* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, March 9, 2011

ဗုဒ္ဓဂါယာ ဘုရားဖူးခရီး (၂)

လုမ္ဗိနီဥယျဉ်တော် (၁)
စာရေးသူတို့ ဘုရားဖူးခရီး လှည့်လည် ခဲ့စဉ်က ဗုဒ္ဓဂယာမှသည် ရာဇဂြိုဟ်၊ ပါဋလိပုတ်၊ ဝေသာလီ၊ ကုသိနာရုံ၊ လုမ္ဗိနီ၊ သာဝတ္ထိ၊ ဗာရာဏသီ ခရီးစဉ်အတိုင်း လှည့်လည် ဖူးမြော် ခဲ့ကြပါတယ်။ ခုတော့ အဲဒီ ခရီးစဉ်အတိုင်း မရေးတော့ပဲ ဖြစ်စဉ်အတိုင်း ရေးပါ့မယ်။ ရေးတဲ့ အခါ ဖွား ပွင့် ဟောစံ ဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိက ရေးပါမယ်။ သို့သော်လည်း သံဝေဇနိယ လေးဌာနထဲ မပါပေမဲ့ ရောက်ခဲ့တဲ့ နေရာအချို့ အကြောင်းလည်း အလျှဉ်းသင့်သလို ထည့်ရေးပါဦးမယ်။ ဒါကြောင့် အခု “ဖွား၊ ပွင၊့် ဟော၊ စံ” ထဲက ပထမဆုံးဖြစ်တဲ့ အလောင်းတော်မြတ် ဖွားမြင်တော်မူရာ လုမ္ဗိနီနှင့် စကြပါစို့။

လုမ္ဗိနီကို ဟို အရင်ကတော့ ရထားတတန် ကားတစ်တန်နှင့် သွားခဲ့ကြရတယ်လို့ သိရတယ်။ ခုတော့ ကားစင်းလုံး ငှါးကြလို့ သွားလာရေး လွယ်ကူလာတယ်။ ဘုရားဖူး ခရီးစဉ်ကားတွေက သာဝတ္ထိမှ လလုမ္ဗိနီသို့ သို့မဟုတ် ကုသိနာရုံမှ လုမ္ဗိနီသို့ သွားကြပါတယ်။ သာဝတ္ထိမှ လုမ္ဗိနီသို့ ၂၂၂ ကီလိုမီတာ ဝေးပြီး ကုသိနာရုံမှ လုမ္ဗိနီသို့ ၁၃၉ ကီလိုမီတာ ဝေးပါတယ်။

လုမ္ဗိနီဆိုတာ အရေးကြီးတဲ့ ဘုရားဖူးရာ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဟို … လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်တုန်းကတော့ အပင်ချင်းဆိုင်ပြီး အကိုင်းအခက်တွေ ယှက်နွယ်နေခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကြီးပေါ့။ အခုတော့ အင်ကြင်းပင် တစ်ပင်မှ မတွေ့ရပါဘူး။ ဒီနေရာဟာ ကပိလဝတ္ထုပြည်နှင့် ဒေဝဒဟပြည်တို့ရဲ့ အကြားမှာ တည်ရှိတဲ့ ဥယျာဉ်တောပါ။ ခုခေတ်မှာတော့ နီပေါနိုင်ငံ၊ Rupandehi District ထဲက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုပေါ့။ ဒီ ဥယျာဉ်ကို မနက်စောစောပိုင်းကနေ ညနေအစောပိုင်းအထိ နိုင်ငံသားများ အပါအဝင် နိုင်ငံတကာ ဘုရားဖူးတွေ လာရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။

ဘုရားရှင်ရဲ့ မယ်တော် မဟာမာယာဒေဝီဟာ အဲဒီခေတ်က ထုံးစံအရ မီးဖွားဖို့ မိဘရပ်ထံ ပြန်ရာမှာ ခရီးဆုံးမရောက်ခင် သာယာ ကြည်နူးဖွယ်ရာ ဒီလုမ္ဗိနီ အင်ကြင်းတောမှာ ဘုရားအလောင်းတော် သားတော် သိဒ္ဓတ္ထ ဂေါတမကို ဖွားမြင်တော်မူခဲ့ပါတယ်။ သုတ္တနိပါတကျမ်းက “လုမ္ဗိနီဇနပုဒ်က သကျမျိုးနွယ်တို့ရဲ့ ရွာဖြစ်တဲ့ လုမ္ဗိနီမှာ ဘုရားလောင်းတော်ကို ဖွားမြင်တော်မူခဲ့တယ်”လို့ မှတ်တမ်းတင်ခဲ့လို့ အဲဒီနေရာ အနီးမှာ ရွာရှိတယ်လို့ ယူဆနိုင်ပါတယ်။

ဘုရားအလောင်းတော် ဖွားမြင်တော်မူတာနှင့် ပတ်သက်လို့ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီးက -

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။။” လို့ စပ်ဆို ပူဇော်တော်မူခဲ့ပါတယ်။

လုမ္ဗိနီ နေရာကို နီပေါ ရှေးဟောင်းသုတေသနပညာရှင်တွေ အထူးသဖြင့်တော့ Khadga Samsher Rana ရဲ့ အားထုပ်ုကိုးပမ်းမှုတွေကြောင့် (၁၈၉၆) ခုနှစ်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြန်လည် တူးဖော်ရှာဖွေတဲ့ နေရာမှာ တရုပ်ခရီးသွား (ဘုရားဖူး ခရီးသည်)ရဟန်း ဖာဟီယမ် Fa Xian ရဲ့ မှတ်တမ်းမှတ်ရာတွေကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

စကားစပ်လို့ ဆိုရလျှင် ဖာ ဟီယန် (337 – c. 422 CE) ဆိုတာ တရုပ်လူမျိုး ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးပါ။ သူက နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတွေကို ဗုဒ္ဓစာပေကျမ်းဂန်များ ရယူဖို့ ခရစ်သက္ကရာဇ် ၃၉၉နှင့် ၄၁၂)တွေမှာ သွားခဲ့တာပါ။ ရောက်ရာအရပ်က မှတ်သားဖွယ်ရာ ထူးခြားတာတွေကို မှတ်တမ်းတင်ထားခဲ့တာမို့ သူ့မှတ်တမ်းတွေဟာ ခုတော့ ဗုဒ္ဓဘာသာ သမိုင်းနှင့် စာပေအတွက်သာမက ရှေးဟောင်းယဉ်ကျေးမှုအတွက်ပါ များစွာ အသုံးဝင်နေပါတယ်။

အဲဒီမှာ အရေးအကြီးဆုံးကတော့ ဘုရားအလောင်းတော် ဖွားမြင်ခဲ့တဲ့ “တိကျတဲ့ နေရာ” ကို ဖူးမြင်ရခြင်းပါပဲ။ အဲဒီ နေရာကို အထိမ်းအမှတ် လုပ်ထားခဲ့ရာက နောက်ပြန်လည် တွေ့ရှိခဲတာ ဖြစ်နိုင်ပါတယ်။ ဘုရားအလောင်းတော် မင်းသားဟာ ဘုရားမဖြစ်ခင်ကတည်းကိုက သူ့ရဲ့ ကြီးမြတ်တဲ့ နှစ်လုံးသား၊ ထက်မြက်တဲ့ ဥာဏ်ပညာ၊ ပြတ်သားတဲ့ သူ့လုပ်ရပ်၊ ရဲစွမ်းတဲ့ သူ့သတ္တိ စတာတွေကြောင့် ဒီနေရာကို နန်းတွင်းသူ နန်းတွင်းသားတွေ၊ သူ့ကို ချစ်ခင် ကြည်ညိုသူတွေက သူမွေးဖွားခဲ့ရာ နေရာလို့ အမှတ်တရ အနေနှင့် မှတ်သားပြောဆိုလေ့ ရှိနေခဲ့တဲ့ နေရာ ဖြစ်နိုင်လောက်ပါတယ်။

နောင်အခါမှာ တောထွက်သွားတော့လည်း သူ့ကို ချစ်မြတ်နိုး လွမ်းဆွတ်သူတွေဟာ ဒီနေရာ ရောက်လေတိုင်း သူ့ကို သတိတရ ရှိနေခဲ့ကြပြီး တမ်းတပြောဆိုနေကြတော့မှာပါပဲ။ လောကမှာ ဘုရားလို့ ထင်ထင်ရှားရှား ဖြစ်တော်မူတဲ့ အခါမှာတော့ မှတ်သားပြောဆိုသူတွေ ပိုများလာမှာ အမှန်ပါပဲ။ ဒီနည်းနှင့်ပဲ ဒီနေရာကို အစဉ်အဆက် မှတ်သားခဲ့ကာ နောင်တစ်ချိန်မှာ အထိမ်းအမှတ်တွေ၊ နောက်တော့ ကျောင်းတော်တွေ ဖြစ်လာခ၊ဲ့ မှတ်သားခဲ့တာ ဖြစ်နိုင်တယ်လို့ တွေးကြည့်ရတာပါပဲ။
(ဆက်ပါဦးမည်)
ဘုန်းဉာဏ်

(ရိုက်ခဲ့တဲ့ ကျောက်တိုင် ဓာတ်ပုံက တင်ဖို့ အစဉ်မပြေလို့ http://en.wikipedia.org/wiki/Lumbini က ယူတင်လိုက်ပါတယ်။)

Read more...

ဆရာကြီးဂိုအင်ကာ၏ အီဂတ်ပူရီ- ကမ္မဋ္ဌာန်းရိပ်သာ









Read more...

The Basic Method of Meditation - အခြေခံ တရားရှုမှတ်နည်း

အပိုင်း (၁-ခ)

အတိတ်ကို ကြံစည်ခြင်းအားဖြင့် အတိတ်ကနေ တနည်းနည်းနဲ့ လေ့လာမှု ပြုနိုင်တယ်၊ အတိတ်က ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ တစ်ချို့က ထင်မြင်ယူဆကြပါတယ်။ အတိတ်ကို ကြည့်တဲ့အခါ အမှန်ကို မမြင်နိုင်ဘူးဆိုတာ နားလည်ထားသင့်ပါတယ်။ ဘယ်လို မြင်ရတယ်လို့ပဲထင်ထင် အမှန်တရားဟာ အဲဒီအမြင်နဲ့ လုံးဝ မတူပါဘူး။ ဒါကြောင့်ပဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ လူတွေ ငြင်းခုံနေရပါတယ်။ အခုလေးတင်က ဖြစ်ခဲ့တာကိုတောင် ငြင်းနေရပါတယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့တယ် ဆိုပါစို့။ မျက်မြင်သက်သေ နှစ်ယောက်ရှိမယ်။ နှစ်ယောက်လုံး ရိုးသားကြမယ်။ ဒါပေမယ့် အဲဒီသက်သေ နှစ်ယောက်ဟာ တစ်မျိုးစီ ထွက်ဆိုကြမယ်ဆိုတာ ယာဉ်ထိန်းရဲတွေ သိပါတယ်။

မှတ်ဉာဏ်ဟာ မယုံကြည်လောက် ပါဘူး။ မှတ်ဉဏ်ဟာ ဘယ်လောက် မယုံရသလဲဆိုတာ စဉ်းစား ကြည့်ရုံနဲ့တင် အတိတ်ကို စဉ်းစားမှုမှာ တန်ဖိုး မထားနိုင်တော့ပါဘူး။ အတိတ်ကို လွှတ်လိုက်နိုင်ပါတယ်။ သူသေကောင်ကို မြေမြှုပ်လိုက်သလို အတိတ်ကို မြှုပ်နှံနိုင်ပါတယ်။ ခေါင်းထဲထည့်ပြီး မြေမြှုပ်သင်္ဂြိုဟ်၊ ဒါမှမဟုတ် မီးသင်္ဂြိုဟ်လိုက်ပါ။ အတိတ်နဲ့ ပတ်သက်လို့ လုပ်စရာ မရှိတော့ပါဘူး။ အတိတ်ကို တွယ်မနေပါနဲ့။ ကုန်လွန်ပြီးသား အခိုက်အတန့်ဆိုတဲ့ အလောင်းကောင်တွေကို စိတ်ထဲမှာ မထားပါနဲ့တော့။ ထားနေသေးတယ် ဆိုရင်တော့ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေနဲ့ ညွတ်ကျလေးလံ နေပါလိမ့်မယ်။ အတိတ်ကို လွှတ်ပေးလိုက်ပါ။ ပစ္စုပ္ပန်မှာ လွတ်လပ်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

စောင့်မျှော်ခြင်း၊ စိုးရွံ့ခြင်း၊ အစီအစဉ်နဲ့ မျှော်လင့်ချက်တွေလိုမျိုး အနာဂတ်ကိုလည်း လွှတ်ပေးလိုက်ပါ။ အနာဂတ်နဲ့ ပတ်သက်ပြီး “အနာဂတ်မှာ ဘာကိုပဲ မျှော်လင့်ထားထား ဖြစ်လာတာက မျှော်လင့်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေပါလိမ့်မယ်”လို့ ဗုဒ္ဓဟောတော်မူခဲ့ ဖူးပါတယ်။ အနာဂတ်ဟာ မသေချာဘူး၊ ကြိုမသိနိုင်ဘူး၊ ကြိုတင် မခန့်မှန်းနိုင်ဘူးဆိုတာ ပညာရှိတွေ သိပါတယ်။ အနာဂတ်ကို ကြိုမျှော်ခြင်းဟာ လုံးဝ မိုက်မဲပါတယ်။ တရားအလုပ်မှာ အနာဂတ်ကို ကြံစည်ခြင်းဟာ အကြီးအကျယ် အချိန်ဖြုန်းတီးမှု ဖြစ်ပါတယ်။

စိတ်ကို ရှုမှတ်တဲ့အခါ စိတ်ဟာ တကယ် ဆန်းကြယ်တာကို တွေ့ရပါလိမ့်မယ်။ စိတ်ဟာ အံ့ဩစရာ ကောင်းတာတွေ၊ မျှော်လင့်မထားတာတွေကို လုပ်နိုင်ပါတယ်။ အခက်ကြုံနေရတဲ့၊ ငြိမ်းချမ်းမှု မရနိုင်တဲ့ ယောဂီ တွေဟာ “စိတ်ပျက်စရာ နောက်တစ်ချိန်တော့ လာပြန်ပြီ”ဆိုတဲ့ အတွေးနဲ့ တရားထိုင်နေရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အတွေးမျိုးနဲ့ ထိုင်နေရပေမယ့်လည်း မျှော်လင့်ချက်ပျောက်ဆုံး၊ အထူးအဆန်းတွေ ဖြစ်လာပြီး ငြိမ်းချမ်းတဲ့ ကမ္မဋ္ဌာန်းဆီ ရောက်သွားတတ်ပါတယ်။

ဆယ်ရက်စခန်း စဝင်တဲ့ လူတစ်ယောက်အကြောင်း မကြာခင်ကပဲ ကြားမိပါတယ်။ သူဟာ ပထမဆုံးနေ့မှာ ခန္ဓာကိုယ် နာကျင်လွန်းလို့ အိမ်ပြန်ခွင့် တောင်းပါသတဲ့။ “နောက်တစ်ရက်ပဲ နေလိုက်ပါ။ နာကျင်တာ ပျောက်သွားပါလိမ့်မယ်။ တာဝန်ယူပါတယ်”လို့ ဆရာက ပြောသတဲ့။ ဒါကြောင့် နောက်တစ်ရက် ဆက်နေလိုက်တာ ပိုပြီး နာကျင်လာလို့ တစ်ခါ အိမ်ပြန်ခွင့် တောင်းပြန်ပါ သတဲ့။ “နောက်ထပ် တစ်ရက်ထဲပါ။ နာကျင်တာ ပျောက်သွားပါမယ်”လို့ပဲ ဆရာက ထပ်ပြောသတဲ့။ သူ တတိယနေ့ ဆက်နေတော့ ပိုဆိုး လာပြန်သတဲ့။ ကိုးရက်လုံးလုံး ညနေပိုင်းမှာ ဆရာ့ဆီသွားပြီး နာကျင်လွန်းလို့ အိမ်ပြန်ဖို့ ခွင့်တောင်းတယ်။ ဆရာကတော့ “နောက်ထပ် တစ်ရက်ထဲပါ။ နာတာကျင်တာ ပျောက်သွားပါလိမ့်မယ်”လို့ပဲ ပြောသတဲ့။ နောက် ဆုံးနေ့မှာတော့ လုံးဝ မျှော်လင့်မထားတာ ဖြစ်ခဲ့ပါသတဲ့။ နံနက်ပိုင်းမှာ ပထမဆုံး စထိုင်တော့ နာကျင်တာ ပျောက်သွားသတဲ့။ ပြန် ပေါ်မလာတော့ဘူးတဲ့။ လုံးဝ နာကျင်မှု မရှိဘဲ အကြာကြီး ထိုင်နိုင်သတဲ့။ စိတ်ဟာ ဘယ်လောက်ထူးဆန်းတယ်၊ မမျှော်လင့်တဲ့ အကျိုးရလာဒ်ကို ဖြစ်စေတယ်ဆိုတာ သူ အံ့ဩရတာပေါ့။

ဒါကြောင့် အနာဂတ်ကို သင် မသိပါဘူး။ ဆန်းကြယ်ပါတယ်။ ထူးဆန်းပါတယ်။ ဘယ်လိုမှ မျှော်လင့် မထားနိုင်တဲ့အရာပါ။ ဒီလို အတွေ့အကြုံမျိုးက အနာဂတ်ကို မကြံစည်ဖို့၊ မျှော်လင့်ချက်လည်း မထားဖို့ သင့်ကို ဆင်ခြင်တုံပညာနဲ့ သတ္တိ ပေးပါတယ်။

တရားထိုင်ရင်း “ဘယ်နှစ်မိနစ် ကျန်သေးသလဲ၊ ဒါကို ဘယ်လောက်ကြာကြာ သည်းခံရအုံးမလဲ”လို့များ တွေးမိရင် အနာဂတ်မှာ ကျက်စားနေမိ ပြန်ပါပြီ။ နာကျင်မှုဟာ တစ်ခဏအတွင်းမှာ ပျောက်သွားနိုင်ပါတယ်။ နောက်ထပ် အခိုက်အတန့် တစ်ခုဟာ လွတ်လပ်မှု ဖြစ်နိုင်ပါတယ်။ ဘာဖြစ်မယ်ဆိုတာ ကြို မမြင်နိုင်ပါဘူး။ တရားစခန်းမှာ အကြိမ်တွေ အများကြီး ထိုင်ပြီးတဲ့နောက် ဘယ်အကြိမ်မှ မကောင်းဘူးလို့ တစ်ခါတစ်ခါ အတွေး ရောက်နိုင်ပါတယ်။ နောက်တစ်ကြိမ် ထိုင်တဲ့အခါကျတော့ အရာရာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း လွယ်လွယ်ကူကူ ဖြစ်နေပြန်ရော။ “ဟုတ်ပြီ။ ငါ တရားထိုင်နိုင်ပြီ”လို့ တွေးမိမယ်။ နောက်တစ်ခါ ထိုင်တော့ အခက်တွေ့ပြန်ရော။ ဘာတွေ ဖြစ်နေတာလဲ။

ကြုံခဲ့ဖူးတဲ့ ပထမဆုံး ကမ္မဋ္ဌာန်း ဆရာက တော်တော်ထူးဆန်းတာ တစ်ခု ပြောခဲ့ပါတယ်။ တရားမှာ မကောင်းတာရယ်လို့ မရှိဘူးတဲ့။ သူ မှန်တာပေါ့။ မကောင်းဘူးလို့ဆိုတဲ့ ကမ္မဋ္ဌာန်းတွေဟာ စိတ်ပျက်စရာ အတွေ့အကြုံ၊ မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီတဲ့ အရာသာ ဖြစ်ပါတယ်။ အဲဒီ တရားဟာ ပင်ပင်ပန်းပန်း ကြိုးစားတဲ့အတွက် ဘာရရမယ်ဆိုတဲ့ အပေးအယူ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။

တနင်္လာနေ့ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက် အခကြေးငွေ ဘာမှ မရတဲ့ သူနဲ့ တူပါတယ်။ “ငါ ဘာအတွက် လုပ်နေတာလဲ”လို့ သူ စဉ်းစားတယ်။ အင်္ဂါနေ့ တစ်နေ့လုံး သူ အလုပ် လုပ်ပြန်တယ်။ ဘာမှ မရသေးဘူး။ နောက်တစ်နေ့လည်း အဆင်မပြေဘူး။ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့တွေမှာလည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့အတွက် ဘာရတယ်လို့ ပြစရာ မရှိဘူး။ လေးရက်ဆက်တိုက် အဆင်မပြေဘူး။ နောက်ပြီး သောကြာနေ့၊ အရင်လိုပဲ အလုပ်လုပ်တယ်။ နေ့ကုန်တော့ အလုပ်ရှင်က လုပ်ခပေးပါ တယ်။ သူက “ဟား။ ဘာလို့ နေ့တိုင်း လုပ်ခမရတာလဲ”တဲ့။

တရားထိုင်ချိန်တိုင်း ဘာလို့ အကျိုးမရတာလဲ။ အခု ဥပမာကို နားလည်တယ် မဟုတ်လား။ ကမ္မဋ္ဌာန်းမှာ သဘောကျ ကျေနပ်မှုရဖို့၊ အောင်မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ငြိမ်းချမ်းဖို့အတွက် ခက်ခက်ခဲခဲ ရှုမှတ်ရင်း ခွန်အားစုဆောင်းပါ။ ငြိမ်းချမ်းဖို့ အရှိန်ယူပါ။ အရည်အချင်းကောင်းတွေ လုံလောက်လာတော့ စိတ်ဟာ ကောင်းမြတ်တဲ့ ကမ္မဋ္ဌာန်းဆီ ဝင်ရောက်ပါတယ်။ အဲဒါဟာ လုပ်ခရတဲ့နေ့နဲ့ တူပါတယ်။ ဒါဟာ ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းမှာ အဆိုးကြုံရခြင်းပါပဲ။

မကြာခင်က ဆစ်ဒနီမှာ လုပ်ပေးခဲ့တဲ့ တရားစခန်းရဲ့ အမေးအဖြေချိန်မှာ အမျိုးသမီး တစ်ယောက်က အကြောင်းနှစ်မျိုးနဲ့ ဘုန်းကြီးတို့ကို တစ်နေ့လုံး သူစိတ်တိုရတဲ့အကြောင်း ပြောပြတယ်။ စောစောပိုင်း တရား ချိန်တွေမှာ အခက်ကြုံရပြီး ကမ္မဋ္ဌာန်းဖြုတ်ဖို့ ခေါင်းလောင်း မြန်မြန်မတီးလို့ စိတ်တိုတာတဲ့။ နောက်ပိုင်း လှပငြိမ်းချမ်းတဲ့ အဆင့်ရောက်တော့ ခေါင်းလောင်းတီးတာ စောလို့ စိတ်တိုတာတဲ့။

ကမ္မဋ္ဌာန်းချိန်တွေကတော့ အားလုံးတူပါတယ်။ အတိအကျ တစ်နာရီစီပါပဲ။ ဆရာမို့ ခေါင်းလောင်း တီးပြီးတော့ အနိုင်ယူလို့ မရပါဘူး။ “ခေါင်းလောင်းတီးဖို့ ဘယ်လောက် လိုသေးသလဲ”လို့ စိတ်ကူးပြီး အနာဂတ်ကို မျှော်လင့်နေရင် ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ညှင်းဆဲတဲ့ အဆင့်၊ ကိုယ်မပိုင်တဲ့ ဝန်ထုပ်တွေကို ထမ်းထားတဲ့အဆင့် ဖြစ်ပါတယ်။ “အချိန်ဘယ်လောက် ကျန်သေးတယ်၊ နောက် ဘာဆက်လုပ်မယ်”ဆိုတဲ့ လေးလံတဲ့ ဝန်ထုပ်ကို မယူလိုက်မိဖို့ သတိကြီးကြီး ထားပါ။ ဒီအတွေးမျိုး ဝင်လာရင် လောလောဆယ် ဖြစ်ပေါ်နေတာကို အာရုံ မစိုက်နိုင်တော့ ပါဘူး။ တရား ရှုမှတ်နေတာ မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင် ပျောက်သွားပါပြီ။ ဒုက္ခရှာနေတာပါ။

ဒီကမ္မဋ္ဌာန်း အဆင့်မှာ မနက်လား၊ နေလယ်လား ဘာမှ မသိနိုင်လောက်တဲ့အထိ လောလောဆယ် အခိုက်အတန့်မှာပဲ စိတ်စိုက်ထားပါ။ အခိုက်အတန့်ကိုပဲ သိရပါမယ်။ အခုလောလောဆယ် အခိုက်အတန့် လေးပါ။ ဒီနည်းအားဖြင့် အချိန်ဘယ်လောက် ကုန်ခဲ့ပြီ၊ ဘယ်လောက်ကျန်သေးတယ်လို့ သတိမထား၊ ဘာနေ့ရယ်လို့ မသိဘဲ ပစ္စုပ္ပန်မှာ ရှုမှတ်နေတဲ့ ရသေ့ရဟန်းတို့ရဲ့ လှပတဲ့ အချိန်ကာလ တိုင်းတာမှုဆီ ရောက်ရှိလာပါတယ်။

တစ်ချိန်က၊ ထိုင်းနိုင်ငံမှာ ရဟန်းငယ် ဘဝနဲ့ ရှိနေတုန်းက လက်ရှိရောက်နေတဲ့ နှစ်ကို မေ့လျော့ခဲ့ ဖူးပါတယ်။ ပုံမှန်ကျင်လည်နေကျ အချိန်လုရတဲ့ ဘဝထက် လွတ်လပ်တဲ့၊ အချိန်ကာလ စံမဲ့နေတဲ့ နေရာမှာ နေရတာ အံ့ဩစရာ ကောင်းပါတယ်။ အချိန်ကာလ စံမဲ့တဲ့ နေရာမှာ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာက ပညာရှိတွေ တွေ့ကြုံခဲ့ကြသလိုမျိုး သင်ဟာ လောလောဆယ် အခိုက်အတန့်ကိုပဲ တွေ့ကြုံ ခံစားနေပါတယ်။ ဒီရှုမှတ်မှုပဲ ရှိခဲ့ပါတယ်။ ထူးခြားမှု မရှိပါဘူး။

သင်ဟာ လက်ရှိအမှန်တရားဆီ ရောက်နေပါပြီ။ ပစ္စုပ္ပန် အရှိအမှန်ဟာ အံဩစရာ ကောင်းပါတယ်။ ကြီးကျယ်ခမ်းနားပါတယ်။ အတိတ် အနာဂတ်အားလုံးကို စွန့်လွှတ်လိုက်တဲ့ အခါမှာ တကယ်ရှင်သန်နေသလို ဖြစ်လာပါတယ်။ သင် တည်ရှိနေပါတယ်။ သတိအပြည့်နဲ့ပါ။ ဒါဟာ ကမ္မဋ္ဌာန်းရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ တည်နေတဲ့ သတိပဲ ဖြစ်ပါတယ်။

ဒီအဆင့် ရောက်ရင် သင်ဟာ အကြီးအကျယ် လုပ်ဆောင်ပြီးပါပြီ။ လေးနက်တဲ့ ကမ္မဋ္ဌာန်းကို တားမြစ်တဲ့၊ ပထမဆုံး ကြုံရတဲ့ ဝန်ထုပ်တွေကို လွှတ်ပစ်လိုက်ပါပြီ။ စွန့်လွှတ်မှု အားကောင်း ခိုင်မာအောင် မထူထောင်နိုင်မချင်း ပထမအဆင့်မှာ ခွန်အားစိုက်ထည့် နေလိုက်ပါ။ ပစ္စုပ္ပန်အပေါ် သိမှတ်မှုကို နောက် တစ်ဆင့် မြှင့်ပေးပါ့မယ်။ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှု အဆင့်ပေါ့။

Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။
ဆက်ဖို့ ရှိပါသေးတယ်။

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (3 March 2011):
http://secangkirteh.com/index.php?topic=647.90

Read more...

သိပ္ပံအမြင် နှင့် ဗုဒ္ဓဘာသာ ( ၁၀ )

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

(မေး) အရှင်ဘုရား၊ စိတ်ဟာ ဦးနှောက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားပါရဂူများက ဆိုကြပါတယ်။ ဗုဒ္ဓဘာသာမှာ ဟဒယ၀တ္ထု (နှလုံး)မှာ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ရှင်းပြတော်မူပါ။
ဖြေ)
သူတို့အယူကို ဘုန်းကြီးက မသိဘဲနဲ့တော့ မရှင်းနိုင်ဘူး။ ဘုန်းကြီးတို့လည်း ဘုန်းကြီးတို့နည်းနဲ့ပေါ့လေ။ ဟဒယ၀တ္ထု ရှိတယ်လို့ ဆိုပေမယ့် စိတ်က ဒီမှာ အကောင်အထည် မှီသလို မှီနေတာ မဟုတ်ဘူး။ ခုနက ဘုန်းကြီးပြောပြီမဟုတ်လား။ ပဋိသန္ဓေ နေကတည်းက ဟဒယဆိုတဲ့ ၀တ္ထုရုပ်ပါလာတယ်။ အဲဒီ ပဋိသန္ဓေနေတုန်းက ဘယ်မှာဒီလို ရင်တွေဘာတွေ ရှိဦးမလဲ။ ဟဒယ၀တ္ထု ပါလာတယ်။ အဲဒီဝတ္ထုရုပ် ရှိလို့မို့ စိတ်က ဖြစ်နိုင်တယ်။ ၀တ္ထုရုပ် မရှိလို့ရှိရင် ကာမရူပဘုံမှာ စိတ်မဖြစ်နိုင်ဘူး။

ဆရာရှိလို့ တပည့်ကြီးပွားသလို---
ဒါကြောင့် ဆရာရှိလို့ တပည့်ကြီးပွားတယ်။ ဆရာမရှိရင် တပည့်မကြီးပွားဘူး။ တခါ တပည့်က ဆရာကို မှီနေတယ်။ မိဘရှိလို့ သားသမီး ကြီးပွားတယ်။ မိဘမရှိရင် သားသမီး မကြီးပွားဘူးလို့ ပြောတယ်။ ဒီတော့ သားသမီးက မိဘရင်ခွင်ထဲမှာ နေတာ မဟုတ်ဘူး။ သူ့ကို မှီတယ်လို့ဆိုတဲ့ ဥစ္စာကလည်း မှီကပ်နေတာ မဟုတ်ဘူး။ စကားသဘောအားဖြင့် ဖြစ်အောင် ပြောနေတာ။ အမှန်ကတော့ မိဘကို အကြောင်းပြုပြီးတော့ သားသမီးကြီးပွားတယ်။

ဒီလိုသာ ယူဆ---
အဲဒါကြောင့် ဟဒယ၀တ္ထုကို မှီတယ်ဆိုတာ ဟဒယ၀တ္ထု၏အပေါ်မှာ စိတ်က တည်နေတာ မဟုတ်ဘူး။ ဟဒယ၀တ္ထုရှိလို့ ဘုန်းကြီးတို့ နိဿယပစ္စည်းနဲ့ မှီရာလို့ ခေါ်နေတာ။ သူမရှိရင် ကာမရူပဘုံမှာ မဖြစ်ဘူး။ ဒါကြောင့် မှီတယ်လို့ ပြောတာ။ ဦးနှောက်ထဲ စိတ်က ရောက်သွားတာ မဟုတ်ဘူး။ ဦးနှောက်ရှိလို့ စိတ်ဖြစ်နေတာပဲ။ ဒီလိုသာ ယူဆရမယ်လေ။ ဟဒယ၀တ္ထုရှိလို့ စိတ်ဖြစ်နေတာပဲ။

ဆရာကို တပည့်က မှီတဲ့သဘောမျိုး---
ဟဒယ၀တ္ထုအပေါ်မှာ ခုနက ဆရာကို တပည့်က မှီတဲ့အမှီမျိုး သဘောထားပါ။ ဆရာကို မှီနေတဲ့ဥစ္စာ၊ ဘုန်းကြီး ဘယ်မှမသွားနဲ့နော်၊ တပည့်တော် လဲသွားလိမ့်မယ်။ ဒီလိုမှီတာမျိုး မဟုတ်ဘူး။ ဆရာက ဟိုကျောင်းနေတယ်။ သူက ဒီကျောင်းနေပေမယ့်လို့ ဆရာ့ကို မှီနေတာပဲ။ ဆရာစကား နားထောင် နေတာပဲ။ မိဘကို မှီနေတယ်ဆိုတာ မိဘက ဟိုအိမ်နေတယ် သူက ဒီအိမ်နေတယ်။ မိဘမှီပြီးတော့ သူကြီးပွားရတာပဲလို့ ပြောတယ်။ ပြောပေမယ့်လို့ မိဘအပေါ်မှာ သူမှီနေတာ မဟုတ်ပါဘူး။ စိတ်ကလည်း ဒီလိုမှီတာ မဟုတ်ဘူး။ ဟဒယ၀တ္ထုကိုမှီပြီးတော့ နေတာမဟုတ်ဘူး။ ဟဒယ၀တ္ထုတို့၊ ဦးနှောက်တို့ ရှိလို့သာ စိတ်တွေဖြစ်တာ၊ အဲဒီလို မှတ်သားပါ။

ဦးနှောက်---
ဘုန်းကြီးကတော့ ဦးနှောက်လို့ ပုံမှန်မယူဆဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ကဗန္ဓိုပြိတ္တာဆိုတာ ရှိတယ်။ ကဗန္ဓိုပြိတ္တာဆိုတာ ခေါင်းမပါဘူး။ ခေါင်းမပါဘဲနဲ့ စိတ်တော့ ဖြစ်နေတာပဲ။ အမှန်က ဦးနှောက်မှီတဲ့ စိတ်မျိုးတော့ မဟုတ်ပါဘူး။ ဒါ ဘုန်းကြီးယူဆတာလေ။ ဒီပြင်သူတွေကို ဘယ့်နှယ် ညာ့နယ် မပြောချင်ပါဘူး။

ဘုန်းကြီးတို့လက်ခံထား---
ဟဒယ၀တ္ထုကို ဘုရားက ၀တ္ထုလို့ ဟောတာ၊ ဟဒယလို့ မဟောဘူး။ ဓမ္မသင်္ဂဏီမှာ ၀တ္ထုရုပ်လို့ ဟောတယ်။ မှီရာဝတ္ထုရုပ်။ ဒီ ဟဒယမှာတို့၊ ဘာတို့ ဆိုတဲ့ဥစ္စာက ကျမ်းစာတွေက သတ်မှတ်ပြီးတော့ ထားတာ၊ တခါတလေ ဒိန်းခနဲဆိုရင် ဒီထဲက နည်းနည်း အသိမြန်သလိုလို၊ ဘာလိုလို ရှိနေတယ် မဟုတ်လား။ ဒါကြောင့် ဘုန်းကြီးတို့က လက်ခံထားတာပဲ။
အကုသိုလ်မပြုဖို့ လိုတာပါ---
လက်ခံထားတော့လည်း အကုသိုလ်မပြုဖို့ လိုတာပါ။ လက်မခံတော့လည်း အကုသိုလ် မပြုဖို့ လိုတာပါ။ လက်ခံတော့လည်း တရား နှလုံးသွင်းဖို့ လိုတာပါ။ လက်မခံတော့လည်း တရားနှလုံးသွင်းဖို့ လိုတာပါ။ ဒီလောက်အရေးကြီးတဲ့ ပြဿနာတော့ မဟုတ်ပါဘူးလို့ ဘုန်းကြီးက ယူဆထားတယ်။
*********************************************************************
မေး) အရှင်ဘုရား၊ တပါးသောရဟန်းက ၀ိနည်းတော်နှင့် မအပ်သောနည်းဖြင့် ရရှိထားသော ဥပမာ-ဒကာ ဒကာမတို့ လှူချင်လာအောင် ဆွယ်တရားဟော၍ ရရှိထားသော ဆွမ်း၊ ကျောင်း၊ အစရှိသည်တို့ကို စားသုံးသူ ရဟန်းတိုင်း အပြစ်ရှိသည်-ဟု ဆိုပါသည်။ တရားတော်၌ စေတနာဆန္ဒ အဓိကပါ-ဆိုထားရာ မအပ်သောနည်းဖြင့် ရရှိထားသော ဆွမ်းမှန်း၊ ကျောင်းမှန်း မသိ၍ စားသုံးမိလျှင် စားသုံးနေသော ရဟန်းသည် စေတနာမပါ၍ အပြစ်ရှိသလား

(ဖြေ)
အပြစ်ရှိတာကို တခန်း၊ အာပတ်သင့်တာကို တခန်း၊ အာပတ်သင့်တယ်ဆိုတာ အပြစ်ပဲ။ ပြီးတော့ အကုသိုလ်အပြစ်ရှိသလား။ မရှိဘူးလား၊ ဒါကို စဉ်းစားရမယ်။ မအပ်မရာ ကျောင်းကြီးကို ဘုန်းကြီးတို့ နေမိရင် အာပတ်သင့်တယ်။ အကုသိုလ်အပြစ်ရှိသလား၊ မရှိဘူးလားဆိုတော့ ယူဆနေကြတာက အာပတ်ရှိနေရင် တရားအားထုတ်တဲ့အခါမှာ တရားမထင်နိုင်ဘူး။ ဒီလို ယူဆနေကြတယ်။ ဒါကို ဘုန်းကြီး ငြင်းလည်း မငြင်းပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။

အာပတ်နှစ်မျိုး---
ဒါဖြင့် ဒီကျောင်းထဲ နေတာနဲ့ပဲ ငရဲ-ပြိတ္တာ-တိရစ္ဆာန် တခုခု ဖြစ်ရတော့မလားဆိုောတ့ ဘုန်းကြီးတို့စာမှာ နိယတအာပတ်၊ အနိယတအာပတ် နှစ်မျိုးခွဲထားတယ်။ နိယတအာပတ်က မချွတ်ဧကန် အမှန်ငရဲကျမယ်။ တိရစ္ဆာန်-ပြိတ္တာ-ဖြစ်မယ်။ အနိယတအာပတ်က မသေချာဘူး။ သေခါနီးထင်တဲ့ အာရုံနဲ့ ဆိုင်ပါတယ်။ နိယတအာပတ်ကတော့ သေခါနီးဧကန်မုချ ဒီအာရုံကို ဆိုက်မှာ၊ နိယတအာပတ်က ဘယ်လိုအာပတ်မျိုးတုန်းဆိုတော့ အန္တရိယကံဆိုတဲ့ အမေကို သတ်မိတဲ့ ပါဏာတိပါတဆိုတဲ့ အာပတ်မျိုး။ လူလည်း မထွက်ဘူး။ လူထွက်လည်းပဲ သူကတော့ ကျမှာပဲ။ အင်မတန်ဆိုးဝါးတဲ့ အကုသိုလ်မျိုး ပြုထားတယ်၊ ပြုထားရင် သူသေခါနီး ထင်ကိုထင်မှာ။ အဲဒါ နိယတအာပတ်။

အဲဒီလိုဟာကြောက်လို့---
တချို့အာပတ်တွေက ကိုယ်လည်း မသိဘူး။ တရားအားထုတ်တော့ မရဘူးလို့ ဆိုထားတယ်။ ဒါ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ ဒီလိုပဲ ဘုန်းကြီးလက်ခံတယ်လေ။ အပြစ်ဘယ်လောက်ကြီးသလဲ ဆိုတော့ နဂိုကမှ နိယတအာပတ်မှ မဟုတ်ဘဲနဲ့။ သူသေခါနီး ကောင်းတဲ့အာရုံတွေ ထင်လာလို့ရှိရင် ကောင်းတဲ့ ဂတိပဲ ရောက်မှာပဲ။ သို့သော်လည်း ဆယ်ရေးတရေး ကိုးရေးတရာ၊ အနိယတဖြစ်တဲ့ အာပတ်တွေကြောင့်လည်း သေခါနီး ထင်လာတတ်တာ ဖြစ်တော့ ထင်လာတဲ့ ၀တ္ထုတွေကလည်း ရှိတော့ အဲဒီလိုဟာ ကြောက်လို့မို့ အာပတ်မသင့်အောင် ဆိုပြီးတော့ ကြိုးစားနေကြတော့တာပဲ။

*********************************************************************
(မေး) အရှင်ဘုရား၊ ကုသိုလ် အကုသိုလ်အရာမှာ အကုသိုလ်ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား။ ဥပမာ-အသက်သတ်ခြင်းဆိုတဲ့ အကုသိုလ်ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်းအားဖြင့် ကုသိုလ်ဖြစ်ပါသလား။
(ဖြေ)
ဒါက သိမ်မွေ့တယ်။

ကုသိုလ်ဝိရတီ---
သူ့အသက်သတ်ဖို့လို့ ရှေ့ရောက်လာတယ်။ သတ်မယ်လို့လည်း စိတ်ကတော့ ကူးထားတယ်။ နောက်တော့ တစုံတခုသော အဖြစ်ကြောင့် မသတ်ပါဘူးလေလို့ ရှောင်လိုက်ရင် အဲဒီရှောင်တဲ့စိတ်က ကုသိုလ်စိတ်-၀ိရတီ။ ၀ိရတီ စေတနာပါနေတဲ့ ကုသိုလ်စိတ်ဖြစ်တယ်။ ရှောင်တာနဲ့ကို ဖြစ်တာပဲ။

ညစာမစားဘဲ ရှောင်တဲ့စိတ်---
ဘုန်းကြီးတို့ ဥပုသ်သည်တွေမှာ ဥပုသ်မှ ကုသိုလ်တွေ ဖြစ်နေတယ်ဆိုတဲ့ ဥစ္စာ ရှောင်နေတာပဲ။
သဘာဝကတော့ နဂိုတုန်းက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်အရ ညစာမစားပါဘူးလို့ ရှောင်နေတာဖြစ်တော့ ညစာစားချင်လိုက်တာ၊ စားချင်ပေမယ်လို့ သီလပျက်မှာစိုးလို့ သူက ရှောင်တယ်။ ရှောင်တဲ့ ၀ိရတီစေတသိက် ဖြစ်တာပဲ။ အဲဒီဟာ ကုသိုလ်ခေါ်တာ။
*********************************************************************
(မေး) အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်ပြီ ရဟန္တာဖြစ်ပြီ မည်သို့သိနိုင်ပါသလဲ။

(ဖြေ)
အစစ်ဖြစ်လို့ရှိရင်တော့ သူတို့ ပစ္စဝေက္ခဏာ ဆင်ခြင်ရသေးတယ်။ ဆင်ခြင်တဲ့အခါမှာ တကယ့်ကို နိဗ္ဗာန်အာရုံကို ရနေတယ်။ တကယ့်ကို မဂ်ကို အာရုံရနေတယ်ဆိုရင်တော့ သူသိတာပဲ။ ဒီလိုမဟုတ်ဘဲနဲ့ ဆိုရင် သူ မသိနိုင်ပါဘူး။ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲနဲ့ ဆိုရင် သူ မသိပါဘူး။ သောတာပန်ဖြစ်မှန်းလည်း မသိပါဘူး။ မဖြစ်မှန်းလည်း မသိပါဘူး။
********************************************************************
(မေး) အရှင်ဘုရား၊ ရဟန္တာသည် သံဃာတော်များ လိုက်နာရန် ဘုရားရှင် ပညတ်တော်မူခဲ့သော ၀ိနည်းသိက္ခာပုဒ်တော် အထူးသဖြင့် သံဃာများနည်းတူ လိုက်နာရပါသလား၊ မလိုက်နာဘဲ ရဟန္တာ ဖြစ်နိုင်ပါသလား။

(ဖြေ)
ပုထုဇဉ်ထက် ပိုပြီးတောင် လိုက်နာရမယ်။ မလိုက်နာလို့ရှိရင် ရဟန္တာဆိုတာ ဝေးလို့၊ သောတာပန်တောင် မဖြစ်နိုင်ဘူး။

မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

Read more...

ဆရာ


ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ
သတ္ထာ ဒေ၀မနုဿာနံ ဆိုတာပါတယ်။

အဓိပ္ပါယ်က
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား တဲ့။
ဘုရားရှင်က လူရဲ့ ဆရာသာ ဖြစ်တာမဟုတ်ဘူး။
နတ်တွေရဲ့ ဆရာလဲ ဖြစ်တယ်ပေါ့။
ဗြဟ္မာတွေရဲ့ ဆရာလဲ ဖြစ်တယ်ပေါ့။
ဘုရားရှင်ကို ဆရာလို့ဆိုပေမဲ့

အခုခေတ်လို လုပ်ငန်းသဘောအရ အချိန်တန်လို့ အချိန်ကျလို့
ကျောင်း၊ တက္ကသိုလ်တွေထဲက စာသင်ခန်း၊ Lecture hall တွေထဲလာပြီး
စာသင်ပေးတဲ့ဆရာမျိုးတော့ မဟုတ်ပါဘူး။

ဘုရားရှင် ဆရာလုပ်ငန်းလုပ်တာ လခလည်း မရဘူး။
အချိန်လည်း ကန့်သတ်ချက်မရှိဘူး။
ဆရာလုပ်တဲ့နေရာမှာ စာသင်ခန်းလိုမျိုး၊ Lecture hall လိုမျိုး နေရာတွေလည်း
သတ်သတ်မှတ်မှတ်မရှိဘူး၊ မထားဘူး။

တပည့်ဆိုသူက ဆရာဘုရားထံ လာပြီး သင်ယူတာလည်း ရှိတယ်။
ဆရာဘုရားကိုယ်တိုင်က တပည့်လုပ်သူထံ သွားသင်ပေးတာလဲရှိတယ်။
သင်ယူသူ (နာကြားသူ) အကျိုးရှိမယ်၊ မှန်ကန်မယ်ဆိုရင်
တပည့်မဟုတ်စေကာမူ သွားသင်ပေးလေ့ရှိတယ်။
ခရီးအနေအားဖြင့်လည်း ဘယ်လောက်ပဲ ဝေးဝေး သွားသင်ပေးတာဘဲ။
လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် သူတို့ဦးဏှောက်ထဲမှာ ဇဝေဇ၀ါဖြစ်နေရင်
တရေးနိုးထမေးတောင် ဆရာဘုရားက ဖြေဆိုပေးလေ့ရှိတယ်။

ဒါ့ကြောင့် ဘုရားရှင်ဟာ
အတုလ - အတူမရှိတဲ့ဆရာ၊ ပြိုင်စံကင်းတဲ့ဆရာတစ်ဆူဖြစ်တယ်။
လူသားဖြစ်တဲ့ဘုရားရှင်အတွက် လူတွေရဲ့ဆရာဖြစ်တာကတော့ ထင်ရှားပါတယ်။

နတ်တွေရဲ့ ဆရာဖြစ်တာကရော?
နတ်ပြည်က နတ်သားတွေလည်း သူတို့ဦးဏှောက်နဲ့ လိုက်မမှီတဲ့အတွေးအခေါ်
အယူအဆတွေကို ဘုရားရှင်ထံလာပြီး လျှောက်ထား မေးမြန်းကြတာတွေရှိတယ်။
ပိဋကတ်စာပေထဲမှာ ဒါမျိုး လာလာပြီးလျှောက်ကြားတာ အတော်များများတွေ့ရတယ်။
သူသူကိုယ်ကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ မင်္ဂလသုတ်ကိုပဲ ကြည့်။
မင်္ဂလာဆိုတာဘာလဲ ဆိုတာနဲ့ပတ်သက်ပြီး
နတ်ပြည်က ရိုးရိုးနတ်သားမပြောနဲ့၊ သိကြားမင်းဆိုသူပင် မသိလို့
သူ့တာဝန်ပေးချက်အရ နတ်သားတစ်ယောက်
ဘုရားရှင်ထံ သက်ဆင်းပြီး မေးလျှောက်ခဲ့ရတယ်။

နတ်သားအမေးကို ဘုရားရှင်က ဖြေကြားပေးလိုက်ခြင်းဖြင့်
ဘုရားရှင်ဟာ နတ်တို့ဆရာ အလိုလိုဖြစ်သွားတော့တာပဲ။
ဒီလို မေးခွန်းတွေကို ဖြေကြားပေးလိုက်လို့
ဘုရားရှင်ဟာ နတ်တို့ဆရာတည်းဟူသောဂုဏ်ထူးကို ရရှိလိုက်တာပါ။

ဆိုရင်
အခုလူ့လောကကြီးထဲမှာ သူ့ဝန်းကျင် ကိုယ့်ဝန်းကျင်မှာ
သူမသိလို့ ကိုယ်မသိလို့ မေးမိလို့ အဖြေပေးခဲ့ဘူးတဲ့
သူ့ဆရာ ကိုယ့်ဆရာတွေ အများကြီးပဲ။
ဆိုတော့ သူ့ဝန်းကျင် ကိုယ့်ဝန်းကျင် မှီတင်းနေထိုင်သူအချင်းချင်း
ကျေးဇူးတင်တတ်တဲ့အမြင်လေးရှိဘို့လိုမယ် ထင်တယ်။
ကြံကြံဖန်ဖန် ကျေးဇူးတင်တတ်ရင် လောကကြီးဟာ ကျေးဇူးတင်စရာကြီး။
ကျေးဇူးတင်တတ်ရင် လောကကြီးအတော်ငြိမ်းချမ်းမှာ လို့လည်း ဆက်တွေးမိတယ်။

ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ဖတ်မိတယ်။
ဒါလည်း နတ်သားတစ်ယောက်ကမေးတာကို
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။
တိုတိုလေးပဲ။
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။

Read more...

မြန်မာပြည်ရဲ့...လမင်းသီတဂူ...

ကမ္ဘာကျော်မေတ္တာပို့ဂါထာ
"မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။
မေတ္တာသီသလ ရံသီဟိ သုခန္တု ဖုသိတာ ပဇာ။"

လောကေ.. သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊ မေတ္တာနိသာကရော...မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊ သမ္မာ...သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊ သုခံကရော...သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊ ဘာတု...ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပေါ်ရွှမ်းမြ အသရေ ထွန်းပပါစေသတည်း။ မေတ္တာသီတလရံသီဟိ... မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊ မေတ္တာသီတလ ရံသီဟိ...မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊ ဖုသိတာ...အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊ ပဇာ..ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊ သုခန္တု...ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း...

မေတ္တာပို့ရန်...

၁။ ကိုယ်စိတ်နှစ်ဖြာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။( သုံးခေါက်စီ...ရွတ်ဆိုရန်)
၂။ မေတ္တာနှလုံး၊ ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
၃။ မေတ္တာရန်သူ၊ ဒေါသမူ၊ အပူကင်းပါစေ။
၎။ မေတ္တာရေစမ်း၊ ကိုယ်စီဖြန်း၊ အေးချမ်းကြပါစေ။
၅။ ခန္တီ၏ရန်၊ ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
၆။ ခန္တီနှလုံး၊ အစဉ်သုံး၊ ရွှင်ပြုံးကြပါစေ။
၇။ ဒို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။ ။

‘‘မေတ္တာ မဉ္ဇူသကောလောကေ၊ သုဖုလ္လော၊ ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖါ သုခံတေန၊ သုခန္တု ၀ါသိတာ ပဇာ။’’
လောကေ...သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ်ကမ္ဘာအတွင်း၌၊ မေတ္တာမဉ္ဇူသကော... မေတ္တာတည်းဟူသော မဉ္ဇူသက နတ်ပန်းပင်ကြီးသည်၊ သဗ္ဗဒါ...နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ၊ သုဖုလ္လော... အခိုင်ခိုင်ကြိုင်လှိုင်စွာ ပွင့်သည်၊ ဟောတု... မုချမသွေ ဖြစ်ပါစေသတည်း။ မေတ္တာပုပ္ဖါသုခံတေန... မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်၊ ၀ါသိတံ... ထုံအပ်မွှမ်းအပ်ကုန်သော၊ ပဇာ...လူရော နတ်ပါ သတ္တ၀ါတို့သည်၊ သဗ္ဗဒါ...နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ၊ သုခန္တု... ကိုယ်စိတ်နှစ်ဖြာ၊ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူ ကြပါစေကုန်သတည်း...။

အထက်ပါမေတ္တာပို့စာပိုဒ်လေးက ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးရဲ့ တရားပွဲတိုင်းမှာ ဆရာတော်ကြီး အမြဲတမ်းရွတ်ဆိုနေကြ မေတ္တာပို့စာပိုဒ်လေးပါ... ဆရာတော်ကြီး၏ ကြည်လင်ပြတ်သားပြီး ကြည်ညိုဖွယ်ရာ ကောင်းလှတဲ့ အသံဖြင့် မေတ္တာပို့တာက ကြားရသူတိုင်းရဲ့ စိတ်မှာ အေးချမ်းသာယာ ရှိလှပါတယ်။

လေးတန်းကျောင်းသားဘ၀ အမှတ်တရ

မှတ်မှတ်ရရ စာရေးသူ ဆရာတော်ကြီးရဲ့တရားကို လေးတန်းကျောင်းသား ဘ၀လောက်မှာ စပြီးတော့ နာဖူးတာပါ။ အဲဒီတုန်းကတော့ ဒီစာပိုဒ်လေး မဟုတ်သေးပါဘူး။ အသံကလည်း ဒီအသံ မဟုတ်ပါဘူး ဆိုတာကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ ယခုအသံနဲ့ မေတ္တာပို့ စာပိုဒ်ကိုတော့ ကြားရပါများလို့ အလွတ်ပင်ရနေပါပြီ။ ဆရာတော်ကြီးကို အခုချိန်အထိ အပြင်မှာ အနီးကပ်ဖူးမြော်ခွင့် မကြုံခဲ့ရသေးပါဘူး။ သို့သော်လည်း ဆရာတော်ကြီးရဲ့ တရားဗွီစီဒီများမှာတော့ ဆရာတော်ကြီးကို ကောင်းစွာဖူးမြင်ရပါတယ်။

ဆရာတော်ကြီးရဲ့ အသံကိုကြားရတာ တကယ့်ကို စိတ်မှာ ငြိမ်းအေးမှုကို ခံစားရပါတယ်။ အခုနောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ တရားတော်များကို အမြဲနာကြားဖြစ်ပါတယ်။ ဆရာတော်ကြီး၏ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း အမြဲတမ်း ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ဘုန်းကြီးတစ်ပါး ဖြစ်လင့်ကစား ဘာသာ သာသနာ အတွက်သာမက လူမျိုးရေး အတွက်တွေကိုပါ အားကြိုးမာန်တက် ထမ်းဆောင်နေတဲ့ ဆရာတော်ကြီးလို ရဟန်းတစ်ပါး မြန်မာပြည်မှာရှိတာ မြန်မာပြည်သူပြည်သားတွေအတွက် တကယ့်ကို အားထားရာ အရိပ်အာဝါသတစ်ခုပါပဲ။ အထူးသဖြင့် အလှူရှင် ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းပါဝင်တဲ့ သီတဂူ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု့တွေကို ၀မ်းသာပိတီဖြစ်ရပါတယ်။ ဆရာတော်ဘုရားရဲ့ ဦးဆောင်မှု့အောက်မှာ အလှူရှင်များကလည်း အားတက်သရော ထည့်ဝင်လှူဒါန်းကြတာတွေကို တွေ့နေ မြင်နေ ကြားနေရတော့ မြန်မာပြည်သူ ပြည်သားတွေကိုယ်စား ပြောမပြတတ်လောက်အောင် ၀မ်းသာကြည်နူးမိပါတယ်။

ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးဘဲ ကူညီမှု့ပေးတဲ့ ဆရာတော်နဲ့ သီတဂူအဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူတင်ပါတယ်။

မေတ္တာ စေတနာ

ဆရာတော်ကြီး၏ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် မြန်မာနိုင်ငံမှာ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်ပြီး သာသနာ့ အာဇာနည်တွေ မွေးထုတ်ပေးနေတာပါ။ မြန်မာပြည်မှာသာမက နိုင်ငံရပ်ခြားမှာပါ ဗုဒ္ဓစာပေတွေ ဆက်လက်သင်ယူနိုင်အောင် တပည့်တွေကို အကုန်အကျခံပြီးတော့ ကျောင်းထားပေးနေတာကလည်း ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာတွေပါပဲ။

သူကိုယ်တိုင် တတ်သိနားလည်သလို တပည့်ရဟန်းတွေကိုလည်း သူ့လိုသာမက သူ့ထက်သာအောင် တော်အောင်တတ်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျောင်းထားပေးတာတွေက ဆရာကောင်း တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေကို ပိုပြီး ထင်ရှားစေပါတယ်။ အမျိုးသာသာ သာသနာအတွက် ကိုယ်ကျိုးမငဲ့ဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဆရာတော်ကြီးကို အထူးပင်လေးစားမိပါတယ်။

မြန်မာပြည်ရဲ့လမင်းကြီးတစ်စင်း

လူသားတွေရဲ့ ဘ၀သံမှလွတ်ကြောင်း တရားမျက်စိ (ဓမ္မစက္ခု)ကိုသာမက ပစ္စုပ္ပန်လက်တွေ့ဘ၀မှာ ခံစားနေရတဲ့ မျက်စိ (ပကတိစက္ခု) ဝေဒနာသည်တွေအတွက် မျက်စိဆေးရုံများ ဖွင့်လှစ်ပြီး ကုသိုလ်ပြုနေတာကလည်း ဆရာတော်ဘုရားရဲ့ ကြီးမားလှတဲ့ မေတ္တာ စေတနာတွေကို ဖော်ထုတ်ပြသနေပါတယ်။

နောက်ပြီး လောကီနယ်ပယ်မှာ ကံအကျိုးပေးအမျိုးမျိုးကြောင့် ဒုက္ခရောက် အကျဉ်းကျခံနေကြရတဲ့ ထောင်သားတွေ အကျဉ်းသားတွေ သေဒဏ်ပေးခံထားသူတွေ စတဲ့လူသားများကိုလည်း ဆရာတော်ကြီး ဦးဆောင်ပြီး ကျွေးမွေးလှူဒါန်းမှု ပြုလုပ်တာလည်း သာမာန်လူတွေ လုပ်နိုင်ခဲလှတဲ့ လုပ်ရပ်တွေကို ဆရာတော်ကြီးက လုပ်ဆောင်ပြသပေးနေတာကို မြင်ရတော့ ၀မ်းသာစိတ်နဲ့အတူ မျက်ရည်ပင် ကျမိပါတယ်။

လောကမှာ ထောင်ဆိုတဲ့နေရာကို လူတိုင်းလူတိုင်း မသွားချင်ကြပါဘူး။ ထောင်ကထွက်လာတဲ့သူနဲ့ စကားတောင် မပြောချင်ကြတာလည်း ရှိကြပါတယ်။ တကယ်တော့ သူတို့တွေလည်း လောက လူသားတွေပါ။ မပစ်ပယ်သင့်ပါဘူး။ အဲ့ဒီလို လောကမှာ မှားနေတဲ့အမှားတွေကို ဆရာတော်ကြီးက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီးတော့ မှန်ကန်လာအောင် လမ်းညွှန်ပြသနေတာတွေက ဂုဏ်ယူလေးစား ထိုက်တဲ့ မေတ္တာ စေတနာတွေပါ။ မြန်မာပြည်တ၀ှမ်းမှာ တရားဓမ္မကိုသာမက အသိဥာဏ်ပညာ ဗဟုသုတတွေကိုပါ ပေးကမ်းပြီး မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်တော့မှ မမှေးမှိန်တဲ့ အေးမြတဲ့ အလင်းရောင်တွေကို ပေးနေသော မြန်မာပြည်ရဲ့ လမင်းကြီးတစ်စင်း ဆိုလျှင်ပိုပြီးမှန်ကန်ပါလိမ့်မည်။

ကမ္ဘာ့သာသနာပြု

တဖက်က အဲ့ဒီလို လူမှု့ရေးရာတွေကို ဆောင်ရွက်နေရင်း တဖက်ကလည်း ဗုဒ္ဓသာသနာကို ကမ္ဘာကသိအောင် အဝေးမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ ဘာသာတရားကို လေးစားတန်ဖိုးထားတတ်အောင် ကမ္ဘာလှည့်ပြီး သာသနာပြုတာဝန်တွေကိုလည်း မနားမနေ ထမ်းဆောင်နေပါသေးတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ အနောက်နိုင်ငံသားတွေကိုလည်း ဗုဒ္ဓစာပေတွေ သင်ကြားပို့ချပေးတာကိုလည်း တွေ့ရပါတယ်။

ဒါတင်မက နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တတ်အားသရွေ့ ကူညီပေးပါတယ်။ သီရိလင်္ကာနိုင်ငံရောက် ဒုက္ခရောက်နေတဲ့ မြန်မာကိုရင်လေးများနဲ့ သီလရှင်လေးများကို ဆရာတော်ဦးဆောင်တဲ့ သီတဂူအဖွဲ့က မြန်မာပြည်ကို ပြန်ပြီးတော့ ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

မွေးနေ့ဆုတောင်း

ယခုလို သာသနာတော်အတွက်သာမက လူသားအားလုံး အကျိုးပြုလုပ်ငန်းတွေကို ဦးဆောင်ပြီး လုပ်ဆောင်ရင်း တရားရေအေးအမြိုက်ဆေးတွေ တိုက်ကျွေးနေတဲ့ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၃၇၂ ခုနှစ် တပေါင်းလပြည့်(၁၉.၃.၂၀၁၁)ဆိုရင် သက်တော်(၇၄)နှစ် ပြည့်ပြီဖြစ်ပါတယ်။

ထို့ကြောင့် ယခု ဆရာတော်ဘုရားကြီး၏ သက်တော်(၇၄)နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အမျိုးသာသာ သာသနာအတွက် သာသနာပြုလုပ်ငန်းများကို ကျန်းမာချမ်းသာစွာနဲ့ ဆထက်တပိုး သယ်ပိုးဆောင်ရွက်ရင်း မြန်မာပြည်သူပြည်သားတွေကို သာမက ကမ္ဘာသူကမ္ဘာသားတွေ အားလုံးအပေါ်မှာ အေးမြတဲ့ဓမ္မလရောင်တွေကို ဆက်လက်ပြီးပေးစွမ်းနိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းရင်း ဒီစာမူလေးနဲ့ ပူဇော်ကန်တော့လိုက်ပါတယ်။

ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့ တရားတော်များကိုလည်း နားကြားမှတ်သားရင်း ဆရာတော်ကြီးကို အမြဲတမ်းဖူးတွေ့နေရတဲ့အတွက် ၀မ်းသာပီတိတွေဖြစ်ရပါတယ်။ လူကိုယ်တိုင် အနီးကပ် ဖူးမြော်ခွင့်ရဖို့လည်း မျှော်လင့်နေပါတယ်။

ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာပါစေ...။

အမေ့သားလတ်(စကားဝါမြေ)
ခေတ္တ ရုရှားနိုင်ငံ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၃-၂၀၁၁
0 comments

Read more...

ဒီပလိုမေစီကြောင်ဋီကာသစ်(၂)

ညောင်ကန်ဆရာတော်ဦးဗုဓ်က ခေတ်ပြိုင်မြင်းဝန်ဆရာတော်ကို ငယ်နာမည် ရွှေသီးဟုသာ ခေါ်ဝေါ်လေ့ရှိသည်။ ဤသည်ကို မြင်းဝန်ဆရာတော်က တင်စီးလွန်းသည်ဟု ထင်သည်။ သို့သော် တစ်ခါသားတွင် မြင်းဝန်ဆရာတော်မကြံဆနိုင်သည့် ပိဋကတ်စာပေ(မဏိဒီပကျမ်း)မှ အချက်တစ်ချက်ကို ဆရာတော်ဦးဗုဓ်က တိကျပီပြင်စွာ ရှင်းပြခဲ့သည်။

မြင်းဝန်ဆရာတော်က တပည့်များအား မိန့်မှာသည့် စကားကို နားထောင်ပါလေဦး...'' ဆရာတော်ဦးဗုဓ်က ကျုပ်ထက် အသက်ရော သိက္ခာပါ လွန်စွာ ကြီးလှသေးသည် မဟုတ်။ ပရိသတ်အလယ်မှာ ကျုပ်ကို ရွှေသီး ရွှေသီး ဟု ခေါ်နေသည်ကို ရှေးက ကျုပ်မနှစ်သက်ချင်ဘူးဗျ။ ခု မဏိဒီပနဲ့ စမ်းလိုက်မှ ကျေနပ်နှစ်သက်ကာ ကြည်ညိုလာတော့တယ်။ နောက်နောင် ရွှေသီး မကလို့ ခွေးသီးခေါ်ခေါ် အကြည်ညိုမပျက်တော့ဘူးဗျား'' ဟူသော..။

ပျို့ ကဗျာ လင်္ကာနှင့် ကျမ်းဂန်အမျိုးမျိုး ပြုစုရာတွင် နာမည်ကြီးလှသည့် မုံရွေးဆရာတော် အရှင်အာဒိစ္စရံသီ ကိုလည်း ဦးဗုဓ်က '' သဘင်သမားကြီး'' ဟုသာ ခေါ်လေ့ရှိတတ်ပါသည်။ နှစ်ပါးဆုံသည့်အခါတိုင်း '' သဘင် သည်ကြီး ဘာဇာတ်တွေများ ကနေတုန်းဗျ'' ဟု ဦးဗုဓ်က မေးလျှင် မုံရွေးဆရာတော်ကလည်း '' ကုသဇာတ်၊ ဥတေနဇာတ်များကို မြိုင်မြိုင်ဆိုင်ဆိုင် ခင်းကျင်းနေပါကြောင်းဗျား '' ဟု ခပ်သောသော ဖြေတတ်မြဲပင်..။ ဤသို့ ဆရာတော်ဦးဗုဓ်က နှစ်ပါး'ဆုံရာတွင် ရွှန်းတတ်သော်လည်း ကွယ်ရာတွင်မူ 'မုံရွေးဆရာတော်စာပေနှံ့စပ် ကြောင်းကို ရာဇောဝါဒကျမ်းကို ကြည့်က သိကြလိမ့်မည် '' ဟု ချီးမွမ်းလေ့ရှိသတတ်..။

ကျမ်းတတ်အကျော်ပြည်ဆရာတော်ဖြစ်လာမည့် ညောင်ကန်မှ ငယ်ရင်းမိတ်ဆွေရဟန်းကို ပြည်မင်းသားက ကျောင်းဆောက်ကိုးကွယ်ရန် ပင့်စဉ်ကလည်း ဦးဗုဓ်က ငယ်နာမည်ကို ခေါ်ကာ '' မောင်ကျီး မင်းကို မင်းသားက ပင့်ပြီး ကိုးကွယ်လို့ မင်းဆရာတော်ဖြစ်ပြီ။ သို့သော် ဘုရားအလိုတော်အတိုင်း ကျင့်မှ ဘုရားသားတော်ဖြစ်မည်။ မင်းလိုလိုက်၍ ကျင့်လျှင် မင်း၏ သားသာ ဖြစ်လိမ့်မည် '' ဟု ခပ်စပ်စပ်လေး သတိပေးမိန့်မှာခဲ့ဖူးသည်။

ရှေးရှေးသော ပညာရှင်ဆရာတော်ကြီးများသည်လည်း လောကီဝေါဟာ ရင်းနှီးစွာသော စကားအနှုံးများကို သုံးစွဲခဲ့ကြရိုးပေတည်း...။

(၃)

ဦးဗုဓ်ဆိုသည်က မြန်မာ့သာသနာဝင်မှတ်တမ်းတွင် ''ဗုဓ်အစ (ဗုဒ္ဓအရှင်) ဗုဓ်အလယ် (ဗုဒ္ဓအရှင်နှင့် သာဝကအဆူဆူတို့၏ တရားဓမ္မများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အဋ္ဌကထာကျမ်းများကို ပြုစုတော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ) ဗုဓ်အဆုံး( ညောင်ကန်ဆရာတော်ဦးဗုဓ်)'' ဟု ဂန္ထ၀င်အဖြစ် စံတင်ရစ်အောင် ပြောင်မြောက်ခဲ့သည့် ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်လေသည်။

ပိဋကတ်စာပေများကို မြန်မာစကားပြေဖြင့် နိသျပြန်ဆိုရာတွင် ပြိုင်ဘက်ကင်းခဲ့၏။ သက်တော်ငါးဆယ့်ငါးတွင် ခန္ဓာဝန်ချ၍ လွန်တော်မူရာတွင် သာသနာတော်အတွက် ကျမ်းပေါင်းငါးဆယ်တိတိ ပြုစုချန်ထားနိုင်ခဲ့၏။ သွေးဝမ်းသွန် ဒူလာရောဂါ နှိပ်စက်သဖြင့် ကုဋီ (အိမ်သာ)ထဲမှ မထွက်နိုင်အောင် ပင်ပန်းခဲ့သော်လည်း ကုဋီ (အိမ်သာ) နံရံတွင် ကျောက်သင်ပုံးကြီးချိတ်ကာ ကျမ်းဂန်တစ်စောင်ကို အပြီးသတ်ရေးသားနိုင်ခဲ့သည်အထိ ၀ီရီယဓါတ်နှင့် ခန္တီအား ကြီးမားခဲ့လေသည်။ ကျမ်းဂန်တတ်ပွန်သည်နှင့်အမျှ လောကီအရေးနှင့် ဓမ္မအရေးမရောယှက်ဘဲ သာသနာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်သည့် ဆရာတော်ကြီး တစ်ပါးအဖြစ်လည်း ဘကြီးတော်စစ်ကိုင်းမင်း၊ နန်းမတော်မယ်နုနှင့် သာယာဝတီမင်း( ကုန်းဘောင်ရွှေဘိုမင်း) တို့ နိုင်ငံ့အရေးရှုပ်ထွေးေ၀၀ါးခဲ့ရာ ကုန်းဘောင်ခေတ်လယ်သမိုင်းတွင် အထင်းသား ရပ်တည်ခဲ့လေသည်။

အထက်အညာကျေးလက်ရှိ မိဘရင်ခွင်မှ မြို့တော်သို့ စုန်ရလေသည့် လော်ကယ်ရထားခရီးစဉ်တွင် ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ရလေတိုင်း ဆရာတော်ဦးဗုဓ် သီတင်းသုံးတော်မူခဲ့ရာ နန်းမတော်မယ်နုအုဋ္ဌ်ကျောင်းကြီးကို လွမ်းတစွာ ငေးမောတတ်ခဲ့မြဲ....။ သူ့ငယ်ဘ၀နေရက်များမှသည် ယခုမက်နေဆဲ အိပ်မက်များထိ ဦးဗုဓ်သည် ဘယ်တော့မှ ပြိုမကျခဲ့လေသော စံမုခ်ဦးကြီးဖြစ်သည်။

သို့သော် ထိုမုခ်ဦးတွင် သူက မှီရပ်နေရုံမျှသာ ဖြစ်သည်။ မုခ်ဦးတံခါးကို ခေါက်နိုင်စွမ်းရှိလောက်အောင်ပင် သူက မကြောင်ရဲ...။ ဦးဗုဓ်က ကုန်းဘောင်သမိုင်းတွင် နီစွေးအောင် ခပ်ရဲရဲ ခပ်မာမာ ကြောင်ခဲ့ဖူးသေးသည်။ ဗီဇအားဖြင့်ငယ်စဉ်ကတည်းက ကြောင်ခဲ့ဖူးလေသော ကိုရင်လေး မောင်ဗုဓ်ဘ၀မှ ထူးမြတ်ချွန်မြသော သာသနာ့အာဇာနည်ကြီးဖြစ်ခဲ့လေသည်က အမှန်ပင်..။
အော် ကြောင်တာက ဘယ်နှစ်မျိုးရှိပါလိမ့်...။ ဆိုးကြောင် .. ကောင်းကြောင်...ကြောင်ရူး ကြောင်ထူး...။
အဲ ကြောင်ဝက် ကြောင်ပြည့်..။
(ဂေါက်ကြောင် ဆိုသဟာကိုတော့ ဤဋီကာသစ်က တို့ထိလိမ့်မည် မဟုတ်...)

အနောက် ဥရောပဒေသ၊ တိုင်းဇာမဏီပြည်၊ ဟန်းဘတ်မည်ပေသော ၀ိဿဝိဇ္ဇာလယ (တက္ကသိုလ်ကြီး)မှ ဂန္ထန္ထရ စာပေ ကျမ်းအဆူဆူ၊ ပညာရှင်ပါရဂူကြီးအဖြစ်၊ ဒီလစ်ဘွဲ့ထူး ဆက်ကပ်၊ ပူဇော်ခြင်း ခံရအပ်ပေသည့် ဒကာတော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကြီး၏ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဋီကာ။ ဒေါင်းဋီကာ၊ခွေးဋီကာ ကြာဋီကာ...အဖြာဖြာသောကျမ်း အဆန်းထွင်သမျှကို အားကျငန်းငန်း တလွမ်းလွမ်းဖြစ်လေရကား သညာအားဖြင့် ဒစ်ပလိုမေစီ ကြောင်ဋီကာသစ်မည်ပေသည့် ဤမည်သောစာလက်တစ်သစ်ကို ဆက်လက်ရေးခြစ်လိုလှသော၊ မြမ္မရဋ္ဌ ရွှေပြည်မဟာကြီးလျှင် ဖွားရာဇာတိရှိ၍ မဇ္ဈိမဒေသ ဗာရာဏခရိုင်လျှင် နေထိုင်ရာပ၀တ္တိရှိပေသော ငါဆရာသည် ကွန်ပြူတာကီးဘုတ်ထက် လက်ကွက်များ ပျက်လောက်အောင် တချက်ချက်နှိပ်ပေတော့အံ့သတည်း။။။

ဆက်ရန်

Read more...

*32 Parts of the Body in 16 Languages*

32 Parts of the Body in 16 Languages

လေးစားစွာဖြင့်
ဖိုးသား

Read more...

မြတ်ဗုဒ္ဓ ၏ လက္ခဏာတော် (၃၂)ပါးဘုရားရှိခိုး-ပိုင်းလော့ဆရာတော်

Sph - 013 by tts963

Read more...

. *သောတာပန် ပြဿနာ*

3/07/2011 တောသားလေး , Posted in , 0 Comments

မေး။ ။ (2007-ခုနှစ်၊ အောက်တိုဘာလထုတ် မြတ်ပန်းရဂုံတွင် မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ် ဟောပြီးတိုင်း သောတာပန် ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌
(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-ဟူသော ဦးကောင်းမွန်၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။
အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော= ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။
ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍ စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။
“ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။” ဟူသည်နှင့်အညီ သောတာပတ္တိမဂ်၏ အင်္ဂါအစိတ်အပိုင်း သောတာပတ္တိယင်္ဂ၊ ၀ါ- တရားမှန်တော်ကြီး=ဓမ္မာဒါသ အမည်ရသော သောတာပန်ဖြစ်/မဖြစ် မှတ်ကျောက်တင် စစ်ဆေးနိုင်ဖို့ရာ အင်္ဂါလေးချက် ရှိပါသည်။
(၁) ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၂) တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၃) သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၄) အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလ မကျိုးမပေါက် မပြောက်မကြားခြင်းတို့ ဖြစ်၏။
သောတာပန်ဖြစ်လျှင် ဤတရားလေးပါးနှင့် ပြည်စုံမြဲဖြစ်၏။ “သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။ သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။” ဟူသည်နှင့်အညီ သောတာပန်ဖြစ်သည်နှင့် တပြိုင်နက် “သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ”တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏။
ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေးသော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် အ၀ိနိပါတဓမ္မော=အပါယ်သို့ လားရခြင်း သဘောမရှိတော့။ နိယတော= မဂ်ဟူသော နိယာမဖြင့် မြဲသော သဘောရှိ၏။ သမ္ဗောဓိပရာယဏော=အထက်မဂ် သုံးပါးလျှင် လည်းလျောင်းရာရှိ၏။ အထက်မဂ်ကိုသာ ရဖို့ရှိ၏။ အောက်သို့ (လောကီဈာန်များကဲ့သို့ ) လျောကျရိုး ထုံးစံ မရှိ။
သို့ရကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများသည် ယခုဘ၀၌ မဂ်ဖိုလ်ရမည်မှန်လျှင် သကဒါဂါမိ မဂ်ဖိုလ်ကိုသာ ရဖို့ အကြောင်းရှိ၏။ သောတာပတ္တိမဂ်ဖိုလ်ကို တဖန်ထပ်၍ ရဖွယ်မရှိ။ အကြောင်းကား ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူသည် မဂ်၏ နိယာမ သဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးလာ သောကြောင့်တည်း။
ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီးတိုင်း သောတာပန်ဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင်ကား ပါနိုင်ပါသည်။
ဘ၀တစ်ခုမှ သောတာပန်ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှု ရှိနိုင်ပါသနည်း ဟူရာ၌ “ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ” ဟူသော ရတနသုတ် ပါဠိတော်နှင့်အညီ
၁။ မာတုဃာတ= အမိ သတ်ခြင်း။
၂။ ပိတုဃာတ=အဘသတ်ခြင်း။
၃။ အရဟန္တဃာတ= ရဟန္တာသတ်ခြင်း။
၎။ လောဟိတုပ္ပါဒ= ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း။
၅။ သံဃဘေဒ = သံဃာကို ကွဲပြားအောင်ပြုခြင်း။
၆။ အညသတ္ထာရုဒ္ဒေသ =ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု ညွှန်းခြင်း
(ဘာသာပြောင်းခြင်း) ဟူသော အဘိဋ္ဌာန ခြောက်မျိုးကို ယခင်ဘ၀က သောတာပန်ဖြစ်ပြီး သူသည် ယခုဘ၀၌ မိမိ၏ သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်၏ မပြောင်းမလဲ တည်မြဲသော နိယာမသဘောအရ မပြုလုပ်တော့။
ယခုဘ၀၌ ဘုရား တရား သံဃာဟု ရတနာသုံးပါး ထင်ရှားရှိလျှင် ဘာသာခြား၌ မွေးသော်လည်း အရွယ်ရောက်သော အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်ရာ၏။ မိမိ၏ သဘောဆန္ဒ အရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်းချက်ကြောင့် သော်လည်းကောင်း ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။ (အထက်တွင် သောတာပန်သည် အမိသတ်ခြင်း စသည်တို့ကို မပြုတော့ဟု ဟောတော်မူခြင်းသည် ပုထုဇဉ်အဖြစ်ကို ကဲ့ရဲ့လို၍သာဖြစ်သည်။
အမှန်မှာ မည်သည်သတ္တ၀ါမျှ မသတ်တော့။ ပုထုဇဉ်တို့ကား သတ္တ၀ါသာမညကို ထားဘိဦး မိခင်အရင်းကိုပင် သတ်ဖြစ်ဖို့ အလားအလား ရှိလေ၏။) ငါးပါးသီလကို အသက်ဟူသော အကြောင်းကြောင့်ပင် ဖောက်ဖျက်ကျူးလွန်မှု မပြုတော့။ တပါးသော သူတို့က အတင်းအကျပ် ရေနှင့်အရက်ကို ရောယှက်၍ တိုက်လျှင်ပင် ရေသာဝင်၍ အရက်မ၀င်ဟု ဖွင့်ပြကြ၏။ (မဂ်၏ အစွမ်းသတ္တိကြောင့် မမူးခြင်း၊ သို့မဟုတ် သောက်သမျှ ဓာတ်မတဲ့သကဲ့သို့ ဖြစ်ကာ အန်ထွက်ခြင်း၊ သို့မဟုတ် Alcohol ဓါတ်ပျက်ကာ H2 O ဟူသော ရေဓာတ်သာ ၀င်ရောက်သွားခြင်းကို ဆိုလို၏ ဟု ယူဆရပါသည်။)
ထိုသို့ ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ် မွေးဖွားလာသော ပုဂ္ဂိုလ်၌ အခြားသိသာသော အချက်များမှာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊ မိမိစီးပွား မိမိ ရပိုင်ခွင့်များကို နှမြောတွန့်တိုသော မစ္ဆရိယများ မရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ဘုရားရှင်ကို အကြောင်းပြု၍ ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။
(ယခုခေတ် ရိပ်သာအမည်ခံ ဌာနအချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။)
ယခင်ဘ၀ သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-ဟူရာ၌ ယခုဘ၀ အရ ဂေါတမဘုရားရှင် လက်ထက်ကာလကို ဆိုလိုကြောင်း နားလည် ရ၏။ သို့ဆိုလျှင် ယခင်ဘ၀အရ အဘယ်ကာလကို ယူရမည်နည်းဆိုသော် ကဿပဘုရားရှင်၏ သာသနာတွင်း ကာလကို ယူရမည်ဖြစ်၏။ ကဿပဘုရားရှင်လက်ထက်နှင့် ဂေါတမဘုရားရှင်လက်ထက်သည်လည်း ကာလအားဖြင့် များစွာကွာခြား၏။ သောတာပန် အမျိုးအစားသုံးမျိုးတွင်လည်း ကာမဂုံ၌ ၂-ဘ၀မှ ၆ ဘ၀အထိ ဖြစ်နိုင်၏။
သတ္တက္ခတ္တုပရမ သောတာပန်သည် ကာမဘုံ၌ ၇ ဘ၀သာဖြစ်နိုင်၏။ “ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ.န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ” ဟူသော ရတနသုတ်ပါဠိတော်နှင့်အညီ သတ္တက္ခတ္တုပရမ သောတာပန်သည် အကယ်၍ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေမိစေကာမူ ကာမဘုံ၌ ရှစ်ဘ၀အထိ ဖြစ်သည်ဟူ၍မရှိ။ ၇-ဘ၀အတွင်း အထက်မဂ်ဖိုလ် ရလျှင်ရ၊ မရလျှင် ဈာန်ရ၍ ဗြဟ္မာ့ပြည်၌ဖြစ်ရ၏။
ထို့ကြောင့် နောက်ဘုရားရှင် လက်ထက်ကျမှ သာဝကအဖြစ် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရကာ အထက်မဂ်ဖိုလ် ရပါလိုကြောင်း ဆုတောင်းခဲ့သူများမှအပ ကြုံကြိုက်၍ ဖြစ်ကြသူ နည်းပါးဖွယ်ရှိ၏ဟု ယူဆရ၏။
အကယ်၍ နတ်ပြည်ချည်းသက်သက် သို့မဟုတ် လူ့ပြည်ချည်း သက်သက် ဆက်တိုက်ဖြစ်ခဲ့သော် ဘ၀တစ်ရာပင် ဖြစ်စေကာမူ တစ်ဘ၀သာ ရေတွက်ရမည်ဟူသော ၀ါဒအရသော် သောတာပန် ပုဂ္ဂိုလ်၏ ကာမသုဂတိ ၇-ဘ၀ဟူသော သက်တမ်းသည် ဘုရားတစ်ဆူနှင့် တစ်ဆူကြားဟူသော အပိုင်းအခြားကာလ၌ ဖြစ်နိုင်ခွင့် အလားအလာများစွာရှိပါသည်။
ထိုသို့သော ဖြစ်နိုင်ခွင့်များထဲမှ အနီးစပ်ဆုံးတွေ့ရှိရသည့် သက်သေတစ်ခုမှာ အဂုင်္တ္တရနိကာယ်လာ သုမနသုတ္တန်ဖြစ်ပါသည်။
ကဿပဘုရားရှင် လက်ထက်တွင် မိတ်ဆွေရဟန်းနှစ်ပါး ရှိခဲ့၏။ ထိုရဟန်း နှစ်ပါးသည် တစ်ပါးနှင့်တစ်ပါး အတွေးအခေါ် အယူအဆ မတူကြပေ။ တစ်ပါးသော ရဟန်းသည် သာရဏီယ၀တ်ကို ဖြည့်ကျင့်၏။ ကျန်တစ်ပါးသည် ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်၏။ သာရဏီယ၀တ်ဖြည့် ကျင့်သောရဟန်းသည် ဘတ္တဂ္ဂ၀တ် ဖြည့်ကျင်သော ရဟန်းအား “ငါ့ရှင် မပေးမလှူသူအား အကျိုးတရား မည်သည်မရှိ၊ မိမိရရှိသည့်အထဲမှ သူတစ်ပါးတို့အား ပေးလှူပြီးမှသာ ဘုဉ်းပေးသင့်၏” ဟု ပြောဆို၏။ ဘတ္တဂ္ဂ၀တ် ဖြည့်ကျင့်သော ရဟန်းသည် “ငါ့ရှင် သင်သည်ဘာမျှ သိသူမဟုတ်၊ ရဟန်းမည်သည် သူတစ်ပါးတို့ ပေးလှူအပ်သောအရာကို ဖရိုဖရဲ လုပ်မပစ်သင့်၊ မိမိအတွက် သင့်တော်မျှတရုံသာ ခံယူ၍ ဘတ္တဂ္ဂ၀တ် ကိုဖြည့်ကျင့်သင့်၏” ဟု ပြန်လည်ပြောဆိုပါသည်။
ထိုနှစ်ပါးသော ရဟန်းတို့သည် တစ်ပါး၏ အယူအဆကို တစ်ပါးက လက်မခံနိုင်ကြဘဲ လွတ်လပ်စွာ သဘောကွဲလွဲခဲ့ကြကာ အခင်အမင်မပျက် မိမိတို့၏ ကျင့်ဝတ်ကို ကျင့်ကြံကြပြီး ထိုဘ၀မှ သေလွန်သောအခါ နှစ်ပါးစလုံး နတ်ပြည်သို့ရောက်ကြ၏။ နတ်ပြည်ရောက်သောအခါ သာရဏီယ၀တ်ကို ဖြည့်ကျင့်သော ရဟန်းသည် ဘတ္တဂ္ဂ၀တ်ဖြည့်ကျင့်သော ရဟန်းထက် အာယု၊ ၀ဏ္ဏ၊ သုခ၊ ယသ၊ အာဓိပစ္စဟူ သော တရားငါးမျိုး သာလွန်ကဲပို၏။
ထိုသို့ဖြင့် ထိုနှစ်ဦးတို့သည် လူ့ပြည် နတ်ပြည်ကျင်လည်ပြီး ဘုရားတစ်ဆူ၏ ကြားကာလကုန်ဆုံးကာ ဂေါတမဘုရားရှင်၏ ကာလတွင် သာဝတ္ထိပြည်၌ လာဖြစ်ကြ၏။
သာရဏီယ၀တ်ကို ဖြည့်ကျင့်သော ရဟန်းသည် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေတည်၏။ ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်သော ရဟန်းသည် ကောသလမင်းကြီး၏ အလုပ်အကျွေး မိန်းမ၀မ်း၌ ဖြစ်၏။ ထိုနှစ်ဦးသည် တစ်နေ့တည်းမှာပင် မွေးဖွားကြ၏။ နာမည်မှည့်သောနေ့တွင် သူတို့နှစ်ဦးအား ရေချိုးပေးကာ ကျက်သရေတိုက်ခန်းမှာ သိပ်ထား၏။ သာရဏီယ၀တ်ကို ဖြည့်ကျင့်ခဲ့သော ကလေးသည် မျက်စိဖွင့်ကြည့်ကာ ထီးဖြူကြီးနှင့် ကောင်းမွန်စွာ ခင်းထားအပ်သော ကျက်သရေခန်း၊ တန်ဆာဆင် ထားအပ်သော အိပ်ရာနေရာတို့ကို တွေ့မြင်ရသည့်အခါ မင်းမျိုးတစ်ခုတွင် လာဖြစ်နေသည်ကို သိရှိလိုက်၏။
“ငါ ဘယ်လိုကံတွေကိုပြုခဲ့လို့ ဒီမှာလာဖြစ်ရတာပါလိမ့်” ဟု ဆင်ခြင်သည့်အခါ “သာရဏီယ၀တ်ကို ဖြည့်ကျင့်ခဲ့လို့” ဟု သိရှိပြီး “ငါ့မိတ်ဆွေ ဘယ်မှာဖြစ်နေပါလိမ့်” ဟု ဆင်ခြင်သည့်အခါ သူ့နံဘေး အိပ်နေရသည့် အဖြစ်ကို တွေ့ရှိပြီး နှိပ်ကွပ်လို၍- “သူငယ်ချင်း မင်းက ငါ့စကားကိုမှ နားမထောင်ခဲ့ဘဲကိုး” ဟု ပြော၏။
“နားမထောင်တော့ ဘာဖြစ်လဲ”
“ငါ့ရဲ့ ပြည့်စုံမှုကို ကြည့်လေ၊ ထီးဖြူကြီးရဲ့အောက် ကျက်သရေ ခန်းဆောင်မှာ အိပ်ရတယ်၊ မင်းကတော့ ခုတင်နိမ့်နိမ့် အခင်းကြမ်းကြမ်းကြီးပေါ်မှာ အိပ်ရတယ်”
“မင်းက ဒါကို အမှီပြုပြီး မာနတက်နေတာလား၊ ၀ါးနှီးပြားတွေနဲ့ လုပ်ထားပြီး အ၀တ်ပိုင်းတွေနဲ့ ရစ်ပတ်ထားတာတွေ ချည်းပါပဲ။ ဒါတွေအားလုံးဟာ ပထ၀ီဓာတ်တွေချည်းပဲ မဟုတ်လား” ဟု အပြန်အလှန် ပြောဆိုနေကြ၏။
ထိုအချိန်တွင် သုမနမင်းသမီးက စကားသံကြား၍ သွားရောက်နားထောင်ရာ ဓာတု-ဓာတ်ဟူသော အသံကို ကြားသဖြင့် “ရဟန်းနတ်သားတွေ ဖြစ်ခဲ့ရမည်” ဟု ကြံစည်ပြီး “မိဘတွေကို ပြောလို့ မဖြစ်သေးဘူး” ဟု ယူဆကာ ဘုရားရှင်အား သွားရောက်လျောက်ထား၏။
(အကျယ်ကို အင်၊မြန်၊၂၊၃၅-တွင် ကြည့်လေ။)
ထိုသုမနသုတ်တွင် ဘုရားရှင်က သာရဏီယ၀တ်ကို ဖြည့်ကျင့်သောရဟန်းကို ဒဿနသမ္ပန္နော-ဟု သုံးနှုန်းတော်မူ၏။ အဋ္ဌကထာတွင် “ဒဿနသမ္ပန္နောတိ သောတာပန္နော။=ဒဿနသမ္ပန္န ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူသည် သောတာပန်ပင်တည်း။-ဟု ဖွင့်ပြ၏။ (အံ။ဋ္ဌ၊၃၊ ၁၇) သို့ရာတွင် ထိုကလေးများ အထက်မဂ်ဖိုလ် ရသည်ဟူ၍ကား မတွေ့မိပါ။ ဖြစ်ဖို့အလားအလာ များစွာရှိသဖြင့် ဖော်ပြလိုက်ပါသည်။ ကျမ်းဂန်နှံ့စပ် ပုဂ္ဂိုလ်မြတ်တို့ကို ထပ်၍ မေးပါလေဦး။
အရှင်ကောဝိဒ (ယော)

ဒီနေရာမှာ ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

နဲနဲလေးတော့ လွဲနေတယ် (၁၈)...

သိမ်နဲ့ အမျိုးသမီး
ဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့ အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။ ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။ အဲဒီလို သိမ်တွေရှိနေပေမယ့် အမျိုးသမီးတွေ အနေနဲ့ သိမ်ထဲကို မဝင်ရဘူး၊ မဝင်းကောင်းဘူးဆိုတဲ့ အစွဲတွေ၊ အပြောတွေကြောင့် သေတဲ့အထိ သိမ်ထဲကို မဝင်ဖူးကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ အခုနောက်ပိုင်း သိမ်တွေထဲမှာ အခမ်းအနားတွေအထိ လုပ်လာကြတဲ့အတွက် အမျိုးသမီးနဲ့ သိမ်ကသိပ်ပြီး အထူးအဆန်း မဟုတ်တော့ပါဘူး။

ဆန်းနေတာက တောရွာစရိုက်၊ တောနေယဉ်ကျေးမှုနဲ့ တောနေဘုန်းကြီး၊ တောနေလူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းတာ ဘာဖြစ်လို့လဲ…၊ ဘုရားဟောထားလို့လား…၊ ဝင်ရင်သိမ်ပျက်မှာစိုးလို့လား…၊ ကံပျက်မှာစိုးလို့လား..၊ အမျိုးသမီး ဖြစ်နေလို့ မဝင်ရတာလား… စတဲ့ အမေးပေါင်းများစွာနဲ့ သိမ်နဲ့အမျိုးသမီး ကိစ္စက အများထောက်ပြစရာ ဖြစ်လာပါတယ်။ တကယ်လို့ မေးလာမယ်ဆိုရင်လည်း သိမ်ထဲကို မဝင်ကောင်းဘူးလို့ ပြောနေသူတွေ ကိုယ်တိုင်က ရေရေရာရာ ဖြေစရာ ရှိမှာမဟုတ်ပါဘူး။ ဒီလို သိမ်တွေ၊ ဘုရားတွေ၊ ကျောင်းကန်တွေမှာ အမျိုးသမီး မဝင်ကောင်း၊ မတက်ကောင်းဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆတွေဟာ ဘုရားဟောသလိုလို၊ ရှေးထုံးလိုလို၊ အစဉ်အလာလိုလိုနဲ့ နည်းနည်းလေးတော့ လွဲကိုလွဲနေတော့တာ ဖြစ်ပါတယ်။

သိမ်နဲ့ပတ်သက်ပြီး အမျိုးသမီးများ အနေနဲ့ ရဟန်းတော်များ ကံဆောင်နေတဲ့အချိန်မှာ နိမိတ်စည်းထဲကို မဝင်ကောင်းဘူးဆိုရင် အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ သိမ်ထဲကို မဝင်းကောင်းတာမဟုတ်ပါဘူး။ သိမ်အထဲမှာရှိတဲ့ နိမိတ်စည်းထဲကို မဝင်ကောင်းတာပါ။ ဒါကလည်း နိမိတ်စည်းထဲမှာ ရှိတဲ့ရဟန်းတော်များ အာပတ်သင့်မှာ စိုးလို့ပါ။ ကံပျက်လို့တော့ မဟုတ်ပါဘူး။ ခုဟာက ကံဆောင်နေတဲ့အချိန် မဟုတ်တဲ့ တခြားအချိန်တွေမှာလည်း သိမ်ထဲကို အမျိုးသမီးတွေ မဝင်ကောင်းဘူးဆိုတဲ့ အယူအဆ၊ အပြောအဆို၊ အစွဲအလန်းတွေကြောင့် သိမ်နဲ့အမျိုးသမီးဟာ ဘယ်လိုမှဆက်စပ်လို့မရတဲ့ အရာတစ်ခုလို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုသလို သိမ်ထဲကို ဝင်မိတဲ့ အမျိုးသမီး တစ်ခုခုတိုက်ဆိုင်ပြီး ဖြစ်ရင်တောင်မှ ဒါဟာ သိမ်ထဲကို ဝင်လို့ဖြစ်တာဆိုတဲ့ အယူအဆတွေက ရှိနေပြန်တော့ တောနေအမျိုးသမီးတွေဟာ သိမ်ဆိုရင် ဝေးဝေးကကို ရှောင်နေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ သိမ်ထဲကို မဝင်ကောင်းတာက အမျိုးသမီးတွေ မဟုတ်ပါဘူး။ ရဟန်းတော်တွေပါ။ ရဟန်းတော်တွေဟာ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာ ရှိနေပါက တစ်ပါးနဲ့တစ်ပါး နှစ်တောင့်ထွာနိမိတ် ထိစပ်ပြီး နိမိတ်အတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာရှိနေပြီး နိမိတ်အပြင်ကို ရောက်နေပါက ကံပျက်ပါတယ်။ ဒါကြောင့် ကံဆောင်နေတဲ့အချိန်ဆိုရင် ရဟန်းတော်များဟာ သိမ်ထဲမှာရှိတဲ့ နိမိတ်အတွင်းမှာ ရှိရင်ရှိ၊ မရှိရင် သိမ်အပြင်မှာပဲ ရှိနေရပါမယ်။ သိမ်ထဲမှာရှိနေပြီး နိမိတ်စည်းအပြင် ရောက်နေတယ်ဆိုရင်တော့ ကံပျက်ပါတယ်။ ဒီလို သဘောတွေကြောင့် ဘာပဲဖြစ်ဖြစ် ကံဆောင်နေတဲ့အချိန်မှာ ရဟန်းတော်များ အနေနဲ့သိမ်ထဲကို မဝင်းကောင်းဘူးလို့ ဆိုတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေ၊ သာမဏေတွေ အနေနဲ့ကတော့ ကံဆောင်နေတဲ့ အချိန်မှာ သိမ်ထဲမပြောနဲ့ သိမ်ထဲမှာရှိတဲ့ နိမိတ်စည်းထဲအထိ ဝင်မိတာတောင်မှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကပျက်မသွားပါဘူး။ နိမိတ်ထဲမှာ လူသာမဏေ ရှိနေလျက်နဲ့ ကံဆောင်နေကြတဲ့ ရဟန်းတော်များမှာပဲ အာပတ်သင့်ပါတယ်။ ဒီလိုဆိုတော့ ကံဆောင်နေတဲ့အချိန်မှာ ကံပျက်မှု မပျက်မှုဟာ ရဟန်းတော်များနဲ့ပဲ သက်ဆိုင်ပြီး လူပုဂ္ဂိုလ်များနဲ့ မသက်ဆိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ လူပုဂ္ဂိုလ်လို့ဆိုတဲ့အတွက် အမျိုးသမီးများလည်း အကျုံးဝင်ပြီး ဖြစ်ပါတယ်။

ဆိုလိုတာက သိမ်ထဲကို အမျိုးသမီး မဝင်းကောင်းဘူးဆိုတဲ့ အယူအဆတွေမှာ ဝင်ရင်ကံပျက်တတ်တဲ့ အတွက် မဝင်ကောင်းတာ ဖြစ်တယ်လို့ဆိုရင် ဒါဟာ လွဲနေတဲ့ အလွဲတစ်ခုပဲ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးဝင်ခြင်းကြောင့် ဘယ်လိုမှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကိစ္စ ပျက်သွားခြင်း မရှိတဲ့အတွက် ဒီအကြောင်းပြချက်ကြောင့် မဝင်ကောင်းဘူးဆိုရင် မှားနေတာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ သိမ်ထဲမှာ ရဟန်းတော် တစ်ပါးတည်း ရှိတတ်တာတို့၊ ဆိတ်ကွယ်ရာ အရပ်မှာ မာတုဂါမ ရှိနေတာဟာ မသင့်လျော်တာတို့၊ မာတုဂါမကြောင့် ရဟန်းတော်များအတွက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်နိုင်တာတို့ စတဲ့အကြောင်းပြချက်များကြောင့် မဝင်သင့်တာလို့ ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ မဝင်ကောင်းလို့မဟုတ်ဘဲ မဝင်သင့်လို့ဆိုတဲ့ သဘောနဲ့ ပြောရတာ ဖြစ်ပါတယ်။

ဝိနည်းတော်အရ အာပတ်သင့်မှု မသင့်မှု အပိုင်းဟာ ရဟန်းတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ အမျိုးသမီးမှာ အာပတ်သင့်စရာ အကြောင်းမရှိပါဘူး။ ဒီလိုပြောလို့ အမျိုးသမီးတွေ သိမ်ထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အမျိုးသမီးလည်း လောကကြောင်းအရ ထိန်းသိမ်းရမှာတွေ ရှိတဲ့အတွက် အသိသတိနဲ့ပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက တိကျတဲ့အကြောင်းပြချက် မရှိဘဲ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်း၊ မဝင်ရဆိုတဲ့ အမှတ်လွဲမှုအကြောင်းပဲ အဓိကပြောချင်တာ ဖြစ်ပါတယ်။ လောကကြောင်းအရ၊ အခြေအနေအရက လွဲလို့ သိမ်ထဲကို အမျိုးသမီးတွေ ဝင်ကောင်းတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ သိမ်ထဲကို အမျိုးသမီးတွေ မဝင်းကောင်းဘူးဆိုတဲ့ မရေရာတဲ့ အကြောင်းပြချက်များနဲ့ အရိုးစွဲနေတဲ့ သိမှတ်ထားမှုဟာလည်း နည်းနည်းလေး လွဲနေတဲ့ အလွဲတစ်ခုဖြစ်တဲ့အတွက် ဒီလိုအလွဲ သိမှတ်ထားမှုမျိုးကို သိအောင်ကြိုးစားပြီး ဘုရားဟောမဟုတ်တဲ့၊ သံသရာဝဋ်မှ လွတ်မြောက်မှုကို အထောက်အကူ မပြုတဲ့ အလွဲတွေကို ပြုပြင်နိုင်သမျှ ပြုပြင်နိုင်ကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါတယ်။

Read more...

Samsara – what it means

by Cittasamvaro

With the recent presence of Mahayana teachers in Bangkok – it is timely to consider some of the doctrinal differences between the lineages of Buddhism. Remember though, that it is not a competition, and we can all find much common ground.

One question is about ‘Samsara’. Later schools took Samsara to mean a place. The layers of heaven, hell and earth – which is accurate enough. But then ‘nirvana’ becomes something ‘other’ or ‘outside’ – another layer of heaven that is higher than Samsara. This interpretation was wrongly levelled by the Mahayana schools at the Theravada (hinayana) though a basic misunderstanding of what Samsara actually meant.

Hence the Mahayana schools began to teach that ‘nirvana’ is in ‘samsara’. Actually both terms can be understood properly according to the Pali Suttas, which are the closest to the original teachings of the Buddha that we have. Then there is no confusing of these two terms with physical realms.

Here below is an excellent short article by Thanissaro Bhikkhu:

SAMSARA

Thanissaro Bhikkhu

Samsara literally means “wandering-on.” Many people think of it as the Buddhist name for the place where we currently live — the place we leave when we go to nibbana. But in the early Buddhist texts, it’s the answer, not to the question, “Where are we?” but to the question, “What are we doing?” Instead of a place, it’s a process: the tendency to keep creating worlds and then moving into them. As one world falls apart, you create another one and go there. At the same time, you bump into other people who are creating their own worlds, too.

The play and creativity in the process can sometimes be enjoyable. In fact, it would be perfectly innocuous if it didn’t entail so much suffering. The worlds we create keep caving in and killing us. Moving into a new world requires effort: not only the pains and risks of taking birth, but also the hard knocks — mental and physical — that come from going through childhood into adulthood, over and over again. The Buddha once asked his monks, “Which do you think is greater: the water in the oceans or the tears you’ve shed while wandering on?” His answer: the tears. Think of that the next time you gaze at the ocean or play in its waves.

In addition to creating suffering for ourselves, the worlds we create feed off the worlds of others, just as theirs feed off ours. In some cases the feeding may be mutually enjoyable and beneficial, but even then the arrangement has to come to an end. More typically, it causes harm to at least one side of the relationship, often to both. When you think of all the suffering that goes into keeping just one person clothed, fed, sheltered, and healthy — the suffering both for those who have to pay for these requisites, as well as those who have to labor or die in their production — you see how exploitative even the most rudimentary process of world-building can be.

This is why the Buddha tried to find the way to stop samsara-ing. Once he had found it, he encouraged others to follow it, too. Because samsara-ing is something that each of us does, each of us has to stop it him or her self alone. If samsara were a place, it might seem selfish for one person to look for an escape, leaving others behind. But when you realize that it’s a process, there’s nothing selfish about stopping it at all. It’s like giving up an addiction or an abusive habit. When you learn the skills needed to stop creating your own worlds of suffering, you can share those skills with others so that they can stop creating theirs. At the same time, you’ll never have to feed off the worlds of others, so to that extent you’re lightening their load as well.

It’s true that the Buddha likened the practice for stopping samsara to the act of going from one place to another: from this side of a river to the further shore. But the passages where he makes this comparison often end with a paradox: the further shore has no “here,” no “there,” no “in between.” From that perspective, it’s obvious that samsara’s parameters of space and time were not the pre-existing context in which we wandered. They were the result of our wandering.

For someone addicted to world-building, the lack of familiar parameters sounds unsettling. But if you’re tired of creating incessant, unnecessary suffering, you might want to give it a try. After all, you could always resume building if the lack of “here” or “there” turned out to be dull. But of those who have learned how to break the habit, no one has ever felt tempted to samsara again.

Copyright © 2002 Thanissaro Bhikkhu

Taken from : http://mettarefuge.wordpress.com/2010/04/14/samsara-its-a-verb-not-a-place/

Read more...

Entrance

သီတဂူဗုဒ္ဓတက္ကသိုလ်၊ ပင်လုံလမ်းနှင့်ပါရမီလမ်းထိပ်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့

ပြင်ပကျောင်းတက်ခွင့်လျှောက်လွှာ

၂၀၁၁-၂၀၁၂ ပညာသင်နှစ်

(ရဟန်း၊ သာမဏေ)

ဘွဲ့၊ အမည် ---------------------------------------- အသက် ------------------------ သိက္ခာ ------------------

သာသနာဝင် ----------------------------------------------------------------------------------------------------

ပညာအရည်အချင်း (အမြင့်ဆုံးအောင်မြင်ခဲ့သောစာမေးပွဲများ) ------------------------------------------------

အောင်မြင်ခဲ့သည့်ခုနှစ်နှင့်ကျောင်းတိုက် ------------------------------------------------------------------------

ပညာသင်ကြားခဲ့ရာဌာန ----------------------------------------------------------------------------------------

မွေးဖွါးရာပြည်နယ်၊တိုင်း---------------------------မြို့-------------------------ရပ်ကွက်၊ကျေးရွာ---------------

မွေးသက္ကရာဇ် ခုနှစ်------------------------ လ----------------------ရက်-----------------နေ့------------------

လူမျိုး------------------------------------------------------------------------------------------------------------

သာသနာ့ဘောင်ဝင်ခဲ့ရာပြည်နယ်၊တိုင်း-----------------------------------မြို့-----------------------------------

ရပ်ကွက်၊ကျေးရွာ------------------------- ကျောင်းတိုက်----------------------------------------------

ဥပဇ္ဈာယ်ဆရာ--------------------------------------------------------------------------------------------------

မိဘအမည်------------------------------------------------------------------------------------------------------

၎င်းတို့နေရပ်လိပ်စာ--------------------------------------------------------------------------------------------

ရဟန်းဒါယကာ+ဒါယိကာမအမည်-----------------------------------------------------------------------------

၎င်းတို့နေရပ်လိပ်စာ--------------------------------------------------------------------------------------------

မှတ်ချက်။ ။မိမိတို့နှင့်ဆိုင်သောကွက်လပ်များကိုပြည့်စုံစွာဖြည့်ပြီးလျင် ထောက်ခံစာမူရင်းနှင့်

လက်ရှိအရွယ်ဓာတ်ပုံတပုံအပိုပါရှိရမည်။

ဆက်သွယ်ရန်လိပ်စာ --------------------------------------------

--------------------------------------------

--------------------------------------------

ကိုယ်တိုင်လက်မှတ် --------------------------------------------

ဖုန်း ---------------------------------------

Read more...

မြတ်ဗုဒ္ဓပွင့်တော်မူသည့်နှစ်ပေါင်း(၂၆၀၀)ပြည့်ရန် (၂)လခန့်သာလိုတော့သည်။ မည်သို့ဆင်နွှဲပူဇော်ကြမှာလဲ?

, 0 Comments

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ခရစ်နှစ် ၂၀၁၁ ခုနှစ် မေလ ၁၈ ရက်နေ့သည် ဂေါတမမြတ်ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သော နှစ်ပေါင်း ၂၆၀၀ ပြည့်တော့မည့်နေ့ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ်အနေဖြင့် ၂၅၅၅ ပြည့်မြောက်သော ကာလပင်ဖြစ်ပါသည်။ ဂေါတမမြတ်ဗုဒ္ဓသည် သက်တော် (၈၀) ၀ါတော် (၄၅) ၀ါ နှင့် သာသနာသက္ကရာဇ် (၂၅၅၅) ခုနှစ် (၄၅+၂၅၅၅ =၂၆၀၀) မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သည့် နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး ဗုဒ္ဓ၏နှစ် (၂၆၀၀) ပြည့် နှစ်ဟုလည်း ခေါ်ဆိုကြပါသည်။

ဤမျှရှည်လျားသော နှစ်ပရိစ္ဆေဒကာလအတွင်း ဖြတ်သန်းလာခဲ့ရသည့် မြတ်ဗုဒ္ဓ၏ သာသနာတော်ခရီး တစ်လျှောက် ပြန်လည်မျှော်ကြည့်ပါမူ ရွှင်လန်းတက်ကြွ ကြည်ညိုဖွယ်၊ ၀မ်းနည်းကြေကွဲဖွယ်၊ အံ့သြထိန့်လန့်ဖွယ၊် အောင့်မေ့တသလွမ်းဆွတ်ဖွယ်ရာတို့နှင့် ပြည့်လျှမ်းနေသော အတိတ် မြတ်ဗုဒ္ဓ ပုံရိပ်များကို တွေ့မြင်ခံစားရမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံယူတော်မူခဲ့သည့်နှစ်မှ စတင်ရေတွက်ခဲ့ရသော သာသနာတော်နှစ် (၂၅၅၅) ဟုဆိုသော်လည်း လူ့ဘ၀နှင့် နှိုင်းယှဉ်ကြည့်ရာတွင်မူ လူ့အသက် (၈၀) တန်းဖြင့် ဘ၀ပေါင်း (၃၀) ကျော်မျှသာ ရှိပါသေးသည်။ မိမိတို့၏ ဘ.ဘိုး.ဘေး.ဘီ.ဘင်.ဘောင်.ဘော မှသည် မိမိအောက် သား.မြေး.မြစ်.တီ.တွတ်.ကျွတ်.ကျွတ်ဆက် စသည်ဖြင့် မိမိတို့ မျိုးရိုးအစဉ်ကာလ (၁၄) ဘ၀ ပါဝင်သော မျိုးရိုးအဆက် (၂၀) ကျော်မျှသာ ရှိပေသေးရာ လူ့ဘ၀ အဆက်သည် မကြာမြင့်သေးပါဟု ဆိုချင်ပါသည်။

မျိုးရိုးအစဉ်ဆက် တစ်ဆက်၏ အထက် ခုနစ်ဘ၀ အောက်ခုနစ်ဘ၀ နှစ်ကြိမ်ကျော်မျှသာရှိပါသေးသည်။ ဘ၀ဆက်အားဖြင့် ဆိုရပါမူ မိမိတို့သည် လူ့အဖြစ်ကို ရခဲ့သည်ဆိုပါက ဘုရားရှင် လက်ထက်တော်မှစ၍ ဆင့်ကဲဆင့်ကဲ လူ့ဘ၀များကို ဖြတ်သန်းလာခဲ့ရပါသည်။

သင်္ခါရလောက၏ ထုံးတန်းဓမ္မတာ သဘောအရ ဖြစ်ပျက်ခဲ့ရသည့် ဘ၀ပေါင်း (၃၀) ကျော်တွင် မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်တော်မူခြင်း၊ ပရိနိဗ္ဗာန် ပြုတော်မူခြင်း၊ စေတီလေးပါး တည်ထားခြင်း၊ ပျောက်ကွယ်ခြင်း ဖြစ်စဉ်များနှင့် ပထမဘ၀တွင် ကြုံခဲ့ပေါင်း ကြုံခဲ့မည်သာဖြစ်သည်၊ ယခုမြတ်မှောက် လူ့ဘ၀ (၃၀) ကျော်ကာလတွင် အထက်ဘ၀ များစွာက ဤကမ္ဘာမြေအနှံ့တွင် ဖြစ်တည်ကျန်ရှိရစ်သော မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ကို အာရုံပြု ရည်မှန်းဖူးမျှော် ကြည်ညိုနိုင်စွမ်းရန်အတွက်လည်းကောင်း၊ မြတ်ဗုဒ္ဓပုံရိပ်များကို ပြန်လည်မှန်းဆ ထင်ဟပ်ပြသရခြင်း ဖြစ်ပါသည်။

အဆိုပါ အတိတ် ဗုဒ္ဓပုံရိပ် များစွာအနက် မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သတင်းသုံးစဉ်ကာလ ကာမဂုဏ်စည်းစိမ်တို့သည် ချမ်းသာခြင်းအစစ်ဖြစ်သည်ဟု ရဟန်းတော်တို့ ငြင်းခုန်ကြလေရာ ထိုအခြင်းအရာကို မြတ်စွာဘုရားရှင်တွေ့မြင်ပြီး ငြင်းခုန်ကြသော ရဟန်းတို့အား မြတ်စွာဘုရားက "သုခေါဗုဒ္ဓါ မုပ္ပါဒေါ သုခါ သဒ္ဓမ္မ ဒေသနာ သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ" ဟူသော ဂါထာတော်ကို ဟောတော်မူခဲ့ပါသည်။ ဂါထာတော်၏ အဓိပ္ပါယ် သဘောမှာ….

သစ္စာလေးပါး ပိုင်းခြားသိမြင် ဘုရားရှင်တို့ပေါ်ထွန်းလာခြင်းသည် အလွန်အကြူး ထူးမြတ်သော ချမ်းသာခြင်း ဖြစ်ပေသည်။ သူတော်ကောင်းတရားတို့ကို ကြားနာရခြင်းသည် ဇာတိအစ၊ ဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း ဖြစ်၍ ချမ်းသာခြင်း အစစ်ဖြစ်ပေသည်။ သံဃာတော်များ စိတ်တူထပ်မျှ ညီညွှတ်လှသော အဖြစ်သည် စင်စစ်ဧကန် အမှန်ချမ်းသာခြင်းဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသောအဖြစ်သည်၊ စင်စစ်ဧကန် အမှန်ချမ်းသာခြင်း ဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသော ရဟန်းတို့ ပရိယတ်၊ ပရိပတ်နှစ်ရပ်ကို ခြိုးခြံစွာ ကျင့်ကြံခြင်းသည် ကြီးပွားကြောင်းဖြစ်၍ ကောင်းသော ချမ်းသာခြင်း အစစ် သာလျှင် ဖြစ်ပေ၏။ဟူ၍ ဖွင့်ဆိုထားပါသည်။

ကာမဂုဏ် စည်းစိမ်တို့သည် နိစ္စသဘော မလွဲဧကန် ပျက်သုံးရတတ်၏။ ထို့ကြောင့် ချမ်းသာခြင်း အစစ်မဟုတ်၊ အတုအယောင်မျှသာဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ထွန်းလာခြင်းသည်သာ ချမ်းသာခြင်းအစစ်မှန်ဖြစ်သည်။ ပေါ်ထွန်းလာသော ရတနာသုံးပါးကို ကြားခွင့်၊နာခွင့်၊ ဟောပြောခွင့်၊ ပူဇော်ခွင့်ရသည့် ပုဂ္ဂိုလ်တို့သည် ဤလောကတွင် စကြာဝတေးမင်း ဖြစ်ရသည်ထက် ပိုလွန်း၍ မြတ်၏။ အဆိုပါ ရတနာသုံးပါးတွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်သည်။ ဤကမ္ဘာတွင် လေးဆူကုန်သော ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်၏။ ပွင့်ထွန်းလာသော ဘုရားမြတ်ရတနာကို လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံး ဖူးမျှော်ကြည်ညို ပူဇော်ရခြင်းသည် ကောင်းချီး မင်္ဂလာသာဖြစ်ရ၏။ ပွင့်ထွန်းခဲ့ပြီးသော ဘုရားရတနာတို့သည် ဤကမ္ဘာမြေပြင်တွင်သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အသင်္ချေ အသင်္ချေယျ ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ကမ္ဘာမြေပေါ်တွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များမှာ ရေတွက်၍မကုန်။ ကမ္ဘာမြေ၏ တည်ဦးအစ ဘုရားရှင်တို့၏ ပွင့်တော်မူရာမြေမြတ်မဟာသည်လည်း မဇ္ဈိမဒေသမှာသာ ဖြစ်ထွန်းခဲ့၏။ ထိုဒေသမှ တစ်ဆင့် အရပ်ဒေသ အသီးသီးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ထွန်းကားရောက်ရှိ၏။ အရှေ့၊အနောက်၊ တောင်၊ မြောက် ယူဇနာပေါင်းများစွာ ပျံ့နှံ့ ရောက်ရှိ၏။ ထက်ဝန်းကျင် အရပ်ရှစ်မျက်နှာတိုင်းတွင် ဘုရားရတနာရှိ၏။ ဘုရားရတနာသည် အထက် တစ်ယူဇနာ အောက် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ထွန်းကားလျှက်ရှိသည်။

ဘုရားရှင်ပေါ်ထွန်းခြင်းသည် ဒဏ္ဍာရီပုံပြင်မဟုတ်။ ဇာတ်နိပါတ်သမိုင်းကျမ်းဂန် အထောက် ထားများစွာရှိသည်။

ဘုရားရတနာ တည်ရှိနေပုံကို ဂေါတမ ဘုရားရှင်လက်ထက် မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ ဗာရာဏသီပြည်သို့ ကြွတော်မူစဉ် လမ်းခုလတ် တောဒေယျရွာ အနီးသို့အရောက် နတ်ကွန်းတစ်ခုတွင် ရှိခိုးဦးခိုက်နေသော ပုဏ္ဏားတစ်ဦးအား အကြောင်းပြု၍ မြတ်စွာဘုရားက ထိုပုဏ္ဏားအား ခေါ်ယူစေပြီး………

အိုပုဏ္ဏား၊ သင် ဤသို့ပူဇော်ခြင်းသည် ကောင်းသောကုသိုလ် လုပ်ငန်းကို အားထုတ်ခြင်း မည်ပါပေသည်ဟု ချီးမွမ်းစကား မြွက်ကြားတော်မူပါသည်။ ထိုအခါ ရဟန်းတို့က ဘုရားရှင်သည် ပုဏ္ဏားကြီးအား အဘယ့်ကြောင့် ချီးမွမ်းစကား မြွက်ကြားခဲ့သည်ကို ယုံမှားသံသယ ဖြစ်နေကြ၏။ထိုအခါ မြတ်စွာဘုရားက ထိုနတ်ကွန်းအောက် တစ်ယူဇနာအကွာတွင် နစ်မြုတ်နေသော ကဿပဘုရားရှင်၏ ရွှေစေတီကိုလည်းကောင်း၊ ကောင်းကင်၌ တည်ရှိသော အခြားသော ရွှေစေတီတို့ကိုလည်းကောင်း၊ ရဟန်းရှင်လှူ ပရိသတ်များစွာတို့အား ဖူးမြင်ပူဇော်နိုင်ရန် ဖန်ဆင်းပြတော်မူလေသည်။

ဘုရားရှင်၏ ဓါတ်တော်မွေတော်တို့သည် အနန္တစကြာဝဠာ၏ အထက်အောက် အရပ်မျက်နှာတို့တွင် ပျံ့နှံ့ တည်ရှိနေပါသည်ကို ဆိုလိုခြင်းဖြစ်ရာ ဖန်တီးပြခြင်းမဟုတ်၊ အရှိကို အရှိတိုင်းမြင်နိုင်စေရန် မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ပြတော်မူခြင်းဖြစ်ပါသည်။ အနန္တစကြာဝဠာ၊ အနန္တဘုရားသာသနာသည် ကမ္ဘာ့ကမ္ဘာ့များစွာကတည်းက တည်ရှိပြီးဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားသည် အရာဌာန တစ်ခုအား လက်အုပ်ချီမိုး၍ အာရုံပြုရှိခိုးပူဇော်ခြင်းသည် အလွန် လျော်ကန်သင့်မြတ်သော ပူဇော်ခြင်းလက္ခဏာသာ ဖြစ်ပါပေသည်။

မြတ်ဗုဒ္ဓဘုရားရှင် မိန့်ကြားခဲ့သော တောဒေယျ ပုဏ္ဏားကို အကြောင်းပြု၍ ကိုးကွယ်ဆည်းကပ်ခြင်း၊ ပူဇော်ကန်တော့ခြင်းတို့ကို လူတို့အဘယ့်ကြောင့်ပြုကြပါသနည်း။ အဘယ့်ကြောင့်အလေးအမြတ်ပြုကြပါသနည်း ဟူသည်ကို မဂ္ဂင်္ဂဒီပနီတွင် ဤသို့ ဖွင့်ဆိုထားပါသည်။

ကိုးကွယ်ဆည်းကပ်ခြင်းဆိုသည်ကား အားကိုးအားထားပြုမှု ဘေးဒုက္ခတို့မှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ပြုမှုတို့ဖြစ်သည်။ ပုထုဇဉ်လူသားတို့သည် လွတ်မြောက်ရာလွတ်မြောက်ကြောင်းတစ်ခုကို ရှာဖွေကြရာတွင် မိမိဒုက္ခဆင်းရဲမှ လွတ်ကင်းရာ အမှန်ကို လမ်းပြပေးနိုင်တော်မူသော ဆရာတစ်ဆူကို ကိုးကွယ်ဆည်းကပ်ရာဟု လူအများစုက ယုံကြည်စွဲမှတ်ကြ၏။ တနည်းဆိုရသော် ကိုးကွယ်ဆည်းကပ်ခြင်းသည် သံသရာ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းရာ လူချမ်းသာ နတ်ချမ်းသာ မြင့်မြတ်ရာ ဘုံဘ၀သို့ရောက်ရာ ရောက်ကြောင်း လမ်းပြပေးတော်မူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ကို ဆိုလိုခြင်းဖြစ်သည်။ လောကအလိုအားဖြင့် အသက်ရှည်ခြင်းကို အလိုရှိကြကုန်သော သူတို့သည် အစာအဟာရ တည်းဟူသော စားဖွယ်တို့ကို အားထားမှီခိုရာ ပြုကြ၏ အစာအာဟာရကို မှီဝဲကြ၏။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် အဟာရသည်သာ ကိုးကွယ်ရာဖြစ်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးသည်သာ ကိုးကွယ်ရာဖြစ်၏။ ဆေးဆရာကို အားကိုးအားထားပြုကြရ၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာခပ်သိမ်းတို့ကို မျှော်ကိုးကြရလေသည်။

ဆရာဝန်သည် လူနာတို့အတွက် ကိုးကွယ်အားထားရာဖြစ်သည် ဆေးကောင်းဝါးကောင်းသည် အနာရောဂါ ပျောက်ကင်းဆေးသည့်အတွက် လူနာတို့အတွက် အားကိုးအားထားစရာဖြစ်သည်။ ကိလေသာအမြိုက်ရှိကြကုန်သော လူသတ္တ၀ါတို့သည် အနာရောဂါရှိသူတို့နှင့် တူ၏။ ဘုရားရတနာသည် အနာရောဂါတို့၌ အလွန်လိမ္မာ ကျွမ်းကျင်သော အထူးကု ပါရဂူဆရာဝန်ကြီးနှင့်တူ၏။ သံဃာရတနာသည်လက်ထောက်ဆရာဝန်ကြီးများနှင့်တူ၏။ တရားရတနာသည် ဆေးကောင်းဝါးကောင်းနှင့်တူ၏။ ထို့ကြောင့် အနာရောဂါတည်းဟူသော ဘေးဒုက္ခမှ ပျောက်ကင်းလိုသူများသည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်ကြခြင်းဖြစ်သည်။

ကိုးကွယ်မှုဆိုသည်မှာ ယုံကြည်လေးမြတ် ရှိခိုးပူဇော်မှုကိုသာဆိုလိုသည်မဟုတ်။ အားကိုးအားထားပြုမှု ကိုးကွယ်ရာပြုမှု အလုံးစုံတို့သည် ကိုးကွယ်ရာအမှုချည်းပင်ဖြစ်သည် ဘုရားတရားသံဃာ မိဘဆရာသမားစသော မိမိထက် မြတ်သောသူတို့ကို ရှိခိုးပူဇော်၍ ကိုးကွယ်ဆည်းကပ်ကြသည် ယခုဘ၀၌ ပစ္စည်းဥစ္စာမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခကို ကြောက်ကြသဖြင့် ပစ္စည်းဥစ္စာတို့ကို ရစေနိုင်သော အသိအလိမ္မာ ဥာဏ်ပညာတည်းဟူသော ရတနာမြတ်သုံးပါး မိဘဆရာသမားတို့ကို အားကိုးအားထားပြုကြရသည်။

ဤကား သာမန်ပုထုဇဉ်တို့၏ အကျင့်ကောင်းဖြစ်သည်။ သာမန်ပုထုဇဉ်တို့ထက် မြတ်သော မြင့်သော အမျိုးကောင်း သားသမီးတို့သည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို နိဗ္ဗာန် မဂ်ဖိုလ် ရောက်ရန်ရရန်အထိ ရည်မှန်း၍ ကိုးကွယ်ဆည်းကပ်ကြခြင်း ဖြစ်ပါသည်။

ယခုအချိန်အခါသည် သာသနာသက္ကရာဇ် ၂၅၅၀ ကျော်ခဲ့ပြီး မိမိတို့ ဗုဒ္ဓဘာသာဝင်အများစုသည် ထိုမျှလောက်သော နှစ်များကို အလွန်ကြာမြင့်နေပြီထင်နေကြသည်။ တကယ်ဆိုလျှင် သက္ကရာဇ် (၂၅၅၀) ကျော်သည်။ ကြာမြင့်လှပြီဟု မဆိုသာသေးချေ တရုတ်ယဉ်ကျေးမှုသည် နှစ် (၅၀၀၀) ပြည့်ခဲ့ပြီ။ ရောမမြို့ကြီးသည် နှစ်ပေါင်း (၃၀၀၀) ပြည့်ခဲ့ပြီ။ ယနေ့ထက်တိုင် ဟိုတုန်းက လမ်းများပေါ်ဝယ် သွားလာနေကြဆဲဖြစ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသ၀င် အများစုသည် အချို့သော ဆရာတော်ကြီးများဟောပြောသကဲ့သို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့်မှ တိုးတက်လာမှု အင်မတန်နည်းပါးကြသည်။ မှတ်ပုံတင်ထဲမှာ ကိုးကွယ်သည့် ဘာသာနေရာတွင် ထည့်သွင်းဆရာ တစ်ခုအနေနှင့်သာ သဘောထားဟန်တူ၏။ ထို့အပြင် ဗုဒ္ဓဘာသာ အမည်ခံရုံနှင့် ဗုဒ္ဓဘာသာဖြစ်သည်ဟု ထင်နေကြသေး၏။ ဗုဒ္ဓဘာသာဝင်တိုင်းကိုလည်း ဗုဒ္ဓဘာသာဝင်ဟု အလွယ်တကူ ခေါ်ဆို၍မရပါ။

ထို့ကြောင့် မြတ်ဗုဒ္ဓသည် လူအများစု၏ မြတ်ဗုဒ္ဓအပေါ် မည်ကဲ့သို့ ကိုးကွယ်သက်ဝင်ယုံကြည်သည်ကို ပမာဏလေးမျိုးဖြင့် ခွဲခြား၍ ဟောတော်မူခဲ့သည် မိမိတို့ကိုယ်တိုင် မည်သည့်အမျိုးစားထဲတွင် ပါဝင်သည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ပမဏလေးမျိုး ပမာဏဟူသည် နှိုင်းယှဉ်ချက် နှိုင်းယှဉ်မှုလေးမျိုးဟုခေါ်သည်။ ထိုလေးမျိုးကို မြတ်ဗုဒ္ဓက ဤသို့ ဟောတော်မူခဲ့ပါသည်။

(၁)ရူပ

ပမာဏာ ရူပပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ရူပကာယ အဆင်းတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေအတွက် နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ရူပပမာဏဆိုသည်ကား လက္ခဏာတော်ကြီး (၃၂) သွယ် (၈၀) သောလက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာအသွင် ဆင်ယင်အပ်သော ၀ဏ္ဏယတန တည်းဟူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယအဆင်းတော်ကို ဖူးတွေ့ကြကုန်သူ သတ္တ၀ါအပေါင်းတို့တွင် (သုံးပုံအနက် နှစ်ပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။


(၂) ဃောသပမာဏ

ဃောသပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်၏။ ဃောသပမာဏဆိုသည်ကား အင်္ဂါ(၈)ဖော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်ကို ကြားကြကုန်သော သတ္တ၀ါအပေါင်းတို့သည် (ငါးပုံအနက် လေးပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။

(၃)လုခပမာဏ

လုခပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ခေါင်းပါးသော အကျင့်မြတ်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါ အရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ လုခပမာဏဆိုသည်ကား ခြိုးခြံခေါင်းပါးစွာ ကျင့်သောဘုရားရှင်ကိုယ်တော်မြတ်၏ အကျင့်မြတ်ကို မြင်တွေ့ သိရှိကြကုန်သောသတ္တ၀ါအပေါင်းတို့တွင် (တစ်ဆယ်အနက် ကိုးပုံ) သည် အလွန်လျှင် ကြည်ညိုမြတ်နိုးကြကုန်၏။

(၄) ဓမ္မပမာဏ

ဓမ္မပမာဏသည် ဘုရားရှင်ဟောကြားတော်မူအပ်သော တရားတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ဓမ္မပမာဏဆိုသည်ကား ဘုရားရှင်ကိုယ်တော်မြတ် ဟောပြော ဆုံးမတော်မူအပ်သော တရားတော်ကို ကြားနာကြကုန်သော သတ္တ၀ါအပေါင်းတို့တွင် ( တစ်ထောင်ပုံအနက် တပုံ) တနည်း တစ်ထောင်တွင် တစ်ယောက်သာကြည်ညိုနိုင်၏။ လက်ခံသိမ်းပိုက်နိုင်၏ ကြွင်းသော(၉၉၉) ယောက်တို့သည်ကား မကြည်ညို မမြတ်နိုး မလိုက်နာ မသိမ်းပိုက်နိုင်ကြကုန်။ မ တစ်ထောင် တစ်ကောင်ဘွား ဆိုတာထိုစကားပင်ပြောသည်ထင်၏။ ယခုအခါသည် မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သော အချိန်မှစ၍ နှစ်ပေါင်း (၂၆၀၀) ပြည့်ရန် (၂)လကျော်ခန့်သာ လိုပါတော့သည်။

ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်ဗုဒ္ဓ၏ နှစ်ပေါင်း (၂၆၀၀) ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို မည်သို့ ပြုလုပ်သင့်သည် ကြိုဆိုသင့်သည်ကို အမှတ်တရ ပြုလုပ်ဆောင်ရွက်နိုင်ရန် သတိပေး နှိုးဆော် ရေးသားလိုက်ရပါသည်။

စာရေးသူ-အောင်မြင့်မြတ်(ပြည်ရွှေဘို)

အမှတ်စဉ်(၉၂) ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်၊ သောကြာနေ့တိုင်းထုတ်ဝေသော ဘုန်းရောင် ဂမ္ဘီရဂျာနယ် မှတင်ပြပါသည်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP