* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, April 11, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဗုဒ္ဓ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၁၄)

သောတာပန်စသော အရိယာသာဝကများကို သုတ၀ါစသောဂုဏ်ပုဒ်များဖြင့် ဘုရားရှင်၏ စကားတော် များကို ကြားနာပြီး သူများဟု ဆိုထားပါသည်။ နားထောင်တတ်သဖြင့် ကြားနာပြီးသူများ ဖြစ်ကြရပါသည်။ ပုထုဇဉ်များကတော့ ဘုရားရှင်၏ စကားတော်များကို ကြားနာချင်ယောင်ဆောင်နေတတ် ကြပါသည်။ တစ်နည်းအားဖြင့် ကြားနာဆဲအဆင့်မှာပင် မကြားဆယ်ချက်၊ ကြားတစ်ချက်ဖြင့် အချိန်တွေကို စားသုံးနေကြပါသည်။ ထို့ကြောင်ပင် နားထောင်ကောင်းသူများ ဖြစ်ရန်လိုပါသည်၊ ခေါင်းငြိမ့်ရုံတွင် ရပ်မနေဘဲ ခေါင်းကို သုံးတတ်ရန် တွေးခေါ်မြော်မြင်တတ်ရန်လည်း လိုပါသည်။ မသိပါက ဟန်ဆောင်မနေဘဲ သိအောင်ကြိုးစား တတ်ရန်လည်း အရေးကြီးလှပါသည်။ သိပြီးရင်လည်း ဖြန့်ဝေပေးရန်လည်း လိုပါသည်။ သုတေသနသဘောပါသော ဖြန့်ဝေပေးသည့် လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင် ရပါဦးမည်။ ထို့နောက်တွင် နောင်လာနောင်သားများအတွက် လုပ်ဆောင်ချက်များကို စာတမ်းပြုစု မှတ်တမ်းတင်ထားရပါမည်၊ စာတစ်လုံး ဘုရားတစ်ဆူဟု အဆိုရှိ ပါသည်။ သုတေသနထွန်းကားသော နိုင်ငံများသည် တိုးတက်သည်။ ယနေ့ခေတ်တွင် တရုပ်ပြည်သည် သုတေသနလုပ်ငန်းကို ဦးစားပေးနေသည်ဟု သိရပြီး ၂၀၁၃ခုနှစ် ဆိုပါက အမေရိကန်ကိုပင် ကျော်သွားနိုင်သည်ဟု ပညာရှင်များက သုံးသပ်နေကြပါသည်။ သုတေသနပြုလုပ်ပြီးပါက ချောင်ထိုးမထားဘဲ အကောင်အထည် ဖေါ်တတ် ရပါမည်။ ထို့နောက် အသီးအပွင့်ဝေေ၀ဆာသော သစ်သီးပင်များကဲ့သို့ အလှအပခံစားခြင်း၊ အသီးအပွင့်အ၇ွက် အခက်လက်များကို အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ကြရပေမည်။ အင်းဝခေတ် စာဆိုအကျော် အရှင်မဟာရဋ္ဌသာရ စကားနှင့်ဆိုရပါမူ သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး ဤရှစ်လုံး သာဖြစ်ပါသည်။

ဤသည့်ရည်ရွယ်ချက်မှာ အထွေအထူးမဟုတ် သိတတ်၊မြင်တတ်စေရန်ဖြစ်သည်။ ခြေထောက်မရှိဘဲ ဧ၀ရက်တောင်ကြီးကို နှစ်ကြိမ်တက်သည်ပဲဆိုဆို၊ လက်နှစ်ဖက်မရှိဘဲ မည်သည့်သမုဒ္ဒရာကို နှစ်ခေါက်မကလို့ ဆယ်ခေါက်ပင် ဖြတ်ကူးနိုင်ပါစေဦး အသိဥာဏ်မရှိဘဲနှင့်တော့ မည်သူမှ အများကောင်းစားအောင် ဆောင်ရွက် ပေးနိုင်မည် မဟုတ်ပေ။ ထို့အတွက် ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ် တစ်ဆယ့်လေးခု မြောက်ဝဂ် ဖြစ်သည့် ဗုဒ္ဓ၀ဂ်မှ အသိဥာဏ်ရယူရန် ဘုရားစကားတော်ကို မှတ်သားတတ်စေရန်လိုပါသည်။

လောကတွင် အနိုင်အရှုံး နှစ်မျိုးရှိရာ လူတိုင်းက အနိုင်ကို အလိုရှိတတ်ပေသည်။ သို့သော်လည်း အနိုင်ချည်းလည်း မရတတ်ပေ၊ အရှုံးချည်းလည်း မရပ်တည်နိုင်ပါ။ အသီးသီး၏ ဇွဲ၊၀ီရိယကို အခြေပြု၍ ရလာဒ် ပြောင်းသွားတတ်ပေသည်။ ရလာဒ်ပြောင်းသည်မှာ အမြစ်ပြတ် မသုတ်သင် နိုင်သောကြောင့် ဖြစ်ပါသည်။ မဂ်တရား ရထားပြီးသော အရိယာများအတွက်မူကား ကိလေသာစိတ် တစ်ဖန်ပြန်မပေါ်တော့သဖြင့် အမြဲတန်း အနိုင်ရသော အောင်ပွဲ အစစ်ဖြစ်ပေသည်။ လောကလွန် အနိုင်မျိုး ဖြစ်ပေသည်။ လောကသားတို့၏ အနိုင်သည် စိတ်မချရပေ၊ သို့အတွက်ကြောင့် လောကုတ္တရာအနိုင်ကို တွေ့အောင် ရှာဖွေသင့်ပေသည်။

မြတ်ဗုဒ္ဓဥာဏ်တော်ကြီးမြတ်ပုံမှာ အံ့စရာပင်ဖြစ်ပေသည်။ ဂင်္ဂါမြစ်တွင်းမှသဲများကို တစ်မှုံစီ ရေတွက်သော် ကုန်နိုင်ဖွယ်ရှိပေသည်။ မဟာသမုဒ္ဒရာတွင်းမှရေများကို တစ်စက်ချင်းခပ်ထုတ်သော် ကုန်နိုင် လောက်ပေသည်။ မြင့်မားသော တောင်ကြီးမှ မြေစိုင်ခဲများကို တူးဖြိုသော် တဖြည်းဖြည်း ကုန်သွားပေမည်။ မြတ်ဗုဒ္ဓ၏ ဥာဏ်တော်မှာကား ကုန်သည်ဟုမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ဥာဏ်ရှင်ဘုရားရှင်သည် ဈာန်တရားများကို ဆင်ခြင်ခြင်း၊ အမြဲအသုံးပြုခြင်း၊ ဆောက်တည်ခြင်း၊ အထမြောက် အောင်ဆောင်ရွက်ခြင်း၊ အကြိမ်ကြိမ် သက်ဝင်ခြင်းနှင့် ကိလေသာဓာတ် လုံးဝပြတ်စဲခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ အဘိဓမ္မာတရား ဟောတော်မူပြီး တာဝတိသာ နတ်ပြည်မှ အပြန် သင်္ကဿနဂိုရ်ပြည်မှ ဆင်းတော်မူသည့်နေ့တွင် စကြာဝဠာ တိုက်တစ်သောင်းမှ နတ်များကို လူများက မျက်ဝါးထင်ထင် တွေ့မြင်ရသည်ဟု သိရပြီး ထိုနေ့တွင် ဘုရား ဖြစ်ရပါလို၏ဟု ဆုမတောင်းဘဲနေသူ တစ်ဦးတစ်ယောက်မှ မရှိဟု ကျမ်းစာများတွင် ပြဆိုပါသည်။ လောကရှုထောင့်မှ တင်ပြရလျှင် ဘုရားရှင်သည် တလောကလုံး၏ ဘုရင်ဖြစ်တော်မူပါသည်။

တစ်လောကလုံး၏ ဘုရင်ကို ဓမ္မရှုထောင့်မှ တင်ပြရပါလျှင် ဒွါရခြောက်ပါးသာလျှင် ဖြစ်ပါသည်၊ ဒွါရခြောက်ပေါက်ကို နိုင်အောင် မပိတ်နိုင်ကြပါလျှင် ကိလေသာမိုး ယိုပါမည်။ ဒွါရခြောက်ပေါက်ကို မစောင့်ရှောက်မှုကြောင့် လူသားထုကြီးသည် အမှန်ကို ထင်ထင်ရှားရှားမမြင် ယောင်ဝါးကြီးဘ၀ဖြင့် ခရီးသွားနေကြသည့် လူမိုက်ကြီးများ ဖြစ်နေကြပါသည်။ မစောင့်ရှောက်နိုင်ခြင်းမှာ အင်အားမရှိ၍ ဖြစ်ပါသည်။ အင်အားရှိလာအောင် ၀ီရိယအတော်စိုက်ပါမှ ရရှိမည်ဖြစ်ပါသည်။ ၀ီရိယဓာတ်ဖြင့် ကုသိုလ်ကို အားထုတ်ခဲ့မှုကြောင့် လူ့ဘ၀ကို ခက်ခက်ခဲခဲ ရခဲ့ကြခြင်းဖြစ်ပြီး လူ့ဘ၀တွင် ရှာရဖွေရသည်မှာလည်း ခက်ခက်ခဲခဲပင်ဖြစ်ပြန်ရာ လွယ်လွယ်နှင့် ရတာ ဘာမှ မရှိပါ။ ဤသို့သောအနေအထားတွင် မိမိတို့၏ ဘ၀ကို မြင့်တက်စေတတ်သည့် အကြံကောင်း၊ ဥာဏ်ကောင်းများကို ပေးမည့် သူကား ရွှေထက်ပင် ရှားလေသည်။ အကြံကောင်း ဥာဏ်ကောင်းတို့ကို ဖြစ်ပေါ်စေသည့် ပထမဆုံးဟောပြောတတ်သူ အမှန်သိမြင် ဥာဏ်ရှင် ဘုရားကို ဖူးမြင်ရန်အခွင့်မှာ အလွန်ပင် ခက်ခဲလှသော အနေအထား ဖြစ်ပါသည်။ ယခုမူ ယူတတ်သူအတွက် အရာအားလုံးက အဆင်သင့်ပင် ဖြစ်နေပေပြီ တစ်ချက်ကလေးမှ မချွတ်ချော်စေရန် အရေးကြီးလှပေသည်။ ချွတ်ချော်မှု မဖြစ်စေရန် အတွက် စည်းကမ်းထားပေးရသည်။

လောကတွင် စည်းကမ်းသည် အရေးကြီးလှပေသည်၊ စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သလိုပင် တိုင်းပြည်တစ်ခု၏ သာယာဖွံ့ဖြိုးမှုအတွက်လည်း အဆုံးအဖြတ်ပေးသည့် ပြဒါးတိုင်ဖြစ်ပေသည်။ ထို့ကြောင့် စည်းကမ်းများကို ဖေါ်ပြရာ အခြေခံ ဥပဒေကို တိုင်းပြည်တည်ထောင်ခါစမှ ရေးဆွဲကြပါသည်။ သို့သော် ကိလေသာ တန်းလန်းနှင့် လူသားများရေးဆွဲထားသည့် ဥပဒေဖြစ်သည့်အတွက် ထင်ရာစိုင်းထားသည့် သဘောများမကင်းတတ်ရှိနေပေရာ တိုင်းပြည်တစ်ခုနှင့် တစ်ခု မတူသလိုပင် တိုးတက်မှုလည်း ခြားနားကြရပေသည်။ ခိုင်မာသည့် ကောင်းမွန်သည့် အခြေခံ ဥပဒေရှိပြီး လက်တွေ့လိုက်နာဆောင်၇ွက်သော တိုင်းပြည်သည် တိုးတက်ပါသည်။ ဤအတူပင် ဗုဒ္ဓသာသနာတော်တွင်လည်း ၀ိနည်းသည် အရေးကြီးလှပါသည်။ သာသနာတော်၏ အသက်ဟုပင် အဋ္ဌကထာဆရာမြတ်တို့ တင်စား ခေါ်ဝေါ်ကြလေ သည်။ ထူးခြားသည်မှာ ဘုရားတစ်ဆူ၏ ၀ိနည်းနှင့် ကျန်ဘုရားတစ်ဆူ၏ ၀ိနည်း အတူတူပင်ပင်ဖြစ်ပါသည်။ ၀ိနည်းတွင် အာဏာဒေသနာ၊ သြ၀ါဒဒေသနာဟု နှစ်မျိုးရှိပေရာ (၂၂၇) သွယ်စည်းကမ်းများကို အာဏာ ဒေသနာဟု ခေါ်ပြီး သုံးဂါထာမျှသော အဆုံးအမကို သြ၀ါဒဒေသနာဟု ခေါ်ပါသည်။ ထိုသုံးဂါထာကို ၀ိနည်းမပညတ်မှီ ဘုရားရှင်တိုင်း ဟောတော်မူသော်လည်း ကာလအားဖြင့် မတူတတ်ပေ။ ၀ိပဿီဘုရားရှင်သည် ခုနှစ်နှစ်မှ တစ်ကြိမ်သာ ဟောတော်မူပြီး သိခီနှင့် ဝေဿဘူ ဘုရားရှင်တို့ကမူ ခြောက်နှစ်၊ ကကုသန္ဓနှင့် ကောဏာဂမနဘုရားရှင်တို့ကမူ တစ်နှစ်တစ်ကြိမ်၊ ကဿပဘုရားရှင်ကမူ ခြောက်လတစ်ကြိမ် ဟောတော်မူပြီး ဂေါတမဗုဒ္ဓကမူ တစ်ဆယ့်ငါးရက်တစ်ကြိမ် သြ၀ါဒပါတိမောက်ကို ဟောတော်မူပါသည်။ ထိုစည်းကမ်းတို့ကို လိုက်နာရန်မှာ ခန္တီတရားလိုပေသည်။ သည်းခံမှု မရှိပါက မည်သည့်စောင့်ထိန်းမှုကိုမှ မဆောင်ရွက်နိုင်ပေ၊ သာသနာတော်တွင် ဥတ္တမတပဟုခေါ်သည့် သည်းခံမှုသည် မြင့်မြတ်သည့်အပြင် ပဓာနလည်း ကျပေသည်။ သို့မှသာလျှင် ဥတ္တမ၀ဒဟုခေါ်သည့် နိဗ္ဗာန်သို့ ရောက်နိုင်ပေ သည်။ လောကလူသားတို့သည် နိဗ္ဗာန်ကို ပို့ပေးနိုင်သော ဘုရားရှင်ကို ပထမနေရာတွင် ထားကြပါသည်။

လောကတွင်ငွေသည် အရေးပါသဖြင့် ဒုတိယဘုရားသခင်ဟု တင်စားတတ်ကြပါသည်။ ငွေသာရှိလျှင် လုပ်သမျှတင့်တယ်သည်၊ ဂုဏ်ရှိသည်ဟုလည်း သီချင်းရေးစပ်ကြပါသည်။ လောကအမြင်တွင် အမှန်ပင် ဖြစ်သဖြင့်လည်း လူများက လက်ခံထားကြပါသည်။ ရဟန်းတော်များအတွက်မူ ငွေသည် သေမင်းတမန် ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက ငွေရလာပါက သူ့ထံ ရန်သူလာသည်ဟု မှတ်ယူပြီး ရန်သူကို မိတ်ဆွေဖြစ်သွားစေရန် ကုသိုလ်လမ်းကြောင်းသို့ရောက်အောင် လမ်းလွှဲတော်မူပါသည်။ေ၇ွှကျင် ဆရာတော်ဘုရားကြီးကမူ ၀တ္ထု၊ မာတု ဤနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း ဟုဆိုပါသည်။ ငွေနှင့် အမျိုးသမီးသည် ရဟန်းဘ၀အတွက် ဖြောင့်ဖြောင့်မှန်မှန် ရပ်တည်နိုင်ရန် အလွန်ပင် ခက်ခဲသော အတားအဆီး ကြီးများ ဖြစ်ကြပါသည်။ ငွေသည် မကောင်း၊ မာတုဂါမသည် မကောင်းသောကြောင့် မဟုတ်၊ ထင်ထားကြသည့်အတိုင်း အကောင်းကြီးမဟုတ်၊ အကောင်းလေးသာ ဖြစ်ပေသည်။ နည်းပါးသော အကောင်းလေးအတွက် များပြားသော ဒုက္ခ အစိုင်အခဲကြီးကို ရင်ဝယ်မပိုက်မိစေရန်အတွက် တဏှာကို ပယ်သတ်စေလိုခြင်းဖြစ်ပါသည်။ သို့အတွက် အိပ်မက်ပမာ ခဏကောင်းလေးကို စွန့်လွှတ်ကြပါဟု ဟောတော်မူပါသည်။ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်မှ သံသရာမှလွတ်ပါမည်။

လောကတွင် ကိုးကွယ်မှုမှားပါက အမှားတကာ့တွင် အဆိုဆုံးပင် ဖြစ်ပါသည်။ ဆရာမှားတော့ တသံသရာလုံးမှောက် ဟုပြောဆိုတတ်ကြပါသည်။ ဗုဒ္ဓမပွင့်မှီက ဆရာကြီးလုပ်နေခဲ့သော သာသနာပြင်ပ ရသေ့ဆရာကြီးသည် တောင်၊တော။ဥယျာဉ်၊သစ်ပင်တို့ကို ကိုးကွယ်ကြရန်ဟောပြောရင်း တပည့်တစ်သောင်း အခြံအရံဖြင့် လှည့်လည်နေခဲ့ပါသည်။ ဗုဒ္ဓက သရဂုံသုံးပါးနှင့် လမ်းကြောင်းပြောင်းပြီး အမှန်တည့်ပေး ခဲ့ပါသည်။ အမှန်တည့် ပေးရန်အတွက် ဘုရားရှင်သည် လောကလူသားတို့အတွက် ပေါ်လာရပါသည်။

တောတိုင်းတွင် စန္ဒကူးမတွေ့၊ တောင်တိုင်းတွင် ပတ္တမြားမထွက်၊ ဆင်တိုင်းတွင် အမတေမရှိသလိုပင် အမျိုးတိုင်းတွင်လည်း ပုဂ္ဂိုလ်ထူးမပေါ်နိုင်ပေ။ မစ္ဇျိမဒေသ ချမ်းသာသော မင်းမျိုး၊ ပုဏ္ဏားမျိုး၌သာ ထူးခြားသောသူများပေါ်နိုင်သည်ဟု အဋ္ဌကထာဆရာ ဖွင့်ပြထားပါသည်။ ဤဖွင့်ပြချက်သည် အနာဝသေသ စကားဖြစ်ပါသည်။ ရာနုန်းတစ်ရာ အပြည့်မှန်သော စကား မဟုတ်ပါ။ ဘုရားရှင်ကမူ ကုလ ဟုသာမညသာ ဟောတော်မူပါသည်။ မည်သည့်နေရာတွင် မဆို၊ မည်သည့် မျိုးနွယ်တွင်မဆို ပုဂ္ဂိုလ်ထူးသည် ပေါ်နိုင်ခွင့်ရှိသည် သို့သော် လွယ်လွယ်တော့မဖြစ်နိုင်။ ပေါ်ခဲ့လျှင်လည်း အများချမ်းသာသည်။ မြတ်စွာဘုရားရှင်တည်းဟူသော ပုဂ္ဂိုလ်ထူးကြီး ပေါ်ပေါက်ခဲ့သောကြောင့်ပင် သတ္တ၀ါတွေ ချမ်းသာရာ ရခဲ့ကြပါသည်။

ချမ်းသာမှုနှင့်စပ်ပြီး နာမည်ကြီးစာရေးဆရာ ဆရာဝန်က သူ၏ ကျန်းမာရေး ပညာပေးစာအုပ်တွင် ကာမဂုဏ်ခံစားမှုချမ်းသာသည် သူတွေ့ဖူးသမျှ ချမ်းသာများတွင် အကောင်ဆုံးဟု ရေးထားပါသည်။ တစ်ချို့က တိုင်းပြည်အုပ်ချုပ်သူ၏ စည်းစိမ်ချမ်းသာကို သွားရည်ယိုကြပေမည်။ အစားမက်သော သူကမူ သလေးထမင်း ဒန်ပေါက်ဟင်းကို စားသုံးရလျှင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့ဟု ဆိုကြပေမည်လား မသိ။ မြတ်ဗုဒ္ဓကမူ ပညာတတ်တွေများပြားမှု၊ စည်းကမ်းတွေလိုက်နာမှု၊ အဖွဲ့အစည်း၏ ညီမျှမှု၊ တစ်ဦးနှင့် တစ်ဦး နို့နှင့်ရေ ရောထားသကဲ့သို့ ချစ်ခင်သော အကြည့်ဖြင့် ကြည့်ရှုနိုင်ခြင်းကို ချမ်းသာခြင်းဟု ဟောတော်မူပါသည်။

ချမ်းသာခြင်းအစစ်အမှန်ကို သိသွားတော်မူကြကုန်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓနှင့် ဗုဒ္ဓ၏သာဝကတို့သည် တဏှာ၊ မာန နှင့် ဒိဋ္ဌိဟူသော လောဘ၊ သောကနှင့် ပရိဒေ၀တည်းဟူသော ဒေါသ တို့ကို မောဟကို ပယ်သတ်သော အရဟတ္တမဂ် ဥာဏ်သန်လျက်ဖြင့် ခုတ်ထွင်ပြီးဖြစ်လေရာ ချမ်းသာအစစ်ကို တကယ်သိသူများ ဖြစ်ကြလေသည်။ သူသူငါငါ ထင်သော ချမ်းသာမျိုးသည် ပိုးဖလံမျိုး မီးကိုတိုးသော အဖြစ်မျိုးနှင့်တိုးမှာ စိုးရလေသည်။ ထို့ကြောင့်ပင် အမှန်ညွှန်ပြတတ်သော ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဗုဒ္ဓ၏သာဝကတို့သည် ပူဇော်ရာအစစ် ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်ကြ လေသည်။

ဤဗုဒ္ဓ၀ဂ်တွင် စာမျက်နှာပေါင်း (၃၉) ခု ၊ ၀တ္ထုပေါင်း (၉) ခု၊ ဂါထာပေါင်း (၄၈)၊ ထိုတွင် အဖွင့်ခံ ဂါထာမှာ (၁၈) မျှသာ ရှိပါသည်။ ကျန်ဂါထာများမှာ အကိုးသာဓကများသာ ဖြစ်ပါသည်။ ဂါထာပေါင်း (၄၈) တွင် တစ်ဆယ့်နှစ်လုံးဖွဲ့ဂါထာ တစ်ပုဒ်၊ တစ်ဆယ့်တစ်လုံးဖွဲ့ ဂါထာ နှစ်ပုဒ်၊ ကိုးလုံးနှင့် ဆယ်လုံးရောဖွဲ့ ထားသောဂါထာ နှစ်ပုဒ်နှင့် ရှစ်လုံးဖွဲ့ဂါထာ (၄၃) ပုဒ်တို့ဖြစ်ပါသည်။ ဤဗုဒ္ဓ၀ဂ်တွင် အဋ္ဌကထာဆရာမြတ်က ၀ိသုဒ္ဓိမဂ်၊ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊ ခုဒ္ဒကနိကာယပါဠိတော်။ ၀ိနည်းစူဠ၀ါပါဠိတော်၊ ပါစိတ်ပါဠိတော်၊ ဒီဃနိကာယပါဠိတော်၊ သုတ်မဟာဝါ၊ မစ္ဇျိမနိကာယပါဠိတော၊မစ္ဇျိမပဏ္ဏာသတို့ကိုပါ ကိုးကားပြီး ဖွင့်ပြတော် မူထားပါသည်။

ပထမဆုံးဝတ္ထုမှာ နတ်မင်းကြီး၏ သမီးသုံးယောက်အကြောင်းဖြင့် စတင်ထားပြီး မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား ဟောကြားခြင်းဖြင့် အဆုံးသတ်ထားပါသည်။ ဒုတိယ၀တ္ထုတွင် အဘိဓမ္မာတရား ဟောကြားတော်မူပြီး သင်္ကနဂိုရ်ပြည်မှ သက်ဆင်းလာပုံ အကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြထားပါသည်။ ဤ၀တ္ထုတွင် မှတ်သား ဖွယ်များမှာ မြတ်စွာဘုရားဆောင်ရွက်ရမည့်ကိစ္စကို မည်သူမျှမဆောင်၇ွက်နိုင်ဟူသော ဥပဒေသတစ်ခု၊ သူတော်ကောင်းတို့မည်သည် သူတစ်ပါးကို အခွင့်ပေးပြီး ဂုဏ်ရှိအောင် ဆောင်၇ွက် တတ်သည်ဟူသော ဥပဒေသ၊ မိခင်နတ်သားသည် တုသိတာအထက်နတ်ဘုံမှ အောက်နတ်ဘုံဖြစ်သော တာဝတိံသာသို့ လာ၍တရားနာယူ သည်ဟူသော ဗဟုဿုတ၊ သာသနာတွင်း အလှူသည် သာသနာပ အလှူ ထက် အကျိုးပေးထက်သန်သည်ဟူသော ဥပဒေသတစ်ခု၊ ဘုရားရှင်၏ ၀ါတော်ခုနှစ်ဝါတွင် ပ၀ါရဏာပွဲ စတင်နေပြီ ဟူသော သမိုင်းအချက်အလက်၊ သံဝေဇနိယလေးဋ္ဌာနရှိသလို အ၀ိဇဟိတ လေးဋ္ဌာနရှိရာ တွင်လည်း တန်းခိုးပြပြီး သင်္ကဿနဂိုရ်ပြည် သက်ဆင်းခြင်းသည် တစ်ခုအပါဝင်ဖြစ်သည်ဟူသော မှတ်ချက် တစ်ခု၊ အရှင်သာရိပုတ္တရာမထေရ်၏ မိုးသီးပေါက်ပေါင်းကို စေ့စေ့ငုငု ရေနိုင်မှု ဥာဏ်ရည်တို့ကို မှတ်သားရ ပါသည်။

တတိယ၀တ္ထုတွင် သီလလောက်ဖြင့် ဘ၀တစ်ခု မလုံခြုံသေးကြောင်း သံသရာခရီးသွားများ မှတ်သားဖွယ်ကို တွေ့ရပါသည်။ ထို့ကြောင့် သာသနာတော်နှင့်ကြုံတစ်ခိုက် သူတော်ကောင်းတစ်ရား တွေကို ကြိုက်လိုက်ကြပါဟု ရေးသားလိုက်ရပါသည်။

စတုတ္ထ၀တ္ထုတွင်မူ သြ၀ါဒပါတိမောက်အကြောင်း သိကောင်းစရာများကို ဟောကြားတော်မူထားပြီး ပဉ္စမ၀တ္ထုတွင်မူ သာသနာတော်မပျော်သော ရဟန်းတော် တစ်ပါးအကြောင်းကို မှတ်တမ်းပြုထားပါသည်။ ငွေတစ်ရာလေးနှင့် စိတ်ကူးယဉ်နေသော ထိုရဟန်းတော်လေးသည် စိတ်ကူးထည်းတွင်ပင် ကုန်ဈေးနုန်း ကြီးမြင့်မှုဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ကူးယဉ်အိပ်မက်မှလန့်နိုးခဲ့ရပုံကို ဖေါ်ပြထားပါသည်။

ဆဋ္ဌမ၀တ္ထုတွင်မူ ကိုးကွယ်ရာမှားနေခဲ့သော ဆရာ တပည့်အဖွဲ့ကို ရတနာသုံးပါးကို ကြည်ညို စေခြင်းဖြင့် လမ်းကြောင်းမှန်ကို ညွှန်ပြထားပုံကို ဖေါ်ကျူးထားပါသည်။ သတ္တမ၀တ္ထုတွင်မူ အာဇာနည်များကြောင့် အများကောင်းစားရပုံကို ပြဆိုထားပြီး အာနန္ဒာမထေရ်၏ အမေးကို ဖြေပြထားပါသည်။ ဤနေရာတွင် အာဇာနည်ဆိုသည်မှာ မြတ်ပညာသခင် ဘုရားရှင်ဖြစ်သည်ဟု အဋ္ဌကထာဆရာက အရကောက် ပြထားပါသည်။

အဋ္ဌမ၀တ္ထုတွင်မူ ချမ်းသာမှု၏ အဓိပ္ပါယ်ကို တိတိကျကျ ဖွင်ဆိုနိုင်ခြင်းမရှိကြသော ရဟန်းတော်များကို မေတ္တာရှေ့ထား ညီညွတ်မှုတရား၏ ချမ်းသာပုံကို ဟောပြတော်မူပြီး နောက်ဆုံးဝတ္ထုတွင်မူ ပူဇော်ထိုက် သူများကို ပူဇော်ခံနိုင်ရခြင်း အကြောင်းနှင့်တကွ ဟောပြတော်မူထားပါသည်။ သို့အတွက် တဏှာ၊ မာန၊ ဒိဋ္ဌိလွတ်ပြီး သောကနှင့် ပရိဒေ၀ ကင်းဝေးစေရန် ကြိုးစားကြပါရန် တိုက်တွန်းရပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ဗုဒ္ဓ၀ဂ်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ

၃။ လောကနီတိ

၎။ ၀ိသုဒ္ဓိမဂ်၊

၅။ အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ၊

၆။ ခုဒ္ဒကနိကာယပါဠိတော်၊

၇။ ၀ိနည်းစူဠ၀ါပါဠိတော်၊

၈။ ပါစိတ်ပါဠိတော်၊

၉။ ဒီဃနိကာယပါဠိတော် သုတ်မဟာဝါ၊

၁၀၊ မစ္ဇျိမနိကာယပါဠိတော် မစ္ဇျိမပဏ္ဏာသ

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

Read more...

ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ အဆုံးအမ သြ၀ါဒများ

ပဌမ ရွှေကျင်ဆရာတော်---
အင်ကြင်းခက်ကိုင်း၊ ရွှေကျင်ဂိုဏ်း-ဟူ၍ အမှတ်အသားရှိခဲ့ပါသည်။ သို့အတွက် ရွှေကျင်ဂိုဏ်း စတင်တည်ထောင်သော ခုနှစ်မှာ ၁၂၂၂-ခုနှစ်ဟု သိရသည်။ ရွှေဘိုမြို့နှင့် ဆယ်မိုင်အကွာ ရွှေကျင်ရွာ-၌ မွေးဖွားသဖြင့် အစဉ်အဆက်အားဖြင့် ရွှေကျင်ဆရာတော်ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ဘွဲ့တော်မှာ အသျှင်ဇာဂရ ဖြစ်သည်။

ဆရာတော်ကြီး ၁၉-၀ါအရတွင် လွန်စွာကြည်ညိုလှသဖြင့် မင်းတုန်းမင်းတရားကြီးက ဆရာတော်ကို မန္တလေးမြို့သို့ ပင့်ဆောင်ခဲ့သည်။ မန္တလေးတောင် မြောက်ဘက်တွင် (မဟာဓမ္မိကာရမ ရွှေကျင်တိုက်ကြီး)ကို တည်ထောင်ကာ မင်းဆရာအဖြစ် ကိုးကွယ်ခဲ့သည်။ သီရိပ၀ရ မဟာဓမ္မရာဇာဓိ ရာဇဂုရု-ဘွဲ့တံဆိပ်တော်ကိုပါ အပ်နှင်းကာ မန္တလေးတောင်၏ အရှေ့မြောက်ထောင့်အရပ်တွင် ထရံကာတိုက်၊ ရမည်းသင်းတိုက်၊ မင်းခင်းတိုက်၊ မြတောင်တိုက်နှင့် ရွှေကျင်တိုက် စသည့် စာသင်တိုက်များကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆရာတော်ကြီးမှာ ပရိယတ်၊ ပဋိပတ် နှစ်ထွေနှစ်ဝ ပြည့်စုံလှသဖြင့် ကြည်ညိုသူပေါများသည်။ ကျမ်းဂန်စာပေများစွာကိုလည်း ပြုစုခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရွှေကျင်ကျောင်းပေါင်း သုံးထောင်ကျော်တွင် ရဟန်းသံဃာပေါင်း သုံးသောင်းကျော် သီတင်းသုံးလျက်ရှိပေသည်။ ပဌမရွှေကျင် ဆရာတော်ကြီးမှာ ဒကာ ဒကာမ ရဟန်း သံဃာများအား လိုရင်းတိုရင်းပင် ပြောဆိုဆုံးမတော်မူလေ့ရှိ၏။ ဆရာတော်ကြီး၏ အဆုံးအမများစွာအနက်မှ အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

မေတ္တာ နှင့် ခန္တီ ဆိုင်ရာ သြ၀ါဒ---
မေတ္တာနှင့် ခန္တီဆိုင်ရာများကို မဖော်ပြမှီ မာန-နှင့် စပ်လျဉ်းသော အဆုံးအမအမများကို ဦးစွာတင်ပြပါမည်။
* ငါသာ ငါဖြစ်၊ ငါ မမြင်ဟု၊ ဘုရင်တဆူ၊ ပြုမိမူ၊ ထိုသူအောက်တန်း၊ နေ့ချင်းလှမ်းလိမ့်၊
မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရတတ်သည်။

* ဦးခေါင်းပြောင်အောင် ရိတ်ထားခြင်းသည် မာနကိုလည်း ရိတ်သည်မည်၏။
ဦးချိုကျိုးသော နွား၊ မာနလည်း ကျိုးသည်။

* သလေးနှံ အဆန်မရှိလျှင် ထောင်သည်။ အဆန်ပြည့်လျှင် အောက်သို့ ညွတ်သည်။
ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနဲ့ တူသည်။
ရဟန္တာသည် သိက္ခာကြီးသူ ပုထုဇဉ်ကိုသော်လည်း ပြားပြားဝပ် ရှိခိုးသည်။
သိက္ခာငယ်သူကို ရှိမခိုးသော်လည်း အရိုအသေပြု၏။

* မာနသည် ထွန်တုံးကိုမြိုထားသော မြွေကဲ့သို့ မညွတ်ကိုင်းနိုင်၊
* ပြာသာဒ်သည် သံမယ်နနှင့် အဖွဲ့ကောင်းမှ ခိုင်သည်။
အပေါင်းအသင်းကား မေတ္တာအဖွဲ့ကောင်းမှ ခိုင်သည်။
* တောမီးသည် သစ်ရွက်ခြောက်ကို လောင်ကျွမ်းလွယ်၏။ သစ်ရွက်စိုကို မလောင်နိုင်။
မသူတော်၏ မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏၊ မေတ္တာဖျန်းသူကို မလောင်နိုင်။
* လက်နက်ရှိလျှင် ကျားမကိုက်၊ မရှိလျှင် နွားမပင် ဝှေ့သည်။
ထို့ကြောင့် လက်နက်အားကိုးကြသည်။
တုတ်, ဓားကိုင်လျှင် ခွေးဟောင်သည်။ အစာကျွေးလျှင် အမြီးနံ့သည်။
ထို့ကြောင့် တုတ်,ဓား အားမကိုးနဲ့။
ဒါနပြုသူနဲ့ ညှဉ်းဆဲသော မသူတော်ကို အတူ မေတ္တာပို့ရမည်။

* မာရ်နတ်ပစ်လိုက်သော လက်နက်တို့သည် သည်းခံသော ဘုရားရှင်ရှေ့တော်၌
ပန်းကုံးအသွင် အဖူးအမြော် ၀င်ကြ၏။
* မသူတော်ကို မှီ၍ သီးခံလျှင် ခန္တီပါရမီ ပြည့်ဝသည်။
အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးစလုံး အကျိုးရှိ၏။
* သိကြားလက်နက်ကား မိုးကြိုး၊
ယမမင်းလက်နက်ကား မျက်စောင်း၊
ဝေဿ၀ဏ်လက်နက်ကား အစွယ်၊
မသူတော်လက်နက်ကား ဒေါသ၊
သူတော်ကောင်းလက်နက်ကား ခန္တီ။

* သည်းခံခြင်းလက်နက် ဆောင်လျှင် ဒေါသမီး မလောင်၊
တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
ရန်သူအား မီးခဲနဲ့ပစ်လျှင် မိမိလက်ကို ဦးစွာလောင်လိမ့်မည်။
* ရန်သူကို အမျက်ထွက်လျှင် မိမိသည် ရှေးဦးစွာ ပျက်၏။
ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏။
* စိတ်ဆိုး၍ မတော်မလျော်ပြုလျှင် မြင်သူ အရှက်မကွဲ၊
ပြုသောသူသာ အရှက်ကွက်ရသည်။
ဆေးဆရာသည် လူမမာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
* လူကောင်းသည် အရူးနှင့်ပြိုင်၍ ၀တ်လစ်စလစ် မနေကောင်း၊
သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသ မထွက်ကောင်း။

သီလနှင့် ဆိုင်ရာ သြ၀ါဒ---
* ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိ များသည်။ သီလရှိမှ ဒါနနဲ့ ဘာဝနာ အကျိုးပေးသည်။
* ရစ်မသည် ဥအတွက် အသေခံ၏။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
ရဟန်းသည် သီလအတွက် အသေခံသည်။
* ကျားကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမစိုက်ရ။
ငရဲကြောက်၍ သီလစောင့်စဉ် မသူတော် ညှဉ်းဆဲသူကို အရေးမယူရ။

* ဗီလုံးငှက် ငယ်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၍ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၍ အပါယ်မရောက်။
* ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမရှိသော ကန်နှင့် တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောင်းကောင်လျက် သီလမရှိလျှင် အနံ့မရှိသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့် တူ၏။

* ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
* အကုသိုလ်သည် သတ္တ၀ါကို အပါယ်သို့ ဆွဲချ၏။ သီလရှိသောသူကို ဆွဲမချနိုင်။
ဆီမီးသည် လင်းခိုက်တွင် လူ့အလယ်၌ တင့်တယ်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ထွက်သည်။
သီလသည် စောင်းထိန်းခိုက် လူ့အလယ်၌ တင့်တယ်၏၊ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်သည်။
* ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင် ဖာ၊
သံသရာကူးလိုလျှင် သီလ လုံအောင် လုပ်။
လောကီဥစ္စာ စောင့်လျှင် တသက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာ၏။

ပေါင်းသင်းဆက်ဆံရေး---
* သူတော်ကောင်းနှင့်ပေါင်းသင်းမှ ပစ္စုပ္ပန်သံသရာ မြင့်မြတ်သည်။
စဥ့်ကျောက်သည် ရွှေနှင့်ရောချက်လျှင် ရွှေရောင်တောက်သည်။
မီးသွေးခဲသည် မီးကျီးရဲရဲနှင့်ရောလျှင် မီးကျီးခဲရဲရဲ ဖြစ်လာသည်။
* မြေခွေးသည် ခြင်္သေ့မင်းကို ခစားသော်လည်း ကျားကို မကိုက်နိုင်။
သူကန်းပင်လျှင် ခြေသံနားထောင်၍ လိုရာအရပ်ရောက်နိုင်သေး၏။
သူတော်ကောင်း မြေမှုန့် ကိုယ်၌ကပ်လျှင် အပါယ်မကျနိုင်။
မသူတော်၏ ဂုဏ်အလုံးစုံသည် သူတော်၏ ဂုဏ်တစိတ်ကိုပင် မမှီချေ။
* ယုတ်မာသည့် အလိုရှိနေလျှင် သူတော်ကောင်း မဖြစ်နိုင်။
သူတော်ကောင်း မဟုတ်လျှင် ပညာမရှိ၊
ပညာမရှိလျှင် ဘေးမကင်း။
ဘေးမကင်းလျှင် မှီခိုဖွယ်ရာမဟုတ်။
* ပလွှားတတ်သူသည် ကျမ်းဂန်တတ်သော်လည်း သူတော်ကောင်းမဟုတ်။
မသူတော်သည် ဗဟုသုတများသော်လည်း ပညာရှိမဟုတ်။
ပညာမဲ့သူသည် ဘုန်းကံကြီးသော်လည်း ဘေးကင်းအောင် မတတ်နိုင်။
ဘေးကင်းအောင် မတတ်နိုင်သူကို ဘေးကင်းလိုသူက မမှီခိုအပ်။
* သူကန်း မှန်အိမ်ဆောင်လျှင် ညဥ့်အခါ သူကောင်းဝင်၍မတိုး၊
မသူတော် တရားသံပါလျှင် လူလယ်တွင် လူတို့ အပြစ်မမြင်နိုင်။
* နားထိုင်း စောင်းသမား မိမိစောင်းသံမကြားသော်လည်း တီးဆိုသည်။
မသူတော် ဓမ္မကထိက မိမိတရားသံကို မကြားသော်လည်း ဟောခရသည်။
တရားဟောတတ်လျက် မကျင့်တတ်လျှင် မျောက် အုန်းသီးရသည်နှင့် တူ၏။


အထွေထွေ သြ၀ါဒ ---
* ကာလကို လူမစားလျှင် ကာလက လူကို စားသည်။
သူတပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာနိုင်လျှင် နစ်တတ်သည်။
ရွှေဥဒေါင်း အကတော်သော်လည်း စအိုပေါ်သဖြင့် အဆိုအမြည်ခံရသည်။
* ဒုက္ခကို မကယ်နိုင်လျှင် မတွယ်နှင့် ကိုယ်လွတ်ရှောင်ရမည်။
မသူတော်ကို မဟောနိုင်လျှင် မတွယ်နှင့် ကိုယ်လွတ်ရှောင်ရသည်။
* ရဟန်းများ ဆုံမိလျှင် တရားစကား ပြောကြသည်။ မပြောလျှင် ဆိတ်ဆိတ် နေကြသည်။
သစ်ပင် အားနဲလျှင် လေမုန်တိုင်း တိုက်လှဲသည်။
ရဟန်း သမာဓိ အားနဲလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
ဓာတ်သည် တောမျောက်ကဲ့သို့ လော်လီ၏၊ အလိုမလိုက်ရ။
* ရှေ့ဆောင်နွားလား လမ်းကောက်သွား၊ နောက်နွား ကျားစာဖြစ်။
ခင်ကြီး ကျပ်ခိုးစင်တင်လျှင် ရှင်ငယ်တွေ ကျောင်းခေါင်တက်လိမ့်မည်။
(အာရုံတခု စွဲလျှင် ငါးမျှားချိတ်မြိုသော ငါးနှင့် တူ၏)
* မင်းစည်းစိမ်ကို မင်းသားက စိတ်ကူးသည်။ ဒွန်းစဏ္ဍားက အမှတ်ပင်မရ။
ရဟန္တာအဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးသည်။ မသူတော်တို့ သတိပင် မရ။
* ကုသိုလ်ရှိ၍ ဆင်ဖြူရသော်လည်း ဉာဏ်မရှိက မစီးရုံသာဖြစ်မည်။
ကုသိုလ်ရှိ၍ လာဘ်ပေါသူ ဉာဏ်မရှိလျှင် ပြိတ္တာဖြစ်မည်။
* လာဘ်သည် အသက်ကိုခွင်းသော မိုးကြိုးစက်ကွင်း ဖြစ်၏။
ဝါး၊ ကျူ၊ ငှက်ပျောကို အသီးကသတ်သည်။
ရဟန်းညံ့ လာဘ်သတ်သည်။ လာဘ်ရလျှင် အနိစ္စ-ဒုက္ခ-အနတ္တ-ဟု ကပ္ပိရမည်။
* လာဘ်ကို အလေးပြုလျှင် မိစ္ဆာဇီဝ ဖြစ်၏။ မိစ္ဆာဇီဝ စားသုံးလျှင် ဆေးမမှီ။
သမင်အလိမ္မာ အစာကိုသာ စား၊ သမင်မိုက်ကား ညွတ်ကွင်းမိသည်။
လာဘ်စည်းစိမ်သည် စိတ်ကူးတိုင်းမဖြစ်၊
အိပ်မက်မက်ကောင်းတုန်း ဆင်နင်းခံရသည်နှင့်တူ၏။
* ငရဲကြီးရှစ်ထပ်ကို ကမ္ဘာပျက် မီး-ကျွမ်းစေ၏။
မြေကြီးအထုကို ကမ္ဘာဖျက် ရေက ကြေမွစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက် လေက လွင့်စေ၏။
မသူတော်ကို ဘယ်သူက ဘယ်သို့ ဖြစ်နိုင်သနည်း။
* မသူတော်ဟူသမျှသည် သံသရာ၌ မိဘဆွေမျိုး တော်စပ်ဖူး၏။
မသူတော်ကို အမှီပြုက မသူတော်သာ ဖြစ်မည်။ ကျား၏ သားသမင် မဖြစ်။


ပထမရွှေကျင်ဆရာတော်ကြီးကို ၁၁၈၄-ခု ၀ါဆိုလဆန်း ၁၃-ရက် အင်္ဂါနေ့တွင် ရွှေဘိုတောင်ဘက် ရွှေကျင်ရွာကြီး၌ ဦးမောင်မယ်+ဒေါ်မိတို့မှ ဖွားသန့်စင်ခဲ့သည်။ ၁၂၅၅-ခု တပေါင်းလပြည့်ကျော် ၇-ရက်နေ့ညတွင် နတ်ပြည်စံဝင်တော်မူသည်။ ထိုအချိန်က သက်တော် (၇၁)နှစ်သာ ရှိသေး၏။ ဆရာတော်ကြီး၏ အဆုံးအမများမှာ မှတ်သားဖွယ်ရာ ကောင်းလှသည်။ လူတို့အား နိဗ္ဗာန်နှင့် နီးစပ်သေချာလေ့လာပြီး လိုက်နာကြပါရန် မေတ္တာရှေ့ထားလျက် မှာကြားအပ်ပါသည်။


နီငြိမ်း (အညာတက္ကသိုလ်)
ပခုက္ကူ ဦးအုံးဖေ စာပေဆုရ


မှီငြမ်းပြု--
(၁) သာမဏေကျော်၏ ရွှေကျင်သြ၀ါဒများ။
(၂) ဦးသိန်းအောင်၏ ရွှေကျင်ဆရာတော်နှင့် တရား။
(၃) တိဿကောဝါဒ စကားပုံ အဆုံးအမများ(ရွှေကျင်ဆရာတော်)


(သြကာသ မဂ္ဂဇင်း ၂၀၀၈-ခု သြဂုတ်လ)

Read more...

မဟာဗုဒ္ဓ၀င်အကျဉ်း(၁၅)


“အလောင်းတော် နှင့် ဘုရင်ဗိဗ္ဗိသာရတို့တွေ့ဆုံခြင်း”
မဟာသက္ကရာဇ် ၉၇-ခုနှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ဉာဥ့်သန်းခေါင်းအချိန်၌ ကပိလ၀တ္ထုပြည်မှ အနော်မာမြစ်ကမ်းသို့ ထွက်ခွာခဲ့ပြီး ဘုရားအလောင်းတော် သိဒ္ဓတ္ထသည် အနော်မာမြစ်ကမ်းအနီးတွင်ရှိသော အနုပိယအမည်ရှိသော သရက်တော်၌ ခုနှစ်ရက် နေထိုင်ခဲ့ပါတယ်။ တကယ်တော့ ဘုရားအလောင်းတော်သည် ဘုရားအဖြစ်ကို ရရှိတော်မူဖို့အတွက် ကျင့်ကြံရမည့် နည်းလမ်းများကို ချမှတ်ရင်း နည်းနာခံယူဖို့ ဆရာရှာနေခြင်းပဲဖြစ်ပါတယ်။
အဲဒီခေတ် အခါက ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ တပ ကျင့်စဉ်ဖြစ်တဲ့ ပြင်းထန်းသောကျင့်စဉ်ဖြစ်တဲ့ သမဏကျင့်စဉ်၊ တစ်နည်းအားဖြင့် အတ္တကိလမထာနုယောဂကျင့်စဉ်နဲ့။ ယစ်ပူဇော်ခြင်းကို အလေးထားသော ကျင့်စဉ်ဖြစ်တဲ့ ဗြဟ္မဏကျင့်စဉ်၊ တစ်နည်းအားဖြင့် ကာမသုခလ္လိကာနုယောဂကျင့်စဉ်ဆိုပြီးတော့ ကျင့်စဉ်နှစ်နည်းရှိနေပြီးသားဖြစ်ပါတယ်။ တကယ်တော့ ဒီကျင့်စဉ်တွေဟာ အစွန်းရောက် ကျင့်စဉ်တွေပါပဲ။ မဇ္ဈိမပဋိပဒါကျင့်စဉ်ကို သိမြင်နိုင်တဲ့ ဘုရားအဖြစ်ကို မရရှိသေးတဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားလည်း ဗြဟ္မဏကျင့်စဉ်ထက်သာတဲ့ သမဏကျင့်စဉ်-အတ္တကိလမထာနုယောဂကျင့်စဉ်ကို ကျင့်ကြံဖို့ နည်းလမ်းချမှတ်နေတာပါ။
ရှစ်ရက်မြောက်သောနေ့မှာတော့ အနုပိယမြို့မှ ယူဇနာသုံးဆယ်ဝေးကွာတဲ့ မဂဓတိုင်း ဘုရင်ဗိဗ္ဗသာရ အုပ်ချူပ်မင်းလုပ်နေတဲ့ ရာဇဂြိုဟ်မြို့တော်ထဲသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွမ်းခံလှည့်လည်တော်မူပါတယ်။
(ဘုရားအလောင်း သိဒ္ဓတ္ထဟာ ဘုရားမဖြစ်ခင်ကတည်းက ဘုရားရှင်တို့၏ ကျင့်စဉ် ဒီဆွမ်းခံကျင့်ဝတ်ကို ကျင့်ကြံနေခဲ့တာပါလားလို့ တွေးမိပါတယ်။ ပြည်တော်ပြန်ပြီး နောက်တစ်ရက်ဘုရင်သုဒ္ဓေါဓနနဲ့ ပြည်သူ/သားတွေကို တရားဟောပြီး မြိုတွင်းမှာဆွမ်းခံဝင်တော်မူတာသိတော့ မိမိရဲ့အမျိုးအနွယ်ကို အရှက်ခွဲရမလားဆိုပြီး ရှက်ရှက်နဲ့ ဗုဒ္ဓကို ဘုရင်သုဒ္ဓေါဓနက ဂရုဏာဒေါသနဲ့ အပြစ်တင်ပြောဆိုလေတော့ ဗုဒ္ဓက မင်းကြီး ဒီဆွမ်းခံကျင့်ဝတ်ဟာ ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်တိုရဲ့ ရိုးရာကျင့်စဉ်တစ်ခုကို ဘုရားအနွယ်ဖြစ်တဲ့ ငါတို့ လိုက်နာကျင့်ကြံခြင်းဖြစ်ပါတယ်။ မင်းမျိုးနွယ်တို့ရဲ့ ကျင့်စဉ်မဟုတ်ပါဘူး လို့ ဟောပြောခဲ့တယ်မဟုတ်ပါလား။)
ဘုရားအလောင်း သိဒ္ဓတ္ထ ရာဇဂြိုဟ်မြိုတွင်း ဆွမ်းခံဝင်တော်မူသောနေ့ဟာ ခုနှစ်ရက်တိုင်တိုင် ပွဲလမ်းသဘင်ကျင်းပပြီးလို့ နောက်ဆုံးရက်မှာဖြစ်ပါတယ်။ ဒီတော့ မြိုတွင်းမှာ လူတွေ အုတ်အုတ်ကျက်ကျက်နဲ့ နေရာတိုင်းမှာ ပြည့်နေပါတယ်။ ဘုရင်ဗ္ဗိသာရလည်း တိုင်းပြည်အုပ်ချူပ်ရေးအစီအစဉ်ကို နေသားတကျပြင်ဆင်နေဆဲပါပဲ။
ငယ်ရွယ်ပြီး သန်မာသန်စွမ်း ချောမောလှပတဲ့ ဘုရားအလောင်းရဲ့ အသရေတော်၊ တည်ငြိမ်ပြီး နှုးညံ့ညင်သာစွာ လျောက်လှမ်းလာတဲ့ ဘုရားအလောင်းရဲ့ အမှုအရာတော်တွေကို တွေ့မြင်လိုက်ရတဲ့ ရာဇဂြိုဟ်ပြည်သူ ပြည်သားတွေဟာ သိပ်ကို ပျော်ရွှင် ကျေနပ်ပီတိဖြစ်ပြီးတော့ ဆွမ်းများ လောင်းလှူကြပါတယ်။ ဘုရားအလောင်းကို တစ်ချို့က ရဟန်းဂေါတမ လို့ခေါ်ကြပါတယ်။ တစ်ချို့ကတော့ ပညာရှိလို့ ခေါ်ကြပါတယ်။ တစ်ချို့က ရသေ့ စသည်ဖြင့် ခေါ်ကြပါတယ်။
ဒီလို ဘုရားအလောင်းကို တွေ့မြင်ပြီးတော့ ပြည်သူတစ်ယောက်က ဘုရင်သုဒ္ဓေါဓနကို ပြေးပြီးလျောက်တင်ပါတယ်။
အရှင်မင်းကြီး….။ မြို့တော်ထဲမှာ လူငယ်တစ်ယောက်ရောက်နေပါတယ်။ တစ်ချို့က သူကို ရဟန်းဂေါတမလို့ ခေါ်ကြပါတယ်။ သူရဲ့ အမှုအရာတွေဟာ သိပ်ကို နူးညံ့သိမ်မွေ့ပါတယ်။ ယဉ်ကျေးနေပါတယ်။ ချောမောလှပနေပါတယ် တစ်ခြား ရသေ့တွေနဲ့ မတူပါဘူး အရှင်မင်းကြီးလို့ လျောက်တင်ကြပါတယ်။ ဒီတော့ ဘုရင်ဗိဗ္ဗိသာရက ဂေါတမ ဆိုတဲ့အသံကို ကြားမိလိုက်စဉ်မှာပဲ ဒီရသေ့ဟာ ကပိလ၀တ္ထုပြည်က သိဒ္ဓတ္ထမင်းသားဖြစ်ရမယ်လို့ သူတွေးမိလိုက်ပါတယ်။ အရင်ကလည်း ဘုရားအလောင်းအကြောင်းကို ကြားဖူးသိဖူးထားလို့ပါ။ ဒီတော့ သူက မင်းချင်းတစ်ယောက်ကို အလောင်းတော်နောက်ကို စုံစမ်းထောက်လှမ်းဖို့ လွှတ်လိုက်ပါတယ်။
ဘုရားအလောင်းဟာ ဆွမ်းခံပြီးတော့ ပဏ္ဍ၀တောင်ရှိရာကို ကြွပြီး အရိပ်ကောင်းသော တစ်နေရာမှာ မိမိခံယူလာတဲ့ ဆွမ်းတွေကို သုံးဆောင်ဖို့ သပိတ်တော်ဖွင့်လိုက်စဉ်မှာပဲ အိမ်ပေါင်းစုံကလှူလိုက်တဲ့ တစ်ချို့ကထမင်းနီ၊ ထမင်းဝါစသည်နဲ့ မတူတဲ့ဆွမ်း၊ဟင်းများ ရောယှက်နေတွေမြင်လိုက်တော့ မစားချင်လောက်အောင်ဖြစ်ပြီး ပျို့အန်တက်သွားပါတယ်။ စဉ်းစားကြည့်ပေါ့ ဘုရင်တစ်ပါးအနေနဲ့ နန်းတော်မှာ ကောင်းပေ့ ညွှန့်ပေ့ အရသာရှိတဲ့ အမျိုးမျိုးသော အစားအသောက်တွေ အမြဲတမ်းသုံးဆောင်လာခဲ့သူဆိုတော့ ဒိလို လူသာမာန်တွေရဲ့ ထမင်းဟင်းတွေကို ရုတ်တရက် ဘယ်စားနိုင်မလဲ။ သူအနေနဲ့ ဒီလိုအစားအသောက်မျိုးကို တွေ့တောင် မတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့်လည်း အစားအသောက်သည် ပဓာနမဟုတ် သန္တိသုခဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာသည်သာ မိမိအတွက် ပဓာနဖြစ်တာကြောင့် “သိဒ္ဓတ္ထ…………..။ ဒုက္ခကင်းရာကို ရှာဖွေဖို့ သစ္စာတရားကို ရှာဖွေဖို့ တောထွက်ရဟန်းပြုခဲ့တယ် မဟုတ်ပါလော။ ဘာကြောင့်များ ဒီဆွမ်းများကို သင်ရွံရှာမှု့ဖြစ်နေရသလဲ၊ သင်ဒီလိုရဟန်းဖြစ်မှတော့ ဒီလိုပဲ သုံးဆောင်ရမယ်။ သင့်ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ဖို့အတွက် သင်သုံးဆောင်ရမယ်။” လို့ မိမိစိတ်ကို မိမိဆုံးမပြီး သုံးဆောင်လိုက်ရပါတယ်။
စုံစမ်းထောက်လှမ်းတဲ့ မင်းချင်းယောင်္ကျားက ဆွမ်းခံတော်မူပြီး ပဏ္ဍ၀တောင်အရပ်မှာ ဆွမ်းဘုဉ်းပေးနေတယ်ဆိုတဲ့အကြောင်းကို လျောက်ထားတော့ ဘုရင်ဗိဗ္ဗိသာရက သိဒ္ဓတ္ထမင်းသားတကယ် ဟုတ်မဟုတ် စုံစမ်းသိလိုတာကြောင့် ပဏ္ဍ၀တောင်သို့ လိုက်သွားပါတယ်။ ဘုရားအလောင်းနား ရောက်တော့ ရိုရိုသေသေ ချဉ်းကပ်ပြီး “ငယ်ရွယ် ချောမော နေတဲ့အရွယ်လည်းဖြစ်၊ မြင့်မြတ်တဲ့ ခတ္တိယအနွယ်က ဆင်းသက်လာသူလည်းဖြစ်ပါလျှက်နဲ့ ဘာကြောင့် အခုလို တောထွက်ကာ ရဟန်းပြုရပါသလဲ၊ သင်၏ ဖခင်နဲ့များ အချင်းများခဲ့ပါသလား။ လာပါ သိဒ္ဓတ္ထ…..။ ကျွန်ုပ်နဲ့ အတူမင်းပြုပါ သင့်ကို တိုင်းပြည်တစ်ဝက်ပေးပါမယ်။” လို့လျောက်ထားလေတော့ “မင်းမြတ်……….။ ငါသည် ကပိလ၀တ္ထုပြည် ဘုရင်သုဒ္ဓေါဓနရဲ့ သားတော်ဖြစ်ပါတယ်။ ငါသည် လောကသုံးပါ၌ ဘုရားအဖြစ်ကို အလိုရှိတာကြောင့် မင်းစည်းစိမ်ကို စွန့်လွှတ်ကာ တောထွက်လာခြင်းဖြစ်တယ်။ င့ါမှာ မင်းစည်းစိမ်ဖြင့် အလိုမရှိပါ။” လို့နူးညံ့သိမ်မွေ့ယဉ်ကျေးစွာ ပြန်ပြောလိုက်ပါတယ်။
ဘုရားအလောင်းသိဒ္ဓတ္ထနဲ့ ဘုရင်ဗိဗ္ဗိသာရဟာ သူငယ်ချင်းများဖြစ်ပါတယ်။ ဘုရားအလောင်းသည် ဘုရင်ဗိဗ္ဗိသာရထက် သက်တော်အားဖြင့် ငါးနှစ်ကြီးပါတယ်။ (မဟာဝံသ။ နှာ။ ၅၈. The Mahavamsa-the great chronicle of sri lanka-p.58)
ဘုရင်ဗိဗ္ဗိသာရက သူတွေးထင်မိတာ သေချာတယ်ဆိုတာသိသွားတာကြောင့် ပျော်ရွှင်သွားပါတယ်။ နောက်ပြီးတော့ ဘုရားအလောင်းသိဒ္ဓတ္ထ၏ ဘုရားဖြစ်လိုတဲ့ဆန္ဒ ပြည့်စုံပါစေလို့ ဆုတောင်းပေးခဲ့ပြီးတော့ ဘုရားအဖြစ်ကို ရရှိပြီဆိုရင် ရာဇဂြိုဟ်ပြည်သို့ ဦးစွာပထမကြွရောက်ပြီး မိမိနဲ့ မိမိတိုင်းသူပြည်သားများအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ဟောတော်မူလှည့်ပါရန် တောင်းပန်လျောက်ထားပါတယ်။ ဘုရင်ဗိဗ္ဗိသာရက ဘုရားအလောင်းသိဒ္ဓတ္ထ မုချဧကန်ဘုရားဖြစ်မည်ဆိုတာကို ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း မိမိနိုင်ငံကို အရင်ကြွလာဖို့လျှောက်ထားခဲ့တာပါ။ ဘုရားအလောင်းကလည်း မင်းကြီးအလိုအတိုင်း ကြွရောက်ပါမယ်လို့ ကတိပေးတော်မူပြီး နိဗ္ဗာန်ချမ်းသာလမ်းကို ရှာဖွေဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။
(ဥယျာဉ်မှူးလေး)
You might also like:

Read more...

Religious Images

I have found these pictures while casually browsing on Goodle Image. It is not clear what some of them mean or indicate but I thought all of them warranted at least a second look and perhaps a chuckle.

Read more...

လစဉ်တရားပွဲ၊ နှစ်သစ်ဦးအလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ဖိတ်ကြားလွှာ

ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် တစ်လတစ်ကြိမ် လစဉ်တရားပွဲနှင့် ရွှေမြန်မာတွေ့ဆုံပွဲ၊ ဂျီလယန်းစက်မှုဇုံ ရွှေမြန်မာညီအကိုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူး နှစ်ဦးကုသိုလ်အလှူပွဲ၊ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ နှစ်စဉ်ဦးဆောင် ပြုလုပ်နေကျဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲစသည့် အများပေါင်းစုံ၍ ကောင်းမှုအစုံ ပြုလုပ်ကြမည့် အထွေထွေ ကုသိုလ်ပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် ကုသိုလ်ရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၁၇-၄-၂၀၁၁၊ (၁၃၇၃ခုနှစ်၊ တန်ခူးလဆန်း ၁၄ရက်၊ နှစ်ဆန်းတစ်ရက်)၊ တနင်္ဂနွေနေ့
-
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
-
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀


- ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ
-
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။
အလှူရှင် ဂျီလယန်းရွှေညီအစ်ကိုများမှ အထူးမြန်မာအစားအစာများ၊ ရွှေရင်အေးများဖြင့် ပြည့်စုံလုံလောက်စွာ ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် ချစ်ညီအကိုများ အများအပြား လာရောက်အားပေးကြဖို့ ထပ်မံ၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဂျီလယန်းစက်မှုဇုံ ရွှေညီအစ်ကိုများ

Read more...

အပိုင်း (၂၀)၊ သင်္ဂါယနာ သုံးတန်နှင့် ဒက္ခိဏသာခါ သမိုင်းကြောင်း

သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် နေ့တွင် ဖွားဖက်တော်ဖြစ်သော မဟာဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့၏။ ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်တော်မူပြီး (၃) လအကြာတွင် အရှင်မဟာကဿပထေရ်၊ အရှင်ဥပါလိထေရ်နှင့် အရှင်အာနန္ဒာထေရ်တို့အမှူးရှိသော ရဟန္တာမထေရ်မြတ် ငါးရာတို့သည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်၏ ပံ့ပိုးမှုဖြင့် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြ၏။

မှန်၏။ ဘုရားရှင်သည် နေ့ညမနား တရားဒေသနာတော်တို့ကို ဟောတော်မူခဲ့ရာတွင် ကာလ၊ ဒေသ၊ ပုဂ္ဂလအားလျော်စွာ ဟောတော်မူခဲ့ရ၏။ ထိုတရား ဒေသနာတော်တို့ကို မပျောက်ပျက်စေရန် အဘယ်တရားတော်ကို အဘယ်အရပ်ဒေသ၌ အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အဘယ်သို့သော အကြောင်းအတ္ထုပ္ပတ္တိကြောင့် ဟောတော်မူ ခဲ့ကြောင်းမှတ်တမ်းတင်နိုင်ကြရန် အလွနှ်အရေးကြီးလှ၏။ ဤသို့ဖြင့် ဘုရားဟော ဒေသနာတော်များကို ဆောင်ထားမှတ်သားရလွယ်ကူနိုင်ပါစေခြင်းအကျိုးငှါ..

(၁) ဓမ္မ နှင့် ဝိနယ ဟူ၍ နှစ်စုနှစ်ပုံပြု၍လည်းကောင်း၊

(၂) သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဟူ၍သုံးစုသုံးပုံပြု၍လည်းကောင်း၊

(၃) ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူ၍ ငါးစုငါးပုံပြု၍လည်းကောင်း ပထမသင်္ဂါယနာတင်တော်မူနိုင်ခဲ့ကြ လေသည်။

ဒုတိယသင်္ဂါယနာနှင့် ဂိုဏ်းကွဲမှု

ပထမသင်္ဂါယနာတင်အပြီး နှစ်ပေါင်းတစ်ရာခန့်ကြာသောအခါ ဝဇ္ဇီတိုင်းသားရဟန်းများ၏ ဝိနည်းတော်အချို့ကို ပြင်ဆင်မှုကြောင့် အရှင်ယသမထေရ်၊ အရှင်ရေဝတ၊ အရှင်သဗ္ဗကာမိမထေရ်တို့ အမှူးရှိသော ရဟန္တာမထေရ်မြတ် ခုနစ်ရာတို့သည် ဝေသာလီပြည့်ရှင် ဘုရင်ကာလာသောက၏ ထောက်ပံ့မှုဖြင့် ဒုတိယသင်္ဂါယနာကို (၈)လတိုင်တိုင် တင်တော်မူခဲ့ကြလေသည်။

ဝိနည်းတော်အချို့ကို ဖြုတ်နှုတ်ပြင်ဆင်ဖြည့်စွက်လိုကြသော ဝဇ္ဇီတိုင်းသား ရဟန်းတော် တစ်သောင်းခန့်တို့ကလည်း အရှင်ယသမထေရ်တို့နှင့်စင်ပြိုင် ကောသဗ္ဗီပြည်၌ ဒုတိယ သင်္ဂါယနာကို တင်ခဲ့ကြ လေသည်။ ဤသို့ဖြင့် ဒုတိယသင်္ဂါယနာနောက်ပိုင်းတွင် ပြင်ဆင် ဖြည့်စွက်သည်ကို လိုလားသော အုပ်စုနှင့် မူရင်းအတိုင်း ထားရှိလိုသော အုပ်စုဟူ၍ သံဃ အုပ်စုကြီးနှစ်စု ဖြစ်ပေါ်ခဲ့လေသည်။

ပြင်ဆင်လိုသောအုပ်စုကို (အင်အားများ၍) မဟာသံဃိက ဟု ခေါ်ဆိုပြီး၊ မူရင်းအတိုင်းထားလိုသော အုပ်စုကိုမူ (ရှေးအရှင်မဟာကဿပထေရ်တို့ တင်ခဲ့သည့် မူအတိုင်းသာထားလိုသောကြောင့်) ထေရဝါဒ ဟု ခေါ်ဆိုလာခဲ့ကြလေသည်။ မဟာသံဃိကအုပ်စုသည် မဟာယာန၏အစဖြစ်ပြီး တတိယသင်္ဂါယနာနောက်ပိုင်းတွင်မူ မဟာယာနဟူသောအမည်ဖြင့် ပို၍ထင်ရှား လာခဲ့လေသည်။

တတိယသင်္ဂါယနာ

ဒုတိယသင်္ဂါယနာနောက်ပိုင်းတွင် ထေရဝါဒနှင့် မဟာသံဃိက အုပ်စုနှစ်ရပ်လုံးသည် စာသင်တိုက်ကြီးငယ်များကို တည်ထောင်ကြရင်း သာသနာတော်ပြန့်ပွါးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ပင် ဆက်လက်လုပ်ဆောင်လာခဲ့ကြလေသည်။ အိန္ဒိယနိုင်ငံ၏ ဧကရာဇ်ဖြစ်သော သီရိဓမ္မာသောကမင်းကြီးသည် သာသနာတော်ကိုသက်ဝင် ကြည်ညိုပြီးသည့်နောက်ပိုင်းတွင် သာသနာတော်မှအပဖြစ်သော ဗြဟ္မဏဝါဒီတို့ အနေအစားခက်ခဲပင်ပန်းလာသဖြင့် သာသနာတော်အတွင်းသို့ တစ်ဖက်လှည့်ဖြင့် ဝင်ရောက်ပူးသတ်လာခဲ့ကြလေသည်။

ဗုဒ္ဓအဆုံးအမ သာသနာတော်ကို မူလကပင်ဖြည့်စွက်ပြင်ဆင်လိုသူများရှိနေရသည့်အထဲ ခေတ်မကောင်း၍ ရဟန်းပြုလာကြသော ဗြဟ္မဏဝါဒီတို့ကလည်း ၎င်းတို့၏ဝါဒများကို ရောနှောပူးသတ်ဟောပြောလာကြလေရာ သာသနာတော်၏ သန့်ရှင်းစင်ကြယ်မှုများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရလေသည်။ ဤအချက်ကို သိမြင်တော်မူကြသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် မထေရ်မြတ် အမှူးရှိသော မထေရ်မြတ် အပါး တစ်ထောင် တို့သည် သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ဖြင့် တတိယသင်္ဂါယနာကို တင်တော်မူခဲ့ကြရပြန်လေသည်။

တတိယသင်္ဂါယနာနှင့်ပတ်သက်ပြီး သံဂါယနာသမိုင်းစုံစာအုပ်၌ဖော်ပြပါရှိသော စာဆိုတော် ဦးယာ၏ တတိယသင်္ဂါယနာတင် အံချင်းကို ကူးယူဖော်ပြလိုပါသည်။

တတိယသင်္ဂါယနာတင် အံချင်း

မင်းချင်းလေ။ ဝဇ္ဇီတိုင်းချာ၊ ပြည်ဝေသာဝယ်၊ ကာလာမင်းနောက်၊ ဆဲ့ကိုးယောက်တွင်၊ မင်းမြှောက်စိမ့်ရန်၊ ပုဏ္ဏားဖန်သည်၊ စန္ဒဂုတ်မြေး၊ ဗိန္ဓုသွေးဟု၊ ဘုန်းကျေးဇူးဟုန်၊ မြေမိုးတုန်မျှ၊ ရှေးကုန်သည်ဖြစ်၊ ဘဝစစ်က၊ ပျားနှစ်ရသာ၊ ကုသိုလ်ပါသည့်၊ ဓမ္မာသောက၊ နရိန္ဒလျှင်၊ မဇ္ဈဘူမိ၊ ပါဋလိဝယ်၊ ဆယ်ဒိသာလုံး၊ အာဏာကျုံးသား၊ ပေါင်းရုံးများစွာ၊ ဇောပုပ္ပါတွင်၊ (ဗျည်း,တိ,ဒွါတွင်)၊ မဟာမောဂ္ဂလိပုတ္တ၊ ထေရ်တိဿတို့၊ ဓမ္မမင်းအား၊ နိမန်ကြား၍၊ လက်သားအရဟန်၊ တစ်ထောင်မှန်နှင့်၊ ဗိမာန်ရတနာ၊ ကျယ်ဝန်းစွာသည်၊ သောကာရာမ၊ ရွှေကျောင်းလှထက်၊ တတိယသင်္ဂါယနာ၊ အာကာဖော်ပြ၊ တင်ကုန်ကြသည်၊ သုံးလယုတ်တစ်နှစ်တည့်လေး။ သူကောင်းဖော်ရွေ မင်းချင်းတို့။ ။

တတိယသင်္ဂါယနာအပြီးတွင် သာသနာတော်ပြန့်ပွါးစည်ပင်ရာသော အကြောင်းကို မျှော်တွေးမိကြရကား ရှင်မဟာမဟိန္ဒစသော မထေရ်တို့အား ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ကြပြန်လေသည်။ (ဤဆောင်းပါး၌ သီရိလင်္ကာသို့ ဒက္ခိဏသာခါ သီရိမဟာဗောဓိပင်မြတ် ရောက်လာပုံကိုသာ ပြဆိုမည်ဖြစ်ရကား မထေရ်မြတ်တို့၏ ကိုးတိုင်းကိုးဌာန သာသနာပြုတော်မူခဲ့ပုံများကို လျစ်လျူရှုခဲ့ရပါအံ့။)

သီရိလင်္ကာသို့ မဟာဗောဓိပင်၏ တောင်ဘက်အကိုင်းကိုပင့်ဆောင်ယူလာသော သင်္ဃမိတ္တာထေရီပုံ ပန်းချီကား


http://www.ayukusala.org/images/nuns/01sanghamitta.jpg

ဒက္ခိဏသာခါ သီရိလင်္ကာသို့ကြွရောက်ခြင်း

ထိုသို့ ကိုးတိုင်းကိုးဌာနသာသနာပြုကြွတော်မူကြရာတွင် သီရိဓမ္မာသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒမထေရ်အမှူးပြုသော သံဃာတော် (၆)ပါးတို့သည် သီရိလင်္ကာသို့ ကြွတော်မူကြရ၏။ သီရိလင်္ကာပြည့်ရှင် ဒေဝါနံပိယတိဿမင်း၏ မိဖုရား အနုဠာဒေဝီကို ရဟန်းခံပေးရန်အကြောင်းပေါ်ပေါက်လာသောအခါ မဟိန္ဒထေရ်သည် ညီမတော်ဖြစ်သော သင်္ဃမိတ္တာထေရီကို ဒက္ခိဏသာခါ ဗောဓိပင်မြတ်နှင့်တကွ သီရိလင်္ကာသို့ပင့်ခေါ်စေလေသည်။

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ မိန့်တော်မူချက်အရ ဘုရားသခင် အဓိဋ္ဌာန်ပြုတော်မူခဲ့သည်ကို ကြားနာရသော သီရိဓမ္မာသောကမင်းသည် သံဃာတော် အပေါင်းကိုပင့်ဆောင်၍ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်ရှိရာသို့ ကြွရောက်တော် မူလေသည်။ မင်းကြီးသည် ဗောဓိပင်မြတ်ကို မော်ကြည့်လိုက်သောအခါ ဗောဓိပင်၏ပင်စည် နှင့် ဒက္ခိဏသာခါ လင်္ကျာတောင်ကိုင်း၏ လေးတောင်ခန့်မျှကိုသာ မြင်ရ၍ ကျန်သောအကိုင်း အခက်တို့ကို မတွေ့မြင်ရတော့ချေ။

ထိုသို့သော တန်ခိုးပြာဋိဟာကိုတွေ့မြင်ရသဖြင့် ဗောဓိပင်မြတ်ကို အဘိသိက်သွန်းလောင်း ပြီးလျှင် မင်းစည်းစိမ်ဖြင့်ပူဇော်လေသည်။ ထို့နောက် မင်းကြီးသည် ဗောဓိပင်မြတ်အား လင်္ကျာရစ်သုံးကြိမ်လှည့်လည် ရှိခိုးပြီးလျှင် ရွှေစုတ်တံဖြင့် လင်္ကျာတောင်ကိုင်း၌ အရေးအသား အမှတ်သင်္ကေတကိုပြုပြီး “`ဤဗောဓိပင်မြတ်သည် သီရိလင်္ကာ၌ တည်တော်မူလတ်အံ့၊ ငါသည်လည်း ဗုဒ္ဓသာသနာတော်၌ ယုံမှားကင်းစွာ ကြည်ညိုသည် ဖြစ်ငြားအံ့၊ ဗောဓိပင်၏တောင်ဘက်အကိုင်းမြတ်သည် အလိုလိုပင်ပြတ်ကြွေ၍ ရွှေအိုး၌ တည်ပါစေသတည်း” ဟု သစ္စာအဓိဋ္ဌာန်ပြုတော်မူလေသည်။

ထိုအခါ မဟာဗောဓိပင်၏ တောင်ဘက်အကိုင်းသည် မင်းကြီးရေးခြယ်ထားရာနေရာမှ သူ့အလိုလို ပြတ်ကြွေ၍ အသင့်ပြုလုပ်ထားသော နံသာပျောင်းတို့ဖြင့်ပြည့်သည့် ရွှေအိုး၌ တည်တော်မူလာလေသည်။ ထိုအကိုင်းမြတ်သည် ဆယ်တောင်အရှည်ရှိ၏။ အသီးငါးလုံးပါဝင်သော လေးတောင်ခန့်ရှိသော အကိုင်းမ ငါးခုပါဝင်၏။ အကိုင်းငယ်ပေါင်း တစ်ထောင်ပါဝင်၏။

မင်းကြီးသည် မူလရေးသားအပ်သော အရေးကြောင်း၏အပေါ် လက်သုံးသစ်ခန့်မျှအကွာ၌ နောက်ထပ်အရေးအသားကို ရေးဆွဲပြန်ရာ ထိုနေရာမှ အဖုတို့ပေါ်ထွက်လာပြီးလျှင် အမြစ်ကြီး ဆယ်ခုတို့ ဖြစ်ပေါ်လာကြလေသည်။ ထို့နောက် နောက်ထပ်အရေးအသား ကိုးခုတို့ကို ထပ်မံရေးဆွဲပြန်ရာ အမြစ်ပေါင်း ကိုးဆယ်တို့ ထပ်မံပေါ်ထွက် လာကြပြန်လေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ရကား ကျယ်လောင်စွာ အော်ဟစ် မြူးတူးရှာလေသည်။ ရဟန်းတော်အပေါင်းတို့က သာဓုခေါ်ကြကုန်၏။ အလုံးစုံသော မင်းပရိတ်သတ်တို့၏ ကောင်းချီးပေးသံတို့ကား မဆုံးနိုင်ချေပြီ။ နတ်ဗြဟ္မာအပေါင်းတို့၏ သာဓုခေါ်သံတို့သည်လည်း ပဲ့တင်ထပ်မျှ ရှိလေတော့သည်။

ငလျင်လှုပ်ခြင်း၊ နတ်တို့၏တူရိယာသံတို့ကို ကြားကြရခြင်းစသည်တို့ဖြင့် အုတ်အုတ် ကျက်ကျက်ရှိနေကြစဉ် ဘုရားသခင်အဓိဋ္ဌာန်ပြုတော်မူခဲ့သည့်အတိုင်း ဗောဓိသီး ငါးလုံးတို့မှ ရောင်ခြည်တော်များထွက်ပေါ်ကွန့်မြူး၍ ဒက္ခိဏသာခါ ဗောဓိပင်မြတ်သည် ကောင်းကင်သို့ ပျံတက်၍ ဆီးနှင်းတိမ်တိုက်ထဲ၌ (၇)ရက်တိုင်တိုင် တည်နေလေသည်။ (၇)၇က်ပြည့်သောနေ့၌ ရွှေဖျင်းအိုး၌ပြန်၍ တည်လာသောအခါ မင်းကြီးသည် ဝမ်းမြောက်ခြင်း ကြီးစွာဖြစ်ရကား ဒက္ခိဏသာခါဗောဓိပင်မြတ်ကို အဘိက်သိက် သွန်းလောင်းပြီးလျှင် မင်းစည်းစိမ်ဖြင့် ပူဇော်ပြန်လေသည်။

ထို့နောက်ဗောဓိပင်မြတ်ကို ပါဋလိပုတ်ပြည်သို့ပင့်ဆောင်ယူခဲ့ပြီးလျှင် သမီးတော် သင်္ဃမိတ္တာ ထေရီသို့အပ်နှံ၍ သီရိလင်္ကာသို့ ပင့်ဆောင်ယူနိုင်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။ ဤသို့ဖြင့် သင်္ဃမိတ္တာထေရီပင့်ဆောင်ယူလာခဲ့သော ဒက္ခိဏသာခါ ဗောဓိပင်မြတ်သည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး သစ်ပင်အဖြစ်ရပ်တည်ရင်း လင်္ကာသူလင်္ကာသား ဗုဒ္ဓဘာသာဝင် ဒကာ/မများတို့၏ (ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်၏ လင်္ကျာတောင်ကိုင်းအစစ်ဖြစ်သော ဗောဓိပင်ဖြစ်သောကြောင့် ဘုရားကိုယ်စားတော်အဖြစ်) ပူဇော်မှုအမျိုးမျိုးကိုခံယူရင်း ဆက်လက် ရှင်သန်ဆဲ ရှိနေပါတော့သတည်း။

အပိုင်း (၂၁)ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Sunday, 10 April 2011 15:22

Read more...

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား စံမြန်းခဲ့ရာ ကပိလဝတ္ထုမြို့တော်


အိန္ဒိယနိုင်ငံဘက်မှာ ရှိတဲ့ ကပိလဝတ္ထုမြို့တော်ဟောင်းမှ မြင်ကွင်းတစ်ခု
သကျနိုင်ငံတော် ဆိုတာ ဟိမဝန္တာတောင်တန်းကြီးရဲ့ အနီးက နိုင်ငံတော် တစ်ခုပေါ့။ သူ့ရဲ့ မြိ့တော်ကတော့ ကပိလဝတ္တုပါ။ ကပိလဆိုတာက ရသေ့တစ်ပါးရဲ့ နာမည်ပါ။ ဝတ္ထုဆိုတာကတော့ တည်နေရာပေါ့။ အဲဒီ ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းတည်ရှိခဲ့တဲ့ နေရာမှာ တည်ထားတဲ့ မြို့တော်မို့ ကပိလဝတ္တု မြို့တော်လို့ ပါဠိဘာသာနှင့် သမုတ်ခေါ်ဝေါ်ကြပါတယ်။ သက္ကဋ သို့မဟုတ် ဟိန္ဒီလိုတော့ Kapilavastu လို့ ခေါ်ကြ ရေးကြပါတယ်။

မြို့တော်တည်ထောင်သူကတော့ သြက္ကာကမင်းရဲ့ သားတော်တွေလို့ စာပေမှာ လာပါတယ်။ မြို့တော်ရဲ့ အနီးဝန်းကျင်မှာ လုမ္ဗိနီဥယာဉ်တော ရှိပါတယ်။ ရောဟိဏီမြစ်က မြို့တော် ကပိလဝတ္တုအနီးက စီးဆင်းနေခဲ့ပါတယ်။ အဲဒီမြစ်နှင့်ပဲ သကျနှင့် ကောလိယနှစ်နိုင်ငံရဲ့ နယ်ခြားကို သတ်မှတ်ခဲ့ကြပါတယ်။

ဘီစီ ခြောက်ရာစုမှာ အဲဒီ ကပိလဝတ္တုမြို့တော်ရဲ့ ထင်ရှားလှတဲ့ အုပ်စိုးသူကတော့ သုဒ္ဓေါဒနမင်းကြီးပါပဲ။ ကြင်ရာတော်ကတော့ မဟာ မာယာ ဒေဝီပါ။ သကျ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် တရားရေးရာ ကိစ္စရပ်တွေ၊ အခြား အရေးကြီးတဲ့ ကိစ္စတွေကိုတော့ သန္ထာဂါရသာလာလို့ ခေါ်တဲ့ နေရာမှာပဲ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ဆုံးဖြတ်ခဲ့ကြပါသတဲ့။

အဲဒီ သကျနိုင်ငံတော်ဟာ ဗုဒ္ဓဘုရားရှင်တော်ကြောင့် ဒီနေ့အထိ လူတွေ သိကြ မြတ်နိုးကြ ဖြစ်နေတာပါ။ အကြောင်းတစ်ရပ်ကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ နိုင်ငံဖြစ်နေတာကြောင့် ဖြစ်ပြီး နောက် အကြောင်း တစ်ရပ်ကတော့ စန္ဒကိန္နရီဇာတ်တော်၊ ဝေဿန္တရာ ဇာတ်တော်၊ ဓမ္မပါလဇာတ်တော် စသည်ဖြင့် တရားဒေသနာ တော်တော်များများကိုလည်း ဒီမှာပဲ ဟောခဲ့တာကြောင့်ပါ။ မြစ်ရေလုကြရာကနေ စစ်ခင်းကြတော့မည့်ဆဲဆဲ ဖြစ်တဲ့ သကျနှင့် ကောလိယ နှစ်နိုင်ငံသားတွေကို စစ်ငြိမ်းအေးကြောင်း ဟောခဲ့တာလဲ ဒီအနီးဝန်းကျင်မှာပါပဲ။ အတိုချုပ်ပြောရရင် ဗုဒ္ဓဘုရားရှင်နှင့် ပတ်သက်နှီးနွယ်နေတာကြောင့် ကပိလဝတ္တု ဆိုတာကို လူတွေ မမေ့နိုင်ကြသေးတာပါပဲ။

ဒီလို မေ့မရနိုင်တဲ့ နိုင်ငံ ဖြစ်ခဲ့ပေမယ့် ကပိလဝတ္တုဆိုတဲ့ မြို့တော်ရဲ့ တည်နေရာကို ခုခေတ်လူတွေ အတိအကျ မသိနိုင်တော့တာပါပဲ။ ဒီလိုဖြစ်ရတာကို တရားသဘောနှင့် နှောပြီး ပြောရလျှင် သင်္ခါရသဘောတရားကို မလွန်နိုင်လို့ပါ။ ဒါပေမဲ့ လောကီဆန်ဆန် လက်သည် တရာခံတွေကို ပြောရလျှင်တော့ ဗုဒ္ဓဘာသာကိုရော ၄င်းနှင့် ဆက်စပ် ပတ်သက်နေတဲ့ အဆောက်အဦး အားလုံးနီးပါးကိုပါ ဖျက်ဆီး၊ သိမ်းပိုက်ခဲ့ကြတဲ့ ဟိန္ဒူဘုရင်များနှင့် မွတ်စလင် ကျူကျော်သူများပါပဲ။ ရန်လိုလှတဲ့ ဒီမတရား ဖျက်ဆီးရေးသမားတွေကြောင့် ဗြိတိသျှတွေ အိန္ဒိယကို ကိုလိုနီ မပြုခင်ကပင် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝ ကွယ်ပျောက်နေခဲ့ပြီလို့ သမိုင်းက ဆိုပါတယ်။

ဒါပေမဲ့ ကံကောင်း ဝမ်းမြောက်ဖွယ်ရာ တစ်ခုကတော့ ရှေးဟောင်း သုတေသနသမားတွေဟာ 1860 ပြည့်နှစ်များမှာ စတင်ပြီး ဗုဒ္ဓနှင့် ဆက်စပ်ပတ်သက်တဲ့ နေရာတွေကို စတင် ရှာဖွေ ဖော်ထုတ်ကြပါတယ်။ သူတို့တွေဟာ 1890 ပြည့်နှစ် မတိုင်မီ ဗုဒ္ဓဝင်နှင့် ပတ်သက်တဲ့ နေရာအများအပြားကို ဂင်္ဂါမြစ် ဧရိယာ (Ganges area) အတွင်းမှာ ရှာဖွေ ဖော်ထုတ်ပြီး အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အရေးကြီးတဲ့ နေရာတွေထဲက နှစ်နေရာကို ရှာလို့ မတွေ့ခဲ့ပါဘူး။ အဲဒီ နှစ်နေရာဆိုတာ လုမ္ဗိနီ ဥယျာဉ်တော်နှင့် ကပိလဝတ္ထုမြို့တော်ဟောင်းတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆယ့်ကိုးရာစု နှောင်းပိုင်းမှာ ဗုဒ္ဓလောင်းလျှာ သိဒ္ဓတ္ထမင်းသားရဲ့ ဒီနေရာကို သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာနတွေက ရှာဖွေကြပါတယ်။ ခရီးသွားမှတ်တမ်း ရေးခဲ့ကြတဲ့ တရုပ်ရဟန်းတော် Xuanzang နှင့် Faxian တို့ရဲ့မှတ်တမ်းမှတ်ရာ ရေးသားခဲ့ကြတာကို ကြည့်ပြီး ရှာဖွေခဲ့ကြတာလို့ ဆိုပါတယ်။

ရလဒ်ကတော့ ခုခေတ် နီပေါ နယ်စပ်တစ်လျှောက် အတော်လေး ဝေးတဲ့ ရွာတစ်ရွာမှာ ကျောက်စာတိုင် တစ်တိုင်ကို တွေ့ကြတယ်။ ဗြိတိသျှ စူးစမ်းလေ့လာရေး အဖွဲ့ကို ကျောက်စာရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်ပေးဖို့ စေလွှတ်ခဲ့တယ်။ ကျောက်စာကို အစောပိုင်း ဗြဟ္မီ (Brami) အက္ခရာကို အသုံးပြုပြီး အိန္ဒိယမြောက်ပိုင်း ဒေသခံ တိုင်းရင်း ဘာသာစကားနှင့် ရေးသားထားတာပါ။ ဒီနေရာဟာ သဗ္ဗညုတ ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် မွေးဖွားရာ နေရာလို့ အဲဒီ ကျောက်စာက ဖော်ပြထားပါတယ်။ ဒီတွေ့ရှိမှုက ဗုဒ္ဓဆိုတာ စံပြလူသား ဘုရားအဖြစ် စိတ်ကူးယဉ်ပြီး ပုံဖော်ကိုးကွယ်နေကြတာလို့ အထင်ရောက်နေတဲ့ အနောက်တိုင်းသာတွေကို “မင်းတို့ ထင်သလို မဟုတ်ဘူး။ ဗုဒ္ဓဆိုတာ တကယ်ရှိခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်မြတ်ကြီး”လို့ သက်သေထူပေးခဲ့တယ်။ တကယ် ဝမ်းသာစရာ တွေ့ရှိမှုကြီးပါ။

အရေးကြီးတဲ့ နောက်တစ်နေရာဖြစ်တဲ့ ဘုရားအလောင်းတော် စံမြန်းတော်မူခဲ့ရာ ကပိလဝတ္တုမြို့တော် နေရာကို အရှိန်မြှင့်ပြီး ရှာဖွေခဲ့ကြတယ်။ အဲဒီနေရာဟာ လုမ္ဗိနီရဲ့ အနောက်ဖက် တစ်ဆယ် ဆယ်ငါး ကီလိုမီတာလောက်မှာ ရှိနိုင်တယ်လို့ သိသာလို့ အရှိန်မြှင့် ရှာဖွေခဲ့ကြရာ ဖြစ်နိုင်တဲ့ နေရာ နှစ်နေရာကို တွေ့ကြရပါတယ်။


အဲဒီနေရာတွေကတော့ တစ်ခုက အိန္ဒိယဘက်မှာ ဖြစ်ပြီး နောက်တစ်ခုကတော့ နီပေါနိုင်ငံဘက်မှာ ဖြစ်ပါတယ်။ ကပိလဝတ္တုမြို့ တည်နေရာနှင့် ပတ်သက်ပြီး နှစ်ပေါင်း ရာနှင့်ချီပြီး စူးစမ်းလေ့လာရေး အဖွဲ့တွေရဲ့ အကြားမှာ အငြင်းပွားနေကြပါတယ်။

Dr Coningham နှင့် သူ့အဖွဲ့က လုပ်တဲ့ သုတေသနအသစ်က ပြောတာကတော့ ရှေးဟောင်း ကပိလဝတ္တု တည်နေရာဟာ လုမ္ဗိနီဇုန်ထဲမှာ ရှိတဲ့ ကပိလဝတ္တု ခရိုင် (Kapilavastu Discrict)၊ တိလုရာကော့ (Tilaurakot) ရွာ နေရာပါလို့ ဆိုကြပါတယ်။ လုမ္ဗိနီကနေ (၂၇) ကီလိုမီတာ ဝေးပါတယ်။ အဲဒီ ရှေးဟောင်း နယ်မြေမှာ မြို့တော် တံတိုင်း၊ ကျုံးနှင့် နေထိုင်ရာ နေရာဝိုင်းကြီး တစ်ခုရဲ့ အခြေခံ အုတ်မြစ်ရိုး အပျက်အစီးတွေပါ ရှိပါတယ်လို့ ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့်ပြသတဲ့ ဗုဒ္ဓဝင်မှာတော့ အဲဒီနေရာမှာ လမ်းတွေအစီအရီ ဆောက်ထားခဲ့ပြီး ယက်မ ပုံဏ္ဌာန်ရှိတဲ့ မြို့တော်ကြီးရဲ့ အလယ်ဗဟိုရ်မှာ နန်းတော် ရှိတယ်လို့ ဆိုပါတယ်။

အချို့ သုတေသနသမားတွေကတော့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းသုတေသန ဆိုင်ရာ နေရာ တစ်ခုဖြစ်တဲ့ ပိရဟွာ (Piprahwa) ရွာ အနီးကို ကပိလဝတ္တုလို့ ပြောပါတယ်။ အဲဒီရွာက ဥတ္တရာ ပရာဒက်ရှ်ပြည်နယ်၊ သိဒ္ဓတ္ထနဂရ ခရိုင် (Siddharthnagara Discrict)၊ Birdpur မြို့ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ ခုခေတ် နီပေါနိုင်ငံရှိ ဗုဒ္ဓ ဖွားမြင်တော် မူခဲ့ရာ လုမ္ဗိနီတောင်ဘက် (၁၅) ကီလိုမီတာပဲ ဝေးပါတယ်။ ၁၉၇၅ မှသည် ၁၉၇၉ အထိ တူးဖော်ကြတုန်းက အဲဒီနေရာမှာ စေတီပျက်ကြီးရဲ့ အပျက်အစီးတွေနှင့် ရှေးက ဓာတ်တော်ကြုပ်တစ်ခု တွေ့ရပါတယ်တဲ့။ ဒါတွေကတော့ သမိုင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ မှတ်ဖွယ်မှတ်ရာတွေထဲက အချက်အလက် အချို့ပဲ ဖြစ်ပါတယ်။

စာရေးသူ သွားခဲ့တဲ့ ဒီ ခရီးစဉ်မှာ နီပေါနိုင်ငံထဲက ကပိလဝတ္ထုမြို့တော်ဟောင်း တည်ရှိရာ နေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံထဲက ကပိလဝတ္ထု ဆိုတဲ့ နေရာကိုပဲ ရောက်ဖြစ်ခဲ့တယ်။ ၂၀၁၀ ခု၊ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာပါ။ အတော်လေး ကြီးတဲ့ ရေကန်သာ တစ်ခုနားမှာ လူတွေ ကန်နားမှာ မြေပြုပြင်ကြ၊ ပန်းပင်တွေ စိုက်ကြ၊ ရေလောင်းနေကြတာကိုတောင် တွေ့ခဲ့ရပါသေးတယ်။

စာရေးသူကတော့ အထက်က ပြောခဲ့တဲ့ အချက်အလက် အချို့ကို သတိယပြီး မကြာခင် တခြားသော အတွေးတွေက အစီအရီ တိုးဝင် စီးဆင်းလာပါတော့တယ်။

ပထမ တွေးမိတာက မြို့တော်ဟောင်း နေရာမှန်က ဘယ်နေရာပဲ ဖြစ်နေပါစေ၊ ဗုဒ္ဓရှင်တော်မြတ် ဖွံ့ဖြိုး ထွန်းကားအောင် လုပ်ခဲ့တာက အဲဒီမြို့တော်ကြီး မဟုတ်ပါဘူး။ သူတော်ကောင်းတရား ထွန်းကားရေးနှင့် ဒုက္ခခပ်သိမ်း လုံဝ ကင်းငြိမ်းရေးပါ။ အဆုံးစွန်သော လွတ်မြောက်မှုကို မရသေးသော်မှ ကိုယ်ချင်းစာ တရား ကိုယ်စီထားပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးပါ။ အချက်ရှစ်ချက်ပါတဲ့ ကျင့်စဉ်မူနှင့် ဒီလောကမှာရော၊ တမလွန်လောကမှာပါ ငြိမ်းအေး ချမ်းမြေ့စွာ နေရရေးနှင့် ဒုက္ခမှန်သမျှ အမြစ်ပြတ် ငြိမ်းအေးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးသာ ဖြစ်ပါတယ်။

နောက်တော့ ဂိတ်ဝကို စဝင်မိတာနှင့် ဘုရားရှင်ကို သတိယမှု (ဗုဒ္ဓါနုဿတိ) ကုသိုလ်ထူးကို ပွားစီးလို့ နေမိပါတယ်။ အရဟံ အစ ဘဂဝါအဆုံးရှိတဲ့ ကိုးပါးသော ဂုဏ်တော်တွေကို အထပ်ထပ် ရွတ်ဖတ်၊ နန်းမြို့တော်ကြီးအစ လောကသေဌ်နင်း တရားမင်းအဆုံး ရှိတဲ့ ဖြစ်ခဲ့သမျှသော အရာအားလုံးဟာ ပျက်သုဉ်းခြင်းလျှင် အဆုံးရှိပါလားဆိုတဲ့ အနိစ္စဒဏ်ချက် ကြီးမားပုံ၊ မမြဲလေသမျှ ဒုက္ခ ဒဏ်ချက်ကြီးမားပုံနှင့် ကိုယ့်အလိုဆန္ဒကို မလိုက်လျော၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတဲ့ အစိုးမရခြင်း ဒဏ်ချက် အနှိပ်စက်ကြီး နှိပ်စက်တတ်တဲ့ သဘောတွေကို “အနိစ္စ ဝတ သင်္ခါရာ” အစဖြာသည့် သုံးခုသော ဂါထာတို့ကို အဖန်ဖန် ရွတ်ပွားပြီး ဆင်ခြင်နေမိပါတော့တယ်။

နောက်ဆုံးတစ်ခုကတော့ ကပိလဝတ္ထုနေရာ ဆိုတော့ စိတ်ထဲမှာ သုဒ္ဓေါဒနမင်းကြီး၊ ယသော်ဓရာ ဒေဝီ စသည်တို့ကို မျက်စိထဲ မြင်ရောင်မိသလိုလို၊ ဘာကိုမှန်း တပ်အပ်သေချာ သိလည်းမသိ၊ ဆိုင်လည်း မဆိုင်ပဲ တစ်စုံတစ်ခုသော အရာကို လွမ်းမိသလိုလို ခံစားမိပါတယ်။


ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ စံမြန်းဆောင်တော်တွေဟာ ဘယ်နေရာများ ရှိခဲ့လေသလဲ။ ကြီးမြတ်သည့် နှလုံးသားပိုင်ရှင်၊ အနှိုင်းမဲ့ မေတ္တာ ကရုဏာတရားရှိသူ၊ ကြီးမား ကျယ်ပြန့်သော ဉာဏ်ရှင်၊ ဒီဘဝသည် နောက်ဆုံး ဘဝဖြစ်သည့်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် မပြတ် ဖြည့်ဆည်း အားထုတ်ခဲ့သည့် ပါရမီတော်တို့၏ သူ့ထက်ငါ အပြိုင် အကျိုးပေးခွင့်ကို စောင့်ကာ အကျိုးပေးခြင်း ခံရသည့် ပြီးပြည့်စုံသည့် အလောင်းတော် မင်းသားရဲ့ လုပ်ရှားဟန်တို့ကိုလည်း ဝိုးတဝါး မြင်ယောင်နေခဲ့မိတယ်။

ဒါ့အပြင် ယသော်ဓရာ ဒေဝီရဲ့ လွမ်းငွေ့သန်းနေတဲ့ ပုံရိပ်တွေ၊ ဘုရားဖြစ်ပြီးနောက် ဖခမည်းတော် အကြိမ်ကြိမ် ပင့်လျှောက်လို့ နန်းတော်ကြွလာစဉ် သတင်းသုံးတော်မူခဲ့တဲ့ ပုံရိပ်တွေ၊ ခမည်းတော် မင်းကြီးကို သပိတ်ကိုင်စေပြီး အရှင် သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန်တို့ လက်ျာ လက်ဝဲရံစေကာ ပါရမီဖြည့်ဖက် မင်းသမီးရဲ့ အခန်းကို ကြွရောက် အပူဇော် အဖူးမျှော်ခံပြီး စန္ဒကိန္နရီ ဇာတ်တော်ကို ဟောကြားကာ နှစ်သိမ့် ဂုဏ်ပြုနေတဲ့ ပုံရိပ် စသည်ဖြင့် မဆုံးနိုင်သော အတွေးတွေဟာ စရေးသူရဲ့ ခေါင်းထဲကို အဆက်မပြတ် စင်းဆင်း ဝင်ရောက်နေပါတော့တယ်။ ဖတ် မှတ် လေ့လာဖူးသမျှသော အကြောင်းအရာတွေက သူ့ထက်ငါ ဆိုသလို အလုအယက် ဝင်ရောက်လာသည့်နှယ် ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးအနေနှင့် ဒီ နေရာကိုကြည့်ပြီး ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ထပ်တလဲလဲ ရွတ်ဆို ပွားများ၊ မမြဲတဲ့ အနိစ္စသဘောကိုလဲ အဖန်ဖန် ဆင်ခြင် ပွားများပြီး ကပိလဝတ္ထု ခရီးကို အဆုံးလိုက်ပါတယ်။

Rf:
1. BBC., The Life of the Budha
2. http://en.wikipedia.org/wiki/Kapilavastu
3. http://en.wikipedia.org/wiki/Piprahwa
4. Malalasekera G. P., Pali Proper Names
(http://www.metta.lk/pali-utils/Pali-Proper-Names/kapilavatthu.htm)

ဘုန်းဉာဏ်

Read more...

ငါးနဲ့လိပ်


ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါ။
နိဗ္ဗာန်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း
ပြောနေကြပေမဲ့ ကြားနေရပေမဲ့ ဂဃနဏ သိတဲ့သူ ရှားတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဘုန်းကြီးတွေတောင်
“အရှင်ဘုရား၊ အရှင်ဘုရားတို့ ပြောပြောနေတဲ့ ဟောဟောနေတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလဲဘုရား” လို့ သွားမေးကြည့်။
အင်း၊ အဲ ဆိုတဲ့စကားလုံးတွေ အကြိမ်များစွာ ကြားရမှာဖြစ်ပြီး
နိဗ္ဗာန်ဆိုတာ နိနဲ့ ၀ါန ပေါင်းစပ်ထားတဲ့ပုဒ်ဖြစ်တယ် စသဖြင့်
အငယ်တုန်းက ဆရာဘုန်းကြီးက ကျက်ခိုင်းလို့ ရထားတဲ့ဟာတွေကို
ရွတ်ပြ ဆိုပြ ပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေဆို
ငယ်ငယ်တုန်းက စနစ်တကျ မသင့်ခဲ့ရလို့ ဒါကိုတောင်
ကျကျနန မရွတ်ပြ မဆိုပြနိုင်ပါဘူး။

ဒါ့အပြင် နိဗ္ဗာန်နဲ့ ပတ်သက်လို့ ရှင်းပြတဲ့အခါ စကားလုံး တစ်လုံးနဲ့တစ်လုံး
တစ်ထွာလောက်ဝေးပြီး စကားလုံးတစ်လုံး ထွက်လာဘို့
ကွမ်းတစ်ယာညက်ခန့်ကြာ စောင့်ဆိုင်းရပါလိမ့်မယ်။
ပါဠိအဘိဓာန်ဆရာကြီးကတောင် နိဗ္ဗာန်ဆိုတဲ့ပုဒ်ကို
မောက္ခ၊ လွတ်မြောက်ရာ
နိရောဓ၊ ချုပ်ငြိမ်းရာ၊
တဏှက္ခယ၊ တတ်မက်မှုတဏှာကုန်ရာ၊
ဒီပ၊ အလင်းရောင် စသဖြင့် ပရိယာယ်စကားလုံး (၄၀) ကျော် ထုတ်ပြသွားပါတယ်။
ဒါကလဲ နိဗ္ဗာန်ကို နားလည်ဘို့အတွက် အဘိဓာန်ဆရာကြီးရဲ့ ကြိုးပမ်းမှုပါပဲ။

ထိုထိုကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို ကိုးကားမှီငြမ်းပြီး
မြန်မာဘာသာပြန်ဆရာတော်များကလည်း
အလွန်တရာ မြင့်မြတ်တာ၊ အစဉ်ထာဝရတည်မြဲတာ၊ ဖျက်ဆီးလို့ မရတာ၊
မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ မဟုတ်တာ။
ဆင်းရဲမှုကို ကျော်လွန်တာ၊ အဖြစ်အပျက် မရှိတာတွေဟာ နိဗ္ဗာန်ဆိုပြီး
ပြောတော့တာပဲ။ ဟောတော့တာပဲ။

ရှင်းရှင်းပြောရရင် ဒီရှင်းပြချက်တွေက
နိဗ္ဗာန်ဆိုတာ ဘာလဲ ဆိုတာ
ရှင်းသွားအောင် လုပ်မပေးနိုင်ပါဘူး။
ရှင်းမသွားတဲ့အပြင် ပိုတောင် ရှုတ်ထွေးသွားပါသေးတယ်။
ဒါကလဲ ရှုတ်ထွေးသင့်လို့ ရှုတ်ထွေးတာပါ။

နိဗ္ဗာန်အဓိပ္ပါယ်ကို ရှင်းပြတဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်၊
ရှင်းပြတာကို နာယူ၊ လေ့လာ၊ နားထောင်တဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်ဖြစ်နေတော့
ရိုးရိုးပုဂ္ဂိုလ်တို့အရာမဟုတ်တဲ့ နိဗ္ဗာန် ဆိုတာကို
ဘယ်လိုမှ အပြည့်အ၀ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းသိလောက်နဲ့ပဲ နိဗ္ဗာန်ကို နားလည်ကျမှာပါ။

လူတွေဟာ ဝေါဟာရပညတ်တစ်ခုကို အဓိပ္ပါယ်ဖော်ဆောင်ရာမှာ
သူတို့မျက်စိနဲ့ မြင်တဲ့အရာဝတ္ထုကိုသာ
သူတို့စိတ်သိနဲ့ အဓိပ္ပါယ်ဖောင်ဆောင်နိုင်ကြတာမဟုတ်ပါလား။

သူတို့မျက်စိနဲ့မမြင်နိုင်တဲ့အရာဝတ္ထုကို
သူတို့စိတ်အသိနဲ့ အဓိပ္ပါယ် မဖောင်ဆောင်နိုင်ကြပါဘူး။
နိဗ္ဗာန်ဆိုတာကြီးကိုလည်း သူတို့မျက်စိနဲ့ မမြင်နိုင်လို့ အဓိပ္ပါယ်မဖော်ဆောင်နိုင်ကြဘူး။
ခန့်မှန်းယော်ရမ်းပြီး နိဗ္ဗာန်ဆိုတာ ဒီလိုကွ၊ ဟိုလိုကွ နဲ့ ပြောဆိုနေကြတာ။

နိဗ္ဗာန်နဲ့စပ်လို့
မဟာတန်း ပထမနှစ်တုန်းက သင်ခဲ့ရတဲ့ ဒေါက်တာရာဟုလာရေးခဲ့တဲ့
What the Buddha Taught
ဆိုတဲ့ စာအုပ်ခလေးတောင် သတိရမိသေး။

(စာအုပ်မှာ ဒီလို)

ငါးသတ္တ၀ါတွင် ကုန်းမြေအကြောင်းဖော်ပြရန် ဝေါဟာရမရှိသကဲ့သို့
လူတို့တွင်လည်း လောကုတ္တရာအတွေ့အကြုံကို ဖော်ပြနိုင်ရန် စကားလုံးမရှိချေ။
လိပ်က ၄င်း၏မိတ်ဆွေ ငါးအား
ကုန်းပေါ်မှာ လမ်းလျှောက်၍ ရေကန်သို့ ပြန်လာကြောင်း ပြောပြသည်။

ငါးက
အော်၊ ဟုတ်လား၊ ရေကူးလာခဲ့တာမဟုတ်လား ဟု ပြန်မေးလေသည်။

လိပ်က
ကုန်းပေါ်တွင် ရေမကူးနိုင်ကြောင်း၊ ကုန်းမြေသည် မာကြောကြောင်း၊
လမ်းလျှောက်၍ သွားရကြောင်း ရှင်းပြသည်။
သို့ရာတွင် ငါးက လိပ်ပြောသော ကုန်းမြေကဲ့သို့ မရှိနိုင်ကြောင်း၊
ရေကန်ကဲ့သို့ပင် လှိုင်းအိကလေးများနှင့် ရေပြင်သာဖြစ်ရမည်ဖြစ်၍
ရေငုတ်နိုင်၊ ရေကူးနိုင်မည်သာဖြစ်ကြောင်း ဇွတ်ငြင်းဆိုလေတော့သည်။

Just as the fish had no words in his vocabulary to express the nature of the solid land.
The tortoise told his friend the fish
that he (the tortoise) just returned to the lake after a walk on the land.
‘Of course’ the fish said, ‘You mean swimming.’
The tortoise tried to explain that one couldn’t swim on the land,
that it was solid, and that one walked on it.
But the fish insisted that there could be nothing like it,
that it must be liquid like his lake, with waves,
and that one must be able to dive and swim there.

ဟုတ်တယ်။ ရိုးရိုးလူသား (လောကီလူသား) တို့ နိဗ္ဗာန်ဆိုတာကို သေချာ မသိနိုင်။
မျက်မှောက်သိဖြင့် နိဗ္ဗာန်ကို မသိနိုင်။
တရားကျင့်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတဲ့
အရိယာအဆင့်လေးဆင့် တစ်ဆင့်ဆင့်ရောက်မှသာ
နိဗ္ဗာန်သဘောသဘာဝကို သေသေချာချာ အတွင်းသိ အစင်း (အဆင်း) သိ
(၀ါ) မျက်မှောက်သိ သိနိုင်မယ်။

ဆိုတော့ နိဗ္ဗာန်ကို ဂဃနဏ သိဘို့ သောတာပန်ဖြစ်ဖို့လိုတယ်။
သကဒါဂါမ်ဖြစ်ဖို့လိုတယ်။
အနာဂါမ်ဖြစ်ဖို့လိုတယ်။
ရဟန္တာဖြစ်ဖို့လိုတယ်။

ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့
သုံးကြိမ် သုံးခါ လျှောက်တာတောင်
မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။

ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။
အရှင်ဘုရားပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဆိုတာ
ယောက်ကျားတွေပဲ ဖြစ်နိုင်တာလား။ မိန်းမသားတွေ မဖြစ်နိုင်တော့ဘူးလား လို့
မေးခွန်းထုတ်ပါတယ်။

ဖြစ်နိုင်ပါတယ် အာနန္ဒာ လို့ မြတ်စွာဘုရားက ပြောတော့

ဒါနဲ့များ အရှင်ဘုရားရယ်။
မိန်းမသားတွေကို သာသနာ့ဘောင်တွင်း ၀င်ဘို့ ခွင့်ပြုသင့်တာပေါ့။
ရဟန်းမ ၀တ်ခွင့်ပြုသင့်တာပေါ့၊
နောက်ပြီး မဟာပဇာပတိဂေါတမီဆိုတာလည်း တခြားလူမှ မဟုတ်တာ၊
အရှင်ဘုရားကို ငယ်စဉ်ကတည်းက
မိရင်းပမာ နို့တိုက်မွေးမြူ စောင့်ရှောက်လာခဲ့သူပဲ။
ဒါတွေကိုလဲ ငဲ့ညှာထောက်ထားအုံးမှပေါ့လို့
ရှင်အာနန္ဒာ ရှေ့နေအလိုက်ကောင်းတော့
မြတ်စွာဘုရားက
အမျိုးသမီးတွေကို သာသနာ့ဘောင်ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။
ဘိက္ခူနီ (ရဟန်းမ) ပြုခွင့် ပေးလိုက်ပါတယ်။

ဒါပေမဲ့ ၀န်ခံဂတိတွေနဲ့။
Read more...

Read more...

ဘ၀...


ဘဝသုတ်

အသျှင်ဘုရား 'ဘဝ ဘဝ' ဟု ဆိုအပ်ပါ၏၊
အဘယ်မျှလောက် အတိုင်းအရှည်ဖြင့် ဘဝဖြစ်ပါသနည်း

ကာမဘုံ၌ တောင့်တသည်ရှိသော်...

ရူပဘုံ၌ တောင့်တသည်ရှိသော်...

အရူပဘုံ၌ တောင့်တသည်ရှိသော်...


၇ - ဒုတိယ ဘဝသုတ်၊ အာနန္ဒ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ pdf...





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Read more...

တန်ဆေးလွန်ဘေး…

“တန်ဆေးလွန်ဘေး”တဲ့။ ဒါက မြန်မာဆိုရိုးစကားလေးပါ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုရှိဖို့လိုပြီး အတိုင်းအတာကို ကျော်သွားရင်တော့ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်နဲ့ကိုယ်ကို ပြုပြင်ပေးပါတယ်ဆိုတဲ့ အထောက်အကူပြု အရာမျိုးပဲ ဖြစ်ဖြစ် အလွန်အကျွံ ဖြစ်လာပါက အကောင်းကနေ အဆိုးဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ယုတ်စွအဆုံး တရားအလုပ် အားထုတ်တာတောင်မှ ညီညွတ်ပြည့်စုံရမယ့် အရာတွေညီညွတ်မှ တရားရနိုင်သလို တစ်ခုတည်းကို စွဲကိုင်ပြီး အလွန်ပြင်းပြင်းထန်ထန် လိုက်နာကျင့်သုံးမိပါက လွဲယိုင်သွားတတ်တဲ့ သဘောရှိပါတယ်။ သေချာတာတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအတာကို ကျော်လွန်လာပါက ဘေးဖြစ်တတ်တယ်ဆိုတာ အသေအချာပဲဖြစ်ပြီး လွန်လာရင် ကျွံလာကာ ကျွံလာရာကနေ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ စကားဟာ စားဝတ်နေရေး ကျန်းမာရေးတွေမှာ အကောင်းဆုံးဖြစ်ဖို့ လိုချင်တောင့်တ ကြိုးစားနေကြ သူတွေအတွက် တကယ့်ကိုပဲ သတိပြုရမယ့် စကားဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ကိုယ်ကိုယ်တိုင်က သဘောကျနှစ်သက်လို့ အမြဲမပြတ် ရရှိနေအောင် ကြိုးစားတာပဲဖြစ်ဖြစ် မနှစ်သက်ပေမယ့် လိုအပ်ချက်တစ်ခုခုကြောင့် ရရှိအောင် ကြိုးစားတာပဲဖြစ်ဖြစ် အကန့်တစ်ခု၊ အတိုင်းအတာတစ်ခု အထိပဲ ဖြစ်စေတာ ကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ဒီအပေါ်မှာ အလွန်အကျွံ ဖြစ်လာရင်တော့ ဒါဟာ ဆိုးကျိုးတစ်ခုခုကို ဖြစ်စေတတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ မကြိုက်ပေမယ့် လိုအပ်ချက် တစ်ခုခုကြောင့် လုပ်နေတာပဲ ဖြစ်ဖြစ် တော်သင့်ရုံလောက်ပဲ ဖြစ်သင့်ပြီး ကိုယ်နဲ့ကိုက်ညီသလောက်ပဲ လုပ်သင့်ကာ အတိုင်းအတာကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်အောင် မလုပ်သင့်၊ မလိုက်စားသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် လူတွေဟာ အစွဲလေးတွေ ကိုယ်စီရှိနေကြတဲ့အတွက် စွဲမိစွဲရာလေးတွေ အပေါ်မှာ လိုတာထက် ပိုနေတတ်တဲ့ သဘောရှိပါတယ်။ ဒီလိုအပိုတွေကြောင့်လည်း စွဲမိရာက တဖြည်းဖြည်း လွဲလာကာ ပိုပိုလို့သာ စိတ်ရောကိုယ်ပါ မွဲလာတတ်တဲ့ သဘောတွေအထိ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ အစွဲအမျိုးမျိုး ရှိတဲ့အထဲမှာ တစ်ချို့က အစားအသောက်စွဲတာ၊ တစ်ချို့က လောင်းကစားစွဲတာ၊ တစ်ချို့က အမျိုးသမီးစွဲတာ၊ တစ်ချို့က အရက်စွဲတာ၊ တစ်ချို့က အင်တာနက်စွဲတာ၊ တစ်ချို့က ချက်တင်းစွဲတာ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဝါသနာပါရာ နီးစပ်ရာကို စွဲနေတော့တာ ဖြစ်ပါတယ်။ ဘယ်လိုဝါသနာမျိုးနဲ့ ဘယ်လိုပဲစွဲစွဲ အဲဒီအစွဲဟာ ကြာတော့ဖြတ်ဖို့ခက်လာပြီး အလွဲတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစွဲကို မဖြတ်နိုင်တဲ့အတွက် အဲဒီအစွဲနောက်ကိုလိုက်ရင်း အလွန်အကျွံတွေ ဖြစ်ကုန်ကာ နောက်ဆုံးတော့ ဘေးဒုက္ခရောက်တဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစကတော့ အတိုင်းအတာ သတ်မှတ်ချက်လေးတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိနေတုန်းမှာ ဘာမှထိခိုက်မှုမှ မရှိဘဲ စိတ်ဖြေဆေးတစ်ခုလို ဖြစ်နေတယ်လို့ ထင်ရပေမယ့် ကြာလာတော့ အဲဒီဆေးဆိုတာတွေက ဘေးအဖြစ် ရောက်စေကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ အစွဲနောက်ကိုလိုက်ရင်း လွဲလာရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အစွဲကြောင့် ဘေးဖြစ်ကြရတဲ့ အဖြစ်တွေကတော့ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာ ဖြစ်သလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာတွေကိုလည်း မြင်ဖူးကြားဖူးကြမှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ရေးအတွက် ဖြတ်သင့်ဖြတ်ထိုက်တဲ့ အစွဲတရားတွေကို အကြွင်းမဲ့ ဖြတ်ဖို့အရေးထက် လက်ရှိဒီဘဝမှာကိုပဲ ဒုက္ခရောက်စေ၊ ဘေးဖြစ်စေမယ့် လက်တွေ့ဖြတ်ရမယ့် အစွဲတွေကို ဖြတ်နိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နိဗ္ဗာန်မသွားမီ လက်တွေ့ဘဝမှာပဲ အစွဲတရားတွေနောက် အလွန်အကျွံ လျှောက်မိတဲ့အတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်နေကြတဲ့ သူတွေက ဒုနဲ့ဒေးဖြစ်နေတဲ့အတွက် ဒီအစွဲတရားတွေနောက် အလွန်အကျွံ မလိုက်မိအောင် ကြိုးစားဖို့က အဓိကလိုအပ်နေပါတယ်။ ဒါကြောင့် အစွဲတရားမှန်သမျှ ကြိုက်လို့ပဲ စွဲစွဲ၊ လိုက်လို့ပဲ စွဲစွဲ၊ ကောင်းတယ်ထင်လို့ပဲ စွဲစွဲ၊ ပြောင်းမယ်ထင်လို့ပဲ စွဲစွဲ၊ ဘယ်လိုပဲစွဲစွဲ အလွန်အကျွံ ဖြစ်လာပါက စွဲရာကနေလွဲလာပြီး ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အကန့်တစ်ခုနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခုခုအပေါ် အလွန်အကျွံဖြစ်ကာ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အကြောင်းကိုပြောရင်း ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ အစွဲတရားကြောင့် ဘေးဒုက္ခရောက်ကြရတဲ့ အဖြစ်လေးတွေကို သတိရမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်ရင် ဒုက္ခရောက်တယ်ဆိုပေမယ့် အလွန်အကျွံမဖြစ်ခင် သတိဝင်ကာ ပြုပြင်သွားကြသူတွေ ရှိသလို ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း အစွဲကို မခွဲနိုင်သေးတဲ့ သူတွေလည်း ရှိနေတတ်ပါတယ်။ အဲဒီလို မခွဲနိုင်ရာက အစွဲကနိုင်ပြီး ကြာလာတော့ ဘဝတစ်ခုလုံး ပျက်စီးသွားကြတဲ့အထိ ဘေးဖြစ်ကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။

ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ တပည့်လေးတွေဆိုလည်းဟုတ်၊ ဘုန်းဘုန်းတို့ ဒကာလေးတွေဆိုလည်း ဟုတ်တဲ့ ကိုရီးယားရောက် ကလေးတွေထဲမှာလည်း အစွဲကြီးတဲ့ ကလေးတွေ ရှိနေတတ်ပါတယ်။ တစ်ချို့က အသောက်အစား အားသန်သလို၊ တစ်ချို့လည်း လောင်းကစားအားသန် သူတွေရှိတတ်ပါတယ်။ တစ်ချို့ကတော့ အအိပ်ပျက် အစားပျက်ခံကာ ရုန်းမထွက်နိုင်အောင် ကြိုက်တတ်တဲ့ အရာတွေ ရှိနေတတ်ပြီး တစ်ချို့ကျတော့ မာတုဂါမ လိုက်စားမှုအပေါ် အစွဲကြီးသူတွေလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေအပေါ်မှာ ဘုန်းဘုန်းအနေနဲ့ ကရုဏာလည်းထားသလို၊ မေတ္တာလည်း ပွားပါတယ်။ ဒါကြောင့် သူတို့လေးတွေ စွဲစွဲလန်းလန်းဖြစ်နေကြတဲ့ အရက်သောက်တာ၊ ဖဲကစားတာ၊ အပျော်အပါးလိုက်စားတာ၊ လောင်းကစားလုပ်တာ စတဲ့အရာလေးတွေအပေါ်မှာ အလွန်အကျွံမဖြစ်အောင် သူတို့လေးတွေနဲ့ တွေ့တဲ့အခါတိုင်း သတိပေး ပြောဆိုဆုံးမ ပေးနေဖြစ်ပါတယ်။ လူ့သဘာဝအရ ဆုံးမပြောဆိုတာကို မကြိုက်ပေမယ့်လည်း လိုက်နိုင်သူတွေ လိုက်နာနိုင်ဖို့ အမုန်းခံပြီး ပြောဆိုဖြစ်နေပါတယ်။ ခက်တာက ဒီလို ပြောဆိုပေးနေတဲ့ ကြားကကိုပဲ အလွန်အကျွံဖြစ်သွားလို့ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားသူတွေကလည်း တစ်ခါတရံ ရှိလာနေပြန်ပါတယ်။

အခုမကြာသေးခင်ကပဲ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ ဒကာလေးတစ်ယောက် အသက် ပျောက်သွားခဲ့ရပြန်ပါပြီ။ သူ့အသက်ကြည့်တော့ (၃၃)နှစ်တဲ့။ (၃၃)နှစ်ဆိုတာ သက်တမ်းအရကြည့်ရင် သေရမယ့် အရွယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် သေဖို့အကြောင်းဖန်လာတော့ သေရပြန်ပြီပေါ့။ ဖန်လာတဲ့အကြောင်းက ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အကြောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီဒကာလေး သေရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အရက်အသောက် များခဲ့တာရယ်၊ အအိပ်ပျက် အစားပျက်ခံကာ ကိုယ့်ကိုယ်ကို ဂရုစိုက်နည်းခဲ့တာ တွေရယ်ကြောင့်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ သူဟာ အရက်ကို အရမ်းကြိုက်ပြီး အရမ်းစွဲနေတဲ့ သူဖြစ်သလို ကွန်ပျူတာနဲ့ အင်တာနက်ကိုလည်း အအိပ်ပျက်ခံ အစားပျက်ခံပြီး ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက်က တစ်နေ့လုံးမှာဆိုရင် အရက်သောက်ချိန်နဲ့ ကွန်ပျူတာ အင်တာနက် သုံးချိန်တွေက ပိုများနေတော့ အကောင်းထက် အဆိုးက ပိုများနေသလို ဖြစ်နေပါတယ်။ ဒီဒကာလေးဟာ အရက်အသောက်များတဲ့အတွက် အဓိက အသည်းမှာဖောက်ပြန်မှုတွေ ဖြစ်လာပြီး အဲဒီကမှတဆင့် အထဲကလီစာတွေအထိ ဒဏ်ဖြစ်ကုန်ကာ ကိုယ်ကိုယ့်ကို ဂရုစိုက်မှုတွေပါ လျော့နည်းလာတဲ့အတွက် ကြာတော့ အသက်ကိုပါ နှုတ်သွားခြင်း ခံရတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဒါဟာ ကြိုက်လို့စွဲမိတဲ့ အစွဲအပေါ်မှာ အလွန်အကျွံ ဖြစ်မိရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားတဲ့ သဘောလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

သူလိုအစွဲကြောင့် ဒုက္ခရောက်သွားတဲ့ မတူညီတဲ့ အဖြစ်အပျက်တွေကတော့ အများကြီးပါပဲ။ တစ်ခါက ဒကာလေးတစ်ယောက်ဆိုလည်း ဖဲကစားရင်း ဖဲအရှုံးများကာ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဖဲဝိုင်းမှာ ရန်ဖြစ်ရာက အချင်းချင်းသတ်လိုက်လို့ သေခဲ့ရတဲ့ အဖြစ်လည်း ရှိခဲ့ဖူးသလို ဒကာလေးတစ်ယောက်ဆိုလည်း မာတုဂါမတစ်ယောက်ကို အလွန်အကျွံ စွဲလန်းမိရာက အဲဒီအမျိုးသမီးကို အကြောင်းပြုပြီး လူတစ်ယောက်ကို သတ်လိုက်မိကာ ထောင်နန်းစံခဲ့ရတဲ့အထိ ဖြစ်သွားတာလည်း ရှိခဲ့ဖူးပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သွားတဲ့သူတွေက သွားပြီပဲ ဘာလို့ဒါတွေ ပြန်ပြောနေတာလဲဆိုရင် ကျန်ခဲ့တဲ့သူတွေ သတိပြုမိစေဖို့ပဲ ဖြစ်ပါတယ်။ သွားလေသူကို အပြစ်ပြောတာ မဟုတ်ပါဘူ။ ကျန်တဲ့သူအတွက် အချစ်ပေါလို့ ပြောရခြင်း ဖြစ်ပါတယ်။ ထားပါတော့။ အားလုံးကို ချုံကြည့်လိုက်ရင် ဖြစ်ခဲ့သမျှ အရာတွေဟာ မတူညီတဲ့ အစွဲတရားတွေနဲ့ အလွဲအမှားလိုက်ကာ အလွန်အကျွံ ဖြစ်ကြရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားကြတဲ့ သဘောတွေပဲ ဖြစ်ပါတယ်။

ဒီမှာ ပြောချင်တာက တန်ဆေးလွန်ဘေးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်လာရင် ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဆေးဖြစ်ပါတယ်လို့ဆိုတဲ့ အရာတွေတောင်မှ အတိုင်းအတာမရှိ အလွန်အကြူး ပြုမူမိရင် ဆေးအဆင့်ကိုကျော်ပြီး ဘေးဖြစ်ပေါ်တတ်တယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ ကိုယ်ကကြိုက်လို့ လိုက်စားတဲ့အရာပဲ ဖြစ်ဖြစ်၊ ကိုယ်ကမကြိုက်ပေမယ့်လည်း ကိုယ့်အတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက် လိုက်စားတာပဲ ဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပြီး အတိုင်းအတာကို မကျော်မိစေဖို့နဲ့ အတိုင်းအဆကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်ပါက ဘေးဒုက္ခဖြစ်တတ်တဲ့အတွက် ကိုယ့်ပမာဏ ကိုယ်သိကာ ကိုယ့်ကိုယ်ကိုညှိရင်း ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အသိပေး ပြောကြားလိုတာ ဖြစ်ပါတယ်။
ဒါကြောင့်

အတိုင်းအတာတို့၊ အကန့်အသတ်တို့ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးဦးကို အလွန်အကျွံ မဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အရာတွေဖြစ်ပြီး ဘေးမဖြစ်ဘဲ ဆေးဖြစ်စေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ လိုအပ်လို့ လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ပါစေ ကောင်းတယ်လို့ ထင်တဲ့အရာတွေတောင် လွန်ရင်မကောင်းတဲ့ သဘောရှိပြီး မကောင်းတဲ့ အရာတွေဆိုရင်တော့ ပြောစရာမရှိအောင်ကို ဒုက္ခဖြစ်စေတတ်တာကို သတိပြုဆင်ခြင်ရင်း ဘာပဲဖြစ်ဖြစ် အလွန်အကျွံ ဖြစ်တဲ့အထိ မလုပ်မိကြဖို့၊ မလိုက်စား၊ မပျော်ပါးမိကြဖို့ ကိုယ့်ကိုယ်ကိုသာ သတိပညာတရားများ လက်ကိုင်ထားရင်း အကန့်အသတ်လေးများနဲ့ ထိန်းချုပ်ပေးကြပါလို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

READ MORE......

Read more...

နာနာဘာဝနှင့်တွေ့ဖူးသူများ (၇)

နာနာဘာဝနှင့်တွေ့ဖူးသူများ (၇)

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

စာသင်တိုက်တွင် မိတ်ဆွေတစ်ပါး ကျောင်းရ၍ ကျောင်းထိုင်မည်ဆိုက အခြားမိတ်ဆွေ နှစ်ပါး သုံးပါးတို့သည် နှစ်လတန်စေ သုံးလ တန်စေ အဖေါ်အဖြစ် လိုက်ပါ နေထိုင်ပေးကြရသည်မှာ ထုံးစံဖြစ်၏။

ယခုလည်း ဦးဝိမလ တိုက်ကြီးမြို့နယ်ထဲက တောင်ပေါ်ကျောင်းသို့ ကျောင်းထိုင်မည်ဖြစ်၍ ဦးတေဇောနှင့် ဦးမာဃိန္ဒတို့သည် ရန်ကင်း၊ နိကာယ်စာသင်တိုက်မှ လိုက်နေပေးကြရသည်။ နွေရာသီ စာဝါရပ်နားထားသည်အချိန်မို့ ဒေသန္တရဗဟုသုတလည်းရ၊ အနား လည်ယူ၊ ဆွမ်းခံလည်း မထွက်ရမှာမို့ ကျေကျေနပ်နပ် လိုက်ပါနေထိုင်ပေးကြသည်။


ရိုးမနှင့် တဆက်စပ်တည်း သစ်ကြီးဝါးကြီးများ အလွန်ပေါပြီး အေးချမ်းတိတ်ဆိတ်ငြိမ် သက်လှ၏။ ကျောင်းဝင်းကလည်း သန့်ရှင်း၏။ ထို့ကြောင့် စာသင်သားဘဝကပင် တရားအားထုတ်ခြင်းကို ဝါသနာထုံသော ဦးဝိမလနှင့် သင့်တော်၏။ တောရကျောင်း ဖြစ်၍ ယခင် ကျောင်းထိုင် ဆရာတော်များ သည်လည်း တောရ ဆောက်တည်ကာ ဘာဝနာတရားဖြင့် မွေ့ပျော်သီတင်းသုံးသွား ကြသည်။ ကျောင်းတည်ထောင် သက်သည် နှစ်ခြောက်ဆယ်ရှိပြီဟု ရပ်ရွာဒကာများက လျှောက်ကြ၏။


တောင်ခြေတွင် ဆွမ်းခံရွာရှိ၍ ဆွမ်းအတွက်လည်း ပူပင်စရာမလို။ ရပ်ရွာဒကာ၊ ဒကာမတွေကလည်း အေးအေးချမ်းချမ်း ရိုးရိုးသားသားတွေမို့ စာဝါဖွင့်ချိန်ထိ နေပစ်မည်ဟု ဦးတေဇောနှင့်ဦးမာဃိန်တို့ တိုင်ပင်ထားကြ၏။


ကျေးလက်ဒကာ၊ ဒကာမတွေကလည်း မြို့နေ စာသင်သား ရဟန်းငယ်များမို့ အထူးဂရုစိုက်ကြ၏။ သည့်အပြင် စာသင်သား ရဟန်းပျိုများ ဖြစ်ကြ၍ ရပ်ရွာလူငယ်များနှင့်လည်း သဟဇာတဖြစ်ကြသည်။


ကျောင်းဆောင်တစ်ဆောင်နှင့် ဇရပ်တစ်ဆောင်ရှိ၍ ကျောင်းထိုင်မည့် ဦးဝိမလက ကျောင်းမကြီးပေါ် မှာ နေသည်။ ကျန်နှစ်ပါး ကတော့ ဇရပ်ပေါ်မှာ ကုဋင်နှစ်လုံးဆင်၍ နေထိုင်ကြသည်။ တစ်ပါတ်လောက်ကတော့ ရွာထဲက ကာလသွားတွေ လာအိပ်ပေး၍ မည်သည့်ပြဿနာမှ မဖြစ်။ စာသင်တိုက်စည်းမျဉ်း၊ နာယက ဆရာတော် တွေစည်းကမ်း တို့ဖြင့် တင်းကြပ်ခြင်းဘောင်နှင့်အချုပ် အချယ် ရှိသည့်စာတိုက်မှ လွတ်ကင်းနေ၍ လူငယ်များပီပီ ပျော်ရွင်ဖွယ်နေ့ရက်များ ဖြစ်နေတော့၏။


ကျောင်းရောက်ကြသည်မှာ (၈)ရက်ရှိပြီး ဖြစ်၍ ရွာထဲက ကာသလသားတွေလည်း ကျောင်းမှာ လာမအိပ်ကြတော့။

သူငယ်ချင်းသုံးပါးသာ ကျောင်းတွင် အိပ်ကြရတော့၏။ ကျောင်းမကြီးပေါ်အိပ်သော ဦးဝိမလသည် မည်သို့မျှ မဖြစ်သော်လည်း ဇရပ်ပေါ်တွင် အိပ်ကြသည့် ဦးတေဇောနှင့် ဦမာဃိန်တို့ နှစ်ပါး ည(၁၂)နှစ်နာရီသာသာတွင် ပြဿနာအစပျိုးလာ၏။


ဦးမာဃိန်သည် ကုဋင်ပေါ်ပြန်တက်လိုက်၊ အောက်ကျလိုက် ဖြစ်နေ၏။ ရုန်းကန်နေတာကိုလည်း ဦးတေဇော မြင် တွေ့နေရသည်။ မာဃိန်ဘာဖြစ်နေတာလဲ မေးတော့?

“ နာနာဘာဝက ကုဋင်ပေါ်မှ ဆွဲချနေလို့” ဟု ဖြေသည်။

ဘာမှမတွေ့ ရ၍ ဦးမာဃိန် နောက်နေသည်ဟု ထင်ပြီး“ ပေါက်တတ်ကရ မပြောနဲ့ကွာ” ဆိုကာ ပြန်အိပ်နေလိုက်၏။

ဘာမှမကြာလိုက်၊ ဦးမာဃိန် ကုဋင်ပေါ်မှ ပြုတ်ကျသံ ကြားလိုက်ရ၏။ သင်္ကန်းခေါင်းခြုံကို ဖွင့်ကြည့်လိုက်တော့ ဦးမာဃိန် ချွေးပြန်နေ သည်ပြင် ပင်ပန်းနေ ဟန်ကိုလည်း တွေ့ရ၏။


“ဦးတေဇော ထဦးဗျ၊ ဘယ်လိုမှ အိပ်လို့ မရတော့ဘူး၊ တကယ်ဆွဲချနေတာ” ဟု ပြော၍ သူငယ်ချင်းနှစ်ပါး မအိပ်ကြတော့ဘဲ ထိုင်ပြီး ပရိတ် ရွတ်နေကြရသည်မှာ အရုဏ်ကျဉ်း၍ လင်းသည့်တိုင်အောင် ဖြစ်၏။


မနက် အရုဏ်ဆွမ်းဝိုင်း သူငယ်ချင်းသုံးပါးဆုံတော့ ထိုအကြောင်းကို ပြောဖြစ်ကြသည်။ ထိုအခါ ဦးမလကလည်း “ ညက သူတရားမှတ်ပြီး တရားဖြုတ်တော့ တဝုန်းဝုန်း ထုရိုက်သံကြားလို့ သူအိပ်တဲ့ အခန်းနဲ့ မျက်နှာချင်းဆိုင် အခန်းကို ဖွင့်ကြည့်လိုက်တော့ ကျွဲခေါင်း လူကိုယ်နဲ့ နာနာဘာဝကို တွေ့ကြောင်း” ပြောပြန်၏။


ဤကျောင်းသည် တောရကျောင်း၊ တောင်ပေါ်ကျောင်း သစ်ကြိး ဝါးကြီးပေါလှ၍ မကျွတ်လွတ်သူ နာနာဘာဝ တစ် ယောက် တလေတော့ ရှိနိုင်သည်ဟု သူငယ်ချင်း သုံးပါးတိုင်ပင်ကာ ညစဉ် ပရိတ်ရွက် စည်းချပြီးမှ အိပ်ကြတော့၏။


စာရေးသူတို့ အရပ်တွင် သစ်ကြီးဝါးကြီးနှင့် ဘုရားအို ဘုရားပျက်များ အလွန်ပေါလှ၏။ ငယ်စဉ်က ထိုနေရာ များသို့ ရောက်သွားလေတိုင်း အသဲအေးကာ ကြက်သီး မွေးညှင်း အမြဲထတတ်သဖြင့် ရွာပြန်ရောက်က ထိုနေရာများသည် ယခုတိုင် ကြက်သီးမွေးညှင်း ထနေဆဲ နေရာများ ဖြစ်နေ၏။ဥပါဒါန်(အစွဲ) ဖြစ်ဟန် တူပါသည်။


ဒါ့အပြင် ခွေးများသည် နာနာဘာဝတို့ကို မြင်နိုင်ကြသတဲ့။ ထို့ကြောင့် ခွေးမျက်ချီးကို မျက်လုံးတွင် ကွင်း၍ ကြည့်ပါက နာနာဘာဝ တို့ကို မြင်ကြောင်း ပေါက်ပေါက် ရှာရှာလည်း ကြားဖူး၏။ ဟုတ်မဟုတ်တော့ မစမ်းသပ်ဖူး၍ မသိပါ။ နာနာဘာဝ မြင်လိုသူများ သုတေ သနပြုသင့်သည်။


ညစဉ် သူငယ်ချင်းသုံးပါး စည်းတားပြီး ပရိတ်ရွတ်ကြ၍ မည့်သည့် ခြောက်လှန့်မှုမျိုးမှ မကြုံတွေ့ကြရ ပေမယ့်၊ အရပ်ထဲက ဒေါ်စိန် ဆိုသည့် ဒကာမကြီးကို ဝင်ပူးပြီး “ဦးပဉ္ဇင်းလေးတွေ ပရိတ်ရွက်ကြလို့ သူတို့ ဒုက္ခရောက်နေရတယ်၊


နတ်တွေက တံတိုင်းပေါ်မှာ ပရိတ်နာနေကြလို့ သူတို့(နာနာဘာဝ)တွေ အပြင်ထွက်လို့ မရဘူး” ဟု ပြောသတဲ့။

ပရိတ်ရွက်ကြသောအခါ သမန္တာ စက္ကဝါဠေသုမှ စ၍ ရွက်ကြရသည်။ နတ်ပင့်ပါဠိများဖြစ်၍ ပရိတ်တော်ကို နတ်များ က ကျောင်းတံတိုင်းပေါ်မှနေ လာနာကြသည်။ ထို့ကြောင့် အပြင်က နာနာဘာဝ တွေလည်း အတွင်းဝင် မရသလို၊ အတွင်းက နာနာဘာဝတွေလည်း အပြင်ထွက် မရကြ၍ ဒုက္ခရောက် နေကြဟန်တူပါသည်။


ဗုဒ္ဓ၏ပရိတ်တော်သည် အလွန်းအစွမ်းထက်လှ၏။ ယုံကြည်စွာဖြင့် ရွတ်ဆိုရန်လိုအပ်၏။ ပရိတ်ဆိုတာ အရံအတား ဖြစ်၍ မိမိသို့ မည်သည့် ဘေးဆိုး၊ ရန်ဆိုးမှ မကျရောက်စေရန် ကာကွယ်ပေးသည်မှာလည်း သေချာလှ၏။ အဘယ်ကြောင့် ဆိုသော် ရတနသုတ် ပရိတ်တော်ကြောင့် ဝေသာလီပြည်တွင် ဘီးလူးသရဲ စသောဘေးတို့မှ ဧကန်ကင်းခဲ့သောကြောင့်ဟူ၏။


ထိုကဲ့သို့ ပူးဝင်စဉ် အပျော်အပျက် ပြောတတ်သည့် ဦးမာဃိန်က “နှစ်ခြောက်ဆယ်တောင် ကျောင်းသက်ကရှိနေပြီး ခင်ဗျားက ယခု တိုင် မကျွတ်ဘဲ ဒီကျောင်းမှာ ဘာဖြစ်လို့ ရှိနေရသလားဆိုတော့”

“ဟား ဟား ဟား ငါက အသက်ကိုးရာ ရှိပြီကွ” ဟု နာနာဘာဝက ပြန်ပြော၏။


ကျောင်းတည်ထောင်သက်က နှစ်ခြောက်ဆယ်မျှသာ ရှိနေ၍ သူတို့သူငယ်ချင်းနှစ်ပါး မည်သို့မျှ မပြောသာတော့။ ဦးဝိမလ ကို ကျောင်းထိုင် တင်ပြီး ကျောင်းတိုက်သို့သာ ပြန်လာခဲ့ကြသည်။


“ဟကောင်တွေ စာဝါတွေကောက်မှ ပြန်လာကြတာမဟုတ်ဘူး” ဟု စာချဘုန်းကြီးဖြစ်သော စာရေးသူက ပြောရာ-အထက်ပါ အတိုင်း စာရေးသူကို သူတို့ ကြုံခဲ့ရသည့် ဖြစ်ထွေကို ပြောပြကြသည်။ သူတို့ကိုယ်တွေမို့သာ လက်ခံရ၏။ ဖြစ်ရပ်ကား မယုံနိုင်စရာ။ (ဖြစ်ရပ်အမှန်ကို အမည်မျှသာ ပျောင်းထား ပါသည်။ စာရေးသူ။)


ရှေးဆရာတော်များက မိန့်တော်မူကြသည်။ ပရိတ်ရွတ်လျှင် နတ်ဖိတ်ပါဠိ ပရိတ်နိဒါန်း သမန္တာမှ စ၍ရွတ်ကြမည်၊ နတ်များလာရောက် ပရိတ်နာကြသည်။ ပရိတ်များသည် နတ်ဒေဝတာများနှင့် နှီးနွယ်၍ ပေါ်ပေါက်လာခြင်းကြောင့်ဟူ၏။


နတ်တွေပရိတ်လာနာတတ်သည်ကို ယခု မောင်တေဇောတို့မောင်မာဃိန်တို့ ဖြစ်ရပ်က သက်သေခံနေသည်။

ထွဋ်ခေါင်ဆရာတော်ဘုရား သုသာန်တွင် တရားအားထုတ်နေစဉ်က တစ်ချို့ နာနာဘာဝတွေက လက်အုပ်ချီရှိခိုးနေကြ၏။ တစ်ချို့နာနာဘာဝတွေက နောက်ခိုင်း ထိုင်နေကြသတဲ့။ စစ်ကိုင်းသာသနာဝင်ကို ဖတ်ဖူးသူများတော့ သိကြပါသည်။


သည့်အပြင် စာရေးသူဇာတိ ညောင်စာရေးရွာတွင် တမြန်နှစ်က ရှမ်းကျောင်းမှာ မိုးကုတ်တရားစခန်း ကျင်းပကြ၏။

အမျိုးသမီးယောဂီများက ပင်မကျောင်းဆောင်၏ ခြေရင်း ဇရပ်နှင့်ကျောင်းနောက်ဇရပ်တွေမှာ နေကြရပြီး၊ ဒကာများ က ကျောင်း အရှေ့ဖက် သိမ်ကျောင်းပေါ်တွင် နေကြရသည်။


ရှမ်းကျောင်းနှင့် ကပ်လျှက် တောင်ဖက်တွင် ညောင်စာရေးရွာ၏ သုသာန်ရှိသည်။ လေသာကုန်းဟု ခေါ်ကြသည်။

စာရေးသူငယ်စဉ်က သရဲခြောက်သည်ဟု တစ်နယ်လုံးက ယုံကြည်သော ဧရာမညောင်ပင်ကြီးနှင့် သစ်ပင်တွေဖြင့် အုပ်ဆိုင်း နေသည်။ သူရဲဘောကြောင်သူများ နေခင်းနေ့လယ်ပင် တစ်ယောက်တည်း မသွားရဲ။နောက် ယိုယွင်းနေသည့် သရဏဂုံ တင်ရာ ဇရပ်တစ်ဆောင်လည်းရှိသည်။


စာရေးသူ၏ ဦးလေးဖြစ်သူ ဦးသန်းထွန်း(ရွာအခေါ် ကိုအော်ကြော)မူးမူးဖြင့် ညောင်ပင်ကြီးကို ခေါင်းတုန်း တုန်း ပစ်လိုက်၍ နောင်တွင် အပင်အိုကြီး ချောက်သွေ့ကာ သေသွား၍ ယခု မရှိတော့။ ဇရပ်အိုကြီးလည်း မတွေ့ရတော့ပါ။


မှတ်မိသေးသည်။ ထိုစဉ်က ရွာကောင်စီဥက္ကဋ္ဌ ကိုကျင်လှက “သစ်ကြီးဝါကြီးကို ဘာလို့ခုတ်ရတုန်း၊ ဘယ်သူ့ အကြောင်း ကြား ခုတ်ရတာလဲ၊ ဘယ်သူကခွင့်ပြုလို့လဲ?ဟု မေးရာ၊ စာရေးသူ၏ ဦးလေးက “ရုက္ခစိုးကို ပန်ပြော၍ ခုတ်ကြောင်း၊ ရုက္ခစိုးက လည်းခွင့်ပြုကြောင်း ခပ်ထွေဖြင့် ပြန်ပြောရာ ကောင်စီ ဥက္ကဋ္ဌ ဘာမှ မပြောသာတော့။

မောင်မူးကို နာနာဘာဝလည်း မနိုင်၊ ရုက္ခစိုးလည်း တတ်နိုင်ဟန်မတူ ဖြစ်ပုံရ၏။


အမျိုးသမီး ယောဂီများနေရာ ဇရပ်များတွင် ညပိုင်း၌ သရဲခြောက်ကြောင်း ပြောကြသည်။ ယောဂီတိုင်း သိကြမြင် ကြသတဲ့။ စာရေးသူက ရွာရောက်စဉ် တရားစခန်းဝင်သူ မမိုးမိုးကို မေးရာ ဟုတ်မှတ်ကြောင်း၊ သူတို့နေရာ ဇရပ်၌ နာနာ ဘာဝက လူးလားခေါင်ပြန် လမ်းလျှောက်နေကြောင်းနှင့်ယောဂီများ ခေါင်းမြီးခြုံပင် မဖွင့်ရဲကြကြောင်းကို ပြောပြ၏။


“ဟုတ်ရဲ့လား ဟယ်” ဟု ဆိုရာ၊ ဟုတ်မှန်းကြောင်းနှင့် သူမအဖေ ဦးစံအေးတို့ အမျိုးသားယောဂီများ နေထိုင်ရာ သိမ်ကျောင်းမှာလည်း သရဲခြောက်ကြောင်း ထပ်ဆင့်ပြောပြသည်။


နာနာဘာဝကို ဝိညာဉ်လောကသားဟု ဆိုကြသည်။ ဝိညာဉ်ဆိုတာ စိတ်(နာမ်)၏ အမည်ဖြစ်သည်။ အမှန်တော့ နာ နာဘာဝ (ပြိတ္တာ၊မကျွတ်လွတ်)သူတို့သည် ကာမဘုံသားများဖြစ်ကြ၍ စာရေးသူတို့ကဲ့သို့ ရုပ်ကောနာမ်ပါ ရှိသူများဖြစ်ကြသည်။


မမြင်အပ်သတ္တဝါစာရင်း ပါဝင်သူများဖြစ်သောကြောင့် အများသူငါ မမြင်ကြခြင်းဖြစ်သည်။ တချို့တရားအားထုတ် ကြသူ၊ သမာဓိစွမ်းအားကောင်းသူများသည် ရံဖန်မြင်ကြ ရသည်ဟု ဆိုသည်။ အများသူငါ မမြင်ကြသော်လည်း ကာမဘုံးသား များဖြစ်ကြ၍ နာနာဘာဝတို့သည် စာရေးသူတို့၏ အနီးအနားပတ်ဝန်းကျင်တွင် အမှန်ရှိနေကြကုန်၏။ သူတို့သည် ကုသိုလ် ပြုပေးနိုင်မည့်သူကို အိမ်မက်ဖြင့် လည်းကောင်း၊ ကိုယ်ထင်ပြခြင်းဖြင့်လည်းကောင်း၊သူတို့ဤဝန်ကျင်၌ ရှိကြောင်းကို စာသင်သား ဦးပဉ္ဇင်းငယ်များကို ကုဋင်ပေါ်မှ ဆွဲချသလိုမျိုးလည်းကောင်း ပြတတ်၊ပြုမူတတ်ကြ၏။


တောင်ဥက္ကလာပ၊(၃)ရပ်ကွက်က ဒကာကြီး ဦးမြဝင်း ရောဂါသည်းနေခိုက် သေခါနီးကုသိုလ် ကိုယ်ထိလက်ရောက် သင်္ကန်းကပ်၊ ပရိတ်နာနိုင်စေရန် စာရေးသူကို မိသားစုများက ပင့်ကြ၏။

လာပင့်သူ ဒကာကြီးဦးမြဝင်း၏သမီး မသီတာဝင်းက ကားပေါ်တွင် “သူမရဲ့ အဖေသည် မကြာခင်ကမှ ကွယ်လွန် သွားတဲ့ သူမရဲ့ဦးလေးဖြစ်သူ ဦး--------ကို တွေ့မြင်နေရသတဲ့။ အဖေက အဝတ်ကလည်း စုတ်စုတ်ပြတ်ပြတ်နဲ့ အဝတ်ပေး လိုက်ကြ၊ လူနာလာမေးကြတဲ့ ဆွေးမျိုးတွေကိုလည်း နင်တို့ရဲ့နောက်မှာ သူ့ညီ ---------ပါလာတယ်။ စကားမပြောနိုင်ဘူး၊ တိုက် ဝမှာ စောင့်နေတယ်လို့ ပြောတယ်ဘုရား။အဲဒါ စိတ်မကောင်း လို့ ဘုန်းဘုန်းကို လာပင့်တာ” ဟု လျှောက်၏။


“အဲဒီ ဦးလေးက လွန်ခဲ့တဲ့ (၁၅)ရက်လောက်ကမှ သေတာဘုရား၊သူ့ညီ သေတာကို အဖေလိုက်မပို့ နိုင်ဘဲနဲ့ သူညီ ကို ခေါင်းတုန်းကြီးနဲ့ လာနေတယ်ပြောတာဘုရား၊ ဦးလေးသင်္ဂြိုဟ်တော့ ခေါင်းတုန်းထားတယ်” ဟုထပ်ဆင့် လျှောက်၏။


ကွယ်လွန်ခါနီးသူကို ကွယ်လွန်ပြီးသူများက ကိုယ်ထင်ပြကြသလား၊ သို့မဟုတ် သေရာညောင်းစောင်း လဲလျောင်းနေ ရသည့် ရောဂါသည်းနေသောလူနာ၏ မသိစိတ်ကပင် သိမြင်နေရော့သလားဟု စဉ်းစားမိ၏။


ရန်ကုန်မြို့တော်တွင် နေစရာ တိုက်ခန်းများ အလွန်ပေါလှ၏။ စားသောက်ဖွယ်ရာ ဈေးဆိုင်များလည်း ပေါများ၏။ သို့ပေ မယ့် နေစရာ မရှိသူ၊ စားစရာမဲ့နေသူတွေ ဒုနဲ့ဒေးဖြစ်နေကြသလို၊ အချို့ပြိတ္တာများသည် စားရမဲ့သောက် ရမဲ့၊ နေစရာ မဲ့ ဖြစ်နေ ကြရ ကုန်၏။ ထိုကဲ့သို့သော နာနာဘာဝတို့သည် လူတို့အနီးအပါးတွင်ရှိ တတ်သဖြင့် သူ့တို့အတွက် ရည်မှန်းကုသိုလ်ကို သူများပြုပေးမှ ထိုဘဝမှ လွတ်မြောက်နိုင်သည်။ ထိုကြောင့် မသီတာ ဦးလေးအတွက် ရည်မှန်းပြီး ကုသိုလ်ပြုပေးပါ-ဟု အကြံပြုလိုက်ရ၏။


ယခု အမေရိက ရောက်နေကြသော ဦးယုကြည်+ဒေါ်လှလှဝင်းတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်လောက်က စာရေး သူကို ပရိတ် ရွတ်ပင့်ဖူးကြ၏။သူတို့၏မိတ်ဆွေအိမ်တွင် နှစ်ယောက်အိပ် ကုဋင်ကြီးသည် ညညတွင် ဆွဲချကြောင်း၊ စွမ်းနိုင်သူ များနှင့်ဘုန်းတော်ကြီး ပင့်၍ နှင်သော်လည်း မထွက်၊ ပရိတ်ရွတ်သော်လည်း မပြေးကြောင်း၊တစ်ခါတလေ ကုဋင်ကို ထုရိုက်နေတတ်ကြောင်း ပြောပြကြသည်။


တစ်ချို့ မိသားစုများသည် ကွယ်လွန်သူ အသက်ရှင်စဉ်က အိပ်သွားသော ကုဋင်နှင့်အသုံး အဆောင်များကို သင်္ဂြိုဟ်ပြီးသည်နှင့်ဘုန်းတော်ကြီးကျောင်း လှူကြတာများလှ၏။တစ်ချို့နှစ်ယောက်အိပ် ကုဋင်ကြီးများသည် ဇနီးမောင်နှံ လပိုင်း၊ရက် ပိုင်းမျှသာ မင်္ဂလာဆောင်ပြီး အတူအိပ်ခွင့်ရလိုက်၏။


မကြာခင် တစ်ဦးက သေကွဲခွဲသွား၍ ထိုနှစ်ယောက်အိပ် ကုဋင်ကြီး မှာ အဓိပ္ပါယ်မဲ့သွားတော့၏။ ချစ်ပင်ပျိုး၍ ချစ်မိုး ဆွေလို့မှ မစဲသေး၊ ချစ်တေးသီ၍ မဆုံးနိုင်သေးခင် ခွဲကြရသော အိမ်ထောင် ဦးတို့၏ နှစ်ယောက်အိပ် ကုဋင်ကြီး သည် ကြွေကွဲဖွယ် ရာဖေါ်ဆောင်လျှက် ယခုတိုင် စာရေးသူကျောင်းမှာ ရှိနေးသေး၏။


“အစွဲနဲ့သေ ပြိတ္တာပြေ(ပြည်) မသွေရောက်တတ်သည်” ဆိုသည့် အဆုံးအမအတိုင်း ထိုကုဋင်ပေါ်တွင် တူနှစ်ကိုယ် ယှဉ်တွဲ ပျော်ခဲ့ရသော ရက်များမှာ ပုထုဇဉ်ပီပီ စွဲမက်ဖွယ်ရာ အတိဖြစ်ခဲ့ကြရ၏။ ထိုကြောင့် မကျွတ်ဘဲ ကုဋင်တွင် စွဲနေတော့၏၊ ဘဝခြားပေမယ့် အချစ်က မခြားနိုင်သေး၍ ဖြစ်သည်။


ကျန်ရစ်ခဲ့ရသူမှာလည်း ဖေါ်မမှီး တစ်ကိုယ်တည်းဖြင့် ထိုကုဋင်ကြီးပေါ်တွင် အိပ်ရမှာ မဝံ့။ အတိတ်၏ပုံရိပ်များက အရိပ်လြို ဖစ်ေ န ၏။ တွေးလေလေ ဆွေးမပြေမို့ ထိုကုဋင်ကြီးများသည် အဆုံးတွင် ဘုန်းတော်ကြီးကျောင်း ပျောင်းခဲ့ရတော့၏။


ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် အနန္တရပစ္စည်းသည် ရှေးက ချုပ်ပျောက်တရားက နောက်ပေါ် တရားကို ကျေးဇူးပြုခြင်ြး ဖစ်၏။ ကျေးဇူးပြုခြင်း ဟူသည်မှာ မဖြစ်ပေါ်သေးသော တရား ဖြစ်ပေါ်စေခြင်း၊ဖြစ်ပေါ်ပြီးတရား တည်စေခြင်းကို ဆိုလိုသည်။ သေပြီးနောက် နာနာဘာဝြ ဖစ်ကြရသည်မှာ ရှေးဘဝ၏အကျိုးဆက်ဖြစ်၏။ အနန္တရပစ္စည်း၊ နာနာက္ခဏိကကမ္မပစ္စည်းတို့ ဖြင့် ကျေးဇူးပြုခြင်း၊ ဆက်သွယ်ြ ခင်း ဖြစ်၏ ။ နောက်ဘဝမှာ နာနာဘာဝ(ပြိတ္တာ)မဖြစ်လိုက ယခုဘဝတွင် သံယောဇဉ်အမျှင်တန်းကို ရှင်ခန်းဖြတ်နိုင်အောင် ကြိုးစား ကြရမည်။


သို့မဟုတ် သေမှ သူများပြုပေးမည့် ကုသိုလ်ကို မျှော်ကိုးနေရသော နာနာဘာဝ(ပြိတ္တာ)အဖြစ်ကား မရေမရာဖြင့် သေခြာမှု့ မရှိလှပါ။ ထိုသို့ ကျန်သူများ ပြုပေးသောကုသိုလ်ကို ဆွမ်းသွတ်အမျှပေးခြင်း (ပုဗ္ဗပေတဗလိ)ဟု ပိဋကတ်၌ဆိုသည်။ သေလွန်ပြီးကြသော မိဘဘိုးဖွား ဆွေမျိုးများကို ရည်မှတ်၍ လှူဒါန်းရသော ကောင်းမှု့တစ်မျိုး ဖြစ်၏။


၈/၁၂/၂၀ဝ၇-နေ့က မကွေးမြို့သို့ ကြွရ၏။ စေတနာရှင်များ၏ နာရေးကူညီမှုအသင်း ငါးနှစ်ပြည့်အထိမ်း အမှတ် ည တရား ဟောပေးရန်ဖြစ်သည်။ ညတရားဟောပေးအပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မကွေးဆရာတော် ဘုရား ကြီးကျောင်း တိုက်တွင် ညအိပ်ရ၏။


လာရောက်စောင့်ရှောက်ပေးသူ ဆရာတော်ကြီး၏မြေး မောင်ပဉ္ဇှုင်းတစ်ပါးက ဆရာတော်ကြီးသည် မွေးဖွားရာဇာတိ မင်းဘူးမြို့နယ်၊ လေးအိမ်တန်းရွာသို့ ကြွကာ ပုဗ္ဗပေတဗလိ ကုသိုလ်ကို နှစ်စဉ်ပြုလုပ်ေ ကြာင်း ကို ပြောပြသည်။


ဆရာတော်ကြီးက ရွာနီးချုပ်စပ် သင်္ချိုင်းကုန်းမှန်သမျှသို့ ညနေပိုင်း၌ သွားရောက်စေကာ သုသာန်ရှိ မကျွတ်လွတ်သူများကို ကျကျနနဖိတ်သည်။ ကွင်းထဲတွင် ထုံးများဖြင့် စည်းတားလျှက် နေရာထိုင်ခင်းကိုလည်း သတ်သတ်မှတ်မှတ် ပြုပေးထား သည်။ နောက်နေ့တွင် သံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းသင်္ကန်း လှူဒါန်းပြီး အမျှပေးဝေ၊ သာဓုခေါ်စေပြီး မှ ပြန်ပို့ ပေး ကြောင်းကို ပြောပြသည်။


ပိဋကတ်တော်၌ “သံဃာတော်အား လှူဒါန်းဖွယ် ဒါနဝတ္ထုကို လှူဒါန်းပြီးပါပြီး၊သံဃာတော်၌ အလှူသည် ကောင်း စွာတည် သွားပါပြီ၊ဤကုသိုလ်သည် သေလွန်သွားသူ ဦး/ဒေါ်-----အတွက် ဖြစ်ပါတယ်။ ဤကုသိုလ်ကြောင့် ကွယ်လွန်သူ ဦး/ ဒေါ်-------သည် ချမ်း ချမ်းသာသာ ဖြစ်ပါစေ” ဟူ၍ နှုတ်ကဆိုလျှက် လှူဒါန်းရမည်၊ အမည်ခေါ်ပြီး အမျှဝေရမည်- ဟု ဖွင့်ဆိုသည်။


ထိုမောင်ပဉ္ဇင်းက သူတို့ ရဟန်းငယ်တစ်စုသည် ပဋ္ဌာန်းပွဲတွင် ဆရာတော်ကြီးဆောင်ရွက်သလိုမျိုး ပြောင်စေပျက်စေ သဘောဖြင့် ဆောင် ရွက် ကြရမှာ ဒုက္ခရောက်ခဲ့ကြပုံကိုလည်း ဤသို့ ဆက်ပြောပြသည်။


မင်းဘူးမြို့နယ်သည် ဧရာဝတီမြစ် ရေတက်ရာဒေသဖြစ်၍ ရေကျသွားသောအခါ မြေနုကျွန်းပေါ်လာ၏။ ထိုမြေနုကျွန်း(ကိုင်းများ)သို့ မိသားစုများ ပျောင်းရွှေကြလျက် ထွန်းယက်စိုက်ပျိုး လုပ်ကိုင်စားသောက် ရွာတည်နေထိုင်ကြကုန်၏။


ထိုရွာများကို ကျွန်းရွာများဟု ခေါ်သည်။ ဟိုတစ်စု သည်တစ်စု ဖြစ်၏မောင်းပဉ္ဇင်းငယ်တို့သည် ထိုကျွန်းရွာ၌ ပဋ္ဌာန်းပွဲကို ဦးဆောင်ကျဉ်းပကြ၏။ အခန်းအနားအမှူးလုပ်သူ မောင်ပဉ္ဇင်းက ပဋ္ဌာန်းပွဲကျင်းပသောကျွန်းရွာ၏ အနောက်ဖက် ရွာဟောင်းဖက် ဆီသို့ ဦတည်ကာ “အနောက်ရွာ ဘုရားကုန်းမှာ ရှိနေကြ တဲ့ မကျွတ်လွတ်သူများ မင်းတို့ကို ငါတို့က ဖိတ်တယ်။ ယနေည ပဋ္ဌာန်းတရား နာကြားရန် လာကြ” ဟု အပျော်ပြောလိုက်၏။


“တပည့်တော်က ညပိုင်းကြတော့ စိတ်ထဲမှာ လေးနေတာနဲ့ ပဋ္ဌာန်းပွဲကျင်းပတဲ့ ကွင်းထဲမှာမအိပ်ဘဲ အသိအိမ်မှာ သွားအိပ်တယ်။ မအိပ်ခင် ကျကျနန ဘုရားရှိခိုး၊ မေတ္တာပို့၊ ပရိတ်ရွတ်ပြီး ၂၄-ပစ္စည်း ပဋ္ဌာန်းနဲ့ စည်းချအိမ်တယ်။ သန်းခေါင် ယံအချိန်မှာ တပည့်တော်အိပ်တဲ့အိမ်ရဲ့ နောက်ဖက်အိမ်က ဒကာမကြီး တစ်ယောက်ကို ဝင်ပူးတယ်ဘုရား၊ ဝင်ပူးရအောင် လာတုန်းက တပည့်တော်အိပ်တဲ့အိမ်ကို လာတာ၊ဝ င်လို့မရလို့ အဲဒီအိမ် ဝင်တာလို့ ပြောတယ်ဘုရား”။


သူအပြောကြောင့် တရားဟောခဲ့ရလို့ ပန်းနေသောစိတ် လန်းလာသည်။ ထို့ကြောင့် ဆက်ပြောပါဦး ဟု တိုက်တွန်းရ၏။

“ပူးတာဘယ်သူတုန်းလို့ မေးတော့ ရွာစောင့်နတ်တဲ့။ ဦးပဉ္ဇင်းတွေ နာနာဘာဝတွေကို ပဋ္ဌာန်းပွဲဖိတ်တာ နေရာမပေးလို့ ဟိုကောင်တွေ(နာနာဘာဝတွေ)ရွာထဲမှာ သောင်းကြမ်းနေကြတယ်။ သူ(ရွာစောင့်နတ်)က သူမနိုင်လို့ ပူးပြောရကြောင်း၊ သူတို့(နာနာဘာဝ)တွေကို နေရာပေးပါလို့ ပြောပြီး ထွက်သွားတယ်ဘုရား”


အဲဒီတော့ ဘာဆက်ဖြစ်တုန်း-မေးတော့၊

“တပည့်တော်လည်း ပဋ္ဌာန်းကျင်းပတဲ့ ကွင်းထဲကို ပြေးသွားတယ်၊ လမ်းမှာ မီးစက်မောင်းတဲ့ မောင်းစိုးကလည်း လန့်ဖြန့်ပြီး ရွာထဲ ကို ပြန်ပြေးလာလို့ လမ်းမှာ ပက်ပင်းတိုးတယ်။ မင်းဘာလို့ ပြေးလာလဲဆိုတော့”

“ညကျ အိမ်ဖို့ မီးစက်ရဲ့အနီးမှာခင်းထားတဲ့ဖျာကို ယခု အိပ်မလို ယူလိုက်တော့ ယူလို့မရဘူး၊ ဘာမှလည်းမတွေ့ရဘဲလူတွေ စုပြီး ဖိထိုင်ထားသလိုမျိုး ဖြစ်နေလို့ လန့်ပြီး ထွက်ပြေးလာတာ-ဟု ပြောတယ်ဘုရား၊။


“နောက်ကြတော့ ပဋ္ဌာန်းပွဲမှာ သူတို့(နာနာဘာဝ)တွေ အတွက် ရာဇမတ်တွေကာပေးပြီး အဲဒီ ရာဇမတ်အထဲကနေ ပဋ္ဌာန်းတရားနာကြပါလို့ ဆောင်ရွက်ပေးလိုက်တယ်။ ပဋ္ဌာန်းသိမ်းအောင်ပွဲထိ ဘာမှမဖြစ်တော့ဘူးဘုရား-ဟု ပြောပြသည်။

သူတို့ ကိုယ်တွေ့ကလည်း စိတ်ဝင်စားစရာကောင်းလှ၏။


နာနာဘာဝကို ဖိတ်ရင် နာမည်ခေါ်၍ဖိတ်၊ သူအတွက် နေရာသတ်မှတ်ပေး၊ သို့မှသာ ရွာစောင့်နတ်၊ အိမ်စောင့်နတ် တွေက ဝင်ခွင့်ပေးမည့် သဘောမျိုးဖြစ်ဟန်ရှိ၏။ တစ်ချို့ ဆွမ်းသွတ်အိမ်များ၌ ကွယ်လွန်သူ၏ ပုဆိုးအင်္ကျိ၊တဘက်များကို ဘုန်းကြီးရှေ့တွင် တရားနာရန် နေရာသတ်မှတ် ချပေးထားတတ်ကြသည်။

ကျေးလက်အရပ်တွေမှာ သေခါနီးလူနာ တစ္ဆေသရဲနှင့်စပ်၍ တောင်တောင်အီအီ ပြောရင် ဖုတ်ဝင်တယ်လို့ ဆိုကြ၏။ ထိုဖုတ်ကောင် ဘယ်သူ့ခွင့်ပြုချက်ဖြင့် ဘယ်လို ရောက်လာသည်မသိ။


အင်း လောကကြီးက ဆန်းပြားသလို၊ဖြစ်ကြရသော သတ္တဝါတို့၏ ဘဝတွေကလည်း အမယ်မျိုးစုံမို့ ပုံသေကားချပ် ဘာရယ်လို့ သတ်မှတ်ရန် ခက်ခဲဘိခြင်း၊ နေ့စဉ် ကောင်းမှုကုသိုလ်ပြု၍ နေကြပါဟူ၍သာ။

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

2011-ခု၊ ဧပြီလ ၉-ရက်၊ စနေနေ့ ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP