* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, April 9, 2011

သင်္ကြန်တွင်းအထူးတရားပွဲ နှင့် အန္တရယ်ကင်းသစ္စာ

၁၃.၄.၂၀၁၁ မှ ၁၈.၄.၂၀၁၁ ရက်ထိ ၆ ရက်တိုင် သင်္ကြန်တွင်း အထူးတရားပွဲ အစီအစဉ်ကို မှော်ဘီမြို့၊ မင်္ဂလာတိုက်တွင် နေ့စဉ်တရားပွဲ နှစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေအပေါင်းအား တရားတော်နာကြွရောက်နိုင်ရန်အတွက် နှိုးဆော်အပ်ပါသည်။ တရားပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

နံနက် - ၈ နာရီခွဲ (သီလပေးတရားပွဲ)

နေ့လည် - ၁:၃၀ (နေ့အထူးတရားပွဲ)

ဘေးဒုက္ခများကျရောက်နေသောကမ္ဘာသူကမ္ဘာသားများနှင့်ရန်သူမျိုးငါးပါးဘေးကျရောက်လျှက်ရှိသောမြန်မာပြည်သူအပေါင်းတို့

နှစ်သစ်မှစ၍ဘေးအန္တရာယ်အပေါင်းမှကင်းဝေးလွတ်မြောက်ကြစေရန်မေတ္တာရှေ့ထားပြီးသစ္စာပြုကြပါစို့။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နံနက်ပိုင်း (၆း၀၀) နာရီ တွင်တစ်ကြိမ် နှင့် ညနေ(၇း၀၀) နာရီတွင်တစ်ကြိမ် တစ်ပြိုင်နက် သစ္စာဆိုကြပါရန်...တိုက်တွန်းနိုးဆော်အပ်ပါသည်။

မသူတော်တရားဘေး၊သူတော်မဟုတ်သူယုတ်မာတို့၏ညှင်းပန်းနှိပ်စက် ခြိမ်းခြောက်ခြင်းဘေးတို့မှ ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ၊ သတ္တဝါခပ်သိမ်းတရားကိန်း အေးငြိမ်းကြပါစေ။

Read more...

ပစ္စည်းပျောက်ရင် ဒီမှာရှာ

သင် ဘာပစ္စည်းပျောက်နေသလဲ
ဘယ်နေ့က ပျောက်သလဲပြောပါ။ ရှာဖို့နေရာ ပြောပါမည်။

(၁) တနင်္ဂနွေနေ့တွင် ပစ္စည်းပျောက်ပါက အို-ကြင်-ယာ-ဥဒကေ-ဆိုသည့် စာချိုးအတိုင်း
အို-တနင်္ဂနွေနေ့၌ ကျွဲ, နွား ဥစ္စာပျောက်သည်ရှိသော်
ကြင်-တနင်္လာမည်သော အရှေ့အရပ်မှတ်ထုတ်၍
ယာ-ဗုဒ္ဓဟူးမည်သော တောင်အရပ်ရှိ
ဥဒကေ-ရေအနီး၌ ရှိအံ့။

(၂) တနင်္လာနေ့တွင် ပစ္စည်းပျောက်ပါက ကြာ-ကန်-သူ-၀နေ- ဆိုသည့်အတိုင်း
ကြာ-တနင်္လာနေ့၌ ဥစ္စာပျောက်သော်
ကန်-အရှေ့အရပ်မှ ထုတ်ယူပြီး
သူ-သောကြာခေါ် မြောက်အရပ်ရှိ
ဝနေ-တော်၌ ရှိအံ့။

(၃) အင်္ဂါနေ့တွင် ဥစ္စာပစ္စည်းပျောက်သည်ရှိသော် စိတ်-တူ-၏-ဂူပေ- ဆိုသည့်အတိုင်း
စိတ်-အင်္ဂါနေ့၌ ဥစ္စာပစ္စည်းပျောက်သည်ရှိသော်
တူ-စနေမည်သော အနောက်တောင်အရပ်မှတ်ထုတ်၍
၏-တနင်္ဂနွေမည်သော အရှေ့မြောက်အရပ်ရှိ
ဂူပေ-လိုဏ်ဂူ ဥမင်တို့၌ ရှိအံ့။


(၄) ဗုဒ္ဓဟူးနေ့တွင် ပစ္စည်းဥစ္စာပျောက်ရှခဲ့ပါက လှ-ဒီ-သာ-ဂါမေ- ဆိုသည့်စာနှင့်အညီ
လှ-ဗုဒ္ဓဟူးနေ့တွင် ဥစ္စာပစ္စည်းပျောက်ပါက
ဒီ-စနေမည်သော အနောက်တောင်အရပ်မှထုတ်၍
သာ-သောကြာခေါ် မြောက်အရပ်ရှိ
ဂါမေ-ရွာ၌ ရှိအံ့။

(၅) ကြာသပတေးနေ့တွင် ပစ္စည်းဥစ္စာပျောက်သည်ရှိသော် ပျော်-ရွှင်-ရာ-ပဗ္ဗတေ- ဆိုသည့်အတိုင်း
ပျော်-ကြာသပတေးနေ့ ပစ္စည်းပျောက်ပါက
ရွှင်-ဗုဒ္ဓဟူးမည်သော တောင်အရပ်မှ ထုတ်ပြီး
ရာ-ရာဟုမည်သော အနောက်မြောက်အရပ်ရှိ
ပဗ္ဗတ-တောင်ကုန်းမှာ ရှိအံ့။


(၆) သောကြာနေ့တွင် ပစ္စည်းဥစ္စာ ပျောက်ခဲ့ပါက သင်-တို့-မောင်-မဂ္ဂေ- ဆိုသည့်အတိုင်း
သင်-သောကြာနေ့ ပစ္စည်းပျောက်ပါက
တို့-စနေမည်သော အနောက်တောင်အရပ်မှထုတ်၍
မောင်-ကြာသပတေးမည်သော အနောက်ဘက်အရပ်ရှိ
မဂ္ဂေ-လမ်းခရီး၌ ရှိအံ့။


(၇) စနေနေ့တွင် ပစ္စည်းပျောက်ပါက တို့-ဆောင်-ပန်း-အာသန္နေ-ဆိုသည်နှင့်အညီ
တို့-စနေနေ့၌ ဥစ္စာပျောက်သည်ရှိသော်
ဆောင်-အင်္ဂါမည်သော အရှေ့တောင်အရပ်မှထုတ်၍
ပန်း-ကြာသပတေးမည်သော အနောက်အရပ်ရှိ
အာသန္နေ-အိမ်ယာအနီး၌ ရှိအံ့။


မင်းဣန္ဒက (ခေတ္တ-စစ်ကိုင်းတောင်တန်း)

Read more...

ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး

(၁)

ဒေါက် ဒေါက် ဒေါက်

မုန့်ဟင်းခါး မုန့်ဟင်းခါး....

တံခါးခေါက်သံနှင့် ဆက်ကာ သီတင်းသုံးဖော်ရဟန်းတစ်ပါး၏ မုန့်ဟင်းခါး မုန့်ဟင်းခါး ဟူသော သတင်းပေးချက်က နံနက်ခင်းကို ငရုတ်သီးစပ်သွားစေသည်။ သူ အိပ်ရာမှ သတိပဋ္ဌာန်တရားနှင့် ခပ်ခွာခွာ ထထိုင်လိုက်သည်။ တကယ်လား...တကယ်လား..သူ သေချာစေရန် စကားလုံးကို ဒပ်ဗယ်လ်ကလစ်ခ်( Double Click) လိုက်သည်။

'' နောက်ကျရင်တော့ 'ဤသည့်စားဖွယ် အမယ်မယ်' ရွတ်ဖို့ အခွင့်အလမ်းနည်းသွားမယ် င့ါရှင်..။ ''

သူ ကြည်နူးသွားသည်... ဗာရာဏသီနံနက်ခင်းကို မုန့်ဟင်းခါးဖတ်ဖြူလွလွများဖြင့် ကြိုဆိုခွင့်ရချေပြီ။ ဒုလ္လဘပေပဲ...။ သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။ (ဆပ်ပြာတစ်ခဲလောက်တော့ ကပ္ပိ( ၀ယ်) ဦးမှ...)

ရဟန်းတစ်ပါး စီမံချက်ပြုတ်ထားသော မုန့်ဟင်းခါးအစစ်ဖြစ်သည်..။ အသင့်ချက်ပြုတ်စားသုံးနိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ်ကို သဒ္ဓါလက်ဖြင့် ဖန်တီးထားခြင်းသာဖြစ်သည်။ ရွှေပြည်ကြီးလုပ် မုန့်ဟင်းခါးများနှင့် အရည်အသွေးခြားနားစွာ အင်္ဂါမစုံသည့်တိုင် နှစ်လိုဖွယ်ရာ ဟင်းရည်အနံ့ကို သူ ရှိုက်မိသည်။ မုန့်ဖတ်နှင့် ဟင်းရည်သက်သက်...။ ရယ်ဒီမိတ်ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူကြော်အိတ်လေးများကို ပန်းကန်ပြားငယ်တစ်ချပ်တွင် ထည့်ကာ ချပေးထားသည်။ နံနံပင်၊ ငန်ပြာရည်၊ ငှက်ပျောအူတိုင်၊ ဘဲဥ၊ ပဲကြော်၊ ဘူးသီးကြော်၊ အီကြာကွေးစသော ဝေါဟာရများက ရွှေပြည်ကြီး၏ မုန့်ဟင်းခါးသုံးအဘိဓာန်တွင် ကျန်ခဲ့လေဟန်ပင်..။ မည်သို့ဖြစ်စေ သူကတော့ '' ကောင်းလင့်တေး ကောင်းလင့်တေး '' ဟု အနုမောဒနာသံပေးကာ ခေါင်းမဖော်ဘဲ လွေးတော့သည်။ ဟင်းရည်ပူပူနှင့် ငရုတ်သီးရှူးရှဲ. ချွေးများရွှဲအောင် ကောင်းလေသည့် ရှားပါးလှသော မုန့်ဟင်းခါး..။

သို့သော် သူ့ဒိုင်ယာရီညိုညစ်ညစ်လေးတွင် မုန့်ဟင်းခါးမှ မိုင်ပေါင်းကုဋေ ထွက်ပြေးမိလေသော နေ့ရက်များ အတိအကျရှိခဲ့ဖူးပါသည်..။

(ဒီညတော့ ပြီးအောင် ရေးပါ့မယ်..မီးက တကယ်ပျက်တာပါ)

Read more...

Cakkavattisutta (Part 1) - စက္က၀တ္တိသုတ် (အပိုင်း ၁)

အကျွန်ုပ် အာနန္ဒာ ဤသို့ ကြားနာမှတ်သားခဲ့ရပါ၏။ ဘုရားရှင်သည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့ကို ခေါ်၍ မိန့်တော်မူပါသည်။

ရဟန်းတို့ . . . သင်တို့သည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ တရားမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ ပြင်းစွာအားထုတ်လျက်၊ ဆင်ခြင်လျက်၊ သတိရှိလျက်၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက်၊ ဝေဒနာ၌ ဝေဒနာဟု အဖန်ဖန်ရှုလျက်၊ သညာ၌ သညာဟု အဖန်ဖန်ရှုလျက်၊ သင်္ခါရ၌ သင်္ခါရဟု အဖန်ဖန်ရှုလျက်၊ လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍နေသော ရဟန်းသည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။ တရားမှ တစ်ပါးအခြား ကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။

သင်ချစ်သားတို့သည် အဖဘုရားမှ ဆက်သက်လာသည့် အမွေဖြစ်ကုန်သော မိမိတို့၏ ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ သင်ချစ်သားတို့၏ သန္တာန်၌ ကိလေသာစသော မာရ်သည် ၀င်ရောက်ခွင့် မရလတ္တံ့။ ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် ကုသိုလ်၏ အကျိုးသည် တိုးပွါး၏။

ဒဠှနေမိ စကြဝတေးမင်း

ရှေးအခါက ဒဠှနေမိအမည်ရှိသော စကြဝတေးမင်းသည် ရှိ၏။ ထိုမင်းသည် တိုင်းပြည်ကို အနိုင်ထက်ပြု၍ အုပ်ချုပ်သည် မဟုတ်။ နှိပ်စက်၍ အုပ်ချုပ်သည် မဟုတ်။ ထိုမင်းသည် တရားစောင့်၏။ တရားနှင့်အညီ မင်းပြု၏။ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရ၏။ ရန်အပေါင်းကို အောင်မြင်၏။ တိုင်းနိုင်ငံကို တည်ငြိမ်စေ၏။ “စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ သားကြီးရတနာ”ဟူသော ရတနာခုနစ်ပါးနှင့် ပြည့်စုံ၏။ ထိုမင်း၏ အထောင်မကသော သားတော်တို့သည် ရဲရင့်ကြကုန်၏။ သူရဲကောင်း အင်္ဂါရုပ်ရှိကြကုန်၏။ တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကြကုန်၏။ ဘုန်းတန်ခိုး ကြီးမြတ်သော ထိုမင်းသည် တုတ်ဓားလက်နက် မဆောင်မူ၍သာလျှင် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တရားသဖြင့် အောင်မြင်လျက် အုပ်စိုး၏။ မင်းစည်းစိမ်ကို ကာကွယ်ရန်လည်း စိုးစဉ်းမျှသော ကောက်ကျစ်ယုတ်မာမှုကို ပြုရသည်မရှိ။

ထိုစကြ၀တေးမင်း လက်ထက်၌ အလွန်ငြိမ်းချမ်း၏။ တိုင်းသူပြည်သားတို့သည် ပျော်ရွှင်၏။ မင်းသည် တိုင်းသူပြည်သားတိုင်းကို စောင့်ရှောက်၏။ တိုင်းသူပြည်သားတို့သည် မင်းကို လေးမြတ်စွာ ချစ်ကြည်၏။ တိုင်းပြည်အတွင်း၌ အချင်းချင်း အမျက်အအီ မရှိကြ။ အချင်းချင်း ချစ်သောမျက်စိဖြင့်သာ ကြည့်ကြ၏။ အချင်းချင်း မဖိနှိပ်။ အချင်းချင်း မကွပ်ညှပ်။ မနာလိုသည်မရှိ။ ကုန်းချောသည်မရှိ။ လူသည် လူကို လူလိုဆက်ဆံ၏။ လူတိုင်းလူတိုင်း လူ့ဂုဏ်သိက္ခာကို ပြည့်စုံကုံလုံစွာ ပိုင်ဆိုင်ကြ၏။ မင်း၏ မှူးမတ်အရာရှိတို့သည် လစာရိက္ခာ လုံလောက်သောကြောင့် တံစိုးမစားကြ။ လာဘ်မယူကြ။ တိုင်းသူပြည်သားတိုင်း အခွင့်အရေး ညီမျှသောကြောင့် ငါ့ဆွေမျိုးအတွက် ငါ့ဆွေမျိုးအတွက်ဟူ၍ အခွင့်ထူး ရှာရသည် မရှိ။ ခိုက်ရန်မရှိ။ စစ်မက်လည်းကင်း၏။ အသတ်အဖြတ် အခိုးအတိုက် အလုအယက် အမှုအခင်း အငြင်းအပွားလည်း ငြိမ်း၏။ မင်း၏ လွှတ်တော်ခုံရုံးသည် အစဉ်အမြဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ စည်းစိမ်ဥစ္စာ အလွန်အမင်း ချမ်းသာသူ အလွန်ရှား၏။ အလွန်အမင်း ဆင်းရဲသူလည်း အလွန်ရှား၏။ လူနှင့်လူချင်း နှိုင်းစာသော် အတန်းအလွှာ တူသူတို့သာ များကုန်၏။ လူဦးရေသည် အစဉ်အမြဲ တိုးပွားလျက် ရှိနေ၏။ လူတို့၏ အရေအတွက်ကား ကိုင်းပင်မြင်ပင်အလား လှုပ်လှုပ်ရှားရှား တိုးပွားနေ၏။ တိုင်းပြည်ကို လုပ်ကျွေးကုန်သော လက်မှုပညာသည် နှုတ်မှုပညာသည်တို့ များစွာထွန်းကား၏။ လူတည်းဟူသော အရင်းအမြစ်သည် ပြည့်ဖြိုးကြွယ်ဝ၏။ ရောဂါဘယလည်း ကင်း၏။ အသေအပျောက်လည်း ရှား၏။ အရွယ်မတိုင်မီ သေရသည် မရှိ။ အသက်ရှည်သော ကျန်းမာသော လူတို့သည် လွယ်လွယ်ကူကူ ချမ်းချမ်းသာသာ မျှမျှတတ အသက်မွေးကြကုန်လျက် ကုသိုလ်တရားကို များစွာ ဆည်းပူးနိုင်၏။ ရသေ့ရဟန်းတို့ကို ကြည်ညိုစွာ လှူဒါန်းကြ၏။ ရိုသေစွာ ဆည်းကပ်ကြ၏။ ရသေ့ရဟန်းတို့၏ သင်္ခမ်းကျောင်းတို့၌လည်း သီလပျက်စီးခြင်း ကင်း၏။ သူမြတ်တို့၏ သီလရနံ့သည် ဘ၀ဂ်တိုင်အောင် ရောက်ရှိပျံ့နှံ့လေ၏။

ထိုဒဠှနေမိ စကြဝတေးမင်းသည် မင်းပြုနေရင်း နှစ်ပေါင်းများစွာ ကုန်လွန်သောအခါ မင်းချင်းယောက်ျား တစ်ယောက်ကို မိန့်ဆို၏။
“အချင်းယောက်ျား . . . မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော ငါ၏ စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်မိလျှင်ပင် ငါ့အားပြောကြားလော့။”

နှစ်ပေါင်းများစွာ ကုန်လွန်သောအခါ ထို မင်းချင်းယောက်ျားသည် စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏။ မြင်လတ်သော် ဒဠှနေမိ စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ လျှောက်ထား၏။
“မင်းကြီး . . . အရှင်မင်းကြီး၏ စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း နေပါပြီ။”

ထိုအခါ ဒဠှနေမိ စကြဝတေးမင်းသည် သားကြီးဖြစ်သူ အိမ်ရှေ့မင်းသားကို ခေါ်၍ မိန့်တော်မူ၏။
“ချစ်သား . . . မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော ငါ၏ စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းလေပြီ။ စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းလျှင် စကြာမင်းသည် ကြာမြင့်စွာ အသက်မရှည်ဟု ငါ ကြားဖူး၏။ ငါသည် လူ့စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ပြီ။ ယခုအခါ နတ်စည်းစိမ်ချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ။ ချစ်သား . . . လာလော့။ သင်သည် သမုဒ္ဒရာလေးစင်း အဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း အုပ်စိုးလော့။ ငါသည် ဆံမုတ်ဆိတ်တို့ကို ပယ်ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှထွက်၍ ရသေ့ရဟန်းဘောင်သို့ ဝင်ရောက်အံ့။”

ဒဠှနေမိ စကြဝတေးမင်းသည် သားကြီးဖြစ်သူ အိမ်ရှေ့မင်းသားကို ထီးနန်းလွှဲအပ်ကာ ဆံမုတ်ဆိတ်ကို ပယ်ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏။ ဒဠှနေမိ စကြဝတေးမင်း ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်သောနေ့၌ စကြာရတနာသည် ကွယ်ပျောက်လေ၏။

ထိုအခါ မင်းချင်း ယောက်ျားတစ်ယောက်သည် သားတော်မင်းအား လျှောက်ထား၏။
“မင်းကြီး . . .။ အရှင်မင်းကြီး၏ စကြာရတနာ ကွယ်ပျောက်သွားပါပြီ။”

စကြာရတနာ ကွယ်ပျောက်သည်ရှိသော် မင်းသည် နှလုံးမသာမယာ ဖြစ်လေ၏၊ နှလုံးမသာဖြစ်ခြင်းကိုလည်း သူတစ်ပါးအား ပြောကြားလေ၏။ ထိုမင်းသည် ဖခင်ရသေ့ထံ ချဉ်းကပ်၍လည်း လျှောက်ထား၏။
“ဖခင် ရသေ့မြတ် . . . အမှန်ကို သိတော်မူပါလော့။ မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော စကြာရတနာ ကွယ်ပျောက်ပါပြီ။”

ရသေ့သည် မင်းအား ပြန်လည် မိန့်ကြား၏။
“ချစ်သား . . . စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာမယာ မဖြစ်လင့်။ နှလုံးမသာမယာ ဖြစ်မိသည်ကိုလည်း သူတစ်ပါးအား မပြောကြားလင့်။ စကြာရတနာသည် သင့်ဖခင်မှ ဆင်းသက်လာသော အမွေပစ္စည်း မဟုတ်။ သင်ချစ်သားသည် အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်လော့။ တစ်ဆယ့်ငါးရက်မြောက်သော လပြည့်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ကျင့်လော့။ အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့် တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော လိုရာအရပ်သို့ အပိတ်အပင် မရှိသွားနိုင်သော စကြာရတနာသည် ချစ်သားထံမှောက် ရောက်ရှိလတ္တံ့။”

------

မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်

“ဖခင် . . . စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်း။”

“သင် ချစ်သားသည် တရားကိုသာလျှင် အမှီပြုလျက်၊ တရားကိုသာလျှင် အရိုအသေပြုလျက်၊ တရားကိုသာလျှင် အလေးပြုလျက်၊ တရားကိုသာလျှင် မြတ်နိုးလျက်၊ တရားကိုသာလျှင် ပူဇော်လျက်၊ တရားကိုသာလျှင် တုပ်ဝပ်လျက်၊ တရားကိုသာလျှင် တံခွန်သဖွယ်ပြုလျက်၊ တရားကိုသာလျှင် မှန်ကင်းကဲ့သို့ ပြုလျက်၊ တရားကိုသာလျှင် အကြီးအမှူးပြုလျက် နေလေလော့။ အတွင်း သားမယား စသည်၌ လည်းကောင်း၊ စစ်သည်ဗိုလ်ပါ၌ လည်းကောင်း၊ အရံမင်းတို့၌ လည်းကောင်း၊ ပုဏ္ဏားနှင့် သူကြွယ်တို့၌ လည်းကောင်း၊ နိဂုံးဇနပုဒ်သားတို့၌ လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့၌ လည်းကောင်း၊ သားငှက်တို့၌ လည်းကောင်း တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်လော့။
ချစ်သား . . . သင်၏ နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက်မှုများ မဖြစ်စေလင့်။ သင်၏ နိုင်ငံတော်၌ ပစ္စည်းဥစ္စာ မရှိသူတို့ကို ပစ္စည်းဥစ္စာ ပေးကမ်းလော့။ သင်၏ နိုင်ငံတော်၌ ရဟန်းပုဏ္ဏားတို့ ရှိကုန်၏။ ရဟန်းပုဏ္ဏားတို့သည် မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏။ သည်းခံခြင်း ကောင်းသောမွေ့လျော်ခြင်း၌ တည်ကြကုန်၏။ စိတ်ကို ဆုံးမကြကုန်၏။ စိတ်ကို ငြိမ်သက်စေကြကုန်၏။ စိတ်ကို ငြိမ်းအေးစေကြကုန်၏။ လျောက်ပတ်သောအခါ၌ ထိုသမဏဗြာဟ္မဏတို့ထံ ချဉ်းကပ်၍ မေးမြန်းလေလော့။ စုံစမ်းလေလော့။
အသျှင်ဘုရားတို့ . . . အဘယ်သည် ကုသိုလ်ပါနည်း။ အဘယ်သည် အကုသိုလ်ပါနည်း။ အဘယ်သည် အပြစ်ရှိပါသနည်း။ အဘယ်သည် အပြစ်မရှိပါသနည်း။ အဘယ်ကို မှီဝဲအပ်ပါသနည်း။ အဘယ်ကို မမှီဝဲ အပ်ပါသနည်း။ အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။ အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်းဟု မေးမြန်းလေလော့။ စုံစမ်းလေလော့။
ထို သမဏဗြာဟ္မဏတို့၏ စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့။ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့။ ချစ်သား . . . ဤသည်ကား စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်တည်း။”

(ဆက်ရန် . . . . .)
ကျမ်းညွှန်း - စက္က၀တ္တသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်၊ သုတ္တန္တပိဋက

Read more...

အရိပ်နှင့်ခရီးသွားနေကြသူများ

T Z sayadaw (5)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

သာမာန်အားဖြင့် ကြည့်မယ် ဆိုရင်တော့ လောကမှာ မိဘနှစ်ပါး အသက်ထင်ရှား ရှိနေကြတဲ့ သားသမီးတွေက မိနဲ့ဖနဲ့ နေရသူတွေ၊ မိရိပ် ဖရိပ် ခိုလှုံခွင့် ရသူတွေ ဖြစ်တယ်၊ မိဖနှစ်ပါးလုံး ဆုံးပါး ကွယ်လွန် သွားကြတဲ့ သားသမီးတွေ ကတော့ မိမဲ့ ဖမဲ့တွေ၊ မိရိပ်ဖရိပ် ခိုလှုံခွင့် မရကြ သူတွေ ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။

Read more...

Read more...

အမိတာဘာဗုဒ္ဓ…

Q. I would like to know about Amitabha Buddha. Please write and post about story of Amitabha Buddha. I just want to get knowledge.
(thwin)


A.
အမိတာဘာ ဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ လက်ရှိသကျမုနိဗုဒ္ဓကိုလည်း ကိုးကွယ်ကြသလို ထာဝရ ဘုရားပုံစံမျိုး ဘုရားများ၊ ပွင့်တော်မမူသေးတဲ့ အရိမေတ္တယျလို ဘုရားများ၊ ဘုရားလောင်းများ၊ ဘုရားရဲ့မယ်တော်များ စသဖြင့် အမျိုးမျိုးသော ပုဂ္ဂိုလ်များကိုလည်း ပုံတော်ရုပ်ပွားတော်များ ဖန်တီးကား ကိုးကွယ်ပူဇော်လေ့ ရှိပါတယ်။ အဲဒီ ကိုးကွယ်ရာတွေထဲမှာ အမိတာဘာဘုရားဟာလည်း ထာဝရတည်တံ့နေတဲ့ ဘုရားအဖြစ် ကိုးကွယ်တဲ့ ဘုရားတစ်ဆူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပါတယ်။

အမိတာဘာရဲ့ အဓိပ္ပါယ်က အတိုင်းမရှိသော အရောင်အလင်းလို့ အဓိပ္ပါယ်ရပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ အမိတာဘာ ဘုရားဟာ အနောက်ဘက်အရပ်ရှိ သုခဝတီဘုံးနန်းမှာ ကိန်းဝပ်စံပါယ်တော်မူတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအမိတာဘာ ဘုရားဟာ ပါရမီတွေဘာတွေ ဖြည့်ကျင့်စရာမလိုဘဲ အစကတည်းက သူ့အလိုလို ဘုရားအဖြစ်ကို ရရှိထားတဲ့ ဘုရားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမိတာဘာဘုရားကို အာဒိဗုဒ္ဓ (အစဘုရား)လို့လည်း ခေါ်လေ့ရှိကြပါတယ်။

အမိတာဘာဘုရားရဲ့ သမိုင်းကြောင်းအဆိုအရ အမိတာဘာဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာက ပြုလုပ်ဖန်တီးထားတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ပြီး ဗောဓိသတ္တအယူအဆနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မဟာယာနတို့ရဲ့ ဗောဓိသတ္တအယူအဆဟာ အိန္ဒိယနိုင်ငံ ကနိသျှကမင်းလက်ထပ်မှာ အလွန်ထင်ရှားခဲ့ပါတယ်။ အဲဒီအယူအဆဟာ နောက်ပိုင်းအိန္ဒိယကနေ တရုတ်ပြည်ကို ရောက်ရှိပြန့်နှံ့လာပြီး သာသနာနှစ် ၉၀၀လောက်မှာ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှာကျော်ကြားတဲ့ ပညာရှင် ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်နာဂဇ္ဇုနက ဂုဏ်တော်အမျိုးမျိုးနဲ့ ထင်ရှားထူးခြားတဲ့ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ပူဇော်နိုင်ရန် “အမိတာဘာ” အမည်ရှိတဲ့ ဘုရားတစ်ဆူကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

အရှင်နာဂဇ္ဇုန တီထွင်ဖန်တီးလိုက်တဲ့ ဒီအမိတာဘုရားဟာ ထာဝရမပျက်စီးတဲ့ ဘုရားတစ်ဆူအဖြစ် အကောင်းဆုံး နိဗ္ဗာန်ဘုံဖြစ်တဲ့ သုခဝတီဘုံမှာ တည်ရှိနေပြီး တရုတ်ပြည်မှာ အလွန်ထင်ရှားကျော်ကြားကာ လူအများယုံကြည် ကိုးကွယ်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ အဲဒီသုခဝတီ နိဗ္ဗာန်ဘုံမှာ ရှိတဲ့ အမိတာဘာ ဘုရားကြီးဟာ လောကနဲ့ဆက်သွယ် ကယ်ဆယ်မှုကို တိုက်ရိုက်မလုပ်ဘဲ ကြားခံအဖြစ် ဘုရားလောင်းများကိုထားကာ တစ်ဆင့်ခံ ဆက်သွယ် ကယ်ဆယ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဝလောကိတေသွာရ ဘုရားလောင်းဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဝလောကိတေသွာရကို တရုတ်လိုတော့ ကွန်ယင်လို့ ခေါ်ပါတယ်။ အဝလောကိတေသွာရဟာ အမိတာဘာဘုရားနှင့် ကြင်ယာတော် ပါဏ္ဍရာ ဘုရားမတို့မှ မွေးဖွားလာတဲ့သူလို့ ဆိုပါတယ်။

ဒီလိုနဲ့ မဟာယာန ဗုဒ္ဓဘာသာမှာ အမိတာဘာဘုရား ရုပ်ပွားတော်၊ သကျမုနိရုပ်ပွားတော်နဲ့ အဝလောကိတေသွာရ ရုပ်ပွားတော်တွေကို ထားရှိကိုးလာမှုဟာ တဖြည်းဖြည်းထင်ရှားလာခြင်း ဖြစ်ပြီး အမိတာဘာဘုရားကြီးကို ကောင်းကင်ဘုံဘုရားအဖြစ် အလယ်တွင်ထား၍ ဖြစ်စေ၊ တစ်ခါတလေ သကျမုနိ (ရှင်ဂေါတမ)ဘုရားရဲ့ မြင့်မြတ်တဲ့ လက်ဝဲဘက်မှာဖြစ်စေ ထားပြီးကိုးကွယ်လေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးအခါမှာ တစ်ခြားအရာတွေကို အာရုံမပြုနိုင်တာတောင်မှ အမိတာဘာဘုရားကိုသာ အာရုံပြုနိုင်မယ်ဆိုရင် အမိတာဘာဘုရားရှိတဲ့ သုခဝတီဘုံကို ရောက်နိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဂေါတမဘုရားဟာလည်း လူသားဘုရား မဟုတ်၊ သဘောတရား ပရမတ် ဘုရားသာဖြစ်ကြောင်း၊ ဂေါတမဘုရားအရင် မရေတွက်နိုင်တဲ့ ဘုရားများရှိကြောင်း ဂေါတမဘုရားကိုလည်း ကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကိုကယ်ချွတ်ရန် သိဒ္ဓတ္ထအဖြစ် လူ့ပြည်ကို စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း လောကတွင် ကိစ္စပြီးလို့ ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ဘုံကို ပြန်ကြွသွာခြင်းဖြစ်ကြောင်း စသဖြင့် ဆိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ အမိတာဘာဘုရားဟာ လောကကို သကျမုနိဘုရားအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းဆိုပြီး တစ်ချို့လည်း ဘုရားအားလုံးကို စုပေါင်းထားတဲ့ ပရမတ် ဘုရားအဖြစ်သာ တည်ရှိကြောင်း စသဖြင့် ဆိုပါတယ်။

အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြပေမယ့် မဟာယာနဗုဒ္ဓဘာသာမှာတော့ အလွန်ထင်ရှားတဲ့ ကောင်းကင်ဘုံ ဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အမိတာဘာ ဘုရား အယူဝါဒဟာ ဗြဟ္မဏဝါဒရဲ့ ပုံတူကူးချချက်သာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ဗြဟ္မဏဝါဒအရ လောကကြီးဟာ ဣဿရခေါ် ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာပြီး တစ်လောကလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ထာဝရ မပျက်စီးတဲ့ ဝိညဉ်ခေါ် အတ္တကောင်လေးရှိပြီး အဲဒီအတ္တလေးဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန် အစိပ်အပိုင်းပင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ အဲဒီအတ္တအစိပ်အပိုင်းဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန်ကြီးနဲ့ ပေါင်းစပ်ပြီး ထာဝရငြိမ်းချမ်းရာ သုခဘုံမှာ စံမြန်းသွားမှာဖြစ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆဟာ မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာနဲ့ သုခဝတိဘုံ အယူအဆအတိုင်း ဖြစ်နေတဲ့အတွက် ဗြဟ္မဏဝါဒနောက်မှ ပေါ်ပေါက်လာတဲ့ မဟာယာန အယူအဆဟာ ဗြဟ္မဏဝါဒကို ပုံတူကူးချထားခြင်း ဒါမှမဟုတ် ဗြဟ္မဏအယူအဆဟာ မဟာယာန အယူအဆထဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

ဗြဟ္မဏဝါဒ လွှမ်းမိုးခြင်းကို ခံရတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဗြဟ္မဏဝါဒကို အတုယူကာ အမိတာဘာဘုရားကို ဗြဟ္မာကြီးပုံစံ ဖန်တီးပြီး အဝလောကိတေသွာရနဲ့ ဂေါတမဗုဒ္ဓတို့ကိုလည်း ဗြဟ္မာကြီးတစ်ဖြစ်လဲ အမိတာဘာက ဖန်ဆင်းပြီး စေလွှတ်ထားတဲ့ တမန်တော်ပုံစံအဖြစ် ပုံတူကူးချထားခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်တဲ့ အခါမှာလည်း အမိတာဘာဘုရားကို အလယ်မှာထားပြီး လက်ဝဲလက်ယာဘက်တွေမှာ ဂေါတမဘုရားနဲ့ အဝလောကိတေသွာရကို ထားခြင်းဖြစ်နိုင်ကြောင်း အချို့က ကောက်ချက်ချကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာဘုရားနဲ့ သုခဝတီဘုံ အယူအဆဟာ ထေရဝါဒ ဗုဒ္ဓမှာ မပါတဲ့ ထေရဝဒါနဲ့ ဆန့်ကျင်တဲ့ ထာဝရဘုရားနဲ့ ကောင်းကင်ဘုံ အယူအဆ သက်သက်သာ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အမိတာဘာဘုရားဟာ ဗြဟ္မဏတွေရဲ့ ဣဿရကို အမည်ပြောင်းထားခြင်းဖြစ်ပြီး လောက၌ အတ္တရှိတယ်လို့ ယူဆတဲ့ မဟာယာနတစ်ဖြစ်လဲ ဗြဟ္မဏအယူအဆရဲ့ လွှမ်းမိုးဖန်တီးထားချက် ဘုရားတစ်ဆူသာ ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတ္တဝါဒကိုပယ်ပြီး အနတ္တဝါဒအတိုင်း လက်ခံကျင့်သုံးကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက ဒီအမိတာဘာဘုရား အယူအဆကို အသိအမှတ်ပြု လက်မခံခြင်းပဲ ဖြစ်ပါတယ်။ ရှိစေတော့။ အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အယူအဆအမျိုးမျိုး။ ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ငြင်းခုံမှုအမျိုးမျိုးကို တွေ့ရမှာဖြစ်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ အမိတာဘာ ဘုရားအယူအဆနဲ့ ပတ်သက်ပြီး ယုတ္တိကျမကျ စဉ်းစားဆင်ခြင်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုနဲ့ပဲ အမိတာဘာ ဘုရား အယူဝါဒကို စိစစ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အမိတာဘာဗုဒ္ဓသည် ထေရဝါဒ ဗုဒ္ဓဘာသာမှ မပါတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသာက လက်မခံတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသဝင်များ မကိုးကွယ်တဲ့ ဗြဟ္မဏဝါဒကို ပုံတူကူးချထားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ ဖန်တီးမှု အယူအဆသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း အမိတာဘာဘုရားအကြောင်း တစ်စိပ်တစ်ဒေသအဖြစ် တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး =
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း (ဆရာဝန်တင်ရွှေ)
ရှေ့ဘဝနောက်ဘဝ ဗုဒ္ဓမဝေဘန် (ဝင်းသိန်းဦး)

READ MORE......

Read more...

ပိတောက် နဲ့ သင်္ကြန် ။

ဒီနေ့ ကျွန်မ သူငယ်ချင်း နဲ့တွေ့တော့ စင်္ကာပူမှာ မြန်မာတွေ များလာလို့လား မသိဘူး Chinese Garden နားက ပိတောက် ပင်ကြီးမှာ ပိတောက်တွေ ပွင့်နေတာ အရင်နှစ်ထက် ပိုများတယ် တဲ့လေ။ မြန်မာပြည် မန္တလေး မှာလဲ သင်္ကြန် မရောက် သေးတဲ့အချိန်ပဲ ဖြစ်ဖြစ် ၊ သင်္ကြန်တွင်း ကာလပဲဖြစ်ဖြစ် ခုလို ဧပြီလဆို ပူလွန်းပြီး မိုးတစ်ကြိမ် နှစ်ကြိမ်လောက် ရွာလိုက်ပြီ...
အပြည့်အစုံဖတ်ချင်ရင်

Read more...

ကျားနှင့်သမင် မတူပါ


မြတ်စွာဘုရားရဲ့ မယ်တော်က မဟာမာယာ။
မယ်တော်မဟာမာယာမှာ ညီမတစ်ယောက်ရှိတယ်။
သူ့နာမည်က မဟာပဇာပတိဂေါတမီ။
မဟာမာယာ ရော၊ မဟာပဇာပတိဂေါတမီ ပါ။
ရှင်ဘုရင် သုဒ္ဓေါဒန ရဲ့ မိဖုရားတွေ။
(အခုခေတ်လူတွေ ညီအမ အရင်း ၂ ယောက်ကို ယူထားတာ အထူးအဆန်းတော့မဟုတ်ပါဘူး။)
မြတ်စွာဘုရားရဲ့ မယ်တော် မဟာမာယာက မြတ်စွာဘုရားကို မွေးဖွားပြီး မကြာဘူး။
ကွယ်လွန်သွားတာ။
မြတ်စွာဘုရားငယ်စဉ်ဘ၀ကို မဟာပဇာပတိဂေါတမီ က
ပြုစုစောင့်ရှောက်လာရတာ။

မဟာပဇာပတိဂေါတမီမှာလည်း သားသမီးမရှိ မဟုတ်ဘူး။ ရှိပါတယ်။
သားက နန္ဒ၊ သမီးက သုန္ဒရီနန္ဒီ၊

နန္ဒ ဆိုတာ ဗုဒ္ဓစာပေမှာ နာမည်ကြီး။
(စာရေးဆရာကြီး ပါရဂူက ဒီနန္ဒကို
ညီတော်မင်းနန် ဆိုပြီး စာအုပ်တစ်အုပ် ရေးထုတ်ဘူးတယ်)

နန္ဒနဲ့ ဇနပဒကလျာဏီ လက်ထပ်မဲ့နေ့၊
မြတ်စွာဘုရားက နန္ဒကို ကျောင်းခေါ်သွားပြီး ရဟန်းဘောင်တက်ပေးလိုက်တယ်။
တစ်နေ့
မြတ်စွာဘုရားက ရဟန်းတဖြစ်လဲ ရှင်နန္ဒကို
မျောက်မကို လက်ညှိုးထိုးပြပြီး
မင့် ဇနပဒကလျာဏီနဲ့ ဒီမျောက်မ ဘယ်သူက လှသလဲ လို့
ရက်ရက်စက်စက်မေးတယ်။
ပြောချင်တာက
မဟာပဇာပတိဂေါတမီဆိုတာ ဒီဇာတ်လမ်းထဲက နန္ဒ ရဲ့ မိခင်ကြီးပါပဲ။

မဟာပဇာပတိဂေါတမီ ဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ဘူး။
မြတ်စွာဘုရား ဇာတိမြေ ကပိလ၀တ္ထုကို ရောက်ခိုက်
ဖခင် ရှင်ဘုရင်သုဒ္ဓေါဒနကို တရားဟောတာကို
မဟာပဇာပတိဂေါတမီ ပါ နာကြားရင်း သောတာပန်ဖြစ်သွားတယ်။

ခင်ပွန်းဖြစ်တဲ့ ရှင်ဘုရင် သုဒ္ဓေါဒနလည်း ကွယ်လွန်၊
သားတော်နန္ဒ ကလည်း သာသနာတော်တွင်းရောက်နေတော့
မဟာပဇာပတိဂေါတမီလည်း
သာသနာတော်တွင်း ၀င်ရောက်လိုတဲ့ ဆန္ဒပြင်းပြလာတယ်။
ဆန္ဒပြင်းပြပေမဲ့
ဘိက္ခုနီ (အမျိုးသမီးများ ရဟန်းမ ပြုလုပ်ခြင်း) အလေ့အကျင့်က အဲ့အချိန်မှာ လုံးဝမရှိသေးတော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။
ဒါပေမဲ့ ဒီလို စဉ်းစားတတ်တာကိုက သူ့အားသာချက်။

အလုပ်တစ်ခုပြီးမြောက်အောင်မြင်ဖို့
လုပ်ရဲဖို့ထက် လုပ်တတ်ဖို့က ပိုအရေးကြီးတယ်။
စဉ်းစားရဲဖို့ထက် စဉ်းစားတတ်ဖို့က ပိုအရေးကြီးတယ်။
ထိုတို့ထက်
လုပ်တတ်ဖို့ထက် စဉ်းစားတတ်ဖို့က ပိုအရေးကြီးပါတယ်။

မဟာပဇာပတိဂေါတမီ စဉ်းစားတတ်ပြီ၊
စဉ်းစားပြီး သူ့ကို ရဟန်းမဘ၀နဲ့ခွင့်ပြုပြီး သာသနာတွင်းမှာ နေထိုင်ခွင့်ရဘို့
မြတ်စွာဘုရာကို ခွင့်တောင်းတယ်။
မြတ်စွာဘုရားက ခွင့်မပြုပါဘူး။
သုံးကြိမ်တိုင်အောင် တောင်းဆိုတာကိုတောင် မြတ်စွာဘုရားက ခွင့်မပြုခဲ့ပါဘူး။
ငြင်းပယ်ခဲ့ပါတယ်။

မယ်တော်ရင်း မဟာမာယာ ကွယ်လွန်ပြီးတဲ့နောက်
သူ့ကို မယ်တော်အရင်းနဲ့မရှား ပြုစုစောင့်ရှောက်လာတဲ့
မိထွေးတော် မဟာပဇာပတိဂေါတမီ က
သာသနာ့ဘောင်ဝင်လိုကြောင်း၊ ရဟန်းမ ပြုလိုကြောင်း
ခခယယ တောင်းပန်တာတောင် မရပါလား။

မိထွေးတော် မဟာပဇာပတိဂေါတမီဘက်က ကြည့်မယ်ဆိုရင်
စိတ်ပျက်စရာ၊ စိတ်နာစရာ။

ရိုးရိုးလေးကြည့်လိုက်ရင်
သနားတတ်ပါတယ်ဆိုတဲ့ မြတ်စွာဘုရားကပဲ မသနားတတ်သလိုလို၊
ကရုဏာရှိပါတယ်ဆိုတဲ့ မြတ်စွာဘုရားကပဲ ကရုဏာ မရှိသလိုလို။

ဒီ့အပြင်
ယောက်ကျားသားတွေကိုတော့ ရဟန်းဝတ်ခွင့်ပြုထားပြီး
မိန်းမသားတွေကိုတော့ ရဟန်းမ ၀တ်ခွင့် မပြုထားတဲ့ မြတ်စွာဘုရား
လိင်ခွဲခြား ခွဲခြား လုပ်သလိုလို ထင်ရတယ်။
ယောက်ကျားမိန်းမ တန်းတူအခွင့်အရေး မပေးသလိုလို ထင်ရတယ်။

တကယ်တော့ ယောက်ကျား မိန်းမခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး။
အချိန်အခါနဲ့ နေရာဒေသကြောင့်ပါ။
ကရုဏာမရှိလို့ မဟုတ်ပါဘူး။
ကရုဏာ ရှိလွန်းလို့ပါ။

အဲ့ဒီအချိန်တုန်းက ကျောင်းဆိုတာ အတည်တကျရှိသေးတာမဟုတ်ဘူး။
ရှိတဲ့ကျောင်းတွေကလည်း ရဟန်းတွေ နေနေကြတာ။
ရဟန်းတွေနဲ့ ရဟန်းမတွေ အတူနေလို့ကလည်း မဖြစ်ဘူးမဟုတ်လား။

ကျောင်းမရှိတဲ့ရဟန်းတော်တွေ တချို့က သစ်ပင်အောက်၊
တချို့က ၀ါးပင်အောက်မှာ နေထိုင်ရင်း တရားအားထုတ်ကြတာ။
ယောက်ကျားသား ရဟန်းတော်များကတော့ ရဟန်းဘ၀ စရောက်တာနဲ့
တရားအားထုတ်ဘို့ သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ
အဆင်ပြေသလို နေလို့ရပါတယ်။

မိန်းမသား ရဟန်းမများကတော့ ရဟန်းမ ဘ၀ စရောက်ရောက်ချင်း
တရားအားထုတ်ဘို့ သစ်တစ်ပင်အောက်မှာ ၀ါးတစ်ပင်အောက်မှာ
တစ်ကိုယ်တည်းသွားပြီး နေလို့ အဲ့အချိန်တုန်းက အဲ့နေရာဖြစ်တဲ့အိန္ဒိယရဲ့
အဲ့ဒီလူမျိုးတွေကြားမှာ ဖြစ်ကို မဖြစ်ပါဘူး။
( ဒီနေ့ ဒီအချိန်အခါမှာလည်း မဖြစ်သေးပါဘူး)
သိနေတယ်၊ မြတ်စွားဘုရားက ဒါကို သိနေတယ်။

အမျိုးသမီးတွေ သာသနာ့ဘောင်ဝင်ရောက်ဘို့ ရဟန်းမ ပြုဘို့ (ဘိက္ခုနီလုပ်ဘို့)
မြတ်စွာဘုရားက သုံးကြိမ်သုံးခါ ငြင်းဆန်ခဲ့ပေမဲ့
မိထွေးတော် မဟာပဇာပတိဂေါတမီ ဇွဲမလျှော့ပါဘူး။

ယောက်ကျားတို့ဇွဲ သေခါမှ လျှော့မယ် အဆိုရှိပေမဲ့ သူကတော့
မိန်းမတို့ဇွဲ သေခါမှ လျှော့မယ်လို့ နှလုံးသွင်းထားပုံပေါက်ပါတယ်။

မြတ်စွာဘုရား ဝေသာလီမှာ နေခိုက်
မဟာပဇာပတိဂေါတမီဟာ ရဟန်းမလုပ်ဘို့ စိတ်ပါတဲ့အမျိုးသမီးအချို့ကို ခေါ်ပြီး
ဝေသာလီကို လိုက်သွားပါတယ်။
ဝေသာလီနဲ့ မဟာပဇာပတိဂေါတမီတို့နေတဲ့ ကပိလ၀တ္ထုက
မိုင်ပေါင်း ၁၅၀ လောက်ဝေးပါတယ်။

ဒီလောက်ဝေးကွာတဲ့ခရီးကို
လေယာဉ်နဲ့သွားတာလည်း မဟုတ်ပါဘူး။ ရထားနဲ့သွားတာလည်း မဟုတ်ပါဘူး။
ရှင်ဘုရင်ရဲ့ မိဖုရားဖြစ်လို့ မာစီဒီး (သို့) BMW နောက်ဆုံးပေါ်ကြီးစီးပြီး သွားတယ်လို့လည်း
မထင်လိုက်ပါနဲ့။ ကုန်းကြောင်းလျှောက်သွားကြတာပါ။
လမ်းလျှောက်သွားကြတာပါ။ On foot ပါ။

ဒီလောက်ဝေးကွာတဲ့ခရီး မိန်းမသားတွေ လမ်းလျှောက်ကြရတာဆိုတော့
အ၀တ်အစားကလည်း သယ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ခါးဝတ်ခါးစားပဲ ပါမှာ။
ကိုယ်ကိုယ်တိုင် ၀င်ခံစားပြီး စဉ်းစားသာကြည့်ပေတော့။
မိုင် ၁၅၀ ခရီးဆိုတော့ ဘယ်နှရက်လောက် ကြာကြာ လျှောက်ခဲ့ရမယ်မသိဘူး။
လမ်းခရီးမှာ မိုးဒဏ် လေဒဏ် နေဒဏ်တွေနဲ့ဆိုတော့
သူတို့အ၀တ်အစားတွေ ညစ်ပတ်ပေရေနေမှာ သေချာတယ်။
နန်းတွင်းသူတွေဆိုတော့ လမ်းလည်း ရှည်ရှည်ဝေးဝေး လျှောက်ဖူးမယ်မထင်ဘူး။
ဆန္ဒပြင်းပြလို့သာ လာကြတာ။

ခရီးရှည် ခရီးကြမ်းကြီးသွားလိုက်ရတော့
မိန်းမသားကလည်းဖြစ်ပြန် နန်းတွင်းသူတွေကလည်းဖြစ်ပြန်ဆိုတော့
သူတို့ ခြေဖ၀ါးလေးတွေ ပေါက်ပြဲ ဖူးယောင်ကုန်တာပေါ့။

သူတို့ ဝေသာလီပြည် မြတ်စွာဘုရားနေတဲ့ ကျောင်းရောက်တော့
ပထမဆုံးတွေ့လိုက်ရတာက ရှင်အာနန္ဒာ။
သူတို့တစ်တွေကို မြင်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်သွားမှာပဲ။
သန့်ပြန့်ကြော့ရှင်းနူးညံ့နေတဲ့နန်းတွင်းသူတွေကို ကြည့်ပြီး
စာနာစိတ်၊ နားလည်စိတ်တွေ ရင်ထဲမှာ ပြည့်နေတဲ့ရှင်အာနန္ဒာ
ဒီမြင်ကွင်းကို မြင်ကွင်းအတိုင်း ချက်ချင်း မြတ်စွာဘုရားထံ သတင်းပို့တယ်။

တချိန်းတည်းမှာပဲ သူတို့တစ်တွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့ ရဟန်းမအဖြစ်လက်ခံဘို့ လျှောက်တယ်။
မြတ်စွာဘုရား ငြင်းဆိုပါတယ်။
ဒုတိယအကြိမ် ဆက်လျှောက်တယ်။
ပယ်ချတယ်။
တတိယအကြိမ်။
ပယ်ချတာပါပဲ။ ခွင့်မပြုပါဘူး။

အော်၊ မြတ်စွာဘုရားနှယ်၊ သာသနာ့ဘောင်ဝင်ရောက်ချင်လွန်လို့ ရဟန်းမ ဖြစ်ချင်လွန်လို့
ဘိက္ခုနီလုပ်ချင်လွန်းလို့ အပင်ပန်းခံပြီး မိုင် ၁၅၀ ဝေးကွာတဲ့နေရာက တကူးတကလာရတာ၊ ကိုယ်ချင်းမစာတတ်လိုက်တာလို့ အပြစ်တင်မစောလိုက်ပါနဲ့။

အဲ့ခေတ် အဲ့အခါက အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဆိုတာ
မီးဖိုချောင်ထဲမှာပဲ နေရတဲ့သက်ရှိသတ္တ၀ါတစ်မျိုးလို့ မှတ်ယူထားကြတာ။
မြတ်စွာဘုရားက အဲ့သက်ရှိသတ္တ၀ါကို
မီးဖိုးချောင်ထဲက ဆွဲထုတ်ပြီး သင်္ကန်းဝတ်ပေးပြီး
ထိပ်တည့်တည့်က ထိုင်ခိုင်းလိုက်ရင်
ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြည့်ရသေးတယ်။
ဒါ ဒေသကို ကြည့်တာလို့ ဆိုရမယ်။
နောက်ပြီး ကာလ ဆိုတဲ့ အချိန်ဆိုတာကိုလည့် ထည့်တွက်ရတယ်။
အချိန်တန်ပြီလား။ မတန်သေးဘူးလားဆိုတာ။

ဒီ Time and Space ဆိုတဲ့ ချိန်ခွင်ညှာကို ညှိနိုင်မှသာ
ကိုယ်တည်ထောင်လိုက်တဲ့လုပ်ငန်း အောင်မြင်မယ်ဆိုတာ
မြတ်စွာဘုရားသိနေလို့သာ ရှင်အာနန္ဒာရဲ့ လျှောက်ထားတောင်းပန်ချက်တွေကို
ငြင်းဆိုနေတာဖြစ်မယ်။
မိန်းမတွေကို ခွဲခြားဆက်ဆံနေတာ မဟုတ်ပါဘူး။

မြတ်စွာဘုရားဟောတာကို ကြည့်ပါလား။
(မနုဿတ္တဘာဝ ဒုလ္လဘ) လူ့အဖြစ်ကို ရခဲတယ် လို့သာ ဟောခဲ့တာ။
ယောက်ကျားအဖြစ်ကို ရခဲတယ်၊ မိန်းမအဖြစ်ကို ရခဲတယ်လို့ မဟောခဲ့ပေါင်။
လူ့ဘ၀ရောက်လာ လူ့အဖြစ်ကို ရရှိလာမှတော့
ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ရခဲတဲ့ဘ၀ကို ရရှိခဲ့ကြလို့ အကုန် ကံကောင်းသူတွေချည်းပါပဲ။
ဒါပေမဲ့ ယောက်ကျားနဲ့ မိန်းမ မတူဘူးဆိုတာကိုတော့ လက်ခံရမှာပဲ။
တူမှ မတူပဲဟာကိုး။

အခုခေတ်အော်နေတဲ့ ယောက်ကျားမိန်းမ တန်းတူညီမျှအခွင့်အရေးဆိုတာတွေလည်း
ရာနှုန်းပြည့်တော့ ဘယ်ခေတ်ကာလကိုရောက်ရောက် ရနိုင်မယ်မထင်ပါဘူး။

တချို့အမျိုးသမီးတွေကလည်း စီးပွါးရေးရှုဒေါင့်က ကြည့်ပြီး
သူတို့လည်း ငွေရှာနိုင်တော့ သူတို့ ယောက်ကျားတွေနဲ့ ခြေရာချင်း တိုင်းချင်ကြတယ်။
ခြေရာချင်း မတူနိုင်ပါဘူး။ ယောက်ကျားခြေထောက်နဲ့ မိန်းမခြေထောက် မတူလို့ပါ။

မြန်မာစကားမှာရှိတဲ့ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတာကိုက
ယောက်ကျားတွေက အိမ်ထောင်မှုဝန်ကို ပိုထမ်းနေရကြောင်း သိသာပါတယ်။

ဟုတ်တယ်လေ၊ ယောက်ကျားတစ်ထမ်းနဲ့ မိန်းမ တစ်ရွက်
ဘယ်သူက ၀န်ကို ပိုထမ်းရလဲ၊ ပိုထမ်းနိုင်သလဲ။ ပိုသယ်ရသလဲ။
အသိသာကြီးပါ။
Read more...

Read more...

" ကြည်နူးဖွယ်အမှတ်တရပုံရိပ်လေးများ"

ဘ၀မှာ အမှတ်တရတွေထဲက အမှတ်တရခုအဖြစ် ရပ်တည်ကျန်ရစ်ခဲ့စေမှာ သေချာတဲ့ အမှတ်တရတစ်ခုကတော့ ဒီနေ့ (08/04/2011)စာရေးသူ၏ တက္ကသိုလ်မှာ ပရော်ဖက်ဆာ၊ နည်းပြဆရာ၊ ဒီဂရီ ကျောင်းသားများနဲ့ ဒီပလိုမာကျောင်းသား ကျောင်းသူများ လင်္ကာရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပျော်ရွှင်ကြည်နူးစရာ အခမ်းအနားအစီအစဉ်လေးတစ်ခုကို ပြိုင်ပွဲဝင် ကစားနည်းလေးတွေနဲ့ အတူ ကျင်းပဖြစ်တဲ့ ဒီပျော်ရွှင်ပွဲလေးပါပဲ။ နံနက် ၉.၀၀မှာ စတင်ပါတယ်။
ပျော်ရွှင်စွာပါဝင် ကစားပျော်ပါးနေတဲ့ မှတ်တမ်းဝင်ပုံလေးတွေကို ကြည့်ကြရအောင်နော်။
ဒီပုံလေးကတော့ အခမ်းအနားအစီအစဉ်မစမီ ငါးပါးသီလဆောက်တည်နေတဲ့ပုံလေးပါ။
ဒီအစဉ်လေးက ကျောင်းသားတွေနဲ့ စာသင်စာပြ ပရော်ဖက်ဆာများ ပျော်ရွှင်ဖိုအတွက် ရည်ရွယ်ကျင်းပတဲ့ပျော်ရွှင်ပွဲလေးပါ။ ပျော်ရွှင်ပွဲပင် လုပ်စေကာမူ ဦးစွာပထမ အခမ်းအနားမစမီ ငါးပါးသီလဆောက်တည်လေ့ရှိတဲ့ ဒီနိုင်ငံရဲ့ ဓလေ့လေးကတော့ မြတ်နိုးစရာ အတုယူစရာလေးပါပဲ။
ဒီပုံလေးကတော့ မီးပူဇော်ထွန်းညှိနေတဲ့ ပုံလေးပါပဲ။ ဘယ်လိုအခမ်းအနားပဲ ကျင်းပကျင်းပ ဒီ Lighting မီးထွန်းညှိပူဇော်ခြင်းကို ပြုလုပ်ကြပါတယ်။ ငါးပါးသီလ ခံယူပြိးတော့ပေါ့။ ဒါဟာ သူတို့ရဲ့ ရိုးရာဓလေတစ်ခုပါ။


ဒီပုံလေးကတော့ နိုင်ငံတော်သီချင်းရွတ်ဆိုနေတဲ့ပုံလေးပါပဲ။ ဒီ national anthem ကိုလည်း အခမ်းအနားတိုင်းမှာ ရွတ်လေ့ရှိပါတယ်။
ဒီပုံလေးကတော့ တမာခေါက်တို့၊ဗောဓိပင်အရွက်တို့နဲ့ တစ်ခြားသူတိုရိုးရာမှာ အသုံးပြုတဲ့ သစ်ခေါက်များကို ထောင်းချေပြီး အိုးခွက်လေးထဲကိုထည့်ထားပြီး နှစ်သူစ်ကူးအခမ်းအနားကျင်းပမယ့်နေရာ ဖိုခနှောက်သုံးခုပေါ်အသင့်ပြင်ထားတဲ့အရာလေးကို ဆူပွက်သည်အထိ တည်ထားဖို့ လောင်ဆာပေးနေတာပါပဲ။ ဒီရိုးရာဓလေ့လေးဟာ အိမ်တိုင်းအိမ်တိုင်းမှာ အဲဒီနှစ်သစ်ကူနေ့မှာ (ပုံမှန်အားဖြင့် ဒီနိုင်ငံနှစ်သစ်ကူးရက်က တိတိကျကျပေါ့ ဧပရယ် ၁၄ ရက်လို့ဆိုပါတယ်။) ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုပြုလုပ်တာဟာ အဲဒီနှစ်သစ်ကူးအခါသမယမှာ မီနရရှိယ ကနေ မေရှရရှိယ ကိုပြောင်းရွေ့သွားတဲ့ နေမင်းကြီးကို အရိုအသေပြု အလေးပြုခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။ အဲဒိနေမင်းကြီး မီနရရှီယကနေ မေရှရရှိယ ကိုပြောင်းရွှေ့သွားတာကိုပဲ နှစ်ကူးတယ်လို့လည်း ပြောကြပါတယ်။ နှစ်သစ်ကူးကာလကို သူတိုဘာသာအရ “အာလုအာဝုရုဓု-နှစ်သစ်ကူးကာလ” လို့ဆိုပါတယ်။
ဒီဓာတ်ပုံပါ သူငယ်ချင်းများက အမိ၊အဖ၊ သားနဲ့ သမီး ကိုယ်စားဒီလိုပြုလုပ်ကြတယ်ဆိုတာကို ကိုယ်စားအနေနဲ့ သရုပ်ပြထားခြင်းပါ။

သူတို့ရိုးရာဓလေ့အနေနဲ့ အိမ်တိုင်းအိမ်တိုင်း ဒီကျိုချက်မှုလေးအပြီးမှာ မိဘနှစ်ပါးကို သားသမီးတွေက ဦးချကန်တော့ရှိပါတယ်။ ပြီးတော့ မိဘများက သားသမီးများကို အန္တရာယ်အပေါင်းမှလွတ်မြောက်ပါစေ၊ အသက်ရာကျော်ရှည်ပါစေ။ ဘာသာ သာသနာ နိုင်ငံတော်ကို အလေးအမြတ်ထား ချစ်ခင်မြတ်နိုး ပူဇော်တတ်ပါစေ စတဲ့ ဆုပေးခြင်းများကို ကောင်းချီးပြုကြပါတယ်။ (စာရေးသူတို နိုင်ငံမှာလည်း ဒီလို နှစ်သစ်ကူးကာလမှာ မိဘနှစ်ပါးကို လူတိုင်းလူတိုင်း မိသားစုတိုင်း ရွာတိုင်း မြိုတိုင်းမှာ ဒီလို ဓလေ့လေ့ထားရှိမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ စားရေးသူတို့နိုင်ငံမှာ ဒီနေ့လိုနေ့မျိုးမှာ မိဘကို ရိုသေသူ ရှိပါတယ်။ ဒါပေမယ့် လက်ချိုးလို့ ရေတွက်လိုရပါတယ်။)
မိဘနှစ်ပါးက သားနဲ့ သမီးကို နိုထမင်း ခွံ့ကျွေးနေတဲ့ပုံလေးပါ။



ဒီပုံလေးကတော့ ရဟန်းသံဃာတွေကို ခဲဖွယ်ကပ်နေတဲ့ပုံလေးတွေနဲ့ အပြီးမှာ သူတိုစားသုံးနေတဲ့ပုံလေးပါပဲ။
အားအင်ပြည့်ပြီးတာကြောင့် ပြိုင်ပွဲအတွက် နေရာယူဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသူလေးတွေပါ။ ဒီပထမ ပြိုင်ပွဲကတော့ ရိုးရှင်းပါတယ် ခြေထောက်တစ်ဖက်စီ အ၀တ်စလေးချည်ထားပြီး ပန်းတိုင်ကို အရင်ရောက်အောင် ပြေးနိုင်သူအဖွဲ့က အနိုင်ရသူပါပဲ။
ဒီပြိုင်ပွဲအတွက် အနိုင်ဆုကို ရရှိသူနှစ်ယောက်ကို ပရော်ဖက်ဆာ သောမဒသနက ဆုချီးမြင့်နေတဲ့ပုံလေးပါ။
ဒီဆင်ပုံလေးကတော့ ဒုတိယကစားနည်းအတွက်ပါပဲ။ white board မှာ ဆင်ပုံဆွဲထားပါတယ်။ ခြေလှမ်း ၁၀လှမ်းလောက်အကွာနေ မျက်စိနှစ်ဖက်ကို အ၀တ်စည်းပြီးကာ အဲဒီဆင်ရုပ်ရဲ တစ်လုံးတည်းရှိတဲ့ မျက်လုံးအလယ်တည့်တည့်မှာ ဆော့ပင်နဲ့ အမှတ်အသားပြုနိုင်သူက အနိုင်ရသူဖြစ်မှာပါ။
သူတို့ စတင်ပြိုင်ပွဲဝင်နေကြတဲ့ ပုံလေးတွေပါ။
ဒီဖိုင်တွဲကိုင် ထီးဆောင်းပြီး ရယ်ပြုံးနေတဲ့သူနှစ်ယောက်ကတော့ ဒီအစီအစဉ်ကို ဦးဆောင်တဲ့ စာရေးသူတို့၏ အင်္ဂလိပ်စာဆရာမနှစ်ယောက်ပဲဖြစ်ပါတယ်။
စာရေးသူတို့ ပါမောက္ခကိုယ်တိုင်တက်ရောက်ကာ (ဘယ်အစွန်ဒုတိယမြောက်) အားပေးနေတဲ့ပုံလေးပါ။
ဒီပြိုင်ပွဲအတွက် ပထမဆုရရှိသူကို deputy Rector လက်ထောက် ပါမောက္ခက ဆုချီးမြင့်နေတဲ့ပုံလေးပါ။ သူတစ်ယောက်ပဲ မျက်လုံးတည့်တည့်မှာ အမှတ်သားပြုနိုင်တာပါ။
ဒီချိတ်ဆွဲထားတဲ့ ကိတ်လေးတွေကတော့ တတိယကစားနည်းအတွက်ပါပဲ။ ခပ်လှမ်းလှမ်းတစ်နေရာကနေ လက်ကိုနောက်ပြန်ကာ အ၀တ်စနဲ့ချည်ထားပါမယ့်။ ပြီးတော့ အဲဒီမုန်ရှိရာကို ပြေးပြီး ပါးစပ်နဲ့ပဲ ကုန်အောင်ကိုက်စားရပါတယ် စားပြီးရင် အရင်နေရာကို ပြန်ပြေးရပါတယ်။ အရင်စားနိုင်သူက အနိုင်ရမှာပါ။
အဆင်သင့်အနေအထားမှာ ရှိနေတဲ့ ပြိုင်ပွဲဝင်တို့ရဲ့ ပုံလေးတွေပါ။

စတင်ပြိုင်ပွဲဝင် စားသောက်နေတဲ့ ပုံလေးတွေပါ။

ဒီပြိုင်ပွဲအတွက် ပထမဆုရသူကို အတွင်းရေးမှုးဖြစ်သူက ဆုချီးမြင့်နေတဲ့ပုံလေးပါ။
ဒီပုံလေးကတော့ စတုတ္ထကစားနည်းလေးပါ။ သူက ဇွန်းပေါ်ကို သံပုရာသီးကိုတင်ပြီး ဇွန်းကိုကိုက်ပြီး ပန်းတိုင်ပြေးရတာပါ။ မကျအောင်ထိန်းပြီး ပန်းတိုင်ရောက်သူကနိုင်သူပါ။

ဒီပုံလေးကတော့ ဒိန်ချဉ်ဗူးလေးကို တစ်ယောက်တစ်ဗူးကိုင်ထားရပါတယ်။ အဝေးကပြေးလာမယ့် ကိုယ့်ရဲ့ လူကို ခွံ့ကျွေးရပါတယ်။ အရင်ရောက်သူ မြန်မြန်စားနိုင်သူက အနိုင်ရပါတယ်။
စားဖို့အတွက် တော်တော်ဝေးဝေးနေရာကပြေးလာတဲ့ သူတွေရဲ့ ပုံလေးတွေပါ။

ဒါကတော့ ခွံ့ကျွေးနေတဲ့ ပုံလေးပါ။

ဒီပုံလေးကတော့ ဒီပြိုင်ပွဲမှာ ပထမရသူကို စာကြည့်တိုက်မှူးက ဆုချီးမြင့်နေတဲ့ ပုံလေးပါပဲ။
ဒီပုံလေးကတော့ ပဉ္စမကစားနည်းပုံလေးပါ။ သူက ပူးစည်ဖေါင်း ထဲကို ရေထည့်ပြီး တစ်ဖက်က ကိုယ့်လူဆီကို ပစ်ပေးရပါတယ် မကျအောင် မကွဲအောင်ဖမ်းရတာပါ။ နောက်ဆုံး မကျအောင် မကွဲအောင် ထိန်းနိုင်ပစ်နိုင်ဖမ်းနိုင်သူက အနိုင်ရပါတယ်။
သူတို့ကစားနေတဲ့ ပုံလေးတွေပါ။

ဒီပုံလေးတွေကတော့ လွန်ဆွဲတဲ့ ကစားနည်းကလေးပါပဲ။ ပါမောက္ခချူပ်နဲ့ နည်းပြများ ၀န်ထမ်းများဘက်က တစ်ဖက်ပေါ့။
ကျောင်းသူ/သားများဘက်က တစ်ဖက်ပါ။


စတင် အားပြိုင်နေကြတဲ့ ပုံလေးတွေပါ။ ပထမအချီတော့ ကျောင်းသားများဘက်က နိုင်ပါတယ်။ ဒုတိယအချီပြန်ဆွဲကြတော့ အနိုင်အရှုံးမပေါ်လိုက်ပါဘူး။ လွန်ကြိုးပြတ်ထွက်သွားလို့ နှစ်ဖက်သားများ မှောက်လျက်လဲသွားကြလိုပါ။
(နောက်ပြီး မျက်စိကိုအ၀တ်စည်းကာ ချိတ်ထားတဲ့ အိုးကို ရိုက်ခွဲကစားနည်းလည်းပါပါတယ်။ ဓာတ်ပုံက တင်ဖို အဆင်မပြေတာကြောင့် ချန်ထားခဲ့ပါသည်။)
ဒီပုံလေးကတော့ အားရပါးရ အားပေးတဲ့ ပရိသတ်တွေပါ။ (အထက်ပါကစားနည်းတွေကို စာရေးသူတို့ ရဟန်းများအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုကြပါဘူး)

ဒါလေးကတော့ သင်္ဘောသီး ကစားနည်းတစ်ခုပါ။ ဉာဏ်စမ်းကစားနည်းပေါ့ စာရေးသူတို့လည်း ပါဝင်ဉာဏ်စမ်းကြပါတယ်။ သူကစားနည်းက ဒီသင်္ဘောသီးလုံးထဲမှာ သင်္ဘောစေ့ ဘယ်လောက်ပါသလဲဆိုတာ မှန်းခိုင်းတာပါပဲ။ စာရေးသူ စမ်းကြည့်တယ်။ စာရေးသူ ဉာဏ်ကြီးရှင် ဟုတ်မဟုတ်ဆိုတာကိုတော့ အဖြေက သမုတ်သွားပါတယ်။ (အဖြေမှန်အောင် မမှန်းတတ်ပါဘူး။ လွဲပါတယ်။)

ဒီပုံလေးတွေကတော့ အနိုင်ရသူတွေကို ဆုချီးမြှင့်နေတဲ့ပုံလေးတွေပါ။

ဆုပေးပွဲအခမ်းအနားပြီးတော့ တစ်ယောက်ကိုတစ်ယောက် Happy New Year လို့ နှုတ်ဆက်မေတ္တာပို့သရင်း နှုတ်ဆက်စကားဆိုဖြစ်ကြပါတယ်။ ဒီ ပုံလေးတွေကို စာချစ်သူတိုအနေနဲ့ သီရိလင်္ကာနိုင်ငံ၏ ရိုးရာဓလေ့လေးများကိုလည်း အတွေးများရဖို့ လေ့လာသိရှိလိုတာကြောင့်လည်းပါပါတယ်။ နောက်ပြီး စာရေးသူတို့ Sri Lanka International Buddhist Academy (SIBA) မှ ကျောင်းသား/သူများ၊ ပါမောက္ခချူပ်နဲ့ နည်းပြဆရာ/ဆရာများ ၀န်ထမ်းများအားလုံး နွေးထွေးပျော်ရွှင်စွာ တက်ညီလက်ညီ ကျင်းပခဲ့တဲ့ ပျော်ရွှင်စရာပွဲလေးတစ်ခုကို စာရေးသူ၏ အမှတ်တရတစ်ခုအဖြစ် ထင်ကျန်ရစ်နေမယ့် အမှတ်တရလေးတစ်ခုကို မှတ်တမ်းပြုထားလိုတာကြောင့်လည်းပါပါတယ်။ ဒီကစားပွဲလေးကို စာရေးသူ ကိုယ်တိုင်ပါဝင် မြင်တွေ့ခွင့်ရတာကြောင့် ဒီမှတ်တမ်းလေးကို ကြည့်မိတိုင်းလည်း ပြုံးရယ်မိသလို ကြည့်ရှု့ခဲ့စဉ်ကလည်း ပျော်ရွှင်ခဲ့ရပါတယ်။ စာချစ်သူတိုလည်း ဒီပုံရိပ်မှတ်တမ်းလေးများကို ကြည့်ရင်း သူတို့ဆီက ကြည်နှုးမှု့လေးများ တွေးတောစရာလေးများ ထင်ကျန်ဖြစ်ပေါ်လာလိမ့်မယ်လို့ စာရေးသူ ယုံကြည်မိပါတယ်။

နှစ်သစ်မှာ........စာချစ်သူအပေါင်းနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ စာရေးသူ ဆုမွန်းကောင်း တောင်းပေးလိုက်ပါတယ်။


(ဥယျာဉ်မှူးလေး)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP