* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 10, 2011

ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ (၂)


ဒီမဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး
မဟာဂန္ဓာရုံဆရာတော်ကြီးရေးထားတဲ့
သီတဂူဆရာတော်ဟောထားတဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတာ
မြတ်စွာဘုရားရဲ့ နောက်ဆုံးဝါ နောက်ဆုံးနှစ်အကြောင်းကို မှတ်တမ်းတင်ထားတဲ့သုတ်တစ်သုတ်ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးပြီ။

ဒါနဲ့စပ်လို့ အသက် (၃၅) နှစ်အရွယ်မှာ ဘုရားဖြစ်ပြီး
ဘုရားအဖြစ်နဲ့ (၄၅) ၀ါ တိုင်တိုင် နေထိုင်သွားခဲ့တဲ့နေရာအစဉ်
ဝါတော်အစဉ်ကို သိထားသင့်လို့
ဖျာပုံဆရာတော်ရေးထားတဲ့ သုတေသနသရုပ်ပြအဘိဓာန်ထဲက
ဘုရားရှင်ဝါတော်စဉ်ရေးသားထားတာကို ကူး ဖော်ပြလိုက်ပါတယ်။

၄၅ နှစ်အတွင်း ၁၇ နေရာ ဘုရားရှင် ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။

(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ၀ိဟာရ၌ ပဌမ၀ါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-၀ါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမ၀ါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမ၀ါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမ၀ါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမ၀ါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ န၀မ၀ါ၊ (၉-၀ါမြောက်)
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမ၀ါ၊ (၁၀-၀ါမြောက်)
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊ (၁၁-၀ါမြောက်)
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမ၀ါ၊ (၁၂ - ၀ါမြောက်)
(၁၁) ဇာလိယတောင်၌ ၁၃-၀ါမှာတကြိမ်, ၁၈-နှင့် ၁၉-၀ါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ ၁၄-၀ါမှာ တကြိမ်, ၂၁-၀ါမှ ၄၄-၀ါထိတကြိမ်ဆို၊ ပေါင်း ၂၅-၀ါ၊
(၁၃) ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ၀ါ၊ (၁၅ - ၀ါမြောက်)
(၁၄) အာဠ၀ီပြည် မဟာဝုန်တော၌ သောဠသမ၀ါ၊ (၁၆ - ၀ါမြောက်)
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရသမ၀ါ၊ (၁၇ - ၀ါမြောက်)
(၁၆) ၎င်းင်းနယ် ဂိဇ္ဈကုဋ်တောင်၌ ၀ီသတိမ၀ါ၊ (၀ါ-၂၀ မြောက်)
(၁၇) ၄၅-၀ါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ၀ါဆိုတော်မူသည်။

အထက်တစ်နေရာမှာ ဖော်ပြခဲ့သလို ဒီသုတ်တော်ထဲမှာ
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။

ရာဇရေးနဲ့ပတ်သက်လို့
ရှင်ဘုရင်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇) မျိုးကို တွေ့ရမှာ ဖြစ်သလို
သာသနာရေးနဲ့ပတ်သက်ပြီး
ရဟန်းတော်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇)မျိုးတို့ကိုလဲ မှတ်သားဖွယ်တွေ့ရပါတယ်။

ဒါ့အပြင် ဓမ္မရေးနဲ့ပတ်သက်ပြီး
သီလစောင့်ထိန်းသူနှင့် သီလချိုးဖောက်သူတို့၏ အကျိုးအပြစ်တို့ကို
ရှင်းရှင်းလင်းလင်းဖော်ပြထားတာကို တွေ့ရပါသေးတယ်။

ဒါတင်မကပါဘူး။
လောကီရေးနှင့်ပတ်သက်ပြီး ပါဋလိပုတ်ပြည် တည်ခြင်းအကြောင်းတို့ကို
ဒီသုတ်ထဲမှာ ဖတ်ရမှာဖြစ်ပြီး
လောကုတ္တရာရေးရာ သစ္စာလေးပါးတရားတို့ကိုလဲ တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် ရှည်လျှားတဲ့သုတ်တော်များကို စုစည်းထားတဲ့
ဒီဃနိကာယ်ထဲမှာ ပါဝင်တဲ့ ဒီသုတ်တော်ကို
အရေးအသားကောင်းတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ရေးသားထားပြီး
အဟောအပြောကောင်းတဲ့ သီတဂူဆရာတော်ကြီးက ဟောပြောထားတာဆိုတော့
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ကုလားကျောင်းလေးမှာ
အရုဏ်ဆွမ်းဘုန်းပေးရင်း
နားထောင်ခဲ့ရတာ (ဆွမ်း၊ ဆွမ်းဟင်းတွေ မကောင်းခဲ့ပေမဲ့)
စိတ်အင်မတန် ကြည်နူးနေခဲ့ရပါတယ်။

ဒါပေမဲ့ တရားတော် တစ်နေရာအရောက်မှာတော့
သဘောမကျစရာ သဘောမတူနိုင်စရာ အချက်ခလေးတစ်ခုကြားလိုက်ရလို့
အဲ့ဒါလေးကို ခရီးဖော်ဖြစ်တဲ့
ဒေါက်တာနန္ဒက (ယခု ကိုးရီးယားမှာ သီတင်းသုံး) ကို ပြောပြဖြစ်ပါတယ်။

တရားတော်အစဉ်က ဒီလို။

ဘုရားရှင် ၄၅ ၀ါမြောက်ဖြစ်တဲ့ နောက်ဆုံးဝါဆိုတဲ့နေရာက ဝေဠုဝရွာ၊
ဘုရားရှင်နဲ့ နောက်ပါသံဃာများ
ဝေဠုဝရွာမှ ဝေသာလီပြည်၊ စာပါလစေတီကို ခရီးဆက်ပါတယ်။
စာပါလစေတီမှ ဝေသာလီပြည် မဟာဝုန်တော၊
အဲ့ဒီကနေပြီး ရွာအသီးသီးဖြတ်ကျော်ကာ
ဘောဂမြို့ကို ရောက်တယ်။
ထိုမှ
ပါဝါပြည်သို့ ဆက်လက် ကြွချီပါတယ်။

ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန် ပါဝါပြည်ကို ရောက်တယ်။

ပါဝါပြည် စုန္ဒဆိုတဲ့ ရွှေပန်းတိမ်သည်ပိုင်တဲ့
သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူတယ်။
စုန္ဒက ဘုရားရှင်နဲ့ သံဃာတော်များကို ဆွမ်းဆက်ကပ်လိုကြောင်း လျှောက်တယ်။
ဘုရားရှင်လက်ခံတော့ စုန္ဒ ဆွမ်းခဲဘွယ် ဘောဇဉ်ပြင်ဆင်တော့တယ်။
စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒ၀ လို့ခေါ်တဲ့ ဟင်းတစ်မျိုးပါလာတယ်။
ဒီနေ့ဒီအချိန်ထိ ဒီစုန္ဒရဲ့ သူကရမဒ္ဒ၀ ဟင်းကို ဘာဟင်းလဲဆိုတာ
တိတိပပ မသိရသေးဘူး
သူကရမဒ္ဒ၀ဟင်းကို အဋ္ဌကထာများမှ (၅)မျိုးကွဲပြားနေတယ်။
(၁) မကြီးမငယ် ၀က်သားစားဖွယ်
(၂) မှိုစားဖွယ်
(၃) မျှစ်စားဖွယ်
(၄) နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
(၅) ဆေးတို့ဖြင့် စီမံထားသောစားဖွယ် တဲ့။
အမျိုးမျိုးဆိုကြတယ်။

ဒီစုန္ဒကပ်တဲ့ ဆွမ်း ဆွမ်းဟင်းတို့ကို ဘုန်းပေးပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်လောက်အောင်
ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်တယ်။
ဒီရောဂါဝေဒနာနဲ့ အားအင်လျော့ကျနေပေမယ့်
ခရီးဆက်ဖို့ အရှင်အာနန္ဒအား ပြောပါတယ်။

ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။

ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။

အသက်ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ဘုရားရှင်
ရောဂါဝေဒနာကလဲ နှိပ်စက်၊
ရာသီဥတုကလဲ ပူလောင်နေတဲ့ကြားက
ပါဝါပြည်ကနေ ကုသိနာရုံကို ကြွချီတော်မူပါတယ်။

အကြောင်းက ကုသိနာရုံမှာရှိတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးကို တွေ့ချင်လို့တဲ့။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်မစံခင်
သူဟောကြားလိုက်တဲ့တရားကို နာကြားလိုက်တဲ့အခါ
သုဘဒ္ဒပရိဗိုဇ်ကြီးကို တရားထူးသိမြင်မည့် အကျိုးစီးပွါးကို မြင်တော်မူလို့
ကုသိနာရုံကိုဆက်ကြွရတာပါ။

ဆက်ကြွရင်း လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင် ပင်ပန်းလွန်းလို့
သစ်ပင်ရိပ်ချဉ်းကပ်ပြီး အလုပ်အကျွေးဖြစ်တဲ့ ရှင်အာနန္ဒာကို
“အာနန္ဒာ၊
ငါဘုရား၏ နှစ်ထပ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊
ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့” လို့ပြောပါတယ်။

လမ်းခရီးမှာ မောပန်းလွန်းလို့ ပါလာတဲ့သင်္ကန်းကို ခပ်ထူထူလေးခေါက်ခိုင်းပြီး
ခင်းခိုင်းကာ အနားယူတော်မူလိုတဲ့ ဘုရားရှင်ကို မျက်စိထဲမှာ မြင်ယောင်ပြီး
အလွန့်ကို ၀မ်းနည်းမိတယ်။

ဘုရားရှင်က ခင်းပေးတဲ့ သင်္ကန်းခေါက်လေးပေါ်ထိုင်ပြီး
“အာနန္ဒာ၊ ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူပေးစမ်းပါ” လို့ဆက်ပြောပါတယ်။

နွေရာသီကြီးခရီးသွားနေရတာဆိုတော့ ဘုရားရှင် ရေဆာမှာပေါ့။

ကံအားလျှော်စွာ အနီးအနား မြစ်ကလေးရှိလို့ တော်ပေသေးတယ်။
ဒါပေမဲ့ နွေရာသီဆိုတော့ ရေအတော်နည်းနေတယ်။
ခရီးသွားလှည်းသားငါးရာက မြစ်ထဲ ဖြတ်မောင်းထားတာဆိုတော့
ရေကနောက်ပြီး အနယ်ထနေတယ်။

ဒါ့ကြောင့် ရှင်အာနန္ဒာက
“အရှင်ဘုရား အနီးအနားမှာရှိတဲ့ မြစ်ထဲက ရေတွေက နောက်ကျုနေပါတယ်ဘုရား၊
ဟိုရှေ့နားမှာ ကကုဓာဆိုတဲ့ မြစ် ရှိပါသေးတယ်ဘုရား၊
အေးမြတဲ့ရေ ရနိုင်ပါလိမ့်မယ်။ သန့်ရှင်းတဲ့ရေ ရနိုင်ပါလိမ့်မယ်၊
ဆိပ်ကမ်းကလဲ သာယာပါတယ်။ အဲ့နေရာရောက်မှ
အရှင်ဘုရားကို ရေကြည်ရေချမ်းကပ်ပါရစေ လို့
ပြန်လည်လျှောက်တင်ပါတယ်။

ဘုရားရှင်ရေဆာလွန်းတော့ ရှင်အာနန္ဒာကို ဒုတိယအကြိမ် ရေခပ်ခိုင်းပြန်ပါတယ်။
ရှင်အာနန္ဒာကြီးကလဲ အရင်အတိုင်းပဲ ပြန်လည်လျှောက်တင်ပါတယ်။

တတိယအကြိမ်ထပ်မိန့်မှ
ရှင်အာနန္ဒာက သပိတ်ကို ယူကာ မြစ်ဆီသို့ အပြေးကလေးထွက်သွားတယ်။

မြစ်ထဲကရေကို ခပ်ယူမယ်လဲလုပ်ရော
မြစ်ထဲရှိရေတွေ အနယ်ထိုင်ပြီး ကြည်လင်သွားတယ်တဲ့။
ရှင်အာနန္ဒာကလဲ ဒီလိုရေကြည်သွားတဲ့အတွက်
ဘုရားရှင်ရဲ့တန်ခိုးတော်ကို အတော်အံ့သြသွားသတဲ့။

မြစ်ထဲကကြည်လင်လာတဲ့ရေကို ခပ်ယူပြီး
ဘုရားရှင်ကို ကပ်ပါတယ်။
နယူးဒေလီ၊ ကုလားကျောင်းမှာ အရုဏ်ဆွမ်းဘုန်းပေးကာ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်ကို နားထောင်နေရင်း
ဒီနေရာလဲရောက်ရော ဘ၀င်မကျတာလေးတွေ့လို့
အတူသွား အတူလာဖြစ်တဲ့ ဒေါက်တာအရှင်နန္ဒကကို
“မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် မြစ်ထဲက နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာတယ် ဆိုတဲ့စကားကို လက်ခံပါသလား” လို့မေးမိပါတယ်။

သူက လက်ခံပါတယ်တဲ့။
စာထဲမှာလဲ ဒီလိုပဲ ပြောထားတာပဲ တဲ့။

ဘုရားရှင်မှာ တန်ခိုးရှိတယ်ဆိုတာကို လက်ခံပေမဲ့
ဘုရားရှင်တန်ခိုးတော်ကြောင့် နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာရတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေကြောင်း၊

ဘုရားရှင်ရဲ့ တန်ခိုးတော် ဘုန်းတော်လို့ပြောမဲ့အစား
ဘုရားရှင် ရေအင်မတန်ဆာနေတာကို ရှင်အာနန္ဒာသိလို့
မဖြစ်မနေရေကို ခပ်ယူရတော့မည်ဖြစ်ကြောင်း၊

ပရိက္ခရာရှစ်ပါးထဲမှာ အပါအ၀င်ဖြစ်တဲ့ ရေစစ်ကိုလဲ
သပိတ်နည်းတူ သွားလေရာ ယူဆောင်သွားတဲ့အလေ့ရှိလေတော့
ပါလာတဲ့ရေစစ်နဲ့ သေချာစစ်ပြီး ခပ်ယူလို့
ကြည်လင်သန့်ရှင်းတဲ့ရေ ရလာတာဖြစ်ကြောင်း၊

ဒီလို စဉ်းစားတာဟာ အင်မတန်ယုတ္တိရှိပြီး
ရှင်အာနန္ဒာရဲ့ ဘုရားရှင်အပေါ်ထားရှိတဲ့
စေတနာ၊ မေတ္တာတွေကို ဖော်ပေးရာရောက်ကြောင်း၊
အသိအမှတ်ပြုရာရောက်ကြောင်း
ပြောဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က ၂၀၀၄ - ခုနစ်လောက်ကပါ။

အချိန်တွေသာကြာညောင်းလာပေမဲ့
ကိုယ်စဉ်းစားတွေးခေါ်မှုအပေါ် ဘယ်ဆရာတော်ကြီးထံကမှ ထောက်ခံမှု မရခဲ့ပါဘူး။
ပါဠိတော်၊ အဋ္ဌကထာတို့မှာက ကိုယ်စဉ်းစားတွေးခေါ်ချက်မျိုး စိုးစိမျှ မပါဘူးကိုး။

မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးငယ်တွေအတွက်
Nalanda Institute ဆိုတဲ့ ပညာသင်ဌာနလေးရှိတယ်။
အတော်စနစ်ကျတယ်။

နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူမျိုးတွေစုပေါင်းပြီး
နာမည်ကြီးဗုဒ္ဓဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားကာ
ဟောပြောပွဲလုပ်လေ့ရှိတယ်။

၂၀၀၈ ဒီဇင်ဘာလတုန်းက အဲ့ဟောပြောပွဲကို တက်ဖြစ်တယ်။
ဟောပြောပွဲမှာ ဟောပြောပေးမဲ့ပုဂ္ဂိုလ်တွေထဲမှာ
အမေရိကမှာ သီတင်းသုံးနေတဲ့
သီဟိုဠ်ဘုန်းကြီးတစ်ပါးပါလာတယ်။
Mindfulness In Plain English ဆိုတဲ့စာအုပ်နဲ့ နာမည်ရလာတဲ့ဘုန်းကြီး။
ဘွဲ့က Ven. H. Gunaratana တဲ့။

သူဟောပြောတဲ့ထဲမှာ ခုနက ရှင်အာနန္ဒာက ဘုရားရှင်ကို ရေကပ်တဲ့အကြောင်းပါလာပြီး
ရေနောက်ကျုရာက ကြည်လင်သန့်ရှင်းလာတာဟာ
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်မဟုတ်ကြောင်း ထည့်ပြောပါတယ်။
ကိုယ်နဲ့ဒီဘုန်းကြီးအယူအဆ ဒီနေရာမှာ တူပြီဟေ့ဆိုပြီး
စိုက်နေတဲ့ခေါင်းထောင်လာပါတယ်။
အာရုံပိုစိုက်ပြီး နားထောင်ဖြစ်ပါတယ်။

သူဆက်ပြောတာက
ပထမတစ်ကြိမ် ဘုရားရှင် ရှင်အာနန္ဒာကို ရေခပ်ခိုင်းတုန်းက
ကုန်သည်လှည်းငါးရာဖြတ်ပြီးခါစဖြစ်လို့ ရေ အမှုံထနေကြောင်း၊
အနယ်ထနေကြောင်း၊
ဒါပေမဲ့ ဘုရားရှင်တတိယအကြိမ်ခိုင်းတဲ့အချိန်မှာ
အချိန်အနည်းငယ်ကြာသွားပြီးဖြစ်လို့
မြစ်ရေဟာလဲ စီးဆင်းနေတာဖြစ်လို့ ကြည်လင်နေပြီဖြစ်ကြောင်း
ယုတ္တိရှိရှိပြောသွားပါတယ်။

ကိုယ်လဲ ဒီတော့မှ ဟုတ်လိုက်လေ လို့ စိတ်ထဲက ရေရွတ်ပြီး
ရှင်းသွားပါတော့တယ်။
စာထဲမှာ မပါပေမဲ့ လက်ခံသင့် လက်ခံရပါမယ်။

ဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့
မာပိဋကသမ္ပဒါနေန - စာပေကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုတာလောက်နဲ့
အတည်မယူနဲ့ဆိုတာနဲ့လဲ ကိုက်ညီပါတယ်။
Read more...

Read more...

နာနာဘာဝနှင့်တွေ့ဖူးသူများ (၁၁)

နာနာဘာဝနှင့်တွေ့ဖူးသူများ (၁၁)U Panna (4)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“တကယ် တရား အားထုတ် ကြည့်တော့ဘုရား ကိုယ်ကြားဖူး နားဝ ရှိထားတာတွေနဲ့ စိတ်သန္တာန် ဖြစ်နေတာ တွေက တခြားစီဘဲ ဘုရာ့” ဟု ဦးအာစိဏ္ဏက မော်လမြိုင် ဖားအောက် တရားစခန်း မှ ပြန်အလာတွင် ပြော၏။

ဇာတိရွာက ဒကာကြီးတစ်ဦးကတော့ “အရှင်ဘုရား၊ တရားအားထုတ်နေစဉ် ရွာမှ သေလွန်ပြီးသူများနဲ့ စိတ်ထဲမှာ တွေ့လို့ချည်း ဖြစ်နေလို့ အလွန်အားစိုက် ရှု့မှတ်ရတယ်ဘုရား” ဟု လျှောက်ထားပြန်၏။


တရား အားထုတ်သူ နှစ်ဦးလုံး အမှန်အကန် အားထုတ် ကြသူများဖြစ်၍ သူတို့ စကားကို အလေးထားမိ၏။ ဦးစိဏ္ဏက စစ်ဖက်ဆိုင်ရာ အရာရှိကြီး တစ်ဦး၏ ယဉ်မောင်း တပ်ကြပ်အဖြစ်မှ အငြိမ်းစားယူပြီး စာရေးသူထံ၌ တရားအားထုတ်လို၍ အပြီးတိုင် ရဟန်းဝတ်လာသူဖြစ်၏။ စာရေးသူက ဆရာမရှိဘဲ ရမ်းသမ်းအားထုတ်နေခြင်းထက် ဆရာ ကောင်းထံ နည်းခံပြီး ရက်ရှည် ကျကျနန အားထုတ်နိုင်ရန် ပြီးခဲ့သည့် တန်ဆောင်းမုန်း လပြည့်ကျော်က မော်လမြိုရှိ ဖား အောက်တောရသို့ ပို့ပေးခဲ့၏။


ဇာတိရွာမှ ဒကာကြီးကလည်း လွန်ခဲ့သည့်သုံးနှစ်က ရွာတွင် မိုးကုတ်တရားစခန်း စဖွင့်၍ တရားစခန်းဝင်ဖြစ်၏။ တရား အားထုတ်ခြင်းဖြင့် ဓမ္မရသ(ငြိမ်းအေးခြင်း)ကို တရားစခန်း၌ အတိုင်းအတာ တစ်ခုထိ ခံစားခဲ့ရဟန်တူ၏။ အသောက် အစားကို စွန့်၍ နေ့စဉ် အချိန်မှန် တရား အားထုတ်နေတော့၏။ ယာထဲကိုင်းထဲမှာပင် ယာစောင့်ကိုင်းစောင့်ရင်း တဲ၌တရား ရှု့မှတ် နေကြောင်း ကြားသိရ၏။


စာရေးသူ နှစ်စဉ်ရွာပြန်ရောက်ချိန်၌ ဘုရားဟော ဒေသနာတော်နှင့်အညီ ဖြစ်စေရန် တရားအားထုတ်ကြသည့် ရပ်ရွာဒက ဒကာမတွေကို ကျောင်း၌ (၇)ရက် ညဥ့်အိပ်နေစေပြီး အစားလည်းကျွေး၊ တရားလည်းပြပေး၏။ ဝိသုဒ္ဓိမဂ် လာ တရားအားထုတ်ခြင်းနှင့် ပတ်သက်သည့် ဉာဏ်စဉ်များ၊ ဝိသုဒ္ဓိများ၊ သမာဓိရပါက ခန္ဓာဉာဏ်ချလျှက် ဖြစ်ပျက်မြင်အောင် ရှု့ကြရမည်တို့ကို ပြောပြပေးသဖြင့် သူတို့ တရားအားထုတ်ခိုက် စိတ်သန္တာန် ဖြစ်ပေါ်နေခြင်း ကို ပြောပြလေ့ရှိကြ၏။


ဝိသုဒ္ဓိမဂ်တွင် တရားအားထုတ်ခိုက် တရားအာထုတ်သူတို့၏ စိတ်သန္တာန်၌ ဖြစ်ပေါ်တတ်သော နိမိတ်(အာရုံ)တို့ကို များစွာ ပြဆိုထား၏။


သမထဘာဝနာ၌ နိမိတ်နောက်သို့ စိတ်မလိုက်ပါဘဲ အရှုခံကမ္မဋ္ဌာန်းအာရုံ၌သာ ရှုသိစိတ်ကို တင်ပေးနေရခြင်းနှင့် ဝိပဿနာဘာဝနာ၌ စိတ်သန္တာန်တွင် အာရုံအလိုက် ဖြစ်နေသောစိတ်ကို ဖြစ်နေထင်ရှားနေသည့် အတိုင်းလေး ဖြစ်ပျက် မြင်အောင်ရှု့ရခြင်းကို ပြဆိုထားကြောင်း ရှင်းပြပြီး တရားဖြုတ်၍ အမျှပေးဝေပါမှ ရှု့မှတ်ခိုက် စိတ်သန္တာန်ထင်ရှားခဲ့သော သေလွန်ပြီးသူများကို အမျှပေးဝေပါ-ဟု အကြံပေးလိုက်ရ၏။


ရှု့မှတ်နေသော ထွက်သက်ဝင်သက် ကမ္မဋ္ဌာန်း တစ်မျိုးတည်း၌ပင် နိမိတ်(အာရုံ)အမျိုးမျိုး ယောဂီတို့ စိတ်သန္တာန် ဖြစ်တတ်၏။ ထိုကဲ့သို့ နိမိတ်ထင်ခြင်းသည် ကြုံရမြဲ သဘာဝမို့ သေလွန်သူများကို တွေ့နေရခြင်းသည်ပင် နိမိတ်ပင်ဖြစ်၏။


ဝိပဿနာဘာဝနာ၏ တံခါးဝသည် သံဝေဂဉာဏ် ဖြစ်၏။ တရားအားထုတ်သူတို့ လေးလေးနက်နက် ရှု့ပွားနိုင်ဖို့ သံဝေဂဉာဏ်ဖြစ်ရန် အလွန်လိုအပ်၏။ ထို့ကြောင့် ဓမ္မသဘာဝက သံဝေဂယူရန် ယောဂီကို နိမိတ်ပြလိုက်ဟန်တူ၏။ ဘုရား အလောင်း သံဝေဂဉာဏ်ကို ရလိုက်ခြင်းသည် သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်တို့ကြောင့်ပင် ဖြစ်၏။


သည့်အပြင် တရားအားထုတ်သူများသည် စိတ်အလွန်စင်ကြယ်ခြင်း၊ သမာဓိ အလွန်ရလာခြင်းတို့ကြောင့် သမာဓိ လွန်ကာ သမာဓိနောက်သို့ ရှု့ဉာဏ် မလိုက်နိုင်တော့ဘဲ အမြင်ထူးဖြင့် သေလွန်ပြီး၍ မကျွတ်မလွတ်ကြသေးသည့် နာနာဘာဝ တို့ကို မြင်မိလေသလားဟုလည်း အတွေးပိုဖြစ်သေး၏။


တရားအားထုတ်ကြသည့် ရဟန်းတော်များသို့ ချဉ်းကပ်ပြီး ကုသိုလ်ကောင်းမှု့ပြု အမျှဝေပေးဖို့ကို နာနာဘာဝတို့ တောင်းခံလေ့ ရှိတတ်ကြောင်းကို ဘုရားရှင် ရွှေလက်ထက်တော်အခါက ဤသို့ ဖြစ်ခဲ့ဘူးပါသည်။


တစ်နေ့သ၌ ရဟန်းတစ်ပါးသည် ဝါကျွတ်ပြီးဖြစ်၍ ဘုရားဖူးရန် လှည်းကုန်သယ်များနှင့်အတူကြွလာခဲ့၏။ ထိုခေတ်က ဘုရားဖူးရန် ခရီးရှည် ထွက်လာကြကုန်သော ရဟန်းတော်တို့သည် ဘုရားရှင် သီတင်းသုံးရာမြို့သို့ သွားမည့်လှည်း ကုန် သည်များနှင့် အတူ ခရီးကြုံလိုက်ကြရ၏။ လှည်းဝိုင်းကြီးနားချိန် နား၊ ဆွမ်းခံချိန် ဆွမ်းခံ ဤနည်းဖြင့် ဘုရားထံအရောက် လာကြရသည်။ လှည်းကုန်သည်တို့သည် နေ့အခါ အရိပ်ကောင်း ကောင်းနှင့် ရေမိုးပြည့်စုံသော နေရာတွင် နွားများ၊လှည်များ၊ လူများ အနားယူကြပြီး ညအခါမှ ခရီးဆက်ကြသည်။


တောအုပ်ကြီး တစ်နေရာ အရောက်တွင် လှည်းကုန်သည်များ နားကြ၏။ ရဟန်းတော်သည် တိတ်တိတ် ဆိတ်ဆိတ် နားအေးပါးအေး နေလို၍ ခပ်လှပ်းလှမ်းရှိ သစ်ပင်ရိပ်တွင် နှစ်ထပ်သင်္ကန်းကြီး ခင်းလျှက် အနားယူ လဲလျောင်းနေ၏ညစဉ် ခရီးဖြစ်၍ အိပ်ရေးပျက်လျှက်ဖြစ်နေသော ရဟန်းတော်သည် ပင်ပန်းနေသဖြင့် အိပ်ပျော်သွားသည်။လှည်းကုန်သည်တို့သည် ခရီးအပန်းပြေကြသဖြင့် ခရီးဆက်လက် ထွက်ခွါသွားကြ၏။


ညနေစောင်း အိပ်ပျော်ရာမှ နိုးလာသောရဟန်းတော်သည် လှည်းကုန်သည်များကို မတွေ့ရသဖြင့် တစ်ပါးတည်း တောလမ်းခရီးကို သွားရင်း လမ်းမှားပြီး ရုက္ခစိုးကြီး တစ်ဦး၏နေရာ သစ်ပင်ကြီးအောက်သို့ ရောက်ရှိသွား၏။


ရုက္ခစိုးနတ်ကြီးသည် လူအသွင်ဖြင့် ရဟန်းတော်ထံ ချဉ်းကပ်ပြီး အာလာပသလ္လာပ နှုတ်ဆက်စကားပြောဆိုပြီး သူ၏ဗိမာန်သို့ ပင့်ဆောင် လျှက် ခြေနယ်ဆီတို့ဖြင့် ရဟန်းတော်ကို နှိပ်နယ်ကုသိုလ်ပြု၏။ ထိုသို့ ကုသိုလ်ယူနေစဉ် ပြိတ္တာမ တစ်ယောက်သည် “အရှင် ငါ့ကို အဝတ်ပေးပါ၊ အစာြးွေကးပါ၊ရေတိုက်ပါ” ဟု လာရောက် တောင်းခံနေ၏။


ရုက္ခစိုးနတ်ကြီးက အဝတ် အစားအစာတို့ကို ပေးရှာ၏။ ပြိတ္တာမ လက်ဖြင့် ကိုင်လိုက်သည်နှင် ပြည်တွေ၊ သွေးတွေ ကျင်ကြီး၊ ကျင်ငယ်တွေ ဖြစ် သွားတော့၏။ အဝတ်သည်ပင် မီးတောက်လောင်နေသော သံပြားကြီး ဖြစ်သွားတော့၏။


ထိုအချင်းအရာကို ကိုယ်တိုင်မြင်နေရသော ရဟန်းတော်သည် အဘယ်အကုသိုလ်ကို ပြုမိမှား၍ ထိုကဲ့သို့ဆိုးကျိုးကို ပြိတ္တာမ အခုလို ခံစားရတာ ပါသလဲ? ဟု မေးသဖြင့် ဇနီးမောင်နှံဖြစ်ခဲ့ကြစဉ်က လင်ယောကျာ်း အလှူကို မကြည်ဖြူဘဲ ဆဲရေးတိုင်းထွာ ပြုခဲ့ခြင်း အကုသိုလ်ကြောင့် ပါဘုရား -ဟု ပြောပြ၏။


“အရှင်ဘုရား၊ပြိတ္တာမ အခုလိုဘဝမှ လွတ်မြောက်ရန် နည်းလမ်းကောင်းရှိပါသလားဘုရား” ဟု မေးလျှာက်၍ “နည်းလမ်းရှိပါတယ်၊ ဘုရားအမှူး ရှိသော သံဃာတော်ကို ပြိတ္တာမအတွက် ရည်စူးပြီး လှူပါ၊ ပြိတ္တာမကိုလည်း သာဓု ခေါ်စေပါ” ဟု ပြောပြ၍ ရုက္ခစိုးနတ်မင်းသည် မွန်မြတ်သော အစားအသောက်တို့ကို ပေးလှူပြီး ပြိတ္တာမကို အမျှပေးဝေ လိုက်၏။ ထိုခဏမှာပင် ပြိတ္တာမသည် နတ်၌ဖြစ်သည့် မွန်မြတ်သော အစားအစာတို့ကို စားသောက်ခွင့်ရပြီး ကိုယ်ခန္ဓြာ ပည့်ပြည့် ဖြိုးဖြိုး အလှတိုး သွားပါသတဲ့။


တဖန် ဘုရားရှင်အား ရည်စူး၍ ရဟန်းတော်၏ လက်သို့ နတ်အဝတ်ကို လှူဒါန်းပြီး ပြိတ္တာမကို သာဓုခေါ်စေပြန်၏။ နတ်ဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်လျှက် လိုအပ်သမျှ ပြည့်စုံသည့် နတ်သမီးအသွင် ချက်ချင်းပင် ဖြစ်သွားပြန်သတဲ့။


ထို့သို့ လက်ငင်းအကျိုးရခြင်းသည် သံဃဂုဏ်ကိုးပါးအနက် ဒက္ခိဏေယျသံဃဂုဏ်ကြောင့် ဖြစ်၏။ ထိုရဟန်းတော်သည် သီလစင်ကြယ်၏။ တရားကို အမြဲရှုမှတ်ပွားများ နေသူဖြစ်၏။ ထိုကြောင့် စိုက်ယာမြေကောင်း၌ စိုက်ပျိုးအပ်သော ပျိုးပင်သည် အလျှင်အမြင် ရှင်သန်ကြီးထွား အကျိုးများသကဲ့ ချက်ချင်လက်ငင်း အကျိုးပေးခြင်း ဖြစ်၏။


ထိုဂုဏ်တော်သည် တမလွန်ဘဝ ရောက်သွားသူတို့အား ရည်မှန်းလှူဒါန်းရာ၌ ရည်ရွယ်သမျှ ပြည့်ပြည့်ဝ၀ အကျိုးရ စေနိုင်သော ဂုဏ်တော်ဖြစ်၏။ ထိုဒက္ခိဏေယျသံဃဂုဏ်တော်ကို အာရုံယူ၍ ဆွမ်းသွတ်ကြရမည်။


ရုက္ခစိုနတ်မင်းနှင နာနာဘာဝကို တိုက်ရိုက် တွေ့ရခြင်းသည် တောတောင်အရပ်သို့ တစ်ပါးတည်း ရောက်သွားခြင်း၊ ပင်ကိုယ်က တရား အားထုတ်လေ့ ရှိသူဖြစ်ခြင်း သီလစင်ကြယ်ခြင်းခြင်း၊ သမာဓိအလွန်တည်ခြင်း တို့ကြောင့် ဖြစ်၏။


ရုက္ခစိုးနတ်မင်း ပြောသကဲ့သို့ ရုက္ခစိုးနတ်မင်းနှင့် နာနာဘာဝ(ပြိတ္တာမ)တို့ ဘဝတစ်ကွေ့၌ ပတ်သက်ဆက်စပ်မှု့ ကားဤသို့ ဖြစ်၏။


ရဟန်းတော်(၁၂)ပါးသည် ဘုရားရှင်ထံတော်မှ ကမ္မဋ္ဌာန်း တရားတောင်းခံပြီး တရားအားထုတ်ခြင်းငှါ သင့်လျော် သော နေရာစရာကျောင်းကို ရှာဖွေဖို့ သာဝတ္ထိမြို့မှ ထွက်ခွါလာကြကုန်၏။


ဘုရားရှင် လက်ထက်တော်က ရဟန်းတော်များသည် ကိုယ်ပိုင်ကျောင်းများ မရှိကြ၊ တစ်ကျောင်းတည်း၌ တသက်လုံး ကျောင်းထိုင်ပြီး သီတင်းသုံးလေ့ မရှိတတ်ကြ။ ကိုယ့်ပရိက္ခရာ ကိုယ်လွယ်ပြီး ထိုထိုဤ အရပ်များသိြုွ့ကရောက် တရားအားထုတ်ကြကုန်၏။ ဘုရားနှင်အတူ လိုက်ပါ နေထိုင်ကြ၍လည်း အမြဲတရားနာကြကုန်၏။ နေရာနှင့်ပါတ်သက်၍ အတွယ်အတာ အငြိအကပ် ဘာမှမရှိကြ။ ငှက်များကဲ့သို့ သွားလာ နေထိုင်ကြကုန်၏။


ဝါဆိုဖို့ အချိန်ကလည်း နီးကပ်လာပြီဖြစ်၍ အရိပ်လည်းရ၊ သောက်ရေနှင့်လည်း ပြည့်စုံ၊ ဆွမ်းခံရွာနှင့်လည်း အလွန် မဝေးသော တောအုပ်တစ်ခု၌ ဝါကပ်နေထိုင်ကြရန် ဆုံးဖြတ်ကြ၏။ နောက်တစ်နေ့ဆွမ်းခံချိန်၌ ရွာထဲသို့ ဆွမ်းခံဝင်ကြ၏။ ရွာသည် အိမ်ခြေ(၁၁)အိမ်မျှရှိပြီး ယက်ကန်လုပ်ငန်းဖြင့် အသက်မွးမြူကြကုန်၏။


ရွာရှိဒကာ၊ ဒကာမတို့သည် ရဟန်းတော်များကို ဖူးတွေ့ကြရပြီး ဝမ်းမြောက်ဝမ်းသာ တစ်အိမ်တစ်ပါးကျစီ ပင့်၍ ဆွမ်းလောင်းလှူကြကုန်၏။ (၁၂)ပါးမို့ အကြီးအကဲ ရွာသူကြီးက နှစ်ပါးကပ်လှူရ၏။


ထိုတောအုပ်၌ တောရကျောင်းကလေးများလည်း ဆောက်လုပ်ပေးကြ၏။ ရဟန်းတော်များသည် ထိုအရပ်တွင် ဝါဆိုကြ၏။ ယက်ကန်းသည် အကြီးအကဲက နှစ်ပါး၊ အခြားသူများက တစ်ပါးစီဖြင့် တစ်ဝါတွင်းလုံး ဆွမ်းလောင်းလှူကြသည်။


အကြီးအကဲ၏ ဇနီးမယားသည် သဒ္ဓါတရားမရှိ၊ ရတနာမြတ်သုံးပါးကို မကြည်ညို၊ မိစ္ဆာဒိဋ္ဌိအယူရှိ၏၊ အလွန်နှမြောတွန့် တိုလှ၏။ ရဟန်းတော်တို့ကို ရိုသေလေးစားစွာ ဆည်းကပ်လုပ်ကျွေးခြင်း အလျဉ်းမရှိ။


သူမ၏ ညီမဖြစ်သူသည် သဒ္ဓါတရား ရှိ၏၊ ရတနာမြတ်သုံးပါးကို ကြည်ညို၏၊ ရဟန်းတော်များကို ကျကျနန ဆည်းကပ် လုပ်ကျွေး၏။ ထို့ကြောင့် ခယ်မဖြစ်သူကို နေအိမ်၌ ခေါ်ထားပြီး ဆွမ်းကွမ်းဝေယျဝစ္စကို ဆောင်ရွက်စေရ၏။


ဝါလကင်းလွတ်သီတင်ကျွတ်၌ အရှင်မြတ်(၁၂)ပါးတို့အား တစ်ပါးစီလျှင် သင်္ကန်းတစ်ကျစီလှူဒါန်းကြ၏။ ထိုအခါ ယက်ကန်းသည်ကြီး၏ ဇနီးမယားသည် စိတ်ဆိုးအမျက်ထွက်ကာ ခင်ပွန်းသယ်ကို-

“တပည့်တော်က ရဟန်းတွေကို လှူဒါန်းပေးကမ်းတယ်၊ ဆွမ်းကွမ်း ဆက်ကပ်တယ်၊အဲဒီကောင်းမှု့ကြောင့် နောက်ဘဝကျရင် ကျင်ကြီး ကျင်ငယ် ပြည် သွေးတို့ကို စားရတဲ့ဘဝ ရောက်ပါစေဟယ်၊ မီးတောက်လောင်နေတဲ့အဝတ်ကို ရှင် ဝတ်ရပါစေဟယ်” ဟု ကျိန်ဆဲတော့၏။ ထိုဇနီးမယားမျိုးကို “ ထဒ္ဓမစ္ဆရိနီ” ပြင်းပြင်းထန်ထန် နှမြောလွန်းအားကြီးရှိသူ-ဟု ပိဋကတ်၌ ဆို၏။


ကွယ်လွန်ကြသောအခါ ယက်ကန်းသယ်ကြီးသည် တောအုပ်ကြီးတွင် ဘုန်းတန်ခိုးကြီးမားသော ရုက္ခစိုးနတ်ကြီး ဖြစ်၏။ နှမြောတွန့်တိုသော ဇနီးသည်လည်း ရုက္ခစိုးနတ်ကြီးနေထိုင်ရာ တောအုပ်အနီးအပါး၌ ပြိတ္တာမ လာဖြစ်၏။


ပြိတ္တာမ၌ အဝတ်မရှိ၊အလွန်အရုပ်ဆိုး၏၊ငတ်ပြတ်ပြီးအမြဲဆာလောင်နေ၏။ထိုအခါ ရုက္ခစိုးကြီးထံလာပြီး-

“ အရှင်၊ ကျွန်မမှာ ဝတ်စရာအဝတ်မရှိပါ၊ အလွန်ပင် ဆာလောင်မွတ်သိပ်နေပါတယ်၊ အဝတ်နဲ့အစားအသောက် ပေးပါ၊ကျွေးပါ” ဟု အမြဲတောင်း ရရှာ၏။


ရုက္ခစိုနတ်ကြီးသည် အလွန်ကောင်းမွန်သော နတ်တို့၏ အစာအသောက်တို့ကို ပေးကျွေး၏။ သို့သော် ပြိတ္တာမ ယူလိုက်သည်နှင့် အစားအသောက် တို့သည် ကျင်ကြီးကျင်ငယ် ပြည်သွေးတို့ ဖြစ်ကုန်ကြ၏။ပေးအပ်သော အဝတ်သည် ပြိတ္တာမ ဝတ်လိုက်သည်နှင့် အလျှံငြီးငြီး မီးတောက်လောင်နေသော သံပြားကြီး ဖြစ်သွားတော့၏။ ပြိတ္တာမသည် ကြီးစွာသော ဒုက္ခကို ပြင်းပြင်း ထန်ထန်ခံးစားရပြီး အဝတ်ကို စွန့်၍ အော်ဟစ် ပူဆွေး ငိုကြွေး ပြေးလွှားနေရရှာ၏။


သူမ ကျိန်ဆဲခဲ့သော ဝစီကံ အကုသိုလ်တို့သည် သူမထံသို့ ပြန်လည်၍ အကျိုးပေး နေတော့၏။ ကိုယ့်ကံ ကိုယ်ထံပြန် ခြင်းသည် မည်သူမပြု မိမိအမှု့သာ ဖြစ်၏။


ဤသို့ ဖြစ်ရပ်မှန်အကြောင်းအရာကို ရုက္ခစိုးနတ်မင်းကြီးက ရဟန်းတော် ပြောပြပြီးနောက် ရဟန်းတော်ကိုနတ်ခိုး ဖြင့် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း ဘုရားထံသို့ နေ့မကူးစေဘဲ ရောက်သွားစေပါသည်။ ရဟန်းတော်သည် ဘုရားရှင်အား ဦးချရှိပြီး ထိုဖြစ်အင်ကို လျှောက်ထားသည်။ ဘုရားရှင်က တရားနာပရိတ်တို့အား သူတစ်ပါးအလှူကို မကြည်ဖြူနိုင်ဘဲ နှိမ့်ချ ဆဲဆို အပြစ် ပြောသူ၏ တမလွန်ဘဝ ဖြစ်ထွေကို သံဝေဂယူနိုင်ရန် ဟောကြား တော်မူ၏။


ကိုယ့်ပစ္စည်းကို နှမြောခြင်းသည် မစ္ဆရိယ၊ ကိုယ့်ပစ္စည်းကိုပင် အကြိမ်ကြိမ် ထပ်တလဲလဲ နှမြောနေခြင်း၊သူများပိုင် ပစ္စည်းကို ကိုယ်က လိုက်ပါ နှမြော နေခြင်းနှင့် သူတစ်ပါးတို့ လှူဒါန်းခြင်းကို ဟန့်တားပိတ်ပင်ခြင်းကို ထဒ္ဓမစ္ဆရိယ-ဟု ဆို သည်။ သာမာန်မစ္ဆရိယထက် ကြမ်းတန် ဆိုးဝါးသော နှမြောဝန်တိုခြင်းမျိုး ဖြစ်၏။


ဘာမှ မသက်ဆိုင်ဘဲ သူတစ်ပါး လှူဒါန်းနေသည်ကို ဟန့်တားခြင်း၊ပိတ်ပင်ခြင်းကို ပြုတတ်သော ပုဂ္ဂိုလ်များ၊ ကိုယ့်ပစ္စည်း မဟုတ်ပါဘဲ သူတစ်ပါး လှူဒါန်းနေသည်ကို ကြားကဝင်၍ နှမြောနေတတ်သူများ၊အလှူဒါနကို ကဲ့ရဲ့ ပြစ်တင် နေ သူများနှင့် ကြုံဖူး တွေ့ဖူးကြမည်ထင်ပါသည်။

ထိုပုဂ္ဂိုလ်များသည် “ထဒ္ဓမစ္ဆရီ” ကြမ်းထမ်းသော နှမြောခြင်း တွန့်တို စေနှဲခြင်းရှိသူ၊ အလွန်စက်ဆုပ် ရွံရှာစရာကောင်းသူများဖြစ်ကြ၏။

သူတစ်ပါးတို့ ပြုအပ်သော ကောင်းမှု့ကို ကဲ့ရဲ့ပြစ်တင် ရှုံ့ချ ကန့်ကွက် ဟန့်တားသူတို့ ရရှိခံစားရသော တမလွန်ဘဝ အနေအထားမှာ အလွန်ပင် ကြောက်စရာ ကောင်းလှ၏။ သံဝေဂယူလျှက် သူများအလှူကို မကဲ့ရဲ့မိစေဖို့ သတိပြုသင့်၏။


ထိုကဲ့သို့ သူတစ်ပါးအလှူကို ကဲ့ရဲ့မိခြင်းကြောင့် အဖြစ်ဆိုးလှပုံကို ပြိတ္တာမ(နာနာဘာဝ)၏ ဖြစ်ထွေက အသိပေးနေ၏။ ရဟန်းတော်နှင့် ရုက္ခစိုးနတ်မင်းတို့သည် သီလပြည့်စုံပြီး တရားအားထုတ်နေသူ၊ တန်ခိုးကြီးသူ များဖြစ်ကြ၍ နာနာ ဘာဝပြိတ္တာမက မည်သို့မျှ အန္တရာယ်မပြုနိုင်ဘဲ သူမဒုက္ခကို ကယ်တင်ဖို့သာ တောင်းပန်ခဲ့သည်။ ရဟန်းတော်နှင့်ရု က္ခစိုး နတ်မင်းတို့သည် နာနာဘာဝပြိတ္တာမအပေါ် မေတ္တာဖြင့် ကူညီ ကယ်တင်ပေးကြ၏။


အချို့နာနာဘဝပြိတ္တာများသည် မေတ္တာဖြင့်တုန့်ပြန်ခြင်းမခံရပါက လူကို အန္တရာယ်ပြုတတ်သည် သဘောရှိပုံရ၏။

လွန်ခဲ့သည့် တစ်ပတ်ခန့်က စာရေးသူထံသို့ ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့၌ နေထိုင်သူ ဒကာဦးကျော်ဝင်းက သမီးမင်္ဂလာဆောင်မည်ဖြစ်၍ မင်္ဂလာဆွမ်းစား လာပင့်၏။ ညောင်စာရေးတိုက်နယ်အသင်း ဥက္ကဋ္ဌ ဦးတင်ညွန့်လည်းပါလာ၍ ညောင်စာရေးရွာသား အချင်းချင်းတွေ ဖြစ်ကြ၍ ရွာကြောင်းရပ်ကြောင်း အချိန်ကြာ စကားဖွဲ့ဖြစ်ကြ၏။


စာရေးသူက“ ဆရာ၊ စိန်ကလေးရွာထိပ်မှာ သနက်ခါးခြံလုပ်သေးမို့လား” ဟု မေးရာ-

လုပ်ခဲ့ကြောင်း၊ အဆင်မပြေ၍ ဒီအတိုင်း ပစ်ထားခဲ့ကြောင်းကို ပြောပြ၏။ ဒကာဦးကျော်ဝင်းမှာ မူလတန်းကျောင်း အုပ်အဖြစ်မှ အငြိမ်းစား ယူခဲ့သူဖြစ်၍ စာရေးသူက နှုတ်ကျိုးနေသည့်အတိုင်း ဆရာဟုခေါ်ခြင်းဖြစ်သည်။ စိန်ကလေးရွာဆို တာ စာရေးသူတို့ ညောင်စာရေးရွာ၏ အရှေ့တောင်ဘက်တွင် တစ်မိုင်အကွာ သာသာမျှအဝေး၌ ရှိ၏။


စာရေးသူ ငယ်စဉ်က စိန်ကလေးရွာ အရှေ့ဖက် ကပ်လျှက် တောင်မြောက် သွယ်တန်းပြီး သစ်ပင် ဝါးပင်တို့ဖြင့် တောင်မို့မို့ တောတန်း စိမ်းစိမ်းဖြစ်၏ ။ အရှေ့ဖက် တလျှောက် ရေနံမြေရောက်သည့်အထိ တောဖြစ်နေ၏။ တောလိုက်သူများ၊ ငှက် ပစ်ထွက်သူများ တောလိုက်ရာ ငှက်ပစ်ရာ တောလည်း ဖြစ်ခဲ့၏။

ထိုစဉ်က ရွာ၌ ယုံသား၊ ချေသား၊ တောဝတ်သားများ စားခဲ့ကြ ရသည်ကို မှတ်မိနေ၏။ တောလည်း သာမော၊ တောင်လည်း သာစွ၊ စိမ့်ရေ စမ်းရေနှင့် မြိုင်ကြီးဂနိုင်ကြီး ဖြစ်ခဲ့ဘူး၏။


ပျံလွန်တော်မူသွားသော ဆရာတော်ကြီးသည် ဆေးအမယ်များစွာဖြင့် နှစ်စဉ် နန်းတွင်းလျှာဘိုဆေး(ငန်းဆေး)နှင့် အခြားသော ဆေးများကို ဖေါ်လေ့ ရှိသဖြင့် စာရေးသူ အပါအဝင် ကိုရင်ကျောင်းသား များသည် ဥပုသ်နေ့များတွင် ဆီးမီးတောက်ဥ ၊ပိန်းဥ၊ ကြွေဥ၊ ရှဥ့်မတက်ဥ၊ ပိန်ချင်းသီး- စသော ဆေးဖက်ဝင် အပင်များကို ရှာဖွေပေးကြရသည်။


ရွာသူရွာသားများ ထင်းခုတ်ခြင်း၊ တောင်ယာလုပ်ခြင်းကို ထိုတောထဲမှာပင် ခုတ်ကြ၊ထွန်းယက်စိုက်ပျိုးကြ၏။ တောထဲ သွားမယ်၊ တောတက် ထင်းခုတ်မယ်-ဆိုကြသည်။ အင်ပင်များအလွန်ပေါသဖြင့် အင်တောကြီးဖြစ်၏။ဆယ်ကြီးရွာမှ အမျိုးသမီးများသည် မနက်စောစော ညောင်စာရေးဈေး သို့ အင်ဖက်လာရောင်းကြ၏။ အသုပ်စုံ၊ မုန့်ဟင်း ခါစ သောသွားရေစာများအပြင် ဈေးဆိုင်တိုင်းရောင်းချသော ပစ္စည်းများကို အင်ဖက်များဖြင့်သာ ထိုစဉ်က ထုပ်လျှက် ရောင်းချကြ၏။


အလှူပွဲများ၌ ချက်ပြီးဆွမ်းများကို တောင်း၌ အင်ဖက်များကာ၍ထည့်ကြရ၏။အင်ဖက်နံ့ ကလေးသင်းလျှက်ဖြစ်နေ၏။ (ရွာမုန့်ဟင်း ခါးသည် တပင်တိုင်ခေါ် တမယ်(ပဲဟင်း)ပျစ်ပျစ်နှင့်ငရုပ်သီးဆီချက်သာ ဆမ်းထား၍ အင်ဖက်ဖြင့် ထုတ်လို့ရသည်။)


ယခင်က ရွာအရှေ့ဖက် ကြည့်လိုက်က နေပျောက် မထိုးသည့် ညှို့ညှို့ဆိုင်း၊ အုံ့အုံ့မှိုင်းနေသော ထိုတော ထိုတောင်သည် ယခုတော့ တောပြုန်း တောင်လည်း ကတုန်းဖြစ်သွားပြီ။ ထို့ကြောင့် လောင်းရိပ်မကြိုက်သည့် သနက်ခါး စိုက်ပျိုးဖို့ဖြစ် လာ၏။

“ဘယ်လို အဆင်မပြေတာလဲ ဆရာဆိုတော့” “ နေရာ ကြမ်းတယ်ဘုရာ့” တဲ့။

“ဘယ်လို နေရာ ကြမ်းတာလဲ ဆိုတော့” သရဲအလွန်ခြောက်ကြောင်းကို ပြောပြသည်။


“ တပည့်တော် သနက်ခါးပင်တွေ စိုက်တာ အောင်မြင်တယ်ဘုရား၊ ဖြစ်ထွန်းတယ်ပေါ့၊ အဲဒီအခါမှ တူဖြစ်သူ ကိုကို မောင်ကို အစောင့်ထားတယ်။ သနက်ခါးက သုံးနှစ်လောက်မှာ လက်ကောက်ဝတ်လောက် အပင်တွေဖြစ်လာတယ်။ အဲဒီ မှာ ခိုးခုတ်ကြတယ်။ လူငယ်ဆိုတော့ ပြဿနာဖြစ်မှာ စိုးတာနဲ့ စိန်ကလေးရွာက ဦး ......ကို အစောင့်ငှါးထားလိုက်တယ်။ ခိုးခုတ်တာတော့ မရှိတော့ဘူး၊ ဒါပေမယ့် စောင့်တဲ့ ဦး .....ကို မနေနိုင်အောင် ခြောက်လှန့်တယ်ဘုရား၊ ခြောက် တာက သရဲမ-တဲ့ ဘုရား” ။


သရဲမ-ဆိုတာနှင့် စာရေးသူက စိတ်ဝင်စားပြီး “ လုပ်ပါဦး သရဲမဆိုတော့ ကြောက်စရာကောင်းလောက်အောင် ဘယ်လို ခြောက်တာလဲ ဆရာ” ဆိုတော့- “အစောင့်ဦးကြီးက သောက်အစား ခုံမင်တဲ့အပြင် အကြောက် အလန့်လည်း မရှိသူဆိုတော့ ခြောက်ပေမဲ့ ဘာပြဿနာမှ မရှိဘူးဘုရား၊ သူကတော့ အေးဆေးဘဲ” “ ဟုတ်ပါပြီး ဆရာရဲ့၊ အစောင့်ဦးကြီး မကြောက်တာ ထားပါတော့၊ သရဲမ ဘယ်ပုံဘယ်နည်း ခြောက်တယ်ဆိုတာကို ဘုန်းကြီးက သိချင်တာလို့” မေးတော့- “အဲဒါတော့ အဲဒီ အစောင့်ဦးကြီးက ပြောမပြဘူးဘုရား၊ သရဲမဆိုတာနဲ့ ခြောက်တာကိုသာ သူက ပြောခဲ့တာ”


“ဒါဆို ဘုန်းကြီး ရွာပြန်ရောက်ရင် စိန်ကလေးရွာက အဲဒီ အစောင့်ဦးကြီးကို သွားမေးရဦးမယ်၊ ဆောင်းပါးတစ်ပုဒ် ရတာပေါ့၊ နို့မိုဆို ဆောင်းပါးတစ်ပုဒ် ရေးရင် မိတ်ဆွေ စာချဆရာတော်တွေနောက်သလို မျိုးဖြစ်နေတယ်”


စာရေးသူကို အတူနေ စာချဘုန်းကြီးများက “သရဲဘယ်လိုခြောက်ရမလဲ” လို့ စဉ်းစားနေသလားဟု အမြဲနောက်ကြ၏။ “ သူ မရှိတော့ဘူးဘုရား၊ အဲဒီ သနက်ခါးစိုက်ခင်းမှာဘဲ သရဲမ-အခြောက်ခံရပြီး ဆုံးသွားတယ်ဘုရား ၊ဒါကြောင့် တပည့်တော်လဲ စိတ်ပျက်ပြီး သနက်ခါးစိုက်ခင်း ဒီအတိုင်း ထားပစ်ခဲ့တာ” တဲ့။

စာရေးသူက ဇာတ်တော်က ပြိတ္တာမလို အဝတ်မပါ ဗလာချည်းနှီးများ ခြောက်မည်အထင်ဖြင့် မေးခြင်းဖြစ်သည်၊

ယခုတော့ ငယ်စဉ်က နေဝင်မိုးချုပ် အပြင်ထွက်ချင်လို့ ပူဆာတတ်သော ကလေးကို လူကြီးသူမတွေက “ နင့်ကို သရဲ ဂုတ် ချိုး သတ်စားလိမ့်မယ်” ခြောက်လှန့်သလိုမျိုး အစောင့်ဦးလေးကြီးကို သရဲမက ဂုတ်ချိုးသတ်ပစ်လေရော့လားဟု အတွေးပွားရုံမှတပါး အခြားမရှိပြီ။


ရဟန်းတော်နှင့် ရုက္ခစိုးနတ်မင်းတို့က ဘုန်းကံကြီးသူတွေဖြစ်သည့်ပြင် ပြိတ္တာမ(နာနာဘာဝ)ကို မေတ္တာထားနိုင်ကြ သူတွေ ဖြစ်၏။

ကိုယ်က မေတ္တာပေးတော့ သူ(ပြိတ္တာမ)ကလည်း မေတ္တာပြန်မပေးနိုင်သည့်တိုင် ဒေါသဖြင့် ဒုက္ခမပေးတော့၊ သနက်ခါးခြံစောင့် ဦးလေးကြီးကတော့ အသောက်အစား ခုံမင်သူဖြစ်၍ ညပိုင်း မူးနေပေလိမ့်မည်၊ ထွေနေသောစိတ်၊ ရီဝေနေသောစိတ်ဖြင့် ဆဲမည်ဆိုမည်၊ ပေါက်တတ်ကရလုပ်မည် သရဲမ(နာနာဘာဝ)ကို မေတ္တာထား အမျှပေးဝေမည့် သူမဟုတ်။ ဒါဆို သူရာကြောင့် သိစိတ်မဲ့နေသော ဦးလေးကြီးကို နာနာဘာဝ(သရဲမ)က လည်း မေတ္တာဖြင့် သီးခံမည်မဟုတ်၊အသာစီး ရနေ သဖြင့် ဒေါသဖြင့် လူကြီးတွေ ခြောက်လှန့်သလိုမျိုးများ? (သို့မဟုတ်)အမူးလွန်ကာ အင်း အအေးပတ်ပြီးများ?


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ မေလ- ၉--ရက်၊ တနင်္လာနေ့ ။

Read more...

ဆီးချိုရောဂါ ကာကွယ်ဖို့

ဆီးချိုရောဂါအတွက် အစားအစာ
နောက်ဆုံး လေ့လာချက်အရ ဆီးချိုအကြိုဖြစ်နေသူ ဒါမှမဟုတ်-ဆီးချိုဖြစ်ခါစ လူနာထက်ဝက်ကျော် တွေကို ဘ၀နေထိုင်မှုပုံစံနဲ့ စားသောက်ပုံစံ ပြေားလဲပေးတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အကြံပေးထားပါတယ်။ နေ့စဉ် လမ်းများများလျှောက်ပါ။ ဗိုက်ပူတာကိုလျှော့ချပြီး ခါးသေးအောင် လုပ်ပေးပါ။ (အ၀လွန်တာဟာ ရောဂါဖြစ်ဖို့ အကြီးမားဆုံး အကြောင်းတခုပါ) လေ့လာမှုတွေအရ တချို့အစာနဲ့ အာဟာရဓာတ်တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ပေးတယ်လို့ သိရှိရပါတယ်။ သင်နေ့စဉ် စားတဲ့အစာထဲမှာ အောက်ပါအစာ ၆-မျိုး ပါဝင်အောင် စားပါ။

၁။ ခရိုမီယမ် လုံလုံလောက်လောက်ရအောင် စားပါ။
အမျိုးအစား ၂-ဆီးချိုရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်တွင်း Cell တွေဟာ အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ အသုံးမချနိုင်ပါဘူး။ အင်ဆူလင်ရဲ့ လုပ်ငန်းအနေနဲ့ ဂလူးကို့စ်တွေကို သွေးတွင်းမှ Cellသို့ ရောက်စေပြီး Cell တွေက စွမ်းအင်အဖြစ် အသုံးပြုအောင် လုပ်ပေးတာပါ။ ဆီးချိုရောဂါရှိသူတွေရဲ့ cellတွေဟာ အင်ဆူလင်ကို ခံနိုင်ရည်ရှိသွားပါတယ်။

ခရိုမီယမ်ဟာ ခန္ဓာကိုယ်မှ အင်ဆူလင်ကို အကျိုးရှိစွာ အသုံးပြုဖို့ ကူညီနိုင်ပါတယ်။ လေ့လာမှု ၂၀-ကျော်မှာ နေ့စဉ် ခရိုမီယမ် ၂၀၀-မှ ၁၀၀၀-မိုက်ခရိုဂရမ် သောက်ပါက သွေးတွင်း သကြားအဆင့်ကို လျှော့ချပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ခရိုမီယမ်ဟာ ၀မ်းဗိုက်မှာ စုနေတဲ့ အဆီနဲ့ ကိုယ်တွင်း အင်္ဂါပေါ်မှ အဆီ (Visceral Fat)တွေကိုလည်း လျှော့ပေးပါတယ်။ ကိုယ်တွင်းအင်္ဂါမှာ အဆီတွေစုနေရင် ဆီးချိုရောဂါအပြင် နှလုံးရောဂါပါ ဖြစ်နိုင်ခြေများလာပါတယ်။

ခရိုမီယမ်ဟာ အစားအသောက်အများစုမှာ ပါဝင်ပေမယ့် ဘယ်မစာမှာမှ အများအပြား မပါဝင်ပါဘူး။ လူတွေရဲ့ ၉၀-ရာခိုင်နှုန်းဟာ ခရိုမီယမ်ကို အစာမှ နေ့စဉ် ၂၅-မိုက်ခရိုဂရမ်သာ ရရှိတတ်ပါတယ်။ ခရိုမီယမ်ဟာ အစိမ်းရောင်ပန်းဂေါ်ဖီ လက်ဖက်ရည်တခွက်စာမှာ ၁၁-မိုက်ခရိုဂရမ်၊ ကောက်နှံတခုလုံးနဲ့ လုပ်ထားတဲ့ ကိတ်မုန့်ဝိုင်း (Muffin) မှာ ၄-မိုက်ဂရိုဂရမ်၊ ကြက်ဆင်ရင်အုံ ၃-အောင်စမှာ ၃-မိုက်ဂရိုဂရမ်၊ ပဲစိမ်းလက်ဖက်ရည် တခွက်စာမှာ ၂-မိုက်ခရိုဂရမ်နဲ့ ငှက်ပျောသီးတလုံးမှာ ၁-မိုက်ခရိုဂရမ်သာ ပါဝင်ပါတယ်။

ဒါကြောင့် ခရိုမီယမ် လုံလုံလောက်လောက်ရအောင် ခရိုမီယမ်ပါဝင်တဲ့ အားဖြည့်ဆေး Chromiumpicolinate ဒါမှမဟုတ်- Chromium histidine တွေ သောက်ပေးပါ။ ဆီးချိုရောဂါ ကာကွယ်ဖို့ နေ့စဉ် ၂၀၀-မိုက်ခရိုဂရမ်၊ ဆီးချိုအကြိုရှိသူတွေ အတွက် အဲဒီထက်နှစ်ဆကို ၆-ပတ် သောက်ပေးပြီးမှ နေ့စဉ် ၂၀၀-မိုက်ခရိုဂရမ်ကို ပြန်သောက်ပေးပါ။
သင် ဆီးချိုရောဂါရှိနေပြီး ဆေးကုသမှု ခံယူနေရပြီး ခရိုမီယမ် သောက်ပါက သင် အသုံးပြုရတဲ့ ဆီးချိုဆေးပမာဏ ပြောင်းလဲသွားနိုင်တဲ့အတွက် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။

၂။ မဂ္ဂနီဆီယမ် မဖြစ်မနေ လိုပါတယ်။
မဂ္ဂနီဆီယမ်ဟာ ကိုယ်တွင်း ဇီဝဓာတုပစ္စည်း ၃၀၀-ကျော်ရဲ့ ထုတ်လုပ်မှု၊ သွေးတွင်း စွန့်ထုတ်မှုနဲ့ အင်ဆူလင်လှုပ်ရှားမှုအပါအ၀င် လုပ်ဆောင်ချက်များကို ထိန်းညှိပေးတဲ့ အဓိကပစ္စည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ၅၀-ရာခိုင်နှုန်းမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေကြပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့ အစာစားရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၄၈-ရာခိုင်နှုန်း လျော့တယ်လို့ လေ့လာမှုများအရ တွေ့ရှိခဲ့ပါတယ်။ မဂ္ဂနီဆီယမ် စားသောက်တာနည်းတဲ့အတွက် ရောဂါဖြစ်နိုင်ခြေ သုံးဆပိုပါတယ်။ ယခင်က မဂ္ဂနီဆီယမ်ဟာ ဆီးချိုရောဂါကို ဘယ်လိုကာကွယ်တယ်ဆိုတာ မသိခဲ့ပေမယ့် ယခုအခါမှာ မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်က ဂလူးကို့စ်ကို ကိုင်တွယ်နိုင်အောင် ကူညီတယ်လို့ ထင်ကြပါတယ်။ ကျွမ်းကျင်သူတွေက မဂ္ဂနီဆီယမ်ကို နေ့စဉ် ၃၂၀-မီလီဂရမ် လိုအပ်တယ်လို့ ညွှန်းဆိုထားပါတယ်။ ဟင်းနုနယ်ချက်ပြီး လက်ဖက်ရည်တခွက်စာ ၁၅၀-မီလီဂရမ်၊ အခွံမာသီး တအောင်စမှာ ၁၀၇-မီလီဂရမ်၊ ပေါင်မုန့်ညိုတချပ်မှာ ၂၆-မီလီဂရမ်၊ မြေပဲထောပတ် စားပွဲဇွန်းတဇွန်းမှာ ၂၅-မီလီဂရမ် ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကို အားဆေးအနေနဲ့ သောက်ရင် ၃၅၀-မီလီဂရမ်ထက် ပိုပြီးမသောက်ပါနဲ့။ ပိုသောက်ခဲ့ရင် ၀မ်းပျက်တတ်ပါတယ်။

၃။ နေ့စဉ် ကောက်နှံတခုလုံး ပါအောင်စားပါ။
ကောက်နှံတခုလုံး အများဆုံးစားနိုင်သူတွေဟာ အခွံချွတ်ပြီးသားကောက်နှံတွေကို စားသူတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၂-ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ကောက်နှံတခုလုံးမှာ ခရိုမီယမ်နဲ့ မဂ္ဂနီဆီယမ်တွေ များစွာပါဝင်တဲ့အတွက် ဆီးချိုးရောဂါ ကာကွယ်ဖို့ အကြောင်းပြချက်တခုပါ။ ဒါ့အပြင် ကောက်နှံတခုလုံးမှာ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် ဗိုက်ပြည့်တင်းမှု ရစေပါတယ်။ (သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပုံမှန်စစ်ဆေးခြင်းဟာ ဆီးချိုရောဂါ ကာကွယ်ရေးအတွက် အရေးကြီးဆုံး အချက်ဖြစ်ပါတယ်) ဒါ့အပြင် ကောက်နှံတခုလုံးကို အစာချေဖျက်ရာမှာ ပေါင်မုန့်အဖြူလို အခွံချွတ်ပြီးသား အစာတွေထက် ပိုမိုနှေးကွေးပါတယ်။ နေ့စဉ် ကောက်နှံတခုလုံးကို သုံးနပ်စားဖို့ လိုပါတယ်။ နံနက်စာအတွက် ကွေကာအုတ်၊ နေ့ခင်းစာနဲ့ ညနေစာအတွက် ဆန်လုံးညိုတွေ စားပါ။

၎။ ကော်ဖီသောက်ပါ။
နောက်ဆုံးဖော်ပြချက်အရ နေ့စဉ် ကော်ဖီတခွက် သောက်ပါက အမျိုးအစား၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၃-ရာခိုင်နှုန်း လျော့ပေးနိုင်ပြီး နှစ်ခွက်မှ သုံးခွက်ထိ သောက်ပါက ၄၂-ရာခိုင်နှုန်း လျော့ပေးနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့် လျော့သွားရတယ်ဆိုတာ မသိနိုင်ပေမယ့် ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းမဟုတ်တဲ့ အရာတွေကြောင့်လို့ ဆိုပါတယ်။ ဒီအကျိုးကျေးဇူးဟာ ရိုးရိုးကော်ဖီသောက်သူတွေသာမက Decaf လုပ်ထားတဲ့ကော်ဖီမှာလည်း ရရှိတယ်လို့ ဖော်ပြထားပါတယ်။ ကော်ဖီမသောက်ဘဲ မနေနိုင်သူတွေ အတွက် ဒီဟာက သတင်းကောင်းပါ။ ရောဂါ ပိုကာကွယ်နိုင်အောင်နဲ့ ကော်ဖီမှ ကယ်လိုရီရရှိမှုနည်းအောင် အဆီမပါတဲ့နို့နဲ့ ဖျော်သောက်ပြီး သစ်ကြံပိုးခေါက် ထည့်မွှေပါ။

၅။ သစ်ကြံပိုးခေါက်။
နံနက်စာမှာ လက်ဖက်ရည်ဇွန်း တ၀က်စာ သစ်ကြံပိုးခေါက် ထည့်စားရင် သွေးတွင်းသကြားဓာတ်တွေ လျော့သွားတယ်ဆိုတာ ယုံရခက်ပေမယ့် ဒါဟာ အမှန်ပါ။ သစ်ကြံပိုးစားတာကြောင့် ဆီးချိုလျော့သွား တာကို ဆီးချိုဝေဒနာရှင်တွေအပေါ် ခရိုမီယမ်နည်းတဲ့အစာတွေရဲ့ အကျိုးသက်ရောက်မှုကို Apple pie ကျွေးပြီး ရှာဖွေရင်း မတော်တဆ တွေ့ရှိခဲ့ပါတယ်။ Apple pie မုန့်တွေဟာ အင်ဆူလင်ရဲ့ မကောင်းကျိုးတွေ ပေးမှာပဲလို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်တော်တို့ စမ်းသပ်တဲ့အထဲမှာ ဒီမုန့်ဟာ ဆီးချိုဝေဒနာရှင်တွေအတွက် အကောင်းဆုံးဖြစ်မှန်း သိခဲ့ရတယ်။ ပန်းသီးမှာပါတဲ့ အမျှင်တွေကြောင့်လို့ ကျွန်တော် ထင်မိပါတယ်။ တကယ်တော့ သစ်ကြံပိုးခေါက်ကြောင့်ပါလို့ လေ့လာသူက ပြောပြပါတယ်။ အစပ်စားတွေဟာ ပိန်သူ ဒါမှမဟတု-အ၀လွန်သူတွေ၊ ဆီးချိုအကြိုဝေဒနာရှင်တွေနဲ့ ကိုယ်ဝန်ဆောင်ကြောင့် ဆီးချိုရသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ၂၉-ရာခိုင်နှုန်း လျှော့ပေးတယ်လို့ တွေ့ရှိပြီးဖြစ်ပါတယ်။ (လေ့လာမှုတခုမှာ အမျိုးအစား ၂-ဆီးချိုဝေဒနာရှင်တွေကို ပုံမှန်သွေးတွင်း သကြားဓာတ် ပြန်ရစေတယ်လို့ တွေ့ခဲ့ရပါတယ်)


သစ်ကြံပိုးခေါက်က အဲဒီအကျိုးကျေးဇူးတွေအပြင် ကယ်လိုရီ အပိုမရရှိခြင်း၊ အရသာချိုခြင်း စတာတွေပါ ရရှိစေပါတယ်။


၆။ ဗီတာမင် D လည်း လိုအပ်ပါတယ်။
လေ့လာမှုများအရ ဗီတာမင် D ချို့တဲ့တာကြောင့် အမျိုးအစား ၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များလာတယ်လို့ သိရပါတယ်။ သွေးတွင်း ၂-ဗီတာမင် D အဆင့် နိမ့်တာဟာ အင်ဆူလင်ထုတ်လုပ်မှု နည်းသွားရုံသာမက Cell တွေကလည်း အင်ဆူလင် ကောင်းကောင်းတုံ့ပြန်မှု မလုပ်နိုင်ဘူးလို့ လေ့လာမှုသစ်တွေအရ သိရပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဗီတာမင် D ထုတ်လုပ်မှု များလာနိုင်ပေမယ့် ကျွမ်းကျင်သူတွေကနေ ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို နေ့စဉ် ၁၀-မိနစ်မှ ၂၀-မိနစ်ထက် မပိုသင့်ဘူးလို့ အကြံပေးထားပါတယ်။ နေရောင်ခြည်နဲ့ ခဏတာတွေ့ရင်တောင် အရေပြား လောင်ကျွမ်းမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့စဉ် အစားအသောက်မှ ဗီတာမင် D ကို အနည်းဆုံး 1000 IU ခန့် ရအောင်ယူပါ။ (နွားနို့၊ လိမ္မော်ရည်တွေမှ ရရှိနိုင်ပါတယ်) ဒါ့အပြင် ဗီတာမင် D အားဆေး သုံးဆောင်ပါ။


ဒေါက်တာခင်မိုးမိုး
(အာရောဂျံမဂ္ဂဇင်း ၂၀၀၈-ဇန်န်ဝါရီလ)

Read more...

လူကြီးလူမိုက်နှင့် လူကြီးပညာရှိ...




လူကြီး လူမိုက်...

ရဟန်းတို့ မွေးဖွားသည်မှ အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာ ရှိသည်ဖြစ်၍ ကြီးသူ ဖြစ်သော်လည်း မသင့်သော ကာလ၌ ဆိုတတ်သူ မမှန်သော စကားကို ဆိုတတ်သူ အကျိုးနှင့် မစပ်သည်ကို ဆိုတတ်သူ တရားနှင့် မစပ်သည်ကို ဆိုတတ်သူ အဆုံးအမနှင့် မစပ်သည်ကို ဆိုတတ်သူ မသင့်သော အခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွါးနှင့် မစပ်သော မမှတ်သား လောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူသည် ''လူကြီး လူမိုက်'' ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

လူကြီး ပညာရှိ...

ရဟန်းတို့ ပျိုမျစ် နုနယ်၍ နက်မှောင်သော ဆံပင်ရှိသော ပဌမ အရွယ်အားဖြင့် ကောင်းသော ပျိုမျစ်ခြင်းနှင့် ပြည့်စုံသော ငယ်သူပင်ဖြစ်သော်လည်း သင့်သော ကာလ၌ ဆိုတတ်သူ ဟုတ်မှန်သည်ကို ဆိုတတ်သူ အကျိုးရှိသည်ကိုသာ ဆိုတတ်သူ တရားနှင့် စပ်သည်ကိုသာ ဆိုတတ်သူ အဆုံးအမနှင့် စပ်သည် ကိုသာ ဆိုတတ်သူ သင့်သောကာလ၌ အကြောင်းရှိသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက် သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူငယ်သည် ''လူကြီး ပညာရှိ'' ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။



၂ - ဒုတိယ ဥရုဝေလသုတ်၊ ဥရုဝေလဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ pdf...

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

ကဆုန်လပြည့် ဗုဒ္ဓနေ့ မြတ်


ကဆုန်လပြည့် ဗုဒ္ဓနေ့ မြတ်

Vesakh- Feier


ဝေဆက်ဒေးပွဲတော်


သာသာနာနှစ် ၂၅၅၅ ဝေဆက်ဒေး ပွဲတော်ကို
အောက်ပါ အစီစဉ်တိုင်း ကျင်းပသွားပါမည်။

မနက် ၁၁ နာရီ ၃၀
ကျောင်းသစ်ဖွင့်ပွဲ နှင့်အတူ ဗုဒ္ဓဆင်းတုတော် လှူဒါန်းပူဇော်ခြင်း
ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း ၊ ဆုတောင်း ပတ္ထနာများပြုကြခြင်း

၁၂ နာရီ
သံဃာတော်များအား
ဆွမ်းကပ်လှူဒါန်းခြင်း


၁၂နာရီ ၃၀
လာရောက်ကြသည့် ဧည့်သည်တော် ဒကာ ဒကာမများ
ကိုယ်တိုင်ယူစနစ်ဖြင့် သုံးဆောင်ကြခြင်း

နေ့ ခင်း ၁ နာရီ ၃၀
သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံ တို့ မှ
ရိုးရာ အဆို အကဖြင့် ဧည့်ခံတည်ခင်းခြင်း

၂ နာရီ ၃၀
လိုအပ်ရာရာ ဂိလာန ရဟန်းတော်များအား ထောက်ပံ့
ဆေးပဒေသာပင်လှူဒါန်းခြင်း

၃နာရီ
ဝေဆက်ဒေးနေ့ တရားပွဲ

၎နာရီ
ကိုစေစား တတ်ပီယ မှ
ဂီတာလက်သံဖြင့် ဖျော်ဖြေဧည့်ခံခြင်း

ညနေ ၆ နာရီ
ဘုရားဝတ်ပြု ၊ တရားထိုင်ခြင်း

၆ နာရီ ၄၀
အခန်းနားပြီးဆုံးခြင်းနှင့်
သန့် ရှင်းရေး ကုသိုလ်ပြုလုပ်ကြခြင်း


ကျင်းပမည့်

နေရာ- Fischergasse 18,
85354 Freising

နေ့ ရက်- မေလ ၁၅ ရက် ၂၀၁၁ ခုနှစ်၊
တနင်္ဂနွေနေ့ 



ရပ်ဝေး ရပ်နီးမှာ နေထိုင်ကြကုန်သော
သူတော်စင် အပေါင်းတို့  လာရောက်နိုင်ဖို့ ရာ
ကြိုတင် အသိပေး ဖိတ်ကြား လိုက်ပါသည်။

ဂေါပက ကိုယ်စား
အရှင်တေဇောဘာသ ( မြင်းခြံ )




မြတ်ရောင်နီ

( ၁၀၊ ၀၅ ၊ ၂၀၁၁ )



Read more...

ကိုသက်မြင့်ဦး မကေသီလွင် အရုဏ်ဆွမ်း၊ ဦးသန်းမောင် မိသားစု ရက်လည်နေ့ဆွမ်းအလှူ

သာသနာသက္ကရာဇ် ၂၅၅၅ ခု ကဆုန်လဆန်း ၇ ရက် တနင်္လာနေ့။ ၉-၅-၂၀၁၁။

အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် - ကိုသက်မြင့်ဦး+မကေသီလွင်၊ သမီး လွင်မာမင်း မိသားစု (စင်ကာပူ)

နေ့ဆွမ်း - သံဃာကုန် နှင့် သီလရှင် အပါး ၁၀၀။

ကြက်သားဆီပြန်၊ ဘာလချောင်ကြော်၊ သရက်ချဉ်
နဝကမ္မအလှူ - ရေစက်ချဆရာတော် ဦးသုဇာတသို့ နဝကမ္မဝတ္ထု ၅၀၀၀ ကျပ် ဆက်ကပ်။
မေလ ၃ ရက် ၂၀၁၁၊ အင်္ဂါနေ့က ပုပ္ပားမြို့၊ ချိုင်းရွာတွင် ကွယ်လွန်သွားသော ဖခင်ကြီး ဦးသန်းမောင် (အသက် ၆၈ နှစ်) အား ရည်စူး၍ ဇနီး ဒေါ်ထွေးတင်၊ သားကြီး ကိုစိုးနှင့် ဇနီးမတင်တင်၊ သားငယ် ကိုဇော်နှင့် ဇနီး မခင်စန်းဌေးတို့၏ ကောင်းမှု

သီလရှင် အပါး ၁၀၀ နဝကမ္မအလှူ - ဦးဇော်သောင်း၊ ဒေါ်အေးသန်းမိသားစု (ပါရမီရပ်၊ စစ်ကိုင်းမြို့)

ဆွမ်းထမင်း+ ကုလားပဲနှပ် အလှူရှင် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေးမြို့)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)


ဦးဇင်းတွေက ကြိုက်ရာကပ်ဖို့ အမိန့်ရှိပေမယ့် ကိုရင်တွေက မုန့်ဟင်းခါး ပိုကြိုက်ကြတော့ မုန့်ဟင်းခါး အရုဏ်ဆွမ်း ကပ်လှူပါတယ်။

နေ့ဆွမ်းက ဖခင်ကြီး ဦးသန်းမောင်အား ရည်စူးပြီး ကျန်ရစ်သူဇနီး ဒေါ်ထွေးတင်၊ သားကြီး ကိုစိုးနဲ့ မတင်တင်၊ သားငယ် ကိုဇော်နဲ့ မခင်စန်းဌေး မိသားစု ကောင်းမှု ဖြစ်ပါတယ်။ ဆရာတော် ဦးသုဇာတက ရေစက်ချတရား ချီးမြှင့်ပြီး သွားလေသူ ဒကာကြီး ဦးသန်းမောင်အား အမျှပေးဝေစေပါတယ်။ ဆွမ်းလောင်းရာမှာ ဝေယျာဝစ္စဒါနအဖြစ် လာရောက်လောင်းလှူပေးတဲ့ ကုသိုလ်ရှင်များက မိသားစုကိုယ်စား ရေစက်ချ အမျှဝေကြပါတယ်။

ရက်လည်ဆွမ်းမှာ သံဃာတွေအပြင် သီလရှင်ဆရာလေး အပါး ၁၀၀ ကိုပါ ပင့်ဖိတ်ပြီး နေ့ဆွမ်းကို ဖော့ဘူးများနဲ့ ဆက်ကပ်လောင်းလှူပါတယ်။
စစ်ကိုင်းမြို့မှ ဦးဇော်သောင်း၊ ဒေါ်အေးသန်း မိသားစုတို့ကလည်း သီလရှင် ဆရာလေးများအား နဝကမ္မဝတ္ထု တစ်ပါး ၁၀၀ ကျပ်၊ သီလရှင်ကျောင်းတိုက်ဆရာကြီးအား ၅၀၀၀ ကျပ် ဆက်ကပ်ပါတယ်။

5621538.jpg

5621541.jpg

5621543.jpg

5621548.jpg

5621550.jpg

5621553.jpg

5621556.jpg

5621558.jpg]

5621561.jpg

5621565.jpg

5621567.jpg

5621571.jpg

5621574.jpg

5621577.jpg

5621580.jpg

5621590.jpg

5621591.jpg

5621593.jpg

5621594.jpg

5621596.jpg

5621845.jpg

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

လောကဓံနှင့် လူသား၊၊ ၊၊





စာပေတွင် “လောကဓံ”ရှိ၍သာ “လူသား”သည် ဖြစ်ပေါ်လာရကြောင်း တင်ပြထားသကဲ့သို့၊ လူသားရှိ၍သာ လောကဓံများ ပေါ်ပေါက်လာရသည်ဟုလည်း ဆိုပြန်သည်၊၊ မည်သို့ဆိုစေ လူသားနှင့်လောကဓံသည် အဆက်အစပ်တစ်ခု ဖြစ်လေသည်၊၊

လောကဓံနှင့်ကင်းသော လူသားဟူ၍ဖြစ်စေ၊ လူသားနှင့်ကင်းသော လောကဓံဟူ၍ဖြစ်စေ ရှိနိုင်မည် မဟုက်ချေ၊၊ နေ၏အလင်းရောင်အောက်တွင် အရိပ်တစ်စုံတရာကို မြင်တွေ့ရသည်မှာ ထိုအရိပ်၏
အထည်ဒြပ်တည်ရှိနေ၍သာဖြစ်ကြောင်း ထင်ရှားသည်၊၊

လောကဓံနှင့် လူသားသည်လည်း နေရောင်တွင်ဖြစ်ပေါ်သော အရိပ်နှင့်ဒြပ်ပမာဖြစ်သည်၊၊ ဒြပ်မရှိဘဲ အရိပ်မပေါ်နိုင်သကဲ့သို့ အရိပ်ပေါ်နေခြင်းသည် အထည်ဒြပ်တည်ရှိနေခြင်းကြောင့် ဖြစ်ရသည်၊၊

နေရောင်၏အောက်တွင် အရိပ်ထင်ရာ၌ ဒြပ်ရှိ၍၊ ဒြပ်ရှိခြင်းကြောင့်အရိပ်ထင်ရသည်ဟု ပုံသေမမှတ်ယူနိုင်၊ အဘယ့်ကြောင့်ဆိုသော် နေရောင်မရှိဘဲလည်း ဒြပ်မှအရိပ်ကို မရရှိနိုင်သောကြောင့် ဖြစ်သည်၊၊

ဤသို့ဆိုသော် နေရောင်၊ ဒြပ်၊ အရိပ်တို့သည် “အညမည”သဘောအားဖြင့် ဆက်စပ်နေသည့် အရည်အသွေး များ ဖြစ်ကြလေသည်၊၊ လူသားဟူ၍ ကမ္ဘာလောကအတွင်း ဖြစ်ပေါ်လာသောကြောင့် လောကဓံဟူသည့် အရိပ် ထင်ပေါ်လာရသည်၊၊

သို့သော် လူသားပေါ်ပေါက်မှုသက်သက်ဖြင့်လည်း လောကဓံသည် ဖြစ်ပေါ်ရောက်ရှိမလာတတ်ပြန်၊ လောကဓံများ လူသားထံသို့ရောက်လာစေရန် ထူးခြားသည့်လူသား၏ အပြုအမူများလည်း လိုအပ် လာပြန်သည်၊၊

ဤအပြုအမူများအပေါ်တည်မှီ၍ အကောင်းနှင့်အဆိုးလောကဓံများ လူသားထံရောက်ရှိလာသည်ကို သဘာဝသက်သေများက ဖော်ညွှန်းလျက်ရှိလေသည်၊၊ လူသားတို့၏ ဘ၀တစ်သက်တာတွင် မလွဲမသွေကြုံ တွေ့ရမည့် “လောကဓံရှစ်မျိုး”ကို စာပေတွင်ဖော်ပြထားသည်၊၊

လောကဓံအကြောင်းကို လူတိုင်းပါးစပ်ဖျားတွင် နေစဉ်လိုလိုပြောတတ်ကြသည်၊၊ လောကဓံရှစ်မျိုးကို မည်သူက ဖော်ထုတ်ပြသခဲ့သည်၊ မည်သည့်ကျမ်းတွင် အသေးစိတ်လေ့လာရရှိနိုင်သည်ကို သိသူနည်းပါးမည်ဟု ထင်မိပါသည်၊၊

လောကဓံကို စာလုံးဖြင့်ရေးသားသည့်အခါ “လောကဓမ်”ဟုဖြစ်စေ၊ “လောကဓံ”ဟုဖြစ်စေ ရေးသားနိုင်
ပါသည်၊၊ “လောကဒဏ်”ဟု မရေးသားနိုင်ပါ၊၊ အကြောင်းမှာ “လောကဓံ”စကားလုံးသည် “လောကဓမ္မ”
ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာသည့် ပါဠိသက်မြန်မာ စကားလုံးဖြစ်သောကြောင့် ဖြစ်ပါသည်၊၊

“လောကဒဏ်”ဆိုသည်မှာ လောကကြီးက လူသားတို့ကိုပေးသော ပြစ်ဒဏ်များဖြစ်သည်ဟု ရေးသားထားသော စာအုပ်နှင့်အရေးအသားများကိုလည်း တွေ့ရဘူးပါသည်၊၊ လုံးဝမှားယွင်းသည့် အရေးအသား ဖြစ်ပါသည်၊၊ ဤသို့ရေးသားခြင်းမှာ မူလ “လောကဓံ”ဝေါဟာရကို “လောကဒဏ်”ဟု မှားယွင်းရေးသားရာက ဖြစ်လောက်မည်ထင်သည့် အနက်အဓိပ္ပါယ်ကို ရေးသားလိုက်ရာက စာပေ အမှားတစ်ခုကို ကျူးလွန်လိုက်မိခြင်းဖြစ်တန်သည်၊၊

လောကဓံရှစ်မျိုးကို ဗုဒ္ဓရှင်တော်သည် ပထမလောကဓမ္မသုတ်၊ ဒုတိယလောကဓမ္မသုတ်ဟု သုတ်နှစ်မျိုးခွဲခြား၍၊ အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင် အသေးစိတ်သင်ကြား၊ ဟောပြောထားပါသည်၊၊ လောကဓံရှစ်မျိုးကို သာဓကပုံပြင်များစွာဖြင့် သင်ပြထားသည့် အခြားပါဠိစာပေများစွာလည်း ရှိပါသေးသည်၊၊

လောကဓမ္မ=လောကဓံဟူသည်မှာ လောကတွင်ဖြစ်ပေါ်လေ့ရှိသည့် အခြေအနေရှစ်မျိုး၊ လောကတွင် ကြုံတွေ့ရမည့် အခြေအနေရှစ်မျိုးဟု အဓိပ္ပါယ်ဖွင့်ဆို ရပါမည်၊၊ လောကထဲတွင် လူသားဟူ၍ မွေးဖွားလာသူတိုင်း လောကဓံရှစ်မျိုးလုံးကိုဖြစ်စေ၊ တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ၊ ဧကန်ကြုံတွေ့ရမည် ဖြစ်ပါသည်၊၊

လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံက အကောင်း၊ မည်သည့်လောကဓံကအဆိုးဟူ၍ ပုံသေ
သတ်မှတ်၍ မရနိုင်ပါ၊၊ လူသား၏ လောကဓံကိုခံယူပုံစိတ်အခြေအနေပေါ်တွင်မူတည်၍ လောကဓံအဆိုးနှင့် အကောင်းဟူ၍ ဖြစ်ပေါ်လာရသည်၊၊

လောကဓမ္မ=လောကဓံရှစ်မျိုး-
(၁) ရရှိမှု၊
(၂) မရရှိမှု၊
(၃) အသိုင်းအ၀ိုင်းရှိမှု၊
(၄) အထီးကျန်ဆန်မှု၊
(၅) ချီးမွှန်းခံရမှု၊
(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊
(၇) ချမ်းသာမှု၊
(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊

“ရရှိမှု”
ရရှိမှုဟုဆိုရာတွင် လူသား၏ဘ၀တွင် လိုချင်သည်များ၊ လိုအပ်သည်များ အလွယ်တကူ ရှာဖွေရရှိမှုကို ဆိုလိုပါသည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်မှုဘ၀ သာယာစိုပြေရေးတို့ ပါဝင်ပါသည်၊၊

“မရရှိမှု”
ရရှိမှု၏ဆန့်ကျင်ဘက်သည် မရရှိမှုဖြစ်ပါသည်၊၊ လူတို့၏ဘ၀တွင် လိုအပ်သည်များ လိုချင်သည်များမှာ တခါတရံအလွယ်တကူ ရှာဖွေမရရှိသည့်အခါများလည်း ရှိနေတတ်ပါသည်၊၊ စီးပွားဥစ္စာနှင့်၊ကျန်းမာရေး၊ ပညာရေး၊အိမ်ထောင်မှုဘ၀သာယာစိုပြေရေးတို့ပင် ဖြစ်ပါသည်၊၊

ဤသို့ဖြစ်ရသည်မှာ လောကကြီးဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်ဒဏ်ပေးသည်မဟုက်ဘဲ၊ လောကအတွင်း ဖြစ်လေ့ရှိသည့်အခြေအနေတစ်ရပ်အနေဖြင့် မှတ်ယူရမည်ဖြစ်ပါသည်၊၊

“အသိုင်းအ၀ိုင်းရရှိမှု”
ချစ်သူ၊ ခင်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းများစွာနှင့် ပျော်ရွှင်ရယ်မော နေထိုင်ခွင့်ရသည်ကို အသိုင်းအ၀ိုင်းရရှိမှု လောကဓံဟု ခေါ်ပါသည်၊၊ ဤသို့အသိုင်းဝိုင်းကောင်းကို ရရှိသည့်အတွက် ကူညီသူ၊ အားပေးသူ၊ ချစ်ခင်ယုသူ၊ ထောက်ပံ့ဖေးမသူများသဖြင့် ဘ၀သည် ချမ်းမြေ့ဖွယ် သာယာစိုပြေရတော့သည်၊၊

ထနောင်းပင်ရိပ်တွင် ထန်းလျက်ခဲကို ရေနွေးကြမ်းနှင့် ခဲစားနေရသည့်တိုင် ချစ်သူ၊ ခင်သူ၊ မိတ်တွေ၊ သူငယ်ချင်းများနှင့် ထွေထွေလီလီ အနှီနှီဖြင့်စကားဖောင်ဖွဲ့ရင်း စားသောက်ရဖြင့် နတ်ဘုံနတ်နန်းတမျှ သာယာပျော်ရွှင်ရတတ်သည်ကို သိရသည်၊၊

လူသားသည် ပင်လယ်နှင့် ကန္တာရများတွင် ဖြစ်ပေါ်လေ့ရှိသော ကျွမ်းတစ်ခု မဟုက်ကြောင်း Man is not Island.ဟု ပညာရှင်တို့ဆိုခဲ့ကြသည်၊၊ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ခုနှစ်ထောင်ကျော်မျှရှိနေသော်လည်း၊ မိမိနှင့် အတွေးအခေါ်တူသူ၊ နှစ်သက်မှုတူသူ၊ ရည်ရွယ်ချက်တူသူ၊ မိမိကိုနှစ်သက်သူ၊ မိမိကနှစ်သက်သူမရှိသည်ကို အသိုင်းအ၀ိုင်းမရှိမှုလောကဓံဟု ခေါ်ရပါသည်၊၊

ဤအခြေအနေတွင် လူသားသည်အ၀ိုင်းအ၀ိုင်းကို ရှာဖွေမရရှိတော့ဘဲ ဖြစ်ရတော့သည်၊၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ ခင်သူမှကင်းဆိတ်သည့်ဘ၀တွင် ပြင်းရိ၊ငြီးငွေ့ဖွယ်ရပ်တည်ရတော့သည်၊၊ စီးပွားဥစ္စာနှင့်၊ ကျန်းမာရေး၊ ပညာရေးအဆင်ပြေသည့်တိုင် မိတ်ဆွေအသိုင်းအ၀ိုင်း၊ ချစ်သူ၊ ခင်သူ၊ ခံစားချက်ကို မျှဝေမည့်သူမရှိဘဲ ရပ်တည်ရသည့် အခြေအနေတွင် ဘ၀သည်သာယာဖွယ် မဖြစ်တော့ပေ၊၊

အသိုင်းအ၀ိုင်းမရှိမှုလောကဓံကို ရင်ဆိုင်ရပြီဆိုလျင် လူသားသည် ရွှေဘုံပေါ်တွင် ရွှေအသီးများကို စားသုံး နေရသည့်တိုင် အရသာကိုရှာဖွေတွေ့ရှိလိမ့်မည် မဟုက်ပါချေ၊၊

“ပြစ်တင်ဝေဖန်ခံရမှု”
လူသားသည် ရပ်တည်မှုတစ်ခုအတွက် ဥစ္စာပစ္စည်းကို ရှာဖွေရသည်၊၊ အတတ်ပညာကို သင်ယူရသည်၊ ကျန်းမာရေးကို ဆောက်တည်ရသည်၊ အိမ်ထောင်မှုဘ၀ကို ထူထောင်ရသည်၊၊ ဤဆောင်ရွက်ချက်များမှာ စကားလုံးဝေါဟာရအားဖြင့် မများလှသော်လည်း လက်တွေ့အကောင် အထည်ဖော်ရာတွင် လွယ်ကူသောတာဝန်များ မဟုက်ချေ၊၊

မိမိဘ၀ရပ်တည်မှုအတွက် မိမိကြိုးစားနေစဉ်အတွင်း လူသားသည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်၊ ကဲ့ရဲ့မှုများကို မရှောင်မလွှဲသာ တွေ့ကြုံကြရသည်၊၊ ပြစ်တင်မှုဝေဖန်ခံရမှုလောကဓံဟု စာပေကဆိုပါသည်၊၊ “လောကတွင် ကဲ့ရဲ့ပြစ်တင်ဝေဖန်ခံရမှုမှ လွတ်သူမရှိ”ကြောင်း ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဆုံးမထားပါသည်၊၊

များစွာသောလူတို့သည် အခြားသူ၏အပြစ်ကို အချိန်ယူ၍ မြိန်ရေ ယှက်ရေပြောဆို နေတတ်ကြသည်မှာ ထူးဆန်းသည့် လုပ်ရပ်ဖြစ်သည်၊၊ ကဲ့ဝေဖန်ခံရသူသည် မိမိမှာ တကယ်အပြစ်ပြောဖွယ်ရှိနေပါက ပြုပြင်သင့်ပြီး၊ အကယ်၍ အမှားတစ်စုံတရာမရှိက မိမိကိုအများက စိတ်ဝင်တစားရှိ၍သာ သူတို့၏ တန်ဖိုးရှိသော အချိန်များထဲမှ အချိန်တစ်ခုကိုယူ၍ မိမိအကြောင်းကို ပြောဆိုနေကြသည်ဟု ၀မ်းမြောက်သင့်လှသည်၊၊

လူတို့၏သဘာဝမှာ သူတို့အလေးမထားသော၊ စိတ်မ၀င်စားသောအကြောင်းအရာကို အချိန်ယူပြော ဆိုတတ်သည့် သဘာဝမရှိကြရကား၊ မိမိအကြောင်းကို အဆိုးဘက်မှဖြစ်စေကာမူ ပြောဆိုနေဦးတော့ မိမိသည်လူအများ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရရှိနေပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊

“ထင်ရှားသူတိုင်း၊ ပေါ်လွင်သူတိုင်း၊ နာမည်ရသူတိုင်း၊ အောင်မြင်သူတိုင်း၊ ချမ်းသာသူတိုင်းသည် အများ၏ပါးစပ်ဖျား၊ အသဲနှလုံးကြားတွင် အဆိုးဘက်မှရော အကောင်းဘက်မှပါ ပြောဆို၍အရသာရှိဖွယ် ကိတ်မုန့်တစ်လုံးဖြစ်နေသည်ကို ဂုဏ်ယူရမည်”ဟု ဒေးကာနယ်ဂီ၏ မိတ္တဗလဋီကာတွင် ဖော်ပြထားသည်၊၊

သို့သော်“မိမိမှာ တကယ်အမှားရှိ၍ ပြစ်တင်ပြောဆိုလာလျင်မူကား ထိုသူကိုရွှေးအိုးကို ဖော်ဆောင်ပေးသော သူကဲ့သို့သဘောထားပြီး ဆရာတင်ရမည်”ဟု ဗုဒ္ဓရှင်တော်က ညွန်ကြားပါသည်၊၊

“ချီးမွှန်းထောပနာပြုခံရမှု”
လူသည် မိမိ၏ရပ်တည်မှုအလုပ်ကို ပုံမှန်လုပ်နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အလိုမကျသည့် အခါတွင် ကဲ့ရဲ့ပြစ်တင်တတ်ကြပြီး၊ သဘောတွေ့သည့်အခါတွင်လည်း ချီးမွှန်းပြောဆိုတတ်ကြ ပြန်သည်၊၊ ဤသည်ကို ချီးမွန်းခံရမှုလောကဓံဟု ခေါ်ပါသည်၊၊ အမှန်မှာ မိမိကိုယ်တိုင်သည် ပတ်ဝန်းကျင်၏ ချီးမွှန်းမှု၊ ကဲ့ရဲ့မှုကိုလက်ခံရယူရန်တမင် ပြုလုပ်နေသည်မဟုက်သည်ကို သိရှိပြီးဖြစ်သည်၊၊

ထို့ကြောင့် လူသားသည် မိမိကိုပတ်ဝန်းကျင်က ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ၊ သတိထား ဆင်ခြင်သင့်သည်ကလွဲပြီး များစွာအာရုံပြု၊ ဂရုထားနေရင် မလိုအပ်ချေ၊၊ ဗုဒ္ဓနှင့် အခြားသောနိုင်ငံအာ ဇာနည်များစွာတို့မှာ လူသားတစ်ရပ်လုံးအတွက် အနင့်နာခံ ကောင်းကျိုးပြုကြသူများဖြစ်သည်ကို သိရှိကြသည်၊၊ သို့သော် အပြစ်မြင်စိတ်အားကြီးသောသူများမှာ အလွတ်ပေးသည်မရှိဘဲ အပြစ်ဆိုကြသေးသည်ကို တွေ့ရမည်ဖြစ်သည်၊၊

ထို့ကြောင့် ပြစ်တင်ဝေဖန်မှုလောကဓံကိုခံရသည့်အခါ စာဖတ်သူအနေဖြင့် လောက၏သဘာဝတစ်ခု အနေဖြင့်သာ လက်ခံသင့်ပြီး၊ များစွာမတုန်လှုပ်သင့်ပေ၊၊ မင်္ဂလသုတ်တွင် “လောကဓံရှစ်မျိုးကြောင့် မတုန်၊ မလှုပ်နေနိုင်ခြင်းကို မင်္ဂလာတစ်ခု၊ ကောင်းခြင်းတစ်ခု”ဟု ဆိုထားပါသည်၊၊ ဆိုလိုသည်မှာ လောကဓံကို ရင်ဆိုင်ရဲခြင်းကို မင်္ဂလာဟုဆိုလိုခြင်း ဖြစ်ပါသည်၊၊ စာရေးသူအနေဖြင့်မူ “လောကဓံကို ရင်ဆိုင်ရဲခြင်း၊ ကြုံတွေ့လာရသမျှလောကဓံများကြောင့် မတုန်၊ မလှုပ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်းကို သတ္တိရှိခြင်း”ဟု မြင်မိပါသည်၊၊

“ချမ်းသာမှု”
လူ့လောကတွင် ချမ်းသာမှုပုံစံ (၄)မျိုးရှိကြောင်း ပါဠိစာပေတွင် လေ့လာရသည်၊၊ ချမ်းသာမှုသည်လည်း လောကတွင်ကြုံရတတ်သည့် လောကဓံတစ်ခုမျှသာ ဖြစ်သည်၊၊ အခြားလောကဓံများနှင့် မကွာခြားသည့် အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်၊၊

(၁) ဥစ္စာပစ္စည်းရှိ၍ ချမ်းသာမှု၊
(၂) အသုံးပြုခွင့်ရသဖြင့် ချမ်းသာမှု၊
(၃) အကြွေးကင်းသဖြင့် ချမ်းသာမှု၊
(၄) ဘ၀တွင်အပြစ်ကင်းသဖြင့် ချမ်းသာမှုတို့ ဖြစ်သည်၊၊

“ဆင်းရဲမှု”
လောကဓံရှစ်မျိုးတွင် နောက်ဆုံးဖော်ပြထားသည့် လောကဓံသည် “ဆင်းရဲမှုလောကဓံ”ဖြစ်သည်၊၊ ဤလောကဓံကို အဆိုးဝါးဆုံးလောကဓံဖြစ်သဖြင့် နောက်ဆုံးမှဖော်ပြသည်ဟု မမှတ်ယူနိုင်ချေ၊၊
ဆင်းရဲမှုလောကဓံသည်လည်း အခြားလောကဓံများနည်းတူ လောကတွင်တွေ့ကြုံရတတ်သည့် အခြေ
အနေတစ်ခုမျှ ဖြစ်သည်၊ ထို့ထက်ဘာမျှ ထူးခြားသည်မဟုက်ပါ၊၊

လောကဓံရှစ်မျိုးကို သရုပ်အားဖြင့်တင်ပြခဲ့ပြီ ဖြစ်ပါသည်၊၊ ယ္ခုအခါ လောကဓံများပေါ် သဘောထားပုံများကို တင်ပြမည်ဖြစ်ပါသည်၊၊ လောကဓံရှစ်မျိုးတွင် မည်သည့်လောကဓံသည် အဆိုးဖြစ်သည်ဟု ပုံသေမမှတ်ရကြောင်းအထက်တွင် ဖော်ပြခဲ့ပြီဖြစ်သည်၊၊

မှန်သည်၊၊ လူသား၏ စိတ်ထားအပေါ်တွင်မူတည်၍ လောကဓံ၏ဖိအားသည် သက်ရောက်ပါသည်၊ ဆိုလိုသည်မှာ လောကဓံရှစ်မျိုးကို ဘာသာများစွာ၏ ဘုရားများစွာနှင့်အတူ၊ ဘုရင်များရော၊ အစိုးရများ၊ လူများ၊ ဘာသာအသီးသီးမှ သံဃာများပါ မလွဲမသွေတွေ့ကြုံကြရသည်၊၊

မိမိသည်စိတ်စွမ်းအား ပျော့ညံ့သူဖြစ်လျင် လောကဓံ၏ဖိအားသည် မိမိအပေါ်များစွာ သက်ရောက်တတ်ပြီး၊ မိမိကအင်အားရှိသူ၊ စိတ်စွမ်းအားရှိသူ၊ သတ္တိနှင့်ပြည့်စုံသူဖြစ်လျင် လောကဓံသည် တစ်စုံတရာဖိအားကို ပေးနိုင်မည်မဟုက်ကြောင်း မှတ်ယူရမည်၊၊

လောကဓံများတွင် သာယာဖွယ်လောကဓံနှင့် မနှစ်မြို့ဖွယ်လောကဓံနှစ်မျိုးရောနေသည်ကို သတိပြုမိမည် ဖြစ်သည်၊၊ သတိပြုဖွယ်အနေဖြင့် သာယာဖွယ်လောကဓံကို သာယာလွန်းသူ၊ မနှစ်မြို့ဖွယ်လောကဓံကို မုန်းတီးလွန်းသူများသည် စိတ်အားသတ္တိနည်းသူများဖြစ်ပြီး၊ သေခြာပေါက် ထိုသူများကို လောကဓံက နင်းခြေတတ်သည်ကို သတိပြုရပါမည်၊၊

မိမိထံရောက်ရှိလာသည့် သာယာဖွယ်လောကဓံကိုဖြစ်စေ၊ မနှစ်မြို့ဖွယ်လောကဓံကိုဖြစ်စေ စိတ်ဓာတ် ခိုင်ခိုင်၊ တည်ကြည်စွာဖြင့် ထိမ်းမတ်တတ်သူကို လောကဓံများက ဖိစီးနှိပ်စက်ကလူ မပြုနိုင်သည်ကို စာပေသာဓက၊ လက်တွေ့ဘ၀သာဓကများစွာတွင် တွေ့ရှိနိုင်သည်၊၊ ပညာရှိတို့ကမူ “လောကဓံဟူသည် လူသားကို ရွှေစစ် မစစ်ပေတင်သကဲ့သို့၊ လူသား၏စိတ်ဓာတ်မည်မျှ ခိုင်မာသည်ကို စမ်းသတ်သည့်၊ စစ်ဆေးသည့်မှတ်ကျောက်” များအဖြစ် ရေးသားကြသည်၊၊

“ရွှေစစ်လျင် ပေတင်ခံနိုင်သည်၊ ရွှေမစစ်လျင် ပေပေါ်တွင် ကွဲရသည်၊၊ စိတ်ဓာတ်သတ္တိအားမကောင်းလျင် လောကဓံနှင့်တွေ့သောအခါ ကွဲသည်၊ စိတ်ဓာတ်သတ္တိအားကောင်းလျင် လောကဓံများကလူသားကို ပို၍ထူးချွန်ပြောင်မြောက်အောင် မြေတောင်မြှောက်ပေးသည်”ဟု အဆုံးစွန်ဆိုလိုပါသည်၊၊

“လောကဓံနှင့်လူသား” ခေါင်းစဉ်ဖြင့် အရှင်၏တင်ပြဆွေးနွေးချက် ဤတွင်ပြည့်စုံပြီဟု ယူဆပါသည်၊၊ လောကဓံ၏ စမ်းသတ်မှုအောက်တွင် ထူးချွန်သူများ၊ ပို၍ပို၍တောက်ပြောင်သူများ၊ ကြီးပွားတိုးတက်သူများ၊ သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ရရှိသူများ ဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းလိုက် ပါသည်၊၊ ၊၊



မေတ္တာဖြင့်--
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ၊
(၈.၅.၂၀၁၁)

အပြည့်အစုံသို့....

Read more...

ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ

(၁)
မာတရံ ပမုခံ ကတွာ၊ တဿ ပညာယ တေဇသာ။
အဘိဓမ္မာကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။
(အရှင်မဟာဗုဒ္ဓဃောသ)
ငယ်စဉ်ကိုရင်လေးဘ၀က ဆရာဘုန်းကြီး၏ ရှေ့မှောက်တွင် နှပ်တရှုံ့ရှုံ့ဖြင့် ရွတ်အံခဲ့ရသော ဂါထာလေးကို ပြန်လည်တိုးတိုးရွတ်မိသည်..။ အဘိဓမ္မာသမိုင်းကျဉ်းကို ဂါထာလေးတစ်ဂါထာဖြင့် အဋ္ဌကထာကျမ်းပြုဆရာက လက်စွမ်းပြရေးဖွဲ့ထားခြင်းဖြစ်
သည်။
'' မိခင်ကို အမှူးပြု၍ (ဗုဒ္ဓအရှင်၏ ) ပညာတန်ခိုးဖြင့် အဘိဓမ္မာကထာဟူသော လမ်းကို နတ်တို့အတွက် ကောင်းစွာ ဖြစ်စေလေပြီ'' တဲ့။
အခြေပြုမူလတန်းဝင်ရောက်ဖြေဆိုကြမည့် ရှင်ငယ်ရဟန်းငယ်တို့အတွက် ပြဌာန်းထားသော ကျမ်းစာသည် အဘိဓမ္မာဒေသနာတော်၏ အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကျမ်းမြတ် ဘာသာပြန်စကားပြေနှင့် အရကောက်ကျမ်းကြီးဖြစ်နေသည်။

အဘိဓမ္မာစကားပြေ အရကောက်ကျမ်းများကို ညအခါတွင် မီးအမှောင်ချကာ ရွတ်ဖတ်သရဇ္ဈာယ်ရသည့်အတွက် ပရိယတ္တိနယ်ပယ်တွင် ည၀ါကျမ်းများဟု အသိများသည်။ ညပိုင်းအမှောင်ထဲ ရွတ်ဖတ်ရသည်ဆိုသော်လည်း ချောင်ခို၍ မရပါ။ သတိရှိ၍ အကင်းပါးလှသော ဆရာဘုန်းတော်ကြီး၏ နားအကြည်ဓါတ်သို့ ရောက်အောင် အသံပေးကြရသည်..။ တခါတရံ အဓိကအဘိဓမ္မာစာသားများကို အတိအကျ မမှတ်မိသောအခါ အဘိဓမ္မာည၀ါဖော်မြူလာစာပိုဒ်ကိုတော့ အသံမြှင့်ပြီး အော်ခဲ့ဖူးလေသည်။
''ဟောတော်မူသည်၏ အခြားမဲ့၌ .......ဟောတော်မူ၏။
ဟောဟန်ကား........................ဟူသည်တည်း။
အရကား..................................ဖြစ်သတည်း။''

ကွက်လပ်နေရာတွင် ခပ်ဝါးဝါးလုပ်ပစ်ခြင်းဖြစ်သည်....။

ပထမဆုံးည၀ါကျမ်း၏ အစတွင် မြန်မာစကားပြေ၏ အရှည်လျားဆုံးစာပိုဒ်ဟု မှတ်တမ်းတင်နိုင်သည့် အဘိဓမ္မာသမိုင်းစကားပြေကို သင်ယူကျက်မှတ်ကြရသည်။ ထိုစာပိုဒ်ရှည်ကြီးကို ၍၊လျက်၊ သော်၊ ပြီး၊ စသောစကားဆက်သမ္ဗန္ဓများစွာကို အသုံးပြုကာ ကျမ်းပြုဆရာက လက်စွမ်းပြရေးသားထားသည်။ စဆိုမိလျှင် ဘယ်နေရာမှာ အဆုံးသတ်ရမည်မသိတော့။

'' ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကမ္ဘာတစ်သိန်းအလွန်ရှိသော လေးသင်္ချေထက်၌ သုမေဓာရှင်ရသေ့ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ နိဗ္ဗာန်ဆုကို ယူတော်မူသည်ရှိသော် ရအပ်သောအားအစွမ်းရှိသော ယောက်ျားမြတ်ဖြစ်လျက် ကိုယ်တော်အထီးတည်း နိဗ္ဗာန်ဆုကို ယူသဖြင့် ဘယ်အကျိုးအံ့နည်း ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သံသရာတည်းဟူသောရေအလျဉ်မှ ထုတ်၍ နိဗ္ဗာန်တည်းဟူသော ကျည်းကုန်းထက်သို့ တင်အံ့ဟု ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကြကုန်သော သတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသည်ဖြစ်၍........''

အဘိဓမ္မာည၀ါဆရာ၏ ရှည်လျားထွေပြားသည့်တိုင် ဖတ်မငြီးသော အဘိဓမ္မာသမိုင်းဟုဆိုရမည့် မဟာနိဒါန်းကြီးကို ဆိုကြည့်မိတော့ ခပ်ရေးရေးမျှ....။ အတိအကျလည်း မရတော့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော်က ရှေးဟောင်းကျောင်းအိုကြီး၏ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် နှုတ်တက်ရွရွဆောင်ခဲ့ဖူးသော စာ...မေ့လောက်ပြီပေါ့..။ သို့သော် စွဲကျန်ရစ်ခဲ့သော ဝေါဟာရများစွာ ရှိသည်။ သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရား၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး၊မယ်တော်မိနတ်သား၊ ကျေးဇူးဆပ်ခြင်း၊ တာဝတိံသာစသည်...။

အဓိကစွဲထင်နေအောင် ကျက်မှတ်ရသည်က....
ကုသလာဓမ္မာ(ကုသိုလ်ဖြစ်သော တရားအစု)
အကုသလာဓမ္မာ(အကုသိုလ်ဖြစ်သော တရားအစု)
အဗျာကတာဓမ္မာ(ကုသိုလ်အကုသိုလ်မဟုတ်သော တရားအစု)

ဤသည်ပင် ဘ၀အတွက် အရေးပါလှသော အဘိဓမ္မာဟု မသိခဲ့။ ပုလုကွေးကိုရင်လေးတစ်ပါး၏ အဇ္ဈတ္တမှတ်သိစိတ်တွင် ပါဠိပထမပြန်စာမေပွဲအတွက် ဆယ်မှတ်တန်မေးခွန်းများ၏ အဖြေအဖြစ်မှတပါး အခြားတန်ဖိုးကို မမြင်ခဲ့..။ အရွတ်အဖတ်အဘိဓမ္မာမျှသာ.....။



(၂)
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊ စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်....။
(ဦးပုည)

မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတန်းတွင် အဘိဓမ္မာကျမ်းများကို ဦးစားပေးပြဌာန်းထားသည်။
အခြေပြုမူလတန်းတွင် ဓမ္မသင်္ဂဏီကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမငယ်တန်းတွင် ဓာတုကထာကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမလတ်တန်းတွင် ယမကကျမ်းစကားပြေနှင့် အရကောက်ကျမ်းနှင့်
ပထမကြီးတန်းတွင် ပဋ္ဌာန်းကျမ်းစကားပြေနှင့် အရကောက်ကျမ်း..

ပထမကြီတန်းအောင်မြင်ပြီးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးအနေဖြင့် အဘိဓမ္မာကျမ်းကြီး (၄)ကျမ်းကို သင်ယူတတ်မြောက်ပြီးဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ရှင်အနုရုဒ္ဓါ၏ သင်္ဂြီုဟ်ဟု ထင်ရှားသည့် အဘိဓမ္မာအကျဉ်း(အဘိဓမ္မတ္ထသင်္ဂဟကျမ်း)ကို သင်ယူကြရသည့်အတွက် မြန်မာနိုင်ငံ၏ အဘိဓမ္မာပညာရေး သည် အခြားသော ထေရ၀ါဒနိုင်ငံများထက် ပြည့်စုံမြင့်မားမှုရှိသည်ဟု ဆိုနိုင်သည်။ ဓမ္မာစရိယစာချတန်း ရောက်သည့်အခါတွင်မူ သုတ္တန်နှင့် အဘိဓမ္မာကို ဆက်စပ်သင်ယူကြရပြန်သည်။

ဗုဒ္ဓအရှင်ဟောကြားသည့် ပိဋကတ်သင်နည်းသုံးမျိုးတွင် အလဂဒ္ဒူပမာစာသင်နည်းဖြင့် အဘိဓမ္မာကို ချဉ်းကပ်မိလျှင် အဘိဓမ္မာအသိလေးကြွယ်လာသည်နှင့် အမျှ စကားလုံးများ၏ အရိပ်အယောင်ကလည်း ထွားကျိုင်း ၀င့်ဝါလာတတ်သည်။ ပညာပြိုင်ဆိုင်သည့်သဘောဖြင့် ပိဋကတ်ချင်း နှောကြ၊ စကားချင်းသောကြသည်။ သူသည်လည်း ထိုသို့သော စကားဝိုင်းမျိုးတွင် ၀င်ထိုင်ခဲ့ဖူးသည်။ ၀င်ငြင်းခုန်ခဲ့ဖူးသည်။ နောက်ဆုံးကောက်ချက်ချတော့ လူမုန်းသာအဖတ်တင်ခဲ့၏။ အလဂဒ္ဒူပမာစာသင်နည်း၏ အပြစ်ကို သူ မကြာခဏသိရှိဆင်ခြင်ဖူးပါသည်။ ထိုသို့ဆင်ခြင်မိသည့်ကြားမှပင် သူက မြွေဖမ်းချင်နေသည်။

အလဂဒ္ဒူပမာစာသင်နည်းဆိုသည်က အလမ္ပါယ်ဆရာတစ်ယောက်က မြွေဖမ်းသလို ပြောဖို့နှင့် ပြဖို့အတွက် သင်ယူခြင်းမျိုးဖြစ်သည်။ မကျွမ်းကျင်သော အလမ္ပါယ်ဆရာသည် မြွေကိုက်၍ သေတတ်သကဲ့သို့ ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်၊ ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊ ကျော်စော ထင်ရှား၍ လာစေရန်၊ လာဘ်လာဘပေါများ စေရန်၊ ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းခြင်းကြောင့် အပါယ်ငရဲကျကာ ဆင်းရဲဒုက္ခရောက်တတ်လေသည်။

ခေတ်အဆက်ဆက် အဘိဓမ္မာစကားဖောင်ဖောင်ပြောတတ်သော လက်ဘက်ရည်ဝိုင်းများရှိခဲ့သည်ကို ဦးပုည၏ ကဗျာတွင် ဖတ်ရသည့်အခါ ပြုံးမဲ့မဲ့ဖြစ်ရသည်။ ''သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင်....'' ။ အော် မြွေဖမ်းကြသူတွေပဲ..။ သို့သော် အဘိဓမ္မာတရားဒေသနာကို ပြန့်ပွားစေလို၊ နားလည်သိမြင်လိုစိတ်ဖြင့် ဆွေးနွေးကြသည်ကိုတော့ ကြိုဆိုရပေမည်။ ဤသို့ဖြစ်သည့်တိုင် အပြောအပြအဘိဓမ္မာနယ်ပယ်တွင်သာ ရှိသေးသည်။

(၃)

ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသောလူသတ္တ၀ါတို့၌ မေတ္တာ၊ကရုဏာ၊မုဒိတာဟူသော ဗြဟ္မစိုရ်တရားများကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ထိုသူတို့၏ ခြောက်သွေ့သွေ့အပူဓါတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟတ်သဖြင့် သွေ့ခြောက်လုမတတ်ရှိရလေပြီ။ ထိုအပူဓါတ်ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက်မညှာတာ နိုင်အောင်ဖြစ်နေသော လောဘဒေါသမာန်မာနနှင့် ဣဿာမစ္ဆရိယ စသည်တို့ပင်တည်း။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

အဘိဓမ္မာထွန်းကားရေးဟူသည် ဗြဟ္မစိုရ်တရားထွန်းကားရေးပင် ဖြစ်သည်။ ၀ိပဿနာ ကျင့်ကြံခြင်းဟူသည်မှာလည်း ဗြဟ္မစိုရ်တရားကို ခိုင်မာမြဲမြံအောင် ပွားများခြင်းသာ ဖြစ်လေသည်။ အရိယာအဖြစ်ကို ရောက်သည်နှင့် အစမ်းသပ်ခံဗြဟ္မစိုရ်တရားပိုင်ရှင်ဖြစ်သွားသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုသည်မှာ မတုန်လှုပ် မဖောက်ပြန်သော ဗြဟ္မ၀ိဟာရတရားများထွန်းကားရာ နယ်ပင်ဖြစ်သည်။

တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကို နိဒါန်းပျိုးရာတွင် ဗြဟ္မ၀ိဟာရ ချို့တဲ့မှု၏ အပြစ်အနာအဆာကို ဦးတည်ဖွင့်ဆိုခဲ့သည်။ လောဘ၊ဒေါသ၊မောဟနှင့် အကုသိုလ်တရားအစုမှန်သမျှ၏ အပူငွေ့ကြောင့် ကမ္ဘာမြေမငြိမ်းချမ်းမှု၊ ရာသီဖောက်ပြန်မှုနှင့် နျူကလီးယားစစ်ပွဲအထိ စိတ်မချရသော အခြေအနေတွင် အဘိဓမ္မာတရားကို သင်ယူရုံမျှမက နေ့စဉ်လက်တွေ့ဘ၀တွင် အသုံးချခြင်းသည် သာ ဗုဒ္ဓအရှင်၏ အလိုတော်ကျဖြစ်လိမ့်မည်။ နိဿရဏစာသင်နည်း၏ ပြီးပြည့်စုံသော ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။

သီလ၊သမာဓိ၊ပညာ၊ ၀ိပဿနာ တရားအမှန်တို့ကို သိရှိတတ်ကျွမ်းလျက် မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံ အားထုတ်ရေး ရည်မှန်းချက်ဖြင့် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်နိုင်ခြင်းသည် နိဿရဏစာသင်နည်းဖြစ်သည်။

အဘိဓမ္မာကို ဗုဒ္ဓနည်းကျ နိဿရဏစာသင်နည်းဖြင့် အမှန်တကယ် သင်ယူတတ်မြောက်ခဲ့ပြီဆိုလျင် ငြိမ်းချမ်းမှုကို လိုလားသည်နှင့် အမျှ ပဋိပက္ခနှင့် ၀ိရောဓိပြဿနာများကို တရားနည်းလမ်းကျစွာ ကျော်လွှားဖယ်ရှားနိုင်သည့် တန်ဖိုးရှိသောနိုင်ငံသား၊ သို့မဟုတ် ကမ္ဘာသား တစ်ဦး မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။

မစိုးရိမ်ဆရာတော်ဘုရားကြီးသည်လည်း အဘိဓမ္မာပြန့်ပွားရေးကို စိတ်အားထက်သန်လှသည်။ မင်းကွန်း တိပိဋကဆရာတော်ကြီးက အစ လမ်းဘေးဂွေလှိမ့်နေသည့် ကလေးများအဆုံး အဘိဓမ္မာကို သင်ပေးလေ့ရှိသည်။ (မင်းကွန်းတိပိဋကဆရာတော်ကြီးက မစိုးရိမ်ဆရာတော်ဘုရားကြီးခြေတော်ရင်းတွင် အဘိဓမ္မာပဋ္ဌာန်းဒေသနာသင်ယူခဲ့ဖူးသည်။ ) မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သင်ပြမှုကြောင့် ကလေးသူငယ်များ အဘိဓမ္မာစကားလုံးများနှင့် ရင်းနှီးလာသည်။ ကလေးသူငယ်များက အဘိဓမ္မာကို နေစဉ်ဘ၀တွင် လက်တွေ့အသုံးချသုံးစွဲ ပြောဆိုသည့်အတွက် လူကြီးသူမများ မျက်နှာပူကြရသည်အထိပင်..။

လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲနှင့် ဟန်ပန်အမူအရာကို အကဲခတ်ကာ အရမ်းကာရော စားနေပြီဆိုလျင် လောဘကြီးနေပြီ၊ စကားများငြင်းခုန်ကြပြီဆိုလျင် ဒေါသကြီးနေပြီ၊ တမေ့တမောအိပ်နေပြီဆိုလျင် မောဟကြီးနေပြီ စသည်ဖြင့် အဘိဓမ္မာဝေဘန်ရေးလုပ်ကြခြင်းဖြစ်သည်..။ ရင်းနှီးသော ဒကာတစ်ယောက်က
'' ဆရာတော် ကလေးတွေကို အဘိဓမ္မာသင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ကလေးတွေက လူကြားထဲ ထထပြောတော့ အခက်သားဘုရား'' ဟု ဆရာတော်ကြီးအား လျှောက်ထားသည့်အခါ ''အေး ကလေးတွေ အပြောမခံချင်ရင် မင်းတို့ကောင်းအောင်နေကြပေါ့ကွ '' ဟု မိန့်သော ဟူ၏။ အော် အသုံးချအဘိဓမ္မာ..။


(၄)
မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်
(ညောင်ကန်ဆရာတော် ဦးဗုဓ်)

ယခုရက်ပိုင်းတွင် သူနေထိုင်လျက်ရှိသော ဗာရာဏသီမြို့ပြသည် နွေရာသီအပူငွေ့ဖြင့် တရိပ်ရိပ် လောင်မြိုက်နေသည်။ သူကတော့ မကြာမီ ရွှေပြည်ကြီးသို့ ပြန်ရလေမည်ဖြစ်၍ မဇ္ဈိမနွေကို မျက်ကွယ်ပြုကာ စီစဉ်ဖွယ်ရှိသည်များကို အပြေးအလွှားစီမံနေခဲ့သည်။ လေယာဉ်လက်မှတ်၊ ခြောက်လတာ မပျက်မကွက်သောက်ရမည့် ဆေး၊ တက္ကသိုလ်ရေးရာများ..စသည်..။

ထိုအချိန်နှင့် တိုက်ဆိုင်စွာ စင်ကာပူနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားသည့် အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာပွဲတော်ကို ကဆုန်လပြည့်ဗုဒ္ဓပုဏ္ဏိမာအခါတော်သမယတွင် မြန်မာနိုင်ငံ၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်..ဟူသော ဓမ္မသတင်းစကားကို ကြားရသည်။ ထိုနေ့မှာပင် အဘိဓမ္မာအသင်းကြီး၏ အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း အချိန်ကိုက် ဖွင့်လှစ်ကာ အဘိဓမ္မာသာသနာကို အချိန်နှင့် နေရာ (Time and Space) မှန်သမျှသို့ ရောက်ရှိပြန့်ပွားအောင် လွှတ်တင် သာသနာပြုကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အဘိဓမ္မာဟောကြားတော်မူသည့် အသံတော်သည် လည်း စကြာဝဠာနံရံများတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

အဘိဓမ္မာအသင်းသူတစ်ဦးဖြစ်သူ မဆုရည်မွန်က သူ့ထံမှ အဘိဓမ္မာအကျဉ်းချုပ်ဆောင်းပါးတစ်ပုဒ် ရလိုပါကြောင်း လျှောက်ထားသည့်အခါ ဤစာစုကို ထရေးဖြစ်သည်။ ယခုရေးနေသော ၀ါကျများသည် အဘိဓမ္မာအကျဉ်းချုပ်ကို ဖော်ပြနိုင်သော စာတမ်းတစ်စောင်မဟုတ်၊ အဘိဓမ္မာဒေသနာကို ဖွင့်ဆိုနိုင်သည့် ဒီပနီ သို့မဟုတ် ဋီကာလည်း မဟုတ်ပေ..။ အဘိဓမ္မာအသင်းကြီးကို ဂုဏ်ပြုလိုသည့်အတွက် စိတ်နှလုံးကို ဖွင့်ချရာမှ ထွက်ကျလာသော စကားလုံးအချို့၏ စုစည်းမှုသာ ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ အဘိဓမ္မာအကျဉ်းချုပ်ဟူသော အတွေးစကို ဆွဲထုတ်မိတော့ ဆရာတော်ဦးဗုဓ်၏ စကားအလင်္ကာကို နောက်ဆုံးကိုးကားဖြစ်သွားသည်။ ညောင်ကန်ဆရာတော်ဦးဗုဓ်က နန်းမတော် မယ်နုလှူဒါန်းသည့် အုဋ္ဌ်ကျောင်းကြီးတွင် စံပျော်သည့် ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်သည်။ ပိဋကတ်အဖွင့်ကျမ်းများစွာကို ရေးသားပြုစုနေသည်နှင့်အမျှ အချိန်ကို တန်ဖိုးထားတတ်သော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

တစ်နေ့တွင် နန်းတော်သို့ ဆွမ်းစားကြွရသည်။ ဘုရင်မင်းမြတ်က အချိန်မီထွက်မလာပါ..။ သို့နှင့် အချိန်မဖြုန်းလိုသော ဦးဗုဓ်က ''မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်" ဟု မှာကြားကာ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။ ဘယ်လောက်များ တိုတောင်းလှသော အဘိဓမ္မာတရားပါလဲ..။

သာမန်ပုထုဇဉ်တစ်ဦး၏ နေ့စဉ်ဘ၀တွင် ကုသိုလ်နှင့် အကုသိုလ်တရားနှစ်ပါး၏ အဖြူအမဲ စုတ်ချက်များကို ပုံဖော်နေရသည်။ ကုသိုလ်ဖြစ်လိုက်၊ အကုသိုလ်ဖြစ်လိုက်...။ ကုသိုလ်က အပြစ်ကင်းသော အန၀ဇ္ဇတရား။ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။ အကုသိုလ်က အပြစ်မကင်းသော သာဝဇ္ဇတရား၊ မကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။

ကုသိုလ်၊ အကုသိုလ်ဖြစ်ပွားခြင်းကို အဘိဓမ္မတ္ထသင်္ဂြီုဟ်ဆရာ အရှင်အနုရုဒ္ဓါက လဒ္ဓပစ္စယံ (အကြောင်းအားလျော်စွာ)ဟူသော ပါဠိဝေါဟာရလေးဖြင့် ဖွင့်ပြသည်။ ယောနိသောမနသိကာရ ဟူသော အကြောင်း၊ အယောနိသော မနသိကာရဟူသော အကြောင်း..။ သင့်သောအားဖြင့် နှလုံးသွင်းသော စိတ်၊ မသင့်သောအားဖြင့် နှလုံးသွင်းသော စိတ်....။ ကုသိုလ်ပဲ ဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ် သည်စိတ်သာ ပြဌာန်းသည်..။ သည်တော့လည်း ဆရာတော်ဦးဗုဓ်က အဘိဓမ္မာကို ချုပ်လိုက်ပြီ၊ စိတ္တံ စိတ်တဲ့ကွယ် တဲ့။

ယနေ့ အဘိဓမ္မာအသင်းကြီးကတော့ ဗုဒ္ဓအရှင်၏ ထူးမြတ်လှသော အဘိဓမ္မာသာသနာအတွက် ပေါ်ထွန်းလာခဲ့ပြီ။ နိဿရဏစာသင်နည်းဖြင့် အဘိဓမ္မဒေသနာကို ချဉ်းကပ်ကာ အရွတ်အဖတ် အဘိဓမ္မာ(Memorization and oral recitation of Abhidhamma) အပြောအပြအဘိဓမ္မာ( Talk and Discussion on Abhidhamma) နှင့် အသုံးချအဘိဓမ္မာ (Applied Abhidhamma) အဆင့်ဆင့်ဖြည့် ကျင့်နိုင်ကြသည့် အမျိုးကောင်းသားအမျိုကောင်းသမီးတို့ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြစေလိုကြောင်း ဆုတောင်းလျက် ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ်၏ သြ၀ါဒစကားအတိုင်း. ဂလိုဘယ်လ်ခေတ်ကြီး၏ နေ့စဉ်ဘ၀လှိုင်းတံပိုးကြားထဲ '' စိတ္တံ၊ စိတ်တဲ့ '' ဟုသာ..။


ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ
(၉-၅-၂၀၁၁)

မှတ်စု
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။

(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ၀ိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။

(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။



Read more...

သရဏဂုံတင် ပြဿနာ... (တည်တောဆရာတော် (မေး+ဖြေ))













Print this post

Read more...

တူ သုံးမျိုး ဖြစ်လာသောအခါ...

လူကြီးသူမတွေ ပြောတတ်ကြတဲ့ စကားလေး တစ်ခုကို စာရေးသူ ကြားဖူးတယ်။ လောကကြီးမှာ တူ သုံးမျိုး ဖြစ်လာရင် လောကကြီးဟာ ပျက်စီးလာပြီ တဲ့။
အဲဒီ တူ သုံးမျိုးကတော့
(၁) ယောက်ကျားနဲ့ မိန်းမ တူလာသောအခါ
(၂) ရဟန်းနဲ့ လူနဲ့ တူလာသောအခါ
(၃) ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ
အဲဒီ တူ သုံးမျိုးကို စာရေးသူ သေသေချာချာ စဉ်းစားမိတော့မှ အနက် အဓိပ္ပာယ်ကို ထင်ရှားလာတော့တယ်။
ပထမ တူ တစ်မျိုးကတော့ ယောက်ကျားနဲ့ မိန်းမနဲ့ တူလာသောအခါ တဲ့။
ယောက်ကျားတွေရဲ့ နေပုံထိုင်ပုံ၊ အပြုအမူတွေကို မိန်းမတွေက လိုက်လုပ်ကြတဲ့ အခါမှာ မဖြစ်သင့်တာတွေ ဖြစ်လာတတ်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ သဘောသဘာဝဟာ အမျိုးသားတွေနဲ့ ထပ်တူ လုံးဝ မဖြစ်သင့်လို့ ပါပဲ။
အိန္ဒိယ၊ ဒေလီတက္ကသိုလ်မှာ စာရေးသူကို မဟာယာနဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံက သီလရှင် တပါးက ပြောဖူးတယ်။
မြတ်စွာဘုရားက မတရားဘူး’’ တဲ့။
ဟော ဘယ့်နှယ်ဖြစ်ရတာပါလိမ့်။ မြတ်စွာဘုရားက မတရားဘူး ဆိုပါလား။ ဒါနဲ့ပဲ စာရေးသူက အဲဒီ သီလရှင်ကို အကျိုးအကြောင်း မေးကြည့်တော့။
မြတ်စွာဘုရားက ၀ိနည်းတွေ ချမှတ်ခဲ့တာ။ အမျိုးသမီး ရဟန်းမတွေကျတော့ အမျိုးသား ရဟန်းတွေထက် ၀ိနည်းစည်းကမ်းတွေက ပိုများနေတယ်
ဒါနဲ့ပဲ စာရေးသူလည်း ပြန်ပြောပြရတော့တယ်။
မြတ်စွာဘုရားက တရားမမျှတတာ မဟုတ်ပါဘူး ဆရာလေး။ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘော သဘာဝချင်းက မတူညီကြလို့သာ ဘုရားက ၀ိနည်းစည်းကမ်းတွေကို ခွဲခြားပြီး သတ်မှတ်ခဲ့ရတာပါ။
ဒါပေမဲ့လည်းပဲ နိဗ္ဗာန်ကိုတော့ ယောက်ကျား၊ မိန်းမ မခွဲခြားဘဲ ကျင့်ကြံတဲ့ လူတွေ အားလုံး ရောက်နိုင်တယ် မဟုတ်လား။ ယောက်ကျားတွေပဲ နိဗ္ဗာန် ရောက်တယ်လို့ မဟောကြားခဲ့ဘူးလေ။
အဲဒါကို ကြည့်ရင် မြတ်စွာဘုရားက တရားပါတယ်
အဲဒီလို ပြောပြလိုက်မှပဲ အဲဒီ ဆရာလေးလည်း ဘာမှ ပြန်မပြောတော့ဘူး။
တကယ်လို့သာ မိန်းမတွေဟာ၊ ယောက်ကျားတွေအတိုင်း နေထိုင်ကုန်ကြမယ် ဆိုရင် အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ မဖြစ်သင့်တာတွေ ဖြစ်လာကြတော့မှာပါ။ အပြောအဆို၊ အနေအထိုင် တွေက အစပေါ့။
ဥပမာ - ယောက်ကျားတွေက စွပ်ကျယ်နဲ့ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီတိုဖြစ်ဖြစ်၊ ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဖြစ်ဖြစ် နေရင် ဘာမှ မဖြစ်နိုင်ပေမဲ့ မိန်းမတွေ အတွက်ကတော့ ငါလည်း လူ့အခွင့်အရေးပဲ လုပ်လို့ ရတယ် ဆိုပြီး လိုက်လုပ်ရင် မဖြစ်သင့်ဘူးပေါ့။ ကျန်တာတွေကတော့ စာရှုသူတို့ ဆက်ပြီး တွေးကြပေတော့။
ဒုတိယ တူ တစ်မျိုးကတော့ ရဟန်းနဲ့ လူနဲ့ တူလာသော အခါ တဲ့။
စာရေးသူ ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ် ရှိတယ်။ တောနေ ရသေ့ တစ်ပါးရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် တာဝန်တွေက တရားကိုသာ ကျင့်ကြံအားထုတ်ဖို့ပါ။ ဒါပေမဲ့ ရသေ့က တောထဲက ရွက်ဖျင်တဲ ကျောင်းလေးမှာ သီတင်းသုံးရင်း တရားအားထုတ်နေရာကနေ ကျောင်းပတ်ဝန်းကျင်မှာ စားစရာ သစ်ပင်လေးတွေ စိုက်ပျိုးလာတော့တယ်။
အဲဒါပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ သစ်ပင်စိုက်ရင်း စီးပွားဖြစ်ထွန်းလာပြီး တရားအားထုတ်မှု လျော့ရဲ လာတော့တယ်။ နောက်ထပ်ဖြစ်လာတာက ယခင်က တရားအားထုတ်နေတဲ့ တဲကျောင်းလေးမှာ မွေးကင်းစ ကလေးငယ်ရဲ့ အူဝဲ အူဝဲ အော်သံက ကြားလာရတယ်။ ဆိုလိုတာက အဲဒီ ပုဂ္ဂိုလ်ဟာ အိမ်ထောင်ကျသွားပြီလို့ ဆိုလိုတာပါ။
အဲဒီ ဥပမာလိုပါပဲ ရဟန်းတွေကလည်း ဂန္ထဓုရ - ပိဋကတ်စာပေကို သင်ယူခြင်း၊ ပို့ချခြင်း အလုပ်၊ ၀ိပဿနာဓုရ - ရဟန်းတို့ရဲ့ တရားအားထုတ်ခြင်း အလုပ် အဲဒီ သာသနာပြု အလုပ်တစ်ခုခုကို လုပ်နေရတယ်။
အခုခေတ်မှာတော့ ရဟန်းတွေဟာ လူမှုကယ်ဆယ်ရေး ပရဟိတ အလုပ် ဆိုတဲ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်လာကြတာကို တွေ့ရတယ်။ အခုခေတ် သာသနာပြုနည်းမှာ တတ်စွမ်းတဲ့ ရဟန်းသံဃာတော်တွေကလည်း လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းတွေပါ လုပ်ဆောင်ပေးနိုင်မှသာ ကိုယ့်သာသနာအတွက် စိတ်ချရမယ်။
အဲဒီ သာသနာပြု လုပ်ငန်း တစ်ခုခုကို ရဟန်းတွေက မလုပ်ကြရင် ရဟန်းတွေဟာ လူအလုပ်တွေဖြစ်တဲ့ လောကီကာမဂုဏ် အာရုံ အလုပ်တွေကို လုပ်ချင်လာကြလိမ့်မယ်။ လူတွေလိုပဲ အပျော်အပါးတွေကို လေ့လာလိုက်စားချင်လာရော။
ရဟန်းဆိုတာ ဒကာ၊ ဒကာမတွေ လှူဒါန်းလိုက်တဲ့ ၀တ္ထုပစ္စည်းတွေကို သာသနာအတွက် ဘယ်နေရာမှာ ပြန်ပြီး အသုံးပြုရမလဲ ဆိုတာ အမြဲတမ်း တွေးနေရတယ်။ ငွေကြေးတွေကိုလည်း သာသနာရဲ့ လိုအပ်တဲ့ နေရာတွေကို ပြန်အသုံးချဖို့ကိုသာ ပြုလုပ်နေရတယ်။ ဒီလိုမှ မဟုတ်ရင် ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ လာဒ်လာဘတွေ အပေါ်မှာလည်း သာယာပြီး လောဘတက်နေတတ်တယ်။
ဒါဆိုရင် ရဟန်းတွေဟာ လူစိတ်ဖြစ်လာပြီး သင်္ကန်းဝတ်၊ ဦးခေါင်းဆံပင် ရိတ်ထားတဲ့ ပုဂ္ဂိုလ်တွေ အဆင့်လောက်သာ ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ရဟန်းနဲ့ လူနဲ့ တူလာတာပါပဲ။
နောက်ဆုံး တူ တစ်မျိုးကတော့ ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ တဲ့။
ဘုန်းကြီးကျောင်း ဆိုတာက လောကုတ္တရာ အလုပ်တွေကို လုပ်နေရမယ့် နေရာတစ်ခုပါ။ ဘုန်းကြီးကျောင်းဆိုတာက လောကီအလုပ်တွေ ၀င်ရောမနေဖို့ လိုပါတယ်။
ဆိုလိုတာက လူတွေရဲ့ အလုပ်ဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ သားရေး သမီးရေးများ အစရှိတဲ့ အကြောင်းအရာတွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြည့်လာပြီဆိုရင် ဘုန်းကြီးကျောင်းက အိမ်နဲ့ တူနေပါပြီ။
အဲဒီလို တူ သုံးမျိုး မဖြစ်အောင် ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ဟု ဆိုလျှင် ရဟန်းရော လူတွေပါ တာဝန်ကိုယ်စီ ရှိကြတယ် လို့ ပြောရမှာပင်။ ရဟန်းကလည်း ရဟန်းအလုပ်၊ လူကလည်း လူအလုပ် ကဏ္ဍအသီးသီး ခွဲခြားပြီး လုပ်ကြမယ် ဆိုရင် လောကကြီးလည်း မပျက်စီးဘဲ သာသနာတော်ဟာလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရမယ်ဆိုတာ သေချာပါတော့တယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP