* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, March 11, 2011

*အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလတော်မြတ်*


ပဲခူးအောင်သုခဆရာတော်ဘုရား ဦးစန္ဒိမာ

ရှစ်ပါးသီလပေး-ပဲခူးအောင်သုခဆရာတော်ဘုရား by pyaesoneaung

Download Link >>> ရှစ်ပါးသီလပေး AungThuKha

လေးစားရိုသေစွာဖြင့်
ဖိုးသား

Read more...

*ဘ၀*

ဘ၀ ဆိုသော
ဘ နှင့် စပြီး ၀ လုံးနဲ့ ရေးထားတဲ့
ဟောဒီ...ဘဝ
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာက ဘဝ
ဆန္ဒနဲ့ ဘ၀ တထပ်တည်းမကျ
ဟောဒီ...ဘ၀...ဘ၀..ဘဝ
လောဘ ဒေါသ မောဟ ဇာတ်ခုံပေါ်မှာ
ကံဇာတ်ဆရာ အလိုကျ ဇာတ်ကွက်လှအောင်
အငိုမျက်လုံး အပြုံးမျက်နှာနှင့်
လှလှပပ သရုပ်ပြရင်း
မီးစာလည်းကုန် ရေလည်းခမ်းတော့
ဘယ်ဆီဘယ်လမ်း မျှော်ကာမှန်းလျှက်
လျှောက်လှမ်းကြမည်နည်း...
သြော်... ဘ၀...ဘ၀...ဘ၀...
ဖြစ်သမျှ ပျက်သမျှ အနိစ္စလို့ မှတ်လျှက်
ခန္ဓာရှိသမျှ ဒီဘ၀မှာ
လောကဓံတရား ရင်ဆိုင်သွား၍
ရခဲသမျှ လူ့ဘ၀ကို
လောကအကျိုး ရွက်သယ်ပိုးလျှက်
တို့ပြည် တို့ရွာ တို့သာသနာကို
တက်သစ်စနေ၀န်း အစဉ်ထွန်းလင်းသကဲ့သို့
ကမ္ဘာတစ်လွှား ပြိုင်စံရှားအောင်
သယ်ပိုးဆောင်ရွက်လျှက် နိဂုံးကမ္ပတ်
ဘ၀ဇာတ်ကို ဒီနေရာမှာ အဆုံးသတ်လိုက်ပါသတည်း။
တောသားလေး(မြန်အောင်)
ကျွန်တော် ကဗျာ မရေးတတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင် နားလည်ပေးကြပါရန်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

မန်းရွှေမြို့က ရှင်ပြုအလှူတော် (၁)

မြန်မာ့ဇာတ်သဘင်ပညာရပ်များ နှင့် သုခုမအနုပညာရှင်ကြီးမှာ ပေါ်ထွက်ရာ ၊ သုခုမ သဘင်ပညာရပ်များ ထွန်းကားရာ မြို့တော်ကြီး တစ်ခုဖြစ်တဲ့ မန္တလေးမြို့တော်ကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် နဲ့ ၂၀ ရက်နေ့က သာသနာ့အမွေ ခံယူသည့်ပွဲ တစ်နည်းအားဖြင့် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီးကို ၀မ်းမြောက်စွာ ၊ ကြည်နူးစွာနဲ့ အောင်အောင်မြင်မြင် လှူဒါန်းမှုပြုနိုင်ခဲ့ပါတယ်...။

ပြီးခဲ့တဲ့နှစ်က ခုလိုအချိန်မှာလဲပဲ ကျမကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ မန္ထလေးတိုင်း ၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ အနီးမှာတည်ရှိတဲ့ အနာကြီး ရောဂါဆေးရုံကြီးမှာလဲ အလှူဒါနအဖြစ် အနာကြီးရောဂါဝေဒနာရှင်များစွာအတွက် ဆေး ၊ ၀ါး ၊ အဟာရပဒေသာပင် အတွက် ကျပ်ဆယ်သိန်းတိတိနဲ့ ဆန်အိတ် ၊ ဆီပုံး များကို သွားရောက်လှူဒါန်းဖြစ်ခဲ့စဉ်က မန်းလေးမြို့ကြီးကို တစ်ခေါက်တစ်ခါ ရောက်ခဲ့ပါသေးတယ် ....။

ယခုနှစ်မှာလဲပဲ မန်းလေးမြို့မှ ဟာသလူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့အပြင် စာရေးဆရာ ၊ (မန္ထလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ ဟာသ၊ ပြဇာတ်ကိုရေးသားတင်ဆက်ခဲ့သူ) လေးချစ် (ခေါ်) ဦးချစ်စရာကြီးက .....

“မနှင်းရေ ... လေးချစ် သားလေးကို အခုချိန်ထိရှင်မပြုနိုင်သေးဘူး ... ဖြစ်နိုင်မယ်ဆိုရင် လေးချစ်မသေခင်မှာ သားလေးကိုရှင်ပြုခွင့်ရခဲ့ချင်တယ် ” ဆိုပြီး ကျမကို တိုင်ပင်ခဲ့ပါတယ် .... ။

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ စစ်စစ်များကို ကျမအနေနဲ့ များစွာတန်ဖိုးထားသလို လေးစားထိုက်တဲ့ အနုပညာရှင် ၊ ထူးချွန်တဲ့သဘင်ပညာရှင်များကိုလဲ ကျမ အမှန်တစ်ကယ် လေးစား တန်ဖိုး ထားမိပါတယ်...။
အဲဒါကြောင့်ပဲ ကျမအနေနဲ့ ဦးချစ်စရာကြီးရဲ့ လှူချင်တဲ့ ဆန္ဒကိုလဲ ဖြည့်ဆည်းခွင့်ရအောင် ၊ ကျမကိုယ်တိုင်လဲပဲ မွန်မြတ်တဲ့အလှူတစ်ခုအဖြစ် ပါရမီထိုက်တဲ့ ဒါနမြောက်သွားအောင် ဒီအလှူပွဲကြီးကို ကျင်းပဖို့ အဝေးကနေ ၄လနီးပါးလောက် ဖုန်းနဲ့ပဲ စီစဉ်ပြီး တိုင်ပင်ခဲ့ကြပါတယ် ....။
အလှူရက်ကိုတော့ စင်္ကာပူနိုင်ငံရဲ့နှစ်သစ်ကူးရုံးပိတ်ရက်တိုလေးကိုလုပ်ဖို့ ရွေးချယ်ခဲ့ပြီး မန်းလေးမြို့က ရှင်ပြု ၊ နားသအလှူတော်မင်္ဂလာပွဲအတွက် တတ်ကြွသော ခြေလှမ်းများစွာဖြင့် ချီတတ်ဖြစ်ခဲ့ပါတယ် ....။

အလှူတော်မင်္ဂလာအခမ်းအနားကိုတော့ မန္ထလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁လမ်းကြား၊ ပေါက်မြိုင်တိုက် ၊ အေးငြိမ်းအောင်မြင်သိဒ္ဒိရှင် ဓမ္မာရုံကြီးမှာမဏ္ဍပ်ထိုးပြီး ကျင်းပခဲ့ပါတယ်...။
ရွှေရောင်ဝင်းနေတဲ့ အလှူတော်မဏ္ဍပ်ကြီး
မန်းလေးမြို့ သုခုမအနုပညာရှင်ကြီး .... လူရွှင်တော် ၊ စာရေးဆရာ ဦးချစ်စရာရဲ့ (သား) မောင်စိုးမင်းအောင် ၊ သမီး မရတနာစုကြည် (ခ) မစုမြတ်အောင် ၊ မန်းလေးမြို့မှ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဦးဒီပါ ရဲ့မြေးလေး နဲ့ ယနေ့ထိတိုင် ရှင်ပြုခွင့်မရသေးတဲ့ သားလေးတစ်ယောက်တို့ကို ရှင်သာမဏေအဖြစ် သွတ်သွင်းရန် ၊ နားထွင်းမင်္ဂလာကျင်းပရန်အတွက် အလှူဝင်နေ့မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မောင်ရှင်လောင်းလှည့်လည်ပါတယ် ......

ကြည်နူးမှု ပီတိတွေကြားက အလှူဒါယိကာကြီး ဦးချစ်စရာကြီးနဲ့ ဇနီး ဒေါ်အေးအေးသွင်(ခ) မခိုင် ......


မန်းလေးမဟာမြတ်မုနိဘုရားကြီးကို ဖူးမျှော်၍ရွှေသင်္ကန်းကပ်လှူပြီး မန်းလေးရဲ့ ထုံးနန်းစဉ်လာအတိုင်းပဲ မဟာမြတ်မုနိဘုရားကြီးကနေ မန္ထလေးဘိုးဘိုးကြီးနတ်နန်း ကို ဦးခိုက်ရန်အတွက် ကျုံးတစ်လျှောက် ယာဉ်တန်းကြီးဖြင့် လှည့်လည် သွားရောက် ခဲ့ကြရပါတယ်။



မန်းလေးမှာ ကားဝယ်ပြီဆိုလျှင် ၊ ဆိုင်ကယ် ၀ယ်ပြီဆိုလျှင် မန်းလေးဘိုးဘိုးကြီးနန်းကို သွားပြီး ဦးတိုက်ကြလေ့ရှိသလို ၊ ရှင်ပြု နားသအလှူတော်မင်္ဂလာပွဲတွေမှာလဲ မောင်ရှင်လောင်းများနဲ့အတူ မန်းလေးတောင် ဘိုးဘိုးကြီးနန်းမှာ နတ်ပြသွားရတာဟာ မန်းလေးမြို့ရဲ့ ဖျောက်ဖျက်လို့မရတဲ့ ထုံးတန်းဓလေ့ တစ်ခုလဲဖြစ်ပါတယ် ....။

မန္ထလေးတောင် ဘိုးဘိုးကြီးနတ်နန်းမှာ
မောင်ရှင်လောင်းများနတ်ပြနေပုံ
အဲဒီ့အပြင် အလှူ့အစ်မအဖြစ် ရှိနေရတဲ့ ကျမကိုလဲ မိဆိုင်နတ်၊ဖဆိုင်နတ်ကို မဖြစ်မနေတင်ရမယ်ဆိုလို့ ကျမတို့ ဘိုးဘွား ၊ အမိ အဘ နဲ့ ကျမကိုမွေးဖွားရာ ပုပ္ပါးနယ်ပိုင်ဖြစ်တဲ့ အဘမြင်းဖြူရှင်ထံမှာလည်း ထုံးစံအရ မိဆိုင်နတ် ၊ ဖဆိုင်နတ်ကို ပွဲပေး ကန်တော့ ရပါတယ်...။


အလှူ့အရွကြီး အဲ မှားလို့ အလှူ့အစ်မကြီးးD


မေတ္တာဖြင့်ကူညီပေးကြတဲ့ ရွှေတံဆိပ်ဆုရ မဟာအောင်မြေမြို့နယ် လူငယ်ဗျောအဖွဲ့နဲ့အတူ ဟာသလူရွှင်တော် ဦးမော် (ခ) ဦးမော့(စ်) ကလည်း “ ဒါနအရာ ... သုံးတန်စေတနာ ပြဌါန်းကာ .... ” အစရှိတဲ့ သူ့ပါးစပ်ထဲတွေ့ကရာ တေးသီချင်းတွေနဲ့ မမောနိုင်မပမ်းနိုင် ပျော်ရွှင်စွာနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို ....
မန်းလေးမြို့မှ သစ်လွင်အငြိမ့် နှင့် ရွှေမဟာဇာတ်ပိုင် ၊ (မင်းသမီးကြီး) ရွှေမန်းသူမြင့်မြင့်သန်း ကလဲ ဗျောစည်အဖွဲ့ နဲ့အတူ တေးသီချင်းများနဲ့ အားပါးတရ တွဲဖက် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ် ....။
မောင်ရှင်လောင်းလေးတွေလဲ ဗိုက်ဆာကုန်ကြပြီ ....
မန်းလေးတောင်ခြေမှာ၊ ဇာတ်သဘင်ပညာရှင်များရဲ့ ပျော်ပျော်ပါးပါး အဆို အကတွေပြီးတဲ့အခါမှာတော့ အလှူတော်မဏ္ဍပ်ကြီးဆီသို့ ပြန်လည်ဆိုက်ရောက်လာကြပါတယ်...။
ပရိတ်သတ်များနဲ့ ရပ်ကွက်ကလူတွေ ကလေးတွေအားလုံးကို အလှူဝင်နေ့မှာ ထမင်းနဲ့ အလှူငါးခြောက်ကြော် ၊ မှန်ရောင်ဟင်းချို ၊ သရက်ချဉ်သုတ် ၊ ငရုတ်သီးကြော် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ် ....။
ကျမအနေနဲ့က အလှူရဲ့အစီအစဉ်တွေနဲ့ ဘယ်လိုတွေလုပ်ရတယ်ဆိုတာတွေကို သိပ်စဉ်းစား မထားတော့ အလှူဝင်အတွက် ဘာကိုမှ ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့မိဘူး ။
ကျမတို့ ပြုလုပ်တဲ့အလှူက ခုလောက်ကြီးလဲ ကြီးကျယ်ခမ်းနားတဲ့ အလှူကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိတာလဲ ပါပါတယ် ...။

အလှူလုပ်တယ်ဆိုတော့ ရိုးရိုးလေးပဲ လာတဲ့ပရိသတ်ကို ထမင်းကျွေးမယ် ၊ ရပ်ကွက်တစ်ခုလုံးကို စတုဒီသာကျွေးမယ်ပြီးရင် ပင့်သံဃာတော်တွေကို လှူဖွယ်ဝတ္ထုအစုစုနဲ့ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းမယ် နောက်ဆုံးအဖြစ် ပရိက္ခရာရှစ်ပါးအစုံအလင်နဲ့ မောင်ရှင်လောင်းတွေကိုရှင်သာမဏေအဖြစ် ကိုရင်လေး တွေဝတ်ကြမယ် ဒီလောက်ပဲ သိထားခဲ့ပါတယ်....။


တစ်ကယ့်တစ်ကယ် အလှူပွဲကြီးကျင်းပတဲ့အခါမှာ ထင်ထားတာထက် အဆပေါင်းများစွာ ကြီးမားသွားခဲ့တော့ အံ့လဲ သြခဲ့ရတယ် .....အလှူအတွက် ၀မ်းသာပီတိလဲ ဖြစ်ခဲ့ရပါတယ်...။

ဖျော်ဖြေဧည့်ခံရေးအနေနဲ့လဲ အလှူဝင်ညမှာ ဆိုင်း မန္ထလေးသိန်းအောင်(သား) ပိုင်အောင် အဖွဲ့၊ ရွှေဖလား လူရွှင်တော် ပထမဆုရ ၊ ဖိုက်စတား အဖွဲနဲ့အတူ (မင်းသမီး) ပန်တျာ- ၀င်းသပြေထွန်း တို့အဖွဲ့က ပထမပိုင်းဖျော်ဖြေတင်ဆက်ခဲ့ကြသလို ၊ ဟာသလူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးစိန်ရိုး ၊ ဦးမိုးဒီ ၊ ဦးဥသြ ၊ ဦးကောင်းစံ ၊ ဦးရွှေဂဲ(ရွှေမန်းသဘင်) အဖွဲ့နှင့် မင်းသမီး ကျားလေးစိန် တို့က ဒုတိယပိုင်းအဖြစ် ဦးချစ်စရာကြီးရဲ့အလှူအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မေတ္တာဖြင့် လာရောက်ကပြဖျော်ဖြေခဲ့ကြပါတယ် .....။

ကျမရဲ့အလှူတော်မှတ်တမ်းတစ်ခုအဖြစ် .... အလှူကြီးနေ့အခမ်းအနားနဲ့ လှူဒါန်းမှူများကို အပိုင်း(၂)မှာ ဆက်လက်ရေးသားပါဦးမည်......။

အားလုံးကိုချစ်ခင်လေးစားလျှက်~
နှင်းဟေမာ

Read more...

ဆယ်လွန်းတင် ကြိုး (၃)

http://newmawkun.blogspot.com

မှတဆင့် ကူးယူဖော်ပြပေးပါသည်။

ဆယ်လွန်းတင် ကြိုး (၃)
(၅) သံယောဇဉ် နောက်တစ်ကြိုးကိုလည်း ထပ်မှတ်ပါအုံး။ ကိုယ်ဆီမှာရှိတဲ့ အသိကို ကိုယ်သိသလို၊ ကိုယ်တတ်သလို သူများကို မျှဝေ မပေးချင်တာ၊ ကိုယ့် ပစ္စည်းကို ၀န်တိုတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ်ကြိုး နောက်တစ်ချောင်းနဲ့  ထပ်အချည်ခံနေရတာပါပဲ။ ကိုယ့်ပစ္စည်းနဲ့ ကို အကုသိုလ်ရစေတဲ့ သံယောဇဉ် အမျိုးစားပါ။ (မစ္ဆရိယ)

(၆) ချောတာ၊ လှတာ၊ နှစ်သက်စရာကောင်းတဲ့ အရာတွေကို လိုချင်တောင့်တတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ် ဖြစ်နေလို့ ပါပဲ။ လိုချင်တာ၊ ချစ်ခင်တာ၊ သတိရတာတွေဟာ တကယ်တမ်းကြတော့ ဆင်းရဲမှုတွေပေးတဲ့ သံယောဇဉ် အမျိုးအစား တစ်ခုပါ။ ချမ်းသာမှုကို မပေးပါဘူး။ ကြုံတွေ့ လာတဲ့ ကာမဂုဏ် အာရုံတွေကို မကပ်ငြိ၊ မတွယ်တာဘဲနဲ့  မျှမျှတတ နေတတ်ဖို့ ပါပဲ။ (ကာမရာဂ)

(၇) နောက်တစ်ခုက အပေါ်က သံယောဇဉ်နဲ့  ပြောင်းပြန်သဘောလေးပါ။ စိတ်တိုင်းမကျတာ၊ စိတ်ဆိုးတာတွေ ရင်ထဲမှာ ဖြစ်နေရင်လည်း သံယောဇဉ်ကြိုးတစ်ကြိုး အချည်ခံရေပြီလို့  မှတ်လိုက်ပါ။ လိုချင်တာ၊ ၊ နှစ်သက်တာတွေကို မရလို့ ၊ ရလာရင်လည်း စိတ်တိုင်းမကျဘူး ဖြစ်နေတာဟာ သံယောဇဉ်ပါပဲ။ လိုရင်းကတော့ ကိုယ့်ဒေါသနဲ့  ချည်နှောင်ခံရတဲ့ သံယောဇဉ် အမျိုးအစားပါ။ (ပဋိဃ)

(၈) ကိုယ့်ဘ၀လေးကို ကိုယ်နှစ်သက်နေတာဟာလည်း သံယောဇဉ်ပါပဲ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတဲ့ အလျောက် ကိုယ့် ဘ၀လေးကို ကိုယ်နှစ်သက် ကျေနပ်နေကြတာပါ။ ဘ၀ဆိုတာ တကယ်တော့ ဘာမှ နှစ်သက်စရာ မရှိပါဘူး။ အိုရတာ၊ နာရတာ၊ သေရတာတွေဟာ ဒုက္ခကြီးပါပဲလေ။ မတွယ်တာ၊ မကပ်ငြိပဲနဲ့  သံယောဇဉ်ကြိုးတစ်ကြိုး တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပဲ ကြိုးစားရမှာပါ။ (ဘ၀)

(၉) ဘယ်နေရာမဆို၊ ငါပါမှ ပြီးမယ်၊ ငါရှိမှ ဖြစ်မယ်ဆိုတဲ့ ထောင်လွှားတတ်တဲ့ စိတ်ဟာလည်း မာန သံယောဇဉ်ကြိုးနဲ့  အချည်ခံနေရတာပါ။ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ် ပညာတွေနဲ့  အရာအရာမှာ မာန်တတ်နေသူဟာ သံယောဇဉ်တစ်ပါး ဖြစ်နေတာပါပဲ။ လူတိုင်း အချည်ခံထားနေရပါတယ်။ (မာန)

(၁၀) မောဟ သံယောဇဉ်ကြိုးကလည်း မိမိတို့ အချည်ခံနေရတဲ့ ကြိုးတစ်ချောင်းပါပဲ။ သစ္စာလေးပါးတရားကို မသိ၊ မမြင်အောင် ဖုံးလွှမ်းကာကွယ်တတ်တဲ့ သဘောပါ။ အမှန်တရားကို ကာကွယ်ထားတာမို့  ဖြတ်နိုင်အောင် ကြိုးစားရမှာပါ။ (အ၀ိဇ္ဇာ)

သံယောဇဉ်ကြိုးကြီး ကျစ်လာတာ တော်တော် ထူသွားပါပြီ။ တော်တော် ခိုင်မာတဲ့ ကြိုးကြီးလည်း ဖြစ်သွားပါပြီ။ အချည်ခံရတဲ့ သူတွေလည်း မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးတန်းလန်းနဲ့ သံသရာမှာ အမျောကြီးသာ၊ မျောကြပေရော။

တကယ်တော့ သံယောဇဉ် ရှိတယ်ဆိုတာ ချစ်တဲ့သူ၊ ခင်တဲ့သူလောက်ပဲ ဖြစ်တဲ့ သဘောလို့  ထင်ထားကြတာ များပါတယ်။ ကပ်ငြိတွယ်တာတတ်တဲ့ သံယောဇဉ်ကြိုးတွေကို ကြည့်လိုက်ရင် ချစ်တဲ့ သူရော၊ မုန်းတဲ့ သူရော အားလုံပေါ်မှာ ဖြစ်နိုင်တာကို တွေ့ ရမှာပါ။ အာရုံတစ်ခုခုကို သံယောဇဉ်ဖြစ်လာပြီ၊ ဆိုရင် ဖြစ်တဲ့ စိတ်အပေါ်မှာ ပဲ သံယောဇဉ်ကြိုးကို ဖြေလျော့ဖို့ ၊ ဖြတ်တောက်ဖို့  ကြိုးစားရမှာပါ။

သား၊ သမီး၊ မိဘ၊ ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်မုန်းနေတဲ့သူ၊ အပေါ်မှာ ဖြစ်တဲ့ ကိုယ့်သံယောဇဉ်စိတ်ကိုသာ ဖြတ်ဖို့ ၊ လျော့ဖို့ ၊ လိုရင်းပါပဲ။ သံယောဇဉ်ဖြစ်နေတဲ့ အဲဒီသူတွေကို ဖြတ်စရာမလိုပါဘူး။ သံယောဇဉ် ဖြစ်စရာ အာရုံတစ်ခုခု ကြုံတွေ့ လာပြီဆိုရင် အဲဒီအာရုံပေါ်မှာ သာယာတဲ့စိတ်၊ ကျေနပ်တဲ့စိတ် မဖြစ်အောင် ထိန်းဖို့ လို့ သလို၊ မကျေနပ်တဲ့စိတ်၊ ဒေါသမဖြစ်မိအောင်လည်း မိမိရဲ့ စိတ်ကို ထိန်းလိုက်ရင်း သံယောဇဉ် ကြိုးလေးတွေကို လုံးလုံး အပြတ်မဖြတ်နိုင်တောင် တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပါပဲလေ။




Posted by မော်ကွန်းသစ် at 4:38 AM
Labels: သံယောဇဉ်ဆိုတာ

Read more...

Music Original Truth & Created Truths (Real Mediation): Mp3 talk (05-11)

his talk series is the latest series of Tsunami Sayadaw Ottamasara in English Language at the Malaysia & Spore trip 2011. You can now listen directly to and can download his talks in mp3 format at the below link.

1) Changing Understanding At Bodhi Heart (3-3-2011)



2) Question & Answers at Bodhi Heart (3-3-2011)



3) About right view & wrong view at Bodhi heart (4-3-2011)



4) The Only Middle Way at Bodhi Heart (5-3-2011)



5) Questions & Answers about Bodhi Heart (5-3-2011)



To download via mediafire , click here DOWNLOAD

To download via divshare , click here DOWNLOAD

01 20110303 Changing Understanding Bodhi Heart - Penang ( English) English teaching All 21 Ven Ottamasara

Play this playlistreply

Read more...

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၉-မတ်-၂၀၁၁)

Removing formwork from the first basement




















Read more...

၂၀၁၁ ခု တစ်နှစ်တာဘုံဆွမ်းအလှူရှင်များစာရင်း။(စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း)

တနလာင်္အပတ်စဉ်ဆွမ်းလောင်လှူခြင်းအတွက် အလှူရှင်များစာရင်း-

အမြဲတမ်းဆွမ်းဆန်အလှူရှင်-


ကိုဖြိုး ၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး ၊မန္တလေး)


အမြဲတမ်းဆီအလှူရှင်-


ဒေါ်ချို (ဒေါ်ချိုကုန်စုံဆိုင် ၊ရွှေဘို )


၂၀၁၁ ခု တစ်နှစ်တာလုံး လစဉ် တစ်လတစ်ကြိမ် (တနလာင်္လာနေ့) အလှူရှင်များ.

၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) လစဉ် အရုဏ်ဆွမ်း ၁ကြိမ် ၊ တစ်နှစ်စာ
အလှူ ( ၆၅၀၀၀ ကျပ်x ၁၂ လ= ၇၂၀၀၀၀ ကျပ်)

၂.နှစ်ဘက်မိဘများကိုအမှူးထား၍ ကိုသက်မြင့်ဦး+မကေသီလွင် ၊ သမီး
လွင်မာမင်း (စင်္ကာပူ) မှ လစဉ် အရုဏ်ဆွမ်း ၁ကြိမ် ၊ တစ်နှစ်စာ အလှူ ( ၆၅၀၀၀
ကျပ် x ၁၂ လ = ၇၈၀၀၀၀ ကျပ်) ။

၃.Ma MKM (နော်ဝေ) လစဉ် အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူ ၁ ရက်စာ ၊ တစ်နှစ်စာ
အလှူ ( ၁၉၀၀၀၀ ကျပ် x ၁၂ လ= ၂၂၈၀၀၀၀ ကျပ်)

--------------------------------------------------------------------------------
စုစုပေါင်းအလှူငွေ = ၃၈၄၀၀၀၀ ကျပ်
--------------------------------------------------------------------------------

တနလာင်္အပတ်စဉ် ဘုံဆွမ်းအလှူရှင်များစာရင်း...

၁.ဦးဂျင်မီစိုး နဲ့ မိသားစု ( တက္ကသိုလ်ရိပ်မွန်အိမ်ယာ၊ဗဟန်း) ( ၅၀၀၀၀ ကျပ်)(WWKM)

၂. ကိုကျော်ဇင်ဦး (စင်္ကာပူ) (75 s$ x651 k= 48825 kyats) (SLT)

၃.ဒေါက်တာမြတ်ဥာဏ် + မ၀ါဝါခိုင်မင်း ၊သမီးလေး မေမြတ်နိုးခိုင် မိသားစု
(ရန်ကုန်) ( ၁၀၀၀၀၀ ကျပ်)

၎.ဒေါက်တာမျိုးမင်းသန့် + မမေယမင်းသူ ( စင်္ကာပူ) ( ၁၀၀၀၀၀ ကျပ်)

၅.မသီတာဇင်မြင့်(မွေးနေ့အလှူ) ၊ ကိုသက်စိုးအောင် (မွေးနေ့အလှူ) = (၆၅၀၀၀ ကျပ်)
( WWKM)

၆.မမွန်မွန် (ဂျပန်) = (၅၀၀၀၀ ကျပ်) ( WWKM)

၇..Lewis-hmwe (စင်္ကာပူ) = ၁၀၀၀၀၀ ကျပ်

၈. မအေးဇာနွယ် (စင်္ကာပူ) (75 s$ x651 k= 48825 kyats) (SLT)

၉.စနိုး (ဒူဘိုင်း) = ၁၀၀၀၀၀ ကျပ်

၁၀.မမေရတနာအောင် (စင်္ကာပူ)(75 s$ x651 k= 48825 kyats) (SLT)

၁၁.မဇင်သူဇာမောင် (ရန်ကုန်) = ၅၀၀၀၀ ကျပ် (WWKM)

၁၂.မသန္တာဝင်း (စင်္ကာပူ) = ၅၀၀၀၀ ကျပ်

၁၃.ကိုကျော်သူရ (စင်္ကာပူ) = ၁၀၀၀၀၀ ကျပ် ( အလှူငွေ လက်ခံရရှိပြီး)( WWKM)

၁၄.အလှူရှင်မိသားစု တစ်စု (စင်္ကာပူ) (75 s$ x651 k= 48825 kyats) (SLT)

၁၅.ဦးလှကြည်+ဒေါ်တင်တင်လှ ၊သား ပြည့်ဘုန်းသော် ၊သမီးအေးမို့မို့ကြည်
မိသားစု (စင်္ကာပူ) = ၅၀၀၀၀ ကျပ်(အလှူငွေ လက်ခံရရှိပြီး)(WWKM)

၁၆.မမြတ်ဆုလှိုင်(ဘန်ကောက်) = ၅၀၀၀၀ ကျပ်(အလှူငွေလက်ခံရရှိပြီး)(WWKM)

၁၇.မမြတ်ဆုမွန်(ဘန်ကောက်) = ၅၀၀၀၀ ကျပ်(အလှူငွေလက်ခံရရှိပြီး)(WWKM)

၁၈.ကိုဝေလင်း(ရေတမာ- မန္တလေး) = ၅၀၀၀၀ ကျပ်

၁၉.ဦးဓမ္မသာမိ (မန္တလေး) = ၆၀၀၀၀ ကျပ် (ဦးကောဝိဒ)

၂၀.ကွယ်လွန်သူမိဘများကို ရည်စူး၍ ကိုနေမျိုးဦး(စင်္ကာပူ)၏ ကောင်းမှု
ဘုံဆွမ်းအလှူငွေ =(150 s$ x651 k= 97650 kyats) (SLT) = ၉၇၆၅၀ ကျပ်

၂၁.ဦးပေါစန်း+ဒေါ်တုတ်ကြည်မိသားစု (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ (80 S$ x 650
k=52000 ks) =၅၂၀၀၀ ကျပ်

၂၂.ကိုရန်နိုင်+မသီတာ (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ =၅၀၀၀၀ ကျပ်(WWKM)

၂၃.ဦးကိုကိုနိုင်+မမြင့်သဲစုစံ ၊သားသား ဇွဲလုလင်နိုင် မိသားစု(စင်္ကာပူ)
ဘုံဆွမ်းအလှူငွေ =၅၀၀၀၀ ကျပ် (WWKM)

၂၄.မစန်းစန်းခိုင် (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ =၃၀၀၀၀ ကျပ်(WWKM)

၂၅.မသီတာလွင် (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ =၂၀၀၀၀ ကျပ် (WWKM)

၂၆.မကျော့ကျော့ရွှေ (စင်္ကာပူ) ဘုံဆွမ်းအလှူငွေ = ၇၅ စင်္ကာပူဒေါ်လာ(SLT)

၂၇.ဦးကျော်သိန်း+ဒေါ်နှင်းယု ၊သမီး ရီရီမြင့် ဘုံဆွမ်းအလှူငွေ = ၅၀၀၀၀ ကျပ် (WWKM)

၂၈.ဒေါက်တာမိုးကိုဦး+မ၀င်းမင်းသစ် (ဘန်ကောက်) မှ ဘုံဆွမ်းအလှူငွေ =
၁၀၀၀၀၀ ကျပ် (WWKM)

၂၉.ကိုအောင်မျိုးဦး ၊ မအိန်ဂျယ် မောင်နှမ ( စင်္ကာပူ) မှ ဘုံဆွမ်းအလှူငွေ
= ၆၅၀၀၀ ကျပ် (WWKM)

၃၀.မမိုးပွင့်ဖြူ ( အမေရိကန်နိုင်ငံ ၊နယူးယောက်မြို့) ၅၀၀၀၀ ကျပ်

၃၁.မမေ၀င့်သန့် (အမေရိကန်နိုင်ငံ ၊နယူးယောက်မြို့) ၅၀၀၀၀ ကျပ်

၃၂.ကိုအော်စကာ (အမေရိကန်နိုင်ငံ ၊နယူးယောက်မြို့) ၅၀၀၀၀ ကျပ်

၃၃.မိုးယံ (မလေးရှား ) မှ RM 100

၃၄.မောင်အောင်ထိုက် + မဖြိုးသီရိ (မလေးရှား ) မှ RM 100

၃၅. ကိုဇော် (မလေးရှား)မှ RM 99
(RM100+RM100+RM99=299 RM x 278 ks= 83000 kyats)(ကိုဇော်မှ ဦးဇင်းထံ လွှဲပြီး)

၃၆.အမေရိကန်နိုင်ငံနေ ကိုစိုးတင့်+ မသဇင်သင်း၊ သားကြီး ပြည့်ဖြိုးသော်နှင့် သားငယ် ဝေဖြိုးသော်တို့ မိသားစု၏ တစ်နှစ်စာ ဘုံဆွမ်းအလှူ။ ( ၅၀၀၀၀ ကျပ်)

၃၇. ကိုထွန်းထွန်း (စင်္ကာပူ) (၉.၃.၂၀၁၁) မွေးနေ့အလှူ ။ (၁၀၁၀၀၀ ကျပ် )

-----------------------------------------------------------------------------------
လက်ခံရရှိပြီးသော ဘုံဆွမ်းအလှူငွေ စုစုပေါင်း= ၂၁၁၆၉၂၅ ကျပ် + 75 s$
-----------------------------------------------------------------------------------

၂၀၁၁ ခုနှစ်အတွက် ဘုံဆွမ်းအလှူငွေများကို ဆက်လက်ကောက်ခံလျှက်ရှိနေပါတယ်ရှင်။


ဆက်သွယ်လှူဒါန်းရန်-

ဦးကောဝိဒ (စစ်ကိုင်း) kovida9@gmail.com
ကိုရန်အောင် (USA) aungyan@gmail.com
ကိုစိန်လျှံထွန်း (စင်ကာပူ) phosein@gmail.com
ကိုဇော် (မလေးရှား) zaw357@gmail.com
ဝါ၀ါခိုင်မင်း (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com


--
Best Regards,

WWKM

http://warwarkhaingmin.blogspot.com

http://www.warwarkhaingmin.co.cc

http://www.everyoneit.com

Read more...

ခန္ဓာကိုယ်ကို ဓာတ်ကြီး ၄ ပါးဖြင့်သရုပ်ခွဲခြင်း ( သို့ ) မဟာဘုတ်ရုပ်ကြီး ( ၄၂ ) ပါး

အကျဉ်းဆောင်ပုဒ်။ ။ အာပေါ ဆယ့်နှစ်သွယ် ၊ နှစ်ဆယ် ပထ၀ီ ၊လေးလီ တေဇော ၊ ခြောက်ဝါယော ၊မှတ်လော လေးဆယ့် နှစ် ။


ပထ၀ီ ဓာတ် အမျိုးအစား (၂၀ )

ဆံပင် မွေးညှင်း ၊ ခြေသည်း လက်သည်း ၊ သွား ၊ အရေ ၊

အသား အကြော ၊ အရိုး ၊ ရိုးတွင်းခြင်းဆီ ၊ အညှိုး ၊

နှလုံး အသည်း ၊ အမြှေး ၊ အပြင် ၊ အဆုတ် ၊

အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနှောက် ၊

ဤကောဋ္ဌာသ နှစ်ဆယ် တွင် ၊ ပထ၀ီဓာတ် လွန်ကဲ၏ ။

အာပေါဓာတ် ( ၁၂ ) ပါး

သည်းခြေ ၊ သလိပ် ၊ ပြည် သွေး ၊ ချွေး ၊ အဆီခဲ ၊

မျက်ရည် ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ငယ် ။

ဤဆယ့်နှစ်ပါးတွင် အာပေါဓာတ်၊ လွန်ကဲ၏ ။


တေဇော ဓာတ် ( ၄ ) ပါး

သန္တပ္ပန တေဇော = အဖျားရှိန် အပူငွေ့ ။

ဇီရဏ တေဇော = အိုမင်းရင့်ရော်စေသော အပူငွေ့ ။

ဒါဟ တေဇော = မခံသာအောင် အလွန်ပူသော အပူငွေ့ ။

ပါစက တေဇော = အစာချေသော ၀မ်းမီး အပူငွေ့ ။

ဤလေးပါးတွင် တေဇောဓာတ် လွန်ကဲ၏။


ဝါယောဓာတ် ( ၆ ) ပါး

ဥဒ္ဓင်္ဂမ ၀ါယော = အထက်သို့ ဆန်သော လေ ။

အဓောဂမ ၀ါယော = အောက်သို့ စုန်သော လေ ။

ကုစ္ဆိသယ ၀ါယော = အူ၏ပြင်ဘက် ၀မ်းတွင်းမှာ ရှိသောလေ ။

ကောဋ္ဌာသယ ၀ါယော = အူအတွင်းမှာ ရှိသော လေ ။

အင်္ဂမင်္ဂါနုသာရိ ၀ါယော = အင်္ဂါကြီးငယ်တို့၌ လျောက်နေသော လေ ။

အဿာသ ပဿာသ ၀ါယော = ထွက်သက် ၀င်သက်လေ ။

ဤခြောက်ပါးတွင် ၀ါယောဓာတ် လွန်ကဲ၏ ။

Read more...

ဒေါက်တာအေးမောင် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌဖြစ်လာခဲ့။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာသည် ကိုတွေ့ရသည်။၎င်းသည် အမျိုးသားလွှတ်တော်၏ လွှတ်တော်ကော်မတီတစ်ခု ဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ဥက္ကဋ္ဌ ဖြစ်လာခြင်းဖြစ်သည်။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်များ မှာ ကော်မတီသည် လွှတ်တော်တွင် ပြည်ထောင်စုအစိုးရက အခါအား...
အပြည့်အစုံဖတ်ချင်ရင်

Read more...

ဆားလျှော့လိုလျှင် ရှာလကာရည် ခတ်၊ သကြား မခတ်နဲ့။ အိပ်မပျော်ဘူးလား။ အယ်လီဇဘက် ဘုရင်မကြီး၏ ကျန်းမာရေး စည်းမျဉ်း

( ဆားလျှော့လိုလျှင် ရှာလကာရည် ခတ်၊ သကြားမခတ်နဲ့)
သွေးတိုးရောဂါ ကာကွယ်ကုသရန် ဆား လျှော့စားရမည်။
ဟင်းချက်သည့်အခါတွင် ဆားလျှော့ခတ်သော်လည်း အရသာမပျက်စေသော နည်းလမ်းရှိပါသည်။
အရသာ သုတေသနပြုမှုအရ သိရသည်မှာ အရသာများ အချင်းချင်း ထူးဆန်းအံ့သြဖွယ် ဆက်စပ်မှု ရှိနေခြင်းဖြစ်သည်။ အချဉ်ဓာတ်သည် အငန်ဓာတ်၏ အားဖြည့်ဓာတ်-ဖြစ်သည်။ စမ်းသပ်မှုအရ ၁-ရာခိုင်နှုန်းမှ ၂-ရာခိုင်နှုန်းရှိသော ဆားပျော်ရည်ထဲတွင် ၀.၁၁ ရာခိုင်နှုန်းရှိသော ရှာလကာရည် ထည့်လိုက်ပါက ပိုမိုငန်သည်ဟု ခံစားရသည်။ ထို့ကြောင့် ဆားအနည်းငယ်သာ သုံးပြီး ဟင်းကို ငန်စေလိုလျှင် ရှာလကာရည် သို့မဟုတ်-သံပုရာ ရှောက်ရည် အနည်းငယ် ထည့်လိုက်ပါ။ ပို၍ လေးပင်သောအရသာကို ရစေပါသည်။

အငန်ဓာတ်ကို အားပျော့စေသော အခြားအရာသည် အချိုဓာတ်ပင် ဖြစ်သည်။ လက်တွေ့စမ်းသပ် သက်သေပြချက်အရ ၁-ရာခိုင်နှုန်းမှ ၂-ရာခိုင်နှုန်း ရှိသော ဆားပျော်ရည်ထဲသို့ ၁၀-ရာခိုင်နှုန်းသော သကြားထည့်လိုက်လျှင် ငန်သောအရသာ လုံးဝပျောက်သွားနိုင်သည်။ များစွာသော ချို-ငန် ဟင်းလျာများထဲတွင် ဆား-ပါဝင်မှုသည် ခံစားရသည်ထက် ပိုမိုများနေတတ်သည်။ ထို့ကြောင့် ဟင်းလျာများစွာတွင် သကြားခတ်ခြင်းသည် အကျိုးမရှိသည့်အပြင် ဆိုးကျိုးကိုသာ ပေးတတ်သည်။ ထို့ပြင် သစ်သီးယိုစုံများတွင်လည်း ဆားများပါတတ်၍ သတိထားရပါမည်။
*********************************************************************
( အိပ်မပျော်ဘုးလား)
ကျွန်ုပ် မကြာခဏ အိပ်မပျော် ဖြစ်တတ်သည်။ မိတ်ဆွေတဦး၏ ဆေးမြီးတိုနည်းအရ ကြက်သွန်နီ တစိတ် ယူပြီး ကျေအောင် ထုထောင်းကာ ပုလင်းတလုံးတွင် ထည့်ပိတ်ထားလိုက်သည်။ ခေါင်းအုံးနံဘေးတွင် ထားပြီး အိပ်ခါနီး ပုလင်းအဖုံးကို အနည်းငယ် ဟပေးကာ အနံ့ကိုရှူပါသည်။ ထို့နောက် ၁၀-မိနစ်ခန့် အတွင်း အိပ်ပျော်သွားပါသည်။

ဤကား တရုတ်တိုင်းရင်း ဆေးတက္ကသိုလ်၊ ပါမောက္ခကျိုကျူရီ၏ ပြောကြားချက်ဖြစ်သည်။ ထိုပြောကြားချက်အရ ယခုခေတ် ဆေးဝါးဗေဒ ပညာရှင်များက သုတေသန ပြုကြည့်ရာ ကြက်သွန်နီတွင် ပါဝင်သော ဓာတ်များသည် လူခန္ဓာကိုယ်၏ နွမ်းနယ်မှုကို ပြေလျော့စေနိုင်သည်။ ကြက်သွန်နီ၏ စူးရှသော အမွှန်အနံ့သည် လူ၏အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး အိပ်ချင်အောင် ဆွဲဆောင်နိုင်သည်ကို သိရှိရသည်။

ထို့ပြင် ပါမောက္ခကျိုကျူရီက ကြက်သွန်နီနှင့် ဖျော်စပ်သည့် အိပ်ပျော်စေသော ဖျော်ရည်တမျိုး သောက်ရန်ကိုလည်း တိုက်တွန်းအကြံပြုထားသည်။
ဖျော်ရည်လုပ်နည်းမှာ ၁၀၀-ဂရမ် (၆-မှ ၁၀-ကျပ်သားခန့်) ရှိသော ကြက်သွန်နီများကို လှီးပြီး ၆၀၀-မီလီမီတာ (ရေသန့်ဘူးတ၀က်ကျော်ခန့်) ရှိသော ချက်အရက်တွင် စိမ်ထားလိုက်ပါ။ ရက်သတ္တတပတ် ကြားသောအခါ ကြက်သွန်နီများကို ထုတ်ပစ်လိုက်ပါ။

ထို့နောက် ထိုကြက်သွန်နီစိမ် အရက် ၁၀-မီလီမီတာနှင့် ကြက်ဥတလုံး မွှေထားသော ကျိုချက်ပြီး နွားနို့ ၉၀-မီလီမီတာ၊ အရည်ကြိတ်ထားသော ပန်းသီးတခြမ်းတို့ကို သမအောင် ရောမွှေပါ။ ယင်းကို အိပ်ရာမ၀င်မီ နာရီဝက် ကျို၍ သောက်နိုင်ပါသည်။
********************************************************************

( အယ်လီဇဘက် ဘုရင်မကြီး၏ ကျန်းမာရေး စည်းမျဉ်း)
အင်္ဂလိပ်ဘုရင်မကြီး အယ်လ်ီဇဘက်သည် ၁၉၂၆-ခု ဧပြီလတွင် မွေးဖွားသည်။ ယခု အသက် ၈၄-နှစ်ရှိပြီ။ လှပကျန်းမာသန်စွမ်းစွာဖြင့် ကမ္ဘာအရပ်ရပ်သို့ သွားလာမြဲဖြစ်သည်။
ဘုရင်မ၏ အတုယူဖွယ် နေထိုင်ပုံစံစနစ်နှင့် နည်းလမ်းများကို တစေ့တေစာင်း လေ့လာကြည့်ပါက---

(၁) အနားယူတတ်ခြင်း---
မည်မျှပင် ကြီးကျယ်ခန်းနားသော ညစာစားပွဲ သို့မဟုတ်-ကပွဲ ဖြစ်ပါစေ ဘုရင်မသည် မိမိ၏ အစီအစဉ် သတ်မှတ်ချက်အတိုင်း အချိန်လွန်အောင် မနေ။ ကြိုတင် ထွက်ခွါသွားတတ်သည်။ ည ၁၁-နာရီတွင် အိပ်စက်အနားယူပြီး နောက်တနေ့ နံနက် ၇-နာရီတွင် အချိန်မှန် အိပ်ရာမှထသည်။ သို့မှသာ အလုပ်တာဝန်များသည့် တနေ့တာကို ကြိုဆိုနိုင်မည်။ ဤကဲ့သို့သော အလေ့အကျင့်ကို နိုင်ငံခြား ရောက်သည့်အခါတွင်လည်း တင်းကျပ်စွာ ကျင့်သုံးတတ်သည်။

ဘုရင်မသည် နေ့စဉ် ထက်သန်တက်ကြွစွာ အလုပ်လုပ်သည့်နည်းတူ အချိန်လုပြီးလည်း အနားယူတတ် သည်။ တိုတောင်းသော ၅-မိနစ်တာကလပင် ဖြစ်စေကာမူ ဖိနပ်ကို ချွတ်ထားပြီး ခြေထောက်များ မ,၍၄င်း၊ ရေနွေးကြမ်းသောက်၍၄င်း၊ စိတ်ကို ဖြေလျှော့တတ်သည်။ ပုခုံး၊ လည်တိုင် လှုပ်ခါ၍ လေ့ကျင့်ခန်းလည်း လုပ်တတ်သည်။

(၂) ခြေထောက်ကို စောင့်ရှောက်ခြင်း---
ဘုရင်မသည် ခြေထောက်၏ သက်သောင့်သက်သာရှိမှုကို အလွန်အလေးထားသည်။ တရုတ်တိုင်းရင်း ဆေးပညာတွင် အဆိုတခု ရှိသည်။ ခြေသည် လူ၏အမြစ်၊ လူအိုလျှင် ခြေထောက်က စပြီး အိုသည်။ ဘုရင်မသည် ထိပ်ချွန်ချွန်၊ ခုံမြင့်မြင့် ခေတ်မီ ဒေါက်မြင့်ဖိနပ်များကို မစီး၊ သက်သောင့်သက်သာ စီးနိုင်သော ထိပ်လုံးလုံး၊ ဒေါက်နိမ့်နိမ့်၊ ၅-စင်တီမီတာ ရှိသော ဒေါက်မြင့်ဖိနပ်ကို စီးလေ့ရှိသည်။ ခြေထောက် သက်သာစေရန် တနေ့လျှင် ၄-၅ ကြိမ်ခန့် ဖိနပ် လှဲလှယ်စီးတတ်သည်။

ခြေထောက်ကို လေ့ကျင့်နိုင်ရန် ၂-နာရီခန့် ဆက်တိုက် မတ်တတ်ရပ်တတ်သည်။ ဤသို့ ပြုခြင်းဖြင့် ခြေထောက်ကို လေ့ကျင့်တတ်သည်။

(၃) ကာယလေ့ကျင့်မှု အလေ့အထ---
တော်ဝင်မိသားစုများတွင် လမ်းလျှောက်သောစည်းမျဉ်း ရှိသည်။ သွက်လက်စွာ လမ်းလျှောက်နည်း ဖြစ်သည်။ ကာယလေ့ကျင့်မှု ဆရာဝန်၏ အဆို ကျန်းမာရေးအတွက် လမ်းလျှောက်ရာတွင် လမ်းလျှောက် ကြာချိန်နှင့် အမြန်နှုန်းကို ဂရုစိုက်ရမည်။ အမြန်နှုန်း မရှိဘဲ နှေးကွေးစွာ ကြာရှည် လမ်းလျှောက်ခြင်းသည် အကျိုးကျေးဇူးနည်းသည်ဟု ဆိုသည်။

သွက်သွက် လမ်းလျှောက်ရာတွင်လည်း ခေါင်းမော့ ရင်ကော့ရမည်။ သို့မှ ခါးကိုင်းခြင်းကို ကာကွယ်နိုင်ပြီး ၀မ်းဗိုက်အဆီများကို လျှော့ချနိုင်မည်။ နှလုံး၊ အဆုတ်တို့၏ စွမ်းဆောင်ချက်ကိုလည်း လေ့ကျင့်ပေးနိုင်မည်။ မိမိကိုယ်ကို ယုံကြည်မှုအတွက်လည်း အားဖြည့်ပေးသည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-နိုဝင်ဘာလ)
အကိုး။ ။ ၁၂-၇-၂၀၁၀ နေ့ထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော ကျန်းမာရေးဂျာနယ်။
တရုတ်ဘာသာဖြင့် ထုတ်ဝေသော Look Younger, Live Longer စာအုပ်မှ ကောက်နုတ် ဘာသာပြန်ဆိုပါသည်။

Read more...

တည်ဆောက် ၊ ဆောက်တည်

၂၀၀၅ - ခုနစ် လန်ဒန်ရောက်တုန်းက ဘီဘီစီဝိုင်းတော်သားများနှင့်။

နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက
ကိံသု သာဓု ပတိဋ္ဌိတာ -
(ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့
What is suitable to be established in? တဲ့။

ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ
ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့
ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ယူဆတယ်။

ဘုရားရှင်ရဲ့ အဖြေက
သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။
သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက်သင့်တယ်။

သဒ္ဓါဆိုတဲ့ပုဒ်အဓိပ္ပါယ်ကို
အခြားအခြားသောဆရာတော် သမားတော်ကြီးတွေရဲ့ ဖွင့်ဆိုချက်ကို
ခဏမေ့ထားပြီး ကိုယ့်နည်းကိုယ့်ဟာနဲ့ ဖွင့်ဆိုနားလည်ကြည့်ရအောင်။
သဒ္ဓါဆိုတာက (ဘာသာရေး) ယုံကြည်မှုကိုပြောတာ။
ဘာသာရေးယုံကြည်မှုရှိဘို့က ဘာသာရေးလိုက်စားမှုရှိမှ။
ဘာသာရေးလိုက်စားမှုဆိုတာ
ဘာသာရေးကျင့်ဝတ်တွေကိုလေ့လာပြီး ကျင့်ကြံတာကို ပြောတာ။
အဖြောင့်အားဖြင့် သဒ္ဓါဆိုတာ ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာ။
ဘာသာရေးကိုင်းရှိုင်းဘို့ ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုတာ
ရင်ထဲ နှလုံးသားထဲ ဦးဏှောက်ထဲ အလိုလိုရောက်လာတာမဟုတ်ဘူး၊
အလိုလိုပေါ်ပေါက်လာတာ မဟုတ်ဘူး။
တည်ဆောက်ယူရတာ။ ဆောက်တည်ယူရတာ။ ကြိုးစားယူရတာ။

ဒါ့ကြောင့် ဘုရားရှင်က
သဒ္ဓါ သာဓု ပတိဋ္ဌိတာ
ဘာသာရေးကိုင်းရှိုင်းမှုကို တည်ဆောက်ယူပါ၊
(မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို)
ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ကြံနိုင်ဘို့ တည်ဆောက်ယူပါတဲ့။
ဟုတ်တယ်။ အရက်သောက်ဖို့၊ ဒစ္စကိုဘားသွားဘို့၊
Pub သွားဘို့ဆိုရင် အထူးတည်ဆောက်စရာမလိုဘူး။
အထူးကြိုးစားစရာမလိုဘူး။
အလွယ်တကူပဲ။ အသံကြားတာနဲ့ ခြေက လှမ်းပြီးနေပြီ။

အဲ၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင်
အထူးကို ကြိုးစားရတယ်။ အားစိုက်ရတယ်။
ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို
ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာဝင်တဲ့ ဘာသာရေးဆန်တဲ့အလေ့အကျင့်မျိုးဆိုရင်
ကြိုးစားရတယ်။ အားထည့်ရတယ်။

ဒီလိုအလေ့အကျင့်မျိုး နှစ်နဲ့ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့
ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရတယ်။

မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်လုပ်ထားတယ်။
ကြားထဲ နှစ်ရက်လောက်ပျက်သွားရင် ကောင်းတဲ့အလုပ်ဆိုတော့
ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရတယ်။

ဒါ့ကြောင့်မို့လည်း ဘုရားရှင်က
ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှုသဘောတရား၊
ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှုသဘောတရားကို တည်ဆောက်သင့်ပါတယ်
ကြိုးစားသင့်ပါတယ်လို့ ပြောထားတာနေမှာ။
Read more...

Read more...

ဒီပလိုမေစီကြောင်ဋီကာသစ်(၃)

သာမန်လူတို့အဘိဓာန်တွင် လူကြောင်များဟု သတ်မှတ်ခံရသည့် ထူးကဲချွန်မွန်သော ပုဂ္ဂိုလ်များသည် ကမ္ဘာ့ဥဒါန်းတွင်မူ မဟာလူကျော်များအဖြစ် ကမ္ဗည်းထိုးရလေသည်တည့်..။

(မှတ်စု)


(၄)
ဧကရာဇ်ဘုရင်ဒိုင်အိုနီရှပ်(Dionysius I or Dionysius the Elder (ca. 432–367 BC,)က လက်ထဲမှ ပုရပိုဒ်လွှာကို ယုယစွာ ကိုင်ရင်း တစ်စုံတစ်ဦးကို မျှော်နေခဲ့သည်။ ထိုပုရပိုဒ်လွှာတွင် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေးစပ်ပြီး ကိုယ်တော်တိုင် ကြိုက်နှစ်သက်လျက်ရှိပေသော ၊ ဇမ္ဗူတစ်လူမဟာ့ မဟာကဗျာများဟု စိတ်တော်သိ ဗောင်းတော်ညိတ်အမတ်များက ထပ်တလဲလဲ ချီးမွမ်းခြင်းအမှုပြုကြပေသော ခေါမလင်္ကာ မဟာကဗျာ ဆိုသဟာများရှိလေသည်။ ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့် ကဗျာအလင်္ကာကို ဖတ်လို့ မငြီးနိုင်အောင် ဖြစ်နေလေသည်။ သိပ်ကောင်းတဲ့ မဟာကဗျာပေပဲ...ဟဲဟဲ..။ ကောင်းဆို ငါရေးထားတာကိုး.. ဟီးဟီး..။ ကြောင်လင့်တေး ကြောင်လင့်တေး..။ သို့သော် ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့်ကဗျာများနှင့် ပတ်သက်၍ တစ်စုံတစ်ဦး၏ ထောက်ခံအသိအမှတ်ပြုမှုကိုတော့ အမှန်တကယ် တောင့်တနေပါသည်။

ဒိုင်အိုနီရှပ်ဧကရာဇ်က သာမန်စာရေးလေးဘ၀မှ စစ်ရေးစစ်ရာကျွမ်းကျင်မှုကြောင့် ကာသေ့ခ်ျရန်သူတော်တို့ကို အပြတ်အသတ်ချေမှုန်းနိုင်သော စစ်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး သံခင်းတမန်ခင်းကျင်လည်မှုကြောင့် စစ္စလီကျွန်း၊ စီရာကျူရွှေနန်းရှင် ဘုရင်ဧကရာဇ်ဘ၀သို့ တက်လှမ်းခဲ့သူဖြစ်လေသည်။ အာဏာရှင်စစ်ဘုရင်ကြီးဘ၀ ရောက်လာသည့်ဒိုင်အိုနီရှပ်က တစ်ချိန်ချိန်တွင် ပြည်သူတို့က မိမိကို ရွှေနန်းမှ ဆွဲချလိမ့်မည် ဟူသော သံသယဖြင့် မသင်္ကာသူမှန်သမျှ၊ အတိုက်အခံမှန်သမျှကို သတ်ဖြတ်ညှင်းဆဲခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းများကို မညှာမတာပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခြင်းနှင့် ကွပ်ညှပ်ခြင်းတွင် သရဖူဆောင်းသည့် အာဏာရှင်ကြီးအဖြစ် ရာဇ၀င်မဲညစ်ခဲ့လေသည်။

သံသယရှိသူများအတွက် အကျဉ်းထောင် သီးခြားဆောက်လုပ်ကာ အကျဉ်းစံတို့၏ စကားကို ခိုးနား ထောင်နိုင်ရန် ထောင်နံရံများတွင် ဂလိုဏ်ပေါက်များပြုလုပ်ထားသည်။ စကားမှားရှာသည့် အကျဉ်းသမားအတွက် နေမထွက်တော့.။ဘုရင်မင်းမြတ်၏ မုတ်ဆိတ်ကျင်စွယ်ကို ရိတ်ဖြတ်ရသည့် လက်သုံးတော်ဆတ္တာသည်လည်း ကျုပ်ကို နှယ်နှယ်ရရလူ မမှတ်ပါနဲ့ဗျ၊ ဘုရင်မင်းမြတ်ရဲ့ လည်ပင်း နားကို ကျုပ်ဓါးက မနက်တိုင်း တစ်နေ့တစ်ကြိမ်ရောက်နေတဲ့လူပါဗျ ဟု စကားကြွား၍ အသတ်ခံဖူးသည်။ ထို့နောက် သမီးတော်များကို ဓါးအပ်ကာ မုတ်ဆိတ်မွှေးရိပ်ခိုင်းစေခဲ့ပြန်သည်။ သို့သော် ဓါးကိုင်ထားသည့် သမီးတော်များကိုလည်း စိတ်မချပြန်ပါ၊ သို့နှင့် သစ်စေ့များကို ပူအောင် ပြုလုပ်ပြီးမှ မုတ်ဆိတ်မွှေးများကို ပွတ်ပစ်ခိုင်းလေသည်။

ဘုရင်ဧကရာဇ်က အိပ်စက်လျှင်လည်း တစ်ကိုယ်တည်းအိပ်စက်သည်။ သူ့အိပ်ဆောင်ပတ်လည်တွင် ကျုံးတူးထားသည်။ ကျုံးကို ကူးရန် တံတားအရှင်ပြုလုပ်ထားပြး အိပ်စက်ရန် အိပ်ဆောင်ကူးပြီးသည့်အခါ ကိုယ်တော်တိုင် တံတားကို ခေါက်သိမ်းလေ့ရှိသတတ်...။အော် စိတ်မအေးဖွယ်..။

ဒိုင်အိုနီရှပ်ဘုရင်က စစ်ဘုရင်အာဏာရှင်ကြီးအဖြစ် အသတ်အဖြတ်ရဲသည့်တိုင် အနု ပညာမြတ်နိုးသူကြီး အဖြစ်လည်း တော်ဝင်မဟာကဗျာဟု ကိုယ်တိုင်အမည်ပေးထားသည့် ခေါမလင်္ကာများစွာကို ရေးစပ်လိုက် သေးသည်။ ဘုရင်မင်းမြတ်အပါးက မှူးကြီးမတ်ကြီးဆိုသူများကတော့ ဘုရင်မင်းမြတ်ရေးသမျှ ကောင်းလှောင့်တေး ကောင်းလှောင့်တေးကြသည်သာ..၊ ကန့်ကွက်ရန် အဆိုမရှိ ဘုန်းတော်ကြောင့် ဘယ်လိုရေးရေး ကောင်းမြတ်ကြောင်းပါ လုပ်ကြသည်ချည်း..။ သို့သော် ဘုရင်မင်းမြတ်က မကျေနပ်သေး..။ ပြည်သူကို သတ်ဖြတ်ညှင်းဆဲနေသည့်တိုင် ပြည်သူ့ရင်နှစ်သည်းခြာ မဟာကဗျာဆရာကြီးလည်း ဖြစ်ချင် သေးသည်။ ပြည်သူတို့ နှလုံးသည်းပွတ်ကဗျာဆရာက ဖီလိုဇီနပ်စ်(Philoxenus_of_Cythera) ဖြစ်သည်။ ဖီလိုဇီနပ်စ်သည်သာ ပြည်သူချစ်သော ပြိုင်ဘက်ကင်းကဗျာဆရာဖြစ်သည်။ ဖီလိုဇီနပ်စ်သာ ကိုယ်တော်ရေးထားသည့် ကဗျာကို ချီးမွမ်းထောက်ခံလျှင် ဘုရင်မင်းမြတ်သည်လည်း ပြည်သူ့ကဗျာစာဆို အလိုလိုဖြစ်ချေမည်..။

ဖီလိုဇီနပ်စ်ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ထောင်သွင်းအကျဉ်းချထားသည်။ ထောင်သွင်း အကျဉ်းချထားရသည့်အကြောင်းကလည်း ခိုင်လုံသည်။ ဧကရာဇ်ဘုရင် ကိုယ်တော်တိုင် ရေးထားသည့် ကဗျာအလင်္ကာကို အနှစ်သာရမရှိဟု ဝေဘန်ရက်ပေသည့် ငမိုက်သား..အကျဉ်းချထားစေ..။ ယခုတော့ အကျဉ်းစခန်းတွင် ကြပ်ကြပ်တည်းတည်း ဆင်းရဲငြိုငြင်စွာ နေရသမို့ ငမိုက်သားစာဆို နောင်တရလောက်ပေပြီ..။

ရှေ့တော်သို့ သွင်းစေ....။
ပြည်သူ့စာဆိုကား အ၀တ်အစားအသွင်အပြင် နွမ်းရိလျက်..၊ သို့သော် မျက်လုံးများက တောက်ပစူးလက်ကာ ပြုံးရိပ်ထင်နေသည်။ ကဗျာစာဆိုမှလွဲ၍ နန်းရင်ပြင်တစ်ခုလုံး၏ ဗဟိဒ္ဓအသွင်အပြင်က ရတနာမျိုးစုံ ပိုးဖဲကတ္တီပါအရောင်တို့ဖြင့် ဖိတ်ဖိတ်လက်နေသည်..။ မင်းပရိသတ်စုံလင်ချေပြီ...။ ဘုရင်မင်းမြတ်က ပုရပိုဒ်လွှာမှ ကိုယ်တိုင်ရေးမဟာကဗျာကြီးကို ကိုယ်တိုင်ပင် ရွတ်ဖတ်လေတော့သည်...။ နန်တော်ရင်ပြင်ကြီးတစ်ခုလုံး ပိုးပုဝါလေတိုးသံလေးပင် ကြားအံ့မထင်..။ ဘုရင်းမင်းမြတ် ရွှေစိတ်တော်ညိုလျင်ဆိုသော အရိုးစွဲ ကြောက်စိတ်က ရွှေနန်းခန်းမကြီးတွင် အေးစက်နေမြဲမဟုတ်လား..။

ဒိုင်အိုနီရှပ်ဘုရင်ကြီး၏
အော့နှလုံးနာဖွယ်ရာ ကဗျာရွတ်ဖတ်သံများ...........
z,o.$#%@^&uryhbnl;nbfdw...bbbnmiill.,/,;!@#$%

ကဗျာအလင်္ကာ ဘယ်အချိန်ဆုံးလေသည် မသိ..။ ဘုရင်မင်းမြတ်ရွှေနှုတ်တော်မှ အသံတိတ်သွားလျှင် လက်ခုပ်တီးဖို့အဆင်သင့်ပြင်ထားကြသည့်အတိုင်း (လုပ်တတ်ပါ့..) ရွှီး ရွှီး ....ဖြောင်း ဖြောင်း ..... ကောင်းချီးပေးသံများ...။ တစ်ချို့ အကဲပိုသူများက ဘုရင်မင်းမြတ်မြင်အောင် ဦးထုပ်ခေါင်းစွပ်များပါ မြှောက်ပြကြသည်။ ကြိုက်ပါတယ် ကောင်းပါတယ်ပေါ့...။ ဘုရင်ကလည်း လူအ,တော့ မဟုတ်...။ သိပေမယ့် ခံလိုက်ကွာ..။

ဒိုင်အိုနီရှပ်ကြီးအလိုရှိသည်က ထိုလက်ခုပ်သံများမဟုတ်.. ဖီလိုဇီနပ်စ်၏ ထူးကဲပါပေသည် ဟူသော ပညာရှင်မှတ်ချက်စကား..။ စိတ်နှလုံးအတွင်းသားက ပါသော အဇ္ဈတ္တအရိပ်ထဲက စကား...။ ဘုရင်ဧကရာဇ်က ကဗျာစာဆိုကြီးကို တစ်ချက်ကြည့်လိုက်သည်.။ ဖီလိုဇီနပ်စ်ကား ငြိမ်ဆိတ်လျက်..၊ ''ဒီငနဲ တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းတယ်..။ ဒါ သူ့အတွက် အခွင့်အရေးပဲ..၊'' နောက်ဆုံးတော့ ဧကရာဇ်ကြီးက မနေနိုင် ..
'' ဘယ်လိုလဲ စာဆိုကြီးရဲ့ ငါကိုယ်တော်မြတ် ရေးတဲ့ မဟာကဗျာ......'' စကားမဆုံးလိုက်ခင်..။ ကဗျာစာဆိုက နောက်မှာ ရှိသည့် အရာရှိများကို လှည့်ကာ
''ကဲ အရာရှိမင်းတို့ ကျုပ်ကို အကျဉ်းထောင်သာ ပြန်ပို့ကြပေတော့ ''..။

သည်တစ်ခါတော့ အာဏာရှင်စစ်ဘုရင်ကြီးလည်း မိမိထက် ပိုကြောင်သော ကဗျာစာဆိုကြီးကို ကြည့်ကာ တ၀ါးဝါး တဟားဟားရယ်ရင်း အရှက်ဖြေရတော့သည်။
'' လွှတ်လိုက်ကြပါကွယ်တို့ရယ် ဒီငနဲက လူကြောင်ပါ '' ဟူသတတ်..။
ထိုနည်းနှင်နှင် မန္တလေးရတနာပုံနေပြည်တော်ကြီး၏ နန်းရင်ပြင်တွင်လည်း လူကြောင်ကြီး တစ်ဦးရှိခဲ့ဖူးလေသည်တကား..။

ဆက်ရန်...

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP