* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, May 2, 2011

၂၃.၄.၂၀၁၁၊ မရွှန်းလဲ့လဲ့သွင်(စင်ကာပူ)၏ မွေးနေ့အလှူမှ ဓာတ်ပုံများ

မရွှန်းလဲ့လဲ့သွင် (စင်္ကာပူ)၏ မွေးနေ့အလှူ

၂၃.၄.၂၀၁၁ (စနေနေ့) တွင် မရွှန်းလဲ့လဲ့သွင်(စင်္ကာပူ)၏ မွေးနေ့အလှူအဖြစ် သံဃာတော်များအား အရုဏ်ဆွမ်း မုန့်ဟင်းခါး ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

မွေးနေ့ရှင် မရွှန်းလဲ့လဲ့သွင် ၏ ၂၃.၄.၂၀၁၁ နေ့တွင် ကျရောက်သော မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြီးပြည့်စုံကာ ဘာသာ သာသနာအကျိုးကို မိမိတတ်နိုင်တဲ့ဘက်မှ အထောက်အပံ့ပေးနိုင်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

5575070.jpg

5575063.jpg

5575064.jpg

5575066.jpg

ဦးဇင်း- ဆရာတော်နှင့်အတူ ခရီးထွက်နေခြင်းကြောင့် အလှူဓာတ်ပုံများကို တင်ပေးတာနောက်ကျသွားခြင်းကို နားလည်ပေးနိုင်ကြပါစေခင်ဗျာ။

အားလုံးပဲအလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ....။

Read more...

Dustbin Monks - ဘုန်းကြီးအမှိုက်ပုံးများ


ဘုရားရှင် လက်ထက်ကတော့ ဘယ်လိုလဲ မသိ။ စာပေအရှိကို သတိမထားမိသေး။ ဒီနေ့ခေတ်မှာ လူတွေရဲ့ ပြဿနာတွေကို ဆရာတော်တွေ နားထောင်ပေးရတာဟာ သာသနာရေး အလုပ်တစ်ခုလိုကို ဖြစ်နေပြီ ထင်ပါတယ်။ တောမှီဂူအောင်း မနေနိုင်ကြတဲ့ ဆရာတော်တွေ ဆိုတော့လည်း ဒီလိုပဲပေါ့။ တောမှီဂူအောင်းတယ် ဆိုရင်တောင်မှ လူ့ပြဿနာတွေက လွတ်ပါလိမ့်မယ်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဒကာဒကာမတွေက တောထဲထိ လိုက်လာပြီး သူတို့ပြဿနာတွေကို ရင်ဖွင့်ချင် ဖွင့်ကြပါလိမ့်အုံးမယ်။ ကူကယ်ရာ ရှာချင်ရှာကြပါလိမ့်အုံးမယ်။ အထူးသဖြင့် မြန်မာဒကာဒကာမ တော်တော်များများဟာ နီးစပ်ရာ ဆရာတော်တွေကို သူတို့ရဲ့ လူ့ကိစ္စ လူ့ပြဿနာတွေကို ရင်ဖွင့်လျှောက်ထားလေ့ ရှိကြပါတယ်။ ဆရာဒကာ ဆက်ဆံရေး လမ်းကြောင်းပေါ်က ယုံကြည်မြတ်နိုးမှု၊ ချစ်ခင်လေးစားမှု၊ ရင်နှီးကျွမ်းဝင်မှု၊ မှီခိုအားထားမှု၊ ယုံကြည်ကိုးစားမှု စတဲ့စတဲ့ လှိုင်းတံပိုးတွေက တွန်းပင့်ပေးလိုက်လို့ ပွင့်ထွက်လာတဲ့ သဘောပေါ့။ ထုံးစံအားဖြင့် ဒကာဒကာမတွေဟာ၊ အထူးသဖြင့် ဒကာမတွေဟာ ပြဿနာတစ်ခုခုကို ဆရာတော်တွေဆီမှာ တင်ပြလျှောက်ထားပြီး ပြဿနာပြေလည်အောင် “မေတ္တာပို့ပေးပါအုံး ဘုရား”လို့ ကျိုးကျိုးနွံနွံ ယုံယုံကြည်ကြည် အားကိုးတကြီး မေတ္တာရပ်ခံလေ့ရှိကြပါတယ်။

“အိမ်မကပ်ရဲတာ ကြာပြီဘုရား။”
“ချဲ ပေါ့ဘုရား ချဲတဲ့ ချဲ ချဲ . . .။ ကော်မရှင်လုပ်တာ ဒိုင်က မလျော်တော့ သူပြေးနေရတယ် ဘုရား။”
----------------
“ဒီ ဆယ်တန်း ခဏခဏ ကျနေမှတော့ ကျောင်းလည်း ဆက်မထားနိုင်တော့ဘူး ဘုရား . . .”
“ခုတော့ ရွှေတောမှာ . . .”
“ငွေ ပို့နိုင်ရမထားလို့ . . .။ ဆိုးတယ် ပွေတယ် ကြားတယ် ဘုရား . . .”
----------------
“လိုက်ပြေးလို့ ပေးစားလိုက်ပြီ။ ကိုယ့်ဟာကိုယ်ပဲ နေတော့တယ် ဘုရား။”
----------------
“အလုပ်က ခုထိမရသေးဘူးဘုရား။ စတေးက ကုန်တော့မယ်။”
----------------
“ကုမ္ပဏီက လူလျှော့လိုက်တာ တပည့်တော်တို့လည်း ပါသွားတယ်။ ခု အလုပ်သစ် ရှာနေတာ။”
----------------
. . . . . ဒါတွေဟာ တကယ်တော့ အမှိုက်တွေ ဖြစ်ပါတယ်။ ဆရာဒကာ လူမှုဆက်ဆံရေးနယ်မှာ ဒါတွေကို လက်မခံလို့လည်း မဖြစ်ပါဘူး။ ငြင်းလည်း မငြင်းရက်စရာပါ။ ကြုံရတဲ့ အဖြစ်အပျက် အခက်အခဲကို ပြောပြရင်ဖွင့်လိုက်ရတော့၊ မေတ္တာဓာတ် အရှိန်အ၀ါကို ခံယူရရှိတန်ကောင်းရဲ့လို့ ယုံကြည်မျှော်လင့်လိုက်ရတော့ ဒုက္ခသည် လူဒကာဒကာမတွေ အနေနဲ့ ရင်ထဲ နည်းနည်းတော့ ပေါ့သွားနိုင်ပါတယ်။

ရင်းနှီးတဲ့ အနေနဲ့ ရင်ဖွင့်လို့ပဲဖြစ်ဖြစ် အားကိုးတဲ့ အနေနဲ့ ပြောပြလို့ပဲဖြစ်ဖြစ် မကင်းရာ မကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း လူ့အခက်အခက်အခဲတွေ နားထောင်နေရတဲ့ (ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မေတ္တာပို့ပေးနေရတဲ့) ဒီနေ့ခေတ် ဆရာတော် တော်တော်များများဟာ လူ့ဒုက္ခ လူ့အပူ အမှိုက်သရိုက်တွေ စွန့်ပစ်ရာ အမှိုက်ပုံးနဲ့ တူနေပါတော့တယ်။ ပြဿနာတွေ အခက်အခဲတွေကို ကြားသိရတဲ့ ဆရာတော်တွေလည်း အနည်းနဲ့အများ သောကငွေ့ ရိုက်ခတ်တာ ခံရနိုင်တာပေါ့။ အမှိုက်သရိုက် အပုပ်အသိုး အနံ့တွေ စွဲလာနိုင်တာပေါ့။ စုမိဆောင်းမိတဲ့ အမှိုက်တွေကို မစွန့်နိုင်ရင်တော့ ပိုဆိုးပါလိမ့်မယ်။ အမှိုက် ဘယ်လိုစွန့်မလဲ။

:)
ရှင်အာစာရ

Ref: pp 97-98, Being a dustbin, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies

Picture from (2 May, 2011): http://year5.skola.edu.mt/tag/recycle/

Read more...

ပုဂ္ဂိုလ်(၄)မျိုး (၁)

အရှင်သာရိပုတ္တရာမထေရ်ထံမှ အရှင်မဟာမောဂ္ဂလာန်အပါအ၀င် ရဟန်းတော်တွေက တရားနာချင်ကြလို့ လျှောက်ထားတော့ မထေရ်မြတ်က ဟောတော်မူတာ။ လောကမှာ ပုဂ္ဂိုလ်လေးမျိုးရှိတယ်တဲ့။

၁။ ကိလေသာ ရှိလျက် ရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်။

၂။ ကိလေသာ ရှိလျက် ရှိမှန်းသိတဲ့ပုဂ္ဂိုလ်။

၃။ ကိလေသာမရှိဘဲလျက် မရှိမှန်းမသိတဲ့ပုဂ္ဂိုလ်။

၎။ ကိလေသာအညစ်အကြေးမရှိတာကို မရှိမှန်းသိတဲ့ပုဂ္ဂိုလ်။

ဒီတော့ အရှင်မဟာမောဂ္ဂလာန်က တစ်ယောက်ချင်းရဲ့ အဓိပ္ပါယ်ပြောပါဦးဘုရားလို့ လျှောက်လို့ အရှင်သာရိပုတ္တရာမထေရ်က ရှင်းပြတယ်။ ပထမပုဂ္ဂိုလ်- ကိလေသာအညစ်အကြေး ရှိပါလျက် ရှိမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ယုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့။ ဒုတိယပုဂ္ဂိုလ်က ကိလေသာမြူမှေး အညစ်အကြေးတွေ ရှိတာကို ရှိတယ်လို့ သိတဲ့အတွက်ကြောင့် မြတ်တဲ့ပုဂ္ဂိုလ်။ တတိယပုဂ္ဂိုလ်ကတော့ ကိလေသာပါးရှားလို့ မရှိတဲ့ပုဂ္ဂိုလ်ပဲ။ မရှိမှန်းမသိဘဲဖြစ်နေတယ်။ သူလဲ ယုတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ သူ့မှာ ကိလေသာတော့ နည်းတယ်၊ လုံးဝမရှိအောင် မဂ်နဲ့ပယ်ထားတာမဟုတ်ပေမယ့် ငုတ်နေတယ်။ အနည်းငယ်လောက်သာ ရှိတာကို သူ့ကိုယ်သူမသိဘဲဖြစ်နေတယ်။ စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာမရှိတာကို မရှိဘူးလို့သိတဲ့အတွက် မြတ်တဲ့ပုဂ္ဂိုလ်ပဲ။ ဒီလေးယောက်ထဲမှာ ယုတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်၊ မြတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်။ ပထမနဲ့ တတိယက အယုတ်ပုဂ္ဂိုလ်၊ ဒုတိယနဲ့ စတုတ္ထက အမြတ်ပုဂ္ဂိုလ်။

ပထမပုဂ္ဂိုလ်က ကိလေသာအညစ်အကြေးရှိပါလျက် ရှိမှန်းမသိတော့ ဆေးချင်ကြောချင်စိတ် သူ့မှာ မပေါ်ဘူး။ ကိလေသာရှိလို့ ရှိမှန်းမသိတော့ သူ့မှာ အညစ်အကြေးတွေချည်းပဲထပ်လုပ်နေတယ်။ လောဘ ဒေါသ မောဟအလုပ်တွေချည်းပဲ လုပ်နေတယ်။ အရင်ကလဲ အညစ်အကြေးရှိ၊ ရှိတာ ရှိမှန်းလဲမသိတော့ နောက်လုပ်တဲ့အလုပ်တွေကလဲ အညစ်အကြေးတွေချည်းဖြစ်နေတယ်။ အညစ်အကြေးတွေပဲ ထပ်ပေကြံနေအောင် ကြိုးစားနေတယ်။ သူလုပ်နေတာတွေကို မကောင်းမှန်းသူမသိဘူး၊ ညစ်ပတ်တဲ့အလုပ်တွေလုပ်နေပါလျက် သူ့ကိုယ်သူ သူတော်ကောင်းကြီးလို့ ထင်နေတယ်။ ဒီတော့ မကောင်းတာတွေချည်း သူလုပ်တော့မှာပဲ။ ညစ်ရ ပတ်ရ လိမ်ရ ကောက်ရ ကလိန်ကျရမယ့်အလုပ်တွေချည်း လုပ်နေတော့ အညစ်အကြေးအပေါ် အညစ်အကြေးတွေသာ ထပ်နေတော့တယ်။ ဒါကြောင့် သူ့ကို ယုတ်တဲ့ပုဂ္ဂိုလ်ထဲ ထည့်လိုက်။

ဥပမာအားဖြင့် ကြေးညှိတက်နေတဲ့ ကြေးဖလားတစ်ခုဝယ်ခဲ့ပြီး အိမ်ရောက်တော့လဲ မပွတ်ဘဲ အညစ်အကြေးပေါတဲ့နေရာမှာ ထားလိုက်တယ်။ ဒီလိုနဲ့ ဒီကြေးဖလားဟာ ညစ်သထက် ညစ်သွားတော့တယ်။ ၀ယ်တုန်းကလဲ ညစ်ပေနေတာ ၀ယ်ခဲ့ပြီး အိမ်ရောက်တော့လဲ အသုံးမပြုဘဲ အညစ်အကြေးရှိတဲ့နေရာမှာ ချောင်ထိုးထားလိုက်တော့ သုံးလို့စွဲလို့မရလောက်အောင် ညစ်ပေသွားတယ်။ ဒီအတိုင်းပဲ အညစ်အကြေးရှိတဲ့ပုဂ္ဂိုလ်ဟာ အညစ်အကြေးရှိမှန်းမသိရင် ၀ိပဿနာအလုပ် မလုပ်တော့ဘူး။ မိုက်သထက်သာ မိုက်သွားတော့တယ်။ အရင်ကလဲ ပုထုဇဉ်အညစ်အကြေး၊ ကိလေသာအညစ်အကြေးတွေနဲ့။ ကြေးဖလားဝယ်ပြီး မသုံးဘဲ ချေးပေါတဲ့နေရာပစ်ထားလိုက်တော့ သုံးမရအောင် ညစ်ပေသွားသလိုပဲ မိုက်သထက်မိုက်သွားတဲ့ပုဂ္ဂိုလ်ဟာလဲ လူလောကမှာ သုံးမရတော့ဘူး။ ဒါဖြင့် ပုထုဇဉ်မှာ ကိလေသာအညစ်အကြေးတော့ ရှိကြတာပါပဲ။ တရားတည်းဟူသော ၀ိပဿနာရေနဲ့ ဆေးကြောမပစ်ကြဘူးဆိုရင်တော့ အညစ်အကြေးထပ်လာမယ်။ အညစ်အကြေးရှိလို့ရှိမှန်းမသိတဲ့သူဟာ အညစ်အကြေးစင်ကြယ်အောင် ကာယကံ ၀စီကံ မနောကံအလုပ်တွေ မလုပ်ဘူးဆိုရင် သေတော့ အပါယ်သွားရတယ်။ တရားအားထုတ်တော့ နဂိုပါလာတဲ့ ကိလေသာ အညစ်အကြေးတွေဟာ ပါးပါး ပါးပါးသွားတယ်။ ကိလေသာအညစ်အကြေး စင်အောင်ဆေးနိုင်တာကတော့ ၀ိပဿနာဉာဏ်ကမှ ဆေးနိုင်တာ။ အညစ်အကြေးရှိလျက်ရှိမှန်းမသိတဲ့သူ စင်ကြယ်အောင်လုပ်မယ်ဆိုတဲ့ လုံ့လ၀ီရိယ ဘယ်တော့မှမလာဘူး။ အညစ်အကြေးပဲ ထပ်ပြီးတင်အောင်လုပ်တာပဲ။ ဒီတော့ ဒီအညစ်အကြေးတွေနဲ့ မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ပဲ သေသွားရတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုးကို အယုတ်ထဲ ထည့်လိုက်။

Read more...

ဒိဋ္ဌိဖြုတ်ပုံဆွေးနွေးချက်များ-ဒေါက်တာစိုးလွင်

Read more...

နမော တဿနဲ့ ဗုဒ္ဓဘာသာ…

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အရေးအသားတွေ၊ အသုံးအနှုန်းတွေကို တစ်ခါတလေ အလေ့အကျင့်များ၊ ဆောင်ထားတာများနေလို့သာ အလွတ်ရနေ၊ မှတ်မိနေကြပေမယ့် ဘာအဓိပ္ပါယ်လဲလို့ မေးလာရင် မသိတာတွေဘဲ အဖြစ်များနေကြတာကို တွေ့ရတတ်ပါတယ်။ အစဉ်အလာအရ လုပ်နေကြပေမယ့် တစ်ယောက်ယောက်က ဘာအဓိပ္ပါယ်လဲလို့ ဆိုလာရင် ဘာမှန်းမသိဖြစ်ကာ မဖြေနိုင်ဘဲ ဖြစ်နေကြတာ များပါတယ်။ အခု ဒီနမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်းအမြဲတမ်း ရွတ်ဖတ်နေကြပေမယ့် ဘာအဓိပ္ပါယ်လဲဆိုတာ တိတိကျကျ မပြောနိုင်ကြတဲ့သူတွေ အများကြီး ရှိနေတာကို သိနေရပြန်ပါတယ်။ တစ်ချို့ကလည်း ဒီ နမော တဿကို ဘယ်သူတီထွင်ထားတာလဲ၊ ဘယ်တုန်းက ပေါ်လာတာလဲ စသဖြင့် မေးလာသူတွေ ရှိပါတယ်။ တစ်ချို့ကတော့ တကယ့်ကို ဘာအဓိပ္ပါယ်မှန်း မသိသလို အဆောင်ဂါထာ တစ်ခုလိုလည်း ထင်နေတတ်ကြပြန်ပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက် ကျောင်းရောက်လာတုန်း ဟိုစကားဒီစကားပြောရင်း သူက “တပည့်တော်ကတော့ ငယ်ငယ်တည်းက အဖေသင်ပေးထားတဲ့အတိုင်း အရဟံဂုဏ်တော်နဲ့ နမော တဿကို အမြဲတမ်း ရွတ်ပွားဖြစ်ပါတယ်ဘုရား၊ ဒါပေမယ့် အဖေသင်ပေးလို့သာ အရဟံဆိုတဲ့ စကားနဲ့ တပည့်တော် ရင်းနှီးနေတာ ဘာအဓိပ္ပါယ်မှန်း မသိဘူး ဖြစ်နေတယ်၊ အဲဒါ အရဟံအကြောင်းကို တပည့်တော်ကို ရှင်းပြပေးပါဘုရား”လို့ လျှောက်လာလို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးခဲ့ရပါသေးတယ်။ ပြီးတော့သူ့ကို “အရဟံဂုဏ်တော်ကိုတော့ ရှင်းပြလို့ နားလည်သွားလောက်ပြီ ထင်ပါတယ်၊ နမော တဿရဲ့ အဓိပ္ပါယ်ကတော့ သိပြီးသားဆိုတော့ ရှင်းပြဖို့ မလိုတော့ဘူး မဟုတ်လား”လို့ ထပ်မေးတော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် နမော တဿရဲ့ အဓိပ္ပါယ်လည်း ကောင်းကောင်းမသိပါဘူးဘုရား၊ တစ်ဆက်တည်း ရှင်းပြပေးပါ”ဆိုလို့ နမော တဿရဲ့ အဓိပ္ပါယ်ကိုပါ ရှင်းပြလိုက်ရပါသေးတယ်။ သူပြောမှပဲ သူလိုလူတွေ အများကြီး ရှိနေပါလားဆိုတာ ပိုပြီးသတိပြုမိသွားပါတယ်။ ဒါနဲ့ မဖြစ်သေးပါဘူး ဒီ နမောတဿ အကြောင်း စာလေးတစ်ပုဒ်တော့ ရေးဦးမှပဲလို့ အတွေးရပြီး အခုလို ရေးဖြစ်သွားခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဒီ“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ဘုရားရှိခိုးဟာ ထေရဝါဒ ပိဋကတ်တော်မှာ တိုက်ရိုက်လာတဲ့ စကားတော်ပဲ ဖြစ်ပါတယ်။ ဒီမှာပါတဲ့ စကားတော်အတိုင်း ဘုရားရှင်ကို ရှိခိုးလေ့ရှိတဲ့သူတွေ ဘုရားလက်ထပ်မှာ အများကြီးရှိတယ်ဆိုတာ ပိဋကတ်တော်တွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ထင်းရှားတဲ့သူတွေ အနေနဲ့ ဇာဏုသောဏီ ပုဏ္ဏားကြီး (ပဏ်၊ ၁၊ ပါ၊ ၂၃၅)၊ ကောသလမင်းကြီး (ပဏ်၊ ၂၊ ပါ၊ ၃၁၄)၊ ဗြဟ္မာယု ပုဏ္ဏားကြီး (ပဏ်၊ ၃၊ ပါ၊ ၃၄၁)၊ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီး (သံ၊ ပါ၊ ၁၆၂)၊ အာရာမဒဏ္ဍ ပုဏ္ဏား (အံ၊ ၂၊ ပါ၊ ၆၈)၊ ကာရဏပါလီ ပုဏ္ဏား (အံ၊ ၅၊ ပါ၊ ၂၀၆)၊ မဟိန္ဒမင်းကြီး (ဓမ္မ၊ ဋ္ဌ၊ ပ၊ ၆၄)၊ သိကြားမင်း (ဒီဃ၊ ၂၊ ပါ၊ ၂၃၀) စသူတို့ကို တွေ့ရမှာဖြစ်ကြောင်း ပိဋကတ်လမ်းညွှန် စာအုပ်မှာ ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါနဲ့စပ်ပြီး ကောသလမင်းကြီးရဲ့ ဘုရားရှင်ကို နမော တဿနဲ့ ရှိခိုးတဲ့အကြောင်းလေးကို အထူးပြုပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ပိဋကတ်တော်မှာတော့ ပိယဇာတိကသုတ် အနေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ တစ်ခါက ဖြစ်ပါတယ်။ သားတစ်ယောက် သေဆုံးသွားတဲ့အတွက် ပူဆွေးသောက ရောက်နေတဲ့ သူကြွယ်တစ်ယောက်ဟာ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီသူကြွယ်ကိုကြည့်ပြီး ဘုရားရှင်က “သူကြွယ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတွေဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လေ့ရှိတယ်၊ ချစ်ခြင်းကြောင့်ပဲ အစပျိုးခဲ့ခြင်း ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်။ ဒါကို သူကြွယ်က “အရှင်ဂေါတမ မဖြစ်နိုင်ပါဘူး၊ ချစ်ခြင်းကြောင့်ပဲ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်”လို့ ဘုရားအဆိုကို လက်မခံဘဲ ထပြန်သွားပါတယ်။ အဲဒီသူကြွယ်ဟာ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဘုရားပြောတဲ့အကြောင်းကို လက်မခံနိုင်တဲ့အကြောင်း တွေ့တဲ့သူတွေကို လိုက်ပြောပါတော့တယ်။ နောက်ဆုံး ဒီအကြောင်းဟာ ကောသလဘုရင် နားထဲအထိ ရောက်သွားခဲ့ပါတယ်။ ကောသလမင်းကြီးလည်း ဘုရားမိန့်တော်မူတဲ့ အကြောင်းကို လက်မခံနိုင်ဘဲ မလ္လိကာ မိဖုရားကြီးကို ပြောဆိုပါတယ်။ မလ္လိကာက လူလွှတ်ပြီး ဘုရားထံ စုံးစမ်းခိုင်းတော့ ဘုရားရှင်ဟာ သူကြွယ်ကို ဟောလိုက်တဲ့ အတိုင်းပဲ ပြန်ဟောပြဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သဘောတော်ကိုသိတဲ့ မလ္လိကာဟာ ဒီအကြောင်းနဲ့ စပ်ပြီး ကောသလမင်းကြီးကို ဥပမာပေးကာ ရှင်းပြပါတယ်။

“အရှင်မင်းကြီး ဘုရားစကား မှန်မမှန် စဉ်းစားကြည့်စေချင်ပါတယ်၊ တကယ်လို့များ အရှင်မင်းကြီး သိပ်ချစ်ရတဲ့ ဝဇိရီ သတို့သမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝါသဘခတ္တိယ မင်းသမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝိဋဋူဘ စစ်သူကြီးပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီး သိပ်ချစ်တဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ကျွန်တော်မျိုးမပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က သေဆုံးခြင်း၊ ဖောက်ပြန်ခြင်း ဖြစ်ခဲ့မယ်ဆိုရင် အရှင်မင်းကြီး ဘယ်လိုဖြစ်မလဲ ပူပန်သောက ဖြစ်ခြင်းတွေ ဖြစ်မဖြစ် စဉ်းစားကြည့်ပါ”လို့ မေးလျှောက်တဲ့အခါ ကောသလမင်းကြီးက သိပ်ဖြစ်တဲ့အကြောင်း ဖြေကြားပါတယ်။ “မင်းကြီးအဲဒီလိုဖြစ်ခြင်းဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်၊ ဘုရားရှင်ဟာ ဒီအကြောင်းရင်း သေချာစွာ သိရှိပြီးမှာ ဒီတရားကို ဟောတော်မူတာ ဖြစ်ပါတယ်”လို့ မလ္လိကာ မိဖုရားက ကောသလမင်းကြီးကို တရားပြပေးလိုက်ပါတယ်။ မင်းကြီးဟာ မိဖုရားကြီးရဲ့ စကားကို သေချာနားလည် သဘောပေါက်သွားပြီး အလွန်ကျေးဇူးတင် ဝမ်းမြောက်လွန်းလှတဲ့အတွက် ဘုရားရှင် ရှိရာအရပ်ကို လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ်သုံးခါ ရွတ်ဆိုရှိခိုးရင်း ဥဒါန်းကျူးရင့်လိုက်တယ်လို့ ဆိုပါတယ်။ ဒါက ပိယဇာတိကသုတ်မှာလာတဲ့ ကောသလမင်းကြီးနဲ့ နမော တဿ ဘုရားရှိခိုးအကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက နမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အနေနဲ့ လူတိုင်းရွတ်ဆိုနေကြ၊ ရနေကြတဲ့ ဒီနမော တဿ ဘုရားရှိခိုးဟာ ခုနောက်ပိုင်းမှ တီထွင်ဖန်တီးထားတဲ့ ဘုရားရှိခိုး မဟုတ်ဘဲ ဘုရားလက်ထက်ကတည်းက အသုံးပြုလာခဲ့တဲ့ ပိဋကတ်တော်လာ ဘုရားရှိခိုးဖြစ်တယ် ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ သူဌေးသူကြွယ်မှစပြီး မင်းပုဏ္ဏား နတ်သိကြားများအထိ ဒီဘုရားရှိခိုးကို ရွတ်ဆိုကာ ဘုရားရှင်အား ရှိခိုးလေ့ရှိတယ်ဆိုတာ ညွန်းဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို ပိဋကတ်တော်လာ ဘုရားရှိခိုးကို ရနေရုံနဲ့ မလုံလောက်ဘဲ လေးနက်တဲ့ အဓိပ္ပါယ်ကိုပါ သိရှိအောင်လုပ်ပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်များအထိ အာရုံပြုကာ ရှိခိုးကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ လေးနက်တဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို လူတွေက အလွယ်တကူ ရနေပြီး အမြဲတစေ ကြားနေကြတဲ့အတွက် အလေးမမူမိဘဲ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ ကြားပါများ၊ ရပါများတော့ ရိုးသွားကြသလို ဖြစ်ဟန်ရှိပါတယ်။ ပိုဆိုးတာက ဂုဏ်တော်အစွမ်းအပေါ် သဒ္ဓါမလွှမ်းမိကြတော့ ဘုရားရှိခိုး သက်သက်ဖြစ်နေတဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို ဥုံတွေဘာတွေခံပြီး ရွတ်ဆိုလေ့ရှိကြတဲ့ ဂါထာ မန္တယားတွေလောက် အထင်မကြီးကြ၊ မယုံကြည်ကြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဂါထာကို ဘယ်လိုရွတ်ရင် ဘာတွေရမယ်၊ ဘယ်လိုအောင်မြင်မယ်ဆိုတဲ့ အစွယ်အညွန်းလေးတွေ မရှိတဲ့အတွက် ဒီ နမော တဿ ဘုရားရှိခိုးကို ဒီလောက်စိတ်ဝင်းစားမှု မရှိဘဲ ဖြစ်နေကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အမှန်တော့ ဒီနမော တဿ ဘုရားရှိခိုးဟာ ပြောရမယ်ဆိုရင် တစ်ခြားဂါထာ အင်းအိုင်တွေထက် အဆအထောင်မက အစွမ်းထက်လှတဲ့ ဘုရားရှိခိုးပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ဘုရားရှင်ရဲ့ ဂုဏ်ကိုလွှမ်းပြီး သေသေချာချာ ကျကျနန ရွတ်ဆိုပူဇော် ရှိခိုးနိုင်မယ်ဆိုရင် ဘုရားရှင်ရဲ့ အားတွေ၊ တန်ခိုးတွေ၊ အစွမ်းတွေက ပူဇော်သူတွေကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အချိန်ရှိတိုင်း၊ အားတိုင်း၊ အိပ်ယာထ၊ အိပ်ယာဝင်တိုင်း ဒီ နမော တဿ ဘုရားရှိခိုးကို နှလုံးသားထဲမှာ စွဲမြဲပြီး ပူဇော်နိုင်မယ်ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ကာ ဗုဒ္ဓအစွမ်းတွေ၊ ဗုဒ္ဓအားတွေနဲ့ ပီတိသုခတွေ ပြည့်ဝစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ အန္တရာယ် အနှောက်အယှက်ဖြစ်အောင် မလုပ်နိုင်သလို အမြဲမပြတ် ဘုရားရှင်ကို ရှိခိုးနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်လိုအန္တရာယ်မျိုးကမှ ဒုက္ခရောက်အောင် မလုပ်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းကာ အမြဲမပြတ် နမော တဿနဲ့ ဘုရားရှိခိုး ရွတ်ဖတ်ပူဇော်နေကြတဲ့ သူတွေအတွက် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များကလည်း အမြဲမပြတ် စောင့်ရှောက် နေကြမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာတွေအနေနဲ့ နမော တဿ ဘုရားရှိခိုးဟာ အမြဲတမ်းရင်းနှီး ကျွမ်းဝင်မှု ရှိနေကြပေမယ့် အဓိပ္ပါယ်ကို မသိဘဲ ဖြစ်နေတာရယ်၊ ပိဋကတ်တော်လာ ဘုရားရှိခိုးမှန်း မသိဘဲ ဖြစ်နေတာရယ် ဥုံစတဲ့ အဆောင်ဂါထာတွေလောက် ယုံကြည်မှု မရှိတာတွေရယ်ကြောင့် ရကားရ၏ မသိ၊ ရွတ်ကားရွတ်၏ မမိဆိုသလို ဖြစ်ကာ အထင်ကြီးမှု၊ လေးစားမှု မရှိဘဲ ဖြစ်နေတတ်တာနဲ့ ပတ်သက်လို့ နမော တဿ ဘုရားရှိခိုးဟာ ဂုဏ်တော်နဲ့ အဓိပ္ပါယ်ကို သေချာလွှမ်းပြီး မျှော်လင့်ချက်မပါတဲ့ ယုံကြည်မှုနဲ့ အမြဲမပြတ် ရွတ်ဖတ်ပူဇော် ကုသိုလ်တော် ယူနိုင်မယ်ဆိုရင် အဲဒီလို သူတွေအတွက် အကောင်းဆုံး ဘုရားရှိခိုး တစ်ခုဖြစ်ပါကြောင်း ညွန်းဆိုရင်း နမော တဿနဲ့ ဗုဒ္ဓဘာသာအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Read more...

နိဗ္ဗာန်သို့


သစ္စာလေးပါးမှာ နောက်ဆုံးသစ္စာက မဂ္ဂသစ္စာ တဲ့။
မဂ္ဂဆိုတာ လမ်း၊ သစ္စာဆိုတာ အမှန်တရား၊
ဒါ့ကြောင့် မဂ္ဂသစ္စာဆိုတာ လျှောက်လှမ်းရမဲ့လမ်းမှန်။

စဉ်းစားမိတာက
(မဂ္ဂ) လမ်း လို့အဓိပ္ပါယ်ရတဲ့ နောက်ပါဠိတစ်ပုဒ်က ပထ တဲ့။
ပထ - လမ်း။

ဒါကို
Romanized Letter နဲ့ရေးတော့ patha၊
ဒီ patha ရဲ့ နောက်ဆုံး a ကို ဖြုတ်လိုက်ရင် path ဖြစ်တယ်။
လမ်းကို ပါဠိလို patha အင်္ဂလိပ်လို path ပေါ့။
ဒီမဂ္ဂသစ္စာကို အရကောက်တော့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။
မဂ္ဂင်ရှစ်ပါးကို အင်္ဂလိပ်လိုဘာသာပြန်တော့
Noble Eightfold Path တဲ့။

မဂ္ဂသစ္စာကို အင်္ဂလိပ်လို
The Truth of the Way to the Cessatiion of Suffering တဲ့။
ဒီမဂ္ဂသစ္စာ (လျှောက်လှမ်းရမဲ့လမ်းမှန်) ဆိုတာ
ဗုဒ္ဓဘာသာတို့အတွက် ကျင့်စဉ်ကို ပြောတာပါ။
ဟိုတလောက ဒကာလေးတစ်ယောက်ကျောင်းလာတယ်။

သူပြောတယ်။
အခြားဘာသာဝင်ထဲက ဆရာကြီးတစ်ယောက်နဲ့တွေ့ကြောင်း၊
ဘာသာရေးအကြောင်းတွေ ဆွေးနွေးဖြစ်ကြောင်း၊
ဘာသာရေးဆရာကြီးဖြစ်လေတော့ သူယုံကြည်တဲ့ဘာသာရဲ့ ကျင့်စဉ်ဟာ
ဘာဖြစ်ပါသလဲ လို့ မေးဖြစ်ကြောင်း ပြောပါတယ်။
သူတို့ဘာသာမှာ ဘာသာရေးကျင့်စဉ် မယ်မယ်ရရ မတွေ့ရကြောင်း ဆက်ပြောပါတယ်။

မှန်ပါတယ်။
အလွန်ဆုံးသူတို့ဘာသာရေးမှာ ကျင့်စဉ်က သီလကျင့်စဉ်လောက်သာရှိတာပါ။
ဗုဒ္ဓဘာသာမှာ သီလ၊ သမာဓိ၊ ပညာလို့ ကျင့်စဉ်သုံးမျိုးရှိပါတယ်။ သုံးဆင့်ရှိပါတယ်။
သီလက အနိမ့်ဆုံးအဆင့်မှာပဲရှိတယ်။
သီလကို အခြေခံပြီး သမာဓိရအောင် တည်ဆောက်ကာ ပညာဥာဏ်ရအောင်လုပ်ရမှာ။

ဒီသီလ၊ သမာဓိ၊ ပညာ ဆိုတာကလဲ
သစ္စာလေးပါးထဲက အခုပြောတဲ့ နောက်ဆုံးသစ္စာဖြစ်တဲ့ မဂ္ဂသစ္စာလို့ခေါ်တဲ့
မဂ္ဂင်ရှစ်ပါးကို ပြောတာပါဘဲ။
ဒီမဂ္ဂင်ရှစ်ပါးကို
လမ်း
ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုရေးပြီး post တစ်ခု တင်ခဲ့ဘူးပါတယ်။

ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.

ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဥာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။

ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ - မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ - လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ - မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။

မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မ၀င်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘ၀ရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။

ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င) အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။

ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ - အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ - မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကိုယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့ ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။

Read more...

သူဌေးဖြစ်နည်း

ဧပြီလ ကုန်ခါနီးတစ်ရက်အလို မနက်စောစောမှာ မြူနှင်းမှုံတို့ မင်းမူနေတဲ့အတွက် နွေခေါင်ခေါင် နှင်းတွေဖေါင် လို့ တင်စားပြောရမလိုပါပဲ။ အခုလို ပူအိုက်တဲ့ရာသီရဲ့ မနက်မှာ ထူးထူးခြားခြား ဝေဟင်ပေါ်မှ ဆင်းလာတဲ့ မြူနှင်းမှုံတို့ရဲ့ အတွေ့အထိကြောင့် ခဏတာ အေးမြလို့သွားပါတယ်။ ဒါပေမဲ့ ခဏပါပဲ၊ မကြာမီ အရှိန်ကောင်းလာတဲ့ ‘နေမင်း’ ကြောင့် အပူဒါဏ်ကို ခံရပြန်ပါတယ်။ စာရေးသူအပါအ၀င် စာချစ်သူများအားလုံးဟာ မမြဲတဲ့သဘာဝတရားကို လက်ခံထားကြတယ်ဆိုပေမဲ့ ဆင်းရဲတာမလိုချင် ချမ်းသာတာကိုပဲ လိုချင်ကြတယ်။ ဆုတ်ယုတ်တာမလိုချင် ကြီးပွားတာကိုပဲ လိုချင်ကြပါတယ်။
လောကကြီးပွားချမ်းသာကြောင်းအကျင့်တရားတွေကိုလဲ ဘုရားရှင်က အမျိုးမျိုးအဖုံဖုံ နည်းအစုံတို့ဖြင့် ဟောကြားတော်မူခဲ့ပါတယ်။ ဒါ့ပြင် လောကုတ္တရာ သံသရာလွတ်မြောက် ချမ်းသာခြင်းသို့ ရောက်နိုင်တာကိုလဲ ဟောကြားတော်မူခဲ့ပါ တယ်။ ဗုဒ္ဓရဲ့စာပေသမိုင်းထဲမှ ဖတ်ခဲ့ရတာလေးကို သတိရတုန်း ပြန်လည်မျှဝေပေးချင်ပါသေးတယ်။

ဘုရားရှင်လက်ထက်က ဇေတ၀န်ကျောင်းဒါယကာ အနာထပိဏ်သူဌေးဟာ သံဃာတော်အပါး- ၂၀၀၀ ကို နေ့စဉ်မနက်တိုင်း ဆွမ်းလောင်း လှူပါတယ်။ သူဆောက်လုပ်လှူဒါန်းထားတဲ့ ဇေတ၀န်ကောင်းတော်မှာ သီတင်းသုံးနေတော်မူကြတဲ့ ဘုရားအမှူးရှိ သံဃာတော်များမှမစ ကိုရင်လေး တိုင်အောင် ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး လိုအပ်ရာရာကို ဖြည့်ဆည်းပေးလှူနိုင်အောင် ကျောင်းသို့ မနှစ်တစ်ကြိမ် ညနေ တစ်ကြိမ်၊ တစ်နေ့ -၂ ကြိမ်တိုင်တိုင် သွားရောက်ခဲ့တယ်။ ပြောချင်တာက အနာထပိဏ်သူဌေးဟာ ဘာ့ကြောင့် ဒီလောက်ချမ်းသာရတာလဲ ဆိုရင် ကြီးပွားချမ်းသာနိုင်တဲ့အချက်အလက်(၆)မျိုးနဲ့ ပြည့်စုံနေလို့ပါပဲ။
(၁) အလင်းရောင်နဲ့စပ်လို့ မီးအရောင်၊ နေအရောင်၊ လအရောင်၊ ဥာဏ်အရောင် ဆိုပြီး အလင်းရောင်များ ရှိတဲ့အနက် မီးအရောင်ဟာ အတိုင်းအတာတစ်ခုအထိပဲ လင်းနိုင်ပြီး ပျောက်ကွယ်ရပါတယ်။ နေ အရောင်ကတော့ နေ့အချိန်မှာ သာလင်းပြီး ညအချိန်ရောက်ရင် ပျောက်ကွယ်သွားခဲ့ပါတယ်။ လ အရောင်ကို ကြည့်ပြန်တော့လဲ ညအခါမှာသာ လင်းပေးနိုင်ပြီး နေ့အခါရောက်ရင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဥာဏ်အလင်းအရောင်ကျတော့ အမြဲလင်းနေတဲ့ အလင်းရောင် ဖြစ်တယ်။ သူဌေးကြီးအနာထပိဏ်ဟာ စား ၀တ် နေရေး အတွက် ရှာဖွေတဲ့နေရာမှာ အများနဲ့မတူတဲ့ ဥာဏ်အလင်းရောင် ရှိနေလို့ပါပဲ။ မိမိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိတယ်။ ဈေးကွက်စီးပွားရေးကိုလဲ မြင်တယ်။ ဘယ်အချိန်ရာသီတွေမှာ ဘယ်လိုပစ္စည်းမျိုးကို ရောင်းဝယ်ရမယ်စတဲ့ စီးပွားရေး ပညာမျက်စိရှိတယ်။ ဒီပထမအချက်နဲ့ ပြည့်စုံနေလို့လဲ အနာထပိဏ် သူဌေးဟာ ပေးလို့မကုန် လှူလို့မခမ်းနိုင်အောင်ကိုပဲ ချမ်းသာလှပါတယ်။ ဒီကနေ့ခေတ် ကမ္ဘာမှာ တကယ့်ချမ်းသာတဲ့ သူဌေးတွေကို ကြည့်မယ်ဆိုရင် အခုပြောခဲ့တဲ့ ပထမအချက်နဲ့ ပြည့်စုံနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။
(၂) လုံ့လ၀ီရိယနဲ့ ပြည့်စုံရမယ်။ မရသေးတဲ့ ပစ္စည်းဥစ္စာတွေ ရလာအောင် ရရှိပြီးတဲ့ ပစ္စည်းဥစ္စာတွေ တိုးပွားလာအောင် လုပ်ဖို့အတွက် ၀ီရိယရှိဖို့ လိုအပ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး ကြံစည်ထားတာတွေကို ကြံစည်ရုံနဲ့ မပြီး အခုချက်ခြင်းလုပ်သင့်ရင် လုပ်လိုက်ရတယ်။ လုပ်တဲ့အခါ မှာလဲ ဇွဲရှိဖို့လိုအပ်တယ်။
(၃)အလုပ်လုပ်တဲ့အခါ စိတ်ပါလက်ပါ၊ စိတ်ဝင်စားစွာ လုပ်ရမယ်။ မိမိလုပ်တဲ့အလုပ်တစ်ခုအပေါ်မှာ ဘာအလုပ်ပဲဖြစ်ဖြစ် စိတ်ဝင်စားမှု၊ စိတ်ပါလက်ပါရှိမှု မရှိဘူးဆိုရင် အလုပ်ဟာ သဲထဲရေသွန်ဆိုတာလိုပဲ အရာမထင်ဖြစ်တတ်တယ်။ စာတစ်ပုဒ်ကျက်တာတောင်မှ စိတ်မပါရင် အကြာ ကြီးကျက်ရတယ်။ စိတ်ဝင်စားစွာကျက်မယ်ဆိုရင် ခဏလေးနဲ့ရတဲ့အပြင် မှတ်လဲမှတ်မိပါတယ်။ တစ်ခါက လူတစ်ယောက်ရဲ့ဝမ်းဗိုက်ထဲ ကတ်ကြေးတစ်လက်တွေ့ရတယ်လို့ ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရဖူးပါတယ်။ ခွဲစိတ်တဲ့အလုပ်မှာ စိတ်ပါလက်ပါရှိပြီး စိတ်ဝင်စားမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာမှာမဟုတ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို စိတ်ဝင်စားစွာ လုပ်ရင် သူများထက်အောင်မြင်တာကို တွေ့ရပါတယ်။ ကမ္ဘာ့မှာ အချမ်းသာဆုံးစာရင်းဝင်တဲ့ အိုင်တီပညာရှင် ဘီးလ်ဂိတ်ဟာ သူ့ရဲ့အလုပ်ဖြစ်တဲ့ အိုင်တီလုပ်ငန်းကို ငယ်စဉ်ကပင် စိတ်ဝင်တစားလေ့လာလိုက်စားခဲ့တဲ့ အတွက် အခုလို သူဌေးဖြစ်ခဲ့ရတာပါ။ဒါကြောင့် အလုပ်လုပ်တဲ့အခါ စိတ်ဝင်တစားရှိရမယ်။
(၄)နောက်တစ်ခုက စီးပွားရှာတဲ့နေရာမှာ ရောင့်ရဲတင်းတိမ်မှု မရှိဘူးတဲ့။ ဒီနှစ်မှာ ပမာဏတစ်ခုအထိရအောင်ရှာမယ်ဆိုပြီး စီးပွားရှာလို့ ကိုယ်လိုချင်တဲ့ပမာဏရပြီဆိုရင် ဒီအတိုင်းမနေဘဲ ရှေ့ဆက်လုပ်ရမဲ့အလုပ်ကို ဆက်လုပ်ရတယ်။ “ရလေ လိုလေ အိုတစ္ဆေ” ဆိုတာလို အလုပ်လုပ်တဲ့အခါ လုပ်ပြီးရင်လုပ်ရင်းနဲ့ စီးပွားရှာတဲ့နေရာမှာ ရောင့်ရဲမှုဆိုတာမရှိရဘူး။ အနာထပိဏ်သူဌေးဟာ အလုပ်လုပ်တဲ့နေရာတင် မဟုတ်သေး။ ကောင်းမှုကုသိုလ်လုပ်တဲ့နေရာမှာလဲ အားရတယ်လို့မရှိ အမြဲတန်း အလှူရေစစ်လက်နဲ့မကွာဆိုသလို လှူဒါန်းနေပါတော့တယ်။ ဒါပေမဲ့ စီးပွားဥစ္စာတွေက မကုန်သွားတဲ့အပြင် တိုးလို့တောင်လာပါတော့တယ်။ သူဌေးကြီးဟာ အလုပ်လုပ်တဲ့အခါ ရောင့်ရဲမှုမရှိ၊ ၀ီရိယအားကောင်းပြီး စီးပွားရေးမျက်စိအနေနဲ့ ရှေ့ကြိုမြင်ထားတာဆိုတော့ ရလာတဲ့ဥစ္စာတွေဟာ ဘယ်လောက်ပဲ လှူလှူ ပေးလို့မကုန် လှူလို့မခမ်း ဆိုတာလို ဖြစ်နေတာ ပေါ့။
တစ်ခုပြောဦးမယ်။ စီးပွားရေးလုပ်တဲ့အခါမှာ အို ၊ နာ၊ သေတာတွေကို မေ့ထားရတယ်။ ဒါမှလဲ အလုပ်လုပ်လို့ဖြစ်တယ်။ ဒါပေမဲ့ တရားအားထုတ်တဲ့အခါမှာ တော့ အို နာ သေဘေးတွေကို အနီးကပ်ဆင်ခြင်ရမှာဖြစ်တယ်။ စာချစ်သူတို့လဲ ဒါလေးကို လက်ကိုင်ထားရမယ်။
(၅) အနာထပိဏ်သူဌေးဟာ တာဝန်ကို ဘယ်တော့မှ ပစ်ချထားတယ်ရယ်လို့မရှိဘူး တဲ့။ အိမ်ထောင် မိသားစု စားဝတ်နေရေးကို လဲမလစ်ဟင်းရအောင် ကြောင့်ကြစိုက်သလို၊ မိသားစုရဲ့ ကျန်းမာရေး၊လူမှုရေး စားဝတ်နေရေး တာဝန်တွေကို လစ်ဟာမှုမရှိအောင် အကုန်တာဝန်ယူ ထားတယ်။ ငါပစ္စည်းဥစ္စာကို လိုလေသေးမရှိ ရှာပေးထားတာပဲ၊ မင်းတို့က အိမ်ရှိတာဝန်တွေကို ယူကြပေါ့လို့ အဲလိုလဲ မျက်နှာလွဲခဲပစ် မလုပ်ဘူး တဲ့။ ဘက်ပေါင်းစုံကနေ ထောင့်စေ့အောင် တာဝန်ယူတယ်။ စားဝတ်နေရေးတာဝန်သာမက ကုသိုလ်ရေးဘက်မှာလဲ တစ်နေ့ကို သံဃာအပါး(၂၀၀၀) အတွက် မလစ်ဟင်းရအောင် အစစအရာရာ ဂရုစိုက်ပေးရှာတယ်။
(၆) စွမ်းနိုင်သည်ထက် ပိုပြီးအလုပ်လုပ်ရမယ် လို့ဆိုတယ်။ စီးပွားရှာတဲ့နေရာမှာ ဒီလိုအလုပ်လေးနဲ့ပဲ ငါ့အတွက် အဆင်ပြေတယ် ဒီလောက်ပဲလုပ်မယ်လို့ မတွေးဘဲ၊ လက်ရှိလုပ်နေတဲ့အလုပ်ထက် ပိုပြီးတော့ လုပ်ရတယ်။ ဆိုပါစို့…အရင်က ငွေဆယ်သိန်းပမာဏအထိ အလုပ်လုပ် တယ်ဆိုရင် အခုက တိုးပြီးအလုပ်လုပ်ရတယ်။ဒါမှ အမြတ်များများရပြီး စီးပွားဥစ္စာလဲ အများကြီးတိုးတက်လာပြီး စုဆောင်းမိလာမှာပါ။ ဒါကြောင့် လောကမှာ သူဌေးဖြစ်ချင်တယ်(ကြီးပွားချမ်းသာချင်တယ်)ဆိုရင် အထက်ဖေါ်ပြပါ အင်္ဂါ (၆)ခုနဲ့ပြည့်စုံအောင် ကျင့်သုံးကြဖို့ပါပဲ။ အနာထပိဏ်သူဌေး ဟာ ဒီအချက် (၆)ချက်လုံးနဲ့ ပြည့်စုံလို့ သူဌေးကြီးဖြစ်ခဲ့ရတာပါ။
အထက်ပါ အင်္ဂါ ၆-ချက်နဲ့ပြည့်စုံရင် လောကမှာ ပြည့်ပြည့်စုံစုံနဲ့ ချမ်းသာတဲ့လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
ဒီလိုပါပဲ လောကီကုသိုလ် လောကုတ္တရာကုသိုလ် မဂ်ဖိုလ်တိုင်အောင် မကြာမီမှာပဲ ပြည့်စုံချင်ကြတယ်ဆိုပါရင် အင်္ဂါ ၆-ပါးကို ပြည့်စုံ အောင် ကျင့်ရပါမယ်။
(၁)အာလောက ဗဟုလောစ ဟောတိ။
နံပတ် ၁- အင်္ဂါက အလင်းရောင်ရှိရပါမယ်။ အလင်းရောင်က ပညာအလင်းအရောင်ပါ။ ပြည့်စုံအောင်ပြောရင်တော့ သမာဓိဥာဏ်အလင်း ပညာဥာဏ်အလင်းတို့ဖြစ်တယ်။ မဂ်ဖိုလ်ရဖို့အတွက် သမာဓိအလင်းရောင် ပညာအလင်းရောင် ရှိဖို့လိုပါတယ်။ မိမိသန္တာန်မှာ ဒီသမာဓိ၊ပညာအလင်း ရောင် ရရှိဖို့အတွက်…
(က) တရားအားထုတ်တဲ့အခါမှာ ကျော်ပြီးတော့လဲ မသွားပါနဲ့...လို့ဆိုပါတယ်။ ဒါက ဘာအဓိပ္ပါယ်လဲဆိုရင် တရားရှုမှတ်တဲ့အခါ အမှတ်တွေကို ဒလစပ်မရှုနိုင်ဘဲ အမှတ်တွေ လွတ်သွားတာ၊ ရှုမှတ်စိတ်တွေ ဘယ်ရောက်လို့ ရောက်သွားမှန်းမသိတာတွေဖြစ်တယ်။ ဒီလို ရှုမှတ်မှုလွတ်သွားရင် (ရှုမှတ်မှုလွတ်ပြီးကျော်သွားတဲ့အတွက်) ကျော်ပြီးတော့ တက်သွားတယ်လို့ ဆိုတယ်။ ဒီလိုကျော်မတက်သွားအောင် အာရုံပေါ် ခိုက် ရှုမှတ်တဲ့စိတ်ကို အထူး သတိထားပြီး အမှတ်မလွတ်အောင် ရှုမှတ်သွားမယ်ဆိုရင် အမှတ်တွေက ဆက်သွားမှာပါ။ ပြီးတော့ရှိသေးတယ်၊ နောက်ကိုလဲ ပြန်ဆုတ်မလာပါနဲ့ လို့ဆိုပါတယ်။ ဒါကဘာလဲဆိုရင် တရားရှုမှတ်ရင်းနဲ့ စိတ်က အိမ်တွေကိုရောက်သွားကာ သတိလွတ် ပြီး အရင်ကဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်စဉ်းစားနေတတ်တယ်။ တရားရှုမှတ်မှုမပါတဲ့အတွက် နောက်ကို ပြန်ဆုတ်သွားတယ်လို့ခေါ်တယ်။ ဆိုလိုတာကတော့ ရှုမှတ်မှုလဲမလွတ်အောင်၊ ကာလသုံးပါးစလုံးမှာ ဖြစ်ပေါ်လာတာတွေကို မတွေးမိဖို့ပါ။ တွေးမိရင်လဲ တွေးတယ်….တွေးတယ် ဆိုပြီး ရှုမှတ်လိုက်ရမှာပါ။
(ခ) တရားရှုမှတ်တဲ့အခါ ရိုရိုသေသေ ဂရုစိုက်ပြီးရှုမှတ်ရပါမယ်။ သွား၊ ရပ်၊ ထိုင်၊ လျောင်းစတဲ့ အမူအရာအတိုင်းမှာ ရိုရိုသေသေရှုမှတ်ရပါ မယ်။ ပြီးစလွယ် မရှုမှတ်ရဘူး
(ဂ) ရှုမှတ်တဲ့အခါမှာလဲ ရှေ့အမှတ်နဲ့နောက်အမှတ်ဆက်စပ်မိအောင် မပြတ်ဒလစပ် ရှုမှတ်နိုင်အောင် ကြိုးစားပေးရပါမယ်။ ဒါကြောင့် အထက်ကဆိုခဲ့တဲ့အတိုင်း လိုက်နာကျင့်သုံးသူမှာ မကြာမီ သမာဓိနဲ့ပညာအလင်းများ အတိုင်းအတာတစ်ခုထိ ရရှိလာကြမှာဖြစ်ပါတယ်။
တစ်ခါက သီဟိုဠ်မှာဆရာတော်ကြီးတစ်ပါးဟာ ဆွမ်းခံကြွစဉ် လယ်ကွင်းထဲက ဖြတ်ပြီး ကြွလာရပါတယ်။ ဒီလိုကြွတဲ့အခါမှာလဲ ရှုမှတ်မှု မလွတ်ဘဲ ကြွတော်မူလာတယ်။ တကယ်လို့များ ခြေလှမ်း ဆယ်လှမ်းခန့် အမှတ်လွတ်သွားတယ်ဆိုရင် ရောက်တဲ့နေရာကနေ အမှတ်လွတ်တယ်လို့ ထင်ရတဲ့နေရာ ရောက်အောင် ပြန်လျှောက်လာကာ တရားပြန်ရှုမှတ်ပြီး ကြွတော်မူပါတယ်။ ဒါကို လယ်စောင့်များက သွားချည်ပြန်ချည် လုပ်နေတာကို မြင်တော့ ဘာများဖြစ်တာပါလဲ လို့တောင် ပြောမိကြပါသေးတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက တကယ်မဂ်ဖိုလ်ရချင်တယ်ဆိုရင်တော့ အိပ်ချိန်က လွဲပြီး ကျန်အချိန်များမှာ ရှုမှတ်မှုမပြတ်စေဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် မကြာမီမှာပဲ မဂ်ဖိုလ်အတွက် လိုအပ်တဲ့ သာမဓိ၊ပညာအလင်းရောင်များ ရလာနိုင်ပါတယ်။
(၂) ယောဂဗဟုလောစ ဟောတိ
အားထုတ်မှု ၀ီရိယရှိရမယ်။ တရားရှုမှတ်တဲ့ယောဂီတစ်ဦးဟာ တရားမှတ်တဲ့အခါ အိပ်ချိန်ကလွဲပြီး အချိန်တိုင်းမှာ ရှုမှတ်မှုပါရတယ်။ ဒီလို ရှုမှတ်မှုများစွာပါနိုင်အောင် ကြောင့်ကြစိုက်ပေးတာကို ‘၀ီရိယ’ လို့ခေါ်တယ်။ ပိုနားလည်အောင်ပြောရင် ဇွဲ ရှိရပါမယ်။ တရားရှုမှတ်နေတဲ့အခိုက် အချိန်တွေမှာ ရှုမှတ်မှုကို နားလိုက် ပြန်ရှုမှတ်လိုက်လုပ်နေမယ်ဆိုရင်တော့ လိုတဲ့ခရီး အရောက်နှေးလွန်းလှပါတယ်။ ခရီးတစ်ခုကို နားပြီးသွားမယ်ဆိုရင် အရောက်နှေးကွေးလွန်းလှတယ်။ ဆက်တိုက်သွားမယ်ဆိုရင်တော့ မကြာမီ ရောက်သွားမှာပါ။ ဒါကြောင့် မဂ်ဖိုလ်လိုလား သူတော်ကောင်းများဖြစ်တဲ့ စာချစ်သူများကလဲ ၀ိပဿနာကုသိုလ် မဂ်ကုသိုလ်စတဲ့ကုသိုလ်များကို မကြာမီရောက်ချင်တယ်ဆိုရင်တော့ မပြတ် ရှုမှတ် နိုင်အောင် ကြိုးစားသွားရမယ်။
(၃) ဝေဒဗဟုလောစ ဟောတိ။
အားထုတ်တဲ့အခါ စိတ်ပါလက်ပါ အားထုတ်ရပါမယ်။ တရားအလုပ်အပေါ်မှာ စိတ်မ၀င်စားဘူးဆိုရင် လုပ်သာလုပ်ရတယ် တာဝန်ကျေရုံ လုပ်ရတာဆိုတော့ လိုအပ်တဲ့ကုသိုလ်တွေကို ရဖို့ရောက်ဖို့ရာ မလွယ်ပါဘူး။ ဒါကြောင့် တရားအလုပ်လုပ်တဲ့အခါ မိမိရဲ့အရေးကြီးတဲ့အလုပ်လို ဂရုစိုက်ပြီး စိတ်ပါလက်ပါစွာနဲ့ စိတ်ဝင်တစား ရှုမှတ်သွားရပါမယ်။
(၄)အသန္တုဋ္ဌီ ဗဟုလောစ ဟောတိ။
တရားအားထုတ်တဲ့အခါမှာ အားထုတ်ပြီးရင် အားထုတ်ချင်ရင်းနဲ့ တရားရှုမှတ်မှုအပေါ်မှာ ရောင့်ရဲမှုမရှိဘဲ ဆက်ကာဆက်ကာ အားထုတ်ချင်တဲ့စိတ်တွေ ရှိရပါမယ်။ တကယ်လို့ တရားစခန်းဝင်တဲ့အခါ အစမှာ ဆယ်ရက်စခန်းလောက်သာ ၀င်မယ်လို့ စိတ်ကူးလာခဲ့ပေမဲ့ ရက်တွေ ပြည့်လာတဲ့အခါမှာ မရောင့်ရဲနိုင်ဘဲ ဆက်လက်ပြီး တရားစခန်းဝင်သွားတာကို ပြောခြင်းဖြစ်တယ်။ တရားအားထုတ်ရတာ ရောင့်ရဲမှုမရှိ အမြဲတမ်း အား ထုတ်ချင်တဲ့စိတ်တွေ ဖြစ်ကာ မပြတ်ရှုမှတ်သွားတာကို ဆိုလိုတာပါ။
(၅) အနိက္ခိတ္တဓုရော စ ကုသလေသု ဓမ္မေသု။
ကုသိုလ်တရားနဲ့ပတ်သက်လာရင် ချထားလေ့မရှိ၊ ကုသိုလ်ရတဲ့အလုပ်မှန်သမျှ သိမ်းကျုံးလုပ်ရပါတယ်။ တရားရှုမှတ်တဲ့အခါ ထိုင်ချိန်၊ စက်ြန်လျှောက်ချိန်မှာ ရှုမှတ်ရုံမျှမကဘဲ ကျန်တဲ့ ရေချိုးချိန်၊ အိမ်သာတက်ချိန်၊ အိပ်ယာဝင်တဲ့အချိန်ပါမကျန် ကိုယ်လက်လှုပ်ရှားအသေးစိတ် အမူရာကအစ ကုသိုလ်ရတဲ့ရှုမှတ်မှုမှန်သမျှကို ချမထားဘဲ ရှုမှတ်ပေးတာကို ဆိုလိုတာပါ။
(၆) ဥတ္တရိ စ ပတာရေတိ။
စွမ်းနိုင်တာထက် ပိုပြီး ပြုလုပ်ရပါ့မယ်။ ကုသိုလ်ကိစ္စတွေမှာ စွမ်းနိုင်တာထက် ပိုပြီး လုပ်ရပါ့မယ်၊ သမာဓိရရုံနဲ့ ကျေနပ်မနေဘဲ၊ ၀ိပဿနာ ဥာဏ်ရရုံနဲ့ ကျေနပ်မနေဘဲ၊ မဂ်ဖိုလ်တိုင်အောင်ထိ အားထုတ်သွားရမှာကို ဆိုလိုတာပါ။
အချုပ်ဆိုရရင် ဖေါ်ပြခဲ့တဲ့ အင်္ဂါ ၆-ပါးနဲ့ပြည့်စုံအောင် ကျင့်သုံးတဲ့သူများဟာ လောကုတ္တရာ ကုသိုလ်များကို မကြာမီမှာ ရနိုင်ပါကြောင်း ပြောရင်း နားပါဦးမည်။ (အင်္ဂုတ္တရနိကာယ်၊ ဒု၊ မဟန္တတ္တသုတ်၊၃၇၆)

Read more...

ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)

Sunday, 1 May 2011

ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)

Read more...

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၆)

ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်စာမှတ်တမ်း......


'' တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဥယျာဉ်ခြံရှိရာသို့ ဝေဠုဝန်တောလမ်းအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့လာလေသည်။ ကျွန်ုပ်ထွက်လာသော အချိန်သည် ရာဇဂြိုဟ်စံတော်ချိန်အားဖြင့် နံနက်ခင်းဝေလီဝေလင်းကာလမျှသာ ဖြစ်လေရာ လွန်စွာမှ အေးချမ်းသာယာလှပေသည်။ နံနက်ခင်းတိုင်း ဂိဇ္ဈကုဋ်တောင်ကမ်းပါးကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းကို ရှူရှိက်ရင်း လမ်းလျှောက်ရသည်မှာ နန်းတွင်းသမားတော်ကြီး၏ အဆိုအရ အာယုဒီဃဆေးကို မှီဝဲရသည်နှင့် တူလေသည်။

ထိုသို့ လျှောက်လာသည့်အခိုက် ဝေဠုဝန်တောလမ်းတစ်လျောက်လုံး ဟိုနားတစ်စု၊ သည်နားတစ်စု စင်္ကြန်ကြွရင်း တရားဘာဝနာရှုမှတ်နေကြသည့် ဗုဒ္ဓအရှင်၏ သာဝကရဟန်းများကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေတော့၏။ ထိုရဟန်းတို့၏ ဦးပြည်းစိမ်းစိမ်းနှင့် အရဟတ္တဓဇသင်္ကန်းလွင်လွင်သည် ဥဒည်တောင်စွန်းမှ ထွန်းလာသော တက်သစ်စနေရောင်ခြည်တွင် ရွှင်ရွှင်တောက်ပနေလေသည်။

ထို့အပြင် ထိုရဟန်းတို့၏ ပကတိအသွင်အပြင်နှင့် စင်္ကြန်ကြွလှမ်းပုံအမူအရာတို့သည် လွန်စွာမှ ငြိမ်သက်တည်ကြသည်ဖြစ်လေရာ ကျွန်ုပ်၏ အဇ္ဈတ္တကောင်းကင်အကြည်သားတွင် သဒ္ဓါမိုးသားတိမ်လိပ်တို့ တရိပ်ရိပ်တက်လာခဲ့သည်နှင့်အမျှ ထိုရဟန်းတို့၏ လိုအပ်ချက်ကို သွန်းလောင်းဖြည့်ဆည်းလိုသည့် ဆန္ဒသည်လည်း တဖွားဖွား ဖြစ်ပေါ်လာခဲ့လေတော့၏။


ထိုရဟန်းတို့အနေဖြင့် ညကျိန်းစက် အနားယူရန် သီးခြားနေရာမရှိသေးကြောင်း ကျွန်ုပ်သိပါသည်။ နေ့အခါ၌ ဘ၀ရှင် ဧကရာဇ်မင်းတရားကြီးလှူဒါန်းထားသည့် ဝေဠုဝန်ဝါးတောကိုသာ ကျောင်းအမှတ်ဖြင့် ဗုဒ္ဓအရှင်နှင့်အတူ သာဝကရဟန်းများ စုပေါင်းသီတင်းသုံးနေကြရလေသည်။ ညဥ့်အခါ၌မူ တော၊တောင်၊ လိုဏ်ဂူ၊ သစ်ပင် ၊ ကောက်ရိုးပုံနှင့် သုသာန်စသည် ဆိတ်ငြိမ်သည့်နေရာများသို့ ကပ်မှီကာ ဘာဝနာစီးဖြန်းရင်း ညဥ့်သုံးယာမ်ကို ကုန်လွန်စေကြရသည် ဟု ကျွန်ုပ်ကြားသိထားလေသည်။

ဝေဠုဝန်တောကျောင်းတွင်လည်း မည်သည့် အဆောက်အဦမှ မတည်ဆောက်ရသေးသည်ဖြစ်ရာ ဗုဒ္ဓအရှင်ကိုယ်တော်တိုင်ပင် သစ်ပင်ဝါးရိပ်ကို မှီခိုလျက် ခြိုးခြံမျှတစွာ သီတင်းသုံးနေတော်မူရသည်။ ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်သည် ဗုဒ္ဓအရှင်ထံမှ မဂဓပြည်သူတို့ တရားဓမ္မ နာယူရန်၊ ဗုဒ္ဓအရှင်နှင့် ရဟန်းသံဃာတို့အား ဖူးမျှော်ရန်၊ တရားဓမ္မဆွေးနွေးလျှောက်ထားရန်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနည်း နိဿျည်းခံယူရန် စသော ယာယီကိစ္စများအတွက် သင့်လျော်သည့်တိုင် အမြဲတစေ သီတင်းသုံး၍ အေးအေးလူလူ ကမ္မဋ္ဌာန်းဘာဝနာတရား ပွားများအားထုတ်ရန် သီးသန့်ကျောင်းသင်္ခန်းများလိုအပ်သည် ဟု ကျွန်ုပ်ထင်မြင်မိပေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သည် ဗုဒ္ဓအရှင်ကြောင့် နေ့ချင်းညချင်း နာမည်ကျော်ကြားလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်၏ အကျော်ကြားဆုံး ဘာသာရေးဂုရုကြီး တစ်ဆူဖြစ်သည့် ဥရုဝေလကဿပ သခင် ရသေ့ကြီးသည်ပင် ထိုဗုဒ္ဓအရှင်ထံမှ တရားဓမ္မနာယူခွင့် ရခဲ့သည့်အတွက် ဖန်ရေစွန်းသင်္ကန်းကို ၀တ်ရုံ၍ မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့ပေသည်။

ကျွန်ုပ်သည်လည်း ဘုရင်ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် မဂဓနိုင်ငံတော်၏ အထူးမြတ်ဆုံး ဘာသာကူးပြောင်းပွဲ အခမ်းအနားကြီးတွင် မိရိုးဖလာဘာသာရေးကို စွန့်ပယ်ကာ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်လာခဲ့လေသည်။ ကျွန်ုပ်တို့ ဆွေးနွေးလေ့ရှိသည့် ဗုဒ္ဓအရှင်မြတ်၏ သစ္စာဓမ္မနှင့် မဂ္ဂင်အကျင့်အမြတ်ကို အစွဲပြုကာ ကျွန်ုပ်တို့ ဗုဒ္ဓ၀ါဒီများကို မဇ္ဈိမပဋိပဒါ ဂိုဏ်းသားများဟု ယနေ့ ရာဇဂြိုဟ်စကားဝိုင်းများတွင် ခေါ်ဝေါ်သုံးနှုံးလျက်ရှိပေသည်။

ဘာသာတရားအသစ်ကို ကူးပြောင်းသူတို့၏ ထုံးစံအတိုင်း မိမိကိုးကွယ်သောဗုဒ္ဓသာသနာ၏ ကောင်းမြတ်သော သတင်းစကားတို့ကို တစ်နေ့တစ်ခြား ကြားနေရသည်မှာ ကျွန်ုပ်ကဲ့သို့သော ဗုဒ္ဓသာဝကသစ်တစ်ဦးအတွက် အားတက်ဖွယ် ခံစားမိကြောင်း ပွင့်လင်းစွာ ၀န်ခံရပေမည်။ လွန်ခဲ့သော လအနည်းငယ်က ခေတ်ပညာတ် ထိပ်တန်းလူရွယ်များဖြစ်ကြသည့် ဥပတိဿနှင့် ကောလိတတို့ ဗုဒ္ဓ၏ သာဝကများအဖြစ် ခံယူလိုက်ပြီဆိုသောအခါ ရာဇဂြိုဟ်မီဒီယာသမားများစိတ်ကြိုက် သတင်းထူးတစ်ခုဖြစ်သွားခဲ့လေသည်။ ကျွန်ုပ်တို့ မဇ္ဈိမပဋိပဒါဂိုဏ်သားများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပြီ။

ဥပတိဿနှင့် ကောလိတဆိုသည်က မဂဓနိုင်ငံတော်၏ ဗြဟ္မဏဘာသာရေးလောကနှင့် လူကုန်ထံ အသိုင်းအ၀ိုင်းတွင် အရေးပေးခံရသော လူရွယ်နှစ်ဦးဖြစ်လေသည်။ နယ်ကျေးလက်တွင် မွေးဖွား ခဲ့ကြသော်လည်း ဥစ္စာဓနကြွယ်ဝမှုနှင့် ပညာရေးထူးချွန်ထက်မြက်မှုများကြောင့် ရာဇဂြိုဟ်မြို့ပြတွင်လည်း ၀င်ဆန့်ကြပေသည်။ ကခြင်း၊ သီဆိုခြင်းစသော ကလာအတတ်အမျိုးမျိုး၌ နှံ့စပ်ခြင်း၊ မဂဓပျိုဖြူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်သည့် ခန့်ညားချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ခြင်း၊ စကားအသုံးအနှုံးချိုသာစွာ မြို့ကြီးသူတို့အကြိုက် လိုက်လျောညီထွေ မွန်မွန်ရည်ရည်ပြောတတ်ခြင်း စသော အရည်အသွေးတို့ကြောင့်လည်း ရာဇဂြိုဟ်ကပွဲများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်များဖြစ်နေကြပြန်သည်။

ပညာရေးလောကတွင် ဝေဒကျမ်းဂန်တတ်ပါရဂူများ ဖြစ်ကြသည်သာမက စီးပွားရေးနယ်ပယ်တွင်လည်း စွန့်စွန့်ချွံချွံ စီမံဆောင်ရွက်တတ်သူများဖြစ်ကြရာ ဗြဟ္မဏလူငယ်များအတွက် အဖက်ဖက်က အားကျစံထားစရာ ပုဂ္ဂိုလ်များအဖြစ် မျက်နှာပွင့် ကြပါပေသည်။

ကျွန်ုပ်ကိုယ်တိုင်ပင် ထိုလူရွယ်နှစ်ဦးနှင့် နှစ်ကြိမ်သုံးကြိမ်ခန့်မျှ မင်းရေးစိုးခွင် သဘင်ပွဲများ၌ စကားလက်ဆုံကြခဲ့ဖူးလေရာ ဥပတိဿ၏ ကျမ်းဂန်စာပေနှံ့စပ်မှုနှင့် နှုတ်မှုရေးရာလိမ္မာပါးနပ်မှုကို အကဲခတ်မိသည်သောခါ '' ဤသူငယ်ကား အနာဂတ်မဂဓနိုင်ငံတော်၏ အမတ်ချုပ်ကြီးသော်လည်းကောင်း၊ ပရောဟိတ်ကြီးသော်လည်းကောင်း ဖြစ်ထိုက်ပါပေသည် '' ဟု မှတ်ချက်ချမိသည်နှင့်အမျှ ကောလိတ၏ တည်ကြည်ရဲရင့်သောအသွင်အပြင်နှင့် လက်ဝှေ့လက်ပန်းကစားခြင်း၊ ဓါးခုတ်လှံထိုး အမျိုးမျိုးသော အားကစားတို့၌ အကျွမ်းတ၀င်ရှိလှခြင်း၊ ကာကွယ်ရေး စစ်ရေးမဟာဗျူဟာတို့နှင့် စပ်လျဉ်း၍ အမြင်စူးရှခြင်းတို့ကို အားရမိလေရာ '' ဤသူငယ်မှာမူ ဥပတိဿနည်းတူ နိုင်ငံတော်အတွက် စစ်သေနာပတိကြီးတစ်ဦးအဖြစ် အလားအလာကောင်းသူတည်း'' ဟုပင် အမှတ်ပေးခဲ့ဖူးလေသည်။

ထိုကဲ့သို့ လိုတိုင်းရ၊ တတိုင်းဖြစ်နေကြသော လူရွယ်နှစ်ဦး ရာဇဂြိုဟ်မြို့တော်၏ တောင်ထိပ်ကပွဲည တစ်ညတွင် ရုတ်တရက် လောကီနယ်ပယ်ကို စွန့်ခွာသွားခဲ့ပြီ ဟူသော သတင်းက ကျွန်ုပ်အပါအ၀င် ရာဇဂြိုဟ်မြို့တော်သားတို့စကားဝိုင်းတွင် ရက်ပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ရသည့် ဘာသာရပ်တစ်ခုဖြစ်ခဲ့ရပေသည်။ ထိုနောက်တွင် ဥပတိဿနှင့် ကောလိတတို့နှစ်ဦးသား တိုင်းဌာနီအသီးသီး၊ တောတောင်အသီးသီးရှိ ဆရာအဆူဆူထံတွင် ချဉ်းကပ်လျက် တရားရှာဖွေကျင့်ကြံနေကြကြောင်း၊ ထို့နောက် မဂဓတိုင်းသို့ ပြန်ရောက်လာကာ သဉ္စယဂိုဏ်းဆရာကြီးထံတွင် ဂိုဏ်အုပ်တပည့်ကြီးများအဖြစ် ကျင့်ကြံနေကြောင်း စသော သတင်းများကိုလည်း အဆက်မပြတ်ကြားခဲ့ရလေသည်။

ယခုအခါ၌မူ ကျွန်ုပ်တို့ မဂဓတိုင်း၏ ဇာတ်လိုက်ကျော်ကြီးနှစ်ဦး ဗုဒ္ဓသာဝကရဟန်းများ အဖြစ်ခံယူလိုက်ပြီဖြစ်ကြောင်း၊ ၊ဗုဒ္ဓအရှင်ကလည်း ထိုလူရွယ်နှစ်ဦးအား အဂ္ဂမဟာသာဝကကြီးများ အဖြစ် မြင့်မြတ်သောသာသနာ့ရာထူးများခန့်အပ်လျက် ထိုက်တန်စွာ နေရာပေးချီးမြောက်တော်မူကြောင်း သတင်းစကားများကို ၀မ်းမြောက်ဖွယ် ကြားခဲ့ရလေသည်။ ထိုသတင်းစကားများ၏ အကျိုးဆက်အနေဖြင့် မဂဓတိုင်းရှိ လူကုန်ထံအသိုင်းအ၀ိုင်းမှ လူကြီးလူကောင်းများနှင့် ပညာတတ်လူငယ်လူရွယ်များ ဗုဒ္ဓသာဝကများအဖြစ်ခံယူကာ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ကြလေသည်။

သို့အတွက် ရဟန်းတော်များ၏ ဆွမ်းခံလမ်းတွင် ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ယူဆောင်ခဲ့ပြီးနောက် ယခု အဘယ်သူကို ယူဆောင်လတံ္တ့နည်း'' ဟူသော ဂါထာသံချပ်ဖြင့် ရာဇဂြိုဟ်ပြည်သူတို့ ဆန္ဒပြခဲ့ကြသည်ကို စိတ်မကောင်းဖွယ် ကျွန်ုပ် ကြားသိရလေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သံဃသမိတိ(သံဃာ့အဖွဲ့)၏
''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည်
စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊
တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို
ငြူစူ စောင်း မြောင်းခြင်းဖြင့်
အဘယ်ပြုအံ့နည်း''

ဟူသော တရားဝင်ထုတ်ပြန်ကြေငြာချက်က ဆန္ဒပြသူများ၏ သံသယကို ပယ်ဖျက်နိုင်ခဲ့ပေသည်။
''ရဟန်းတော်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သွားကြပြီးနောက် ဆန္ဒပြမှုများ ငြိမ်းသွားခဲ့သည်မှာ လွန်စွာမှ စိတ်ချမ်းမြေ့ဖွယ်အတိဖြစ်ခဲ့ရလေသည်။

ယခုအခါ မဂဓနိုင်ငံတော်၏ ဗုဒ္ဓသာသနာသည် မြူတိမ်ကင်းသော လကဲ့သို့ ၀င်းပနေလေပြီ၊ တစ်နေ့တစ်ခြားတိုးတက်များပြားလာသော အရိယာအရှင်ကောင်းတို့အတွက် ကျွန်ုပ်အနေဖြင့် ကျောင်းဆောက်လုပ်လှူဒါန်းလိုသော စေတနာသည် ဝေဘာရတောင်ထိပ်မှ စီးကျလာသော ရေအလျဉ်ကဲ့သို့ အားကောင်းလျက် ရှိချေပြီ..။ ဗုဒ္ဓအရှင်မြတ်ကသာ ခွင့်ပြုတော်မူလျင် ဤဘဒ္ဒကမ္ဘာ၏ ဂေါတမသာသနာတွင် ပထမဆုံးကျောင်းဒကာအဖြစ် ဥဒါန်းတွင်ရစ်ပေတော့မည်..။ ကျွန်ုပ်ကား မလှူရသေးမီကပင် ပီတိလွှမ်း၍ ပုဗ္ဗစေတနာတည်းဟူသော ဂန္ဓမာဒနပန်းရနံ့ကို ရှိုက်နမ်းမိချေပြီတည်း..။

ဓမ္မဂင်္ဂါ စာပြီးချိန် (၂၇-၄-၂၀၁၁) နံနက် ၄း၃၀ နာရီ


Read more...

မာတိကာ

မာတိကာ


(အ)

၁။ အကုသိုလ်ကံပယ်နိုင်ပုံနည်း ၂၇၃

၂။ အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ပြည့်စုံတာပဲ မဟုတ်လား ၂၆၈

၃။ အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော ၂၄၈

၎။ အချိန်၏တန်ဖိုးကို လေးစားပါ ၈၁

၅။ အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ ၁၃၁

၆။ အဌကထာဆိုတာ ဘာလဲ ၁၃၃

၇။ အတ္တအမျိုးအစား ဘယ်နှစ်ပါးရှိပါသလဲ ၁၅၆

၈။ အတ္တမှ ကင်းလွတ်ပုံနည်းကလေးများ ၁၅၇

၉။ အထက်ဂိုဏ်း အထွက်ဂိုဏ်းသမားလား ၄၄

၁၀။ အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား ၁၅၁

0 comments

Read more...

ခါးသီးတဲ့ အနမ်းနဲ့ ချိုမြိန်တဲ့ လမ်းခွဲ


ကံထွန်းသစ်

တံခါးဆွဲ ဖွင့်လိုက်တော့ မှုန်ပြပြ ကြမ်းပြင်ပေါ်မှာ စာရွက်ခေါက်လေး တစ်ခုက ကြိုလင့်နေတယ်၊ ကောက်ယူပြီး မီးရောင်မှာ ကြည့်မိတော့ အစိမ်းနုရောင်အောက်ခံမှာ အနီရင့်နဲ့ ရိုက်ထားတဲ့ ကွက်ရှင်မှတ်နဲ့ စာတစ်ကြောင်း၊ “ ဖန်ဆင်းရှင်က သင့်အပြစ်ကို ဘယ်လို ဖယ်ရှားပေးတယ်ဆိုတာ သိလိုသလား” တဲ့၊

လာရောက်ရမည့်နေရာနဲ့ အချိန်ကိုလည်း အောက်မှာရေးထားတယ်၊ စာရွက်လေးကို စားပွဲပေါ်အသာချထားရင်း အရင်လက လာပေးသွားတဲ့ စာအုပ်လေးကိုလည်း အမှတ်ရမိတယ်၊ ခုစာရွက်လေးနဲ့ အသွေးတူ အမွေးတူ၊ သေသပ်လှပစွာ၊ “ ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း” ဆိုတဲ့ သမ္မာကျမ်းစာ ကောက်နှုပ်ချက် စာအုပ်လေးပေါ့၊ အားလပ်တဲ့အခါ ဒါမှမဟုတ် သိလိုတဲ့အခါ ဖတ်ဖြစ်ခဲ့တယ်။


မြေမှုန့်ကဖြစ်လာတဲ့ အာဒမ်နဲ့ အာဒမ်ရဲ့ နံရိုးကဖြစ်လာတဲ့ ဧ၀တို့ရဲ့ ဧဒင်ဥယျာဉ်ထဲက ဇာတ်လမ်းလေးကိုလည်း မြည်းခဲ့ဖြစ်တယ်၊ ဖန်ဆင်းသမျှကို မဝေဖန်သာပေမဲ့ “ ကောင်းမကောင်း သိရာအပင်မှ အသီးကိုမစားရာ” ဆိုတဲ့ ပညတ်ချက်ကိုတော့ ကိုယ်လည်း အာဒမ်တို့နေရာမှာဆို လိုက်နာဖို့ ခက်ခဲ့မယ်ထင့်။


ဒါမျိုးလေးတွေ သိမှတ်ရတာရယ်၊ သူတို့ရဲ့ သာသနာပြုပုံ ထက်သန်တာတွေရယ်၊ ကြွယ်ဝတဲ့လူ့အဖွဲ့အစည်းပီပီ စာရွက်စာတမ်း စတဲ့ အထောက် အကူပြုကောင်းတွေ အသုံးပြုနိုင်တာတွေရယ်ကတော့ အသိအမှတ်ပြု အားကျရမှာပါ။


ကြည့်စမ်း ခုဆို ကိုယ့်ဆီစာရွက်တွေ ပုံမှန်ပို့နေတာ မနည်းတော့ဘူး။


ကိုယ့်မှာတော့ စနေ တနင်္ဂနွေနေ့များမှာမှ လာသမျှလေး တစ်ယောက်စ နှစ်ယောက်စကို သရဏဂုံသိအောင်လုပ်ရ၊ ကိုယ်ကျင့်သီလငါးခုကို အကျိုးတစ်လှည့် အပြစ်တစ်လှည့် ပြောရနဲ့၊ မည်ကာမတ္တလေး ပြုနေရချိန်မှာ သူတို့ကတော့ အုံနဲ့ ကျင်းနဲ့ အဟုန်နဲ့ အလျင်နဲ့ …………အင်း………။


ဟိုနေ့က ဒကာမကြီး တစ်ယောက်ပြောတာ ကြားယောင်မိသေး၊ ဓမ္မဆရာက တနင်္ဂနွေနေ့ဆိုရင် ကားနဲ့လှည့်ခေါ်ယုံမက၊ မကြာခဏ လာရောက် လည်ပတ်တတ်ကြောင်း၊ အ၀တ်အထည်နဲ့ အသုံးအဆောင်လေးတွေ ပေးတတ်ကြောင်း၊ ဘုရားကျောင်းတွေကလည်း စားစရာတွေ အလျှံအပယ် ဝေတတ်ကြောင်း၊ ပြောပြပြီး သူတို့မျိုးနွယ် တော်တော်များများ တိမ်းညွတ်သွားခဲ့ကြောင်း စတာတွေ အပါအ၀င်ပေါ့။


စိတ်မကောင်းဖြစ်မိတယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ မထောက်ပံ့နိုင်လို့တော့ မဟုတ်ပါဘူး၊ ခမျာတွေရဲ့ ရင်ထဲကို မြတ်ဗုဒ္ဓရဲ့ သစ္စာဓမ္မကို ထည့်မပေး လိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်မကျေသလို ခံစားရလို့ပါ။


ဘယ်အရာမဆို အခြေမခိုင်ရင် အခြေယိုင်မှာပဲ၊ အခြေယိုင်ရင် တစ်ဖက်ကို လဲစမြဲပေါ့၊ ငါတို့အခြေခိုင်အောင် မကူညီနိုင်ခဲ့ပါလားလို့ မကြာ ခဏတွေးမိတယ်၊ စည်းရုံးသူ သိမ်းသွင်းသူတွေကိုတော့ အပြစ်ဆိုဖွယ်မရှိပါဘူး၊ မည်သည့် ဘာသာရေးဦးဆောင်သူမဆို ကိုယ်သက်ဝင်ရာကို သူတစ်ပါး ယုံကြည်လာအောင် အားထုတ်ကြမှာပါပဲလေ၊ ဒါကိုက သူတို့တာဝန် တစ်ရပ်မဟုတ်လား။


ဒါပေမဲ့ သာသနာပြုကြတယ်ဆိုတာ အရေအတွက် တိုးယုံသက်သက်လား၊ အရေအချင်းတွေ မြင့်လာဖို့လား ဆိုတာကိုတော့ ကွဲပြားစွာ သိကြဖို့ လိုမယ်ထင်ရဲ့၊ အကြိုက်ဆောင်ပြီး အကျင့်လွယ်လို့ တိုးပွားလာတဲ့ အရေအတွက်နဲ့၊ အကျင့်ပြပြီး အသိအမြင်တိုးစေလို့ ယုံကြည်သက်ဝင်လာတဲ့ တိုးပွားမှု၊ ဒီနှစ်မျိုးမှာ နောက်နည်းကို ကိုယ်တော့ သဘောကျမိတယ်၊ ဘုရားရှင် ကိုယ်တော်တိုင်လည်း ဒီနည်းကို သုံးတော်မူပြီး ကျင့်ကြဖို့ ညွှန်ပြခဲ့တာပဲလေ။


ဘာပဲဖြစ်ဖြစ်လေ ဘာသာတရားတိုင်းကတော့ လူတွေအကျိုးရှိဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖြန့်ဖြူးနေကြတာပါပဲ၊ ကိုယ်တို့ဘုရားရှင်လည်း တပည့်ဖြစ်လာစ ခြောက်ကျိပ်သော သာဝကတွေကို “ ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ” လူတွေအကျိုးရှိအောင်၊ ချမ်းသာအောင် ပြုချေကြ၊ သစ္စာဓမ္မတွေကို လှည့်လည်ဟောချေကြ ဆိုပြီး သာသနာပြုစေတော်မှုခဲ့တာ ဘီစီ ၆ ရာစု ကတည်းက ဆိုတော့ “ မစ်ရှင်းအစ ဗုဒ္ဓဘာသာက” လို့တောင် ဆိုသင့်မယ်ထင်ရဲ့။


အဲဒီစေစားတော်မူချက်ကို အဆက်ဆက် လိုက်နာလာကြတဲ့ နောင်တော့် နောင်တော်မြတ်များရဲ့ စွမ်းဆောင်မှုတွေကြောင့် ဘုရားရှင်ရဲ့ အဆုံးအမတွေ ပြန့်နှံ့ခဲ့ရတာကလား၊ ခုဆို ကမ္ဘာအနောက်ခြမ်း တိုင်ပေါ့။


အဲဒီလမ်းကြောင်းကြီးအတိုင်း အစဉ်မပျက် လျှောက်တော်မှုခဲ့ကြတဲ့ အရှင်ကျော် အရှင်မော်တွေရဲ့ နောက်ကို ကိုယ်လည်း မမှီမကမ်း လိုက်နေမိတယ်ဆိုပါတော့၊ ဒါပေမဲ့ ကိုယ့်အဖြစ်က သူတစ်ပါးကို သာသနာပြုဖို့ထက် ကိုယ့်ကိုပြုမဲ့ သာသနာတွေက ၀န်းရံနေကြပါကလား ဟရို့။


အထက်မှာပြောခဲ့သလို ဓမ္မစာလွှာတွေ မကြာခဏရောက်လာကြသလို၊ လူကိုယ်တိုင် လာရောက်ကြတာကလည်း အကြိမ်ကြိမ်၊ အလို……….ကြည့်စမ်း………ဒီမြို့ကို ရောက်တာ တစ်နှစ်မပြည့်သေးဘူး၊ ဆယ်ကြိမ်ထက်မနည်း သူတို့ ရောက်ခဲ့ပါပကော၊ တစ်ခါကတော့ မနီးမဝေးမှာရှိတဲ့ Church ကျောင်းသင်းအုပ်ဆရာနဲ့ မိသားစုပေါ့၊ အဲဒီအကြိမ်ကတော့ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့မို့ သူတို့လည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး နောက်တနင်္ဂနွေမှ လာပါဦးမယ်ဆိုကာ ပြန်သွားကြလေရဲ့။


နောက်တစ်ဦးကတော့ အသက်ငါးဆယ်ခန့် အမေရိကန်တစ်ယောက်၊ ဘဲလ်ကို တီးမရလို့ထင့်၊ တံခါးကိုထုတယ်၊ ဖွင့်ပြီး “ဟယ်လို” လို့ နှုတ်ဆက် လိုက်တော့ သူက စာရွက်နှစ်ရွက် ကမ်းလာတယ်၊ လှမ်းယူပြီး ခက်တည်တည်နဲ့ ဖတ်လိုက်တော့ Donation တဲ့၊ ဒီတော့ကိုယ်က ခါတိုင်းလိုပဲ ကျမ်းစာလာဝေတယ်မှတ်လို့ “ Thank You” ပေါ့၊ ဒါပေမဲ့ ဘားသားချောက မသွား၊ ယောင်ပေ ယောင်ပေ ဆက်ရပ်နေတယ်၊ ဒီတော့ကိုယ်လည်း သူကျေနပ်အောင် တတ်သမျှ မှတ်သမျှ “ Thank you so much” ပေါ့၊ ဒီတော့မှ မောင်မင်းကြီးသား ကြွပေတော့တယ်၊ အဲ……..ခြေရင်းအိမ်ကို တံခါးသွားထုနေလေရဲ့၊ ဒါနဲ့ကိုယ်လည်း အထဲဝင်ပြီး စာရွက်လေးကို ဖတ်ကြည့်လိုက်တော့ အသံထွက်အောင် ရယ်မိတော့တယ်၊ “ Help us, Help other ” တဲ့၊ ကျွနုပ်တို့ကို ကူညီပါ၊ အခြားသူကို ကူညီပါပေါ့၊ အောက်က အသင်းတော်ရဲ့ နာမည်လေးနဲ့၊ ကိုင်း……..ကိုယ့်အဖြစ်က ဘယ်လောက်များ အလှူခံပုဂ္ဂိုလ် ပီသလိုက်သလဲ၊ ကိုယ့်လာပြီး အလှူခံသူကိုတောင် လာလှူသူထင်ပြီး ဆက်ဆံပြလိုက်တာ၊ ယူပက္ခန္ဓာသမား ပီသပါပေရဲ့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရယ်နေမိတယ်၊ ခုနကလူ ချက်ချင်း ထွက်မသွားတဲ့ အကြောင်းကို အခုမှ ရိပ်မိတော့တယ်။


ဒီလိုပဲ ကိုယ်ဒီမြို့ကိုရောက်ပြီး သုံးလအကြာမှာပေါ့၊ ဘဲလ်တီးသံကြားလို့ တံခါးဖွင့်ပေးလိုက်တော့၊ ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ အမေရိကန်ပျိုဖြူတစ်ယောက်၊ နှစ်ဆယ်မက သုံးဆယ်မကျော် အရွယ်၊ သူမက သူ့ကိုယ်သူ “ နိုရာ” လို့ မိတ်ဆက်လာတော့ ကိုယ်ကလည်း “ ဟိုင်း နိုရာ” ပေါ့၊ သူ့နံဘေးက ကလေးမလေးကို ကိုယ်က၀မ်းသာ အားရနဲ့ ဒို့ပြည်ဖွား တိုင်းရင်းသူလေးမဟုတ်လားလို့ မေးမိတော့၊ နိုရာက ဟုတ်တယ် သူကတိုင်းရင်းသူပဲတဲ့၊ တိုင်းရင်းမျိုးနွယ် အမည်ကိုလည်း လျှာလိပ်သံနဲ့ အသံထွက်ပြလိုက်သေး၊ ကလေးမလေး ကတော့ မြန်မာလို မတတ်လို့လားတော့မသိ ဘာစကားမျှ မဆို၊ နိုရာကသာ မြန်မာဒုက္ခသည်တွေကို ဘုရားသခင်ရဲ့ ကရုဏာနဲ့ အညီ ကူညီစောင့်ရှောက်နေတာတဲ့၊ ကိုယ်က ကျေးဇူးတင်ပါကြောင်းပြောလိုက်တယ်။


သူမက ပုံတစ်ခုထုတ်ပေးပြန်တယ်၊ ဗူးသီးခြောက်လေးရှေ့ချပြီး အဟာရချို့တဲ့ အသွင်နဲ့ထိုင်နေတဲ့ လူတစ်ယောက်ပုံ၊ ရိုဟင်ဂျာ လို့ ကိုယ်ထင် မိတယ်၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် လူမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ သူမက မြန်မာလို့ အတိအကျ ငြင်းတယ်၊ ကိုယ်က ဆက်မပြောတော့ပါဘူး၊ ဒါကအရေးမှ မကြီးတာ၊ ဒုက္ခသည် ဆိုရင် ဘယ်လူမျိုးကို မဆိုကူညီရမှာ မဟုတ်လား၊ အရေးကြီးတာက အဲဒီပုံမှာပါတဲ့ စာ၊ “ လူတွေကံမကောင်းလို့ ဒုက္ခရောက်ရ တယ်ဆိုတာ မမှန်ကြောင်း၊ ကံဆိုတာ ဘယ်သူမှ မြင်နိုင်တာ မဟုတ်ကြောင်း၊ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့တစ်သင်းရဲ့ စာနာမဲ့မှု စတာတွေကြောင့်သာဖြစ်ရကြောင်း၊ ဆိုတဲ့ ကမ္မ၀ါဒကို ငြင်းဆိုထားတဲ့ စာသားတွေပါပဲ၊ ဒီအတွက်လည်း ကိုယ်သူ့ကို ဘာမှပြောစရာမရှိပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တို့ဘုရားရှင်က အရာရာကို ကံကြောင့်ချည်းလို့ မှ မဟောခဲ့တာ၊ တစ်ချို့ အရာတွေက “ ပယောဂ” ကြောင့်ဆိုတာ အတိအလင်း ဟောခဲ့တာပဲ။


ဒါကိုပဲ မဃဒေ၀လင်္ကာမှာ “ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူဋ္ဌာန်၌၊ ဥာဏ်ဝီရိယ၊ ပယောဂတည်း” လို့ ဆိုထားတယ်လေ၊ “ ကံကိုယုံ ဆူးပုံမနှင်းရာ” ဆိုတဲ့ ဆိုရိုးဟာလည်း တို့ဝန်းကျင်မှာ ဟောင်းမျဉ်းလှပေါ့၊ ဒါတွေကို သူ့ကို ရှင်းမပြလိုက်နိုင်ခဲ့ဘူး၊ သူတို့စကားမကျွမ်းကျင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်ရတယ်။


သူမကတော့ သူတို့ကသာ ကယ်တင်ရှင်တွေဆိုတဲ့ ဂုဏ်ယူဟန်အပြည့်နဲ့ ကြည့်နေလေရဲ့၊ ကိုယ့်အကြည့်မှာလည်း တစ်စုံတစ်ခုကြောင့် တောက်သွား မယ်ထင်ရဲ့၊ တစ်ခဏအကြာတော့ သူမကနှုတ်ဆက်တယ်၊ သူတို့ဘုရားကျောင်းကိုလည်း လာဖို့ဖိတ်တယ်၊ ကိုယ့်ဆီကိုလည်း မကြာခဏလာပါအုံး မယ်လို့ ဆိုသွားတယ်၊ ကိုယ်ကလည်း လာလည်နိုင်ပါတယ်ပေါ့၊ ဒါပေမဲ့ ခုချိန်ထိ တစ်ခါမှ သူမ ပေါ်မလာတော့ပါဘူး၊ Monastery မှန်းသိလျက်နဲ့ လာခဲ့တဲ့ သူမ ဟာ ဗုဒ္ဓသားတော်တစ်ပါးရဲ့ ပင်ကိုယ်စိတ်အခံကို မြင်သွားလို့လေလား။

ဒါမှမဟုတ်………..။

ဒါမှမဟုတ်………………..။


ရင်ထဲမှာ ပုံရိပ်တစ်ခု ဖျပ်ကနဲ ပေါ်လာတယ်၊ သူမလိုတစ်ယောက်၊ ဟိုးလွန်ခဲ့တဲ့ ရှစ်ဆယ်ခုလွန်နှစ်တွေ အတွင်းကပေါ့၊ အမိမြေမှာ ဆရာမတစ်ဦးရဲ့ မိတ်ဆက်ပေးမှုနဲ့ ရင်းနှီးခဲ့ရသူ၊ နှစ်နာရီခန့် ကားစီးရပေမဲ့ တနင်္ဂနွေနေ့တိုင်း ရောက်လာတတ်သူ၊ စကားနည်းပေမဲ့ ရယ်ရယ်ပြုံးပြုံးနဲ့ သူတို့ဘာသာ အကြောင်းတွေနဲ့ သခင်ယေရှု အကြောင်းပြောပြတတ်သူ၊ ဓမ္မသစ် ဓမ္မဟောင်း နှစ်အုပ်လုံးကို ပေးဖတ်သူ၊ ရှင်မဿဲ ရှင်ပေါလုတို့ရေးတဲ့ ထဲက စာသားလေးတွေကို ကိုယ်ရွတ်ပြတဲ့အခါ မျက်လုံးတောက်တောက်လေးတွေနဲ့ ရယ်ပြုံးနေတတ်သူ၊ နောက်ဆုံးညစာ စားပွဲမှာ ခရစ်တော်ကို နမ်းပြတဲ့ ယုဒ အကြောင်းကို ပြောတဲ့အခါ သစ္စာဖောက်လို့ နှုတ်ခမ်းလေးကိုက်ကာ ဆိုတတ်သူ။


နောက်တော့………….နောက်တော့……….ဘာကြောင့်ရယ်မသိ၊ ဓမ္မဟောင်းကျမ်းလေးကိုသာ လူကြုံနဲ့ပြန်တောင်းပြီး ပျောက်ကွယ်သွားလိုက်တာ၊ ဓမ္မသစ်ကျမ်းလေးကတော့ ကိုယ့်စာအုပ်ဗီရိုထဲမှာ ရှိနေဆဲပါ။


“ ယုဒက ခရစ်တော်ကို နမ်းသလိုမျိုး၊ ကိုယ့်အဖမြတ်စွာကို ကိုယ်မနမ်းနိုင်ဘူး” လို့ပြောခဲ့တဲ့ ကိုယ့်နှလုံးသားကို သူတွေ့မြင်သွားလို့နေမှာပါလေ။ ဒါဆိုရင်တော့ ကျေးဇူးပါကွယ်။


ကံထွန်းသစ်

၎၊ ၂၇၊ ၂၀၁၁ ( နံနက် ၃နာရီ ၄၀ )

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ ဧပြီလ 30-ရက်၊ စနေနေ့ ။

Read more...

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၇)

မဟာဗုဒ္ဓ၀င်အကျဉ်း (၁၇)


သစ္စာလေးပါးကို ရှာဖွေခြင်း

ဘုရားအလောင်းတော် သိဒ္ဓတ္ထသည် အာဠာရနှင့် ဥဒကတို့နည်းလမ်းဟာ ဆင်းရဲခြင်းမှ လွတ်မြောက်စေမယ့် လမ်းစဉ်မဟုတ်ဘူးဆိုတာကို သိရှိပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင့်ကြံအားထုတ်မည်ဟု ကြံစည်ဆုံးဖြတ်ပြီး ငြိမ်းအေးသော သန္တိသုခ-နိဗ္ဗာန်းလမ်းကို ရှာဖွေရင်း လှည့်လည်လာတဲ့အချိန်မှာ ဥရုဝေလတော သေနာနိဂုံးကို ရောက်လာပါတယ်။
ထိုဥရုဝေလတောအုပ်ရဲ့ မွေ့လျော်ဖွယ်ကောင်းတဲ့ မြေနေရာကိုလည်းကောင်း၊ လူသံတိတ်ဆိတ်ငြိမ်သက် သာယာတဲ့ကျေးငှက်သံများနဲ့အတူ ကြည်နူးဖွယ်ကောင်းတဲ့ တောအုပ်ထဲမှာ သန့်ရှင်း ကြည်လင်ပြီး အေးမြနေတဲ့ စိမ့်စမ်းရေ တစ်ခုကိုတွေ့ရှိပြီးတော့ ထိုတောအုပ်နဲမနီးမဝေးမှာ သေနာနိ အမည်ရှိတဲ့ ဆွမ်းခံရွာလေးတစ်ခုလည်းရှိတာဖြစ်ခြင်းကြောင့် ထိုဥရုဝေလတောအုပ်မှာပဲ ရဟန်းတရားကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီခေတ်ကာလတုန်းက ယုံကြည်မှု့အမျိုးမျိုး၊ ကျင့်ကြံမှု့အသွယ်သွယ်များကို ခံယူကာ လှည့်လည်သွားလာပြီး ကျင့်ကြံနေကြတဲ့ ရသေ့ရဟန်းတွေများစွာ ရှိပါတယ်။ မိသားစု အသိုင်းအ၀ိုင်းများကို စွန့်ခွာပြီး ရသေ့ ရဟန်းပြုပြုလုပ်ကြပါတယ်။ သူတို့ရဲ့ ယုံကြည်မှု့က သူတို့၏ ခန္ဓာကိုယ်ကြီးကို ညှင်းပန်းနှိပ်စက်မှု့ပြုပြီး ကျင့်ကြံအားထုတ်နေကြခြင်းဖြင့် သုဂတိဘုံဖြစ်တဲ့ နတ်ပြည်ရောက်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ ဒီဘ၀မှာ မိမိတို့ကိုယ်ကိုမိမိ ညှင်းပန်းနှိပ်ခြင်း ပင်ပန်းလေလေ နောင်ဘ၀မှာ ချမ်းသာသုခ ပိုရလေလေပဲ ဆိုတဲ့ယုံကြည်ချက် သူတို့မှာ အခိုင်အမာရှိထားကြပါတယ်။
“No Pain No Gain- အနာမခံရင် အသာမစံရ၊ အနာခံမှ အသာစံရတယ်” ဆိုတဲ့ စကားကိုလက်ကိုင်ထားတဲ့ သူတွေပါပဲ။ တစ်ချို့က အစားအသောက်ကို စားတယ်ဆိုရုံလောက် နည်းနည်းလေးပဲ စားပြီး ကျင့်ကြပါတယ်။ တစ်ချို့ကတော့ မြေပေါ်ကို ခြေတစ်ဖက်ပဲ ကြာရှည်စွာ ရပ်ပြီးတော့ ကျင့်ကြံကြပါတယ်။ တစ်ချို့ကတော့ ဆူးချွန်များ တပ်ထားတဲ့ အိပ်ရာပေါ်မှာ အိပ်စက်ပြီး ချိုးချိုးခြံခြံ ပင်ပင်ပန်းပန်း ခန္ဓာကိုယ်ကို နှိပ်စက်ပြီး ကျင့်ကြံကြပါတယ်။ ဒါကို အတ္တကိလမထာနုယောဂ ကျင့်စဉ်လို့ခေါ်ပါတယ်။ ဘုရားအလောင်း သိဒ္ဓတ္ထလည်း နည်းမျိုးစုံစွာ ထက်ထက်သန်သန် ကျင့်ကြံအားထုတ်ပါတယ်။ ပြင်းပြင်းထန်ထန်သာ ကျင့်ကြံအားထုတ်မယ်ဆိုရင် ငါသဗ္ဗညုတဉာဏ်ရှင် ဘုရားစင်စင် ဧကန်ဖြစ်မှာ ဆိုတဲ့ ယုံကြည်ချက် ဘုရားအလောင်းမှာ ရှိပါတယ်။ ထိုယုံကြည်နဲ့အတူ တကယ် စစ်မှန်တဲ့ နိဗ္ဗာန်ချမ်းသာကို ပေးစွမ်းပြီး သတ္တ၀ါအားလုံး ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်ရန်အတွက် လူသာမာန်တို့ ကျင့်ဖို့ စိတ်ကူးဖြင့်သော်လည်း မမှန်းနိုင်တဲ့ ခက်ခဲပင်ပန်းလှတဲ့ ဒုက္ကရစရိယာကျင့်စဉ်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်ပါတယ်။
ဘုရားအလောင်း သိဒ္ဓတ္ထ၏ ဒုက္ကရစရိယာကျင့်ကြံခဲ့ပုံကို သိစေဖို့အတွက် စာရေးသူ အာဘော်နဲ့ ရှင်းပြခြင်းထက် ဗုဒ္ဓမြတ်စွာကိုယ်တိုင် ကျင့်ကြံခဲ့တာကို ပြန်လည်ဟောကြားထားတဲ့ မူရင်းစကားတော်တွေကို ဖတ်ရခြင်းက ပိုပြီး ပြည့်စုံမှာဖြစ်တာကြောင့် ဗုဒ္ဓရဲ့မူရင်း စကားတော်ကိုပဲ နာယူကြည်ညိုကြည့်ရအောင်ပါ။
ဗောဓိမင်းသား၏ “အရှင်ဘုရား အကျွန်ုပ်အား ချမ်းသာခြင်းဖြင့် ရင်းနှီးသဖြင့် ချမ်းသာခြင်းကို မရနိုင်၊ ဆင်းရဲ ဒုက္ခနဲ့ ရင်းနှီးမှ ရနိုင်၏ဟူသော အကြံဖြစ်မိပါသည် အရှင်ဘုရား” ဟူသော လျောက်ထားမေးမြန်းရာတွင် မြတ်ဗုဒ္ဓက အလောင်းတော်သိဒ္ဓတ္ထဘ၀တုန်းက ဒုက္ကရစရိယာကျင့်ကြံပုံ သို့မဟုတ် သစ္စာလေးပါးကို ရှာဖွေကျင့်ခြင်းနဲ့ပတ်သက်ပြီး ဟောကြားထားတဲ့ ဒေသနာတစ်ခု “မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဍာသပါဠိတော်၊ ရာဇ၀ဂ်၊ ငါးခုမြောက်ဖြစ်သော ဗောဓိရာဇကုမာရသုတ်” ဆိုတာရှိပါတယ်။ ဒီသုတ္တန်ဒေသနာထဲမှ သစ္စာလေးပါး မြတ်တရားကို ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး ဟောပြထားတဲ့ ဗုဒ္ဓရဲ့မူရင်း စကားတစ်ချို့ရဲ့ မြန်မာပြန်ကို စာဖတ်သူတိုအနေနဲ့ ဒုက္ကရစရိယာကျင့်စဉ်ကို သတ္တ၀ါအများ သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်ဖို့အတွက် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ ကျင့်ကြံခဲ့တာကို သိရှိပြီး လောကအပေါ်မှာ ထားရှိတဲ့ ဗုဒ္ဓမြတ်စွာ၏ ကြီးမြတ်တဲ့ ကရုဏာတော် ပညာတော်တိုကို ကြည်ညိုနိုင်ရန်အတွက် ရေးပြလိုက်ပါတယ်။
“မင်းသား-ထိုငါသည် အဘယ်အရာသည် အကောင်းဆုံး နည်းဟု ရှာဖွေရင်း အဘယ်အရာသည် အတုမရှိသော ငြိမ်းအေးသော နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်း၌ အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို ရောက်၏။ ထိုအရပ်၌ မွေလျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ အနီးအနားမှ ဆွမ်းခံရာကိုလည်းကောင်း မြင်၏၊ မင်းသား ထိုငါ့အား ဤသို့သော အကြံသည်ဖြစ်၏။ ဤအရပ်သည် ကမ္မဌာန်း အားထုတ်လိုသော အမျိုးသားအား ကမ္မဌာန်းအားထုတ်ခြင်းငှာ သင့်၏။ မင်းသား-ထိုငါသည် ထိုအရပ်၌ပင်လျင် ဤအရပ်သည် ကမ္မဌာန်း အားထုတ်ခြင်းငှာ သင့်လျော်၏ဟု ထိုင်နေ၏။”
“မင်းသား-ထိုင့ါအား ငါသည် သွားတို့ဖြင့် သွားတို့ကို ကြိတ်၍ လျှာဖြင့် အာစောက်ကိုထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ၊ ဖျစ်ညစ်ရမူ၊ ပင်ပန်းစေရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုင့ါအား ငါသည် သွားတို့ဖြင့် သွားတို့ကို ကြိတ်၍ လျှာဖြင့် အာစောက်ကိုထိလျက် စိတ်ဖြင့် စိတ်ကိုဖိနှိပ်၏။ ဖျစ်ညစ်၏။ ပင်ပန်းစေ၏။ မင်းသား-ထိုင့ါအား ငါသည် သွားတို့ဖြင့် သွားတို့ကို ကြိတ်၍ လျှာဖြင့် အာစောက်ကိုထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညစ် ပင်ပန်းစေသော် လက်ကတီးကြားမှ ချွေးတို့သည် ယိုထွက်ကုန်၏။ မင်းသား-အားရှိသော ယောကျာင်္းသည် အားနည်းသော ယောင်္ကျားကို ဦးခေါင်း၌ ကိုင်၍ဖြစ်စေ၊ ပခုံး၌ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညစ်ရာ ပင်ပန်းစေရာသကဲ့သို့ မင်းသား ဤအတူပင်လျင် သွားတို့ဖြင့် သွားတို့ကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညစ် ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားမှ ချွေးတို့သည် ယိုထွက်ကုန်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား-င့ါအား ထွက်သက် ၀င်သက်မရှိအောင်သာလျှင် ရှုဆင်ခြင်ရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထား၏။ ချူပ်တည်းထာ၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထားသော် ပိတ်ပင်ထားသော် နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ မင်းသား-ပန်းပဲသမားတို့၏ ဖားဖိုကို ဆွဲမှုတ်သော် လွန်ကဲပြင်းထန်သော အသံသည်ဖြစ်သကဲ့သို့ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထားသော် ပိတ်ပင်ထားသော် ငါ၏ နားအတွင်းမှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား-ထိုင့ါအား ထွက်သက် ၀င်သက်တို့ကို မရှိအောင်သာလျှင် ရှုဆင်ခြင်ရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထား၏။ ပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌ တို့ဝှေ့ကုန်၏။ မင်းသား အားရှိသော ယောင်္ကျားသည် ထက်သော ချွန်းဖြင့် ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့သို့ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော လေတိုသည် ငါ၏ ဦးထိပ်၌ တို့းဝှေ့ကုန်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား-ထိုင့ါအား ထွက်သက် ၀င်သက်တို့ကို မရှိအောင် ရှုဆင်ခြင်ရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထား၏။ ပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ မင်းသား အားရှိသော ယောင်္ကျားသည် ခိုင်ခံ့သော သားရေလွန်ပိုက်ဖြ့င့် ဥိးခေါင်းကို ရစ်ပတ်ထားသကဲ့သို့ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည် င့ါ၌ ဖြစ်ကုန်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား-ထိုင့ါအား ထွက်သက် ၀င်သက်တို့ကို မရှိရလေအောင် ရှုဆင်ခြင်ရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထား၏။ ပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ထိုးဆွ ရစ်မွှေကုန်၏။ မင်းသာ ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း ထက်သောသားလှီးဓားငယ်ဖြင့် နွား၏၀မ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ငါ၏ ၀မ်းကို ထိုးဆွရစ်မွှေကုန်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား-ထိုင့ါအား ထွက်သက် ၀င်သက်တို့ကို မရှိရအောင် ရှုဆင်ခြင်ရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ချူပ်တည်းထား၏။ ပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည် ကိုယ်၌ဖြစ်၏။ မင်းသား အားရှိသော ယောင်္ကျားနှစ်ယောက်တို့သည် အားနည်းသော ယောင်္ကျားကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်းကုန်ရာသကဲ့သို့ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း နားမှလည်းကောင်း ထွက်သက် ၀င်သက်တို့ကို ပိတ်ပင်ထားသော်၊ ချူပ်တည်းထားသော် လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည် ငါ၏ ကိုယ်၌ဖြစ်၏။ မင်းသား-ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ။ မင်းသား-ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ။ အားထုတ်ခြင်းကြောင့်သာလျှင် ငါ၏ကိုယ်သည် ပူလောင်ခဲ့၏။ မငြိမ်းအေးခဲ့။”
“မင်းသား စင်စစ် နတ်တို့သည် ငါ့ကိုမြင်၍ ရဟန်းဂေါတမသည် သေပြီဟု ဆိုကုန်၏။ အချို့နတ်တို့သည် ရဟန်းဂေါတမသည် မသေသေး။ စင်စစ်ကား သေခါနီးနေ၏ ဟု ဆိုကုန်၏။ အချို့နတ်တို့သည် ရဟန်းဂေါတမသည် မသေသေး၊ သေခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာဖြစ်၍ နေခြင်းသာဖြစ်၏။ ရဟန္တာ၏ နေခြင်းကား ဤသို့သဘောရှိ၏ဟု ဆိုကုန်၏။”
“မင်းသား- ထိုင့ါအား ငါသည် လုံးဝ အစာအာဟာရဖြတ်၍ ကျင့်ရမူကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုအခါ နတ်တို့သည် ငါ့ထံသို့ ချဉ်းကပ်၍ အရှင်…သင်သည် လုံးဝ အစာအာဟာရ ဖြတ်၍မကျင့်ပါလင့်၊ အကယ်၍ သင်သည် လုံးဝ အစာအာဟာရဖြတ်၍ ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်သြဇာကို အမွေးတွင်းမှတစ်ဆင့် သွင်းအံ့။ ထိုနတ်သြဇာဖြင့် သင်သည်မျှတလတ္တံ့ ဟု ဤစကားကို ဆိုကုန်၏။ မင်းသား-ထိုငါ့အား ငါသည်လည်း လုံးဝအစာမစားဟု ၀န်ခံမူ ဤနတ်တို့သည်လည်း င့ါအား နတ်သြဇာကို အမွေးတွင်းတို့မှတစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်သြဇာဖြင့်လည်း ငါသည် မျှတငြားအံ့။ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း ဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍မသင့်ဟု ပြောဆို၏။”
“မင်းသား-ထိုငါ့အား ငါသည် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ်မျှသော အစာအာဟာရကို မျိုရမူ ကောင်းပေမည် ဟု ဤအကြံသည်ဖြစ်၏။ မင်းသား- ထိုငါသည် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ်မျှသော အစာအာဟာရကို မျို၏။ မင်းသား တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ်မျှသော အစာအာဟာရကိုမျိုသော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ရောက်၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ငန်းတို့၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်ကြကုန်၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုတ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့ ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် နက်သော ရေတွင်းမှ ရေ၀န်းသည် နက်ရှိုင်း၍ အောက်သို့ ၀င်နေသည်ဟု ထင်ရာသကဲ့သို့ ငါ၏ မျက်ကွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ၀င်နေသည်ဟု ထင်ရကုန်၏။ အစာအာဟာရနည်းပါးမှု့ကြောင့်ပင် နုနုဆွတ်ထားသော ဘူးခါးသီးသည် လေ နေပူဖြင့် တွေ့ထိကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။”
“မင်းသား-ထိုငါသည် ၀မ်းရေကို သုံးသပ်အံ့ ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏။ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ ဟု သုံးသပ်သော် ၀မ်းရေကိုသာလျှင်ကိုင်မိ၏။ မင်းသား- အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ငါ၏ ၀မ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ မင်းသား- အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ထိုငါသည် ကျင်ကြီးကိုလည်းကောင်း ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ ဟု သွားသော် ထိုနေရာ၌ပင် မှောက်ခုံလဲကျ၏။ မင်းသား- အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ဤကိုယ်ကို သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်၏။ မင်းသား-လက်ဖြင့်ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည် ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။”
“မင်းသား-စင်စင် ငါ့ကိုလူတိုမြင်၍ ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏ ဟု ဆိုကုန်၏။ အချို့လူတို့သည် ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏ ဟု ဆိုကုန်၏။ အချို့လူတို့သည် ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည်းလည်း မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုး ကျောက်ကုန်း အရေအဆင်းရှိ၏ ဟု ဆိုကုန်၏။ မင်းသား- အစာအာဟာရနည်းပါးမှု့ကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည် အလွန်ပျက်စီးနေ၏။”
“မင်းသား-ထိုငါ့အား အတိတ်ကာလ အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော၊ ဆင်းရဲခံစားခြင်းတိုကို ခံစားခဲ့ကုန်သော သမဏ ဗြဟ္မဏ အားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်ကုန်၏။ ဤခံစားခြင်းထက် မပိုလွန်။”
“မင်းသား-ထိုငါ့အား ငါသည် ခမည်းတော်၏ လယ်ထွန်မင်္ဂလာအမှု့၌ အေးသော သပြေပင်ရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရ နှင့်တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ပီတိ၊ ချမ်းသာခြင်း သုခ ရှိသော ပထမဈာန်ကို ပြည့်စုံစေ၍ နေဖူးသည်ကို အမှတ်ရ၏။ ဤပထမဈာန်သည် သစ္စာလေးပါးတို့ကို သိခြင်းငှာ လမ်းစဉ်တည်းဟု အောက့်မေ့ခြင်းသို့ အစဉ်လိုက်သော စိတ်သည်ဖြစ်၏။ မင်းသား-ထိုငါ့အား ကာမဂုဏ်တို့မှ ကြည်၍သာလျှင်၊ အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင် ဖြစ်သော ပထမဈာန်ချမ်းသာကို ငါသည် ကြောက်လေသလောဟု ဤအကြံသည်ဖြစ်၏။ မင်းသား-ထိုငါ့အား ကာမဂုဏ်တို့မှ ကြည်၍သာလျှင်၊ အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင် ဖြစ်သော ပထမဈာန်ချမ်းသာကို ငါမကြောက် ဟု ဤအကြံသည်ဖြစ်၏။”
“မင်းသား-ထိုငါ့အား ဤသို့အလွန်ပိန်ကြုံသောအဖြစ်သို့ ရောက်သောကိုယ်ဖြင့် ထိုပထမဈာန် ချမ်းသာကို ရဖို့ရန်မလွယ်။ ငါသည် ကြမ်းတမ်းသော ထမင်း၊ မုယောမုန့် အစာအာဟာရကို စားရမူ ကောင်းပေမည် ဟုဤအကြံသည် ဖြစ်၏။ မင်းသား-ထိုငါသည် ကြမ်းတမ်းသော ထမင်း၊ မုယောမုန့် အစာအာဟာရကို စား၏။ မင်းသား-ထိုအခါ ငါ၏ အထံ၌ ရဟန်းဂေါတမသည် မိမိရသော တရားကို ပြောကြားလတ္တံ့ ဟု ပဉ္စ၀ဂ္ဂီတို့သည် လုပ်ကျွေးနေကုန်၏။ မင်းသား- ကြမ်းတမ်းသော ထမင်း၊ မုယောမုန့် အစာအာဟာရကို ငါစားသောအခါ ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှာ ကျင့်၏။ ကမ္မဌာန်းအားထုတ်ခြင်းမှ ထွက်လာသာဖြစ်၏။ ပစ္စည်းများပြားခြင်းငှာ လှည့်လည်ပြီ ဟု ငြီးငွေ့၍ ထိုပဉ္စ၀ဂ္ဂီတို့သည် ငါ၏ အထံမှ ဖွဲခွာကုန်၏။”
ဒီကျင့်စဉ်တွေအားလုံးဟာ မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် ညှင်းပန်းနှိပ်စက်ခြင်း အတ္တကိလမထာနုယောဂ ဆိုတဲ့ မှားယွင်းတဲ့ကျင့်စဉ်ကြီးပါပဲ။
ဘုရားအလောင်း ဥရုဝေလတောအုပ်၌ ကျင့်သောအကျင့်သည် "အနသန၀တ္တ-အစာအာဟာရမစားခြင်း အကျင့် (အန်-မ၊ အသန-မစားခြင်း၊ ၀တ္တ-အကျင့်)" ဆိုတဲ့ အကျင့်ပဲဖြစ်ပါတယ်။
ဒီလို ခန္ဓာကိုယ် ပင်ပန်းဆင်းရဲစွာနဲ့ ခြောက်နှစ်တိုင်တိုင် ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ခဲ့သော်လည်း ဘုရားအလောင်းတော်ဟာ ဆင်းရဲကင်းရာဖြစ်တဲ့ နိဗ္ဗာန်လမ်းစဉ်ဆိုတာကို ရှာဖွေတွေ့ရှိခြင်း မရခဲ့ပါဘူး။ ဒီဒုက္ကရစရိယာကျင့်စဉ်ကို ပဉ္စ၀ဂ္ဂီငါးဦးတို့လည်းပဲ ဘုရားအလောင်းနဲ့အတူ ကျင့်ကြံနေကြပါတယ်။ ဒီကျင့်စဉ်ဟာ သဗ္ဗညုဘုရားစင်စင် ဧကန်ဖြစ်စေနိုင်တယ်လို့လည်း သူတို့က ယုံကြည်ထားကြပါတယ်။
နောက်ဆုံးတော့ အလောင်းတော်ကိုယ်တိုင် သဗ္ဗညုတဘုရားစင်စစ်ဖြစ်ဖို့အတွက် ဒီလမ်းစဉ်ဟာ အထောက်အပံ့မဖြစ်ဘူး အကျိုးမပြုနိုင်ဘူးဆိုတာကို ဉာဏ်ဖြင့် သိရှိခဲ့ပါတယ်။ ဒီပင်ပန်းဆင်းရဲစွာ ကျင့်ကြံအားထုတ်ခြင်းကြောင့် မူးမေ့လဲကျသွားပါတယ်။ အဲဒီအချိန်မှာ ဆိတ်ကျောင်းသားတစ်ယောက် တွေ့မြင်ပြီးတော့ ဆိတ်နို့ကို ကပ်လှူပါတယ်။ ဆိတ်နို့ကို ဘုဉ်ပေးလိုက်စဉ်မှာ အတော်အတန် အားရှိလာပါတယ်။ ပျောက်ကွယ်နေတဲ့ မဟာပုရိသလက္ခဏာတော်ကြီးတွေလည်း နဂိုမူလအတိုင်း ပြန်လည်ထင်ရှားပေါ်လွင်လာပါတယ်။
အဲဒီလို ဆိတ်နို့ဘုဉ်းပေးတာကို မြင်လိုက်ရတဲ့ ပဉ္စ၀ဂ္ဂီငါးဦးဟာ ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှာ ကျင့်၏။ ကမ္မဌာန်းအားထုတ်ခြင်းမှ ထွက်လာသူဖြစ်၏။ ပစ္စည်းများပြားခြင်းငှာ လှည့်လည်ပြီ၊ ဒီလောက် ခေါင်းပါးစွာခြိုးခြံကျင့်ကြံနေတောတောင်မှ ဘုရားမဖြစ်တာ ဒီလို ပစ္စည်းများပြားခြင်းသာအလိုရှိသွားပြီဆိုရင်တော့ ဘုရားဖြစ်ဖို့ဝေးပေါ့ ဟု တွေးမြင်ပြီး စိတ်ပျက်စွာဖြင့် ဘုရားအလောင်းသိဒ္ဓတ္ထကို စွန့်ခွာပြီးတော့ မိမိတို့ဘာသာ တပအကျင့်ကို ကျင့်ကြံကြဖို့အတွက် မိဂဒါဝုန်တောသို့ ထွက်ခွာသွားကြပါတယ်။
(ဥယျာဉ်မှူးလေး)

Read more...

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၆)

အောင်မြင်မှု ဒေါက်တိုင်
ကျရှုံးမှုများကား အောင်မြင်မှု၏ ဒေါက်တိုင်များသာတည်း။ ကျွန်ုပ်တို့၏ ကျရှုံးမှုများမှ သင်ယူခြင်းကား အောင်မြင်ပြီးမြောက်ရန် ဖြစ်သည်။ မကျရှုံးဖူးခြင်းသည် မအောင်မြင်ဖူးသေးခြင်းပင်တည်း။ ကျရှုံးမှုနှင့် ၄င်း၏ ခါးသည်းမှုကို မတွေ့ကြုံ မခံစားဖူးပါက အောင်မြင်မှု၏ ချိုမြိန်သည့် အရသာကို လုံးဝ ခံစားရမည် မဟုတ်ပေ။ ၄င်းသည် စိတ်ဝင်စားဖွယ်ရာ ကင်းသည့် အဖြစ်အပျက်များ၏ အလှည့်အပြောင်း တစ်ခုမျှသာ ဖြစ်လာပေမည်။ ကျရှုံးမှုများကား ကျွန်ုပ်တို့ကို အောင်မြင်ဖို့ ကူညီရုံသာ မက လှုပ်ရှားတတ်ကြွပြီး စိတ်အားလည်း ထက်သန်စေသည်။ ထို့ပြင် အတွေ့အကြုံလည်း ကြွယ်ဝစေပါသည်။

ကျွန်ုပ်တို့ကား သက်ရှင်၊ လုပ်ရှား၊ အိပ်မက်တွေ မက်ထားကြတယ်။
စီမံကိန်းလေးတွေ ကိုယ်စီ လူတိုင်းမှာ ရှိကြသည်ပေါ့။
တစ်ခါတစ်ရံ ပြုံးကြ ရယ်ကြ၊
တစ်ခါတစ်ရံ မဲ့ကြ ငိုကြနဲ့
နေ့ရက်များစွာလည်း ကုန်လွန်သွားပေါ့။

စစ်မှန်သည့် အလှတရာ
ကိုယ်ကာယဆိုင်ရာ မလှပခြင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်အတွက် ချို့ယွင်းချက် မဟုတ်ပါဘူး။ ရုပ်မလှတဲ့သူဟာ မေတ္တာတရားကို ပြုစုပျိုးထောင်လိုက်မယ်ဆိုလျှင် အဲဒီ မေတ္တာက အောင်ပွဲဆင် နည်းလမ်းများဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဝင်းလက်တောက်ပမှု၊ အကြင်နာတရားနှင့် နူးညံ့သိမ့်မွေ့မှုတွေကို ထုတ်ဖော်ပြပါလိမ့်မည်။ အဲဒီလို ဆွဲဆောင်မှုမျိုးက မည်သည့် ရုပ်ရည်သွင်ပြင်ဆိုင်ရာ အားနည်းချက်မျိုးကိုမဆို အစားထိုးပေးပါလိမ့်မည်။

နှိုင်းယှဉ်ကြည့်လိုက်လျှင် ဟန်ပန် တစ်ခွဲသားနှင့် လူချောတစ်ယောက် သို့မဟုတ် ဘဝင်မြင့်သည့် ရုပ်ချောသူ တစ်ယောက်ဟာ နှစ်သက်ဖွယ်ရာ ကင်းလွန်းနေသည့်ပြင် ရွံရှာဖွယ်ရာ ပုံပေါက်နေပေလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသည်သာ တကယ့် အလှတရား ဖြစ်ပါသည်။ ထိုအလှတရားမှာ ထူးခြားသည့် အရည်အသွေးနှင့် ဆွဲဆောင်မှု ရှိပါသည်။

Ven. K. Sri Dhammananda ၏ How to Overcome Your Difficulties ကို အခန်းဆက် ဘာသာပြန် တင်ဆက်ခြင်း ဖြစ်ပါသည်။

ဘုန်းဉာဏ်

Read more...

တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၁)

တောင်ကိုရီးယားမှဗုဒ္ဓဘာသာမေးခွန်း အမှတ်စဉ် (၄၁)

မေးခွန်း။ ၀တ္တုကပ်ခံခြင်း၊ မခံခြင်း ကပ္ပိယထားခြင်း မထားခြင်းသည် တောရဆောက်တည်သော ဓူတင် ဆောင်သော သံဃာများနှင့်သာသက်ဆိုင်ပါသလားဘုရား။

ဒေါ်ကြည်ကြည်သက်၊ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊

အဖြေ။ အဖြေမှာ မသက်ဆိုင်ဟု ဖြစ်ပါသည်။ ၀ိနည်းဒေသနာတော်သည် အောက်ပါ ဆယ် ပါးသော အကျိုတရားများ အတွက် ပညတ်တော် မူပါသည်။

သံဃသုဋ္ဌုတာယ၊ (သံဃာတော်များ ကောင်းမွန်စွာ ကျင့်သုံးနိုင်စေရန်၊)၊

သံဃဖာသုတာယ (သံဃာတော်များ၏ ချမ်းသာစွာ ကျင့်ကြံနိုင်စေရန်၊)၊

ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ (မကောင်းသူများကို နှိက်ကွပ်ရန်၊)

ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ (သီလချစ်ခင်သူ ရဟန်းတော်များကို ချမ်းသာစွာ သီတင်းသုံးကြရန်၊)၊

ဒိဋ္ဌဓမ္မိကာနံ အာသ၀ါနံ သံဝရာယ (မျက်မှောက်ဘ၀တွင် ဖြစ်သော အာသဝေါတရားတို့ကို စောင့်စည်းရန်၊)၊

သမ္ပရာယိကာနံ အာသ၀ါနံ ပဋိဃာတာယ (တမလွန်ဘ၀တွင် ဖြစ်မည့် အာသဝေါတရားတို့ကို မဖြစ်စေရန်၊)၊

အပ္ပသန္နာနံဝါ ပသာဒါယ (သာသနာတော်ကို မကြည်ညိုသေးသော သူများကို ကြည်ညိုနိုင် စေရန်၊)၊

ပသန္နာနံ ဘိယျောဘာဝါယ (သာသနာတော်ကို ကြည်ညိုပြီးသော သူများကို ပိုမို၍ ကြည်ညိုနိုင်စေရန်၊)၊

သဒ္ဓမ္မဋ္ဌိတိယာ (သူတော်ကောင်းတရား တည်တန့် စေရန်၊)၊

ဝိနယာနုဂ္ဂဟာယ (၀ိနည်းတရားကိုချီးမြောက်ရန်၊) ဟူသော အကျိုးဆယ်ပါးကို ရည်မျှော်ကိုးပြီး ပညတ် တော် မူထားခြင်း ဖြစ်ပါသည်။ ၀ိနည်းဒေသနာတော် များသည် ရဟန်းတော်အားလုံးကို ရည်ရွယ်ထားသဖြင့် တောရ ဆောက်တည်သော ဓူတင်ဆောင်သော သံဃာများနှင့်သာ သက်ဆိုင်သည် မဟုတ်ပါ။ သို့သော် ဓူတင်ဆောင် များအတွက် သီးသန့်ပြဋ္ဌာန်းထားသော ၀ိနည်းဒေသနာတော်များလည်းရှိပါသည်။ စူဠ၀ါပါဠိတော်တွင် တောကျောင်းနေရဟန်းတော်များ အတွက်လိုက် နာရမည့် စည်းမျဉ်းများ တသီးတသန့် ပညတ်ထားသည်များ လည်း ရှိပါသည်။ (၀ိနယပိဋက၊ ပါရာဇိကဏ် ပါဠိတော်စသည်)

Read more...

လေးစားထိုက်သူ

. . . .. . . . . . . . . . . . . . . . . . .. . . . . . . . . . . ..

တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ ဗိဗ္ဗိသာရမင်းကြီးရဲ့ အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာ ဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ် သတ် တွေနှင့်တကွ မြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။

ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့ မြတ်စွာဘုရားရှင်က အသင်ပုဏ္ဏား ဘာများလျှောက်စရာ ရှိလည်းလို့ လမ်းဖွင့်ပေး လိုက်တော့ ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကို မသွားသင့်ဘူး ဟုပဲပြောကြပါတယ်။ မြတ်စွာဘုရားရှင် ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့… ဘာဖြစ် လို့မသွားသင့်သလဲဆိုရင် သောဏဒဏ္ဍပုဏ္ဏားဟာ

၁။ ရုပ်လည်းချောတယ်၊
၂။ ဗေဒင်သုံးပုံလည်းတက်တယ်၊
၃။ အမျိုးမြတ်တယ်၊
၎။ သီလလည်းရှိတယ်၊
၅။ ပညာလည်းတက်တယ်။

အရည်အချင်းပါးရှိတဲ့ ဆရာပုဏ္ဏားကို ဘုရားဆီမသွားသင့်ဘူးတဲ့။ ဂေါတမဗုဒ္ဓဆီသွားရင် ကိုယ့်ဂုဏ်သိက္ခာ ကျကုန်မယ် အဲဒီလိုအမျိုးဇာတ်ကို ခွဲခြားပြီတော့ ဘုရားဆီမသွားနဲ့လို့ ၀ိုင်းတားတဲ့ကြားကနေ တပည့်တော် မြတ်စွဘုရားရှင်ထံ အရောက်လာခဲ့တာပါဘုရား ။

အဲဒီလိုလျှောက်တော့ မြတ်စွာဘုရားရှင်က သင်ပုဏ္ဏား ပြောတဲ့ အချက်ငါးချက်ထဲက ပထမဆုံး ရုပ်ချောပါတယ်ဆိုတာကို ဖယ်ထုက်လိုက်တဲ့ ကျန်တဲ့အင်္ဂါလေးချက်နှင့်ပြည့်စုံနေရင် မလေးစားထိုက် ဘူးလား၊ ပြောလိုက်တော့ လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက် သည်။ နံပါတ်သုံး အချက်ဖြစ်တဲ့ ဗေဒင်သုံးပုံ တာကိုရော ဖယ်ထားလိုက်ရင်။ လေးစားထိုက်သူဟု မဆိုထိုက်ဘူး လားလို့ မြတ်စွာဘုရားက မေးတော့၊ လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက်သည်။

အဲဒီလောက်အထိတော့ ပုဏ္ဏားနောက်ပါလာတဲ့ အခြံအရံပရိတ်သက်များက ဘာမှစောကဒ မပြကြသေးပေ။ နောက်အမျိုးမြတ်တာကိုရော ဖယ်ထားလိုက်မယ်ဆိုရင် လေးစားထိုက် သူမဟုတ်ဘူးလား ဆိုလိုက်တော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးဇာတ်ခွဲခြားမှုက ကြီးထွားနေတော့ စပ်စပ်ထိမခံနိုင်ကြတော့ပေ။ အဲဒီတော့မှ သောဏဒဏ္ဍ ပုဏ္ဏားက အမျိုးဇာတ်မြတ်ပေမယ့် သူများအသက် သတ်ဖြတ်နေရင် သားသတ်သမားဖြစ်နေမှာပေါ့။ သူများဥစ္စာခိုးနေမယ် သူများသားမယား ကျူးလွန်ဖျက်စီးနေမယ်ဆိုရင် အမျိုးမြတ်သူ လေးစားထိုက်သူဟု မဆိုနိုင် ဘူး၊ ဒါ့ကြောင့် သီလနဲ့ ပညာသာအရေးကြီးဆုံးပါလို့ ရှင်းပြလိုက်တော့မှ အားလုံး စောဒက မတက်လာတော့ပေ။

ဒီနှစ်မျိုးထဲ ထပ်လျှော့လို့ရသေးလား လို့မေးလိုက်တော့၊ “မလျှော့နိုင်တော့ပါဘုရား သီလနဲ့သုတ်သင်မှ ပညာအရောင်တတ်ပါတယ်၊ ပညာနဲ့သုတ်သင်ပေးမှ သီလဖြူစင်ပါတယ် သီလရှိသူမှာ ပညာရှိနိုင်တယ်၊ ပညာရှိသူမှာ သီလရှိနိုင်တယ် သီလနဲ့ပညာဟာ လက်နှစ်ဖက် လိုပါပဲ တစ်ဖက်စင်ကြယ်မှ တစ်ဖက်က ဆေးကြောပေးနိုင်မှာပါ၊ သီလနဲ့ ပညာဟာ လောက မှာအမြတ်ဆုံးပါပဲ လို့ဖြေကြား လိုက်တော့” မြတ်စွာဘုရား ရှင်က ဟုတ်တယ်ပုဏ္ဏားကြီး ဒီအတိုင်းမှန်တယ်လို့ ငါဘုရားလည်း ခံယူဟောကြားတယ်လို့ မိန့်တော်မူ လိုက်ပါတယ်။

လေးစားထိုက်သူဟူသည် ဘယ်လိုလူဖြစ်မလဲဆိုတာ အထက်ပါဇာတ်တော်ကို ဖက်ရှု့သော အားဖြင့် သိမြင်လောက်ပါတယ်။ စာရှုသူတို့ဝန်းကျင်တွင် တွေ့မြင်နေရသော လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကား အဘယ်စံချိန်ဖြင့် တိုင်းတာသတ်မှတ်ထားပါသနည်း၊ သူ့နေရာဒေသနှင့်သူတော့ မိမိဉာဏ်မှီသလောက် တိုင်းတာစံထားနေကြမည်။ မိမိတို့နှိုင်းယှဉ်ထားသည့် လေးစားထိုက် သူကိုလည်း အပြစ်မဆိုလိုပါ။ မိမိတို့နှိုင်းချိန်သည့် စံကား တို့သူပိုင်သည့် စီးစိမ်ဖြင့်လား၊ ဆွေမျိုးများခြင်းဟူသော အမျိုးဂုဏ်ကြောင့်လား၊ ရာထူးအာဏာကြောင့်လား၊ ဆန်းစစ်ဖို့ လိုသည်။ မြတ်စွာဘုရားရှင်ကတော့ သီလနှင့်ပညာ ထိုသူ့ထံ၌ (Balance) ချိန်ခွင်လျှာကဲ့သို့ ညီမျှနေရမည်၊ ထိုသူကိုသာ လေးစားထိုက်သူဟု ဟောကြားတော်မူခဲ့သည်။

ထို့ကြောင့် မိမိမှာရှိနေသည့် လေးစားထိုက်သည့် ဂုဏ်သည် အဘယ်အချက်လက်များ ကြောင့်ပါလဲ၊ မှားနေသလား မှန်သလားဆိုတာ ပြန်လည်ဆန်းစစ် ဖို့လိုပေသည်။ လေးစား ထိုက်သူ မဖြစ်သေးသော် လည်း ဖြစ်နိုင်သောနည်းလမ်းများ ဘုရားရှင် ဟောကြားတော်မူခဲ့ သည်ကိုလေးစားလိုက် နာနိုင်ကြ ပြီး လေးစားထိုက်သူဖြစ်အောင် ကျင့်ဆောင်နိုင်ကြပါစေ။


သီလက္ခန္ဓ၀ဂ္ဂ သောဏဒဏ္ဍသုတ်

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP