* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, March 26, 2011

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်




သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
(သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊
(ဒွါဒသင်စ သဟသကေ)
ပဉ္စဿတ သဟဿာနိ၊
(ပင်စ သတ်တာ သဟသာနိ)
နမာမိ သိရသာမဟံ။
(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊
( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။
(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊
(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊
(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။
(ဝိနတ်သန်တု အသေသတော)

ဆရာတော်ကြီး တိုကျိုမြို့ ၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ်

အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။

အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။ အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။

အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။ ပြီးတော့ ဒွါဒသဉ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဉ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဉ္စသတ သဟဿာနိ ပဉ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁၀၀၀နော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။ ပဉ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။

ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သင်္ချေ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။ သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို့ ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။ ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။ သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။

ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။ ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။ တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။

အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သင်္ချေကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။ အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။ မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။ အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။

၁၆ သင်္ချေကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သင်္ချေ။ ဘယ်လောက်ကြာတုန်း။ (၇) သင်္ချေကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သင်္ချေ။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သင်္ချေ။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆) သင်္ချေ။ ပထမ (၇)သင်္ချေတွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။ ပထမ (၇) သင်္ချေ အချိန်ကာလအားဖြင့် (၇)သင်္ချေ၊ အဲဒီ (၇)သင်္ချေအတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သင်္ချေကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သင်္ချေ။ ဘုရားပေါင်းက ၃၈၇၀၀၀ ။ အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။

အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။ ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။ ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။

အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သင်္ချေတုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။ အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။

အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။ ဘဝပေါင်း ကမ္ဘာပေါင်း သင်္ချေ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။

“သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ

ဒွါဒသဉ္စ သဟဿကေ

ပဉ္စသတ သဟဿာနိ

နမာမိ သိရသာ မဟံ

အပကာ ၀ါဠုကာ ဂင်္ဂါ

အနန္တာ နိဗ္ဗုတာ ဇိနာ

တေသံ ဓမ္မဉ္စ သံဃဉ္စ

အာဒရေန နမာမဟံ

နမက္ကာရာ နုဘာဝေန

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ

အနေက အန္တရာယာပိ

ဝိနာဿန္တု အသေသတော”

ကဲ....တော်လိုက်ကြအုံးစို့။

သာဓု……သာဓု……သာဓု

(ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။)

အောင်ပြည့်စုံအေး

(Facebook မှ ပြန်လည်ကူးယူဖော်ပြဓမ္မဒါန ပြုပါသည်။)
ဆက်လက်ဖတ်ရှုရန်

Read more...

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၇)

(၁)

“ဦးဇင်းဘုရားရေ တရားနာပရိသတ်တွေကတော့ လန်ထွက်နေပေါ့ဘုရာ့၊ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာတောင် မဆန့်တော့လို့ လမ်းမတွေပေါ်မှာ ဖျာတွေရော ယိုင်ပတ်တွေပါ ခင်းထားရပြီဘုရား”

ဤသို့လျှင် တရားပွဲသတင်းစကားကို အားတက်ဖွယ်ကြားရပေတော့၏။ အော် ဆွေတရား မျိုးတရား အကျိုးများအောင် မောင်ဘုန်းတစ်ပါး ဟောကြားရပေတော့မည်။ လေအဝှေ့နှင့်အတူ တစ်ချက်တစ်ချက် ဆောင့်တက်ကာ မွှေ့ပေသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်သံကို အခံခက်သည့်တိုင် တရားအလေ့တွင် အမွေ့ ကြီးမွေ့ကြသည့် သူ့အမျိုးများကိုမူ အားရကျေနပ်မိရချေသည်တကား။

Read more...

Read more...

အရှင်ဥပဂုတ္တ

(မေး) ဆရာတော် အရှင်မြတ်ဘုရား၊ သမီးက ဗဟန်းမှာ နေပါသည်ဘုရား။ မနီးမဝေးမှာ အရှင်ဥပဂုတ္တ ကျောင်းဆောင်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြီး တိုက်လို့ အရှင်ဥပဂုတ္တကျောင်းဆောင် အနည်းငယ် ပျက်စီးသွားတာကို ပြုပြင်ဖို့ ယခုအခါ ဂေါပကတွေက အလှူခံနေကြပါတယ်။ သမီးတို့ အိမ်နားက ဘကြီးက ဥပဂုတ္တဟာ ဘုရားဟောမဟုတ်ဘူး။ ဟုတ်တယ်ဆိုရင် ခုလိုမျိုး လေဘေးဆိုးကြီးနဲ့ မကြုံအောင် ဘာပြုလို့ တားဆီးမပေးတာလဲ၊ မိုးမရွာအောင် တားပေးနိုင်တယ်မဟုတ်လားလို့ သမီးတို့ ဖေဖေကို ပြောတာကို ကြားလိုက်ရပါတယ်။ အဲဒီဘကြီး ပြောတာ ဟုတ်ပါသလားဘုရား၊ အရှင်ဥပဂုတ္တမထေရ် အကြောင်းကို သိလိုပါသည်ဘုရား။
(ဦးတင်လျက် မြမဉ္ဇူ-ဗဟန်း)

(ဖြေ)
သက္ကတကျမ်းတွေ အဆို---
ဒိဗျာဝဒါနကျမ်းမှာ ဗုဒ္ဓမြတ်စွာက မထုရာမြို့ကို ရောက်ခိုက် နောင်နှစ်တစ်ရာအကြာမှာ ဒီမြို့မှာ ဥပဂုတ္တဘွဲ့အမည်နဲ့ ရဟန္တာတစ်ပါး ပွင့်ထွန်းပြီး ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာတော်ကို စည်ပင်အောင် ဆောင်ရွက်မယ်လို့ ဗျာဒိတ်ပေးတော်မူကြောင်း ဖော်ပြတယ်။ (စကားမစပ် မထုရာမြို့ကို ဗုဒ္ဓရောက်ကြောင်း ထေရ၀ါဒ ပါဠိတော် အံ-၂၊ ၂၂၄-မှာလည်း ဖော်ပြတယ်)။

ဘီစီ ၃-ရာစု အသောကခေတ်က မထုရာမြို့မှာ သဗ္ဗတ္ထိဝါဒီဂိုဏ်း ထွန်းကားပါတယ်။ အရှင်ဥပဂုတ္တမထေရ်အကြောင်းကို သဗ္ဗတ္ထိဝါဒီဂိုဏ်းသားတွေဆီက ရရှိတာလို့ ဆိုတယ်။ ဒါကြောင့် အရှင်ဥပဂုတ္တဟာ အိန္ဒိယအနောက်မြောက်ပိုင်း မထုရာမြို့သား သဗ္ဗတ္ထိဝါဒဂိုဏ်းဝင် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရတယ်။

သက္ကတအစဉ်အလာနဲ့ ရှေးကျတဲ့ တရုတ်တိဘက် မှတ်တမ်းတွေအရ အရှင်ဥပဂုတ္တဟာ ထေရ်စဉ်အရ လေးပါးမြောက် သံဃာ့ခေါင်းဆောင်မထေရ်၊ အသောကမင်းရဲ့ ထင်ရှားတဲ့ ဆရာအရှင် ဖြစ်ရုံမက အသောကမင်းကို လုမ္ဗိနီ စတဲ့ ဗုဒ္ဓ၀င် နေရာတွေကို သွားရောက်ဖူးမြော်ဖို့ တိုက်တွန်းသူလည်း ဖြစ်တယ်။ သဗ္ဗတ္ထိဝါဒ ၀ိနည်းကို စုစည်းသူ၊ နေတ္တိပဒကျမ်းကို ရေးသားသူအဖြစ်လည်း လေးစားကြတယ်။ (John H.Strong. The Legand and Cult of Upagupata, Intro. P.6)

ထေရ၀ါဒကျမ်းနဲ့ အရှင်ဥပဂုတ္တ---
အရှင်ဥပဂုတ္တနဲ့ အသောကမင်းတို့ ပတ်သက်ပုံ အစအနကို ထေရ၀ါဒ ပါဠိတော် အဋ္ဌကထာတွေမှာ မတွေ့ရတာကတော့ အင်မတန် ထူးခြားတာပဲ။ ဒါပေမဲ့ အေဒီ ၁၂-ရာစု မတိုင်ခင် ရေးသားခဲ့တဲ့ ရှေးအကျဆုံး ၀ိနည်းဋီကာဖြစ်တဲ့ ၀ဇီရဗုဒ္ဓိ ဋီကာမှာ ယခုဖော်ပြနေတဲ့ အရှင်ဥပဂုတ္တအကြောင်းကို ရှားရှား ပါးပါး ရည်ညွှန်းထား (စာ၊၆၃) တာကလည်း စဉ်းစားစရာပါပဲ။ John. H.Strong ရဲ့ အလိုအရ အေဒီ ၁-ရာစုအချိန်က စပြီး အိန္ဒိယ အနောက်မြောက်ပိုင်းမှာ အရှင်ဥပဂုတ္တကို ကိုးကွယ်မှု စတင်ခဲ့ပြီး မြန်မာ-ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာတော့ အေဒီ ၁၂-ရာစုလောက်မှာ စတင် ကိုးကွယ်ခဲ့ဖွယ် ရှိတယ်။ သီရိလင်္ကာမှာတော့ အရှင်ဥပဂုတ္တအကြောင်းကို လုံးဝ မသိကြဘူးလို့ ဆိုတယ်။ (ibid.p.5)

ကစ္စည်းသဒ္ဒါကျမ်း (အေဒီ ၅၊ သို့မဟုတ် ၆-ရာစုခန့်) မှာ ဥပဂုတ္တေန မာရော ဗန္ဓော-လို့ ရည်ညွှန်းထား တာကို တွေ့ရတယ်။ အဲဒီဝါကျကိုပဲ ပုဂံခေတ် မြန်မာနိုင်ငံသား အရှင်အဂ္ဂ၀ံသ ရေးတဲ့ သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်း (အေဒီ ၁၂-ရာစု အစပိုင်း) မှာလည်း ထပ်ဆင့်ဖော်ပြတယ်။ ဒီပါဠိသဒ္ဒါကျမ်းတွေကို မြန်မာတို့ ပုဂံခေတ်ကပင် သင်ယူခဲ့ကြတာ ဖြစ်လို့ မထုရာမြို့သား အရှင်ဥပဂုတ္တ အကြောင်းကို အနည်းဆုံး အေဒီ ၁၂-ရာစု အချိန်က မြန်မာနိုင်ငံသားတို့ ကြားဖူးနေပြီလို့ ဆိုနိုင်တယ်။

ယိုးဒယား၊ ဇင်းမယ်အရပ်က အမည်မသိ ပုဂ္ဂိုလ် ပါဠိဘာသာနဲ့ ရေးတဲ့ ပဌမသမ္ဗောဓိကျမ်း (PTS version နိဒါန်း ဖော်ပြချက်အရ အေဒီ ၁၂-ရာစု) နောက်ဆုံးခန်း (မာရဗန္ဓနအခန်း၊ အေဒီ ၁၈-ရာစု ထပ်ဖြည့်သည့်အခန်း)မှာလည်း ဥပဂုတ္တနဲ့ အသောကမင်းအကြောင်းကို ဖော်ပြတယ်။ နှောင်းခေတ် မြန်မာဘာသာ ကျမ်းတွေဖြစ်တဲ့ ဦးကုလား မဟာရာဇ၀င်၊ မှန်နန်းရာဇ၀င်၊ မဟာဝင်ဝတ္ထုနဲ့ ကျီးသဲလေးထပ် ဆရာတော်ရဲ့ ဇိနတ္ထပကာသနီကျမ်းတွေမှာလည်း အရှင်ဥပဂုတ္တမထေရ်က မာရ်နတ်ကို တန်ခိုးနဲ့ ဆုံးမပုံအကြောင်းကို တခမ်းတနား ဖော်ပြတယ်။


လောကပညတ္တိကျမ်း
အေဒီ ၁၁၊ သို့မဟုတ်-၁၂-ရာစုလောက်မှာ မြန်မာနိုင်ငံ သထုံမြို့နေ အရှင်သဒ္ဓမ္မဃောသမထေရ် ပါဠိဘာသာနဲ့ ရေးစီရင်ခဲ့တဲ့ ကျမ်းပါ။ ပါဠိ-ပြင်သစ် နှစ်ဘာသာနဲ့ ၁၉၇၇-ခုနှစ်က ပဲရစ်မြို့မှာ ထုတ်ဝေတယ်။ မူရင်းဖြစ်တဲ့ သက္ကတကျမ်းကတော့ ယခုအခါ တရုတ်ဘာသာနဲ့ပဲ ရှိတော့ကြောင်း သိရတယ်။ ဒီကျမ်းမှာ အရှင်ဥပဂုတ္တမထေရ်က အသောကမင်းကို ကူညီပြီး သာသနာပြုပုံကို ဒီလို ဖော်ပြပါတယ်။


အသောကမင်းဟာ စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်ပြီးနောက် စေတီပူဇော်ပွဲကို ကျင်းပဖို့ ပြင်ဆင်ရာမှာ ပွဲကို မနှောင့်ယှက်နိုင်အောင် ထိန်းစောင့်ဖို့ ပြည့်စုံတဲ့ ရဟန္တာတပါး ခန့်အပ်ပါရန် သံဃာကို လျှောက်ထားတယ်။ သံဃာက သမုဒ္ဒရာထဲမှာ ရတနာပြာသာဒ် ဖန်ဆင်းပြီး တပါးတည်း သီတင်းသုံးနေထိုင်တဲ့ အရှင်ဥပဂုတ္တမထေရ်ကို ခန့်အပ်လိုက်တယ်။ ဥပုသ်ပြုခြင်း စတဲ့ သံဃာ့ကိစ္စကို လာရောက် မဆောင်ရွက်လို့ အပြစ်ပေးတဲ့သဘောနဲ့ပါ။


ပါဋလိပုတ်မြို့နားက အသောကမင်း တည်ဆောက်တဲ့ မဟာစေတီ မီးထွန်းပွဲတော် ပျက်အောင် မာရ်နတ်က မိုးရွာ၊ လေတိုက် လုပ်ပြီး နှောင့်ယှက်တာကို အရှင်ဥပဂုတ္တက တားဆီးတယ်။ မာရ်နတ်က ဧရာမ နွားကြီး အသွင်၊ ကျားအသွင်၊ နဂါးအသွင်၊ ဂဠုန်အသွင်နဲ့ ဆီမီးတိုင်တွေကို ဖျက်ဆီးဖို့ ပြေးလာတာကို အရှင်ဥပဂုတ္တက နှစ်ဆကြီးတဲ့ ကိုယ်ကို ဖန်ဆင်းပြီး မာရ်နတ်ကို မောင်းထုတ်တယ်။ နောက်ဆုံး အရှင်ဥပဂုတ္တဟာ လူအသွင်နဲ့ နှောင့်ယှက်ဖို့လာတဲ့ မာရ်နတ်ရဲ့ လည်ပင်းမှာ လောက်တွေ ပြည့်နေတဲ့ ခွေးသေကောင်ပုပ် တခု ဖန်ဆင်းပြီး ဆွဲပေးလိုက်တယ်။ အဲဒီခွေးပုပ်ကို အရှင်ဥပဂုတ္တမှတပါး မည်သူမျှ မဖြုတ်နိုင်တဲ့အတွက် (Journey to the West ထဲက မျောက်မင်း ၀ူခုန်းရဲ့ ခေါင်းမှာ ဘုရားလောင်း ရဟန်းမှတပါး မည်သူမျှ ဖြုတ်မရတဲ့ ခေါင်းပေါင်း စွပ်ပေးလိုက်သလိုပါပဲ) နောက်ဆုံး မာရ်နတ်က အရှင်ဥပဂုတ္တကို ရှိခိုးတောင်းပန်ရတယ်၊ မာရ်နတ်ဟာ ဗုဒ္ဓ၀ါဒီ ဖြစ်သွားပြီး ဘုရားဆုကို ပန်တယ်။
(လောကပညတ္တိ၊ စာ ၂၄၁-၂၆၄)


ဒီကျမ်းအလို မာရ်နတ်ဟာ ဘုရားလောင်းပါ။


အ၀ိရောဓိ အမြင်
အယောနိသော မနသိကာရ (မသင့်မတင့် နှလုံးသွင်းမှု) ဖြစ်ရင် ကုသိုလ်မဖြစ်ဘူး။ ခပ်ငယ်ငယ်က စာပေ အဖတ်အရှုများတဲ့ အသက် ၆၀-လောက် ဒကာကြီးတယောက်နဲ့ ဆုံဖူးတယ်။ သူက ဘုန်းကြီးနေတဲ့ ကျောင်းဝင်းထဲက အရှင်ဥပဂုတ္တ ကျောင်းဆောင်ကို ဖျက်ပစ်ဖို့ ဆရာတော်ကို အကြံပေးတယ်။ ဆရာတော်က လက်မခံဘူး။


ဘုန်းကြီးရဲ့ အမြင်အရ တချိန်က အနည်းဆုံး အရှင်ဥပဂုတ္တဘွဲ့တော်နဲ့ တန်ခိုးဣဒ္ဓိပါဒ်ရှိတဲ့ အများအကျိုးဆောင် ရဟန္တာကြီးတပါး ဧကန်ရှိခဲ့ဖူးတယ်။ အဲဒီ ရဟန္တာကြီးကို ရည်ညွှန်းပြီး ကိုးကွယ်တဲ့ မြန်မာတို့ရဲ့ အစဉ်အလာဟာ သူ့အသက်ကိုသတ်ပြီး အလှူပေးတာ၊ ယဇ်ပူဇော်တာမျိုးလို ဆိုးသွမ်းတာမှ မဟုတ်ဘဲ။ တည်ရှိပြီး အစဉ်အလာကောင်းကို ဘာလို့ ဖျက်ပစ်မလဲ။ ကိးကွယ်ကောင်းပါတယ်။ အရှင်သာရိပုတ္တရာကို ကြည်ညိုရင် အရှင်သာရိပုတ္တရာ အထိမ်းအမှတ်ပြု ဆင်းတုကိုလည်း ထုလုပ်ကိုးကွယ်ကောင်းတာပဲ။ အရှင်သီဝလိကို ကြည်ညိုရင် အရှင်သီဝလိ ဆင်းတုပေါ့ ။


တချို့ အရှင်ဥပဂုတ္တ ဆင်းတုတော်တွေဆိုရင် သက်တမ်းအရ နှစ်ပေါင်း ရာချီရှိနိုင်တယ်။ ဒီသမိုင်းဝင် အမွေအနှစ်ကို ကျမ်းဂန်နဲ့ မညီလို့ သို့မဟုတ်-ထေရ၀ါဒ မဟုတ်လို့ ပျက်ရင် မပြင်နဲ့၊ ရှိနေတာကို ဖျက်ပစ်-ဆိုရင် အာဖဂန်နစ္စတန်က သမိုင်းဝင် ဗုဒ္ဓဆင်းတုကြီးကို ဖျက်ဆီးသူတွေနဲ့ ဘာထူးဦးမှာလဲ။ အနည်းဆုံးတော့ အဲဒီလို (သမိုင်းဝင်) ဆင်းတုတွေဟာ နိုင်ငံရပ်ခြားက လူတွေကို ဆွဲဆောင်နိုင်လို့ မိမိတို့မှာ နေရင်းထိုင်ရင်း ဂုဏ်လည်းတက်၊ အမြတ်လည်း ထွက်နိုင်တာပဲ။


နေကို ကြည့်နေပုံ
အစဉ်အလာ ပြောဆိုချက်အရ အရှင်ဥပဂုတ္တ နေကိုကြည့်ပြီး ဆွမ်းဘုဉ်းပေးရာမှာ အဓိပ္ပါယ် နှစ်မျိုးရှိတယ်။ အရှင်မြတ်ဟာ ၀ိနည်း အင်မတန်လေးစားလို့ မွန်းမတိမ်းမီ ဆွမ်းစားပြီးအောင် နေကိုကြည့်နေတာ။ နောက်တမျိုးက ဆွမ်းဘုဉ်းပေးနေတုန်း နေမွန်းတည့်နေလို့ မွမ်းမအတိမ်းအောင် တန်ခိုးနဲ့ နေကို ဖမ်းကိုင်ပြီး ဆွမ်းဘုဉ်းပေးတာ ဖြဟ်ပါတယ်။ ဒီလို နားလည်ထားရင် အနှစ်သာရအနေနဲ့ နှစ်သက်စရာ ဖြစ်လို့ လည်ပင်းစောင်းကြီးနဲ့ ဆင်းတု ဆိုပြီး ဘာမှ ကဲ့ရဲ့စရာ မရှိပါဘူး။


သဒ္ဓါ၊ ပညာ တူမျှရင် ဆိုင်ကလုံး မုန်တိုင်းကို တားမပေးလို့ ဆိုပြီး အရှင်ဥပဂုတ္တ ဆင်းတုတော်ကို အပြစ်မတင်သင့်ပါဘူး။ မိဘဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့ ဆင်းတုဆောင် ပျက်စီးသွားတာကို မွေခံထိုက်တဲ့ သားသမီးတွေအနေနဲ့ ပါဝင်လှူဒါန်းပြီး ပြုပြင်သင့်ပါတယ်။


အရှင်ကေလာသ
ဓမ္မာစရိယ၊ B.A. (Philo)
M.A. (Buddhism)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ)

Read more...

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ဧပြီလအလှူရှင်များစာရင်း။

၂၀၁၁ ခုနှစ် ဧပြီလ ဆွမ်းအလှူရှင်များစာရင်း-

၁. ( ၄.၄.၂၀၁၁) တနလာင်္နေ့

၂၀၁၁ ခုနှစ် ဘုံဆွမ်းအလှူရှင်များအဖွဲ့ ( ၆ကြိမ်မြောက်)
(အရုဏ်ဆွမ်း + နေ့ဆွမ်းအလှူ)
(အလှူငွေ ၁၉၀၀၀၀ ကျပ် )

၂.(၁၁.၄.၂၀၁၁)တနလာင်္နေ့

ကိုသက်မြင့်ဦး+မကေသီလွင်၊သမီး လွင်မာမင်း မိသားစု (စင်္ကာပူ)
(အရုဏ်ဆွမ်းအလှူ)
(အလှူငွေ ၆၅၀၀၀ ကျပ် )

၂၀၁၁ခုနှစ် ဘုံဆွမ်းအလှူရှင်များအဖွဲ့ ( ၇ကြိမ်မြောက်)
(နေ့ဆွမ်းအလှူ)
(အလှူငွေ ၁၂၅၀၀၀ ကျပ်)

၃.(၁၇.၄.၂၀၁၁)နှစ်ဆန်းတစ်ရက်(တနင်္ဂနွေနေ့)

မသန္တာဝင်း (စင်္ကာပူ)
(အရုဏ်ဆွမ်း+နေ့ဆွမ်း+သီလရှင်အပါး၁၀၀ အရုဏ်ဆွမ်းအလှူ)
(အလှူငွေ ၂၁၅၀၀၀ ကျပ်)

၎.(၁၈.၄.၂၀၁၁)တနလာင်္နေ့

မခင်ငြိမ်းချမ်းဦး(မလေးရှား)
အရုဏ်ဆွမ်းအလှူ
(အလှူငွေ ၆၅၀၀၀ ကျပ်)

၂၀၁၁ ဘုံဆွမ်းအလှူရှင်များအဖွဲ့ ( ၈ကြိမ်မြောက်)
(အလှူငွေ ၁၂၅၀၀၀ ကျပ်)

၅.(၂၃.၄.၂၀၁၁) စနေနေ့

မရွှန်းလဲ့လဲ့သွင် မွေးနေ့အလှူ (စင်္ကာပူ)
(အရုဏ်ဆွမ်းအလှူ)
(အလှူငွေ 96 S$ x 651 kyats=62496 ks)

၆.(၂၅.၄.၂၀၁၁) တနလာင်္နေ့

အလှူရှင်တစ်ဦး (နော်ဝေ)
(အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ)
(ဦးဇင်းထံ လွှဲပါမည်။)

Read more...

ထေဒ၀ါရနှင့်မဟာယာန


လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရ ဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ် အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်း စား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင် တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝက ကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော် အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိ ခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာ ဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ် သိက္ခာ ပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူ နိုင်ဘဲ ရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင် ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။



ဒုတိယသင်္ဂါယနာ

နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာ ပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင် ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ

ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်း တော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီး သီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထု ကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ




ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရ သည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွား အောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာန ဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့ သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယ နိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာ ပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်း ကြသောအခါ ဟီနယာနဟူသော အသုံး အနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပ ခဲ့သည့် ကမ္ဘာ့ဗုဒ္ဓ ဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာ တို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့်မဟာယာန
ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွန်ုပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာန တို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။

၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။

၃။ မဂ္ဂင်ရှစ်ပါးမှာလည်းချွတ်ဆွတ်တူသည်။

၎။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်းတူသည်။

၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆ ကိုလည်း နှစ်ဂိုဏ်းလုံးကပယ်ကြသည်။

၆။ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှု မရှိဘဲ လက်ခံ ကြသည်။

အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲလက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွန်ုပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ် ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။
ဗုဒ္ဓအမျိုးအစား

ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည် အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတ ဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာ ပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒ ကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယ၀ိညာဏ အယူအဆ သာဖြစ် ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိက နှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။


ဘာသာပြန်ဆိုသူ အရှင်လောကပါလ(လင်္ကာ)
Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

Read more...

“လူတိုင်းအတွက်ပဋ္ဌာန်း-ဝိပါကပစ္စည်း”

မကြာသေးခင်က ထွက်တဲ့ တောင်စွန်း ဓမ္မဘေရီဆရာတော် အရှင်ဝီရိယရဲ့ လူတိုင်းအတွက်ပဌာန်း စာအုပ်မှာ ရန်ကုန် စာအုပ်တိုက်များတွင်T Z sayadaw (8) ၀ယ်ယူ ဖတ်ရှုသူ အများဆုံးဟု သိရပါသည်။မေတ္တာဥယျာဉ်မှာလည်း အစဉ်အတိုင်းဖေါ်ပြပေးရာ ယခု လက်ရှိ ဝိပါက ပစ္စည်းထိရောက်နေပါပြီး။ ဆက်လက်၍လည်း ပဋ္ဌာန်းအဆက်နှင့် ဓမ္မဘေရီ ဆရာတော်၏ဆောင်းပါး များကို စဉ်ဆက်မပြတ် ဖေါ်ပြပေးသွားပါမည်။

ဝိပါက ပစ္စည်း

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံယုံကြည်ချက်နဲ့ ခံယူချက်က “ကံ နဲ့ ကံရဲ့ အကျိုးရှိတယ်”ဆိုတဲ့ သဟေတုက (အကြောင်းတရားရှိ) ဝါဒဖြစ်ပါတယ်။

Read more...

Read more...

ဇရာလွှမ်းလဲ နွမ်းလို့မကြွေ

ဉာဏ်ဦးမောင်

ကျောင်းစာသင်ခန်းများရဲ့ နောက်ဆုံးရာသီက တခုခု ထူးခြားနေသလို ထင်မိတယ်။ သုံးနှစ်ကျော်ကျော်မျှ လှုပ် ရှားသွားလာခဲ့တဲ့ ပတ်ဝန်းကျင် တစ်ခုကို နှုတ်ဆက်ခွဲခွါ ထားခဲ့ရမှာမို့လေလား၊ ဆောင်းဦးရာသီရဲ့ ရွက်ကြွေစ တွေကပဲ လွမ်းချင့်ဖွယ် ရသတစ်ခုကို ဖန်တီးနေသမို့လေလား။ ဒါမှမဟုတ် ဘဝအသိကပဲ ရင့်ရော်ခြင်းနိမိတ် တွေ ပိုမိုပေါ်ထင်အောင် ခေါ်ဆောင်ခဲ့လို့လေလားတော့ တိတိကျကျ ဝေခွဲမရနိုင်ပါဘူး။ ကြီးရင့်ခြင်း၊ အရွယ် လွန်ခြင်းဆိုတာနဲ့စပ်တဲ့ အတွေးတစ်ခုကိုတော့ မကြာခဏပဲ တွေးနေမိတယ်။

Read more...

Read more...

သီတင်းကျွတ်နှင့် ပ၀ါရဏာပွဲ

ရှေးအခါ ˝သန်တူလ˝၊ ယခုအခါ ˝သီတင်းကျွတ်လ˝တွင် ဘာသာရေးနှင့် နှီးနွယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ ရှေးမင်းများ လက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ˝မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တရပ်˝ အနေဖြင့် တည်ရှိနေပေတော့သည်။

တာဝတိံသာခေါ် မီးမြင့်မိုရ်ပွဲ

ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တ၀ါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ˝သင်္ကဿမြို့တော်˝ သို့ ပြန်လည်ကြွရောက်တော်မူခဲ့သည်။ သင်္ကဿ မြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ်လပြည့်ည မှောင်ရီပျိုးစ အချိန်ဖြစ်သည်။ မြို့သူမြို့ သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွှတ်ခဲ့ကြသည်။ ဗုဒ္ဓ မြတ်စွာသည် ၀ဲ ယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေ၀တာများ ခြံရံလျက် အလယ် ပတ္တမြား စောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ˝တာဝတိံသာပွဲ˝ ခေါ် ˝မီးမြင့်မိုရ်ပွဲ˝ ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ တခမ်းတနား ဆင်နွှဲ လာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓမ္မာ အခါတော်သဘင်

ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဘူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အားလုံးသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူခဲ့သည်။ တ၀ါတွင်းလုံး ကျေးဇူးဆပ်ဒေသနာ ဟောကြား၍ ဤသီတင်းဝါလ ကျွတ်ချိန်တွင် လူ့ပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ ဤ အထိမ်းအမှတ်ဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ပဋ္ဌာန်းအစရှိသော အဘိဓမ္မာခုနစ်ကျမ်းကို စုပေါင်းညီညာ ပြိုင်တူ ရွတ်ဆိုကာဖြင့် ˝အဘိဓမ္မာ အခါတော်သဘင်˝ ကို ဆင်ယင်ကျင်းပကြသည်။ နှစ်စဉ်လည်း မြန်မာ့ အသံမှ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ကြပုံကို ထုတ်လွင့်ပေးခဲ့သည်။

ဝါကျွတ်ပူဇော် ကန်တော့ပွဲ

˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ မှာလည်း မြတ်ဗုဒ္ဓကို အားကျအတူယူ၍ ဖြစ်ပေါ်လာသော အစဉ်အလာကောင်းတခု ဖြစ်သည်။ မှန်ပါသည် - ဗုဒ္ဓမြတ်စွာသည် တ၀ါတွင်းလုံး တာဝတိံသာ နတ်ပြည် သို့ ကြွရောက်တော်မူ၍ မယ်တော်မိနတ်သားအား နို့ဖိုးဆပ် ဒေသနာ ဟောကြားတော် မူခဲ့ပါပေ၏။ ဤမြတ်ဗုဒ္ဓ၏ ကျေးဇူးရှင်တို့အပေါ် ကျေးဇူးတရားသိ၍ ကျေးဇူးဆပ်တော်မူပုံကို စံထားကာ ဗုဒ္ဓဘာသာဝင် တို့သည် ဤသီတင်းကျွတ် လပြည့်အခါတော်နေ့၌ ရဟန်းသံဃာတို့အား ပူဇော်ခြင်း၊ မိဘ ဆရာသမားနှင့် အသက်သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့ကို ကန်တော့ခြင်းဖြင့် ˝၀ါကျွတ်ပူဇော် ကန်တော့ပွဲ˝ ကို မြို့တိုင်း ရွာတိုင်း ပြုလုပ်လေ့ ရှိကြသည်။

ကထိန်သင်္ကန်း လှူဒါန်းပွဲ

ဗုဒ္ဓမြတ်စွာသည် ၀ါတွင်းသုံးလ (၀ါဆိုလပြည့်ကျော် ၁-ရက်နေ့ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့ထိ) ၀ါဆို ၀ါကပ်တော်မူခဲ့ကြသော ရဟန်းတော်များအား ကထိန်သင်္ကန်း ခံယူခွင့်ကို အခွင့်ပြုတော် မူခဲ့သည်။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့်အထိ တလ အတွင်းတွင် ကာလဒါနအဖြစ် ကထိန်သင်္ကန်းလှူဒါန်းခွင့်ရကြသည်။ ထိုကထိန်သင်္ကန်း အလှူကို ဦးဦးဖျားဖျား ပြုလုပ်လိုသူ တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် ˝ကထိန်သင်္ကန်း လှူဒါန်းပွဲ˝ ကို သူ့ထက်ငါ ဦး ပြုလုပ်လှူဒါန်းလေ့ရှိကြပေသည်။

ပ၀ါဏာပွဲ

အထက်ပါ ဘာသာယဉ်ကျေးမှုပွဲတော်များကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သည် နှစ်စဉ်မြင်တွေ့နေကြရပေသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရ ရှိနေကြမည် မလွဲပေ။ သို့သော် - ˝ပ၀ါရဏာပွဲ˝ အကြောင်း သိသူကား နည်းလှပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤ ˝သီတင်းကျွတ် ပ၀ါရဏာပွဲတော်˝ ကား ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်၊ လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့် ပါပေတည်း။

ပ၀ါရဏာ မှာ ပါဠိစကားဖြစ်သည်။ ˝ဖိတ်ကြားခြင်း˝ ဟု အဓိပ္ပါယ်ရ၏။ ˝မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ˝ ဟု ရဟန်းတော် အချင်းချင်း ဖိတ်ကြားထားခြင်းကို ˝ပ၀ါရဏာ˝ ဟု ခေါ်ပါသည်။ ရဟန်းသံဃာတော်များအား အချင်းချင်း ဤသို့ ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်း အကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်း၌ ၀ါကပ်တော်မူ၏။ ရဟန်း တော်တော်များများ လည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ၀ါကပ်ကြသည်။ ထိုရဟန်းတို့သည်˝အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး˝ ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား - ˝အချင်းချင်း စကားမပြောရ၊ ၀စီပိတ်နေရမည်˝ ဟူ၏။ ဆွမ်းခံရာမှ အရင်ဆုံးပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ် အိုးခြမ်း တို့ကို ပြင်ဆင်ထားရမည်။ ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေ သုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေ သုံးရေ အိုးတို့၌ ရေမရှိသည် ကို တွေ့မြင်လျင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျင် လက်အမူအရာဖြင့် အခြားရဟန်းတပါးကို ခေါ်၍ အကူအညီယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ၀စီပိတ် စည်းကမ်းချက် များဖြင့် တ၀ါတွင်းလုံး နေထိုင်ကြလေသည်။

ထိုရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန် တော့ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ၀မ်းပန်းတသာ မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း - ˝ချစ်သားတို့ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တ၀ါတွင်းလုံး သူတို့နေထိုင်ခဲ့ကြပုံကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝ ပြန်ပြောင်း လျှောက် တင်ကြသည်။

ဤတွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြသည်။ သင်တို့ ၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်လျင် အချင်းချင်း မပြောနိုင်၊ မဆိုနိုင်ကြ။) သင်တို့သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ - ˝သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ၀ါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က ကြားက ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ အချင်းချင်းပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ် လပြည့်နေ့ရောက် တိုင်း ရဟန်းတော်များ၏ ˝ပ၀ါရဏာပွဲ˝သည် ပြုလုပ်မြဲဖြစ်လေသည်။ ထိုကြောင့် ရှေးပညာရှိတို့က -

˝မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ˝ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။

ပ၀ါရဏာ ပြုလုပ်ပုံ အစီအစဉ်

ကျောင်းတိုက်ရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူကြရသည်။ သံဃာအားလုံးစုံသော အခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ ˝အရှင်ဘုရား တို့ --- သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ ယနေ့ ပ၀ါရဏာ ပြုရမည့်နေ့ဖြစ်ပါ သည်၊ သံဃာတော်များ ညီလျှင် ပ၀ါရဏာ ပြုကြပါစို့˝။ ဤသို့ သံဃာအားလုံးအား အသိပေးပြီသော အခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်) ကစ၍ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။

˝ငါရှင်တို့ - - - မြင်းခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း (သုံးမျိုး)ဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်˝ ဟုသုံးကြိမ်တိုင်တိုင် လျှောက်ထား ရလေသည်။ ထို့နောက်ဝါစဉ်အလိုက် သံဃာအားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘော တူညီ စည်းဝေး၍ ပ၀ါရဏာပြုလုပ်ရပုံဖြစ်ပါသည်။ ရဟန်းတော်များ သည် အချင်းချင်း ဤသို့ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြ ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပေသည်။

ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ˝ခေတ်မီဆဲ˝ဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ˝သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး˝ အတွက်ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်းပြောဆိုနိုင် ရေးကို အစဉ်တံခါးဖွင့်ပေးခဲ့သည်။ ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့်၊ ဆိုခွင့်မရှိ၊ အ အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ၊ မိမိမှာ ချွတ်ယွင်းချက် အပြစ်တစုံတရာ ရှိနေလျင် အမြန် အမှန်အတိုင်း ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြ နိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။

ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားခြင်းဖြင့် -

(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့် ဆိုခွင့် ရှိခြင်း။

(၂) အာပတ္တိ၀ုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။

(၃) ၀ိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး ၃ - မျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။

ဗုဒ္ဓမြတ်စွာ၏ ဤပ၀ါရဏာ ကျင့်စဉ်သည် ပုဂ္ဂိုလ် အချင်းချင်းသာ မဟုတ်၊ အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများဖြစ်ပါသည်။ လောကတွင် ˝မမှားသော ရှေ့နေ၊ မသေသော ဆေးသမား˝ မရှိနိုင်ချေ။ အမြှော်အမြင်ရှိသူ ပညာရှင်တို့၏ ညွန်ပြချက်၊ ဝေဖန်ချက်၊ မရယူဘဲ ˝ငါ့လှေ ငါထိုး၊ ပဂိုးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်˝ ဟု ငါထင်ရာ ငါသဘော ငါတကော ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မလွဲပေ။ ဤသို့ ˝ငါတကော ကောနေသူများ˝ကို မြတ်ဗုဒ္ဓက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။ ˝အပြစ်မြင်လျှင် အချင်းချင်းပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ ငါဘုရား၏ ပရိသတ်သည် ကြီးပွါး ချမ်းသာနိုင်သည်၊ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်း သုခကို ရရှိနိုင်သည်˝ ဟု မိန့်ကြားတော်မူခဲ့သည်။ (၀ိနည်းပါဠိတော်)။

တခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တမဲ့ဖြစ်၍ သင်္ကန်းစ တဖက် လျှော့ကျ နေလေ၏။ ထိုအခါ ရှင်သာမဏေ ငယ်လေးတပါးက ˝အရှင်ဘုရား - - - အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်˝ ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ˝မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား˝ ဟု အမှတ်ထားတော်မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ကိုင်ပြီး ˝ဆရာ - - - ဒီအတိုင်း ဟုတ်ပါပြီလား˝ ဟု တလေးတစား မိန့်ကြားတော် မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပ၀ါရဏာ) ကျင့်စဉ်ကြောင့် ရှင်ငယ်လေးပင် အမှားကို ထောက်ပြရဲခြင်း၊ ထောက်ပြနိုင်ခြင်းဖြစ်သည်။

ဤသို့ အချင်းချင်းပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့် ˝ထေရ၀ါဒ ရဟန်းတော်များ˝ ကို ယနေ့တွေ့မြင်နေရသေးခြင်း ဖြစ်သည်။ တခြားတပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ ဒဏ်ကား မသေးငယ်လှ၊ ခေတ် အဆက်ဆက် ထေရ၀ါဒ ရဟန်းတော်များ အလူးအလိမ့်ခံခဲ့ကြရသည်။ သို့သော်ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရ၀ါဒ ကျင့်စဉ်ကို ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ˝ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ˝ ဟု ဆိုရမလို ဖြစ်သည်။

˝တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ၊ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်˝ ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ် တော် မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျင် နိုင်လို မင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။

ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -----

အရှင်မဟောသဓပဏ္ဍိတ

(၁၉၉၄ ခုနှစ်၊ အောက်တိုလထုတ်၊ လောကချမ်းသာ စာစောင်မှ)

Read more...

ဗုဒ္ဓဘာသာ နှင့် အမျိုးသမီး (၁)

ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏ ၊ အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏ ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလတို့၏ အကြောင်းကိုဖော်ထုတ်ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုးသမီးများဖြစ်ကြောင်းကို တခန်းတနားပင် ပြန်လည်ဟောပြတော်မူခဲ့လေသည်။

အချို့နေရာ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ အမျိုးသားဖြစ်သည့် ရဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏ ၊ အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း၊ သိမ်ထဲမ၀င်ကောင်းစသည့် လွဲမှားသည့် အယူအဆတချို့ ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ၊ အမှန်တကယ်မှာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော်ခွင့်ရခဲ့သည်သာ၊

အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ ရဟန်းမ(ဘိက္ခုနီ)ပြုခွင့် ပေးတော်မူခဲ့၏ ၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ပေးတော်မူခဲ့ခြင်းပင် ဖြစ်၏ ၊
တချိန်က အရှင်အာနန္ဒာကိုယ်တိုင် မြတ်စွာဘုရားကို မေးလျှောက်ခဲ့ဖူး၏.. မြတ်စွာဘုရား.. အမျိုးသမီးများလဲ တရားကျင့်ရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါသလားဘုရားလို့ လျှောက်ထားတော့..

အာနန္ဒာ..သူတို့လဲ(အမျိုးသမီးများလဲ) အမျိုးသားများနည်းတူ တရားထူးတရားမြတ်များရနိုင်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့လေသည်၊ ဤမိန့်ကြားချက်ကိုထောက်ဆ၍ အမျိုးသမီးလည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် အမျိုးသားများနှင့်တန်းတူပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်၊

အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ရဟန်းတော်များကို ဆုံးမရာ၌ပင် ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်း ဥပမာပြ ဆုံးမတောမူခဲ့လေသည်၊( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊

မြတ်စွာဘုရားရှင်က အမျိုးသမီးထုကို.. ယောက္ခမယောင်္ကျား/မိန်းမနှင့် လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ လေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်၊ (အံ၊သံ၊ပါ) အမျိုးသမီးထုအပေါ်ထားရှိသည့် မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။

သင်္ဂါလောဝါဒသုတ္တန်တွင်

၁၊ အိမ်မှုကိစ္စနိုင်နင်းရမည်
၂၊ လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်၊
၃၊မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ၊
၎။နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်၊
၅။ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု အမျိုးသမီးများ၏ လင်ယောကျာင်္းအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်၊

သာယာသော အိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့် လောကမှလွတ်မြောက်ရာကျင့်စဉ်များကို ကျင့်ကြံရာတွင် ရာနှုံးများစွာ အထောက်အကူပြုနိုင်ကြောင်း မီးမောင်းထိုးပြခြင်းဟုလည်း နားလည်အပ်သည်၊ နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ်မာရေးခြားရှိမှ စာရိတ္တမဏ္ဍိုင်တည့်မတ်မှ လောကကြီး သာယာမည့်အရေးကို မြင်တော်မူ၍ လမ်းညွှန်ချက်များကို ဟောကြားတော်မူခြင်းလည်း ဖြစ်သည်၊

သံယုတ္တနိကာယ်နှင့် ကုဏ္ဍလကေသီဇာတ်တော်တို့တွင် အမျိုးသမီးများသည် အမျိုးသားများထက် တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊

(ဆက်လက်ဖော်ပြမည်)
(ဘုရားရှင် ဟောတော်မူည့် တရားများထဲတွင် အမျိုးသမီးနှင့်ဆက်စပ်ဟောသည့် အကြောင်းအရာများကို လေ့လာရေးသားပါမည်။ )

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)

Read more...

နိဗ္ဗာန် ဘယ်မှာရှိ


မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။

`ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´

`ရှိပါတယ်´၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ၀ါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ၀ိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ၀ါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။

ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ၀ိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ ခန္ဓာရဲ့ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ၀ိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။

ဝါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရာနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။ ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လဲ မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မခွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။

ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။ မဂ်ဝင်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်သာရှုလို့ရှိရင် ကိလေသာဝေးပြီး မီးထွက်ကိုထွက်ရမယ်လို့ ယုံကြည်ထားလိုက်ပါ။

ဒေါက်တာအရှင်ပါရမီ

Read more...

ရတနာ (၂)


အိန္ဒိယ ဝေသာလီတ၀ိုက်က ကုလားတွေ စုရုံးစုရုံးနဲ့
ရတနာငါးမျိုးအကြောင်းပြောဆိုနေတုန်း ဘုရားရှင်ရောက်သွားပါတယ်။

သူတို့ပြောဆိုနေတာတွေကို ဘုရားရှင်သိတော့
“မင်းတို့ပြောနေတဲ့ ဆင်တွေ မြင်းတွေက တကယ့်ရတနာအစစ်မဟုတ်ဘူး၊
ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေကလဲ တကယ့်ရတနာ ဘယ်ဟုတ်ရမတုန်း၊
သူဌေးဆိုတာကလဲ အလကားပါ။ မိန်းမများ ရတနာတဲ့၊ အံ့ပါရဲ့၊
တကယ့်ရတနာအစစ်က ဒါတွေကွ” ဆိုပြီး ဆက်လက်ရှင်းပြပါတယ်။

ဘုရားရှင်ရှင်းပြတဲ့ ရခဲတဲ့ ရတနာငါးမျိုးထဲမှာ
နံပါတ်(၁) ရတနာက ဘုရားဖြစ်တယ်။
လောကကြီးထဲမှာ ဘုရားရှင် တစ်ဆူနဲ့တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို့
အင်မတန်ခဲရင်းတဲ့အတွက် ဘုရားရှင်ဟာ ရတနာဖြစ်တယ်။
ဘုရားရတနာဖြစ်တယ်။

ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရတယ်၊
ဘယ်လောက်ကြာအောင် ပါရမီဖြည့်ကျင့်ရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်လို့
ရှင်းပြဖွယ်မလိုတော့ဘူး။

နံပါတ် (၂) ရတနာက
ဘုရားရှင်ရဲ့ တရားတော်တွေကို တရားတော်အတိုင်း
ပြန်လည်ဟောကြားပေးမည့်သူဖြစ်တယ်။
ဒီလိုလူကလည်း တွေ့ရခဲတယ်တဲ့။

စဉ်းစားကြည့်လိုက်ရင်
ဘုရားရှင်ရဲ့ တရားတော်တွေကို တရားတော်အတိုင်း ပြန်လည်ဟောကြားပေးတဲ့သူ ဆိုတာ
ဘုန်းကြီးတွေပဲ။

ဆိုတော့ မေးစရာရှိတာပေါ့။
“အရှင်ဘုရားကလဲ၊ ဘုန်းကြီးတွေ ပေါမှပေါ၊
ဒါ့ကြောင့် အရှင်ဘုရားပြောတယ်။ (တွေ့) ရခဲမှ ရတနာ တဲ့။
နေ့တိုင်းတွေ့နေရတဲ့ ဒီဘုန်းကြီးတွေကို ဘယ်လိုလုပ်
ရတနာစာရင်းထဲ ထည့်ထားရတာလဲ” လို့။

ဘုန်းကြီးပေါတာတော့ ဟုတ်ပါတယ်။
တရားဟောတဲ့ဘုန်းကြီးတွေ ပေါတာလဲ ဟုတ်ပါတယ်။
ဒါပေမဲ့ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကို တရားတော်အတိုင်း
တိတိကျကျ မှန်မှန်ကန်ကန် ဟောကြားပေးတဲ့ ဘုန်းကြီးကို
တွေ့ရခဲတယ်လို့ ပြောတာပါ။

ဒီလိုဘုန်းကြီးမျိုးမှ ရတနာနဲ့ တွဲစပ်ပြီး ဘုန်းကြီးရတနာလို့ ခေါ်ရမှာပါ။
ဒီလို မဟုတ်ရင် ဘုန်းကြီးတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးရတနာ မဟုတ်ဘူးပေါ့။

သိပြီးဖြစ်တဲ့အတိုင်း တရားဟောဘုန်းကြီးတွေ အများကြီးပဲ။
တရားဟောပလ္လင်ပေါ်ရောက်တာနဲ့ သူပြောချင်ရာ စွပ်ပြောတော့တာပဲ။

ကြားဘူးတာလေး ပြောရအုံးမယ်။
တစ်နေရာမှာ ညတရားပွဲတွေ ကျင်းပတယ်တဲ့။
ကြေငြာတာ ကြော်ငြာတာကတော့ အထူးတရားပွဲ တဲ့။

ဘယ်လိုတရားပွဲတွေက ထူးတဲ့ ရှယ်တဲ့ တရားပွဲ၊
ဘယ်လိုတရားပွဲတွေက မထူးတဲ့ မရှယ်တဲ့ တရားပွဲဆိုတာ ခုထိ
ကိုယ်တော့ သဘောမပေါက်သေးဘူး။
ထား။

အဲ့တရားပွဲမှာ တကယ်နာမည်ကြီးတဲ့ဆရာတော်တွေရော၊
သူ့နည်းသူ့ဟာနဲ့ နာမည်ကြီးတဲ့ဆရာတော်တွေရော၊ မျိုးစုံပေါ့။ ဟောကြတာ။
တစ်ညကျတော့ ခပ်ရွှင်ရွှင် နာမည်အတော်အသင့်ရ
တရားဟောဆရာတော်လေး ပလ္လင်ပေါ်တက်ဟောတာပေါ့။
သီလယူပြီး သူ့တရားပွဲအဖွင့် နှုတ်ခွန်းဆက်စကားက
“ကဲ၊ ပရိသတ်ကြီး၊ မနေ့ညက ဟောသွားတဲ့ဘုန်းကြီးနဲ့
အခုဟောမဲ့ဘုန်းကြီး ဘယ်ဘုန်းကြီးက ပိုချောသတုန်း “ တဲ့။
ပရိသတ်တွေကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။
ဒါမျိုးပြောတဲ့ ဟောတဲ့ဘုန်းကြီးတွေကို သဘောကျနေဟန်တူပါရဲ့၊
ဒီလိုဟောနေတဲ့ဘုန်းကြီးမျိုးကတော့ (တွေ့) ရခဲတဲ့ဘုန်းကြီး
ဘုန်းကြီးရတနာလို့ ပြောဘို့ ခက်မယ်ထင်ပါတယ်။

ဒါ့ကြောင့် နာမည်ကြီးတရားဟောဆရာတော်ကြီးတစ်ပါးက
သူ့တပည့်တရားဟောနေတဲ့ ဦးဇင်းငယ်တွေကို
“တရားဟောပလ္လင်ပေါ်တက်ရင် ပလ္လင်နဲ့ ထိုက်တန်တဲ့စကားကို ပြောဆိုရမယ်”လို့
ဆုံးမလေ့ရှိသတဲ့။
အတော်မှတ်သားစရာကောင်းပါတယ်။
တွေးရင် တွေးသလောက် လေးနက်မှုရှိပါတယ်။

ဘုန်းကြီးတွေ ပေါများတာနဲ့ စပ်လို့
နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းမြောက်များစွာသီတင်းသုံးသာသနာပြုနေတဲ့
ပီနန်ဆရာတော်ကြီးရဲ့ စကားတစ်ခွန်းကလဲ အတော်ထိတယ်။

အရင်တုန်းကတော့ နိုင်ငံရပ်ခြားမှာ ဗမာဘုန်းကြီး နှစ်ပါး သုံးပါးလောက်သာ ရှိတာမို့လား။
ဒီတော့ ဘုန်းကြီးရဟန်းတွေနဲ့ ကင်းပြီး မနေနိုင်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက
ပီနန်ဆရာတော်ကြီးကို
“ဗမာဘုန်းကြီးကလဲ ရှားပါလိုက်တာဘုရား၊ မူးလို့တောင် ရှူစရာမရှိတော့ဘူး”
လို့လျှောက်ကြသတဲ့။

အခု ၁၀ စုနှစ်အတောအတွင်း နိုင်ငံအသီးသီးမှာ
ဘုန်းကြီးရဟန်းများရောက်ကုန်ကြပါပြီ။
အမေရိကကိုပဲ ကြည့်မလား၊ အင်္ဂလန်ကိုပဲ ကြည့်မလား၊
အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ မလေးရှား၊ စင်္ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေကိုပဲ ကြည့်မလား။
ပေါမှပေါ။ ဘုန်းကြီးတွေ။

ဒီတော့ အခန်းအနားတစ်ခုမှာ ပီနန်ဆရာတော်ကြီးက အမိန့်ရှိတယ်။
“လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်တုန်းကတော့ နိုင်ငံရပ်ခြားမှာ
ဗမာဘုန်းကြီးတွေ မူးလို့တောင် ရှူစရာမရှိဘူး။
အခုများတော့ ရှူရလွန်းလို့ လူတွေ မူးတောင် မူးကုန်ပြီ” တဲ့။

ဘယ်လိုပဲဖြစ်ဖြစ်လေ၊
နံပါတ် (၂) ဖြစ်တဲ့ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်များကို
တရားတော်အတိုင်း ပြန်လည်ဟောကြားပေးနိုင်တဲ့သူဖြစ်အောင်
တနည်းအားဖြင့် ဘုန်းကြီးရတနာဖြစ်အောင်
တနည်းအားဖြင့် ဘုန်းကြီးပေါ မဖြစ်အောင်တော့ ကြိုးစားရမှာပ။

Read more...

သက်တော် ၉၀- ပြည့် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတ၏ ဘ၀ပုံရိပ်များ





Read more...

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကြီး၏ အဆုံးအမများ

PilotSayadaw-ASoneAMaMyar

Read more...

မောင်းထောင်ဆရာတော်ဘုရားကြီး စကားပုံ... အဂ္ဂညူမည်သင့် ဟူသော စကား၏ အကြောင်း...

မောင်းထောင်ဆရာတော်ဘုရားကြီး စကားပုံ...


Read more...

80, 2 Years and 7 Days - ရှစ်ဆယ် နှစ်နှစ် နှင့် ခုနစ်ရက်


ကျောင်းပိတ်ရက် ကြုံခဲ့လို့ စာသင်ဖို့ ပြင်ထားတာတွေ ပိုတောင်နေတာနဲ့။ အင်တာနက်။ အီးမေးလ်။ ဘလော့ဂ်။ ကြာလာတော့။ ပျင်း။ ညောင်း။ အိပ်ချင်။ မုန့်စားချင်။ အိမ်ဖုန်းဆက်ရရင် ကောင်းမယ်။

အိမ်ကို ဖုန်းဆက်ရတာကလည်း ပျင်းစရာ။ ပျင်းစရာထက် စိတ်ပျက်စရာ ပိုကောင်းတာ။ စိတ်ပျက်စရာကောင်းလို့ ပျင်းတာ။ များသောအားဖြင့် အိမ်ဖုန်းခေါ်ရတာက လိုင်းမမိမချင်း အထပ်ထပ် ပြန်ပြန်ခေါ်နေရင်း လိုင်းမချိတ်မိဘဲ အင်တာနေရှင်နယ် ကောလင်းကဒ်သာ ကုန်ကုန်သွားတတ်တယ်။ ဘာတွေများ သဘောကောင်းနေတယ်မသိ။ ဒီတစ်ခါတော့ ချက်ချင်း လိုင်းဝင်ပြီး သုံးချက်လောက်ပဲ မြည်လိုက်ရသေး ဖုန်းလာကိုင်တယ်။ အများအားဖြင့်က လိုင်းဝင်တာတောင်မှ ချက်ချင်း ဖုန်းလာကိုင်တဲ့သူ ရှိတာမဟုတ်။ ၀င်တောင့်ဝင်ခဲ လိုင်းဝင်တာကို လိုင်းမကျခင် လာကိုင်ကြပါ့မလား စိတ်ပူရတာပဲ များတယ်။ ဒီတစ်ခါတော့ အဖေက ဖုန်းနားမှာ ထိုင်နေတာနဲ့ တူပါတယ်။

“ဦးဇင်း . . .။ တပည့်တော်။”
ခါတိုင်းဆို အဖေက ဖုန်းကိုင်တာမဟုတ်။ အသက်ကြီးလို့။ ငါးနှစ်လောက်က တစ်ခါ လေဖြတ်ဖူးတဲ့ နာတာရှည် နာလန်ထမို့။ လေးဘက်နာ ခဏခဏ ထနေလို့ အလှုပ်အရွေ့ ခပ်နည်းနည်းမို့။ ကိစ္စ၀ိစ္စတွေက အေးအေးကင်းကင်း နေနေလို့။ သူ့အဆို “ထွန်တုံးပိတ်လိုက်ပြီ၊ နှာဖားကြိုး ဖြုတ်လိုက်ပြီ”မို့။
“ဘယ်သူမှ မရှိကြဘူး။”
“ကျောင်းသွားကြတာ။”
ဘာလို့ကျောင်းသွားကြတာပါလိမ့်။ ဘ-ကစာသင်ကျောင်း သွားရအောင် အိမ်မှာ ကျောင်းသားလည်း ရှိတာမဟုတ်။ ပညာရေးကော်မတီ အဖွဲ့ဝင်တွေလည်း မဟုတ်ကြ။ သွားတာကလည်း တစ်အိမ်လုံး။ အမေ။ အစ်မ။ တူမ။ ဆရာတော်များ တစ်ခုခု ဖြစ်သလား။
“စခန်းပွဲ။ ဒီနေ့ ငါးရက်ရှိပြီ။”
“တရားတော့ မထိုင်နိုင်ဘူး။”
“ည တရားပွဲတော့ သွားပါတယ်။”
“လှူပါတယ်။”
“တရားပွဲ ငါးသောင်း။”
“ယောဂီတွေ ရေချိုးဖို့ အုတ်ကန်လုပ်ကြတာလည်း ငါးသောင်း။”
“ငလျင်က လှုပ်တော့လှုပ်တယ်။ နည်းနည်းပါ။”
“တစ်ခြားတော့ ဘာမှ မလှူချင်သေးပါဘူး။”
“သီတင်းကျွတ်ရင်တော့ ကထိန်ခင်းအုံးမယ်။”
“ဒီနေ့ တပေါင်းလပြည့်ကျော် ခြောက်ရက်။ တပည့်တော် ရှစ်ဆယ်ပြည့်တာ။”
“အသက်ကြီးပြီ ဦးဇင်းလည်း ပြန်လာတော့။”
“ကျောင်းကတော့ ထန်းရွက်တဲကျောင်းပေါ့။”
“ထန်းရွက်တဲကျောင်းပဲ ဆောက်ပေးနိုင်မှာ။”

အဖေ အသက်ရှစ်ဆယ် ပြည့်တော့မယ် ဆိုတာတော့ အရင်တစ်ခါ ဖုန်းဆက်တုန်းက ပြောလို့ သိတယ်။ ရက်အတိအကျ မှတ်မထားလိုက်မိ။ တစ်ခါမှလည်း မမှတ်ခဲ့။ ပြန် မေးရမှာလည်း အားနာလို့ မမေးဘဲ သိသလိုလို နေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှာ ဖုန်းဆက်လိုက်မိတယ်။ ပြောပုံက ရယ်စရာလိုလိုနဲ့ သူအသက်ကြီးလို့ အနီးအနားမှာ ရှိစေချင်တဲ့သဘော။ နေစရာ ကျောင်းမှ မရှိတာဆိုတော့ ထန်းရွက်တဲကျောင်းတဲ့။ မက်လုံးက သိပ်မလှ။ သဘောက သူတော့ ဒါပဲ တတ်နိုင်တယ် ဆိုတဲ့သဘော။

သဘောက အလတ်တန်းစား မြန်မာ ဘုန်းကြီးတစ်ပါးရဲ့ သဘောလား။ မြန်မာပြည်မာ လူလတ်တန်းစား ပျောက်နေပြီလို့ ပြောကြသံ ကြားဖူးတယ်။ ပြည်ပ ရောက်ကုန်တာတဲ့။ ပြည်တွင်းမှာ ကျိကျိတက်အောင်လည်း မလုပ်နိုင်၊ တီတွန်တဲ့ အထဲလည်း မပါချင်၊ ထိုက်တန်တဲ့ အလတ်တန်းစား နေရာရယ်လို့လည်း ဟုတ်တိပတ်တိ ရှာမတွေ့လို့ ထွက်ပေါက်ရှာကြတာတဲ့။ တိုင်းပြည်အတွက် မကောင်းတာက ဘရိန်းဒရိန်းတဲ့။ လူ့စွမ်းရည် အရင်းအမြစ် ဆုံးရှုံးမှုတဲ့။ လူတွေလိုတွက်ပြီး အလတ်တန်းစား ဘုန်းကြီးလို့ သတ်မှတ်ရမလား။ မြန်မာပြည်တွင်းမှာ အလတ်တန်းစား ဘုန်းကြီးတွေ ပျောက်ကုန်ပြီလား။ [ပျောက်တယ်ဆိုလည်း အပြင်ထွက်လို့ ပျောက်တာတော့ ဟုတ်မယ် မထင်ပါဘူး။ ပြည်ပမှာ မြန်မာဘုန်းကြီးတွေအတွက် နေရာမှ မရှိတာ။ လူတွေလိုမှ မဟုတ်တာ။] ပြည်တွင်းမှာ ပက်ပက်စက်စက် လျှမ်းလျှမ်းတောက်ကြီး ဘုန်းမကြီးနိုင်လို့၊ နွမ်းနွမ်းပါးပါးနဲ့ သာသနာ့ဝန်ကို သည်ပိုးနိုင်တဲ့ သတ္တိ၊ စေတနာ၊ သဒ္ဓါ၊ ၀ါသနာတွေလည်း မရှိလို့ ထွက်လာခဲ့တာလား။ ထိုက်တန်တဲ့ အလတ်တန်းစား နေရာတစ်ခုခု မျှော်လင့်သလား။ ဘရိန်းဒရိန်းရလေချင်းလို့ ခြုံးပွဲချရလောက်အောင်ရော တန်ဖိုးရှိသလား။ သာသနာအတွက်ရော တစ်စုံတစ်ရာ ဆုံးရှုံးလို့လား။

အမှတ်မထင် တွက်စစ်ကြည့်တော့ ဒီနေ့ အသက်ရှစ်ဆယ်ပြည့်တဲ့ အဖေ့မွေးနေ့မှာ ဒီရောက်တာ နှစ်နှစ်နဲ့ ခုနစ်ရက်တိတိ ရှိခဲ့ပြီဆိုတာ သိလိုက်ရတယ်။

Read more...

စေတနာ၊၊ ၊၊

ဗုဒ္ဓအဘိဓမ္မာတွင် ပရမတ္တတရားလေးမျိုးဟူ၍ ရှိသည်၊၊ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါသည်၊၊ စိတ်သည် အမျိုးအစား အားဖြင့်(၁၂၁)မျိုးရှိပြီး၊ စေတသိက်သည် အမျိုးအစား(၅၂)မျိုးမျှ ရှိပါသည်၊၊ ရုပ်သည်အရေအတွက်မှာမူ(၂၈)မျိုး ဖြစ်ပါသည်၊၊ နိဗ္ဗာန်သည် အနှစ်သာရအားဖြင့် တစ်မျိုးတည်းသာ ရှိပါသည်၊၊

“စေတနာ”သည် စေတသိက်ငါးဆယ့်နှစ်မျိုးတွင် အပါအ၀င်ဖြစ်သော စေတသိက်အမျိုးအစား ဖြစ်ပါသည်၊၊ “စေတနာ”ကို မြန်မာလို စေ့ဆော်တတ်သည့် သဘော၊ တိုက်တွန်းတတ်သည့် သဘော၊ သဘာဝရှိသောစေတသိက်ဟု မှတ်သားရပါမည်၊၊

စေ့ဆော်မှု၊ တိုက်တွန်းမှု၊ နှိုးဆွမှု၊ လှုံ့ဆော်မှုကို “စေတနာ”ဟု အဘိဓမ္မာသဘောအရ သိမှတ်နိုင်ပါသည်၊၊ အလုပ်တစ်ခု၊ အပြုအမူတစ်ခုလို ပြုလုပ်တော့မည်ဆိုလျင် မပြုလုပ်ခင်လူ၏စိတ်တွင် ပြုလုပ်စေရန် စေ့ဆော်မှုသဘော၊ တိုက်တွန်းမှုသဘော ပေါ်ပေါက်လာသည်ဟု ဆိုပါသည်၊၊ စေ့ဆော်မှု၊ တိုက်တွန်းမှုသဘောမပေါ်ပေါက်ဘဲ တစ်စုံတရာကို လူသည်ပြုလုပ်လေ့မရှိကြောင်း ပြဆိုပါသည်၊၊

စေ့ဆော်မှု တိုက်တွန်းမှုကို အဘိဓမ္မာနာမည်ဝေါဟာရဖြင့် “စေတနာ”ဟု ခေါ်တွင်ပြီး၊ စေ့ဆော်မှု တိုက်တွန်းမှုကြောင့် အကောင်အထည်ဖော် ပြုလုပ်မှုကို “ကံ”ဟု ခေါ်ပါသည်၊၊ “ကံ”ဟူသော မြန်မာစ ကားလုံးသည် “ကမ္မ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရ ဖြစ်ပါသည်၊၊ “ကမ္မ”ကို “ပြုလုပ်မှု၊ အပြုအမူ”ဟူ၍ အဓိပ္ပါယ်ဖော်ဆောင်ရပါသည်၊၊

ထို့ကြောင့် ကံဆိုသည်မှာ အလုပ်၊ အပြုအမူ၊ လုပ်ဆောင်ချက်ကို ခေါ်ပါသည်၊၊ အရပ်စကားတွင် “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ၊ ကံကိုယုံ၍ မီးပုံမတိုးရာ”စသည်အားဖြင့် “ကံ”ဟူသောဝေါ ဟာရကို လွဲမှားစွာအဓိပ္ပါယ်ကောက်ယူကြသည်ကို တွေ့ရသည်၊၊

စာပေအလိုအရ “ကံ”၏အဓိပ္ပါယ်မှာ “စေတနာပါသော လုပ်ဆောင်ချက်”ဟူ၍ ဖြစ်ပါသည်၊၊ စေတနာပါဝင်သော အပြုအမူအားလုံးသည် “ကံ”ဖြစ်သွားသောကြောင့် ကောင်းကျိုး၊ သို့မဟုက် ဆိုးကျိုးကိုလည်း သေခြာပေါက်ပေးမည် ဖြစ်ပါသည်၊၊

စေတနာပါသော လုပ်ဆောင်ချက်မှန်သမျှကို “ကံ”ဟုဆိုလိုက်သောကြောင့် စေတနာမပါသော လုပ်ဆောင်ချက်ဟူသည် ရှိသေး၏လောဟု မေးမြန်းဖွယ်ရှိပါသည်၊၊ အမှန်မှာ အဘိဓမ္မာသဘောအရ စေတနာမပါသော လုပ်ဆောင်ချက်ဟူ၍ မရှိပါ၊၊ စိတ်ပါဝင်စားစွာလုပ်ဆောင်သော လုပ်ငန်းမှန်သမျှတွင် စေတနာပါဝင်သည်မှာ သေခြာပါသည်၊၊

စေတသိက်ငါးဆယ့်နှစ်မျိုးကို သဘောတူရာအုပ်စုဖွဲ့လိုက်သောအခါ “စေတနာ”စေတသိက်သည် ပါဠိအမည်အားဖြင့် “သဗ္ဗစိတ္တသာဓာရဏစေတသိက်”အမျိုးအစားထဲတွင် ပါဝင်ပါသည်၊၊ “သဗ္ဗစိတ္တသာဓာရဏစေတသိက်”ဟူသည်မှာ စိတ်အားလုံးနှင့်အတူဖြစ်တတ်သော အလေ့အထရှိသော စေတသိက်မျိုးဖြစ်သည့်အတွက် စိတ်ဖြစ်နေသမျှ လုပ်ဆောင်မှုမှန်သမျှတွင်လည်း စေတနာပါဝင်နေမည် ဖြစ်ပါသည်၊၊

သို့သော် မရည်ရွယ်ဘဲဖြစ်သွားသော အပြုအမူနှင့် လုပ်ဆောင်ချက်များတွင်မူ စေတနာပါသည်ဟုဆုံးဖြတ်ရန် မဖြစ်နိုင်ပါ၊၊ သာဓကအားဖြင့် မြက်စေ့နှစ်ဘက်လုံးအလင်းမရသော ရဟန္တာအရှင်တစ်ပါး သွားလာသောအခါ ပုရွက်ဆိပ်များကို နင်းမိသဖြင့်သေဆုံးကုန်ကြရပါသည်၊၊ ထိုကဲ့သို့သော နေရာများတွင်မူ စေတနာမပါဝင်သည့်အတွက် ကံအဖြစ်သို့မရောက်၊ ကံမမြောက်ဟု မှတ်ယူရမည် ဖြစ်ပါသည်၊၊

အကောင်း+အဆိုးပြုမူမှုများတွင် စေတနာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်၊၊ စေတနာအနည်း၊ အများအလိုက် အကျိုးပေးတတ်သောကြောင့် ဖြစ်ပါသည်၊၊ တစ်ခါတရံတွင် လုံးဝမလုပ်ချင်ဘဲလျက် ပြုလုပ်လိုက်ရသည်များ ရှိနေတတ်ပါသည်၊၊ ထိုအခါများတွင် စေတနာကလှုံ့ဆော်သဖြင့် ပြုမူရသည်မဟုက်ဘဲ အခြေအနေအမျိုးမျိုးကသာ စေ့ဆော်တိုက်တွန်း၍ဖြစ်ရသည့်အတွက် ကြီးမားသည့်အကျိုးကိုဖြစ်စေ၊ အဆိုးကိုဖြစ်စေ မရတတ်ပါ၊၊

“စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဟုလည်း အရပ်စကားရှိပါသေးသည်၊၊ မမှန်ပါ၊၊ ဗုဒ္ဓအဘိဓမ္မာအလိုအရ စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည့် သဘောတရားတစ်ခု ဖြစ်ပါသည်၊၊ မှတ်သားရန်မှာ မိမိသည် တရားအဆင့်အရ လုံးဝပြည့်စုံနေသူမဖြစ်သေးသည့်အတွက် လူတိုင်းအပေါ်တွင် စေတနာမထားနိုင်သေးခြင်းသာ ဖြစ်ရပါသည်၊၊

“ငါသည် သားအရင်း ရာဟုလာအပေဖါ်၌စ်ြစေ၊ ငါ့အားသတ်ရန်လာသည့် နာဠာဂိရိဆင်အပေါ်၌ ဖြစ်စေ၊ ငါ့အားအကြိမ်ကြိမ် သေကြောင်းကြံသည့် ဒေ၀ဒတ်အပေါ်၌ဖြစ်စေ၊ ထားသည့်မေတ္တာမှာ တန်းတူညီမျှ အတူတူပင်ဖြစ်သည်၊၊

အထက်ဖော်ပြပါစကားရပ်မှာ တရားအဆင့်အရ ပြည့်စုံပြီးသူဖြစ်၍ လူတိုင်းအပေါ် စေတနာနှင့် မေတ္တာထားနိုင်ပုံကို သိသာစေသည့် သာဓကဖြစ်ပါသည်၊၊ သာမန်လူများအတွက်မူ စေတနာလူတိုင်းအပေါ် ထားနိုင်ရန်ခက်ခဲလှပါသည်၊၊ ဆိုလိုသည်မှာ စေတနာကို လူတိုင်းအပေါ်မထားနိုင်ကြခြင်းသာ ဖြစ်ပြီး၊ စေတနာသည် လူတိုင်းနှင့်မတန်ခြင်း မဟုက်ဟူ၍ဖြစ်ပါသည်၊၊

ညီမျှသော စေတနာ၊ သန့်ရှင်းသောစေတနာဖြင့် အကောင်းကိုပြုသောအခါ၊ သေးငယ်သည့်ပြုမူချက် လေးမျှပင်ဖြစ်သော်လည်း အကျိုးကြီးရသည်ဟု အဘိဓမ္မာရှုဒေါင့်မှ တွေ့ရပါသည်၊၊ ဤသဘောကိုပင် မြန်မာဆိုရိုးတစ်ခုတွင် “ညောင်စေ့လောက်လှူသော်လည်း၊ ညောင်ပင်ပမာဏမျှ အကျိုးရသည်၊၊”ဟု ဆို လိုဟန်ရှိပါသည်၊၊

စေတနာသည် အကောင်းဘက်တွင်မှ စေ့ဆော်သည်မဟုက်ဘဲ အဆိုးဘက်တွင်လည်း စေ့ဆော် တတ်သည့် သဘာဝရှိပါသည်၊၊ ထို့ကြောင့် ပြုလုပ်မိသည့်အပြစ်က သေးငယ်သော်လည်း စေတနာ များများထည့်ပြီး၊ ပျော်ပျော်ကြီးပြုလိုက်မိသည့်အတွက် “Misfortune never comes single.”ဟူ သော အင်္ဂလိပ်ဆိုးရိုးများနှင့်၊ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဟူသော မြန်မာဆိုးရိုးများ ပေါ်ပေါက် လာဟန်ရှိပါသည်၊၊

လူ၏ပင်ကိုယ်သဘာဝမှာ အကောင်းအပြုအမူများမှာထက် အဆိုးအပြုအမူများထဲတွင် ပျော်ဝင်နေ တတ်သည်ဟု ဆိုပါသည်၊၊ ထို့ကြောင့်လည်း လူ၏ဘ၀တစ်သက်တာတွင် “အသက်တစ်ရာမနေရ၊ အမှုတစ်ရာကို ရင်ဆိုင်နေကြရသည်”ဟု အဘိဓမ္မာသဘာဝများက မီးမောင်းထိုးပြနေပါသည်၊၊

အမှန်ဖြစ်သင့်သည်မှာ အခြေအနေအရ အဆိုးလုပ်ရပ်တစ်ခုကို မလွှဲသာ၍ပြုရသည့်တိုင် စေတနာပါပါ၊ ပျော်ပျော်ကြီး မပြုမိရန်အရေးကြီးသည်ဟု ယူဆရပါသည်၊၊ အဆိုးကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်လျင်ကား အကောင်းဆုံးဖြစ်ပါသည်၊၊

“အလင်းစက်” စာဖတ်သူများ စေတနာကောင်းသဖြင့် ကံကောင်းသူများဖြစ်ပြီး၊ ပြည့်စုံသည့်ဘ၀များစွာကို ပိုင်ဆိုင်ကြပါစေ၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၃.၃.၂၀၁၁)

အပြည့်အစုံသို့....

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP