* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, February 6, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၇)

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပါ
အခြားသူများနှင့် ပတ်သက်ပြီး သံသယတွေ ပွားမနေပဲ မိမိ၏ လုပ်ဆောင်ဖွယ်ရာများကို အာရုံစိုက်နိုင်စွမ်း ရှိလျှင်ကား များစွာ ဝမ်းမြောက်ဖွယ်ရာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ၏ သြဝါဒတော်ကား -

သူတစ်ပါးတို့၏ အပြစ် အနာအဆာတို့ကို မရှာပါနှင့်၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှုတို့ကို မကြည့်ပါ မမြင်ပါနှင့်။ မိမိ၏ ကောင်းမှု မကောင်းမှု ပြုပြီး မပြုပြီးတို့ကို သာလျှင် ကြည့်ရှုရာ၏။

သူတစ်ပါး၏ အပြစ်ကို အစဉ်ကြည့်ရှုလျက် ငြိုငြင် ကဲ့ရဲ့တတ်သောသူအား အာသဝေါတရား တို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

အခြားသူများ၏ အပြစ်များကို မြင်ရန်လွယ်ကူသော်လည်း မိမိကိုယ်တိုင်၏ အပြစ်များကား မြင်ရန် ခက်ခဲလှ၏။ အခြားသူများ၏ အပြစ်များကို ဖွဲကို ဆန်ခါချသလို လှေ့တတ်သော်လည်း မိမိ၏ အပြစ်ကိုကား စဉ်းလဲသော ငှက်မုဆိုးသည် သူ့ကိုယ်သူ ဖုန်းကွယ်သလို ဖုန်းကွယ်တတ်၏။

ဘယ်သူတစ်ဦးတစ်ယောက်မှ အပြစ်တင်ခံရတာ၊ ဝေဖန်ခံရတာက မလွတ်ကင်းပါဘူး။ ရှင်တော်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သည်ကား -

လူတို့သည် ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြကုန်၏၊ စကားများများပြောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ အသင့်အတင့် (နှိုင်းချိန်၍) ပြောဆိုသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ ထို့ကြောင့် လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိပေ။” ရှင်တော်ဗုဒ္ဓ ဆက်၍ မိန့်တော်မူသည်မှာ - 

လုံးဝ အကဲ့ရဲ့ ခံရသူ သို့မဟုတ် လုံးဝ ချီးမွမ်းခံရသောသူမည်သည် ရှေးကလည်း မရှိခဲ့ဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်း မရှိပါချေ။

သင့်ကို ဝေဖန်ကြသူအားလုံး သင်၏ ရန်သူများ မဟုတ်ပါ။ သူတို့၏ ဝေဖန်ချက်များကို သင်ကိုယ်တိုင် မမြင်နိုင်သည့် သင်၏ အားနည်း ချွတ်ယွင်းချက်များကို ရှာဖွေဖို့ သင် အသုံပြုနိုင်ပါသည်။

အပြစ်ရှာ ဝေဖန်တာကြောင့်မျှတော့ သင်၏ လုပ်ရပ်ကောင်းကို မစွန့်လွှတ်သင့်ပါ။ သင်၏ ချွတ်ယွင်း အားနည်းချက်များကို ဝန်ခံရဲလျှင်ကား အောင်မြင်ဖို့ရာ ဥာဏ်စွမ်းအားများ သင့်တွင် အမှန်တကယ် ရှိနေပါပြီ။

ပညာရှိများကား ဘာပဲဖြစ်နေပါစေ၊ လမ်းမှန်မှ မသွေဖီကြ၊ လောကီရေးရာ ပျော်ရွှင်ဖွယ်ရာများကိုလည်း မက်မောတွယ်တာ မရှိပါချေ။ ပျော်ရွှင်ဖွယ်ရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ် ပညာရှိများကား စိတ်တည်ငြိမ် ခိုင်ခန့်စွာ ရှိမြဲသာပင်။

(ဆက်ပါဦးမည်။)
ဘုန်းဥာဏ်

Read more...

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (အတ္တ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၁၂)
ဗုဒ္ဓဘာသာနှင့် ကမ္ဘာပေါ်ရှိ အခြားဘာသာများကို အယူအဆ ကွဲလွဲစေသည်မှာ အတ္တနှင့် အနတ္တသာ လျှင် ဖြစ်ပေသည်။ အခြားဘာသာများက အတ္တ၀ါဒအပေါ်တွင်အခြေခံပြီး ၀ါဒကွန်ယက်ကို ဖြန့်ကြက် ကြလေသည်။ ယင်းအယူအဆ နှစ်ရပ်သည် သိမ်မွေ့သဖြင့် ဗုဒ္ဓဘာသာဝင်များသည်ပင် ရှင်းရှင်းလင်းလင်း သိရန်မူ ကြိုးစားအားထုတ်မှ နားလည်နိုင်လေသည်။ အဘယ့်ကြောင့်ပါနည်း တသံသရာလုံးက အတ္တ၀ါဒ အပေါ်တွင် အခြေခံလာခဲ့ကြပေရာ ဘုရားရှင်က အနတ္တဟုဟောကြားပါမှ သိခွင့်ရသောကြောင့် ဖြစ်ပေသည်။ သိခွင့်ရသော အချိန်နှင့် အကြိမ်အရေအတွက်မှာလည်း များများစားစား မဟုတ်လေသဖြင့်  လူအပေါင်းသည် ယောင်ဝါးကြီးဘ၀ဖြင့် စခန်းသွားနေကြပေသည်။ ဘုရားရှင်သည်ပင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးကို ဟောတော်မူခဲ့ရာတွင် အနတ္တ၀ါဒကို အစဦး မဟောကြားခဲ့မူ၍ အရိယာဖြစ်ကြပြီးမှ အနတ္တလက္ခဏ သုတ်ကို ဟောတော်မူခဲ့ပေရာ အတ္တနှင့် အနတ္တ ကွဲပြားရန် မည်မျှခက်ခဲသည်ကို သိနိုင်ပေသည်။ ဘုရားရှင်ခေတ်က ရှိနေခဲ့သော အခက်သည် ယနေ့ခေတ်လူသားများအထိပင် အဆုံးသတ်၍ မရအောင် အခက်ဖြစ်နေရပေသည်။ သို့အတွက်ကြောင့်ပင် ထေရ၀ါဒနှင့် မဟာယာန၀ါဒ နှစ်ခုစလုံး၌ သေခါနီးအခါတွင် လိပ်ပြာခွဲ၊ သေပြီးနောက် တစ္ဆေကြီးကျွေးစသည့် ကျင့်သုံးမှုများဖြင့် အတ္တ၀ါဒလောင်းရိပ်မှ ရုန်းမထွက်နိုင်အောင်ပင် ဖြစ်နေပေ သေးသည်။ ဟိန္ဒူဘာသာဝင် ပညာရှင်တို့ကလည်း ဗုဒ္ဓဘာသာကို ဟိန္ဒူလက်အောက်ခံ ဘာသာအဖြစ် ဆင်တူ ရိုးမှားဖြစ်စေရန် န၀မအ၀တာရအဖြစ် ဖန်ဆင်းခြင်း၊ ပရမအတ္တ၏ တပည့်အဖြစ် သွတ်သွင်းခြင်းတို့ဖြင့် ညင်ညင်သာသာ ပူးသတ်ကြပေသည်။ ထို့ပြင် ပါဠိစာပေတွင် အတ္တဟုတွေ့မြင်တိုင်း အသက်၊ လိပ်ပြာဟု အဓိပ္ပါယ်ထွက်သော (Soul) ဟုဘာသာ ပြန်ကြပေသည်။ အတ္တဟူသောပါဠိကို ဘာသာပြန်ရမည်မှာ (Soul) မဟုတ် ကိုယ်တိုင်ဟု အဓိပ္ပါယ်ရသော (by yourself) ဟု ပြန်ဆိုကြရပေမည်။ ယခု အခါ ပါပ၊ ဒဏ္ဍနှင့် ဇရာဝဂ် တို့၏ နောက်တွင် အတ္တ၀ဂ်ကို စီစဉ်ထားသည်မှာ စဉ်းစားစရာ တစ်ခုဖြစ်ပေသည်။ ဆိုလိုသည်မှာ အကုသိုလ်ကို မပြုရုံမျှနှင့် မလုံလောက်၊ ကုသိုလ်လုပ်ဆောင်ရာ တွင်လည်း အတ္တ၊ အနတ္တကွဲပြားပါမှ သံသရာက လွတ်နိုင် မည်ကို သိစေလိုသဖြင့် ဤအတ္တ၀ဂ်ကို စီမံလေသလောဟု တွေးထင်မိခြင်း ဖြစ်ပေသည်။ အတ္တ၀ါဒတန်းလန်းရှိနေသောသူသည် အနတ္တ၏ အသီး အပွင့်ဖြစ်သော နိဗ္ဗာန်ကို ဆွတ်ခူးနိုင်စရာ အကြောင်းလုံးဝ မရှိပါချေ။
အတ္တနှင့် အနတ္တကိုသိနားလည်ရန် အရေးကြီးလှသဖြင့် ဓမ္မဗဟုဿုတကို အနည်းငယ် ရေးသားရမည် ထင်ပါသည်။ ဟိန္ဒူဝါဒတွင် အတ္တအသေးနှင့် အကြီးရှိပေရာ ပရမအတ္တသည် ဖန်ဆင်းရှင်၏ အတ္တဖြစ်ပြီး တစ်ဦးချင်းစီတွင်မူ အသေးစား အတ္တမျှသာ ရှိပေသည်။ ထိုအတ္တလေးသည် မည်သည့်အခါမှ ပျက်ပြယ် ပျောက်ကွယ် သွားခြင်းမရှိသည့်ပြင် ညအခါ အလွန်အိပ်မောကျနေသည့်အချိန်တွင် ပရမအတ္တနှင့် ဆက်သွယ်ကြသည်ဟု သိရပါသည်။ လူများသေဆုံးသည့်တိုင်အောင် အတ္တလေးက မသေဆုံးပေ။ လူ၏ခန္ဓာကိုယ်မှ ထွက်ခွါသွားခွဲပြီး နောက်ခန္ဓာကိုယ်အသစ်ကို ရှာဖွေပေသည်။ သို့အတွက် ကလေးငယ်များ မွေးဖွားသည့်အခါ ငယ်ထိပ်နားရှိနေရာလေးတွင် လှုပ်စိလှုပ်စိနှင့် ဖြစ်နေသည်မှာ အတ္တလေး ၀င်ရောက် လာခဲ့သောကြောင့်ပင် ဖြစ်သည်ဟု ဆိုပါသည်။ ဤနေရာတွင် သေခါနီးအခါ လူ၏ခန္ဓာကိုယ်အတွင်းမှ အတ္တထွက်သွားသည်ကို လက်မခံကြသော သိပ္ပံပညာရှင်များက ခန္ဓာကိုယ်ကို အပေါက်မရှိအောင် အတ္တ ကလေး မထွက်နိုင်စေရန် ရည်ရွယ်ပြီး စပ်းသပ်ခဲ့သော်လည်း သေမည့်သူကတော့ သေခဲ့သည်ပင် ဖြစ်သည်ဟု ကြားသိရပါသည်။ မြန်မာတို့ကလည်း ဤအရိပ်အယောင်ဖြင့်ပင် အသက်ထွက်သည်ဟု ဆိုကြကာ လည်ချောင်းဝတွင် တစ်နေပုံများကို ရုပ်ရှင်များမှတစ်ဆင့် အယူမှားကို သတင်းပေးကြပေသည်။ အမှန်မှာ ဗုဒ္ဓ၀ါဒအနေဖြင့် စိတ်၊စေတသိက်၊ရုပ်တို့သည် ခဏမစဲ ဖြစ်တည်ပျက်စနစ်ဖြင့် သံသရာခရီးသွားနေကြပေရာ အချိန်မရွေး၊ ခဏတိုင်း သေဆုံးနေကြသူချည်း ဖြစ်ပါသည်။ တည်မြဲသောအရာဟူ၍ ရှာမရသည်ကို သိထားကြရပါမည်။ ဤသို့သိထားသူသည် အကုသိုလ်အဖြစ်နည်းပါသည်။ သိမထားသော သူများသည် လောကဓံအတက်အကျ နှင့်ကြုံလာသောအခါတွင်မူ ဆောက်တည်ရာမရ ဖြစ်တတ်ကြပါသည်။ သူတစ်ပါး၏ လောကီဆိုင်ရာ ပြည့်စုံမှုများပေါ်တွင်လည်း အထင်ကြီးလွန်း အားကျလွန်းခြင်း များဖြစ်တတ် ကြပါသည်။ ဗုဒ္ဓဘာသာ မြန်မာတို့၏ သိထားရမည့် ဘ၀ကူးပုံအခြင်းအရာမှာ စွမ်းအင်သတ္တိများ ပြောင်းလဲသွားပုံကို နားလည်ထားခြင်းနှင့် တူညီပါသည်။ ဆရာတော်တစ်ချို့က ဘ၀ကူးပုံကို ငွေလွှဲပို့ပုံနှင့် ဥပမာ ပေးတတ်ကြပါသည်။ ဥပမာ တစ်နေရာမှ တစ်ခြားနေရာသို့ ငွေပို့သောအခါ ထုတ်ယူမည့်သူသည် ပို့လိုက်သော ငွေသားစက္ကူရွက်ကို တိုက်ရိုက်ရသည်မဟုတ်သော်လည်း ပမာဏတူသော ငွေကို လက်ခံသည့် နေရာတွင် ရှိသော ဘဏ်စသည်မှ အခြားငွေသားစက္ကူကို လက်ခံရခြင်းဖြစ်သည်။ သို့သော် လက်ခံရသော ငွေပမာဏ သည် ပေးပို့သော ငွေပမာဏ နှင့် အရေအတွက် တူညီရသည်သာ ဖြစ်ပေသည်။ ဤနည်းတူ နောက်ဘ၀တွင် ရရှိမည့်ခန္ဓာကိုယ်နှင့်စိတ်သည် ဘ၀ဟောင်းကလည်းမဟုတ် ထိုဘ၀နှင့်လည်း ကင်းသည်မဟုတ် သတ္တိ အနေဖြင့် ဆက်စပ်လျက်ရှိပေသည်။ အတ္တလေးပြောင်းသွားသည့် အနေမျိုး မဟုတ်ပါချေ။ ယခုဖေါ်ပြမည့် အတ္တ၀ဂ်ကမူ မိမိကိုယ်ကို အားကိုးပြီး ကုသိုလ်စိတ်များဖြစ်ပွါးစေရန် မိန့်ဆိုချက်ဖြစ်ပါသည်။ တစ်ခြား ဘာသာများကဲ့သို့ ဘုရားရှင်က ဆွဲတင်ခေါ်ဆောင်ခြင်း၊ တွန်းပို့နှစ်မြုပ်ပစ်ခြင်း ကိစ္စများကို ဆောင်ရွက်မည် မဟုတ်ပဲ ကောင်းမကောင်းကို လမ်းညွှန်ပြသပေးသွားရုံသာ ဖြစ်ပါသည်၊ မိမိတို့၏ ဥာဏ်၊ ၀ီရိယ၊ သတိ၊ သဒ္ဓါများ အလျောက်သာ ကိုယ်တိုင်လျောက်၊ ကိုယ်တိုင်ခံစားခွင့်ရှိသော ထူးခြားသော အယူဝါဒမျိုး ဖြစ်ပေ သည်။
ပထမဆုံးဝတ္ထုတွင် မိမိကိုယ်ကို တကယ်တန်းချစ်မြတ်နိုးသူဖြစ်လိုပါလျှင် ဘ၀ကို သုံးခုပိုင်းပြီး တစ်ချိန် ချိန်တွင် ဒါနစသည်ပေါင်းစု မြတ်ကောင်းမှုကို ပြုတတ်ကြရမည် ဖြစ်ကြောင်း၊ ရဟန်းဖြစ်ပါလျှင်လည်း သက်ဆိုင်ရာ ကျင့်ဝတ်များကို ပြည့်စုံစွာ ဖြည့်ဆည်းပူရမည်ဖြစ်ကြောင်း မိန့်တော်မူထားပါသည်။ ဗောဓိရာဇ ကုမာရကို တစ်ပုဒ်တည်းဖြင့်ဟောတော်မူရာ တရားတော်၏ အဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်ခဲ့ပေသည်။ ဤ မင်းသားသည် အဓိဋ္ဌာန်ပြု၍ ဘုရားရှင်အား ခြေသုတ်ပုဝါကို နင်းစေတော်မူခဲ့ရာ ဘုရားရှင်က အဓိဋ္ဌာန် မအောင် မှန်းသိပြီး နင်းတော်မမူခဲ့ပေ။ အတိတ်ဘ၀က အကုသိုလ်ကံကြောင့် သားသမီးရမည့်သူ မဟုတ်ဟုဆိုပါသည်။ ဤမင်းသား၏ ၀တ္ထုတွင် မင်းသား၏ လျောက်ထားသော စကားအရ သူသည် အမိဝမ်းတွင်းတွင်ရှိနေစဉ်ကာလ၊ ကလေးဘ၀ဘာမှ မသိခင်ကာလနှင့် အရွယ်ရောက်ပြီး သိတတ်သည့်ကာလ သုံးခုတွင် သူသည် သရဏဂုံသုံး ပါး တည်သူဖြစ်ကြောင်း သိရပါသည်။
ဒုတိယ၀တ္ထုတွင် မိမိကိုယ်တိုင် ထိုက်သင့်သည့် အရည်အချင်းပြည့်ဝပြီးမှ သူတစ်ပါးကို ဆုံးမသင့်ကြောင်း မိန့်တော်မူလျက် ထိုသို့ဖြစ်မှသာလျှင် ပင်ပန်းမှု မရှိနိုင်ကြောင်း မိန့်တော်မူပါသည်။ မစိုးရိမ်ဆရာတော်ကြီး ဦးသိရိန္ဒ၏ ခံယူချက်ကို သတိရမိပါသည်။ ဆရာတော်ကြီးက ကိလေသာတန်းလန်းနှင့် လူသားသည် ကိလေသာပြည့်နေသော လူထုကြီးကို ဆုံးမပေးနေသည်မှာ ရွှံ့ညွှန်တွင်နစ်မြုပ်နေသော ဆင်ကြီး တစ်ကောင်က အခြားဆင်များ၏ လွတ်မြောက်ရာကို မရှာကြံနိုင်သလိုမျိုး ဖြစ်နေသည်ဟု ယူဆပေသည်။ ဆရာတော်ကြီး၏ ၀ါဒသည် ပြင်ထန်လွန်းသည်ဟု ယူဆစရာဖြစ်သော်လည်း ဗုဒ္ဓအလိုနှင့် တစ်ထပ်တည်း ကျနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ အစစ်အမှန်ကို ရှာဖွေနေသူများအတွက် အကျိုးများစေရန် တရား ပြသောသူများသည် မိမိတို့ကိုယ်တိုင်ပင် အစစ်အမှန်တရားများကို တွေ့ပြီး ဖြစ်သင့်ပေသည်။ မတွေ့သေး ပါကလည်း မနေမနား ပထမနေရာတွင် ထားပြီး ဖွေရှာသင့်ပေသည်။ ဤနေရာတွင် တရားဟောကောင်းသော အရှင်ဥပနန္ဒသကျပုတ္တမထေရ်ကို အကြောင်း ပြုပြီး ဟောတော်မူထားခြင်းဖြစ်သည်။ သူသည် သူတစ်ပါးကိုသာ နားဝင်ဟောတတ်ပြီး သူကိုယ်တိုင်မူ ကျောင်းများစွာတွင် တောင်ဝှေး၊ ထီး၊ ဖိနပ်စသည့် ပစ္စည်းများထားပြီး ဝေပုံစုရရန် ကြိုးစာနေခဲ့သူဖြစ်သည်။ အပြောနှင့် အလုပ်မညီသည့် ရဟန်းတော် တစ်ပါးဖြစ်ခဲ့ပေသည်။ သို့အတွက် တရားအဆုံးတွင် အရိယာစာရင်းဝင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ကြောင်းမှတ်တမ်း မ၀င်ခဲ့သူ ဖြစ်ပေ သည်။
တတိယ၀တ္ထုတွင်မူ  ရဟန်းတော်များ၏ ဦးစီးခေါင်းဆောင်သည် နောက်လိုက်ရဟန်းတော်များကို ကြိုးစားအားထုတ်စေပြီး မိမိကိုယ်တိုင်ကမူ တရားအားထုတ်မှုကို မပြုလုပ်ဘဲ  နေခဲ့လေသည်။ သူတစ်ပါးများ တရားကျင့်နေစဉ်တွင်လည်း အိပ်နေစဉ် မြည်ဟိန်းနေသော သူ၏အသံကြောင့် အနှောက်အယှက် ဖြစ်ခဲ့ပေသည်။ ၀ါတွင်းသုံးလကုန်သော်လည်း တရားထူး မရခဲ့ကြဘဲ ဘုရားရှင်ထံသို့ရောက်ခဲ့ ကြပါသည်။ ဘုရားရှင်က ခေါင်းဆောင်ကောင်းဟူသည် အပြောနှင့် အလုပ်ကိုက်ညီအောင် ဖြစ်သင့်ကြောင်း တရားပြပြီး ဆုံးမခဲ့ပါသည်။ တရားနာယူပြီးသည့် အဆုံးတွင် ရဟန်းတော်အားလုံးသည် တရားထူးကို ရခဲ့ကြသည်ဟု မှတ်တမ်း ရေးထိုးထားပါသည်။
စတုတ္ထ၀တ္ထုတွင် သားသောကကြောင့် တစ်ဆယ့်နှစ်နှစ်လုံး တရားထူးမရခဲ့သော အရှင်ကုမာရ ကဿပမထေရ်၏ မယ်တော်ထေရီကြီး၏ အကြောင်းဖြစ်ပါသည်။ မထေရ်၏ ဆင်ခြင်ဥာဏ်နှင့် ပြောဆို ဆက်ဆံလိုက်သော ပရိယာယ်ဆုံးမ စကားကြောင့် သားပေါ်တွင် ထားသောသောကကို ဖြတ်ပြီး ကြိုးစား အားထုတ် ခဲ့ပေရာ နေ့ချင်းပင် ရဟန္တာထေရီမကြီး ဖြစ်လာခဲ့ပေသည်။ အမှန်မှာမူ ဘ၀တစ်ခုကို နိမ့်စေ၊ မြင့်စေသည်မှာ သူတစ်ပါးမဟုတ်၊ မိမိသာလျှင် ပဓာနဖြစ်ပေသည်။ သူတစ်ပါးကမည်မျှပင် ကူညီနေပါစေ မိမိကသာ မလှုပ်ရှားပါက ရှေ့သို့ ရွေ့ရှားမည် မဟုတ်ပါပေ။ သို့အတွက် စီးဆင်းနေသောရေကဲ့သို့ ရှင်သန်နေရန် ကိုယ်တိုင်အားထုတ်မှုဖြင့် ဘ၀၏ တိုးတက်ကြောင်းကို အားထုတ်သင့်ပေသည်။
ပဉ္စမ၀တ္ထုတွင် တရားနာပြီး၍ သောတာပန်ဖြစ်သော အမျိုးသားတစ်ဦး၏ လူမှားပြီး အသတ်ခံရသော ၀တ္ထုဖြစ်ပါသည်။ ညအခါတွင် တရားနာပြီး အိမ်ပြန်အသွား ရေကန်နားတွင် ရှိနေခဲ့စဉ် သူခိုများက သူတို့ လုယူလာခဲ့သော ပစ္စည်းကို နောက်က လိုက်လာခဲ့သော လူအများ၏ လက်မှ မလွတ်တော့မှန်းသိသဖြင့် သောတာပန် အမျိုးသား၏ အနီးနားသို့ ပစ်ချခဲ့ခြင်း ဖြစ်ပေသည်။ လူအများက အနီးနားသို့ ရောက်လာခဲ့သော အခါတွင်မူ သောတာပန်အမျိုးသားကိုပင် သူခိုးထင်ပြီး သတ်ဖြတ်ခဲ့ပေသည်။ ယခုဘ၀တွင် ကောင်းသော် လည်း အတိတ်ဘ၀မှ အကုသိုလ်သည် လိုက်လာခဲ့သဖြင့် ၀ိပါက်ကြမ္မာ မပြေးသာဖြစ်ခဲ့ရပေသည်။ သို့အတွက် ယခုဘ၀ပြုသမျှ မကောင်းမှုသည် ဤဘ၀ နောင်ဘ၀နှစ်ခုနှင့် ဆက်စပ်နေကြောင်း အသိနှင့် သတိရှိခြင်းဖြင့် ဘ၀နှစ်ခု ကောင်းကြောင်း ကုသိုလ်အပေါင်းကို ဆည်းပူး တတ်ကြရပေမည်။ ဤ၀တ္ထုနည်းတူ န၀မ၀တ္ထုတွင်လည်း အလားတူပင် ဖြစ်ပါသည်။
ဆဋ္ဌမမြောက် ဒေ၀ဒတ္တ၀တ္ထုတွင်မူ ရစ်ပတ်တတ်သော မာလာနွယ်နှင့်တူသော တဏှာကြောင့် သီလ ကင်းမဲ့တတ်ပုံကို ဟောတော်မူထားပါသည်။ သတ္တမ၀တ္ထုတွင်မူ ဒေ၀ဒတ်ကိုပင် ထပ်မံအကြောင်းပြုပြီး ကောင်းသူများသည် ကောင်းတာလုပ်ရသည့်အတွက် အခက်မရှိသော်လည်း မကောင်းသူများအတွက်မူ အခက်ဖြစ်ရပုံကို ဖေါ်ပြပါသည်။ အပြန်အားဖြင့် မကောင်းမှုသည်လည်း လူမိုက်များအတွက် လွယ်ကူပါပေ သည်။ လူလိမ္မာများအတွက်မူကား မကောင်းမှုသည် ခက်ခဲလွန်းပေသည်။ မိမိတို့သည် ဘယ်အတွက် ခက်နေကြသည်ကို  သိရှိပြီး အချိန်မှီပြင်ဆင်သင့်ပေသည်။
အဋ္ဌမ၀တ္ထုတွင် မနာလိုစိတ်ကြောင့် အခက်အခဲတွေ့သော ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီး တရားထူး ရသွားသော အမျိုးသမီးကြီးတစ်ဦး၏ အကြောင်းဖြစ်ပါသည်။ ဘုရားရှင်ကို မဖူးစေချင်သော ဘုရားသားတော် ရဟန်းတစ်ဦး၏ အမျိုးသမီးကြီး အပေါ်တွယ်တာမှု သံယောဇဉ်နှင့် ဘုရားရှင်အပေါ်မနာလိုမှု ၀န်တိုမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှာ အမျိုးသမီးကြီးမှာ ဘုရားရှင်၏ တရားဟောတော် မူသောကြောင့် တရားထူးရသွားခဲ့ပါသော်လည်း ရဟန်းတော်မှာ ဘာတရားထူးမှ ရသွားခဲ့သည်ဟု မှတ်တမ်း တင် မခံခဲ့ရသောကြောင့် ဖြစ်ပါသည်။
ဒသမ၀တ္ထုတွင် အတ္တဒတ္ထမထေရ်ကို အကြောင်းပြုပြီး ဟောတော်မူသော ၀တ္ထုဖြစ်ပါသည်။ ထိုမထေရ် သည် ဘုရားရှင်၏ အကြိုက်ဆုံး အလုပ်ဖြစ်သည့် တရားတော်ကို ကျင့်ကြံခြင်းဖြင့် နိဗ္ဗာန်ရသည် အထိ ကျင့်ကြံသွားသော ရဟန်းတော်တစ်ပါး ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်က လေးလအလွန်တွင် ပရိနိဗ္ဗာန်စံတော်မူမည်ဟု မိန့်တော်မူသောအခါ ရဟန်းတော်အများစုသည် ဘုရားရှင်နှင့် ထပ်ချပ်မကွာ လိုက်ပါကြပါသည်။ အတ္တဒတ္ထမထေရ်ကမူ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မမူမှီ တရားထူးရအောင် ကြိုးစား မည်ဟု သန္ဒိဋ္ဌာန်ချပြီး ကြိုးစားခဲ့သည်မှာ ဘုရားရှင်၏ ရှေ့တော်တွင် တဖန်ပြန်ဖူးရသည် အထိ ဖြစ်ပါသည်။ ထိုအခါမြတ်စွာဘုရားရှင်က ချီးမွမ်းတော်မူခဲ့ပြီး တရားဟောတော်မူခဲ့ရာ ရဟန္တာတစ်ပါး ဖြစ်ခဲ့ပေသည်။
ဤနေရာတွင် အရေးကြီးသော မှတ်ချက်မှာ ပန်းနံ့သာ ဆီမီးစသည်တို့ဖြင့် ပူဇော်ပသမှုကို ပြုနေခြင်းသည် တကယ်တန်းပူဇော်နေခြင်းမမည်၊ တရားဖြင့် ပူဇော်ခြင်းသည်သာ အကောင်းဆုံး ပူဇော်ခြင်းဖြစ်ပြီး သာသနာတော်နှင့် တွေ့ရကျိုးနပ်သူသာ ဖြစ်သည်ဟု ဟောတော်မူခဲ့ပါသည်။ ဘုရားရှင်၏ သာသနာကို တွေ့နေကြသော သူများသည်  မိမိတို့၏ ယခုဆောင်ရွက်နေသော မည်သည့်အလုပ် ဖြစ်စေကာမူ ဘုရားရှင်၏ အလိုတော်ကျဖြစ်သလား၊ မဖြစ်ဖူးလားဆိုသည်ကို စဉ်းစားသင့်လှပေသည်။
တစ်ဆယ်သော ဂါထာဖွင့်တို့ဖြင့် ဖွင့်ဆိုထားသော ဤအတ္တ၀ဂ်တွင် အဖွင့်ဂါထာအပြင် အဖွင့်မခံရသော ဂါထာငါးထာလည်း ပါဝင်ပေသေးသည်။ အဖွင့်ဂါထာ ဆယ်ဂါထာတို့တွင်လည်း လေးပါဒဖြင့်ရေးဖွဲ့ထားသော ဂါထာရှစ်ပုဒ်နှင့် ခြောက်ပါဒဖြင့်ရေးဖွဲ့ထားသော ဂါထာ နှစ်ပုဒ်တို့ကိုလည်း ဤဆစ်ဆယ့်နှစ်ခုမြောက် အတ၀ဂ်တွင် တွေ့ရပါသည်။
အတ္တ၀ဂ်တစ်ခုလုံး၏ သိစေလိုသောအချက်မှာ ဗုဒ္ဓ၀ါဒသည် မိမိကိုယ်ကို အားကိုးရာအဖြစ် တည်ဆောက်ပြီး မြတ်စွာဘုရားရှင်၏ ပါဝင်မှုကဏ္ဍမှာ မိတ်ဆွေကောင်းတစ်ဦး၏ လမ်းကြောင်းမှန်ကို ကူညီပံ့ပိုးပေးမှု သဖွယ်သာ ဖြစ်ပေသည်။ တကယ်တန်းအားဖြင့် နိဗ္ဗာန်လမ်းခရီးသို့သွားရာဝယ် ကိုယ်တိုင်တည်ဆောက်၊ ကိုယ်တိုင်လျောက်သော လမ်းစဉ်သာ ဖြစ်ပါသည်။ နည်းစနစ်နှင့် လမ်းကြောင်း မှန်ကိုသာ ဗုဒ္ဓ၀ါဒတွင် တွေ့နိုင်ပြီး ဆွဲဆောင်စည်းရုံးမှုနှင့် မလိုက်လိုသူများအပေါ်တွင် ကျိန်ဆဲလိုမှုများ အလျင်းပင် မရှိပါချေ။ မိမိအားမချစ်သော သူများအပေါ်တွင်လည်း၊ ချစ်ခင် နှစ်သက်သော သူများပေါ်တွင် လည်းကောင်း တန်းတူရည်တူထားနိုင်စွမ်းသော ဘုရားရှင်၏ စိတ်ဓာတ်မှာမူ ဘာသာရေး ခေါင်းဆောင်တိုင်း တွင် မတွေ့ရသော ရှားပါးသော ကွဲပြားမှုဖြစ်ကြောင်း နားလည်ရပေသည်။ သို့အတွက်ကြောင့်ပင် တကမ္ဘာလုံးက ပညာရှင်များ၏ ချီးမွမ်းသံကို ကြားနေရဆဲ ဖြစ်ပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ အတ္တ၀ဂ်
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်
အင်ချွန်းမြို၊တောင်ကိုရီးယား

Read more...

လိုအပ်လျှင် အချိန်မရွေး

တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ။ ငါသည်ရင်ကိုခွဲ၍ ထိုသူအား ပေးအံသတည်း။ငါ၏မျက်စိအစုံကို အကယ်၍တောင်းလားအံ့၊ အစုံသောမျက်စိကို ငါထုတ်၍ ပေးအံ။
အကယ်၍ ကိုယ်၏အသားကို တောင်းလာအံ့၊ ဓားငယ်ဖြင့် အသားကို လှီးဖြတ်၍ပေးအံ။ 
(ဝေဿန္တရာ)
ဝေဿန္တရာမင်းသားလေးသည် အသက် (ဂ) နှစ်မျှသာရှိသေးသည်၊ အရွယ်နှင့်မလိုက်အောင်ပင် စိတ်ကူး ချက်တို့က မြင့်မြတ်လှသသည်။ ကုသလစ္ဆန္ဒပြင်းလှသည်။ ပြင်ပ ပစ္စည်းဝတ္ထုများ လှူရရုံဖြင့် အားမရပဲ မိမိ နှလုံးသားကို ဖွင့်၍၄င်း၊  မျက်စိအစုံကိုဖေါက်၍၄င်း၊ အသားအသွေးတို့ကိုထုတ်၍၄င်း လှူဒါန်းရန် ပြင်းပြင်းပြပြ စိတ်အကြံတော်ဖြစ်ပေါ်ခဲ့သည်။ ဤမြင့်မြတ်သော ဆန္ဒအဟုန်၏ ပြင်းထန်မှု ကြောင့်ပင် မဟာပထဝီမြေကြီးသည် အမုန်ယစ်သော ဆင်ပေါက်ကဲ့သို့ သည်းစွာသော အသံပြုလျက် တုန်လှုပ်ခဲ့လေသည်။
စာရေးသူကား အသက်၃၂ နှစ်မျှခဲ့ပါပြီ၊ ဝေဿန္တရာမင်းသားလေး၏ အကြံမျိုးတစ်ခါမျှ မဖြစ်ခဲ့မိ သေးပါ။ အသွေး အသားကိုထုတ်၍ လှူဘို့ဆိုသည်မှာ ဝေးလာဝေးထဲကဖြစ်ပါသည်။ သို့သော်လှူရန် အကြောင်းက ဆုံစည်းလာခဲ့သည်။ နတ်တော်လဆုတ် ၅ ရက် စာရေးသူနှင့်ငယ်သူငယ်ချင်း၊ တနယ်တည်း သား ဦးဇင်းတစ်ပါး မန္တလေး သံဃာ့ဆေးရုံကြီးတွင် တင်ထားရသည်။ သွေးလိုနေသည်၊ လာ၍လှူပါရန် ဟူသော ပန်ကြားချက်ဖြင့် အခေါ် ရောက်လာသည်။ စာချနေရင်းကပင် ထ၍လိုက်လာခဲ့ရသည်။ ဆေးရုံကို ရောက်သောအခါ လူမမာကိုတွေ့ရပါပြီ၊ အရိုးပေါ် အရေတင်လျှက်သာတည်း။ မျက်ကွင်းဟောက်ပက်ဖြင့် မျက်စိများမှာ ချိုင့်ဝင်နေ၏။ အသားအရောင်ကမူ ကျောက်ဖရုံသီးဖြင့် ပြွမ်းထားသော ဝက်သား ကဲ့သို့ ဖတ်ဖတ်ဖြူနေ၏၊ စကားသံပင် မပီ၊ သဲ့သဲ့မျှသာပြောနိုင်ရှာ၏။ ဝမ်းရှောနေသည်မှာ ငါးရက်ခန့်မျှရှိရာ ယနေ့ထိ မရပ်သေးဟုဆိုပါသည်။ သမားတော်ကြီးများကမူ အူထဲတွင်ရောဂါပိုးရောက်ရှိ နေသည်ဟုပင် ယူဆကြကြောင်း သိရသည်။ စာရေးသူကား မလွှဲမရှောင်သာ၍ အရဲကိုးလာခဲ့သော်လည်း အလွန်ကြောက် တတ် သူဖြစ်ပါ၏။
ဆေးပင်များများစားစား မထိုးခဲ့ဘူးပါ၊ မိခင်တိုက်သို့ရောက်စ ( ဆယ်နှစ်သား အရွယ်)တွင် အဆုတ် ရောဂါ ကာကွယ်ဆေးလာ၍ အထိုးခံရဘူးသည်။ ပခုံးတွင်ထိုးသည် အောင့်လွန်း စပ်လွန်း သဖြင့် ''ချုံးမဲချ'' ငိုခဲ့ရဘူးရာ၊ ထိုအခါမှစ၍ ကြောက် တတ်လာခဲ့ပါသည်။ သွေးဖောက် ယူသည် အပ်တုတ်တုတ်ကြီးများကို မြင်ဘူးပြန်ရာ ပို၍ပင်ကြောက်စိတ် ဝင်ခဲ့မိပါသည်။
သို့သော်စာရေးသူကား ''မရဲသော်လည်း-ပြေးခဲစေ''ဆိုသော စကား ကဲ့သို့၎င်း၊ ''ဟန်ကိုယ့်ဘို့'' ဆိုသော စကားကဲ့သို့၎င်း၊ ကိုယ်စိတ်ကို ရဲဆေးတင်၍ သွေးလှူမည်ဖြစ်ကြောင်း သက်ဆိုင်ရာသို့ သတင်း ပို့လိုက်ပါသည်။ 
မန္တလေးအမျိုးသား သွေးလှူဘဏ် ဌာနခွဲသို့ ရောက်ခဲ့ပါပြီ၊ အခန်း ၁ ၊ အမှတ် ဂ-လူနာအတွက်  သွေးလှူလာကြောင်း ဆိုင်ရာသို့အသိပေးလိုက်ပါသည်။ ''ခဏထိုင်စောင့်ပါဦး''ဟု ဆို၏။ သူပြောသည့် အတိုင်းထိုင်၍ စောင့်နေလိုက်ရသည် မှာ ၃ နာရီခန့်မျှ ကြာသည်၊ ခဏဆို၍သာ တော်ပါသေးသည်၊ တစ်နာရီလောက် စောင့်ပါဟုဆိုလျှင် ထိုသွေးလှူဘဏ်၌ တစ်ဝါဆိုနေရမည်လားမသိချေ။ မတ္တရာမြို့ အ.ထ.က မှ ဆရာ-ဆရာမ ကျောင်းသား ကျောင်းသူ ၅ဝ-ကျော်တို့သည် ဥပဒေ မူကြမ်းထောက်ခံသည့် အနေဖြင့် သွေးလှူလာကြရာ သူတို့အားလုံးကို သွေးဖောက် ယူပြီးမှပင် စာရေးသူအလှည့် ရောက်ခဲ့ပါ၏။ ကုတင်ပေါ်သို့လှဲလိုက်သည်နှင့် ''သင့်သွေးတစ်စက်ဖြင့် လူတစ်ယောက်အသက်ကိုကယ်ပါ''ဟူသော ဆေးရုံနံရံများမှ ပိုစတာကြီးများ မျက်စိထဲတွင်ပေါ်လာသည်။ ''ငါ၏သွေးဖြင့် လူတစ်ယောက်၏ အသက်ကို ကယ်တင်ခွင့်ရတော့မှာပါလား'' ဟူသော အသိနှင့်အတူ ဝမ်းသာကြည်နူးမူ ရွင်လန်းအားတက်မူတို့ကို မျိုးမျိုး မျက်မျက်ကလေးခံစားလိုက်ရသည်။
ဒေါက်တာဌေးလှိုင်သည် စာရေးသူ၏သွေးကို ချိန်၍ကြည်နေ၏၊ နားကြပ် ဖြင့်ထောက်ကာ ထောက်ကာ သွေးခုန်နှုန်းကိုနားထောင်၏။ တစ်စုံတစ်ရာရောဂါ ရှိ မရှိ စစ်ဆေးလျှက်ရှိ၏။ အားရကျေနပ် သွားသည်အခါ သွေးကိုဖောက်ယူရန် အသင့်ဖြစ်သွားလေသည်။ စာရေးသူကား မိမိစိတ်ကို လက်မောင်းသို့ လည်း အရောက်မခံ၊ ဖောက်မည်အပ်ကြီးဆီသို့လည်း အရောက်မခံ၊  အလောင်းတော် သိဝိမင်းကြီးနှင့် ညီတော်အာနန္ဒာအလောင်း သမားတော်ကြီး ၂ ဦးအကြောင်းကိုသာ တွေးနေမိလိုက်သည်။
သမားတော်။        ။အရှင်းမင်းမြတ် မျက်လုံးတော်ကို မလှူသင့်ပါ၊ အခြားသော နည်းလမ်းဖြင့် ဤပုဏ္ဏားကို ချမ်းသာအောင်ထားနိုင်ပါသည်၊ ဘုရင်မင်းဆိုတာ မျက်လုံးကွယ်နေလို့ မတင့်တယ်ပါ။
သိဝိမင်းတရား။        ။သမားတော် စကားမများနှင့် မျက်လုံးကိုသာထုတ်။
အမျိုးမျိုးသောနည်းဖြင့် တောင်းပန်သော်လည်း မရသောကြောင့် သမားတော်သည် မျက်လုံးကို ဆေးဖြင့်သုတ်လိမ်းလိုက်ရာ တခါ တည်း မျက်လုံး စူတက်၍လာလေသည်။
သမားတော်။    ။အရှင်မင်းမြတ် ပင်ကိုယ်အတိုင်းဖြစ်အောင်တတ်နိုင်ပါသေးသည်၊ စဉ်းစားတော်မူပါအုံး..။
မင်းတရား။    ။သမားတော်စကားမများနှင့် ထုတ်သာထုတ်လိုက်။
ထိုနောင်ဆေးဖြင့် ထပ်တို့လိုက်ရာ မျက်လုံးတော်အစုံသည် အပြင်ဘက်သို့ ထွက်လာပြီးလျှင် မျက်ကြောမျှင်များဖြင့် အောက်သို့တွဲလျားကျလာလေသည်။
သမားတော်။    ။အရှင်းမင်းမြတ် စဉ်းစားတော်မူပါအုံး၊ ပင်ကိုယ်အတိုင်း ဖြစ်အောင် တတ်နိုင်ပါသေးသည်။
မင်းတရား။    ။(ဆတ်ဆတ်တုန်အောင် နာကျင်သည်မျှ ဂရုစိုက်တော်မမူပဲ) စကားမများနဲ့သမားတော် ဖြတ်သာ ဖြတ်လိုက်။
ထိုနောင်မည်သည် နည်းနှင့်မျှတောင်းပန်မရသဖြင့် မျက်ကြောများကို ဓားဖြင့်ဖြတ်လျှက် မျက်လုံးတော် နှစ်ဘက်ကို ဆက်သရရှာလေသည်။ ထိုအခါ မင်းတရားသည် မျက်စိမမြင်ဘဲလျှက် နှစ်သက်ရွင်ပျစွာ မျက်လုံးနှစ်ဘက်ကို ပုဏ္ဏားလက်သို့ ပေးအပ်တော်မူရှာသည်။
အလှူရဲသည့် သိဝိမင်းတရား၏ ဤဖြစ်ရပ်လေးကို တွေးလိုက်မိသောအခါ  မိမိအလှူသည် စာမဖွဲ့ လောက်သေး၊ သွေးထိတ်ဖွယ် ကြောက်ဒူးတုန်ဖွယ် မရှိသေးဟု နားလည်လာသည်။ ထိုစဉ်ဒေါက်တာ ဌေးလှိုင်သည် စားရေးသူ၏လက်မောင်းကို အပ်ဖြင့်ထိုးစိုပ်ကာ  သွေးကိုဖောက်ယူလိုက်၏၊ ပုရွက်ဆိတ် ကိုက်သလောက် သာဖြစ်၏၊ ဆေးထိုးရသလောက်ပင် နာကျင်၏။
စောစောပိုင်းက ချိတ်ဆွဲထားသော သွေးလှူရှင်ဓာတ်ပုံများကို လျှောက်ကြည့်ခဲ့မိသည်။ ဆယ်ကြိမ် ထက်မက သွေးလှူဘူးသူကိုတွေ့ရ၏၊ မတ္တရာ မြို့မှ အသက် ၄၅ နှစ်ရှိ ဦးမောင်ကြီးဆိုသူကား ၂၉ ကြိမ်ထိ စံချိန်တင်ထား သူဖြစ်သည်။ သူတို့ကိုကြည့်၍ စားရေးသူတအံတသြဖြစ်ခဲ့၏၊ အာဂ သတ္တိရှင်တွေ အဖြစ်မြင်ခဲ့မိသည်။
ယခုလို ကိုယ်တိုင် ဖောက်ယူခံရသောအခါမူ သိပ်မအံသြချင်တော့၊ ဆေးဘက် ဆိုင်ရာ သိပ္ပံပညာ ခေတ်မှီ တိုးတက်မူကြောင့် အလွန်ပင် သက်တောင့် သက်သာရှိလှသည်။ မွန်မြတ်သည့် ဇီဝိတဒါန အလှူကြီးကို မည်သူမဆို အလွယ်တကူပင် ပြုလုပ်နိုင်ပေတော့သည်။ စာရေးသူလို သူရဲဘော ကြောင်သူပင် ကြောက်ရွံစိတ် မရှိတော့၊ ၁၅ မိနစ်ခန့်ကြာလျှင် သွေးထုတ်ယူခြင်းကိစ္စပြီးသွားတော့သည်။ ၃ မိနစ်ခန့်မျှ ကုတင်ပေါ်တွင် နားနေပြီး ထလိုက်သည်နှင့် အမျိုးသား သွေးလှူဘဏ်ဌာနခွဲ၏ အုတ်နံရံ၌ သင်္ဘောဆေးဖြင့် ရေးထားသော ကဗျာလေးတစ်ပုဒ်ကို တွေ့ရသည်။
အသက်သည်သွေး
သွေးသည်အသက်၊ ဦးတည်ချက်ကို
ရင်ထက်ယုံကြည်၊ စိတ်မွန်ရည်ဖြင့်
ငါသည်သွေးလှူခဲ့တကား။   
ငါးသွေးသက်ဖြင့်၊ စိမ်းကျက်မဟူ
ရန်သူမိတ်ဆွေ၊ မခွဲလေပါ
ဝေဒနာကင်း၊ သက်ရှင်ခြင်းသာ
ရင်တွင်းငါ၏ ဆန္ဒတည်း။
စာရေးသူ၏ ရင်ဝယ်ကြည်နူးမူပီတိလှုင်းလေးများ ရိုက်ခတ်၍သွားတော့သည်။ ဝေဿန္တရာ မင်းမြတ်ကဲ့သို့ သားတော် သမီးတော်များ မရှိသဖြင့် မလှူနိုင်ပါ၊ မယ်မဒ္ဒီအလား ကြင်သူသက်ထား မရှိလည်း မလှူနိုင်ပါ၊ သို့သော် မိမိပိုင်ဆိုင်သည် သွေးတစ်စက်ကိုကား နှစ်သက်ရွှက်ပြ အားပါးတရပင် လှူလိုက်နိုင်ပေပြီတကား။
လာရင်းကိစ္စပြီးဆုံးပြီဖြစ်၍ ဆရာ ဆရာမတို့ကိုပြန်ရန် နှုတ်ဆက် လိုက်ပါသည်။ ထိုနောင် စာရေးသူ၏ ရင်ထဲ အသဲထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ကျ လာသော စကားတစ်ခွန်းဖြင့် ဆရာ ဆရာမ တို့ကို ဖိတ်ကြားခဲ့ပါသည်။
''ဦးဇင်း၏သွေးက (အေဘီ) အမျိုးအစားပါ၊ ဘယ်လူနာအတွက်မဆို လိုအပ်ရင် အချိန်မရွေး အကြောင်း ကြားပါ'' ဟူသတည်း။    ။ 

အရှင်မဟောသဓ ပဏ္ဍိတ
၇.၃.၇၄
ဓမ္မဗျူဟာ (အတွဲ ၁၂၊ အမှတ် ၁၂)

Read more...

*မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ*

(၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
(၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
(၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
(၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
(၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။
ဒီ ခန္ဓာငါးပါး ၀ိပဿနာ လင်္ကာက မင်းကွန်းဆရာတော်ဘုရား အနေနဲ့ အနတ္တလက္ခဏာသုတ်ကို အခြေတည်ပြီး ရေးဖွဲ့တယ်လို့ မှတ်သားမိပါတယ်။ အချိန်များရခဲ့ရင် ဆရာတော်ဘုရား နှလုံးသွင်းလေ့ရှိတဲ့ *ဆပဉ္စက ဓမ္မ၀ိပဿနာလင်္ကာ* ကို မျှဝေပါဦးမယ်..။
ဓမ္မမောင်နှမတို့ ကြိုးစားပွားများ နှလုံးသွင်းနိုင်ပါစေ၊ စိတ်နှလုံးလည်း အေးမြပါစေ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဆရာတော်ဘုရား၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ဦးထိပ်တင်လျက်
ဖိုးသား

Read more...

*မြန်လွန်းသည့်စိတ် ဆုံးမခက်*


ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထ ကာမ နိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဘိက္ခဝေ- ရဟန်းတို့။ ဘိက္ခဝေ- အိုချစ်သား ချစ်သမီးတို့။
ဒုန္နိဂ္ဂဟဿ- အလွန်နှိမ်နိုင်ခဲလှစွာသော။
လဟုနော- လျင်မြန်သောဖြစ်ခြင်း၊ ချုပ်ခြင်းလည်းရှိထသော။
ယတ္ထ ကာမ နိပါတိနော- အကြင် အလိုရှိရာ ကာမ အာရုံ၌ ကျရောက်ကျက်စားလေ့ရှိထသော။
စိတ္တဿ- ဟိုတွေး ဒီတွေး ဟိုကြံဒီကြံ ကြံစည်စဉ်းစား စိတ်ကူးနေတဲ့ စိတ်ရိုင်း စိတ်ယုတ်မာကို။
ဒမထော-သမထဘာဝနာ ၀ိပဿနာဘာဝနာ၊ သမထကြိမ်လုံး၊ ၀ိပဿနာကြိမ်လုံးဖြင့် ဆုံးမခြင်းသည်။
သာဓု- ကောင်းလှပါပေ၏။
ဒန္တံ-သမထဘာဝနာကြိမ်လုံး ၀ိပဿနာကြိမ်လုံးဖြင့် အဖန်ဖန် ဆုံးမခြင်းကြောင့် အညစ်အကြေးကင်း သန့်ရှင်းစင်ကြယ်နေသော။
စိတ္တံ- ဖြူစင်သန့်ရှင်းသော စိတ်ကလေးသည်။
သုခါဝဟံ-၀ိပဿနာချမ်းသာ၊ ဈာန်ချမ်းသာ၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ ကို ဆောင်ရွက်နိုင်ပါပေသတည်း။
(ဓမ္မပဒ စိတ္တ၀ဂ်)
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

Read more...

ခင်ပွန်းကြီး ဆယ်ပါး

စာမိတ်ဆက်

စီဘောက်ကနေ မေးလာတဲ့ မေးခွန်း ဖြစ်ပါတယ်၊ အမှန်တကယ်တော့ မေးလာတဲ့မေးခွန်းတွေကို ဖြေလေ့ ဖြေထ မရှိခဲ့ပါဘူး၊ မဖြေချင်တာထက် အချိန်သိပ်မပေးနိုင်လို့ ပြောရင် ပိုမှန်ပါတယ်။ သို့သော်လည်း မိမိကိုယ်တိုင်က ခင်ပွန်းကြီးဆယ်ပါးကို ဖတ်ကြည့်ချင်နေတာ အမှန်ပါ၊ လွန်ခဲ့သော ၈ နှစ် လောက်ကဖြစ်မယ်ထင်တယ်၊ ညောင်ရွှေမြို့ ရွှေကျင်သာသနာပိုင် ညောင်ရွှေဆရာတော် ကြီးကျောင်းတိုက်မှာ ၁၅ ကြိမ်မြောက် ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပခဲ့တယ်၊ စာရေးသူတို့လည်း သီတဂူဆရာတော်ကြီးက ခေါ်သဖြင့် လိုက်ပါခွင့်ရသည်၊ အဲဒီအစည်းအဝေးမှာ စာရေးသူတို့အဖွဲ့က ပြန်ကြားရေး တာဝန်ယူရခြင်းဖြစ်ပါတယ်။ မှတ်မိပါသေးသည် သီတဂူဆရာတော်ကြီး၊ ယောဆရာတော်ကြီးနှင့် မြစင်္ကြာဆရာတော်ကြီးများက ညစဉ် အလှည့်ကျ တရားတော်များ ဟောကြားခဲ့ကြသဖြင့် တစ်နေရာတည်းမှာ ကမ္ဘာကျော်ဆရာတော်ကြီးများ၏ တရားတော်များကို နာကြားခွင့် ရခဲ့သည်။ ထိုတရားပွဲ တစ်နေ့မှာ မြစင်္ကြာဆရာတော်ကြီးက ခင်ပွန်းကြီးဆယ်ပါးအကြောင်း အကျယ်တ၀န့် ဟောခဲ့သည်။ အဲနေ့ကစပြီး ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဘယ်စာအုပ် ဘယ်ကျမ်းစာထဲမှာ ပါသလဲ? ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသည် သို့သော် ရှာမဖတ်ဖြစ်ခဲ့။ အခုတော့ မောင်မောင်လွင်က ခင်မွန်ကြီး ၁၀ ပါးအကြောင်း သိချင်လိုပါ အရှင်ဘုရားဟု ဆိုလာသဖြင့် ပြန်လည် အမှတ်ရမိသည်။ ဒီတစ်ခါတော့ ငါ ရအောင်ရှာမယ်ဟု စိတ်ဆုံးဖြတ်ဖြင့် ပို့စ်တစ်ခု အနေဖြင့် တင်ဖြစ်လိုက်ရပါသည်။

ခင်ပွန်းကြီး ဆယ်ပါး

ကျေးဇူးလည်းမမေ့အပ် မပြစ်မှားအပ် မပြစ်မှားထိုက်သော မိတ်ဆွေကောင်းကြိး ဆယ်ယောက်ရှိသည်။ ထိုမိတ်ဆွေကောင်းကြီးများကို ခင်ပွန်းကြီးဟုလည်း ခေါ်ကြသည်။ သမံ ခမတီတိ သမီးခင်မွန်း။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ် နားလည်ပေးခြင်း၊ အညီအမျှ ခွင့်လွတ် နားလည်ပေးကြခြင်းကြောင့် သမီးခင်မွန်းဟု ခေါ်ဆိုသည်။ လင်နှင့်မယားကို ရည်ညွှန်းသည်။ ဤနေရာ၌ ခင်ပွန်းကြီးသည် မိမိလင် ခင်ပွန်းထက် မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်ရာကား ‘‘ကြီး’’ ဟု မွန်မွန်မြတ်မြတ် လေးလေးစား ဂုဏ်ပြုပြီး ခင်ပွန်းကြီးဟူ၍ ဆိုလိုဟန် တူပါသည်။

ခင်ပွန်းကြီး ၁၀ ယောက်ရှိသည်ဟု စာပေမှာတွေ့ရပါသည်။ သရုပ်ပြအဘိဓာန်တွင် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို အောက်ပါအတိုင်း ပြဆိုထားပြီး တေမိယဇာတက ပါဠိတော်,ဒု-၁၅၀ မှာပါရှိဟုပြထားသည်။

ထို ၁၀ ပါးကား--

၁။ ဗုဒ္ဓ-သဗ္ဗညူတ ဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓ- ဘုရားငယ်ဟုခေါ်သော ပစ္စေကဗုဒ္ဓ (သာသနာပ-သာသနာမထွန်းကားရာအချိန်၌ ပေါ်ထွန်းလာသော ဘုရားငယ်)။
၃။ ပကတိသာဝက ( ရဟန္တာ- ကိလေသာ, စိတ်အညစ်အကြေး လုံးဝကုန်ပြီးသော ရဟန္တာ)။
၎။ အဂ္ဂသာဝက- ဘုရားရှင်၏ လက်ျာရံ၊ လက်ဝဲရံ ဟူဆိုအပ်သော လက်ရုံးတော် သာဝက ၂ပါး။ (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ကဲ့သို့)။
၅။ မာတာ-မွေးသမိခင် ကျေးဇူးရှင်။
၆။ ပိတာ- မွေးသဖခင် ကျေးဇူးရှင်။
၇။ ၀ုဒ္ဓါပစာယန- အသက်, သိက္ခာ, ဂုဏ်ဝါ, သီလ, အာစာအကျင့် စသော ဂုဏ်တို့ဖြင့် မိမိထက် သာသူ မြတ်သူများ။
၈။ အာစရိယ- သွန်သင်ဆုံးမ, ပညာသင်ပေးသော ဆရာသခင် ကျေးဇူးရှင်။
၉။ ဟိတကရ- စားဖွယ်, သောက်ဖွယ်, နေစရာ, အ၀တ်အစား စသည့် တစ်ခုခုဖြင့် ပေးကမ်းဖူးသော ကျေးဇူးရှင် (အလှူရှင်)
၁၀။ ဓမ္မကထိက- ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ၊ တရားဟောဆရာ။

မှတ်ချက်။ ။ အချို့စာအုပ်တွေမှာ နံပါတ် ၄ အဂ္ဂသာဝက ၂ ပါးကို တစ်ပါးစီ ရေတွက်ပြီး နံပါတ် ၇ ၀ုဒ္ဓါပစာယန ကို ချန်လှပ်ထားပြီး ၁၀ ယောက် ရေတွက်ထားသည်ကို တွေ့ရသည်။
ဘယ်လိုပဲ မူကွဲပြားစေကာမူ ထိုခင်ပွန်းကြီး ၁၀ ပါးကို မပြစ်မှားအပ်၊ ပူဇော်အပ်၏။ ထိုသို့ပူဇော်ခြင်း၊ မပြစ်မှားခြင်းတို့ကြောင့် ကောင်းကျိုးများ ရနိုင်သည်။

ခင်ပွန်းကြီးများပူဇော်ထိုက်ခြင်း

၁။ တခြားသော နေရာ၊ အရပ်တပါးသို့ ရောက်ငြားသော်လည်း အစားအစာ ကျွေးမွေးမည့်သူ ပေါများခြင်း။
၂။ အခြားတစ်ပါးသော အရပ်သို့ ရောက်သော်လည်း အောက်တန်းမကျခြင်း၊ လာဘ်လာဘ ပူဇော်သက္ကာရများ ပေါများခြင်း။
၃။ မီးဘေး၊ သူခိုးဓားပြနှင့် ညှင်းပန်းနှိပ်စက်တတ်သူများနှင့် မတွေ့ကြုံရခြင်း။ ချမ်းသာစွာ နေရခြင်း။
၎။ ကြယ်တာရာ ၀န်းရံသော လပြည့်ဝန်းကဲ့သို့ လူသူပရိသတ်အလယ်တွင် တင့်တယ်စွာ နေရခြင်း။
၅။ ရဲရင့်တည်ကြည်သော ဂုဏ်ကျေးဇူးတို့၏ တည်ရာဖြစ်ခြင်း။
၆။ ကောင်းသတင်း ကျော်ဇောခြင်း၊ ပျံ့နှံ့ခြင်း။
၇။ အခြံအရံ ပရိသတ်တို့နှင့် အမြဲမကွာ တင့်တယ်စွာ နေရခြင်း။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား နှင့် လယ်ယာ အသီးအနှံ၊ ဆန်ရေ စပါးများ ပေါကြွယ်ဝခြင်း။
၉။ တောင်ထိပ် အဆောက်အဦးကဲ့သို့သော အမြင့်မှ မတော်တဆ ပြုတ်ကျသော်လည်း ကယ်တင်မည့်သူပေါ်ပေါက်သဖြင့် အသက်ဘေးမှ လွတ်ခြင်း။
၁၀။ သား သမီး မြေးမြစ် တို့နှင့် အသက်ဆုံးတိုင် ပျော်ရွှင်စွာ နေနိုင်ခြင်း။
၁၁။ တနေ့တခြား တက်နေအလားသို့၎င်း အကိုင်းအခက်ပြည့်စုံသော ပင်ညောင်ကြီးကဲ့သို့ တိုးပွားစည်ပင်ခြင်း ဟူသော ကောင်းကျိုးများ ရနိုင်ကြောင်း တေမိယဇာတ်တော်တွင် တွေ့နိုင်ပါသည်။
အကယ်၍ ထိုခင်ပွန်းကြီး ၁၀ ပါးတွင် တပါးပါးကို ပြစ်မှားမိပါက အောက်ပါ မကောင်းကျိုးများ၊ ဆိုးကျိုး ၁၀ မျိုး ရနိုင်သည်ကို သတိပြုသင့်သည်။

ဆိုးကျိုးများကား

၁။ ဆင်းရဲဝေဒနာ ပြင်းစွာ ခံစားရခြင်း
၂။ ပစ္စည်းဥစ္စာ ကုန်ခန်း ပျက်စီးခြင်း
၃။ အသက်ဆုံးရှုံးရခြင်း
၎။ နူနာ ရောဂါစွဲကပ်ခြင်း
၅။ စိတ်မနှံ့ဖြစ်ရခြင်း
၆။ ရာထူးဌာနန်မှ ဖယ်ရှားခံရခြင်း(မင်းပစ် မင်းဒဏ် သင့်ခြင်း)
၇။ စည်းပွားဥစ္စာ ပျက်စီးခြင်း
၈။ သူတပါး မတရား စွပ်စွဲခံရခြင်း
၉။ ဆွေမျိုးများ ပျက်စီးခြင်း
၁၀။ မိမိနေအိမ် မီးအလောင်ခံရခြင်း ဟူသော အပြစ် ၁၀ မျိုး ခံစားတတ်သည်။

ထို့ကြောင့် ခင်ပွန်းကြီး ၁၀ ယောက်ကို မပြစ်မှားမိအောင် ရှောင်ကြဉ်ဖို့လိုသည့်အပြင် ကောင်းကျိုးများ ရနိုင်ရန်အတွက် ထိုခင်ပွန်းကြီး ၁၀ ယောက်ကို ရိုသေနိုင်အောင် ကန်တော့နိုင်အောင် ပူဇော်နိုင်အောင် ကြိုးစားကြပါကုန်လေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ
သီတဂူစတား
၁-၂-၂၀၁၁

Read more...

ဓမ္မနယ်မြေ တစ်ခုသို့ ခြေချခြင်း

ကျွန်မ တာဝန်ထမ်းဆောင်ရတဲ့ Mahasarakham University ကိုရောက်ရှိနေခဲ့တာ ၆ရက်ခန့်ရှိခဲ့ ပါပြီ..။ Mahasarakham ဟာ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိ ပြီး မြို့တော် ဖြစ်တဲ့ ဘန်ကောက်မြို့ နဲ့ ကီလိုမီတာ ၄၇၀ ကျော် ကွာဝေးတဲ့ မြို့နယ်လေး တစ်ခုဖြစ်ပါတယ်..။ အဲဒီဒေသ က ထိုင်းလူမျိုး များဟာ ဘာသာရေး အင်မတန်ကိုင်းရှိုင်းကြတယ် ဆိုတာ ကျွန်မ ကြားဘူးနားဝရှိခဲ့ဘူးပါတယ်..။
ရဟန်းများကိုဆွမ်းလောင်းလှူတဲ့အခါ ဒူးထောက် ပြီးမှ လှူဒါန်းကြ ကာ သက္ကစ္စ ဂါရ၀ တရားအားကောင်းကြတဲ့သူတွေလည်းဖြစ်ပါတယ်..။ ကျွန်မတို့ မြန်မာပြည်က မဟာစည် ဆရာတော် ကြီး လို အနောက်နိုင်ငံတွေမှာ ဗုဒ္ဓသာသနာပြန့် ပွား ရေးအတွက် သြဇာ အရှိန်အ၀ါကြီးလှတဲ့ ထိုင်းဘုန်းတော်ကြီး Ajhan Chah ရဲ့ ဘုန်းကြီးကျောင်းတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တည်ရှိ ပါတယ်..။ စိတ်ဝင်စားရင်တော့ ဒီလင့်များအတိုင်းသွားရောက်လေ့လာ နိုင်ပါတယ်..။
MAIN MONASTERIES (listed in alphabetical order)

Abhayagiri Monastery - U.S.A.
Amaravati Monastery - U.K.
Aruna Ratanagiri Monastery - U.K.
Bodhinyanarama Monastery - New Zealand
Bodhivana Monastery - no website available - Australia
Cittaviveka Monastery - U.K.
Dhammapala Kloster - Switzerland
Forest Hermitage - U.K.
Hartridge Monastery - U.K.
Santacittarama Monastero - Italy
Vimutti Hermitage - New Zealand
Wat Marp Jan - Thailand
Wat Nong Pah Pong - Thailand
Wat Pah Nanachat - Thailand
Wat Pah Sunan - Thailand
အဲဒီများစွာသော တောရ ကျောင်း (နိုင်ငံခြား သားအများစု ) အားထုတ်ကြ၊ သာသနာ့ဘောင်ဝင်ကြ တဲ့ ဘုန်းကြီးကျောင်း Wat Pah Nanachat – Thailand နဲ့ ကျွန်မရဲ့ တက္ကသိုလ် က ဒေသချင်း နီးကပ် နေတာဟာ ကျွန်မအတွက် ၀မ်းသာစရာတစ်ခုဖြစ်ခဲ့ပါတယ်..။
ဒီ တောရဂိုဏ်းမှ ထုတ်ဝေ တဲ့စာအုပ်တွေ တော်တော်များများ ဟာ အင်္ဂလိပ်ဘာသာကို ပြန်ဆိုပြီး ဖြစ်ခဲ့ပါတယ်..။ ကျွန်မ အီတလီနိုင်ငံမှာ နေထိုင်စဉ် က Santacittarama Monastero – Italy ကို မကြာခဏ သွားရောက်ခဲ့တဲ့အတွက် ဒီအကြောင်းတွေကို ရင်းနှီးကျွမ်းဝင်ခဲ့ဘူးပါတယ်..။
အီတလီကနေ ကျောင်းပိတ်လို့အိမ်ပြန်ရင်တော့ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တော်တ်ေများများ ကို မြန်မာပြည် ကို သယ်ယူ ခဲ့ပါတယ်..။ ကျွန်မ ရဲ့ ဆရာ ဒေါက်တာ ဓမ္မရက္ခိတ ကတော့အလွန်နှစ်သက်စွာ ဖတ်ရှုလေ့ရှိ ပါတယ်..။ ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ကို လည်း တစ်စုံ လှူဒါန်းခဲ့ဘူးပါတယ်။
အရင်တုံးက ကျွန်မတို့ ဓမ္မဘလော့ဂါများဖြစ်တဲ့ ( ကိုဝင်းမြင့်၊ Bliss၊ကိုဦး၊ဖိုးသား) တို့ နဲ့ အတူ တည်ဆောက်ခဲ့ တဲ့ ၀ိမုတ္တိရသ ဓမ္မ Blog မှာ ထိုစာအုပ်များကျွန်မ တင်ထားခဲ့ဘူးပါတယ်..။ အခုတော့ အကြောင်းမညီ ညွတ် တော့ အဲဒီ ဘလော့လေးလည်း မမြဲတဲ့သဘောကိုရွေ့လျောခဲ့ ပါပြီ..။
ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ချင်းတူညီပြီး ရဟန္တာ များစွာထွက်ပေါ်ခဲ့ တဲ့အထောက်အထားများ ၊ အလွန် လှပသော ဓာတ်တော်များ ကြွင်းကျန်ခဲ့တဲ့ ရဟန္တာများအကြောင်း ကိုသေချာ စက္ကူအကောင်းစားတွေနဲ့ ပုံနှိပ်ထားတာမို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်..။
လေ့လာလိုကြတယ်ဆိုရင်တော့ http://www.luangta.com/English/site/books.php မှာ ရယူ ဖတ်ရှု နိုင်ကြပါတယ်..။ ထိုစာအုပ်များကို ဖေါ်ပြ ပါ ကမ္ဘာ အရပ်ရပ်ရှိ ဘုန်းကြီးကျောင်း များမှာ ဓမ္မဒါန ရယူနိုင်ပါတယ်..။
၂၀၀၈ ခုနှစ်လောက်တုံးကကတော့ အဒီဘုန်းကြီး ကျောင်းတွေမှာ အားထုတ်နေတဲ့ ဟောင်ကောင်မှ တရုတ်အမျိုးသမီး တစ်ဦးနဲ့ ကျွန်မ မိတ်ဆွေဖြစ်ခဲ့ပါတယ်..။ သူ က အင်္ဂလိပ်လူမျိုး တစ်ဦးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်..။ အဲဒီ အမ က ကျွန်မကို ထို စာအုပ် ၁၀၀ ထုတ်ဝေဘို့ ပေါင်၁၀၀ အလှူခံပါတယ်..။ ကျွန်မ နဲ့အတူ ရောမမြို့ မှ အမ ဒေါ်စုစုခိုင်ကလည်း အတူပါချင်တယ်ပြောတာနဲ့ ကျွန်မတို့ပေါင် ၅၀ စီပေးပို့လှူဒါန်းလိုက်ပါတယ်..။
လှူပြီးတော့ ကျွန်မ ကမေ့ပျောက်နေခဲ့ ပြီးတော်တော် လေးကြာကာမှ အဲဒီ တရုတ်အမျိုးသမီးအမ ကဆက်သွယ်လာပါတယ်..။ သူတို့ ကစာအုပ်တွေကို မလေးရှား မှာ ပုံနှိပ်ပါတယ်တဲ့..။ အဲဒါ စာအုပ်တွေပုံနှိပ်ပြီးပြီမို့ စာအုပ် ၁၀၀ ကိုပေးပို့ချင်ပါတယ်၊ ဘယ်ကို ပေးရမလဲ ပြောပါလို့ ဆက်သွယ်လာပါတယ်..။ ကျွန်မ အံ့သြသွားပါတယ်..။ အော် သူတို့ ရဲ့ ဓမ္မဒါနဆိုတာ ဒီလိုကိုးလို့..။
ကျွန်မ အတွက် စာအုပ် ၅၀ ကို တော့ကျွန်မ က ဆရာတော်ဒေါက်တာဓမ္မ ရက္ခိတ ထံ ပေးပို့ဘို့စီစဉ်ရပါတယ်..။ အဲလိုပေးပို့နိုင်ဘို့ ကို စင်္ကပူ မှ ကျွန်မရဲ့ စိနီယာ အမ မမ၀ိုင်း (ဦးစိုးရီ+ဒေါ်တင်တင်နွဲ့) တို့ကို အကူအညီတောင်းရပါတယ်..။ သူတို့ကလည်းသဒ္ဓါတရားထက်သန်ကြတာမို့ အဲလို မကြခဏ လုပ်တတ်တဲ့ကျွန်မအကျင့် ကိုနားလည်ခွင့်လွှတ်စွာပါရမီ ဖြည့်တတ်ကြပါတယ်..။ မြန်မာ၊ ရန်ကုန်၊ကနေ ဆရာတော် ဘုရားကျောင်းရှိတဲ့ ပုသိမ်ကြီးရန်ကင်းတောင်ခြေ ထိ ပို့ပေးကြပါတယ်..။( အမရေ..အခုမှ ကျေးဇူးတင်ရတာ ခွင့်လွှတ်ပါနော်)။
အကြောင်းဆက်တွေ ရှိနေမှာတော့အသေအချာပါ..။ တနေ့ က ကျွန်မ ကျောင်းမှာ အလုပ်လက်ခံကြောင်းစာတင် ဘို့ ဓာတ်ပုံ ရိုက်ရပါတယ်..။ ဓာတ်ပုံသွားရွေးရင်း နဲ့ ဆိုင်က ကောင်တာပေါ် မှာ ဘုန်းကြီးတစ်ပါး ရဲ့ ဓာတ်ပုံကို ဓမ္မဒါန ပြုနေတာ မို့ ဆိုင်က ထိုင်းမလေးကကျွန်မ ကို ၅ပုံလောက်ယူသွားပါ တဲ့..။ သေချာဖူးမျှော် ကြည့်လိုက်တော့ တစ်ချိန်က ကျွန်မ ဖတ်ရှုခဲ့တဲ့ စာအုပ်များစွာရေးသူ ဆရာတော် Venerable Acariya Maha Boowa Nanasampanno http://www.luangta.com/English/index.html
ရဲ့ ပုံတော်တွေဖြစ်နေခဲ့ပါတယ်..။
အော်…..ဓမ္မနယ်မြေ ကို တကယ်ရောက်ရှိ နေထိုင်နေခဲ့ရပါပကောလား….။
အဲဒီစာအုပ်တွေကို အင်္ဂလိပ်လို ဒိုင်ခံ ဘာသာပြန်ပေးခဲ့တဲ့ ဗြိတိသျှ လူမျိုးဆရာတော်တွေလည်း များစွာရှိပါတယ်..။
အခု ကျွန်မ ဖေါ်ပြ ခဲ့တဲ့ စာစုလေးကတော့ ထိုင်းလူမျိုးများရဲ့ ကမ္ဘာ့ ဗုဒ္ဓ သာသနာပြု ပုံရိပ် တစ်ပိုင်းတစ်စ ပဲဖြစ်ပါတယ်..။
ကျွန်မတို့ မြန်မာ ပြည်မှာလည်း ကြည်ညိုစရာ ဆရာတော်များ ရဲ့ တရားတော်တွေ အမှန်တကယ် ပြန့် ပွားဘို့ ကျွန်မတို့ တတ်အားသမျှ..ဆောင်ရွက်ရမယ်ဆိုတာ သဘောပိုက်မိပါတယ်..။ ဘာသာစကား အတားအဆီးကိုကျော်လွှားချီတက် ရမယ်ဆိုတာ ကျွန်မ တော်တော်လေး အင်အားရခဲ့ပါတယ်..။
ဓမ္မ ဘလော့ဂါ ဖြစ်တဲ့ကျွန်မ သစ္စာအလင်းသည် (Online Chatting များ ကို ထိန်းချုပ်၍) စကားနည်းနည်း၊ အားခဲ၍ ကြိုးစားရပါအုံးမည်..။လို့ ကိုယ့်ကိုကို ဆုံးမဖြစ်လိုက် ပါတော့တယ်..။
မေတ္တာဖြင့်
သစ္စာအလင်း

Read more...

ဗုဒ္ဓဓမ္မမှ သီလရှင်များအား (၁၁)ကြိမ်မြောက် လှူဒါန်းမှု

သီလရှင်များအား လှူဒါန်းမှုများ  -    ဗုဒ္ဓဓမ္မမှ သီလရှင်များအား လစဉ်လှူဒါန်းမှု 
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် [International Theravada Buddhist Missionary University- ITBMU)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသော  စာသင်သားသီလရှင်ဆယ်ပါးအား (၁၁)ကြိမ်မြောက်အလှုကို (၁၆.၁.၂၀၁၁) ရက်နေ့တွင် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း အကျိုးဆောင်အဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ခင်ဗျာ။ စာသင်သားသီလရှင်တို့အား (၁၁)ကြိမ်မြောက် လှူဒါန်းခဲ့တော့ လှူဖွယ်ပစ္စည်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
စာသင်သားသီလရှင်များအား (၁၁)ကြိမ်မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း
(၁)       ပေါ်ဆန်းအလတ်စား ၂ အိတ်                                                        (  ၂    x   ၂၁၅၀၀)          =   ၄၃၀၀၀/ိ- ကျပ်
(၂)       ဧရာဝတီပဲဆီသန့် ၄ ပိဿာ                                                          (  ၄    x     ၃၉၀၀)          =   ၁၅၅၀၀/ိ- ကျပ်(၁၀၀လျှော့)
(၃)       ကြက်သွန်နီ ၁၀ ပိဿာ                                                                (၁၀    x     ၁၃၀၀)          =   ၁၃၀၀၀/ိ- ကျပ်
(၄)       ကြက်သွန်ဖြူ ၁ ပိဿာ                                                                 (  ၁    x     ၃၈၀၀)          =     ၃၈၀၀/ိ- ကျပ်
(၅)       ပဲနီပြား ၅ ပြည်                                                                            (  ၅    x     ၂၀၀၀)          =   ၁၀၀၀၀/ိ- ကျပ်
(၆)       အိုင်အိုဒင်းဆား ၃ ထုပ်                                                                 (  ၃    x       ၁၀၀)          =       ၃၀၀/ိ- ကျပ်
(၇)       A21 ဆပ်ပြာခဲ (၁၀)ခဲ                                                                  (၁၀    x       ၃၅၀)          =     ၃၅၀၀/ိ- ကျပ်
(၈)       လ္ဘက်ခြောက် ၁၅ ကျပ်သား                                                           (  ၁.၅ x       ၆၀၀)          =       ၉၀၀/ိ- ကျပ်
(၉)       န၀ကမ္မ၀တ္ထုငွေ(တစ်ပါးလျှင် ၁၀၀၀/ိ-ကျပ်နှုန်းဖြင့်)                                                               =   ၁၀၀၀၀ိ/- ကျပ်
           လှူဒါန်းခဲ့သည့်စုစုပေါင်း အလှူငွေ                                                                                       = ၁၀၀၀၀၀/ိ- ကျပ်  
ဓမ္မမိတ်ဆွေအပေါင်းတို့ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက်  လှူဒါန်းမှုမှတ်တမ်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှုအစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။
အလှူမှတ်တမ်းဓာတ်ပုံများ

Read more...

ခရေပန်းလိုလူတွေများပါစေ(၂) (သို့) သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..



စလုပ်ကထဲကမစင်ကြယ်

လူအများစုဟာ ဘယ်အလုပ်ပဲလုပ်လုပ် သူတစ်ပါးနဲ့သွားပြီး နှိုင်းယှဉ်ကြတာများပါတယ်။ တစ်ချို့လူတွေ ကုသိုလ်တွေ လုပ်ကြတယ်.. ဒါပေမယ့် တခြားလူကိုကြည့်ကြတယ်။ သူကျတော့ မကောင်းတာတွေလုပ်တာ ကောင်းတာတွေဖြစ်လို့.. ဘာလို့သူ့ကို မကောင်းကျိုးတွေ မပေးသေးတာလဲဆိုတဲ့ အတွေးတွေပါပဲ။ အဲ့ကထဲက ကိုယ့်မှာ အကုသိုလ်ဖြစ်နေရတာပါ။ သူများကို ပျက်စီးစေချင်တယ်.. မကောင်းတာဖြစ်စေချင်တယ်ဆိုကထဲက အကုသိုလ်ဆိုးကြီးက ကိုယ့်ရင်ထဲမှာ ကိန်းနေပါတယ်။ ကိုယ်ကကောင်းတာတွေလုပ်နေပေမယ့် သူတစ်ပါးကို မကောင်းတာတွေ ဖြစ်စေချင်နေတဲ့အတွက် ကိုယ်လုပ်နေတဲ့ကုသိုလ်တွေရဲ့ အစက မစင်ကြယ်ပါဘူး။ နောက်ပြီးတော့ ကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်လာချင်တယ်.. ဒါပေမယ့် မဖြစ်လာတဲ့အခါမှာတော့.. ငါဒီလောက်ကောင်းတာတွေလုပ်ပြီး မကောင်းတာတွေဖြစ်လာရတယ်ဆိုပြီး ဒေါသတွေဖြစ်လာပါတယ်။ ဒါဟာလည်း အကုသိုလ်တစ်မျိုးပါပဲ။ ကုသိုလ်လုပ်ပြီဆိုကထဲက အကျိုးကိုမျှော်နေမှတော့ ကိုယ်လုပ်တဲ့ကုသိုလ်က လောဘနဲ့မကင်းဘူး ဖြစ်နေပါတယ်။ သံသရာကိုမလည်စေချင်တဲ့ အကျိုးမျိုးကိုလိုလားတာကတော့ ဖြစ်ချင်တဲ့ဆန္ဒကို ဦးတည်ပါတယ်။ ဒီလို ကောင်းတာတွေလုပ်ပြီး ကောင်းကျိုးတွေ များများရချင်တာကတော့ လောဘကို ဦးတည်နေပါတယ်။

ဒ့ါကြောင့် ကိုယ်လုပ်တဲ့ ကုသိုလ်မှန်သမျှကို သူတစ်ပါးနဲ့သွားပြီး မနှိုင်းယှဉ်ပါနဲ့.. ကိုယ်လုပ်တဲ့ကုသိုလ်အပေါ်မှာထားရှိတဲ့ စိတ်ထားတွေ စေတနာတွေ ဖြူစင်စေဖို့ကိုသာ အဓိကထားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ကုသိုလ်ပဲလုပ်လုပ် သူများနဲ့နှိုင်းယှဉ်ပြီးလုပ်ရင် အကုသိုလ်တွေ ဖြစ်စေနိုင်တဲ့အတွက်လည်း အမြဲတမ်း ကိုယ့်ကိုယ်ကို စမ်းစစ်ပါ။ သူတစ်ပါးတိုးတက်ကြီးပွားတာကိုမြင်ရင်လည်း ၀မ်းသာနိုင်တဲ့ မုဒိတာစိတ်မျိုးတွေ မွေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ကိုယ်လုပ်မယ့်ကုသိုလ်ရဲ့ အစဟာလည်း စင်ကြယ်နိုင်သလို.. သူတစ်ပါးရဲ့အောင်မြင်မှုကို ၀မ်းသာနိုင်တဲ့စိတ်ထားမျိုးတွေ မွေးမှလည်း.. အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်ဆိုတဲ့အဆုံးမအတိုင်း ကိုယ့်ရဲ့အကျိုးတရားတွေလည်း စင်ကြယ်နိုင်ပါလိမ့်မယ်။

သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..

လောကမှာ လူမသိတဲ့မသာတွေ အများကြီးပါ။ လူ့လောကကြီးကို တိတ်တဆိတ်လေး ၀င်ရောက်လာတယ်.. နောက်ပြီးတိတ်တဆိတ်လေး ပြန်ထွက်သွားကြတယ်။ သူ့အကြောင်းမေးလိုက်ရင် အိမ်နီးနားချင်းကတောင် သိမယ်မထင်တဲ့သူမျိုးတွေပါ။ တခါက ဆရာတစ်ယောက်အိမ် သွားကန်တော့ရင်း အဲ့ဒီ့အရပ်က မသာချတဲ့ အချက်တီးသံ ခေါင်းလောင်းတစ်ခုကြားမိပါတယ်။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးလေးကို သွားကြည့်ခိုင်းတယ်။ လမ်းကတစ်လမ်းကျော်လောက်ပဲဆိုတော့ မသာချတာလည်း နီးနီးနားနားဆိုပြီး မြေးလေးက သွားကြည့်ပါတယ်။ အဲ့ဒါနဲ့ မြေးလေးက မသာကြည့်ပြီး ပြန်လာတယ်ပေါ့။ အဲ့ဒါနဲ့ ဆရာကြီးကမေးတယ်.. ဘယ်သူသေတာလဲပေါ့.. ဦး…..။ ဆိုပြီး ပြောတယ်။ အသက်ဘယ်လောက်လဲဆိုတော့ မသိဘူးတဲ့။ ဘာအလုပ်လုပ်လဲ… မသိဘူးတဲ့။ အဲ့ဒါနဲ့ ဆရာကြီးက သွားကြည့်အုံးဆိုပြီး ပြောပါတယ်။ အဲ့ဒါနဲ့ မြေးလေးက ထပ်သွားကြည့်တယ်။ အသက်က ဘယ်လောက်၊ ဘာအလုပ်လုပ်တယ်ဆိုပြီး ပြန်ပြောတယ်ပေါ့။ အဲ့ဒါနဲ့ ဘာရောဂါနဲ့သေတာလဲ.. သားသမီးတွေရော ဘယ်နှစ်ယောက်လောက်ကျန်ခဲ့လဲဆိုပြီး ဆရာကြီးက မေးပြန်ပါတယ်။

အဲ့ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီးမြေးက တယ် ညံ့တာပဲဗျာ။ စစ်ကိုင်းခွေးကြည့်ခိုင်းတဲ့ပုံပြင်လို အထီးဘယ်နှစ်ကောင်လဲ အမဘယ်နှစ်ကောင်လဲဆိုပြီး ခဏခဏသွားကြည့်ခိုင်ရသလိုမျိုး ဖြစ်နေပြီလို့ပြောတော့.. ဆရာကြီးက သူ့မြေးမညံ့ဘူးတဲ့။ သေတဲ့မသာ ညံ့တာဆိုပဲ။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးကို အပြစ်ပြောတာ မကြိုက်လို့ထင်တယ်ဆိုပြီး ကျွန်တော်က ယူဆမိတာပေါ့။ ဒါနဲ့ ဆရာကြီးက ထပ်ပြောတယ်.. မင်း.. မသိမသာဆိုတဲ့ စကားကြားဘူးလားတဲ့။ အဲ့ဒါလူမသိတဲ့မသာကွ.. လောကအကျိုး၊ တိုင်းပြည်အကျိုး၊ မြို့နယ်အကျိုး၊ ရပ်ကွက်အကျိုး မလုပ်တဲ့သူတွေသေရင် ဒီလိုပဲကွ..။ အဲ့လိုမသာမျိုးတွေသေရင် လူတောင်မစည်ဘူး.. သေတာတောင် ရပ်ကွက်က အချက်ပေးမှ သိရတယ်။ တကယ်လို့.. သူသာ ရပ်ကွက်အကျိုးတွေ.. မြို့နယ်အကျိုးတွေ လုပ်ကြည့်ပါလား.. ရပ်ကွက်ထဲမှာ ကျောင်းမထားနိုင်တဲ့ကလေးတွေကို ကျောင်းထားပေးတာတွေ.. ရပ်ကွက်သာရေးနာရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းစွမ်းတမံလုပ်ပေးတာတွေ လုပ်ကြည့်ပါလား။ အဲ့လူသေကြည့်.. နာမည်ဘယ်သူ ဘယ်အရပ်သား အသက်ဘယ်လောက်ဆိုတာ ရပ်ကွက်ထဲမှာရှိတဲ့လူတွေ မြို့နယ်မှာရှိတဲ့လူတွေ အကုန်သိလိမ့်မယ်။ အဲ့လိုပဲကွ.. ဒီလူက လူမသိတဲ့မသာမလို့ ငါ့မြေးမညံ့ဘူး မသာညံ့တာလို့ပြောတာ။ မင်းသဘောပေါက်ပြီလား ဆိုပြီး ဆရာကြီးက ဆုံးမပေးပါတယ်။ ကျွန်တော်တော့ ဒီစကားလေးကို သေချာမှတ်သားမိပါတယ်။


ဟုတ်ပါတယ်.. လောကကြီးမှာ ကိုယ်သေသွားရင်တောင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို တမ်းတကျန်ခဲ့တဲ့သူတွေ မရှိရင် လူဖြစ်ရတာ ဘာထူးမှာလဲ။ လောကကြီးထဲရောက်လာပြီးတော့.. ကိုယ်ကောင်းစားဖို့ ကိုယ့်မိသားစုကောင်းစားဖို့ဆိုတဲ့အလုပ်တွေဟာ လူသားတိုင်းလုပ်နိုင်ပါတယ်။ မလုပ်နိုင်တဲ့ အလုပ်ဆိုတာကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဆိုတဲ့ ပရဟိတလုပ်ငန်းတွေပါ။ ကိုယ်ကျိုးကို မကြည့်ဘဲ အများအကျိုးကို ကြည့်ပြီးလုပ်ဆောင်တတ်တဲ့သူတွေ သေသွားရင် အများက လွမ်းဆွတ်တမ်းတနေရမှာပါပဲ။ ဒီလိုမျိုးလူတွေ အယောက်ပေါင်းများစွာ ပေါ်ပါစေလို့လည်း အမြဲတမ်းတပြီး ကျန်ခဲ့ကြမှာပါ။ ဥပမာအားဖြင့် နာရေးကူညီမှုအသင်းမျိုးမှာ ဦးစီးလုပ်ဆောင်နေတဲ့ ဦးကျော်သူတို့လို လူမျိုးတွေသေသွားရင်တောင် အများက လွမ်းဆွတ်နေရမှာတော့ အသေချာပါပဲ။ နှမြောစရာကောင်းလိုက်တာ.. ဒီလိုလူမျိုး ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့သူတွေ နိုင်ငံအတွက် ပြည်သူအတွက် များစွာလိုအပ်တယ်ဆိုတဲ့ နှမြောတသမှုမျိုးတွေတော့ ကျန်ရစ်ခဲ့မှာပါပဲ။ သူကိုယ်တိုင် ကောင်းခြင်း မကောင်းခြင်းဆိုတာ သူ့အပိုင်းဖြစ်နေပေမယ့်.. သူ့ရဲ့လုပ်ဆောင်မှုတွေက အများအတွက် တိုင်းပြည်အတွက် ပြည်သူအတွက် အကျိုးရှိနေတဲ့အတွက် အများကတော့ သူ့မရှိတော့တဲ့အခါမှာ သူ့လိုလူမျိုးကို တမ်းတနေရမှာကတော့ အသေချာပါပဲ..။


ဒ့ါကြောင့် ဆရာကြီးက ပြောပါတယ်.. မင်းတို့ ငါတို့တွေလည်း မကြာခင် လူ့လောကကြီးက ထွက်ခွာသွားကြရမှာပါ။ အနှေးနဲ့အမြန်ပဲကွာပါတယ်။ အေး.. မသိမသာတော့မဖြစ်မခံနဲ့ကွာ.. သိတဲ့မသာဖြစ်အောင် ကြိုးစားပါတဲ့။ ဒီလိုသိအောင်ကြိုးစားလို့ ပြောလိုက်တယ်ဆိုတာလည်း ကိုယ့်ကိုအထင်ကြီးအောင် ဘုရားတွေတည် လမ်းတွေဖောက်လုပ်ပြရမယ် ပြောတာမဟုတ်ပါဘူး။ ကိုယ်ဘာအကျိုးပြုနိုင်လဲ ဘာတတ်နိုင်လဲဆိုတာကြည့်ပြီး နိုင်တဲ့ဘက်ကနေ စွမ်းနိုင်သလောက်ထမ်းဖို့ပါပဲ။ ဦးကျော်သူတို့လို အသင်းကြီးမျိုးတွေ မလုပ်နိုင်ပေမယ့်.. ကိုယ့်အနေနဲ့ အရူးတံမြတ်ဆီးလှည်းတဲ့ ကိုယ်ကျိုးစွန့်တဲ့အလုပ်မျိုးနဲ့တော့ စွမ်းသလောက် ၀န်ကိုထမ်းသင့်ပါတယ်။


တခါက ရပ်ကွက်တစ်ခုမှာ ညနေတိုင်း ရပ်ကွက်ကလမ်းတစ်လျောက်ကို ရေဖြန်းပြီး တံမြတ်စီးအမြဲလှည်းပေးတဲ့ အရူးတစ်ယောက်ရှိပါတယ်။ သူ့အကျင့်ကိုက အဲ့လိုလုပ်ရတာကို ၀ါသနာပါတယ်ပေါ့။ သူကဒီအလုပ်က ကောင်းသည်ဆိုးသည်လည်း မသိပါဘူး။ ဒါပေမယ့် သူလုပ်ရတာ သဘောကျတဲ့ပုံနဲ့ ညနေ့တိုင်း မပျက်မကွက် ရေဖြန်းပြီး တံမြက်စည်းလှည်းတဲ့အလုပ်ကို လုပ်ပါတယ်။ ဒါနဲ့ တနေ့ကျတော့ ဆောင်းတွင်းကြီးမှာ အရူးဖျားပြီး သေပါလေရော..။ ဒါပေမယ့် အဲ့အရူးသေတဲ့အခါမှာတော့ တစ်ရပ်ကွက်လုံးကသိတယ်.. တစ်ရပ်ကွက်လုံးက မသာ လိုက်ပို့ကြပါတယ်တဲ့။ ကဲ.. ဒါကဘာမှမဟုတ်တဲ့ တံမြတ်စီးလှည်းပေးတဲ့ အရူးတစ်ယောက်ရဲ့ ပရဟိတပါ.။ ဒါမျိုးအလုပ်မျိုးတောင် ရပ်ကွက်ကလူတွေက အမြတ်တနိုးနဲ့ တမ်းတကျန်ရစ်ခဲ့ရသေးတယ်ဆိုရင်..။


ဒီတော့ ကျွန်တော်တို့တွေဟာလည်း အရူးတစ်ယောက်ထက်တော့ ပရဟိတကို ဥာဏ်ပါပါနဲ့ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ သေချာနေပါတယ်။ ကိုယ်က ကျောင်းကြီးကန်ကြီးဆောက် အသင်းတွေဖွဲ့ပြီး မလုပ်နိုင်ပေမယ့်.. ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အများအကျိုးရှိတာလေးတွေ လုပ်ပေးမယ်ဆိုရင်.. မြို့နယ်တစ်မြို့လုံး၊ ရပ်ကွက်တစ်ခုလုံးက မသိချင်နေပါစေ.. ကိုယ့်ရဲ့စေတနာတွေကို ခံစားဖူးတဲ့ အနည်းငယ်သောသူတွေရဲ့မေတ္တာတွေကတော့ ကိုယ်တိုင်ခံစားရမှာ မလွဲပါဘူး။ အချိန်တန်လို့ ကိုယ်ထွက်ခွာသွားခဲ့ရင် အားလုံးက မတမ်းတနိုင်ပေမယ့်.. ကိုယ့်ကိုတမ်းတပြီး ကိုယ့်ရဲ့လမ်းကြောင်းမှန်လေးကို ဆက်လျောက်လှမ်းနိုင်မယ့်သူတွေ ထားပေးခဲ့နိုင်တာဟာလည်း လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်နဲ့ တူပါပေတယ်..။ ဒါကြောင့် မသိမသာတွေဖြစ်နေမယ့်အစား.. ကိုယ့်အထွာ ကိုယ့်ခြေရာလေးနဲ့ စွမ်းနိုင်သလောက် အများအကျိုးကို လုပ်ပေးရင်းဖြင့် သိတဲ့မသာတွေ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

Read more...

ယောအသင်း(မလေးရှား)ရဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ယောအသင်း(မလေးရှား) အသင်းသူ အသင်းသားများ
ယောအသင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြသည့် သံဃာတော်များ

စင်္ကာပူရောက် ယောနယ်သူ ယောနယ်သားများစုပေါင်း၍ ယောအသင်း(စင်္ကာပူ)ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းသကဲ့သို့ မလေးရှားနိုင်ငံရောက် ယောသူ ယောသားများကလည်း ၂၀၀၈ ခုနှစ်မှာပင် ယောအသင်း(မလေးရှား)ကို စတင်ဖွဲ့စည်းခဲ့သည်။
ယောသူ ယောသားအချင်းချင်း မကြာမကြာတွေ့ဆုံနိုင်ရန်၊ လူမှုရေးအခက်အခဲများ ၀ိုင်းဝန်းဖြေရှင်း၇န်နှင့် အခါအားလျော်စွာ ကုသိုလ်ကောင်းမှု စုပေါင်းပြုလုပ်ကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ယောအသင်းသည် ယခုအခါ ၂ နှစ်ကျော်၍ သုံးနှစ်တာ ကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးပွဲများ သီတင်းကျွတ် တန်ဆောင်တိုင်နှင့် အားလပ်ရက်များတွင် ယောသူ ယောသားအချင်းချင်းစုပေါင်း၍ ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ကြသည်၊ တွေးလိုက်တိုင်း ကြည်နူးဝမ်းမြောက်စရာ ကောင်းလှ၏။ ယခုလည်း ယောအသင်း မလေးရှားမှ ကွာလာလမ်ပူရှိ ရတနာရာမကျောင်း၌ သံဃာတော် (၄၅)ပါးအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဂန့်ဂေါမြို့ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်မြတ် ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေ ၂ သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ကြသည်။ သူတော်ကောင်းတို့ ချီးမွမ်းသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းလည်းဖြစ်ပါ၏။

ထို့အပြင် ယောအသင်း(မလေးရှား)သည် ထောင်အတွင်းရောက်ရှိနေသော ယောသူ ယောသားများအား ငွေကြေးစိုက်ထုတ်၍ အပြင်ဖက်ရောက်အောင် ကူညီပေးခြင်း မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ဘုရားရှင်၏လမ်းစဉ်ဖြစ်သော ဆွေတော်မျိုးတော်များအကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးကြခြင်းလည်း ဖြစ်ပါ၏။
မှန်ပါ၏.. ကုသိုလ်ကောင်းမှုကို နည်းသည်ဟူ၍ အထင်မသေးရာ၊ ကောင်းကင်မှ မိုးပေါက်သည် အနည်းငယ်စီပင်ဖြစ်သော်လည်း ရေအိုးစသည်ကိုပြည့်စေသကဲ့သို့ ကောင်းမှုကုသိုလ်ကိုလည်း အနည်းစီပြုလုပ် ဆည်းပူလျှက် တိုးအောင်များအောင် ပြုလုပ်ရာ၏..ဟု ဘုရားရှင်ကိုယ်တိုင် လမ်းညွှန်တော်မူခဲ့လေသည်။

Read more...

တရားနှလုံးသွင်းပုံ မှတ်စုများ (ebook) ရယူနိုင်ပါပြီ။

ဓမ္မ မိတ်ဆွေများ ခင်ဗျား-
- သံလျှင်သဘာဝရိပ်သာ ဆရာတော် (ဆူနာမီဆရာတော်) ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်(တရား နှလုံးသွင်းပုံ များ)ကို ကျွန်ုပ်ဥာဏ်မီသလောက် ကို လက်တွေ့ ဘ၀မှာရော- တရား အားထုတ်မှုတွင်ပါ တစုံတရာ အကျိုးရှိမည်ဟု မျှော်လင့်လျှက် မျှဝေအပ် ပါသည်။
- တရားနှလုံးသွင်းပုံ လမ်းညွှန်စာသားများသည် ကျွန်ုပ်တို့ ယခုလက်ရှိ ခံယူထား မိနေသော သဘောထား တချို့နှင့် ၀ိရောဓိဖြစ်ကောင်းဖြစ် မည်ဖြစ်သော်လည်း လောဘ-ဒေါသ- သောက-မာန-အတ္တ အယူများကို တစတစ စွန့်လွတ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် အကျိုးကျေးဇူးများ စေခြင်းငှာ ဓမ္မဒါန မျှဝေအပ်ပါသည်။
- ဓမ္မဒါနများကို လွယ်လွယ်နှင့်လည်း မသိမ်းပိုက်ရန် လွယ်လွယ်နှင့် လည်း မပစ်ပယ်ရန် အကြံပြုအပ်ပါသည်။
- တရားနှလုံးသွင်းပုံများကို ပိုမိုသိရှိနားလည်စေရန် ဆရာတော် ဦးဥတ္တမသာရ ဟောကြားတော်မူသော guided meditation တရားတော်များအား နားဆင်လျှက် ကြိမ်ဖန်များစွာ တရားနှလုံးသွင်းမှုကို လေ့ကျင့် ပြုလုပ်ကြည့်ရန် လေးစားစွာ အကြံပြုအပ်ပါသည်။

ebook စာအုပ်ရယူရန် လင့် -
http://www.mediafire.com/?hx14747cak6xdd9

ebook ကို စာအုပ်အဖြစ် ကျောကပ်ပရင့် ထုတ်ယူရန် -
http://www.mediafire.com/?1delyo8pufn43ds

လေးစားစွာဖြင့်

Read more...

ခုတုံး


တတိယသံဂါယနာတင်ပွဲကျင်းပပြီးတော့
အသောကမင်းကြီး နိုင်ငံရပ်ခြားသို့ သာသနာရောက်ရှိပြန့်ပွါးအောင်
ကိုးတိုင်းကိုးဌာနသာသနာပြုစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့တယ်။
ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရမထေရ်တို့က
သုဝဏ္ဏဘူမိအရပ်ကို သာသနာပြုကြွရကြောင်း အရင်ပြောပြခဲ့တယ်။

သမိုင်းသုတေသီတို့က မြန်မာနိုင်ငံမှာရှိတဲ့ မွန်ပြည်နယ်၊ သထုံဒေသဟာလဲ
သုဝဏ္ဏဘူမိထဲမှာ အကျုံးဝင်တယ်လို့ ယူဆပြောဆိုကြတယ်။

ဒီယူဆချက်မှန်တယ်ဆိုရင်
အသောကမင်းလက်ထက် (ဘီစီ ၂၃၅) ခန့်က  မြန်မာပြည်ကို ဗုဒ္ဓဘာသာ
သာသနာရောက်ရှိတယ်လို့ ဆိုနိုင်တယ်။

ဒါပေမဲ့ တချို့က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက
ဘုရားရှင်ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း၊
ဒါ့ကြောင့် ဘုရားရှင်အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ
ဘုရားရှင်လက်ထက်ကတည်းက ရောက်ရှိကြောင်း
ရေးသားဖော်ပြကြတယ်။

ဒါနဲ့စပ်လို့ သာသနာ့တက္ကသိုလ်ကျောင်းသားဘ၀တုန်းက
ညနေတိုင်း အညောင်းပြေ တက်ခဲ့တဲ့ မန္တလေးတောင်ကို သတိရမိတယ်။

မန္တလေးမှာနေတုန်း မန္တလေးတောင်ပေါ်တက်ရင်
လက်ညှိုးထိုး ရပ်တော်မူဘုရား (ဗျာဒိတ်ပေးဘုရား) ကြီး တွေ့ရလိမ့်မယ်။
ရပ်တော်မူဘုရားဘေးက ကျုံ့ကျုံ့လေးထိုင်ပြီး ရပ်တော်မူဘုရားကြီးကို
လက်အုပ်ချီနေတာက ရှင်အာနန္ဒာ။
ဒီရပ်တော်မူဘုရားကြီးနဲ့ရှင်အာနန္ဒာတို့ ရုပ်တုတွေ
မန္တလေးတောင်ပေါ် ဘယ်လို ရောက်လာကြတာတုန်း။

ဇာတ်လမ်းက
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားနဲ့အတူ ရှင်အာနန္ဒာတို့
မန္တလေးတောင်ကို ကြွလာကြတယ်တဲ့။

ကြွလာပြီး ရှင်အာနန္ဒာကို တောင်ခြေ လွင်ပြင်ကျယ်ကြီးကို လက်ညှိုးထိုးပြကာ
အာနန္ဒာ၊ ငါဘုရားပရိနိဗ္ဗာန်စံပြီး နောင်နှစ်ပေါင်း ၂၅၀၀ ကြာရင်
ဟိုးနေရာမှာ မင်းတုန်းမင်းဆိုတဲ့ရှင်ဘုရင် ပေါ်ပေါက်လာပြီး
ငါဘုရားသာသနာကို အကြီးအကျယ်ထောက်ပံ့ပြီး
သာသနာတိုးတက် စည်ပင်ပြန့်ပွါးအုံးမယ် လို့
ကြိုတင်ဟောကိန်းထုတ်သတဲ့။
စာစကားနဲ့ပြောရရင် ဗျာဒိတ်ပေးတယ်ပေါ့။

တကယ်တော့
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ မန္တးလေးကို တစ်ခါမှ မရောက်ဘူးပါဘူး။
ဒီရပ်တော်မူနဲ့ ရှင်အာနန္ဒာတို့ရုပ်တုကို မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်
နှစ်ပေါင်း ၂၅၀၀ ခန့်မှာ ပေါ်လာတဲ့ မင်းတုန်းမင်းကြီး
လူလည်ကျပြီး ဖန်တီးထားတာလို့ပဲ ပြောချင်ပါတယ်။

သူ့ရဲ့ နောင်တော် ခမည်းတော်တို့ ရှင်ဘုရင်လုပ်အုပ်ချုပ်နေတဲ့
ထီးဟောင်း နန်းဟောင်း နေပြည်တော်ဟောင်းမှာ
နေချင်စိတ်ကုန်လို့
နေရာကောင်းလိုက်ရှာရင်း
မန္တလေးတောင်ခြေက ပျံ့ပျူးသာယာတဲ့မြေပြင်ကြီးကို ကြည့်ပြီး
သရေ (သွားရေ) ကျမိတာက စတာပါ။

ရှင်ဘုရင့်တို့ရဲ့ ရူးသွပ်မှုသဘာဝအရ
ဘုရင်မင်းတုန်းလဲ ဘုရင်ထဲက ဘုရင်တစ်ပါးဆိုတော့
ထီးဟောင်း နန်းဟောင်း နေပြည်တောဟောင်းမှာ နေလိုတဲ့ဆန္ဒမရှိတော့တဲ့အချိန်။
ငါဘုရင်ဖြစ်သခိုက် ငါလဲ ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ပြီးနေရရင်
ပိုကောင်းမယ်လို့ မင်းတုန်းမင်း ယူဆမိဟန်တူပါရဲ့။

ထီးသစ် နန်းသစ် နေပြည်တော်သစ်တည်ထောင်ဘို့ဆိုတာလဲ
အတွေးလွယ်သလောက် အရေးကျ အတော်ခက်သား။

တိုင်းသားပြည်သူ လူအများတို့ သဘောထား။
ဘုရင်ပြောင်းရင် နောက်က ၀န်းကြီး ၀န်လေးတွေ၊ တိုင်းသားပြည်သူတွေ
အကုန်လိုက်ပြောင်းရတာ။ သူတစ်ယောက်တည်း ပြောင်းသွားလို့ ဖြစ်တာမှ မဟုတ်တာ။
ထိုအတွက် ကုန်ကျစရိတ်၊
တိုင်းသားပြည်သူ လူအများစီးပွါးရေး စသည်
အကုန်ကြည့်ရတယ်။

တိုင်းသူပြည်သားက ငတ်ပြတ်နေပြီး
ရှင်ဘုရင်လုပ်တဲ့သူက တစ်ထီးတစ်နန်းနေချင်တဲ့ စိတ်ရိုင်းကြောင့်
ပြည်သူ့ငွေမြောက်များစွာ သုံးပြီး ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်မယ်ဆိုရင်
ပြည်သူ့အမျက်တော် ရှ လာနိုင်တယ်။
ဒါကို မင်းတုန်းမင်း စဉ်းစားခဲ့တယ်။
(ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေး စဉ်းစားဖော်ရတာကို ကျေးဇူးတင်ပါတယ်)

စဉ်းစားတယ်၊ ငါဘယ်လို ထီးနန်းသစ် တည်ထောင် ပြောင်းရွှေ့ နေထိုင်ရရင်ကောင်းမလဲ။
မင်းတုန်းမင်း စဉ်းစားတယ်။

နောက်ဆုံးတော့ အကြံတစ်ခုရလိုက်တယ်။
ငါ့တိုင်းပြည်လူမျိုးတွေ ဗုဒ္ဓဘာသာကို အလွန်ရိုသေလေးစားကြတာပဲ။
အကယ်၍ ဘုရားကို ခုတုံးလုပ် ထီးသစ် နန်းသစ် နေပြည်တော်သစ် တည်ထောင်လိုက်ရရင်
ကောင်းမှာပဲ ဆိုပြီး လုပ်လိုက်တာ
ရှင်အာနန္ဒာနဲ့ လက်ညှိုးထိုးရပ်တော်မူဘုရားကြီး မန္တလေးတောင်ပေါ်ရောက်လာတော့တာပဲ။

သမိုင်းထဲက ရှင်ဘုရင်တွေ
မြတ်စွာဘုရားကို
တရားကို
ရဟန်းသံဃာတော်တွေကို
ဘယ်လောက်များ
ခုတုံးလုပ်
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားကြပြီလဲ။

မြန်မာနိုင်ငံ ဘုရားရှင် သာသနာစတင်ရောက်ရှိတာနဲ့ ဆက်စပ်ပြီး တွေးမိတာပါ။

(အရင်တင်ပြီးသား၊ ဒီနေရာမှာ ချိတ်ဆက်မိလို့ နည်းနည်းပြင်ရေး တင်လိုက်တယ်)

Read more...

ဂျပန် မဟာယာန ဗုဒ္ဓဘာသာ အကြောင်း...

ဂျပန် မဟာယာန ဗုဒ္ဓဘာသာ အကြောင်း (မောင်အံ့ သာသနာ ၂၅၀၀-ခရီး) မှ


Read more...

သူ့ကံနှင့်သူ… ကဗျာ




သူ့ကံနှင့်သူ…

ဟိုရှေးအခါ၊ လူတို့ရွာတွင်၊
သုံးဖြာလူမိုက်၊ ဒုစရိုက်ကား၊
တိုက်ခိုက်ရန်စီး၊ ဓားပြကြီးနှင့်၊
မှားကြီးများစွာ၊ စာ ဆရာနှင့်၊
ကြေညာဟစ်ကြွား၊ တရားမှားနှင့်၊
သေသွားပြီးမှ၊ ငရဲကျသော်၊
ဓားပြကလွတ်၊ စာရေးလွတ်၊
မချွတ် ကံစွမ်းပင်။

အိပ်နေသူမျှ၊ မလွတ်ရအောင်၊
အော်ပြ ဟစ်ပြ၊ ဟောသမျှတိုင်း၊
အဓမ္မဟောမိ၊ အ၀ီစိ၊ ကံရှိသမျှပင်။

မစိုးရိမ်စာသင်သား။

Read more...

ရဟန်းနှင့် သူနာပြုဆရာမ

အရှင်ဘုရား
ရဟန်းတော်များ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ စသည်ပြုရာ ၄င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်၊ မသင့် အပြစ်ရှိ၊ မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော်မူစေလိုပါသည်ဘုရား၊
တပည့်တော် ဃောသိက
သံတွဲ- ရခိုင်ပြည်နယ်။
သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ်ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ်ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် များသည် မာတုဂါမများနှင့် မထိမိအောင် သတိထားကြရသည်။
သို့သော် အမှတ်တမဲ့ထိခြင်း၊ ကား၊ ရထားပေါ် စသည်တို့၌ တိုးဝှေ့မိခြင်း၊ ခြေတော်စုံကို ဦးခိုက်ရှိခိုးခြင်း၊ အာမိသ ဆက်သရာ ဆွမ်းလောင်းလှူရာ၌ လက်ချင်းထိခြင်းသည် ခြွင်းချက်သဘောနှင့် အာပတ်မှ လွတ်သည်လည်း ရှိပေသည်။
ဝန္ဒန၀တ္ထုသ္မိံဣတ္ထိပါဒေ သမ္ပာဟိတွာ ၀န္ဒိတုကာ မာဝါ ရေတဗ္ဗာ၊ ပါဒါဝါပဋိစ္ဆာ ဒေတဗ္ဗာနိစ္စလေန၀ါ ဘ၀တဗ္ဗံ၊ နိစ္စလဿ ဟိစိတ္တေန သာဒိတောအနာပတ-၁၃၂
ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်က ရဟန်း၏ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရ၏။ ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ်( မလှုပ် မရှားနေ၍) သော်လည်း နေရမည်။ ခြေထောက်ကိုဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမ၏လက်မှ လွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍  အပြစ်မရှိဟုဆိုပေသည်။
ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ်ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ၊ ပရိတ်သတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာ၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိမိသောအရာ၊ မိန်းကလေးကို ယောက်ျားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။
ယခုခေတ် ဆေးရုံ၊ ဆေးခန်းတို့၌ အမျိုးသမီး ဆရာဝန်မ၊ သူနာပြုဆရာမတို့ သွေးစမ်းခြင်း၊ ဆေးထိုးခြင်း၊ စသည်တို့၌လည်း ရဟန်းက မလှုပ်မရှားခံယူခြင်း၊ မလှုပ်မရှားခံယူရာ၌ စိတ်ကသာယာမူရှိသည့်တိုင်အောင် အပြစ်အာပတ် မရှိဟု မှတ်သား ရပါသည်။ သာယာသောစိတ်ဖြင့် ကိုက်လက်လှုပ်ရှားခြင်း၊ မိမိ( လူနာရဟန်း)က သွားရောက်ထိကိုင်ခြင်းမျိုးများ မပြုမိအောင် အထူးပင်သတိပြုသင့်ပါသည်။ ဤခေတ်၌ ပြဿနာရှင်တင်ပြသကဲ့သို့ ဆေးရုံ၊ ဆေးခန်းများ၌ အမျိုးသမီးဆရာဝန်မ၊ သူနာပြုများ မကင်းနိုင်သဖြင့် အထူးသတိပြုဖွယ်ပင်ဖြစ်ပါသည်။
အထူးအားဖြင့် ဤကိစ္စမျိုးအပြင် ဆေးရုံများတွင် သံဃာဆောင်ဟူ၍ သီးသန့်ဆောက်လုပ်ထားလေ့ရှိရာ ဂိလာနသံဃာဆောင်တို့အတွက် အထူးဝမ်းသာဖွယ်ရှိသော်လည်း လူနာစောင့်အဖြစ်ဖြင့် လူသာမဏေများ( အချို့ ဒကာမများ) လာ၍ ညအိပ်ညနေ ပြုစုနေထိုင်လေ့ရှိရာ လူပုဂ္ဂိုလ်လူနာ ကျား၊ မများနှင့် သီးသန့် သီတင်းသုံးနိုင်ရန် စီစဉ်ပေးထားပါမှ လူနာစောင့်ပုဂ္ဂိုလ်များကြောင့် သံဃာတော်များ သဟသေယျ အာပတ်သင့်နိုင်သဖြင့် အထူးသတိပြုသင့်ပါသည်။ လူနာစောင့် အဖော်အနေဖြင့် ရဟန်းအချင်းချင်းစာ ဖြစ်သင့်ပါကြောင်း အကြောင်းအားလျော်စွာ ရေးသားသတိ ပေးအပ်ပါသည်။
မြတ်သတိဝါဒီ မဂ္ဂဇင်း
ဒီဇင်ဘာလ၊ ၂၀၀၁ ခုနှစ်

Read more...

Monks and Miracles Part II

by Cittasamvaro
continued from Part I …
One time a layman named Kevaddha went to the Buddha and entreated him to perform some miracles in the wealthy town of Nalanda in order to get support for the Sangha. Three times he was refused with the answer,
This is not the way I teach Dhamma to the monks, by saying “Go monks, and perform superhuman feats and miracles for the lay people
When pressed a fourth time, he told Kevaddha there are three kinds of miracle, the first being:
Miracles of psychic power; multiplying ones body; passing through walls, mountains etc.; walking on water; flying through the air cross-legged; touching the sun and moon; and traveling as far as the Brahma Realms.
But if one were to see this kind of miracle and report it to someone skeptical and unbelieving they would think it was due to some kind of magic charm. Thus the Buddha says,
That is why, seeing the danger of such miracles, I dislike, reject and despise them.
Even though we have reports of miracles happening around the Buddha, this sutta accurately represents his consistent teaching on the matter. For instance, at one point a monk sees a ghost floating in the air being stabbed by demons. He reports this excitedly to the Buddha, who admonishes him for bringing it up, because though it was in fact real, it is not connected with the goal, and the telling of it to others might turn them away from the real teaching.
The second kind of miraculous power is that of telepathy,
Here a monk reads the minds of others, knowing their mental states, thoughts and ponderings, saying to them, “that is how your mind inclines, this is in your heart..”
Again this might get reported to others who might think it is a power due only to a special magic charm, and thereby not connected with Dhamma. Once again that is why the Buddha dislikes, rejects and despises talk on miraculous powers.
These days we are less likely to consider the power to be coming from a charm, and more likely to think of it as some kind of black magic, or conjuring illusion. Either way it is counter-productive. But there is another danger to consider.
You may have seen monks using ceremonial fans at times. In Thailand nowadays they are used at certain times during a chanting ceremony or giving of the precepts. The original aim of this curious tradition was to hide the face of the speaker, even though everyone present will have seen his face already, as a reminder to focus on the Dhamma and not the person presenting it. In India, a place of guru worship, this was a powerful message. Whenever talking of miracles, it inevitably gets tied up with speculations on this or that monk and what powers he might possess. Such speculations are rarely true, and are not really productive. Which brings us to the third miraculous power:
The Miracle of Instruction:
Here Kevaddha, a monk gives instruction as follows, “consider in this way, don’t consider in that. Direct your mind this way, do not direct it in that. Give that up, gain and persevere in this…” That is the miracle of instruction.
The sutta, number 11 of the Digha Nikaya, goes on. Kevaddha is told that he is fortunate to live at a time when a Tathagatha has arisen in the world, and made the teaching of enlightenment available. He tells a story of a monk who by means of psychic power traveled to all the heavenly realms looking for someone to teach him about enlightenment, and was finally directd by Braham himself to go and ask  the Buddha. Kevaddha is being told not to go looking for the miraculous, but to learn how to direct his mind, so that he will find out the answers for himself. This is the miracle of instruction.
So here we have it, the official word, that despite our best intentions and relentless curiosity for the miraculous, it is something that is more than likely to be counter-productive and therefore to be steered away from. The teachings themselves are clear and profound, and give direction for us to follow and find out for ourselves what enlightenment is. This is the crux of our religion, do not believe anyone, even the Buddha, but find out for yourself. Which is what makes this tradition the most rational I have come across.
“But I don’t want to go among mad people,” Alice remarked.
“Oh, you can’t help that,” said the Cat: “we’re all mad here. I’m mad. You’re mad.”
“How do you know I’m mad?” said Alice.
“You must be,” said the Cat, “or you wouldn’t have come here.”

Read more...

သတိရနေဆဲပါ ဆရာတော်.....


နံက် ၅ နာရီ မိုးမလင်းတလင်း အချိန် ပြာသိုလ်လ ဖြစ်သည့်အလျောက် ကောင်းကင်ယံထက်တွင် မြူနှင်း မြူခိုးများက သိပ်သည်းစွာ တွယ်ကပ် ရစ်တွယ်နေသလို မြေပြင်သို့လည်း အနှောင်အဖွဲ့ ကင်းစွာ ကျဆင်းနေပါသည်။

ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်းဟေမာန်သည် လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထားသောအချိန်။

လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ အော်ဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ်သတ် ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာကလေး တစ်ရွာ။

တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ်လေး များ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီး ကျောင်းအတွင်းဝယ် မီးဒုတ် ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန် သော ရွာသူ ရွာသားများ။

ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေ အရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု အမျိုးသား အမျိုးသမီးများ။

ခွေးအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ကျောင်းဝင်းထဲရှိ ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင် သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေကြပုံများ။ ကျောင်းကြီးပေါ်တွင် လူမျာစွာ ရှိနေပမယ့် တစ်ဦးတစ်လေမျှ စကားပြောခြင်း မရှိဘဲ ငြိမ်ငြိမ်လေး ထိုင်နေကြပုံတွေ။

ဘာတွေလည်း ဘာတွေ ဖြစ်ကုန်တာလည်း ဆိုပြီး သံသယ များနှင့် သုံးထစ်မြောက် လှေကားပေါ်ကိုအတက် ကြားလိုက်ရသည့် အသံများကြောင့်...
................................................................................................................................

စာရေးသူ စီးနင်းလိုက်ပါလာသော ကားသည် တခါမှ မဖြစ်စဘူး ယနေ့ညကျမှ ဘာကြောင့်ယခု လိုမျိုးဖြစ် နေရပါလိမ့်။ ရန်ကုန်က ည ၈ နာရီစတင် ထွက်ခွာလာသော အဝေးပြေး ကားကြီးသည် ပြည်မရောက်ခင်အထိ ကားဘီး နှစ်ခါဆက်တိုက် ပေါက်ပါသည်။

စိတ်က ရွာကိုသာ မြန်မြန်ရောက်ချင် နေသည်ဆိုမှ ကားကလည်း ခဏခဏကို ပျတ်ပြနေပါသည်။ ကောင်းသွား၍ ကားပုံမှန်သွားနေသော အခါတွင်လည်း အမြန်ရောက်ချင်သည့် စိတ်ကြောင့် နှေးသည်ဟု ထင်နေပါသည်။

နောက်ကို လှည့်ကြည့်မိလိုက်တော့ ခရီးသည်တွေ အားလုံး ပင်ပန်း၍သော လည်းကောင်း၊ ရာသီဥတုက အေးလွန်းသောကြောင့် သောလည်ကောင်း အိပ်ပျောနေကြပါတယ်။ ပုံမှန်ဆို စာရေးသူလည်း ကားပေါ်မှာ ကျိန်းနေကြပါ။ ယခုက ကျိန်းနိုင်ခြင်းမရှိပါ စိုးရိမ်းစိတ်တွေ၊ သောကစိတ်တွေကြောင့် တစ်ကိုယ်လုံး ချွေးတွေထွက်ခဲ့သည့်အထိ ပူလောင်နေပါသည်။

နုတ်မှာလည်း "မဖြစ်နိုင်ဘူး" "မဖြစ်နိုင်ဘူး" စသည်ဖြင့် အရှုးတစ်ယောက်လို ရေရွတ်နေမိရင်း အိပ်ထဲမှ စာရွက်ကလေးကို တစ်ခါထပ်ပြီး ဖတ်လိုက်မိတော့ စာရလာပုံလေးကို သွားပြီး မြင်ယောင်မိလိုက်တယ်။
............................................................................................................................

မော်လမြိုင်မြို့ ရဲကျောင်းစာသင်တိုက်တွင် မနက် ၈ နာရီစာဝါအချိန် စာသင်သားတွေနှင့် အတူ စာချဆရာတော် ၏ စာချမှုအပေါ်မှာ ရိုသေစွာနာယူ နေတုန်း မျက်လုံးထောင့်မှ စာပို့သမားလုင်တဦး ဆရာတော်ကို စာပေးခဲပြီး ထွက်သွားတာကို မြင်လိုက် မိတယ်။

မိမိထံလာသော စာမဟုတ်လောက်ဟု ထင်ပြီး စာကို ပြန်ပြီး အာရုံစိုက်နေတုန်း ပုခုံးကို လာရောက်ကိုင်လိုက်သော လက်တစ်စုံကြောင့် နောက်ကို လှည့်ကြည့်လိုက်မိတော့ တွေ့လိုက်သည်က ကျောင်းထိုင်ဆရာတော်။

ဆရာတော်ကိုယ်တိုင် လာပြီးခေါ်တာဆိုတော့ အကြောင်းထူးပြီးပေါ့။ ဆရာတော်က တခြားစာသင်သားတွေ စာဝါပျက်မည်ဆိုး၍ လက်ကိုဆွဲပြီး တစ်နေရာကို ခေါ်သွားပါတယ်။ လူရှင်းသောနေရာ ရောက်တော့ မင်းရွာကို အမြန်ပြန်ရမယ် ဆိုပြီးပြောတယ်။

တပည့်တော်မှာများ ဆရာတော်တို့ကျောင်းနှင့် ပတ်သတ်၍ အမှားလုပ်မိတာရှိလို့လား ဘုရား ဆိုတော့ မဟုတ်ဘူးပါဘူး။ ဒီညနေ ရသောကား နဲ့ ရွာကို အမြန် ပြန်လိုက်ပါဆိုပြီး လက်ထဲက သံကြိုးစာလေးကို ပေးပါတယ်။

ပြောနေရင်း ဆရာတော်ကို ကြည့်လိုက်တော့လည်း.. အို.. ဆရာတော်၏ မျက်လုံးမှာလည်း စိတ်မကောင်း ဟန်တွေနှင့်ပါလား။ စာကိုတောင် မဖတ်ရဲအောင် ဖြစ်သွားခဲ့မိပါသည်။

"သဘာဝတရားကို မည်သူမှ လွန်ဆန်လို့မရဘူးတဲ့"

ဘုရားရေ ဘာကြောင့် ဆရာတော်က ဒီလိုပြောလာ ပါလိမ့်ဆိုပြီး သံကြိုးစာကလေးကို ဖတ်ကြည့် လိုက်မိတော့ အရုပ် ကြိုး ပြတ်မတဲ့ ခံစားပြီး မိုက်ခနဲဖြစ် သွားခဲ့ပါတယ်။ ဆရာတော်ကထိန်းပြီး စိတ်ကို အေးအေးထားပါ ။ လုပ်စရာရှိတာသွားလုပ်ဟု ပြောပြီး အနားမှ ထွက်သွားပါတယ်။

ဆရာတော် ကျောပြင်ကို ကြည့်နေမိရင်း ငါများစာဖတ် မှားတာလားမသိဘူးဆို ပြီး စာထဲက အကြောင်းအရာလေးကို နုတ်ကထွက်ပြီး နောက်တစ်ကြိမ် ဖတ်ဖို့အားယူလိုက်တော့ ကားစပါတ်ယာက

"ဦးဇင်းရွာနားကို ရောက်ပြီးလို့ အော်လိုက်တော့ တွေးလက်စ အတွေးတွေ ဖြတ် အထုပ်ကိုင်ပြီး ကားပေါ်ကနေ အမြန်ဆင်းလိုက်မိတယ်"

.............................................................................................................................


နာရီကို ကြည့်လိုက်တော့ နံနက် ၃း၃၀ နာရီ နှင်းတွေက ကောင်းကင်မှာပါ တွဲလွဲခိုနေသလို မြေပြင်ပေါ်ကိုလည်း ကျလျက်။ လေပါတိုက်လာတော့ အေးလိုက်သည်မှာလည်း ပြောမပြနိုင်အောင်ပါပဲ။

ထိုအအေးဓါတ်သည် ရင်ထဲမှာ အပူမီးကိုတော့ အေးအောင် မစွမ်းဆောင် နိုင်ခဲ့ပါ။ ပုံမှန်ဆို အရှင်စာသင်တိုက်က နေပြန်လာရင် မောင်နှစ်မတွေ၊ ရွာသူရွာသားတွေက ဘယ်လောက်ပင် မှောင်နေပါသောလည်း မီးတုတ်တွေကိုင်ပြီး လာကြိုကြတယ်။

ရွာထဲမှာရှိ သော ခွေးတွေကလည်း စာရေးသူကို ကိုမှတ်မိသည့်အလား အူလိုက်ကြသည်မှာ တရွာလုံး ဆူညံသွားတဲ့ အထိပါပဲ။ ခုကြည့်စမ်းပါဦး ဘယ်သူမှာလည်း ကြိုမည့်သူမရှိဘူး၊ ရွာကလည်း ရွာသူ ရွာသား တွေမ ရှိသည့်အလား တိတ်ဆိတ်ငြိမ်သတ်၍နေပြီး ခွေဟောင်သံတောင် မကြားရပါလား။

ဘုရားရေ.. ဘာတွေ.. ဘယ်လိုတွေ ဖြစ်ကုန်ပြီး လည်းဆိုပြီး စိုးရိမ်စိတ်တွေ သောကစိတ်တွေ ငယ်ထိပ်အထိ ရောက်လာပြီး၊ မှောင်မှောင် မည်းမည်းထဲကနေ ရွာဦးကျောင်းကို မပြေးရုံ သာသာ လျောက်ခဲ့တယ်။

ရွာထဲရှိအားလုံးသော အရိပ်အရောင်တွေကလည်း ၀မ်းနည်းမှုတွေကို ဖော်ဆောင်နေ သယောင်ယောင်၊ ကျောင်းဝန်းထဲရောက်တော့ ခပ်မြင့်မြင့် တောင်ကုန်းပေါ်မှာ ဆောက်လုပ်ထားသော ကျောင်းကို လှမ်းကြည့်လိုက်မိလိုက်တယ် ဆိုရင်ပဲ မြင်လိုက်ရတာတွေက

မီးဒုတ်တွေ တကျောင်းလုံး မှာ စိုက်ထားတာ။ ကောင်းကင်ကို မော့ကြည့်လိုက် တဲ့ အခါမှာလည်း ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်းဟေမာန်က လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထား၊

မိမိ၏ ပါတ်ဝန်းကျင်ကို အာရုံစိုက်ပြီး ကြည့်လိုက်မိတဲ့ အခါမှာလည်း ၊ လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ အော်ဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ် သတ်ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာ။

တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ်လေး များ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီး ကျောင်းအတွင်းဝယ် မီးတုတ်ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန်သော ရွာသူ ရွာသားများ။

ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေ အရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု အမျိုးသား အမျိုးသမီးများ။

ခွေးအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ကျောင်းဝန်းအတွင်းရှိ ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင် သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေတာတွေကို မြင်လိုက်ရပါတယ်။

ကျောင်းအတွင်းကို ဝင်လိုက်တယ် ဆိုရင်ပဲ လူအများက အနားလာ ပြီး စာရေးသူကို ဦးချ ဘာမှမပြောကြပဲ ကြည့်နေကြပါတယ်။ သူတို့ မျက်နှာကို ကြည့်လိုက်တော့လည်း မျက်ရည်စတွေ နဲ့ပါလား။

ကျောင်းပေါ်မှာလည်း စကားပြောနေပေမယ့် မပီမပြင် ကွဲကွဲ ပြားပြား မရှိသော ဆရာတော်ရဲ့ အသံတစ်ချို့။ ဆရာတော်အသံ ကြားရတယ်ဆိုပဲ ဝမ်းသာအားရနဲ့ လှေကားပေါ်သို့ တစ်ထစ်ချင်း အတက် ကျောင်းပေါ်ကို ရောက်ခါနီးလေးမှာ အိပ်ထဲမှာ စာရွက်ကလေးက ဘယ်ကနေဘယ်လို ထွက်ကျ လာမှန်းမသိ အောက်ကို ကျလာပါတယ်။ ကျလာတဲ့ စာရွက်ကို မီးရောင်အောက်ကလေးမှာ " ၃ "ကြိမ်မြောက် ဖတ်လိုက်မိတယ်။

"အမြန်ပြန်လာပါ ဆရာတော်၏ အသက်ကို မှီချင်လျှင်"

စာကို အိပ်ထဲပြန်ထည့်ရင်း ဆရာတော် ဘာမှမဖြစ်ဘူး ဆိုပြီး နောက်ဆုံးလှေကားထစ်ကို အရောက် ကြားလိုက်ရသည့် အသံများကြောင့် လက်ထဲမှာ ကိုင်ထားသော ခရီးဆောင်အိပ်ဟာ လှေကားပေါ်မှ တောင်အောက်သို့ အတားအဆီးမဲ့စွာ ကျသွားခဲ့တယ်။

ဒူးခေါင်းတွေကလည်း ဒယိမ်းဒယိုင်ဖြစ်သွားခါ အနီးမှာရှိသော လှေကားလက်တန်းလေးကို အမြန် ကိုင်လိုက်ရပါတယ်။ အကယ်၍ မကိုင်လိုက်မိပါက အိပ်နှင့်အတူ တောင်အောက်သို့ ရောက်၍သွားပါလိမ့်မည်။

ခုနလေးတင်း ဆရာတော် အသံကို ကြားလိုက်ပါတယ်။ "မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး" ဆိုပြီး

အားတင်းပြီး ကျောင်းပေါ်ကို အတက် နောက်တစ်ခါထပ်ပြီး ကြားလိုက်ပြန်ပါတယ်။ ဒီတခါတော့ တရွာလုံးအသံပါလား။

ဘုရားရေ.. ဒါတွေက တကယ်ဖြစ်ခဲ့ပြီးလား ဆိုကာ ပြေးပြီး ကျောင်းပေါ်ကိုအတက် တွေ့လိုက်ပါပြီး။

ရွာသူ ရွာသား နယ်သူ နယ်သားတွေရဲ့ အလယ် ဘုရားဆင်းထုတော် ၏ရှေ့ ကုတင်လေးပေါ်မှာ မျက်လွာလေးကိုချ တရားရှု့မှတ် နေသည့်အလား စက္ကန့်ပိုင်းလေး အတွင်းမှာပဲ ပတ်လက်ကလေး ပျံလွန်တော်မူသွားတဲ့ ကျေးဇူးရှင်ဆရာတော်။ စာရေးသူကို မြင်လိုက်တယ် ဆိုရင်ပဲ

"အမလေး ဆရာတော်ဘုရား မျှော်နေတဲ့ ဆရာတော် တပည့်ပြန်လာပြီးလေ ဘုရား၊ ငါတပည့်ကို ငါမသေခင် မှာသွားချင်တယ်ဆို ခုရောက်လာပါပြီးဘုရား ထပြီးကြည့်ရှု ဆုံးမပါအုံး ဘုရား"

ဆိုပြီး အော်ငိုလိုက်ကြတဲ့ ရွာသူရွာသားတွေ ရဲ့ အ သံအောက်မှာ အသက်ငယ်ငယ်ရွယ်ရွယ် ပုထုဇဉ် ရဟန်းတစ်ပါး ခံနိုင်ပါရော့လား။

မျက်ရည်တွေဟာ မျက်လုံးမှာ တွဲခိုနေတာကို အားမရပဲ အလုံးအရင်းနှင့် ပါးပြင်ပေါ်ကို အလုအယက် ဆင်းလားခဲ့ပါတယ်။ ဆရာတော်၏ အနားကိုသွားတော့ မင်းလာတာနောက်ကျ လိုက်တာကွာ လို့ ပြောသလို့ခံစားလိုက်ရပါတယ်။

ဒကာ ဒကာမတို့ ဘာကြောင့် စာရေးသူကို ကြိုပြီးအကြောင်း မကြားတာလည်းလို့ မေးလိုက်တယ်။ အဲဒီအခါမှာ ရွာသူရွာသားတွေက

"ဆရာတော်က သူနေမကောင်းဘူး ဆိုတာကို အရှင်ဘုရားကို ပြောလိုက်ရင် သူကြောင့် စာဝါတွေ ပျက်လိမ့်မယ်။ အရှင်ဘုရားက မေးရင် ကျန်းမာရေးကောင်းတယ် လို့သာပြောလိုက်လို့ မှားထားလို့ပါဘုရား" တဲ့ စာရေးသူ စိတ်ပူပြီး စာမလုပ်နိုင်မှာဆိုလို့ တဲ့လား. ဘုရား။

ဖြစ်မှ ဖြစ်ရလေ ဆရာတော်ဘုရား။ တပည့်ကို ကြိုပြောသင့်ပါတယ်။ ရှိတာမှ ဆရာနှင့်တပည့် နှစ်ပါးထဲ ဘာကြောင့်ခုလို့ လုပ်ရတာလည်း ဆိုပြီး ယူကြုံးမရခံစားခဲ့ရပါတယ်။

ဆရာတော် ကျန်းမာရေး မကောင်းတာကိုတောင် ပြုစုခွင့်မရလိုက်တဲ့ တပည့်။ ကျန်းမာရေး မကောင်းပေမယ့် ကောင်းသလို တပည့်ရှေ့မှာ ဟန်ဆောင်ပြီး၊ ကွယ်ရာမှာ တပည့် မသိအောင် ကြိတ်ပြီး ခံစားနေခဲ့သော ဆရာတော်။

မှတ်မိနေပါ သေးတယ်ဘုရား၊ ဆရာတော်ကျောင်းကို စရောက်တော့ တပည့် နေမကောင်းဖြစ်တာကို ဆရာတော် တစ်ညလုံးမအိပ်ပဲ စောင့်ရှောက်ခဲ့တာ။

မျက်လုံးနာလို့ တောဆရာဝန်က မြန်မြန်ပျောက်ချင်ရင် အိပ်ရာမထခင် မျက်နှာမသစ်ခင် နှာနေသောမျက်လုံးကို မျက်ဝတ်တွေ နှင့်တကွ လျာနှင့်လျှက်ပေး လိုက်လျင် ပျောက်တာမြန်တယ်ဆိုလို့ ဆရာတော်ကိုယ်တိုင် တပည့် အိပ်ယာကနေ မနိုးခင် မရွံမရှာ လုပ်ပေးခဲ့တဲ့ ဆရာတော်။

ဆရာတော်ကျတော့ တပည့်စာဝါတွေပျက်မှာ ဆိုးလို့ဆိုပြီး ဘာမှ မလုပ်ခိုင်းခဲ့ဘူး။ ကျန်းမာရေး မကောင်းတာကိုတောင် အသိမပေးခဲ့ပါလားဘုရား။ တပည့်တော် ဘယ်လိုလုပ်ပြီး ဖြေရမှာလဲ။

ပါးပြင်ပေါ်မှ မျက်ရည်တွေကို မထိမ်းနိုင်လို့ ရွာသူ ရွာသားတွေကို စာရေးသူက အားလုံး ခဏအောက်ကို ဆင်းသွားဖို့ပြောတော့ အားလုံးဟာ ငိုသူငို တက်သူကတက် နှင့် အောက်ကို ဆင်းသွားကြပါတယ်။

ကျောင်တော်ကြီးပေါ်မှာ ဆရာတော် နှင့် ချစ်တပည့် နှစ်ဦးတည်းလေ။ ပုံမှန်ဆို စာသင်တိုက်ကနေ ပြန်လာတိုင်း ဒီနေရာလေး မှာ ထိုင်၊ ဆရာတော်ကို ကန်တော၊့ ဆရာတော်က ဆုံးမှစကားတွေပြော၊ ဆရာတော် အတွက် ပစ္စည်းလေးများပါလာလို့ ကန်တော့လိုက်ရင် မင်းက ချမ်းသာနေလား။ ဒါတွေ ဝယ်ပြီး ငါကို ကန်တော့နေရအောင် ဆိုတာ တမျိုး။

တခါတလေ မင်းကတော်တော် မိုက်တယ် ဆိုပြီး သူလက်နှင့် စာရေးသူ ကျောကုန်းကို မနာအောင်ရိုက်ကာ ဆုံးမတက်တာ တဖုံ။ မင်းငါစကားကို နားမထောင်ဘူး ငါမကြိုက်တဲ့ လူအလုပ်တွေကို မင်းလုပ်တယ်ဆိုပြီး ဒုတ်နှင့် နာနာရိုက်ဆုံးမခဲ့တဲ့ဆရာတော်။

ဆရာတော်၏ နုးညံ့သော ခြေဖ၀ါးတော်လေးကို လက်နှစ်ဘက်နှင့် တရိုတသေကိုင် မျက်နှာလေးနှင့်ကပ်ပြီး

"တပည့်ပြန်လာပြီးလေဘုရား။ ဆုံးမစကားပြောပါအုံး။ တပည့်ကို ရိုက်ပါအုံး၊ မင်းမိုက်တယ်ကွာလို့ ဆူပါဦးဘုရား" ဆိုပြီး အရှုးတစ်ယောက်လို့ ငိုနေမိခဲ့တယ်။

တပည့် နိုင်ငံအတွင်းမှာ ကျော်ကြားတာကို ကြည့်ချင်တယ်ဆို တဲ့ ဆရာတော်။ တပည့် ကိုအမြဲတန်းအားပေးမူတွေ လုပ်ပေးခဲ့၊ လူထွက်မှာဆိုးလို့ အမျိုးမျိုး ချော့ကာတလည့် ခြောက်ကာတလည့်နှင့် သာသာနာတော်မှာ အမြဲနေဘို့ရန်ပြောဆို ဆုံးမခဲ့သောဆရာတော်။

ခုတပည့်တော် ဆရာတော်အနားမှာ ရောက်နေပါပြီး ဘုရား။ တပည့်တော်လေ ဆရာတော် အသက်တောင်မမှီ လိုက်ခဲ့ဘူး။ ရွာသူ ရွာသားတွေထံက စာရရ ခြင်း ကျေးဇူးတော်ရှင် ဆရာတော်ထံကို အမြန်ပြန်လာခဲ့ပါတယ်။

ဆရာတော်၏ ကျောင်းလှေကားသုံးထစ် အရောက်မှာ ဆရာတော် ပျံလွန်တော်မူခဲ့တာပါ။ ကံဆိုးခဲ့ပါတယ်ဘုရား။

အကယ်၍ လမ်းမှာ ကားသာ ကောင်းခဲ့ရင် ဆရာတော် အသက်ကို တပည့်တော် မှီလောက် ပါတယ်ဘုရား။ ခု တော့ တပည့်တော် ဘယ်လိုမှ အစားထိုး မဖြေနိုင်ခဲ့ဘူးဘုရား။
တပည့်ပါးပြင်မှာ မျက်ရည်မိုးတွေ ရွာသွန်းနေပါပြီး။ မျက်ရည်တွေနှင် အတူဆရာတော်ကို တပည့်နောက် ဆုံးအကြိမ်ကန်တော့လိုက် ပါရစေ ဘုရား။

ဆရာတော် အပေါ်ကို ဟိုတုန်းကနေ ယခုအချိန်ထိ ကာယကံ၊ ဝစီကံ၊ မနောကံ တွေနှင့် ပြစ်မှားမိခဲ့ တာများရှိရင်လေ တပည့်တော်ကို ခွင့်လွတ်တော်မူပါ ဘုရား။ မပျံလွန်တော်မူခင် ဆရာတော်ရှေ့မှာ ကန်တော့ခွင့်မရခဲ့တဲ့ ရင်နာစရာကောင်းတဲ့ တပည့်တော် ဘဝပါဘုရား။

ဆရာတော်ကို ဖတ်ဖတ်ပြီးငိုလိုက်တာ ဘယ်လောက်ကြလိုက်မှန်းမသိ လူတွေက တက်ခွင့်တောင်းတော့ မျက်ရည်တွေကို ကဗျာကရာထိမ်း။ လာကြလို့ ပြောလိုက်တော့ လူတွေ ငိုသံတွေအစုံနှင့် ကျောင်းပေါ်ကို တက်လာကြပြီး ဆရာတော်ရှေ့မှာ ငိုလိုက်ကြတာဘုရား။

အဲဒီဲအခါ ခံနိုင်ရည်စွမ်း တပည့်တော်ထံ မရှိခဲ့ပါဘူး ဘုရာ။ တခြားကိုယ်တော်တွေက ခံနိုင်ရည်ရှိပေမယ့် ဆရာတော် တပည့်က မျက်ရည်တွေကို လူတွေ ကြားထဲမှာတောင် ထိမ်းလို့မရခဲ့ပါဘူး။

အဲဒီ အချိန်မှာပဲ ဒကာတစ်ယောက်က စာရေးသူ အနားလာပြီး ဆရာတော်လက်ထဲမှာ စာလေးတစ်စောင်ရှိတယ်။ ဆရာတော်က စာရေးသူ မရောက်သေးပဲ ပျံလွန်တော်မူသွားခဲ့ရင် စာရေးသူ လာရင်ပေးလိုက်ပါ လို့ပြောခဲ့တယ် လို့ လာပြောတယ်။

ဖတ်ကြည့်လိုက်တော့ ဘယ်လိုမှ မျက်ရည်တွေကို လူတွေကြား မထိမ်းနိုင်ခဲ့တော့ပါဘူး။ ဆရာတော်၏ ကိုယ်ပေါ်ကို ခေါင်းစိုက်ပြီး အားရပါးရ ငိုခဲ့ရပါပြန်ပါတယ် ဘုရား။

"တပည့် မမိုက်ပါနဲ့။ မထောင်လွားပါနဲ့။ မပါးလွားပါနဲ့။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံပါ။ ရည်ရွယ်ချက်တွေကို ချမပြစ်ပါနဲ့။ ရဟန်း ဘဝနဲ့ တစ်သတ်လုံးနေပါ။ ဒကာ ဒကာမတွေကို မှန်ကန်သော အသိတရားတွေ ပညာတွေ ရရှိအောင် ဆုံးမပေးပါ။ မင်း ကို ငါစောင့်ရှောက်ခဲ့သလို့ မင်းအရွယ်ရောက်လို့ ပညာတွေ ပြီးဆုံးတဲ့ အခါ ကလေးတွေကို သာသနဘောင်မှာ မွေ့လျှောအောင် ကြိုးစားပြီး မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးပါ။ ငွေနောက်ကို မလိုက်ပဲ မေတ္တာနဲ့ သစ္စာတရားကို အရင်းတည်းတားပါ။ အထူးသဖြင့် ငါမလုပ်နိုင်ခဲ့တဲ့ မိဘမဲ့ကလေးတွေကို ကျောင်းမှာ ခေါ်ပြီး စာသင်ပေးခြင်း၊ လိုအပ်တာတွေကို ဖြည့်ပေးပြီး ကလေးတွေ ရဲ့ အနာဂါတ်ကို လှပလာအောင် ဆောင်ရွက်ပေးပါ"

ငါကို ကြာကြာမထားနဲ့ စည်းစည်းကားကားမလုပ်နဲ့ ။ ငါကိုအကြောင်းပြုပြီးတော့ စီးပွားရေး လုပ်မည့်သူတွေကို တားပေးပါ။ ဒါဆိုရပြီး တပည့် တဲ့ ....

ပျံလွန်တော်မူသွား တာတောင် အရှင့်ကို ဆုံးမသွားခဲ့တဲ့ ဆရာတော်။ ဘယ်လိုဖြေရပါမလည်း။ ဆရာတော် ရုပ်ကလပ်နားက မခွာပဲ အမြဲတန်း လူတွေနဲ အပြိုင်ငိုနေတာကိုလည်း ဆရာတော် သဘောကြမှာ မဟုတ်ဘူး ဆိုတာသိပါတယ်။

အသက်ကို တောင်မမီလိုက်တဲ့ တပည့်ကို ဒီအခွင့်အရေးလေး တစ်ခုတော့ပေးပါဘုရား။ ဆရာတော်ကို ကြည်ညိုလွန်းအား လေးစားလွန်းအားကြီးလို့ သံဃာတွေက တားနေသည့်ကြားမှ ငိုခဲ့ရပါတယ်။

တပည့် အပေါ်မှာ မပျံလွန်တော်မူစဉ်ကလည်း ကောင်းခဲ့ ပျံလွန်တော်မူသွားသောအခါ၌လည်း ကောင်းခဲ့သော ဆရာတော်၏ အသက်ကို ဘာကြောင့်များ မမီလိုက်ပါသလဲ ဘုရား တပည့် တစ်သက်လုံး ဘယ်လိုဖြေပြီး ဘယ်လိုအစားထိုးရပါမလဲ၊

ဆရာတော်ကို မီးသင်္ဂြိုလ်ကြတော့ တပည့်နောက်တခါ ခံနိုင်ရည်မရှိခဲ့ပါဘူး။ လူအများကြားမှာ တောင် ဟန်ဆောင်အပြုံးတွေ မပြုံးနိုင်ခဲ့ပါဘူး ဘုရား။

ဆရာတော်ရဲ့ မီးခိုးတွေကို ကြည့်ပြီး တပည့်နောက်ဆုံးအကြိမ် မျက်ရည်မိုးနှင့်တကွ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုး ကန်တော့လိုက်ပါတယ်။

ဆရာတော်မရှိသော ကျောင်းမှာ တပည့် နေရခက်ခဲ့ ပါသည်ဘုရား။ တပည့် တနေရာက နေပြန်လာတိုင်း မေးခွန်းတွေ မေးပြီး မှားတာကို မှန်အောင် ဆုံးမခဲ့သောဆရာ၊ ခုဆို တပည့် ပြန်တိုင်း ဆရာတော်ကို မတွေ့ရ တာ " ၄ "နှစ်ကျော်ခဲ့ပါပြီး။

ဆရာတော် ကိုယ်တိုင် နေပူမရှောင် မိုးရွာမရှောင် ပြုစုပြိုးထောင်ခဲ့တဲ့ ပန်းကလေး ခုဆို လောကရဲ့ အလယ်မှာ တင့်တင့် တယ်တယ် ဖြစ်နေစပြု နေပါပြီးဘုရား။ နိုင်ငံခြားကို သွားခါနီး လေယာဉ်တက် တုန်းကလည်း တပည့် တစ်ညလုံးငိုခဲ့ရပါတယ် ။

နိုင်ငံခြားက ပြန်လာတော့လည်း ဆရာတော်ထံကိုပြေး တပည့်၏ အောင်မြင်မှု့တွေကို အားရပါးရ ပြောပြချင်ပေမယ့် တပည့်တော်မှာလေ အဲဒီ အခွင့်အရေးတွေ မရှိတော့ဘူးဘုရား။

ကျောင်းထဲကို တစ်ပါးတည်း ၀င်သွား ဆရာတော် သီးတင်းသုံးခဲ့တဲ့ နေရာလေးကို ကြည့်ပြီး အကြိမ်ကြိမ် ငိုခဲ့ရပါတယ်။ ဒီလိုမျိုး ငိုနေတာကိုလည်း ဆရာတော်ကြိုက်မှာ မဟုတ်ပါဘူး ဆိုတာ သိပါတယ်။

ကျေးဇူးတော်ရှင် ဆရာတော်ရဲ့ အသက်ကိုတောင် မမှီလိုက်ရတဲ့ ပုထုဇဉ်ရဟန်းငယ်၏ ခံစားချက်ကို နားလည်းပေးပါဘုရား။ တပည့် မှတ်မိတာ နောက်တစ်ခုရှိ သေးတယ်။ ကျောင်းကို လာသမျှသော ဒကာတွေ ရှေ့မှာ ငါ့တပည့်က တစ်နေ့ ပြည်တွင်း ပြင်ပမှာ တကယ့်ရဟန်း အကျော်အမော် တစ်ပါး ဖြစ်လာမှာ။

နောက်ပိုင်း ငါ့တပည့်ကို မှီပြီး နိုင်ငံခြားတွေ ကို ဘုရားဖူးသွား ရတော့မယ် ဆိုပြီး လူအများရှေ့မှာ တပည့်ကို ချီးကျုးမှု့တွေ အကြိမ်ကြိမ်လုပ်ခဲ့ ပြောခဲ့တာတွေ ။ ခု ဆရာစကားတွေက မှန်နေပါပြီး။ ဒါပေမယ့် ဒီလိုဖြစ်လာချိန်မှာတော့ ကျေးဇူးရှင် ဆရာတော်က ရှိမနေခဲ့တော့ဘူး။

ဆရာတော် ဖူးချင်သော နိုင်ငံခြားမှာ ရှိသော ဘုရားများကိုလည်း တပည့် တစ်ပါးလုံး နိုင်ငံခြား မှာ ရှိနေပါလျက် ဖူးခွင့် မရလိုက်နိုင်တဲ့ ဆရာတော်။

နားလည်းပါတယ် ဘုရား လူတိုင်းတနေ့ သေကြမယ်။ ကိုယ်ချစ်တဲ့ သူ ၊ မုန်းတဲ့သူတွေနဲ့ ကွေကွင်းရမယ် ဆိုတာကို သိပါတယ်ဆရာတော်။

ဒါပေမယ့် ဒီသေမင်းတမာန် က ရက်စက်နိုင် လွန်းအားကြီးပါတယ်။ ဆရာတော်နှင့် တပည့်ကြားကို ရုတ်တရက်ကြီး ဘာကြောင့်များ ဓါးထက်ထက်နှင့် တစ်ချက်တည်း ခုတ်ဖြတ် လိုက်တာလည်း ဘုရား။

ခုလည်း တပည့် ရွာပြန်တိုင်း ရွာသူရွာသားတွေက တပည့်ကို ဆရာတော်ရှိစဉ်ကအတိုင်း ကြိုကြပါတယ်။ စောင့်ရှောက်ကြပါတယ်။ ဒါပေမယ့် တပည့် ကျောင်းကိုရောက်တဲ့ အခါ ကျောင်းရဲ့ သုံးထစ်မြောက်လှေကားကို မြင်လိုက်တိုင်း တပည့်တော်ကိုယ် တပည့် ရင်နာလို မဆုံးပါဘူးဘုရား။

တပည့် ရဟန်းတစ်ပါး ဖြစ်နေပါလျက် သတိကို ခုချိန်ထိ မထိမ်းနိုင်ခဲ့ပါဘူးဘုရား။ ဆရာတော် နှင့် ပါတ်သတ်လို့ ယခုအချိန် အထိပါဘုရား

ရွာသူ ရွာသားတွေ က တပည့်ပြန်လာတိုင်း ကျောင်းကိုပြန်လာပြီး ဆရာတော်ကို အောင်းမေ့လို ငိုကြတယ်။ တပည့် ပရိတ်သက်ကို ဖြစ်ပျက်အကြောင်းကို တရားတွေပြပြီး ပြန်ပြန်လွတ်ပါတယ်။

နားချိန်ရောက်လို့ အခန်းထဲ ရောက်တော့ တပည့် ကိုယ်တိုင်လေ ဘယ်လိုမှမထိမ်းနိုင်ခဲ့ဘူးဘုရား။ ဟန်မဆောင်နိုင်တော့ဘူးဘုရား အသံမထွက်အောင် အားရပါးရ ငိုကြွေးနေခဲ့ရတာ ယခုအထိပါ။

မြင်စေချင်ပါသည်။ ကြားစေချင်ပါသည်။ သိစေချင်ပါသည်။ ဆရာတော် စိုက်ခဲ့တဲ့ ပန်းပင်ကလေး မသန်ခင်မှာ ပန်းသခင်က အရင်ဦးပေမယ့် ပန်းပင်ငယ်လေး ကိုယ်တိုင် မနွမ်းအောင် မကြွေအောင် လေဒဏ် မိုးဒဏ်တွေ ကြားထည်းမှာ ကိုယ်ဘာသာကို ကြိုးစားပြီး ကျေးဇူးတော်ရှင် ဆရာတော် မိန့်ကြားချက်အတိုင်း ရပ်တည်နေခဲ့တာကို တဘဝရောက် ဆရာတော်သာ သိခဲ့ပါလျင် တပည့်ချစ်သော ဆရာသည်လည်း ................

မိမိ ဘဝ ဖြစ်ရပ်မှန် ကိုယ်ပိုင် ခံစားချက်ကို စာအဖြစ် ပြောင်းလဲကာ တင်ဆက်လိုက်ပါတယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

မောင်ငြိမ်းချမ်းလေ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP