* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, February 12, 2011

*ကျောင်းကိုပေးလှူ လှူခံသူ ရယူအကျိုး (၁၇)မျိုး*

2/12/2011 တောသားလေး , Posted in , 1 Comment

၁။ အတွင်း အပ နှစ်ဌာန၌ နှိပ်စက်တတ်သော အအေးဥတုကို ကာကွယ်နိုင်ခြင်း။
၂။ တောမီးလောင်ရာအခါ စသည်တို့၌ ဖြစ်တတ်သော အပူဥတုကို ရှောင်ရှားနိုင်ခြင်း။
၃။ ခြင်္သေ့ သစ် ကျား စသော သားကောင်တို့၏ ဘေးရန်တို့မှ ကာကွယ်နိုင်ခြင်း။
၎။ မြွေ ကင်း စသော တွားသွား သတ္တ၀ါတို့၏ ဘေးရန်တို့မှ ကာကွယ်နိုင်ခြင်း။
၅။ မှက် ခြင်တို့၏ ဘေးရန်မှ ကာကွယ်နိုင်ခြင်း။
၆။ မိုးသက်လေပြင်းတို့ မကျရောက်အောင် ကာကွယ်နိုင်ခြင်း။
၇။ အခါမလပ် တရစပ် ရွာသွန်းတတ်သည့် မိုးရေတို့ကို ကာကွယ်တားဆီးနိုင်ခြင်း။
၈။ နွေလအခါတို့၌ ဖြစ်ပေါ်လေ့ရှိသော လေမုန်တိုင်းနှင့်တကွ နွေနေပူကို ကာကွယ်နိုင်ခြင်း။
၉။ အာရုံကောင်းတို့ဖြင့် ကိန်းအောင်းမွေ့လျော် စံပျော်နိုင်ခြင်း။
၁၀။ ဆိုခဲ့သမျှ ဘေးရန်တို့မှ ကင်းစင်သဖြင့် အေးမြချမ်းသာစွာ နေထိုင်ရခြင်း။
၁၁။ သမထတရား ရှု့ပွားအားထုတ်နိုင်ခြင်း။
၁၂။ ရုပ် နာမ် ဓမ္မ သင်္ခါရတို့၌ အနိစ္စ စသည်ဖြင့် ၀ိပဿနာတရား ရှု့ပွားနိုင်ခြင်း။
၁၃။ နံနက်အခါ၌ ဆွမ်းဘောဇဉ် ညနေအခါ၌ ဆေးအဖျော်တို့ဖြင့် လှူဒါန်းရခြင်း။
၁၄။ သင်္ကန်းပရိက္ခရာ အိပ်ရာ နေရာတို့ကို လှူဒါန်းရခြင်း။
၁၅။ ရုပ်နာမ်နှစ်ဖြာ လေးသစ္စာဝယ် မှန်စွာသိကြောင်း တရားပေါင်းကို ကြားနာရခြင်း။
၁၆။ ကြားနာထားသမျှ တရားဒေသနာ အပေါင်း၌ တရားထိုးထွင်း သိမြင်ခြင်း။
၁၇။ အဆုံး၌ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ကာ ရွှေပြည်နိဗ္ဗာန် ၀င်စံရခြင်းတို့ ဖြစ်ပါသည်။
ဝိနည်းဒေသနာတော်
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

‘ဒုက္ခသစ္စာ’နှင့် ‘ဒုက္ခသစ္စာ၌သစ္စဉာဏ်’ ဘာသာပြန်

ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို အလွန်လေးစားသော ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ် ကိုးကွယ်လေ့ရှိသူ ဦးသာဝင်းသည် ဗုဒ္ဓမြတ်စွာ ရှေးဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့ကို ပါဠိ-မြန်မာ-အင်္ဂလိပ် ဘာသာတို့ဖြင့် တစ်အုပ်တည်း ပေါင်းကာ ထုတ်ဝေလိုသဖြင့် အင်္ဂလိပ်ဘာသာသို့ အသစ်တဖန် ဘာသာပြန်ရန် ဆရာကြီး ဦးဖေမောင်တင်အား တောင်းပန်ခဲ့ပြီး၊ ယခု ၂၀၁၁ ခုနှစ်မှ ပြန်၍ ရေတွက်သော် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဦး၊ လယ်တီဆရာတော်ဘုရားကြီး၏ ၁၈၉၄ ခုနှစ် (သက်တော် ၄၈၊ ဝါတော် ၂၈)တွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ သိလွယ် ထင်လွယ် မြင်လွယ် သဘောပေါက်လွယ်သော မြန်မာဘာသာပြန်၊ ဆရာကြီး ဦးဖေမောင်တင်၏ ၁၉၇၃ ခုနှစ် (အသက် ၈၅ နှစ်)တွင် ပါဠိဘာသာကို အခြေခံလျက် လယ်တီဆရာတော်ဘုရားကြီး၏ မြန်မာပြန်ကို အင်္ဂလိပ်ဘာသာပြန် တို့ကို ပေါင်း၍ ပုံနှိပ် ထုတ်ဝေခဲ့သည်။

ဆရာကြီးဦးဖေမောင်တင်က သူ၏ ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော် အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြရမည်ဟု ဦးသာဝင်းအား မှာကြားထားခဲ့၏။

ဦးသာဝင်းလည်း ဆရာကြီးဦးဖေမောင်တင် ဘာသာပြန်ခဲ့ပုံ သူ့အတွေ့အကြုံများကိုပါ ဆရာတော်အရှင်သေဋ္ဌိလအား လျှောက်ထား တင်ပြခဲ့ရာ သူ၏ “ကတညုတမင်္ဂလာ ကျေးဇူးဆက်လွှာ”တွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြထားလေသည်။

+++++

..... ဆရာကြီး ဦးဖေမောင်တင်သည် လယ်တီဆရာတော် မြန်မာပြန် ဗုဒ္ဓ၏တရားဦးကို စူးစူးစိုက်စိုက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေသည့်အခိုက်တွင် -

“ဟေ့လူ .. ကြည့်စမ်းဗျာ၊ ဆရာတော်ဘုရားကြီး ဘာသာပြန်တာဟာ ဘယ်လောက်ချစ်စရာကောင်းသလဲ၊ ‘ဇာတိပိဒုက္ခာ’ ‘ပဋိသန္ဓေနေရခြင်းဆင်းရဲ’ဆိုတာမှာ အဖန်ဖန်ဆိုတဲ့ စကားလုံးကို ဖြည့်စွက် ထည့်ပေးလိုက်တယ်။ ‘ဇာတိပိဒုက္ခာ’ဆိုတဲ့ ပါဠိမှာ အဖန်ဖန်ဆိုတာ မပါလေတော့ ကျုပ်မှာ စဉ်းစားရ ခက်သွားတယ်။ နောက်တော့မှဗျာ .. ‘အနေက ဇာတိ သံသာရံ’ထဲက ‘ဒုက္ခာဇာတိ ပုနပ္ပုနံ’ကို သွားတွေ့လိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် သဘောပေါက်သွားတယ်ဗျာ။ ဆရာတော်ဘုရားကြီးဟာ ဘာသာပြန်ရင်းမှ ခင်ဗျားတို့ ကျုပ်တို့ကိုပါ တရားဟောတော်မူသွားတယ်။

ပဋိသန္ဓေနေရခြင်းဆင်းရဲဆိုတာ အခုဘဝ ပဋိသန္ဓေနေရလို့ ဆင်းရဲတယ်ဆိုတာကိုသာ ပြောတာမဟုတ်ဘူး။ ၃၁ ဘုံထဲက မထွက်သေးသမျှ ကာလပတ်လုံး အဖန်ဖန် ခဏခဏ ပဋိသန္ဓေနေရတဲ့အတွက် ဆင်းရဲတာကို ပြောတာလို့ ဆိုခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ။ ကောင်းလိုက်တာဗျာ” ဟူ၍လည်း ဆရာကြီးက လယ်တီဆရာတော်ဘုရားကြီးကို ချီးကျူး ထောမနာစကား မကြာခဏပင် ပြောကြားလေ့ရှိပါသည်။

ကျွန်တော် မှတ်ထားမိပါသည်။
၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖြစ်ပါသည်။

“ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ - ချစ်သား ရဟန်းတို့ ... ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီး တစ်ပါး ဟူ၍” ဤစာပိုဒ်နှင့် ပတ်သက်၍ ဘာသာပြန်ခဲ့စဉ်က ဖြစ်ပါသည်။

ဆရာကြီးက ကျွန်တော့်အား ‘ဟူ၍’ ၏ ရှေ့နောက် စကားဆက်များကို ထပ်ပြန်တလဲလဲ အဖတ်ခိုင်းပါသည်။

အခြားအခြားသော ရှေးဆရာတော်ကြီးများ၏ ဘာသာပြန်စာမူများကိုလည်း ဆရာကြီးက ကျွန်တော့်အား အပြန်ပြန် အလှန်လှန် ခေါက်တုံ့ခေါက်ပြန် အဖတ်ခိုင်းလိုက်၊ စဉ်းစားလိုက် ဖြစ်နေပါသည်။

ထိုနေ့တွင် ဆရာကြီးသည် ရှေ့ဆက်၍ ဘာသာပြန်ခြင်း မပြုတော့ဘဲ ရပ်နားထားလိုက်ပါသည်။
ညနေပိုင်းရောက်သောအခါ ဆရာကြီးသည် ကျွန်တော့်အိမ်တွင် ခါတိုင်းကဲ့သို့ ထမင်းသုံးဆောင်ပြီးမှ ပြန်သွားပါသည်။ အိမ်ရောက်တော့လည်း ‘ဟူ၍’ကပင် လှုံ့ဆော် နှိုးဆွလိုက်ဟန်တူပါသည်။ မိမိနေအိမ်မှ တက္ကသိုလ်ကျောင်းဝင်းသို့ ကူးသွားပြီး ကျောင်းဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ‘ဟူ၍’ကိုပင် စဉ်းစားနေပါသည်။ မောသည့်အခါ ကံ့ကော်ပင်အောက်က ခုံတန်းလျားပေါ် ထိုင်၍ ‘ဟူ၍’ကိုပင် ကမ္မဋ္ဌာန်းရှုသလို ရှုပြန်သည်။

‘ဟူ၍’ ..... ‘ဟူ၍’ ..... ‘ဘာဟူ၍လဲ?’

‘ဟူ၍’က ဘာကို ဆိုလိုတာလဲ?

အဖြေကား ထွက်မလာ။

သို့နှင့်ပင် ‘ဟူ၍’နှင့် ဇွဲလုံ့လကြီးသော ဆရာကြီး၊ ဆရာကြီးနှင့် ‘ဟူ၍’မှာ ခွဲမရအောင် နှလုံးသားတွင် စွဲငြိနေသည့်အလျောက် -
လမ်းလျှောက်ရာမှာလည်း ‘ဟူ၍’စိတ်၊
ထိုင်နေရင်းလည်း ‘ဟူ၍’စိတ်၊
အိပ်ရာဝင်လည်း ‘ဟူ၍’စိတ်၊
ထို‘ဟူ၍’စိတ်သည် အိပ်ရာဝင်သည်အထိ ဆရာကြီးအား နှိပ်စက် မင်းမူနေပါလေ၏။

ညဥ့်သန်းခေါင်ကျော် တစ်ချက်တီးအချိန်လောက်တွင် ဆရာကြီးသည် အတွေးအာရုံ ရင်တွင်းမှ ပွင့်ထွက်ပြီး နှုတ်မှ တတွတ်တွတ် အသံထွက်အောင် ရွတ်နေမိစဉ် ဆရာကြီးကတော် ဒေါ်ကြည်ကြည်က -
“ရှင့် ပါဠိတွေ ဦးသာဝင်းအိမ်ကျမှ ရွတ်ပါ။ အခုတော့ အိပ်ပျော်အောင် အိပ်လိုက်ပါဦး”ဟု ပြောလာတော့မှ သတိရကြောင်း၊ နောက်နေ့နံနက် ကျွန်တော့်ကို ဆရာကြီးက ‘ဟူ၍’ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြပါသည်။ လယ်တီဆရာတော်ဘုရားကြီး ဆိုလိုချက် အနက်အဓိပ္ပာယ်ကို မည်သို့မည်ပုံ သဘောပေါက်ခဲ့၍ တစ်ညလုံး ဝမ်းသာမဆုံး ဖြစ်ခဲ့ရပုံ၊ ကိုယ်တွေ့ ဝမ်းသာပီတိ ဖြစ်ခဲ့ရပုံများကို လှိုက်လှဲစွာ ပြောပြပါသည်။

ထိုနေ့ နံနက်မှ စ၍ ‘ကရားရေသွန်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး’ဆိုသကဲ့သို့ ဆရာကြီးသည် မပြတ်မလတ် တရစပ် ဘာသာပြန်ပါလေတော့သည်။
ထိုနေ့၌ ဆရာကြီး၏ ဘာသာပြန်ဆိုချက်ကို ကျွန်တော်က မှီအောင် လိုက်ရေးရသည့် အဖြစ်အပျက်မှာ ကျွန်တော့်တစ်သက် မေ့ရက်နိုင်စရာ မရှိတော့ပါ။

ထိုနေ့ညနေ၌ပင် ဆရာကြီးသည် ဓမ္မစကြာစောင်တွဲကို အပြီးသတ် ပြန်ဆိုလိုက်ပြီး သူ၏လက်မှတ်အောက်တွင် ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟု မှတ်မှတ်သားသား ရက်စွဲတပ်ထားလိုက်ပါသည်။

ဆရာကြီးသည် ဗုဒ္ဓ၏တရားဦးကို ဘာသာပြန်ဆိုပြီးနောက် သံဃရာဇာ မောင်းထောင်သာသနာပိုင် ဆရာတော်ဘုရားကြီး ၁၈၇၃ ခုနှစ်တွင် ရေးသားပူဇော်သော ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုး ထောမနာ ၁၂ ဂါထာကို ဆက်လက် ပြန်ဆိုပြီးကာ၊ ပထမ ရွှေကျင်နိကာယ သာသနာပိုင် ရွှေကျင်ဆရာတော်ဘုရားကြီး၏ ၁၈၈၃ ခုနှစ်က ရေးသားတော်မူခဲ့သော ဝိစိတြဝန္ဒနာကို ဆရာကြီး၏ ပါဠိဆရာ ဂျိမ်း(စ်)ဂရေး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီးသော်လည်း စာအုပ်မှာ ရှာမတွေ့ရတော့သဖြင့် မိမိကိုယ်တိုင် ဘာသာပြန်မည်ဟု ပြန်နေဆဲ ဂါထာ ၇၅ ဂါထာအနက် ၅၅ ဂါထာအထိ ပြန်ဆိုပြီး၊ အသက် ၈၆ နှစ် မွေးနေ့ဆင်နွှဲရန် တစ်လသာလိုတော့သော ၁၉၇၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ (ဆရာကြီးကို ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့သည်) နံနက်တွင် ဆရာကြီး ပြန်ဆိုခဲ့သည့် ပါဠိတော်မှ ‘မရဏမ္ပိ ဒုက္ခံ’အရ ဆရာကြီးဘသက်ရှည်သည် လောကမှ စွန့်ခွာခဲ့ရလေပြီတကား။ လောဘ၊ ဒေါသ၊ မောဟ၊ မာနဟူ၍ မရှိဘိအလား ပကတိစင်ကြယ်၍ သဘောပြည့်ဝလှသော ကျေးဇူးရှင်ဆရာကြီးအား ဦးနှိမ်ရိုကျိုး အကြိမ်ကြိမ် ရှိခိုးကန်တော့လိုက်ပါ၏။

တပည့်တပန်းအားလုံးနှင့် လောကသားအားလုံးတို့အား မိမိတတ်သလို တတ်စေလို၊ မိမိသိသလို သိစေလို၊ မိမိမြင်သလို မြင်စေလိုသော စေတနာ့ရှင် ဆရာကြီးဦးဖေမောင်တင်သည် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မြန်မာပြန်ဆိုသော ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီးမှ ကူးယူလျက် ဗုဒ္ဓဘာသာ ကမ္ဘာသူ ကမ္ဘာသားတို့ ကြည်နူးရွှင်ပျ ကျက်စားနိုင်ကြစေရန်အလို့ငှာ ‘ကမ္ဘာသုံး ဗုဒ္ဓစာပေမီးရှူးတိုင်ကြီး’အဖြစ် ထွန်းညှိပေးခဲ့လေသည်။

ဤသို့အားဖြင့် ဆရာကြီးသည် ‘ဗုဒ္ဓ၏တရားဦး မီးရှူးတိုင်ကြီး’ကို ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ခန့်ညားစွာ စိုက်ထူလျက် ဗုဒ္ဓ၏ တရားဦးရောင်ခြည်တော်ကို ကမ္ဘာ့ပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပစေခဲ့ပါပြီကော ...။

အဟောပမောဒိတံ - သြော် ... ဝမ်းမြောက်ဖွယ် ကောင်းလေစွ၊ ဝမ်းမြောက်ဖွယ် ကောင်းလေစွ။

တစ်နေ့သောအခါတွင် ဆရာကြီးနှင့် ကျွန်တော်တို့သည် ကမ္ဘာ့သာသနာပြု အဘိဓမ္မာကထိက အဂ္ဂမဟာပဏ္ဍိတ ပဌမကျော် အရှင်သေဋ္ဌိလဆရာတော်ကို သွားရောက် ဖူးမြော်ကြရင်း ဘာသာပြန်ကိစ္စကို ဆရာတော်နှင့် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းမှအပြန်တွင် မိမိ၏ဘာသာပြန်ကို ပြင်လိုရာ ပြင်နိုင်ရန် ဆရာတော်အား လျှောက်ထားတင်ပြရမည်ဟု ဆရာကြီး မှာထားခဲ့သည်အရ ကျွန်တော်၏ ဆရာတော်အရင်းလည်းဖြစ်သော ဆရာတော် အရှင်သေဋ္ဌိလအား ဆရာကြီးနှင့် ဘာသာပြန်ခဲ့ပုံ အတွေ့အကြုံအလုံးစုံကို လျှောက်ထား တင်ပြခဲ့ပါသည်။

ဆရာတော်က ... “ဒီအတိုင်းဆိုရင် ဆရာကြီး ကံကောင်းသွားပြီ ထင်တယ်။ ရှေးဆရာတော်ကြီးတွေ တော်တော်များများဟာ အသက်ကြီးပြီး ပျံလွန်တော်မူခါနီးမှာ ဓမ္မစကြာနှင့် တရားထူးရသွားတာ တော်တော်များများ ရှိတယ်”ဟု မိန့်တော်မူပါသည်။
ဆရာတော် အမိန့်ရှိတော်မူသည့်အတိုင်း ဆရာကြီး ကံကောင်းပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ .....။

+++++

ဓမ္မစကြာမှ ‘ဒုက္ခသစ္စာ’ ပါဠိတော်နှင့် ‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’ ပါဠိတော်တို့ကို ဆရာတော်ကြီးများ၏ ဘာသာပြန်များနှင့် ဆရာကြီးဦးဖေမောင်တင်၏ အင်္ဂလိပ်ဘာသာပြန်တို့ကိုလည်း ကောက်နုတ် ဖော်ပြပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် နိုင်ငံခြားသားများအား ဒုက္ခသစ္စာအကြောင်း ရှင်းလင်း သင်ကြားပို့ချရာ၌ မိုးမျှော် ၃၁-ထပ်တိုက် ဥပမာကို ဆောင်၍ ပြလေ့ရှိရာ ... ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ပါတယ်ဟု ပြောဆိုလာကြသည်ထိ အထူးနှစ်ခြိုက်ကြကြောင်း သိရ၏။ ထိုအကြောင်း ဆောင်းပါးကို ဆရာကြီးမကွယ်လွန်မီ အင်္ဂလိပ်လို ရေးသားခဲ့ပြီး၊ ဦးညိုမြက ရန်ကုန်မြို့ အမေရိကန်ပြန်ကြားရေးဌာနမှ ၁၉၈၀ ခုနှစ်တွင် ထုတ်ဝေသော ‘ရွှေလမ်းငွေလမ်း၊ အမေရိကန်-မြန်မာ ဆက်ဆံမှုမှတ်တမ်း’တွင် မြန်မာဘာသာပြန် ဖော်ပြခဲ့သည်။

+++++

‘ဒုက္ခသစ္စာ’

ပါဠိတော်

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာဓိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ - ရဟန်းတို့။ ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ -ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဇရာပိ - ဆိုးရွားဟောင်းမြင်း အိုမင်း ရင့်ရော်ရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဗျာဓိပိ - ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ မရဏံပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ အပ္ပိယေဟိ - မချစ်မနှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရြ၏။ ပိယေဟိ - ချစ်နှစ်လိုအပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်း ကင်းကွာ ရှဲခွာ ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲ၏။ ယံ ပိစ္ဆံ - အကြင် ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွ စသည်ဖြင့် တောင့်တခြင်းကို။ န လဗ္ဘတိ - မရအပ်။ တံ ပိ - ထိုတောင့်တတိုင်း မရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။ သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ - ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ - ဆင်းရဲ၏။
ဣဒံ ခေါ ပန ဓမ္မဇာတံ - ဤဇာတိ အစရှိသော တရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယာတို့သည် သိအပ်သော သစ္စာ မည်၏။

မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ ... ဤဆင်းရဲခြင်းသဘောဟု ဆိုအပ်သော မဖောက်မပြန် မှန်ကန်သော အရိယသစ္စာတရားသည် ရှိ၏။
(အဖန်ဖန်) ပဋိသန္ဓေနေရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) အိုရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) နာရမှုကြီးသည် ဆင်းရဲ၏။
(အဖန်ဖန်) သေရမှုကြီးသည် ဆင်းရဲ၏။
မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်း ခွဲခွာ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
အကြင် တောင့်တခြင်း အလိုရှိခြင်းကိုလည်း မရ။ ထိုလိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရမှုကြီးသည်လည်း ဆင်းရ၏။
အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာ ဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဆင်းရဲအစစ်တို့သာတည်း။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ - ချစ်သား ရဟန်းတို့။ ဣဒံ ခေါ ပန - ဤဆိုလတ္တံ့သည်ကား။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။
ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲ၏။
ဇရာပိ - အိုရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲ၏။
ဗျာဓိပိ - နာရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။
မရဏံပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲ၏။
အပ္ပိယေဟိ - မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူယှဉ်တွဲ၍ နေရခြင်းသည်။ ဒုက္ခော - ဆင်းရဲ၏။
ပိယေဟိ - နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်းရခြင်းသည်။ ဒုက္ခော - ဆင်းရဲ၏။
ယံ ပိစ္ဆံ - အကြင် တောင့်တခြင်းကို။ န လဘတိ - မရ။ တံ ပိ - ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။ (ဝါ - ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း။) ဒုက္ခံ - ဆင်းရဲ၏။
သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ - ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။ ဒုက္ခာ - ဆင်းရဲကုန်၏။
ဣဒံ - ဤဇာတိစသော တရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။

မြန်မာ (မဟာစည်ဆရာတော်)

ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။
ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်။
အိုခြင်းလည်း ဆင်းရဲပင်။
နာခြင်းလည်း ဆင်းရဲပင်။
သေခြင်းလည်း ဆင်းရဲပင်။
မချစ်မနှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်။
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံ ဝတ္ထုများ, ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်။
အလိုရှိတာကို မရခြင်း၊ မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်။
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဣဒံ ခေါ ပန - ဤဆိုအပ်လတ္တံ့သော အကြောင်းအရာသည်ကား။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယာဖြစ်အောင် ဆောင်ရွက်နိုင်သော အရိယသစ္စာတရားပေတည်း။
ဇာတိပိ - ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲကြောင်း စင်စစ်ဧကန် အမှန်ပင် ဖြစ်တော့သတည်း။
ဇရာပိ - ရွတ်တွယိုယွင်း အိုမင်းရခြင်းသည်လည်း။ ဒုက္ခာ - ဆင်းရဲကြောင်း အစစ် ဖြစ်ပြန်တော့သတည်း။
ဗျာဓိပိ - မကျန်းမမာ ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
မရဏမ္ပိ - တစ်ဘဝကို စွန့်ခွာ၍ သေရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - အတူတကွ ပေါင်းသင်းနေထိုင်ရ အတူတကွ တွေ့ကြုံ၍ နေရခြင်းသည်။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
ပိယေဟိ - ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပုဂ္ဂိုလ်သတ္တဝါ, ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပစ္စည်းဥစ္စာတို့နှင့်။ ဝိပ္ပယောဂေါ - ခွဲခွာ၍ နေရခြင်း, ကွေကွင်း၍ နေရခြင်းသည်လည်း။ ဒုက္ခော - ဆင်းရဲကြောင်းပေတည်း။
ယံ - အကြင်အရာဝတ္ထုကို။ ဣစ္ဆံ (ဣစ္ဆန္တော) - အလိုရှိပါလျက်။ န လဘတိ - မရ။ တမ္ပိ - ထို လိုတာကို မရခြင်းသည်လည်း။ ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
သံခိတ္တေန - အကျဉ်းချုပ်အားဖြင့်။ ပဉ္စ - ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာ - ဥပါဒါန်စွဲလမ်း၍ နေရာဖြစ်သော ရုပ်နာမ်ခန္ဓာ မှန်သမျှတို့သည်။ ဒုက္ခာ - ဆင်းရဲကြောင်း အစစ်တို့ပေတည်း။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ - ရဟန်းတို့။ ဣဒံ ခေါ ပန - ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ - အရိယာတို့၏ အမှန်တရားဖြစ်သည့် ဒုက္ခအရိယသစ္စာတည်း။
ဇာတိပိ - ပဋိသန္ဓေတည်နေရခြင်းသည်လည်း။ ဒုက္ခာ - ဒုက္ခတည်း။
ဇရာပိ - အိုရခြင်းသည်လည်း။ ဒုက္ခာ - ဒုက္ခတည်း။
ဗျာဓိပိ - ဖျားနာရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
မရဏမ္ပိ - သေရခြင်းသည်လည်း။ ဒုက္ခံ - ဒုက္ခတည်း။
အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ သမ္ပယောဂေါ - ပေါင်းဖော် ယှဉ်တွဲ၍ နေရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
ပိယေဟိ - ချစ်နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ - ကွေကွင်းရခြင်းသည်လည်း။ ဒုက္ခော - ဒုက္ခတည်း။
ယမ္ပိစ္ဆံ - အကြင် အလိုရှိအပ်သော အရာကို။ န လဘတိ - မရ။ တမ္ပိ - ထိုအလိုရှိအပ်သော အရာကို မရရှိခြင်းသည်လည်း။ ဒုက္ခံ - ဒုက္ခတည်း။
သံခိတ္တေန - အကျဉ်းအားဖြင့်။ ပဉ္စုပါဒါနက္ခန္ဓာ - ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်။ ဒုက္ခာ - ဒုက္ခတို့တည်း။

English (U Pe Maung Tin)

And this, Bhikkhus, is the Noble Truth about suffering.
Birth is suffering,
Old age is suffering,
Illness is suffering,
Death is suffering,
Association with those we do not love is suffering,
Separation from those we love is suffering,
Not to get what one desires is suffering,
In brief, the five aggregates of clinging are suffering.

+++++

‘ဒုက္ခသစ္စာ၌ သစ္စဉာဏ်’

ပါဠိတော်

ဣဒံ ဒုက္ခံ အရိယသစ္စန္တိမေ ဘိက္ခဝေ၊
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု၊
စက္ခုံဥဒပါဒိ
ဉာဏံဥဒပါဒိ
ပညာဥဒပါဒိ
ဝိဇ္ဇာဥဒပါဒိ
အာလောကောဥဒပါဒိ။

ပါဠိ-မြန်မာ (ဆရာတော်ဦးဗုဓ်)

ဘိက္ခဝေ - ရဟန်းတို့။ ဣဒံ - ဤတဏှာကြဉ်သော တေဘူမကတရားသည်။ ဒုက္ခံ - ဒုက္ခဖြစ်သော။ အရိယသစ္စံ - အရိယသစ္စာ မည်၏။ ဣတိ - ဤသို့။ မေ မယာ - ငါဘုရားသည်။ ပုဗ္ဗေ - ဘုရားဖြစ်သည်မှ ရှေး၌။ အနနုဿုတေသု - မကြားစဖူးကုန်သော။ ဓမ္မေသု - သစ္စာတရားတို့၌။ စက္ခုံ - ဒုက္ခသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ဉာဏံ - ဒုက္ခသစ္စာကို သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ပညာ - ဇာတိဒုက္ခ စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ ဝိဇ္ဇာ - ဒုက္ခသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။ အာလောကော - ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်၏။

မြန်မာ (လယ်တီဆရာတော်)

ချစ်သား ရဟန်းတို့ ... “ဤတေဘုမ္မက ဝဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန်ဖြစ်သော အရိယသစ္စာကြီးတစ်ပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဖူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
ထိုးထွင်းသိတတ် ဝိဇ္ဇာဓာတ်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။
မောဟမှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှား ဖြစ်ပေါ်၍ လာ၏။

ပါဠိ-မြန်မာ (ညောင်လေးပင်ဆရာတော်)

ဘိက္ခဝေ - ချစ်သား ရဟန်းတို့။ ဣဒံ - ဤဘုံသုံးပါး၌ ကျင်လည်သော တရားအပေါင်းသည်။ ဒုက္ခံ အရိယသစ္စန္တိ - ဒုက္ခသစ္စာ မည်၏ ဟူ၍။ မေ - ငါသည်။ ဝါ၊ ငါအား။ ပုဗ္ဗေ - (ဘုရားဖြစ်သည်မှ) ရှေး၌။ အနနုဿုတေသု - မကြားအပ်စဖူးကုန်သော။ ဓမ္မေသု - သစ္စာလေးပါးတို့၌။ စက္ခုံ - ပညာမျက်စိသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ဉာဏံ - သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ပညာ - အပြားအားဖြင့် သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ ဝိဇ္ဇာ - ထိုးထွင်း၍ သိခြင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။ အာလောကော - မောဟမှောင်ပယ်ခွင်းသော ပညာရောင်အလင်းသည်။ ဥ-ဒပါဒိ - ထင်စွာ ဖြစ်ပြီ။

မြန်မာ (မဟာစည်ဆရာတော်)

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ... ရဟန်းတို့။

ပါဠိ-မြန်မာ (အရှင်ဇနကာဘိဝံသ)

ဘိက္ခဝေ - ပဉ္စဝဂ္ဂီအမှူးရှိသော နတ်ဗြဟ္မများတို့။ ဣဒံ - ဤတဏှာမှတပါးသော တေဘူမက ရုပ်နာမ်တရားအားလုံးသည်။ ဒုက္ခံ - စင်စစ်ဧကန် ဆင်းရဲမှန်သော။ အရိယသစ္စံ - အရိယသစ္စာတည်း။
ဣတိ - ဤသို့။ မေ - ငါဘုရားမှာ။ ပုဗ္ဗေ - ရှေးအခါကာလတုန်းက။ အနနုဿုတေသု - ကြားမျှ မကြားအပ်ဖူးကုန်သော။ (အနနုဿုတေသု - ဆရာတစ်ပါး ဟောသည့်အတွက် ကြားမျှ မကြားရဖူးကုန်သော။) ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌။ စက္ခု - ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော ဉာဏ်စက္ခုသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ဉာဏံ - ဇာတိ, ဇရာ, ဗျာဓိ, မရဏက စ၍ ဤခန္ဓာကိုယ်ကောင်သည် ဒုက္ခသာဟု သိမြင်တတ်သော ဉာဏ်သည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ပညာ - အမျိုးမျိုး အဖုံဖုံ သိနိုင်သော ပညာသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ဝိဇ္ဇာ - ထိုးထွင်း၍ သိတတ်သော ဉာဏ်ဝိဇ္ဇာသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
အာလောကော - မောဟအမှောင်ကို ပယ်ဖျောက်နိုင်သော ဉာဏ်ရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။

ပါဠိ-မြန်မာ (ဖားအောက်ဆရာတော်)

ဘိက္ခဝေ - ရဟန်းတို့။ “ဣဒံ - ဤတရားသည်ကား။ ဒုက္ခံ အရိယသစ္စံ - ဒုက္ခအရိယသစ္စာတည်း”။ ဣတိ - ဤသို့။ မေ - ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ - ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု - မကြားအပ်စဖူးကုန်သော။ ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ - ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ - ဒုက္ခသစ္စာကို ထိုးထွင်း သိတတ်သော ဉာဏ်သည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ - ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ - ဒုက္ခသစ္စာကို ထွင်းဖောက် သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော - ဒုက္ခသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။

English (U Pe Maung Tin)

Among things, Bhikkhus, not heard of before by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF SUFFERING.”

+++++
စာကိုး
၁။ “ဗုဒ္ဓမြတ်စွာ၏ တရားဦး” - (ပါဠိ-မြန်မာ-အင်္ဂလိပ်)
၂။ “ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)၊ မောင်သွေးသစ်နှင့် မောင်ဇေယျာ ပြုစုသည်။
၃။ “မဟာဓမ္မစကြာအရသာ” - ညောင်လေးပင်ဆရာတော်
၎။ “ဓမ္မစကြာ” - မဟာစည်ဆရာတော်
၅။ “ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်” - အရှင်ဇနကာဘိဝံသ
၆။ “ဓမ္မစကြာနှင့် ဝိပဿနာတရားတော်” - ဖားအောက်ဆရာတော်
0 comments

Read more...

သိမ်နှုတ်မင်္ဂလာ နှင့် သြ၀ါဒခံသံဃာ့ပူဇာ (ဥူးသုမင်္ဂလ)

(၁)



(၂)



ကျန်အပိုင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

Read more...

ယုံကြည်စိတ်ချမှုသည် သင့်ရဲ့တတိယမြောက်မျက်လုံး ဖြစ်သည်

ယုံကြည်စိတ်ချမှုဟာ စိတ်အတွင်းရှိ မျက်လုံးတစ်လုံး ဖြစ်ပါတယ်။ ပြင်ပဘက်ရှိ ပကတိမျက်စိနှစ်လုံးလို ကမ္ဘာလောကဓာတ်ကို ကြည့်ရှု့နိုင် မြင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ သင့်ရဲ့အတွင်းမှာ သူ့ရဲ့နာမည်က ယုံကြည်စိတ်ချမှုလို့ခေါ်တဲ့ တတိယမြောက် မျက်လုံးတစ်လုံး ရှိပါတယ်။ ဒီယုံကြည်စိတ်ချမှုမျက်လုံးဖြင့် နတ်ကဲ့သို့သော အရာကို မြင်ရပါတယ်။ ယုံကြည်စိတ်ချမှုမျက်လုံးဟာ ချစ်ခြင်းမေတ္တာမျက်လုံးကို ဆိုလိုပါတယ်။ ချစ်ခြင်းမေတ္တာကသာ သိနားလည်နိုင်တဲ့ အချို့အရာများ ရှိပါတယ်။ အဲဒီအရာတွေကို သိရှိဖို့ အခြားနည်းလမ်း မရှိပါ။

သင် တစ်ဦးတစ်ယောက်ကို ချစ်ခြင်းမေတ္တာသက်ဝင်လျင် အခြားသူတစ်ဦးတစ်ယောက်က ရှု့မြင်မိမှာမဟုတ်တဲ့ အချို့အရာများကို သူထံမှာ တွေ့မြင်ရပါလိမ့်မယ်။ သင်ဟာ အခြားတစ်ဦးတစ်ယောက်က မမြင်နိုင်တဲ့ ချိုမြမှုတစ်ခုကို အဲဒီသူ့ထံမှာ တွေ့မြင်ရပါလိမ့်မယ်။ အဲဒီချိုမြမှုဟာ နုးညံ့သိမ့်မွေ့ပါတယ်။ ဒါပေမယ့် အဲဒီအရာအတွက် ချစ်ခြင်းမေတ္တာရဲ့ ထိတွေ့မှုကိုတော့ လိုအပ်ပါတယ်။ အဲဒီနောက်မှသာ နုးညံ့သိမ့်မွေ့တဲ့ ချိုမြမှုကို လှစ်ဟပြပါတယ်။ အခြားတစ်ဦးတစ်ယောက်က ကြားသိနားထောင်မိမှာမဟုတ်တဲ့ သီဆိုကျူးရင့်မှု တစ်ခုရဲ့ ပဲ့တင်ထပ်လာတဲ့ ရိုက်ခတ်သံကို အဲဒီသူထံမှာ သင်ဟာ ကြားသိရပါလိမ့်မယ်။ အဲဒါကို ကြားသိနားထောင်ဖို့ အခြား ဘယ်သူမဆို ရောက်ရှိလာခဲ့ပြီး ဖြစ်တယ်ဆိုတာထက် ကိုယ်ကိုယ်တိုင်သာ နီးနီးကပ်ကပ် လားရောက်ရပါလိမ့်မယ်။ သင်ကသာ အဲဒါကို ပိတ်ပင်ထားနေတာ ဖြစ်ပါတယ်။

အကြောင်းက အလှအပဟာ သင်ချစ်ခြင်းမေတ္တာသက်ဝင်တဲ့ သူထံမှာ သိသာပေါ်လွင်လာဖို့ စတင်လာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သင်ချစ်တဲ့သူဟာ စတင်လှပလာပါတယ်။ ဘ၀ရဲ့ကြီးကျယ်ခန်းနားခြင်းအားလုံး - ဘ၀ရဲ့ ဂုဏ်သိက္ခာအားလုံးကို သူထံမှာပေါ်ထွက်လာပါတယ်။ ဒါက သင်ဟာ အဲဒါကို စိတ်ကူးနေတာ မဟုတ်ပါ။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့မျက်လုံးကို ဖွင့်လျင်ဖွင့်ချင်း ပျောက်ဆုံးနေတဲ့ မမြင်နိုင်တာတွေက မြင်နိုင်ဖို့ သင့်အတွက် စတင်ပါတယ်။ မလေ့လာမိတဲ့ သတိမမူမိတာတွေက သတိမူမိဖို့ သင့်အတွက် စတင်ပါတယ်။ ပုန်းကွယ်နေတဲ့အရာနဲ့ပတ်သက်လို့ တည်ရှိနေတာကို တွေ့ကြုံခံစားဖို့ စတင်ပါတယ်။

“Finding upon waking the doors yet bolted, who knows by which door he enters and leaves.”
ဒါက Bihariမှ တကယ့်ချစ်စရာကောင်းတဲ့ ကဗျာတစ်ပုဒ်မှ ဖြစ်ပါတယ်။

ချစ်မြတ်နိုးသူသက်လျာက တံခါးမအားလုံးနဲ့ အခန်းရဲ့ ပြတင်းပေါက်များကို မင်းတုပ်ချပြီးတဲ့နောက် အိပ်ပျော်နေပါတယ်။ သူမရဲ့အိပ်မက်ထဲမှာ သူမရဲ့ချစ်သူက သူမထံသို့ အလည်ခရီးလာပါတယ်။ အဲဒီနောက် သူမဟာ အိပ်ရာမှနိုးထပြီးတဲ့နောက် သူ့နေရာနဲ့သူ နေရာတကျ မင်းတုပ်ချထားတဲ့ တံခါးများကို ပိတ်ထားဆဲ ဖြစ်တယ်ဆိုတာ တွေ့မြင်ရပါတယ်။ သူတို့ဟာ အိပ်မက်တစ်ခုမျှသာ ဖြစ်ပါတယ်။ သူဟာ ဘယ်လိုဝင်လာသလဲဆိုတာ- ပြီးတော့ ဘယ်လမ်းကြောင်းက ထွက်ခွါသွားသလဲဆိုတာ- ဘယ်သူက သိရှိပါသလဲ?

“သင်ဟာ ဘယ်လမ်းကနေ ၀င်လာပါသလဲ? ဘယ်လမ်းကနေ ထွက်ခွါသွားပါသလဲ? ဘယ်ပြတင်းပေါက်ကနေ ချောင်းကြည့်ပါသလဲ ?” အဲဒီပြတင်းပေါက်ကို ယုံကြည်စိတ်ချမှုလို့ ခေါ်ပါတယ်။

ယုတ္တိဗေဒနဲ့ နေထိုင်နေတဲ့သူတစ်ဦးတစ်ယောက်ဟာ ရုပ်ဝတ္ထုဆိုင်ရာထက် တစ်စုံတစ်ရာခြေခြေမြစ်မြစ်ကို နက်နက်နဲနဲ သူမသိပါ။ သူ့ရဲ့ဘ၀ဟာ လေးနက်မှုမရှိ အဓိပ္ပါယ်မဲ့နေပါလိမ့်မယ်။ သူဟာ ငွေများစွာကို ကောင်းစွာ စုဆောင်းနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဥစ္စာပစ္စည်းအားလုံးကို သူသေဆုံးတဲ့အခါ အဲဒီမှာ တည်ရှိလျက် ချန်ရစ်ခဲ့ရပါလိမ့်မယ်။ ပြီးတော့ သူဟာ ကမ္မဌာန်းတရားကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သေဆုံးပြီးတဲ့နောက် သင်နှင့်အတူပါရှိလိမ့်မယ်ဖြစ်တဲ့အရာကတော့ ကမ္မဌာန်းတရားသာလျင် ဖြစ်ပါတယ်။ ပြောဆိုခဲ့ပြီးတဲ့ ဒီလိုလူတစ်ယောက်က နောက်ဆုံးအန္တိမချမ်းသာမှုကို ရရှိလိမ့်မည်မဟုတ်ပါ။ အတွင်းသန္တာန်မှာ ယုံကြည်စိတ်ချမှုနဲ့ပတ်သက်တဲ့ မျက်လုံးရှိတဲ့သူကသာလျင် နောက်ဆုံးအန္တိမဓနဥစ္စာကို ရရှိပါတယ်။

ယုံကြည်စိတ်ချမှုဟာ ချစ်ခြင်းမေတ္တာဆိုင်ရာမှာတော့ အထွတ်အထိပ် နိဂုံးရလဒ် ဖြစ်ပါတယ်။ ယုံကြည်စိတ်ချမှုဟာ ယခုအထိ ဖြစ်ပျက်ခဲ့ပြီးမဟုတ်တဲ့အရာက ဖြစ်ပျက်လိမ့်ဦးမယ်ဆိုတဲ့ ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ယုံကြည်စိတ်ချမှုဟာလည်းပဲ ဖြစ်ပျက်ခဲ့ပြီးတဲ့အရာမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီကမ္ဘာလောကဓာတ်မှာ ဤကဲ့သို့သော အလှအပရှိပါတယ်။ ဤကဲ့သို့သော အလင်းရောင်- ဤကဲ့သို့သော တေးသွား- ရှိပါတယ်။ ငှက်အသီးသီးရဲ့လည်ချောင်းမှာ သီဆိုကျူးရင့်သံဖြင့် ပြည့်နေပါတယ်။ သစ်ရွက်အသီးသီးမှာ အလှအပ၊ ကြယ်အသီးသီးမှာ အလင်းရောင်ရှိပါတယ်။ ဒီကမ္ဘာလောကဓာတ်ဟာ ခမ်းနားမှုနဲ့ အလွန်ပြည့်စုံပါတယ်။ အဲဒီရဲ့ နောက်ကွယ်မှာ စွမ်းအင်များ ဒါမှမဟုတ် အခြားအရာများ ရှိရပါလိမ့်မယ်။

ယုံကြည်စိတ်ချမှုဆိုတာ ဒီအရောင်အသွေးအားလုံးကို ဖန်တီးနေတဲ့ အချို့စွမ်းအင်များ ရှိရလိမ့်မယ်ဆိုတဲ့အပေါ် ယုံကြည်ခြင်းကို ဆိုလိုပါတယ်။ ယုံကြည်စိတ်ချမှုဆိုတာ အလှအပများစွာကို ကြဲချတဲ့နေရာ- ဤကဲ့သို့သော အလှအပများရဲ့ရင်းမြစ်များကိုလည်း တွေ့ရှိရမည် တည်ရှိရမည်ဆိုတာနှင့်ပတ်သက်လို့ ယုံကြည်ခြင်းကို ဆိုလိုပါတယ်။ ယုံကြည်စိတ်ချမှုဆိုတာ ဒီသိမ်မွေ့နက်နဲ့တဲ့ ချောမွေ့နုးညံ့တဲ့ အရိပ်အမြွက်လက္ခဏာများကို သင် ရယူလက်ခံတဲ့ ရင်းမြစ်ဆိုင်ရာ ဘ၀ဖြစ်တည်မှုအပေါ် ကြည်ဖြူစွာလက်သင့်ခံခြင်းကို ဆိုလိုပါတယ်။

Read more...

ရွှေရောင်မွေးနေ့ရှင်

ရွှေရောင်မွေးနေ့ရှင်
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဖေဖော်ဝါရီ မွေးနေ့ရှင်တွေကို တွေ့တိုင်း ကိုယ် စနေကျ စကားရှိတယ်။ ဒီလမှာ မွေးတဲ့သူတွေက သိပ်တော်တယ် သိလား။ ဥပမာ ကြည့်ပါလား။ အမေရိကန် သမတတွေထဲမှာဆိုရင်ကိုပဲ ပထမဆုံး အမေရိကန်သမတဖြစ်တဲ့ အမေရိကန်တို့ရဲ့ ဖခင်ကြီး ဂျော့ဝါရှင်တန်၊ နောက်ပြီး သမတကြီးလင်ကွန်း။ ဟင်နရီ ဟဲရစ်ဆင်နဲ့ သမတ ရော်နယ်ရေဂင်။ တို့နိုင်ငံမှာဆိုရင်လည်း တို့ရဲ့အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။ ကဲ-နောက်ပြီး မင်းရောပေါ့-လို့။ အဲ၊ ဒါတင် ဘယ်ကမလဲ၊ နောက်တစ်ဦးလည်းရှိသေးတယ်။ အဲဒါ သိတယ် မဟုတ်လား။ ကိုယ်လေ။ ကိုယ်လည်း ဖေဖော်ဝါရီလမွေးပေါ့လို့ စလေ့ရှိပါတယ်။

ကိုယ်နဲ့ရင်းနှီးသူတွေထဲမှာလည်း ဖေဖော်ဝါရီလမွေးနေ့ရှင်တွေ တော်တော်များတယ်။ သူတို့တွေကလည်း မွေး နေ့ပွဲတွေ ကျင်းပတတ်လို့ ခုနောက်ပိုင်း သုံးလေးနှစ်အတွင်းမှာ အခြားလတွေထက် ဒီဖေဖော်ဝါရီလမှာ မွေးနေ့ အကြောင်း သတိရမိတတ်ပါတယ်။ ဒါကြောင့် ခုဆို ဖေဖော်ဝါရီလ မွေးနေ့နဲ့စပ်ပြီး အမှတ်တရ ဆောင်းပါးလေး တွေ ရေးဖြစ်ခဲ့တာ ၂-နှစ်ရှိခဲ့ပြီ။ သူတို့မွေးနေ့တွေအတွက် သူတို့တွေက မှတ်မှတ်ရရ ကုသိုလ်ပြုလုပ်ကြ။ သူတို့ က အာမိသဒါနဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ကုသိုလ်ပြုကြသလို ကိုယ်ကလည်း ကိုယ်စွမ်းနိုင်တဲ့ ဓမ္မဒါနကုသိုလ် ပြုလုပ် ခြင်းပေါ့။ ဓမ္မနဲ့စပ်တဲ့ အသိဉာဏ်ကို မျှဝေခြင်းဟာ မြတ်သောတရား အလှူကိုပေးခြင်းပဲလေ။

နောက်ပြီး ကုသိုလ်လုပ်ကြတဲ့ မွေးနေ့ရှင်အတွက် လက်ဆောင်ပေးစရာ အခြားအထူးအထွေရယ်လို့ မရှိလေ တော့ ကိုယ်သိထားတာလေးတွေကို မျှဝေပြီး ပေးဖို့စိတ်ကူးနဲ့ ခုလိုရေးဖြစ်ခဲ့တာ။ တရားလက်ဆောင်ပေါ့။ (သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- The gift of Dhamma excels all gifts- အလှူအားလုံး၊ လက်ဆောင်အားလုံးထဲ မှာ တရားအလှူ၊ တရားလက်ဆောင်က အမြတ်ဆုံးတဲ့။ ဒီတော့ ကိုယ်ပေးတဲ့ လက်ဆောင်က (မင်း) ရသမျှ လက်ဆောင်ထဲမှာ အကောင်းဆုံးလို့ မှတ်ယူပေါ့နော)။

မွေးနေ့နဲ့ပတ်သက်ပြီး သတိရတဲ့စကားလေးတွေကိုလည်း အမှတ်တရ ပြန်ပြောပြချင်ပါတယ်။ ဒီအထဲမှာ ဘတ် ဖရော့တ်ဆိုသူကတော့ ပြောဖူးတယ်။ အမျိုးသားတစ်ယောက်အဖို့ အကောင်းဆုံးသော ဆက်ဆံရေးကောင်း သမားတစ်ဦးဖြစ်ချင်တယ်ဆိုလျင်တော့ အမျိုးသမီးများရဲ့ မွေးနေ့ကို အမြဲတမ်း အမှတ်ရပါ။ ဒါပေမယ့် သူတို့ရဲ့ အသက်ကိုတော့ လုံးဝ သတိမရမိပါစေနဲ့တဲ့။ ကိုယ့်ဇနီးမယား မိတ်ဆွေမတွေရဲ့ မွေးနေ့ကို မေ့မေ့ရရ မေ့ဖြစ် အောင် မေ့တတ်ကြတဲ့ အမျိုးသားတွေအတွက် ပြောထားတဲ့စကားများလားတော့ မသိဘူးပေါ့။ ဒါပေမယ့် နည်း နည်းလေး ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားကြည့်ရင်တော့ အဓိပ္ပါယ်လည်း နည်းနည်းပိုကျယ်လာပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့နေ့တစ်နေ့ကို အမှတ်နေခြင်းဆိုတာကို အများစုက နှစ်သက်သဘောကျကြမှာပါ။ ဒါပေမယ့်လည်း တပြိုင်တည်းမှာပဲ မေ့ထားရမယ့်အရာတွေကိုလည်း မေ့ပစ်နိုင်ဖို့တော့ လိုတယ်လို့လည်း ဆိုလိုချင်ဟန်ပါပဲ။ မမေ့သင့်တဲ့အရာကို မမေ့ဖို့လိုသလို မေ့သင့်တဲ့အရာတွေကို မေ့ပစ်မှသာလျင် ဘဝက အနေတော်လို့ နေပျော် ဖွယ်ဖြစ်လေမှာပါ။ မုန်းစရာဆိုတာက မေ့ရမယ့် အရာပဲလေ။

ငါ့အတွက်တော့ အသက်ကြီးသူဆိုတာ ငါ့ထက် အမြဲတမ်း နှစ်လေးဆယ်ကြီးတဲ့သူကို ခေါ်တာဆိုတဲ့စကားလေး ကလည်း နှစ်သက်စရာပဲ မဟုတ်လား။ တရားရှာရာမှာ စက္ကန့်ပိုင်း၊ မျက်စိတစ်မှိတ်၊ လက်တကွေးအတွင်းမှာ ဘဝဆုံးသွားနိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးမွေးဖို့လိုပေမယ့် အခြားသော ပညာရှာ၊ စီးပွားရှာရာ နေရာမျိုးမှာတော့ ဘယ်သောအခါမှ မသေနိုင်ဖူးဆိုတဲ့ စိတ်ထားမျိုးထားရမယ်လို့ ဆိုကြတယ် မဟုတ်လား။ သတိထားဖို့လိုတာ ကတော့ စီးပွားရှာ၊ ပညာရှာတယ်ဆိုတာလည်း လောကကောင်းကျိုးဆောင် အလုပ်မျိုးကိုသာ ရည်ညွှန်းလို တယ် ဆိုတာကိုပါ။ မကောင်းစိတ်နဲ့ မတရားရှာဖွေတာမျိုးဆိုလျင်တော့ ဘယ်တော့မှာ မသေတော့ဘူးရယ်လို့ စိတ်ထားမျိုးထားဖို့ ဘယ်ပညာရှိ ကဝိကမှ ရည်ညွှန်းပေမယ် မဟုတ်ပါဘူး။ နောက်ပြီး လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး နှစ်မျိုးမှာ အချို့နေရာတွေအတွက် စိတ်ထားကို ခွဲခြားထားရမယ်လို့လည်း ပြောလို တာ ဖြစ်မှာပါ။ နေရာတကာ သံဝေဂသံတွေ ဆူညံမနေဖို့လည်း လိုအပ်တာပဲပေါ့။

အများစုသောသူတွေက လောကရေးရာတွေအတွက်ပဲ ရှာဖွေနေကြဆဲဖြစ်တာမို့ အသက်ကြီးသူဆိုတာ ကိုယ့် ထက် အနှစ်လေး ဆယ်လောက်ကြီးတဲ့သူကိုပြောတာဆိုတဲ့ စကားလေးကလည်း လက်ခံရမယ့် စကားလေးပဲ မဟုတ်လား။ တကယ်လို့ သင်မွေးနေ့က ရွှေရတု၊ ဒါမှ မဟုတ်လို့ စိန်ရတုတွေ၊ ပတ္တမြားရတုတွေ၊ နဝရတ်ရတု တွေဖြစ်နေခဲ့လျင်တောင် အသက်ကြီးသူစာရင်းထဲမှာ သင် မပါနိုင်သေးဖူးဆိုတာ သေချာလိုက်စမ်းပါ။ သင့်မှာ လုပ်နိုင်တဲ့စွမ်းအားတွေ အများကြီး ရှိနေသေးတာ။ မေ့မထားပါနဲ့လေ။ အသက်ကြီးပြီလို့ ပြောတတ်ကြတဲ့ ကိုယ့်အောက်ငယ်ရွယ်သူတွေကို တွေ့ရတဲ့အခါတိုင်း ကိုယ်ပြောချင်ခဲ့တဲ့ ဒီစကားလေးကို ဒီနေရာမှာ ပြော လိုက်တာ။ အသက်ကြီးသူဆိုတာ သင့်ထက် အသက်လေးဆယ် ပိုကြီးသူကိုသာခေါ်တာ။ မှတ်ထားလိုက်ပါ။

ကုန်လွန်သွားတဲ့ နှစ်ဟောင်းကို ပြန်ပြောင်းစဉ်းစား တသလို့ မွေးနေ့ဆိုတာကို ကျင်းပတာထက် ရောက်လာ မယ့် နေ့သစ်တိုင်းဟာ မျှော်လင့်ဖွယ်ရာဆိုတဲ့ အတွေးနဲ့ မွေးနေ့ပွဲကို ကျင်းပတာမျိုးက ပိုတန်ဖိုးရှိမှာပါ။ တခါ ခါမှာ တစ်ခုခုအပေါ်မှာ ရှုမြင်ပုံလေးပြောင်းသွားရုံမျှနဲ့ အဓိပ္ပါယ်က အများကြီးပြောင်းလဲသွားနိုင်တယ်လေ။ ယောနိသော မနသိကာရ-သင့်တင့်စွာ နှစ်လုံးသွင်းခြင်းဆိုတာ ကောင်းမှုကောင်းရာတွေကို လုပ်ဖြစ်ဖို့အတွက် ရှေ့ပြေးစိတ်ထားပဲ မဟုတ်လား။ ဒါပေမယ့် ယောနိသော မနသိကာရ-သင့်တင့်စွာ နှလုံးသွင်းခြင်းဆိုတာ အရာ ရာတိုင်းအပေါ်မှာ အကောင်းချည်းသာ မြင်တတ်ရမယ်လို့ ဆိုလိုတာမဟုတ်ကြောင်းကိုလည်း နားလည်ဖို့ လိုပါ တယ်။ ဆိုးတဲ့အရာကို အဆိုးလို့ပဲ မှန်မှန်ကန်ကန်မြင်ပြီး အဲဒီအဆိုးအပေါ်မှာ သင့်တင့်တဲ့စိတ်ထား ထားတတ် အောင် ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းနဲ့၊ အရာရာအပေါ်မှာ အကောင်းချည်းပဲလို့ မြင်တတ်တဲ့ အစွန်းရောက် အကောင်းမြင်ဝါဒ၊ ဒီသဘောနှစ်ခု အလွန်ကွာခြားကြောင်းကို ကောင်းကောင်းနားလည်ဖို့လည်း လိုအပ်ပါတယ်။ အစွန်းရောက် အဆိုးမြင်ဝါဒမှသာလျှင် ဒုက္ခဖြစ်စေနိုင်တာ မဟုတ်ပဲ၊ အစွန်းရောက် အကောင်းမြင်လွန်းခြင်း ဟာလဲ ပြဿနာကို တိုးပွားစေနိုင်ကြောင်း သိထားဖို့လိုမှာပါ။

အနောက်တိုင်း ပညာရှင်များကလည်း လူတစ်ယောက်ရဲ့ Attitude ဆိုတဲ့ သဘောထားကို ပြောင်းပေးနိုင်ရင် Behavior ဆိုတဲ့ အပြုအမူ၊ အပြောအဆိုတွေလည်း ပြောင်းလဲလာနိုင်ပါတယ်တဲ့။ ကိုယ့်မှာ မကောင်းတဲ့ အမူ အကျင့်တွေရှိနေရင် ကိုယ့်သဘောထားကို အလျင်ပြောင်းခြင်းဖြင့် မကောင်းတဲ့ အမူအကျင့်တွေလည်း တဖြေး ဖြေး ပြောင်းလဲလာနိုင်ပါလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်စွဲလမ်းလက်ခံထားတဲ့ သဘောထား တစ်ခုကို လွယ်လွယ်နဲ့ ပြောင်းဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာမျိုးတော့လည်း မဟုတ်ဘူးပေါ့။ သို့ပေမယ့် မပြောင်းလဲလို့ မဖြစ်နိုင်တဲ့ အရာမျိုးဆိုတာတော့လည်း မရှိနိုင်ပါဘူး။

ဘယ်ပညာရှိမှ ပြန်လည်ငယ်ရွယ်ပါရစေလို့ ဆုတောင်းနေမှာ မဟုတ်ဘူး-လို့ တစ်ယောက်ကတော့ ဆိုပါတယ်။ ကုန်လွန်သွားခဲ့တဲ့အချိန်တွေကို တွေးပြီး နှမြောနေတာထက် လက်ရှိအချိန်နဲ့ အနာဂတ်ကို တန်ဖိုးရှိရှိအသုံးချ သူကိုသာလျင် ပညာရှိရယ်လို့ ဆိုလိုချင်ဟန်ပါပဲ။ တစ်ယောက်ကတော့ ပြောတယ်။ လူဆိုတာ ဝိုင်လိုပါပဲတဲ့။ နှစ်ကြာလေ တန်ဖိုးတက်လေပါတဲ့။ အင်း လူဆိုတာဝိုင်တစ်ပုလင်း မဟုတ်လို့ ဝိုင်တစ်ပုလင်းလို ဂိုထောင်ထဲ လှောင်ထားရုံ သက်သက်နဲ့တော့ သူ့အလိုလို တန်ဖိုးတက်လာမယ် မဟုတ်ပေဘူးပေါ့။ အသက်တွေကြီးလာ တာနဲ့အမျှ တန်ဖိုးတက်တဲ့သူတွေဖြစ်အောင် နေဖို့တော့ လိုမှာပေါ့။ ဒါမှသာ သူပြောသလို လူဆိုတာ ဝိုင်လိုပဲ ဆိုတာ ဖြစ်နိုင်မယ်လေ။

မွေးနေ့ကုသိုလ်ပြုလုပ်ကြသူတွေထဲမှာ အများအားဖြင့် ကိုယ့်အောက်ငယ်ရွယ်သူတွေသာများတာမို့ သူတို့တွေ ကို သူတို့ကိုယ်သူတို့ ရင့်ရော်သူ၊ အသက်အရွယ်ကြီးသူတွေရယ်လို့ တွေးထင်မိစေမှာမျိုးကို ကိုယ်ကတော့ မလို လားဘူး။ မွေးနေ့ကို အကြောင်းပြုလို့ ကုသိုလ်ဖြစ်ဖွယ်အလုပ်တွေကို ပိုလုပ်စေချင်အောင်။ ကိုယ့်အကျိုး၊ အများအကျိုးကို ပိုမိုဆောင်ရွက်စေနိုင်အောင်ပဲ အားပေးချင်တယ်။ သူတို့တွေအနေနဲ့ အသက်တစ်နှစ် ကြီး တိုင်း ကြီးတိုင်း၊ ငါတစ်နှစ် ပိုအိုစာလာပြီလို့ ကိုယ့်ကိုယ်ကို ထင်မိတာထက် တစ်နှစ်ကြီးလာတာဟာ အသိတွေ တစ်နှစ်စာ ပိုကြွယ်လာတာ။ စိတ်ထားတွေလည်း တစ်နှစ်စာ ပိုရင့်ကျက်လာတာလို့ပဲ တွေးမိစေချင်ပါတယ်။ အသိတွေ ပိုကြွယ်လာ၊ စိတ်ထားတွေ ပိုရင့်ကျက်လာတာကြောင့် ကြွယ်ဝရင့်ကျက်လာသူတွေမှသာ လုပ်နိုင် တဲ့ အလုပ်မျိုးကိုလည်း ပိုလုပ်နိုင်လာတယ်၊ လုပ်လည်း လုပ်ရမယ်ဆိုတဲ့ အသိမျိုးသာ ဝင်လာစေချင်ပါတယ်။
အချိန်နဲ့လူဆိုတာက ကျားတစ်ပွဲ ကစားသလိုပဲလေ။ နိုင်သူ စားစတမ်းပေါ့။ အချိန်ကို ကိုယ်က အကျိုးရှိရှိ အသုံးချနိုင်ရင် ကိုယ်က အချိန်ကို စားနိုင်ခြင်းပေါ့။ ဒါမှမဟုတ်လို့ ကိုယ်က အချိန်ကို တန်ဖိုးရှိစွာ အသုံးမချနိုင် လျင်တော့ အချိန်က ကိုယ့်ကိုစားခြင်းပဲလေ။ ဒီတော့ စားမလား၊ အစားခံမလားဆိုတာကတော့ ကိုယ့်ဘဝရဲ့ တန်ဖိုးကို ကိုယ်ဘယ်လို သတ်မှတ်မလဲဆိုတဲ့ ကိုယ့်ရဲ့လက်ခံ ယုံကြည်မှုအပေါ်မှာသာ မူတည်မှာပါ။ ကိုယ်က တော့ အားလုံးကို ရွှေရောင်မွေးနေ့ပိုင်ရှင်များချည်းသာ ဖြစ်စေချင်တာပါ။ တကယ်ပါ။ မင်းက တကယ့်ကိုမှ တန်ဖိုးထိုက်တဲ့ မွေးနေ့ရှင် တစ်ယောက်ဖြစ်မယ်ဆိုတာကိုလည်း ကိုယ်က ယုံကြည်လျက်သာပါ။ ။

မေတ္တာများဖြင့်
မေတ္တာဥယျာဉ်

www.ashinsirinda.com

2011-ခု၊ ဖေဖော်ဝါရီလ ၁၁-ရက်၊ သောကြာနေ့ည။

Read more...

ဗိုလ်ချုပ်မွေးနေ့သို့ အမှတ်တရ


ပဒေသာပင် ပေါက်ချင်ရင် အလုပ်ကို လုပ်မှဖြစ်မယ်....(ဗိုလ်ချုပ်အောင်ဆန်း)

Read more...

သင့်လက်ထဲက ဘာလဲ၊ ဘာလေးလဲ၊ ဘာလုပ်မှာလဲ


(၁)
အမေရိကမှာရှိတဲ့ တရုတ်တန်းထဲ လမ်းလျှောက်တဲ့သူတိုင်း အိတ်ကြီးတစ်လုံးကို သယ်ဆောင်ထားတဲ့ တုတ်တုတ်ခိုင်ခိုင် လူကြီးတစ်ယောက်ရဲ့ ရုပ်တုကို သတိပြုမိပါလိမ့်မယ်။ တရုတ်ကုန်သည်များက သူ့ကို ပျော်ပျော်နေတတ်တဲ့ တရုတ်ကြီး (Happy Chinaman) သို့မဟုတ် ရယ်မောနေတဲ့ ဗုဒ္ဓလို့ ခေါ်တတ်ကြပါတယ်။ သူဟာ တန်မင်းဆက်မှာ ထင်ရှားခဲ့တဲ့ ဟိုတိုင် (Hotei)လို့ ခေါ်တဲ့သူ ဖြစ်ပါတယ်။ သူက ဇင်းမာစတာကြီးဆိုပေမယ့် သူ့ကိုယ်သူ ဇင်းမာစတာလို့ ခေါ်ကြတာကို မနှစ်သက်ပါဘူး။ သူ့ဘေးမှာ တပည့်သာဝကတွေ ခြံရံနေရင်လည်း သဘောမကျပါဘူး။ ဒါကြောင့် သူဟာ သကြားလုံးတွေ၊ သစ်သီးတွေနဲ့ မုန့်တွေ ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို သယ်ပြီး လမ်းတကာကို လှည့်လည်သွားပါတယ်။ သူ့ဘေးရောက်လာတဲ့ ကလေးတွေကို ဝေပေးလေ့ရှိပါတယ်။ သူဟာ လမ်းပေါ်မှာ ကလေးသင်တန်းကျောင်း ဖွင့်ထားတဲ့ သူတစ်ယောက်လို့ ဆိုရပါမယ်။

ဇင်းဗုဒ္ဓဘာသာ ကြည်ညိုသူတွေကို တွေ့တဲ့အခါတိုင်း လက်ဖြန့်ပြီး “ပိုက်ဆံလေး တစ်ပဲနိလောက် ပေးပါခင်မျာ”လို့ ဆိုတတ်ပါတယ်။ တစ်ခါက အခြား ဇင်းမာစတာတစ်ဦးက သူနဲ့ လမ်းမှာဆုံတော့ “ဇင်းရဲ့ ထူးခြားချက်က ဘာလဲ”လို့ မေးပါတယ်။ ချက်ချင်းပဲ သူဟာ ပုခုံးပေါ်ထမ်းထားတဲ့ အိတ်ကြီးကို ပစ်ချလိုက်ပါတယ်။ နှုတ်ကတော့ ဘာမှ မဖြေပါဘူး။ ဒီတော့ အခြားဇင်းမာစတာက “ဒီလိုဆို ဇင်းရဲ့ စစ်မှန်မှုက ဘာလဲ”လို့ ထပ်မေးတယ်။ ဟိုတိုင်းဟာ ချက်ချင်းပဲ သူ့အိတ်ကို ပုခုံးပေါ်ထမ်းပြီး ခပ်သွက်သွက်နဲ့ သူ့ခရီး ဆက်သွားပါတော့တယ်။

(၂)
ဘ၀မှာ ဘယ်လို အသက်ရှင်ရမလဲလို့ မေးခွန်းက မေးလို့ မပြီးသေးဘူး၊ ရွေ့လျားနေတဲ့ ကာလဖြစ်စဉ်မှာ အဖြေတွေက မျက်လှည့်ပြပြနေခဲ့တယ်။ တစ်ခုခုကို အဖြေထုတ်လိုက်တိုင်း ထိုအဖြေရဲ့ မရင့်ကျက်၊ မပြည့်စုံမှုကို ခဏချင်းပဲ သိသိနေရတယ်။ ထုတ်လိုက်တဲ့ အဖြေတိုင်းဟာ ကာလဖြစ်စဉ်၊ ဘ၀ဖြစ်စဉ်ထဲက နောက်အဖြေတစ်ခုရဲ့ လှောင်ပြောင်သရော်မှုတွေလည်း ခံနေရတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာ မှန်ကောင်းမှန်နိုင်ပေမယ့် ထိုစကားကို ပြောနေသူမှာ ဖမ်းဆုပ်တွယ်တာမှုတွေ များနေတော့ အနှစ်သာရနဲ့ ဘ၀တွေက ဘယ်လောက်တောင် ကွာဟနေလိုက်သလဲ။

(၃)
အခြေအနေတစ်ခု၊ အကြောင်းတရားတစ်ခု သို့မဟုတ် ထိုထက်ပိုသောအကြောင်းတရားများနဲ့ လူတွေဟာ တစ်နေရာရာမှာ တစ်စုံတစ်ရာကို ဖမ်းဆုပ်တွယ်တာ၊ ကပ်ငြိထားတယ်။ သန်းပေါင်းများစွာသော လူတွေမှာ သူ့အမှန်တရားနဲ့သူ၊ သူ့ဘ၀၊ သူ့အိပ်မက်၊ သူ့အထင်နဲ့သူ ရှိနေကြတယ်။ လူဆယ်ယောက်ရှိတယ်ဆိုရင် အဲဒီထဲက တစ်စုံတစ်ယောက်ဟာ ကိုယ့်ဟာကို ဟုတ်လှပြီ၊ မှန်လှပြီလို့ ထင်လိုက်တာနဲ့ အခြားဆယ်ယောက်အမြင်မှာ အမှားကြီးတစ်ခု ကျူးလွန်နေပြီလို့ သူ့ကို ပြောကြတော့မယ်။

(၄)
ဇင်းဗုဒ္ဓဘာသာ ကမ္ဘာကို ပြန့်ရခြင်းအကြောင်းတရားများတွင် အမြင်ကျယ်မှုနဲ့ တစ်ယူသန်အစွဲ မရှိမှုကြောင့်ဟု ဆိုလျှင် ရနိုင်ကောင်းပါတယ်။ ဇင်းဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာ (အများစု)လို တစ်ယူမသန်၊ အစွဲမကြီး၊ အတ္တမဆန်။ အရာရာကို လက်တွေ့ကျကျတွေးခေါ်ပြီး ဘ၀ထဲကို ပါးပါးနပ်နပ် စိမ့်ဝင်စေသည်ဟု ယူဆမိတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာသည် မဟာယာနထက် ပိုမိုမြင့်မြတ်သော လုပ်ဆောင်ချက်နှင့် ကျင့်စဉ်များ မရှိပါဘဲလျှက် မဟာယာနကို အောက်တန်းကျသဖွယ် ပြောဆိုဆက်ဆံနေခြင်းကို အံ့သြမိတယ်။

(၅)
အထက်ပါ အတွေးများက ဟိုတိုင်းရဲ့ ပြုမှုလုပ်ဆောင်ချက်များမှတစ်ဆင့် ပစ္စက္ခအခြေအနေကို မျက်မှောက်ပြုကြည့်ရာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အခြားဗုဒ္ဓဘာသာများက သူကောင်းတယ်၊ ကိုယ်ကောင်းတယ် အငြင်းပွားမှု၊ အထင်သေးမှုများ ကင်းနေချိန်တွင် ထေရ၀ါဒက သူမှသူ ဖြစ်နေခြင်းကို မနှစ်မြို့မိခြင်းပင် ဖြစ်ပါတယ်။ ထေရ၀ါဒအမည်ကလေး ရရုံမျှဖြင့် လူမြင့်မြတ်ကြီး၊ ရဟန်းမြတ်ကြီး ဖြစ်ပြီဟု ထင်နေကြသည်မှာ ရယ်ဖွယ်ပင် ကောင်းနေပါတော့တယ်။ ဇင်းရဲ့ အနှစ်သာရ ထူးခြားချက်က ဘာလဲဆိုတော့ ဟိုတိုင်းက အထုတ်ကို ပစ်ချလိုက်တယ်။
ရုပ်ဝတ္ထုပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆတစ်ခုပဲဖြစ်ဖြစ် စွဲယူစေးကပ်နေမိလျှင် အနှစ်သာရ၏ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်နေပြီလို့ ယူဆနေမိပါတယ်။

Read more...

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”

(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံးများဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိသူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယအရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ်တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်းများစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့်အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန်ပြောင်းလဲနိုင်သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…

Read more...

ဘာသာရေး အမေးအဖြေများ

အရှင်ဘုရား.....တပည့် တော် ရှိခိုးကန်တော့ လိုက်ပါတယ်ဘုရား ။ တပည့်တော် မသိတာလေးတွေ မေးစရာရှိလို့ ပါဘုရား။
၁။ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာတွေက ဘယ်အာရုံနဲ့ ဘယ်ဒွါရတိုက်တာလဲဘုရား ။


၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇော မျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့  ရောက်ခြင်းကို အဘိဓမ္မာသဘောနှင့် ရှင်းပြပေးပါ။ တပည့်တော်သဂြိုလ် ၉ ပိုင်းမှာ ဘုံပိုင်း အထိတော့ လေ့လာဘူးပါတယ် အဲဒီကိစ္စကို မစဉ်းစားတက်လို့ပါ။


၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသလားဘုရား။


၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသု မိစ္ဆာစာရကံ ထိုက်ပါသလားဘုရား။

၅။ ဆေးလိပ်သောက်ခြင်း၊ ဘီယာသောက်ခြင်းသည် သူရာမေရကံ ထိုက်ပါသလား။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်းမထိခိုက်) အရိယာများ စကားပရိယာယ် သုံးကြပါသလား အရှင်ဘုရား။ ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက် ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကို မြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုတာကိုလဲ ဖြေ ကြားပေးပါ အရှင်ဘုရား။

အဖြေ။ ။၁ ခန္ဓာကိုယ်မှာ ကိုက်ခဲခြင်း ၊ ယားယံခြင်းစတဲ့ ဝေဒနာများသည်၊ အဘိဓမ္မာသဘောအရ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံတို့ ထိခိုက်သည်ဟုမှတ်ပါ။

၂။ အိပ်မက်မက်ခြင်း၊ သေငယ်ဇောမျှောနေစဉ် နတ်ပြည်တို့ ငရဲပြည်တို့သို့ ရောက်ခြင်းတို့သည်၊ အဘိဓမ္မာသဘောအရ၊ ဘဝင်စိတ်ကျနေခြင်းကိုခေါ်သည်၊ မှတ်သားရန်မှာ= မနောဒွါရဝီထိ၌ အာရုံကို အတိအကျဖမ်းယူ မှတ်သားနိုင်ခြင်းမရှိသော၊ ပရိတ္တာရုံဝီထိကိုဆိုလိုသည်။

၃။ ကိုယ်ဝန်တားဆေး သောက်ခြင်း၊ ထိုးခြင်းများသည် ပါဏာတိပါတကံ ထိုက်ပါသည်။ မိခင်များကိုယ်ဝန်နေစဉ်၊ ကလလရေကြည်မှ စ၍ ဇိဝိတခေါ် အသက်ဝိညာဉ် ရှိနေသောကြောင့်ဖြစ်ပါသည်။ ရဟန်းတော်များ အမျိုးသမီးများအား ကိုယ်ကျဆေး တိုက်ပါက၊ လူသတ်မှုမြောက်၍၊ ပါရာဇိက အာပတ်သင့်ပါသည်။

၎။ သူများသားပျို၊ သမီးပျိုကို စိတ်ကူးနှင့် ညစ်ညမ်းစွာ တွေးတောလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပါ၊ ၄င်းသိက္ခာပုဒ်အရ ကာယကံမြှောက်ကြူးလွန်မှသာ ကံထိုက်သည်ဟုမှတ်ပါ။ သို့သော်- စိတ်နှင့်ပြစ်မှားမိသောကြောင့်၊ မနောကံဒုစရိုက်ဖြစ်သည်ဟုမှတ်ပါ။

၅။ ဘီယာသောက်ခြင်းသည်၊ သုရာမေရယကံ ထိုက်ပါသည်။ ဘီယားဆိုသည်မှာ၊ အရက်၏အမည် တစ်မျိုးသားဖြစ်သည်၊ ထို့ကြောင့် ဘီယာကို အရက်မဟုတ်ဟု မသတ်မှတ်သင့်ပါ။

ဆေးလိပ်သောက်ခြင်းသည် သုရာမေရယကံမထိုက်ပါ။ အခြားသောမူးယစ်ဆေးများကို ဆေးလိပ်၌ ထဲ့၍သုံးစွဲလျှင် ကံထိုက်ပါသည်။ သုရာ- ဟူသည်မှာ၊ သေရည် အရက်ဟု အဓိပ္ပါယ်ရပါသည်။

၆။ လက်မထက်ပဲ အတူနေထိုင်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား ဆိုရာ၌၊ မည်ကဲ့သို့ လက်ထပ်သည်ကို ဆိုလိုသနည်းဟု ရှေးဦးစွာသိဖို့ လိုအပ်ပေသည်။ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့လျှင် ကံမထိုက်ဟုမှတ်သားရပါမည်။ လက်ထပ်ခြင်းသည် ပွဲလမ်းသဘင် လုပ်သည် မလုပ်သည်နှင့်မဆိုင်၊ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုသည် မပြုသည်နှင့်သာ ဆိုင်လေသည်။

လက်မထပ်ပဲ အတူနေထိုင်ခြင်းဆိုရာ၌= အဂမနီယ၀တ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့် မည်သည့်ယောက်ျားနှင့် ဆက်ဆံသည်ဖြစ်စေ ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။


စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူ ရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမပိုင် ယောက်ျားမှ တစ်ပါး အခြားယောက်ျားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။

ယောက်ျားဖက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။ သတိပြုပါ။) ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိနေပါက နောက်ယောက်ျား ကံထိုက်၏။
ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး ထိုယောက်ျားနှင့် မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံလျှင် ကံထိုက်၏။

အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံလျှင် (မိဘ သဘောတူသည်ဖြစ်စေ, မတူသည်ဖြစ်စေ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာမြောက်၍ ယောက်ျား ကံ မထိုက်။
အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်ဟု မှတ်ပါ။

၇။ မိမိသော်၎င်း၊ သူတပါးသော်၎င်း နစ်နာမှု တစုံတရာမဖြစ်စေရန်၊ အကျိုးရှိစေရန်အတွက် (အလိမ်ခံရသူလည်း မထိခိုက်) အရိယာများ စကားပရိယာယ်သုံးကြပါသည်။ ဥပမာအားဖြင့်- မြတ်စွာဘုရားသည် ညီတော်နန္ဒမင်းသားအား တရားထူးကို ရရှိစေရန်အတွက်၊ ဥပါယ်တမျည် ဟုခေါ်သော နည်းပရိယာယ်ဖြင့်၊ စည်းရုံးဖူးသည်ကို ဖတ်ရှု့ရပါသည်။

ပြည့်တန်ဆာမနှင့် လူပျိုတစ်ယောက်ဆက်ဆံလျှင် ကာမေသု ထိုက်ပါသလား။ ဟူသော မေးခွန်းကို (နံပါတ် ၆ အဖြေတွင်၊ ပြန်လည်ဖတ်ရှု့ပါ။

၈။ သူခိုးတစ်ယောက် ခိုးဝှတ်နေသည်ကိုမြင်သောအခါ သူခိုး သူခိုး ဟု အော်ကောင်းပါသလား ဆိုရာတွင်၊ အော်ကောင်းပါသည်ဟု ဖြေဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော်၊ ထိုကဲ့သို့သတိပေးခြင်းအားဖြင့်၊ သူခိုးလည်း အဒိန္နာဒါနာ သိက္ခာပုဒ်မှ ကင်းလွတ်ပြီး၊ ပိုင်ရှင်မှာလည်း မိမိ၏ကိုယ်ပိုင် ပစ္စည်းဆုံးရှုံးခြင်းမှ ကင်းလွတ်ပါလိမ့်မည်။

သို့သော် မိမိဖက်မှ စိတ်ထားတတ်ဖို့ တော့လိုအပ်ပေသည်။ ထိုကဲ့သို အသိပေးခြင်းဖြင့်၊ သူခိုးလည်း အဒိန္နာဒါန- ခိုးခြင်းအကုသိုလ်မှ ကင်းဝေးပါစေ၊ အိမ်ရှင်မှာလည်း ဘောဂဗျာသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်းမှ ကင်းဝေးပါစေဟု ထားဖို့လိုအပ်လှပေသည်။

Read more...

အမှတ်တရ တောင်ပေါ် ရွာလေး ထီတမောင်း

ပင်လောင်းမြို့လယ်မှ စေတီတော်
မြန်မာနိုင်ငံသား ဆိုပေမဲ့ မြန်မာပြည်ရဲ့ ဒေသအများစုကိုတော့ မရောက်ဖူးပါဘူး။ ပြည်နယ်တွေထဲမှာဆို ကချင်ပြည်နယ်ပဲ ကလေးဘဝက နှစ်နှစ်လောက် နေခဲ့ဘူးတာပါ။ ကျန်တဲ့ ပြည်နယ်တွေတော့ မနေဖူး၊ မရောက်ဖူးပါဘူး။ ဒါ့ကြောင့် အခွင့်ရရင် ပြည်နယ်တွေကို သွားလည်ကြည့်ချင်နေခဲ့ပါတယ်။

မနှစ် (၂၀၁၀)၊ မေလ မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်းက ပင်လောင်း၊ တောင်ကြီးနှင့် ပင်လုံမြို့တို့ကို သွားရောက် လည်ပတ်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ပင်လောင်းမြို့နယ်ထဲက (ထီတမောင်း ဆိုတဲ့) ရွာတစ်ရွာကို အလည်လိုက်သွား ဖြစ်ခဲ့တာပါ။ မေလ (၂၁) ရက်နေ့က အဲဒီရွာလေးကို ရောက်သွားတယ်။ သန်လျှင်မြို့နယ်ထဲက ရွာတစ်ရွာရဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့် လိုက်သွားဖြစ်ခဲ့တာပါ။ နောက် ဦးပအိုဝ်လို့ အလွယ်ခေါ်တဲ့ ပင်လုံသား ဦးဇင်းတစ်ပါးလည်း ပါပါတယ်။

အဲဒီ ဆရာတော်က သန်လျှင်မှာ နေပြီး ကျောင်းတက်ချင်တဲ့ ပအိုဝ်းကျာင်းသား၊ ကျောင်းသူတွေတွေကို သူ့ကျောင်းမှာ နေခွင့်ပြုပြီး ကျောင်းတက်နိုင်အောင် စီမံပေးတယ်။ ဒါကြောင့် အဲဒီရွာနှင့် အနီးဝန်းကျင် ရွာတွေက သူ့ကို ရင်းနှီးကြည်ညိုကြပါတယ်။ ဒီတော့ သူနှင့် လိုက်လည်ရတာ အစစ အရာရာ အဆင်ပြေခဲ့ပါတယ်။

ထီတမောင်း ရွာသူရွာသားတွေ အားလုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ လောလောဆယ် မြန်မာ့ပညာရေးက ဆယ်တန်းအောင် သို့မဟုတ် သာမန် ဘွဲ့ရရုံနှင့် ဘာမျှ အလုပ်မဖြစ်၊ ဘဝအာမခံချက် ဘာမျှမရှိတာကို သိကြပေမယ့် အဲဒီရွာက လူတွေက သား သမီးတွေကို ကိုယ်နှင့် အဆင်သင့်တဲ့ မြို့ရွာတွေကို ပို့ပြီး ကျောင်းထားကြပါတယ်။ စာရေးသူတို့ ရောက်သွားတဲ့ အချိန်မှာ ကျောင်းသူ ကျောင်းသားတွေ နေထိုင် ပညာသင်ဖို့ အလျှဉ်းသင့်တဲ့ မြို့တွေကို သွားကုန်ကြပြီဖြစ်လို့ ရွာကတော့ အနည်းငယ် ချောက်ကပ်ကပ် ဖြစ်နေတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ရွာသူရွာသားတွေရဲ့ ရိုးသားပြီး ဖော်ရွှေမှုက လူနည်းနေလို့ ရွာရဲ့ ချောက်ကပ်ကပ် ဖြစ်နေတာကို ပြန်လည်စိုပြေစေပါတယ်။ သာယာတဲ့ ရာသီဥတု၊ မှိုင်းပြပြ မိုးကောင်းကင်နှင့် ခန့်ညား ထည်ဝါ အလှတွေဖျာနေတဲ့ တောင်တန်းကြီးတွေကြောင့်လည်း နေပျော်ခဲ့ရပါတယ်။ လတ်ဆတ်တဲ့ သဘာဝ အသီးအရွက်တွေကို စားသုံးရတာကလည်း ကျေနပ်ပျော်ရွှင်ဖွယ်ရာပါ။

ရွာမှာ အိမ်တွေက ပင့်လို့ ဟိုအိမ် ဒီအိမ်သို့ ကြွသွားဖြစ်ကြပါတယ်။ အိမ်တစ်ချို့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ပုံကြီးကူးပြီး ချိတ်ဆွဲထားတာကို ကြည်နူး ဝမ်းသာဖွယ်ရာ တွေ့ရပါတယ်။ နောက် ပအိုးဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီပုံကိုလည်း တလေးတစား ချိတ်ဆွဲထားကြတာလည်း တွေ့ရပါတယ်။

ရွာက အိမ်တစ်အိမ်မှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်နှင့် ဦးအောင်ခမ်းထီတို့ပုံ
ဗိုလ်ချုပ်ပုံကို ကြည့်ပြီး သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ အမျှော်အမြင်ရှိပြီး ကိုယ်ကျိုးစွန့် ခေါင်းဆောင်မှု စတာတွေ တွေးမိရင်းကပဲ နာဂတောင်တန်း လဟယ်မြို့နယ်မှာ သာသနာပြုတာဝန် ထမ်းဆောင်ရစဉ် (၁၉၉၅ - ၉၆)က မိမိတာဝန်ကျ ရွာက နာဂအဖိုးကြီးတွေ ပြောတာကို သတိယမိတယ်။ သူတို့က ဦးနု (ဝန်ကြီးချုပ်ဟောင်း) မလာဘူးကွာ။ လာရင် သူ့ခြေထောက် မြေမှာ မသွားခိုင်းဘူး။ ပခုံးမှာ ထမ်းမယ်” တဲ့။ (သူတို့ပြောတဲ့ အတိုင်း ရေးလိုက်ပါတယ်)။ သူတို့က ဦးနုရဲ့ နောက်ပိုင်း ဘဝနှင့် ဆုံးသွားတာကိုပါ မသိရှာကြဘူး။ လူသာ သေသွားပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကောင်း (ကောင်းကံ) တွေက လူတွေရဲ့ နှလုံးသားမှာ တွယ်တာရစ်ပတ် နှောင်ကြိုးတွေ အလီလီ ထပ်ပြီး ရစ်ပတ်စွဲမြဲစေခဲ့ပါတယ်။

နောက်တစ်ခုကတော့ ပင်လောင်းမြို့ကို ခဏသွားလည်ဖြစ်တယ်။ မြို့က ခမ်းနား ကြီးကျယ်လှတာ မဟုတ်ပေမဲ့ သူ့ရဲ့ တည်ထားပုံနှင့် သာယာလှပမှုက ဖမ်းစားနိုင်စွမ်း ရှိပါတယ်။

ပင်လောင်းမြို့အဝင်မှ မြင်ရပုံ
ပင်လောင်းဈေးရှေ့
ဒကာ ကိုထွန်းအောင်က ဆွမ်းကပ်လို့ ဆိုင်တစ်ဆိုင်မှာ ဆွမ်းဘုဉ်းပေးခဲ့ရသေးတယ်။ ဟင်းတွေက ကောင်းပါတယ်။ ဆိုင်ထဲမှာ စားနေသူအချို့က ပုလင်းထောင်နေကြလို့ စိတ်ထဲမှာ ဆိုင်ထဲ ဝင်မိတာ အားနာသလိုလို တစ်မျိုး ခံစားရတယ်။ တစ်ဆက်တည်း သတိထားမိတာ တစ်ခုက လူဦးရေ မများလှတဲ့ အဲဒီမြို့လေးမှာလဲ အရက်၊ ဘီယာ (ကြော်ငြာ)တွေ ရှိတဲ့ ဆိုင်တွေက မြို့နှင့် မကာမိလောက်အောင်ကို များနေတယ် ဆိုတာပါပဲ။

အဲဒီရွာကနေပဲ အင်းလေး ဖောင်းတော်ဦးဘုရားကို သွားဖူးဖြစ်ခဲ့ပါတယ်။ ဘုန်းကြီးနှစ်ပါးနှင့် ကပ္ပိယတစ်ဦးကို ရွာသားခြောက်ယောက် လိုက်ပို့ကြပါတယ်။ တောင်ပေါ်လမ်းတွေမှာ ဆိုင်ကယ်တွေနှင့် လိုက်ပို့ကြတာပါ။

ညောင်ရွှေမြို့နယ်၊ အထူးဒေသ (၆)၊ တပ်ရင်း (၁)၊ တပ်ခွဲ (၅)က တည်ဆောက်နေတဲ့ “ကိုယ်ထူ ကိုယ်ထ” ရေအားလျက်စစ် ဖြစ်မြောက်ရေးနှင့် နောင်ဝိုး ခွန်မောင်သန်း အဖွဲ့သားများ ရေအား လျက်စစ် တည်ဆောက်တဲ့ နေရာက ချောင်းကို ဆန်တက်ပြီး ဖောင်တော်ဦးဘုရားကို သွားရင် မြန်မြန် ချောချော ရောက်တယ်တဲ့။ ဒါကြောင့် စက်လှေ ငှါးကြတယ်။ တော်တော်နှင့် မရပါဘူး။ နောက်တော့ တစ်စင်းကို ငှါးလို့ရသွားတယ်။ စက်လှေပေါ် တက်ပြီးကာမှ စက်ဘယ်လိုနှိုးလို့မှ မရလို့ ပြန်ဆင်းရတယ်။ စစ်ဆေးကြည့်တော့ ဆီက မသန့်လို့လို့ သိရပြန်ပါတယ်။

ဒီကနေ စက်လှေနှင့် ဆန်တက်ရင် အင်းလေးဖောင်တော်ဦး စေတီတော်ကို ရောက်တယ်တဲ့။
အဲဒါနှင့် အနီးက ဆိုင်တွေမှာ သွားစုံစမ်းကြည့်၊ ဆီအသစ်ဝယ် ထည့်ပြီး စက်နိုးတော့ ရပါတယ်။ ဒါနဲ့ ခရီး စထွက်ကြပါတယ်။ ဝါးငါးပြန်ခြောက်ပြန်လောက်ပဲ ရောက်ခါရှိသေး စက်က ရပ်သွားတယ်။ ဘယ်လိုပြန်နှိုးလို့မှ မရတော့ဘူး။ လက်တွေနှင့် ဝိုင်းလှော်ကြပြီး ကမ်းပြန်ကပ်ရပါတယ်။ အဆုံးမတော့ ဒီတစ်ခါလဲ ဆီတွေက မသန့်လို့ ဆိုပဲ။ ခရီးတစ်ဝက်လောက် ရောက်မှသာ ဒီလိုဖြစ်ရင်တော့ ဒုက္ခပဲ။ ချောင်းက မကြီး၊ ရေစီးက မသန်မို့ ကြောက်စရာတော့ မရှိပေမဲ့ ပြန်မရ၊ သွားမရနှင့် ဒုက္ခလှလှ တွေ့မှာတော့ သေချာပါတယ်။
ရေတွေ မကြုံစဖူး လျော့နည်းနေတယ် ဆိုတဲ့ အင်းလေး (၂၀၁၀ မေလ ၂၃ ရက်)
သြော် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံရယ်!။ တန်ရာတန်ကြေး တောင်းကြ၊ ပေးကြတာတောင် ဒီလောက်ထိ ဖြစ်နေပြီလား။ စာရိတ္တက ဘာမျှမကျန်ကြတော့ပါလားလို့ တွေးမိတယ်။ သြော် အလုံစုံ ဗရုက်သုက္ခခေတ်ကြီးထဲမှာ ဒါလေးက မပြောပလောက်ပါဘူးလေလို့ တွေးရင်း အပြုံးမပျက် ခရီးဆက်ခဲ့ပါတော့တယ်။

ခွင့်လွှတ်ပေးပါ။ မှတ်ထားတာလေးတွေ ပျောက်ကုန်လို့ အချက်အလက် စုံစုံလင်လင် မရေးနိုင်တော့ပါ။ စာဖတ်သူရဲ့ အချိန်ကို ဖြုန်းသလို ဖြစ်သွားလျှင် ခွင့်လွှတ်ပေးပါ။)

Read more...

မိမိကိုယ်ကို မိမိ ချစ်တတ်ပါစေ




ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ
ကြီးခါမှ ကောင်းအောင်နေမယ်လို့ မလုပ်ကြပါနဲ့
နောင်တဆိုတာ နောင်မှရတက်တယ်
ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင်
ကြီးခါကျတော့ နောင်တတွေရကုန်ရော
နှလုံးမသာယာ မှုတွေ ဖြစ်ကုန်ရော
ဒါကြောင့် ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ
ဆိုတဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ ကဗျာလေးကို ဖတ်ပြီး စာရေးသူ တော်တော်လေး သံဝေဂ တရားရမိပါတယ်။ စာရေးသူ အပါအဝင် စာဖတ်သူတွေ အားလုံး ဒီစကားရဲ့ အဓိပ္ပါယ်လေးကို မြင်အောင် သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။နောင်မှ ရတဲ့ နောင်တ ဆိုတာ ဘယ်တော့မှ မကောင်းတာကိုလည်း အားလုံး သိပါတယ်။ ဒါဆို စာရေးသူတို့ အားလုံး ဘာလုပ်သင့်ပါသလဲ။ ယခု ရောက်ရှိနေတဲ့ အရွယ်ကနေ စပြီး ပြုပြင် နေထိုင် သွားကြရမှာပေါ့။
အသိဥာဏ်ဆိုတာ ငယ်တာ ကြီးတာ နဲ့မဆိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုရင် အသက်ကြီးပေမယ့် အသိမဥာဏ်မရှိတဲ့ သူတွေ ရှိသလို အသက်ငယ်ပေမယ့် အသိဥာဏ် ထက်မြက်တဲ့ လူငယ် လူရွယ် တွေ တပုံကြီးရှိပါတယ်။ အသိဥာဏ်ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ရင့်ကျက်မူ နဲ့ မရင့်ကျက်တာ ပဲ ကွာပါလိမ့်မယ်။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် မိမိရဲ့ ရှိသလောက် အသိဥာဏ်နှင့် စဉ်းစားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ။
အလုပ်တစ်ခုကို အသိဥာဏ်နဲ့ ယှဉ်ပြီး လုပ်မယ်ဆိုရင် အမှားရှိမယ် ဆိုရင်တောင် အဲဒီအမှား ဟာ လွယ်လွယ် ကူကူ နဲ့ ပြန်လည် ပြုပြင်လို့ ရမှာပါ။ အသိဥာဏ်မပါတဲ့ အလုပ်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်သလို့ မှားပြီးရင်လည်း ပြန်လည် ပြုပြင်လို့ ရလိမ့်မှာ မဟုတ်ပါဘူး၊အဲဒီနေရာမှာ စာရေးသူ ပြောစရာ တစ်ခုရှိပါတယ်။ ယခုလို ခေတ်ကြီးထဲမှာ လူကြီး လူငယ် စာရိတ္တပိုင်းဆိုင်ရာတွေ ကောင်းကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေပါ။ လူကြီးတွေက တဖြေးဖြေးနဲ့ နောက်ကို ရောက်သွားပြီး လူငယ်တွေက ရှေ့ကို တက်လာကြလို့ပါပဲ။
တိုင်းပြည်တိုးတက်ဖို့ ဆိုတာ လူကြီးတွေ ထက် လူငယ်တွေက ပိုပြီးအရေးကြီးပါတယ်။ ရှေ့ကို ဆက်တက်သွားဖို့ရန် လူကြီးတွေထံကနေ အသိဥာဏ်ကို လူငယ်တွေက အတုယူတက်ဖို့ ရန်လိုအပ်ပါတယ်။ ဒါဆို လူကြီးတွေက လူငယ်တွေ ရဲ့ စံပြ ဖြစ်မနေသင့်ဘူးလား။
သူဌေးသူကြွယ်ဖြစ်ရုံမျှ လူ့အဆင်အတန်း မြင့်သူ။ လူစဉ်မီသူ မဟုတ်ပါဘူး။ စိတ်နေသဘောထား မြင့်မှသာ လူမြင့်၏။ လူစဉ်မီ၏။ ရွှေငွေပေါတိုင်း ၊ အသက်ကြီးတိုင်း လူကြီးမဟုတ်၊ စိတ်နေ သဘောထားကြီးပြီး စာရိတ္တကောင်းမွန်မှသာ လူကြီးဖြစ်မည်၊ လူကြီးဟု ခေါ်ပါသည်။။ ဒါမှ လည်း လူငယ်တွေက အတုယူစရာ ဖြစ်မှာပေါ့။ သေလျှင်ပြီးစတမ်း ဝါဒ ထွန်းကားလေသမျှ ကမ္ဘာကြီးမှာ စာရိတ္တ ပျက်ပြားမှုတွေ ပျောက်နိုင်မှာ မဟုတ်ပါဘူုး။
လူငယ်တွေကလည်း စာရိတ္တ ပိုင်းမှာ ကောင်းအောင် ကြိုးစားကြပါ။ စာရိတ္တမကောင်းရင် တစ်ဘဝလုံး သုံးလို့ မရတော့ပါဘူး။ စာရိတ္တဆိုတဲ့ အပိုင်းကို စတင်ကျင့်သုံးတော့ မယ်ဆိုရင် တစ်ဦးနှင့် တစ်ဦး ဆက်ဆံတဲ့နေရာမှာ ဦးလေး အရွယ်ဆို ဦးလေး။ အဒေါ် အရွယ်ဆို အဒေါ်။ နှမ အရွယ်ဆို နှမ။ အစ်ကိုယ် အရွယ်ဆို အစ်ကို။ အဖိုးအရွယ်ဆို အဖိုး ဒီလို ဆက်ဆံရမယ်။
အမျိုးသားတွေကလည်း အမျိုးသမီးတွေကို နှမအရင်း ဆက်ဆံသလို . မိမိ မိခင်ကို ဆက်ဆံသလို ပြောရမယ် ဆိုရမယ် တွေးရမယ်။ အမျိုးသမီးတွေလည်း အမျိုးသားတွေ အပေါ်မှာ ဒီလိုပဲ ပြုမှု ဆက်ဆံရမယ်။
ငါ့ရဲ့စိတ်က မကောင်းတာကို လုပ်ချင်ပြီး ပြောချင်ပြီး ဆိုရင် လောလောဆယ် အိမ်မှာ ရှိတဲ့ ညီမတွေ အစ်မတွေကို ပြန်လည် မြင်ယောင်ကြည့်လိုက်ပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် ဆိုပေမယ့် လက်တစ်ဘက်က တီးချင်စိတ်မရှိရင် အဲဒီလက်ခုပ်သံ ဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။
အမျိုးသမီးတွေ ဘက်ကလည်း အိနြေ္ဒရေ သိက္ခာရှိတာ အင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့ စိတ်ဓါတ်လည်း ရှိရမယ်နော်။ စိတ်ဓါတ်မှ မကောင်းရင် ဘယ်လောက်ပဲ အိနြေ္ဒရေ သိက္ခာရှိရှိ အဲဒီအမျိုးသမီးက ကြီးအာသီးလို အပြင်က လှပပြီး အထဲက မည်းညစ်နေသလို ဖြစ်နေမှာပါ။ တစ်ခုလောက် မေးချင်ပါတယ်။

ညီမငယ်တို့ ယခုလို အလှပြင်တာ
ဝတ်စားဆင်ယင် ထားတာတွေဟာ
ကိုယ့်အတွက်လား။ သူ များအတွက်လား။
ကိုယ့်အတွက် ဆိုရင် ကိစ္စ မရှိပေမယ့်
သူများအတွက် ဆိုရင် ကိုယ်ဟာ သူများအသုံးချခံ ပစ္စည်း တစ်ခုလို ဖြစ်နေလိမ့်မယ်နော်။
အဆင်မသင့်ရင် ဒုက္ခတောင်တွေ့နိုင်တယ် တစ်ခါတစ်လေ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှုဟာ
ကိုယ့်ကို ပြန်လည် ဒုက္ခပေးတက်တယ် သတိထားကြပါ ညီမငယ်တို့

အမျိုးသားတွေ လက်ခုပ်တစ်ဖက်တီး ချင်လောက်အောင် စည်းကမ်းမဲ့တဲ့ အပြုအမှု အပြောအဆို အနေအထိုင် ကို ဆင်ခြေပါ။ မိမိဘက်က စည်းကမ်းရှိတဲ့ အနေအထိုင် အပြုအမှု အပြောအဆို ဆိုတဲ့ လက်ခုပ်တစ်ဖက်သာ ရှိရင် အမျိုးသားတွေဘက်က ဘယ်လောက်ပဲ လက်ခုပ် တီးချင်ပါစေ အဲဒီလက်ခုပ်သံ ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။
ညီငယ်တွေကလည်း ညီမငယ်တို့ကို မြင်တဲ့ အခါ၊ တွေ့တဲ့ အခါ မိမိညီမငယ်လေး တစ်ယောက်၊ အစ်မတစ်ယောက်ကို ပြုမှုဆံဆက်သလို ရိုးရိုးသားသား နဲ့ ဆက်ဆံပါ ပြောဆိုပါ။ ညီမငယ်တို့ လည်း ဒီလိုပဲ ဆက်ဆံရမယ်နော်။

ဆရာတင်မှားလို့ အပေါင်းအသင်းမှားလို့ အိမ်ထောင်ပြုမှားလို့ စတဲ့

အမှားပေါင်းများစွာဟာ ဗဟုသုတမရှိလို့။ အချိန်ယူ မလေ့လာ မစူးစမ်းလို့
ရလာတဲ့ ဒဏ်ချက်တွေပါ။ တစ်ခုခု လုပ်တော့မယ်ဆိုရင် အချိန်ယူပြီး မိမိရဲ့ဥာဏ်နဲ့ လေ့လာဆုံးဖြတ်ပါ။

ညီငယ်တို့ ညီမငယ်တို့တတွေဟာ အနာဂါတ်ရဲ့ မျိုးကောင်း မျိုးသန့်လေးတွေပါ ။ မျိုးကောင်း မျိုးသန့်ဆိုတာ အချိန်မတန်ခင် မကြွေရဘူး။ လေဒဏ်၊ မိုးဒဏ်တွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကြံ့ကြံ့ခံနိုင်ရမယ်။
ရာသီဥတု ဒဏ်ကို မှ မခံနိုင်ပဲ စောစော ကြွေသွားမယ် ဆိုရင် ဘယ်တော့မှ မျိုးကောင်းမျိုးသန့် ဆိုတဲ့ မျိုးစေ့ ဖြစ်မလာပဲ။ မိုးဒဏ် လေဒဏ် တွေရဲ့ကြားထဲမှာ နေရာအနှံ့မျော ပါနေပြီး ဘယ်နေရာမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။
ကဲ ညီငယ် ညီမငယ်တို့ ဘယ်လို ဖြစ်ချင်ကြသလဲ ဆိုတာ တော့ မိမိဘာသာ စဉ်စားပါ။ စာရိတ္တဆိုတာ တကယ်တော့ အသိပါ။ အသိပေါ်မှာ မူတည်ပြီး ကျင့်ရတာပါ။

သစ်ပင်တစ်ပင်ကို ကြည့်တဲ့အခါ အမြစ်ပိုင်း။ ပင်စည်ပိုင်း။ အကိုင်းအခတ်ပိုင်း ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ လူဘဝမှာလည်း ကိုယ်ကျင့်တရားပိုင်း။ အသိပညာပိုင်းနဲ့ အတတ်ပညာပိုင်း။ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာပိုင်း ဆိုပြီး သုံးပိုင်းရှိပါတယ်။

သစ်ပင်တစ်ပင်မှာ အမြစ်ပိုင်းသာ ပျက်စီးသွားမယ်ဆိုရင် ကျန်တဲ့ ပင်စည်ပိုင်းနဲ့ အကိုင်းအခတ်ပိုင်းတို့ဟာ ဘာမျှ သုံးမကျတဲ ထင်းခြောက်တွေပဲ ဖြစ်သွားမှာပါ။ အဲဒီအတိုင်းပဲ လူဘဝမှာလည်း

ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက
ကျန်တဲ့ အသိပညာနှင့် အတတ်ပညာပိုင်း

ရာထုးဂုဏ်သိမ် စည်းစိမ် ဥစ္စာပိုင်းတွေဟာ


အလွန်ကြောက်စရာကောင်းတဲ့
လောကရဲ့ အဆိပ်များသာ ဖြစ်လာတော့မှာ။

ညီငယ် ညီငယ်တို့ လောကရဲ့ အဆိပ်တွေ ဖြစ်ချင်ကြသလား။ စာရေးသူ ဆန္ဒအမှန်ကတော့ အရွယ်မရောက်ခင် မကြွေစေချင်ပါဘူး။ မနွမ်းစေချင်ဘူး။ အရွယ်ရောက်လာတဲ့ အထိ အ ကိုင်းအခတ် အလက်တွေ ဝေဝေဆာဆာ နဲ့ တင့်တင့် တယ်တယ် ဘဝကို မြင်ချင်ပါတယ်။
ကာမ တရားဆိုတာ ခုခေတ် လူငယ် လူရွယ်တွေ ကြားထဲမှာ ခေတ်စားနေပါတယ်။ အဲဒီင်္အတွက်ကြောင့်ပဲ စာရိတ္တ ပိုင်းဆိုင်ရာတွေ ဆိုးရွားစွာ ပျက်ဆီးနေကြတာ။ အားလုံး အသိပါ။
ဒီတော့ နောက်ကာလရဲ့ တန်းဖိုးကြီးတဲ့ ရတနာလေးများ ဖြစ်ကြတဲ့ ညီငယ် ညီမငယ်တို့ မိမိ တို့ရဲ့ အကျင့်သိက္ခာပိုင်းကို ကိုယ်စီကိုယ်ငှ အမြဲတမ်း စောင့်ထိမ်းကာကွယ် သွားကြရမယ်။

မိမိရဲ့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ စောင့်သိကြမယ်ဆိုရင် ဘယ်လို ဒုက္ခတွေမှ တွေ့လာစရာ အကြောင်းမရှိပါဘူး။ မစောင့်ထိမ်းနိုင်ဘူးဆိုရင် မျိုမိတဲ့ ငါးပမာ ဖြစ်သွားလိမ့်မယ်။
ကာမသုခရဲ့နောက်မှာ လက်စမသတ်နိုင်တဲ့ ကာမ ဒုက္ခတွေ ရှိတယ်။
ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ဘဲ ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးလို
ဒုက္ခရောက်တတ်တယ် ညီငယ် ညီမငယ်တို့ သတိထားကြပါ။

ဒါကြောင့် သတိဆိုတာလည်း မမေ့ပါနဲ့။ သတိကို ပညာနဲ့ကြည့်ရမယ်။ သတိ ဟာ ဘဝမှာ အလွန်အရေးကြီးပါတယ်။ သေးနုပ်တဲ့ ကိစ္စပင်ဖြစ်စေ။ သတိလက်လွတ် လုပ်ကိုင်မိရင် ဆိုးကျိုးပေးတက်တယ်။
အချို့ အမှတ်မထင် ခဏလေးမျှ ပြုလိုက်မိသဖြင့် အသက်ကို ထိခိုက်နိုင်ခြင်း။ အရှက်ကို ထိခိုက်နိုင်ခြင်း နဲ့ မိမိကြောင့် အများဒုက္ခရောက်ခြင်းတို့ ဖြစ်နိုင်တယ်။

သတိကို သတိနဲ့ ထိန်းပေးရမယ်။ သတိထားမှ သတိရှိနိုင်မယ်။ သတိ မထားပဲ မေ့မေ့လျော့လျော့ နေထိုင် လုပ်ကိုင် ပြုမှု ဆက်ဆံ ပြောဆိုမယ်ဆိုရင်တော့ တစ်ချိန်မှာ သတိမမှုတဲ့ အပြစ်ကို ပြန်လည် ခံရမှာဖြစ်တယ်။

နှလုံးသားက တောင်းဆိုတိုင်း
ဦးနှောက်က အလိုလိုက်ရင်ပြင်မရအောင် မှားတက်တယ်။
တစ်ခဏသုခကို သည်းခံလိုက်ပါ
မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
သတ္တဝါတွေ ဒုက္ခရောက်တယ်ဆိုတာ
တစ်ခဏသုခကို သီးမခံနိုင်ကြလို့ပါပဲ။
သင်ဓုန်းဓားသွားပေါ်မှာ ပေကျံနေတဲ့ ပျားရည်ကို
တစ်ခဏ လျှက်မိလိုက်တာနဲ့
တစ်သက်လုံး လျှာပြတ်တဲ့ ဒုက္ခ ရောက်ရသလို
တစ်ခဏသုခကို သည်းမခံနိုင်ရင်
ဒုက္ခကို တစ်သက်လုံး ကျောပိုးထားရမယ်ဆိုတာ
အချိန်မလွန်ခင်
ဆင်ခြင် စဉ်စား သည်းခံလိုက်ပါ။
အောင်၊ နိုင်ရင် အကျိုးရှိ ဆိုတဲ့ စကားကို ရှေးပညာရှိ စာရိတ္တကောင်းခဲ့ကြတဲ့ လူကြီးတွေက အလကားထားခဲ့ ကြတာ မဟုတ်ပါဘူး။

Ability may get you to the top,

but it takes character to keep you there.

ကိုယ်စွမ်း ကိုယ်စက သင့်အား
ထိပ်ဆုံးသို့ ရောက်ရှိစေနိုင်တယ်။
သို့ရာတွင် အကျင့်စာရိတ္တကသာလျှင်
သင့်အား ထိပ်ဆုံး၌ ဆက်လက်တည်မြဲ စေနိုင်ပါသည်။

ကဲ အားလုံးကျမ်းမာချမ်းသာကြပါစေ။
စာဖတ်သူတို့ ရင်ထဲမှာ တစ်ခုခု များကျန်ခဲ့ရင် စာရေးရကျိုးနပ်ပါပြီး။
မောင်ငြိမ်းချမ်းလေး

Share/Bookmark


Read more...

မင်းတုန်းမင်း၏ သာသနာအပေါ် သဒ္ဓါတရားကြီးမားသောစိတ်ထား...











Read more...

ယောက္ခ မနှင့် ချွေးမ

မြတ်စွာဘုရားလက်ထက်တော်က အရှင်မဟာမောဂ္ဂလာန်ရဲ့ ဆွမ်းခံအိမ်မှာ အမျိုးသမီးငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင်အဓိဌာန်လေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ မိမိစားမယ့်အစာရဲ့ တစ်ဝက်ကို အလှူခံပုဂ္ဂိုလ်ကို ဦးဦးဖျားဖျားလှူပြီးမှ စားလေ့ရှိတာပါပဲ။ တကယ်လို့ အလှူခံပုဂ္ဂိုလ် အနားမှာ အလွယ်တကူမရှိရင်လည်း တစ်ဝက်ကိုဖယ်ထားပြီးမှ စားလေ့ရှိတာပါ။

အဲဒီအမျိုးသမီးလေးရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ သူတောင်းစားတွေကို ပေးကမ်းရတာလည်း သိပ်ဝါသနာပါတာပါ။

ဒါကြောင့် အမျိုးသမီးငယ်လေးရဲ့အမေက သူ့သမီးကို နာမည်လေးတစ်ခု ထပ်ပေးထားပါတယ်။ ဘာလိုလဲဆိုတော့ “ဒါနဇ္ဈာသယလေး” တဲ့။ အဓိပ္ပါယ်ကတော့ လှူဒါန်းပေးကမ်းလိုစိတ်ရှိတဲ့သူလေးပါတဲ့။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရာဇဂြိုလ်ပြည်က အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖြစ်ပါတယ်။

အိမ်ထောင်ကျတော့လည်း ပြုနေကျ သူရဲ့ ဒါန၀တ်ကို ဆက်ပြုပါတယ်။ ဒါတင်မကပါဘူး။ ကောင်းတဲ့စိတ်ထားလေးတွေက အိမ်မှာကတည်းက ပါလာတာဆိုတော့ သူ့မှာ ကောင်းမြတ်တဲ့ ကံသုံးပါအမူအရာလေးတွေလည်း ရှိနေပါတယ်။

လင်ယောက်ျားအိပ်ပြီးမှ အိပ်တယ်။ ထတဲ့အခါ လင်ယောက်ျားအရင် ထဖြစ်တယ်။ ထိုင်စရာရှိရင်လည်း လင်ယောက်ျားနောက်ကပဲထိုင်တယ်။ လင်ယောက်ျား နှစ်သက်စေမယ့် အမူအရာလေးတွေနဲ့ပဲ နေတယ်။

လင်ယောက်ျားကို စကားပြောတဲ့အခါ နားပူနားဆာစကားကို မပြောဘဲ ချစ်ခင်စရာစကားကိုပဲ ရွေးပြောတယ်။ လင်ယောက်ျားကို ဘယ်လိုလုပ်ရ မလဲလို့ မေးမြန်းတိုင်ပင်ပြီးမှ လုပ်တယ်။ လင်ယောက်ျားရဲ့ မျက်နှာကိုကြည့်ပြီး သူ့အလိုကျပဲနေတယ်။ မှန်တဲ့စကားကိုပဲ ပြောလေ့ရှိတယ်။

နောက်တစ်ခုထူးခြားတာကတော့ ယောက္ခမလုပ်သူကို အမေမိဘလို သဘောထားဆက်ဆံတာပါပဲ။ ခေါ်တဲ့အခါမှာလည်း “အမေ အမေ” လို့ပဲ ခေါ်ခေါ်ပြီး ဆက်ဆံပါတယ်။

ဒါပေမယ့် ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတာ ကမ္ဘာ့ရန်ဆိုတော့ ချွေးမဖြစ်သူအမျိုးသမီးလေးက ဘယ်လောက်ပဲကောင်းအောင်နေပြနေပြ၊ ယောက္ခမလုပ်သူက လုံးဝမကြည်ဖြူပါဘူး။ အကောင်းလည်း မမြင်ပါဘူး။ ဘာလုပ်လုပ် အပြစ်ပဲမြင်မြင်နေလေ့ရှိပါတယ်။ ဒါကို သိထားတဲ့အတွက် ချွေးမဖြစ်သူ အမျိုးသမီးငယ်လေးက ယောက္ခမလုပ်သူကို လိုအပ်တာထက် ပိုဂရုစိုက်ပေးပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အိမ်ရှေ့ကို အရှင်မဟာမောဂ္ဂလာန်က ဆွမ်းခံလာရပ်ပါတယ်၊ အမျိုးသမီးငယ်လေးကလည်း အပျိုစင်ဘ၀ကတည်းက အရှင်မဟာမောဂ္ဂလာန်နဲ့ သိနေတာဆိုတော့ ချက်ချင်းပဲ “အိမ်ထဲကို ၀င်တော်မူပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။

ဒါပေမယ့် အလွယ်တကူလောင်းစရာမရှိပါဘူး။ ရှာကြည့်လိုက်တော့ ယောက္ခမရဲ့ အိုးကင်းကြော်မုန့်ကိုပဲ တွေ့ရပါတယ်။ ယောက္ခမလုပ်သူကို ရှာကြည့် တော့လည်း မတွေ့ပြန်ပါဘူး။ ဒါကြောင့် “နောက်မှပဲ ပြောပြပြီး ၀မ်းမြောက်စေတော့မယ်” ဆိုပြီး ယောက္ခမရဲ့မုန့်ကို အရှင်မဟာမောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။

အရှင်မဟာမောဂ္ဂလာန်လည်း အနုမောဒနာတရားဟောပြီး ပြန်ကြွသွားပါတယ်။ အရှင်မဟာမောဂ္ဂလာန် ပြန်ကြွပြီး မကြာခင်မှာဘဲ ယောက္ခမလုပ်သူက ပြန်ရောက်လာပါတယ်။ ဒီတော့ချွေးမဖြစ်သူ အမျိုးသမီးလေးက ၀မ်းသာအားရနဲ့ “အမေရေ အမေ့ဖို့ထားတဲ့မုန့်ကို အရှင်မဟာ မောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။ အမေ ၀မ်းမြောက်စွာ သာဓုခေါ်ပါ” လို့ပြောလိုက်ပါတယ်။

ဒီတော့ ယောက္ခမလုပ်သူက “ဘာ…ဘာ… ဘာပြောလိုက်တယ်၊ ငါ့မုန့်ကို ငါ့ကိုခွင့်မတောင်းဘဲ ရဟန်းကို ပေးပစ်တယ်.. ဟုတ်လား” လို့ ဒေါသတွေထွက်ပြီး အနားမှာရှိတဲ့ ကျည်ပွေ့နဲ့ ချွေးမလုပ်သူလေးရဲ့ ပခုံးစွန်းကို ရိုက်ချလိုက်ပါတယ်။ ချွေးမလုပ်သူကလည်း ထင်မှတ်မထားဘဲ ရုတ်တရက် ရိုက်ချလိုက်တာဆိုတော့ ရှောင်ချိန်လည်း မရလိုက်ပါဘူး။ ရိုက်ချက်က တကယ့်ချက်ကောင်းကို ထိသွားပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာ ချွေးမလုပ်သူလေးဟာ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ဒါပေမယ့် အံဩဖို့ကောင်းတာက ယောက္ခမလုပ်သူရဲ့ လုပ်ရပ်ဆိုးကို လုံးဝစိတ်ညွတ်မထားဘဲ အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်ရတာလေးကိုပဲ စိတ်ညွတ်ထားခဲ့ပါတယ်။

သုံးရက်မြောက်တဲ့နေ့မှာတော့ ယောက္ခမလုပ်သူရဲ့ ရိုက်ချက်ဒဏ်ရာကြောင့်ပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်သွားတဲ့အခါမှာလည်း အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်တဲ့အတွက် ၀မ်းမြောက်တဲ့ ကုသိုလ်စိတ်ကလေးကိုပဲ အာရုံပြုပြီးတော့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ဥဠာရာလို့ အမည်ရတဲ့ အလွန်လှတဲ့ နတ်သမီးလေး သွားဖြစ်ပါတယ်။

တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်က တာဝတိံသာနတ်ပြည်ကို ကြွလာပါတယ်။ ဥဠာရာ နတ်သမီးလေးကို တွေ့လိုက်ရတော့ “ဘယ်လို ကုသိုလ်ကံကြောင့် နတ်သမီး လာဖြစ်ရတာလဲ” လို့ မေးပါတယ်။

ဥဠာရာ နတ်သမီးလေးကလည်း သူနဲ့ သူ့ယောက္ခမရဲ့ ဖြစ်စဉ်တွေကို ပြန်ပြောပြပြီး “အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်ဒါနကို အာရုံညွတ်ပြီး သေလွန်ရတဲ့အတွက် နတ်သမီးဖြစ်ရတာပါဘုရား” လို့ပြန်လျှောက်လိုက်ပါတယ်။

ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ အမျိုးသမီးငယ်လေးရဲ့ သေခါနီးသုံးရက်အလိုလောက်မှာ ထားရှိတဲ့စိတ်ထားလေးကို ကြိုက်လို့ပါ။

အမျိုးသမီးလေးအနေနဲ့ သေခါနီးသုံးရက်လောက်အလိုမှာ ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပါတယ်။ တစ်ဖက်က ယောက္ခမက ကျည်ပွေ့နဲ့ ထုထည့်လိုက်တဲ့အာရုံ၊ နောက်တစ်ဖက်က အရှင်မဟာမောဂ္ဂလာန်ကို လှူဒါန်းလိုက်တဲ့ အာရုံပါ။

အာရုံနှစ်ခုက ထင်ရှားတဲ့အာရုံတွေပါ။ အာရုံတွေက ထင်ရှားတော့ စိတ်ညွတ်ရတာလည်း သိပ်လွယ်ကူပါတယ်။

အမျိုးသမီးငယ်လေးက ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပေမယ့် သူ့စိတ်ကို ဘယ်ကိုပို့ထားရမယ်ဆိုတာ သိပုံရပါတယ်။ ဒါကြောင့် စိတ်ကို ယောက္ခမဆီကို လုံးဝမညွတ်ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ စိတ်ညွတ်ထားလိုက်ပါတယ်။

တကယ်ဆို အမျိုးသမီးငယ်လေးဟာ သာမန်ပုထုဇဉ်အဆင့်ပဲရှိပါသေးတယ်။ ပုထုဇဉ်ပီပီ ဒေါသထွက်မယ်ဆိုရင် ထွက်စရာပါ။ ဒေါသကို အခြေခံပြီး “နောက်ဘ၀ ဒီယောက္ခမကို နိုင်ရပါလို၏” လို့ ဆုတောင်းပြီး သေမယ်ဆို သေသွားနိုင်စရာပါ။

အဲဒီလိုသာ စိတ်ကို ယောက္ခမဆီညွတ်ထားပြီး ဒေါသစိတ်ကို အာရုံပြုပြီးသေသွားရင် မကောင်းတဲ့ဂတိ တစ်ခုခုကို ရောက်သွားနိုင်ပါတယ်။

ဒါပေမယ့် အမျိုးသမီးငယ်လေးက ဆိုးကျိုးအားလုံးကို ကြိုတွက်မိပုံရပါတယ်။ ဒါကြောင့် ဘ၀အတွက် အရေးအကြီးဆုံးအချိန်မှာ စိတ်ကို ယောက္ခမဆီ မညွတ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ ညွတ်ထားလိုက်ပါတယ်။ ကလေးဘ၀မှာကတည်းက ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံအကျင့်လေးက သူ့သန္တာန်မှာ ကိန်းနေတာလည်း ပါမှာပါ။

ဘာပဲပြောပြော အမျိုးသမီးငယ်လေးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာတော့ အမှန်ပါပဲ။

ဘ၀မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ဆုံးဖြတ်ချက် မှားသွားရင် တချို့ဆုံးဖြတ်ချက်တွေကျတော့ သံသရာအထိပါသွားတက်ပါတယ်။ ဒါကလည်း အလေ့အထုံနဲ့ ဆိုင်မယ်ထင်ပါတယ်။

ဘယ်အာရုံပဲကြုံကြုံ ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ ကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။ ဘယ်အာရုံ ကိုပဲကြုံကြုံ အကုသိုလ်ဘက်ကို ယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ အကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။

ဒါကြောင့် ကိုယ်က အထုံဖြစ်အောင် ကျင့်စဉ်တစ်ခုလိုကို သဘောထားပြီး ကျင့်ယူရပါမယ်။ နေ့စဉ် အာရုံမျိုးစုံနဲ့ ကြုံနေရတာဆိုတော့ အာရုံတွေကို အခြေခံပြီး ဆုံးဖြတ်ချက်မျိုးဆုံ ဆုံးဖြတ်နေရမှာပါ။ ကြုံလာတဲ့အာရုံလေးတွေကို ကိုယ်က သတိကပ်ပြီး ဆုံးဖြတ်သွားရုံပါပဲ။

ဒီလိုအကျင့်လေးလုပ်သွားရင် ကြာရင် အထုံဖြစ်သွားမှာပါ။ တချို့ဆုံးဖြတ်ချက်တွေဟာ ဘ၀အတွက် အရေးမကြီးပေမယ့် တချို့ဆုံးဖြတ်ချက်တွေကျတော့ ဘ၀အတွက် တော်တော်လေး အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှားသွားရင် သံသရာအထိ ပါသွားတက်လို့ပါ။

ကိစ္စတစ်ခုကြုံလာရင် ထူပူနေတုန်းမှာ မဆုံးဖြတ်ဘဲ အချိန်ယူပြီးမှ ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါပဲ။

အမျိုးသမီးငယ်လေးနဲ့ ယောက္ခမကြုံရတဲ့ကိစ္စမှာ တကယ့်အာရုံဆိုးကြီးတွေပါ။ အမျိုးသမီးငယ်လေးအနေနဲ့ ဆုံးဖြတ်ချက် မှားမယ်ဆိုရင် မှားချင်စရာပါ။

ဒါပေမယ့် အမျိုးသမီးငယ်လေးက ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်ကို အထူးစောင့်စည်းပြီး မိမိကိုယ်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူ ဆိုတော့ ကိုယ့်ကိုယ်ကို အမှားမခံပါဘူး။

ကမ္ဘာပေါ်မှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အလေ့အထ ရှိနေသရွေ့ ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတဲ့ အခေါ်အဝေါ် ဝေါဟာရတစ်ခုကတော့ အစဉ်သဖြင့် ရှိနေဦးမှာပါ။

ယောက္ခမ လုပ်သူကလည်း “ငါကအကြီး၊ ငါက ယောက္ခမ” ဆိုတဲ့ မာန်လေးတွေရှိသလို ချွေးမလုပ်သူကလည်း “ငါကအငယ်၊ ငါကချွေးမ” ဆိုတဲ့ မာန်လေးတွေ ကိုယ်စီရှိကြပါတယ်။

ပြဿနာဆိုတာလည်း မာန်ရှိသူချင်းမှသာ ဖြစ်တာပါ။ တစ်ဖက်က မာန်တွေ ဘယ်လောက်ပဲရှိရှိ၊ တစ်ဖက်က မာန်မရှိဘူးဆိုရင် မရှိအောင်နေဆိုရင် ပြဿနာ မဖြစ်ပါဘူး။

ပြဿနာတစ်ခုဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေဖြစ်အောင် ကြိုးစားရပါတယ်။ “ဓမ္မောဟဝေရက္ခတိဓမ္မစာရီ= တရားကို စောင့်တဲ့သူကို တရားက ပြန်စောင့်ရှောက်သွားမှာပဲ” လို့ နှုလုံးသွင်းပြီး ဓမ္မနဲ့ ညီနိုင်သမျှ ညီအောင်နေရပါမယ်။ ပြီးတော့ သီလကိုလည်း တိုးတိုးပြီး စောင့်ထိန်းသင့်ပါတယ်။

ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ဒီနည်းကတော့ အကောင်းဆုံးပါပဲ။

ကိုယ့်ဘက်က တာလုံအောင်နေလိုက်တဲ့ သဘောပါ။ အဆင်ပြေတာ မပြေတာက ဒုတိယကိစ္စပါ။

စာဖက်သူတွေ သတိမထားမိမှာစိုးလို့ ထပ်ပြောပါရစေ။ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေပါ။ သီလကို တိုးတိုးပြီးစောင့်ထိန်းပါ။ ဒီနှစ်ချက်ကိုတော့ ချစ်တဲ့စာဖက်သူတွေ အထူးပဲ အာရုံပြုထားစေချင်ပါတယ်။

စာရေးသူကတော့ ကိုယ့်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုနဲ့ ကြုံလာရင် အထက်ကအတိုင်း ကျင့်သုံးလေ့ ရှိပါတယ်။ ကိုယ့်မှာ တကယ်အားကိုး စရာက ဓမ္မနဲ့ သီလပါ။

တကယ်တော့ ဒါတွေအားလုံးဟာစိတ်ပါပဲ။ စိတ်ကနေ “ဒီယောက္ခမကြီးက မုန်းစရာကြီးလို့” လျှောက်သတ်မှတ်ထားလို့ပါ။ အမှန်ကတော့ ကိုယ့်စိတ် ကလေးကို ပြန်ပြင်လိုက်ရုံပါပဲ။ စိတ်ကလေးကို ပြောင်းယူလိုက်ရုံပါပဲ။

ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုကြည့်ပေါ့။ ငါဒီလိုစိတ်တွေ ဖြစ်နေတဲ့အတွက် စိတ်ချမ်းသာသလားဆိုတာ၊ စိတ်မချမ်းသာတဲ့အလုပ်ကြီးကို ဘာလို့ဆက်လုပ်နေမှာလဲ။ စိတ်ချမ်းသာအောင်ပဲ နေမှာပေါ့၊ စိတ်ချမ်းသာအောင် နေထိုင်နည်းတွေကလည်း အများကြီးရှိနေတဲ့ဥစ္စာ။ လူတစ်ယောက်ရဲ့ ဘ၀မှာ စိတ်ချမ်းသာမှုက သိပ်ပြီးအရေးကြီးပါတယ်။

စိတ်ချမ်းသာတယ် စိတ်ဆင်းရဲတယ်ဆိုတာ အဓိက ကိုယ့်စိတ်ကပဲ လိုက်ဖန်တီးနေတာပါ။ ဘယ်လောက်ပဲ ရာထူးဌာနန္တရတွေရှိရှိ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်မချမ်းသာဘူးဆိုရင် နေရထိုင်ရတာ မပျော်ပါဘူး။ ဒါမျိုးတွေက ကိုယ်တွေ့လေးတွေ ကိုယ်စီရှိနေကြတာဆိုတော့ အထူးပြောဖို့ မလိုတော့ပါဘူး။

ဒီသက်သေလေးတွေကို အသေအချာအာရုံပြုပြီး ကိုယ့်စိတ်ကလေးကို ပြုပြင်လိုက်ရုံပါပဲ။

နှစ်ဦးနှစ်ဖက် အဆင်မပြေကြဘူးဆိုတာ မေတ္တာမရှိကြလို့ပါ။ မေတ္တာထားနိုင်လိုက်ရင် အဆင်ပြေသွားကြတာပါပဲ။

ဥပမာပဲ ထားပါတော့၊ ယောက္ခမနဲ့ချွေးမ အဆင်မပြေဘူးတဲ့ ထားပါတော့။ ယောက္ခမက ကိုယ့်ကို အသေအလဲ မုန်းနေတယ်ပဲထားပါတော့။

ဒါဆို ရေမေတ္တာသာ နာနာပို့ပစ်လိုက်စမ်းပါ။

မြတ်စွာဘုရားကို ရေကပ်၊ ရေကပ်ပြီးတဲ့အခါ “ဤရေအေးမြသလို ငါ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ဘယ်သူလည်း စိတ်ကော ရုပ်ကောအေးမြပါစေ၊ အစစအရာရာ အဆင်ပြေပါစေ” လို့ ယောက္ခမကို မျက်လုံးထဲမှာ မြင်အောင်ထားပြီး ပြုံးလာတဲ့အဆင့်ထိ မေတ္တာပို့ပါ။

ကိုယ့်ရဲ့ မေတ္တာသမာဓိအားကြီးတယ်ဆိုရင် လေးငါးခြောက်ရက်နဲ့တင် ထူးခြားလာပါလိမ့်မယ်။ ကိုယ့်ရဲ့ မေတ္တာသမာဓိက အားနည်းနေသေးတယ် ဆိုရင်တော့ တစ်လနှစ်လလောက်တော့ ကြာချင်ကြာပါလိမ့်မယ်။

ယောက္ခမလုပ်သူကလည်း အထက်ကအတိုင်း ချွေးမလုပ်သူကို ရေမေတ္တာပို့ကြည့်ပါ။

တစ်ခုတော့ရှိပါတယ်။ မေတ္တာပို့သူ ကိုယ်တိုင်ကလည်း အဆင်ပြေချင်စိတ် ချစ်ချစ်ခင်ခင်နေလိုတဲ့စိတ် ရှိနေရပါ့မယ်။ မေတ္တာတွေတော့ ပို့နေပါရဲ့၊ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင်တော့ မေတ္တာကထိရောက်မှာ မဟုတ်ပါဘူး။

တချို့ဆိုယောက္ခမနဲ့ အဆင်မပြေလို့ ရသင့်ရထိုက်တဲ့ အမွေတွေ မရလိုက်တာတောင် ရှိပါတယ်။

ကဲ့… စာဖတ်သူ။ ယောက္ခမနဲ့ချွေးမ အဆင်မပြေဖြစ်နေခဲ့ရင် ရေမေတ္တာသာ ပို့ကြည့်လိုက်စမ်းပါ။ မကြာခင်အချိန်အတွင်းမှာ “အမေရဲ့ သမီးရဲ့၊ သမီးရဲ့ အမေရဲ့” ဆိုပြီး ဘေးကလူတွေ မနာလိုချင်လောက်ကို အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ အမွေတွေလည်း အများကြီးရလိုက်ပါလိမ့်မယ်။

ကျမ်းကိုး-

၁။ ၀ိမာန၀တ္ထုအဋ္ဌကထာ၊

ဥဠာရာဝိမာန၀တ္ထု။

၂။ ၀ိမာန၀တ္ထုတော်ကြီး၊ မြို့မိဆရာတော်။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ဖေဖော်ဝါရီ၊ ၂၀၀၆။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP