* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, March 24, 2011

ဆရာကြီး သစ္စာဒီပကဦးကြည်-တရားတော်များ

Posted in: အသံဖိုင်များ | Comments (0)

Please right Click and save link as to download the Dhamma Talks.

၁။ ပညတ်စွဲသေ တရားတော်

၂။သောတာပန်တည်မှ အပါယ် တံခါးပိတ်ပုံ

၃။ သစ်တုံးကြီး ဝတ္ထု

၎။အကျိုးမဲ့မေးခွန်းများ မဖြေခြင်း အကြောင်း

၅။သောတာပန်တည်မှ ငါးပါးသီလလုံပုံ

၆။ ပဋိစ္စသမုပ္ပါဒ် နှင့် ခန္ဓာ ရခြင်းအကျိုး

၇။သံလျင်တောရဆရာတော်နှင့် ဆရာကြီးဦးကြည်အမေးအဖြေ

ဆရာကြီး သစ္စာဒီပက ဦးကြည် သည် မူလဓမ္မ ဆရာတော် ဦးဝိဇယ ၏ ဆရာဖြစ်ပါသည်။

Tags:

Read more...

စံပြအလုပ်အကျွေး

007 ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ခဲ့တဲ့ဟော်တယ်ကြီးတစ်ခုလို့ ပြောတာပဲ။

ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက
မြတ်စွာဘုရားရဲ့ အဖေ။
နံပါတ် (၅) အမိတောဒန ဆိုတာက
ရှင်အာနန္ဒာရဲ့ အဖေ။
ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။
ဖွားဖက်တော်လို့ စာပေကဆိုတယ်။

မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ
ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက်လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။
မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက် (၃၆) နှစ်ဖြစ်တဲ့
ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာ
သာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

လူလည်း လူ့အလျှောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျှောက်
မြတ်စွာဘုရားလည်း မြတ်စွာဘုရားအလျှောက်
အသက်အရွယ်ရလာရင် အနီးကပ် သတ်သတ်မှတ်မှတ် ပြုစုလုပ်ကျွေးမဲ့သူ
လိုအပ်တာ့ အမှန်ပဲ။

မြတ်စွာဘုရား ငယ်စဉ်တုန်းကတော့
သွားလိုတဲ့နေရာကို သွားပြီး ဟောလိုတဲ့တရားကို အေးအေးဆေးဆေးဟောကြားကာ
ရောက်တဲ့အရပ်က ဒကာ ဒကာမတွေ၊ ရဟန်းသံဃာတွေ ပြုစုလုပ်ကျွေးတာနဲ့ အဆင်ပြေနေတာပဲ။

မြတ်စွာဘုရားကို အနီးကပ် ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်အချို့ ရှိခဲ့ပါရဲ့။ ခဏပဲ။
ကြာလာတော့ မြတ်စွာဘုရား ပြောစကားနားမထောင်ဘူး။
မြတ်စွာဘုရားကို အလုပ်အကျွေးပြုဘူးတဲ့ရဟန်းတစ်ပါးဆို
အဲဒီအရပ်ကို မသွားပါနဲ့လို့ တားနေတဲ့ကြားက ထွက်သွားပြီး
ပြဿနာတက်ကာ
မြတ်စွာဘုရားထံမှ လစ်ထွက်သွားတယ်။
ဆိုတော့ မြတ်စွာဘုရားကို အနီးကပ်အလုပ်အကျွေးပြုစုဘူးတဲ့ရဟန်းတော် ခပ်များများဟာ
ခေတ်စကားနဲ့ပြောရရင်
မြတ်စွာဘုရားရဲ့ အထာကို မနပ်ကြဘူး။

ဒီလိုနဲ့
သက်တော် (၅၅) နှစ် ၀ါတော် (၂၀) ရသည့်တိုင်အောင်
မြတ်စွာဘုရားမှာ သတ်သတ်မှတ်မှတ် အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးမဲ့သူ မရှိခဲ့ဘူး။
သက်တော် ၅၅ နှစ် ၀ါတော် (၂၀) အရွယ်ရောက်တော့
မြတ်စွာဘုရားက ရဟန်းတွေကို စုဝေးစေပြီး
ရဟန်းတို့၊
ငါ အရွယ်ရလာပြီ။
ငါ့ကိုယ် အနီးကပ် အမြဲတမ်း ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့ ရဟန်းတော်တစ်ပါးလိုအပ်တယ်။`
ငါ့အထာကို သိတဲ့
ငါ့ကို အမြဲတမ်း အနီးကပ် ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့
ရဟန်းတစ်ပါးကို ရွေးချယ်ကြ -
လို့ မိန့်တော်မူပါတယ်။

ဒီတော့ ရှင်အာနန္ဒာ ကလွဲလို့
မြတ်စွာဘုရားရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်ကြတဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့ကအစ
စုဝေးရောက်ရှိလာတဲ့ ရဟန်းသံဃာအားလုံး
တပည့်တော်တို့ အနီးကပ်ပြုစုလုပ်ကျွေးပါရစေလို့
အလုအယက်လျှောက်ကြတာပေါ့။
လျှောက်ထားသမျှ ရဟန်းသံဃာတွေ
မြတ်စွာဘုရားရဲ့ Reject နဲ့ တိုးတော့တာပဲ။

နောက်ဆုံးတော့ သံဃာကြားထဲ ခေါင်းကြီးစိုက်ပြီး ငြိမ်နေတဲ့ ရှင်အာနန္ဒာကြီးကို
ဝိုင်းတိုက်တွန်းရတော့တာပေါ့။

တိုက်တွန်းတော့ ရှင်အာနန္ဒာကြီး ဘာပြောတယ်ထင်တုန်း။
မြတ်စွာဘုရားရှင်အနေနဲ့ တပည့်တော်တောင်းဆိုတဲ့အချက် (၈) ချက်ကို လိုက်လျောပေးနိုင်မှသာ
အလုပ်အကျွေးလုပ်နိုင်မည်ဖြစ်ကြောင်းလျှောက်ကြားတယ်။

ကြည့်စမ်း၊ သူများတွေ သူ့ထက်ငါ မြတ်စွာဘုရားကို
အလုပ်အကျွေးလုပ်ချင်လွန်းလို့ အလုအယက်လျှောက်နေတဲ့အချိန် ရှင်အာနန္ဒာကြီးကတော့ အေးဆေးပဲ။
အချက် (၈)ချက်တောင် မြတ်စွာဘုရားဘက်က လိုက်လျှောဘို့ တောင်းဆိုလိုက်သေးတယ်။

လောက လူ့သဘာဝက
ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ
ရာထူးကြီးကြီးရရင်
ရာထူးကြီးကြီးရထားထဲ့ အဲ့ဆွေမျိုးကို အမှီပြုပြီး
မြေ၊ အိမ်ယာ၊ တိုက်တာ၊ ဈေးခန်း၊ ကားစသည်များရအောင်
အခွင့်အရေးယူတတ်ကြတာထုံးစံပဲ။

ရှင်အာနန္ဒာကရော?
မြတ်စွာဘုရားဟာ ငါ့အစ်ကိုဝမ်းကွဲပဲ၊ ဒီတစ်ချီတော့ ငါ့အကွက်ဆိုက်ပြီ၊ ငါ့ဆွေမျိုးကောင်းစားတုန်း ငါလဲ တစ်သက်တာဖူလုံအောင် ရိက္ခာရှာလိုက်မဟဲ့၊
ဖွားဘက်တော် နောင်တော်ဘုရားဆီက အခွင့်အရေးရတုန်း တောင်းလိုက်အုံးမဟဲ့ ဆိုတဲ့ အတ္တကိုယ်ကျိုးအတွက် ရှင်အာနန္ဒာကြီးက အဆိုပါ အချက် (၈) ချက်ကို တောင်းဆိုခဲ့တာလား။ မဟုတ်ပါဘူး။

သူတောင်းဆိုခဲ့တာ မြတ်စွာဘုရားအတွက်ပါ။ ရဟန်းသံဃာတော်တွေအတွက်ပါ။
ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။
ရှင်အာနန္ဒာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်ဘို့အတွက် မြတ်စွာဘုရားထံက သူတောင်းဆိုတဲ့ အချက် (၈) ချက်ကို လေ့လာကြည့်ရအောင်။

၁။ မြတ်စွာဘုရား ရရှိလာတဲ့ သင်္ကန်းကို ဘယ်တော့မှ သူ့ကို မပေးရဘူးတဲ့။

၂။ မြတ်စွာဘုရားရဲ့ ဆွမ်းကို သူ့ကို ဘယ်တော့မှ မကျွေးပါနဲ့တဲ့။

၃။ မြတ်စွာဘုရားနေတဲ့ သန့်ရှင်းသပ်ယပ်တဲ့ ကျောင်းတော်အခန်းကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ သူ့ကို မနေခိုင်းပါနဲ့ တဲ့။

၎။ မြတ်စွာဘုရားကို ဆွမ်းလှူဘို့ သင်္ကန်းလှူဘို့ စသဖြင့်
ပင့်တဲ့နေရာတွေကို သူ့ကို ဘယ်တော့မှ မခေါ်ပါနဲ့တဲ့။

၅။ သူ့ကို ပင့်တဲ့နေရာတွေကိုတော့ မြတ်စွာဘုရား အမြဲလိုက်ပါပေးရမယ်တဲ့။

၆။ ရပ်ဝေးရပ်နီးမှ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာကြတဲ့ဧည့်ပရိသတ်တွေကို
မိတ်ဆွေဖွဲ့ခွင့်ပြုပါတဲ့။

၇။ သူ့မှာ တစုံတရာ သံသယရှိလို့ မေးစရာရှိလာလျှင်
ဘယ်အချိန်မဆို မြတ်စွာဘုရားထံလာရောက် လျှောက်ထားခွင့်ပြုပါတဲ့။

၈။ မြတ်စွာဘုရားအနေနဲ့ သူ့မျက်ကွယ် ဘယ်မှာပဲ တရားဟောခဲ့ ဟောခဲ့၊
သူ့ကို ပြန်ဟောပြရမယ်တဲ့။

ရှင်အာနန္ဒာကြီးတောင်းဆိုတဲ့ ဒီအချက် (၈) ချက်ကို ကြည့်ပြီး
ရှင်အာနန္ဒာကြီးကို ကြည်ညိုလိုက်တာ။ အားကျလိုက်တာ။
ဖတ်ရင်းဖတ်ရင်းနဲ့ ၀မ်းသာ သဘောကျလွန်းလို့
နားနားပြီး ဖတ်ရတယ်။

ဒီအချက်တွေထဲက ပထမ (၃) ချက်ကို သေချာဖတ်ပြီး စဉ်းစားကြည့်ရအောင်။
ဘ၀မှာ အရေးအကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး
ရှင်အာနန္ဒာ မြတ်စွာဘုရားနဲ့ မပတ်သက်ချင်ဘူး။
ဘုရားကို အလုပ်အကျွေးပြုစုလို့
ဘုရားရဲ့ ပေးစာ ကမ်းစာ စားရ ၀တ်ရတဲ့ဘ၀မျိုး
ရှင်အာနန္ဒာ မနေလိုဘူး။
ဒါ့အပြင်
ရှင်အာနန္ဒာကြီး
ဘုရားပြုစုလုပ်ကျွေးပြီး ဘုရားပေးစာ ကမ်းစာစားပြီး ကြီးပွါးနေတာပါကွာ။
လူအများပြောမှာကို သူလိုလားဟန်မတူဘူး။

နံပါတ် (၄) တောင်းဆိုချက်ကို ကြည်။
ဘုရားတစ်ပါးတည်းပင့်တာကို ရှင်အာနန္ဒာကြီးက
(လုပ်ကျွေးပြုစုတာကို အကြောင်းပြပြီး)
လိုက်ကပ်စားသောက်နေတာဟေ့ လို့ ပတ်ဝန်းကျင်ကလည်း မြင်လာနိုင်တယ်။
ဒီလိုလဲ သူအမြင်မခံနိုင်ဘူး။

နံပါတ် (၅) တောင်းဆိုချက်ကြတော့
သူ့ကို သူ့ဒကာ ဒကာမတွေက ပင့်ရင်တော့ မြတ်စွာဘုရားပါ လိုက်ပေးရမယ်ဆိုပဲ။
ဘယ်လောက် ဆရာသမားကို ရှေ့တန်းတင်တဲ့ ရှင်အာနန္ဒာကြီးလဲ။
ရှင်အာနန္ဒာတောင်းတဲ့ ပထမအချက် (၅) ချက်ကို နားလည်မိတာပါ။
Cousin Brother ဖွားဖက်တော်ဖြစ်တဲ့ နောင်တော်ဘုရားဆီက
လုံးဝအခွင့်အရေးမယူတတ်တဲ့ ရှင်အာနန္ဒာကြီးကို ကြည့်ပြီး
အလားတူ ဆွေမျိုးတော်စပ်တဲ့
ရှင်ဒေ၀ဒတ်ကြီးကိုလဲ သတိရမိသေးတယ်။

Read more...

Good Friend (Part 3) - မိတ်ဆွေကောင်း (အပိုင်း ၃)


ဤ ဖော်ပြပါ မိတ်ကောင်းဆွေကောင်း၏ လက္ခဏာများကို ရှင်းပြသည့် အနေဖြင့် ၎င်းလက္ခဏာများ ထင်ရှားတွေ့ရသည့် ဇာတ်ဝတ္ထု အသီးသီးကို ဖော်ပြပါမည်။ အချို့က ဇာတ်တော်များကို ဘုရားလောင်း နုစဉ်က ကြုံခဲ့ရသော ဘ၀ဇာတ်ကြောင်းများ ဖြစ်ကြသည်ဟု မယုံကြည်နိုင်ကြပေ။ အထူးသဖြင့် တိရစ္ဆာန်က စကားပြောခြင်းမျိုးကို လက်မခံနိုင်ကြခြင်း ဖြစ်ပေသည်။ ပုံပြင်ဟု သတ်မှတ်ကြ၏။ ဇာတ်တော်များကို အီစွတ်ပုံပြင်များနှင့် နှိုင်းယှဉ်ကြသည်ကို မကြာခဏ တွေ့ဖူး၏။ ပုံပြင်ပင် ဖြစ်စေကာမူ ရယူနိုင်သည့် သင်္ခန်းစာကား လေးနက်သည်သာ ဖြစ်၏။ အောက်ဖော်ပြပါ ဇာတ်တော်များ၌ မိတ်ကောင်းဆွေကောင်း၏ လက္ခဏာများကို အာရုံစိုက်ကြပါလေကုန်။

ပေးစွန့်နိုင်ခြင်း

မိတ်ဆွေကောင်းမည်သည် သူ့အတွက် သူ့အကြိုက် အကောင်းအမွန်ဟူ၍ သိုဝှက် မထားဘဲ သူ နှစ်သက်မြတ်နိုးသော ပစ္စည်းမျိုးကိုပင် မျှဝေပေးကမ်းနိုင်၏။ စံပြ မိတ်ကောင်းများ ဖြစ်တော်မူကြသည့် ဘုရားလောင်းတို့သည် နီးစပ်ပတ်သက်သူအား အသွေးအသား ကိုပင် ပေးစွန့်တော်မူကြ၏။ ပေးစွန့်နိုင်ခြင်း ဂုဏ်ရည်သည် သီလဝနာဂရာဇ ဇာတ်၌ ထင်ရှား၏။

မဟာသီလဝနာဂနာရာဇဇာတ်

ရှေးအခါက ဘုရားလောင်း မဟာသီလဝ ဆင်မင်းသည် အခြံအရံ ရှစ်သောင်းနှင့်အတူ ဟိမဝန္တာ၌ နေ၏။ တစ်ခါသော် ဆင်မင်းသည် တော၌မျက်စိလည်နေသော မုဆိုးတစ်ယောက်ကို နှစ်ရက်သုံးရက် ကျွေးမွေးပြုစု၍ လမ်းညွှန်ပေးလိုက်၏။

ကာလ အတန်ကြာသော် ထိုမုဆိုးသည် ဆင်မင်း၏ အစွယ်ကို လာတောင်းပြီး ဆင်စွယ်ပွတ် သမားတို့ထံ ရောင်းစား၏။ ထိုဆင်စွယ်ဖိုး ကုန်သွားသော် နောက်တစ်ခေါက် လာပြန်၏။

ဆင်မင်း၏အစွယ်ကို ခဏခဏ လာတောင်းသော မုဆိုးသည် နောက်ဆုံးအကြိမ်၌ ဘုရားလောင်း၏ ဦးကင်းပေါ်သို့တက်၍ ဘုရားလောင်း၏ နှုတ်သီးစွန်းတို့ကို ဖနောင့်နှင့် တွန်းဖွင့်၍ အသားကိုထုတ်၍ အစွယ်ရင်းကို ဖြတ်ယူ၏။ ယုတ်မာသော၊ မိတ်ဆွေ၏ ကျေးဇူးကို ချေဖျက်သော လောဘသား မုဆိုးသည် ဆင်မင်း၏ မျက်ကွယ်သို့ ရောက်လျှင် မြေမျိုခံရ၍ အဝိစိငရဲသို့ကျ၏။

စွန့်စားဆောင်ရွက်ခြင်း

မိတ်ဆွေကောင်းမည်သည် အကူအညီ တောင်းသည်ကို နေ့ရွှေ့ရက်ရွှေ့ မရှောင်လွှဲ၊ ဟိုဟိုဒီဒီ အကြောင်းပြ မငြင်းဆန်ဘဲ အသက်နှင့် စည်းစိမ်ကိုပင် ရင်း၍ စွန့်စွန့်စားစား ကူညီဆောင်ရွက် ပေးနိုင်၏။ ဆက်စပ် ပတ်သက်သူအတွက် စွန့်စားနိုင်မှုသည် သုပတ္တဇာတ်၊ အဗ္ဘန္တရဇာတ်တို့၌ ထင်ရှား၏။

သုပတ္တဇာတ်

ရှေးအခါက ဘုရားလောင်း သုပတ္တကျီးမင်းသည် ကျီးရှစ်သောင်း အခြံအရံ ရှိ၏။ ကျီးမိဖုရားကား သုဖဿာဖြစ်၏။ ကျီး စစ်သူကြီးကား သုမုခမည်၏။

တစ်ခါသော် သုဖဿာသည် ဗာရာဏသီမင်း၏ ပွဲတော်စာကို စားလိုသောကြောင့် သုမုခ စစ်သူကြီးက ဆောင်ယူပေး၏။

ကျီးစစ်သူကြီးသည် ကျီးများနှင့်အတူ ဗာရာဏသီပြည်သို့ သွားကာ မင်းနန်းတော် စားဖိုဆောင် အနီး၌ နားနေ၏။ စားဖိုသည်သည် မင်း၏ စားတော်ပွဲကို ဆောင်ယူလာသောအခါ ကျီးစစ်သူကြီးက စားဖိုသည်ကို ဝင်ရောက် တိုက်ခိုက်၏။ စားဖိုသည်၏ မျက်နှာကို ပိတ်၍ ပုတ်ခတ်၏။ စားဖိုသည်၏ နှာခေါင်းကို ဆိတ်ထားရင်း တောင်ပံဖြင့် ပုတ်ခတ်၏။ အဖြစ်အပျက်ကို ကြည့်နေသောမင်းကြီးသည် ကျီးကို အမိဖမ်းရန် အမိန့်ပေး၏။ စားဖိုသည်သည် စားတော်ပွဲကို စွန့်၍ ကျီးကိုသာ မြဲမြဲဖမ်းထား၏။ ထိုစဉ် အခြားကျီးတို့သည် စားတော်ပွဲကို ထိုးသုတ် စားသောက်၍ ကျီးမင်းနှင့် ကျီးမိဖုရား အတွက်ပါ ချီဆောင်သွားကြ၏။

ဗာရာဏသီမင်းကြီးသည် ကျီးစစ်သူကြီးကို စစ်မေး၍ တာဝန်ကျေမှုကို ချီးမွမ်း၏။ ကျီး စစ်သူကြီးကို ထီးဖြူဖြင့် ပူဇော်၏။ ကျီးစစ်သူကြီးသည် ထီးဖြူကို မင်းကြီးအားသာ ပြန်လည် အပ်နှင်းခဲ့၏။

အဗ္ဘန္တရဇာတ်

ရှေးအခါက ဟိမဝန္တာ၌ ဈာန်နှင့် မွေ့လျော်နေသော ဘုရားလောင်း ရသေ့သည် ချဉ်ဆား အလိုရှိသောကြောင့် အခြံအရံတို့နှင့် အတူ ဗာရာဏသီသို့ ကြွလာ၍ မင်းဥယျာဉ်၌ နေ၏။ ထိုအခါ ရသေ့မြတ်၏ အကျင့်ကြောင့် သိကြားမင်း၏ ဗိမာန်သည် တုန်လှုပ်၏။ သိကြားမင်းသည် စည်းစိမ် အလုခံရမည် စိုးသောကြောင့် ရသေ့မြတ်ကို ဖျက်ဆီး၏။

သိကြားမင်းသည် မင်းဥယျဉ်ရှိ သရက်ပင်တို့မှ အသီးများကို ရသေ့တို့ စားထားဟန် ဖန်ဆင်း၍ အဗ္ဘန္တရ သရက်သီးကို စားလျှင် စကြာမင်းလောင်းကို ကိုယ်ဝန်ဆောင်ရမည်ဟု မိဖုရားကိုပြော၏။ ထို သရက်သီးကို စားလိုကြောင်း မိဖုရားက မင်းကြီးထံ တောင်းပန်၏။

ထိုအခါ သရက်ပင် နှစ်ခုကြား၌ရှိသော သရက်သည် အဗ္ဘန္တရ သရက်မည်၏။ ထိုသရက်သီးကို ဥယျာဉ်မှ ဆောင်ယူ၍ မိဖုရားကို ကျွေးသင့်၏ဟု အမတ်တို့က လျှောက်တင်၏။

ထိုအခါ မင်းနန်းတော်၌ မွေးမြူအပ်သော ကျေးလိမ္မာက အဗ္ဘန္တရ သရက်ကို ရှာဖွေ ဆက်သ၏။ ထိုကျေးသည် ဟိမဝန္တာမှ ကျေးတို့ထံသို့ သွား၍ အဗ္ဘန္တရ သရက်သီး အကြောင်း စုံစမ်း၏။

အဗ္ဘန္တရ သရက်သီးကား ဝေဿဝဏ်နတ်မင်း၏ အသုံးအဆောင်တည်း။ သံကွန်ယက် ခုနစ်ထပ်ဖြင့် ဖုံးထားအပ်၏။ ကုမ္ဘန်ရက္ခိုသ် တစ်ထောင်တို့ စောင့်ရှောက်အပ်၏။

သို့သော် ကျေးလိမ္မာသည် အစောင့်ကုမ္ဘန်တို့ အိပ်ပျော်နေစဉ် သရက်ပင်ကို အမြစ်ကြားမှ ညင်သာစွာတက်၏။ သို့သော် သံကွန်ယက် အသံထွက် သွားသောကြောင့် အဖမ်းခံလိုက်ရ၏။

သို့သော် အရှင်သခင် အကျိုးအတွက် အသက်စွန့်သူသည် နတ်ပြည် လားရ၏ ဟူသော ကျေးမင်း၏ စကားကို သဘောကျသောကြောင့် ရက္ခိုသ်တို့က ကျေးမင်းကို လွှတ်ပေးလိုက်၏။

သို့သော် ဝေဿဝဏ်နတ်မင်းက သရက်သီးကို ရေတွက် ထားသောကြောင့် သရက်သီးကိုကား မပေးလိုက်နိုင်ပေ။ ရွှေတောင်ကြား၌ နေသော ရသေ့အား ဝေဿဝဏ် နတ်မင်းက သရက်သီးလေးလုံး နေ့စဉ် ပေးလှူကြောင်းကိုသာ သတင်းပေးလိုက်နိုင်၏။

ထို့ကြောင့် ကျေးလိမ္မာသည် ဇောတိဿရရသေ့ထံသွား၍ သရက်သီး ပေးစွန့်ရန် လျှောက်ထား၏။ ရသေ့သည် သရက်သီးနှစ်လုံးကို ဘုဉ်းပေးပြီး တစ်လုံးကို ကျေးသားအား ကျွေးကာ တစ်လုံးကို မိဖုရားအတွက် ပေးလိုက်၏။

သည်းခံခွင့်လွှတ်နိုင်ခြင်း

မိတ်ဆွေကောင်းမည်သည် အပြစ်ကို သည်းခံနိုင်၏။ အမှားကို ခွင့်လွှတ်နိုင်၏။ အားနည်းချက်ကို ဖြည့်စွက် ကြည့်တတ်၏။ ကျူးလွန်ပြစ်မှားခြင်း ခံရသော်လည်း လက်တုံ့မပြန်ဘဲ သင်ပုန်းချေနိုင်၏။ မိတ်ဆွေကောင်း၌ ရန်းငြိုးမရှိပေ။

သည်းခံမှု အရာ၌ ရန်သူကိုပင် နားလည် ခွင့်လွှတ်နိုင်သော ဘုရားလောင်းတို့ကို အတုယူ သင့်၏။ ဆဒ္ဒန္တဇာတ်၌ မှီဝဲဆည်းကပ်ရမည့် မိတ်ကောင်းဆွေကောင်း သူတော်ကောင်းတို့၏ လက်ကိုင်တရား သည်းခံ ခွင့်လွှတ်ခြင်း ခန္တီနှင့် မပေါင်းသင့်သူ သူယုတ်တို့ လက္ခဏာ ရန်ငြိုးထားမှုကို နှိုင်းယှဉ် လေ့လာနိုင်၏။

ဆဒ္ဒန္တဇာတ်

ရှေးအခါက ဘုရားလောင်းသည် ဆဒ္ဒန်ဆင်မျိုး၌ ဖြစ်၍ ဆင်အပေါင်း ခြံရံလျက် ဟိမဝန္တာ၌ နေ၏။ အလောင်းတော်အား မဟာသုဘဒ္ဒါနှင့် စူဠသုဘဒ္ဒါဟူသော မယားနှစ်ယောက် ရှိ၏။ ဘုရားလောင်းတို့သည် မိုးအခါ၌ ရွေဂူမှာနေ၍ ဆောင်းအခါ၌ ပညောင်ပင်ကြီး၏ ပါးပျဉ်းကြားမှာနေ၏။

အင်ကြင်းပန်းများ ပွင့်လေသော် ဆင်အပေါင်းသည် အင်ကြင်းတောသို့ သွားကြ၏။ ထိုအခါ ဆင်မင်းသည် အပွင့်တို့ဖြင့် စည်ကားနေသော အင်ကြင်းပင် တစ်ပင်ကို ဦးကင်းဖြင့် တိုက်၍ အင်ကြင်းပွင့်တို့ကို ချွေချ၏။ လေညာအရပ်မှာ ရှိနေသော စူဠသုဘဒ္ဒါ အပေါ်သို့ သစ်ခက်ခြောက်၊ သစ်ရွက်ရော်၊ ခါချဉ်တို့ကျ၍ လေအောက်မှာ ရှိနေသော မဟာသုဘဒ္ဒါ အပေါ်သို့ ပန်းဝတ်မှုံ၊ ပန်းပွင့်ချပ်တို့ ကျလေ၏။ ထို အဖြစ်အပျက်ကို မကျေနပ်သော စူဠသုဘဒ္ဒါက ဆင်မင်းကို ရန်ငြိုးဖွဲ့၏။

ထို့ပြင် တစ်နေ့သော် ဆင်တို့ ရေချိုးဆင်းကြစဉ် ဆင်တစ်စီးက ဆဒ္ဒန်အိုင်မှ ပွင့်ချပ် ခုနစ်ထပ်ရှိသော သတ္တုဒ္ဒယပဒုမ္မာကြာကို ဆင်မင်းအား ဆက်သ၏။ ဘုရားလောင်းက ထိုကြာကို နှာမောင်းဖြင့်ယူ၍ မဟာသုဘဒ္ဒါအား ပေး၏။ ထိုဖြစ်စဉ်ကို ကြည့်နေသော စူဠသုဘဒ္ဒါက ဘုရားလောင်းကို ရန်ငြိုးဖွဲ့ပြန်၏။

တစ်နေ့သော် ဆင်မင်းသည် သစ်သီး၊ ကြာစွယ်၊ ပျားရည်တို့ဖြင့် ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ဆွမ်းလုပ်ကျွေး၏။ ထိုအခါ စူဠသုဘဒ္ဒါသည်လည်း ပစ္စေကဗုဒ္ဓါတို့အား သစ်သီးလှူ၍ နောက်ဘဝ၀ယ် မဒ္ဒရာဇ်မင်းမျိုး၌ သုဘဒ္ဒါမည်သော မိဖုရား ဖြစ်လိုကြောင်း၊ မင်းအာဏာဖြင့် ဘုရားလောင်း ဆင်မင်းကို သတ်၍ အစွယ်ကို ဆောင်ယူနိုင်လိုကြောင်း ဆုတောင်း၏။

စူဠသုဘဒ္ဒါသည် ဆုတောင်းပြည့်လေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မိဖုရား၏ တောင်းဆိုမှုကြောင့် ဆဒ္ဒန်ဆင်မင်းကို သတ်၍ အစွယ်ကို ယူရန် သောဏုတ္တရ မုဆိုးကို စေလွှတ်၏။
ဟိမဝန္တာသို့ ခက်ခက်ခဲခဲ ရောက်လာသော မုဆိုးသည် အလောင်းတော် သွားနေကျ လမ်းတစ်နေရာ၌ တွင်းတူး၍ ပုန်းနေ၏။ တွင်းပေါ်သို့ ဆင်မင်း ရောက်လာလျှင် တွင်းထဲမှနေ၍ ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်း၏။

ဆင်မင်းသည် ဒဏ်ရာပြင်းထန်သော်လည်း ဝေဒနာကို သည်းခံ၍ မုဆိုးကို အမျက်မထွက်ပေ။ ထို့ပြင် မုဆိုးကို အစွယ်ဖြတ်ယူခွင့် ပေး၏။ မုဆိုးက အစွယ်ကို မဖြတ်နိုင်သောကြောင့် ကိုယ်တော်တိုင် အစွယ်ကို ဖြတ်၍လှူ၏။ ဆင်မင်းသည် အစွယ်ကို လှူပြီးနောက် သေလေ၏။

သောဏုတ္တရ မုဆိုးသည် ဆင်မင်း၏ အစွယ်ကို စူဠသုဘဒ္ဒါ မိဖုရားအား ဆက်သ၏။ မိဖုရားသည် အငြိုးအတေးဖြင့် ဘုရားလောင်းကို သတ်နိုင်သော်လည်း ပြုမိသော အမှားအတွက် နောင်တတစ်ဖန် ပူပန်ကာ နှလုံးကွဲ၍ သေရ၏။

(ဆက်ရန် . . . . .)

Read more...

မွေးနေ့အကြို မင်္ဂလာပွဲ (၁)

မဟာစည်းခုံကြီးစေတီတော်
ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား
ပထမဘုံ ထီးတော်တင်လှူနေပုံ
သံဃာတော်များ ထီးတော်တင်လှူနေစဉ်
စေတီတော်ကြီး၏ အလယ်ပစ္စယံ ဌာပနာတိုက်အတွင်း၌ အနေကဇာတင်စဉ်
စေတီတော်ကြီး၏ ညရှုခင်း ကြည်ညိုသပ္ပါယ်ဖွယ်

အညာမြေကို နှုတ်ဆက်ခြင်း

ရန်ကုန်မှာ သင်တန်းတွေပြီးတော့ အိန္ဒိယကို ပြန်သွားဖို့ပြင်ဆင်ရသည်၊ အညာက ဆရာသမားနှင့် အမေအိုကြီးနှင့် မိသားစုတို့ကို နှုတ်ဆက်ရန် ပြန်ခဲ့ရသည်။ အညာမြေသည် နွေဦးပေါက် ခြောက်သွေ့ပြီး ဖုန်ထသော ရာသီဖြစ်သည်၊ နေ့ပူ ညချမ်း တပေါင်းလဆန်းဆိုတဲ့ အတိုင်း နေ့အခါ ပူပေမဲ့ ညအခါမှာတော့ အေးနေသေးသည်။ ရပ်ရွာမှာ တစ်ပတ်လောက် နေပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သို့ ၀င်သည်။ ဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ ရပ်ဝေး ရပ်နီးမှ ပရိသတ်များစွာလဲ တဖွဲဖွဲ ရောက်နေကြသည်။ မွေးနေ့ရက် နီးကပ်လာလေ ပရိသတ်များလာလေဖြစ်သည်။ မနေ့က ဆွမ်းစားရင်း တက္ကသိုလ်၏ စီမံဥက္ကဋ္ဌဆရာတော်ပြောတာ ကြားလိုက်သည်၊ ခေါင်းအုံးအသစ်တွေ အလုံး ၅၀၀ မှာယူထားတာတောင် မလောက်ဖြစ်နေသည်တဲ့။ နေရာလည်း သရက်ပင်အောက် နေရာရဖို့ပင် မလွယ်တဲ့။ စာရေးသူတို့လည်း သာမန်အချိန်ဆို နေရာကောင်းလေး ရနိုင်သည်၊ အခုတော့ ကိုယ့်ကျောင်းကိုယ့်ဟာဆိုတော့ သူငယ်ချင်းတွေ အကြား တိုးဝှေ့ အိပ်ရသည်။

ထူးခြားသည့် အစီအစဉ်တစ်ခု

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲ အမီ စေတီတော်ကြီး၏ ဌာပနာသွင်း ပူဇော်ခြင်းနှင့် ရွှေထီးတော်ကြီး တင်လှူပူဇော်ပွဲများကို ခမ်းခမ်းနားနား ပြုလုပ်နိုင်ရန် ကြိုတင်စီမံထားသော်လည်း အချိန်မမီနိုင်ဟု ယူဆထားသည်။ သို့သော် ဆရာတော်ကြီး၏ ဆန္ဒကြောင့် အင်တိုက်အားတိုက် တည်ဆောက်ရာ မဟာစည်းခုံစေတီတော်ကြီး ရွှေထီးတော် တင်လှူပွဲကြီးကား ခြိမ့်ခြိမ့်သဲပင်ဖြစ်ခဲ့သည်။

၁၅-၁၆- ရက်များတွင် ထိုစေတီတော်ကြီးကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပထမဘုံအဆင့် မှ န၀မ ဘုံအဆင့်အထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာတော်များနှင့် ဌာနဆိုင်ရာများက သီတဂူ အဏ္ဏ၀ါနတ်ပန်းရထားဖြင့် တင်လှူပူဇော်ကြသည်၊ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပူဇော်သည်။ သံဃာတော်များ၏ နေ့စဉ် ရွတ်ပွားပူဇော်အပ်သော ပရိတ်တော်သည်လည်း ဘ၀ဂ်ညံလျက်ရှိသည်။ ရပ်ကွက်ထဲရှိ အမျိုးသမီး ၀တ်အသင်းများကလည်း ပူဇော်ကြသည်။ ၁၇-ရက်နေ့တွင် ရန်ကုန်သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသားများက ကျန်ရှိနေသေးသော ထီးတော်များကို တင်လှူပူဇော်ကြသည်။ နောက်ဆုံးရက်တွင် စိန်ဖူးတော်နှင့် ငှက်မျက်နှားတော်တို့ကို တင်လှူ ပူဇော်သည်။

မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး ကပ်လှူသော ကောက်ညှင်းဆွမ်းနှင့် အကြော်အမျိုးစုံကလည်း မြိန်ရည်လျှက်ရည်ရှိလှသည်။ နံနက်စာ ဘာမှ မစားခဲ့ရသေးသော စာရေးသူတို့အဖွဲ့ အားပါးတရ ဘုန်းပေးခဲ့ကြသည်။ ဆာလောင်ရောဂါထနေသော စာရေးသူတို့ ကျောင်းအမကြီးအား အထူးကျေးဇူးတင်လို့မဆုံး ဖြစ်ကြသည်။


ဖျော်ဖြေရေးအစီအစဉ်

၁၃-၁၄-၁၅ ရက်များတွင် မြန်မာ့ရိုးရာ နိုင်ငံကျော် ခြင်းအလှခတ် တစ်ဦးချင်း၊ အဖွဲ့လိုက်တို့ ဖျော်ဖြေခြင်း။
၁၄ ရက်နေ့ညက မြတစ်ရာ အငြိမ့်ဖြင့် ဖျော်ဖြေခြင်း
၁၅ ရက်နေ့တွင် ရွှေတံဆိပ်ဆုရှင် ဖိုးချစ် ဇာတ်သဘင်ဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်သည်။
၁၆ ရက်နေ့မှာတော့ လူရွှင်တော်များ၏ သမီးများဖြစ်ကြသော လူရွှင်တော်အမျိုးသမီးတို့၏ ဟာသ ဖျော်ဖြေမှုပဲ ဖြစ်သည်။

မဟာစည်းခုံစေတီတော်

စေတီတော်ကြီး၏ သမိုင်းအကျဉ်းချုပ်သည်လည်း စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံတွင် စည်ခုံကြီးအမည်ရှိ စေတီ ၃ ဆူရှိသည်။ ပုဂံခေတ်က ကျန်စစ်သားမင်း တည်ထားကိုးကွယ်သည့် ရွေစည်းခုံစေတီ၊ ပင်းယခေတ်က ပင်းယမင်း ဥဇ္ဇနာမင်းတည်သည့် မက္ခရာစည်းခုံစေတီတော်နှင့် သက္ကရာဇ် ၇၁၄-တွင် စစ်ကိုင်းမင်း သီဟပတိ တည်းထားကိုးကွယ်သည့် ယခု မဟာစည်းခုံ စေတီတော်ကြီးတို့ ဖြစ်ကြသည်၊ ထိုစေတီတော် ၃ဆူတွင် ဤ မဟာစည်းခုံစေတီတော်ကြီးက အကြီးဆုံး စေတီတော်ကြီးဖြစ်သည်။ ပုဂံရွှေစည်းခုံစေတီတော်ကြီးသည် ပေ ၁၆၀ ရှိသည်၊ စစ်ကိုင်းမြို့ ယခုပြုပြင်သော မဟာစည်းခုံစေတီတော်ကြီးသည်ကား ပေပေါင်း ၁၇၀ ရှိသဖြင့် ၁၀ ပေ ပိုမြင့်သည်။ မက္ခရာစည်းခုံစေတီတော်ကြီးသည် ၁၆၈ ပေ မြင့်သည်။ ဤစေတီတော်ကြီးသည် ပျက်စီးယိုယွင်းပြီး ခြုံများ ပိတ်ဖုံးလျက်ရှိရာ ယခင် စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးမြင့်၏ လျှောက်ထားတောင်းပန်မှုဖြင့် သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပြုပြင် ပြီးစီး ရွှေထီးတင် အဆင့်ထိ ရောက်လာသဖြင့် အထူးကြည်ညို သပ္ပါယ်ကောင်းလှသည်။ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်ကြီးအဖြစ် ဇေယျာသူ ဇေယျာသားတို့ ဂုဏ်ယူဝံ့ကြွားကြသည်။

မှတ်ချက်။ ဒုတိယအကြီးဆုံး စဥ့်ကိုင်မြို့နယ်ရှိ မက္ခရာစည်းခုံကြီး စေတီတော်ကြီးကိုလည်း သက်တော် ၇၃ နှစ်ပြည့် မွေးနေ့အဖြစ် ခြုံပိတ်ပေါင်းတို့မှ တူးဖော်ထုတ်ကာ ပြုပြင်ပြီး ရွေထီးတော် စိန်ဖူးတော်များ တင်လှူခဲ့ပြီးဖြစ်သည်။

ဤကား သီတဂူဆရာတော်ကြီး၏ ၇၄ နှစ်ပြည့် မွေးနေ့ပူဇာကျင်းပပုံ ပထမနေ့ အစိတ်အပိုင်းများဖြစ်သည်။

အပိုင်း (၂) အပိုင်း (၃) နှင့် အပိုင်း (၄) များ ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၄-၃-၂၀၁၁
0 comments

Read more...

“နာနာဘာဝနှင့်တွေ့ဘူးသူများ အပိုင်း(၂)

Wednesday, 23 March 2011 01:03 Written by မေတ္တာဥယျာဉ်

နာနာဘာဝနှင့်တွေ့ဖူးသူများ(၂)
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

စိတ်ဝေဒနာရှင်နှင့်ကြောက်စိတ်(ဒေါသ)ကို ပယ်သတ်ထားပြီးသော အနာဂါမ်၊ရဟန္တာတို့မှတပါး အခြားမည်သူမဆို တစ္ဆေသရဲ ဆိုရင် ကြောက်ပြီးသား။ အကြောက်ကလေးနှင့် အကြောက်ကြီးဘဲ ကွာပါသည် ။ကြောက်အောင်ခြောက်ရင်ကြောက် တတ်ကြ၏။ စိတ်၏ဓမ္မတာ ဖြစ်၏။ထို့ကြောင့်......

စိတ်ခံစားမှု ရသကိုးပါးမှာ ကြောက်ခြင်း(ဘယာနက)ရသကိုပါ ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

ကြောက်စိတ်နှင့် သတ်ဖြတ်လိုစိတ်သည် ဒေါသအရင်ခံ စိတ်တစ်မျိုးတည်း ဖြစ်၏။ ကြောက်တတ်သောစိတ်ကို ဆုတ်နစ် သည့် ဒေါသ၊ သတ်ြ ဖတ်နှိပ် စက် လိုသော စိတ်ကို တက်ြွကဒေါသ-ဟု အဘိဓမ္မာ၌ ခွဲခြားပြဆိုသည်။

ရန်သူကို ကြောက်တတ်သောဒေါသ၏ အကျိုးဆက်မှာ စိုးရွံ့ခြင်း၊ထိန့်လန့်ခြင်း၊ ကိုယ်တုန်လှုပ်ခြင်း၊ မျက်ရည်ကျခြင်း၊ ကိုယ်တောင့်တင်းခြင်း တို့ ဖြစ်တတ် သည်။ရုဒ္ဓရသ-ကြမ်းတမ်းရသ-ဟု ဆိုသည်။

သရဲတစ္ဆေကြောက်သည့် ဒေါသ၏အကျိုးဆက်မှာ အသဲတလှပ်လှပ်၊ ရင်တဖိုဖို ၊စိုးတထိတ် ထိတ်၊ ကျောတချမ်းချမ်း၊ နောက်ကြော မလုံသလို မျိုး ဖြစ် တတ်၏။ထိုကိုတော့ ဘယာနကရသ-ကြောင်းခြင်းရသ-ဟု ဆိုသည်။

လောကဓာတ်အတွင်းရှိ သတွာတွေကို အုပ်စုအနေဖြင့်ခွဲက ဗြဟ္မာ နတ် လူ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရ ကာယ်ဟူ၍ (၇)မျိုးသာ ရှိ၏။နာနာဘာဝ ဆိုတာ ပြိတ္တာ၏အမည်ဖြစ်၏။တစ္ဆေ အစိမ်း သရဲ သဘက် ဝိဉာဉ် လိပ်ပြာ၊မှင်စာ၊ မကျွတ်လွတ်သူ၊မကောင်းဆိုးဝါး-စသောအမည်များ စွာဖြင့်မြန်မာတို့က ခေါ်ဆိုကြသည်။တိရစ္ဆာန်တို့ကဲ့သို့ ကိုယ်ခန္ဓာအသေး အကြီး၊ပုံသဏ္ဌာန်မျိုးစုံကို ဖန်ဆင်း၍ရနိုင်သော ကမ္မဇဒ္ဓိ (ကံကြောင့်ဖြစ်သောတန်ခိုး)မျိုးရှိဟန်တူပါသည်။

“သရဲ တကယ်ရှိလား”ဟု မေးလာရင်တော့ အသေအခြာ ရှိတယ်လို့ပဲ ဖြေရပါလိမ့်မည်။ယခင်ကရော ယခုပါ သရဲကို မြင်တွေ့ဖူး သူများရှိကြ၍ ဖြစ်၏။ ပိဋကတ်တော် စတုတ္ထပါရာဇိက ဝိနီတဝတ္ထုမှာ အရှင်မောဂ္ဂလာန်နှင့်အရှင်လက္ခဏ ဆွမ်းခံအြွက ဂိဇ္ဈကုဋ်တောင်မှအဆင်း ပြိတ္တာတွေကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပေါမှပေါကို တွေ့မြင်ကြ၍ ဗုဒ္ဓကိုလျှောက်ထားသည့်အခါ ဗုဒ္ဓက“ငါဘုရားလည်း ဘုရားဖြစ်လျှင်ဖြစ်ခြင်း ပြိတ္တာတွေကို တွေ့မြင် ရကြောင်း” ကို မိန့်တော်မူပါသည်။ထို့ကြောင့် သရဲရှိတာကို ဘုရားရှင်ကိုယ်တော်တိုင် လက်ခံတယ်လို့ ဆိုရပါမည်။

အရှင်မောဂ္ဂလာန်တွေ့ရသော သရဲတွေအနက် မိမိဝှေးစေ့ကြီးကို ထမ်းပိုပြီး သွားနေသည့် သရဲကြီး တစ်ယောက်လည်း ပါသတဲ့။အဲဒါကြီးက ဘယ်လောက်ကြီးသလဲဆိုရင် ရွှေဖရုံသီးလောက်ကို ကြီးမား၍ ထိုင်လို့မရဘူးသည့်အပြင် သိမ်းငှက် များ၊ကျီးငှက်များက သံနှုတ်သီးဖြင့် လိုက်ပြီး ထိုးဆိတ်နေကြ၍ ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်ငိုယို ပြေးလွှားနေရပါ သတဲ့။အတော်ကြီးမားသည့်ဒုက္ခကို ခံစားနေရကြောင်း ဗုဒ္ဓကို လျှောက်ထားတဲ့အခါ]]အဲဒီ သရဲကြီးဟာ လူဘဝတုန်းက တရားသူကြီးဖြစ်ခဲ့ကြောင်း၊တရားခံဖက်ကရော တရားလိုဖက်ကပါ နှစ်ဖက်မသိအောင် တိတ်တဆိတ် လာဘ်ယူခဲ့တဲ့အတွက် ယခုလို ဖုံးကွယ်ရမဲ့အရာကြီးဟာ ပေါ်ပေါ်ထင်ထင်ကြီး ဖြစ်နေကြောင်း}}ကို မိန့်တော်မူ၏။သံဝေဂယူဖို့ အလွန်ကောင်းလှ၏။လူ့ဘဝမှနေ ခြေချော်လက်ချော်ဖြစ်၍ အပါယ်ဘဝရောက်သွားရင် ပြန်အဖတ်ဆယ်ဖို့ဆိုတာ အတော့်ကို ခဲရင်းပါသည်။ အပါယ်ဘဝတွေက သုဂတိဘဝတွေထက် သက်တမ်းရှည်ကြာ၏။ကုသိုလ်ကံဖြင့်သာ ရနိုင်သည့်လူဘဝကို ကုသိုလ်ပြုခွင့် မသာသောအပါယ်ဘုံသားတို့ အဖို့ ပြန်ရဖို့ဆိုတာ ခက်ခဲလွန်းလှသည်။

သရဲဟူသည် အကုသိုလ်ကံ၏ဆိုးကျိုးကို ပေးဆပ်နေကြရသော ဒုက္ခဘုံသားတွေ ဖြစ်ကြ၏။ပိဋကတ်တော်အလို သရဲကို ပြိတ္တာ-ဟူ၍ သုံးနှံးသည်။ အရှင်မောဂ္ဂလာန်တွေ့သော နာနာဘာဝသည် နာနာဘာဝ အမျိုးအစားများစွာထဲက တစ်မျိုးသာ ဖြစ်သည်။အကုသိုလ်ကံအလိုက် နာနာဘာဝ တို၏ ကြောက်လန့် ဖွယ်ရာ ပုံသဏ္ဌာန်များစွာ တွေ့ရပါသည်။

ကျုပ်တို့ငယ်စဉ်က နေခဲ့ရသည့် ရွှေမဉ္ဇူကျောင်းမှာ ကျောင်းသားကိုရင်များနေသောကျောင်းအိုကြီး၏ ခြေရင်းဖက် မီးဖိုဆောင်နှင့် ဆယ်ေ တာင်ေ လာက် အကွာမှာ ယခင်က ဇီးပင်ကြီးတစ်ပင် ရှိ၏။ရွှေသာလျောင်း ဘုရားတဆောင်းနှင့် ကပ်လျက်၊ဇီးပင်နှင့်ရွှေသာလျောင်းဘုရား အကြားမှာ ရွာထဲက လူများသေရင် အလောင်းတင်ရာ ကုဋင်ဟောင်းတစ်လုံးအမြဲထား၏။လူသေရင် လာယူကြ၊ပြီးတော့ အဲဒီနေရာမှာ ပြန်ထား။

ဆရာတော်ကြီးအတွက် လဘက်ရည်ပွဲကို မနက်စောစော ရေနွေးအိုး အလှည့်ကျ ထကျိုကြရသော ကိုရင်ကျောင်း သားများသည် မနက်စောစော ထကြရမှာ ကြောက်ကြ၏။မနေ့က သေပြီးသူကို တင်ပြီး၍ ထားခဲ့ခြင်းဖြစ်က ထိုနေ့မနက် အရုဏ်သည် အကြောက်ပို့ရသော အရုဏ် ဖြစ်တော့၏။

တစ်နေ့မှာ အာရုံတက်ချိန် ရေနွေးအိုးထကြိုသော ကျောင်းသားကြီး ကိုစိန်သန်းသည် ဇီးပင်းကြီးမှနေ အမွေးအမြင်တွေဖြင့် ထူပိန်းမဲနက်နေသော လက်မဲကြီးပေါ်ထွက်လာတာကို ဇီးပင်နား မတ်ရပ် ကျင်ငယ်စွန့်နေရင်း လရောင် ဖွေးဖွေးမှာ မြင်ရပြီး၊အကြောက်လွန်ကာ စကားမပြောနိုင်ဘဲ မှင်သက်မိလျက် မျက်လုံးပြူးကြောင်ကြောင်ဖြင့် ဆွံ့အသလိုမျိုးဖြစ်သွားတာ အသက် (၆၀)ယခုတိုင် ဖြစ်ပါသည်။ဦးဇဝန ဘွဲ့အမည်ဖြ င့် ရွှေမဉ္ဇူကျောင်းမှာပင် ဦးဇင်းကြီးဝတ်နေသည်။

ဘာပြောပြော မျက်လုံးပြူးလျှက် ပြောသူကို ပြန်ကြည့်နေတတ်၏။ယခင်ကထဲက ကျောင်းသားအစဉ်အဆက် ထိုနေရာမှနေ လက်မဲကြီး ထွက် ထွက်လာတတ်သည်ကို အချင်းချင်း ခြောက်လန့်နေကြတာဖြစ်၍ ယခုလို့ ပက်ပင်းတွေ့လိုက်ရသောအခါ အကြောက် လွန်သွားခြင်း ဖြစ်နိုင်၏။ခန်းနေဆရာတော်က ရေမန်းတိုက်ပေးခဲ့ရ၏။

သရဲဆိုတာ မမြင်အပ်သည့် အဒိဋ္ဌသတ္တဝါမျိုး ဖြစ်ပြီး။ကံနိမ့်သောအခါ မြင်တတ်သည်ဟု ဆိုရှိကြ၏။ တစ်ခါတရံခြောက်လှန့် တတ်ပြီး၊ တစ်ခါတစ်ရံမှာတော့ ကုသိုလ်အဖို့ကို ရချင်၍ ကိုယ်ထင်ပြတာလည်း ဖြစ်နိုင်၏။ခြောက်တာနှင့်ပါတ်သက်၍ သရဲမဟုတ်ပါဘဲ ခြောက်လှန့်တာကိုလည်း ပိဋကတ်စာပေမှာ ဤသို့ တွေ့ရသည်။
သာဝတ္ထိမြို့နှင့် ယူဇနာတစ်ရာလောက် ဝေးကွာသော တောအရပ်တစ်နေရာမှာ တရားအားထုတ်နေကြသည့် ရဟန်းတော်ငါးရာ အခြောက်ခံနေကြရ၍ စိတ်လက်မသက်မသာ ဖြစ်နေကြရပါသည်။

တရားအားထုတ်သည့်နေရာ၊ စကြန်လျှောက်သည့်နေရာတို့၌ ညအခါ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးတွေကို တွေ့မြင်ကြရသတဲ့ ။နေ့အခါတွေမှာ ကြောက်စရာအသံမျိုးစုံကို ကြားနေကြရသတဲ့။ရဟန်းတော်များ တရားအားထုတ်၍ မဖြစ်ကြရုံမျှမက ၊ချောင်း ဆိုး ရောဂါများ လည်း ဖြစ်လာကြ၏။ တရားအားထုတ်သူများကိုလည်း ခြောက်တတ်တာကို တွေ့ရပါ သည်။တရားအားထုတ်နေတာဘဲ မခြောက်ပါဘူး ဆိုပြီ သွားတော့ မစမ်းလေနဲ့။ယခု ရဟန်းငါးရာမို့လို့သာ တစ်ပါးတည်း ဦခေါင်းမပါသော ခေါင်းပြတ်ကိုယ်လုံး ကြီးကိုသာ ပက်ပင်းတွေ့မည်ဆိုက ကျုပ်တို့ရွာ က ဦးဇင်းကြီးဦးဇဝနထက် ဆိုးဝါးသွားနိုင်သည်။ အမနုဿ (လူမဟုတ်တဲ့) ဘေး ဖြစ်ပေါ်လာရင် ရောဂါဘေးလည်း ပူးတွဲဖြစ်တတ်သည်။

“တို့တော့ဒီအရပ် တရားအားထုတ်လို့ မဖြစ်နိုင်ချေဘူး ဒို့ ပြန်ကြပါစို့”ဟု တိုင်ပင်ပြီး သာဝတ္တိမြို့၊ဇေတဝန်ကျောင်း ဘုရားထံပြန် လာကြကာ ဖြစ်ကြောင်းကုန်စင်အောင် လျှောက်တင်ကြပါသည်။

မြတ်စွာဘုရားက“ချစ်သားတို့က၊လက်နက်မှ ယူဆောင်မသွားကြတာကိုး”ဟုမိန့်ကာမေတ္တသုတ်ကို သင်ပေးပါသည်။တောအရပ်သို့ ဝင်ပြီး ဆိုကတည်းက ရွက်ပွားကြဖို့လည်း မိန့်မှာလိုက်ပါသည်။

ရဟန်းတော်များသည် တောစပ်ခြေတာနှင့် မေတ္တာသုတ်ကို ရွတ်ပြီးဝင်သွားကြ၏။တောစောင့်နတ်၊တောင်စောင့် နတ်တွေကို လည်း မေတ္တာပို့ကြသည်။ မခြောက်လန့်သည့်ပြင် တောစောင့်နတ်များကပင် အကူအညီ ပေးကြပါသတဲ့။ ရဟန်းတော်များသည် ချမ်းသာစွာ တရားအားထုတ်နိုင်ကြ၍ ရဟန္တာများ အဖြစ်သို့ ရောက်ခဲ့ကြပါသည်။

မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း မှန်ဖြစ်သည်။အများစု ကြားဖူးကြမှာပါ။ ခြောက်လှန့် သူများသည် သရဲများမဟုတ်ကြ ၊တောစောင့်နတ်များက ရဟန်းတော်များကို ခြောက်လန့်ကြခြင်း ဖြစ်ပါသည်။ရဟန်းတော်ငါးရာ တရားထုတ်ရန် ရောက်လာတော့ “ခေတ္တခဏ လာရောက်ကြတာထင်ပါရဲ့၊ ရဟန်းတွေက အောက်၊ငါတို့က အထက်သစ်ပင် တွေပေါ်မှာ နေလို့လည်း မသင့်}ဟု တွေးပြီး သစ်ပင်တွေပေါ်က ဆင်းကာ မြေကြီးပေါ်မှာဘဲ သားမယားတွေနှင့်နေပေးကြသတဲ့။

ရဟန်းတော်များ ထွက်သွားနိုး၊ထွက်သွားနိုးဖြင့် စောင့်ကြည့်နေကြ၏၊ရဟန်းတော်များ ပြန်ဟန်မပေါ်ဘဲ၊ဝါဆိုကြမည့် အခြေအနေကို ရိပ်မိကြတော့မှ “ ဟာ၊ ဒီအတိုင်း မြေကြီးပေါ်မှာ တမိုးတွင်းလုံးနေရရင် ဒုက္ခရောက်ကြမှာ၊ဒီရဟန်းတွေကို မနေနိုင်နိုင်အောင် ခြောက်လှန့်ကြစို့” ဟု စည်းဝေးဆုံးဖြတ်ကြပြီး ခြောက်လှန့်ကြခြင်း ဖြစ်ပါသည်။

သို့ပါသောကြောင့် နေရာသစ်ရောက်ရင် မေတ္တာသုတ်ကို ရွတ်ကြဖို့၊မေတ္တာပို့ဖို့ကို မမေ့ကြကြပါနှင့်-ဟု သတိပေးလိုက်ပါသည်။ “ကရဏီယ မကျေ ၊တောကျောင်းနေ၊ တစ္ဆေခြောက်တတ်သည်” ဟု ဆရာတော်ကြီးများ ဆုံးမကြ၏။

အမရပူရမြို့၊မဟာဂန္ဓာရုံကျောင်းတိုက်မှာ စာသင်သားဘဝဖြင့် နေခဲ့ရစဉ် တစ်နေ့ စာဝါတက်ရင်း စာချဘုန်းကြီး ဦးဇနပတိ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) က နာနာဘာနှင့်နွယ်၍ ကျောင်းတိုက်မှာ ဖြစ်ခဲ့သည့် အကြောင်းမှန်ကို ဤသို့ ပြောပြပါသည်။

ဆရာတော်ကြီး၏ကျမ်းစာအုပ်များကို ရိုက်နှိပ်သော နယူးဘားမား ပုံနှိပ်တိုက်သည် ကျောင်းတိုက်ဇရပ်ဝင်းထဲ၌ ရှိ၏။မန်ကျည်းပင်ကြီးတွေက ပုံနှိပ်တိုက်မြောက်ဖက်၊တံတိုင်းနှင့်ကပ်လျှက် အစီအရီ ရှိနေသည်။ကျမ်းစာတွေကို မပြတ်လပ် အောင်ရိုက်နေရတာမို့ နေရောညပါ ရိုက်ရ၏။ ညပိုင်းဆိုရင် စာစီစာရိုက် စက်သမားများ သရဲခြောက်၍ကြောက်လန့်ပြီး ညဖက်မှာ မရိုက်ရဲဘဲ ဖြစ်နေကြသည်။ထိုအကြောင်း ဆရာတော်ကြီး ကို လျှောက်ထားကြရသည်။ ဆရာတော်ကြီးက ကျောင်းတိုက်မှာ သံဃာလည်းများဆိုတော့ ပုံနှိပ်တိုက်ကို လေးဖက်လေးတန် ဝိုင်းရန် သံဃာတော်တွေ လက်ချင်းချိတ်ဆက်ပြီးပရိတ်ရွတ် စေတော့၏။

နောက်နေ့မှာ ပူးပြီးတော့ သရဲကပြောဆိုဘဲ။ “ဘယ်ရမလဲကွာ၊ဘုန်းကြီးတွေ ပရိတ်ရွတ်တော့ ငါက မန်ကျည်း ပင်ပေါ်တက်ပြီး ရီနေတာပေါ့”တဲ့။ သရဲပါးဖြစ်၏။ပရိတ်ကို အရှောင်အတိမ်းဖြင့် ဂျက်ကီဂျိန်း လုပ်သွားတာကို ပြော ပြပါသည်။ဆေးယဉ်နေသော ရောဂါသယ်ကဲ့သို့ ပရိတ်ရွတ်ခြင်း၊ ကမ္မဝါ ဖတ်ခြင်းကြောင့် မပြေးသည့် ပရိတ်ယဉ်နေသောသရဲမျိုး ဖြစ်ဟန်တူပါ၏။ဘုန်းကြီးကျောင်းဝင်နေသော သူရဲဖြစ်၍ ဘုန်းကြီးတစ္ဆေ ကမ္မဝါမကြောက် ဆိုတာမျိုးများ ဖြစ်နေမလား၊တွေးစရာပါ။

ကျုပ်တို့ အရပ်မှာ မြို့ပေါ်ဆေးရုံတက် ကုသသူ သေရင် ရွာကိုဘဲ ပြန်သယ်လာကြရသည်။ ဘုန်းကြီးကျောင်းဓမ္မာရုံက ခြေတန်ရှည်ဖြစ်၍ ဓမ္မာရုံအောက်မှာ မသာကို လာထားတတ်ကြသည်။သည့်အပြင် ရွာမှာ ဓားခုတ်မှုဖြစ်၍ လူသေရင်လည်း ရွှေတောင်မြို့ရှိ ရဲစခန်းမှာ ပြစ်မှုဆိုင်ရာ စစ်ဆေးပြီး ရွာပြန်သယ်ကြရ၏၊ကျောင်းပေါက်အထွက် လက်ခုပ်ပင်အောက်မှာ ထားကြသည်။အရပ်ထဲတွင် ထား၍ မဖြစ်။ရွာဓလေ့က ရွာအပြင်မှာ သေရင် ရွာထဲကို ပြန်မသွင်းရ၊ရွာခိုက်တတ်သည်ဟု အယူရှိကြ၍ ဖြစ်သည်။

မသာတစ်လောင်းထည်း ရွာပြင်မှာ ပစ်ထားရာ မရောက်အောင် ထားစရာနေရာကလည်း တစ်နေရာပဲရှိ၏။ထိုနေရာကား ဘုန်းကြီးကျောင်း ဓမ္မာရုံအောက်ဖြစ်၏။ ဘုန်းကြီးကျောင်းတော့ ခိုက်ခိုက်ဆိုသည့် သဘောမျိုး ဖြစ်နေတာကို အသက်ကြီး ပါမှ တွေးမိသည် ။ရှေးဆရာတော်ကြီးတွေ ဆိုတော့ လူတွေ၏အလိုက်မသိတတ်တာကို အထူးပြောမနေကြ။ သီးခံတော်မူကြသည်။ ကြည်ညိုစရာ အလွန်ကောင်း လှ၏။
ရှေးကျောင်းအိုကြီးများ၊ဘုရာအို၊ဘုရားပျက်၊သစ်ကြီးဝါးကြီးများဖြင့် ကိုရင်ကျောင်းသားတို့အဖို့ အလင်းရောင်ဆို၍ မှန်အိမ်မီးရောင် မှုန်ဝါးဝါးဖြင့် တစ်ညလုံး အဘယ်မျှ ကြောက်စိတ် ကြီးစိုးမည်ကို သိနိုင်ပါသည်။ဦးဇင်းကြီးများ၊ကိုရင်ကြီး များကလည်း ညဆို သရဲအကြောင်းပဲ စုပြောနေကြ၍ အတော်ကြောက်ခဲ့ရ၏။နေရာဒေသ အခင်းအကျင်းကလည်း ကြောက်စိတ်ဖြစ်စေဖို့ကို တွန်းအားပေးနေသည်။

ကြောက်စိတ်နှင့်ပါတ်သက်၍ အသေအခြာတွေကြည့်က ကြောက်စိတ်ဖြစ်ပေါ်၍ ကြောက်တာကို သတိထားမိသည်၊ တရားအားထုတ်ရာ တွင် ကြောက်စိတ်ကို စိုက်ရှုရင်းဖြင့် ကြောက်စိတ်ပျောက်ပြီး မကြောက်တော့တာကို ဉာဏ်ဖြင့်သိရ၏။

ယနေ့ခေတ် ဘုန်းကြီးများနှင့်လူတို့မှာ ထိုအယူအစွဲမျိုး ပျောက်သလောက်ဖြစ်၍ ကိုယ့်အိမ်ကို ပြန်သယ်ပြီး အိမ်ရောက်မှ အသက်ထွက် သယောင်ဖြင့် အိမ်ရှေ့မှာဘဲ အလောင်းစင်ကို ခပ်တည်တည်ပြင် ထားကြတော့၏။ ဓားခုတ်မှု မျိုးကျတော့လည်း သုသာန်မှာဘဲ သွားထားလိုက်ကြ၏ ။ခေတ်ဘုန်းကြီးတွေကလည်း သူ့ကျောင်းဝင်း ထဲမှာ မသာကြီးကို လက်ခံကြမည် မဟုတ်တော့၊ဒကာများကလည်း စာနာ နားလည်လာကြ၏ ၊ခေတ်ကြီးက ပြောင်းပြီကို။

မပြောင်းတာကတော့ ကြောက်စိတ်ဖြစ်ပါသည်။ကျုပ်မှာ ရွာပြန်ရောက်တိုင်း ကြောက်ရ သည့်ဖြစ်အင်တွေက ယခုတိုင် ဖြစ်၏။လူကြီးသူမတွေက သရဲရှိသော သစ်ပင်အောက်ရောက်လျှင် ကြက်သီးမွေးညှင်း ထတတ်သည်ဟုပြောကြ၏၊။

ကျုပ်မှာတော့ ရွာကျောင်းပြန်ရောက်ရင် နေရာတိုင်း ကြက်သီးမွေးညှင်းက ထနေတော့၏။ တစ်ပါးတည်းကျောင်းဆောင်ထဲမှာ မအိပ်ရဲသေး၊ညအချိန် ကျောင်းဝင်းထဲ တစ်ပါးတည်း မသွားမလာရဲသေး၊ ကြောက်စိတ်က ပျောက်တော့မယ်မထင်။ ငယ်ကကြောက်ခဲ့ ရတာကြောင့် ဖြစ်မယ် ထင်၏။

၂၆/၁၁/ဝ၆-နေ့က ရွာက အစ်ကိုဘုန်းကြီး ရန်ကုန်လာ၍ “ခု လက်ခုပ်ပင်က သရဲ ပြန်ခြောက်နေလို့ကွ၊ငါ ရွာပြန်ရောက်ရင် ပရိတ်ရွတ်ပေးရဦးမယ်” ဟု ပြောပါသည်။

“ဘယ်လို ပြန်ခြောက်နေတာလဲ”ဟု စာရေးသူက မေး၍ “စက်ခန်းထဲမှာ ကိုညွန့်ရွှေလိုလို၊ကိုတူးလိုလို ကုလားထိုင်မှာ ထိုင်နေတာကို အဝေး ကနြေ မင် ရပြီး၊ အနားရောက်တော့ ဘယ်သူမှ မရှိဘူးတဲ့ကွာ၊ညပိုင်း ဖွဲပြာသွန်တဲ့ သူကို နောက်ကနေ တောင်းလိုက်ဆွဲ တယ်လို့ လည်း ပြောတယ်ကွ” ဟု ပြောပြသည်။

ကျေးရွာမီးလင်းရေး အစီအစဉ်အရ ကိုညွန့်ရွှေ၊ကိုကျော်ဝင်း၊ကိုတူးတို့ သုံးဦး စပ်တူလုပ်လုပ်ကြသည့် စပါးခွန်သုံးမီးစက်ရုံကို အထက် မှာရေးခဲ့သည့် ဓားခုတ်မှုဖြင့် အစိမ်းသေများ ထားဘူးသော လက်ခုပ်ပင်အောက်မှာ ဆောက်လုပ်ထား ပြီး တစ်ရွာလုံးကို ညနေ(၆)နာရီမှ တီဗီပြီးချိန်ထိ မီးပေးနေ၏။တစ်နာရီကို စပါးခွံ(၁၀)တင်းလောက်ကုန်၍ စပါးခွံထည့် ထားအခိုက် ဟိုဟိုဒီဒီ ခဏသွားပြီး ဖွဲပြာထုတ်၊လယ်ထဲသွား ဖွဲပြာသွန်ခြင်းကို တစ်နာရီတစ်ခါ လုပ်ပေးနေရ၏။ထိုအခိုက် သရဲက စက်ရုံထဲမှာ ကိုညွန်ရွှေလိုလို၊ကိုတူးလိုလို ပုံမှားရိုက် ထိုင်နေခြင်း ၊ဖွဲပြာသွန်သူကို နောက်ကနေ တောင်းလိုက်ဆွဲနေခြင်း ကို ပြောပြခြင်း ဖြစ်ပါသည်။လက်ခုပ်ပင်က ဟိုယခင်ကပင် သရဲခြောက်သည်-ဟု ရာဇဝင်ရှိခဲ့၏။

ညောင်စာရေးရွာ၏ ရွာဘုံဘုရားက “ဂေါတမစေတီတော်” ဖြစ်ပါသည်။မြေပြင်မှနေ(၈)ပေသာသာ အမြင့်မှာကုန်းတော် ပြုလုပ်ထားပြီး ။လေးဖက်လေးတန် စောင်းတန်းနှင့်လှေခါး(၄)စင်း၊Óဏ်တော်(၁၀၈)ပေ အမြင့်ရှိ၍ အရံစေတီ(၄)ဆူအပြင်၊ဂျပန်ခေတ်က စစ်ပြေးတရုပ်လူမျိုးများ တည်ထားခဲ့သည့် ဦးတရုပ်စေတီနှင့်အခြားစေတီပျက်(၂)ဆူ၊ဂန္ဓကုဋိတိုက်၊ ပဋ္ဌာန်းတန်ဆောင်း၊ ဦးတလုပ်တိုက် ၊ဆင်းတုတော် တန်ဆောင်း(၄)ဆောင်၊ကုန်းတော်၏အကျယ်မှာ လေးဖက်လေးတန် စတုရန်ပေ လေးငါးရာလောက် အကျယ်အဝန်းရှိမည်ထင်၏။

ကျုပ် ဘုန်းကြီးကျောင်းသားတုန်းက ယခုလို မွမ်းမံထားခြင်း၊ရင်ပြင်အပြည့် အင်္ဂတေခင်ခြင်းမရှိသေး။ စေတီတော်ကြီးတစ်ဆူသာ အကောင်း ပကတိ ဖြစ်ပြီး၊ကျန်သည့် အဆောက်အဦးတွေက ဘုရားပြို၊ တန်ဆောင်းပျက်များသာ ဖြစ်ကြ၏။ရင်ပြင်အပြည့် ပေါင်းမြက်တွေအပြင် အုပ် ဆိုင်းနေသော ခရေပင်ကြီးကလည်း အရှေ့ဖက်စောင်းတန်း အနီးမှာရှိ၏။ထို အချိန်က ခရေပင်ကြီးတွင် အဝတ်ဖြူဖြူဖြင့် ရုက္ခစိုးကြီး တစ်ယောက်ကို ညသန်းခေါင်းယံတွင် ရန်ဖန်ရံခါ တွေ့ရတတ်၏ -ဟု ပြောဆိုကြသည်။

အရှေ့ဖက်စောင်းတန်း အဆင်း၊ပန်းတင်ရွာသွားသည့် လှည်းလမ်းသာခြား၍ နတ်ကွန်းစင်လေးနှင့်ဧရာမညောင် ပင်ကြီး၊ခပ်လှန်းလှန်းတွင် ဥစ္စာစောင့်ရှိသည်-ဟု နာမည်ကြီးသည့် အုတ်များကို လှေခါးသဖွယ် တစ်ထစ်ချင်းနိမ့်ဆင်းကာ အတွင်းဖက်အောက်သို့ ကျဉ်းဝင်သွားပြီး သက္ကရာဇ်ကိုပင် မမှန်းဆနိုင်တော့သည့် ရေကန်ဟောင်းကြီးနှင့်ကသစ်ပင်အိုကြီးက လမ်းတစ်ဖက် တွင် ပေါက်နေ၏။ ဘုရားနှင့် အုတ်ရေကန် ၊နှစ်ကျိပ်ရှစ်ဆူဘုရားတို့သည့် တြိဂံအနေအထားဖြစ်ပြီး အလယ်တွင် သရက်ဥယျာဉ်ကြီးနှင့်တောထနေသည့် အလေ့ကျအပင်တို့ဖြင့် အုပ်ဆိုင်းနေသည် ။မောက်ဖက်မှာ ကုက္ကိုပင် ကြီးများဖြင့် အုပ်ဆိုင်းနေသော မြေထိမ်းနံရန်ဖြင့် ရေကန်ကြီးရှိသည်။

ထိုနေရာသည် ညနေပိုင်း မိုးချုပ်ချိန် အသားငါးရောင်းသူ ဈေးသယ်များ ဖြတ်ပြန်လာရင် ဈေးတောင်းထဲပါသော သားစိမ်းငါးစိမ်းကို ဆွဲယူလေ့ရှိတတ်ကြောင်း အပြောများသည်။ကျုပ်အရပ်မှာ အမျိုးသမီးများက ညနေပိုင်းဆို ပန်းတင်ရွာ၊ စိန်ကလေးရွာ၊ဆယ်ကြီးကြီးရွာများသို့ သားငါးများကို ဈေးတောင်းခေါင်းရွက်လျှက် ဈေးရောင်းထွက်လေ့ရှိကြသည်။ထိုနေ ရာမရောက်ခင် ပန်းတင်ရွာထိပ်မှနေ ဆိုင်ရာ ယောကျာ်း များက စောင့်ကြိုကြရသည်။

ထိုအုတ်ကန်မှနေ အရှေဖက် ကိုက်(၃၀)လောက် အကွာမှာတော့ ယခု သရဲပြန်ခြောက်နေသော လက်ခုပ်ပင်ကြီး(၃)ပင်နှင့် လယ်သုံးလေးကွက်အကျော်တွင် ထန်းသုံးပင် ဖိုခနောက်ဆိုင်လျှက် ရှိနေသည်။လယ်ခွက်လေးငါးကွက် အကျော်မှာ တော့ အုတ်ဂူများဖြင့် ညောင်ပင်၊ သစ်ကြီးဝါးကြီးတွေဖြင့် အုပ်မိုးထားသည့် လေသာကုန်းခေါ် ရွာသချိုင်းကုန်းရှိ၏။

ယောကျာ်းကြီးများပင် ညအချိန်၌ သာမာန်သတ္တိဖြင့် ဖြတ်မသွားရဲသော လမ်းဖြစ်၏။ထန်း(၃)ပင်မှနေ လက်ခုပ် ပင်၊လက်ခုပ်ပင်မှနေ ဘုရာစောင်းတန်း သို့ ထောင်ထောင်မောင်းမောင် ဖြူဖြူဖွေးဖွေးအကောင်ကြီးက အမြဲတက်တက် သွားနေတာကိုတော့ ဟိုရှေးယခင်ကပင် ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေ များလှသည်။

ကျုပ်ကိုရင်တုန်းက ရွာကျောင်းမှာ ကြီးမှရဟန်းပြုလာသည့် ဦးဇင်းအမိုးကြီးဆိုတာ ရှိ၏။သူလူတုန်းကတစ်ည(၁၂)နာရီသာသာ ပန်းတင်ရွာကနေ အဲဒီလမ်းအတိုင်း ခပ်ထွေထွေ၊ခပ်ယိုငိုာ်င်လေး ပြန်လာခဲ့ရာ၊အုတ်ကန်နှင့် ကသစ်ပင်ကြားအရောက် ဘုရားအရှေ့ဖက် စောင်းတန်း မှနေ ဖြူဖြူမြင့်မြင့် မားမားကြီးက တရွေ့ရွေ့ဖြင့် တက်သွားတာကို မြင်ရသတဲ့၊

လူကလည်းထွေလာ၊ကြောက်ကလည်း မကြောက် လေးခွဖြင့်ထိုင်ပြီးပစ်နေတာ စောင်းတန်းအမိုးပေါ် လောက်စာလုံးကျသံ တွေ တဒိုင်းဒိုင်းမို့ ရွာကလူတွေ ထွက်လာကြမှဘဲ ရပ်လိုက်ရကြောင်း ပြောပြဖူးသည်။
လွန်ခဲ့သော(၁၃)နှစ်လောက်ကအမှတ်(၁)စစ်မှုထမ်းဟောင်းစံပြရွာ၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊သီရိဂုဏ် ဝေဓမ္မဗိမာန်ကျောင်း တည်ထောင်ကာစ ၊ပေ(၃၀)+(၃၅)ပေရှိ မြေစိုက်အုပ်ညှပ်ကျောင်းကလေးမှာ တပည့်(၅) ပါးနှင့် အတူနေခဲ့ရစဉ် လသာသာညတစ်ည သန်ခေါင်ယံ အချိန် ကျောင်းအမိုးပေါ်က တတောက်တောက်အသံမည်နေ၏။ခပ်ဝေး ဝေးကွင်းပြင်ထဲကလည်း ခွေးအူသံတွေကိုလည်း ကြားနေသည်၊ ညကလည်း အလျင်းတိတ်ဆပ်ငြိမ်သက်လို့။
ကျောင်းစောက်စဉ်က သစ်ဝါးများကို လာစောင့်သော ဒကာက ညတိုင်းသရဲ ချောက်ကြောင်းကို ပြောပြထားသည့်ပြင် တပည့်ဖြစ်သူ ကုဏ္ဍလကလည်း အူမကြီးကင်ဆာဖြင့် ပျံလွန်တော်မူပြီစ၊သရဲကတော့ အသေအချာခြောက်နေပါပြီ။
အိပ်လို့လည်း မပျော်။တပည့်တွေနိုးပြီး အသံမည်နေသည့် နေရာကို ဝါးလုံးဖြင့် ဆောင့်ထိုးလိုက်ရင် အသံကတိတ်သွား။မကြာခင် ပြန်မြည်နေပြန်၏။

ဘုန်းကြီးကျောင်းသားငယ်ဘဝမှာ ညတိုင် တစ်ဒေါက်ဒေါက်မြည်နေရင် သစ်ခြောက်ခြင်း ဖြစ်၍ သစ်မင်းဖြင့်ရိုက်ပါမှ အသံပျောက်သည်-ဟု စိတ် အစွဲက လည်းရှိနေ၍ မသန့်သည့်သစ် ပါလာလို့ထင်ရဲ့ပေါ့။သစ်မင်းကလည်းမရှိ၊နောက်ဆုံး မဖြစ်ချေဘူး၊သရဲဖမ်းကြစို့-ဟု သတ္တိမွေးပြီး တပည့်တစ်ပါးကို ကျောင်းအမိုးပေါ်တက်စေ၏။ အမိုးပေါ်ရောက်ပါမှာ။ချောက်နေသည့်သရဲကို တွေ့ပြီးဖြစ်ကြောင်းကို တပည့်က လှမ်းပြောသည်။

သရဲကို ခေါင်းအုပ်သွပ်နဲ့ အမိုးသွပ်ကြားမှာ ထက်အောက်အမြီးဆော့နေတာကို တွေ့ရပါတော့၏။အော် သရဲရယ် လို့ပဲ ဩချရပါတော့သည်။

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်
မေတ္တာဥယျာဉ်

www.ashinsirinda.com
2011-ခု၊ မတ်လ-၂၃-ရက်၊ ဗုဒ္ဓဟူးနေ့။

Read more...

*ကျွန်တော်နှင့် အဲဒီ့တုန်းက-၂ (သို့) ကျွန်တော်နှင့် အနတ္တ*

အဲဒီ့တုန်းက အကြောင်းတွေ ပြန်စဉ်းစားကြည့်တော့ ကျွန်တော် ၀ိပဿနာပိုင်းနဲ့ ပတ်သတ်ပြီး မိုးကုတ်ဆရာတော်ဘုရား တရားတော်တွေနဲ့ စတင် ထိတွေ့ခွင့် ရခဲ့တာပါ။ ဟိုး အရင့်အရင်က တရားတွေ နာခဲ့ပေမယ့် မယ်မယ်ရရ သိပ်မသိခဲ့ပါဘူး။ ယောင်ဝါးဝါး အဆင့်ပေါ့။ အဲဒီမှာ ကိုနန်းဝေဆီက ဆရာတော်ဘုရားရဲ့ တရားဆိုဒ်လင့်ခ်ရ၊ အဲဒီကနေမှ ကိုဝင်းမြင့် (http://thitsartayar.com/) နဲ့တွေ့လို့ မသိတာတွေ၊ နားမလည်တာတွေ မေးရင်း မေးရင်း မိုးကုတ်တရားတွေနဲ့ ရင်းနှီး အကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ ခန္ဓာငါးပါး အကြောင်းကို ကျွန်တော် နားမလည်ခဲ့ပါဘူး၊ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို နားလည်တယ် ထင်နေခဲ့တာ၊ ခန္ဓာငါးပါးကို ကျွန်တော် ဒီကိုယ်လုံးကြီး ထင်နေတာ။ ကျွန်တော် ကိုယ်တိုင်က လိုရာဆွဲတွေးတာ၊ နောက် တရားတွေ နှံ့နှံ့စပ်စပ် မနာဖြစ်တာလည်း ဖြစ်မှာပါ။ ဆရာတော် တစ်ပါးပါးရဲ့ တရားကို နားလည်အောင် စွဲစွဲမြဲမြဲမနာဘဲ ဟိုလျှောက်နာလိုက်၊ ဒီလျှောက်နာလိုက် စသဖြင့် အဲဒီ effect တွေလည်း နားမလည်ရတဲ့ အကြောင်းရင်းထဲ ပါမှာပါ။

အဲဒီကမှ အွန်လိုင်းတိုက်ရိုက် တရားတွေနာရင်း ပိုင်းလော့ဆရာတော် ဘုရားကြီး တရားပွဲနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီတုန်းက နေဦး.. ကိုဝင်းမြင့်တို့ ကျေးဇူးနဲ့ စကိုက်ကနေ နာဖြစ်ခဲ့တာထင်တယ်။ အမေရိကမှာ ကျင်းပတဲ့ သင်တန်းတရားပွဲ၊ ငါးရက်၊ တစ်ရက်ကို လေးချိန်။ အဲဒီတုန်းက အမေရိကက အချိန်နဲ့ ကျွန်တော်တို့ဆီက စံတော်ချိန်က နေ့နဲ့ည၊ ကျွန်တော်တို့ဆီက ညဆိုတော့ အိပ်ချိန်ကြီး၊ အဲဒီမှာ ညဥ့်ဦးပိုင်းကစလို့ ဟိုး အရုဏ်တက်တဲ့ အချိန်အထိ လေးချိန်နာရတာ။ တစ်ချိန်နာလိုက်၊ နာရီသံပတ်ပေးပြီး အိပ်လိုက်၊ အဲဒီလို နာလိုက် အိပ်လိုက်နဲ့ နာဖြစ်ခဲ့တာ။ နှစ်ချိန်တော့ အိပ်တာ မနိုးတာနဲ့ လွတ်သွားတယ်။ အဲဒီကနေမှ အမေရိက မီနီဆိုးတားမှာ ထင်တယ်၊ ဆရာတော့် တရားပွဲ ငါးရက်တာ သင်တန်းကို ထပ်နာဖြစ်တယ်။ ဒီလိုနဲ့ ဆရာတော့် ကျေးဇူးနဲ့ ဆရာတော် ပေါင်းစုံရဲ့ အဆုံးအမတွေကို မှတ်သား နာယူခွင့် ရခဲ့သလို၊ ကျွန်တော်တို့ တရားရှုရမယ့် အရှုခံ ခန္ဓာငါးပါးသည် လက်ရှိ ခွေးဟောင်တဲ့ ကိုယ်လုံး ခန္ဓာကို ပြောခြင်း မဟုတ်ဘဲ၊ အာရုံနဲ့ ဒွါရက မွေးတဲ့ ခန္ဓာ ဆိုတာကို နားလည်ခဲ့ရပါတယ်။ တကယ့်ကို တန်ဖိုး မဖြတ်နိုင်တဲ့ အသိပါ။ ဆရာတော့် ရှင်းပြချက်အရ ဒီ အာရုံနဲ့ ဒွါရက မွေးတဲ့ခန္ဓာကို ရှုရမယ် ဆိုတာကလည်း မိုးကုတ်ဆရာတော်ဘုရား အဆုံးအမကနေ ရတာပါတဲ့။ ဒါက ခန္ဓာငါးပါးရဲ့ အကန့်။

ဒီနေရာမှာ ကျွန်တော် အဓိက ပြောချင်တာက အနတ္တရဲ့ အကန့်။ ပိုင်းလော့ဆရာတော် ဘုရား အလုပ်ပေးတရားက အနတ္တလက္ခဏသုတ်ကို အခြေခံပြီး ဟောတဲ့တရား။ နေတံမမ နေသောဟ မသ္မိ နမေသော အတ္တာဤ အရာသည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် အတ္တမဟုတ် ဒါကို အခြေခံတာ။ ဒီ အနတ္တ ရှုနည်း သဘောကိုပဲ အသေးစိတ် ရှုနည်းရှင်းပြချက်တွေ ဆရာတော့်တရားမှာ အများကြီးပါပါတယ်။ ဆရာတော် ဟောနေတုန်း လိုက်ရှုရင်လည်း ရပါတယ်။ ဒါပေမယ့်.. ဆရာတော့် ရှင်းပြချက်တွေကို ဘယ်လိုပဲ နားလည်နားလည်၊ လိုက်ရှုလို့ ဘယ်လိုပဲ ရရ ကျွန်တော့်မှာ သံသယက ရှိနေတယ်။ ဘာကို သံသယ ဖြစ်လို့ ဖြစ်နေမှန်း မသိဘူး။ တစ်ယောက်တည်း ရွာပတ်နေတာ၊ သိချင်တာတွေ မေးရမယ့် သူကလည်းမရှိ၊ တစ်ချို့ နားမလည်တာတွေ ဆရာတော့်ကို တိုက်ရိုက်လျှောက်ချင်ပေမယ့် လျှောက်လို့ရမရနဲ့ တကယ် တကယ်၊ အူလည်လည်နဲ့ တိုင်ပတ်နေတာ။

ဆရာတော်ကတော့ ရှင်းပြပါတယ်။ ဒါဟာ ပဉ္စ၀ဂ္ဂီငါးပါး ရဟန္တာဖြစ်တဲ့ တရား၊ အရှင်ရာဟုလာ ရဟန္တာဖို့ကိုလည်း ဘုရားက ဒီတရားနဲ့ပဲ ဖြတ်ပေးသွားတာ၊ အခြားအခြားတွေမှာလည်း ဒီ အနတ္တတရားနဲ့ပဲ အဆုံးသတ်ပေးသွားတယ်.. စသဖြင့်..။ အဲဒီမှာ ပဉ္စ၀ဂ္ဂီငါးပါး ဒီတရားနဲ့ ရဟန္တာဖြစ်တယ် ဆိုတာ ကျွန်တော် ဖတ်ဖူးလို့ သိတယ်။ ဒါပေမယ့် အရှင်ရာဟုလာ ရဟန္တာ တာသည် ဒီတရားနဲ့.. အဲဒါကို မဖတ်ဖူးဘူး၊ ဘယ်နား ရှာဖတ်ရမယ်မှန်းလည်း မသိဘူး၊ နောက် အခြားအခြားတွေ.. အဲဒီ အခြားအခြားတွေ ဆိုတာကကော ဘယ်သူတွေလဲ.. ကျွန်တော် မသိဘူး၊ ဒါတွေကို ကျွန်တော် သံသယ သွားဝင်နေတယ်။ ဆိုလိုတာက တရားအပေါ် သံသယ ၀င်နေတာ။

ဒီလိုနဲ့ ဆရာတော့်ရဲ့ စင်္ကာပူ တရားစခန်းပွဲမှာ ဆရာတော့်ရဲ့ တရားတွေကို ထပ်နာဖြစ်တယ်။ ကြိုကြား ကြိုကြားမှာလည်း အရင် အမေရိကမှာ ဟောခဲ့တဲ့ တရားတွေကို ဒေါင်းထားပြီး ပြန်ပြန် နာဖြစ်ခဲ့ပါတယ်။ နာလွန်းလို့ ဆရာတော့် အာဘော်တွေ၊ အဆုံးအမတွေ ကို အလွတ်နီးပါး ရတဲ့ အထိပါပဲ။ အဲဒီ စင်္ကာပူ တရားပွဲမှာ မောဃရာဇ ပုဏ္ဏားကို ဟောတဲ့ တရားကို နာဖြစ်တယ်။ အတိုဆုံး ရှုနည်းတဲ့.. ဘယ်လိုရှုရမလဲ ဆိုတော့ “အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက်၊ မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့”။ ဒီနေရာမှာ “လောက” ဆိုတာကို ခန္ဓာငါးပါး သိသဘော တစ်ချက်လို့ ဆရာတော်ဘုရားက အဓိပ္ပါယ်ဖွင့်တယ်။ လူတစ်ယောက်မှာ ဒီ သိသဘောတစ်ချက်သာ မရှိတော့ရင် (သေသွားရင်)၊ မိုးကုတ်ဆရာတော် ဘုရားစကားနဲ့ဆို နောက်စိတ်သာ မလာတော့ရင် လောက ဆိုတာလည်း ဘယ်ရှိပါတော့မလဲတဲ့။ ဒါကို နာပြီးမှ စိတ္တေန နီယတေ လောကောစိတ်သည် လောကကို ဖန်တီး တည်ဆောက်ပေ၏ ဆိုတဲ့ ဟိုး ရှစ်တန်းလောက်က ကျက်ဖြစ်ခဲ့တာကို ပိုသဘောပေါက်သွားသလို ရှိတယ်။ ကျွန်တာ် သဘောပေါက်ပုံ ပေါက်နည်း မှားရင်လည်း မှားမှာပါ။ ဒါကထားတော့။

ခုန သံသယနဲ့ ပတ်သတ်လို့ ဆက်ပြောဦးမယ်။ နောက်ပိုင်း ကျွန်တော် ဆရာတော် တစ်ပါး (အရှင်ဝိသာရဒ) (http://www.shinhtoonaing.com/) ကိုမေးရင်း အရှင်ရာဟုလာကို ဟောတဲ့ တရားကို ဖတ်ဖြစ်ခဲ့တယ်။ ဒါတောင်မှ မင်းကွန်းဆရာတော် အမြဲမပြတ် နှလုံးသွင်းတာ ဒီ အရှင်ရာဟုလာကို ဟောတဲ့ စူဠရာဟုလော ၀ါဒသုတ္တန် (http://dhammaweb.net/tipitaka/f/F5/F5E.pdf) လာ တရား၊ ဘာတဲ့ “ဆပဉ္စက ဓမ္မ၀ိပဿနာ” တဲ့။ အဲဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” ဆိုတာ ဘာကြီးလဲ.. အနတ္တတရား သံသယနဲ့ နားမလည်တဲ့ ကြားထဲ အဲဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” ဆိုတာကြီးက ခေါင်းထဲ ထပ်ဝင်လာသေးတယ်။ ကျွန်တော့်ကိုက သိချင်တာ များနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ကိုက်မယ့် ဆရာတော်တစ်ပါးပါးရဲ့ နည်းကိုယူပြီး အားထုတ်လိုက်ရင် ပြီးနေတဲ့ ဥစ္စာ။ လူက ပေရှည်နေတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မင်းကွန်းဆရာတော် ဘုရားရေးတဲ့ ဒီ “ဆပဉ္စက ဓမ္မ၀ိပဿနာ” လင်္ကာ (http://www.apymt.com/?p=2130) ဆိုတာကို ကိုမြတ်ငြိမ်းမိုး (ကိုရဲအောင်) (http://www.myanmarfamily.org/) ကျေးဇူးနဲ့ ဖတ်မိသွားတော့ ခေါင်းထဲ နည်းနည်းရှင်းသွားတယ်။ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးပါး တင်ရှုတာပါပဲလား.. ဒီလို နားလည်လိုက်မိတယ်။

ဒီကြားထဲ မင်းကွန်းဆရာတော်ဘုရား ဟောကြားတဲ့ ၀ိပဿနာရှုနည်း တရားကို နာပြီး လူက ဟိုပင်ကူးရမလို၊ ဒီပင် ကူးရမလို ဖြစ်သေးတယ်။ စိတ်ဓာတ် မခိုင်ခံ့တာလားတော့ မသိဘူး။

ဝိပဿနာရှုပွားနည်း – မင်းကွန်းဆရာတော်ဘုရား

http://www.dhammadownload.com/MP3Library/MinGunSayadaw/004-MingunSayadaw-Vipassana.MP3

ဆရာတော် ဘုရားဟောတာက ၀င်လေ ထွက်လေကို ဂဏနနည်းနဲ့ သမာဓိယူ၊ ပြီးရင် ဒီဝင်လေ ထွက်လေကိုပဲ လက္ခဏာရေး သုံးပါးတင်ရှု ဒီလိုပါ။ ဘာပဲပြောပြော မင်းကွန်းဆရာတော်ဘုရား နှလုံးသွင်းတာကလည်း အရှင်ရာဟုလာကို ဟောတဲ့ တရားထဲက၊ နောက် လက္ခဏာရေး သုံးပါးဆိုတော့ ကျွန်တော် စိတ်ဝင်စားနေတဲ့ အနတ္တကလည်း ပါနေတော့ ပိုပြီး အားဖြစ်ရပါတယ်။ အော် ဆရာတော်ဘုရားကြီးတွေလည်း ဒါကိုပဲ နှလုံးသွင်းကြတာပါလား ဆိုတာ ကိုယ်တိုင် ဖတ်သိလိုက်ရတော့ တရားအပေါ် ယုံကြည်မှုကလည်း ပိုပြီး တိုးလာပါတယ်။ တစ်ယောက်တည်း တရားစာတွေဖတ်၊ တရားတွေနာရင်း ယုံကြည်မှု တည်ဆောက်ရတာ သူများတွေ အတွက်တော့ မသိဘူး၊ ကျွန်တော့်အတွက်တော့ တော်တော် မလွယ်တဲ့ ကိစ္စဆိုတာကိုလည်း ပိုပြီး သဘောပေါက်လာတယ်။

အဲဒီတော့ ဘာဖြစ်လဲ.. သံသယဖြစ်တော့ ပိုလို့ ရှာဖွေဖတ်ရှုဖြစ်တယ် ပြောရမယ်။ ဒီလို အနတ္တ ဟောတဲ့ တရားတွေကို ရှာဖွေ ဖတ်ရှုရင်း မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသမှာလာတဲ့ ထိပ်ဆုံး ဆယ်သုတ်ထဲက သလ္လေခသုတ် (http://dhammaweb.net/tipitaka/d/D11/D1H.pdf) မှာ မဟာစုန္ဒကို ဘုရားရှင် ဟောတဲ့ထဲမှာ “ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ၏ကိုယ် အတ္တမဟုတ်” ဒီလို ရှုရမယ်ဆိုတာကို ဖတ်မိတော့.. ဟာ အနတ္တလက္ခဏာ သုတ်မှာလည်း ဒီလိုပါတယ်၊ စူဠရာဟုလော ၀ါဒသုတ်မှာလည်း ပါတယ် ဆိုပြီး တော်တော် ၀မ်းသာသွားမိတယ်။ တခြား သုတ်တော်တွေမှာလည်း ဒါမျိုးတွေ ဟောထားတာ ရှိမှာပဲ ဆိုပြီး ပိုပြီး ယုံကြည်မှုက အစွမ်းကုန် တိုးသွားတယ်။ ဒီကြားထဲ သညာဆယ်ပါး ပွားပုံအကြောင်းကိုလည်း ဖတ်မိတော့ တရားအပေါ် ယုံကြည်မှုက အတိုင်းထက် အလွန်ပေါ့။ ဘာလို့လဲ ဆိုတော့ ဒီ သညာဆယ်ပါးထဲမှာ အနတ္တသညာ ပွားပုံအကြောင်းက ပါနေတယ်လေ။ သာဓု၊ သာဓု၊ သာဓု.. ကောင်းလိုက်တဲ့ တရားတွေပါလား။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိတော့လည်း သူ့ဟာနဲ့သူ ဟုတ်နေတာပါပဲ။

သညာဆယ်ပါး နာနာပွား

http://www.lknt.org/search?q=%E1%80%9E%E1%80%8A%E1%80%AC%E1%80%86%E1%80%9A%E1%80%B9%E1%80%95%E1%80%AB%E1%80%B8&submit=search

ဒီကြားထဲမှာလည်း အနတ္တနဲ့ ပတ်သတ်တဲ့တရားတွေ နာဖြစ်၊ ဒေါင်းလုပ် ချဖြစ်ပါသေးတယ်။ နာဖြစ်တာက အရှင်ဇ၀န ဟောတဲ့တရား၊ နောက် ဒေါင်းလုပ်ချဖြစ်တာက မဟာစည် ဆရာတော်ဘုရားကြီးရဲ့ အနတ္တလက္ခဏသုတ်အကြောင်း ဟောတဲ့တရား.. အားလုံးပေါင်း ၁၇-ပိုင်း။ ဒီ ၁၇-ပိုင်း ထဲမှာမှ တစ်ပိုင်းပဲ နာရသေးတယ်။ အချိန်အားရင်တော့ နာရဦးမယ်။

အနတ္တလက္ခဏသုတ် တရားတော် (အခွေ-၁)

(http://www.dhammaransi.com/index.php?option=com_content&view=article&id=48:2009-08-24-11-42-21&catid=50:mp3&Itemid=83)

ခုန အပေါ်က ကျွန်တော်ရေးလိုက်တဲ့ မောဃရာဇ ရဟန်းကို ဟောတဲ့ တရားနဲ့ပတ်သတ်ပြီး တိုက်တိုက် ဆိုင်ဆိုင် မိုးကုတ်ဆရာတော် ဘုရား ဟောတဲ့တရားမှာ ထပ်နာဖြစ်လိုက်သေးတယ်။ တိုက်ဆိုင်ပုံလေးတွေ ပြောပါတယ်။ “သုညတ (အနတ္တ) ဆိုက်အောင် ရှုနည်း” တဲ့။ အဲဒီမှာတောင် ဆရာတော်ဘုရား တရားတွေကို သူများဆီက အခွေတောင်းပြီး ကူးထားတာ၊ အပုဒ်ပေါင်း ၉၅၈-ပုဒ်၊ အပုဒ် နံပါတ်ပဲပါတယ်။ ဘာတရားဆိုတဲ့ တရားခေါင်းစဉ်က မပါဘူး။ ဒီမှာလည်း ကျွန်တော့် ဉာဉ်အတိုင်း တရားပုဒ်ရေ ၉၅၈-ပုဒ်မှာ အောက်ဆုံးနားကနေ random နာလိုက်တာ၊ အပုဒ် ၉၄၀-မှာ ဒီတရားကို နာဖြစ်တော့တာပဲ။ အခု ကျွန်တော် ဒီတရားတော်ကို တင်ပေးလိုက်ပါတယ်။ အော် သဗ္ဗေဓမ္မာ အနတ္တာ.. တဲ့။ နှစ်နှစ်ခွဲ သုံးနှစ်နီးပါး ရောက်မှပဲ အနတ္တနဲ့ ပတ်သတ်ပြီး တရားတော်အပေါ် ယုံကြည်မှုတွေ ခိုင်မာခဲ့တော့တယ်။

သုညတ(အနတ္တ)ဆိုက်အောင်ရှုနည်း (မောဃရာဇ ရဟန်းကို ဟောသောတရား) by pyaesoneaung

ကျွန်တော်နှင့် အဲဒီ့တုန်းက-၁ (http://www.apymt.com/?p=2191)

လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

Homeless အတွေးများ (၂)

မြတ်သော တောင်းခံကြသူများ
တစ်ရက် ကျွန်တော်အလုပ်ကနေပြန်လာတော့ တိုက်အောက်က အမှိုက်ပုံးတွေစုပြီးပစ်ရတဲ့နေရာမှာ Homeless တစ်ယောက် အမှိုက်ပုံးတစ်ခုကို ဖွင့်ပြီး အဲဒီပုံးထဲက ဟင်းတွေကို မြိန်ရည်ယှက်ရည်စားနေတာကိုတွေ့ရပါတယ်။ ကျွန်တော်လည်း အဲဒီHomeless ကို ဖြတ်ကျော်ရင်း ဘူတာဘက်ကို ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်နေ့ အလုပ်ထဲရောက်တော့ အတူလုပ်တဲ့ မြန်မာအကိုနှင့် စကားပြောဖြစ်တော့ မနေ့ကတွေ့ခဲ့တဲ့ Homeless အကြောင်းရောက်သွားပါတယ်။ ဖြစ်ချင်တော့ သူကလည်း အဲဒီမြင်ကွင်းကို တိုက်အပေါ်ကနေ လှမ်းမြင်လိုက်တယ်လို့ပြောတယ်။ သူတင်မကပဲ အလုပ်ထဲကဂျပန်ကလည်း မြင်လိုက်တယ်တဲ့။ မြင်လိုက်တဲ့ဂျပန်က အဲဒီအကိုကို “မင်းတို့တိုင်းပြည်မှာ အဲဒီလိုမျိုး ငတ်ပြတ်နေတဲ့သူမျိုးတွေ ရှိလား” လို့ မေးပါတယ်တဲ့။ အဲဒါနှင့် သူက “ငါတို့တိုင်းပြည်မှာ ဒီလိုမျိုးငတ်နေရင် ဘုန်းကြီးဝတ်လိုက်ပြီ။ ဒါမျိုးတော့ မလုပ်ဘူး” လို့ ပြန်ဖြေလိုက်တယ်ဆိုပဲ။ ဒီတော့ ဂျပန်က “ဟာ....ဒီလိုမျိုး လုပ်လို့ရလား။ ကောင်းတာပေါ့” လို့ ပြန်ပြောပါတယ်တဲ့။ သူကတော့ ကျွန်တော့်ကို သူဂျပန်ကို စကားအနိုင်ရလိုက်တယ်ဆိုပြီး ဂုဏ်ယူတဲ့သဘောပြောလာတာပါ။ ကျွန်တော့်မှာတော့ သူ့ပြောတာကိုနားထောင်ပြီး အတော်ကို ရင်ထဲအောင့်သွားရပါတယ်။ ဂျပန်ကို သူစကားနိုင်မနိုင်တော့ မသိပါဘူး။ ဒါပေမယ့် အဲဒီဂျပန်ကတော့ မြန်မာ ဘုန်းကြီးတွေမြင်တိုင်း ငတ်လို့ ဘုန်းကြီးဝတ်ထားကြသူတွေလို့ မြင်သွားတော့မှာ ဖြစ်ပါတယ်။ နောက် ဒီအကိုရဲ့  သံဃာတော်တွေအပေါ် သူနားလည်ထားပုံလွဲနေတာအတွက်လည်း အတော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို ရှင်းပြချင်ပေမယ့်လည်း ကိုယ်ရှင်းပြလို့ နားလည်သဘောပေါက်ဖို့ အကြောင်းတွေ သိပ်မရှိတာနှင့် သူ့ကို ဘာမှပြန်မပြောဖြစ်လိုက်တော့ပါဘူး။
မိရိုးဖလာဗုဒ္ဓဘာသာဖြစ်လာခဲ့လို့သာ ဗုဒ္ဓဘာသာအမည်ခံထားပြီး ဗုဒ္ဓဘာသာအကြောင်းဘာမှ မသိ၊ နားမလည်ကြတဲ့သူတွေရယ်၊ တခြားအယူဝါဒရှိတဲ့ ဘာသာခြားတွေရယ်အမြင်မှာတော့ ဘုန်းကြီး(သံဃာ)ဆိုတာ မနက်ဆို သပိတ်တစ်လုံးနှင့် အိမ်တကာလှည့်ပြီး လူတွေချက်ထားတဲ့ ထမင်းဟင်းတွေ လိုက်ယူ၊ ကျောင်းပြန်သယ်သွားပြီးစား။ တစ်နေကုန် တချို့ က ဘာတွေမှန်းမသိတဲ့စာတွေအော်ကျက်၊ တချို့ လည်း မျက်လုံးကြီးမှိတ်ငြိမ်ပြီး ထိုင်လို့၊ (ငိုက်ပဲနေတာလား၊ ဘာလုပ်နေမှန်းမသိ) လောကီကြီးပွားရာ ကြီးပွားကြောင်းဘာမှမလုပ်ပဲ အေးအေးလူလူနှပ်နေကြတဲ့သူတွေလို့ မြင်စရာ အကြောင်းရှိပါတယ်။ ဒါကြောင့်လည်း တချို့ သော ပုဂ္ဂိုလ်တွေ အနေချောင်၊ အစားချောင်မယ်အမှတ်နှင့် သံဃာ့ဘောင်ထဲ ၀င်ကြတာတွေလည်း ရှိနေပါတယ်။

ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ကိုယ့်ဘာသာအကြောင်း ဘာမှမလေ့လာ၊ မသိကြတဲ့သူအချို့ နှင့် ကျွန်တော် စကားပြောကြည့်ဖူးပါတယ်။ တချို့ က ဘုန်းကြီးဆိုတာမျိုးက တချိန်လုံးအလှူပဲခံနေကြတာပဲတဲ့။ သူတို့က ပြန်ပြီးလှူပါတယ်ဆိုတာမျိုး မကြားမိပါဘူး လို့ ပြောတတ်ကြတယ်။ တချို့ ကလည်း ဘုန်းကြီးဆိုတာမျိုးက လူဖြစ်လျက်နှင့် လောကီတာဝန်တွေမယူချင်လို့ ခေါင်းရှောင်ကြတဲ့သူတွေလို့ မြင်ကြတယ်။ တချို့ က ဘုန်းကြီးဆိုတာ သာရေး နာရေးကိစ္စတွေကျရင် လာပြီး ရွတ်ဖတ်ပေးကြတဲ့သူတွေလို့ မြင်တဲ့သူတွေလည်းရှိတယ်။ နောက်ဆုံးအားလုံးကို ခြုံပြောရရင်တော့ သင်္ကန်းဝတ်ထားလို့သာ သူတို့ကို ကန်တော့နေကြရတာပါ ဆိုတာမျိုး ပြောလိုရင်းဖြစ်နေပါတယ်။

မြန်မာစကားမှာလူတိုင်းသိကြတဲ့ “မကောင်းကျောင်းပို့” ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ မူရင်းအဓိပ္ပါယ်က ဘာကိုဆိုလိုချင်တာလဲ ကျွန်တော်သေသေချာချာမသိပေမယ့် ဒီနေ့ခေတ်အနေအထားမှာဆိုရင်တော့ ဗုဒ္ဓဘာသာဝင်အချို့  လုပ်တတ်တာကတော့ သူတို့အတွက်အသုံးမ၀င်တော့တဲ့ ပစ္စည်း၊ မလိုချင်တော့တဲ့ ပစ္စည်းမျိုးကိုဆို ဘုန်းကြီးကျောင်းကို ပေးလှူလိုက်တတ်ကြပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ ထင်ရှားတဲ့ဥပမာတစ်ခုဆိုရင် အိမ်တစ်အိမ်မှာ တစ်ယောက်ယောက်သေဆုံးခဲ့ပြီဆိုရင် အဲဒီလူအိပ်ခဲ့တဲ့ ကုတင်တို့၊ ခေါင်းအုံးတို့၊ စောင်တို့၊ အ၀တ်အစားတို့ကို ဘုန်းကြီးကျောင်းကို လှူလိုက်တတ်ကြပါတယ်။ ခေါင်းစဉ်ကတော့ ကွယ်လွန်သူ ဘယ်သူဘယ်သူအတွက် ရည်စူးတဲ့ ကောင်းမှုပေါ့။ သေဆုံးသူ ၀တ်ခဲ့တဲ့ လက်ဝတ်ရတနာတွေကို ဘုန်းကြီးကျောင်းကို လှူလိုက်တယ်ဆိုတာမျိုးတော့ မကြားမိသလောက်ပါဘဲ။

တစ်ခါတုန်းက ဒီကမိတ်ဆွေတစ်ယောက်က သူမြန်မာပြည်ပြန်ရောက်ပြီးရင် အပြီး ဘုန်းကြီးဝတ်တော့မယ်လို့ ပြောတော့ သူ့မိတ်ဆွေ ဂျပန်က မင်းဘုန်းကြီးဝတ်ရင် ၀င်ငွေကောင်းလားတဲ့။ မိတ်ဆွေက ငါတို့ မြန်မာဘုန်းကြီးတွေက ဘာဝင်ငွေမှမရှိဘူး။ သူများ ပေးလှူတာနဲ့ ရပ်တည်ပြီးနေကြရတာလို့ ပြန်ဖြေတယ်။ အဲဒီအခါမှာ ဂျပန်မိတ်ဆွေက မင်းက ဒါများ ဘာလို့ ဘုန်းကြီးလုပ်ချင်တာလဲ။ မင်းတို့ မြန်မာဘုန်းကြီးတွေက မနိပ်ပါဘူး။ ငါတို့ ဂျပန်ဘုန်းကြီးတွေဆို ၀င်ငွေတအားကောင်းတာ၊ အားလုံး သူဌေးတွေချည်းပဲ လို့ ပြောတာကို မိတ်ဆွေက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထား ပူဇော်နေကြတဲ့ ဘုန်းကြီး (သံဃာ)ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးများလဲ။ သူတို့ ဘာလို့ အိမ်တကာလှည့် တောင်းခံစားသောက်နေကြတာလဲ။ ဘာလို့ လောကီကြီးပွားရာ ကြီးပွားကြောင်းကို မလုပ်ပဲနေနေကြတာလဲ။ သေသေချာချာ တွေးကြည့်ရင် မေးချင်စရာကောင်းတဲ့ မေးခွန်းတွေ ထွက်လာမှာပါ။

သံဃာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ မသိသေးတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ပထမဆုံး သံဃာ့ဂုဏ်တော် (၉) ပါးကို ရေလည်စွာနားလည်အောင် လေ့လာသင့်တယ်လို့ အကြံပြုလိုပါတယ်။ ပြီးတော့မှ သံဃာတွေ ဘာလို့ ဆွမ်းခံစားနေကြတယ်၊ အလှူခံပုဂ္ဂိုလ်ကိုမှီပြီး ဘာလို့ ရပ်တည်ကြတယ်ဆိုတာလေးကို သိထားသင့်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တော်တိုင်လည်း အိမ်စဉ်လည်ပြီး ဆွမ်းခံတတ်သလို ဆွမ်းခံစားခြင်းနှင့် ပတ်သက်ပြီး သုတ်တော်ပေါင်းများစွာကို ချီးမွှမ်းဟောကြားတော်မူခဲ့ပါတယ်။ လက်လှမ်းမီသမျှ သုတ်တော်ကောက်နုတ်ချက် အချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

**********
၇ - သန္တုဋ္ဌိသုတ်ဥရုဝေလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ရဟန်းတို့ ...
တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့ တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ...

သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်းမရှိ။

ရဟန်းတို့ ...
စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သောဆွမ်းသည် တာဝန်လည်း နည်း ၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသောကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။

ရဟန်းတို့ ...
ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထိုဆေးသည် အပြစ်လည်း မရှိ။

ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤ လေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။

ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်'' ဟူသော အင်္ဂါ တစ်ပါးဟု ငါဆို၏ ဟု (မိန့်တော်မူ၏)။ တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်း ကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအားလျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏။

မမေ့မလျော့သော သတိရှိသည် ဖြစ်၍ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေ သတည်း။

************
၈ - အရိယဝံသသုတ်၊ ဥရုဝေလ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်
ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ် ကုန်သော၊ ရှေးကျကုန်သော အရိယာတို့၏ အနွယ်အဆက် ဖြစ်ကုန်သော 'အရိ ယဝံသ' တရားတို့သည် ဤလေးမျိုးတို့တည်း။

(ထိုတရား တို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်းပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။

အဘယ် လေးမျိုးတို့နည်း ဟူမူ...

၁...
ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ သင်္ကန်း ဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရ၍လည်း မတောင့်တ၊ သင်္ကန်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက် ကြောင်းကို သိလျက်သုံးဆောင်၏၊ ထို ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း ဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိ နှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရတတ် သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းကို မရ၍လည်း မတောင့်တ၊ ဆွမ်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲ မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း' ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း'ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို လည်းဆိုလေ့ရှိ၏၊ အိပ်ရာနေရာ 'ကျောင်း'ဟူသော အကြောင်းကြောင့် မလျောက် ပတ်သော မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ အိပ်ရာ နေရာ 'ကျောင်း' ကို မရ၍လည်း မတောင့်တ၊ ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော အိပ်ရာနေရာ 'ကျောင်း' ဖြင့် ရောင့်ရဲခြင်းဖြင့် လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

၎...
ရဟန်းတို့ ...
နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ ကာမစ္ဆန္ဒ စသည်ကို ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ထိုဘာဝနာ ၌ မွေ့လျော် ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း၊ ထို(ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း ၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့် လည်းကောင်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါး ကို မရှုတ်ချ။ အကြင် ရဟန်းသည် ဘာဝနာ 'ပွါးများ'မှု ပယ်မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။

ရဟန်းတို့ ...
ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော ...
အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝက)တို့၏ အနွယ်အဆက်ဟု သိအပ်ကုန်သော ရှေးကျကုန်သော အရိယာ၏ အနွယ်အဆက် ဖြစ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့ အပ်ကုန်။

ရဟန်းတို့ ဤအရိယဝံသတရားလေးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရှေ့ အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက် နိုင်ရာ။

အနောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်း ကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

မြောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

တောင်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ-

ရဟန်းတို့ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း, မွေ့လျော်ခြင်းကို သည်းခံ နိုင်သောကြောင့်တည်း ဟု (မိန့်တော်မူ၏)။ မမွေ့လျော်ခြင်းသည် လုံ့လရှိသော ရဟန်းကို မနှိပ်စက်နိုင်၊ လုံ့လရှိသော ရဟန်းကသာ မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်၏၊ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်သောကြောင့် လုံ့လရှိသော ရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်။ ကိလေသာကို ဖျက်ဆီး ပြီးသော အလုံးစုံသော (တေဘူမက) ကံတို့ကို ပယ်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်ကို အဘယ်မည်သော အကုသိုလ် တရားသည် တားမြစ်နိုင်အံ့နည်း၊ တစ်နိက္ခရှိ ဇမ္ဗူ ရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ထိုရဟန္တာ ပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့ နည်း၊ ထို ပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။

**********
၁ဝ-သင်္ဂီတိသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်။ စတုတ္ထ - တရား လေးပါးစု၊ ၃၀၉။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ဆွမ်းရခြင်း ကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉-၂)

**********

အထက်ပါသုတ်တော်ကောက်နုတ်ချက်တွေကို လေ့လာမိရင် သံဃာတော်တွေရဲ့ ဆွမ်းအပေါ်ထားတဲ့ သဘောထားကို အနည်းအပါးတော့ တီးခေါက်မိလောက်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့သာမန်လူတွေ စားတဲ့ ထမင်းတစ်နပ်နှင့် သံဃာတော်တွေ ဘုန်းပေးကြတဲ့ ဆွမ်းတစ်နပ်မှာ ကွာဟချက်တွေက အများကြီး ဆိုတာ အထင်းသားတွေ့နိုင်မှာပါ။


သံဃာဆိုတာ ဘာမှန်းသေသေချာချာ မသိကြတဲ့ မိဘကမွေးဖွားလာကြမယ့် သားသမီးတွေကို သူတို့မိဘတွေက သံဃာကို ဘယ်လိုကြည်ညိုတတ်အောင် သင်ကြားပေးမလဲဆိုတာ ကျွန်တော် တွေးကြည့်မိပါတယ်။
ဗုဒ္ဓဘာသာဆိုတာကို အခြေခံမှမသိတဲ့ သူတွေ နိုင်ငံရပ်ခြားတိုင်းပြည်တွေရောက်ကြလို့ ဟိုကလူမျိုးခြားတွေက ကိုယ့်ဘာသာအကြောင်းများ မေးလာကြရင် ဘာတွေများ ဖြေကြမလဲဆိုတာကိုလည်း တွေးကြည့်မိပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာတိုင်းပြည်အဖြစ် အမည်ခံထားတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ယောင်ချာချာ ဗုဒ္ဓဘာသာဝင်တွေက နောင်လာမယ့်အနာဂတ်သာသနာတော်ကို ဘယ်လို ထောက်ပံ့သွားကြမလဲဆိုတာလည်း တွေးကြည့်မိပါတယ်။

ကျွန်တော် ထင်တာပေါ့လေ။ (ဆိုလိုတာ ဟုတ်ချင်မှလည်း ဟုတ်မယ် ဆိုတဲ့သဘောပေါ့။) ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရေးဘက်က Educate လုပ်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိနေသေးသလိုပါဘဲ။ ကျွန်တော်ငယ်ငယ် ကလေးဘ၀က ရပ်ကွက်တွေမှာ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုသင်တန်းတွေဖွင့်တာမျိုးရှိခဲ့ပါတယ်။ နောက်ပိုင်း ကျောင်းတွေမှာ ကျောင်းစစတက်ချင်း ၁၅ မိနစ်လောက် ဗုဒ္ဓဘာသာအခြေခံလေးတွေ ဆရာတွေက သင်ပေးကြပါတယ်။ ကျွန်တော်ဆိုရင် အဲဒီသင်တန်းလေးတွေကနေ ဘာသာရေးအခြေခံကောင်းရခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ပိုင်း ရပ်ကွက်တွေမှာ ယဉ်ကျေးမှုသင်တန်းလုပ်တာ သတိမထားမိတော့ပါဘူး။ ကျွန်တော်တို့ အခုလူလတ်ပိုင်းအရွယ်ရောက်လာတဲ့အချိန်ကျတော့မှ တချို့ မြို့ နယ်တွေမှာ နွေရာသီ ယဉ်ကျေးမှု သင်တန်းလေးတွေ ပြန်ဖွင့်လာတာ တွေ့လာရပါတယ်။

ဘာသာရေး အခြေခံကောင်းဆိုတာ လူငယ်ကလေးဘ၀မှာကတည်းက သင်ကြားပေးထားနိုင်ရင် အကောင်းဆုံးပဲလို့ ထင်ပါတယ်။ အရွယ်အတော်ကြီးမှ သူတို့ကို ဘာသာရေးအကြောင်းသွားသင်ပြဖို့ဆိုတာ ထင်သလောက်မလွယ်တော့ပါဘူး။ တခြားဘာသာတွေကလည်း ပုံစံမျိုးစုံနှင့် စည်းရုံးရေးတွေလုပ်နေကြတော့ ကိုယ့်ဆီမှာ ဘာသာရေးအခြေခံ ကောင်းကောင်း ရှိမထားရင် နားယောင်သွားဖို့ဆိုတာ အခွင့်အရေးက တအားများပါတယ်။

နားယောင်လို့ ပါသွားကြသူတွေကို နားယောင်ရကောင်းလားလို့ အပြစ်ပြောနေမယ့်အစား ကိုယ့်ဘာသာရဲ့  အခြေခံအုတ်မြစ်ကို ခိုင်မာသထက်ခိုင်မာလာအောင် သံဃာတော်တွေ အပိုင်းကရော၊ လူပုဂ္ဂိုလ်တွေ အပိုင်းကရော ကိုယ်တတ်နိုင်သလောက် အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင်တော့ အနာဂတ်သာသနာတော်အတွက် စိတ်အေးနိုင်လိမ့်မယ်လို့ ထင်မိပါကြောင်း အပြုသဘောဆောင်ပြီး အကြံပြုမိပါတယ်ခင်ဗျား။
Ref: ဗုဒ္ဓတရားတော်များ (www.lknt.org)

(သံဃာ့ဂုဏ်ကို အာရုံပြုပူဇော်ရင်း ဤစာစုကိုရေးပါသည်။)

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP