* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, January 24, 2011

သီတဂူ အလင်းရောင်အလှူ

ကြမ်းတမ်းသော လမ်း ဆိုက်ကားဖြင့် ကြွပုံ

လူနာများအား အားပေးစကားပြောနေစဉ်
စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်

ဆရာတော်ကြီးက လူနာအား အားပေးစကားပြောနေစဉ်
မျက်စိဝေဒနာရှင်များ စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေကြစဉ်
သီတဂူဒေါက်တာ ဒေါ်မိမိခင် မျက်စိစမ်းသပ်နေစဉ်
ဆရာတော်ကြီးက လူနာအား မေတ္တာပို့ပေးနေစဉ်

Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင်လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနားသော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။

၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။
လူနာများ
စမ်းသပ်လူနာ- အယောက် ၁၀၀၀ ကျော်
ခွဲစိတ်လူနာ-၂၈၃ ယောက်
ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

၂၅-၁-၂၀၁၁

Read more...

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ဒဏ္ဍ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ် (၁၀)

ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်၏ ဆောင်းပါးများကို ပြတ်တောင်း ပြတ်တောင်းနှင့် ဆက်ရေးနေဖြစ်ပါ သည်။ အကြောင်းမှာ ကိုရီးယား ဘာသာစကား လေ့လာမှု စာမေးပွဲဖြေရန်ကိစ္စ ရှိနေသောကြောင့် ဖြစ်ပါသည်။ ပါပ၀ဂ်၏ နောက်တွင် ဒဏ္ဍ၀ဂ်ကို ဖေါ်ပြထားပါသည်။ ပါပသည် ဒဏ္ဍအတွက် အကြောင်းတရားဖြစ်ပြီး ဒဏ္ဍသည် အကျိုးဆက်ဖြစ်သောကြောင့် လောဟု အတွေးဝင်မိပါသည်။ မည်သို့ပင် ရှိစေကာမူ စီစဉ်ထားကြသူ သင်္ဂါယနာတင် မထေရ်မြတ်တို့ကမူ အကြောင်းအကျိုးကို ဆင်ခြင်ပြီးမှ ဆောင်ရွက်ထား ကြမည်ကိုကားသိသာ ထင်ရှားလှပါသည်။

ဒဏ္ဍဟု ဖတ်လိုက်ရသည်နှင့် ဒုတ်ဟူသောစကားလုံးနှင့် ဒဏ်ဟူသော အသံကို စိတ်တွင် ဖြတ်က နဲထင် လာပါသည်။ ငယ်စဉ်က ဆရာများ၏ ရိုက်နှက်ဆုံးမသော ဒုတ်သံနှင့် အပြစ်ဒဏ်ပေးသံတို့သည် နားနှင့် မျက်စိတွင် အသစ်ပြန် ဖြစ်လာရပါသည်။ သိစေချင် တတ်စေချင်သော စေတနာကို သာသနာမှာ ဒုတ်စောင့်တယ် ဟူသော ပြောကြားချက်ဖြင့် ဆရာသမားများက မိမိတို့တတွေကို ဒုတ်ကိုင်ပြီး လမ်းကြောင်း ပေါ်သို့ တင်ပေးခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ဒဏ်စနစ်နှင့် ဒုတ်စနစ်သည် ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာခဲ့သော်လည်း သူ့နည်းသူ့ဟန်နှင့်တော့ အသုံးပြုနေဆဲ ဖြစ်ပါသည်။ ကိုရင်များကို အပြစ်ကျူးလွန်သော အခါတွင် ဒဏ်ပေးသည့် စနစ်ကို ကျင့်သုံးပါသည်။ စာရေးသူကမူ ဒဏ်ပေး မှုနှင့် ဆုချီးမြင့်မှုကို အချိုးညီညီ ဖြစ်စေချင်ပါသည်။ ဒုတ်ဖြင့်ရိုက်သည့် အမှုကို လုံးဝ မနှစ်သက်ပါ။ သို့သော် တစ်ချိန်က စာရေးသူသည်လည်း ဒုတ်ဖြင့်ရိုက်ပြီး တပည့်များကို ဆုံးမခဲ့ဖူးပါသည်။ ယခု ထိုစနစ်ကို အပြစ် မြင်ပြီး စွန့်လွှတ်ခဲ့သည်မှာ (၂၁) နှစ်ပင် ကြာမြင့်ခဲ့ပါပြီ။ တပည့်များကိုလည်း ဤနေရာမှ လွန်တာရှိခဲ့ပါက ကျေအေးစေကြောင်း တောင်းပန်အပ်ပါသည်။ ရှေးအခါကလည်း အိန္ဒိပြည်တွင် ဒဏ်စနစ် ရှိခဲ့သည်ဟု စာပေ မှတ်တမ်းများက ဖေါ်ပြပါသည်။ ယနေ့ခေတ် အထိရှိနေသော ဘုရားအလောင်း၏ ခက်ခဲသော အကျင့်ကို ကျင့်တော်မူခဲ့ရာ ဥရုဝေဠတောအုပ်သည် ဒဏ်စနစ်နှင့် ဆက်စပ်နေခဲ့သည်။ ရှေးအခါ ရသေ့များသည် တရားကျင့်ရာတွင် အကုသိုလ်စိတ် ဖြစ်ပေါ်လာခဲ့ပါက မည်သူမဆို သဲကို နည်းနည်းချင်း ပုံခဲ့ကြရသည်ဟု ဆိုပါသည်။ ဤကဲ့သို့ သဲများကို ပုံခဲ့သည့် အချိန်နှင့် အကြိမ်များလာခဲ့သဖြင့် သဲပုံအစု၊ သဲပုံထုကြီး ဖြစ်လာခဲ့ပါသည်။ ဤသည်ကိုပင် ရည်ရွယ်ပြီး ဥရုဝေဠတော (သဲစုပုံသည့်တော) အမည် တွင်ခဲ့သည်ဟု ဆိုပါသည်။ တရားကျင့်သောသူများပင် အကုသိုလ်စိတ်များ သို့ကလောက်ပင် ဖြစ်ခဲ့သဖြင့် သဲပုံကြီး ဖြစ်ပေါ်ခဲ့ပေရာ စိတ်ကို လွှတ်ထားသော သူသူငါငါ လူထုကြီး အတွက်မှာမူ အဘယ်မှာလျှင် ဆိုဖွယ် ရှိတော့ပါ အံ့နည်း။ မြင့်မိုရ်ထက်မြင့်သော သဲပုံကြီးကိုပင် တည်ဆောက်နိုင်ပေရာသည်။

ဤဒဏ္ဍ၀ဂ်လာ ဒဏ်သည်လည်း အကုသိုလ်ကြောင့် ရရှိလာမည့် မကောင်းကျိုးကို ဖေါ်ညွှန်း နေပါသည်။ ဒဏ်ကို လူတိုင်းကြောက်ကြသည်ဟု ပြောဆိုပါက သေသေချာချာ စဉ်းစားကြည့်သော လူတိုင်း သည် လက်ခံနိုင်ကြမည် မဟုတ်ပေ။ မကြောက်သူများလည်း ရှားရှားပါးပါး ရှိနိုင်သည်သာဟု ဆင်ခြေ ပေးကြပါမည်။ အနန္တသူရိယအမတ်ကြီး တို့ကဲ့သို့သော အမျက်ဖြေလင်္ကာကြီးကို သီကုံးခဲ့သူတို့အဖို့ သေဒဏ်ကို စဉ်းစားနေမည် မဟုတ်ပေ။ လွတ်လပ်ရေး၏ အရသာကို ခံစားမသွာခဲ့ရဘဲ တိုင်းပြည်အတွက် သက်စွန့် သွားခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော ထူးခြားသော စွမ်းဆောင်သူတစ်ချို့က အကြောက်တရား အတွက် အသက်ရှင်နေသူများ မဟုတ်ခဲ့ကြသဖြင့် အမှန်တရားအတွက် အကြောက်ကို ပမာမခန့် ရှိနိုင်ပေသည်။ သူတို့သေရမှာ မကြောက်ကြခြင်းမှာ တိုင်းပြည်အတွက် ကရုဏာ လွန်ကဲခြင်းနှင့် သတိနှင့်ပညာ အားကြီးခြင်းကြောင့်ဟု စာရေးသူက ယူဆပါသည်။

သို့သော် ဤနေရာတွင် လူတိုင်းဒဏ်ကို ကြောက်သည်ဟု မြတ်ဗုဒ္ဓက မိန့်တော်မူချက်သည် သဒ္ဒါရေး အနေဖြင့်သာ မှန်သော်လည်း ထွက်ပေါ်လာသော အနက်အဓိပ္ပါယ်အရမူ မမှန်ပေ။ ဤသည်ကို စာပေက သာဝသေ စကားဟု ဆိုပါသည်။ နိရ၀သေသစကားမျိုးကို ဟောတော်မူရာ နေရာတွင်သာ သဒ္ဒါနှင့် အနက် နှစ်ချက် ပြည့်ပြည့်စုံစုံကို မှတ်ယူရပေမည်။ ဘုရားအလိုတော်ကို ဖေါ်ညွှန်းရသော အဋ္ဌကထာဆရာက ဤနေရာတွင် ရဟန္တာနှင့် သက္ကာယဒိဋ္ဌိ အားကြီးကြသော ဆင်၊ မြင်း နှင့် နွားအာဇာနည်များသည် သေရမှာ မကြောက်ပါဟု ဖွင့်ဆိုပြပါသည်။ အကြောင်းပြချက်မှာ ရဟန္တာအနေဖြင့်မူ စွဲလမ်းမှုကင်းပြီးဖြစ်လေရကား သေရမှာမကြောက်၊ ဆင်မြင်းစသား သတ္တ၀ါမျာမှာမူ သက္ကာယအားကြီသောကြောင့် သေမည့်အရေးမလန့် သည့် အမျိုးအစားများ ဖြစ်သည်ဟု ရှင်းပြပါသည်။ လူအများသည် ကိုယ့်အသက်ကို မြတ်နိုးကြသည်ဟု ပြောဆိုသည့် ဒုတိယ၀တ္ထု ၏ ဂါထာတွင်လည်း ရဟန္တာများကို ခြွင်းချက်အနေဖြင့် ထားပြီးနားလည် ပေးကြရပေမည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြင်နာခြင်း (ဤနေရာတွင် လောဘကို ဆိုလိုပါသည်) များသည် ရဟန္တာများ၏ အဘိဓာန်တွင် မရှိသော ဝေါဟာရ များသာ ဖြစ်သဖြင့် အချိန်ကုန်ခံပြီး မရှာဖွေသင့်ပေ။

သူတစ်ပါးကို ဒဏ်ပေးခြင်းဖြင့် ဒုက္ခရောက်စေသူသည် ဒဏ်ပေးသည့်နေရာတွင် စေတနာကောင်းနှင့် ဥာဏ်သစ် မလောင်းထည့်ပါက နောင်ဘ၀တွင် လူချမ်းသာ၊ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာ ဟူသော သုံးမျိုး သော ကောင်းကျိုးကိုရမည့် အကြောင်း လုံးဝ မရှိပေ။ ဒဏ်ပေးသူများအတွက် တတိယ၀တ္ထု ၏ လမ်းညွှန်ချက် ဖြစ်ပါသည်။ စတုတ္ထ၀တ္ထု ကမူ သူတစ်ပါးကို ဒဏ်ပေးသည့် အဆင့်ကိုပင် မဆိုထားဘိဦး ပြောသည့် စကားကိုပင် ချိုသာစွာ ပြောသင့်ကြောင်း နည်းလမ်းကို ပြပေးပါသည်။ မုသာဝါဒ သိက္ခာပုဒ်ကို ဆောက်တည် သောအခါ ပြည့်ပြည့်စုံစုံ ဆောက်တည်လိုသူအဖို့ မုသားစကားမှ ရှောင်ကြဉ်ရုံမျှမြင့် မလုံလောက်ပေ။ ပြောသည့် စကားတွင်လည်း ချိုသာရမည်ဖြစ်သလို၊ စကားလုံးတိုင်းတွင်လည်း မေတ္တာထည့်ပေး ရလေသည်။ ထိုမျှသာ မပြီးသေး ပြောစကားသည် ညီညွတ်ရေးကိုလည်း ရှေးရှုသည့် ငြိမ်းချမ်းရေးလေသံ ပါရပေသည်။ အသံလွှင့် လုပ်ငန်းနှင့် စာနယ်ဇင်းလုပ်ငန်းကို ဆောင်ရွက်သူများအားလုံး မုသာဝါဒ သိက္ခာပုဒ်၏ ကျယ်ဝန်းသော အနက်ကို လေ့လာထိုက်ပေသည်။ ထိုသို့ ပြောဆိုသောသူ၏ စောင့်စည်းမှုသည်သာ မုသာဝါဒသိက္ခာပုဒ်၏ ပြည့်စုံသော အနက်ကိုဖေါ်ဆောင်လေသည်။ အမှန်တကယ်မှာမူ မုသာဝါဒကင်းသော ကမ္ဘာကြီးသည်သာ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အာမခံချက် ရှိသည်သာဖြစ်သည်။ ပဉ္စမ၀တ္ထု တွင် ဇရာနှင့် မစ္စု၏ လက်တွင်ရှိနေကြသော လူသားများသည် ဒဏ်သားများပင် ဖြစ်နေကြရာ အချိန်တန်လျှင် မိမိတို့၏အမြဲနေရာ အပါယ်လေးဘုံသို့ ရောက်ဖွယ်များကြပါသည်။ ထိုသို့မဖြစ်စေရန် အပါယ်ဘုံသို့ ဦးတည်ပေးသော မုသားကို လင်္ကာမချောဟုဆိုပြီး ထပ်တလဲလဲ သုံးစွဲနေကြပါမူ မိမိတို့၏ဘ၀ အနေအထား လည်း ချောနိုင်ပါမည်လော။ ကိုယ်တိုင် မေးခွန်းထုတ်ပြီး ကိုယ်တိုင် စာမေးပွဲစစ်ကြရပေမည်။ သဘာဝ စာစစ်ချုပ်ကြီးကမူ အမှတ်ပေးမှုကို လာဘ်ယူပြီး (မဟုတ်မှန်သော အမှတ်ကောင်းများ၊ အမှတ်အတုများကို) ထုတ်ပေးနေမည့် သူများ၏ လုပ်ရပ်ကို လက်ခံမည် မဟုတ်ပေ။

မသိ၍ အကုသိုလ်ပြုသူများသည်လည်း မီးကျီးခဲကို မသိ၍ ကိုင်ပါသည်ဟု ဆိုလာသူကဲ့သို့ပင် ပူကြရ မည်သာ ဖြစ်ပေသည်။ အဋ္ဌကထာဆရာကမူ မကောင်းမှုလုပ်နေသူသည် ငါမကောင်းမှုလုပ်နေတာပါလားဟု သိကို သိနေသည်ဟု ဆဋ္ဌမ၀တ္ထု ကို ပြဆိုပါသည်။ သတ္တမ၀တ္ထု ၏ဆိုလိုချက်မှာ ဒဏ်မရှိသူနှင့် မပြစ်မှား ထိုက်သူကို ခွဲခြားပြထားပါသည်။ ရဟန္တာပုဂ္ဂိုလ်များသည် ပါဏာတိပါတ အမှုမရှိသဖြင့် ဒဏ်မရှိသူဟု သိရပြီး မိမိကိုယ်တိုင်နှင့် မိမိမှတစ်ပါး သတ္တ၀ါများ အားလုံးသည် မပြစ်မှား ထိုက်သူများ ဖြစ်ကြသည်။ မိမိဆင်းရဲ ကိုပင်ဖြစ်စေ မကြံစည်ရပေ၊ သူတစ်ပါး အပေါ်တွင်မူ ဆိုဖွယ်အထူး မရှိတော့ချေ။ ထိုသို့ပြုလုပ်ပါက ဘေးရန်ဆယ်ပါးတွင် တစ်ပါးပါးက ဒုက္ခ ပေးတတ်ပေသည်။ ဘေးရန်ဆယ်ပါးကိုမူ ၁။ ဝေဒနာ ကြမ်းရခြင်း (အသေး၊အကြီးနှစ်မျိုး)၊ ၂။ ခန္ဓာကိုယ်ကြီး ကွဲအက်ခြင်း။ ၃။ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရခြင်း၊ ၄။ စိတ်များ မငြိမ်မသက် ဖြစ်ခြင်း (အရူးအဆင့်အထိ မဟုတ်)၊ ၅။ ရာထူးချခံရခြင်း၊ ၆။ သူတစ်ပါး၏ စွပ်စွဲခံရခြင်း၊ ၇၊ ဆွေးမျိုးများ ဘေးဒုက္ခရောက်ခြင်း၊ ၈။ စည်းစိမ်ပျက်ခြင်း၊ ၉။ အိမ်မီးလောင်ခံရခြင်းနှင့် ၁၀။ သေပြီးပါက ငရဲဘုံတွင် ဖြစ်ရခြင်းတို့သည် ဒဏ်ဆယ်ပါး သရုပ် ဖြစ်ပါသည်။

အဋ္ဌမ၀တ္ထု သည် ကျင့်စဉ်မှားနေသူများအတွက် သတိပေးစကားဖြစ်ပြီး န၀မ၀တ္ထု သည် သမဏ၊ ဗြာဟ္မဏ နှင့် ဘိက္ခုဆိုသည့် ဝေါဟာရကို ရှင်းလင်းပြပါသည်။ အိန္ဒိယတွင် ကျင့်စဉ်မှားကျင့်နေသူများ ရှေးခေတ်မှစ ယနေ့ခေတ်အထိ မဆုံးနိုင်အောင်ပင် ရှိနေသည်။ အသိဥာဏ်မဲ့သော လူထုကြီးလည်း များစွာ ပေါများနေရာ မည်မျှပင် အသိပေးစေကာမူ အမှောင်ထုကြီးကား မဆုံးနိုင်အောင်ပင် ဖြစ်ချေသည်။ သို့သော် ပညာရှင်တို့ကား သနားကြသဖြင့် မီးထွန်းပေးနေခဲ့သည်သာ ဖြစ်ပေသည်။ သမဏ (ရဟန်း) အစစ်မှာမူ ကိလေသာ ငြိမ်းနေသူဖြစ်ပါမှ၊ ဗြာဟ္မဏ (မြင့်မြတ်သူ) မှာလည်း မကောင်းမှု ဟူသမျှ မြူမျှမရှိသူ ဖြစ်ပါမှ စစ်မှန်သော ဗြာဟ္မဏဟု ခေါ်ရမည်ပင်။ မန္တလေးမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ဗြဟ္မဏများနှင့် ဟိန္ဒူဝါဒရှိ ဗြဟ္မဏ အမည်ခံများသည် ဤဗြာဟ္မဏ စာရင်းတွင် မပါဝင်ပေ။ ဤဗြာဟ္မဏ နှစ်ခုသည် အသံတူသော်လည်း အဓိပ္ပါယ် မတူပေ။ စကားလုံးချင်းလည်း ထပ်တူမညီကြပေ။ ယခုစာရေးသူ ရေးသားနေသော ဗြာဟ္မဏ၏ ဗြအက္ခရာတွင် ရေးချပါပြီး မြင့်မြတ်သူဟု ဘာသာပြန်ရပါသည်။ ပုဏ္ဏားဟု ဘာသာပြန်ရသော ဗြဟ္မဏတွင် ရေးချမပါပေ။ ဘိက္ခု (ရဟန်း) ဟူသည်မှာလည်း ကိလေသာကို ဖျက်ဆီးနိုင်စွမ်း ရှိသူမှသာလျှင် အနွတ္ထ အမည်နှင့် သင့်လျော် ပေမည်။ သို့မဟုတ်ပါက ရုဠီအမည်သာ ဖြစ်ပေမည်။ ယနေ့ ခေတ်ပုထုဇဉ် ရဟန်းတော်များကိုလည်း သမ္မုတိသံဃာတော်များဟု ခေါ်ဆိုပါသည်။ မည်သို့ပင်ဆိုစေကာမူ ပုထုဇဉ် ရဟန်းတော်များသည်လည်း လောဘ၊ ဒေါသ နှင့်မောဟ ဟူသော ကိလေသာများကို စွမ်းနိုင်သမျှ ပယ်ဖျက်နေကြသဖြင့် ဘိက္ခုအမည်ကို ရထိုက်ကြသည်သာ ဖြစ်သည်။ ရုဠီအမည် ဟူသည်မှာ အဖြစ်သာ ခေါ်ရသော အမည်မျိုးဖြစ်သည်။ ဥပမာ မောင်ဖြူဟု အမည်ပေးပြီး အသားမည်း နီဂရိုးကြီးကို ခေါ်ပါက ရုဠီအမည်သာ ဖြစ်ပါသည်။ မောင်ဖြူဟုသာ ခေါ်နေရသော်လည်း တကယ်ဖြူသူ မဟုတ်ပေ။ အသားမည်း နီဂရိုးကြီးကို မောင်မည်းဟု အမည်ပေးပါက အနွတ္ထအမည်ခေါ်ရပါသည်။ တကယ့်လိုက်ဖက်သည့် အမည် ဖြစ်ပေသည်။

ဒသမ၀တ္ထု သည် ဆင်းရဲကင်းလိုသူများအတွက် အကောင်းဆုံးနည်းလမ်းကို ညွှန်ပြထားပါသည်။ လောကတွင် လူတစ်ချို့သည် အကောင်းဆုံးနည်းလမ်းကို အပူတပြင်း ရှာဖွေနေကြပါသည်။ ရာနုန်းများစွာသော လူထုကြီးကမူ အိပ်မောကျလျက်ပင် ရှိနေပါသည်။ ဤဆင်းရဲကင်းရေးနည်းလမ်းသည် ရာနုန်းများစွာသော လူထုကြီးအတွက်လည်း ဖြစ်နေစေကာမူ မသိသူများဖြစ်နေသဖြင့် ကျော်သွားကြမည်သာ၊ သိကြသူ အနည်းစုကသာလျှင် လက်တွေ့ဆောင်ရွက်ကြပြီး ဖေါ်စားကြမည်သာ ဖြစ်သည်။ နည်းလမ်းမှာ မကောင်းသော အတွေးကို အရှက်တရားဖြင့် ပယ်ရှားခြင်းနှင့် (လက်တွေ့လုပ်ဖို့ မဆိုထားပါနှင့်) သတိကပ်ပြီး အမြဲပင် နိုးကြားနေသူဖြစ်ရန် လိုအပ်ခြင်းဟု ကျင့်စဉ်နှစ်မျိုးဖြစ်ပါသည်။ မကောင်းသော အတွေးကို ပယ်ရှားပါက ဟိရီပြဋ္ဌာန်းသော ကုသိုလ်စိတ်ဖြစ်ပြီး အမြဲနိုးကြားနေသူဖြစ်ပါက သတိဦးစီးသော ကုသိုလ်စိတ်များ ဖြစ်နေ ပါမည်။ လက်တွေ့ဆောင်ရွက်ကြည့်ပါက တဖြည်းဖြည်း လွယ်ကူလာသည်ကို တွေ့ရပါမည်။ ဤ၀ဂ်၏ နောက်ဆုးံဖြစ်သော တစ်ဆယ့်တစ်ခုမြောက် ၀တ္ထုကမူ ကိုရင်ချမ်းသာ (သုခသာမဏေရ) အကြောင်း ဖြစ်ပါသည်။ လိုက်နာစရာမှာ မိမိစိတ်ဓာတ်ကို အစဉ်ဖြောင့်မတ် နေစေရန်အတွက် အဆုံးအမနှင့် သြ၀ါဒများကို လွယ်ကူစွာ ထောင်တတ်သော နားကောင်းရှိပြီး ကျင့်ကြံလိုသော နှလုံးသားကောင်းရှိရန် လိုပါသည်။ နားကောင်းနှင့် နှလုံးသားကောင်းသည် အဆုံးအမကောင်းများအတွက် အဆင်သင့်လေသဖြင့် ဆင်းရဲငြိမ်း ကြောင်းအတွက် ဖြောင့်မှန်သော လမ်းကောင်းပင် ဖြစ်ပေသည်။

ဤ၀ဂ်တွင် ဂါထာပေါင်း နှစ်ဆယ်ပါဝင်ပြီး လေးဂါထာမှာ ကြားညှပ် ဂါထာများဖြစ်သည်။ တစ်ဆယ့် ခြောက်ဂါထာမှာ အဖွင့်ဂါထာများ ဖြစ်ပါသည်။ ထိုအဖွင့်ဂါထာ တစ်ဆယ့်ခြောက်ဂါထာတို့တွင် သုံးဂါထာမှာ အပ္ပမာဒ၀ဂ်တွင် အဋ္ဌကထာဆရာကိုယ်တိုင် သာဓကပြသုံးစွဲခဲ့ဖူးသည်ကို တွေ့ရပါသည်။ သို့သော် ထိုအပ္ပမာဒ၀ဂ်တွင်မူ ယင်းသုံးဂါထာကို ဖွင့်ဆိုမှု မပြုခဲ့ပေ။ ယခု ဒဏ္ဍ၀ဂ်ရောက်ခါမှ ယောဒဏ္ဍေန အဒဏ္ဍေသု စသည့် ဂါထာသုံးပုဒ်တို့ကို ဖွင့်ပြထားသည်ကို တွေ့ရပါသည်။ ဇာတ်လမ်းအနေဖြင့် တစ်ဆယ့်တစ်ခုပါဝင်ရာ ရဟန်းတော်များနှင့်စပ်ပြီး ခြောက်ဝတ္ထု၊ ရှင်သာမဏေ၀တ္ထုတစ်ခု၊ မင်းသားအကြောင်း ၀တ္ထုတစ်ခု၊ အမတ်ကြီးအကြောင်း ၀တ္ထုတစ်ခု၊ ဥပုသ်စောင့်သုံးသူ တစ်ဦးအကြောင်း တစ်ဝတ္ထု နှင့် ပြိတ္တာအကြောင်း တစ်ခုအားဖြင့် တစ်ဆယ့်တစ်ခု ဖြစ်ပါသည်။

ရဟန်းတော်နှင့်စပ်သည့် ခြောက်ဝတ္ထုတွင် ဆဗ္ဗီရဟန်းတော်များအကြောင်းနှစ်ခုပါဝင်ရာ နှစ်ခုလုံး အနိုင်လု၍ နေရာယူမှုနှင့် သူတစ်ပါးကို ပုတ်ခတ်စော်ကားမှုတို့ ဖြစ်ပါသည်။ သူတို့၏ အပြုအမူကြောင့် ၀ိနည်းသိက္ခာပုဒ်ကို ပညတ်ခဲ့ရသော်လည်း သူတို့သည် မကောင်းမှုကို ကုစားခဲ့သည်ကို မတွေ့ရပါချေ၊ သို့အတွက်ကြောင့်ပင် ဘုရားရှင်က တရားဟောသော်လည်း တရားတော်၏အဆုံး၌ တရားထူးရခဲ့သည့် အဋ္ဌကထာဆရာ၏ မှတ်တမ်းကို မတွေ့ရချေ။

အရှင်ကောဏ္ဍဓာန၏အကြောင်းကိုဖေါ်ပြရာတွင် သူတစ်ပါး၏ ညီညွတ်မှုကို ဖျက်ဆီးခဲ့သော မကောင်း မှုကံကြောင့် ဤဘ၀သို့ ၀ိပါက်ကြမ္မာလိုက်လာပုံကို ဖေါ်ပြထားပါသည်။ ဒေသနာတော်၏ အဆုံးတွင်မူ ရဟန်းတော်သည် ရဟန္တာတစ်ပါး ဖြစ်လာခဲ့ပါသည်။ အရှင်မောဂ္ဂလာန်မထေရ်၏ အကြောင်းကို ဖေါ်ပြရာတွင်လည်း ၀ိပါက်ကြမ္မာ မပြေးသာခဲ့ပုံကိုပင် ဖေါ်ပြထားပြန်ပါသည်။ ရှေးအခါကမူ ဤမထေရ်၏ အလောင်းလျာသည် ဇနီးမယား၏ စကားဖြင့် မိဖတို့ကို ခိုးသားဓားပြ အယောင်ဆောင်ပြီး ကိုယ်တိုင်နှိက်စက်ခဲ့သူဖြစ်ခဲ့ပါသည်။ ဤဘ၀တွင်မူ တန်ခိုးကြီးခဲ့သည့် မထေရ်တစ်ပါးဖြစ်ခဲ့သော်လည်း ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံခဲ့ရပါသည်။ သူ၏ ကြီးသောတန်ခိုးသည်ပင် သူ၏ အကုသိုလ်ကံ အကျိုးပေးအပေါ်တွင် အနိုင်ယူနိုင်စွမ်း မရှိခဲ့သည်ကို တွေ့ရပါသည်။ ကံပျက်လာသော် ပျက်သည့်ကံကို ကောင်းလာအောင် ပြင်ရန်မဆိုထားနှင့် ရပ်တန့်သွားအောင် ဘုရားရှင်သည်ပင် မစွမ်းနိုင်အောင်ဟု အဋ္ဌကထာဆရာက သီလက္ခန်အဋ္ဌကတာ ဗြဟ္မဇာလသုတ်အဖွင့်တွင် မှတ်ချက်ပြုထားသည်ကို တွေ့ရပါသည်။ သာမန်လူသားများ အတွက်မူကား ခဲယဉ်းမည်မှာ ဧကန်သာတည်း။

ရိက္ခာစုဆောင်းသောရဟန်း၏ အကြောင်းတွင်လည်း ပစ္စည်းများကို သိုလှောင်ပြီး သာသနာ့အရိပ်တွင် ဇိမ်ခံအိပ်သော ရဟန်းအား ခြိုးခြံခြွေတာ အပ္ပိစ္ဆတာဂုဏ်၏ ကျေးဇူးကိုရှင်းပြပြီး တရားဟောတော်မူ ခဲ့ပါသော်လည်း တရား၏အဆုံးတွင် ကျွတ်တန်း မ၀င်နိုင်သည်ကို တွေ့ရပါသည်။ ရဟန်းတော်များ ၀တ္ထုများ၏ ခြောက်ခုမြောက်တွင်မူ ရဟန္တာဖြစ်သွားသော ရဟန်းတော်တစ်ပါး၏ အကြာင်းကို ဖေါ်ပြထားပါသည်။ ဆရာကောင်း တွေ့သွားသဖြင့် တရားထူး ရသွားခဲ့ခြင်း ဖြစ်ပါသည်။ ပိလောတိကတိဿဝတ္ထုတွင်မူ ပုဆိုးနွမ်းလေးက တရားပြသဖြင့် တရား ရသွားသော အရှင်အာနန္ဒာ၏ တပည့်ရဟန်းငယ် အကြောင်းကို ဖေါ်ပြထားပါသည်။ ထို့နောက် သာမဏေ၀တ္ထုကိုလည်း တွေ့ရပါသည်။ ထိုသာမဏေသည်လည်း ရှေးကုသိုလ်ကောင်းမှုကြောင့် ယခုဘ၀တွင် ချမ်းသာသူဖြစ်ခဲ့ပါသည်။

မိမိချမ်းသားကို လိုချင်သူသည် သူတပါး၏ ချမ်းသာကို ဖြစ်စေရသည်ဟူသော ဥပဒေသကို မင်းသားလေးများ၏ ၀တ္ထုတွင် တွေ့ရပါသည်။ စာရေးသူ သီရိလင်္ကာနိုင်ငံတွင်နေခဲ့စဉ်က စာရေးသူ၏ ဘ၀တွင် ပထမဦးဆုံးမြင်တွေ့ခဲ့ရဖူးသော ကြီးမားသောဖွတ်ကြီး တစ်ကာင်ကို သီဟိုဠ်ကလေးငယ်များက ညှင်းဆဲနေပုံကို သတိရမိပါသည်။ သူတို့သည်လည်း အပျော်သဘောဖြင့် ထိုသတ္တ၀ါကြီးကို ဒုတ်များဖြင့် ရိုက်နေခဲ့ကြပါသည်။

ဥပုသ်စောင့်သောအမျိုးသမီးများ၏ ၀တ္ထုတွင်မူ ၀ိသာခါကျောင်းအစ်မ၏ အင်တာဗျူးကို တွေ့ရပြီး ဘုရားရှင်ထံ သတင်းပို့ပုံကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ ဥပုသ်စောင့်သူများတွင် အမျိုးသမီးကြီး များက နတ်ပြည်သို့ သွားချင်ကြသည်။ အရွယ်အလတ်များက လင်၏အနှိက်စက်ခံဘ၀မှ လွတ်မြောက် လိုကြသည်။ အိမ်ထောင်ပြုခါစအမျိုးသမီးများက ပထဦးဆုံး သားဦးကလေးကို ရလိုကြသည်။ အပျိုကလေး များက ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုလိုကြသည်ဟု အဖြေထွက်ပါသည်။ ဤ၀တ္ထုတွင် ရှေးခေတ် အိန္ဒိယနိုင်ငံ၏ အမျိုးသမီးများဘ၀ မလွတ်လပ်ပုံနှင့် ငယ်ငယ်ရွယ်ရွယ် လက်ထပ်သည့် အလေ့အထ သားကိုဦးစားပေးသည့် စနစ်များကို ဖေါ်ပြနေပါသည်။ ယနေ့ခေတ်တွင်လည်း ဤစနစ်သည် ရှိနေသေး သည်သာ ဖြစ်သည်။ မြတ်စွာဘုရားသခင်ကမူ ဇာတိ၏ ကြောက်စရာကောင်းပုံကို သိသင့်သည်ဟု မှတ်ချက်ပြုပါသည်။

သည်းခံနိုင်လွန်းသော သူဋ္ဌေးအပေါ်တွင် ပြစ်မှားခဲ့သော သူတစ်ဦး၏ ဘ၀ကူးဆိုးရွားသွားခဲ့ရပုံကို ပြတ္တာဝတ္ထုတွင် ဖေါ်ပြထားပါသည်။ သူဋ္ဌေးသည် မိမိအပေါ်နှင့် မိမိ၏ လှူဒါန်းထားခဲ့သော ပစ္စည်းများပေါ်တွင် ခုနှစ်ကြီမ်စီ လယ်ယာမြေများကို ဖျက်ဆီး၊ နွားခြံမှ နွားများကို ခိုးယူ၊ အိမ်ကိုလည်းမီးရှို့၊ ဘုရားကျောင်းတော်ကို လည်းဖျက်ဆီးခဲ့သော လူရမ်းကားအပေါ်တွင် ပြုသမျှကုသိုလ်၏ အကျိုးကို ကျေးဇူးတင်သည့်မျက်လုံးဖြင့် အမျှပေးဝေနိုင်ခဲ့သည်မှာကား ထူးခြားလှပေသည်။ ဤခေတ်တွင်လည်း ပြိတ္တာ၏ မျိုးဆက်သစ်များကို တွေ့မြင် နေရပါသည်။ အတင်းအဓမ္မ ရွေ့ပြောင်းခိုင်းနေသော လူများသည်လည်း ဤလမ်းအတိုင်း လိုက်ရဖွယ် ရှိပေသည်။ အမတ်ကြီး၏၀တ္ထုတွင်လည်း ရဟန္တာဖြစ်သွားပုံကို ဖေါ်ပြထားပါသည်။ ဤသည်ကိုထောက်ဆပါက လူဝတ်ကြောင်လည်း ရဟန္တာဖြစ်နိုင်သည်သာ။ သို့သော် ရေရှည်ထိန်းနိုင်စွမ်းမရှိပါ။ အ၀တ်ပြောင်းပြီး ရဟန်းဝတ်ပါမူ ရဟန္တာအဖြစ် ရှည်ကြာစွာ ရနိုင်ပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ ဒဏ္ဍ၀ဂ်

၂။ သီလက္ခန္ဓပါဠိတော် ဗြဟ္မဇာလသုတ်၊

၃။ ၀ိနည်းမဟာဝါ၊ မဟာခန္ဓက၀ဂ်အဋ္ဌကထာ နှင့် ၄။ ၀ိနည်းပါစိတ်ပါဠိတော်

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

Read more...

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၁၀)၊ Social Diamension မှ ဆပွါးလာသော အတွေးများ

Monday, 24 January 2011 08:57

Social Diamension ဆရာ ဦးဆောင်ဆွေးနွေးပြခဲ့သော မေတ္တာတရားများအကြောင်းသည် အတွေးနယ်ကိုကျယ်စေခဲ့၏။ သူချပြခဲ့သော ခြင်ဥပမာ နေရာတွင် ကျားဥပမာကိုအစားသွင်း၍လည်း စဉ်းစားမိ၏။ တကယ်စင်စစ် ဤအကြောင်းအရာများကို စဉ်းစားရာ၌ ကျန်းဂန်အဆိုအမိန့်များကို အသာထား၍ လက်တွေ့အနေတွင် တကယ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကိုသာ အခြေအတင် ဆွေးနွေးကြရမည်ဖြစ်ရာ သူက ဥပမာတစ်ခုပြလျှင် သူ့ဥပမာနေရာတွင်ပင် အခြားဖြစ်သင့်သည်များကိုပါ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်၏။

ခြင်တစ်ကောင်က မိမိကိုလာကိုက်ရာ၌ ထိုခြင်ကိုမရိုက်သတ်ပဲလွှတ်လိုက်ရုံမျှဖြင့် မေတ္တာတရားအစစ်ဟုခေါ်နိုင်မည် မခေါ်နိုင်မည်၊ သူအလိုရှိသော သွေးကို ပေးမသောက်စေပဲ မောင်းထုတ်လိုက်သဖြင့် သူ့အစာအာဟာရကို ဖြတ်တောက်ရာ ရောက်သဖြင့် မေတ္တာတရားခေါင်းပါးသူ စာရင်းသို့ သွင်းသင့်သည်-မသွင်းသင့်သည် ဟူသော မေးခွန်းများကို ဖြေကြားရန်အတွက် ခြင်ဥပမာမျှဖြင့်လုံလောက်နိုင်မည် မဟုတ်ချေ။ အကယ်၍များ ခြင်အစား ကျားတစ်ကောင်ကောင်ကသာ မိမိထံချည်းကပ်လာမည်ဆိုလျှင် မည်သို့ပြုရမည်နည်း။ ထိုကျား၏အလိုဆန္ဒအတိုင်းပင် အစားခံလိုက်ရတော့မည်လော? စဉ်းစားစရာပင်။

နောက်တစ်နည်းစဉ်းစားရန်မှာ လောကသည်ကျယ်ပြန့်လှသလောက် အလိုမပြည့်၍ ဆင်းရဲဒုက္ခရောက်နေသူများနှင့်အမြဲပင် ပြည့်နှက်လျှက်ရှိပေရာ တကယ်စင်စင်တွင် တစ်လောကလုံးသည် သနားစရာအတိ၊ မေတ္တာထားချင်စရာအတိပင် ဖြစ်လေသည်။ မိမိနှင့်အလှမ်းကွာဝေးသော နေရာ၌ ရှိနေသူများကို အသာထား၊ မိမိ၏လက်တစ်ကမ်းအကွာအဝေး၌ပင် ဆင်းရဲဒုက္ခရောက်နေကြရှာသောသတ္တဝါကြီးငယ်များမှာ မရေတွက်နိုင်အောင်ပင် ရှိလေသည်။ ထိုသူများအပေါ် အမှန်တကယ်မကူညီနိုင်ပဲ ချမ်းသာစေလိုပါသည်ဆိုသော စိတ်ထားကလေးထားရုံမျှဖြင့် တကယ်မေတ္တာစစ်မဟုတ်သေးပါ ဟုစွပ်စွဲနိုင်ကောင်းပါမည်လော၊ သတ္တဝါတိုင်း၏ အလိုဆန္ဒတိုင်းကို ပြည့်ဝအောင်ဖြည့်ဆည်းနိုင်သူဟူ၍ကော လောက၌ ရှိနိုင်ပါမည်လော။ ထိုသို့မရှိနိုင်ပါမူ လောက၌ တကယ့်မေတ္တာစစ်ရှိသူဟူ၍ ရှိနိုင်ပါတော့မည်လော၊ စဉ်းစားစရာပင်။

နောက်တစ်နည်းစဉ်းစားဖွယ်ရာလည်း ရှိနေပေသေးသည်။ သူတစ်ပါး၏အလိုဆန္ဒကို ပြည့်ဝအောင်ဖြည့်ဆည်းပေးနိုင်မှသာ မေတ္တာစစ်ဟု သတ်မှတ်နိုင် မည်ဆိုပါလျှင် မိမိထံမှ တစ်စုံတစ်ခုကို အလိုရှိသူတို့၏ သဘောဆန္ဒကို တစ်ထပ်တည်းကျစေရန် (ထပ်တူညီစေရန်) ပထမဆုံး ကြိုးစားကြရမည်သာ ဖြစ်လေသည်။ သို့ရာတွင် သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့ကို ထပ်တူညီစေရန် စွမ်းဆောင်နိုင်သူဟူ၍ကား ရှေးကလည်းမရှိခဲ့ဖူး၊ ယခုလည်းရှိမည်မထင်၊ နောင်လည်းရှိလိမ့်မည် မဟုတ်ပေ။

ဥပမာအားဖြင့် ဘုရားလောင်းဝေဿန္တရာ ဇာတ်တော်ကို ကိုးကားကြည့်ကြပါစို့။ မင်းကြီးသည် မိုးခေါင်၍ ဒုက္ခရောက်နေကြရှာသော ကလိင်္ဂတိုင်းသား တို့အား နာဂပစ္စယာဆင်ဖြူတော်ကို လှူလိုက်၏။ သို့ရာတွင် သူ့တိုင်းသူပြည်သားတို့၏အမြင်တွင် မင်းကြီးဝေဿန္တရာသည် ကိုယ့်တိုင်းသူပြည်သား တို့အပေါ် မေတ္တာတရားခေါင်းပါးသူအဖြစ် ရှုမြင်ခံခဲ့ရ၏။ထို၏အကျိုးဆက်အဖြစ် လူသူအရောက်အပေါက် နည်းလှစွာသော ဝင်္ကဘာတောင်သို့ ပြည်နှင်ဒဏ်အပေးခံခဲ့ရ၏။ မင်းကြီးဝေဿန္တရာသည် သူ့တိုင်းသူပြည်သားတို့ရှုမြင်ခဲ့ကြသကဲ့သို့ မေတ္တာတရား ခေါင်းပါးသူ ဖြစ်ခဲ့ပါသလော။ ဆိုလိုသည်မှာ သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့သည် ဘယ်သောအခါမှ ထပ်တူညီနိုင်ကြမည်မဟုတ်ကားမဟုတ်ချေ။ သို့ဆိုလျှင် မေတ္တာစစ်စစ် ရှိသူဖြစ်ရန် မည်သူ၏အလိုကို မည်သို့ဖြည့်ဆည်းပေးကြမည်နည်း။

ထို့အပြင် ဘုရားရှင်အဖြစ်ကိုရောက်တော်မူ သောအခါမှာလည်း အလားတူ အဖြစ်မျိုး မကြာခဏ ကြုံခဲ့ရ၏။ ဥပမာအားဖြင့် မာဂဏ္ဍီမိသားစုတို့အား တရားဟောတော်မူခဲ့ရမှုကိုကြည့်ကြပါစို့။ အမိမာဂဏ္ဍီ၊ အဖမာဂဏ္ဍီ တို့အား ဤတရားကိုဟောပါမှ အနာဂါမိဖိုလ်ကို ရောက်မည်ဟုမြင်တော်မူ၏။ တစ်ဖက်ကကြည့်လျှင် ဤတရားကိုဟောလိုက်ပါက သမီးဖြစ်သူမာဂဏ္ဍီ၏ သူ့အလှကို ချိုးချိုးဖဲ့ဖဲ့ ပြောရက် လေခြင်းဟူသောအမြင်ဖြင့် ရန်ငြိုးဖွဲ့ခံရမည့်အဖြစ်၊ ထိုသို့ရန်ငြိုးမဖွဲ့ထိုက် မဖွဲ့အပ်သော ဘုရားရှင်ကို ရန်ငြိုးဖွဲ့တိုက်ခိုက်သဖြင့် ပစ္စုပ္ပန် သံသရာကြီးစွာသော ဆိုးကျိုးတို့ကို ခံရမည့်အဖြစ်တို့ကိုလည်း မြင်တော်မူ၏။ မည်သို့ရှိစေ ဘုရားရှင်သည် ထိုတရားကိုဟောတော်မူခဲ့သည်သာဖြစ်၏။ ထိုသို့ဟောခဲ့ ခြင်းကြောင့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီတို့ သစ္စတရားကိုသိဖြင်ခွင့်ရခဲ့ကြသကဲ့သို့ သမီးဖြစ်သူမာဂဏ္ဍီသည်လည်း ဘုရားရှင်ကို ရန်ငြိုးထားတိုက်ခိုက်ခဲ့မှု ကြောင့် ပစ္စုပ္ပန်သံသရာ ကြီးစွာသော ဆိုးကျိုးကို ရင်ဆိုင်ခဲ့ရ၏။ သမီးမာဂဏ္ဍီ ဘက်မှကြည့်၍ ဘုရားရှင်ကို မေတ္တာတရား ခေါင်းပါးသူအဖြစ် စွပ်စွဲရမည်လော၊ စဉ်းစားကြပါဦးစို့။

ထိုအရာမျိုး၌ ဘုရားရှင်၏သဘောထားမှာ ဤသို့ပင်ရှိလိမ့်မည်ဟု စာရေးသူ၏ ဉာဏ်တစ်ထွာတစ်မိုက်ခန့်မျှဖြင့် မှန်းဆကြည်ညိုမိပါသည်။ ဘုရားရှင်တို့မည်သည် သိနိုင်မြင်နိုင်သောဉာဏ်ရှိ၍ ကျွတ်ထိုက်သသူနှင့် သိနိုင်မြင်နိုင်သောဉာဏ်မရှိ၍ မကျွတ်ထိုက်သူတို့ယှဉ်လာလျှင် (မကျွတ်ထိုက် သေးသူများကို မသနား၍ကားမဟုတ်) ကျွတ်ထိုက်သသူများကိုသာ အလေးဂရုပြုတော်မူကြရိုးဖြစ်လိမ့်မည်ဟု ယူဆကြည်ညိုမိပါသည်။ အကြောင်းကား၊ သံသရာ၌ကျင်လည်ကြရဦးမည့်သူများအတွက် သံသရာဝဋ်ဆင်းရဲဆိုသည်မှာ အဆန်းမဟုတ်၊ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးသည်သာ အဆန်း ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် သံသရာ၌လည်ရဦးမည့် သမီးမာဂဏ္ဍီအပေါ်မေတ္တာတရား ကင်းမဲ့သည် မဟုတ်သော်ငြားလည်း ကျွတ်တမ်းဝင်မည့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီတို့ကို အလေးဂရုပြု၍သာ ထိုတရားတော်ကို ဟောတော်မူခဲ့ရခြင်း ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။ (သင့်/မသင့်၊ ရာ/မရာကို စာရှုသူပညာ့ရှင်များ စဉ်းစားတော်မူကြပါကုန်။)


ထိုပြင်တစ်ကြောင်းမှာလည်း မေတ္တာတရားနှင့်ပတ်သက်၍ စာရေးသူ၏ အတွေးနယ်သည် ပရိတ်ရွတ်ခြင်းအမှု၊ ကမ္မဝါရွတ်ခြင်းအမှုတို့အထိ ဖြန့်ကျက်ခဲ့မိလေသည်။ ဆွေးနွေးပါဦးမည်။ ဗုဒ္ဓဘာသာဝင် ဒကာ/မတို့သည် မိမိတို့နေရာအိမ်၌ စိတ်မသိုးမသန့်တွေ့လာသောအခါမျိုးတွင် ရဟန်းသံဃာတော်များကိုပင့်ဖိတ်၍ ပရိတ်တရားတော်ကိုဟောကြားစေခြင်း၊ ကမ္မဝါစာရွတ်ဖတ်စေခြင်းတို့ကို ပြုစေတတ်ကြ, နာယူတတ်ကြလေသည်။ ရဟန်းသံဃာတော်များကလည်း ပရိတ်တော်များဟောကြားပေးခြင်း၊ ကမ္မဝါစာ (ပဗ္ဗာဇနိယ/အနန္တရာယိက) ရွတ်ဖတ်ခြင်းတို့ကို ပြုပေးတတ်ကြ လေသည်။ ဤ၌ ပရိတ်တော်များ ရွတ်ဖတ်နာယူခြင်းကို အထူးတလည်မဆွေးနွေးလိုပါ။ ကမ္မဝါစာရွတ်ဖတ်ခြင်းအမှုကိုသာ ဆွေးနွေးလိုပါသည်။

ဤအရာမျိုး၌ကမ္မဝါစာရွတ်ဖတ်ခြင်းဟူသည် စင်စစ် လူကိုမူးအောင်ဝေအောင် စိတ်နှလုံးထိတ်လန့်တုန်လှုပ်အောင် ပြုတတ်သော အစိမ်းသရဲ ပြိတ္တာများ ကို ထိုနေရာမှ နှင်ထုတ်ခြင်းအမှုကို ပြုကြခြင်းပင်ဖြစ်ပါသည်။ သို့ကြောင့် ကမ္မဝါရွတ်ဖတ်ခြင်းအမှုကို ပြုကြသောရဟန်း သံဃာတော်များသည် ထိုသတ္တဝါ တို့အပေါ်၌ မေတ္တာတရားကင်းမဲ့သည်ဟု စွပ်စွဲခံရရာသောအခွင့် ဆိုက်ရောက်လျက်ရှိလေသည်။ ဤနေရာ၌ စာရေးသူ၏ သဘောထား အမြင်များကို ဆွေးနွေးတင်ပြလိုပါသည်။

နခသီခသုတ္တန်ဒေသနာတော်အလိုအရ လောက၌ မကောင်းမှုပြုလိုသူမရှားသကဲ့သို့ မကောင်းမှုကိုပြုသည့်အတွက် အပါယ်သို့သွားကြရသည့် သတ္တဝါများလည်းမရှားလှပါချေ။ သို့ရာတွင် ဆန့်ကျင်ဘက်အနေအားဖြင့်မူ ကောင်းမှုပြုလိုသူရှားလှသကဲ့သို့ သုဂတိဘုံသို့ သွားကြရသည့် သတ္တဝါ တို့ကားရှားပါးလှချေသည်။ အစိမ်းသရဲ စသည်တို့ကား မူလကပင် ကြမ်းကြုတ်တတ်ကြသူများဖြစ်သကဲ့သို့ သူတို့၏ကမ္မဇိဒ္ဓိတန်ခိုးကလေးဖြင့် တစ်ဖက်သားအပေါ် ညှင်းဆဲနှိပ်စက်တတ်ကြသူများပင် ဖြစ်လေသည်။ထိုသူတို့နှိပ်စက်သဖြင့် ကောင်းမှုပြုရန်အရေး၌ အနှောင့်အယှက်ဖြစ်ကြရသော သူများလည်း ရှိတတ်ကြလေသည်။

ထို့ကြောင့် ဆရာမြတ်တို့ အလိုအားဖြင့် ပထမတွင် ထိုသူမျိုးတို့ ရှိသည်ဟု တတ်အပ်မြင်ခြင်း၊ တစ်ဆင့်ကြားသိရခြင်း (သို့မဟုတ်) ယုံမှားသံသယ ရှိခြင်းများ ရှိပါက မေတ္တာသုတ်ပရိတ်တော်၊ ရတနသုတ်ပရိတ်တော်၊ ဓဇဂ္ဂသုတ်ပရိတ်တော်၊ အာဋာနာဋိယသုတ် ပရိတ်တော်များကို ဦးစွာရွတ်ဖတ် ကြရလေသည်။ ထိုပရိတ်တော်များကို ရွတ်ဖတ်ခြင်းဖြင့် ထိုသူတို့ စိတ်နှလုံးနူးညံ့သိမ်မွေ့သွားသော်ကောင်း၏၊ မရခဲ့သော် ပဗ္ဗာဇနိယ ကမ္မဝါစာစသည်ကို ရွတ်ဖတ်၍ နှင်ထုတ်ခြင်းအမှုကို မလွဲမရှောင်သာ ပြုကြရလေသည်။ ထိုသို့ပြုရာ၌လည်း လက်လွတ်စပယ် ပြုကြရသည်ကားမဟုတ်သေး၊ ဆိုင်ရာဆိုင်ရာ အစိုးပိုင်သူတို့ထံ သင့်လျော်ရာ နေရာကို တောင်းခံနေထိုင်နိုင်ကြစေဖို့ အမိန့်တော်ပြန်ကြရပေသေးလေသည်။

တကယ်စင်စစ်တွင် ဤအရာမျိုး၌လည်း အပေါ်၌ဆိုခဲ့ပြီးသော မာဂဏ္ဍီမိသားစု ဥပမာကဲ့သို့ပင် မှတ်ယူသင့်ကြပေသည်။ မကောင်းမှုပြုမည့်သူများနှင့် ကောင်းမှုပြုမည့်သူများယှဉ်လာလျှင် ကောင်းမှုပြုကြမည့်သူများကို စွမ်းနိုင်ရာက ကူညီစောင့်ရှောက်ပေးကြခြင်းသည် သူတော်ကောင်းတို့၏ ဝတ္တရားတစ်ရပ်ပင်ဖြစ်သင့်လေသည်။ (ရှေးကံအကျိုးပေး အားကြီးသောကြောင့် ကူညီကယ်ဆယ်၍ မရနိုင်သူများလည်းရှိနိုင်ပါသေးသည်။) ဤမျှဖြင့်ပင် ပရိတ် ကမ္မဝါအမှုပြုကြသော ရဟန်းသံဃာတော်များ၏ အစိမ်းသရဲများ အပေါ် မေတ္တာကင်းမဲ့ယောင် ပြောဆိုကြသောအရာမျိုးအထိ ဖြန့်ကျက် တွေးမိခဲ့သော အတွေးစတို့ကို အနားသပ်သင့်ပေပြီ။ သို့ရာတွင် အာဟာရဖြတ်တောက်မှုကြောင့် မေတ္တာစစ်မဟုတ်နိုင် ဟူသောစွပ်စွဲချက်နှင့် ပတ်သက်၍မူ ဆွေးနွေးစရာများကျန်ရှိနေပေသေးသည်။

မိမိတို့၏ အသက်သွေးတို့ကို ကာကွယ်စောင့်ရှောက်ကြရန်မှာ သတ္တဝါတိုင်း၏ တာဝန်ပင်ဖြစ်၏။ ကိုယ့်အသွေးအသားကိုရပါမှ အသက်ရှင်မည့် သတ္တဝါတို့အပေါ် ကိုယ့်အသက်သွေးကို တည်ခင်းပေးနိုင်သည်လောက်သည်အထိ စွမ်းရည်ကြီးမားလျှင် ထိုမေတ္တာမျိုးကို မေတ္တာစစ်ဟု မခေါ်ဆိုနိုင်စရာ အကြောင်းမရှိတော့ပေ။ သို့ရာတွင် ထိုမျှလောက်အထိ မစွမ်းနိုင်သေးစေကာမူ မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်သည်မှတစ်ပါး မိမိကိုလာရောက် တိုက်ခိုက်သူတို့၏ အသက်အန္တရာယ်ကို ခွင့်လွှတ်ပေးနိုင်စွမ်းလောက်သော စွမ်းအားမျိုးကိုလည်း မေတ္တာစစ်ဟုပင် ခေါ်ဆိုနိုင်ကြမည်ဖြစ်လေသည်။

တစ်ကြောင်းမှာလည်း ကိုယ့်သွေးသားကို ပေးနိုင်ခြင်းသည် ဒါနအရာသာဖြစ်၍ တဖက်သားအပေါ်ချမ်းသာစေလိုခြင်းသည် မေတ္တာအရာဖြစ်လေသည်။ ဒါနအရာနှင့် မေတ္တာအရာတို့သည် တစ်ခုကိုတစ်ခု အမှီပြုနေကြသည်မှန်သော်လည်း သူ့သဘောလက္ခဏာနှင့်သူတစ်သီးတစ်ခြားစီ ရှိကြသော တရားတို့ ဖြစ်ကြသည်ကို သတိပြုသင့်ကြပေသည်။ ရံခါ အလှူခံပုဂ္ဂိုလ်အပေါ် မေတ္တာမထားနိုင်သော်လည်း ဒါနမှုပြုကြသောအရာမျိုးရှိသကဲ့သို့ အတိုင်းအတာအရ ဒါနမှုပင်မပြုနိုင်စေကာမူ မေတ္တာထားနိုင်ကြသောအရာမျိုးလည်းများစွာပင်ရှိလေသည်။ စင်စစ်တွင် မေတ္တာဟူသည် ဘာဝနာစာရင်းဝင် တရားမျိုးသာဖြစ်၍ ဒါန စသောအခြားအကူအညီပင် မရှိစေကာမူ မေတ္တာပွါးပို့မည့် အာရုံအပြုခံ သက်ရှိသတ္တဝါတစ်စုံတစ်ယောက်ကို အာရုံပြု၍ ထိုသတ္တဝါ ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ စသည်ဖြင့် မိမိ၏စိတ်၌ ပွါးပို့နေရုံမျှဖြင့်ပင် မေတ္တာလုပ်ငန်းအောင်မြင်ပြီဟု ခေါ်ဆိုသတ်မှတ်နိုင်လေသည်။

Social Diamension ဆရာ ဦးဆောင်ဆွေးနွေးပြခဲ့သည်ကို ပြန်လည်သုံးသပ်ကြည့်လျှင် လာကိုက်သောခြင်၏ အသက်ကို မသတ်ပဲ လွှတ်လိုက်ခြင်းသည် သီလအရာသာဖြစ်၍ မေတ္တာအရာမဟုတ်ဟု ဆိုလိုရာရောက်၏။ တကယ်လည်း ထိုသဘောကိုပင် သူကဆွေးနွေးပြောပြခဲ့ပါသည်။ သို့ရာတွင် ထိုသဘောကို အစဉ်လျှောက်၍လည်းကောင်း၊ ပြန်လှန်၍လည်းကောင်း စဉ်းစားကြသောအခါ စဉ်းစားစရာအချက်များစွာပေါ်ထွက်လာပြန်ပေသည်။ သီလအရာနှင့် မေတ္တာအရာကို မနုသတ္တ ဒုလ္လဘအရာသို့တင်ကာ စဉ်းစားလိုက်ကြသောအခါ၌ကား ပို၍ပင် ကြောက်စရာကောင်းလာလေတော့သည်။ မည်သို့စဉ်းစား မိကြသည်ကို ဆွေးနွေးပြပါမည်။

မနုသတ္တဘာဝေါ ဒုလ္လဘောဟူသော ဘုရားဟောအရ လူ့ဘဝသည်ရခဲလှ၏။ လူ့အဖြစ်ဟူသည် အတိတ်ကံပင်ရှိသော်လည်း မှီခိုစရာ မိဘတို့သာမရှိခဲ့ပါမူ ရလာနိုင်ရန်အရေးမှာ လွန်စွာပင်ခက်လှချေသေးသည်။ ထိုသို့အတိတ်ကံပင်ရှိသော်ငြားလည်း မှီခိုစရာမိဘ ရှာမရ၍ လူ့ဘဝကိုမရနိုင်ကြရှာသေးသော (တနည်း-လူ့ဘဝသို့ အဝင်တံခါးဝ၌ တန်းစီစောင့်ဆိုင်း နေကြရရှာသော) ပရလောကသားများမရှိဟုဆိုနိုင်ပါမည်လော။ သို့ဆိုလျှင် အပျိုကြီး၊ လူပျိုကြီးဘဝဖြင့် အရိုးထုတ်မည် မျှော်ရည်မှန်းထားကြသူများသည်လည်းကောင်း၊ သံသရာဝဋ်ဆင်းမှ လွတ်မြောက်ရန်ဟူသော အကြောင်းပြချက်ဖြင့် အိမ်ယာမထောင် ရဟန်းဘောင်၌ နေကြသူများသည်လည်းကောင်း လူ့ဘဝ၏ အညွန့်အညှောက်များကို ဖျက်ဆီးရာရောက်သဖြင့် လူဖြစ်လာကြမည့် သူများအပေါ် မေတ္တာကင်းမဲ့ရာ မရောက်လေသလော ဟူသော မေးခွန်းများသည် တသီတတန်းကြီးပေါ်ပေါက်လာခဲ့လေတော့သည်။

တကယ်စင်စစ်တွင် ဤစဉ်းစားပုံများ၊ ဤမေးခွန်းများတို့သည် သူ့သဘောနှင့်သူ ရှိနေကြသော ဒါနလုပ်ငန်းသဘာဝ၊ သီလလုပ်ငန်းသဘာဝ၊ မေတ္တာစသော ဘာဝနာလုပ်ငန်း သဘာဝတို့ကို အတင်းအဓမ္မပေါင်းစပ် ဆွေးနွေးရာမှ ပေါ်ထွက်လာကြခြင်းမျှသာဖြစ်လေသည်။ ထို့ကြောင့်ပင် ဆရာမြတ်များက စွမ်းအားသန်သည့် ဗလငါးတန်တို့တွင် သဒ္ဓါနှင့် ပညာ တို့ကို၊ သမာဓိနှင့် ဝီရိယတို့ကို အချိုးကျကျ ထိန်းသိမ်းပဲ့ပြင်နိုင်ကြစေဖို့ အခါခါ အထပ်ထပ် ဆုံးမတော်မူခဲ့ကြခြင်း ဖြစ်ရာပါသည်။ သတိသည်သာ ပိုသည်မရှိ၊ ဆိုခဲ့ပြီးသော သဒ္ဓါစသော တရားလေးပါးတို့ကား အပိုအလွန် အယုတ်အလျော့ ရှိတတ်ကြလေသည်။ မပိုသင့်သည်ကို ပိုလွန်စေခြင်းသည်လည်းကောင်း၊ မယုတ်လျော့သည်ကို ယုတ်လျော့စေခြင်းသည် လည်းကောင်း ဆုတ်ယုတ်ရန်အကြောင်းသာဖြစ်လေသည်။ ထို့ကြောင့်ပင် မာန်လည်ဆရာတော်ဘုရားက သူ၏နာမည်ကျော် မဃဒေဝလင်္ကာ၌-

ပညာမဖက်၊ သဒ္ဓါထက်က

နက်၏ဆင်းရဲ၊ အမြဲမှန်စွာ

သဒ္ဓါနုံ့ဆွံ့၊ တွန့်၍ဉာဏ်ကွန်

ပညာလွန်မူ၊ ဝင်္ကံကောက်ကျစ်

ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီ့

သမာဓိများ၊ ပျင်းရိပွါး၏

အားထုတ်လွန်က၊ ပျံ့တတ်စွရှင့်

ဝိရိယဆိုး၊ ညဉ့်ကိုနိုးမူ

သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏

မပြတ်စိတ်က၊ သတိမ,လော့

ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့

သေချာမှတ်သိ၊ မလွန်ဘိနှင့်....။ ဟူ၍ ရေးစပ်ဆုံးမတော်မူခဲ့ခြင်းဖြစ်ရာပါသည်။

မည်သို့ဆိုစေ Social Diamension ဘာသာရပ်ကိုလေ့လာ မြည်းစမ်းရသဖြင့် ကိုယ်မထင်မှတ်ထားသော အမြင်များ၊ ကိုယ်မကြားဖူးသော အတွေးများတို့ များစွာပင် ရှိနေသေးကြောင်း ကောင်းကောင်းကြီးသိရှိခွင့်ရခဲ့ပါလေသည်။ ထိုသို့သော အမြင်တစ်ဖက်မှ တင်စီးကာဆိုလာသည့် မေးခွန်းများကို ဖြေကြားနိုင်ရန်အတွက် မိမိသိရှိထားသမျှသော ဘာသာရေးသုတ၊ လူမှုရေးသုတ သုညမျှလောက်ဖြင့် မလုံလောက်သေးကြောင်းကိုလည်း ကောင်းစွာသဘောပေါက်ခဲ့ရပါ၏။ လေ့လာရန်များစွာလိုသေးကြောင်း၊ မိမိသုတသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန်မလုံလောက်သေးကြောင်း သံဝေဂ ကောင်းကောင်းရခဲ့ရပါ၏။ တစ်ချိန်တည်းမှာပင် ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာကို ထိုးနှက်တိုက်ခိုက်ခဲ့ကြသော ပရဝါဒီ (အမြင်မတူသူ)တို့၏ ခဲရာခဲဆစ် မေးခွန်းအမျိုးမျိုးတို့ကို ကောင်းမွန်ကျနစွာရှင်းလင်း ဖြေကြားခြင်းဖြင့် ဗုဒ္ဓဘာသာ၏ဂုဏ်ရောင်ကို ထွန်းပြောင်သထက် ထွန်းပြောင်တော်မူစေခဲ့ကြသော ရဟန်းပညာရှိ လူပညာရှိတို့၏ ဂုဏ်ကျေးဇူးတော်များကိုလည်း လေးစားဦးညွတ်မိခဲ့ပါတော့သတည်း။

အပိုင်း (၁၁)ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ( ရမ္မာဝတီ)
Last Updated on Monday, 24 January 2011 10:06

Read more...

ကိုသက်မြင့်ဦး+မကေသီလွင် သမီး မလွင်မာမင်း(စင်ကာပူ)၊နှင့် စေတနာရှင်တစ်ဦး (နော်ဝေ)တို့၏ ဆွမ်းအလှူပွဲ။(၂၄.၁.၂၀၁၁- တနလာၤ)














ယနေ့ ၁၃၇၂ ခုပြာသိုလပြည့်ကျော်(၄)ရက်တနင်္လာနေ့ ( ၂၄.၁.၂၀၁၁)

အရုဏ်ကြက်သားကြာဇံဆွမ်းအလှူရှင်-

ကိုသက်မြင့်ဦး+မကေသီလွင် သမီး မလွင်မာမင်း(စင်ကာပူ)


နေ့ဆွမ်းအလှူရှင်-
စေတနာရှင်တစ်ဦး (နော်ဝေး)

ဆွမ်း
ဝက်သားဟင်း
မြေထောက်ပဲနှပ်
မုံလာဥချဉ်
ပါလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...


Read more...

မိတ်ဆွေ၏ မွေးနေ့

အိပ်ချင်တယ်
အိပ်ချင်မှ အိပ်မယ်
တရားရှာဖို့တဲ့
တံခါးတွေဖွင့်မိရဲ့.....

ကဗျာတွေဖတ်တယ်
ဂါထာတွေရွတ်တယ်
ပိဋကတ်စာတွေ ကိုးကားမိသေး

ဘုရားမပွင့်လည်း
မွေးဖွားနေကြမှာပဲ
ရုပ်ခန္ဓာတွေ နာခဲ့ကြပြီးပြီ
ဘာဖြစ်လို့
ဝေဒနက္ခန္ဓာတွေ
တာရာမင်းဝေနေကြရသေးလဲ

ရဲရဲပေါ့
သီလကို စမ်းဝါးရင်း
ဘာဝနာပွားပေါ့ တဲ့.....

သစ္စာ
သစ္စာ
ပြောလို့ကောင်းတယ်
သိဖို့ခက်တယ်
ပယ်ဖို့ခက်တယ်
မျက်မှောက်ပြုဖို့ခက်တယ်
ကျင့်ဖို့ခက်တယ်

ကိုယ့်ကိုယ်ကို ဘာနဲ့ အေးအောင်လုပ်ကြမလဲ...
မဇ္ဈိမကတော့ မီးပျက်လေ့ရှိသေး...

ပုဒ်ထီးပုဒ်မများ
စာသင်ခန်းတွေထဲ ခဏ ခဏအော်မိရဲ့
ကံသုံးပါးကို
ဘယ်နားထားရမှန်းမသိဘဲ
ပြက္ခဒိန်တစ်ခုကျော်လာတာကို
လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

အမှားကင်းစေသတည်း......

ဓမ္မဂင်္ဂါ
၂၇-၀၇-၂၀၁၀

Read more...

အင်ဒိုခရီးစဉ် (၄)


ဂျာကတာလေဆိပ် စားသောက်ဆိုင်တစ်ဆိုင်မှာ ဆွမ်းဘုဉ်းပေးပြီး
လာကြိုတဲ့ကားဆရာက သူ့ကားရှိရာ ကားပတ်ကင်းဆီ ဦးဆောင်ခေါ်သွားပါတယ်။
ကားကြိုကားကြားက ဖြတ်သွားရတာဆိုတော့ ရပ်ထားတဲ့ကားတွေကို သတိပြုမိတယ်။
အားပါးပါး၊ အင်ဒိုနီးရှားကလူတွေလဲ ကားကောင်းတွေ စီးနေကြပြီပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံ ရောက်စတုန်းကလဲ
သီဟိုဠ်နိုင်ငံက သာမန်လူတန်းစားတွေ လူနဲ့မလိုက်အောင်
ကားကောင်းတွေစီးနေကြလို့ အံ့သြဘူးတယ်။
အခုလဲ အင်ဒိုသားတွေ ကားကောင်းတွေ နောက်ဆုံးပေါ်ကားတွေ
စီးနေကြပြီ။ စီးနိုင်နေကြပြီ။

ဒို့နိုင်ငံကလူတွေလဲ ဘယ်တော့များမှ ကားကောင်း ကားသစ်တွေ
ဝယ်စီးနိုင်ကြမလဲ လို့ အတွေးထဲဝင်လာသေးတယ်။
အခုလောလောဆယ်အခြေအနေအထိတော့ အတော်ကိုညံ့တဲ့ကားစုတ်တွေတောင်
မြန်မာငွေနဲ့ သိန်း ၁၀၀ ကျော်ပေးရတယ်တဲ့။
သိန်း ၁၀၀ ကျော်ဆိုတော့ သာမန်လခစားတွေ ဘယ်ဝယ်စီးနိုင်မလဲ။

ဟိုတလောက သာသနာရေးဌာန ညွှန်မှူးလုပ်နေတဲ့ဒကာမကြီးတစ်ယောက်
သာသနာရေးရုံးကိုအလာ၊ ဘတ်စ်ကားပေါ်ကဆင်းပြီး လမ်းဖြတ်အကူးမှာ
ကားအတိုက်ခံရလို့ ဆုံးသွားတယ်တဲ့။

အင်း။ သာသနာရေးဌာနညွှန်မှူးအဆင့်ရှိတဲ့သူတောင်
ကိုယ်ပိုင်ကားဝယ်မစီးနိုင်သေးဘူး။ ဘတ်စ်ကားတိုးစီးရတုန်းပါလားလို့ တွေးမိတယ်။

မလေးရှားမှာနေနေတဲ့ဒကာလေးတစ်ယောက်က လျှောက်ဖူးတယ်။
မြန်မာပြည်မှာ သိန်း ၁၀၀ ကျော်တန်ကားတွေက
မလေးရှားနိုင်ငံမှာ ၇ သိန်း ၈ သိန်းလောက်နဲ့ရတယ်တဲ့။
ဒါဆို ဘာကွာနေလို့လဲ။ ဘာလို့များဒီလောက်တောင် ကွာနေရတာလဲ။

ဒေါ်ဇင်မာဝင်းနဲ့ ကာဆရာတို့ လာကြိုတဲ့ကားကလဲ အတော်ကောင်းသားပဲ။
မြန်မာနိုင်ငံကလွဲလို့ တခြားနိုင်ငံတွေမှာရှိတဲ့ကားတွေလိုပါပဲ။
ကားအဲကွန်း (လေအေးပေးစက်) ကို ပြည့်ပြည့်၀၀ အားမနာတမ်းသုံးနိုင်နေပြီ။
ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လဲ ကားတိုင်း တံခါးပိတ်ပြီး
လေအေးပေးစက်ဖွင့် မောင်းနေတာကို တွေ့ရတယ်။

ဒါကို အထူးအဆန်းလုပ်ပြီး ပြောနေတာတော့ မဟုတ်ပါဘူး။
ကိုယ်လဲ တိုးတက်ပြီးနိုင်ငံတွေထဲကဆိုရင်
အနောက်နိုင်ငံ အင်္ဂလန်အထိရောက်ဖူးပါတယ်။

ပြောချင်နေတာက
အိမ်နီးချင်းအာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေး၊ ထိုင်း၊ စင်္ကာပူနိုင်ငံတွေသာမက
အင်ဒိုနီးရှားနိုင်ငံတောင်မှ အတော်လေးအဆင့်မှီနေပြီ၊
လူလိုသူလို တူနေပြီဆိုတာ ပြောချင်တာပါ။

မြို့တွင်းလမ်းတွေကိုလဲ ကြည့်လိုက်ပါအုံး။
အလွန်အကျယ်ကြီးမဟုတ်ပေမဲ့ အတော်ချောမွေ့တာကို သတိထားမိတယ်။
ဂျာကာတာမြို့ထဲမှာ လမ်းနှစ်ထပ်ဖန်တီးထားတယ်။
အပေါ်လမ်း (တံတားလမ်း) က Highway ဖြစ်ပြီး
အောက်လမ်းကတော့ထုံးစံအတိုင်း ကိုယ်သွားလိုတဲ့ အနီးအနားမြို့၊ ရပ်ကွက်ထဲဝင်ဘို့ပေါ့။
Highway လမ်းအတွက် Highway လမ်းကို
တံတားကြီးတွေစီစဉ်ထားတာဆိုတော့
တံတားကြီးတွေ အရှည်ကြီးတွေလုပ်ထားတာပေါ့။

မြန်မာပြည်မှာ နှစ်တောင်လုပ်ရှိတဲ့တံတားကို
သမိုင်းထဲက သူရဲကောင်းနာမည်ကြီးတွေ မှည့်ခေါ်ထားတာဟာ
သမိုင်းထဲက သူရဲကောင်းကြီးတွေကို အားနာဘို့ကောင်းပါတယ်။
အဲ့ဒီသူရဲကောင်းကြီးတွေကလဲ ကြိုက်မယ်မထင်ပါဘူး။
မကြိုက်တဲ့အပြင် သူတို့သာ အသက်ရှင်ခွင့်ရရင်
ဒီလိုကလေးကလားဆန်တဲ့တံတားလေးကို ငါတို့နာမည်မှည့်ခေါ်ထားရသလားဆိုပြီး
ဖနောင့်နဲ့ပေါက်မှာ သေချာပါတယ်။

ပထမဦးဆုံး မဟာယာနကျောင်းကြီးကို လိုက်ပို့တယ်။
ကျောင်းနာမည်ဘာလဲလို့ မေးကြည့်တော့
Lodan Temple လို့ပဲ လူသိများတယ်တဲ့။
တကယ့်ကျောင်းနာမည်က Vihara Mahavira Graha Pusat လို့ခေါ်တယ်။
Lodan ဆိုတာက လမ်းနာမည်။ Lodan လမ်းပေါ်မှာ တည်ရှိတဲ့ကျောင်းမို့
Lodan ကျောင်းလို့ အလွယ်ခေါ်ကြတာထင်ပါရဲ့။


ကျောင်းကြီးက အတော်ခန်းနားတယ်။
ဂျာကတာမှာရှိတဲ့ မဟာယာနကျောင်းတွေထဲမှာ အကြီးဆုံးဖြစ်တယ်တဲ့။
အဲ့ဒီကျောင်းထဲက ဒကာမကြီးတစ်ယောက်က ရှင်းပြတယ်။
နေ့စဉ်လုပ်ငန်းတွေအနေနဲ့
ပုံမှန် မဟာယာနသုတ်တော်တွေကို ရွတ်ဖတ်ခြင်း၊
ဥပုသ်နေ့တွေမှာ အထူးရွတ်ဖတ်ပွဲ၊ အထူးတရားပွဲများကျင်းပခြင်းတို့အပြင်
အင်္ဂလိပ်စာသင်တန်း၊ တရုတ်စာသင်တန်းတို့ကိုလဲဖွင့်လစ်ပေးထားကြောင်းသိရပါတယ်။
တနင်္ဂနွေနေ့မှာတော့ Sunday Dhamma Class ရှိပါတယ်တဲ့။
ကျောင်းတော်ကြီးဟာ ဂျာကာတာ မဟာယာနဂိုဏ်းချုပ်ကျောင်းတော်ကြီးဖြစ်တာနဲ့အညီ
အင်မတန်ကြီးကျယ်ပါတယ်။

ကျောင်းတော်ကြီးထဲ ၀င်ဝင်ချင်း မြန်မာပြည်က စကျင်ကျောက်နဲ့ထုထားတဲ့
မြန်မာ့လက်ရာ ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူတွေ့လိုက်ရလို့
ဘုရားချင်းအတူတူဆိုတာ ရင်ထဲက သိပေမဲ့
ပိုပြီး ကြည်နူးမိတာအမှန်ပဲ။

မီးဆိုင်းတွေတတ်ဆင်ထားပုံ၊ ဓာတ်လှေကားများ။ တရားဟောဘို့ ဟောခန်းကျယ်၊
သံဃာနေဘို့အဆောင် အခန်း အထပ် စသည်တို့ကို စနစ်တကျ ဖွဲ့စည်းထားတာဟာ
အင်မတန်အတုယူဘို့ကောင်းပါတယ်။

ကျောင်းတော်တစ်ဆောင်တည်းကို သူ့နေရာနဲ့သူ၊ လိုအပ်တဲ့အခန်းတွေကို ဖွဲ့စည်းထားတာပါ။
All in One လို့ဆိုမယ်ဆို ဆိုလို့ရပါတယ်။

မဟာယာနကျောင်းတော်ကြီးတွေတည်ဆောက်လိုက်ရင်
ဒီလိုပဲ ခန်းခန်းနားနားရှိလှတယ်ဆိုတာ သတိထားမိပါတယ်။
ထေရ၀ါဒကျောင်းတော်များဖြစ်တဲ့ မိမိတို့နိုင်ငံက ကျောင်ေးတ်ာများကတော့
ငွေရေးကြေးရေးကြောင့်လားတော့မသိဘူး။
ဒီလို တစ်ကျောင်းတည်းကို ခန်းခန်းနားနား ထည်ထည်ဝါ၀ါ
အပြီးသတ်ဆောက်လုပ်နိုင်တဲ့ကျောင်း ရှားပါတယ်။

ရုပ်ပိုင်းဆိုင်ရာကွဲပြာမှုကတော့ ထားပါတော့။
အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ ကွဲပြားမှုကို
အလျင်းသင့်တုန်းပြောပြချင်သေးတယ်။

Read more...

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၅)

ပျော်ရွှင်မှုနှင့် ရုပ်ဝါဒ (၁)
ငွေရှိရုံနှင့် သူတို့တွေရဲ့ ပြဿနာအားလုံးကို ဖြေရှင်းလို့ ရတယ်လို့ လူအများစုက ထင်နေကြတယ်။ ဒါပေမဲ့ ငွေမှာ သူနှင့်အတူပါလာတဲ့ ပြဿနာတွေ ရှိတယ်လို့ သူတို့ သဘောမပေါက်ကြဘူး။ ငွေက ပြဿနာတိုင်းကို မဖြေရှင်းနိုင်ပါဘူး။

လူအများစုက သင့်လျှော် မှန်ကန်အောင် မတွေးကြဘူး။ သူတို့တွေဟာ ဘဝတစ်လျှောက်လုံး တည်ကြက်နောက်ကို ပြေးလိုက်နေတဲ့ ပြေးလမ်းထဲက ခွေးတစ်ကောင်လိုပါပဲ။ လိုက်ဖမ်းလို့လဲ ပြီးသွားရော၊ စိတ်လှုပ်ရှားစရာတွေ အားလုံးလဲ ပျောက်ဆုံးကုန်ပါရော။ ဒါက ထူးဆန်းထွေလာ ရုပ်ဝါဒကမ္ဘာထဲမှာရှိတဲ့ လောကီချမ်းသာရဲ့ သဘောသဘာဝနှင့် အတော်ပဲ တူပါတယ်။ လိုချင်တာ ရရခြင်းပဲ ပျော်ရွှင်မှုက ကုန်ဆုံး သွားပြီး လိုချင်မှုအသစ်က ပေါ်လာပါတယ်။ လိုချင်တာ ရတာက ရအောင်လိုက်လုပ်ရတာလောက်တောင် ကျေနပ်စရာကောင်းပုံ မပေါ်ပါဘူး။

တစ်ခုခု ဆုံးရှုံးရတဲ့အခါ အောက်မှာ ဖော်ပြတဲ့ အကြံပေးစကားလေးကို သတိရလိုက်ပါ။
ဒါက သင့်ဟာ၊ ဒါကတော့ ငါဟာလို့ မပြောပါနဲ့၊
ဒါက သင့်ထံရောက်လာပြီး ဒါကတော့ ငါထံ ရောက်လာတယ်လို့သာ ပြောပါ။
ဒီလိုဆိုရင် အံ့သြ ဂုဏ်ယူဖွယ်ရာတွေ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားတဲ့အခါ
ကျွန်တော်တို့ ဝမ်းမနည်းရတော့ဘူးပေါ့။

ဥစ္စာဓနဆိုတာ ကပ်ငြိတွယ်တာဖို့ စုဆောင်းထားရမည့် အရာ မဟုတ်ပါ။ တကယ်တော့ သင်နှင့် တစ်ခြားသူတွေရဲ့ ကောင်းကျိုး ချမ်းသာအတွက်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အနီးအပါးက ကမ္ဘာလေးကို သာယာနေချင့်စဖွယ်ဖြစ်အောင် လုပ်ပါ။ သင့်ရဲ့ ဥစ္စာဓနကို မရှိဆင်းရဲသားတွေ၊ နာမကျန်းဖြစ်နေသူတွေနှင့် သက်ကြီးရွယ်အိုတွေရဲ့ ဆင်းရဲဒုက္ခ လျော့ပါးသက်သာအောင် အမျှော်အမြင်ရှိရှိ သုံးပါ။ သင့် ပြည်သူ၊ နိုင်ငံနှင့် ဘာသာတရားအပေါ်မှာ ပြုလုပ်ရမည့် တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပါ။ သင်ထွက်ခွါရမည့် အချိန်ရောက်လာရင် အတိတ်က ကောင်းခဲ့တာတွေ၊ သင်လုပ်ခဲ့တဲ့ ကိုယ်ကျိုးမဖက်တဲ့ အလုပ်တွေကို တွေးတော သတိယပြီး အလွန်အမင်း ငြိမ်းချမ်းမှုနှင့် စိတ်ချမ်းသာမှုကြီးကို ရရှိပါလိမ့်မယ်။

လောင်းကစားလုပ်ပြီး ဥစ္စာရှာတာဟာ ပြေးသွား ရွေ့လျှားနေတဲ့ တိမ်တိုက်တစ်ခုကို နေပူဒဏ်ကနေ အကာအကွယ်ရဖို့ မျှော်လင့်နေသလိုပါပဲ။ တစ်ခြားတစ်ဖက်ကနေဆိုရင် ကြိုးကြိုးစားစားလုပ်တဲ့နည်းနှင့် ကြွယ်ဝချမ်းသာဖို့ ရည်ရွယ်ချက်ထားတာက လုံခြုံပါတယ်။ အဆောက်အဦးတစ်ခုဟာ နေပူ မိုးရွာကနေ အမြဲကာကွယ်ပေးသလိုမျိုး လုံခြုံတာပါ။

သင် သေသွားသော် သင့်၏ ပစ္စည်းဥစ္စာများကား ကျန်ရစ်ခဲ့ပေမည်။ ဉာတိ မိတ်သင်္ဂဟများကား သင်၏ သင်္ချိုင်းအထိ လိုက်ပါကြပေမည်။ သို့သော် သင် အသက်ရှင်စင်က ပြုလုပ်ခဲ့သော ကောင်းကံ မကောင်းကံ (အလုပ်)များသာလျှင် နောင်ဘဝ (beyond the grave) အထိ လိုက်လာကြပေလိမ့်မည်။

(Ven. K. Sri DhammanandaHow to Overcome Your Difficulties ကို နည်းနည်းစီ ခွဲဘာသာပြန်ပြီး ပို့စ်တင်နေခြင်း ဖြစ်ပါတယ်။)

(ဆက်ပါဦးမည်။)

Read more...

ဘဝကိုမမေ့နှင့်

ကျွန်ုပ်တို့သည် အမြဲတမ်းသင်ကြားနေရသူများဖြစ်သည်။ မှန်ပါသည်-အဘယ်ကိစ္စမျိုးမဆို သင်ကြားမှသာ တတ်မြောက်နိုင်သည်။ အမေမွေးကတည်းက ကိစ္စငြိမ်းတတ်မြောက်ခဲ့သူဟူ၍မရှိချေ။ လူတို့၏သဘောမှာ ဝင့်ချင်ဝါချင်တတ်၏။ ငါလိုလူ ဇမ္ဗူရှိရိုးလားဟု လက်မထောင်ချင် ထောင်တတ်သေး၏။ သို့သော် အနှီလူအပေါင်းသည်လည်း တပည့်ခံခဲ့ရဘူးသည်သာ ဖြစ်ပေသည်။ စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော့ကား ‘’ကျွန်ုပ်အသက် ၉၂-နှစ်ရှိပေမဲ့ ယနေ့တိုင် သင်ယူနေတုန်းပါဘဲ’’ ဟု ထုတ်ဖော်ပြောကြားခဲ့လေသည်။ လူတို့သည် ဥစ္စာဓနကုံလုံကြွယ်ဝရန် လုံးပမ်းနေရသလို အသိအလိမ္မာ ဉာဏ်ပညာတိုးအောင်လည်း ကြိုးပမ်းရပေသည်။ လူ့ဘဝတွင် လူလိုနေချင်ပါလျှင် ဤပညာဓနတို့ကို မစုဆောင်း၍လည်း မဖြစ်ပါချေ။ သို့ရာတွင် အကယ် အရေးကြီးသည်ကား မိမိရင်ဆိုင်ရသမျှ ကိစ္စရပ်တို့ကို ယထာဘူတကျကျ ရှုမြင်သုံးသပ်၍ ဆုံးဖြတ်လုပ်ကိုင် သွားနိုင်ဘို့ပင် ဖြစ်သည်။
ဤအရည်မှီသော လူသားတယောက် ဖြစ်ဘို့အရေးကား ''ဥစ္စာရှာ ကံပါမှ၊ ကညာရှာ ဟန်ပါမှ၊ ပညာရှာ နွံနာမှ'' ဆိုသကဲ့သို့ပင် အရာရာတွင်နှိမ့်ချသော စိတ်ထားဖြင့် သင်ကြားမှသာ ဖြစ်နိုင်ပေသည်။ ဘဝင်လေရိုက်၍ ငါသိငါတတ် လုပ်နေလျှင် နေရာတကာတွင် အထက်စီးက နေရာယူချင်ပါလျှင် လူ့အလွှာနှင့် ကင်းကွာသူ ငပေါတဦးသာ ဖြစ်ရချိမ့်မည်။ ''ငါသိတာ တခုဘဲရှိတယ်၊ အဲဒါကတော့ ငါဘာမှမသိသေးဘူး ဆိုတာဘဲ'' ဟု ဆရာကြီး ဆိုကရားတဲစ်က မိန့်ကြားခဲ့သည်။ ဤဆရာကြီး အဆိုအမိန့်သို့ပင် ''ငါဘာမှ မသိသေးဘူး၊ ငါ့အဖို့သိစရာတွေ လေ့လာစရာတွေ အများကြီးရှိသေးတယ်၊ မသေမချင်းငါဟာ သင်ကြားနေရမယ်'' ဆိုတဲ့အသိ ရှိထားမှသာလျှင် ကျွန်ုပ်တို့အဖို့ တော်ရုံကျပေမည်။ စာရေးသူကား လက်လှမ်းမှီသမျှ သင်ကြားနာယူလျှက်ရှိသည်။ မှတ်သားလေ့လာနေပါသည်။
ယင်းသို့ သင်ကြားလေ့လာသော အလေ့အထကြောင့်ပင် ဘဝသည်ရင့်ကျက်၍လာသည်ဟု စွဲယူလျက် ရှိပါသည်။ စာရေးသူ ၉နှစ်သား ၁ဝနှစ်သားအရွယ်က ဖြစ်သည်။ ကျောင်းသို့သွားခါနီးတွင် မိခင်ကြီးထံတွင် ထန်းလျက်ခဲတောင်းသည်။ ထန်းလျက်ခဲသည် အညာကျေးတောသားကလေးငယ်များ၏ သွားရည်စာပင်ဖြစ်သည်။ စာရေးသူတို့ငယ်စဉ်က ယခုအခါလောက်လည်း ဖွယ်ဖွယ်ရာရာ စားသောက် ဖွယ်ရာသွားရည်စာတွေမရှိခဲ့ပေ။ နံနက်လင်းလျှင် ထမင်းကြမ်းကိုထန်းလျက်ခဲနှင့် ကိုက်၍စားရသည်ပင် မြိန်ရေ ယှက်ရေရှိလှဘိသည်။ ကော်ဖီဆို ဝေလာဝေး ဟောလစ်၊ အိုဗာတင်းတို့မှာ နာမည်မျှပင် မကြားခဲ့ဘူးပေ။ ထမင်းကြမ်းနှင့် ထန်းလျက်ခဲစား၍ ကြီးခဲ့ သော်လည်း မည်သည့်ဗီတာမင်ဓာတ်မှ ချို့တဲ့ခဲ့ သည်မထင်ပါ။
ရေးပါအုံးမည် စာရေးသူမှာ မိခင်ကြီးအသက် ၄ဝ ကျော်မှမွေးဖွားခဲ့ရသဖြင့် ''နွာမအို -နောက်သား'' ဟုပင် အပြောခံရပါသည်။ နောက်ဆုံးသားဖြစ်၍ အမေ့နို့ကိုအကြာကြီးစို့ခဲ့ရသည်။ စာရေးသူ အထင် ၃နှစ်သား အရွယ်လောက်ရောက်သည်အထိ ထင်ပါသည်။ နောက်တွင် မိခင်ကြိးကျောက်ပေါက်၍ နို့မစို့ ရတော့ဘဲ ပြတ်ခဲ့ ရသည်။ ထိုအခါတွင် စာရေးသူအား ငှက်ပျောသီးဖီးကြမ်းကျွေး၍ နှစ်သိမ့်ကြပါသည်။
ဆိုလိုသည်မှာ စာရေးသူသည် နိုင်ငံခြားမှလာသောပန်းသီး၊ သစ်သီး၊ ယိုဗူးတို့ကို မစားသုံးခဲ့ရပါ။ ငှက်ပျောသီး သခွားသီးစသော မြန်မာလယ်ယာထွက် အသီးအနှံတို့ကိုသာ စားခဲ့ရသည်။ လက်တိုဂျင် နို့ဆီတို့ဖြင့် ယုယတိုက်ကျွေးခြင်းတို့ကိုလည်း မခံခဲ့ရပါ။ မိခင်၏နို့ချိုကိုသာ တမြိန်တဝ သောက်စို့ ခဲ့ရပါ သည်။
ယခုကာလလို ဆေးရောင်အမျိုးမျိုး ဆိုးထားသော သွားရည်စာ သွားဖတ်စာတို့ကိုလည်း မစားခဲ့ရပါ။ မုံ့ဖက်ထုပ်၊ မုံ့လုံးရေပေါ်၊ မုံကတိုးဝါမှအစ နှမ်းဖတ်ခဲ သခွားသီးခြမ်းအထိ ထန်းလျက်ခဲသာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ သို့ဖြစ်သည့်တိုင်အောင် အာဟာရချို့တဲ့ခြင်း၊ ရောဂါဝေဒနာထူပြောခြင်း မဖြစ်ခဲ့ပေ။ စာရေးသူအရပ်မှာ ၅-ပေ ၉ လက်မရှိခြင်း၊ အလေးချိန်မှာကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယန် ကပ်စီးယပ်စ်ကလေး၏ ပေါင်ချိန်နီးနီးမျှရှိခြင်း၊ အမြဲတန်း ကျန်းမာနေခြင်းတို့က ထောက်ခံလျက်ရှိပါသည်။
ယခုအခါ မြန်မာတို့၏ သန်မာထွားကျိုင်းမှု နှုန်းထားမှာ မတိုးဘဲ လျော့နေသည်။ ထို့ကြောင့်ပင် ယင်း ''ဂျပုပိစိညှပ်လေး'' တို့၏ ခန္ဓာကိုယ်ဖွံ့ထွားသန်စွမ်းရေးမှာ အရေးတကြီးပြဿနာဖြစ်လာရပေသည်။ ဆေးဆိုး အစားအစာတို့ကို စားသုံးခြင်း၊ နိုင်ငံခြားမှလာသမျှ အကောင်းချည်းထင်၍ စားသုံးခြင်းနှင့် သွားရည်စာတို့ကို စည်းကမ်းမဲ့စားသုံးခြင်းတို့မှ အထူးရှောင်ကြဉ်ကြရန် လိုပါလိမ့်မည်။ မြန်မာ့လယ်ယာ ထွက် ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ သခွားသီးစသော အသီးအနှံအစားအစာတို့သည်သာ လတ်ဆတ်သော အစားအစာ တို့ဖြစ်ကြောင်း အလျဉ်းသင့်၍ဖော်ပြရပေသည်။
ထိုသို့မိခင်ကြီးကိုထန်းလျက်တောင်းရာ မိခင်ကြီးက မရှိတော့၍ ပိုက်ဆံယူသွားရန်တမူး (ကြေးနီပြား ၈ပြား) ထုတ်ပေးပါသည်။ စာရေးသူအဖို့ ပိုက်ဆံသည် ဘာအသုံးကျမည်နည်း။ ထန်းလျက် သာလို၏။ ကျောင်းရောက်လျှင် ပုဆိုးကိုချွတ်၍ ထန်းလျက်ထည့်ထုပ်ပြီးလျင် တယောက်နှင့်တယောက် ထန်းလျက်ပေါက်တမ်း ကစားရမည် မဟုတ်ပါလော။ ထိုသို့ ကစားရာတွင် ထန်းလျက်ခဲအရင်ကွဲသူသည် အရှုံးဖြစ်၏။ စာရေးသူသည် အိမ်အောက်တွင် နောက်ချေးသရွတ်မံလျက် ပိတ်ထားသော ထန်းလျက် စဥ့်အိုးကြီးများရှိကြောင်းသိ၏။ ထို့ကြောင့်ဂျီတိုက်၏။ မိခင်ကြီးကဖွင့်လိုက်လျင် မိုးအခါဖြစ်၍စိုကုန်မည်၊ မှိုတက်သွားလိမ့်မည်ဟုချော့ပြောရှာ၏။ စာရေးသူကမရ။ဇွတ်သမားဖြစ်၏။ ကလေးဖြစ်၍လည်းအကျိုး အကြောင်းနှင့် ပြောပြသည်ကိုနားမဝင်။ လိုချင်တာလောက်ပင် သိသည်။
မိခင်ကြီး မီးဖိုချောင်ဝင်သည်နှင့် သကောင့်သားက ထန်းလျက်အိုး ဖွင့်တော့သည်။ ထန်းလျက်ခဲကို နှိုက်ယူပြီးနောက် ''အမေ ယူခဲ့ပြီဗျို့'' ဟုအော်ကာ မိခင်ကြီးအနီးတွင် ထန်းလျက်ကို ကိုင်ကာ မြှောက်ကာ ခုန်ပြလိုက်သေး၏။ မိခင်ကြီးမှာ စကားနားမထောင်ရကောင်းဟု စိတ်ဆိုးကာ ရိုက်နှက်ရန် ထွက်လိုက်ပါတော့သည်။ သို့သော်ဘာရမည်နည်း၊ စာရေးသူကလည်း ယုန်၏လျှင်မြန်ခြင်းဖြင့် ဒုန်းပြေး၏။ မိခင်ကြီးသည် လိုက်၍မမှီသော အခါ နင်တော့နေအုံးဟဲ့ ဟု အသံကုန်ဟစ်အော်၍ ကျန်ရစ်ခဲ့ပါသည်။ (စာရေးသူတသက်တွင် မိခင်ကြီိး၏ ဆဲရေးတိုင်းထွာသံ မကြားမိဘူးပါ)
စာရေးသူကား အောင်နိုင်သူတို့၏အပြုံးဖြင့် ကြည်ကြည်နူးနူး ပီတိလူးလျက်ရှိပါတော့သည်။ သို့သော် တာရှည်မခံလိုက်ပါ။ အမောပြေသည်နှင့် ကျေနပ်မှုသည်လည်း ပြေးထွက်သွားပါတော့သည်။ စာရေးသူ၏စိတ်တွင် ဘယ်ကဲ့သို့ဖြစ်သွားသည်မသိပါ။ တတ်နိုင်လျှင် ဤထန်းလျက်ခဲကို အိုးထဲပြန်ထည့် လိုက်ချင်ပါသည်။ မိခင်ကြီး အမောတကောနှင့် လိုက်ခဲ့သည်ကိုစိတ်ထဲမျာသနားသွားသည်။ စိုစိုဖတ်ဖတ် အရည်ပျော်လျက်မှိုတက် ထန်းလျက် တွေမျက်စိထဲမြင်ယောင်လာသည်။ ငါ့ကြောင့်ဒီထန်းလျက်တွေ ပစ်လိုက်ရတော့မှာပါလား။ ကလေးဖြစ်၍ သိုင်းသိုင်းချဲ့ချဲ့ မစဉ်းစားတတ်သေးသော်လည်း ''ငါလုပ်သည့် အလုပ်သည်မကောင်း ရိုင်းပြလှသည်တကား'' ဟူ၍စိတ်ထဲတွင်စွဲမှတ်သွားပါတော့သည်။
ညနေကျောင်းမှအိမ်သို့ပြန်သောအခါ ''အမေကတော့ငါ့အပေါ် စိတ်ပြေမှမဟုတ်သေးဘူး'' ထင်ခဲ့သည်။ ဤအထင်မှာလည်းလွဲခဲ့ရသည်။ မိခင်ကြီးသည် မျှော်နေ-ကြိုနေပါသည်။ မိခင်ကြီးကိုမြင်လိုက်ရလျှင် စာရေးသူ၏ခြေလှမ်းတို့မှာ မဝံ့မရဲဖြစ်ကာ တွန့်ဆုတ်သွားသည်။ ထိုအခါ မိခင်ကြီးကပြုံး၍ပြရှာသည်။ ကျေနပ်ခွင့်လွှတ်သောအပြုံး၊ လာသာလာခဲ့ ဟုဖိတ်ခေါ်သောအပြုံးပါတည်း။ ထိုနေ့က ညနေစာကိုပင် အတုံးချက် (အမဲသားချက်)များဖြင့် ကျွေးလိုက်ပါသေးသည်။ စာရေးသူမှာ မိခင်မေတ္တာကို ယနေ့တိုင်အမှတ်တရ စွဲလမ်းကြည်နုး မိရပါသေးသည်။
ထိုနေ့မှစ၍ စာရေးသူမမိုက်တော့ချေ။ မိမိကြောင့် သူတထူးစိတ်မချမ်းသာဖြစ်ရလျှင် မိမိလည်း နေမထိ ထိုင်မထိဖြစ်ရသည်။ တဖက်သားလည်းအကျိုးမရှိ၊ မိမိလည်းမချမ်းသာသော အလုပ်ကို ဘာကြောင့်လုပ်ရမည်နည်း။ ဘဝပေးအသိက စာရေးသူကိုတတ်မြောက်အောင် သင်ကြားပေးလိုက်ပြီ တကား။ စာရေးသူ၏ဥာဉ်မှာ ‘’ဘာပဲလုပ်လုပ် နောက်မဆုတ်’’ ဟူသကဲ့သို့တခါတရံ ဟောဟော ဒိုင်းဒိုင်းဇွတ်ပင် လုပ်ပစ်ချင်တတ်သည်။ သို့သော် ထိုငယ်စဉ်ကဖြစ်ရပ်ကလေးသည် အမြဲတမ်း တပ်လှန့်သတိပေးလျက်သာ ရှိနေပါသည်။ မှားယွင်းတိမ်းမှားမှုမရှိရလေအောင် အစဉ်သဖြင့် ထိန်းချုပ်နိုင်သည့် အလေ့အထမှာ ကိန်းအောင်းလျက်ရှိပါသည်။ လူတို့သည် သာမန် အဆင့်တွင်ဆိုလျှင် ဘဝမှန်သူများဖြစ်နေပါသည်။ သို့သော် သူတကာထက်ဓနအင်အားဖြင့်၎င်း၊ ပညာဂုဏ်အားဖြင့်၎င်း၊ ရာထူးအာဏာဖြင့်၎င်း၊ လွန်တက်သွားပြီ ဆိုလျှင်ကား ''ဘဝမမှန်သူများ-ဖောက်ပြန်ရေးသမားများ'' ဖြစ်၍သွားတတ်ကြပါသည်။ ထိုအခါ၌၄င်းတို့သည် နိုင်ငံတွင် အကြီင်္းမားဆုံးသော အဖျက်သမားကြီးများ ဖြစ်လာကြပေသည်။
ဥပမာ-အရင်းရှင်အမြတ်ကြီးစားများကိုတွေ့မြင်နိုင်ပါသည်။ အလားတူပင် ဘဝမမှန်သော ဖောက်ပြန်ရေးသမား ပညာရှင်များ၊ ရာထူးအာဏာရနေသူများသည်လည်း ထိုသွေးစုတ် ဓနရှင်ကြီးများ ကဲ့သို့ပင် နိုင်ငံကိုဒုက္ခ ပေးနိုင်ကြောင်း မေ့ထား၍မဖြစ်ပါပေ။ ဤကဲ့သို့ ဓန-ပညာ-အာဏာ-ရာထူးတို့ ကြောင့် ဘဝမမှန် ဖောက်ပြန်သွား တတ်ကြသည်မှာမိမိတို့ ဘဝကိုတတ်မြောက်အောင်မသင်ကြား မလေ့လာကြသောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် ကိုယ်ချင်းစာတရားကို ကျောခိုင်း၍ အတ္တပရမျှတစွာ မမြင်နိုင်တော့သော ‘’အကန်း စိတ်‘’ ကြောင့်ပင်ဖြစ်ရပါသည်။
တခါက သခင်သန်းထွန်၏ ဖြစ်ရပ်ကလေးတခုကို ဖတ်လိုက်ရဘူးသည်။ ၁၉၄၅-ခုနှစ်အတွင်း အင်္ဂလိပ်များ ပြန်တက်လာစဉ်ကဖြစ်သည်။ ရွှေဘိုမြို့ဘက်ရှိ ရွာတရွာတွင် ရောက်နေခိုက် ရွာခံလူများနှင့် အတူ ရွာပြင်ဘက် ထွက်လာသည်။ မမြှော်လင့်ပဲ မဟာမိတ်စစ်တပ်မှ ကင်းထောက်အဖွဲ့နှင့် ဝင်တိုးမိသည်။ အကြီးအကဲ အင်္ဂလိပ်စစ်ဗိုလ်က ''ဟေ့....မင်းတို့ ဘာလုပ်တဲ့လူတွေလဲ'' ဟု မြန်မာလို ပီပီသသ မေးလိုက်သည်။ ထိုအခါ သခင်သန်းထွန်းက ချက်ချင်းပင် ''ဝီအာ ကာလာတိဗိတ်(တ်)စ်'' (ကျွန်တော်တို့ တောင်သူလယ် သမားတွေပါ)ဟု အင်္ဂလိပ်လို ပြန်လည်ဖြေကြားလိုက်လေသည်။ ''ကောင်ပြီ---ဒါဖြင့် မင်းတို့အားလုံးလာကြ၊ ဗမာတောင်သူလယ် သမားက ဝီအာကာလာတိဗိတ်(တ်)စ်လို့ ပြောတတ်သလား'' ဟုပြောဆိုကာ ထိုစစ်ဗိုလ် က သခင်သန်းထွန်းတို့ကို ဖမ်းဆီးလေတော့သည်။
အင်္ဂလိပ်စစ်ဗိုလ်၏ တွေးခေါ်ပုံမှာ မမှားပေ။ တကယ်မှားသူကား သခင်သန်းထွန်းသာဖြစ်ပါသည်။ သူသည် မင်းသားခေါင်းစွတ်ထားပါလျက် ဘီလူးစကားပြောခဲ့သည် မဟုတ်ပါလော။ ထိုစဉ်အခါက မြန်မာပြည်မှာ အရင်းရှင်နယ်ချဲ့နှင့် စစ်ဘီလူးတို့အောက် အလူးအလိမ့် ခံနေရပေရာ ပညာရေးမှာ မထွန်းကားခဲ့သေးချေ။ လွတ်လပ်ရေး ရပြီးနောက်မှသာ ကျေးရွာများ၌ပါ အထက်တန်းနှင့် အလယ်တန်း များဖွင့်လာ၍ လယ်သမားသားသမီးတို့မှာ အင်္ဂလိပ်စာနှင့် နီးစပ်ခဲ့ရသည် မဟုတ်ပါလော။ ကျွန်ပညာရေး ခေတ်က အင်္ဂလိပ်စာသည် စင်စစ်ဓနရှင်တို့၏ အဆောင်အယောင်လိုသာ ဖြစ်ခဲ့ပေသည်။ ဤသခင်သန်းထွန်း၏ ဖြစ်ရပ်ကလေးကို ဖတ်မိရသောအခါ အသိတိုးခဲ့ရပြန်ပါသည်။ ''လူတို့သည် အံချော်တတ်သည်။ ကာလ ဒေသနှင့် အညီမပြုလုပ်တတ်လျှင် ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်ရတတ်သည်'' ဟူ၏။
စာရေးသူသည် ယခုစာပေပို့ချပေးနေပါသည်။ မူလတန်းမှ အထက်တန်း(စာကြီးပေကြီး)များ အထိပါဝင်သည်။ ဤသို့သင်ကြားပေးရာတွင် ငယ်ငယ်က မိမိနားမလည်ခဲ့သောအရာ ခက်ခဲသော နေရာများကို ပြန်တွေးကြည့် သည်။ ၄င်းအချက်အလက်ကလေးများ ဆိုင်ရာရောက်လျင် စိတ်ရှည်ရှည်နှင့် ပြောပြရှင်းပြသည်။ သူတို့နှင့် ဆွေးနွေးသည်။ မေးခွန်းထုတ်သည်။ သူတို့လေးတွေကိုမဟောက်ပါ၊ မချောက်ပါ။ ရေလာဘို့မြောင်းသွယ်သူသည် သူ၏မြောင်းကလေးမှ ရေစီးသွားလျှင် အလွန်နှစ်လိုကျေနပ်သည်။ အလားတူပင် စာပေပို့ချခြင်းသည် ''ငါတော်-ငါတတ်-ငါသိ'' သမားဂုဏ်ပြ-ဆရာဂုဏ်ပြတွေ လုပ်ရန်မဟုတ်ပေ။ တပည့်ငယ်များ ထိမိပိုင်နိုင်စွာ သဘောပေါက် နားလည်ဘို့သာဖြစ်သည်။ သူတို့တတွေ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်သဘောပေါက်ကြသည်ဆိုလျှင် အလွန်ပင် ကျေနပ်ရွှင်ပျရပေသည်။
အလုပ်မလုပ်သည်နှင့်စာလျှင် အလုပ်လုပ်ခြင်းသည် ကောင်းသည်။ သို့သော် ခံယူချက်မရှိလျှင် အချည်းနှီး ခရီးမရောက်ဖြစ်ရပေမည်။ အချို့မှာ အလုပ်လုပ်နေကြရသော်လည်း လေးနက်သောခံယူချက် မရှိပေ။ ဘာအတွက် လုပ်နေသည်၊ ဘာ့ကြောင့်လုပ်နေရသည်ကိုပင် သဘောမပေါက်ပဲဖြစ်နေတတ်သည်။ စာရေသူစာပေပို့ချနေသည်မှာ တစိတ်တဒေသ အနည်းငယ်မျှသာဖြစ်၍ အုတ်ကြားမြက်ပေါက် စာမဖွဲ့ လောက်ပါ။ သို့သော် ဤအနည်းငယ်စုလေးကိုပင် အံချော်မှုမဖြစ်ရလေအောင် မည်မျှအရေးစိုက် ရပါသနည်း။ ပုံမှန်ဖြစ်အောင် အမြဲတမ်း စိစစ်လေ့လာနေရသည်။ ကြိုးပမ်းနေရပေသည်။ နိုင်ငံကို အုပ်ချုပ်နေရသူများ၊ နိုင်ငံတာဝန် ထမ်းရွက်နေသော ပညာရှင်များအဖို့ကား မည်မျှတာဝန်ကြီးလေး မည်ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့သော် ငါတို့သည် မဟာတာဝန်ကြီးတွေ ထမ်းရွက်နေ သည်ဟူ၍ အခွင့်ထူးခံများအဖြစ် ရပ်တည်ရန်မဟုတ်ပေ။ တနည်းအားဖြင့် သမားဂုဏ်ပြရန်မဟုတ်ပေ။ မျှတသော အသိဖြင့် မျှမျှတတ ကြည့်မြင်တတ်ရန် အမှန်ပင်လိုအပ်ပေသည်။ ဤသို့မြင်နိုင်ရန်မှာလည်း မိမိတို့က ဘဝမှန်နေရာမှန်ကိုရောက်နေမှ ဖြစ်နိုင်ပေသည်။
အောက်ပါဖြစ်ရပ်ကလေးသည် ဒဏ္ဍာရီပဲဆိုပါစို့။ တခါက လူငယ်တစ်ဦးသည် နိုင်ငံခြားသို့ သုံးလေး နှစ်မျှပညာသင်သွားပြီးနောက်ပြန်လာသည်။ သူသည် အိမ်ပေါ်သို့ပင် ဖိနပ်ကြီးတလွှားလွှား-ဘောင်ဘီကြီး တကားကားနှင့် တက်လာသည်။ ''ဟင်း.....မောလိုက်တာမာမီရယ် သားဖို့ရေချမ်းချမ်းတခွက်ပေးပါ'' ဟုတောင်း၏။ မိခင်ကြီးရင်တွင် အောင့်၍သွား၏။ သကောင့်သားက ဤမျှဖြင့် မတန်သေးပါ။ ရေသောက်ပြီး သောအခါ ''အို....မာမီနဲ့ကွဲသွားတာ ၃-နှစ်လောက်ပဲ ရှိသေးတယ်၊ မာမီ သိပ်ဟောင်းသွားပြီနော်'' ဟု ဆင့်လိုက်ရာ မိခင်ကြီးမှာ မမျိုသိပ်နိုင်တော့ပဲ အိမ်မှ မောင်းချရလောက်အောင် ဒေါသူပုန် ထတော့သည်ဟူ၏။ ဤကဲ့သို့သော ဘဝကိုမေ့နိုင်လွန်းသော အမိနိုင်ငံကိုပင် စော်ကားချင်သည့် ဘဝင်ကောင်တို့သည် မရှိဟု မည်သူပြောနိုင်ပါမည်နည်း။ အို---စာရှုသူ၊ ထိုသို့မဖြစ်ရအောင် အမြဲတမ်း သင်ကြားနာယူသည့် အလေ့အထကို မွေးလော့။ မိမိဘဝကို အံမချော်စေပဲ လမ်းကြောင်းပေါ်တွင် လျှောက်နိုင်အောင် ကြိုးစားလော့။ သင်၏စေတနာမှန်နှင့် လုပ်အားကိုတိုင်းပြည်က ငံ့လင့်ကြိုဆိုနေသည် တကား။

အရှင်မဟောသဓ ပဏ္ဍိတာ
၁၈-၇-၇ဝ
ဓမ္မဗျူဟာ (အတွဲ ၉၊ ) အမှတ် ၃

Read more...

Our Real Home (Part 2) - အိမ်အစစ် (အပိုင်း ၂)


ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

ပင်ပမ်းနွမ်းနယ် လာရင်တောင်မှ ဆက်လက် ရှုမှတ်နေပါ။ စိတ်ဟာ အသက်ရှုမှု အပေါ်မှာ ကပ်မိနေပါစေ။ အတန်ငယ်ကြာအောင် နက်နက်ပြင်းပြင်း အသက်ရှုပါ။ ‘ဗုဒ္ဓေါ’ဆိုတဲ့ မန္တာန်ကို အသုံးပြုပြီး စိတ်ကို အသက်ရှူမှု အပေါ်မှာ တည်ဆောက်ထားပါ။ ဒီအကျင့်ကို ကျင့်သားရနေပါစေ။ ပင်ပမ်းမှုကို ခံစားရတာနဲ့ အမျှ သမာဓိလည်း သိမ်မွေ့လာရပါမယ်။ စူးစိုက်လာရပါမယ်။ ဒါမှသာ ဖြစ်ပေါ်လာတဲ့ ဝေဒနာဆိုးကို ရင်ဆိုင်နိုင်မယ်။ အလွန်အကျွံ ပင်ပမ်းလာတဲ့ အခါမှာ စိတ်ကို အနားပေးလိုက်ပါ။ စိတ်ဟာ သူ့အလိုလို စုစည်းမိပါစေ။ အဲဒီနောက် အသက်ရှူမှုကို ပြန်လည် ရှုမှတ်ပါ။ စိတ်ထဲမှာ ‘ဗုဒ္ဓေါ’, ‘ဗုဒ္ဓေါ’လို့ ဆက်ပြီး ရွတ်ဆိုနေပါ။

ဗဟိဒ္ဓအာရုံတွေကို လွှတ်ပေးထားပါ။ သားသမီးတွေနဲ့ ဆွေမျိုးတွေဆီရောက်တဲ့ အတွေးကို မဆုပ်ကိုင်မိ ပါစေနဲ့။ တစ်ခြား ဘာကိုမှလည်း ဆုပ်ကိုင်မထားပါနဲ့။ ထားလိုက်ပါ။ စိတ်ဟာ အာရုံ တစ်ခုတည်းမှာ စုစည်းနေပါစေ။ ကောင်းကောင်း စုစည်းမိနေတဲ့ စိတ်ဟာ အသက်ရှူမှု အပေါ်မှာ တည်နေပါစေ။ အသက်ရှူမှုဟာ တစ်ခုတည်းသော သိမှတ်စရာအာရုံ ဖြစ်နေပါစေ။ စိတ်ဟာ ပိုလို့ ပိုလို့ သိမ်မွေ့လာတဲ့အထိ, ခံစားမှု ဝေဒနာတွေ မထင်မရှား ဖြစ်လာတဲ့ အထိ, အဇ္ဈတ္တစင်ကြယ်မှုနဲ့ နိုးကြားမှုတို့ ဖြစ်ပေါ်လာတဲ့အထိ စူးစိုက်ရှူမှတ်ပါ။ နောက်ဆုံးမှာတော့ အသက်ရှူမှုကို ကိုယ့်ဆီလာတဲ့ ဆွေမျိုးတစ်ယောက်လို ရှူမြင်နိုင်ပါလိမ့်မယ်။ ဆွေးမျိုးတစ်ယောက် ပြန်ပြီဆိုရင် သူ့နောက်ထွက်ပြီး လိုက်ပို့ကြပါတယ်။ သူ လမ်းလျှောက်သွားတာ, ဒါမှမဟုတ် သူ ကားမောင်းထက်သွားတာ ကိုယ့်မြင်ကွင်းကနေ ကွယ်ပျောက်သွားတော့မှ အိမ်ထဲ ပြန်ဝင်ကြပါတယ်။ အသက်ရှုမှုကိုလည်း အလားတူပဲ စောင့်ကြည့်ကြရပါတယ်။ အသက်ရှူတာ ပြင်းရင် ပြင်းတယ်လို့ သိပါတယ်။ သိမ်မွေ့ရင် သိမ်မွေ့တယ်လို့ သိပါတယ်။ အသက်ရှုမှု ပိုပိုပြီး သိမ်မွေ့လာတာနဲ့အမျှ အဲဒီအသက်ရှူမှုကို နိုးကြားမှု အပြည့်နဲ့ အဆက်မပြတ် လိုက်သိနေပါတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူမှုဟာ လုံးဝ ချုပ်ငြိမ်းသွားပါရော။ ခံစားမှု သတိပဲ ကျန်ခဲ့ပါတော့တယ်။ ဒါကို ဗုဒ္ဓကို တွေရှိခြင်းလို့ ခေါ်ပါတယ်။ သိမြင်တော်မူတဲ့, နိုးကြားတော်မူတဲ့, ဉာဏ်အလင်း ကွန့်မြူးတော်မူတဲ့, ‘‘ဗုဒ္ဓ’’လို့ခေါ်တဲ့ ပုဂ္ဂိုလ်မြတ်ကို တွေ့လိုက်ရပါတယ်၊ နိုးကြားမှု အသိကို ရရှိပါတယ်။ ဒါဟာ ဉာဏ်ပညာ ဖြစ်ပါတယ်၊ ကြည်လင်ပြတ်သားမှု ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်မြတ်ကို တွေ့ရှိခြင်း, ကိုယ်တော်မြတ်နဲ့ အတူနေထိုင်ခြင်း ဖြစ်ပါတယ်။ ပရိနိဗ္ဗာန် စံတော်မူသွားတာဟာ သွေးနဲ့ သားနဲ့ သမိုင်းဖြစ်စဉ်ထဲက ဗုဒ္ဓသာ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့, တောက်ပြောင်တဲ့ သိမြင်မှု၊ ဗုဒ္ဓဉာဏ်ကို ဒီနေ့ ဒီအချိန်မှာ တွေ့ကြုံခံစား နိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ နှလုံးသားဟာ ဗုဒ္ဓတစ်ဆူပါပဲ။

သိမှုတစ်ခုကလွဲလို့ အရာရာကို လွှတ်ပေးထားလိုက်ပါ၊ ချထားလိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ ပေါ်ပေါက်လာတဲ့ အမြင်, ဒါမှမဟုတ် အကြား အာရုံတွေရဲ့ ကျီစားမှုကို မခံရပါစေနဲ့။ အာရုံတွေကို ချထားလိုက်ပါ။ အရာရာကို ဆုပ်ကိုင်ထားခြင်း အလျဉ်းမရှိ ပါစေနဲ့။ တစ်ဘက်သပ် သိရုံသာ သိနေလိုက်ပါ။ အတိတ် ဒါမှမဟုတ် အနာဂတ်ကို မစိုးမပူပါနဲ့။ အေးအေးတည်တည် နေလိုက်ပါ။ တိုးတက်ထွန်းကားမှု မရှိတဲ့, အနားယူခြင်းနဲ့ ရပ်တံ့ခြင်းကင်းတဲ့, ဆုပ်ကိုင်စရာ ဒါမှမဟုတ် တွယ်ငြိစရာ ဘာဆိုဘာမှ မရှိတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲ။ အတ္တမရှိလို့, ငါမရှိလို့, ငါ့ဥစ္စာမရှိလို့ ပါပဲ။ အားလုံး လွတ်သွားပါပြီ။ ဒီနည်းလမ်းနဲ့ အရာရာကို ရှင်းထုတ်လိုက်ဖို့, ဘာကိုမှ သယ်ဆောင်မထားဖို့ ဗုဒ္ဓသွန်သင်တော်မူခဲ့ပါတယ်။ သိမြင်နားလည်ဖို့, သိမြင်နားလည်ပြီးဖြစ်ဖို့, လွှတ်ပေးလိုက်ဖို့ သွန်သင်တော်မူခဲ့ပါတယ်။

မွေးဖွားမှုနဲ့ သေဆုံးမှု သံသရာစက်ဝန်းက လွတ်မြောက်ရာလမ်းဖြစ်တဲ့ ဓမ္မကို သိမြင်နားလည်ဖို့ ဆိုတာဟာ ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ လွှတ်ထားလိုက်နိုင်ဖို့, တရားကို နားလည်နေဖို့ ကြိုးစားပါ။ တရားနှလုံးသွင်းမှုမှာ တကယ်ခွန်အား စိုက်ထုတ်ပါ။ မိသားစုအကြောင်း တွေးမပူပါနဲ့။ ခုချိန်မှာတော့ သူတို့ဟာသူတို့ ရှိနေကြတာပေါ့။ နောင်တစ်ချိန်မှာ သူတို့လည်း ကိုယ့်လိုပဲ ဖြစ်ကြရမှာပါ။ ဒီကြမ္မာဆိုးကို လွတ်နိုင်တဲ့လူရယ်လို့ ကမ္ဘာမှာ မရှိပါဘူး။ အတည်မဲ့တဲ့ အရာအားလုံကို စွန့်လွှတ်လိုက်ဖို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ အရာရာကို စွန့်လိုက်နိုင်ရင် သစ္စာကို သိပါလိမ့်မယ်။ မစွန့်နိုင်ရင် မသိနိုင်ပါဘူး။ ဒါ သဘာဝ ပါပဲ။ အားလုံးအတွက် ဒီသဘော အတူတူ ပါပဲ။ ဒါကြောင့် ဘာအတွက်မှ မစိုးရိမ်ပါနဲ့။ ဘာကိုမှ ဆုပ်တွယ်မထားပါနဲ့။

ကိုယ့်ဟာကိုယ် ကြံစည်စဉ်းစားတယ် ဆိုရင်တောင်မှ ပညာနဲ့ စဉ်းစားနေသရွေ့ မှန်ကန်ပါတယ်။ မိုက်မိုက်မဲမဲ မကြံစည် မစဉ်းစားပါနဲ့။ သားသမီးအကြောင်း စဉ်းစားတယ်ဆိုရင် ပညာနဲ့ စဉ်းစားပါ။ မိုက်မဲမှုနဲ့ မစဉ်းစားပါနဲ့။ ဘာကိုပဲ စိတ်ညွတ်သည်ဖြစ်စေ သူ့ရဲ့ သဘာဝကို သိတဲ့ ပညာနဲ့ ညွတ်ပါ၊ တစ်စုံတစ်ရာကို ပညာနဲ့ သိနားလည်လိုက်ရင် အဲဒီအရာကို လွှတ်ပေးလိုက်ပါတယ်။ ဆင်းရဲဒုက္ခလည်း မရှိတော့ပါဘူး။ စိတ်ဟာ အရောင်လက်လာပါတယ်။ ပျော်ရွှင်လာပါတယ်။ ငြိမ်းချမ်းလာပါတယ်။ အာရုံထွေပြားမှုက ကင်းလွတ်ပြီး မပြိုမကွဲ စုစည်း လာပါတယ်။ ခုလောလောဆယ် ကိုယ် ကူကယ်ရာ ရှာနိုင်တာက ကိုယ့်ရဲ့ အသက်ရှုမှုပဲ ဖြစ်ပါတယ်။

ဒါဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ် ဖြစ်ပါတယ်။ တစ်ခြားသူရဲ့ အလုပ် မဟုတ်ပါဘူး။ တစ်ခြားသူတွေ သူတို့အလုပ် သူတို့ လုပ်ကြပါစေ။ ကိုယ့်မှာ ကိုယ့်တာဝန်, ကိုယ့်အလုပ် ရှိနေပါတယ်။ ကိုယ့်မိသားစုဝင်တွေရဲ့ အလုပ်တာဝန်တွေကို ကိုယ် ယူစရာ မလိုပါဘူး။ တစ်ခြားတာဝန်တွေ ယူစရာ မလိုပါဘူး။ အဲဒါတွေ ထားလိုက်ပါ။ အဲဒီလို လွှတ်ပေးထားလိုက်ရင် ကိုယ့်စိတ် တည်ကြည်လာပါလိမ့်မယ်။ ခုလောလောဆယ်မှာ ကိုယ်လုပ်စရာ ရှိတာက ကိုယ့်စိတ်ကို စူးစိုက်ထားဖို့ ဖြစ်ပါတယ်။ စိတ်ကို ငြိမ်းချမ်းမှုဆီ ခေါ်ဆောင်လိုက်ပါ။ တစ်ခြားလုပ်စရာတွေကို တစ်ခြားသူတွေအတွက် ထားလိုက်ပါ။ အဆင်း, အသံ, အနံ့, အရသာ၊ ဒါတွေကို တစ်ခြားသူတွေ အာရုံစိုက်ကြပါစေ။ အရာရာကို ချန်ထားခဲ့ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ကိစ္စကို ဆောင်ရွက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းပါ။ နာကျင်ခံခက်မှုကို ကြောက်ရွံ့နေတာပဲ ဖြစ်ဖြစ်, သေရမှာ ကြောက်တာပဲ ဖြစ်ဖြစ်, တစ်ခြားသူတွေအတွက် စိုးရိမ်တာပဲဖြစ်ဖြစ်, ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်မှာ ပေါ်လာသမျှကို ‘‘ငါ့ကို မနှောင့်ယှက်ပါနဲ့။ သင်ဟာ ငါ့ရဲ့ အရေးကိစ္စ မဟုတ်တော့ဘူး’’လို့ ပြောလိုက်ပါ။ အဲဒီ လောကဓမ္မသဘာဝတွေကို သိမြင်ရတဲ့ အခါမှာ ကိုယ့်ဟာကိုယ် ဒီအတိုင်းသာ ပြောလိုက်ပါ။

‘‘ဓမ္မ’’ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲ? အရာရာဟာ ဓမ္မ ဖြစ်ပါတယ်။ ဓမ္မ မဟုတ်တာရယ်လို့ မရှိပါဘူး။ ‘‘လောက’’ဆိုတာကရော ဘာလဲ? လောကဆိုတာ အခုလောလောဆယ် ကိုယ့်စိတ်ကို နှောက်ယှက် ဒုက္ခပေးနေတဲ့ စိတ်အထင်တစ်ခုသာ ဖြစ်ပါတယ်။ ‘‘ဒီလူက ဘာလုပ်လိုက်မှာလဲ? ဟိုလူက ဘာလုပ်လိုက်မှာလဲ? ငါသေရင် သူတို့ကို ဘယ်သူက စောက်ရှောက်မှာလဲ? သူတို့ ဘယ်လိုတွေများ စီမံဆောင်ရွက်ကြမှာပါလိမ့်?’’တဲ့။ ‘‘လောက’’ဆိုတာ ဒါပါပဲ။ သေရမှာကြောက်တဲ့စိတ်, နာရမှာ ကြောက်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာလည်း လောကပါပဲ။

လောကကို စွန့်လိုက်ပါတော့။ လောကဟာ သူဟာသူ ရှိနေတာပါ။ လောကကို စိတ်ထဲဝင်ခွင့် ပေးလိုက်ရင်, စိတ်ကိုလွှမ်းမိုးခြယ်လှယ်ခွင့် ပေးလိုက်ရင် စိတ်ဟာ မကြည်လင်တော့ပါဘူး။ စိတ်က စိတ်ကို ပြန်မမြင်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ထဲမှာ ဘာပဲပေါ်လာပေါ်လာ ‘‘ဒါ ငါ့ကိစ္စ မဟုတ်ဘူး၊ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ’’လို့သာ ပြောလိုက်ပါ။

အချိန်ကြာကြာ အသက်ရှင် နေထိုင်ချင်သေးတယ်ဆိုတဲ့ အတွေးစိတ်ကူးဟာ ကိုယ့်ကို ဆင်းရဲစေပါတယ်။ အခုပဲ သေလိုက်ချင်တယ်၊ မြန်မြန်သာ သေလိုက်ချင်တယ်ဆိုတဲ့ အတွေးစိတ်ကူးဟာလည်း မဟုတ်သေးပါဘူး။ ဒုက္ခပဲ မဟုတ်လား။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်မပိုင်ပါဘူး။ သူတို့သဘာဝနိယာမအတိုင်း သူတို့ ဖြစ်နေကြတာပါ။ ရုပ်ခန္ဓာရဲ့ ဘသာဝလမ်းကြောင်းနဲ့ ပတ်သက်လို့ ဘာမှ မလုပ်နိုင်ပါဘူး။ ရုပ်ခန္ဓာကို နည်းနည်းပါးပါး အလှပြင်နိုင်ပါတယ်။ ဆွဲဆောင်မှုရှိလာအောင်, အခိုက်အတန့် သန့်ပြန့်နေအောင် လုပ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေ နှုတ်ခမ်းနီ ဆိုးကြတာ, လက်သည်းရှည် ထားကြတာလို့ပေါ့။ အရွယ်ရလာတော့လည်း ဒီခရီးအတွက် ဒီလှေပဲ စီးကြရပါတယ်။ ဒါဟာ ရုပ်ခန္ဓာရဲ့ ဘသာဝလမ်းကြောင်းပါပဲ။ တစ်ခြားလမ်းကြောင်း ပြောင်းမပေးနိုင်ပါဘူး။ ကိုယ့်အနေနဲ့ ပိုကောင်းအောင် ပိုလှအောင် လုပ်ပေးနိုင်တာက စိတ်ပဲ ဖြစ်ပါတယ်။

အုတ်နဲ့ သစ်နဲ့ လူတိုင်း အိမ်ဆောက်နိုင်ကြပါတယ်။ ဘုရားရှင် ရှုမြင်တော်မူခဲ့တာက ဒီလိုပါ။ အဲဒီလို အိမ်မျိုးဟာ ကိုယ့်အိမ်အစစ် မဟုတ်ပါဘူး။ နာမည်ခံသာ ဖြစ်ပါတယ်။ လောကထဲက အိမ်ပါ။ လောကလမ်းကြောင်း လိုက်သွားမှာပါ။ အဇ္ဈတ္တငြိမ်းချမ်းမှုဟာ ကိုယ့်အိမ်အစစ် ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းနဲ့ ဆောက်လုပ်ထားတဲ့ ဗဟိဒ္ဓအိမ်ဟာ အလွန်တစ်ရာ လှပကောင်း လှပနိုင်ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းမှု မရှိပါဘူး။ ဒီဟာကို စိုးရိမ်ရ, ဟိုဟာကို စိုးရိမ်ရ၊ ဒီဟာကို ပူပန်ရ, ဟိုဟာကို ပူပန်ရနဲ့ပါ။ ဒါကြောင့် အိမ်အစစ် မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြင်အပမှာ ရှိနေပါတယ်။ အနှေးနဲ့ အမြန် စွန့်လွှတ်လိုက်ရပါလိမ့်မယ်။ ကိုယ် တကယ်ပိုင်တာ မဟုတ်တဲ့အတွက် ကိုယ်အမြဲနေနိုင်တဲ့နေရာ မဟုတ်ပါဘူး။ လောကရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ခန္ဓာအိမ်လည်း အတူတူပါပဲ။ ကိုယ်က အတ္တလို့ ယူဆတယ်၊ ‘ငါ’, ‘ငါ့ဥစ္စာ’လို့ သတ်မှတ်တယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လောကအိမ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာဟာ မွေးဖွားချိန်ကနေ ခုထိပဲ သူ့သာဝ လမ်းကြောင်းအတိုင်း ဖြစ်ပျက်စီးဆင်း နေပါတယ်၊ အိုပါတယ်။ နာပါတယ်။ မအိုမနာအောင် လုပ်လို့ မရနိုင်ပါဘူး။ အဲဒါ သူ့သဘာဝပဲ ဖြစ်ပါတယ်။ ခန္ဓာ့သဘာဝကို တစ်မျိုးတစ်ဖုံ ဖြစ်စေချင်တာဟာ ဘဲကို ကြက်ဖြစ်စေချင်တာလိုမျိုး ရူးသွတ်မှု ဖြစ်ပါတယ်။ အဲဒီလို ဆန္ဒဟာ မဖြစ်နိုင်ဘူးလို့ သိလိုက်တဲ့အခါမှာ၊ ဘဲဟာ ဘဲပဲဖြစ်ရမယ်, ကြက်ဟာ ကြက်ပဲဖြစ်ရမယ်, ခန္ဓာဟာ အိုရမယ် သေရမယ်လို့ သိလိုက်တဲ့အခါမှာ အင်အားနဲ့ စွမ်းအင်ကို တွေ့ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်က ခန္ဓာကိုယ်ကို ဆက်လက် ရှင်သန်နေစေချင်တယ်၊ အချိန်ကြာကြာ တည်ရှိနေစေချင်တယ်။ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဆရာတော် အချန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Original message (Our Real Home) is available (Jan 22, 2011) at
www.accesstoinsight.org/lib/thai/chah/bl111.html

ရှင်အာစာရ

Picture from (Jan 22, 2011):
http://picasaweb.google.com/watnongpahpong/LuangPorChah#5054629244599641650

Read more...

ငဲ့ကြည့်လိုက်ပါ


လူအများစုတို့သည် အပေါင်းအသင်းနှင့်ပျော်တတ်ကြသည်၊ တစ်ယောက်တည်း အထီးကျန် သဖြင့် နေရမည်ကို စိုးရိမ်ပူပန်ကြသည်၊ ဇနီးမယား သမီးသားများဖြင့် သိုက်သိုက်ဝန်းဝန်း အုတ်အုတ်ကျက်ကျက် နေလိုကြသည်၊ အိမ်ထောင် အိမ်ရာ ထူထောင်ခြင်းတည်းဟူသော “ထောင်”၌ ပျော်ရွှင်နေတတ်ကြသည်၊ သံယောဇဉ်နှောင်ကြိုးထပ်ထပ် ချည်နှောင်ရစ်ပတ်မှု အပေါ် အပြစ်မမြင်နိုင်လောက်အောင် ခုံမင် စွဲလမ်းလျက် ရှိကြသည်။

အယုအယ အနုအရွ သမုဒယ အလှအပများအပေါ် အရသာတွေ့ကြသည်၊ အမွှေးအကြိုင် ကောင်းပေ့ဟူသမျှကို လိုလားတောင့်တကြသည်၊ အလှကုန်ပစ္စည်း ဆန်းဆန်း နာမည်ကြီး အ၀တ်အစားများနှင့် နောက်ဆုံးပေါ်လူသုံးကုန် ပစ္စည်းမျိုးစုံတို့ကို ရလိုကြသည်။ အသစ်သစ် တို့ပေါ်လာသမျှ အသစ်ကို ခုံမင်စွဲလမ်းကာ အဟောင်းအဟောင်းတို့ကို ပယ်ခွါ စွန့်လွှတ်လို ကြသည်၊ တစ်ခုနှင့် မတင်းတိမ်၊ နှစ်ခု, သုံးခုမကများနိုင်သမျှ များများရအောင် ရှာဖွေကြသည်၊ ရွှေတွဲလောင်း ငွေတွဲလောင်းဘ၀မျိုးနေချင်ကြသည်၊ စိန်ရွှေရတနာ ကျောက်သံ ပတ္တမြား လက်ဝတ်ရတနာများ ဆင်မြန်းလိုကြသည်၊ ငွေကို ဖောဖောသီသီ သုံးနိုင်သော သူများကို အားကျကြသည်၊ နောက်နောင်ဘ၀များတွင်လည်း လူနေမှု အဆင့်အတန်း မြင့်မားသော ဘ၀များကို လိုလားတောင့်တကြသည်၊ နတ်စည်းစိမ် ချမ်းသာများခံစား စံစားလိုကြသည်။

ဤလူ့သဘာဝမှာ ယခုခေတ် ကာလမှာသာ ထင်ရှားသည်မဟုတ်ပါ၊ ရှေးကလည်း ရှိခဲ့၊ ယခုလည်းရှိဆဲ၊ နောင်လည်း ရှိနေဦးမည်ဖြစ်သော သဘောတရားတစ်ခုပါပေ၊ စိတ်အလိုကျ လွှတ်ထားသူများတွင် ဤတရားများ ခြယ်လှယ်နေကြသော်လည်း၊ စိတ်ကို တတ်နိုင်သမျှ ထိန်းချုပ်သူများမှာ ယင်းသဘောများ၊ တစ်စ တစ်စ ပါးလွှာလာသည်ကို တွေ့ရသည်၊ စိတ်ကို အစွမ်းကုန် ပြုပြင် ပုံသွင်းပြီး ဘုရား ရဟန္တာများမှာမူ ယင်းအလိုဆန္ဒများကို အပြီးပြတ် သုတ်သင်ပြီး ဖြစ်သည်။

အလိုဆန္ဒ ရှိသေးသူများသည် မိမိတို့၏ အလိုဆန္ဒ ပြည့်ဝစေရန်အတွက် နည်းမျိုးစုံဖြင့် ချဉ်းကပ်ကြသည်၊ အောင်မြင် တိုးတက်ရေးအတွက် နည်းလမ်းကောင်းများ မေးမြန်းကြသည်။ အများအားဖြင့် လူ့ချမ်းသာ နတ်ချမ်းသာများကို တောင့်တကာ ကုသိုလ်ကောင်းမှု များကို ဆည်းပူး စုဆောင်းကြသည်၊ စည်းစိမ်ချမ်းသာများ ရရှိရန် မိမိတို့ အားသန်ရာ ဘုရား, နတ်နှင့် ထာဝရ ဖန်ဆင်းရှင်ကြီးများထံတွင် တဖွဖွ ဆုတောင်းနေကြသည်။

မြတ်စွာဘုရား သတ်တော်ထင်ရှား ရှိစဉ်အခါက မြတ်စွာဘုရားထံ ချဉ်းကပ်ကာ လောကီစည်း စိမ်ချမ်းသာ၊ လောကုတ္တရာ စည်းစိမ်ချမ်းသာ ရရှိရေး နည်းလမ်းများ လျှောက်ထား မေးမြန်း ခဲ့ကြသည်။ ထိုသို့မေးမြန်းသူများထဲတွင် သာသနာတော်ကို သက်ဝင်ယုံကြည် သူများရှိ သကဲ့သို့ သာသနာပဗြဟ္မဏများသည်လည်း ပါဝင်ခဲ့သည်၊ အချို့မှာ အမှန်တကယ် ယုံကြည် အားထားသဖြင့် မေးမြန်း လျှောက်ထားကြသော်လည်း၊ အချို့မှာ စူးစမ်းလိုစိတ်, ပညာစမ်း လိုစိတ်,အငြင်းပွားလိုစိတ်ဖြင့် ချဉ်းကပ်ကြသည်လည်း ရှိသည်။

မြတ်စွာဘုရား ကောသလတိုင်း ဝေဠုဒွါရရွာသို့ ရောက်တော်မူစဉ်က ဝေဠုဒွါရရွာသား များသည် မြတ်စွာဘုရား၏ ဂုဏ်သတင်း မျိုးစုံတို့ကို ကြားသိရသောအခါ မြတ်စွာဘုရားထံ ချဉ်းကပ်လာကြသည်၊ ထိုရွာသူရွာသားများသည် မြတ်စွာဘုရားအား အချို့လည်း ရှိခိုးကြ၏၊ အချို့လည်း မြတ်စွာဘုရားနှင့် စကားစမြည်ပြောဆို လျှောက်ထားကြသည်၊ အချို့လည်း လက်အုပ်ချီကာ ထိုင်နေကြသည်၊ အချို့လည်း ဆိတ်ဆိတ်နေကာ ထိုင်နေကြသည်။

ဝေဠုဒွါရပုဏ္ဏားနှင့် ရွာသားများက လျှောက်ထားသည် “အရှင်ဂေါတမ…. အကျွနိုပ်တို့သည် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်ရာ၌ နေလိုကြပါကုန်၏၊ ကာသိတိုင်းထွက် စန္ဒကူး ကို သုံးဆောင်လို ခံစားလိုကြပါကုန်၏၊ ပန်းနံ့သာ ခြယ်ခြင်း၊ လိမ်းခြင်း ပြုလိုကြပါကုန်၏၊ ရွှေငွေကို လက်ခံသာယာလိုကြပါကုန်၏၊ သေလျှင် နတ်ပြည်သို့ရောက်ရပါလို၏၊ ဤသို့ အလိုဆန္ဒရှိသော အကျွနိုပ်တို့၏ အလိုဆန္ဒအတိုင်း ဖြစ်နိုင်လောက်သော အခြင်းအရာဖြင့် တရားတော်ကို ဟောတော်မူပါ အရှင်ဂေါတမ” ဟု မြတ်စွာဘုရား၏ အနွယ်တော်အမည်ကို ခေါ်ဝေါ်လိုက်ခြင်းဖြင့် ထိုသူတို့သည် ဗုဒ္ဓဘာသာဝင် များ မဟုတ်ကြသေးသည့် အချက်မှာ ထင်ရှားလှပါသည်။

လူတိုင်း လူတိုင်းသည် အသက်ရှင်လိုကြသည်၊ မသေလိုကြ၊ ချမ်းချမ်းသာသာ နေလိုကြသည်၊ ဆင်းရဲရမည်ကို စက်ဆုပ် ရွံ့မုန်းကြသည်၊ မည်သူ့ကို မည်မျှပင် အသက်ပေး၍ချစ်ပါသည်ဟု ဆိုဆို အမှန်တကယ် မိမိကိုယ်ကို အချစ်ဆုံးပင်ဖြစ်သည်၊ ထိုသို့အသက်ရှင်ချင်,မသေချင်, ချမ်းသာချင်သောသူသည် အသက်ခံရမည်ကို စိုးရိမ်ပူပန်ပေမည်၊ မိမိ၏ အသက်အိုးအိမ် စည်းစိမ်ကို လုံခြုံသမျှ လုံခြုံအောင်အစွမ်းကုန် ဆောင်ရွက်ကြသည်၊ မိမိနည်းတူ သူတစ်ပါး လည်း အသက်ရှင်လို၊ မသေလို၊ ချမ်းချမ်းသာသာ နေလိုသည်၊ မိမိမနှစ်သက်သည်ကို သူတစ် ပါးလည်း နှစ်သက်မည်မဟုတ်၊ ထိုသို့ဖြစ်ပါလျှင် မိမိမှာ မိမိ၏အသက်ကို စိုးရိမ် ကြောင့်ကြ နေချိန်တွင် သူတစ်ပါးကို သက်ဖြတ် ညှင်းဆဲနေမည်ဆိုပါက မတရားရာရောက်ပေသည်၊ ထို့ကြောင့် သူတစ်ပါးအပေါ် ကိုယ်ချင်းစာကာ သတ်ဖြတ် ညှင်းဆဲမှုမှ ရှောင်ကြဉ်ရသည်။

လူတိုင်းလူတိုင်းသည် မိမိပိုင်ဆိုင်သော စည်းစိမ်ဥစ္စာအပေါ် မက်မောတွယ်တာလေ့ရှိကြသည်၊ မိမိပစ္စည်းဥစ္စာ ဆုံးရှုံး ပျက်စီးရမည်ကို မလိုလား မနှစ်သက်နိုင်ကြ၊ မိမိပိုင် ပစ္စည်းများ ခိုးဝှက် လုယူ မခံရအောင် အတတ်နိုင်ဆုံး လုံခြုံစွာသိမ်းဆည်းကြသည်၊ ထိန်းသိမ်းကြသည်၊ မိမိနည်းတူ သူတစ်ပါးမှာလည်း ယင်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ခိုးဝှက်လုယူမှုကို ကျေနပ်နှစ်သက်လိမ့်မည်မဟုတ်ပါ၊ ချွေးနှဲစာဖြင့် ပင်ပန်းဆင်းရဲစွာ ရှာဖွေ ရရှိထားသော ရှိစု မဲ့စုကလေးများကို ခိုးဝှက်လုယူခံရလျှင် ရတတ်မအေး ဖြစ်ကြရရှာလိမ့်မည်၊ မိမိပိုင် ဥစ္စာ များကို လုံခြုံစွာ ထုပ်ပိုး သိမ်းဆည်းထားကာ သူတစ်ပါးပစ္စည်းကို မတရား ရယူလိုလျှင်ကား အတ္တဖတ်ရာ ရောက်ပေသည်၊ ထို့ကြောင့် သူတစ်ပါးအပေါ် ကိုယ်ချင်းစာကာ ခိုးဝှက် လုယူမှုမှ ရှောင်ကြဉ်ရသည်။

ကိုယ့်မိသားစုလေးတစ်ခု ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်စိတ်ရှိပြီး သူတစ်ပါးတို့၏ အိမ်ယာတို့မှာ ပျက်စီးယိုယွင်းစေမယ့် လိင်ဖောက်ပြန်မှုမျိုးကို မိမိကပြုလုပ်မိလျှင် ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘ၀လေး မိမိကြောင့် ပျက်စီးသွားနိုင်သည်ကိုလည်း ကိုယ်ချင်းစာပါ ငဲ့ကြည့်လိုက်ပါ။ တစ်ပါးသူကို နစ်နာစေတဲ့စကား၊ ညီညွတ်မှုကို ပျက်ပြားစေတဲ့ ကုန်းတိုက်စကား၊ ကြမ်းတမ်း ခက်ထန်တဲ့ စကားတွေကို ကိုယ်တိုင်လည်း မကြားလို မနာလိုသလို သူတစ်ပါးအပေါ် မှာလည်း သာယာအေးမြတဲ့စကာမျိုး ငဲ့ကြည့်လိုက်ပါ။

မြတ်စွာဘုရား၏ တရားတော်ကို နာယူရသောဝေဠုဒွါရ ရွာသားတို့သည် တရာတော်အပေါ် များစွာနှစ်သက် ကျေနပ်သွားကြသည်။ ထို့ကြောင့်ပင် တရားတော်အဆုံးမှာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသည်၊ တရားနာယူပြီးမှသာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်လာကြသည်၊ ထိုနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်သော ဥပသကာ၊ ဥပသိကာမများ အဖြစ် မှတ်ယူတော်မူရန် မြတ်စွာဘုရားအား လျှောက်ထားကြသည်။

တကယ်တော့ လူတစ်ယောက်ဟာ ကိုယ်ပျော်ရွှင်သလို တစ်ပါးသူ ပျော်ရွှင်စေချင်တာ၊ ကိုယ်ချမ်းသာစေချင်သလို သူတစ်ပါးချမ်းသာစေချင်တဲ့ ကိုယ်ချင်းစာတဲ့ ငဲ့ကြည့်မှုမျိုး လူတိုင်း ထားတတ်သွားမယ်ဆိုရင် လောကကြီးသာယာလှပနေမှာပါ။ အဲလိုမှ ကိုယ်ချင်းစာ ငဲ့ကွက်မှု မျိုး မထားတတ်ဘူးဆိုရင်ဖြင့် မြတ်စွာဘုရား အနမတဂ္ဂသုတ်မှာ ဟောတော်မူခဲ့တဲ့.. “ရဟန်းတို့ ဤမျှရှည်လျားသော သံသရာကြီးအတွင်းမှာ အမိ၊ အဖ၊ ညီအစ်ကို၊ မောင်နှမ၊ သားသမီး မတော်စပ်ခဲ့ဖူးသော ပုဂ္ဂိုလ်မရှိ”ဆိုတာကို နှလုံးသွင်းဆင်ခြင်လိုက်ပါ။



ဖိုးတာတေ(နံသာမြေ)

Read more...

နှစ်ပတ်လည် အထူးတရားပွဲအစီအစဉ်

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးဝိစိတ္တ သည် ၃၁-၁-၂၀၁၁ တနလာင်္နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ကြွရောက်လာမည်ဖြစ်ပါသည်။
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး) ၏ ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကိုရီးယား နှစ်သစ်ကူး ပိတ်ရက် (၆-၂-၂၀၁၁) တနင်္ဂနွေနေ့တွင် ဆရာတော် အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ကို ပင့်ဖိတ်၍ တရားပွဲကျင်းပ ရန်ရှိပါသည်။(တရားပွဲအစီအစဉ်ကို ထပ်မံကြေငြာပါမည်။)
ကိုရီးယား နှစ်ကူးအားလပ်ရက်တွင် တရားနာကုသိုလ်ယူလိုသူများအတွက် ဆရာတော်ထံတွင်၎င်းး၊ ကျောင်း အကျိုးတော်ဆောင်များထံတွင်၎င်း ဆက်သွယ်၍ ကုသိုလ်ယူ ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။
ကျောင်းအကျိုးတော်ဆောင်အဖွဲ့

Read more...

ခွင့်လွှတ်ခြင်းဖြင့် ပြီးဆုံးစေသည်

ကမ္ဘာအနှံ့ ဘာသာအယူဝါဒအားလုံးက ဒါကို ထောက်ခံထားပါတယ်။ အဲဒါရဲ့အကျိုးတရားနဲ့ ပတ်သက်လို့ ကမ္ဘာတလွှား ဘာသာရေးခေါင်းဆောင်များအကြား တူညီမှု ရှိပါတယ်။ ဘုရားသခင်တိုင်းနဲ့ သူတို့ရဲ့တမန်တော်တွေအားလုံးက အဲဒါကို ဟောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ရှိခိုးဝတ်ပြုဆုတောင်းတဲ့ နေရာများမှာ ဆည်းကပ်ကိုးကွယ်သူများ မကြာခဏရွတ်ဆိုတဲ့ ဆုတောင်းတစ်ခု ဖြစ်ပါတယ်။

ပြီးတော့ ကိုးကွယ်ယုံကြည်သူမဟုတ်သူများကိုလည်း ဒါရဲ့ကြီးမားတဲ့တန်ဖိုးကို လက်ခံယုံကြည်စေပါတယ်။ ဆရာဝန်များက အဲဒါရဲ့ကုသမှု အကျိုးတရားနဲ့ပတ်သက်လို့ လူနာများကို ပြောပါတယ်။ ရှေးခေတ် ယနေ့ခေတ် ဂုရုများက အဲဒီရဲ့ကောင်းကွက်အားသာချက်ကို ပါဝင်ဆင်နွှဲဖို့ ပေါင်မုန့်ကို လှီးဖြတ်ကြပါလိမ့်မယ်။ Pranic ကုသသူများနဲ့ reiki ဆရာများကလည်း ဒါကို စွမ်းအားရှိတဲ့ ကုသခြင်းလက်နက်တစ်ခု ဖြစ်တယ်လို့ ယူဆကြပါတယ်။

ခွင့်လွှတ်ခြင်းဟာ ချစ်ခြင်းမေတ္တာလောက် ရင်သပ်ရှုမောဖွယ်ရာ မဟုတ်တာမှန်ပေမယ့် ဒီအတွက် ဘုရားတရားကိုင်းရှိုင်းဖို့ လုံးဝမလိုအပ်ဘဲ အံ့ဖွယ်ကောင်းတဲ့ အလေ့အထကောင်းတစ်ခု ဖြစ်ပါတယ်။ Oxford English dictionary- မှာ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်လို့ - “လွတ်ငြိမ်းချမ်းသာခွင့်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့။ ဗွေယူစရာ ဒါမှမဟုတ် တင်နေတဲ့အကြွေးများကြောင့် ရသင့်သည်ဟုယူဆတောင်းဆိုခြင်းအားလုံးကို စွန့်လွှတ်ဖို့” လို့ ဖွင့်ဆိုထားပါတယ်။

ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ အဲဒါထက် များစွာပိုမိုပါတယ်။ ခွင့်လွှတ်ခြင်းရဲ့အပြုအမူနဲ့ပတ်သက်လို့ အဆိုးမြင်ဝါဒီများက- အောက်ကျို့ခံတတ်သူနဲ့ သူရဲဘောကြောင်သူများ မတတ်သာသည့်အဆုံး ကျင့်သုံးရတဲ့ - ပျော့ညံ့တဲ့သူမှာ ဖြစ်တည်တာလို့ မြင်ပါတယ်။ “ပျော့ညံ့အားနည်းတဲ့သူဟာ ဘယ်တော့မှ ခွင့်လွှတ်နိုင်စွမ်းမရှိ။ ခွင့်လွှတ်ခြင်းဟာ ခွန်အားရှိတဲ့သူများရဲ့ ပင်ကိုယ်အရည်အချင်း ဖြစ်တယ်” လို့ MK Gandhi က ပြောခဲ့သလို- စွမ်းအားရှိတဲ့သူများကသာ အဲဒါကို ပြုလုပ်နိုင်စွမ်းရှိကြတယ်ဆိုတာကို အသိအမြင်ကြွယ်ဝသူများက ပြောကြပါတယ်။

အပြစ်ကင်းစင်တဲ့ပျော်ရွှင်မှုကို ရရှိပါတယ်။ အကြောင်းက သင်ဟာ သင့်ကို နာကျင်ထိခိုက်စေပြီးတဲ့ လူတစ်ယောက်ကို သင် ခွင့်လွှတ်တဲ့အခါ သင်ဟာ သင်ကိုယ်တိုင် အနုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်အားလုံးနဲ့ပတ်သက်လို့ အဆိပ်ဖြေပေးပါတယ်။ သင့်ရဲ့စိတ်ဟာ လွတ်လပ်ပြီးတော့ သင့်ရဲ့ ၀ိညာဉ်နဲ့ ခန္ဓာကိုယ်ကို စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ပါတယ်။

University of Wisconsin မှ လေ့လာမှုအရ - လူများဟာ ခွင့်လွှတ်နေလေလေ သူတို့ဟာ နာမကျန်းဖြစ်ခြင်းရဲ့ ကျယ်ပြန့်တဲ့အတိုင်းအတာမှ ခံစားရမှုနည်းလေလေ ဖြစ်တယ်- လို့ ဆိုထားပါတယ်။ အကျိုးတရားက သူတို့ရဲ့ နှလုံး, သွေးကြောတွေနဲ့ဆက်စပ်နေတဲ့အရာများ၊ အာရုံကြောနဲ့ဆိုင်တဲ့ စနစ်များ လည်ပတ်ရာမှာ ပိုမိုကောင်းမွန်ခြင်း ဖြစ်ပါတယ်။ အကျွန်ုပ်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်သူလို့ခေါ်တဲ့ ဒေါသနဲ့မကျေချမ်းမှုက ဆင်းရဲဒုက္ခနဲ့ မပျော်ရွှင်မှုကိုသာ အကျွန်ုပ်တို့ဆီသို့ သယ်ဆောင်လာပါလိမ့်မယ်။ “ သင် ခွင့်မလွှတ်လျင် သင်ဟာ ဥပဒေ ချိုးဖောက်သူရဲ့အတွေးများကို ဆက်လက်တွေးနေပါလိမ့်မယ်။ ပြီးတော့ မကျေနပ်မှုများ ဆက်ဖြစ်နေပါလိမ့်မယ်” ဆိုတာက Pranic ကုသတဲ့ဆရာ Choa Koi Sui ကို အထောက်အကူ ပြုခဲ့ပါတယ်။

ခွင့်လွှတ်ခြင်း, ဆုတောင်းခြင်းဖြင့် သင်ဟာ အတွင်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ရရှိပါတယ်။ ဝေဒယဉ်ကျေးမှုနောက် လိုက်တဲ့သူများဟာ သူတို့ရဲ့ရန်သူများအတွက်တောင် ပျော်ရွှင်မှုကို ခွင့်ပြုဖို့ ဘုရားသခင်ကို ဆုတောင်းကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ကောင်းကျိုးသုခအတွက်သာမက သူတို့ပြိုင်ဘက်ရန်သူများရဲ့ချမ်းသာကြွယ်ဝမှုအတွက်လည်း ဘုရားသခင်သို့ ဆုတောင်းကြပါတယ်။ ဝေဒပညာရှင်များက အားလုံးသော ၀ိညာဉ်များအကြား မမွေးဖွါးမီ တူညီမှုတစ်ခု၊ ကွင်းဆက်တစ်ခုနဲ့ ကောင်းကင်ဘုံနှင့်ဆိုင်တဲ့ ဆက်သွယ်ပေါင်းစည်းခြင်းကို ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သင် အခြားသောသူကို မုန်းလျင် သင်ဟာ သင်ကိုယ်တိုင် မုန်းနေသည်သာ ဖြစ်ပါတယ်။

“သင် လူတစ်ယောက်ကို မကြာခဏ ဘယ်လို ခွင့်လွှတ်မလဲ? ၇-ကြိမ်ထိလား?” Jesus Christ ကို သူ့ရဲ့တပည့် Peter က မေးမြန်းခဲ့ပါတယ်။ “ ၇-ကြိမ်တိုင်အောင်လို့ သင့်ကို ငါမပြောခဲ့ဘူး၊ ဒါပေမယ့် အကြိမ်များစွာတိုင်အောင်” လို့ Jesus က ပြန်ဖြေပါတယ်။ Jesus တောင် သူ့ကို ကားစင်တင်အဆုံးစီရင်တဲ့ သူများကို “အဖ ဘုရားသခင်! သူတို့ကို ခွင့်လွှတ်ပါ။ သူတို့လုပ်တဲ့အရာကို သူတို့မသိတဲ့အတွက်ကြောင့်”လို့ ခွင့်လွှတ်ဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ပါတယ်။
ဘုရားသခင်ကိုဆုတောင်းခြင်းမှာ Christians များက “အကျွန်ုပ်တို့ကို ဆန့်ကျင်အပြစ်ပြုတဲ့သူများကို အကျွန်ုပ်တို့က ခွင့်လွှတ်တဲ့အတိုင်း အကျွန်ုပ်တို့ရဲ့အပြစ်များအတွက် အကျွန်ုပ်တို့ကို ခွင့်လွှတ်ပါ”လို့ ဆုတောင်းပါတယ်။

ဒီသတင်းစကားက ရှင်းပါတယ်။ သင် အခြားသူများကိုခွင့်လွှတ်မှသာလျင် သင့်ကိုလည်း ခွင့်လွှတ်ပါလိမ့်မယ်။ Allah ဟာ အလွန်အမင်းခွင့်လွှတ်ခြင်းရှိသူ ဖြစ်ပါတယ်။ Prophet Muhammad က သူတို့ရဲ့မသိမိုက်မဲမှုများအတွက် လူများကို ခွင့်လွှတ်ပါတယ်။ ပြီးတော့ သူ့ရဲ့ရန်သူများအတွက် ခွင့်လွှတ်ဖို့ အမြဲတမ်း အသင့်ဖြစ်ပါတယ်။

ခွင့်မလွှတ်ခြင်းဖြင့် အကျွန်ုပ်တို့ရဲ့နာကျင်မှုပတ်လည်မှာ တစ်သားတည်းရှိမှုကို စိတ်တူသဘောတူဖြစ်မှုကို ဆက်လက်ဖန်တီးနေပါတယ်။ ပြီးတော့ ဒါဟာ ပြန်လည်မွေးဖွားတဲ့အရာ- တန်ပြန်သက်ရောက်လာမယ့်အရာ ဖြစ်တယ်လို့ Buddhists များက ယုံကြည်ကြပါတယ်။ Jainism မှာ ခွင့်လွှတ်ခြင်းကို ယုံကြည်ကိုင်းရှိုင်းသူက စိုက်ပျိုးတဲ့ အဓိကမွန်မြတ်စင်ကြယ်မှုတစ်ခုအဖြစ် တင်ပြထားပါတယ်။ အဆုံးစွန်ခွင့်လွှတ်ခြင်းဟာ ဓမ္မဆိုင်ရာ ထူးခြားတဲ့လက္ခဏာ ၁၀-ချက်ထဲက လက္ခဏာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် Jainsm မှာ ပုံဖော်ထားပါတယ်။

ခွင့်လွှတ်ခြင်းဟာ ကြီးမားတဲ့ခွန်အား ဖြစ်ပါတယ်။ ဒါဟာ ခွင့်လွှတ်တဲ့သူကော ခွင့်လွှတ်ခံရသူပါ နှစ်ဦးစလုံးရဲ့ ဘ၀ကို လုံးဝပြောင်းလဲနိုင်တဲ့ မွန်မြတ်သန့်စင်ပြီးအတ္တကင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP