* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, May 4, 2011

ဟိတောပဒေသမှတ်ဖွယ်





၁။ အကျိုးရှိသောအလုပ်

ရေရှားသောအရပ်၌ မိုးရွာခြင်းသည်လည်းကောင်း
ငတ်မွတ်သူအား အစာပေးခြင်းသည်လည်းကောင်း၊ အကျိုးရှိလေ၏။
ထိုနည်းအတူ၊ ဆင်းရဲသူအား ပေးကမ်းလှူဒါန်းခြင်းသည်
အကျိုးရှိလေ၏။

၂။ စာနာမှု၊ ကရုဏာသက်မှု

ကိုယ့်အသတ်ကို ချစ်မြတ်နိုးသကဲ့သို့၊ အခြားသတ္တ၀ါတို့သည်လည်း
သူတို့အသက် သူတို့မြတ်နိုးကြ၏။ ထို့ကြောင့် သူတော်ကောင်းတို့သည်
ကိုယ်ချင်းစာလျက် သတ္တ၀ါအပေါင်းတို့၏အပေါ်၌ သနားကရုဏာထားကြကုန်၏။

၃။ ပညာရှိ

သူတစ်ပါး၏သားမယားကို အမိကဲ့သို့လည်းကောင်း၊
သူတစ်ပါးပစ္စည်းကို မြေကြီးကဲ့သို့လည်းကောင်း၊ သတ္တ၀ါအားလုံးကို မိမိကိုယ်ကဲ့သို့လည်းကောင်း၊
အောက်မေ့လေ့ရှိသောသူသည် ပညာရှိမည်လေ၏။

၎။ လုပ်သင့်သောအရာ

ဆင်းရဲသူကို ကျွေးမွေးစောင့်ရှောက်သင့်လေသည်။
ချမ်းသာသူကို ကျွေးမွေးစောင့်ရှောက်ရန်မသင့်ပေ။
ရောဂါအတွက်သာလျှင် ဆေးသည်အကျိုးရှိလေ၏။
ကျန်းမာသူအတွက်ဆေးသည် အချည်းနှီးသာလျှင်တည်း။

၅။ အပြစ်ခြောက်ပါး

လောက၌ ကြီးပွားတိုးတက်လိုသောသူသည်
အအိပ်ကြူးခြင်း၊ ထိုင်းမှိုင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ အမျက်ထွက်ခြင်း၊
ပျင်းရိခြင်း၊ အလုပ်ကိစ္စ၌လေးကန်ဖင့်နွဲ့နေခြင်းတည်းဟူသော
အပြစ်ခြောက်ပါးကိုပယ်စွန့်သင့်၏။

၆။ သေချိန်ရောက်လာမူ

ယူဇနာတစ်ရာထက်ဝေးကွာသော အရပ်မှပင်၊ မိမိအစာကို မြင်နိုင်သောလင်းတငှက်သည်၊
သေချိန်ရေက်လာမူ၊ အပါးတွင်ရှိသည့် ကျော့ကွင်းအနှောင်အဖွဲ့ကို မမြင်ပေ။

၇။ လူကောင်းများ

ဘေးရောက်သောအခါ၌ မိတ်ဆွေကောင်းကို သိနိုင်လေသည်။
စစ်ပွဲ၌ သူရဲကောင်းကို သိနိုင်လေသည်။
ကြွေးမြီတင်ရှိသောအခါ၌ မှန်ကန်ရိုးဖြောင့်သူကို သိနိုင်လေသည်။
ဥစ္စာပျက်စီးဆုံးရှုံးသောအခါ၌ မယားကောင်းကို သိနိုင်လေသည်။
ဆင်းရဲဒုက္ခရောက်သောအခါ၌ ဆွေမျိုးကောင်းကို သိနိုင်လေသည်။

၈။ စိတ်ချမ်းသာခြင်းကို မပေးနိုင်ပါ

ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။
ပျက်စီးဆုံးရှုံးသောအခါ ပူပန်သောကကို ဖြစ်စေတက်၏။
ပြည့်စုံကြွယ်ဝသောအခါ မာန်မာနကိုဖြစ်စေတက်၏။
ဤသို့သဘောရှိသော စည်းစိမ်ဥစ္စာတို့သည်
အဘယ်မှာလျှင် ချမ်းသာမှုကို ပေးနိုင်ပါအံ့နည်း။

၉။ ကံအကျိုးပေး

ယာဉ်ရထားသည် ဘီးတစ်ဘီးတည်းဖြင့် မသွားနိုင်သကဲ့သို့
ထိုနည်းအတူ လုံ့လနှင့်ကင်း၍ ကံသည် အကျိုးမပေးနိုင်။

၁၀။ မိသားတစ်စု

ဤလူကား ငါ့လူ၊ ဟိုလူကား သူ့လူ၊ ဤလူကား ရင်းနှီးသူ၊
ဤလူကား သူစိမ်းဟု ရေတွက်စီစစ်ခြင်းသည် သဘောထားသေးနုပ်သူတို့၏
အလုပ်ဖြစ်၏။
သဘောထားမြင့်မြတ်သူ၊ သနားညှာတာသူတို့အဖို့မှာမူကား၊
မြေပြင်တစ်ပြင်လုံး တစ်အိမ်ထောင်တည်းသာလျှင် ဖြစ်လေ၏။


စာပေဗဟုတဖြင့် ပြည့်စုံကြပါစေ


Show/Hide

Read more...

လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့
ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏”
(ဂေါတမမြတ်စွာဘုရား)

တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစလေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များအကြောင်းပင် ဖြစ်၏။ အိမ်အမျိုးမျိုးရှိသည့်အနက် အချို့အိမ်များသည် ဆင်းရဲလွန်းလှသဖြင့် အမိုးပင် လုံခြုံကောင်းမွန်အောင် မတည်ဆောက်နိုင်သည့် အိမ်များရှိသကဲ့သို့ အချို့အိမ်များသည်ကား ကောင်းမွန်ပြည့်စုံ လုံခြုံအောင် တည်ဆောက်ထားသည့် အိမ်များဖြစ်နေသည်ကို တွေ့ရ၏။ ထူးခြားချက်မှာ မလုံမခြုံတည်ဆောက်ထားသည့် အိမ်များသည် မိုးလေစသည့် ရာသီဥတုဒဏ်ကို အလွယ်တကူ ခံရတတ်ပြီး လုံခြုံကောင်းမွန်အောင် တည်ဆောက်ထားသည့် အိမ်များသည်ကား ထိုဒဏ်များကို အကာအကွယ် ပြုထားနိုင်ခြင်းပင် ဖြစ်၏။

ဘုရားဟော တရားတော်များတွင် ခန္ဓာကိုယ်ကို အိမ်နှင့်တင်စား၍ ဖွင့်ဆိုဟောထားချက်များ အများအပြားရှိ၏။ အိမ်၏တည်ဆောက်မှုနှင့် ခန္ဓာကိုယ်၏ တည်ဆောက်မှုကို ခိုင်းနှိုင်းထားချက်များလည်း ရှိ၏။ လူတို့နေရာ အိမ်၏လုံခြုံရေးနှင့် ခန္ဓာကိုယ်၏ လုံခြုံရေးကို တင်စားထားချက်းများလည်း ရှိ၏။ ထိုဥပမာများအရ အိပ်၏လုံခြုံရေးတွင် အမိုးသည်လည်း အဓိကကျသည့် ကဏ္ဍတွင် ပါဝင်သကဲ့သို့ ရုပ်နာမ်များဖြင့် တည်ဆောက်ထားသည့် ခန္ဓာအိမ်တွင်လည်း စိတ်တည်းဟူသော အမိုးသည် အထူးအရေးပါလှသည်ကို သတိပြုမိကြမည် ဖြစ်၏။ အိမ်တွင်အမိုး မလုံသည့်အခါ မိုးရေမိုးပေါက်စသည်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက် လာနိုင်သကဲ့သို့ ခန္ဓာအိမ်ကို မိုးကာပေးထားသည့် စိတ်အမိုး မလုံသည့် အခါတွင်လည်း ရာဂစသည့် ကိလေသာ မိုးရေပေါက်များ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံရမည် ဖြစ်၏။ ထို့ကြောင့် မိုးရေမိုးပေါက်များ ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် အိမ်ကိုကောင်းစွာ မိုးထားရန် လိုအပ်သကဲ့သို့ ရာဂစသည့် ကိလေသာများ၏ ဝင်ရောက်နှိပ်စက်မှုများမှ ကာကွယ်ရန် စိတ်ကိုကောင်းစွာ မိုးကာထားရန် လိုအပ်ကြောင်းနှင့် ထိုစိတ်ကို ကိလေသာများမှ ကာကွယ်ထားရန်မှာလည်း သမထ၊ ဝိပဿနာ ဘာဝနာအလုပ်ဖြင့်သာ ကာကွယ်ထားရမှာ ဖြစ်ကြောင်းစသည်ဖြင့် ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ၏စိတ်သည် အချိန်ပြည့် အကုသိုလ်အလုပ်များ၊ မကောင်းသည့် အကြံအစည် အတွေးများတွင် ပျော်မွေ့နေတတ်သည့် သဘောရှိ၏။ အဆင်းအသံအနံ့ စသည့် အာရုံများ၏နောက်သို့ တကောက်ကောက်လိုက်ကာ နှစ်သက်လျှင်လည်း နှစ်သက်သည့်အလျောက်၊ မနှစ်သက်လျှင်လည်း မနှစ်သက်သည့်အလျောက် လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာ တရားများသာ အဖြစ်များနေတတ်ကြ၏။ စိတ်၏သဘောသည် သတိတရားဖြင့် ထိန်းချုပ်နေစဉ်ကိုပင် ကိလေသာများ၏ ခေါ်ဆောင်မှုနောက်သို့ ထပ်ကြပ်မကွာ လိုက်နေတတ်သည့် သဘောရှိနေပြီး မထိန်းချုပ်ဘဲ သတိလက်လွတ်သာ ထားလိုက်မည်ဆိုပါက ပိုလို့သာ ဆိုးလာနိုင်သည့် သဘောရှိပေ၏။ ထို့ကြောင့် ပညာရှိများက စိတ်ကိုကိလေသာ တရားများ၏ နှိပ်စက်မှုမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ စိတ်ကို ရာဂစသည့် ကိလေသာရန်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန်မှာ သမထ၊ ဝိပဿနာ ဟုခေါ်သည့် တရားဘာဝနာ အားထုတ်ခြင်း အလုပ်မှတပါး အခြားမရှိသည်မှာ အသေအချာပင် ဖြစ်ပါပေ၏။ သို့ဆိုစေကာမူ ဂုဏ်တော်ပွားရင်း၊ မေတ္တာပို့ရင်း၊ အာနာပါန စီးဖြန်းရင်းကိုပင် ကိလေသာတရားများ၏ နှိပ်စက်မှုက တစ်ခါတရံ ဖြစ်ပေါ်လေ့ ရှိတတ်သေးသဖြင့် မည်သို့ပင်ဖြစ်စေ စိတ်အစဉ်ကို သတိမလွတ်ဘဲ အချိန်ပြည့် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေကြရမည့် သဘောရှိ၏။

ကိလေသာ တရားသည် ပုထုဇဉ်မှန်သမျှကို အမြဲနှိပ်စက်နေတတ်သည့် သဘောရှိ၏။ ကိလေသာတရား ထူပြောလှသည့် ဝန်းကျင်အသိုင်းအဝိုင်းဖြစ်သည့် လူ့လောကတွင် ရှိနေကြသည့် လူသာမန်များ မဆိုထားလင့် ငြိမ်းအေးသည့် အသိုင်းအဝိုင်းဟုဆိုသည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည်ပင် ကိလေသာတရားများ၏ နှိပ်စက်မှုကြောင့် တရားအလုပ် အားမထုတ်နိုင်ဘဲ ဖြစ်လေ့ရှိတတ်၏။ ထိုအချက်ကို ဘုရားရှင်၏ ညီတော်ဖြစ်သည့် နန္ဒရဟန်းက သက်သေပြလျက်ရှိ၏။ ညီတော်မင်းနန်ခေါ် နန္ဒမင်းသားသည် မင်္ဂလာဆောင်မည့် နေ့မှာပင် ဘုရားရှင်၏ ခေါ်ဆောင်သွားမှုဖြင့် ဘုရားနောက်တော်ပါးမှ ကျောင်းတော်အထိ ရောက်ရှိသွားခဲ့ရပြီး အစ်ကိုတော်ဘုရား၏ တောင်းဆိုချက်ဖြင့် မငြင်းသာ မဆန်သာ ရဟန်းဘဝကို ရောက်ရှိလာခဲ့ရသည့် ရဟန်းတော် တစ်ပါးဖြစ်၏။ သာသနာ့ဘောင်တွင် ရဟန်းဝတ်နေခဲ့ရသည့် အရှင်နန္ဒသည် အစ်ကိုတော်ဘုရားကို ကြောက်ချစ်ရိုသေသဖြင့်သာ ရဟန်းဝတ်နေခဲ့ရသော်လည်း ရဟန်းတရား အားထုတ်မှုတွင်ကား စိတ်ဝင်းစားမှု မရှိလှပေ၏။ ထိုအရှင်၏ စိတ်ထဲတွင် အမြဲမပြတ် စွဲကျန်ထပ်နေသည်ကား ဘုရားနောက်ပါးမှ ကျောင်းတော်သို့အသွား အမှာတော်ပါးလိုက်သည့် နှမတော် ဇနပဒကလျာဏီ၏ “အရှင့်သား အမြန်ပြန်ခဲ့နော်” ဟူသည့် စကားတော်ပင် ဖြစ်ပါ၏။ နန္ဒရဟန်း၏စိတ်ကို ကိလေသာ စကား၊ ကိလေသာ အသံများက အမြဲနှိပ်စက်နေသဖြင့် တရားအားထုတ်နေသော်လည်း အရှင်နန္ဒ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပေ၏။

ညီတော်နန္ဒ၏ အဖြစ်ကို သိရှိတော်မူနေသည့် ရှင်တော်ဘုရားသည် တစ်နေ့တွင် နန္ဒရဟန်းကိုခေါ်ကာ တန်ခိုးတော်ဖြင့် နတ်ပြန်သို့ ကြွတော်မူလေ၏။ နတ်ပြည်နတ်နန်းသို့ ကြွရာလမ်းခရီး၌ မီးလောင်ပြင် တောအုပ်တစ်ခုတွင် ထိုင်နေသည့် မျောက်အိုမတစ်ကောင်ကို တွေ့သဖြင့် ဘုရားရှင်က အရှင်နန္ဒအား “ဤမျောက်မနှင့် ဇနပဒကလျာဏီ မည်သူက အလှသာသနည်း” ဟု မေးတော်မူရာ နန္ဒမင်းသားမှာ “နှိုင်းမှနှိုင်းရက်ပေခြင်း” ဟု ယူကြုံးမရ ဖြစ်ခဲ့ရသေး၏။ တစ်ဖန်နတ်ပြည်သို့ ရောက်ပြန်သည့် အခါတွင်လည်း နတ်သမီးများကိုပြကာ ရှင်တော်ဘုရားက နန္ဒရဟန်းအား “ဤနတ်သမီးများနှင့် ဇနပဒ မည်သူက ပိုလှသနည်း” ဟု မေးတော်မူသည့် အခါတွင်ကား နန္ဒရဟန်းမှာ “နတ်သမီးများ၏ အလှနှင့်ယှဉ်လျင် သူ၏နှမ ဇနပဒမှာ လမ်းတွင်တွေ့ခဲ့ရသည့် မျောက်အိုမနှင့်သာ တူပေတော့သည်”ဟု ပြန်လည်ဖြေကြားခဲ့လေ၏။ နောက်ဆုံးတွင် ဘုရားရှင်က အရှင်နန္ဒအား နတ်သမီးများဖြင့် မက်လုံးပေးကာ တရားအလုပ်ကို ကြိုးစားအားထုတ်စေသဖြင့် အရှင်နန္ဒ ရဟန္တာ ဖြစ်သွားခဲ့လေတော့၏။

ဘုရားကျောင်းတော်တွင် ညီတော်ရဟန်း၏ အကြောင်းနှင့်ပတ်သက်၍ သံဃာတော်များ၏ စကားဝိုင်းမှာ အထူးအဆန်း ဖြစ်နေခဲ့၏။ အရှင်နန္ဒ၏စိတ်တွင် ဇနပဒကလျာဏီ မှာကြားလိုက်သည့် စကားကိုသာ ကြားယောင်နေပြီး တရားအားမထုတ်နိုင် ဖြစ်ခဲ့ရခြင်း အကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်အချင်းချင်း ဆွေးနွေးခဲ့ကြ၏။ ထို့အပြင် ယင်းအကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ထားကြ၏။ ထို့ကြောင့် ဘုရားရှင်က “မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏” (ဓမ္မပဒ၊ ယမကဝဂ်၊ နန္ဒမထေရ်ဝတ္ထု) စသည့် အထက်ပါ တရားစကားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

ဤဒေသနာတော်အရ စိတ်၏ဆန်းကြယ်မှုကို ကောင်းစွာတွေ့ကြရမည် ဖြစ်ပါ၏။ စိတ်ကိုကောင်းစွာ မထိန်းသိမ်းနိုင်သဖြင့် ကိလေသာ အပူမီး လောင်မြိုက်ကြရသည့် အဖြစ်ကို သတိပြုမိကြမည် ဖြစ်ပါ၏။ စိတ်၏တွေးတော ကြံစည်မှု မနောကံ၏ အရေးပါမှုကို အလေးဂရု ပြုမိကြမည် ဖြစ်၏။ အမှန်အားဖြင့် စိတ်သာမဟုတ် ပုထုဇဉ် ပုဂ္ဂိုလ်များ ပြုလုပ်လေ့ရှိကြသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ စသည့် အမူအရာများသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။ မနောကံသည် အရေးပါသည်ဟုဆိုသော်လည်း စင်စစ် အမူအရာတိုင်းသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးတွင် သတိမယှဉ်နိုင်ပါက အကုသိုလ် ကိလေသာ ဖြစ်ဖွယ်များ ရှိနေတတ်သဖြင့် ထိုအမူအရာများကို အထူးထိန်းသိမ်း စောင့်ရှောက်ရန်လည်း လိုအပ်လှ၏။ ထိုသို့မဟုတ်ပါက မိမိတို့ ပြုလုပ်ကြသည့် အမူအရာတိုင်းတွင် အကုသိုလ် ကိလေသာများ အဖြစ်များနေကြမည်သာ ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် ထိုကိုယ်နှုတ်စိတ် အမူအရာများကို သီလ၊ သမာဓိ၊ အကျင့်တရားများဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း ဖွင့်ဆိုရှင်းပြကြ၏။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကိုယ်ကျင့်သီလကို အထူးပြု စောင့်ထိန်းကြရမှာ ဖြစ်သကဲ့သို့ စိတ်အမူအရာ အတွေးအကြံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဘာဝနာအကျင့်ကို ကျင့်ကြံအားထုတ်ရမှာ ဖြစ်ပါ၏။ သီလစောင့်ထိန်းခြင်းသည် ကိုယ်နှင့်နှုတ်ကို အကုသိုလ်၊ အဖြစ်နည်းစေရန်၊ ဒုစရိုက်အမှု မကျူးလွန်မိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းသည် စိတ်အမူအရာ မနောကံကို ကိလေသာအတွေးများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းမှ ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၏။ အထူးသဖြင့် စိတ်သည် အလွန်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်လှသဖြင့် ထိုစိတ်ကို ကိလေသာရန်များ၏ တိုက်ခိုက်နှိပ်စက်ခြင်းမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို အားထုတ်စေခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် စိတ်၏ အကုသိုလ် ကိလေသာများတွင် အဖြစ်များနေသည့် သဘောကို မိမိတို့ နေထိုင်ကျင်လည်နေသည့် ဘဝများတွင် အချိန်မရွေး တွေ့နိုင်ကြမည် ဖြစ်ပါ၏။ တစ်ယောက်တည်း ရှိနေလျှင်လည်း တစ်ယောက်တည်း ရှိနေသည့်အလျောက်၊ အများနှင့် ရှိနေလျှင်လည်း အများနှင့် ရှိနေသည့်အလျောက်၊ အာရုံတစ်ခုခုနောက်ကို စိတ်က လိုက်မိနေလျှင်လည်း လိုက်မိနေသည့်အလျောက် စသဖြင့် အကုသိုလ်များ ကိလေသာ တရားများက အချိန်မရွေး ဖြစ်နေတတ်သည့် သဘောရှိနေသည်ကို တွေ့ရမည် ဖြစ်ပေ၏။ ထိုသို့ အလွယ်တကူ ဖြစ်တတ်သည် အကုသိုလ် ကိလေသာတရားများ အလွယ်တကူ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် သမထအကျင့်၊ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အရှိအတိုင်း သိမှတ်ပေးခြင်း ဝိပဿနာအကျင့် တို့ကို ကျင့်ကြံအားထုတ်ကာ စိတ်အစဉ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးရခြင်း ဖြစ်၏။ သို့ပါလျက် တစ်ခါတရံ ဘုရားရှိခိုးရင်း၊ တရားမှတ်ရင်း၊ ဂုဏ်တော်ပွားရင်းဖြင့်ပင် အကုသိုလ်တရား၊ ကိလေသာ တရားများက ဖြစ်တတ်ကြပေသေး၏။ မည်သို့ဆိုစေ မလုပ်သည်နှင့်စာလျှင် လုပ်နေခြင်းက ကိလေသာရန်များကို ကာကွယ်ပေးနေခြင်း ဖြစ်သဖြင့် ကျင့်နိုင်သမျှ ကျင့်ကြံနေကြရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ သမထအကျင့်၊ ဝိပဿနာ အကျင့်များဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားခြင်းမရှိသည့် စိတ်သည် ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းကို အလွယ်တကူ ခံရတတ်သည့် သဘောရှိသဖြင့် မိမိတို့၏ စိတ်ကို ဘာဝနာအကျင့် တစ်ခုခုဖြင့် အမြဲမပြတ် ထုံလွှမ်းကာကွယ် ထားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေးပေါက်သည် အလွယ်တကူ ဝင်ရောက်ထိုးဖောက်နိုင်သကဲ့သို့ ဘာဝနာအကျင့် တစ်ခုခုဖြင့် ထုံးလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂတရားသည် အလွယ်တကူ ထိုးဖောက်ဝင်ရောက် နှိပ်စက်တတ်သည့် သဘောကို သတိပြု ဆင်ခြင်ကာ ထိုသို့ မဖြစ်စေရန် မိမိတို့၏ စိတ်ကို တရားအလုပ် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိလေသာရန်မှ ကာကွယ်နိုင်ရန် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ကိလေသာ တရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရွေး ဝင်ရောက်နှိပ်စက်တတ်သည့် သဘောရှိသဖြင့် သတိမပြုမိပါက အမူအရာတိုင်းတွင် အကုသိုလ် ဖြစ်တတ်သည့် သဘောရှိသည်ကို သတိပြုဆင်ခြင်ကာ အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ စိတ်ကို ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်မှုများမှ ကာကွယ်နိုင်ရန် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်ခုခုကို အမြဲမပြတ်ပွားထုံးနိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းရင်း ခန္ဓာအိမ် လုံခြုံရေးအတွက် စိတ်အမိုးကို ကောင်းအောင်မိုးကြဖို့ ဘုရားတရား အငှါးပွား၍ အသိပေးစကား ပါးလိုက်ရပါသည်။

Read more...

တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၄)

မေးခွန်း။ အရှင်ဘုရား တပည့်တော်လည်း မေးစရာလေးတစ်ခုလောက် ပေါ်လာလို့ပါ တပည့်တော်ကို ကလေးတစ် ယောက်က ဖားအောက်ဆရာတော်ကြီး ကြွလာစဉ် မေးလျှောက်ခိုင်းတာပါ တခြားစကားတွေ အများကြီး ပြောရင်း မေးခွန်းအတွက် အဖြေ မရလိုက်တာ မေ့သွားလို့ ထပ်ပြီး မမေး လျှောက်လိုက်ရလို့ပါဘုရား။မြတ်စွာ ဘုရားရဲ့ တကယ့်အရပ်တော်က ဘယ်လောက်လဲဆိုတာ စာတွေထဲမှာ ရှိပါသလား ဘုရား။ မြတ်စွာဘုရားဟာလောကမှာ သပ္ပါယ်တော်အမူဆုံး မဟာပုရိသလို့ ဖွဲ့ဆိုကြပါတယ်။ မုံညင်းစေ့ထဲမှာ ၀င်ထိုင် လို့ရအောင် ဖန်ဆင်းနိုင်သလို အကြီးကြီး ဖြစ်အောင်လည်း ဖတ်ဆင်းနိုင်တယ် ဆိုတာ ကြားဖူးပါတယ်ဘုရား။ ဒါပေမယ့် တကယ့်အရပ်တော်က ဘယ်နှစ်တောင်ခန့် (ယခုခေတ်အခေါ် ဘယ်နှစ်ပေခန့် ) ရှိမယ်လို့ သိပါ သလားဘုရား။ ရိုသေစွာဖြင့် တပည့်တော် ရွှေမာသန်း

ဖြေ။ မရွှေမာ၏ အမေးကို တောင်မြို့ဆရာတော်ကြီး၏ ရတနာ့ဂုဏ်ရည် စာအုပ်မှ အဖြေကို ကူး ယူဖေါ်ပြအပ်ပါသည်။ ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓ၀င်ပါဠိတော်ကြီး၌ (၁၆) တောင်ဟုဆိုထားပါသည်။ များစွာသော အဋ္ဌကထာများတွင် (၁၈) တောင်ဟု ဆိုပါသည်။ သုတ်မဟာဝါဋီကာတွင် (၁၂) တောင်ဟုဆိုထားပြီး အပရေ၀ါဒဟု ၀ါဒကွဲကိုဖေါ်ပြထားပါသည်။ ၁၆၊ ၁၈၊ ၁၂ အားဖြင့် သုံးဝါဒကို တွေ့ရပါ သည်။ ထိုသို့ဆိုရခြင်းမှာ ဟတ္ထဟူသောပါဠိကို (တစ်တောင်) ဟု မြန်မာတို့က ဘာသာပြန်ထား၍ ဖြစ်ပါသည်။ သီဟိုဠ်ကိုကမူ ဟတ္ထအတွက် တစ်မိုက်ဟု ဆိုပြန်ပါသည်။ ဤသို့ပြန်ပါလျှင်လည်း တော်တော်မြင့်နေပါဦးမည်။ တောင်မြို့ဆရာတော်ကြီးက လက်မခံပါ။ အော်လကော့မည်သော အမေရိကန်သား ဗုဒ္ဓ ဘာသာဝင်ကမူ ပကတိလူများထက် ထူးခြားစွာ မမြင့်ဟု ရေးပါသည်။ ထိုင်းနိုင်ငံ သာသနာပိုင်ဆရာတော် ကြီးကလည်း ထို့အတူပင် ယူဆပါသည်။ တောင်မြို့ဆရာတော်ကြီးကလည်း ထိုင်းသာသနာပိုင်လိုပင် ယူဆ ပါသည်။ ယူဆရခြင်းအကြောင်းများစွာကို အောက်ပါအထောက်အထားများဖြင့် ပြဆိုပါသည်။

၁။ ဗုဒ္ဓခေတ်က လူသားများထက် နှစ်တောင် သုံးတောင်ခန့် ထူးခြားအောင် မမြင့်နိုင်ခြင်း၊ ထိုခေတ်က လူသားများ၏ အရပ်မှာ ယနေ့ခေတ်နှင့် အတူတူပင်ဖြစ်မည်။ (ကျောက်စာများတွင်တွေ့ရသည်)

၂။ ၁၈တောင်မြင့်မှာပေါ့ကွာ တန်ခိုးနဲ့ လုပ်တာကိုးဟု လူသားဘုရား၏ အဖြစ်ကို သံသယ၀င်စေခြင်း၊ (မဟာပဓာနသုတ်ဋီကာ)၊

၃။ ယသော်ဓရာကို စေ့စပ်လက်စွပ်ပေးရာတွင် သူမ၀တ်ဆင်နိုင်ခြင်း၊ (လလိဝိတ္ထာရ မြောက်မိုင်းဗုဒ္ဓ၀င်)

၎။ ဘုရားဖြစ်သွားမှ မြင့်သွား တာရောမဖြစ်နိုင်ဘူးလားဟု စောဒကတက်လာလျှင် တရာဦး သွားဟောရာ တွင် လမ်းတွင်တွေ့ရသောဥပကက သာမန်လူလို အမြင်ဖြင့်ပင် ရုပ်လှသော ဘုရားကို မေးခွန်းမေးခြင်း၊ ( မဟာ ၀ါပါဠိတော်၊ မစ္ဖျိမပဏ္ဏာသပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်)

၅။ ပုဏ္ဏားတစ်ယောက် ယဇ်ပူဇော်ပြီးနောက် တစ်ခြား ပုဏ္ဏားတို့အား ယဇ်စာကျွေးဖို့ လိုက်ရှာရာတွင် သင်္ကန်းခေါင်းမြီးခြုံပြီး သစ်ပင်အောက်တွင် ထိုင်နေသော ဘုရားရှင်ကို ပုဏ္ဏားအမှတ်ဖြင့် ဖွင့်လိုက်ရာ လူမှားနေခြင်း၊ ၁၈တောင်မြင့်ရင် လူမှားဖို့မဖြစ်နိုင်၊(သံယုတ်ပါဠိတော်)

၆။ ပါဠိလေယျကတောတွင် တောစောင့်ကြီးက ဘုရားရှင်ကို ရဟန်းကြီးမ၀င်ပါနှင့် အမျိုးကောင်းသားတွေ တရားအားထုတ်နေကြပါတယ်ဟု တားမြစ်ခံရခြင်း၊ အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါ တို့ သုံးပါးသည် ထိုအချိန်က တရားအားထုတ်နေကြပါသည်။ (ဥပရိပဏ္ဏာသ၊ ဥပက္ကိလေသသုတ်)

၇။ ပုဏ္ဏားတစ်ယောက်သည် မိမိဝတ်နေကျ အ၀တ်ကို ဘုရားရှင်းအား လှူဒါန်းဖူးသည်။ (မဟာပရိနိဗ္ဗာန သုတ်)

၈။ အရှင်နန္ဒသည် ဘုရားရှင်ထက် လက်လေးသစ်သာ အရပ်နိမ့်သည်၊ ဘုရားရှင်သင်္ကန်းကို ၀တ်ရုံဖူး သည်၊ (၀ိနည်း၊ ပါစိတ်ပါဠိတော်၊ ရတန၀ဂ်)

၉။ မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သူ၏သမီးအချောအလှအတွက် ယောင်္ကျားလိုက်ရှာရာတွင် ဘုရားရှင်ကို တွေ့သဖြင့် ဆက်သမည်ဖြစ်ကြောင်း ပြောဖူးသည်၊ ၁၈တောင်အရပ်မြင့်နေလျှင် မစဉ်းစားတန်ရာ။ (ဓမ္မပဒအဋ္ဌကထာ သာမာဝတီဝတ္ထု)

၁၀။ ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်း လဲဝတ်ခဲ့ဖူးသည်၊ (နိဒါန၀ဂ်၊ ကဿပသံယုတ်၊ စီဝရ၀ဂ်ပါဠိတော်)

၁၁။ လူ့ပြည်လူ့လောကတွင် ခြေရာတကာတို့တွင် ဆင်၏ ခြေရာသည် အကြီးဆုံးဟု ဟောတော်မူသည်။ အကယ်၍ (၁၈) တောင်မြင့်ပါက ဘုရား၏ခြေရာသာ အကြီးဆုံးဖြစ်ချိမ့်မည်။ ထို့ကြောင့် ငါဘုရား၏ ခြေရာသာလျှင် အကြီးဆုံးဟု ဆိုပေမည်။(မူလပဏ္ဏာသ၊ဟတ္ထိပဒေါပမသုတ်)

၁၂။ ပရိနိဗ္ဗာန်စံပြီးနောက် အလောင်းတော်ကို ဗန္ဓုလစစ်သူကြီး၏ဇနီးက သူ၏ အ၀တ်တန်ဆာဖြစ်သော မဟာလတတန်ဆာဖြင့် ပူဇော်ခဲ့ပေရာ တစ်ကိုယ်လုံးကို ဖုံလွမ်းမိသည်။ (မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ) ဤသို့စသဖြင့် အထောက်အထားများကို ဆရာတော်ကြီးက ဖေါ်ပြထားပါသည်။

Read more...

သံသရာမှ နိဗ္ဗာန်သို့

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလို ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒသနနည်းဖြင့် ချဉ်းကပ်၍ ရသည်လည်း မဟုတ်ပေ။ ဘ၀၏အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရသော ၀ိပသနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။(ပါရမီရင့်သန်ပြီးသူ အချို့သာ ခြွင်းချက်အဖြစ် ရှိနိုင်ပါသည်။)တစ်ဆင့်ပြီး တစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။

ဤသို့ဖြစ်ရသည်မှာ သံသရာတွင်ကျင်လည်နေရသော လူ(သတ္တ၀ါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုးတည်းခံထားရသောကြောင့် ဖြစ်ပါသည်။ ဤကြိုးဆယ်ချေင်းကို ဗုဒ္ဓကျမ်းဂန်များက ကိလေသာဆယ်ပါး (Ten Cords of Bondage) ဟု ရေတွက်ပြပါသည်။ ဤသည်တို့မှာ -
(၁) လိုချင်တပ်မက်ငြိတွယ်ခြင်း (လောဘ)
(၂) စိတ်ဆိုး ၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
(၃) အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း(မောဟ)
(၄) မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း(မာန)
(၅) အစွဲအလမ်း အခုအခံများဖြင့် အသိမှား အယူမှားခြင်း(ဒိဌိ)
(၆) အမှန်တရားအပေါ် ယုံမှားသံသရာ ဖြစ်ခြင်း(၀ိစိကိစ္ဆာ)
(၇) လေးလံထိုင်းမှိုင်းသောစိတ်(ထိနမိဒ္ဓ)
(၈) ပျံ့လွင့်သောစိတ်(ဥဒ္ဓစ္စ)
(၉) မကောင်းမှုလုပ်ရသည်ကို မရှက်တက်ခြင်း (အဟိရိက)
(၁၀) မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ)

တို့ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို တစ်ပြိုင်းတည်း ဖြတ်၍ရသည်မဟုတ်။ သူ့အကန့်နှင့်သူ ဖြတ်ရသည်မျိုးဖြစ်သည်။

ဤသို့ ကြိုးဆယ်ချောင်းကို ဖြတ်ရသည့်အတွက် လူသည် အဖြစ်တရားတို့၏ အစုအဝေး(သံသရာ)ဆိုသော တစ်ဖက်ကမ်းမှ “စိတ်၏ဖြူစင်သန့်ရှင်းမှု စိတ်အလျဉ်ခရီး (Stream of mind purification )” ကို ဖြတ်သန်းပြီးမှသာလျှင် အရှိတရားတို့၏ နေရာ (နိဗ္ဗာန်)ဆိုသည့် အခြားတစ်ဖက်ကမ်းသို့ ဆိုက်ရောက်နိုင်ပါသည်။ ဤစတ်အလျဉ်ခရီးတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့်ကို “သောတာပတ္တိ” ဟု ခေါ်သည်။ ဤအဆင့်တွင် ကြိုးဆယ်ချောင်းထဲမှ ဒိဌိ နှင် ၀ိစိကိစ္ဆာ ဆိုသော ကြိုးနှစ်ချောင်းကိုသာ အပြီးဖြတ်နိုင်ပါသေးသည်။ သို့အတွက် အပါယ်သို့မလားနိုင်တော့သည့်တိုင် သံသရာထဲမှ အပြီးတိုင်ထွက်နိုင်သေးသည် မဟုတ်ပါ။

ဒုတိယအဆင့်ကို “သကဒါဂါမိ” ဟု သတ်မှတ်သည်။ ကျန်ကြိုး ရှစ်ချောင်းထဲမှ ကြိုးနှစ်ချောင်းဖြစ်သော ဒေါသ နှင့် လောဘတစ်ပိုင်း(ကာမရာဂ)ကို အားနည်းအောင် လျှော့ချနိုင်သည်။ သို့သော အပြီးတိုင်မဖြတ်နိုင်ပေ။ သံသရာခရီးသို့ တစ်ကြိမ်ပြန်လည်နိုင်သေးသည်။ တတိယအဆင့်မှာ “အနာဂါမိ” ဖြစ်ပါသည်။ ဒေါသနှင့် ကာမရာဂကို အပြီးတိုင်ဖြစ်နိုင်သည့်တိုင် ကြိုးခြောက်ချောင်း ကျန်နေပါသေးသည်။ လောဘဆိုသော ကြိုးမှာပင် ကာမရာဂဆိုသော အကြမ်းစားတဏှာကိုသာ ပယ်နိုင်သော်လည်း ရူပရာဂ၊ အရူပရာဂ ဆိုသည့် အနုစားတဏှာအချို့ကား ကျန်သေးသည်။ သံသရာသို့ ပြန်လည်ထွက်ဖို့မူ အခွင့်အလမ်းနည်းသွားပြီဟု ဆိုနိုင်ပါသည်။

စတုတ္ထနှင့် နောက်ဆုံးအဆင့်မှာ “အရဟတ္တ”ဖြစ်ပါသည်။ ကြိုးအားလုံးကို အပြီးတိုင်ဖြတ်ထောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ခြေချနိုင်ပြီဖြစ်သည်။ သံသရာခရီးသို့ ပြန်လည်ထွက်ရန် အကြောင်းမရှိတော့ပါ။နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဟု ဆိုနိုင်ပါသည်။ တစ်နည်းဆိုရလျှင် အဖြစ်တရားနယ်ပယ်မှ အရှိတရာနယ်ပယ်သို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။ ဤသည်ပင် ဗုဒ္ဓဓမ္မ၏ အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်တော့သည်။

Read more...

ABAC: sponsoring Friday’s chanting for Holly

Read more...

Good Friend (Part 7) - မိတ်ဆွေကောင်း (အပိုင်း ၇)

ပေးစွန့်နိုင်ခြင်း အစရှိသော ဤလက္ခဏာများအပြင် ဒီဃနိကာယ် ပါထိက၀ဂ် သိင်္ဂါလသုတ်လာ “ပေးကမ်း စွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း၊ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်း၊ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်း”ဟူသော မိတ်ဆွေကျင့်ဝတ်များသည်လည်း မိတ်ဆွေကောင်းတို့၏ လက္ခဏာများပင် ဖြစ်ပေသည်။ မိတ်ဆွေကျင့်ဝတ်များကို သင်္ဂဇာဆရာတော်ကြီးက အောက်ပါအတိုင်း ကဗျာလင်္ကာ ဖွဲ့ဆိုခဲ့၏။

“ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။”

ဤ သိင်္ဂါလသုတ်၌ သုဟဒမိတ္တ၊ စိတ်ကောင်း နှလုံးကောင်းရှိသော မိတ်ဆွေစစ် လေးမျိုးကိုလည်း ဟောထား၏။ ၎င်းတို့မှာ “ကျေးဇူးပြုတတ်သော မိတ်ဆွေ၊ ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေ၊ အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေ၊ အစဉ်သနားတတ်သော မိတ်ဆွေ”တို့ ဖြစ်ကြ၏။

ကျေးဇူးပြုတတ်သော မိတ်ဆွေစစ်သည်
- မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
- မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
- ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
- ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ၀န်ခံသည်ထက် နှစ်ဆဖြစ်သော စည်းစိမ်ဥစ္စာကို ပေးတတ်၏။

ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
- ဘေးရန် ဖြစ်လတ်သော် မိတ်ဆွေကို မစွန့်ပစ်။
- မိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။

အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေကို မကောင်းမှုမှ တားမြစ်တတ်၏။
- မိတ်ဆွေကို ကောင်းမှု၌ သက်ဝင်စေ၏။
- မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
- နတ်ပြည်ခရီးကို ပြောကြားတတ်၏။

အစဉ်သနားတတ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
- မိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
- မိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
- မိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။

ဤသိင်္ဂါလ သုတ်တော်၌ အိမ်ထောင်သည် တစ်ယောက်အနေဖြင့် ပစ္စည်းဥစ္စာ ရှာမှီးစုဆောင်း၍ မိတ်ဆွေတို့ကိုလည်း စည်းရုံးရန် ဟောကြားထား၏။ ပစ္စည်းဥစ္စာကို လေးစုခွဲ၍
- တစ်စုတစ်ဖို့ကို သုံးဆောင် ခံစားရန်၊
- နှစ်စုနှစ်ဖို့ကို ကုန်သွယ်မှုစသည် ပြုလုပ်၍ ရင်းနှီးမြှုပ်နှံရန်နှင့်
- ကျန်တစ်စုတစ်ဖို့ကို အရေးပေါ် အသုံးစရိတ်အဖြစ် ထားရှိရန် ဘုရားရှင် ဟောတော်မူ၏။

ရှားမှီးအပ်သော ပစ္စည်းဥစ္စာကို ဤနည်းအတိုင်း ခွဲဝေသုံးစွဲနိုင်သူသည် မိတ်ဆွေကောင်းတို့ကို စည်းရုံးနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားတော်မူ၏။

ထို့ပြင် အခြားသော ဒေသနာတော်တို့၌လည်း မိတ်ဆွေကောင်း၏ ဂုဏ်အင်္ဂါ၊ မိတ်ဆွေကောင်း၏ စရိုက်လက္ခဏာများ ရှာဖွေတွေ့ရှိနိုင်ပေသည်။ ကျယ်လွန်းမည်စိုး၍ ချန်လှပ်ခဲ့ပါတော့မည်။

မပေါင်းဖော်သင့်သူ

မှီဝဲဆည်းကပ်သင့်သည့် မိတ်ဆွေကောင်းတို့၏ သဘောသဘာဝကို လေ့လာသကဲ့သို့ မိတ်ဆွေအဖြစ် မပေါင်းဖော် မမှီဝဲ မဆည်းကပ်သင့်သည့် သူယုတ်တို့၏ သဘောလက္ခဏာဖြစ်သည့် ယုတ်မာသော အကုသိုလ် တို့ကိုလည်း လေ့လာသင့်ပေသည်။

အချုပ်အားဖြင့် မပေါင်းသင့်သူ ဟူသည်မှာ အကုသိုလ်မှု ပြုသောသူပင် ဖြစ်ပေသည်။ အကုသိုလ် ဟူသည်မှာလည်း လူနှင့် မကင်းနိုင်သောကြောင့် လူမှန်လျှင် အကုသိုလ် ဖြစ်တတ်ပေသည်။ ထို့ကြောင့် အကုသိုလ် ပြုသူကို ရှောင်ခွာရလျှင် ပေါင်းစရာလူပင် ရှိတော့မည် မဟုတ်ပေ။ အကုသိုလ်ကို အမြစ်ပြတ် မသုတ်သင်နိုင်မီ အကုသိုလ် နည်းနိုင်သမျှနည်းအောင် ကြိုးစား၍ အကုသိုလ် အဖြစ်များသူတို့ကို သွေရှောင်ရန်သာ ရှိတော့သည်။

အကုသိုလ်ဟူသည်မှာ စိတ်အညစ်အကြေး ကိလေသာများပင် ဖြစ်ပေသည်။ ကိလေသာတို့သည် မာယာ၊ သာဌေယျ၊ မက္ခ၊ ပလာသ၊ အတ္တုက္ကံသန၊ ပရဝမ္ဘန စသော အမည် အမျိုးမျိုးဖြင့် လူ့သန္တာန်မှာ ဖြစ်ပေါ်ကြ၏။

မာယာ-သာဌေယျ

မိတ်အဖြစ် ဆွေအဖြစ် မပေါင်းဖော်သင့်သော သူယုတ်တို့သည် မာယာသာဌေယျ များ၏။ မြန်မာစကား၌ မာယာသာဌေယျဟု ခေါ်ဝေါ်သုံးစွဲကြသော်လည်း မာယာနှင့် သာဌေယျတို့သည် သဘောသဘာဝချင်း ခြားနားကြ၏။ သဘောသဘာဝ မတူသော်လည်း အဘိဓမ္မာ သဘောအရ တရားကိုယ်အားဖြင့် တူကြ၏။ မာယာသည်လည်းကောင်း၊ သာဌေယျသည်လည်းကောင်း လောဘ စေတသိတ်ပင် ဖြစ်ပေသည်။ ထင်ရှားရှိသည့် ကိုယ့်အပြစ်ကို ဖုံးကွယ်ခြင်း သန္တဒေါသပဋိစ္ဆာဒန သဘောသည် မာယာမည်၍၊ ဂုဏ်အရည်ချင်း တကယ်မရှိပဲ ဟန်လုပ်ခြင်းသဘော အသန္တဂုဏသမ္ဘာဝန သဘောသည် သာဌေယျမည်ကြောင်း ပါထိကဝဂ်ဋီကာ ဥဒုမ္ဗရိကသုတ်၌ ဖွင့်ဆို၏။ ပြုပြီးသော မကောင်းမှုကို ဖုံးကွယ်ခြင်း ကတပါပဋိစ္ဆာဒနသဘောသည် မာယာမည်၍၊ အရည်အချင်းမရှိဘဲ ကြွားဝါခြင်း အဝိဇ္ဇမာနဂုဏပကာသန သဘောသည် သာဌေယျမည်ကြောင်း မူလပဏ္ဏာသအဋ္ဌကထာ၊ မဟာနိဒ္ဒေသအဋ္ဌကထာ၊ ပဋိသမ၊ိဒါမဂ် အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့၌ ဖွင့်ဆို၏။

မာယာ

မာယာဟူသည် လှည့်ပတ်ခြင်း သဘောပင် ဖြစ်၏။ ထိုမာယာကို မျက်လှည့် သမားနှင့် ဥပမာပေးလေ့ ရှိကြသည်။ မူလပဏ္ဏာသဋီကာ၌ မာယာသည် ပြာဖုံးနေသော မီးကျီးခဲ၊ ရေ၌မြုတ်နေသော သစ်ငုတ်၊ အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ဓားလက်တို့နှင့် တူကြောင်း လျှို့ဝှက်သော အန္တရာယ်နှင့် နှိုင်းယှဉ် ဖွင့်ဆို၏။ မျက်လှည့်ပညာရှင်သည် အမှားကို အမှန်ထင်အောင် လုပ်ပြတတ် သကဲ့သို့ မာယာရှင်သည် တစ်ဖက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်၏။ မာယာရှင်သည် သူ့အပြစ်ကို ဖုံးကွယ်ရာ၌ တစ်ဖက်သားကို ထိပါးတတ်၏။ သူ့အပြစ်ကို သူများအပြစ် ဖြစ်အောင် လုပ်တတ်၏။ ကိုယ့်အပြစ်ကို သူ့အပြစ်ဖြစ်အောင် မာယာဖြင့် လှည့်ဖျားခြင်းသည် ဓမ္မပဒအဋ္ဌကထာ မလ္လိကာမိဖုရားဝတ္ထု၌ ထင်ရှား၏။

မလ္လိကာမိဖုရားဝတ္ထု

တစ်နေ့သောအခါ မလ္လိကာမိဖုရားသည် ကိုယ်လက် သုတ်သင်ရန် ရေချိုးခန်းသို့ ဝင်၏။ သူ့ကိုခင်သော ခွေးတစ်ကောင်သည်လည်း သူနှင့်အတူ ရေချိုးခန်းသို့ လိုက်လာ၏။ မလ္လိကာ မျက်နှာသစ်၍ ခြေဆေးရန် ကိုယ်ကို ညွတ်ကိုင်းလိုက်စဉ် ခွေးသည် မလ္လိကာကို မေထုန်ပြုရန် ကြိုးစား၏။ မိဖုရားလည်း အတွေ့ကို သာယာမိ၏။ ထိုအခြင်းအရာကို ကောသလမင်းကြီးသည် နန်းတော်လေသာပြတင်းမှ လှမ်း၍ မြင်လိုက်၏။ ရေချိုးခန်းမှ ပြန်လာသော မိဖုရားကို မင်းကြီးက အပြစ်ဆို စွပ်စွဲ၏။ ထိုအခါ မိဖုရားက လေသာပြတင်းမှ ရေချိုးခန်းသို့ လှမ်းကြည့်လိုက်လျှင် အမြင်ပြားသွားတတ်ကြောင်း၊ တစ်ခုကို နှစ်ခု၊ တစ်ယောက်ကို နှစ်ယောက် ထင်ရကြောင်း ဆင်ခြေပေး၍ ရေချိုးခန်းထဲ၌ ခွေးမရှိပါဟု ဆို၏။ ကိုယ်တိုင် မြင်လိုက်ရသော မင်းကြီးသည် မိဖုရားကို မယုံပေ။ ထို့ကြောင့် မိရားသည် မင်းကြီးကို ရေခန်းသို့ ဝင်စေကာ လေသာပြတင်းမှ လှမ်းကြည့်၍ မင်းကြီးကို ဆိတ်မနှင့် ဖောက်ပြန်သည်ဟု ပြန်၍စွပ်စွဲ၏။ မင်းကြီးက ငြင်းသောအခါ ကိုယ်တိုင် မြင်ရပါသည်ဟု မိဖုရားက ဆို၏။ ဥာဏ်နည်းသော မင်းကြီးသည် မိဖုရား၏ မာယာကို ယုံကြည်သွား၏။

ဤဝတ္ထု၌ မိဖုရား တွေ့ကြုံရသော အဖြစ်အပျက်မှာ မူလပထမ၌ မတော်တဆမှုပင် ဖြစ်၏။ အကြောင်းစုံကို ရှင်းပြ၍ အမှန်ကို ရိုးသားစွာ ဝန်ခံလိုက်လျှင် ပြေလည်နိုင်သော်လည်း မရိုးမသား လှည့်စားမိသော ကြောင့် ယုတ်မာသော အကုသိုလ်မာယာ ဖြစ်ခဲ့ရလေသည်။ ကုသိုလ်ကောင်းမှု များစွာပြုထားသော မိဖုရားသည် စုတေခါနီး ကာလ၌ ထိုထိုကုသိုလ်များကို သတိမရဘဲ မင်းကြီးအပေါ် လှည့်စားမိသည့် မာယာအကုသိုလ်ကို နောင်တစိတ်ဖြင့် သတိရမိသောကြောင့် အဝိစိငရဲ ကျခဲ့ရ၏။

ဤကဲ့သို့သော အဖြစ်အပျက်များကို ကြည့်၍ မိန်းမတို့ကို မာယာများသူဟု စွပ်စွဲတတ်ကြ၏။ စင်စစ်အားဖြင့် မာယာဟူသည် မိန်းမတို့၏ လက်နက်မဟုတ်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်ပေသည်။ ကျားမမဟူ ပုထုဇဉ်မှန်သမျှ မာယာရှိတတ်ကြ သည်သာတည်း။ ယောက်ျားမာယာကို ဇာတကအဋ္ဌကထာ ကုဟကဇာတ်မှ ရသေ့စဉ်းလဲ ဝတ္ထုဖြင့် သိနိုင်၏။

ကုဟကဇာတ်

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသား တစ်ယောက်သည် ရသေ့တစ်ဦးကို ကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုတ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် မှာကြား၏။ ထိုအခါ ရသေ့ရဟန်းတို့မည်သည် ဤသို့ ရွေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။

ထို့နောက် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံ အစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုတ်နှံထား လိုက်၏။ ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါး ပိုင်သော ပစ္စည်းကို နေရာ ပြောင်းရွှေ့မှုသည် ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။

ထို့နောက် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြား အရပ်သို့ သွားတော့မည်”ဟု ရွာသားကိုပြော၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တားမရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်း မည်သည် မပေးလှူလျှင် မြက်တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် ရသေ့ကား ရိုးသားလှပေစွဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ ထို့နောက် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို သွားယူ၏။

သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။

ဤဝတ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တဝါတို့၏ သန္တာန်၌ သံသရာအဆက်ဆက် အမြစ်တွယ်လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။

မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ မပေါင်းသင့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာ မဖြစ်အောင် သတိထားကြရပေမည်။ မာယာရှင်ကို မိတ်ဆွေအဖြစ် မပေါင်းသင်းဘဲ ကိုယ်ကိုယ်တိုင်လည်း မာယာရှင် မဖြစ်အောင် ဂရုစိုက်ကြရပေမည်။

သာဌေယျ

ပတ်ဝန်းကျင်၏ အထင်ကြီးမှု ရလိုသောကြောင့် ဂုဏ်အရည်အချင်း တကယ်မရှိဘဲ ရှိလေဟန် ကြွားဝါခြင်းသည် သာဌေယျ မည်၏။ သီလမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ အကျင့်မကောင်းဘဲ ကောင်းဟန်ဆောင်ခြင်း၊ ဗဟုသုတမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ ပစ္စည်းဥစ္စာမရှိဘဲ ရှိဟန်ဆောင်ခြင်းစသော ဟန်ဆောင်ကြွားဝါမှု မှန်သမျှသည် သာဌေယျမည်၏။ ဟန်ဆောင်ကြွားဝါမှုကို လွယ်လွယ်နှင့် မသိနိုင်ပေ။ ဟန်ဆောင်သူကို အချိန်ကြာကြာ နီးနီးကပ်ကပ် ပေါင်းသင်း၍ ဉာဏ်နှင့်ဆင်ခြင် လေ့လာကြည့်မှ ထင်ထင်ရှားရှား သိနိုင်၏။ ဟန်ဆောင်ကြွားဝါသူသည် အလိမ်မပေါ်မချင်း သာဌေယျသုံး၍ လောက၏ အထင်ကြီး လေးစားမှုကို ရယူနိုင်၏။ ပူဇော်ချီးမြှောက်မှုကို ခံယူနိုင်၏။ ဟန်ဆောင်ကြွားဝါ၍ မတရားသော နည်းလမ်းဖြင့် ခံယူရရှိထားသော အောင်မြင်မှုများကို ကျေနပ်သာယာမိလျှင် ရိုးသား ဖြောင့်မတ်မှု လမ်းကြောင်းမှန်သို့ ရောက်ရန် ခက်ခဲ၏။ ဟန်ဆောင်ကြွားဝါသူ ကိုယ်တိုင်က ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားခံရမှု၊ ပူဇော်ချီးမြှောက်မှုကို တွယ်မက်နေခြင်း၊ အတွင်းသိ အစင်းသိ နီးစပ်သူတို့ကပါ ကူညီပံ့ပိုး၍ ကြွားဝါပေးခြင်းတို့ကြောင့် သာဌေယျဖြင့် ကောက်ကျစ်သူတို့သည် လက်ရှိဘဝ၌ လောကီစီးပွား ရရှိနိုင်ကြ၏။ သာဌေယျဖြင့် လိမ်ညာကောက်ကျစ်သူတို့၏ လွှမ်းမိုးမှုကို ခံရသူသည် ထိုစက်ကွင်းမှ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်ပေ။ ဟန်ဆောင်မှုကို အထင်ကြီးကာ သာဌေယျသမားတို့၏ လိမ်ညာမှု စက်ကွင်းသို့ တိုးဝင်မိသူသည် မိမိ၏ မိုက်မဲနုံအမှုကို လူသိမခံချင်သောကြောင့် ဖြစ်စေ၊ အသိဥာဏ် ရှိသော်လည်း သာဌေယျသမား၏ အရှိန်အဝါကို မတော်လှန်နိုင်သောကြောင့် ဖြစ်စေ ဟန်ဆောင်မှုကို သိသည့်တိုင်အောင် ဆက်လက်၍ အညာခံနေရ တတ်၏။

ထို့ကြောင့် တွေ့ရာလူကို မဆင်မခြင် အထင်မကြီးမိအောင် ချင့်ချိန်စူးစမ်းမှုကို လေ့ကျင့်ထားသင့်၏။ စိတ်ဓာတ်အင်းအား ပညာသုတ သိုမှီထားသင့်၏။ ရုန်းမထွက်သာအောင် လွှမ်းမိုးချုပ်နှောင်တတ်သည့် သာဌေယျသမား တို့သည် ဝေးဝေး ရှောင်ရမည့်သူများ ဖြစ်ပေသည်။ အလေးဂရုပြုရမည့် မိတ်ဆွေများ မဟုတ်ကြပေ။ ဟန်ဆောင်ကြွားဝါ လိမ်ညာခြင်း သာဌေယျ သဘောကို ဓမ္မဓဇဇာတ်ဖြင့် ထင်ရှား စေအပ်၏။

ဓမ္မဓဇဇာတ်

ရှေးအခါက ဘုရားလောင်း ငှက်မင်းသည် သမုဒ္ဒရာအလယ် ကျွန်းငယ်၌ ငှက်အပေါင်း ခြံရံလျက် နေ၏။ လမ်းညွှန်အဖြစ် ဒိသာကာကကျီးကိုယူ၍ သမုဒ္ဒရာသို့ ခရီးထွက်ခဲ့ကြသော ကုန်သည်တို့သည် ရေလယ်၌ လှေပျက်၏။ ထိုအခါ ကျီးသည် အဖော်တို့နေရာ ကျွန်းငယ်သို့ ရောက်လာ၏။

ထိုကျီးသည် အံ့ဖွယ်သရဲ ကျင့်ပြ၍ ငှက်တို့၏ ယုံကြည်မှုကို ခံယူကာ ငှက်ဥ တို့ကိုလည်းကောင်း၊ ငှက်ငယ်တို့ကိုလည်းကောင်း ခိုးစား၏။ ထိုကျီးသည် ခြေတစ်ချောင်းထောက် ရပ်၍ ခံတွင်းကို ဖွင့်ဟထား၏။ ထူးဆန်းသောကျီးကို ငှက်တို့က မေးမြန်းစုံးစမ်းကြသောအခါ မြေကြီးက ခံဆောင် မထားနိုင်သောကြောင့် ခြေတစ်ဘက်သာ ထောက်၏။ လေကိုသာ စားသောကြောင့် ပါးစပ် ဖွင့်ထား၏ဟု ဖြေ၏။ ထို့ပြင် သုစရိုက်ကို ကျင့်ရန်နှင့် ဒုစရိုက်ကို ရှောင်ရန်လည်း ငှက်တို့ကို တရားဟော၏။ ငှက်တို့ ဝမ်းမြောက် ကြည်ညိုကြ၏။

တစ်ခါသော် ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို စောင့်ရှောက်ရန် ကျီးကို တာဝန်ပေး၍ အစာရှာ ထွက်ကြ၏။ ထိုစဉ် အယောင်ဆောင် ကျီးယုတ်သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို စားသောက်၏။ ထို့နောက် ခြေတစ်ချောင်းထောက်၍ ရပ်ကာ ပါးစပ်ဖွင့်ထားရင်း ရှေးနည်းအတိုင်း ဟန်ဆောင်နေ၏။

ငှက်ဥနှင့် ငှက်ငယ်တို့ ပျောက်ဆုံးမှုအတွက် ငှက်တို့က ကျီးကို သံသယမရှိကြပေ။ “ဤကျီး ရောက်လာမှ အန္တရာယ်ဖြစ်သည်”ဟု စဉ်းစားမိသော ကျီးမင်းသည် အမှုကိုစုံစမ်း၏။ ဘုရားလောင်းသည် အခြားငှက်တို့နှင့် အတူ အစာရှာထွက်မည်ဟု ဆိုကာ ကျီးကို စောင့်ကြည့်နေရာ ကျီး၏ယုတ်မာမှုကို သိရ၏။ ထိုအခါ ငှက်တို့သည် ကျီးယုတ်ကို ဝိုင်းအုံထိုးသုတ်၍ သတ်ပစ်လိုက် ကြ၏။

(ဆက်ရန် . . . . .)

Read more...

အိုခြင်းရဲ့ အလှ (၁)

အိုခြင်းရဲ့ အလှ (၁)T Z sayadaw (8)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

၁၃၇၂ ခု ဆိုတဲ့ နှစ်ဟောင်းကြီး ကုန်လွန်ခဲ့လို့ ဒီနေ့ဆို ၁၃၇၃-ခု ဆိုတဲ့ နှစ်သစ်ကြီးထဲကို ဝင်ရောက်လို့ လာပါပြီ။ ခုနှစ်သက္ကရာဇ် အနေနဲ့ ကြည့်ရင်တော့ “ကုန်လွန်ခဲ့ တာက နှစ်ဟောင်း ကြုံရတာက နှစ်သစ်”လို့ ဆိုကြပေမယ့် အသက် အရွယ်အရ ကျတော့ “ကုန်ခဲ့တာက နုပျိုခြင်းများ၊ ကြုံရတာက အိုမင်းခြင်းများ”သာဖြစ်ပါတယ်။

မိမိ ကိုယ်တိုင်လည်း ၆၅ နှစ်ဆိုတဲ့ မှတ်တိုင်ကို ကျော်လွန်ခဲ့ပြီ ဆိုတော့ သင်္ခါရတရားက အမှတ်တမဲ့ လျစ်လျူရှုပြီး ပစ်မထား ပါဘူး။ သက်ရှင် နေထိုင်ခဲ့တဲ့နေသက်နဲ့ ထိုက်တန်စွာပဲ ကာယကံရှင် လက်ခံလိုတယ်၊ မခံလိုတယ် မေးမနေဘဲ “အိုသူ” ဆိုတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ကြီးကို ဇွတ်အတင်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒါကိုလည်း သဘာဝရဲ့ သားပီပီ သဘာဝမိခင် အပေါ်မှာ ကျေနပ်ပါတယ်တွေ၊ မကျေနပ်ဘူးတွေစတဲ့ ဆင်ခြေ ဆင်လက်တွေ ပေးမနေတော့ဘဲ “ဒါဟာ မိဘဝတ္တရား အရ သားသမီးတိုင်း အပေါ်မှာ ပေးအပ် တဲ့ သဘာဝမိခင်ရဲ့ တရားမျှတတဲ့ သင်္ကေတ တစ်ခုပေပဲ” ဆိုတဲ့ အသိနဲ့ ကျေနပ် ကြည်ဖြူ ဂုဏ်ယူဝမ်း မြောက်စွာပဲ လက်ခံ လိုက်ပါတယ်။ ဒီမိခင်ရဲ့ ရင်ခွင်နဲ့ မကင်းနိုင်ကြတဲ့ သားသမီး မှန်သမျှ ဒီလိုပဲ လက်ခံရတာ ကလည်း ဓမ္မတာထုံးစံကြီး တစ်ခု ဖြစ်နေပေတာကိုး။


လောကသားတို့ရဲ့ အစဉ်အလာ နဲ့ ကြည့်ရင်တော့ ရယ်စရာလိုလိုများ ဖြစ်နေမလားဘဲ။ အမှန်အတိုင်း ပြောရရင် မိမိအနေနဲ့ ငယ်ရွယ်နုပျိုတဲ့ အရွယ် ဆိုတဲ့ အချိန်ကာလတွေတုန်းက“ ငယ်ရွယ်နုပျိုခြင်းရဲ့ အလှတရား” ဆိုတာကို မရှာဖွေ မခံစားတတ်မိခဲ့ တာ အမှန်ပါ။


ဒါကလည်း အဲဒီ အရွယ်တုန်းက မိမိလေ့လာ သင်ယူရတဲ့ ဘာသာရပ်ကလည်း လောကကြီးက ကြိုက်၊ မကြိုက်ကို မကြည့်၊ ဓမ္မနဲ့ ကိုက်၊ မကိုက်ကိုသာ ကြည့်ပြီး ဟောကြားခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ ပိဋကတ် စာပေတွေဖြစ်နေတာရယ်၊ အဲဒီစဉ်တုန်းက အမြင် သစ်ကို ရှာဖွေလိုသူလူငယ်များ ထက်ထက်သန်သန် အလေးထား ဖတ်ရှုကြတဲ့ လောကီ အတွေးအခေါ် ဒဿနဆိုင်ရာစာပေ များကလည်း အတ္တနဲ့ အတ္တဟိတအလှတရားထက် ပရနဲ့ ပရဟိတ အလှ တရားကိုသာ အဓိကထားတတ်ဖို့ ရဲရဲတောက် ဟောပြော ပို့ချရေးသားကြတဲ့ စာပေတွေ ဖြစ်နေတာကြောင့်ရယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ဩဇာ လွှမ်းမိုး ခံရတာလည်း ပါမယ် ထင်ပါတယ်။


အဲဒီတုန်းခေတ်က အမြင်သစ် စာပေတွေ ဆိုတာကလည်း လူငယ် လူရွယ်ယောကျာ်းလေးမှန်ရင် “ကိုယ့် အလှနဲ့ ကိုယ့်ရဲ့ ဆန့်ကျင်ဘက် မိန်းကလေး တို့ရဲ့ အလှအပအပေါ် စိတ်ဝင်စားသူက ပျော့ညံ့တွေဝေသူ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဆန့်ကျင် ဘက်တို့ရဲ့ အလှကို ကျောခိုင်းပြီး ဆင်းရဲသားထုကြီးရဲ့ ဘဝကို စိတ်ဝင် စားတတ်သူကိုမှ တိုးတက်ခိုင်မာတဲ့ သံမဏိအမြင် သစ်ရှိသူ” လို့ သတ်မှတ်ကြတာကိုး။ တစ်ခါတလေ လူငယ်လေးတွေက“ဘုန်းဘုန်း ဘာဖြစ်လို့ရဟန်း ပြုခဲ့ရတာလဲ” လို့ မေးတိုင်း “ ငယ်ငယ်ရွယ်ရွယ်မှာ မနီနဲ့ အိမ်ထောင်ကျခဲ့လို့ကွ” လို့ ဖြေခဲ့မိတယ်။ “ မနီက ဘယ်ကလဲဟင်” လို့ ဆက်မေးရင်တော့ “ ငါဝတ်ခဲ့တဲ့ အဝတ်နဲ့ ငါဖတ်ခဲ့တဲ့ စာတွေကို ပြောတာပါကွာ”လို့ ပြန်ဖြေခဲ့မိပါတယ်။ ကာလီနတ်သမီး ကိုတော့ မတမ်းခဲ့မိတာ အမှန်ပါ။


ဒီလိုနဲ့ပဲ နုပျိုခြင်းဆိုတဲ့ အရွယ်တွေကို ဘယ်လိုက ဘယ်လို ကုန်လွန် သွားပါလိမ့်လို့တောင် စဉ်းစားချိန် မရလိုက်ဘဲ ဖြတ်သန်းရင်း အခုလို “အိုမင်းခြင်း” ဆိုတဲ့ အရွယ်ထဲ ရောက်လာတဲ့ အခါမှာတော့ “ အရွယ်က စကားပြော လာပြီ” လို့ပဲ ဆိုရမလား၊ “ အတွေ့အကြုံနဲ့ ဉာဏ်မီသမျှ ဆင်ခြင်သတိထား မိတဲ့ အသိတရားလေးတွေက နှိုးဆော်ပေးတယ်” လို့ပဲ ဆိုရ မလားတော့ မသိဘူး။ “ အိုခြင်းရဲ့ အလှတရား”ကို စူးစမ်းရှာဖွေ ရကောင်းမှန်း သိလာသလို၊ အဆင်းအရောင်တောက်ပြောင်ခြင်း မရှိပေမယ့် တည်ကြည်ခံ့ညားတဲ့ ဒီအလှတရားရဲ့ ကျက်သရေကိုလည်း ရှာဖွေခံစား ရကောင်းမှန်း သိလာသလိုလို ထင်မိလာ ပါတယ်။ နုပျိုမှုရဲ့ သွက်လက် တက်ကြွတဲ့ အလှတရားနဲ့ အိုမင်းခြင်းရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရား တို့ကိုလည်း နှိုင်းယှဉ် စဉ်းစားလာမိခဲ့တယ်။ နုပျိုမှုရဲ့ သစ်လွင် လန်းဆန်းတဲ့ ရုပ်ရည်အလှနဲ့ အိုးမင်းခြင်းရဲ့ ထည်ဝါခန့်ငြားတဲ့ ဣနြေ္ဒအလှတရား တို့ရဲ့ ခြားနားခြင်းကိုလည်း ခပ်ရေးရေး မြင်တတ်လာတယ်။


လိပ်များလို ကိုယ့်ဘက် ကိုယ်ယက်ပြီး စဉ်းစားနေတာပါလို့ ဆိုချင်လည်း ဆိုပေရော့။ နုပျိုတက်ကြွခြင်းကို အရင်းတည် ရှာဖွေ ခဲ့သမျှတွေဟာ အတိတ်ကံဟောင်းရဲ့ အထောက်အပံ့ အကူအညီနဲ့ ရရှိတဲ့ အပိုတန်ဖိုးတွေပဲဖြစ်တယ်။ အပိုတွေဆိုတာ ကံကြုံစီး တွေပီပီ ကံဆုံစည်းရာ ဒီတစ်ဘဝတာ အတွင်းမှာပဲ သုံးခွင့်ရနိုင်တာ၊ ကံကုန်လို့ ဒီတစ်ဘဝကို နှုတ်ဆက်ထွက်ခွာချိန် ရောက်လာ ပြီဆိုရင်တော့ အပိုတွေအားလုံးဟာ နှုတ်ဆက်ဖော် ကလေးတောင်မရဘဲ လမ်းခွဲကြရမယ့် တစ်ဘဝစာရိက္ခာလေးများသာ ဖြစ်တယ်။ ရင့်ကျက်တည်ငြိမ်မှုကို အရင်းတည်ပြီး ကြိုးစားရှာဖွေနိုင်တဲ့ နဂိုတန်ဖိုး(ကုသိုလ်ကံ) များကသာ သေအတူ ရှင်မကွာ သံသရာတစ်လျှောက် နိဗ္ဗာန်ရောက်အောင် အသုံးချနိုင်တဲ့ အတွက် ကိုယ်ပိုင်အစစ် ရိက္ခာများဖြစ်တယ်လို့လည်း စဉ်းစား သိမြင် ခံစားလာမိတယ်။


ဒါကြောင့်လည်း အိုခြင်းကို ဒုက္ခလို့ ညည်းညူကြသူတို့နဲ့ တွေ့ဆုံရတဲ့ အခါတိုင်း ]အိုခြင်းဆိုတာ ယိုယွင်းသွားတာ မဟုတ်ပါဘူး။

နုပျိုရာကနေ ရင့်ကျက်ရာဆီ၊ တက်ကြွ သွက်လက်ရာကနေ ရင့်ကျက်တည်ငြိမ်ရာဆီ တိုးတက်ပြောင်းလဲလာတာပါ။ တကယ်တမ်း စဉ်းစားကြည့် လိုက်ရင် နုပျို တက်ကြွစဉ်က“အထင်” တွေကို “အဟုတ်”လို့ မှတ်ယူခဲ့ရာက အခုလိုရင့်ကျက် တည်ငြိမ်တဲ့အရွယ် ရောက်တဲ့အခါ တကယ့်အမှန် တရားဆိုတာ ထင်တာတွေ မဟုတ်ဘူး။ မြင်တာ (ဉာဏ်မြင်)တွေသာ ဖြစ်တယ် ဆိုတာကိုလည်း မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်လာကြမှာပါ” ဆိုတဲ့အကြောင်း မကြာခဏ ပြောပြမိခဲ့ ဖြစ်ပါတယ်။



တချို့ကျတော့ ဒီလို ပြောပြနေတဲ့ ကြားထဲကပဲ “ ဘယ်လိုပဲ ပြောပြောဘုရား၊ အိုလာပြီဆိုမှတော့ ဘာမှအသုံးမကျ တော့ပါ ဘူး”လို့ ညည်းကြောရှည် တတ်ကြပါသေးတယ်။ “ဘာဖြစ်လို့ အသုံးမကျဘူးလို့ ပြောရတာလဲ” ထပ်မေးကြည့်တော့“ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလေ ဘုရား” တဲ့။ အေး အဲဒါပဲဗျ။ အဲဒါပဲဗျ ဆိုတာ အခု အိုသူတိုင်း ညည်းနေတဲ့ “ စိတ်သွားတိုင်း ကိုယ်ကမပါ နိုင်တော့ဘူး” ဆိုတဲ့ စကားဟာ တကယ့်အိုခြင်းရဲ့ အလှတရား၊ ဘဝရဲ့ အမှန်တရား၊ သစ္စာရဲ့ အခြေခံတရား အစစ်ပဲ။ ဒီအမြင်ဟာ တကယ်တော့ ဘဝရဲ့သရုပ်မှန်အမြင်ပါ။ ညည်းညူစရာ မဟုတ်ဘူး။ ဒါဟာ အသုံး ချစရာ အစစ်အမှန်ကို သိမြင်လာတာ။ အဲဒါကို အသုံးချတတ်ရင် အခုမှ အမှန်လမ်းပေါ်ကို ခြေချမိတာဆိုတဲ့အကြောင်း ပြောပြတော့ သူတို့နည်းနည်း စိတ်ဝင်စားလာသလိုပဲ။ “ ဆက်ပြီး ရှင်းပြပါဦး ဘုရား” တဲ့။


အခုညည်းပြတဲ့ စကားထဲမှာ “ စိတ်သွားတိုင်း” ဆိုတာရယ်၊“ကိုယ်မပါ နိုင်တော့ဘူး” ဆိုတာရယ် အပိုင်းနှစ်ပိုင်း ရှိတယ်။ “ စိတ်နဲ့ကိုယ်” ဆိုတဲ့ အပိုင်းနှစ်ပိုင်းပေါ့။ ဒီအပိုင်းနှစ်ပိုင်းမှာ “စိတ်”ဆိုတာက နာမ်တရား၊ “ကိုယ်” ဆိုတာက ရုပ်တရားကိုဆိုတာပါ။ စိတ်က သွားနိုင်သေးတယ်ဆိုတော့ နာမ်စွမ်းအားက ရှိနေသေးတယ်ဆိုလိုရာကျတယ်။ ကိုယ်က မပါနိုင်တော့ဘူးဆိုတော့ ရုပ်စွမ်းအားတွေက လျော့နည်းသွားပြီလို့ ဆိုရမှာပေါ့။


အဲဒီမှာ နာမ်စွမ်းအားနဲ့ ရုပ်စွမ်း အားတို့ရဲ့ လုပ်ဆောင်နိုင်မှုကို သဘောပေါက်ထားဖို့ လိုပါတယ်။

မြတ်စွာဘုရားရှင်ကတော့ “ နာမ်တရားက လှည်းမောင်းသမားနဲ့တူတယ်။ ရုပ်တရားတွေက လှည်းနွား နဲ့တူတယ်” လို့ ဥပမာ ပေးပါတယ်။

လှည်းမောင်းသမားဆိုတာ သုံး သူပါ။ လှည်းနဲ့နွားက ရုန်းရတာပါ။ ဒါကို ကောက်ချက်ချကြည့်ရင် စိတ်က သွားနိုင်သေးတဲ့ အတွက် “သုံးအား” တွေ ကောင်းနေသေးတယ်။ “ကိုယ်က မပါနိုင်တော့ဘူး” ဆိုတော့ ရုန်းလို့တော့ မရတော့ဘူးလို့ ဆိုရမှာပေါ့။

အဲဒါ ဖြည်းဖြည်း ပြန်စဉ်းစား ကြည့်ပါ။ အိုလာတာဟာ “အသုံး မကျတာလား၊ ရုန်းမရတာလား” ။ အဲဒါကို ကွဲကွဲပြားပြား နားလည်ဖို့ လိုပါတယ်။ အမှန်က အိုလာတယ်ဆို တာ ရုန်းမရတော့တာပါ။ အသုံးချ တတ်ရင် သုံးလို့ကတော့ ရနိုင်တယ်ဆိုတဲ့ သဘောကို ပြနေပါတယ်။


စကားထဲမှာ တရားပါဆိုတာ ဒါမျိုး ပြောတာပေါ့။ ရုန်းမရတော့တဲ့ အတွက် အသုံးပိုပြီး ကျလာတဲ့ တကယ့် သဘာဝ အမှန်ကို ဖော်ပြနေတဲ့ စကားပါ။ ရုန်းအားဆိုတာ အစားရှာတဲ့ အား၊ သုံးအားကမှ တရားရှာတဲ့ အားဗျ။ အိုလာလို့ အစားမရှာ နိုင်တော့တဲ့ အရွယ်မှာ တရားရှာဖို့ သုံးအားတွေ ပိုပြီး အချိန်ရလာတယ် ဆိုတာကို လမ်းညွှန်နေတာ။ အလွန် အရေးကြီးတဲ့ လမ်းညွှန်စကား ပါ။ လမ်းညွှန်သလိုလမ်းသွားတတ်ဖို့သာ အရေးကြီးပါတယ်။


“ စိတ်သွားတိုင်း ကိုယ်မပါတော့ ဘူး”ဆိုတာ ညည်းညူရမယ့်စကား မဟုတ်ဘူး။ ဂုဏ်ယူရမယ့်စကားပါ။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် စိတ်သွားတိုင်း ကိုယ်မပါလို့သာ လူရိုသေ ရှင်ရိုသေ ဖြစ်နေသေးတာနော်။ စိတ်သွားတိုင်းသာ ကိုယ်ကြီးက ပါသွားမယ်ဆိုရင် “ ဒီအရွယ်ကြီး ရောက်လို့ တောင် ခုနစ်ထွေက ကနေ တုန်း” လို့ လူတိုင်းကဲ့ရဲ့စရာကြီးဖြစ် နေရုံမကဘူး ပိုကဲလာရင် အိုကြီး အိုမ ထောင်ထဲတောင် ရောက်သွား နိုင်တယ် ဆိုတာကို သဘောပေါက်ဖို့ လိုတယ် ဆိုတဲ့အကြောင်း စပ်မိတိုင်း ပြောပြခဲ့မိတာ အကြိမ်ကြိမ် ရှိပါပြီ။ ဒီလို ပြောပြမိခဲ့တာတွေထဲက ၁၃၇၂ ခု ကုန်ခါနီး တစ်လအလို လောက်က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကြုံခဲ့ပြောခဲ့ဖြစ်တဲ့ အကြောင်းကို ပြန်ပြောချင်ပါတယ်။


ဆစ်ဒနီမြို့ ဗီလာဝုရပ်ကွက် ပါရမီရိပ်သာမှာ လူတိုင်းအတွက် ပဋ္ဌာန်းသင်တန်း ပို့ချလို့ ပြီးဆုံးမယ့် ၁၉.၃.၁၁ နေ့ ညနေပိုင်း မှာ ဆစ်ဒနီရောက်မြန်မာ များရဲ့ ၁၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနဲ့ တိုက်ဆိုင်တွေ့ကြုံရပါတယ်။ တစ်ပတ်လောက် အလို ကတည်းက သက်ကြီးပူဇော်ပွဲမှာ အနုမောဒနာ စကား မြွက်ကြား ပေးဖို့ ကမကထပြုကြတဲ့ လူငယ်များက တောင်းဆိုကြသလို ပဋ္ဌာန်းသင်တန်းကို ညစဉ်မပျက် တက်ရောက်နေကြတဲ့ ဒေါက်တာ ချစ်ဆွေ အစရှိတဲ့ လူကြီးများကလည်း မဖြစ်မနေ ကြွရောက် ဟောပြောပေးဖို့ တိုက်တွန်းပါတယ်။


“မြန်မာတွေ ဘယ်နေရာရောက်နေနေ မြန်မာတို့ရဲ့ အစဉ်အလာ ကောင်းလေးတွေကို ဆက်လက် ထိန်းသိမ်းဖော်ရတာကို ကြားရက တည်းက လေ့လာ သူတစ်ဦးအဖြစ်နဲ့ တက်ရောက်ဖို့ရည်ရွယ်ပြီး ဒီရက်အမီ ဆစ်ဒနီကို ပြန်လာခဲ့တာပါ။ မပျက်မကွက် တက်ရောက်မှာပါ” လို့ ပြန်ပြောတဲ့အခါ မိမိရဲ့ပဋ္ဌာန်း သင်တန်းမှာကိုပဲ အပူဇော်ခံ သက်ကြီးရွယ်အို တော်တော်များများက ပါနေတာဆိုတော့ အားလုံး ဝမ်းသာသွားကြတယ်။


အပူဇော်ခံသက်ကြီး ပုဂ္ဂိုလ်များက လူမျိုးစုံ၊ ဘာသာစုံ လူဦးရေ ၆၀ ကျော်လောက်ရှိပါတယ်။ အစီအစဉ်အရ မိမိက ငါးပါးသီလ ပေးပြီး အနုမောဒနာစကား ပြောကြားခဲ့တာကတော့ မြန်မာပြည်သားများ အနေနဲ့ ရေခြားမြေခြား ဘယ်လိုနေရာမျိုးရောက် နေနေ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်နိုင်ငံရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းထား ဖော်ရတာကို ကြားရကတည်းက ဝမ်းသာလို့ မဆုံးပါဘူး။ အထူးသဖြင့်တော့ ခုလို “ အသက်ဂုဏ်ဝါ ကြီးသူများအပေါ် လေးစားပူဇော်မှု” ဆိုတဲ့ လူ့ယဉ်ကျေးမှုရဲ့ အရေးအကြီးဆုံး အစဉ်အလာကောင်းကြီးကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ဖော်ရတဲ့ ကိစ္စပါပဲ။ ပြီးတော့ ဒီပူဇော်ပွဲမှာ ကျောသား ရင်သား မခွဲခြားဘဲ လူမျိုးမရွေး ဘာသာမရွေး သက်ကြီးရွယ်အို အားလုံး အပေါ်မှာ တစ်စိတ်တစ်ဝမ်းတည်း အတူထားပြီး တစည်းတလုံး စုပေါင်းပူဇော်ကြတာကို တွေ့ရလို့လည်း ဝမ်းသာမဆုံးပါဘူး။


ဒီလို မင်္ဂလာအလွန်ရှိလှတဲ့ ပွဲကြီးမှာ အခုလို ဝမ်းမြောက်စကား ပြောခွင့်ကြုံရတာကိုလည်း ဩစတြေးလျကို ရောက်ခဲ့တဲ့ ၄ ခေါက်စလုံးမှာ အမှတ်တရ အဖြစ်ဆုံးပါ ဆိုတာကိုလည်း ဒီပွဲကို ကမကထပြုကြသူ အားလုံးကိုရော၊ ပူဇော်ကြသူ၊ အပူဇော်ခံ ကြသူ အားလုံးကိုရော အထူးကို ကျေးဇူးတင်မဆုံး ဖြစ်ရပါကြောင်း ပြောလိုပါတယ်။


အခုလို ဝမ်းမြောက်စရာ အကောင်းဆုံးပွဲမှာ ဝမ်းမြောက် စကားပြောရမှာဆိုတော့ အားလုံးအတွက် ထာဝရဝမ်းမြောက်နေစေမယ့် အကြောင်း အရာကိုပဲ ပြောချင်ပါတယ်။ အခုဒီမှာ ပဋ္ဌာန်းသင်တန်းပေး နေရင်းက ပုရေဇာတပစ္စည်းနဲ့ ပစ္ဆာဇာတပစ္စည်း မှာတုန်းကလည်း မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ သက်ကြီး ရွယ်အိုနဲ့ လူငယ်လူရွယ်ဆိုတဲ့ ရှေ့သွားပစ္စည်းနဲ့ နောက်လိုက် ပစ္စည်း အကြောင်းကို ပြောခဲ့ဖြစ်ပါသေးတယ်။ အဲဒီအကြောင်းလေးကိုလည်း နည်းနည်းပြန်ပြောပါဦးမယ်။


ပဋ္ဌာန်းဒေသနာတော်မှာ ပုရေဇာတပစ္စည်းဆိုတာ ရှေးကကြိုတင် ဖြစ်နှင့်ပြီး ကျေးဇူးပြုပေးတတ်တဲ့ တရားလို့ အဓိပ္ပာယ် ရပါတယ်။

ပစ္ဆာဇာတ ပစ္စည်းဆိုတာက နောက်ကနေ ဆက်ဖြစ်ပြီး ကျေးဇူးတုံ့သဘောမျိုးနဲ့ ကျေးဇူးပြုပေးတဲ့ တရားမျိုးပါ။ ဒီခန္ဓာကိုယ်မှာ ရုပ်တရား၊ နာမ် တရားဆိုတဲ့ အခြေခံတရား နှစ်မျိုးရှိတဲ့ အထဲက “ မြင်သိ၊ ကြားသိ၊ နံသိ၊ စားသိ၊ ထိသိ၊ တွေးသိ” ဆိုတဲ့ သိစိတ် နာမ်တရားတွေဆိုတာ ရှေးက ကြိုပြီးဖြစ်နှင့်တဲ့ ဆိုင်ရာအကြည် ဓာတ်ရုပ်တွေကို မှီပြီးတော့မှဖြစ်နိုင် ကြတာပါ။ ဒါကြောင့် ရှေးက ကြို တင်ဖြစ်နှင့်တဲ့ အကြည်ဓာတ်ရုပ်တွေဟာ မိမိတို့ကို မှီပြီးဖြစ်ကြမယ့် သိစိတ်တွေကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုပေး တဲ့ “ပုရေဇာတပစ္စည်း တရားများ” လို့ ခေါ်ပါတယ်။


အဲဒီမှီခိုရာ ရုပ်တရားတွေဆိုတာ စိတ်ခဏ ပေါင်း ၁၇ ကြိမ် သက်တမ်းရှိကြပါတယ်။ အဲဒီလို သက်တမ်းပြည့် ဆက်လက် ဖြစ်တည် နေနိုင်ဖို့အတွက် ကိုတော့ နောက်နောက်စိတ်တွေကပဲ စဉ်ဆက်မပြတ်ဖြစ်ပေးတဲ့ ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူး တုံ့ပြန် ပြုပေး ရပါတယ်။


ရှေးက ကြိုတင်ဖြစ်ပေးတဲ့ ရုပ် အကြည်ဓာတ်တွေမရှိရင် သိစိတ်ဆိုတဲ့ နာမ်တရားတွေ ဖြစ်နိုင်စွမ်း မရှိသလို၊ နောက်က သိစိတ် နာမ်တရားတွေ ဆက်မဖြစ်တော့ ရင်လည်း ရုပ်ဓာတ်တွေ ဆက်လက်ဖြစ်ပေါ်နိုင်စွမ်း မရှိတော့တဲ့အတွက် ဒီဘဝ ဒီခန္ဓာကြီးဟာ သက်မဲ့ရုပ် အလောင်းကြီး ဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့် ပုရေဇာတ ရုပ်တရားတွေနဲ့ ပစ္ဆာဇာတနာမ် တရား တွေဟာ ဘယ်တော့မှ မကင်းကွာကောင်းတဲ့ ကျေးဇူးခံ ကျေးဇူးစားတွေလို့ ဆိုရမှာပါ။


လူ့လောကအလိုကြည့်မယ်ဆိုရင် မိဘတို့၊ ဆရာသမားတို့၊ သက် ကြီးရွယ်အိုတို့က ပုရေဇာတပစ္စည်း တရားများဖြစ်ကြ ပါတယ်။ သားသမီးတို့၊ တပည့်တို့၊ လူငယ်လူရွယ်တို့က ပစ္ဆာဇာတပစ္စည်း တရားတွေပါ။ ဒီပစ္စည်းတရားတွေ အပြန်အလှန် ရှေ့တာဝန်၊ နောက်တာဝန် မကျေပွန်ကြရင် လူသားများကို သတ္တလောကကြီးရဲ့ အယဉ်ကျေးဆုံး၊ အသိဉာဏ် အမြင့်မားဆုံးလို့ ဂုဏ်ပြုနိုင်စရာ ဂုဏ်ယူနိုင်စရာ အကြောင်းမရှိပါဘူး။


တိရစ္ဆာန်များဟာ လူသားများလို အသိဉာဏ် မထက်မြက်နိုင်ကြတာဟာ “ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ သက်ကြီးစကားသက်ငယ် ကြား” ဆိုတဲ့ ပုရေဇာတနဲ့ ပစ္ဆာဇာတ ပစ္စည်းတရား ချို့တဲ့ကြတဲ့ ဘုံဘဝ ကြီးမှာ ဖြစ်ကြလို့ပဲ ဆိုတာကို သတ္တ ဗေဒပညာရှင်များက တညီတညွတ်တည်း လက်ခံ ဆုံးဖြတ်ထားတာ အားလုံး သိကြပြီးသား ပါပဲ။


ဒီနေရာမှာ လူသားများဖြစ်တဲ့ ပုရေဇာတပစ္စည်းများနဲ့ ပစ္ဆာဇာတ ပစ္စည်းများ အသီးအသီးကိုယ့်တာဝန်ကို ကျေပွန်ခဲ့ကြလို့ လူ့ဘဝကြီးဟာ သတ္တလောကအားလုံးထဲမှာ ဂုဏ် သိက္ခာအကြီးမြင့်ဆုံးနဲ့ အလှပဆုံး ဘဝဖြစ်ရပုံကို အားလုံးသဘောပေါက် စေဖို့အတွက် မိမိဉာဏ်မီသလောက် စဉ်းစားမိတဲ့ ဥပမာလေးနဲ့ ပြောပါရစေ။


မှတ်ချက်။ အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

Read more...

ဗာဟိတိက...


အသျှင်ဘုရားအာနန္ဒာ ပညာရှိ သမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုး ဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား မကောင်းသော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား အပြစ်ရှိသော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား ဆင်းရဲနှင့်တကွ ဖြစ်သော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့် တရားမျိုးဟူသည်။ပ။ ပညာရှိ သမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား မကောင်းသော စိတ်ကျင့် တရားမျိုး ဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား အပြစ်နှင့် တကွဖြစ်သော စိတ်ကျင့် တရားမျိုး ဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား ဆင်းရဲနှင့်တကွ ဖြစ်သော စိတ်ကျင့် တရားမျိုး ဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရား ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့် တရားမျိုး ဟူသည် အဘယ်ပါနည်း။

အသျှင်ဘုရားအာနန္ဒာ အလုံးစုံသော အကုသိုလ် တရားတို့ကိုသာလျှင် ပယ်ခြင်းကို ထိုမြတ်စွာဘုရားသည် ချီးမွမ်းတော် မူပါသလော။

၈ - ဗာဟိတိကသုတ်-မှ၊ ရာဇ၀ဂ်၊ မဇ္ဈိမပဏ္ဏာကပါဠိတော်၊ မဇ္ဈိမနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

Read more...

အနတ္တအယူအဆ

ဘာသာအမျိုးမျိုး၌ အတ္တကို ပုံစံအမျိုးမျိုးဖြင့် ယူဆလေ့ရှိကြ၏။ အချို့က ထာဝရအတ္တအဖြစ်ယူဆကြ၏။ အချို့က မာနအခြေခံသော အတ္တအမြင်ဖြစ်၏။ အချို့က ပညတ်အဖြစ်ဖြင့် ငါ ဆိုသောအယူအဆမျိုးဖြစ်၏။ ငါလို့ ပြောရုံမျှသည် အတ္တ၊ မာနတို့နှင့်မသက်ဆိုင်ပါ။ ဘုရား ရဟန္တာတို့သည်ပင် ငါဘုရား စသည်ဖြင့် ပြောဆိုသုံးစွဲရိုး ဧကန်ရှိ၏။ သုံးစွဲရုံမျှဖြင့် အတ္တမဖြစ်၊ အထင်အမြင်အယူအဆကိုက ငါ၊ ငါ့လိပ်ပြာဟု စွဲယူထားမှသာ အတ္တဟုဆိုရ၏။

ဗုဒ္ဓဘာသာ၏ အခြားဘာသာတို့နှင့် လုံးဝမတူအောင် ကွဲပြားချက်မှာ အနတ္တအယူအဆပင်ဖြစ်၏။ အခြားဘာသာများက အတ္တကို အခြေခံထား၏။ ဗုဒ္ဓ၀ါဒက အနတ္တကို ဗဟိုပြု၏။ ထို့ကြောင့် ဖြောင့်ဖြောင့်ဆန့်ကျင်လျက်ရှိ၏။ ဗုဒ္ဓဘာသာသည် အခြားဘာသာတို့ အားကိုးအားထားပြုသော ထာဝရအတ္တအယူအဆကို လက်မခံပေ။ ထို့ကြောင့် ဘ၀မှာ တည်မြဲသောအရာဟူ၍ ဘာတစ်ခုမျှမရှိ။ အရာရာတိုင်းသည် ပျောက်ကွယ်ပျက်စီးခြင်းတွင် လမ်းဆုံးလျက်ရှိ၏။ လက်တွေ့ကျကျ တွေ့သိခံစားနိုင်မှုမရှိသောအရာများကို မှန်းဆမျှော်ခေါ်နေရမည့်အစား ပစ္စုပ္ပန်တည့်တည့်တွင် အမှန်တရားကို ရှာရ၏။ မျှော်ခေါ်တွေးဆနေခြင်းဖြင့် စစ်မှန်သော သစ္စာ- အမှန်တရားကို တွေ့လိမ့်မည်မဟုတ်။

ဘုရားရှင်ကလည်း အတ္တ သို့မဟုတ် ထာဝရဘုရားရှိသည်ကို လက်မခံပေ။ လူသားတို့၏သန္တာန်တွင် ထိုကဲ့သို့သောအရာ မရှိပေ။ လောကကြီးတစ်ခုလုံး အတ္တမှ ဆိတ်သုဉ်း၏။ အရာရာတိုင်းသည် ဖြစ်ပြီးသည်နှင့် ပျက်စီးရမြဲဓမ္မတာဖြစ်သောကြောင့် သတ္တ၀ါ၏သန္တာန်တွင် မပျက်မစီး အမြဲတည်ကိန်းနေသော အတ္တရှိသည်ဟုပင် ထောက်ပြစရာမလိုပါ။ ထို့ကြောင့် ဘုရားရှင်က တဏှာပြတ်စဲရေး၊ ဒုက္ခချုပ်ငြိမ်းရေး၊ ဖြစ်ခြင်း ပျက်ခြင်းမှ ကင်းဝေးရေးတရားဒေသနာတော်များကို ပဉ္စ၀ဂ္ဂီငါးဦးအား ရှေးဦးစွာ ဟောကြားခဲ့ခြင်းဖြစ်၏။ အို ရဟန်းတို့၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ်တို့အပေါ်၌ ငြီးငွေ့ခြင်းဖြင့် တဏှာ ချုပ်ငြိမ်း၏။ တဏှာချုပ်ငြိမ်းခြင်းဖြင့် လွတ်မြောက်မှုကို ရရှိနိုင်၏။ လွတ်မြောက်မှုရရှိသည်ကိုလည်း သိ၏။ ပဋိသန္ဓေ ကုန်ပြီ၊ မြတ်သော ဗြဟ္မစရိယကို ကျင့်သုံးနေပြီ၊ ပြုဖွယ်ကိစ္စမှန်သမျှ ပြုလုပ်ပြီးပြီ၊ နောင်အခါ ပဋိသန္ဓေနေခြင်းမရှိတော့ပြီဟု လွတ်မြောက်သူကိုယ်တိုင် သိရှိလေတော့၏ (သံယုတ္တနိကာယ်)။

ဗုဒ္ဓ၀ါဒကို လေ့လာသုံးသပ်လျှင် ပုဂ္ဂိုလ်၊ သတ္တ၀ါဟု ခေါ်ဆိုနေကြသော အရာများကို ခန္ဓာငါးပါးဖြင့် ပိုင်းခြားစိပ်ဖြာကြည့်ရမည်ဖြစ်၏။ ယင်းသို့ ပိုင်းခြားစိပ်ဖြာကြည့်လိုက်သောအခါ တည်မြဲသောအရာ ဘာတစ်ခုမျှ တွေ့ရတော့မည်မဟုတ်။ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ ခန္ဓာငါးပါး အစုမျှသည်သာတွေ့ရမည်ဖြစ်၏။ ခန္ဓာငါးပါးသည်လည်း မတည်မြဲ၊ ဖြစ်ပျက်ပြောင်းလဲနေခြင်း သဘောမျှသာဖြစ်၏။ ခန္ဓာငါးပါးထဲတွင်လည်း တည်မြဲသောအတ္တဟူ၍ ရှာတွေ့လိမ့်မည်မဟုတ်တော့ပေ။ ထို့ကြောင့် အတ္တအယူအဆသည် လှည့်စားမှုတစ်မျိုးသာဖြစ်၏။ ၀ိပ္ပလ္လာသဟု ပါဠိလိုဆို၏။ ယင်းဝိပ္ပလ္လာသသည် သစ္စာသိမြင်ရေးအတွက် အဟန့်အတားသာ ဖြစ်၏။

ဗုဒ္ဓအလိုကျဆိုရမူ ခန္ဓာငါးပါးသည် အကျဉ်းချုပ်အားဖြင့် နာမ်နှင့် ရုပ်သာဖြစ်၏။ တကယ်တမ်း ဉာဏ်ဖြင့် ဖောက်ထွင်း၍ မြင်အောင်ကြည့်သောအခါတွင်မူ နာမ်၊ ရုပ်ဟူ၍ပင် အမည်နာမများမတွေ့ရတော့ဘဲ အမြဲမပြတ် ဖြစ်ပျက်ပြောင်းလဲနေသည်ကိုသာ မြင်အောင် သတိထား၍ ကြည့်ရမည်ဖြစ်၏။ ယင်းသို့ကြည့်ခြင်းဖြင့် နာမ်ရုပ်အပေါ်တွင် တွယ်ငြိမှုကင်းမဲ့သွားမည်ဖြစ်၏။ နာမ်ရုပ်ကြောင့် ပေါ်ပေါက်လာရသော သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿမီးများလည်း ငြိမ်းအေးသွားမည်ဖြစ်၏။ မြစ်တစ်စင်းကို ကမ်းပေါ်မှ ထိုင်ကြည့်နေသောအခါ သာမန်မျှ ကြည့်လျှင် ရေသည် မပြောင်းမလဲ အမြဲတမ်း ဤသို့ စီးဆင်းနေသည်ဟု မြင်ရ၏။ သေသေချာချာ ဆင်ခြင်ကြည့်လိုက်လျှင်မူ ရှေ့ရှေ့ရေသည် အောက်အောက်သို့ စီးဆင်းသွားပြီး နောက်နောက် ရေအလျဉ်က မပြတ်အောင် အစားထိုးနေသည်ကို တွေ့ရမည်ဖြစ်၏။ ဒီနေ့ စီးနေသောရေသည် မနေ့ကရေမဟုတ်တော့ပါ။ ရေအသစ်အသစ်တို့သာ ဖြစ်နေသည်။ လူဟုခေါ်ဆိုနေသော ရုပ်နာမ်အစုသည်လည်း မြစ်ရေစီးကြောလိုပင် အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို သိမြင်လာသောအခါ ဆုံးရှုံးနစ်နာမှုများအတွက်ရော မရရှိလိုက်သောအရာများအတွက်ပါ သောက ရတက်ပွေစရာမရှိတော့ပါ။

ဗုဒ္ဓ၀ါဒက အတ္တကူးပြောင်းခြင်း (reincarnation) အယူအဆကိုလည်း လက်မခံပါ။ ခန္ဓာတွင် မပျက်မစီး တည်မြဲနေသောအတ္တလေးသည် ဤခန္ဓာပျက်သုဉ်းသော် နောက်ခန္ဓာအိမ်အသစ်သို့ ကူးပြောင်းသွားသည်ဟူသော အယူအဆကို ဗုဒ္ဓ၀ါဒက ဆန့်ကျင်သည်။ ရုပ်နာမ်အရှိကိုသာ လက်ခံ၏။ ယင်းရုပ်နာမ်တို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်းတွင် လမ်းဆုံးနေကြသည်သာဖြစ်၏။ တစ်စက္ကန့်မျှပင် တည်မြဲနေသည်ဟူ၍ မရှိ။ ထို ဖြစ်ပျက်နေခြင်းကို ဒုက္ခအစစ်ဟုဆိုရ၏။ ထိုဒုက္ခအစစ်ကို တွေ့သိခံစားနိုင်မှ ဒုက္ခမှ လွတ်မြောက်လိုစိတ်ပေါ်ပေါက်လာမည်ဖြစ်၏။ လွတ်မြောက်လိုစိတ်ပေါ်လာမှ ဒုက္ခလွတ်ကြောင်း အလုပ်ကို စွမ်းစွမ်းတမန် အားထုတ်လုပ်ကိုင်မည်ဖြစ်၏။ အလုပ်ပင်ပန်း၍ဆင်းရဲခြင်း၊ ကျန်းမာရေးမကောင်း၍ဆင်းရဲခြင်း၊ စည်းပွားရေး အဆင်မပြေ၍ ဆင်းရဲခြင်း၊ အိုရ နာရ သေရ၍ ဆင်းရဲခြင်းတို့သည် သာမန်ဒုက္ခအဆင့်မျှသာ ဖြစ်သည်။ သစ္စာဆိုက်သော ဒုက္ခအစစ်မဟုတ်သေး။ ရုပ်နာမ်တို့၏ တရွေ့ရွေ့ တရိပ်ရိပ် ဖြစ်ချည် ပျက်ချည်၊ ပေါ်လိုက် ပျောက်လိုက် တစ်ဖျပ်ဖျပ် တစ်လပ်လပ် လှုပ်ခတ်မှုကို တည်ကြည်သောသမာဓိ၊ ထက်မြက်သော ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်ရှုမှသာလျှင် ဒုက္ခအစစ်ကို တွေ့မြင်မည်ဖြစ်ပြီး ဒုက္ခသစ္စာအဖြစ် ကိုယ်တိုင် အတည်ပြုလက်ခံနိုင်မည်ဖြစ်၏။ ယင်းသို့ ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်အတည်ပြုလက်ခံလိုက်သည့် ဒုက္ခသည် သစ္စာဟူသော အမှန်တရားအစစ်ဖြစ်လာလေတော့၏။ ထို့ကြောင့် ဒုက္ခသစ္စာကို အတ္တတွင် ရှာဖွေရမည်မဟုတ်၊ ရုပ်နာမ်တွင်သာ ရှာဖွေရမည်ဖြစ်၏။ ရုပ်နာမ်သည်လည်း ဖြစ်ပျက်ပင် ဖြစ်၏။ ဉာဏ်မျက်စိဖြင့်ကြည့်မှ မြင်ရသောအရာဖြစ်၏။ ပကတိမျက်စိဖြင့် မြင်ရသောအရာမဟုတ်။ ကြည့်၍ မြင်နေရသော ယင်းဖြစ်ပျက်သည်ပင် ဒုက္ခသစ္စာ ဖြစ်တော့၏။ မြင်နေရသော ဉာဏ်သည် မဂ္ဂသစ္စာဖြစ်၏။ ဉာဏ်ဖြင့် မြင်နေခိုက်တွင် မပေါ်သောအားဖြင့် ချုပ်ပျောက်နေသော တဏှာ ဥပါဒါန် စသည့်ကိလေသာတို့သည် သမုဒယသစ္စာဖြစ်၏။ ဉာဏ်ပေါ်ခိုက်တွင် ကိလေသာပေါ်ခွင့်မရှိ။ ဉာဏ်သည် မည်သည့်ကိလေသာနှင့်မျှ ရောယှက်ခြင်းမရှိ။ ကိလေသာပေါ်လျှင်လည်း ဉာဏ်သည် ပေါ်ရိုးထုံးစံမရှိ။ ဉာဏ်ဟူသည်မှာ ဖြစ်ပျက်ကို မြင်သောဉာဏ်သာဖြစ်၏။ အများနားလည်သော သညာဆိုင်ရာ မှတ်ဉာဏ်၊ အသိဉာဏ်မျိုးကို ဆိုလိုသည်မဟုတ်။ အကြောင်းသမုဒယသစ္စာကြောင့် အကျိုးဒုက္ခသစ္စာဖြစ်သည့် ရုပ်နာမ်တို့ ဖြစ်ပေါ်လာရခြင်းဖြစ်လေရာ အကြောင်း သမုဒယသစ္စာချုပ်ပျောက်ခိုက်တွင် အကျိုးဒုက္ခသစ္စာလည်း ပေါ်ပေါက်ခွင့်ရုပ်သိမ်းပြီးဖြစ်နေတော့၏။

ဉာဏ်တစ်ကြိမ်ပေါ်လျှင် အကြောင်းသမုဒယတစ်ကြိမ်ချုပ်မည်သာဖြစ်၏။ အကြောင်းတစ်ကြိမ်ချုပ်လျှင် အကျိုးလည်း တစ်ကြိမ်ချုပ်မည်မှာ ငြင်းဖွယ်ရာမရှိ။ ယင်းသို့ နောင်ခန္ဓာရုပ်နာမ်ဖြစ်ကြောင်းချုပ်၍ နောင်ခန္ဓာရုပ်နာမ်ဖြစ်ကျိုးတို့ ပေါ်ပေါက်ခွင့်မရှိသည်ကို နိရောဓသစ္စာဟုဆိုရ၏။ ဖြစ်ပျက်တစ်ကြိမ်မြင်ကာမျှဖြင့် သစ္စာလေးပါး တစ်ပြိုင်နက်ပေါ်၏။ ထို့ကြောင့် တစ်ကြိမ်မြင်လျှင် ကိလေသာတစ်ခါသေ၊ နှစ်ကြိမ်မြင်လျှင် နှစ်ခါသေ စသည်ဖြင့် နားလည်ထားရမည်ဖြစ်၏။ ကိလေသာတစ်ခါသတ်နိုင်လျှင် နောင်ခန္ဓာတစ်ကြိမ်လျော့၊ နှစ်ခါသတ်နိုင်လျှင် နှစ်ကြိမ်လျော့မည်သာဖြစ်၏။ လောကီအဆင့်မျှသာ ပြောခြင်းဖြစ်၏။ ယင်းသို့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်အောင်ကြည့်ပြီး ကိလေသာတွေ သတ်နေသည်ကို ၀ိပဿနာဟုဆိုရ၏။ လောကီဝိပဿာနာပင်ဖြစ်၏။ လောကီဝိပဿနာသည်လည်း ကိလေသာကို သတ်သည်သာဖြစ်၏။ အမြစ်ပြတ်မသတ်နိုင်စေကာမူ တဒင်္ဂအဖြစ်တော့ သတ်နေပါ၏။ တဒင်္ဂသတ်နည်းကို ကိုယ်တိုင်လုပ်ကြည့်၍ ကိုယ်တိုင်သိလိုက်လျှင် အမြင်မှန်လမ်းမှန်ပေါ်ရောက်တော့၏။ သမ္မာဒိဋ္ဌိဟုဆိုရ၏။ တဒင်္ဂသတ်နည်းအတိုင်း မလျှော့သောဇွဲဖြင့် ကြိုးစား၍ သတ်သွားမည်ဆိုပါက တစ်နေ့နေ့တွင် ထာဝရသတ်နည်းကို တွေ့ရမည်သာဖြစ်၏။ ထာဝရသတ်နည်းဖြင့် နောင်အခါ ပြန်ပေါ်မလာတော့အောင် သတ်နိုင်လိုက်ပြီဆိုလျှင်တော့ ငါအောင်ပြီဟု ဟစ်အော်ကြွေးကြော်လိုက်ပါတော့။

သတ်ပြီးသော ကိလေသာများလည်း ပြန်လည်ပေါ်လာမည်မဟုတ်တော့သလို ကိလေသာကြောင့်ဖြစ်ရသော နောင်ဘ၀ ရုပ်နာမ်အစုလည်း ပြန်ဖြစ်တော့မည်မဟုတ်။ ရုပ်နာမ်ခန္ဓာဆိုသော လောင်စာလည်း သိမ်း၍ ကိလေသာအပူမီးလည်း ငြိမ်းလေတော့၏။ လောင်စာသိမ်း၍ မီးငြိမ်းသည်ကို နိရောဓသစ္စာဆိုက်သည်ဟု ဆိုရ၏။ နိဗ္ဗာန်ဟူသည်မှာလည်း နိရောဓသစ္စာပင်ဖြစ်ပါ၏။ ရုပ်နာမ်သည် ဖြစ်ပျက်၊ ဖြစ်ပျက်သည် ဒုက္ခ။ နိဗ္ဗာန်ကိုမြင်သောဉာဏ်၌ ရုပ်နာမ်ကိုလည်း တွေ့မည်မဟုတ်၊ ဖြစ်ပျက်လည်း တွေ့မည်မဟုတ်၊ ဒုက္ခလည်းတွေ့မည်မဟုတ်။ ရုပ်နာမ်ချုပ်၍ ငြိမ်သက်နေသည်ကိုသာ တွေ့ရမည်ဖြစ်၏။ ငြိမ်းအေးနေသည်ကိုသာတွေ့ရမည်ဖြစ်၏။ ချမ်းသာနေသည်ကိုသာ တွေ့ရမည်ဖြစ်၏။ ဖြစ်ပျက် ရုပ်နာမ်မရှိ၍ ငြိမ်သက်နေတော့လေ၏။ ဒုက္ခမတွေ့ရတော့ဘဲ သုခကိုသာတွေ့ရသဖြင့် ငြိမ်းနေလေတော့၏။ နိဗ္ဗာန်ကို မြင်လိုက်ရသဖြင့် ငြိမ်းနေခြင်းဖြစ်ပါ၏။ ကိလေသာအပူဓာတ်များမရှိတော့သဖြင့်လည်း ရင်ထဲတွင် အေးနေလေတော့၏။ အမြင်မှာ ငြိမ်း၊ အနေမှာ အေးနေသည်ဟု ခံစားရ၏။ နောင် လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အပါယ်ခန္ဓာ ဘယ်ခန္ဓာမှမလာတော့ဘဲ ခန္ဓာမှန်သမျှ ချုပ်ငြိမ်းရုပ်သိမ်းသွားပြီသဖြင့်လည်း ချမ်းသာနေလေတော့၏။

ထိုကဲ့သို့ ခန္ဓာတွင် ဒုက္ခသစ္စာမြင်အောင် ရှာဖွေနိုင်လျှင် တစ်သံသရာလုံးက အထင်အမြင်လွဲမှားခဲ့သော အတ္တအယူဝါဒသည် အလိုလို ဆိတ်သုဉ်းသွားမည်သာဖြစ်၏။ မည်သူဖျက်လို့မှမရသောအတ္တ၊ မည်သူသတ်လို့မှ မသေသောအတ္တ၊ လူသေသော်လည်း အတ္တကတော့ မသေဘဲ အခြားခန္ဓာသို့ ပြောင်းဝင်သည်ဟုယူဆထားကြသောအတ္တကို ဉာဏ်ဖြင့်ရှာဖွေသော်လည်း တွေ့ရမည်မဟုတ်။ မတည်မမြဲ ပြောင်းလဲဖြစ်ပျက်နေခြင်းကိုသာ တွေ့ရမည်ဖြစ်၏။ ထိုပြောင်းလဲဖြစ်ပျက်ခြင်းသည်လည်း အဆုံးမဲ့ ဖြစ်ပျက်နေခြင်းမျိုးကား မဟုတ်။ ဉာဏ်ဖြင့်မြင်အောင်ကြည့်လျှင် မြင်ရမည်ဖြစ်၏။ ဆက်လက်ကြည့်နေ၍ မြင်ဖန်များလျှင် ဖြစ်ပျက်ဒုက္ခတွေ နှိပ်စက်ခံနေရသည်ဟု ဉာဏ်ဖြင့်ဆုံးဖြတ်ချက်ချလျက် ဖြစ်ပျက်ကိုကြည့်ရသည်ပင် ငြီးငွေ့စိတ်ပျက်ဖွယ်ရာဖြစ်လာတော့၏။ ငြီးငွေ့သော်လည်း မရပ်မနားဘဲ ဆက်လက်၍ ရှုမြဲတိုင်းရှုနေမည်ဆိုပါက ရှုနေဆဲဉာဏ်အောက်မှာပင် ဖြစ်ခြင်းပျက်ခြင်းတို့ ပျောက်၊ နိဗ္ဗာန်အငြိမ်းဓာတ်ရောက်လာမည်ဖြစ်၏။ ထိုအဆင့်ကိုပင် ဖြစ်ပျက်ဆုံးသည်ဟုဆိုရ၏။ ထို့ကြောင့် ဖြစ်ပျက်သည်လည်း အဆုံးရှိ၏။ အဆုံးမဲ့ကား မဟုတ်ပါ။ ဖြစ်ပျက်ဆုံးခြင်းသည် ခန္ဓာဆုံးခြင်းဖြစ်၏။ ခန္ဓာဆုံးခြင်းသည် ရုပ်နာမ်ဆုံးခြင်းဖြစ်၏။ ရုပ်နာမ်ဆုံးခြင်းသည် ဒုက္ခဆုံးခြင်းဖြစ်၏။ ဒုက္ခဆုံးခြင်းသည်ပင် နိဗ္ဗာန်ဖြစ်တော့၏။

ဒေါက်တာအရှင်ပါရမီ

Read more...

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုနိုင်လဲ

၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။
အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှုတွေ လျော့နည်းလာခြင်းပါပဲ။
လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။
စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။

၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။
နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။

၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။
နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။

၅။ ဘ၀မှာ ပိုနေပျော်လာတယ်။
အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

ဆောင်သွားတဲ့တဲ့ အရာများ---
ငွေကြေး၊ အ၀တ်အစားနဲ့ နေ့စဉ်အသုံးအဆာင် ပစ္စည်းများအပြင် ယူဆောင်သွားသင့်တဲ့ တခြားပစ္စည်း များနဲ့ ဆေးဝါးများကတော့-
* အနာတရဖြစ်ရင် ကပ်ဖို့ ပလတ်စတာများ၊
* ဒဏ်ရာအသေးစားအတွက် အရက်ပြန် အနည်းငယ်၊ ပတ်တီးနဲ့ ဂွမ်းတချို့၊
* အနာလိမ်းဆေး ခရမ် (ဘီတာဒိုင်း၊ ရွှေဝါလိမ်းဆေး၊ Tetracycline မျက်စဉ်းဆေး)
* ပိုးမွှားကိုက်တဲ့ ယားနာတွေ သက်သာစေဖို့အတွက် Calamine lotion.
* ကိုက်ခဲနာကျင်မှုကို ပျောက်ကင်းသက်သာစေနိုင်တဲ့ ပါရာစီတမော တို့လို အနာသက်သာဆေးဝါးများ၊
* နှာစေး၊ ချောင်းဆိုးခြင်းနဲ့ ဓာတ်မတည့် ယားယံခြင်းတို့ကို သက်သာစေနိုင်တဲ့ Antihistamine
အမျိုးအစားဆေးဝါးများ (ဥပမာ-ဘာမီတွန်၊ Cetrizine)
* အစာမကြေ၊ လေထိုး၊ လေအောင့်တာတွေ သက်သာစေဖို့အတွက် အစာကြေဆေးဝါးများ
(ဥပမာ-Antacid, Kremils)
* ၀မ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ သောက်ဖို့အတွက် BPI ဓာတ်ဆေးထုပ်များ၊
* ကားမူး၊ လေယာဉ်မူး၊ သင်္ဘောမူး စတာတွေကို ကာကွယ်သက်သာစေဖို့အတွက်
Stemetil, Emidoxin တို့လို ဆေးဝါးများ။
* ကတ်ကြေးနဲ့ ဇာဂနာ။
* နေလောင်ကာ လိမ်းဆေး။
* အမူးအမော်တွေ သက်သာစေဖို့ ရှူဆေး။
* လက်နှိပ်ဓာတ်မီး။
* အမျိုးသမီးများအတွက် အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်။
ပုံမှန် ဆေးဝါးမှီဝဲသောက်သုံးနေရသူများ ကိုယ်သောက်နေကျဆေးဝါးတွေကို ယူဆောင်သွားဖို့ မမေ့ပါနဲ့။ ကိုယ်နဲ့မကွာ ဆောင်ထားပါ။ ခရီးမထွက်ခင်မှာ ရောဂါအခြေအနေသိရအောင် Medical Check-up လုပ်ပြီး စိတ်ချရတဲ့ အခြေအနေရှိမှသာ ခရီးသွားပါ။

ရင်ကျပ်ပန်းနာရောဂါသည်များ ရင်ကျပ်ပျောက်ဆေး၊ ရှူဆေး (Asthmainhaler) တွေကို ယူဆောင်သွားဖို့ မမေ့ပါနဲ့။ သင်သောက်နေကျ ဆေးဝါးတွေရဲ့ ဆေးဝါးအမည် (ဆေးဝါးအမှတ်တံဆိပ်မဟုတ်ပါ) တနေ့လျှင် သောက်ရမယ့် ပမာဏနဲ့ အကြိမ်အရေအတွက်ကို သေချာရေးမှတ်ထားပါ။ ဒါမှ ဆေးပျောက်သွားတဲ့အခါပဲ ဖြစ်ဖြစ်၊ ကုန်သွားတဲ့အခါပဲ ဖြစ်ဖြစ် ၀ယ်ပြီး သောက်လို့ရမှာပါ။ ဖြစ်နိုင်ပါက သင်ရဲ့ ဆေးကုသမှုမှတ်တမ်းစားရင်းကို ခရီးသွားတဲ့အခါ ဆောင်သွားသင့်ပါတယ်။

လူအများနဲ့ ခရီးသွားပါက ---
ကိုယ်ပိုင်ကားနဲ့ မဟုတ်ဘဲ ခရီးသွားကား၊ ရထား၊ သင်္ဘောနဲ့ လေယာဉ်စတဲ့ လူအများနဲ့သွားရတဲ့ ယာဉ်တွေနဲ့ ခရီးသွားမယ်ဆိုပါက ကိုယ်ကြိုက်တဲ့အချိန်သွား၊ ကြိုက်တဲ့နေရာမှာ ရပ်ဖို့မဖြစ်နိုင်တဲ့အတွက် လူများအနေနဲ့ လိုက်လျောညီတွေနေတတ်မှ ဖြစ်ပါမယ်။ အဲဒီလို ခရီးသွားတဲ့အခါ သိရမယ့်အချက်များကတော့-
* ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ် ဒါမှမဟုတ် ချိန်းဆိုထားတဲ့နေရာကို အချိန်အစောကြီး ကြိုရောက် နေအောင် ကြိုးစားပါ။ အချိန်ကပ်မှ ရောက်ပါက စိတ်လောနေရပြီး စိတ်ပင်ပန်းဆင်းရဲမှုကို ဖြစ်စေနိုင်ပါတယ်။
* အိမ်ကမထွက်မီ လိုအပ်တဲ့အရာများကို သေချာစစ်ပါ။ ခရီးမထွက်မီ တရက်လောက် လိုကတည်းက ယူသွားမယ့်ပစ္စည်းများစာရင်းကို ရေးမှတ်ထားကာ မသွားမီတခေါက်လောက် ပြန်စစ်ပါ။
* ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ် ပါ-မပါ၊ မှတ်ပုံတင်၊ Passport ပါ-မပါ၊ ပိုက်ဆံ အလုံအလောက် ပါ-မပါ သေချာပြန်စစ်ပါ။
* ကိုယ်နဲ့မကွာ ဆောင်ထားသင့်တဲ့ ဆေးဝါးများ၊ ပစ္စည်းများကို ကိုယ်ရဲ့လက်ကိုင်အိတ်ထဲ ထည့်ထားပါ။
* အစာစားဖို့၊ အပေါ့အပါးသွားဖို့ ကားရပ်ပေးတဲ့အခါ မဆာပေမယ့်လည်း စားထားပါ၊ မသွားချင်ပေမယ့် သွားထားပါ။ မဟုတ်ရင် လမ်းတ၀က်ရောက်မှ ဒုက္ခရောက်နေပြီး ကိုယ့်အတွက်နဲ့ အများတကာ ခရီးဖင့်နေရပါလိမ့်မယ်။
* ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ချည်းပဲ သွားတာမျိုးမဟုတ်တဲ့ အခါ စကားအကျယ်ကြီး ပြောခြင်း၊ အားရပါးရ ရယ်မောခြင်းကို ပြုလုပ်ပါက အများတကာ အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ ရှောင်ရှားပါ။
* ကျန်းမာရေး-ဆိုပြီး ကားရပ်ပေးတဲ့အခါ ကိုယ်ကမသွားချင်သေးလည်း အညောင်းပြေ အညာပြေ လမ်းထလျှောက်ပေးသင့်ပါတယ်။

လေယာဉ်ပျံစီးတဲ့အခါ---
* လေယာဉ်ပျံအတက်နဲ့ အဆင်းမှာ နားအူတာမျိုးမဖြစ်အောင် သကြားလုံးငုံပြီး စုပ်နေပါ။ ဒါမှမဟုတ် ပီကေ၀ါးစားနေပါ။ နှာခေါင်းကို ဖိကိုင်ထားပြီး ပါးစပ်ကိုပိတ်ကာ လေမှုတ်ထုတ်ကြည့်ရင်လည်း သက်သာလာနိုင်ပါတယ်။
* သင်ရဲ့ လုံခြုံမှုအတွက် အကြံပေးချက်တွေနဲ့ အရေးပေါ်အခြေအနေတွေမှာ ပြုလုပ်ရမယ့် ညွှန်ကြားချက်တွေကို အသေအချာ ဂရုစိုက်နားထောင်ပေးပါ။
* လေယာဉ်ပျံ စီးနေတုန်း ရေများများသောက်ပေးပါ။ တနာရီကို ရေ ဖန်ခွက်တခွက်နှုန်း ဒါမှမဟုတ်-နှစ်ခွက်နှုန်း သောက်ပေးသင့်ပါတယ်။ လေယာဉ်စီးနေတဲ့အခါ ရေဓာတ်ခန်းခြောက်မှုတွေ ဖြစ်လာနိုင်လို့ပါ။
* လေယာဉ်ပျံစီးနေတုန်း အရက်တို့၊ ကဖင်းပါတဲ့ အရည်တို့ကို ရှောင်ရှားသင့်ပါတယ်။ အရက် ဒါမှမဟုတ် ကော်ဖီအသောက်များပါက နှလုံးခုန်မမှန်တော့တာတို့၊ နှလုံးခုန် မြန်လာတာတို့ ဖြစ်တတ်ပါတယ်။ ရေဓာတ်ကိုလည်း ပိုမိုခန်းခြောက်လာစေနိုင်ပါတယ်။
* လေယာဉ်ထဲရှိ လေရဲ့အောက်ဆီဂျင်ပမာဏဟာ သာမန်လေထဲရှိ အောက်ဆီဂျင် ပမာဏထက် အနည်းငယ် နည်းပါးတဲ့အတွက် နှလုံးရောဂါနဲ့ အဆုတ်ရောဂါရှိသူတွေ ရောဂါဝေဒနာ အနည်းငယ် ပိုခံးစား ရနိုင်ပါတယ်။ ဒါကြောင့် ရောဂါဝေဒနာ သက်သာနိုင်တဲ့ ဆေးဝါးတွေကို ကိုယ်နဲ့မကွာ ဆောင်ထားသင့်ပါတယ်။
* လေယဉ်အကြာကြီးစီးတဲ့အခါ မလှုပ်ရှားဘဲနေပါက ဖြေဖ၀ါးဖူးရောင်ခြင်း၊ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနဲ့ အစာမကြေခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တနာရီလောက်ကြာတိုင်း ထိုင်ခုံနေရာမှထကာ ဆယ်မိနစ်ခန့် လမ်းထလျှောက်ပါ။ အကြောတွေပါ ဆန့်ထုတ်လိုက်ပါ။
* ထိုင်ခုံမှာ ထိုင်နေတဲ့အခါမှာလည်း ခြေထောက်ကို စက်ဘီးစီးသလို နှိမ့်လိုက်မြင့်လိုက်နဲ့ လှုပ်ရှားပေးပါ။ ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။

အစားအသောက် စားသောက်တဲ့အခါ---
* ရေသန့်ဘူးသာ ၀ယ်သောက်ပါ။ ရေခဲထည့်ပြီး သောက်ရတဲ့ အအေးမျိုး မသောက်ပါနဲ့။ အလုံပိတ်ထားတဲ့ ရေခဲစိမ်ပုလင်း၊ ဒါမှမဟုတ်-သံဘူးများကိုသာ သောက်ပါ။
* သစ်သီးဖျော်ရည်တွေထဲမှာ ထည့်ဖျော်ထားတဲ့ ရေခဲနဲ့ရေက သန့်-မသန့် မသိနိုင်တဲ့အတွက် မသောက်တာ အကောင်းဆုံးပါ။
* လူစိမ်း သူစိမ်းကကျွေးတဲ့ အရည်တွေ မသောက်ပါနဲ့၊ အိပ်ဆေးခတ်ပြီး ပစ္စည်းလုယူသွားတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။
* လက်ဖက်ရည်တို့၊ ကော်ဖီတို့ကတော့ ရေနွေးနဲ့ဖျော်ထားတာဖြစ်တဲ့အတွက် သောက်လို့ရပါတယ်။
* ရေသန့်ဘူးကြီးကြီး ဆောင်သွားပြီး မကြခဏ ရေသောက်ပေးပါ။
* အစားအစာ စားသောက်တဲ့အခါ ချက်ထား၊ ပြုတ်ထား ဒါမှမဟုတ် အခွံခွာလို့ရတဲ့ အစာကလွဲရင် ဘာမှမစားပါနဲ့။
* ပင်လယ်စာတွေ စားတဲ့အခါ ဆိုင်သန့်သန့်မှာသာ ရွေးစားပါ။ လတ်ဆတ်တဲ့ ဂဏန်း၊ ငါး၊ ခုံး၊ ပုစွန် တို့ကိုသာ စားပါ။ စားလို့ကောင်းတိုင်း အလွန်အကျွံ မစားမိပါစေနဲ့။
* အာဟာရပြည့်ဝအောင် စားပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ထမင်း မျှတအောင် စားပါ။
* လမ်းဘေးဆိုင်က ဘယ်တော့မှ ၀ယ်မစားပါနဲ့။
* အစာမစားမီ လက်ကို သန့်ရှင်း စင်ကြယ်အောင် သေချာဆေးကြောပါ။ ခရီးသွားတဲ့အခါ လက်မှာ ဖုန်တွေအများကြီး ကပ်ငြိနေနိုင်လို့ပါ။

မတော်တဆ ထိခိုက်မှုတွေ မဖြစ်အောင်---
* အရက်မူးပြီး ကားမမောင်းပါနဲ့။
* အရက်မူးပြီး ရေဆင်း မကူးပါနဲ့။
* ပင်လယ်ထဲ ရေဆင်းကူးတဲ့အခါ လူရှိတဲ့အချိန်မှာ ကူးပါ။ လူအများနဲ့ ဝေးတဲ့နေရာမှာ တယောက်တည်း သွားမကူးပါနဲ့။
* အတင့်ရဲပြီး ရေအရမ်းနက်တဲ့ နေရာကို သွားမကူးပါနဲ့။
* ကိုယ်မသိတဲ့ အရပ်ဒေသမှာ ညဘက် မိုးချုပ်အဖော်မပါဘဲ ဘယ်တော့မှ လျှောက်မသွားပါနဲ့။

နေလောင်ဒဏ် မခံရအောင်---
* နေရောင်ခြည်ဒဏ် ကာကွယ်ပစ္စည်း (SPF) အနည်းဆုံး ၁၅-ဆ ပါဝင်တဲ့ နေလောင်ကာ ခရင်မ် (Sunblock) ကို လိမ်းပေးပါ။ တနာရီကြာတိုင်း တခါ လိမ်းပေးပါ။
* နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ကို ဆောင်းထားပါ၊ အင်္ကျီလက်ရှည် ၀တ်ပေးပါ။

ဒေါက်တာ နုမြတ်
( အာရောဂျံ မဂ္ဂဇင်း ၂၀၀၈-ဇန်န၀ါရီလ)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP