ကင်းပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ပါစေ၊ ပိန်းကြာဖက်တွင် ရေမတင်သလို စင်ကြယ်ပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနှင့်ဟု ဆုတောင်းပေးလေ့ရှိပါသည်။ အရှင်ကောင်းဟု အမည်ခံကြသော ရဟန်းတော် များသည် ထိုဝတ္တရားကို ပြည့်စုံအောင် မဆောင်ရွက်ခဲ့ကြပေ။ တရားလည်းမဟော စကားလည်း မပြောခဲ့ကြပေ၊ လူအများစုက ကဲ့ရဲ့သောအခါမှပင် ဘုရားရှင်အား လျောက်ထားခဲ့ကြပေသည်။ ဘုရားရှင်က ဆွမ်းစားပြီးသောအခါ အလှူရှင်များ ၀မ်းမြောက်စေရန် အနုမောဒနာပြုစေခြင်း၊ ရင်း ရင်းနှီးနှီး စကားစမြည်ဆိုစေခြင်းနှင့် လျောက်ပတ်သောတရားကို ဟောစေခြင်းကို ခွင့်ပြုတော် မူပါသည်။ တရားဟောခွင့်ပြုသော အချိန်သည် ၀ိနည်းပညတ်သော အချိန်နှင့် မရှေး မနှောင်း ပင် ဖြစ်ပေမည်။ ဤတွင် အနုမောဒနာ နှင့် ဓမ္မကထာ မတူသည်ကို တွေ့ရပေမည်။ အနုမောဒနာသည် အလှူရှင် စိတ်ကျေနပ်စေရန် ပြောပြခြင်းဖြစ်ပြီး ဓမ္မကထာမှာမူ အလှူရှင် အသိထူးစေရန် တရား ကို ဟောကြား ပေးရခြင်း ဖြစ်ပေသည်။ ဤတွင် ဓမ္မကထာမှာမူ အလှူရှင် ၀မ်းမြောက်ခြင်းထက် အကျိုး များစေရန် လိုရင်းဖြစ်ပါသည်။
ပညတ်သွားရာ ဓာတ်သက်ပါဟူသော အသုံးသည် လောကီနယ်ပယ်မှ အယူအဆဖြစ်ပါသည်။ တစ်ချို့က ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းဟုလည်း ဆိုကြပါသည်။ နိဗ္ဗာန်ခရီးစဉ်ကို ဦးတည်နေသူအဖို့ အထက်ပါ စကားများသည် အချီးနှီးသာတည်း၊ လောကီနယ်တွင်းမှာ ပျော်နေကြ သူများအတွက်မူ မေ့ချင်သမျှ၊ မေ့ကြသူငါ၊ မေ့ကြောဆွဲနေကြသူ၊ မေ့နိုင်ရှာကြသူ အများအတွက်မူ သြဘာနိမိတ်ထွန်းပါကလည်း ပြဿနာ များများစားစား မရှိနိုင်ပေ။ ဘုရားခေတ်ကပင် အရိယာ အမည်ခံသူက ငါးမျှားနေခဲ့သည် သာဓကရှိနေခဲ့ပါသည်။ အမှန်မှာမူ ငါးမျှားနေသူသည် သူတစ်ပါးကို ညှင်းဆဲနေသူသာ ဖြစ်ပါသည်။ ငါးမျှား၍ အပျော်ရှာသူသည် အရိယာကတော့ သေချာပေါက် မဖြစ်နိုင်ပေ။ အရိယာ(မြင့်မြတ်သူ) သည် မြင့်မြတ်သည့် လုပ်ငန်းကိုသာ ဆောင်ရွက်ပေမည်။ သူတစ် ပါးကို မညှင်းဆဲတ်သူသည်သာ အရိယာအစစ်ဖြစ်ပေမည်။ ယနေ့ခေတ် အဆင့်မြင့် ပုထုဇဉ်များ သည်ပင် စာနာစိတ်အားကြီးပြီး အားနည်းသူကို ကူညီတတ်ကြပေသည်။
လူစွမ်းအားကို အသုံးမပြုဘဲ ပန်းတိုင်မရောက်မှီ စိတ်ဓာတ်ကို လျော့ချရန် မသင့်ပေ။ ဘုရားရှင်ကလည်း လူသား၏ လုံ့လ၀ီရိယ၊ စွမ်းအား၊ အားထုတ်မှုဖြင့် ရသင့်၊ရ ထိုက်၊ ရောက်သင့်၊ ရောက်ထိုက်သော နေရာရှိသည်ဖြစ်အံ့၊ မရောက်သေးဘဲ အားမလျော့ပါနှင့် ဟု အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ပါဠိတော်တွင် အားပေးထားသည်ကို တွေ့ရပါသည်။ တစ်ချို့က ငါတော့ အနာဂါမ်ဖြစ်ပြီ ဆိုပြီး ရပ်မနေဘဲ ရှေ့ဆက်ကြိုးစားရပေမည်။ အရဟတ္တမဂ်သို့ မရောက်မချင်း ချမ်းသာရာရောက်ပြီဟု မဆိုသင့်ကြောင်း သတိပေးတော်မူထားပါသည်။ ယနေ့ခေတ်တွင်လည်း အသီးသီးသော ပုဂ္ဂိုလ်များ သည် ဆိုင်ရာလုပ်ငန်းများတွင် ပြီးဆုံးခြင်းသို့ရောက်မှသာလျှင် တာဝန်ကျေပြီဟုမှတ်ထားကြရပါမည်။
စာမျက်နှာပေါင်း (၁၂) မျက်နှာ ၊ တစ်ဆယ်ဝတ္ထု ၊ (၁၈) ဂါထာ ၊ ကိုးလုံး၊ ဆယ်လုံးဖွဲ့ တစ်ဂါထာ၊ ကျန်ဂါထာ (၁၇) သည် ပထျာဝတ္တ ရှစ်လုံးဖွဲ့များဖြစ်ကြသည်။ ထိုတွင် (၁၇) ဂါထာသည် အဖွင့်ခံဂါထာများ ဖြစ်ကြပြီး တစ်ဂါထာမျှသာ အဖြည့်ဂါထာ ဖြစ်ပါသည်။ ၀တ္ထုနှစ်ဝတ္ထု ၏ ဒေသနာ အဆုံးတွင် တရားနာသူများ ရဟန္တာဖြစ်ခဲ့ကြပြီး ကျန် (၉) ၀တ္ထုတွင်ရှိ ဒေသနာတော်၏ အဆုံး တွင် သောတာပန်တည်ကြပါသည်။ အဋ္ဌကထာဆရာက ၀တ္ထုအားလုံးကို ဖွင့်ဆိုရာတွင် တစ်နေရာမျှသာ ခုဒ္ဒကနိကာယ်ကို ကိုးကားပြီးဖွင့်ဆိုပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ ဓမ္မဋ္ဌ၀ဂ်၊
၂။ အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊
၃။ ခုဒ္ဒကနိကာယ၊
၎။ ၀ိနည်း ပါရာဇိကဏ်ပါဠိတော်
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိထိုက်သည်များကို သိစေရန်ဖြစ်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်၊
တောင်ကိုရီးယားနိုင်ငံ
Read more...ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်...
ဟုတ်ပါတယ်။ အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။
ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း
လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား
နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)
အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ
သားတော် = ရာဟုလာ
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)
တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)
ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)
တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (BC- 543 ခန့်)
ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။
သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။
ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။
ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။
ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။
ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။
ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။
နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။
ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 9:25 PM
စုစည်းထားမှု = အထွေထွေမှတ်စုများ
Read more...စိန်ခေါ်သူမည်သူနည်း (၃)
ဗြောင်လိမ်ထားသည့်မုသားဝါစာ
အို..စာရှုသူ၊ ဖော်ပြပါအဖြေ ၁၂-ချက်တို့ကို သေချာဖတ်ရှုပြီးသွားပြီဆိုလျှင် ၄င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၎င်း၏ အရေးအသားများသည် မည်သို့မျှ မညီညွတ်ကြောင်းကို စာရှုသူကိုယ်တိုင်ပင် ထင်ထင်ကြီး မြင်နိုင်ပါပြီ။
သို့ဆိုလျှင် ၄င်း၏ “အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ်လျက” ဟူ၍ ရေးသားထားချက်သည် ဗြောင်လိမ် ထားသည့် မုသားဝါစာမျှသာ ဖြစ်နေပါတော့သည်တကား။
တစ်နည်းအားဖြင့်ဆိုရလျှင် ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော ၄င်း၏စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေပါပြီ။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုးမသား စိန်ခေါ်စကားများချည်း ဖြစ်နေပါပြီ။
အမေးနှင့်အဖြေ(၃)
ရိုးသားမှုကိုမရောင်းလင့်
ဆုံးမပုံကောင်း၊ ရှေးသူဟောင်းတို့
ရိုးကြောင်း ဂုဏ်တင်၊ ရှေးပုံပြင်ဝယ်-
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
တစ်ဖက်တွင်းမှာ၊ မြေကမ္ဘာ၊ ကမ္ဘာမြေက ပေါ့လေခြင်း။
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
ကမ္ဘာမြေနှင့်၊ ကျောက်-သံ ဆင့်၊ မြေနှင့်ဘက်က ပေါ့လေခြင်း။
ချိန်ခွင်တည်ကာ၊ တစ်ဖက်မှာ၊ ကောင်းစွာ ရိုးသားခြင်း။
မြေ-သံ အပြင်၊ သက်ရှိ တင်၊ မြေပြင်ဘက်က ပေါ့လေခြင်း။
ရိုးသားခြင်းက၊ ဂုဏ် ပြည့်ဝ၏
သူမှ ပြန်ငြား၊ မရိုးသားကြောင့်
ကြီးမား ပြစ်ရှိ၊ အ-ဝီစိ၌
ကျဘိ ရှည်ကြာ၊ သူ့ခေါင်းမှာလျှင်
ကမ္ဘာမြေ ပိ၊ ကျောက် သံ ပိ နှင့်
သက်ရှိ ပိ ကာ၊ လေးရရှာ-ဟု
ရှေးခါ ဘိုးဘွား၊ ဆုံးမထားသည်
ရိုးသားမှုကိုမရောင်းလင့်။
အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- “အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်” ဟူ၍ ရေးသားပြသထားသည်။
၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။
ဖော်ပြပါရည်ရွယ်ချက်ပြစကား ၂-လုံးဖြင့် ၄င်းက ပြလိုသည့်မြင်ကွင်းမှာ “မစိုးရိမ်စာသင်သားသည် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေသူ ဖြစ်သည်- သံဃဘေဒကပုဂ္ဂိုလ် ဖြစ်သည်။ မစိုးရိမ်စာသင်သားသည် အမျိုးပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- အမျိုးဖျက်သူ ဖြစ်သည်။ ဘာသာ ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- ဘာသာဖျက်သူ ဖြစ်သည်။ သာသနာတော်ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- သာသနာဖျက်သူ ဖြစ်သည်”ဟူ၍ ဖြစ်ပါသည်။
၎င်းပြပေးထားသည့်အမြင်အတိုင်း စာရှုသူတို့က မြင်ကြသည်- မမြင်ကြသည်မှာ စာရှုသူတို့အပေါ်တွင်သာ မူတည်ပါသည်။ ၄င်းက မြင်စေလိုသည့်အတိုင်း မြင်နေသူများလည်းရှိနိုင်သည်။
၎င်းကမြင်စေလိုသည့်အတိုင်း မမြင်သူများလည်း ရှိနိုင်သည်။
သို့မဟုတ် ပြောင်းပြန်မြင်သူများလည်း ရှိကြလိမ့်ဦးမည်။ အဘယ်သို့ပြောင်းပြန်မြင်သနည်းဟူမူကား- အရှင်ထာဝရအမည်ခံသူ ၄င်းသည် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေသူ ဖြစ်သည်- သံဃဘေဒကပုဂ္ဂိုလ် ဖြစ်သည်။ အရှင်ထာဝရအမည်ခံသူ ၄င်းသည် အမျိုးပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- အမျိုးဖျက်သူ ဖြစ်သည်။ ဘာသာပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- ဘာသာဖျက်သူ ဖြစ်သည်။ သာသနာတော်ပြိုကွဲပျက်စီးရေးကို ဆောင်ရွက်နေသူ ဖြစ်သည်- သာသနာဖျက်သူ ဖြစ်သည်ဟူ၍ မြင်သူများလည်း ရှိကြလိမ့်မည်။
ကိုယ့်အမြင်ကို ပညာရှိများအလယ်တွင် ပိဋကတ်စံဖြင့် တိုက်ဆိုင်ညှိနှိုင်းနိုင်ရန် ပေါ်ပေါ်ထင်ထင်ထွက်၍ စိစစ်ခံစေလိုပါသည်။
အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၃-၁၄)တို့၌ “ထို့ကြောင့် ပရဝါဒီတို့၏” ကြားရင်းနာရင်း သောတာပန်တည်တယ် ဆိုတဲ့ စကားဟာ လုံးဝမှားနေပါတယ်။ ဘုရားလက်ထက်ကလဲ သောတာပန်မတည်ခဲ့ကြဘူး” ဟူသောစကားတို့သည် သာသနာ့ဗာဟိရပုဂ္ဂိုလ်တို့၏ အမှားစကားသာလျှင် ဖြစ်ပါသည်။
“သို့ပါ၍ ပရဝါဒီ၏ ” ဘုရားလက်ထက်ကလည်း သောတာပန်မတည်ခဲ့ဘူး, စသောစကားတို့သည် အမှားသာ ဖြစ်၏” ဟူ၍ ရေးသားပြသထားပါသည်။
ထိုစကား ၂-ရပ်၏မမှားပုံကို ရှေ့တွင် ရှင်းလင်းပြခဲ့ပြီး ဖြစ်ပါသည်။ သို့ပါလျက် “ထိုစကားရှင်သည် သာသနာ့ ဗာဟိရကပုဂ္ဂိုလ်(သာသနာ့ပြင်ဘက်ကသတ္တဝါ)ဖြစ်သည်” ဟုဆိုလိုက်လျှင် အဆိုခံရသူက ယင်းစကားအတိုင်း မှားနေသူမဟုတ်ခြင်းကြောင့် “ဆဲတတ်သူ ၄င်း၏ စကားစုသည် ဆဲတတ်သူ၎င်းထံမှာပင်” ဝင်ကပ်နေလျက် ရှိပါ သည်။ ထို့ကြောင့် ၄င်းသည်သာလျှင် “သာသနာ့ဗာဟိရကပုဂ္ဂိုလ်” ဖြစ်ပါတော့သည်။ သာသနာ့ဗာဟိရကပုဂ္ဂိုလ်များနှင့် အသွားအပြန် ဆက်ဆံရသည့် ဝေဖန်ရေးဆရာဘဝကို ဝဋ်ကဲ့သို့ပင် မှတ်ယူချင်လာပေတော့သည်။
အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၅-၁၆)တို့၌ “ပရဝါဒီတို့က ဘုရားတရားကို နာယူသူတို့မှာ မှတ်မိရုံသာ။ ပဋိဝေဓဥာဏ် မဖြစ်ဟု ဆိုထားပါလျှင် “ဒေသနာဝသာနေ သောတာပတ္တိဖလေ ပတိဋ္ဌဟိံသု။ ဒေသနာဝ သာနေ ဗဟူ သောတာပတ္တိဖလာဒီနိ ပါပုဏိံသူ-တိ။” အထက်ပါ တရားစကားတို့ကို ပြက်ရယ်ပြုရာ ရောက်ပေတော့မည်။ ယင်းစကားရပ်များ အဋ္ဌကထာများစွာတို့၌ မြောက်မြားစွာ တွေ့ရှိရသည်” ဟူ၍ ရေးသားပြသထားပါသည်။
ထိုစကားစုတွင် မူလစကားရှင် ဝိဘဇ္ဇဝါဒီ၏ အဆိုသည် မမှားချေ။ မမှားကြောင်းကို အမေးနှင့်အဖြေ(၂) အခန်း အဖြေ(၉)စသည်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် စစ်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဝိဘဇ္ဇဝါဒီက အဋ္ဌကထာ စကားတို့ကို ပြက်ရယ်ပြုသည် မမည်ချေ။
၎င်းသည်သာလျှင် စာကို မမြင်ဘဲ တလွဲယူကောက်ပြီး ရေးသားပြသလိုက်သည့်အတွက် ၄င်း၏ ကောက်ကျစ် နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်လာပါသည်။
အဖြေ(၃)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃-၄)တို့၌ “စာရေးသူသည် သူတို့ရေးသော(ပ) မိမိကိုယ်ကိုယ် ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပြီး သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များသာ (ပ) ခံယူထား ကြသည်” ဟူ၍ ရေးသားပြသထားပါသည်။
၎င်း၏ဖော်ပြပါရေးသားချက်သည် ဘိက္ခုဓမ္မပိယ၊ နန်းဦး(တမ္ပဝတီ)၊ ဝိဘဇ္ဇဝါဒီ၊ မစိုးရိမ်စာသင်သားတို့ကို စာရှုသူတို့က အလေးမထားနိုင်အောင် ရေးပြချက်များသာ ဖြစ်ပါသည်။ ယခု ပေါ်ပေါက်နေသည့် အငြင်းပွားမှုများနှင့် ပတ်သက်မှု လုံးဝမရှိချေ။ ဘောင်မဝင်သောစကားများဟု ဆိုလိုပါသည်။
သို့သော် အံ့ဩဖွယ်ရှိသည်မှာ “မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပြီး သူတစ်ပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များသာ” ဟုဆိုသော်လည်း စာရေးသူ ၄-ဦးတို့၏ မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနတွေများပုံပြစာပိုဒ်မျိုးကို တိတိကျကျ ထုတ်ပြပေးနိုင်ခြင်း မရှိချေ။
စာရေးသူ ၄-ဦးတို့၏ သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကားရပ်များပုံပြစာပိုဒ်မျိုးကိုလည်း တိတိကျကျ ထုတ်ပြနိုင်ခြင်းမရှိပေ။ အသားလွတ်ပြော-ပြောနေခြင်းသာ ဖြစ်နေပါသည်။ သတိပြုသင့်ပါပေသည်။
၎င်း၏ မိမိကိုယ်ကိုယ်ကို ချီးကျူးအမွှမ်းတင်မှု အတ္တုက္ကံသနစာပိုဒ်နှင့် သူတပါးကို ကဲ့ရဲ့နှိမ့်ချမှု ပရဝမ္ဘနစကား ရပ်ကိုမူ စာရေးသူမစိုးရိမ်စာသင်သားက တိတိကျကျ ထုတ်ပြပေးလိုက်ပါဦးမည်။ ကြည့်ပါ။
၎င်း၏အတ္တုက္ကံသနပြစာပိုဒ်
အဖြေ(၄)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ “ဤနေရာ၌ အထူးပြုတင်ပြလိုသည်မှာ ယင်းဓမ္မကထိက ဆရာတော်များဟော တရားအားလုံးကို မှန်သည်ဟု မဆိုသာပါ။ ပုထုဇဉ်အလျောက် အရွေးအကောက်များ အနည်းငယ် တိမ်းပါးချွတ်ချော်မှုများ ရှိနိုင်ပါသည်။ အကယ်၍ အမှားအယွင်းတွေ့သည်ရှိသော် စုပေါင်းဝိုင်းဝန်းညှိနှိုင်း အဖြေရှာ၍ သူတော်ကောင်းစိတ်ဓာတ် အမှန်ဖြင့်သာ ပြုပြင်သင့်ပါ၏” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ဤစာပိုဒ်သည် ၄င်းကို ၄င်းက သူတော်ကောင်းအသွင် ထင်မြင်စေချက် ဖြစ်နေပါသည်။ သို့သော် ၄င်းမှာ စာပိုဒ်ထဲကအတိုင်း စိတ်နေစိတ်ထားရှိလျှင် “မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်” စာမူသည် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အလုပ်တခြား အပြောတခြားအားဖြင့် ကိုယ့်ကိုယ်ကို သူတော်ကောင်းဟန် ကို ခြုံထားလိုက်ခြင်းသာ ဖြစ်တော့သည်။ အတ္တုက္ကံသနကထာမျှသာ ဖြစ်သည်-ဟု မှတ်။
၎င်း၏ပရဝမ္ဘနပြစာပိုဒ်
အဖြေ(၅)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ “ပထမနိဗ္ဗာန်စာအုပ် ၃၈ ရှိ ” ဒေသနာနုသာရေန ဥာဏံ ပေသေတွာ သောတာပတ္တိဖလေ ပတိဋ္ဌိတော= ဟောအပ်သော ဒေသနာအစဉ်ကို ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်လို့ သောတာပန်တည်တယ်” ဟု တပေါင်းတည်း မပြောဘဲ တရားဟောတရားနာခြင်းတို့ကို အပြစ်တင်ကဲ့ရဲ့လိုမှုကြောင့် သီးခြားစီ ခွဲထုတ်ပြခြင်းမှာ ရိုးသားသော စေတနာအမှန် မဖြစ်နိုင်ပေ” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ ၄င်း၏စာအုပ်၊ စာမျက်နှာ(၅)ပါစကားစုသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။
+ + +
၎င်း၏စာအုပ်-စာမျက်နှာ(စ-ဆ)တို့၌ “သူတို့အနေနှင့် လူအများစုလက်ခံကြည်ညိုသော ဆရာတော်များကို မယှဉ်ဝံ့ရကား ဆင်ကိုဆင်ချင်းတိုက်- ကျားကိုကျားချင်းတိုက်ဆိုသောမူအရ သာသနာတော်ထဲမှ ပရိယတ္တိအထိုက် အလျောက် တတ်ကျွမ်းနားလည်သူ ရဟန်းအချို့၊ သီလရှင်အချို့ကို ဆရာမွေး၍ နိုင်ငံကျော်ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ စသော ပရိသတ်အများစု အထင်ကြီးလက်ခံကိုးစားထားကြသည့် ဆရာတော်များကို ပစ်မှတ်အဖြစ် ပစ်ခတ်ထိုးနှက်ရန် သွေးထိုး စည်းရုံး ရန်တိုက်ခဲ့ကြပါသည်ဘုရား။
“သူတို့၏ ဆရာမွေးစီးပွားရှာရည်ရွယ်ချက်လည်း အသင့်အတင့် အောင်မြင်သည်ဟု ဆိုရပါမည်ဘုရား။ သူတို့ ရရှိသောငွေကြေးအမြတ်အစွန်းမှာလည်း သာသနာတော်၏ ဂုဏ်သိက္ခာပွန်းပဲ့တိုက်စားရာမှ ရရှိဖြစ်ပေါ်လာသော အမြတ်အစွန်းတို့သာ ဖြစ်ပါသည်။
“အမှန်မှာ အာဇီဝဟေတု အကောင်းအဆိုး မခွဲခြားဘဲ နာမည်ကြီးဆရာတော်တို့ကို ဗုဒ္ဓဘာသာဝင်အများစု အပြင် အခြားဘာသာဝင်တို့ကပင် သို့လောသို့လော တွေးတောဒွိဟ သံသယဖြစ်ကာ သာသနာတစ်ရပ်လုံးအပေါ် အယုံအကြည်မရှိ အရှိန်အစော်ကင်းမဲ့ပြီး ယင်းတို့မဂ္ဂဇင်း စာအုပ်များ လူထုကြားသို့ စိမ့်ဝင်ပြန့်ပွား ရောင်းအားကောင်း ရေးအတွက်သာ ယုတ်ညံ့သောရည်ရွယ်ချက်တို့ဖြင့် လုပ်ဆောင်နေကြသော သာသနာ့အဖျက်သဘောဆောင် လုပ်ရပ် များပင် ဖြစ်ပါတော့သည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။၎င်း၏စာမျက်နှာ(စ-ဆ)ပါစကားစုများအားလုံးသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။ “သူတို့အနေနှင့်” ပုဒ်မှာ သူတို့ဟူသည် “မဂ္ဂဇင်းအယ်ဒီတာများ” ကို ဆိုလိုပါသည်။
မဂ္ဂဇင်း ၄-စောင်တို့သည် ဗုဒ္ဓသာသနာ အကျိုးအတွက် မှန်ကန်သောသဘောထားဖြင့် ဆက်လက်ရပ်တည်ပြန့်ပွားနေကြောင်း ကြေညာပေးလိုက်ပါရစေ။
လေ့လာကြည့်နိုင်ပါသည်။
+ + +
၎င်း၏စာမျက်နှာ(ဆ)၌ “စင်စစ် ယင်းမဂ္ဂဇင်းတိုက်ပိုင် စီးပွားရေးသမားတို့သည် ပရိယတ်စာပေကို အနည်း အကျဉ်းမျှ သင်ကြားတတ်မြောက်သူများ မဟုတ်ကြသလို သာသနာနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်သမိုင်းမှတ်တမ်း ဆို၍ ဘာတစ်ခုမှ ရှိခဲ့ကြသူများ မဟုတ်ပါဘူးဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။၎င်း၏စာမျက်နှာ(ဆ)ပါစကားစုသည် ပရဝမ္ဘနကထာသက်သက်သာ ဖြစ်ပါသည်။ “သာသနာနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်” ဆိုတာ ဘာကို ခေါ်ဆိုပါသနည်း။ “သာသနာလာ တရားတော်တွေကို ဒဿနအသစ်တွေဖြင့် ရောမွှေပြီး စာအုပ်တွေထုတ်လုပ်ကာ မိမိ၏ ညီအစ်ကိုအစ်မနှမတို့အတွက် အလုပ်ပေး ထားခြင်းမျိုး” ကို ဆိုလိုပါသလား။ ယင်းသို့သော သာသနာရေးစွမ်းဆောင်ရည်ဆိုလျှင် အဆိုပါအယ်ဒီတာတို့မှာ ရှိကြဟန်မတူပေ။
နှစ်ဖက်စလုံးကို သေချာသိအောင် ထောက်လှမ်းစုံစမ်းကြည့်ပြီးမှ သေချာသိသောအသိဖြင့်သာ မိမိရရ ဆုံးဖြတ်တော်မူကြစေလိုပါသည်။
၎င်း၏စာမျက်နှာ(ဆ-ဇ)တို့၌ “အယ်ဒီတာဖြစ်သူတို့က ကုန်းချောစကားပြောပုံများ၊ လုပ်ဇာတ်ဆင်ပုံများ” ကို ယုံလောက်အောင် ရေးပြထားပါသည်။ စာများလွန်း၍ ကူးယူဖော်ပြခြင်းမပြုဘဲ ထားလိုက်ပါသည်။ မူရင်းမှာ ကြည့်နိုင်ပါ သည်။
သို့သော် ၄င်းစကားတို့တွင် “ကုန်းချောစကား” ဟုဆိုထားသည့် အယ်ဒီတာတို့၏စကားများသည် “အမှန်စကားများ” သာ ဖြစ်ကြောင်း ကျောင်းတိုက်များစွာသို့ ကိုယ်တိုင်လိုက်ပြီး လေ့လာကြည့်နိုင်ပါသည်။ မယုံလျှင် လေ့လာကြည့်ကြပါကုန်။
+ + +
၎င်း၏စာမျက်နှာ(ဇ-ဈ)တို့၌ “ဤသို့ဗုဒ္ဓ၏ ဥပဒေတော်ကို မလိုက်နာသည့်အပြင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ လမ်းညွှန်ချက်တို့ကိုပါ သွေဖည်လျက် ညီတော်နောင်တော် ရဟန်းအချင်းချင်း အစိတ်စိတ် ကွဲပြားစေရန် မလိုအပ်သော ထေရဝါဒသန့်ရှင်းရေး အဓမ္မဝါဒ ဖယ်ရှားရေး စသည့်ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အဖွဲ့အစည်း သီးခြားတည်ထောင်ခြင်း၊ ဂိုဏ်းဂဏဖွဲ့၍ ရန်စအပြစ်ရှာခြင်း စသော သံဃာ့စည်းလုံးညီညွတ်ရေးကို ပြိုကွဲပျက်စီးကြောင်းလုပ်ရပ်များ ဆောင်ရွက်နေကြပါသည်ဘုရား။ ယင်းလုပ်ရပ်တို့သည်ပင် မျက်မှောက်ခေတ်၏ ဘာသာရေးစိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ ၄င်း၏စာမျက်နှာ(ဇ-ဈ)ပါစကားစုများသည် ပရဝမ္ဘနကထာအစစ် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တော်တိုင်က ဩဝါဒပေးတော်မူသည့် အတိုင်း လုပ်ကိုင်ထားသည့် ဆောင်ရွက်ချက်များကိုပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်ချက်တို့ကို သွေဖည်ကြောင်း ပြဆိုထားလေရာ “မဟာဟာသ” ဟုသာ သမုတ်ထိုက်ပါပေတော့သည်။
အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေး အကျိုးဆောင်များက စီစဉ်သည့် “သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး သာရဏီယဩဝါဒကထာများနှင့် လျှောက်ထားလွှာများ” အမည်ရှိ စာအုပ်ကို လေ့လာကြည့်လျှင် သဘောပေါက်နိုင်စရာ ရှိပါသည်။
ထေရဝါဒသန့်ရှင်းရေး အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးလုပ်ငန်းများသည် တကယ်လိုအပ် နေသော လုပ်ငန်းများ အထူးသဖြင့် မြင့်မြတ်လှသော သာသနာရေး ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း ကိုလည်း နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ ဩဝါဒကထာများတွင် အလွန်ထင်ရှားစွာ မိန့်မှာထားတော်မူပါသည်။
ဪ သြော်...အရှင်ထာဝရအမည်ခံသူ ၄င်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၏ ဩဝါဒကထာများကို “ဘာသာရေးစိန်ခေါ်ချက်”ဟု သတ်မှတ်ကြေညာဝံ့သူဖြစ်ခြင်းကြောင့် “နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများကိုပင် စိန်ခေါ်ရဲသူ” လူစွမ်းကောင်း ရှင်စွမ်းကောင်း ဖြစ်ပေတော့သကိုး။ နောင်တွင် ဘုရားရှင်ကိုသော်လည်း စိန်ခေါ်ရဲလေလိမ့်ဦးမည်လား။
+ + +
၎င်း၏စာမျက်နှာ(ဈ-ည)တို့၌ “အမှန်မှာ (ပ)သတိချပ်သင့်ပါသည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
မှတ်ချက်။ ။ ၄င်း၏စာမျက်နှာ(ဈ-ည)ပါစကားစုများသည် ပရဝမ္ဘနကထာ ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ယင်းအကြောင်းအရာအတိုင်း တကယ်ဖြစ်နေသည်ဟု သက်သေခံမရှိခြင်းကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ထေရဝါဒဘာသာရေးခေါင်းဆောင်ဘုန်းကြီးတွေ မညီညွတ်သည် မဟုတ်ပေ။ အဓမ္မဝါဒီတွေ ရှိနေခြင်းသာ ဖြစ်ပါသည်။ အဓမ္မဝါဒီတွေရှိနေလျှင် ဤသို့ဤပုံ ဖြစ်ရသည်မှာ ထုံးတမ်းစဉ်လာ ဓမ္မတာသာ ဖြစ်ပါပေတော့သည်။
အထူးမှတ်ချက်။ ။ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်-စာမူတစ်ခုလုံး အစမှအဆုံး တိုင်အောင် ပရဝမ္ဘနကထာများသာ များပါပေတော့သည်။ စာမျက်နှာတိုင်းမှာပင် “ပရဝါဒီ” ဟု အမည်တပ်၍ မစိုးရိမ် စာသင်သားအပေါ် အပြစ်မြင်စေရန် ရေးသားပြသချက်များကား ကူးထုတ်ပြနေစရာ မလိုပါပြီ။
အဖြေ(၆)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၉)၌ “သို့ဖြစ်ပါ၍ တရားနာခြင်းသည် ကာရဏူပစာအားဖြင့် တရားရနိုင်သည်။ အရေးကြီးသည်က ဓမ္မအစစ်ဖြစ်ဖို့ (ပ) အဓမ္မဝါဒီ၊ ဓမ္မမစ္ဆရိယဝါဒီ ဖြစ်ပေရော့မည်။ (ပ) တရားဟော တရားနာမှုသည် အပြစ်မဖြစ်။ (ပ) ဒိဋ္ဌိဇုကမ္မစသည်တို့ကို အပြစ်ဖွဲ့ခြင်းသည် နိဗ္ဗာန်ကို တားမြစ်သူသာ ဖြစ်ပေရော့ မည်။ (ပ) သာသနာတော် အကျိုးမဲ့စေရန် တမင်ရန်စောင်တိုက်ခိုက်ခြင်းမျိုးသာ ဖြစ်ပေသည်” ဟူ၍ ရေးသား ပြသထား ပါသည်။
၎င်းတွင် “ဓမ္မအစစ်မဖြစ်ခြင်းကြောင့် အဓမ္မဝါဒဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ခံရသည်” ဟုသာ မှတ်ပါလေ။ ရိုးသားမှုရှိဖို့ လိုပါသည်။
တရားဟောမှုတရားနာမှုသည် ဓမ္မဝါဒတရားဖြစ်လျှင် အပြစ်မရှိပါ။ အဓမ္မဝါဒတရား ဖြစ်နေ လျှင် ယခုဘဝမှာလဲ သံဃဝိနိစ္ဆယခုံရုံးမှာ အပြစ်ရှိသူအဖြစ် ထင်ရှားနိုင်ပါသည်။ နောင်ဘဝတွေမှာ လည်း အပါယ်လေးပါးအပြစ်များ ဖြစ်ပွားနိုင်ပါသည်။
အဓမ္မဝါဒ ဖော်ထုတ်တားဆီးသူများကို အဓမ္မဝါဒီ ဖြစ်သည်ဟုလည်းကာင်း၊ ဓမ္မမစ္ဆရိယဝါဒီ ဖြစ်သည်ဟု လည်းကောင်း၊ နိဗ္ဗာန်ကိုတားမြစ်သူ ဖြစ်သည်ဟုလည်းကောင်း၊ သာသနာအကျိုးမဲ့စေရန်-ရန်ပြုသူ ဖြစ်သည်ဟု လည်းကောင်း စွပ်စွဲပုတ်ခတ်ထားချက်များကား အသိဥာဏ်ရှိသူတို့ရှေ့မှာ ယုံကြည်လောက်သော စကားများ မဟုတ်။
အဖြေ(၇)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(င-စ)၌ “ဤကဲ့သို့ သာသနာ့အကျိုးစီးပွား စည်ပင်ထွန်းကား ပြန့်ပြောသာယာခဲ့သလို တစ်ဖက်မှလည်း သာသာကို ခုတုံးလုပ် စီးပွားရှာ စားသောက်နေသူတို့မှာလည်း လာဘ်နည်းပါး လာခဲ့သည်မှာ ဓမ္မတာသာ ဖြစ်ပါသည်ဘုရား။
“အထူးသဖြင့် မျက်မှောက်ခေတ် ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ ဂန္ထကာရက ဆရာတော်များ၏ ဟောကြားသော တရားတော်များနာကြားခြင်း၊ ယင်းဆရာတော်တို့ ရေးသားပြုစုသော ကျမ်းစာအုပ်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အများစုမှာ လက်ခံနှစ်ခြိုက် အကြိုက်တွေ့လာကြသည်ဖြစ်ရာ-အချို့အချို့သော ဘာသာရေးမဂ္ဂဇင်း ဂျာနယ်စာစောင်တို့မှာ စီးပွားရေးအရ ထင်တိုင်းမပေါက် ခရီးမရောက် ဖြစ်ခဲ့ရပါသည်။ (ပ) အကောင်းအဆိုးမခွဲခြားဘဲ နာမည်ကြီးဆရာတော်တို့ကို (ပ) မဂ္ဂဇင်းစာအုပ်များ လူထုကြားသို့ (ပ) သာသနာ့အပျက်သဘောဆောင်လုပ်ရပ်များပင် ဖြစ်ပါတော့သည်ဘုရား” ဟူ၍ ရေးသားပြသထားပါသည်။
၎င်းတွင် သာသာကို ခုတုံးလုပ် စီးပွားရှာ စားသောက်နေသူတို့ဟူသည်မှာ ဘယ်သူတွေဖြစ်သနည်း..။ နောက်ကြောင်းသမိုင်းများကို သေသေချာချာ စူးစမ်း ဝေဖန် သုံးသပ် ဆုံးဖြတ်သင့်ပါသည်။
“မဂ္ဂဇင်း” ဟူသည်မှာ “ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်” တို့ကို ဆိုလိုကြောင်း သိရပါသည်။ ငြင်းလိုကလည်း ငြင်းနိုင်ပါသည်။
“အကောင်းအဆိုးမခွဲခြားဘဲ” ဟူသော စကားလုံးမှာ “ဘာမှ အဓိပ္ပာယ်မရှိသော စကားလုံး” သာ ဖြစ်သည်။ အကောင်းဖြစ်သော နာမည်ကြီးဆရာတော်များကို မည်သူတို့က မဂ္ဂဇင်းကနေ အပြစ်တင်နေနိုင်အံ့နည်း။ ယုံသင့်မှ ယုံထိုက်ပါသည်။
ကိုယ်ကိုယ်တိုင်လေ့လာပြီးမှ ယုံသင့်ရာကို ယုံမည်ဆိုလျှင် ထိုသူမျိုးအတွက် ဖော်ပြပါမဂ္ဂဇင်းများကို သာသနာရေးစာစစ်အဖွဲ့နှင့် နိုင်ငံတော်ဆိုင်ရာ ပြန်ကြားရေးစာစစ်အဖွဲ့တို့၏ ခွင့်ပြုချက်အရ လစဉ် ထုတ်ဝေ ပေးနေပါသည်။ တစ်ဖက်စကားနောက် ကောက်ကောက်ပါသူမျိုးအတွက်တော့ အပြစ်ကျစရာရှိလာလျှင် ထိုသူ့မှာပါ အပြစ်မလွတ် ဖြစ်တတ်ပါသည်။
အဖြေ(၈)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(ည)၌ “တပည့်တော် အချုပ်အားဖြင့် လျှောက်ထားတင်ပြလို သည်မှာ အထက်ပါ အကြောင်းအခြင်းအရာကိစ္စများကြောင့် တပည့်တော်တို့ တစ်ဦးတစ်ယောက်အစွမ်းဖြင့် မဟုတ်ဘဲ သံဃာထုတစ်ရပ်လုံး၏ စုပေါင်းစွမ်းအားဖြင့် ဒါယကာ ဒါယိကာမနှင့် နိုင်ငံတော်အစိုးရ၏ အကူအညီကိုပါ ရယူကာ ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံး ဖယ်ရှား သုတ်သင်ရန် အချိန်တန်ပြီ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်မှစ၍ အမြစ်ဖြတ်နှိမ်နင်းတော်လှန်ကြပါစို့” ဟူ၍ ရေးသားပြသထားပါသည်။
၎င်းစကားတို့တွင် အရေးအကြီးဆုံးမှာ “ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံးဖယ်ရှားသုတ်သင်ရန် အချိန်တန်ပြီ” ဟူသောစကားစုသာ ဖြစ်ပါသည်။
၎င်းစကား၏ အရကောက်သရုပ်ကို တည့်တည့်ဖော်ပြခြင်း မရှိဘဲ နဝေတိန်တောင်လုပ်ကာ အဟုတ်ထင် စေခဲ့သည်။ သံဃာထု တစ်ရပ်လုံးကိုလည်း နဝေတိန်တောင် ဖြစ်စေခဲ့သည်။ ဒကာဒကာမတွေကိုလည်း ဝေဝေ၀ါးဝါး ဖြစ်စေခဲ့သည်။ အထူးအားဖြင့် အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများကိုပင် သံသယပွားစေခဲ့သည်။
နိုင်ငံတော်အစိုးရက ဘာကို ကူညီရမှာလဲ။ ဒကာဒကာမတွေက ဘာကို ကူညီရမှာလဲ။ သံဃာထုက ဘာကို ကူညီရမှာလဲ။ မေးလိုက်ပါပြီ။ ဖြေစမ်းပါဦး။
အဖြေမှာ “ဘုရားတပည့်တော်တို့၏ အနီးစပ်ဆုံးမှာရှိသော အတွင်းရန် အလဇ္ဇီ အဓမ္မဝါဒီ အဝိနယဝါဒီတို့ကို အမြန်ဆုံးဖယ်ရှားသုတ်သင်ရန် ကူညီကြပါ” တဲ့။ ဤအဖြေကတော့ “မဟာဟာသ” မဟုတ်တော့ပြီ။
သို့ဆိုလျှင်-
အမေး။ ။ အလဇ္ဇီဆိုသည်မှာ ဘယ်သူနည်း။ အဓမ္မဝါဒီဆိုသည်မှာ ဘယ်သူနည်း။ အဝိနယ ဝါဒီ ဆိုသည်မှာ ဘယ်သူနည်း။
အဖြေ။ ။ ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄၀/၁၉၆)တို့အရ “ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ် စာသင်သား၊ သင် ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ-မစိုးရိမ်စာသင်သားအမည်ခံ-အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ” ဟူ၍ ရေးသားပြသထားချက်အရ မစိုးရိမ်စာသင်သားနှင့် သဘောတူသူများကို ဆိုလိုပါသည်။
ဤအဖြေသည် မှန်သလော- မှားသလောဆိုသည်ကို စိစစ်ဆင်ခြင်ကြည့်သင့်ပါသည်။ ကောက်ကျစ်သော စိတ်စေတနာဖြင့် လုပ်ကြံထားသည့် မုသားဝါစာအဖြေမျှသာ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မစိုးရိမ်စာသင်သားနှင့် သဘောတူသူများက အလဇ္ဇီမဟုတ်ကြောင်း အစစ်ခံနိုင်ကြ ပါသည်။ အဓမ္မဝါဒီမဟုတ်ကြောင်း အစစ်ခံနိုင်ကြပါသည်။ အဝိနယဝါဒီမဟုတ်ကြောင်း အစစ်ခံနိုင်ကြပါသည်။
အကယ်၍ နိုင်ငံတော်အစိုးရထံမှ အကူအညီရရှိအောင် တောင်းဆိုနိုင်သည် ဖြစ်ငြားအံ့..။ ယင်းသို့ဖြစ်သည် ရှိသော် ...
မစိုးရိမ်စာသင်သားနှင့် သဘောတူသူများသည်-
အလဇ္ဇီများ ဖြစ်သည်-မဖြစ်သည် တစ်ချက်၊
အဓမ္မဝါဒီများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
အဝိနယဝါဒီများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
တိတ္ထိဂိုဏ်းသားများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
ပရဝါဒီများ ဖြစ်သည်-မဖြစ်သည် တစ်ချက်၊
သာသနဗာဟိရက=သာသနာ့ပြင်ပသားများ ဖြစ်သည်-မဖြစ်သည်တစ်ချက်၊
သာသနာဖျက်များ ဖြစ်သည်-မဖြစ်သည်တစ်ချက်-
စသည်တို့ကို “နိုင်ငံတော်ရုပ်မြင်သံကြားအစီအစဉ် တိုက်ရိုက်ထုတ်လွင့်စေလျက်- နိုင်ငံတော်ပြန်တမ်းဝင် နိုင်ငံတော်ဥပဒေအတည်ပြုဖြင့် အစစ်ခံသွားမည်” ဖြစ်ကြောင်း အတိအလင်း ကြေညာချက် ထုတ်ပြန်ပေးလိုသည်။