* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 7, 2011

“လူတိုင်းသိထားသင့်တဲ့ ကံ အကြောင်း အပိုင်း(6)

Wednesday, 05 January 2011 19:50 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/717--6.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/717--6.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcxNy0tNi5odG1s] အီးမေးလ်[/LINK]
လူတိုင်းသိထားသင့်တဲ့ ကံအကြောင်း အပိုင်း ( ၆ )[IMG]/images/stories/T%20Z%20Sayadaw/Resized_IMG_0829.jpg[/IMG]

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ကမ္မပစ္စည်း အကြောင်း ရေးနေရင်းမှာပဲ စာမူကြမ်းကို ဖတ်ကြည့်နေတဲ့ တပည့်တစ်ဦးက “လောကမှာ ဘာမျှ လက်ကြော တင်းအောင် မလုပ်ဘဲ စားသောက် သုံးဖြုန်း နေကြတဲ့ သူတွေလည်း ရှိနေတယ်၊ ဒီလိုလူတွေ ကျတော့ လုံ့လဝီရိယ မပါဘဲ ကံဟောင်းစား သက်သက်နဲ့ ချမ်းသာကို ခံစားနေရတာ မဟုတ်လား၊ အဲဒါကိုကျတော့ ဘယ်လိုပြောရမလဲ” ဆိုပြီး စောဒက တက်လာပါတယ်။ ဒီသံသယ မေးခွန်းအတွက် အဖြေကတော့ -





ပုဂ္ဂလပညတ် ပါဠိတော်၊ စတုက္ကပုဂ္ဂလပညတ္တိ အပိုဒ်(၁၆၇)နဲ့ အဋ္ဌကထာတို့မှာ အသက်မွေး ဝမ်းကျောင်းပြုသူ လေးမျိုးကို ဟောကြား ဖွင့်ဆိုထားတာရှိပါတယ်။

(၁) ဝီရိယ အကျိုးကိုသာ မှီပြီး အသက်မွေးမြူ ရသူတဲ့ (ဥဋ္ဌာနဖလူပဇီဝီ)ပုဂ္ဂိုလ်။

(၂) ကံအကျိုးကိုသာ မှီပြီး အသက်မွေးရတဲ့ (ပုညဖလူပဇီဝီ) ပုဂ္ဂိုလ်။

(၃) ဝီရိယအကျိုးနဲ့ ကံအကျိုး ၂ မျိုးလုံးကို မှီပြီး အသက်မွေးရတဲ့ (ဥဋ္ဌာနဖလူပပုညဖလူပဇီဝီ)ပုဂ္ဂိုလ်။

(၄) ဝီရိယအကျိုး ကံအကျိုး ၂ မျိုးလုံးကို မှီပြီး အသက် မွေးမြူခွင့်မရတဲ့ (နော ဥဋ္ဌာနဖလူပ နော ပုညဖလူပဇီဝီ) ပုဂ္ဂိုလ်ဆိုတဲ့

(၄)မျိုးတို့ပါ။

(၁) လောကမှာ ကျေးပိုင် ကျွန်ပိုင် ခေတ်မှာ ကျွန်ဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေလို မနားမနေ လုပ်ကိုင် လှုပ်ရှားနေပြီးမှ မသေရုံတမယ် စားရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဆိုတာရှိပါတယ်။ ငယ်ငယ်က ကြည့်ရဖူးတဲ့ “စပါတာကပ်” ဆိုတဲ့ ရောမခေတ် ရာဇဝင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒါမျိုးတွေကို ကြောက်ခမန်း လိလိ တွေ့မြင်ရဖူးပါတယ်။ အဲဒီလို ကျေးကျွန် မျိုးတွေတို့၊ တိရစ္ဆာန် လောကမှာလည်း သခင်က ခိုင်းတာကို ကျိုးကျိုး နွံနွံကြိုးစားမှ အစာကောင်းကောင်းစားကြရတဲ့ ဆင်တို့၊ မြင်းတို့၊ နွားတို့စတဲ့ သတ္တဝါမျိုးတွေဟာ လုံ့လဝီရိယကိုသာ မှီပြီး အသက်မွေးရတဲ့ “ဥဋ္ဌာနဖလူပဇီဝီ” အမျိုးအစားမှာ ပါဝင်ပါလိမ့်မယ်။

(၂) ပရနိမ္မိတ ဝသဝတ္တီဘုံကစပြီး အထက်ဗြဟ္မာဘုံမှာ ဖြစ်ကြတဲ့ သတ္တဝါတွေကတော့ ဝီရိယကျိုး မဖက်ဘဲ ကံရဲ့အကျိုး

(၁၇) သက်သက်ကိုသာ မှီပြီး အသက်မွေးရသူများ ဖြစ်ပါသတဲ့။ ပရနိမ္မိတ ဝသဝတ္တီနတ်တွေဆိုတာ စိတ်ထဲက တောင့်တလိုက်ရုံနဲ့ အနားမှာ ခစားနေတဲ့ အြွေခအရံ နတ်တွေက အလိုကြိုက်၊ အလိုက်သိ ဖန်ဆင်းပြီး ဆက်သ လုပ်ကျွေး ပေးတာကို ဇိမ်နဲ့ ခံစားနေရုံပဲလို့ ဆိုပါတယ်။

ဒီလိုဆိုရင် အဲဒီ ခစားနေရတဲ့ အခြွေအရံ နတ်တွေကကော ဘယ်လိုနေမလဲ၊ သူတို့လည်း ပရနိမ္မိတ ဝသဝတ္တီ ဘုံသားတွေပဲ မဟုတ်လား ဆိုရင်တော့ သူတို့မှာ ပြုစု လုပ်ကျွေးရမည့် ကံကြွေးရှိတဲ့အတွက် “ ဒီလိုခစား လုပ်ကျွေးမနေဘဲ လွတ်လွတ် လပ်လပ် နေရရင် ကောင်းမှာပဲ” လို့ တောင့်တခွင့် ရှိဟန် မတူပါဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ကိုယ်နဲ့ အလှမ်းဝေးလွန်းရင် သိပ်ပြီး အတွေးမခေါင်၊ အမေးမထူတာပဲ သံသယဝိစိကိစ္ဆာ နည်းပါလိမ့်မယ်။ သာသာနာ ကြုံကျိုးနပ်ရေးမှာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကင်းရေးက အဓိကအရေးကြီးတာ ဖြစ်လို့ ဒီအချက်ကို အထူး သတိထား သင့်ပါတယ်။အထက် ဗြဟ္မာတွေကတော့ အထူးပြောစရာ မရှိပါဘူး။ မျက်စိနဲ့ နားတို့ကိုသာ ဘုရားဖူးဖို့၊ တရားနာဖို့လောက် တောင့်တ အသုံးချ တတ်ကြတာဖြစ်ပြီး အာရုံခံစားလိုမှု အထွေအထူး မရှိတဲ့အတွက် ကံဟောင်းစားသက်သက်နဲ့ အေးအေးဆေးဆေးပဲဖြစ်နေမှာပါ။

(၃) လူ့ပြည်မှာ ထင်ရှားကျော်ကြားတဲ့ မင်းပုဏ္ဏား၊ သူဋ္ဌေး သူကြွယ်တို့က စလို့ နတ်လောက မှာလည်း ဘုမ္မစိုးနတ်ကစပြီး

နိမ္မာနရတိ နတ်ဘုံသား တို့အထိ ပုဂ္ဂိုလ်တွေအားလုံး ကံကျိုး၊ ဝီရိယကျိုး နှစ်မျိုးလုံးမှီပြီး အသက်မွေးရတာပါ။

ဒီလောကမှာ လုပ်မှ စားရသည်၊ အလုပ်မဲ့ ချို့တဲ့ရချေမည်။ လုပ်နိုင်မှ လုပ်ခ ရကြသည်၊ ငါလုပ်ခ ငါရ ကြိုးပန်းမည်။ .. ဆိုတဲ့ ခံယူချက်မျိုးရှိကာမှ တန်ကာကျပါလိမ့်မယ်။ ဟုတ်ပါတယ်။ “လုပ်မှ စားရသည်” ဆိုတာ လူတွေမှာသာ မကပါဘူး နတ်တွေ သိကြားတွေလည်း အတူတူပါပဲ၊

ဒါကြောင့်လည်း စာတုမဟာရာဇ် နတ်မင်းတို့၊ သိကြားမင်းတို့ ဆိုတာတွေ မြတ်စွာဘုရားထံ တရားနာတဲ့အခါ အေးအေးဆေးဆေး ထိုင်ပြီးတော့တောင် မနာနိုင်ကြဘူး၊ လက်အုပ်ချီပြီး မတ်တတ်ရပ်လျှက်ပဲ နာသတဲ့။ ပြီးတာနဲ့ အမြန်ပြန် နိုင်ဖို့ပါတဲ့။ ဒါကြောင့်လည်း တရားပွဲပြီးတာနဲ့ တစ်ပြိုင်နက် ဘုရားရှင်ကို လက်အုပ်ချီကန်တော့ပြီး “ ဂစ္ဆာမ မယံ ဘန္တေ၊ ဗဟုကိစ္စာ မယံ ဗဟုကရဏီယာ = တပည်တော်တို့မှာ ပြုဖွယ်ကိစ္စတွေများ (အလုပ်တွေရှုပ်)တဲ့အတွက် သွားပါရစေဦး ဘုရား” ဆိုပြီး ချက်ချင်းပဲ ပြန်ကြတယ်လို့ ပိဋကတ်တော် တွေမှာ တွေ့ရပါတယ်။

မေးခွန်းရှင်မေးတဲ့ သူဋ္ဌေးသားဆိုသူတွေလိုပဲ နတ်ပြည်လောကမှာလည်း နတ်မင်းတို့၊ သိကြားမင်းတို့ရဲ့ သားတွေထဲ မှာလည်း ခပ်ပျင်းပျင်း၊ ခပ်ပေပေ၊ ခပ်ပွေပွေဆိုတာတွေ ရှိပုံရပါတယ်။ သက္ကသံယုတ်၊ “သုသီမ”သုတ်မှာ အသုရာတို့က နတ်ပြည်ကို စစ်ချီတက်လာတဲ့ အခါ သိကြားမင်းက သားတော် သုသီမနတ်သားကို ကြိုတင် ချီတက် တိုက်ခိုက်ဖို့ သုံးကြိမ် တိုင်တိုင် တိုက်တွန်းပါတယ်။

သုသီမနတ်သားက သုံးကြိမ်လုံးပဲ “ အင်း .. အဲ့ .. ဟုတ်ကဲ့ပါ၊ ကောင်းပါပြီ” ဝန်ခံပြီး ဒီအတိုင်းပဲ ပျင်းရိမေ့လျော့နေတယ်၊ ဒါနဲ့ သိကြားမင်းက သူ့သား သုသီမကို ခပ်ငေါ့ငေါ့လေး ပြောလိုက်ပုံကတော့ “သုသီမ .. ထကြွလုံ့လနဲ့ အားထုတ်မှုမရှိဘဲ ချမ်းသာကို ရချင်တဲ့ အရပ်ရှိရင် သင်လည်း အဲဒီအရပ်ကို သွားပါ၊ ငါ့ကိုလည်း အဲဒီအရပ်ကို ပို့ပေးပါ” တဲ့။

ဒါကြောင့်လည်း ဘုရားရှင်က “နတ်တို့အရှင် သိကြားမင်းပင်ဖြစ်သော်လည်း ကိုယ်တိုင်လည်း ထကြွလုံ့လ ဝီရိယနဲ့သာ ချမ်းသာကို ရှာဖွေခံစားရတယ်၊ ထကြွလုံ့လ ရှိသူတို့ရဲ့ ဂုဏ်ကျေးဇူးကိုသာ ချီးကျူးပြောဆိုလေ့ရှိတယ်၊ ရဟန်းတို့ သင်တို့လည်း မရောက်သေးတဲ့ တရားအဆင့် ရောက်အောင်၊ မရသေးတဲ့ တရားထူး တရားမြတ်ကို ရရှိအောင် အားထုတ်၊ စေ့ဆော်၊ လုံ့လပြုကုန်လော့” လို့ မိန့်ကြားပါတယ်။(သံ၊၁-၂၁၈။ သံမြန်-၂၀၄) ပိဋကတ်လာ ဒီသာဓကများကို အခိုင်အမာ ထောက်ထားပြီး လူ့ပြည်မှာ ဉာဏ်ဝီရိယမပါဘဲ “ကံ” သက်သက်နဲ့ ချမ်းသာသုခကို မရနိုင်ဘူးလို့ မုချမှတ်သင့်ပါတယ်။ တကယ်လို့ ကံဟောင်းစား အဖြစ်နဲ့ ရရှိတယ်ဆိုရင်လည်း အခိုက်အတန့်ပဲ ဖြစ်မှာပါ။

အများကြားသိဖူးတဲ့ ကုဋေရှစ်ဆယ် သူဋ္ဌေးသားတို့လို့ပဲ လင်ကိုမယား နှစ်ဘက်အမွေတွေ ကုဋေ (၁၆၀)ရရှိပေမယ့် ဉာဏ်ဝီရိယ ပယောဂချို့တဲ့ကြတဲ့ အတွက်နောက်ဆုံမှာ အစားလက်မဲ့ တရားလက်မဲ့နဲ့ ခွက်လက်စွဲ တောင်းစားပြီး မြောင်းကြားမှာပဲ ဘဝဆုံးသွားရမှာ မလွဲပါဘူး။

(၄) အပါယ်ငရဲမှာ ကျရောက်ခံစားနေရတဲ့ သတ္တဝါတို့ကတော့ ဝီရိယအကျိုး၊ ကံအကျိုးနှစ်မျိုးလုံးကို မှီပြီး အသက်မွေးမြူခွင့် မရကြဘူး၊ ကံကြွေးကို ဒုက္ခချည်း သက်သက် ခံစားရင်း မကျေမချင်း ပေးဆပ်နေရသူများ ဖြစ်ပါတယ်။

ကံကောင်းခြင်း၊ ကံဆိုးခြင်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ဟောကြားချက်များကို အခြေခံပြီး ရှေးဆရာတော်ကြီးများ မိန့်ကြားချက် များကလည်း ကမ္မပစ္စည်းကို ဘက်စုံ ထောင့်စုံမှ နားလည်ရေးအတွက် အရေးကြီးပါတယ်။ ဆုံးမချက်များကတော့၊

ကံကောင်းမှာလည်း၊ ကောင်းခြင်းငါးဖြာ၊ ထောက်ပံ့ပါမှ၊ ကောင်းကျိုးရ၏။ ဆိုးခြင်း ငါးဖြာ ကြုံရပါမူ၊ ကောင်းရာနှင့်ဝေး၊ ကံ နူန့်နှေး၏။ ဆိုးကံမှာလည်း၊ ဆိုးခြင်းငါးဖြာ၊ ထောက်ပံ့ပါမှ၊ ဆိုးကျိုးရ၏။ ကောင်းခြင်းငါးဖြာ ကြုံရပါမူ၊ ဆိုးရာနှင့်ဝေး၊ ကံ နူန့်နှေး၏ - တဲ့။

ဒီစကားထဲမှာ “ ကောင်းခြင်းငါးဖြာ” ဆိုတာ သမ္ပတ္တိတရား ငါးပါးကို ပြောတာပါ။ သမ္ပတ္တိတရား ငါးပါးကတော့ -

(၁) ကောင်းတဲ့ဘုံဘဝ၊ ကောင်းတဲ့ နေရာဌာနတို့နှင့် ပြည့်စုံခြင်း (ဂတိသမ္ပတ္တိ)။

(၂) လူအများလေးစားကြည်ညိုနှစ်သက်စေလောက်တဲ့ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း (ဥပဓိသမ္ပတ္တိ)။

(၃) မိမိကိုယ်စွမ်း Óဏ်စွမ်းတို့ကို အသုံးချခွင့် ရလောက်အောင် တန်းဖိုးထားတဲ့ အခါကာလနှင့် ကြုံကြိုက်ခြင်း (ကာလသမ္ပတ္တိ)။

(၄) ချိန်သင့်ခါညီပြုမူကြိုးစားတဲ့ လုံ့လဝီရိယကောင်းနှင့် ပြည့်စုံခြင်း (ပယောဂသမ္ပတ္တိ)။

(၅) အမြော်အမြင်၊ ဉာဏ်ပညာ၊ ဗဟုသုတနှင့် ပြည့်စုံခြင်း (ဉာဏသမ္ပတ္တိ)တို့ ဖြစ်ပါတယ်။

“ဆိုးခြင်းငါးဖြာ” ဆိုတာကတော့ ဒီကောင်းခြင်းငါးဖြာချို့တဲ့ ယိုယွင်းတဲ့ ဝိပ္ပတ္တိ (၅)ပါးပဲ ဖြစ်ပါတယ်။

လူတစ်ယောက်မှာ ကံမျိုးစေ့ ကောင်းတွေကို ပိုင်ဆိုင်ထားရသော်လည်း သမ္ပတ္တိတရား ငါးပါးတို့နှင့် ပြည့်စုံကြုံကြိုက်မှသာ

ကံမျိုးစေ့တို့ ဖွံ့ဖြိုးပြီး ကောင်းကျိုးတွေ ဖြိုင်ဖြိုင်ထွားထွား ကြီးမားတဲ့ ကောင်းကျိုးကို ပေးနိုင်တယ်။ ဝိပ္ပတ္တိငါးပါးနဲ့

ကြုံကြိုက်ရတဲ့ အခါမျိုးမှာတော့ ကုသိုလ်ကံ မျိုးစေ့များ ဖွံ့ဖြိုးမှုနည်းပါးပြီး ကြီးမားတဲ့အကျိုး မပေးနိုင်ပါဘူး။

အကုသိုလ်ကံ မျိုးစေ့တွေလည်း အလားတူပါပဲ၊ ဝိပ္ပတ္တိတရားငါးပါးနဲ့ ကြုံကြိုက်တဲ့အခါမှာသာ အကုသိုလ်မျိုးစေ့တွေ ဖွံ့ဖြိုးတိုးပွားပြီး ဆိုးဝါးတဲ့ ဒုက္ခတွေကို ခံစားရပါတယ်။ သမ္ပတ္တိငါးပါးနဲ့ ကြုံနေချိန်မှာတော့ အကုသိုလ်မျိုးတွေလည်း နူန့်နှေး တိမ်မြုပ်ပြီး ဆိုးကျိုးတွေလည်း ဆိုင်းငံ့ တိမ်မြုပ်နေတတ်ပါတယ်။ သမ္ပတ္တိငါးပါးကြုံခိုက် အခွင့်ကောင်းကို အသုံးချ ကြိုးစားခဲ့ရင်တော့ အကုသိုလ်မျိုးတွေဟာ လုံးဝဆိတ်သုန်းပျောက်ကွယ်လို့လဲ သွားနိုင်ပါတယ်။ ကုသိုလ်ကမ္မသတ္တိနဲ့ အကုသိုလ် ကမ္မသတ္တိတို့ရဲ့ ခြားနားတဲ့အချက်က ကုသိုလ်တရား များက “ဘာဝေတဗ္ဗတရားများ” ဖြစ်တဲ့အတွက် တိုးပွားဖြစ်ထွန်း တတ်ပါတယ်။

အကုသိုလ်တရားများကတော့ “ပဟာတဗ္ဗ တရားများ” ဖြစ်တဲ့အတွက် လျော့ပါး ပျောက်ကွယ်တတ်တဲ့ သဘောရှိပါတယ်။ ဒီခြားနားချက်ကိုလဲ အလေးအနက်သိထားသင့်ပါတယ်။

ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်....

မေတ္တာဥယျာဉ်

[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]

၂၀၁၁-ခု၊ ဇန်နဝါရီလ ၅-ရက်၊ ဗုဒ္ဓဟူးနေ့။

Read more...

ဗင်ဂိုးရဲ့နားရွက်နှင့် သုဘာထေရီရဲ့မျက်လုံး

မောင်ထွန်းသူရဲ့ ”ရမ္မက်မီး” ဆိုတဲ့ စာအုပ်ကြီး ဖတ်ပြီးသွားတော့ ဖတ်ခဲ့တဲ့ ဇာတ်ကွက်ကလေးတစ်ခုကို ပြန်အာရုံပြုဖြစ်ရင်း ”ရူးတာ” လို့ သူများမကြားအောင် စိတ်ထဲက ပြောဖြစ်လိုက်ပါတယ်။ စာအုပ်က ဗင်ဂိုးရဲ့ အတ္ထုပ္ပတ္တိပါ။ ပြန်သတိရဖြစ်တဲ့ ဇာတ်ကွက်ကလေးက ဒီလိုပါ။ တစ်နေ့တော့ ဗင်ဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကိုကိုင်ပြီး ပြောင်သလိုလိုနဲ့ ချီးမွမ်းခန်းဖွင့်ပါတယ်။ အမြဲလာဖို့လည်း ပြောပါတယ်။

ဒီလိုနဲ့ တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ကောင်မလေးက ”ချစ်တုန်းပဲလား” လို့မေးပါတယ်။ ဗင်ဂိုးကလည်း ”ချစ်တုန်းပဲကွယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကောင်မလေးက ဗင်ဂိုးရဲ့နားရွက်ကလေးကို အသာအယာ လိမ်ဆွဲပြီး ”တကယ်ချစ်ရင် သက်သေပြတဲ့အနေနဲ့ ရှင်ရဲ့နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။

နောက်ရွက်တစ်ရက်မှာတော့ ဗင်ဂိုးက သူရဲ့ညာဘက်နားရွက်တစ်ဖက်ကို သင်တုန်းဓားနဲ့လှီးဖြတ်ပြီး ကောင်မလေးကို သွားပေးလိက်ပါသတဲ့။ ဒီဇာတ်ကွက်ကလေးကို ပြန်သတိရပြီး ”ရှုးတာ” လို့ စိတ်ထဲက ပြောလိုက်တာပါ။ တကယ်လို့ စိတ်ထဲကမပြောပဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ပါဘူး။ စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာပါရှိပါတယ်။ ဘုရားဟော ပါဠိတော်တစ်အုပ်စာလောက်ပါ။

ဗင်ဂိုကို ရူးတာလို့အပြစ်တင်လိုက်ပြီး စားပွဲဘေးက ပိဋကတ်တော်စာအုပ်တွေကိုကြည့်ရင်း ” ငါလည်း ဘာထူးသေးလဲ၊ အခုတော့ ဗင်ဂိုးအတွက် အချိန်တွေ လေးငါးရက်လောက် အလကားပေးလိုက်ရတာ။ ငါလည်း ရှုးတာပဲ၊ ဘာထူးလဲ လို့ ကိုယ့်ကိုယ်ကိုယ်ပြောရင်း သက်ပြင်းကို မသိမသာချလိုက်မိပါတယ်။ စာရေးသူမှာ စာသာရေးနေရတယ်။ မဖတ်ရသေးတဲ့ ပိဋကတ်စာအုပ်အကြွေးတွေက အများကြီးပါ။

ဗင်ဂိုးနဲ့ရှုးပြီးတော့ အကောင်းလုပ်ဖို့ ထေရီအဠကထာကိုကိုင်ရပါတယ်။ FUTURE LIGHT မဂ္ဂဇင်းအတွက်ပါ။ ဖတ်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းလေးတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။ ဇာတ်ဆောင်က အမျိုးသားတော့မဟုတ်ပါဘူး။ အမျိုးသမီးပါ။ အမျိုးသမီးတောင် လူဝတ်ကြောင် အမျိုးသမီးမဟုတ်ပါဘူး။ အနာဂမ်တည်ပြီး ထေရီမတစ်ပါးပါ။

သူ့နာမည်က သုဘာတဲ့။ သုဘာရဲ့ အဓိပ္ပါယ်က ” ရုပ်ရည်အဆင်းလှပတင့်တယ်သူ” လို့ အဓိပ္ပါယ်ရပါတယ်။ နာမည်နဲ့ လိုက်အောင်လည်း သုဘာဟာ လှပတင့်တယ် ချောမောသူပါပဲ။ သူမရဲ့အလှတွေထဲမှာ အဓိကအလှက မျက်လုံးပါတဲ့။ သူမရဲ့မျက်လုံးက မြင်ရတဲ့သူကို သိပ်ဆွဲဆောင်မှုရှိတာပါတဲ့။

သုဘာက ရာဇဂြိုဟ်မြို့က ပုဏ္ဏားကြီးတစ်ယောက်ရဲ့ သမီးပါ။ လူဝတ်အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။ သုဘာက သူ့မှာအလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့အပြစ်ကိုမြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမ ပြုလိုက်ပါတယ်။ ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။

တစ်နေ့တော့ သူ့ဇာတိ ရာဇဂြိုဟ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်ခဲ့ပါတယ်။ တရားအားထုတ်ဖို့ပါပဲ။ လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုဟ်မြို့သားလည်ဖြစ်၊ ရွှေပန်းထိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက် နဲ့ ရင်ဆိုင်တိုးပါးတော့တယ်။ ရာဇဂြိုဟ်မြို့သားလူငယ်က သုဘာထေရီကိုတွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း အထင်သားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်တဲ့စိတ်ဖြစ်သွားပါသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ပါဘူး။ ရှေ့က ကာထားလိုက်ပါတယ်။ သုဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။ မဖယ်ရုံတင်မကဘဲ အို နှမရယ် သင်ဟာ ငယ်လည်းငယ်တယ်၊ ရုပ်ရည်အဆင်းလည်း လှတယ်။ အခုလို ငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ။ အဲဒီသင်္ကန်းကြီးကိုဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ။ လို့ ချစ်ရေးစဆိုပါတော့တယ်။

ဒီတော့ သုဘာထေရီမက အို အမျိုးသား စက်ဆုပ်ဖွယ်ရွံရှာဖွယ်တွေပြည့်နေတဲ့ သုဿန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ထင်မှတ်နေတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ လို့ မေးလိုက်ပါတယ်။ လူငယ်ကလည်း ချက်ချင်းပါပဲ။ သင့်ရဲ့မျက်လုံးကလေးကို ချစ်တာ လို့ ပြန်ဖြေလိုက်ပါတယ်။ လူငယ်ရဲ့အဖြေစကားကြားရတော့ သုဘာထေရီမက သူရဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်ပါတယ်။ စာထဲမှာတော့ မျက်လုံးလို့ဘဲပြထားပါတယ်။ ဘယ်လား ညာလားဆိုတာတော့ ခွဲပြမထားပါဘူး။

မထင်မှတ်တဲ့အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန်ထွက်ခွါသွားပါ တော့တယ်။ ဒီနေရာမှာ သုဘာထေရီမရဲ့အပြုအမူကိုကြည့်ပြီး ”ရူးတာ”လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီမအနေနဲ့ ဒီတစ်ခုတည်းပဲ ရွေးချယ်စရာရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။

တကယ်လို့ သုဘာထေရီက ဒီလိုမပြုဘဲ နှုတ်နဲ့ပဲ တရားဟောနေရင် လူငယ်က ကာယကံမြောက် ဗလက္ကာယပြုတော့မှာပါ။ နေရာကလည်း လူသူကင်းဆိတ်နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်လှပါတယ် ။ ကာယကံမြောက် ကျုးလွန်မိသွားရင်တော့ လူငယ်အတွက် အ၀ီစီငရဲ ကျတော့မှာပါ။ သုဘာထေရီက လူငယ်ရဲ့အကျိုးကို ငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါပဲ။

သုဘာထေရီက မျက်စိတ်တစ်ဖက်နဲ့ မြတ်စွာဘုရားရှိရာကို ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားကို ဖူးတွေလိုက်ရတော့ ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်းအကောင်းပြန်ဖြစ်သွားပါတယ်။ မျက်လုံးက မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ပြန်ကောင်းရတာဆိုတော့ ပီတိတွေဖြစ်လာပါတယ်။ မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်နေတာကို သိပါတယ်။ ဒါကြောင့် အရဟတ္တဖိုလ် ရဖို့အတွက် ကမ္မဠာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။ သုဘာထေရီက မြတ်စွာဘုရားပေးတဲ့ ကမ္မဠာန်းနည်းအတိုင်း ဖြစ်နေတဲ့ ပီတိကိုခွာပြီး ခန္ဓာကိုယ်ကို ဥာဏ်စိုက်ရှုလိုက်တာ အရဟတ္တဖိုလ်ရသွားပါတော့တယ်။

ဗင်ဂိုးလည်း နားရွက်တစ်ဖက်ကို အမျိုးသမီးလေးကို ပေးခဲ့ပါတယ်။ သုဘာထေရီလည်း မျက်လုံးတစ်လုံးကို အမျိုးသားလေးကို ပေးခဲ့တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပေးခဲ့တာချင်းတယ်ပေမယ့် ခံယူချက်ခြင်း ဦးတည်ချက်ခြင်းတော့ မတူပါဘူး။ ဗင်ဂိုးရဲ့အပြုအမူက တရားသဘောနဲ့ ကြည့်ရင် ရူးတာပါ။ သုဘာထေရီရဲ့ အပြုအမူက တစ်စုံတစ်ယောက်ရဲ့ အကျိုးကိုငဲ့တာပါ။

တကယ့်အရှိဇာတ်ဝတ္တုပဲဖြစ်ဖြစ်၊ ဖန်တီးထားတဲ့ ဇာတ်ဝတ္တုပဲဖြစ်ဖြစ် ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေမှာ အဓိပ္ပါယ်မဲ့မှု၊၊ အဓိပ္ပါယ်ရှိမှုတွေ ကတော့ အားပြိုင်နေတတ်ပါတယ်။ တချို့ဇာတ်ဝတ္တုတွေမှာ အဓိပ္ပါယ်မဲ့မူတွေ ခပ်များများရယ်ပါ။

သက်ရှိလူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုကိုကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ လူ့ဘ၀သက်တမ်းလေးက တိုတိုလေး၇ယ်ပါ။ အဲဒီသက်တမ်းတိုတိုလေးရဲ့ ဘ၀နေထိုင်မှုတွေထဲမှာ အဓိပ္ပါယ်မဲ့မဲ့နေထိုင်မှုတွေက များနေရင် လူ့ဘ၀ရလာတာ ဘယ်လာအဓိပ္ပါယ်ရှိပါတော့မလဲ။ တကယ်စဉ်းစားကြည့်ရင် မန်ယူနဲ့ အာစင်နယ် မကြည့်ရလို့လည်း ဘ၀က ဘာမှဖြစ်မသွားပါဘူး။ အဲဒီအချိန် စာအုပ်တစ်အုပ်ဖတ်နေမယ်။ တရားတိတ်ခွေ နားထောင်နေမယ်။ တရားမှတ် နေမယ်ဆိုရင် ဘ၀က တကယ်အဓိပ္ပါယ်ရှိနေတာပါ။ အဲဒီလိုပြောတော့ ဘောသမားတွေကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဓမ္မသဘောနွယ်အောင် ပြောရရင် ကိုယ်ရဲ့ ကံသုံးပါးအမူအရာတွေဟာ ကုသိုလ်ဖြစ်နေရင် အဓိပ္ပါယ်ရှိနေတာပါ။ အကုသိုလ်ဖြစ်နေရင်တော့ အဓိပ္ပါယ်မဲ့နေတော့တာပါပဲ။ တစ်နည်းအားဖြင့် ရူးနေတာပါပဲ။

သူတစ်ပါးသာ အပြစ်ပြောနေတာပါ။ ကိုယ်ကျတော့လည်း ဘာထူးလို့လဲ။ လပြည့်ညမှာ တော်တော်နဲ့ မအိပ်ဖြစ်ဘဲ လကို ထိုင်ကြည့်နေခဲ့ဖူးတာ၊ မသွားဘဲနေရင် နေလို့ရတဲ့နေရာကို အပျော်သဘောမျိုး သွားဖြစ်အောင် သွားခဲ့တာ။ မဖတ်ဘဲနေမယ်ဆိုရင် နေလို့ရတဲ့စာကို ဖတ်ပြီး အချိန်ဖြုန်းနေတာ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။ ဒါက ဖြတ်သန်းခဲ့တဲ့နှစ်နဲ့ ချိန်ပြီး ပြောပြတာပါ။

လက်ရှိပစ္စုပ္ပန်ရဲ့ ကံသုံးပါးအမူအရာလေးတွေမှာလည်း အဓိပ္ပါယ်မဲ့တာလေးတွေက အစဉ်သဖြင့် တွဲတွဲပါနေတတ်ပါတယ်။ အဓိပ္ပါယ်မဲ့တဲ့အတွေးတွေ တွေးနေတာ၊ အဓိပ္ပါယ်မဲ့တဲ့စကားတွေ ပြောနေတာ၊ အဓိပ္ပါယ်မဲ့တဲ့ အပြုအမူလေးတွေ ပြုမူနေတာ နေ့စဉ်လိုလိုပါပဲ။ ဘာတွေလဲမေးရင် အမျိုးအမည်တွေက များလွန်းလို့ ပြောပြဖို့ ခပ်ခက်ခက်ရယ်ပါ။ ပန်းပွင့်လေးတွေပွင့် မပွင့် အောက်ဆင်းကြည့်တာ၊ ကိုယ်ကြိုက်တဲံ ဘောလ်ပင်နဲ့ အရောင်မရလို့ စာမရေးဘဲနေတာ စသည်ဖြင့် အများကြီးပါပဲ။

တစ်ခါတလေတော့လည်း အဓိပ္ပါယ်မဲ့တဲ့ အလုပ်ကလေးတွေ လုပ်ဖြစ်ရင် သတိလေးလည်း ၀င်လာလိုက်မယ်ဆိုရင် ”ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ခပ်တိုးတိုးလေး ပြောလိုက်မိပါတယ်။

စိတ်တော့မဆိုးနဲ့နော် စာဖတ်သူဟာ တစ်နေ့ကို အချိန်ဘယ်လောက် ရူးဖြစ်သလဲ၊ ပုထုဇဉ်ပဲ ရူးပေါ့။ ဒါပေမယ့် ရူးချိန် သိပ်တော့ မများစေနဲ့ပေါ့။ တကယ်လို့ အဓိပ္ပါယ်မဲ့တဲ့ အလုပ်ကလေးကို လုပ်မိတယ်။ သတိလေးလည်း ၀င်ဖြစ်လိုက်မယ်ဆိုရင် ရူးတာလို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်လိုက်ပါ့လား။ ဘယ်သူမှမကြားအောင်တော့ ပြောနော်။ ကြားသွားရင် ကိုယ့်ကို တကယ့်အရူးလို့ ထင်နေလိမ့်မယ်။ သတိဝင်တိုင်း မကြာမကြာပြောပြောပေးရင် ရူးချိန်တော့ လျော့လျော့သွားမှာပါပဲလေ။

Future Light မဂ္ဂဇင်း

မတ်၊ ၂၀၀၅

ကျမ်းကိုး

၁။ ထေရီအဠကထာ၊ သုဘာထေရီဝတ္ထု

၂။ ထေရီထေရာရဟန္တာပုဂ္ဂိုလ်ကြီးများ (၀ဏ္ဏသီရိ)

Read more...

နာ

သဘာဝတရားလို့ပဲ ပြောပါရစေ။ ဒုတိယအရွယ်အလွန် တတိယအရွယ်အကူးမှာ ကျန်းမာရေးက ချွတ်ယွင်းစ ပြုလာပြီမို့ နာ-လာကြရပြီပေါ့။ သာမန်ရောဂါလေးတွေဆိုရင်တော့ ဘာအရေးလဲ။ ဆေးမြီးတိုတွေ၊ ကိုယ်သိတဲ့ဆေးဝါးတွေ၊ ဒါမှမဟုတ် သူပြောငါပြော ဆေးနည်းတွေနဲ့ သက်သာသွားတာကများတယ်။ ဒီထက်ပိုလာရင်တော့ ဆေးရုံ၊ ဆေးခန်းကို အားကိုးရပြီပေါ့။ အနာနဲ့ဆေး တွေ့သွားတဲ့အခါ ဟိုတုန်းကလို ပြန်ပြီးကျန်းမာလာတာလည်း ဖြစ်ရိုးဖြစ်စဉ်။

တခုရှိတာက ရောဂါဘယဖြစ်လာတဲ့တိုင် အသွားအလာမပျက်၊ အလုပ်မပျက်တဲ့ မတ်တတ်နာ-ဆိုရင်တော့ မဆိုးလှပေမယ့် ရောဂါပြင်းထန်လို့ အိပ်ရာထဲမှာ လဲပြီဆိုရင်တော့ ကျန်းမာရေးအခက်အခဲသာမက လူမှုရေး အခက်အခဲတွေပါ အနည်းနဲ့အများ ကြုံလာတတ်ပါတယ်။

တချို့ကျပြန်တော့ ငွေကြေးလည်းတတ်နိုင်သလို ဂရုစိုက်ပြုစုမယ့်သူတွေလည်း ရှိပြန်တယ်။ တချို့ကျတော့ ငွေကြေးပြည့်စုံတဲ့တိုင် ဖေးဖေးမမ ပြုစုမယ့်သူတွေ ကင်းဝေးသလို အစအစအရာရာ အဆင်မပြေတဲ့ ဝေဒနာရှင်တွေလည်း လောကမှာ ရှိနေကြပြန်တယ်။

တကယ်တော့ အိပ်ရာထဲလဲတဲ့အထိ ဝေဒနာခံစားရပြီဆိုမှတော့ တော်တော်များများက စိတ်ဓာတ်ကျဆင်းပြီး ၀မ်းနည်းလွယ်တတ်ကြတယ်။ စိုးရိမ်သောကပိုပြီး အလိုလိုအားငယ်နေကြပြန်တယ်။
အဲဒီအချိန်မှာ သံယောဇဉ်ကြီးတဲ့ သွေးသားရင်းချာတွေနဲ့ မိတ်ဆွေရင်းချာတွေရဲ့ အားပေးမှုဟာ သိပ်ကို ထိရောက်မှု ရှိလှပါတယ်။ သောက်သုံးနေတဲ့ ဆေးဝါးတွေလို စိတ်ဓာတ်အင်အား ဖြည့်ဆည်းပေးနိုင်တာတော့ အမှန်ပါ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေအဖို့တော့ ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ဘ၀ကို အလွယ်တကူ အရှုံးပေးလေ့မရှိကြပါဘူး။

တကယ်တမ်း အိပ်ရာထဲလဲနေပြီဆိုတဲ့ အခါမှာတော့ အားပေးဖော်ကို မျှော်တတ်ကြတာ သဘာဝပဲပေါ့နော်။ လူမမာကို နှစ်သိမ့်အားပေးဖို့ သတင်းမေးသွားကြတာဟာလည်း လူမှုဝတ္တရားမို့ အလုပ်တာဝန်တွေ မအားလပ်တဲ့ကြားက အချိန်လုပြီး သတင်းမေးသွားဖြစ်ခဲ့ရပါတယ်။

မှတ်မှတ်ရရပါပဲ။ တလအတွင်းမှာ လူမမာ ငါးဦးကို သတင်းမေးသွားဖြစ်ခဲ့တယ်။ မသွားမဖြစ် သွားမှဖြစ်မယ့် သွေးသားရင်းချာနဲ့ မိတ်ဆွေတွေမို့လည်း မပျက်မကွက် သွားဖြစ်ခဲ့ခြင်းပါ။ ဒီတော့လည်း တဦးချင်းရဲ့ အခြေအနေအရပ်ရပ်တွေကို ခံစားနားလည်ခဲ့ရပါတယ်။

ပထမဆုံးတဦးက ဦးသက်စိုး။ အသက်က ၆၀-ကျော်ကျော်၊ သားနှစ်ယောက်ရှိတယ်။ တယောက်က အိမ်ထောင်သည်၊ အိမ်ခွဲနေတယ်။ နောက်တယောက်ကတော့ ဦးသက်စိုးနဲ့ အပေါ်ထပ်အောက်ထပ် နေတယ်။ လူလွတ်၊ သင်္ဘောအင်ဂျင်နီယာ။ ခဏခဏဆိုသလို ခရီးထွက်နေရတယ်။ သားနှစ်ယောက်စလုံးက ဦးသက်စိုးအတွက် ဆေးကုသစရိတ်၊ စားသောက်စရိတ်တွေကို တာဝန်ယူထားကြတယ်။ ဦးသက်စိုးအတွက် သူနာပြု (အမျိုးသား) စီစဉ်ပေးထားတယ်။ ဦးသက်စိုးမှာက ရောဂါတွေက စုံနေတယ်။ အထူးကုဆရာဝန် ကြီးတွေနဲ့ အလှည့်ကျဆေးကုသမှု ခံနေရတယ်။ ဦးသက်စိုးအနားမှာ စကားပြောဖော်အနေနဲ့ နေပေးဖို့ သွေးသားရင်းချာ တယောက်မှမရှိဘူး။ ဦးသက်စိုးက ပြောပြတယ်။

တကယ်ဆို ဒီအချိန်မှာ ကျုပ်မိန်းမ ရှိနေသင့်တာပေါ့ဗျာ-တဲ့။
ဒါဆို ဦးသက်စိုး မိန်းမက ဘယ်သွားနေလို့လဲ-လို့ မေးတော့-
အိမ်ပေါ်က ဆင်းသွားတာ တနှစ်လောက်ရှိပြီဗျာ။ ဆင်းဆို ကျုပ်နဲ့ စကားများခဲ့ကြတာကိုး။ ကျုပ်ကို ကုမ္ပဏီက ၀န်ထမ်းအမျိုးသမီးတယောက်နဲ့ စွပ်စွဲတယ်။ ကျုပ်လည်း ဒေါသမထိန်းနိုင်တော့ လက်ပါသွားတယ်။ ဒီတော့ သူက ကျုပ်ကို တအားကြီး စိတ်နာသွားတယ်။ သားတွေကလည်း သူတို့အမေဘက်က နာကြတယ်။ ကျုပ်ကို အပြစ်တင်ကြတာပေါ့။ အခုတော့ မိန်းမက အညာပြန်သွားပြီ။ အခုလိုရောဂါဖြစ်တဲ့အချိန်မှာ အနားမှာ လူမရှိဘူး ဖြစ်နေတာပေါ့။ ဟိုကောင်လေး (သူနာပြု)ကတော့ သူ့တာဝန် သူလုပ်တာပေါ့လေ။
အင်း---ကျုပ်အပြစ်နဲ့ကျုပ်ပဲဆိုတော့ ဘယ်သူ့မှ အပြစ်မတင်ချင်တော့ပါဘူးဗျာ။ တနေ့တခြား လုံးပါးပါးတော့မှာပဲ ထင်ပါတယ်။

ဦးသက်စိုးက ၀မ်းနည်းစကားဆိုတာမို့ ကျွန်မတို့က အားပေးစကား ပြောရပြန်တယ်။ ငွေကြေးအတွက် မပူပင်ရသလို ခေတ်မီခမ်းနားတဲ့ တိုက်ခန်းကျယ်ကြီးထဲမှာ ဦးသက်စိုးကတော့ အထီးကျန်ပေါ့။
**************************************************************************************

ဒုတိယ တဦးကတော့ လူမှုထူးချွန် တတိယအဆင့်ရှိတဲ့ အငြိမ်းစားဝန်ထမ်း။ လူမှုရေးကို အားကြိုးမာန်တက် လုပ်လေ့ရှိတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ အိမ်ထောင်သက် နုစဉ်ကတည်းက ခင်ပွန်းသည် ဆုံးပါးသွားတာကြောင့် သားသမီးသုံးယောက်အတွက် ဘ၀ကို ကြိုးစားရုန်းကန်ခဲ့တယ်။ စိတ်ရင်းလည်းသိပ်ကောင်းတယ်။ နာမည်က ဒေါ်ခင်နွယ်။

ကျွန်မအမျိုးသားနဲ့ ညီမ၀မ်းကွဲတော်တယ်။
ပြီးခဲ့တဲ့လလောက်က မမနွယ်တယောက် အစားအသောက်ပျက်ပြီး အန်နေတာကြောင့် ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးကုသတဲ့အခါ ဦးနှောက်မှာပေါ်လာတဲ့ အကျိတ်ကြောင့်လို့ သိလိုက်ရတယ်။ မိသားစုဝင်တွေရော ဆွေမျိုးသားချင်းတွေပါ အရမ်းကို စိတ်မကောင်းဖြစ်ကြရတယ်။ ဦးနှောက်ထဲက အရည်အိတ်ကြောင့် စကားလည်းမပြောနိုင် (ပြောတဲ့အခါ မပီမသပါပဲ) မထိုင်နိုင်မထနိုင်မို့ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ အထူးကုဆရာဝန်ကြီးတွေက ခွဲစိတ်ဖို့လည်း အားမပေးဘူးလို့ သိရတယ်။

မမနွယ် ရောဂါဖြစ်တယ်ဆိုတာနဲ့ သားနဲ့ချွေးမတို့က သူတို့အိမ်ကို ခေါ်လာပြီးပြုစုကြတယ်။ မမနွယ်နဲ့ အတူနေတဲ့ သမီးနဲ့သမက်ပါ အတူလိုက်နေကြတယ်။ (မမနွယ်ရဲ့ ချွေးမနဲ့ သမက်တို့က မောင်နှမတော်တယ်)။
မမနွယ်က ကျွန်မတို့ကို တွေ့လိုက်ရတော့ လှဲနေရာက သမီးကို ထူခိုင်းပြီး ထိုင်လိုက်တယ်။ ပြီးတော့ အားယူပြီး စကားပြောတယ်။
မမနွယ်လေ ခင်လေးတို့ကို လာမလားလို့ မျှော်နေတယ်။ ၀မ်းသာလိုက်တာကွယ်။ မမနွယ်လေ ကိုယ့်ရောဂါကို ကိုယ်သိပါတယ်။ သာေးတွ သမီးတွေကိုလည်း ဒုက္ခမပေးချင်ဘူး။ ဒါကြောင့် ဆေးပဲစားမယ်။ ခွဲဖို့စိတ်ကူးမရှိဘူးလို့ ပြောလိုက်တယ်။ တကယ်ပါ။ မမနွယ် ကိုယ့်ဘ၀ကို အရမ်းကျေနပ်ပါတယ်။ ချွေးမနဲ့ သမက်ကလည်းလေ သားသမီးအရင်းတွေနဲ့မခြားပါဘူး။ သမက်ကဆို မမနွယ် အိပ်ပျော်နေရင် အနားမှာ ယပ်ခတ်ပေးနေတာ။ အညစ်အကြေးကအစ မရွံ့မရှာ သန့်ရှင်းပေတယ်။ သားက မနက်စောစောကြီး အလုပ်သွားရတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ သမက်က မမနွယ်ကို ပိုပြီးပြုစုချိန်ရတယ်။

မမနွယ် ကံကောင်းပါတယ်လေ။ ဒါနဲ့ အငယ်ဆုံးသားလေးကရော-
သူလည်း မနက်ဖြန် သဘက်ဆို အလုပ်က ခွင့်နဲ့ ပြန်လာတော့မှာ။
အမေ့ကို တွေ့ချင်လွန်းလို့တဲ့။ သမီးနဲ့သမက်က အမေ့ကို အိမ်ပြန်ခေါ်မယ်ဆိုတော့ သားနဲ့ချွေးမက လုံးဝ ခွင့်မပြုကြဘူး။ ဒီမှာဆိုတော့ အမေ့အနားမှာ လုံးလုံးလျားလျားနေပြီး ပြုစုပေးလို့ရတယ်ဆိုပြီး ပေးမပြန်ကြဘူး။ ဘာပဲဖြစ်ဖြစ်လေ အခုလို သားသမီးတွေ စုစုဝေးဝေးနဲ့ မမနွယ်ကို ဂရုစိုက်ကြတာတွေ့ရတော့ မမနွယ် သေရမှာမကြောက်ပါဘူး။ မမနွယ်မရှိလည်း သူတို့ကို စိတ်ချပြီးထားခဲ့နိုင်ပြီလေ။

မမနွယ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံကို ကျွန်မလေးစားမိတာတော့ အမှန်ပါပဲ။
***************************************************************************************

တတိယတဦးကတော့ ဒေါ်လေးငယ်။ ကျွန်မသူငယ်ချင်းတယောက်ရဲ့ အဒေါ်။ အသက်က (၇၀) ကျော်နေပြီ။ လေဖြတ်ထားလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျွန်မတို့ရောက်သွားတဲ့အခါ တံခါးခေါက်တော့ တော်တော်နဲ့ လာမဖွင့်ပေးဘူး။ ခဏကြာမှ တံခါးလာဖွင့်ပေးတော့ ဒေါ်လေးငယ်ကိုယ်တိုင် ဖြစ်နေတာ တွေ့လိုက်ရတယ်။ သူ့ခမျာ ထိုင်လျက် တရွတ်ဆွဲပြီး လာဖွင့်ပေးတာတွေ့ရလို့ စိတ်မကောင်းလိုက်တာ။
ဒေါ်လေးငယ်ရယ် ဘယ်သူမှမရှိကြဘူးလားလို့။ ဖြစ်ရလေ ဒေါ်လေးရယ်။

မရှိကြဘူးကွဲ့။ အလုပ်သွား၊ ကျောင်းသွားမို့ ဒေါ်လေးတယောက်ပဲ ရှိတယ်။ ဘာမှစိတ်မကောင်း ဖြစ်မနေနဲ့။ ဒေါ်လေးအတွက်တော့ ရိုးနေပါပြီ။ လမ်းမလျှောက်နိုင်လဲ အခုလို ထိုင်လျက်သွားနိုင်တာကပဲ တော်လှပြီ။ စားဖို့သောက်ဖို့ အဆင်သင့်ထားပေးခဲ့ကြတယ်။ ထိုင်လျက်ကပဲ ဒေါ်လေးတနိုင်ပေါ့၊ အိမ်မှုကိစ္စလေးတွေ ကူညီပေးတယ်။ သမီးရယ် တကယ်တော့ တူမ၀မ်းကွဲ မိသားစုအနေနဲ့ ဒေါ်လေးကို ဒီလောက်ပြုစုပြီး နေခွင့်ပေးထားတာကိုက နည်းနည်းနောနော ကံကောင်းတာမှမဟုတ်တာပဲ။

ဒေါ်လေးငယ်က အားတက်သရော ရှင်းပြတယ်။ ဘ၀ကို အကောင်းမြင်ပြီး နေတတ်ထိုင်တတ်တာကတော့ လေးစားစရာကောင်းလိုက်တာလို့ ကျွန်မတွေးလိုက်မိတယ်။
***************************************************************************************

စတုတ္ထတဦးကတော့ ကျွန်မရဲ့ ၀မ်းကွဲတယောက်ပါပဲ။ နာတာရှည်ရောဂါကြောင့် အိပ်ရာထဲ လဲတယ်လို့ ကြားတာကြောင့် သတင်းမေးသွားဖြစ်ခဲ့တယ်။
ညီအကိုမောင်နှမတွေနဲ့ သားသမီးတွေ ၀ိုင်းဝိုင်းလည်နေအောင် ပြုစုနေကြတာတွေ့ရတော့ ၀မ်းသာကြည်နူးမိတယ်။ တဦးတည်းသော ညီမလေးက အနားကမခွာ ဂရုစိုက်သလို သားနဲ့ချွေးမတို့ကလည်း အလုပ်ကနေ ခွင့်ရသလိုယူပြီး အမေ့နားမှာ နေပေးကြတယ်။

အမေ့အတွက် ကုန်ချင်သလောက် ကုန်ပါစေ။ ကျွန်တော် ကုပါ့မယ်။ အမေ ဘာမှအားမငယ်နဲ့။ အမေ နေကောင်းအောင်သာ နေပါ။ ကျွန်တော်တာဝန်ယူပါမယ်-တဲ့။
ချွေးမကလည်း အမကြိုက်တတ်တာလေးတွေ ချက်ပြုတ်ကျွေးမွေးတယ်။ ပြုစုတယ်။ ဒါပြင် အမရဲ့မောင်တွေရော ယောင်းမတွေကပါ မလစ်လပ်အောင် ပြုစုဂရုစိုက်လိုက်ကြတော့ အမအနေနဲ့ ကံကောင်းပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဝေဒနာဖိစီးပြီး အိပ်ရာထဲလဲရတဲ့အခါ အပြုစုခံရတာ၊ ဂရုစိုက်ခံရတာဟာ တဦးစီရဲ့ ကုသိုလ်ကံပဲလို့ ဆိုရမှာပါ။ ငွေကြေးပြည့်စုံခြင်း၊ မပြည့်စုံခြင်းဆိုတာက အဓိကမကျပါဘူး။ တယောက်နဲ့တယောက် ရစ်တွယ်ထားတဲ့ သံယောဇဉ်၊ အနစ်နာခံမှု၊ စာနာနားလည်မှုတို့က တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါပဲ။ ဒါတွေကလည်း လုပ်ယူလို့ရကောင်းတာမျိုးမှ မဟုတ်တာပဲလေ။

ဝေဒနာခံစားနေရသူ အနေနဲ့ကလည်း အာပေးဖော် သွေးသားရင်းချာတွေကို အားကိုးတကြီး တမ်းတမိတတ်ကြတယ်။ ဒါကလည်း သဘာဝပဲပေါ့။
****************************************************************************************

နောက်ဆုံးတယောက်ကတော့ ငယ်သူငယ်ချင်း မဝေရဲ့ အမကြီး။ မဝေနဲ့ပတ်သက်ပြီး ရင်းနှီးသူမို့ နေမကောင်းဖြစ်ပြီး အိပ်ရာကမထနိုင်ဘူးလို့ ကြားတာကြောင့် သတင်းမေးသွားခဲ့တယ်။
မဝေတို့က ညီအမ လေးယောက်ရှိတယ်။ အပျိုကြီးတွေ။ မဝေနဲ့အထက်အောက် ညီမက ကုမ္ပဏီဝန်ထမ်းတွေ။ အငယ်ဆုံး ညီမလေးက ဘွဲ့ရပေမဲ့ အလုပ်မ၀င်ဘူး။ အိမ်မှာနေတယ်။ အဲဒီနေ့က ရောက်ရောက်ချင်းဆိုသလိုပဲ မမကြီးက ပြောတယ်။

ခင်လေးရယ် မမကြီးက သိပ်ကိုကံဆိုးပါတယ်။ ညီမသုံးယောက်ရှိတာ အားမကိုးရဘူး။ နည်းနည်းဆို စိတ်မရှည်ချင်ကြဘူး။ သူတို့အားလုံးကို ငယ်ငယ်လေးကတည်းက မမကြီးက ပြုစုစောင့်ရှောက်လာခဲ့ရတာပါ။ အခုလို မမကြီး ရောဂါခံစားနေရချိန်မှာ စာနာပေးဖို့ကောင်းတာပေါ့။ မမကြီးသေသွားရင်ကောင်းမှာပေါ့။
လို့ ပြောရင်း ကျူကျူပါအောင် ငိုတယ်။ မမကြီးကွယ်ရာမှာ မဝေက ပြောပြတာက-

ခင်လေးရယ် ငါတို့ညီအမတွေလည်း အစွမ်းကုန်ပြုစုကြပါတယ်။ သူနာပြု ဆရာမလေးတွေကလည်း သုံးယောက်ရှိပြီ ထွက်သွားကြတာ။ မမကြီးဒဏ် မခံနိုင်လို့။ နည်းနည်းလေးမှ စိတ်မလျှော့ဘူး။ ဟိုတုန်းကအတိုင်း မာန်မချဘူး။ ငါတို့အိပ်ပျော်နေချိန်ဆိုရင် နိုးပြီ။ ပြီးတော့လည်း ဘာမှဟုတ်တာမဟုတ်ဘူး။ မနက်ကျတော့ ငါရော အငယ်မပါ အလုပ်သွားကြရတာ။ ကြာရှည်အိပ်ရေးပျက်တော့ မခံနိုင်ကြတော့ဘူး။ မမကြီးက တနေကုန် အိပ်ရာထဲမှာနေတာ။ ဆရာဝန်မှာထားတဲ့အတိုင်း လမ်းတွဲလျှောက်မယ်လုပ်ရင် လုံးဝလက်မခံဘူး။ အကြီးဆိုတော့လည်း ပြန်မပြောဝံ့ဘူးပေါ့။ ကလေးတယာက်လို ဆိုးတယ်ဟာ တကယ်ပါပဲ-တဲ့။

ကြုံခဲ့ရတဲ့ ဝေဒနာသည်တွေရဲ့ စိတ်ခံစားမှုတွေနဲ့ ကုသိုလ်ကံ ခြားနားပုံတွေကို အလေးအနက် ဆင်ခြင်မိပါတယ်။ နာရမှာကတော့ သဘာဝတရားပဲဆိုပေမယ့် အဲဒီဝေဒနာခံစားရတဲ့အပေါ် ဘယ်လိုများ တုံ့ပြန်မိမယ်ဆိုတာတော့ မတွေးတတ်တော့ပါဘူး။ ကိုယ့်အလှည့်ဆိုရင်ရော.....။

နှင်းဆီခင်
(Image 2010-November)

Read more...

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၇)၊ သီရိလင်္ကာဆွမ်းအလှူပွဲများအကြောင်း

ပဋိဗိဗ္ဗာရာမကျောင်းသို့ ရောက်ပြီးနောက်ပိုင်း စနေ, တနင်္ဂနွေနေ့တိုင်းလိုလိုပင် ဟိုအိမ်သည်အိမ်မှ ပင့်ဖိတ် ကျွေးမွေး လှူဒါန်းကြသော အရုဏ်ဆွမ်း နေ့ဆွမ်းများကို ဘုဉ်းပေးခဲ့ကြရပါသည်။ များသောအားဖြင့်ကြွရောက်ခဲ့ရ သမျှသော ဆွမ်းကျွေးပွဲတိုင်းလိုလိုသည် သေလွန်သွားသော ဆွေမျိုးသားချင်းတစ်စုံတစ်ယောက်ကို ရည်စူး၍ လှူဒါန်းသောဆွမ်း (မတကဘတ္တ) တို့သာများကြသည်ကို သတိထားခဲ့မိပါသည်။ မြန်မာပြည်မှာလို မွေးနေ့ဆွမ်း အလှူ, အိမ်သစ်တက်အလှူ စသည်များကား မတွေ့ခဲ့ရသလောက်ပင် ရှားပါးလှပါသည်။

ထူးခြားသည်မှာ ဆွမ်းကျွေးမည့်အိမ်းတိုင်းသို့ ဘုန်းကြီးကျောင်းမှ စွယ်တော်ပွါးကို မဖြစ်မနေ ပင့်ဆောင်ပူဇော်ကြခြင်းပင် ဖြစ်ပါသည်။ မှန်ပါ၏။ သီရိလင်္ကာသားများသည် ဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်ဓာတ်မြတ်ကို ကိုးကိုယ်ပူဇော်ခွင့်ရနေကြသူများပီပီ အလှူဒါနပြုသမျှ၌ စွယ်တော်ပွါးကို မပါမဖြစ်သော အပူဇော်ခံတစ်ပါးအနေဖြင့် အထွတ်အမြတ်ထား ပူဇော်လေ့ရှိကြပါသည်။ ဆွမ်းမကျွေးမီနေ့ကပင် စွယ်တော်ပွါး သီတင်းသုံးရန် ကျောင်းဆောင်ငယ်ကို ဘုန်းကြီးကျောင်းမှသည် မိမိတို့အိမ် ဆီသို့ ငှါးယူရွှေ့ပြောင်းထားကြလေသည်။ ဆွမ်းကျွေးမည့်နေ့၌ စွယ်တော်ပွါးကြုပ်ကို ဒကာကြီးတစ်ယောက်၏ ဦးခေါင်းပေါ်တွင် တံဘက်ဖြင့်ခံပြီးမှ ဘေးမှထီးတော်မိုးပေးသူတစ်ဦးလိုက်ပါလျှက် ကျနစွာပင့်ဆောင် ကြလေသည်။

စွယ်တော်ပွါးကြုပ်နှင့် ဆွမ်းမဆက်မီသီလဆောက်တည်နေကြသူများကို တွေ့မြင်ရပုံ

သာမန်အားဖြင့် ခပ်ရိုးရိုးပင် ပင့်ဆောင်လေ့ရှိကြသော်လည်း တတ်နိုင်သူများအနေဖြင့်မူ ရိုးရာတီးဝိုင်းကလေး တစ်ခုကို ငှါးရမ်းကာ စည်စည်ကားကား ပင့်ဆောင်လေ့ရှိကြပေသည်။ တီးဝိုင်းဟုဆိုရာ၍ မြန်မာနိုင်ငံမှာကဲ့သို့ ကြေး၊ မောင်း၊ ရကွင်း၊ နှဲ၊ ပလွေ၊ ပတ်မ စသည်ဖြင့် ရှင်လောင်းလှည့်သောအခါမျိုးတွင် လမ်းလျှောက်ရင်းတီးရသော တီးဝိုင်းများကဲ့သို့ တူရိယာစုံလှသည်တော့မဟုတ်ပါချေ။ အနီးစပ်ဆုံးပြောရလျှင် ဒိုးပတ်ဝိုင်းနှင့်ခပ်ဆင်ဆင်တူသည်ဟုတော့ ဆိုနိုင်လိမ့်မည်ထင်ပါသည်။ သို့သော် စာရေးသူတို့မြန်မာနား၌ကား နဝင်ပီယံမရှိလှပါ။ တတီတီတတာတာမှုတ်သည့် နှဲဆရာတစ်ဦး၊ ဒိုးပတ်ကဲ့သို့သော ရိုးရာဗုံတစ်လုံးကို တုတ်တိုဖြင့်ရိုက်ကာရိုက်ကာ တီးသူတစ်ဦး၊ လည်ပင်း၌လွယ်ထားသည့် ပက်လက်ဗုံတိုကလေးနှစ်လုံးကို အဖျားတွင်ကွေးညွတ်ကော့ဝိုက်ထားသည့် ကြိမ်ကွင်းဖြင့် ပလုံတုံတုံ တုံတုံတုံ တုတ်တုတ်တုတ် စသည်ဖြင့်တီးသူ တစ်ဦး တို့သာ ပါတတ်လေသည်။ ရံခါ၌မူ ဝါးမပါ စည်းသက်သက်သာတီးသူ တစ်ဦးပါ ပါတတ်လေရာ စုစုပေါင်းပါမှ သုံးဦး (သို့မဟုတ်) လေးဦးသာရှိတတ်လေသည်။

ထိုတီးဝိုင်းနောက်မှ စွယ်တော်ကြုပ်၊ စွယ်တော်ကြုပ်နောက်မှ ရဟန်းတော်များစီတန်း၍ အလှူ့ရှင်အိမ်သို့ ကြွရောက်ကြရပါသည်။ (ဝေးလျှင်မူ ကားဖြင့်ပင့်တတ်ကြပါသည်)။ စွယ်တော်ကြုပ်ကြွရာလမ်းတစ်လျှောက်တွင် ထိုင်နေသူများက မတ်တပ်ရပ်၍ အရိုအသေပြုကြပါသည်။ အိမ်သို့ရောက်သောအခါ ကျောင်းဆောင်တော်၌ ကိန်းဝပ်စေပြီးမှ သံဃာတော်များ၊ ဒကာ/မများ မိမိတို့နေရာတွင် ထိုင်ကြရပါသည်။

အသားမဲသော်လည်း အသဲဖြူသူတို့၏ ဆွမ်းအလှူ

သံဃာတော်များသီတင်းသုံးရန်အတွက် များသောအားဖြင့် ခုံတန်းလျားများချပေးထားတတ်ကြပါသည်။ တစ်ခါတစ်ရံတွင် ဆိုဖာထိုင်ခုံ၊ တစ်ခါတစ်ရံတွင်မူ ကြမ်းပြင်၌ချခင်းထားသော ဆိုဖာဖုံကလေးများ ချပေးထား သည်မျိုးလည်းတွေ့ရတတ်ပါသည်။ မြန်မာပြည်မှာကဲ့သို့ စားပွဲဝိုင်းဖြင့်ကျကျနန ခန့်ခန့်ထည်ထည် ပြင်ဆင်ထား ခြင်းမျိုး မဟုတ်ကြပါသော်လည်း ဆွမ်းပွဲတင်မည့်ခုံတန်းလျားပေါ်တွင်ရော သံဃာတော်များထိုင်မည့် နေရာများ တွင်ပါ သန့်စင်ဖြူလွသည့် အဝတ်ဖြူများခင်းပေးထားကြသည်ကိုမူ တစ်မူထူးခြားစွာ တွေ့မြင်ရလေသည်။ ခုံတန်းလျားပေါ်တွင် သံဃာတော်တစ်ပါးစီအတွက် ပန်ကန်ပြားတစ်ချပ်၊ ပန်ကန်လုံးခပ်ကြီးကြီးတစ်လုံးစီ ချထားလေ့ရှိကြပါသည်။

ဦးစွာ စွယ်တော်ပွါးကို ဆီမီး၊ အမွှေးတိုင်များဖြင့်ပူဇော်ကြပြီး ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ထို့နောက်တရားအနည်းငယ်ဟောပြီး "သုဂန္ဓံ သီတလံ" အစရှိသောဂါထာများကို သံဃာတော်တစ်ပါးက တိုင်ပေးကာ ဘုရားရှင်အားရည်မှန်း၍ ဆွမ်းတော်၊ ပန်းတော်၊ ဆီမီး၊ ရေချမ်းစသည်များကို ကပ်လှူပူဇော်ကြပါသည်။ ထို့နောက် "ဣမံ ဘတ္တံ သပရိက္ခာရံ၊ ဘိက္ခုသံဃဿ ဒေမ"ဟူသော လှူဖွယ်ဝတ္ထုများနှင့်တကွ ဆွမ်းလှူဒါန်းပါကြောင်း ရဟန်းတော်တစ်ပါးက တိုင်ပေးပါသည်။ သူတို့အသံထွက်နှင့်ဆိုလျှင် (ဣမံ ဘတ္တံ ဆပရိက္ခာရံ၊ ဘိက္ခုဆံဃဆ္ဆ ဒေမ)ဟု အနီးကပ်ဆုံး အသံထွက်ပါသည်။ ထို့နောက်တွင်တော့ ဆွမ်းကပ်ရန် စတင်ပြင်ဆင်ကြပါတော့သည်။

ဦးစွာ ပန်းကန်လုံးကြီးထဲတွင် လက်ဆေးရန်နှင့် ခံတွင်းဆေးရန် ရေထည့်ပေးကြပါသည်။ ထို့နောက်တွင် မုန်လာဥဝါ၊ ပဲသီး၊ နာနတ်သီး စသည့်အသီးအနှံများကို ခပ်ပြစ်ပြစ်ရောကျိုထားသည့် သူတို့အခေါ် ယာဂုဘတ္တ ဟူသော သီးစုံဟင်းတစ်ခွက်ကို လက္ဘက်ရည်သောက်ပန်ကန်လုံးဖြင့် ကပ်လှူလေ့ရှိကြပါသည်။ ထိုသီးစုံဟင်းနှင့် ဘုန်းပေးရန်အတွက် ငရုပ်ကောင်းမှုန့်ကလေးဖြူးထားသည့် ပဲတောင့်ရှည်ပြုတ်၊ မုန်လာဥဝါပြုတ်စသည်များကိုပါ တစ်ပါတည်း ဆက်ကပ်လေ့ရှိကြပါသည်။ သီးစုံဟင်းရည်ခွက်နှင့် သီးနှံပြုတ်များကိုဘုန်းပေးကြအပြီးတွင်မှ ဆွမ်းဆက်ကပ်ကြပါသည်။

များသောအားဖြင့် ဆွမ်းနှစ်မျိုးစီပါလေ့ရှိပါသည်။ ဆန်နီကိုချက်သောဆွမ်းနှင့် ဆန်ဖြူကိုချက်ထားသောဆွမ်းတို့ ဖြစ်ပါသည်။ (မြန်မာပြည်တွင် ဆန်နီကို မတွေ့မြင်ခဲ့ဖူးပါ၊ သီရိလင်္ကာရောက်မှ စတင်တွေ့မြင်ဖူးပါသည်၊ သီရိလင်္ကာသား အများစုနှစ်သက်သော ဆန်အဖြူမှာ အနံ့စူးရှရှကလေး တစ်မျိုးနံသော်လည်း ဆန်နီမှာမူမနံပါ၊ ထို့ကြောင့်နောက်ပိုင်းတွင် စာရေးသူအနေဖြင့် ဆွမ်းကျွေးပွဲကြုံလျှင် ဆွမ်းနီကိုသာရွေးချယ် ဖြစ်ခဲ့ပါသည်။) ဦးစွာ ပန်းကန်ပြားတွင်ဆွမ်းထည့်ပေးကြပါသည်။ ထို့နောက်တွင် ငါးဟင်း၊ ဟင်းရွက်ကြော်၊ ကုလားပဲချက်၊ အာလူးချက်၊ စသည်ဖြင့် ဟင်းအမယ်များစွာကို တစ်ဦးတစ်ခွက်စီကိုင်လျှက် တစ်ပါးပြီးတစ်ပါးဆီသို့ စီတန်းကာ လောင်းထည့် ပေးကြပါတော့သည်။

ကိုယ်မကြိုက်သော ဟင်းကိုကိုင်ဆောင်လာသူက မိမိရှေ့သို့ရောက်လာပြီး လောင်းထည့်မည်ပြုလျှင် ပန်ကန်ပြားကို လက်ဖဝါးဖြင့် အသာကလေး ဖုန်းအုပ်ပြလိုက်ခြင်းဖြင့် ငြင်းပယ် နိုင်ပါသည်။ သူတို့ဆွမ်းကျွေးပုံကိုနားလည်အောင် ပြောရပါလျှင် ပန်ကန်ပြားတစ်ချပ်တည်းတွင် ဆွမ်း၊ငါး၊ဟင်း စသည်များကို အကုန်လုံးပုံထည့်ပေးပြီး စုပုံ ကျွေးသည့် (သို့မဟုတ်) ထိပ်စုကျွေးသည့် ပုံစံမျိုးပင်ဖြစ်သည်ဟု ဆိုနိုင်မည်ထင်ပါသည်။ မြန်မာပြည်မှာလို ဆွမ်းဝိုင်းအကြီးကြီးတွင် ဟင်းအစုံကိုလှလှပပ ပြင်ဆင်ချထားပြီး ကြိုက်တဲ့ဟင်းကို မိမိတို့ဘာသာ လိုအပ်သလောက် ရွေးချယ်ခပ်ထည့်စားနိုင်သည့်စနစ်မျိုးတော့ဖြင့် မဟုတ်ပါချေ။

သံဃာတော်များ ဆွမ်းစတင်ဘုန်းပေးကြပြီဆိုသည်နှင့် လက်ဆေးရေထည့်ပေးထားသည့် ပန်ကန်လုံးကြီးများကို သန့်ရှင်းပစ်လိုက်ကြပြီးလျှင် အုန်းသီးစိမ်းရည်ကိုထည့်ထားပေးကြပါသည်။ (သီရိလင်္ကာတွင် အရည်သာ သောက်လေ့ရှိကြသည့် အုန်းနီသီးတစ်မျိုးလည်းရှိပါသည်။ ၎င်းကိုသူတို့ဘာသာစကားဖြင့် "တမ်ဘလိ" ဟုခေါ်ပါသည်။ ဆွမ်းကျွေးပွဲမှန်သမျှ ထိုအုန်းသီးရည်ပါစမြဲဖြစ်ပြီး၊ သူတို့အဆိုအရ အပူအစပ်စာများကို အုန်းသီးရည်က ပြန်လည်ထိန်းညှိပေးသည်ဟု သိရပါသည်။ ထို့ထက်ဆိုရပါလျှင် သီရိလင်္ကာသားများသည် ထိုအုန်းနီသီးရေကို ဆေးဝါးတစ်ခုအနေဖြင့်ပင် သောက်သုံးလေ့ရှိကြပြီး တစ်ချို့ဆိုလျှင် မနက်စောစော လက္ဘက်ရည် ကော်ဖီချိန်များတွင်ပင် လက္ဘက်ရည်ကော်ဖီအစား ထိုအုန်းသီးရည်ကိုပင်သောက်လေ့ရှိကြပါသည်။ အုန်းသီးရည်တစ်လုံးလျှင် သီရိလင်္ကာရူပီး ၂၀ ဝန်းကျင်ပေးရပါသည်။)

ဆွမ်းဘုန်းပေးပြီးလျှင် တရားဟော၊ ရေစက်ချ၊ အမျှဝေကြပါသည်။ ရေစက်ချ အမျှဝေကြပုံမှာ မြန်မာပြည်နှင့်မူ များစွာကွာဟသည်ဟု ဆိုနိုင်ပါသည်။ မြန်မာပြည်တွင်မူ "ယနေ့ယခုမည်သည့်ကောင်းမှုများပြုကြကြောင်း၊ ကောင်းမှုစွမ်းအားကြောင့် မည်သို့မည်ပုံကောင်းကျိုးတရားများ ခံစားရလိုကြောင်း၊ အမိအဖ ကိုယ်စောင့်နတ်မှစ၍ အမျှပေးဝေလိုသမျှ စာရင်းပြပြီး ၃၁ ဘုံရှိသမျှသတ္တဝါအကုန်လုံးကို အမျှပေးဝေကြပါကြောင်း၊ ဝသုန္ဒရေ သက်သေအရာတည်ပါစေကြောင်း" ခန်းနားစွာရွတ်ဆိုကြပြီးမှ "အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော" စသည်ဖြင့် အမျှပေးဝေလေ့ရှိကြသော်လည်း သီရိလင်္ကာ၌မူ ထိုသို့မရှည်လျား မခန်းနားလှပါ။ အလှူရှင်များ ကိုယ်တိုင် (ဘုန်းကြီးကတိုင်ပေးစရာမလိုဘဲ) "ဣဒံမေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော" (ဤကောင်းမှုသည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးများချမ်းသာကြစေသတည်း) ဟုရွတ်ဆို၍ ရေစက်သွန်းချကြရပါသည်။ ထိုအခိုက်တွင် ရဟန်းတော်များက "ရေသည် မြင့်ရာအရပ်မှ နိမ့်ရာအရပ်သို့စီးလေဘိ သကဲ့သို့ မြင့်မြတ်ရာဤလူ့ဘဝမှ ပေးဝေအပ်သောကောင်းမှုအဖို့ဘာဂသည် နိန့်ကျသောပြိတ္တာဘဝဆီသို့ ကပ်ရောက်နိုင်ပေ၏" ဟူသည့် အဓိပ္ပါယ်ရသော "ဥန္နမေ ဥဒကံ" အစချီသည့် ဂါထာတိုလေးကို ရွတ်ဆိုပေးကြ လေသည်။ ဤသည်ပင် သူတို့၏ အမျှပေးဝေမှု ဖြစ်တော့၏။ ထို့နောက်တွင် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆွမ်းကျွေးပွဲပြီးစီးလေတော့သည်။ မည်သို့ဆိုစေ ဟင်းခပ်အမွှေးအကြိုင် အပူအစပ် များလှသည့် သီရိလင်္ကာဆွမ်းကျွေးပွဲတို့နှင့်ကြုံရလေတိုင်း ရွှေပြည်ကြီးမှ ဆွမ်းဝိုင်းများကိုသာ တဝဲလည်လည် မြင်ယောင်နေမိပါလေတော့သည်။

အပိုင်း(ဂ) ကို ဆက်ရေးပါမည်။ အရှင်ဝိသာရဒ(ရမ္မာဝတီ)

အပိုင်း (၆)ကိုဆက်ရေးပါမည်။

Read more...

စိတ္တသုခ ၏ ၂၀၁၁ နှစ်သစ်ကြိုပွဲ

ပြောရရင်တော့ မြန်မာတွေရဲ့ ချစ်စရာဓလေ့ပေါ့..
ချစ်ခင်ရင်းနှီးမှုဆိုတာ ဒါပါပဲ...
ဘုန်းကြီးကျောင်းမှာ ဆရာတော်မရှိဘူး..။မြန်မာပြည်ခေတ္တပြန်ကြွသွားတယ်ဆိုပေမဲ့ အစဉ်လာမပျက် ကျောင်းတော်ကြီးရဲ့ တာဝန်ဝတ္တရားတွေဖြစ်တဲ့ ဘုရားစင် မှအစ မီးဖိုချောင်အဆုံး သန့်ရှင်း သပ်ရပ်ပြီး အမြဲတမ်း ကြည်ညိုဖွယ်ရာဖြစ်အောင် ပြင်ဆင်မွမ်းမံခြင်း တာဝန်တွေကို မြန်မာပီပီဘာသာတရားအရင်းခံ စိတ်သဘောထားအမှန်နဲ့ ဝတ်မပျက် လုပ်လာလိုက်ကြတာ ဘယ်လောက်တန်ဘိုးရှိလိုက်သလဲ...။
အားတဲ့ရက် စနေ၊တနင်္ဂနွေမနားမနေ တာဝန်ကျေကြပါပေတယ်..။ ပရဟိတ စိတ်ရှိသူတွေမှာ သူ့တာဝန် ကိုယ့်တာဝန် ဆိုတာတွေမရှိပါဘူး။
ကိုယ် ကိုးကွယ်တဲ့ကျောင်း...ကိုယ်စီအသိလေးတွေနဲ့ အလိုက်တသိ လုပ်ကြတော့ အင်မတန် တန်ဘိုး ရှိတဲ့ဗုဒ္ဓဘာသာ မြန်မာတစ်ယောက် ဖြစ်ပါတယ် ဆိုတာကိုပြတာပါပဲ။
ကမ္ဘာမှာ မြန်မာတွေလောက် စိတ်သဘောထား နူးညံ့သိမ်မွေ့ ယဉ်ကျေးတာ မရှိဘူးလို့ ပြောစမတ်တွင်နေ တာအခု သက်သေတစ်ခု ထပ်ပြ ရတာပေါ့။
ကိုရီးယားရောက် မြန်မာအလုပ်သမားတွေမှာလဲ ဘာသာတရား ရိုသေကိုင်းရှိုင်းမှု။ တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီမှုတွေဟာ ဘယ်အချိန် ဘယ်နေရာပြန်ရောက်ရောက် အမှတ်ရနေစရာပါပဲ...။
အခုလဲ ၂၀၁၁ ခုနှစ် နှစ်သစ်ရဲ့ မင်္ဂလာရှိသောနေ့မှာ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း ဒကာများ စုပေါင်း ပြီး အလှူဒါနပြုခြင်းနှင့် မိတ်ဆွေသူငယ်ချင်းများ တွေ့ဆုံပွဲလေး ပြုလုပ်ကြပါတယ်။
နှစ်သစ်မှာ ကျက်သရေမင်္ဂလာ ယူတတ်ရင် ရပါတယ်...။
အခုလိုမျိုး လုပ်ကြတာဟာလဲ...ပြောရရင် မြန်မာတွေရဲ့ ချစ်စရာဓလေ့ပေါ့...။

Read more...

အသိပေး စကားစုများ (ဓမ္မဒူတ အရှင်ဆေကိန္ဒ)






Read more...

လောက အဖျက်တရား

စာမိတ်ဆက်
ပို့စ်တွေ မရေးဖြစ်တာလဲ ကြာပြီ၊ စာလဲမဖတ် ခရီးလဲမထွက်၊ ဘယ်မှမသွား၊ ဘာမှ မဖတ်၊ ဘာမှ မစဉ်းစားဖြစ်တော့ တွေးစရာမရှိ၊ ရေးစရာမရှိ။ သို့သော်လည်း ဒီကနေ့တော့ မနက် အိပ်ယာထ အရုဏ်ဆွမ်းစားပြီးတိုင်း သီတဂူဆရာတော်ကြီး ဟောစဉ်ထဲက သက္ကပဥှသုတ္တန်တရားတော်များကို လမ်းလျှောက်ရင်း ဖတ်မိသည်။ သက္ကပဥှသုတ်သည် ဒီဃနိကာယ်လာ မဟာဝဂ္ဂပါဠိတော်တွင် ပါရှိသည်။ အလွန်ရှည်လျားသော သုတ်တစ်သုတ်ဖြစ်သည်။ သကြားမင်းမေးသော မေးခွန်းကို မြတ်ဗုဒ္ဓဖြေကြားသော သုတ္တန်လည်းဖြစ်သည်။ ထိုမေးခွန်းများစွာထဲမှ ပထမဦးဆုံး မေးခွန်းကို အခြေခံပြီး လောကကို ဖျက်ဆီးနိုင်သောအရာ ဟု စာရေးသူက အမည်ပေးထားပါသည်။

အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။ စာရေးသူကိုယ်တိုင်က ပုထုဇဉ်ပီပီ လောကအဖျက်တရားတွေ ရှိနေတော့ ဒီသုတ္တန်ကို ဖတ်ရင်း ကိုယ့်ကိုယ်ကို နားလည်ပြီး နှလုံးသွင်းကောင်းနိုင်အောင်ကျိုးစားရသည်၊ လူတိုင်းမှာ မတူညီသော ကိုယ်ပိုင်စရိုတ်များရှိကြသည်၊ ကိုယ့်မှာ ရာဂစရိုတ်အားကြီးသလား၊ ဒေါသစရိုတ်အားကြီးသလား၊ မောဟစရိုတ် အားကောင်းနေသလား၊ ဒါမှမဟုတ် အကောင်းဘက်က ဗုဒ္ဓိအစရှိသည့် စရိုတ်တွေ ရှိနေသလား ဆိုတာ သုံးသပ်သင့် ဆင်ခြင်သင့်သည်။ ထိုအကောင်းအဆိုး စရိုတ်များကို နားလည်ပြီးမှ ကုစားဘို့ရန် လွယ်ကူပါလိမ့်မည်ဟု ယုံကြည်မိသည်။ ထိုသက္ကပဥှသုတ္တန်ကို ဖတ်ရင်း စဉ်းစားမိသည်မှာ-- ဒီတရားသည် ငါ့ကို ရည်ရွယ်ဟောနေပါလား၊ ငါ့အတွက် အကောင်းဆုံးကုသရန် ဆေးကောင်း တစ်ခွက်ဖြစ်သလို တိုက်ဖျက်ရန် လက်နက်ကောင်းတစ်လက်ဖြစ်သည်။ စာရေးသူအတွက် အလွန်ကောင်း အလွန်သင့်လျော်သော တရားတစ်ပုဒ်ဖြစ်ပါသည်။ ထို့ကြောင့် လောက၏အဖျက်တရား များစွာထဲက တစ်ခုသော အကြောင်းကိုသာ ထုတ်နှုတ်၍ဖော်ပြပါမည်။

စိတ်စွမ်းရည်
စာရေးသူတို့ လူသားတွေသန္တာန်မှာ စိတ်စွမ်းရည် နှစ်မျိုးရှိသည်။ အလွန်စွမ်းထက်သော သတ္တိရှိသည်။ စိတ်၏ စွမ်းအင် ( mental power) လို့ ခေါ်သည့် ကုသိုလ် အကုသိုလ်ဟူ၍လည်းဆိုနိုင်သည်။ ထိုနှစ်မျိုးတွင် တစ်ခုမဟုတ် တစ်ခုတော့ ရှိနေမြဲဖြစ်သည်။ ဒါကိုပဲ Constructive Power အပြုသဘောဆောင်သော စိတ်၏ စွမ်းရည်နှင့် Destructive Power အဖျက်သဘောဆောင်သော စိတ်၏ စွမ်းရည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ နှလုံးသွင်း မကောင်းသော သူတွေမှာ မကောင်းသော ဒေါသ ဣဿာ မစ္ဆရိယ စသော အကုသိုလ်စိတ်တွေ ၀င်လာတဲ့အခါ ထိုသူတို့၏ စိတ်သည်လည်း အဖျက်သဘောဆောင် (Destructive Power) သော စိတ်၏စွမ်းရည် အဖြစ် ပြောင်းလဲသွားသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော နှလုံးသွင်းမှန်ကန်သော သူတွေမှာတော့ မေတ္တာ ကရုဏာ စသော အပြုသဘောဆောင် (Constructive Power) သော စိတ်စွမ်းရည်ဘက်သို့ ကူးပြောင်းလာပါသည်။ ကိုယ့်သန္တာန်မှာ ထိုနှစ်မျိုးတို့တွင် ဘယ်စရိုတ် ဘယ်တရားများ ကိန်းအောင်းနေပါသနည်း သို့မဟုတ် အဖြစ်များနေပါသနည်းဟု ကြိမ်ဖန်များစွာ သုံးသပ်ဆင်ခြင် သင့်လှပေသည်။

သကြားအမေး
သကြားမင်းက မြတ်ဗုဒ္ဓအား ဤသို့မေးတယ်‘‘ အို ရှင်တော်မြတ်ဘုရား-- လောကမှာ ဘုရား--- လူတွေ နတ်တွေ နဂါး ဂဠုန် အသုရာ ကချေသည် စသည့် များစွာသော သတ္တ၀ါတွေ ရှိကြပါတယ်ဘုရာ၊ ထိုများစွာသော သတ္တ၀ါတိုင်းမှာ တူညီသော ဆန္ဒတစ်ခုရှိပါတယ်ဘုရား၊ အချင်းချင်း ရန်မဖြစ်လိုကြဘူး၊ အချင်းချင်း အမြတ်ဒေါသ အာဃာတ မထားလိုကြဘူး၊ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ နေလိုကြပါသည်ဘုရား။ သို့သော်လည်း သူတို့တတွေ အဲဒီလို သူတို့ ဖြစ်ချင်သလို လိုလားသလို ဖြစ်မလာကြပါဘုရား။ လောကကြီးက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါတယ်၊ အာဃာတတွေ ထားနေကြပါတယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေနဲ့ နေ နေကြရပါတယ်။ ထိုသို့ဖြစ်ချင်တိုင်းမဖြစ်ကြရခြင်းသည် အဘယ်သံယောဇဉ်ကြောင့် ဖြစ်ပါသလဲ ဘုရား’’ဟု မေးသည်။

လူတိုင်းချမ်းသာချင်
လူသားတိုင်းသည် ချမ်းသာချင်ကြသည်၊ အေးအေးချမ်းချမ်း နေလိုကြသည်၊ မေတ္တာပို့သည်အခါမှာလဲ ‘‘အဟံ အဝေရော ဟောမိ’’က အစပြုသည်။ ကျွန်ုပ် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏၊ အဟံ အဗျာပဇ္ဇော ဟောမိ- ကျွန်ုပ် စိတ်ချမ်းသာပါရစေ စသည်ဖြင့် ကိုယ့်ကိုကို ဦးစွာ မေတ္တာပို့သည်။ ဤကဲ့သို့ မိမိက အရင်စ၍ မေတ္တာပို့ခြင်း လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း မိမိကဲ့သို့ ချမ်းသာချင်ကြမည်၊ ဘေးကင်းလိုကြမည်ဟု စာနာတတ်အောင် ဆိုထားခြင်းဖြစ်သည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ချမ်းသာချင်ကြပေမဲ့ ချမ်းသာစွာ မနေနိုင်ကြပေ။ အဘယ့်ကြောင့်နည်းဟု သကြားမင်းက မေးခြင်းဖြစ်သည်။

သံယောဇဉ်

သကြာမင်းက သံယောဇဉ်ကို မေးတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ဣဿာအစရှိသော သံယောဇဉ်များကြောင့် သတ္တ၀ါတွေ ချမ်းသာစွာ နေလိုကြပေမဲ့ မနေနိုင်ကြောင်း အဖြေပေးသည်။ ဘုရားအဖြေက ဣဿာနှင့် မစ္ဆရိယသံယောဇဉ်ဖြစ်ပါသည်။ ဤပို့စ်၌ ဣဿာ သံယောဇဉ် အကြောင်းကိုပဲ တင်ပြမည်ဖြစ်ပါသည်။ မစ္ဆရိယသံယောဇဉ်ကိုတော့ အပိုင်း (၂) မှာ ဆွေးနွေးမှာ ဖြစ်ပါသည်။

စာရေးသူတို့ လူအများစုက သံယောဇဉ်ကို ဘယ်လိုနားလည်ထားကြသလဲဆိုတော့ အချစ် (love) တဲ့။ အချစ်တစ်ခုတည်းကိုပဲ သံယောဇဉ်ဟု နားလည်ထားကြသည်။ တကယ်တော့ သံယောဇဉ်ဆိုတာ‘‘ သတ္တေ အနတ္ထေ (ဒုက္ခေ) သံယောဇေန္တိ ဗန္ဓေန္တီတိ သံယောဇနာ’’ ဟု စာပေမှာ ဆိုသည်။ သတ္တ၀ါတို့ကို အကျိုးမဲ့ မကောင်းသောအကျိုးတို့၌ ချည်နှောင်ထားတတ်သည်။ ထိုသံယောဇဉ်ကြောင့်ပဲ သက်ရှိ လောကကြီးသည် လူသားအချင်းချင်း သက်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း၊ အောင်မြင်မှုနှင့် ဘ၀စည်းစိမ်များကို ဖျက်ဆီးခြင်း၊ အောင်မြင်ရန်အလားလာများကို တားမြစ် ပိတ်ဆို့ခြင်း စတဲ့ လောကကြီးပွားခြင်းကို ခြေမှုန်းနေကြသည်။ ထိုသို့သော ဒုက္ခတို့၌ ချည်နှောင်ထားတတ်သည်။

စာပေမှာ သံယောဇဉ် ၁၀ပါး ပြဆိုထားသည်။ အများစု နားလည်ထားသည့် အချစ်ဆိုတဲ့ သံယောဇဉ်သည် ကာမရာသံယောဇဉ် ဘ၀ရာဂသံယောဇဉ် တို့ကို ဆိုလိုသည်။ သို့ပေမဲ့ အခြားသော ဣဿာ (စောင်းမြောင်းငြူစူခြင်း) သံယောဇဉ်၊ ဒေါသ ပဋိဃ (ရန်ငြိုးထားခြင်း အငြိုးတေးထားခြင်း အမျက်ထွက်ခြင်း) သံယောဇဉ်စတဲ့ သံယောဇဉ်များကိုတော့ သံယောဇဉ်ဟု ခံယူမထားကြပေ။ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း အာဃာတထားခြင်းသည်လည်း သံယောဇဉ်မည်ပါသည်။ ဒုက္ခပေါင်းစုံမှ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသောကြာင့် ဖြစ်သည်။ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် ထိုသံယောဇဉ်များကို ကျော်လွားနိုင်ဘို့ လိုအပ်ပါသည်။ ထိုသံယောဇဉ်များကို မတားဆီးနိုင်သရွေ့ ရန်သူတွေဝိုင်းရံနေတဲ့ ဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။ လောကကြီးသည် သို့မဟုတ် ဘ၀သည် အချင်းချင်းအာဃာတတွေ၊ အပြိုင်အဆိုင်တွေ၊ ပိတ်ပင်တားဆီးမှုတွေ၊ အဖျက်သမားတွေ၊ တစ်ယောက်နှင့်တစ်ယောက် ရှုတ်ချ အပြစ်တင်ခြင်းတွေ၊ ပစ္စည်းဥစ္စာများကို မတရားသဖြင့် သိမ်းယူခြင်းဆိုတဲ့ ဥစ္စာဒဏ်၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းဆိုတဲ့ လက်နက်ဒဏ်စသည်တို့ဖြင့် ၀ိုင်းရံခံနေရသည်။ ထိုအန္တရာယ်များသည် မနာလို ငြူစူခြင်းဟုသော ဣဿာ သံယောဇဉ်လျှင် မြစ်ဖျားခံသည်။ လောကကြီးကို ခြိမ်းခြောက်နေသောကြာင့် လောကအဖျက်တရားဟူလည်း ခေါ်ဆိုနိုင်သည်။ ဣဿာသည် လောကကြီးပျက်ဆီးသွားသည်အထိ ဖြစ်သွားနိုင်သည်ကို သတိထားသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အဖြစ်မများပေမဲ့ တစ်ကမ္ဘာလုံးနှင့်ခြုံကြည့်ပါက နေရာအနှံ့ပြား များစွာတွေ့နိုင်ပါသည်။

ဣဿာ (မနာလို သ၀န်တို)

လောကအဖျက်တရားများစွာထဲက ဣဿာ (စောင်းမြောင်းငြူဆူခြင်း) သံယောဇဉ်သည်လည်း ကြောက်စရာ အဖျက်တရားတစ်ခုဖြစ်သည်။ ဒါကို ခေတ်စကားအနေနဲ့ jealous ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးစခန်းဆရာတော်က ‘‘ မင်းတို့ခေတ်က ဣဿာ မစ္ဆရိယတွေ လွှမ်းမိုးတဲ့ ခေတ်ကွ၊ ဘယ်တော့မှ မချမ်းသာနိုင်ဘူး’’ ဟု အမိန့်ရှိဖူးသည်။ မှန်ပါသည်၊ ထိုဣဿာလွှမ်းမိုးနေသမျှ လောကကြီးသည် အေးအေးသက်သာ ရှိလိမ့်မည်မဟုတ်။ ထိုဣဿာသည် အဘိဓမ္မာသဘောအရ ဒေါသနောက်ခံရှိသည်။ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်ကလေးတွင် ‘‘ဒေါသော ဣဿာ မစ္ဆရိယ ကုက္ကုစ္စဉ္စာပိ ဒွီသု ပဋိဃသမ္ပယုတ္တစိတ္တေသု’’ ဣဿာသံယောဇဉ်သည် ဒေါသနောက်ခံရှိသည်ဟု ဆိုလိုပါသည်။ ဣဿာရဲ့သဘောတရားကို အဘိဓမ္မာအဋ္ဌကထာ ဆရာကြီးက ရှင်းချက် ၅ မျိုးဖြင့် ဖော်ပြထားသည်။

၁။ ပရသမ္ပတ္တိ ခီယန လက္ခဏာ- လုလ္လပယောဂ၊ ကံ ဥာဏ် ၀ီရိယတို့ဖြင့် ရအပ်သော ဘ၀သမ္ပတ္တိ-ဘ၀မှာ အရာရာပြီးပြည့်စုံခြင်း၊ ဘောဂသမ္ပတ္တိ-စည်းစိမ်ဥစ္စာပြည့်စုံခြင်း စသည့် သူတပါး၏ ပြီးပြည့်စုံခြင်းကို ရှုတ်ချ ကဲ့ရဲ့ အပြစ်တင် ဝေဖန်ခြင်းသဘော ဖြစ်သည်။ ကားအကောင်းစားစီးနိုင်သူကိုမြင်လျှင် ဒီကောင် ဒီလူ ဘယ်လိုနည်းနဲ့ စီးပွားရှာတယ် ဘယ်လိုနည်းနဲ့ ကားအကောင်းစား စီးနိုင်တယ်၊ စီးနိုင်မှာပေါ့ သူ့အဖေက သို့မဟုတ် သူ့အမေက ဘယ်ဝန်ကြီးနှင့်ဘယ်လို ပတ်သက်တာ စသည်ဖြင့် ရှုတ်ချတတ်သည်၊ ကဲ့ရဲ့တတ်သည်။ ဂုဏ်ထူးများစွာဖြင့် စာမေးပွဲအောင်သူကို မြင်လျှင် အောင်မှာပေါ့ သူ့အဖေက ပညာရေးဝန်ကြီးနဲ့ ဘယ်လိုပတ်သက်တာ၊ ဆရာဆရာမတွေနှင့် ဘယ်လိုပတ်သက်မှုရှိတာ စသည်ဖြင့် ဝေဖန်ပြောဆိုတတ်သည်။ နောက်ဆုံး သမီးရီးစား အဆင်ပြေနေတာတောင် အလွတ်မပေးခြင်းသဘောတရားသည် ဣဿာ၏ လက္ခဏာပင်ဖြစ်သည်။ ‘‘ကြီးပွားချမ်းသာ ရှုတ်ချခါ ဣဿာဟူ၍မှတ်’’ ဣဿာသည် သူတပါးကြီးပွား ချမ်းသာနေတာကို အမြဲတန်း ကဲ့ရဲ့ ရှုတ်ချတက်သည်။ သူတပါးပြီးပြည့်စုံနေတာကို ၀မ်းမသာနိုင်ဘဲ ရှုတ်ချနေတက်သည်။ ဤကဲ့သို့ အချင်းချင်း ကြီးပွားမှုကို ရှုတ်ချ ကဲ့ရဲ့လျှင် ဒီလောက ဘယ်တော့မှ မချမ်းသာနိုင်တော့ပေ။

၂။ ပရသမ္ပတ္တိ ဥဿူယနလက္ခဏာ- သူတပါးကြီးပွားချမ်းသာမှုအပေါ်မှာ အမြဲတမ်း ဖျက်ဆီးဖို့ရန် စောင်းမြောင်းခြင်းသဘောဖြစ်သည်။ သူတစ်ပါး တိုက်တွေ ကားတွေ စိန်တွေ ရွှေတွေ စသည်ဖြင့် ပြီးပြည့်စုံခြင်းကို ၀မ်းမသာနိုင်ဘဲ အားမပေးဘဲ ဖျက်ဆီးဖို့ရန်သာ စောင်းမြောင်းနေတတ်သည်။ ကဒါ နုခေါ ဧသ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ စရိဿတီတိ= ဘယ်သောအခါမှာ ဤပုဂ္ဂိုလ်သည် ဤပြီးပြည့်စုံခြင်းမှာ ဆုတ်ယုတ် ပျက်ဆီးပြီး ကျရှုံးလိမ့်မည်နည်းဟူ၍သာ ကြံစီတွေးတော နေတတ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတပါး ထိုကဲ့သို့ ပြည့်စုံမှုမှ ဆုတ်ယုတ် ပျက်ပြားသွားသော် ၀မ်းသာ နေတက်သည်။ ဤနည်းအားဖြင့် သူများစည်းစိမ်အကြောင်းပြုပြီး ဣဿာပွားနေသူမှာ ပူလောင်မှုဖြင့် စိတ်ပင်ပန်းနေရသည်။ စာကဆိုသည်မှာ--
‘‘ ဣဿာနလာသိခါ ယေသံ၊ ဟဒယေ ဇလတီဓ တေ။
နေ၀ ၀ိန္ဒန္တိ ပါမောဇ္ဇံ သမ္ဗုဒ္ဓါဒီဟိ သေ၀ိတံ’’ ဟုပင် ဖြစ်သည် (အဘိ-ဋီ-၃၁၉)။ ဆိုလိုသည်မှာ- ဣဿာမီး အပူလောင်ခံရသော ပုဂ္ဂိုလ်တို့မှာ ဘုရားပစ္စေက အရိယာတို့ မှီဝဲအပ် ခံစားအပ်သော နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ) မရနိုင်၊ ပါမောဇ္ဇမရရှိခြင်းကြောင့် ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ) မရ၊ စိတ် စေတသိတ်တို့၏ ငြိမ်းအေးသော ပဿဒ္ဓိ၊ ချမ်းသာခြင်း သုခ၊ စိတ်၏တည်ကြည်မှု သမာဓိမရနိုင်ခြင်းကြောင့် ရုပ်နာမ်သဘာဝတရားကို ထိုးထွင်းသိနိုင်သော မဂ်ဥာဏ်မရနိုင်၊ နောက်ဆုံး နိဗ္ဗာန်အထိ အဆင့်ဆင့် မရနိုင်တော့ပေ။ ဣဿာသည် နိဗ္ဗာန်၏ ရန်သူဖြစ်လေတော့သည်။

၃။ တတ္ထ အနဘိရတိ ရသာ- သူတပါးစည်းစိမ် ကြွယ်ဝမှုအပေါ်မှာ မမွေ့လျော်ခြင်းသဘောဖြစ်သည်။ သူတပါးကြီးပွားချမ်းသာမှုအပေါ်၌ နဲနဲလေးမှ ၀မ်းမမြောက်နိုင်တဲ့သဘောပင်။ သူမြတ်အကျင့် ၄ပါးထဲက မုဒိတာသည် သူတစ်ပါး၏ စည်းစိမ် ဥစ္စာနှင့် အောင်မြင်မှုများကို ၀မ်းမြောက်ပေးသည်။ ဣဿာကတော့ ၀မ်းမမြောက်နိုင် မပျော်နိုင်။ မုဒိတာက သူတစ်ပါးအဆင်ပြေနေတာကို ၀မ်းမြောက်ပေးသည်။ ဣဿာက စိတ်မသက်မသာ ဖြစ်သည်။ ပြီးပြည့်စုံသူ အောင်မြင်သူကို မြင်သောအခါ ‘‘ ကဒါ နုခေါ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ ကပဏော ဟုတွာ စရိဿတိ- ဒီလူ၏ စည်းစိမ်တွေ ဘယ်သောအခါမှ ဆုံးရှုံးပြီး မွဲပြာကျသွားမလဲ တွေးတောနေတက်သည်၊ ထိုသို့ တွေးတောထားသည်အတိုင်း ဖြစ်လာလျင် ၀မ်းမြောက်တတ်သည်။ ဤသည်ကား ဣဿာ သဘောတရားပင်ဖြစ်သည်။ အချင်းချင်း မုဒိတာမပွားနိုင်တဲ့လောကကြီး၊ အချင်းချင်းပြီးပြည့်စုံခြင်းကို ၀မ်းမမြောက်နိုင်သော လောကကြီးသည် ဘယ်တော့မှ ချမ်းသာလိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည်မဟုတ်။

၎။ တတော ၀ိမုခဘာဝ ပစ္စုပဋ္ဌာနံ- သူတစ်ပါးချမ်းသာခြင်း အောင်မြင်ခြင်း ပြည့်စုံခြင်းတို့အပေါ် မျက်နှာလွဲခြင်းလျှင်ထင်ရှားသည်။ ဣဿာရှိတဲ့သူသည် ချမ်းသာ အောင်မြင်သူကိုမြင်လျှင် မျက်နှာလွဲတတ်သည်၊ မမြင်ချင် မကြည့်ချင်ဖြစ်သည်။ ကိုယ့်အပေါ် မနာလိုဖြစ်နေသလား၊ ငြူစူနေသလား၊ ဖျက်ဆီးချင်နေသလားဆိုတာ ထိုဣဿာပွားနေသူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည့်အတွက် အလွယ်တကူ အကဲခတ်နိုင်သည်။ သူ၏မျက်နှာအပေါ်တွင်၎င်း သူ၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့၌၎င်း ပေါ်လွင်နေတတ်ပါသည်။ ဤနည်းဖြင့် ကိုယ့်ရဲ့ ရန်သူကို အကဲခတ်နိုင်သည်။ ငါ့စီးပွားတွေကို သူမကြည့်ချင်တော့ဘူးဆိုရင် သူသည် ဣဿာလွှမ်းမိုးနေတာပဲဖြစ်တယ်။ ဒုက္ခဖြစ်အောင် သူလုပ်တော့မယ် ဆိုတာ သတိထားနိုင်သည်။

၅။ ပရသမ္ပတ္တိ ပဒဋ္ဌာနံ
- ထိုသို့ ဣဿာပွားခြင်းသည် တစ်ပါးသူ၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုနှင့် အောင်မြင်မှုတို့ကြောင့် ဖြစ်သည်။ ကိုယ်နှင့်လဲမဆိုင်ဘဲ သူများပစ္စည်းနှင့် အလကားသက်သက် အချောင် အကုသိုလ်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ဣဿာ၏ဆန့်ကျင်ဘက်က မုဒိတာဖြစ်သည်။ မုဒိတာသည် သူများပစ္စည်းနှင့် အချောင် ကုသိုလ်ရနိုင်ခြင်းဖြစ်သည်။ ကုသိုလ်အချောင်ရနိုင်သည့် သူမြတ်တို့အကျင့် မုဒိတာသည် သူများပစ္စည်းနှင့်ပတ်သက်ပြီး ၀မ်းမြောက်နေခြင်းပဲဖြစ်သည်။ သူ၏ အတိတ် ပစ္စုပ္ပန်က ကံ၊ ဥာဏ်၊ လုလ္လပယောဂ ၀ီရိယတို့ဖြင့်ရအပ်၏ဟု တွေးကာတွေးကာ ၀မ်းသာနေခြင်းဖြစ်သည်။
ထိုသို့နှလုံးသွင်းကောင်းမှန်ကန်ခြင်းကြောင့် ဣဿာအပူမီး အလောင်မခံရသည့်အပြင် နုသောဝမ်းမြောက်ခြင်း ရင့်သော ၀မ်းမြောက်ခြင်း၊ စိတ်စေတသိတ်တို့ အေးချမ်းခြင်း၊ စိတ်ချမ်းသာခြင်း၊ သမာဓိရရှိခြင်း၊ ထိုသမာဓိကြောင့် မဂ်ဥာဏ်နှင့် နောက်ဆုံး နိဗ္ဗာန်အထိ ရောက်နိုင်သည်။ သာဓကဇာတ်ကြောင်းတစ်ခု ထုတ်ပြသော်-။

သာဓကဇာတ်ကြောင်း

တခါက သာဝတ္ထိမြို့မှာ အမေအို အဖေအိုကို လုပ်ကြွေးနေတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ဦးတည်းသောသား ဖြစ်သည်၊ အမျိုးနွယ် စီးပွားဥစ္စာ အမွှေစားအမွေခံ မျိုးဆက်သစ်မရှိ၍ မိဘများက သားတော်မောင်ကို အိမ်ထောင်ချပေးလိုက်သည်၊ သို့သော်လည်းနှစ်တွေသာကုန်သွားပေမဲ့ ချွေးမလေးမှာ ယခုထိ ကိုယ်ဝန်မဆောင်နိုင်သေးသဖြင့် အမွေဆက်ခံမည့်သူပြတ်မည်ကို ကြောက်သောကြောင့် နောက်ထပ် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးပြန်သည်။ ဒုတိယအမျိုးသမီး ကိုယ်ဝန်ရှိလာသောအခါ အမျိုးသားရော မိဘတွေကပါ ဖူးဖူးမှုတ်ထားကြသည်၊ သိပ်ချစ်ကြသည်၊ အချက်ပြုတ်၊ အ၀တ်လျှော် သန့်ရှင်းရေး စသည့်အိမ်မှုလုပ်ငန်းအ၀၀ကို မယားကြီးက လုပ်ပေးရသည်၊ မိဘဆွေမျိုး၏ ၀ိုင်းယုယ အချစ်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြည့်စုံခြင်း ပျော်ရွှင်ခြင်းများကို မယားကြီး မပျော်နိုင်။ ဣဿာဝင်လာသည်နှင့်တပြိုင်တည်း ဖျက်ဆီးဘို့ရန် စိတ်ကူးလာတော့သည်။ ကိုယ်ဝန်ရှိသော အမျိုးသမီး၏ အစားအစာထဲတွင် ကိုယ်ဝန်ပျက်ကျစေ နိုင်သော ဆေးထည့်လိုက်သည်။ ကိုယ်ဝန်ပျက်ကျသွားသည်၊ ဒုတိယ ကိုယ်ဝန်၊ တတိယကိုယ်ဝန်တို့ကို ဆက်တိုက် ဆေးခပ်အဖျက်ခံရသည်။ စတုတ္ထမြောက်ကိုယ်ဝန်ကိုတော့ မယားကြီးမသိအောင် တနေရာသွားပြီးပုန်းနေရသည်၊ ဖွားခါနီးအချိန်ခါမှ အိမ်ပြန်လာသည်၊ မယားကြီးအံ့သြတုန်လှုပ်သွားသည်၊ ထိုမွေးဖွားခါနီးဆဲဆဲမှာပဲ ဆေးခပ်ထည့်ပြန်သည်၊ ကိုယ်ဝန်ပျက်မကျဘဲ အမေရော ကလေးပါ သေလုနီးပါးထိရောက်ချိန်မှာ ‘‘ငါရော ငါ့သားပါ သေအောင်လုပ်တဲ့ မိန်းမ နောက်ဘ၀ သင်၏ကလေးတွေကို ပြန်စားနိုင်သော ဘီလူးဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့၍၊ ထိုအိမ်မှာပဲ ကြောင်ဖြစ်၍ မယားကြီးကတော့ ကြက်မလာဖြစ်ပြီး ပေါက်လာတဲ့ကလေးတိုင်း အစားခံရပြန်သည်၊ ဤသို့အားဖြင့် အပြန်အလှန် ကလဲ့စားချေလိုသော စိတ်ဖြင့် ဆုတောင်းလာလိုက်ရာ သမင်ဖြစ်ပြီး ကျားအစာဖြစ်ရ။ နောက်ဆုံးဘ၀မှာ ကိုယ်ဝန်ဆောင်မယားက သူ၏ဆုတောင်းအတိုင်း ဘီလူးမလာဖြစ်သည်၊ မယားကြီးကတော့ အမျိုးသမီးလာဖြစ်သည်။ ဤနည်းအားဖြင့် ဘတစ်ပြန်ကျားတစ်ပြန် အပြန်အလှန် တိုက်ခိုက်ခြင်းသည် မူလအခြေခံ ဣဿာကြောင့်ဖြစ်သည်။ ထို့ကြောင့် ဣဿာသည် ကြောက်စရာကောင်းသော လောကအဖျက်တရားဖြစ်သည်။

ဣဿာ ၂ မျိုး
ဣဿာသည် အဂါရိက ဣဿာ (လူဝတ်ကြောင်များ၏ ဣဿာ) နှင့် အနာဂါရိက ဣဿာ (အိမ်ယာမထောင် ရဟန်းဘောင်များ ဣဿာ) ဟူ၍ နှစ်မျိုးရှိသည်။ လူဝတ်ကြောင်များမှာ ဣဿာ မနာလို ၀န်တို ငြူစူခြင်းရှိသလို အိမ်ယာမထောင်သော ရဟန်းတော်များမှာလည်း ရှိတတ်သည်။ စာပေဗဟုသု ပရိယတ္တိ အစရှိသည်တို့ကို အမှီပြုပြီး ကြီးပွားချမ်းသာသော ရဟန်းတစ်ပါးကို မြင်လျှင် ဣဿာဝင်ပူးသော ရဟန်းမှာ မပျော်နိုင်၊ ၀မ်းမသာနိုင်ဘဲ ဒီကိုယ်တော် ဘယ်နေ့ ဒီကြီးပွားအောင်မြင်မှုကနေ ကျရှုံးမလဲ တွေးတောနေသည်၊ အကြောင်းတစ်စုံတစ်ခုကြောင့် ပျက်ဆီးဆုံးရှုံးသွားသော် ၀မ်းမြောက်တက်သည်။

ယနေ့မျက်မှောက်ခေတ်နှင့်ကမ္ဘာ
စာရေးသူတို့နေရာ ယနေ့မျက်မှောက်ခေတ်ကို လက်လှမ်းမီသလောက် ကြည့်မယ်ဆိုရင်၊ ကျွန်ုပ်တို့နေရာ ဤကမ္ဘာကြီး၌ ပြိုင်ဆိုင်မှုတွေ၊ စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်တိုက်ခိုက်မှုတွေ၊ ပြိုင်ဆိုင်မှုတွေရှိနေကြသည်။ တချို့သောနိုင်ငံတွေမှာ အလွန်ချမ်းသာ ကြွယ်ဝသည် အချို့နိုင်ငံများမှာတော့ ဆင်းဆင်းရဲရဲဘ၀ဖြင့် ရုန်းမထွက်နိုင်သေးဘဲ ရှိနေကြသေးသည်မှာ ကမ္ဘာကြီး၏ မညီမျှမှုကို ပြနေခြင်းဖြစ်သည်။ ထိုသို့သော မညီမျှမှုတွေကြောင့် လူတွေရဲ့ စိတ်သည် အဖျက်သဘောဆောင်သည့် Destructive Power ခေါ်သည့် စွမ်းအင်ဘက်သို့ ပြောင်းလာကြသည်။ တစ်ယောက်ကြီးပွားမှုကို တစ်ယောက်က မလိုလားပေ၊ တစ်နိုင်ငံချမ်းသာမှုကို တစ်နိုင်ငံက ၀မ်းမသာနိုင်ပေ။ စီးပွားရေးအင်အား လက်နက်အင်အား စွမ်းအင် အင်အားများကို ကိုယ့်ထက်သာသွားမည်ကို အပြန်အလှန် စိုးရိမ်နေကြသည်၊ ပူလောင်နေကြသည်။ နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးနေကြသည်၊ ကြီးပွားဆဲ ကြီးပွားလတံ့သော နိုင်ငံများကို တက်မလာနိုင်အောင် ဖိအားပေးခြင်း၊ ကြီးပွားပြီး ချမ်းသားပြီးနိုင်ငံများကိုလည်း နည်းမျိုးစုံဖြင့် ဖျက်ဆီးဖို့ရန် ကြံစည်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အဖျက်သဘောများ၏ စိန်ခေါ်မှုများကလည်း ကမ္ဘာကြီးအတွက် ကြီးမားသောပြဿနာပင်ဖြစ်သည်။

မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း သိန်းချီ သန်းချီသော လူများစွာရဲ့ အသက်ဇီဝိန်ကို ယူနိုင်သည့် နျူးကလီးယားစသည့် အဖျက်လက်နက်များကလည်း သူ့ထက်ငါ အပြိုင်အဆိုင် တီထွင်လျှက် ခြောက်လှန့်နေကြသည်။ ဤကဲ့သို့ လူသားအချင်းချင်း၊ တိုင်းပြည်အချင်းချင်း အပြန်အလှန် အဆိပ်သင့်စေသည့် မကောင်းသောဓာတ်တစ်ခုက ဣဿာ-မနာလိုခြင်းပင်ဖြစ်သည်။ အဆိပ်သဖွယ်ဖြစ်သည့် ထိုဣဿာ တရားသည် လူသားအချင်းချင်း ဆိုးရွားသော လုပ်ကြံမှုများနှင့် အလွန်အန္တရာယ်ကြီးမားသော ထိပ်တိုက် ရင်ဆိုင်မှုနှင့် အပြိုင်အဆိုင်များကို ဖြစ်စေသည်။ လူသားအချင်းချင်း တိုင်းပြည်အချင်းချင်း ညီညွတ်မှုနှင့် အေးချမ်းမှုကို ပျက်ပြားစေသည့် ဓာတ်တစ်ခုဖြစ်သည်။


ဤပုံကလေးတွေကတော့ ၉-၁၁ world trade center ကြီး လောကအဖျက်တရားကြောင့် အသက်ပေါင်းမျာစွာ တပြိုင်တည်း ဆုံးရှုံသွားစဉ်

ဗုဒ္ဓဘာသာနှင့် ယနေ့ပြဿနာ
ထိုကဲ့သို့သော လောကကြီးရင်ဆိုင်နေရသော လူမှုရေးပြဿနာတွေ၊ သဘာဝဘေးဒဏ် ပြဿနာတွေနှင့် ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ပြဿနာများကို ဗုဒ္ဓဘာသာက ဘယ်လို ဖြေရှင်းပေးနိုင်သလဲဆိုတဲ့ မေးခွန်းသည် ဗုဒ္ဓဘာသာဝင်များ သိထားသင့်သည် အလေးထား စဉ်းစားသင့်သည် အချက်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာက ထိုမေးခွန်းအတွက် ပြီးပြည့်စုံစွာ ဖြေကြားရန် အဆင်သင့်ရှိနေသည်။ အကောင်းဆုံး အရှင်းဆုံး ဖြေပေးထားသည်။ ထိုသို့ ဖြေရှင်းနိုင်ပေးသော အကောင်းဆုံးနည်းလမ်းသည် လူမြတ်တို့ ကျင့်အပ်သည် မြတ်သောအကျင့်ဖြစ်သည်။ ဒါကိုပဲ စာလိုအားဖြင့် ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစရိယ ဟူ၍ခေါ်ဆိုသည်။ ထိုလူမြတ်ကျင့်စဉ်များကို အသားရောင်၊ လူမျိုး၊ ကိုးကွယ်မှုဘာသာ စသည်မခွဲခြားဘဲ လိုက်နာကျင့်သုံးပါက လူသားတို့ နေရာ ဤကမ္ဘာကြီးသည် ငြိမ်းချမ်းသော တည်ငြိမ်သော နေရာဖြစ်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

သူမြတ်တို့ကျင့်စဉ်

၁။ ရန်ငြိုးဖွဲ့ခြင်း၊ ဒေါသ အာဃာတ တို့၏ဆန့်ကျင်ဘက် မေတ္တာတရား
၂။ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ခြင်း ရက်စက်ခြင်းဟုသော ၀ိဟိံသ ၏ ဆန့်ကျင်ဘက် ကရုဏာတရား
၃။ မနာလို စောင်းမြောင်းငြူစူခြင်းဟုသော ဣဿာ၏ ဆန့်ကျင်ဘက် မုဒိတာတရား
၎။ အစွန်းရောက်သော ချစ်ခြင်း မုန်းခြင်းဟုသော သံယောဇဉ်တရားတို့၏ ဆန့်ကျင်ဘက် ဥပေက္ခာ တရား။ ထို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့သည် သူမြတ်တို့၏ မြတ်သောအကျင့်တည်း။

ဤမျှလောက်ဖြင့် လောကအဖျက်တရားနှင့် ထိုအဖျက်တရားကို ကုစားနိုင်သော အရိပ်မြွတ်မျှသော နည်းလမ်းတို့သည် နားလည်လွယ် သဘောပေါက်လွယ်ရကား အကျဉ်းမျှဖြင့်သာ (ပို့စ်တစ်ခုစာမျှ) ဖော်ပြလိုက်ပါသည်။

ကျမ်းကိုးများ
၁။ ဓမ္မပဒ အဋ္ဌကထာ
၂။ အဋ္ဌသာလိနီ
၃။ သုတ်မဟာဝဂ္ဂ
၎။ အဘိဓမ္မတ္ထသင်္ဂဟပါဌ်
၅။ သီတဂူဆရာတော်ကြီး၏ သက္ကပဥှသုတ်တရားတော်
၆။ သီတဂူဆရာတော်ကြီး၏ သြ၀ါဒ
၇။ အဘိ-ဋီကာ
၈။ Summit Speech by Sitagu Sayadaw 2000

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၀၁-၂၀၁၁

Read more...

ခေတ်ဘုန်းကြီး


ပြောခဲ့သလိုပဲ၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေအပေါ်မှာ
အခုဆယ်စုနှစ်အတောအတွင်း ရိုသေမှုတွေ
အတော်လေး လျော့ရဲလာတာ တွေ့ရတယ်။

ဘုန်းကြီးတွေကို မရိုမသေဆက်ဆံလာပြီး မရိုမသေလုပ်လာကြပြီ။
ဘုန်းကြီးတွေကို မရိုမသေလုပ်တာဟာ သံဃာတော်တွေကို
မရိုမသေလုပ်တာပါဘဲ။
သံဃာတော်တွေကို မရိုမသေလုပ်တာဟာ
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု အားနည်းလာလို့ဘဲ။
သံဃာတော်တွေအပေါ်မှာ အားကိုးမှု ယုံကြည်မှု မရှိတော့လို့ပါဘဲ။

သံဃာတော်တွေအပေါ်မှာ အားကိုးယုံကြည်မှု မရှိတော့တာဟာ
သံဃာ့သရဏဂုံမရှိတော့တာပါဘဲ။
သံဃာသရဏဂုံမရှိရင် ဓမ္မ (တရား) သရဏဂုံ
ဘယ်လိုလုပ် ရေရှည် တည်တံ့နိုင်တော့မလဲ။
ဓမ္မ (တရားတော်တွေ) ကို သံဃာတော်တွေကပဲ တည်တံ့အောင်
ထိန်းသိမ်းစောင့်ရှောက်နေရတာမို့လား။

ဓမ္မသရဏဂုံမရှိတော့ဘူးဆိုရင် ဗုဒ္ဓသရဏဂုံလဲ ကွယ်ပြီပေါ့။
ဆိုတော့ သရဏဂုံသုံးပါးလုံး ပျောက်ကွယ်သွားပြီပေါ့။
ဒီလို သရဏဂုံသုံးပါးပျောက်ကွယ်ရင် ဗုဒ္ဓဘာသာပျောက်ကွယ်တာပါဘဲ။

သရဏဂုံသုံးပါးပျောက်ကွယ်နေတဲ့နေရာကို
ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်တို့နေရာလို့ ခေါ်နိုင်မလဲ။
သရဏဂုံသုံးပါးမရှိတဲ့နိုင်ငံကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာနိုင်ငံလို့ခေါ်နိုင်မလဲ။

လောလောဆယ်အခြေအနေအထိတော့
အင်္ဂလိပ်လိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာရော
မြန်မာလိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာစာအုပ်တွေထဲမှာပါ
ထေရ၀ါဒဗုဒ္ဓဘာသာကို လက်ခံထားသောနိုင်ငံပေါင်း
သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအိုလို့ ငါးနိုင်ငံရှိကြောင့်းဖတ်ရတယ်။

ဒါပေမဲ့
ဒို့နိုင်ငံ ဒီလိုသာရှေ့ဆက်သွားရင် မဝေးတော့တဲ့အနာဂတ်မှာ
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ရမှာ မဟုတ်တော့ပါဘူး။
တနည်းအားဖြင့် ဒို့နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံစာရင်းက အဖြုတ်ခံရတော့မှာ သေချာတယ်။

ဘာဖြစ်လို့လဲ၊
အထက်က ပြောခဲ့သလို ရဟန်းသံဃာတောတွေနဲ့ လူတွေအကြား
အညမညဂါရ၀လို့ခေါ်တဲ့ အချင်းချင်းလေးစားမှုတွေ
တဖြေးဖြေးနည်းသထက်နည်းလာလို့ပါ။
ဒီလိုအချင်းချင်းလေးစားမှုတွေနည်းပါးလာတာကလဲ
နှစ်ဦးနှစ်ဘက်မှာ အားနည်းမှုတွေ ရှိနေလို့ဘဲ။

ဟိုးရှေးယခင်တုန်းကတော့ ရဟန်းသံဃာတော်တွေဟာ
လူတွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်ခဲ့တယ်။
စားတာ၊ သွားတာ၊ နေတာ၊ ထိုင်တာ၊
လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာရေး စတာတွေမှာ
ရဟန်းသံဃာတော်တွေက ရှေ့က ဦးဆောင်နိုင်ခဲ့တယ်။

အခုခေတ်ကျတော့ ပြောင်ပြန်ဖြစ်သွားပြီ။
အကိုးကွယ်ခံ ရဟန်းသံဃာများက နောက်လိုက်ဖြစ်ကုန်ပြီ။
ကိုးကွယ်ကြတဲ့ လူများက ရှေ့ဆောင်တွေ ဖြစ်ကုန်ပြီ။
ဆရာ၊ ဒကာ မဟုတ်တော့ဘဲ ဒကာ၊ ဆရာဖြစ်ကုန်ပြီ။

ဒီလိုဖြစ်သွားရခြင်းရဲ့ တစ်ခုသောအကြောင်းက
ဆရာဖြစ်တဲ့ရဟန်းသံဃာတော်များက
ခေတ်နဲ့အညီ မလိုက်နိုင်လို့။

မေးစရာရှိလာတယ်။
ရဟန်းသံဃာတော်ဖြစ်ပြီး ခေတ်နဲ့အမှီလိုက်စရာ လိုလို့လား။
ဒီမေးခွန်းမှာ အဖြေ (၂) မျိုးရှိပါတယ်။

နံပါတ် (၁) အဖြေက
တကယ်တမ်း နိဗ္ဗာန်လိုချင်လို့ ၀တ်လာပြီး နိဗ္ဗာန်သို့ ရှေးရှု
နိဗ္ဗာန်အတွက် တစိုက်မတ်မတ် ကျင့်နေသူအဖို့
ခေတ်အကြောင်းသိဘို့မလို၊ ခေတ်မှီဘို့ မလိုပါဘူး။
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့အရေးတွေဟာ
သူနဲ့မဆိုင်ပါဘူး။ သူနဲ့ဆိုင်တာ နိဗ္ဗာန်ပဲရှိတယ်။
ဒီအတွက် သူသိရမှာက သူ့ရုပ်နဲ့ သူ့နာမ်ကိုပါ။
ဒီလိုသိပြီး သူ့ရုပ်နဲ့
သူ့နာမ်တို့ရဲ့ မမြဲမှုသဘော၊ ဆင်းရဲဖောက်ပြန်မှုသဘော၊ အစိုးမရတဲ့သဘောတွေကို
ဆင်ခြင်နှလုံးသွင်း ရှုမှတ်ပွါးများနေရုံသာဖြစ်တယ်။

နံပါတ် (၂) အဖြေက
ရဟန်းသံဃာတော့ ရဟန်းသံဃာပဲ။
ဒါပေမဲ့ သူ့ရဲ့ ပါရမီ မရင့်ကျက်သေးလို့ပဲပြောမလား။
လူကြားထဲမှာ သူလိုကိုယ်လိုနေနေသူအဖို့တော့
ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဘို့၊ ခေတ်အကြောင်းသိဘို့လိုတယ်။
လူကြားထဲမှာ သူလိုကိုယ်လိုနေသူဆိုတာ
သံဃာ့နာယကဥက္ကဋ္ဌ ရာထူးလိုချင်တဲ့၊ ဘွဲ့ရချင်တဲ့၊ ကားလိုချင်တဲ့၊ တီဗွီလိုချင်တဲ့
စတာ စတာတွေကို လိုချင်တဲ့
မိမိအပါအ၀င် ယေဘုယျရဟန်းသံဃာတော်တွေကို ဆိုလိုတာပါ။

ဒီလိုရဟန်းသံဃာတော်များဟာ
ခေတ်စနစ်အခြေအနေကို သိရပါမယ်။
ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်အကြောင်းမသိရင်
ခေတ်လူတွေအကြောင်းမသိရင်
အကိုးကွယ်ခံဖြစ်တဲ့ ခေတ်အကြောင်းမသိတဲ့
ထိုသို့သောရဟန်းသံဃာတော်တွေကို
ဘယ်လိုလုပ် ကိုးကွယ်ချင်ပါ့မလဲ။ လေးစားချင်ပါ့မလဲ။

ခေတ်လူတွေကြားမှာ နေထိုင်ပြီး ခေတ်လူတွေကို ဦးမဆောင်နိုင်ရင်
ထိုခေတ်လူတွေက ဘယ်လိုလုပ် လေးစားမလဲ။ ကိုးကွယ်မလဲ။

လူတွေသုံးတဲ့ခေတ်အသုံးအဆောင်ကိုကျတော့ အကုန်လိုက်သုံးချင်ပြီး
လူတွေလောက်မှ အသိဥာဏ်မရှိရင်၊
လူတွေလောက်မှ စားတာ၊ သွားတာ ပြောတာ စသည်တို့မှာ အဆင့်အတန်းမရှိရင်
ဘယ်လိုလုပ် ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ချင်မလဲ။

ဘုန်းကြီးတွေ့ရင် ဦးသုံးကြိမ်ချဆိုလို့သာ ချလိုက်ရတယ်။
ဦးချရသူအဖို့ ဘယ်လိုလုပ်အားပါမလဲ။
ဘယ်လိုလုပ်အရသာရှိမလဲ။

ဦးချသူ အားပါဘို့၊ ဦးချသူ အရသာရှိဘို့
လူတွေကြားထဲမှာနေနေတဲ့ ဒို့တတွေ (ရဟန်းသံဃာတော်တွေ)
အစစအရာရာအသိရှိဘို့လိုပြီ။ ခေတ်အကြောင်းသိဘို့လိုပြီ။
ခေတ်မှီဘို့လိုပြီ။

ဒီလိုမှ မဟုတ်ရင်ဖြင့် ရဟန်းသံဃာတော်တွေ
နိုင်ငံရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
စီးပွါးရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
လူမှုရေးသမားက အသုံးချတာလဲ ခံရပါလိမ့်မယ်။
ဘာသာရေးသမား (ဂေါပက) ကလဲ အသုံးချတာ ခံရပါလိမ့်မယ်လို့ ဆိုချင်ပါကြောင်း။

Read more...

သင်လေ ရဟန္တာလို နေပေးပါ…


သင်လေ ရဟန္တာလို နေပေးပါ…

အကျိုးကြီးတယ်၊ အာနိသင်ကြီးတယ်၊ တန်ခိုးကြီးတယ်...


Read more...

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက်မှု ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်းအိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစားပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊ တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထုကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေးလောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ၀တ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....
ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော ပရိဠာဟ ဂူပသမတ္တံ၊
မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေးမှ
လွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်, သကဒါဂါမ်ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြတယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့် မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသောကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား, စံစားတတ်ကြသည်၊ သောတာပန်, သကဒါဂါမ်တို့ခံစားပုံကတော့ အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့ အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊ ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊ အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီဘုရား။

Read more...

၂၀၁၁ ခု တစ်နှစ်တာဘုံဆွမ်းအလှူရှင်များ၏ နေ့ဆွမ်းအလှူ နဲ့ မခင်ငြိမ်းချမ်းဦး(မလေးရှား) အလှူ။










၃.၁.၂၀၁၀ ရက် (တနင်္လာဆွမ်းပတ်အလှူ)

အရုဏ်ဆွမ်းအလှူရှင်..

အလှူရှင် မခင်ငြိမ်းချမ်းဦး (မလေးရှား)မှ

မုန့်ဟင်းခါးဆွမ်း ကပ်လှူခဲ့ပါတယ်။

နေ့ဆွမ်းအလှူရှင်များ

ဆွမ်း+ပဲ အလှူရှင်

ကိုဖြိုး၊ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး-မန္တလေးမြို့ )

ဆီ အလှူရှင်..

ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး (ရွှေဘိုမြို့)

ဆွမ်းဟင်းအလှူရှင်များ...

၂၀၁၁ ခုနှစ် တစ်နှစ်တာ ဘုံဆွမ်းအလှူရှင်များမှ

ဝက်သားဟင်း
သရက်ချဉ်
ပါလချောင်ကြော် တို့ကို နှစ်ဦးအလှူအဖြစ် နေ့ဆွမ်းလောင်းလှူ ခဲ့ကြပါတယ်။


အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

Read more...

*အပေါက်ပွင့်လို့ အဆင်သင့်ဟာကို အမောက်စွင့်ပြီး ဘ၀င်မမြင့်ပါနဲ့*

1/07/2011 တောသားလေး , Posted in , 1 Comment


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားသည့် “ထူးမှထူး” စာအုပ်မှ ကောက်နုတ်ပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဆရာတော် စာလေးကတော့ ဒီလိုပါခင်ဗျာ…

*အပေါက်ပွင့်လို့ အဆင်သင့်ဟာကို အမောက်စွင့်ပြီး ဘ၀င်မမြင့်ပါနဲ့*

ကိုယ်ရဲ့ ပြည့်စုံမှုတွေကို မတည်မြဲဘူးလို့ နှလုံးသွင်းလိုက်ရင်လည်း မာနကတော့ ကျသွားမှာပါပဲ။ ဥပမာလေးတစ်ခု ကြည့်ရအောင်။ ဦးဇင်း တခြားတရားတော်တွေမှာတော့ တခြားအကြောင်းအရာအတွက် ဥပမာပေးထားတာပေါ့။ မာနအတွက် ဥပမာယူမယ်ဆိုရင်လည်း ရတာပါပဲ။

တစ်ခါတုန်းက အခုလို နွေရာသီပေါ့လေ။ မြေခွေးတစ်ကောင် လွင်ပြင်ထဲလျှောက်သွားရင်းနဲ့ တစ်နေရာရောက်တော့ ဆင်သေကောင်တစ်ကောင်တွေ့တယ်။ ဆင်သေကောင်ကလည်း သေပြီးတာ သိပ်မကြာသေးဘူး။ လတ်လတ်ဆတ်ဆတ်လေးပေါ့။ အဲဒါနဲ့ မြေခွေးက ဆင်သေကောင်ရဲ့ စအိုဝကနေ ၀မ်းဗိုက်ထဲကို ၀င်သွားတယ်။ အထဲထဲကိုရောက်တော့ အူတွေ ကလီစာတွေကို စားတာပေါ့။ စားပြီးလို့ ဗိုက်တင်းသွားတော့ ဆင်ရဲ့ ၀မ်းဗိုက်ကိုထဲမှာပဲ အိပ်လိုက်တယ်။

အိပ်ရာကထလာတော့ ရှေ့၊ နောက်၊ ၀ဲ၊ ယာ ဘယ်ဘက်ကိုပဲ ကြည့်လိုက်ကြည့်လိုက် စားစရာတွေချည်းဘဲဆိုတော့ “ငါဒီတစ်သက် စားစရာတွေ မကုန်တော့ဘူး။” ဆိုပြီး ဘ၀င်မြင့်သွားတယ်။ ရွှေဘုံပေါ်မှာ စံနေတာတော့ မဟုတ်ဘူး။ အသားဘုံပေါ်စံပြီးတော့ ဘ၀င်တွေမြင့်နေတယ်။ လက်မတွေ ထောင်လို့။ မြေခွေးက အိပ်တဲ့အခါမှာ ရိုးရိုးတောင် ဆန့်အိပ်တာ မဟုတ်ဘူး။ ဒူးထောင်ပြီး ဒူးတစ်ဖက်ပေါ် တခြားခြေတစ်ဖက်တင်လို့။

“ငါတော့ ဒီတစ်သက် စားလို့ မကုန်တော့ဘူး။ ငါ့လောက်စားစရာ သောက်စရာ ပြည့်စုံတဲ့ကောင် ရှိပါ့ဦးမလား။ စားချင်ရင် အသည်းတွေ ကလီစာတွေ စားလို့ရတယ်။ သောက်ချင်ရင် သွေးတွေ အဆီတွေ သောက်လို့ရတယ်။ အစားအသောက်လည်း ပြည့်စုံတယ်။ အသောက်အစားလည်း ပြည့်စုံတယ်။ အေးဆေးဘဲ။

မြေခွေးက ဘ၀င်တွေမြင့်ပြီးတော့ မာနတွေကြီးနေတယ်။ နေကလည်း ပူပြင်းတော့ ဆင်သေကောင် တဖြည်းဖြည်းနဲ့ ခြောက်ခြောက်လာတယ်။ ခြောက်ပြီးတော့ နောက်ဆုံးတော့ စအိုပေါက်က ပိတ်သွားတယ်။ ပိတ်သွားတော့ ထွက်လို့ကို မရတော့ဘူး။ အသက်ရှူရတာလည်း မွန်းကျပ်လာတယ်။

ဒီအတိုင်းဆိုရင်တော့ ငါသေတော့မှာပဲ ဆိုပြီးတော့ မြေခွေးက ရှိရှိသမျှ အပေါက်လေးကနေ အတင်းတိုး ထွက်လာတာပေါ့လေ။ အတင်းတိုးထွက်တော့ အသားတွေပဲ့ကြွေ၊ အရည်တွေစုတ်ပြတ်၊ သွေးတွေပန်းထွက်နဲ့ မြေခွေးခမျာ တော်တော့်ကို ဆင်းရဲဒုက္ခကြီးစွာ ခံစားလိုက်ရတယ်။

ဘာပြောချင်တာလဲဆိုတော့ ဦးဇင်းတို့၊ ယောဂီတို့ရဲ့ ဘ၀မှာ ပြည့်စုံနေကြတယ်ဆိုတာ ပြည့်စုံတာကတော့ အမျိုးမျိုး ရှိတာပေါ့လေ။ ပစ္စည်းဥစ္စာပြည့်စုံတာ၊ ရာထူးအာဏာပြည့်စုံတာ အသိဥာဏ်ဗဟုသုတ ပြည့်စုံတာ၊ အောင်မြင်ကျော်ကြားမှု ပြည့်စုံတာ စသည်အားဖြင့် အများကြီးရှိပါတယ်။

အဲဒီလို ပြည့်စုံနေတာ ဘာကြောင့်လဲဆိုရင် အတိတ်ကုသိုလ်ကံတွေ အားကောင်းလို့။ တနည်း ခုဏ မြေခွေး ဥပမာလေးနဲ့ ပြောရရင်တော့ ကံကြမ္မာစအိုပေါက်ပွင့်နေလို့။ ကံကြမ္မာစအိုပေါက်ပွင့်နေလို့ ပြည့်စုံနေတာပါ။ ကဲ…ကံကြမ္မာ စအိုပေါက်က အမြဲတမ်းပွင့်ပါ့မလား။ အမြဲတမ်းပွင့်နေမယ်လို့ ပြောလို့ မရဘူးနော်။ ပွင့်တဲ့အခါ ပွင့်မယ်။ ပိတ်တဲ့အခါ ပိတ်မယ်။ ကံသိပ်ကောင်းလွန်းရင် ကံကြမ္မာစအိုပေါက် အမြဲတမ်းပွင့်နေတဲ့သူလည်း ရှိချင်ရှိမယ်။ ရှားပါတယ်။

ဒါက ပရိတ်သတ်ထဲမှာမို့ ပြောလို့ကောင်းအောင်၊ နားခံသာအောင် “ကံကြမ္မာစအိုပေါက်” လို့ပြောတာ။ ကိုယ်ဘာသာကိုယ် ပြောမယ်ဆိုရင် သုံးလုံးတည်းပြောလို့ရတယ်။ ကံကြမ္မာကို “ကံ” လို့ပဲတစ်လုံးတည်းပြော၊ စအိုပေါက်ကိုလည်း “ပေါက်” လို့နှစ်လုံးတည်းပဲပြော။ “ကံ…ပေါက်” ပေါ့။ ပရိတ်သတ်ထဲမှာတော့ “ကံကြမ္မာစအိုပေါက်” လို့ပြောပေါ့လေ။

ကံကြမ္မာစအိုပေါက်လေး ပွင့်နေတုန်းမို့ စားစရာလည်းပြည့်စုံ သောက်စရာလည်းပြည့်စုံ နေစရာပြည့်စုံ ထိုင်စရာပြည့်စုံ လှူဖို့တန်းဖို့ စသည်အားဖြင့် ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ အသိဥာဏ်ဗဟုသုတ၊ ရုပ်အဆင်း စသည်အားဖြင့် ပြည့်စုံနေကြတာပါ။ ပြည့်စုံမှုနဲ့ သူ့ကံနဲ့တော့ တွဲရမှာပေါ့နော်။ ဒီကံကြောင့် ဒီအကျိုးပြည့်စုံ ဟိုကံကြောင့် ဟိုအကျိုးပြည့်စုံ သူ့ကံစအိုပေါက်နဲ့ သူပါပဲ။ ကံတစ်ခုတည်းကြောင့် အကျိုးအားလုံး ပြည့်စုံနေတာတော့ မဟုတ်ပါဘူး။

ရုပ်အဆင်းလှတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်အဆင်းလှကြောင်း ကုသိုလ်ကံလေးက အကျိုးပေးနေလို့ ရုပ်အဆင်းလှနေတာ။ ရုပ်အဆင်းနဲ့ဆိုင်တဲ့ ကံကြမ္မာစအိုပေါက်လေးက ပွင့်နေလို့ ရုပ်အဆင်းလှနေတာ။ ဒါပေမယ့် ဒီကံလေးက အမြဲတမ်း အကျိုးပေးနေမယ်လို့ ပြောလို့မရဘူး။ အချိန်မရွေး ကံပိတ်သွားနိုင်တယ်။
ပစ္စည်းဥစ္စာ၊ ရာထူးအာဏာ၊ ပညာ၊ ဗဟုသုတ၊ အောင်မြင်ကျော်ကြားမှု စသည်တို့လည်း နည်းတူပါပဲ။ သက်ဆိုင်ရာ ကံအခွင့်သာတုန်း၊ သက်ဆိုင်ရာ ကံပေါက်ပွင့်နေတုန်း အကျိုးပေးနေတာပါ။

အချိန်မရွေးကံပေါက် ပိတ်သွားနိုင်ပါတယ်။ အဲဒီလိုလေး နှလုံးသွင်းလိုက်မယ်ဆိုရင်လည်း မာနမကျနိုင်ဘူးလား။ ကျနိုင်ပါတယ်။ ကိုယ်ရဲ့ ပြည့်စုံမှု ပိုင်ဆိုင်မှုဆိုတာ တကယ်တော့ မတည်မြဲပါဘူး။ ကံကြမ္မာစအိုပေါက်လေး ပွင့်နေတုန်းပဲ တည်ရှိနေတာပါ။ လောကဓံဓနတွေကလည်း ပူပူပြင်းပြင်း ကိလေသာနေတွေကလည်း ပူပူပြင်းပြင်းနဲ့ တော်ကြာ ဒီကံကြမ္မာ စအိုပေါက်လေး ပိတ်သွားရင်တော့ ပြည့်စုံမှာ မဟုတ်တော့ဘူး။

မပြည့်စုံတော့တဲ့ အခြေအနေမှာ အသားမပဲ့ရင် ကံကောင်း၊ အရေမစုတ်ရင် ကံကောင်း၊ အမွှေးမကျွတ်ရင် ကံကောင်းဆိုပြီးတော့ နှလုံးသွင်းလိုက်ရမှာနော်။ ဒါကြောင့် တစ်ခေါက်ပြန်ဆိုလိုက်ပါ။

မြင့်သူကြားမှာ နိမ့်မှသာ မြင့်ရာရောက်နိုင်သည်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

တောသားလေး

Read more...

အေဘီဘီအေ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲ

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို ကျင်းပ ပြုလုပ်၏။

ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပြီး၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သံဃာတော်များ ဦးဆောင်၍ ဆုတောင်း မေတ္တာပို့သကြခြင်း၊ လောကချမ်းသာဆရာတော်က အနုမောဒနာတရားတော် ဟောကြား ချီးမြှင့်ခြင်းနှင့် ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းများကို ပြုလုပ် ကျင်းပကြ၏။

ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မုန့်ဟင်းခါး၊ မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေး၏။

ပွဲတော်အလှူရှင်မှာ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေးနှင့် သမီးများဖြစ်ကြသော ဂရေ့စ်နှင့် အိန်ဂျလာ မိသားစု ဖြစ်၏။

























0 comments

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP