* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, December 9, 2011

စိတ်ထဲ ရိပ်ခနဲ လင်းလက်သွားတဲ့ အလင်းရောင်လေးတွေ အကြောင်း


Time

The foolish call for the unchangeable past,

While life walks toward the future;

They simply lose their present and future.

(Chai Na Pol Akarasupaset)

...

လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။


ဓမ္မအတွေးစများ

အပိုင်း - ၁

ပစ္စုပ္ပန်မှာ အာရုံနဲ့စိတ် အဆင်ပြေအောင်နေ

စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေအများကြီးထဲက ဒီစာအုပ်ကလေးကိုတော့ ခဏခဏဖတ်ဖြစ်ပါတယ်။ ဖတ်ဖြစ်တိုင်းလည်း ဓမ္မနဲ့ဆိုင်တဲ့ အတွေးအမျှင်တွေက ရင်ထဲမှာ ဖွဲ့သီလာတတ်ပါတယ်။

စာအုပ်အမည်က The Foolish, The Clever, The Wise ပါ။ မူရင်းစာရင်း စာရေးဆရာကတော့ Chai Na Pol Akarasupaset တဲ့။ ဒီစာအုပ်ကို မြန်မာပြည်က စာရေးဆရာ လွတ်လပ်အိမ်က ဘာသာပြန်ထားပါတယ်။ လူမိုက်၊ လူလိမ္မာနှင့် ပညာရှိလို့ အမည်ပေးထားတဲ့ စာအုပ်ကလေးက အတွဲ(၂)တွဲတောင် ထုတ်ဝေပြီးပါပြီ။

ဒါပေမယ့် ကြည့်ရတာ ဒီစာအုပ်ကလေးကို အားပေးတဲ့သူ နည်းလေသလား။ ဒါမှမဟုတ်ရင်လည်း ခဏခဏရိုက်ရလွန်းလို့ ကုန်သွားလေသလား မသိနိုင်ပါဘူး။ စာအုပ်ဆိုင်တွေဘက် လှည့်ဖြစ်တဲ့အခါမျိုးမှာ ဒီစာအုပ်ကို အတွေ့ရနည်းပြီး အတွေ့ကျဲနေတတ်လို့ပါ။

ထားပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အရေးကြီးတာက ဒီစာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာတွေပါ။ ဒီတော့ကာ ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ရင်ထဲကို ထိရှသွားသမျှတွေကို ရေးပြချင်ပါတယ်။

ဒီစာပိုဒ်တွေကို ဖတ်ရင်းက ကိုယ်ဟာ ဘယ်လိုလူစားမျိုးထဲမှာ ပါနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့်မိပါတယ်။ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား အမှတ်ပေးကြည့်မိတော့ တစ်ခါတစ်လေ ကိုယ့်စိတ်ဟာ The Foolish (လူမိုက်) အုပ်စုထဲမှာ ရောက်နေတတ်ပြီး တစ်ခါတလေမှာတော့လည်း The Clever (လူလိမ္မာ) ထဲ ရောက်ချင်ရောက်နေပြန်ပါတယ်။ ဒါပေမယ့် မူရင်းစာရေးဆရာ ညွှန်းဆိုထားတဲ့ The Wise (ပညာရှိ) အုပ်စုထဲရောက်ဖို့တော့ အတော်ကြိုးစားရဦးမှာပါလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို နားလည်နေမိပြန်ပါတယ်။

လောကမှာ လူသားတွေအားလုံး တစ်နေ့တာဆိုတဲ့ နေထွက် နေ၀င် အချိန်ကန့်သတ်ချက်တစ်ခုကို ပြိုင်တူရကြတာချည်းပါပဲ။ ဒါပေမယ့် အချိန်ကို အသုံးချပုံချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဒါကြောင့်မို့လည်း အချိန်ကိုမူတည်ပြီးတော့ စာရေးဆရာက အုပ်စုသုံးစု ခွဲလိုက်ဟန်တူပါရဲ့။

Time

The foolish call for the unchangeable past,

While life walks toward the future;

They simply lose their present and future.

လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။

ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။

သေချာပါပြီ။ ဒီစာပိုဒ်ကို ဖတ်လိုက်တာနဲ့ကို ကိုယ့်စိတ်ဟာ The foolish (လူမိုက်) အုပ်စုဝင် ဖြစ်မှန်းမသိ၊ ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါရဲ့။ ကျန်တဲ့အချိန် အသာထား။ တရားထိုင်တဲ့အချိန်မှာ ပိုသိသာတယ်။ စိတ်ဟာ ပစ္စုပ္ပန်တည့်ဖို့ ပေးထားတဲ့အာရုံဖြစ်တဲ့ ၀င်လေ ထွက်လေအပေါ်မှာ ကြာကြာ နေလေ့မရှိဘူး။ အတိတ်မှာ ကျက်စားခဲ့တဲ့ အာရုံတွေဆီကို ပြန်ပြန်ရောက်သွားတာ။ ပစ္စုပ္ပန်အာရုံနဲ့ နေနိုင်ဖို့အတွက် မနည်းကြိုးစားရတယ်။ ၀ီရိယကို တွန်းတင်ပေးရတယ်။

“ပါသ္မိံ ရမတိ မနော” ဆိုတဲ့အတိုင်း စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တတ်တော့ သတိမပါ၊ ဉာဏ်မပါဘဲ ကျက်စားပျော်ပါးခဲ့တဲ့ အာရုံအဟောင်းတွေဆီကိုပဲ တ၀ဲဝဲရယ်တဲ့ တလည်လည် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ အညစ်အကြေးစွန်းထင်းခဲ့တဲ့ အာရုံတွေကို သန့်ရှင်းရေး လုပ်ပစ်နေတဲ့ ၀င်လေထွက်လေကို ရှုမှတ်ခြင်းဆိုတဲ့ တစ်ခုတည်းသော ပစ္စုပ္ပန်အာရုံကို ဆုံးရှုံးသွားရပါတော့တယ်။ အာရုံအညစ်အကြေးတွေကို ဆေးကြောဖို့ရာ မလုပ်ဖြစ်တော့ အနာဂတ်မှာ ရလာမယ့် ရှင်းသန့်တဲ့အာရုံ သက်သက်နဲ့ ထိတွေ့ဖို့ရာ အခွင့်အလမ်း နည်းသွားပြီပေါ့။

ဒါကြောင့်မို့ စာရေးဆရာကပြောတာပေါ့။ လူမိုက်တွေဟာ သူတို့ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်ကို လွယ်လွယ်ကလေး ဆုံးရှုံးကြတယ်ဆိုတဲ့ စကားဟာ မှန်လိုက်လေပေါ့နော်။

ရှေ့တစ်ဆင့် တိုးကြည့်ရအောင် -

The clever dream of the unreal future, while life need something to live with now. They are usually dissatisfied with the present.

လူလိမ္မာတွေဟာ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အိပ်မက် မက်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘ၀ရဲ့လိုအပ်ချက်က ပစ္စုပ္ပန်နဲ့ အတူနေဖို့ပါ။ သူတို့ဟာ သူတို့ရဲ့ လက်ရှိပစ္စုပ္ပန်ကို အမြဲမကျေနပ်ဘူး ဖြစ်နေကြတယ်။

စိတ်နဲ့ ပစ္စုပ္ပန်အာရုံနဲ့ တည့်ဖို့ဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာကြည့်နော်။ လူလိမ္မာလို့ အခေါ်ခံရသူတွေတောင် သတိလက်လွတ် ဖြစ်တတ်ကြတာကို စာရေးဆရာက ထောက်ပြထားတာ။

လူမိုက်တွေက အတိတ်ကို တမ်းတနေတဲ့အချိန်မှာ လူလိမ္မာတွေဟာလည်း မရောက်သေးတဲ့ အနာဂတ်ကို အိပ်မက် မက်တတ်ကြတယ်။ အနာဂတ်ကို အိပ်မက် မက်နေပြီဆိုကတည်းက ပစ္စုပ္ပန်အာရုံပေါ်မှာ စိတ်ကိုတည့်အောင် မထားနိုင်တော့ဘူးပေါ့။

ဒီတော့ ဘာဖြစ်သလဲ။ သူတို့အိပ်မက်ထားတဲ့ ပုံစံအတိုင်း အနာဂတ်ကာလကို မရောက်မချင်း ရင်မောနေရတော့တာပေါ့။ အနာဂတ်ဆိုတာ တစ်ချိန်မှာ ပစ္စုပ္ပန်ဖြစ်လာမှာပါ။ ပစ္စုပ္ပန်ဖြစ်လာမှာချင်း အတူတူ လက်ရှိရထားတဲ့ ပစ္စုပ္ပန်ကာလကိုပဲ အကောင်းဆုံးတည်ဆောက် လေ့ကျင့်ထားတဲ့စိတ်နဲ့ ပစ္စုပ္ပန်ချင်းဆက်သွားလို့ အနာဂတ် ရောက်သွားတယ်ဆိုရင် အိပ်မက်တွေဟာ လက်တွေ့ဘ၀ ဖြစ်လာမှာပါ။

သို့မဟုတ်ရင်တော့ ငါလိုချင်တဲ့ အနာဂတ် ရောက်မလာသေးဘူး။ ငါဖြစ်ချင်တဲ့ပုံစံနဲ့ အနာဂတ် မရောက်သေးဘူးနဲ့ လက်ရှိပစ္စုပ္ပန်ကို မကျေနပ်တဲ့စိတ်တွေနဲ့ အမြဲရင်ဆိုင်နေကြမှာပါ။

ဒါဆိုရင် မရနိုင်တော့တဲ့ အတိတ်နဲ့ မရောက်သေးတဲ့ အနာဂတ်ရဲ့ သဘောသဘာဝတွေကို နားလည်ထားတဲ့ The Wise (ပညာရှိ)တွေရဲ့ နှလုံးသွင်းတတ်ပုံကို လေ့လာကြည့်ကြရအောင် -

The wise stand in the real present, stretch the past, present and future into direction.

Their lives are powerful and directed towards success.

ပညာရှိကတော့ လက်ရှိပစ္စုပ္ပန်မှာပဲ နေရတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို လားရာတစ်ခုဆီ ဦးတည်ထားတယ်။

သူတို့ရဲ့ဘ၀ဟာ စွမ်းအားတွေရှိပြီး အောင်မြင်မှုတွေ ရရှိတယ်။

ဆိုလိုတာက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလပညတ်ကို နှလုံးမသွင်းတော့ဘူး။ ပေါ်ဆဲအာရုံပေါ်မှာပဲ စိတ်ကို တည့်အောင်ထားတယ်။ ပေါ်ဆဲအာရုံပေါ်မှာ စိတ်ကို တည့်အောင်ထားတော့ ဘာတွေ့ရမှာတုံးလို့ မေးစရာရှိပါတယ်။ မေးစရာရှိရင် အဖြေလည်း ရှိရမှာပေါ့။ ပေါ်ဆဲအာရုံမှာသာ စိတ်ကို တည့်အောင်ထားကြည့်။ အာရုံရဲ့ မမြဲတဲ့သဘာဝကို ဉာဏ်က သိလာပါလိမ့်မယ်။

အဲဒီတော့ မမြဲတဲ့သဘာဝကို သိပြီဆိုရင် ဘာကို စွဲလမ်းတပ်မက်နေဦးတော့မှာလဲ။ စွဲလမ်းတပ်မက်မှုကင်းတဲ့စိတ်ဟာ စွမ်းအားတွေ ပြည့်လာတယ်။ ခွန်အားသစ်တွေ ဖြစ်လာတယ်။ အဲဒီတော့ သူတို့ရဲ့ ဘ၀ဟာ အောင်မြင်ပြီပေါ့။ အောင်မြင်မှုတွေထဲမှာ အဆင့်အမြင့်ဆုံးကတော့ ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းပါပဲ။ ကိုယ့်စိတ်ကို အစိုးရ အောင်နိုင်ခြင်းဟာ အဆင့်အမြင့်ဆုံး အောင်မြင်မှုပါပဲ။

ဒါကြောင့် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးရဲ ‘လက်ရှိ ပစ္စုပ္ပန်ကာလ(လက်ငင်းအချိန်)ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် အသုံးချပါ’ ဆိုတဲ့ အဆုံးအမအတိုင်း ပစ္စုပ္ပန်မှာ အာရုံနဲ့ စိတ် တည့်အောင်၊ အဆင်ပြေအောင် နေနိုင်ရင်ဖြင့် လူမိုက်၊ လူလိမ္မာတွေဘ၀က လွန်မြောက်ပြီး ပညာရှိ (The Wise) ဘ၀ကို ရောက်နိုင်မယ့်အကြောင်း၊ ဓမ္မအတွေးစတစ်ခုကို ရေးပြလိုက်ရတာပါ။


စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်

အနုပညာနယ်ပယ်ပဲ ဖြစ်ဖြစ်၊

ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊

ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊

ဘယ်နယ်ပယ်မှာမဆို

အောင်မြင်မှုတွေအထွတ်အထိပ်ဆိုတာက

တစ်နေရာတည်းရယ်။

ဒီအမြင့်ဆုံးကနေရာကိုရဖို့

အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး

အပေါ်မရောက် ရောက်အောင်တက်နေကြတဲ့

မြင်ကွင်းက ရင်မောစရာပါ။

ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့

ခြေထောက်ကို ဆွဲချ၊

ကိုယ့်နောက်က တက်လာမယ့်သူရဲ့

ခေါင်းကို နင်းချနဲ့ဆိုတော့

လိုချင်တာတစ်ခုကြောင့်

မလိုချင်တာတွေကို

ဖယ်ရှားပစ်နေရတဲ့ဒုက္ခတွေက

မနည်းပါလား။


လွတ်မြောက်ချင်ရင် . . . . .


“မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထား”

ဆိုတာ မြတ်စွာဘုရားအဆူဆူရဲ့ အဆုံးအမပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က မိုင်းပြင်းမြို့နယ်၊ သုဝဏ္ဏလျှံတောင်ပေါ်မှာ ဒီအဆုံးအမစကားကို ဆရာအရှင်ရဲ့ နှုတ်ဖျားကတစ်ဆင့် ပြန်ကြားခဲ့ပုံကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆုံးအမ စကားလုံးတွေဟာ ရင်ထဲကို တရားသားအဖြစ် စီးဝင်သွားခဲ့လို့ပါ။

အဲဒီကစလို့ ဘ၀အမြင်ပြောင်းလဲခဲ့တဲ့ ကိုယ့်ရဲ့ အတိတ်ကအရိပ်တွေကိုလည်း မကြာခဏ အမှတ်ရဖြစ်ပါတယ်။ အဲဒီ(၁၂)နှစ်ရဲ့ ရှေ့ကာလတွေတုန်းကဆိုရင် ကိုယ့်စိတ်ဟာ ဘယ်လိုဖြစ်ခဲ့သလဲ။

စာရေးဆရာ Chai Na Pol Akarasupaset ရဲ့ Dealing with Badness (မကောင်းမှုကို ဖြေရှင်းခြင်း) စာပိုဒ်ထဲက The Foolish တွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းဖြစ်ခဲ့တယ်လို့ ၀န်ခံချင်ပါတယ်။

Dealing with Badness

မကောင်းမှုကို ဖြေရှင်းခြင်း။

The foolish perform one bad deed to get rid of Badness, which doubles their troubles.

လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ပဲ ဖယ်ရှားဖို့ ကြိုးစားတယ်။ ဒီလိုလုပ်ခြင်းသည်ပင်လျှင် သူတို့ရဲ့ဒုက္ခကို နှစ်ဆတိုးပွား လာစေပါတယ်။

အခြေခံအကျဆုံး ဥပမာပေးရရင် ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ကွမ်းကိုစားတယ်။ ကြာတော့ ဆေးလိပ်ရော၊ ကွမ်းရော စွဲသွားပါလေရော။ အရက်ဖြတ်ဖို့ဆိုပြီး မူးယစ်ဆေးဝါး ဆေးပြားတွေသုံးတယ်။ အနံ့မနံတော့ လူကြားထဲမှာလည်း အမူးသမားလို့ အထင်မခံရဘူးပေါ့။ နောက်တော့လည်း အဲဒီဆေးပြားတွေရဲ့ဒဏ်ကို အပြင်းအထန် ခံရပြီး အသက်ပေးသွားခဲ့ကြသူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ ကိုယ် စလုပ်ထားတဲ့အကျင့်ဆိုးက ကိုယ့်ကို ဒုက္ခဖြစ်စေတာကို မရိပ်မိတော့ နောက်ဒုက္ခ တစ်ခုနဲ့ အစားထိုးတဲ့အခါ ဒုက္ခနှစ်ဆပွားပြီး အသက်ပါ ပေးလိုက်ရတာပေါ့။

ဒါက အကျင့်ဆိုးကို ကျင့်မိလို့ ဒုက္ခနှစ်ဆပွားတာ။

စိတ်ဆိုး စိတ်ညစ်ကို မွေးမိလို့ ဒုက္ခနှစ်ဆပွားတာကလည်း ကိုယ့်ကိုယ်ကို တဖြည်းဖြည်းနဲ့ မျှဉ်းပြီး သတ်နေသလိုပါပဲ။

ဆိုပါတော့။ စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်၊ အနုပညာနယ်ပယ်ပဲဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုအထွတ်အထိပ်ဆိုတာက တစ်နေရာတည်းရယ်။ ဒီ အမြင့်ဆုံးကနေရာကိုရဖို့ အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး အပေါ်မရောက် ရောက်အောင် တက်နေကြတဲ့ မြင်ကွင်းက ရင်မောစရာပါ။

ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့ ခြေထောက်ကို ဆွဲချ။ ကိုယ့်နောက်က တက်လာမယ့်သူရဲ့ ခေါင်းကို နင်းချနဲ့ဆိုတော့ လိုချင်တာ တစ်ခုကြောင့် မလိုချင်တာတွေကို ဖယ်ရှားပစ်နေရတဲ့ ဒုက္ခတွေက မနည်းပါလား။ လိုချင်တာက လောဘ၊ လောဘစေတသိက်ဟာ အကုသိုလ် စေတသိက်၊ တနည်းအားဖြင့် မကောင်းမှု။ အဲဒီလောဘကြောင့် ဒေါသဖြစ်။ ဒေါသက မလိုချင်တာ။ ဒါလည်း အကုသိုလ် စေတသိက်။ တစ်နည်းအားဖြင့် မကောင်းမှုပေပဲ။

ဒါကြောင့် စာရေးဆရာက ပြောတာပေါ့။ လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ဘဲ ဖယ်ရှားဖို့ ကြိုးစားတယ်တဲ့။ အဲဒါဟာ သူတို့ရဲ့ဒုက္ခကိုပဲ နှစ်ဆတိုးပွားစေတယ် ဆိုတာလေ။ မှန်လိုက်တာနော်။

လူမိုက်တွေထက်စာရင် အသိဉာဏ်နည်းနည်း အဆင့်မြင့်လာသူတွေကိုတော့ လူလိမ္မာလို့ ခေါ်ကြတာပေါ့။ လူလိမ္မာတွေဟာ အသိဉာဏ်လေးရှိတော့ လူမိုက်တွေလိုတော့ မကောင်းမှုနဲ့ မပျော်ပိုက်ဘူးပေါ့။ ပြီးတော့ မကောင်းမှုကိုလည်း ကောင်းမှုနဲ့ အစားထိုးတတ်ကြတယ်လေ။ ဒါကလည်း ဆရာသမားတွေရဲ့ အဆုံးအမကို ရထားကြလို့ပေါ့။ ဒါကို စာရေးဆရာက လူလိမ္မာ (The Clever) တွေရဲ့ မကောင်းမှုဖြေရှင်းပုံကို ဒီလို ရေးသားထားလေရဲ့။

The clever perform goodness to get rid of one badness, which creates uncountable conflicts of dualism.

လူလိမ္မာက မကောင်းတာကိုဖယ်ရှားဖို့ ကောင်းမှုကို ပြုလုပ်ပေမယ့် ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ကြားမှာ မရေတွက်နိုင်တဲ့ ပဋိပက္ခကို ဖန်တီးမိတယ်တဲ့။

မကောင်းတာကို မလုပ်ဘူး။ ကောင်းတာကို လုပ်ဖြစ်သွားပြီ ဆိုတာကတော့ ၀မ်းသာစရာပါ။ အကျင့်ပြောင်းသွားပြီကိုး။ အကျင့်ဆိုးကို ပစ်ပယ်ပြီး အကျင့်ကောင်းကို ကျင့်ဖြစ်တာကတော့ မင်္ဂလာပဲပေါ့။ ဒါပေမယ့် ကိုယ့်လို အကောင်းဘက်ကို ပြောင်းမလာသေးတဲ့သူတွေ အပေါ်တော့ အပြစ်မြင်တတ်ကြသေးတယ်။ ငါကောင်းပြီ၊ သူတို့ မကောင်းကြသေးဘူးပေါ့။ မကောင်းသေးတဲ့ သူတွေကိုပဲ သနားစရာလိုလိုနဲ့ အပေါ်စီးက ငုံ့ကြည့်တတ်ပြန်ပါတယ်။ ဒါကိုက ကောင်းတာမှာ ‘ငါ’ ကပ်ပြီး ငါကောင်းတာ၊ ငါ့ကောင်းမှုဆိုပြီး ပြန်စွဲလမ်းနေတော့ မာနက စိတ်ထဲ နေရာယူလို့ ရသွားပြီပေါ့။

ကောင်းမှုကုသိုလ်ကို ဓမ္မလို့မမြင်ဘဲ ‘ငါ’ တပ်ပြီး စွဲလမ်းလိုက်တော့ အမြင်မှားဒိဋ္ဌိဝင်ပြီလေ။ ကိုယ်လုပ်ထားတဲ့ ကုသိုလ်အပေါ် နှစ်သက်နေတာ၊ သာယာနေတာတွေဟာလည်း ရပ်တန့်မှုတစ်မျိုးပါပဲ။ အမှန်တော့ ကုသိုလ်အထောက်အပံ့ကြောင့် ဖြစ်လာတဲ့ အေးချမ်းမှု၊ တည်ငြိမ်မှုတွေကို အရင်းပြုပြီး လွတ်မြောက်မှုလမ်းစကို ရှာရမှာ။

ဒါကြောင့် စာရေးဆရာက ကောင်းမှုနဲ့ မကောင်းမှုကြားမှာ ဗျာများနေတတ်တဲ့ လူလိမ္မာတွေရဲ့ ရင်ထဲက ပဋိပက္ခကို အမိအရ ဖော်ကျူးထားတာ . . . ဒါဖြင့်ရင် စာရေးဆရာက ဘာကို ဆက်ပြောချင်တာလဲ။ ဒီခေါင်းစဉ်တစ်ခုတည်း အောက်မှာပဲ အမြင်ချင်းမတူတဲ့ ပညာရှိ (The Wise) တွေရဲ့ အမြင်ရှင်းပုံကို ဒီလိုရေးဖွဲ့ထားပြန်ပါတယ်။

The wise liberate themselves from all badness and goodness, which brings about eternal liberty after tiresome work.

ပညာရှိကတော့ သူတို့ကိုယ်ကို မကောင်းမှု၊ ကောင်းမှုကနေ လွတ်မြောက်အောင်နေတယ်။ ငြီးငွေ့ဖွယ်ရာ အလုပ်တွေရဲ့နောက်က ထာဝရ လွတ်မြောက်မှုကို ဆောင်ယူတယ်။

ဟုတ်တယ်။ ပညာရှိစာရင်းဝင်သွားတဲ့ ဉာဏ်ကြီးသူတွေကတော့ အကုသိုလ်အလုပ်တွေကို လုံးဝ မလုပ်တော့တာ အသေအချာပါပဲ။ ကုသိုလ်ကောင်းမှုကိုတော့ သူတို့လုပ်ပါတယ်။ ဒါပေမယ့် ငါ့ကုသိုလ်လို့ မစွဲလန်းတော့ပါဘူး။ ကုသိုလ်ရဲ့ရှေ့မှာ ‘ငါ’ မတပ်တော့ဘူး။ ငါလုပ်တာပေါ့လို့လည်း မာန မထောင်တော့ဘူး။ ဒီတော့ကာ သူတို့ဟာ ကုသိုလ်တရားကနေ ထပ်မံလွတ်မြောက်သွားတာပေါ့။

ဘယ်လောက်အထိ လွတ်မြောက်သွားသလဲ။

ကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။

အကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။

“ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားမှန်သမျှ ပျက်စီးတတ်တဲ့ သဘောရှိကုန်သည်။ မမေ့မလျော့ မပေါ့မဆသော သတိတရားနဲ့ နေရစ်ကြကုန်လော့” ဆိုတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်နဲ့ တစ်ထပ်တည်း ဖြစ်သွားတော့တယ်။

သင်္ခါရမှန်သမျှ ပျက်စီးတတ်တာကို ဉာဏ်ကြီးတဲ့ ပညာရှိတွေက သိပြီးသားဖြစ်နေတော့ ကုသိုလ်သင်္ခါရကို ဆုပ်ကိုင်ထားခြင်း မရှိတော့ဘူး။ (အကုသိုလ်ကတော့ လွှင့်ပစ်ခဲ့တာ ကြာပါပြီ)။ ဒါကြောင့် လက်လွှတ်လိုက်တယ်။ လက်လွှတ်လိုက်တော့ ဘာဖြစ်သလဲ။ သင်္ခါရ နယ်ပယ်က လွတ်မြောက်သွားပြီး အသင်္ခါရနယ်ပယ်ကို ကူးသွားပြီ။ ပြုပြင်စီရင်ခြင်းမရှိတဲ့ နယ်ပယ်ကို ရောက်သွားပြီ။ ထာဝရ လွတ်မြောက်သွားပြီ။ ဒါကြောင့်မို့ ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားထဲမှာ အကျုံးဝင်နေတဲ့ ကုသိုလ်တရားကိုပင် ငြီးငွေ့ဖွယ်ရာလို့မြင်နေပြီ။ ပျက်ခြင်းရဲ့ အနိစ္စတရားကို နားလည်သူဟာ ဖြစ်ခြင်းရဲ့ ဒုက္ခကိုပါ တွဲမြင်သွားပြီ။

ပညာရှိတွေရဲ့ လွတ်မြောက်အောင်နေတတ်တဲ့ စိတ်ရဲ့ အခြေအနေသဘာဝကို ရေးဖွဲ့တင်ပြနိုင်တဲ့ မူရင်းစာရေးဆရာကိုလည်း စိတ်ထဲကနေ တလေးတစား ချီးမွမ်းရင်းနဲ့ အားကျလိုက်မိပါရဲ့။


ပုထုဇဉ်ဆိုတာကလည်း

အလွယ်တကူပြစ်မှားတတ်တဲ့

အကျင့်စရိုက်ရှိသူတွေမဟုတ်လား။

အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့

လောကကြီးကို ကြည့်နေခဲ့တာ

ကြာပြီဆိုတော့

ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့

ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့်

တစ်ချိန်မှာ ပြန်ဆပ်ရမယ့်

ဝဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို

မသိရှာကြဘူး။

ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက

မဟာကရုဏာဉာဏ်တော်ကြီးနဲ့

မြင်တော်မူပါတယ်။


စိတ်ထားသန့်စင် ရှုမြင်လျှင် . . .

ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့တဲ့ စကားတစ်ခွန်း ရှိခဲ့ဖူးပါတယ်။

“လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဲဒီလူ ဖြတ်သန်းနေရတဲ့ ခေတ်ကာလကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင် နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ”

စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့တဲ့ စကားပါ။ ဒီစကားက ရင်ကြားထဲ စိမ့်ဝင်သွားတော့ လူငယ်သဘာဝ သမိုင်းပေး တာဝန်ဆိုတာကို နိုင်သလောက် ထမ်းကြည့်ချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိတ်ကူးရတာ လွယ်သလောက် လက်တွေ့ဘ၀မှာ ရုန်းကန်ရတာ ခက်ခဲလှပါတယ်။

နောက်တော့ အသက်အရွယ်က ကြီးလာ၊ အတွေ့အကြုံက အသင့်အတင့် ရလာတဲ့အချိန်မှာ ဆရာဗန်းမော်တင်အောင်ရဲ့ နောက်ထပ်စကားတစ်ခွန်းကိုပဲ ပြန်ကိုးကားပြီး လောကကြီးကို ပြောဖြစ်ခဲ့ပါတယ်။

“ကျွန်ုပ်ကရော နောက်ထပ် ဘာများ တတ်နိုင်ပါဦးတော့မည်နည်း”

အတွေ့အကြုံရေစီးကြောင်းပေါ်မှာ တွေ့ခဲ့ရသမျှလူတွေကို ပြန်သတိရဖြစ်တဲ့အခါ လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာဆုံးဖြတ်တဲ့သူတွေ ကိုယ်တိုင်က ကိုယ့်အပြုအမူ၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ရှုမြင်သုံးသပ်နေကြတာပါလား ဆိုတာကို သိမြင်လာပါတယ်။ ဒါဆိုရင် အဲဒီ အမြင်ဟာ အပေါ်ယံအမြင်ပဲ ရှိတော့မှာပေါ့။

စာရေးဆရာ Chai Na Pol Akarasupaset က Real Values (စစ်မှန်တဲ့တန်ဖိုး) ဆိုတဲ့ စာပိုဒ်ထဲမှာ The Foolish (လူမိုက်)တွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ကို ဒီလိုရေးသားထားပါတယ်။

The foolish perceive man’s value by his conduct, they understand only the exterior.

လူမိုက်တွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူတို့ရဲ့ အပြုအမူ၊ အလုပ်အကိုင်နဲ့ပဲ ရှုမြင်တတ်ကြတယ်။ သူတို့ဟာ အပေါ်ယံကိုပဲ နားလည်တယ်။

လူတွေထဲက လူတွေမပြောနဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်တုန်းကတောင် ပုထုဇဉ်ရဟန်းတွေရဲ့ အပေါ်ယံ ရှုမြင်တတ်ပုံနှင့် ပတ်သက်လို့ သာဓကတစ်ခု ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ် မြတ်ကြီးတွေ (၄၁)ပါး ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်မြတ်ကြီးလည်း တစ်ပါးအပါအ၀င်ပါ။ မထေရ်မြတ်ကြီးရဲ့ အသံတော်ဟာ သာယာချိုမြိန် အေးချမ်းလှတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မထေရ်မြတ်ကြီးဟာ အဆင်းတော့ မလှပရှာပါဘူး။ ပုပုကွကွနဲ့ အကြည့်ရဆိုးတဲ့ ကိုယ်ခန္ဓာဖြစ်နေပါတယ်။ ဒါကြောင့် သီတင်းသုံးဖော် ရဟန်းတွေက အချိုးမကျတဲ့ ခန္ဓာပိုင်ရှင် မထေရ်မြတ်ကြီးကို လှောင်ပြောင်ကြပါတယ်။

အသံချိုမြိန်လွန်းလို့ အသံသာတဲ့အရာမှာ ဧတဒဂ်ဘွဲ့ ရထားပေမယ့် အဆင်းမလှပြန်တော့ ပုထုဇဉ်ရဟန်းတွေအတွက် ကဲ့ရဲ့စရာ ဖြစ်နေတော့တာပေါ့။

ပုထုဇဉ်ဆိုတာကလည်း အလွယ်တကူ ပြစ်မှားတတ်တဲ့ အကျင့်စရိုက် ရှိသူတွေ မဟုတ်လား။ အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့ လောကကြီးကို ကြည့်နေခဲ့တာ ကြာပြီဆိုတော့ ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့် တစ်ချိန်မှာ ပြန်ဆပ်ရမယ့် ၀ဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို မသိကြရှာဘူး။ ဒါကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာကရုဏာဉာဏ်တော်ကြီးနဲ့ မြင်တော်မူပါတယ်။

ဒါကြောင့်မို့ ရဟန်းပရိသတ်တွေ စုံညီတဲ့အချိန်မှာ အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်မြတ်ကြီးရဲ့ စင်ကြယ်မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဖော်ထုတ်ချီးမွမ်းတော် မူခဲ့ရပါတယ်။ အဲဒီအခါကျမှ ပုထုဇဉ်ရဟန်းတွေရဲ့ ပြစ်မှား ပုတ်ခတ်ပြောဆိုမှုတွေဟာ ရပ်တန့်သွားပါတော့တယ်။

ဒါကြောင့်မို့ ပုထုဇဉ်ဘ၀ဆိုတာ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။ ဉာဏ်အလင်းက မပွင့်သေးတော့ စိတ်က အမှောင်တိုက်ထဲမှာ နေနေရသလိုပါပဲ။ ဒီတော့ကာ အန္တရာယ်တွေကို ပွေ့ပိုက်ထားသူတွေနဲ့ တူနေပါတယ်။ ဒါကြောင့် စာတွေ၊ ပေတွေထဲမှာ ဗာလာနံ - လူမိုက်လို့ သုံးတာပေါ့။ တကယ်တော့ အန္ဓပုထုဇဉ်ဆိုတာကိုက ဗာလာနံ - လူမိုက်တွေ အများစုပါပဲ။

လူလိမ္မာကတော့ အသိဉာဏ်မြင့်လာသူပီပီ လူမိုက်တွေလောက်တော့ မရမ်းတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာလည်း လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ စာရေးဆရာက လူလိမ္မာတွေရဲ့ လူ့တန်ဖိုးအမြင် သတ်မှတ်ချက်ကို ဒီလို ရေးဖွဲ့ထားလေရဲ့။

The clever perceive man’s value by his power, they understand only half.

လူလိမ္မာတွေက လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့တန်ဖိုး အာဏာ စွမ်းပကားနဲ့ ရှုမြင်တယ်။ သူတို့ဟာ တစ်ဝက်လောက်ပဲ နားလည်တယ်။

ဒီစာပိုဒ်ကို ဖတ်ရတော့ အရှင်ဒေ၀ဒတ်ကို ချက်ချင်း မြင်ယောင်မိပါတယ်။ ပါရမီဓာတ်ခံ ကောင်းခဲ့သူဆိုတော့ အရှင်ဒေ၀ဒတ်ဟာ သမထစွမ်းအားနဲ့ လောကီအဘိညာဉ်ကို ရခဲ့ပါတယ်။ ဒါပေမယ့် သစ္စာတရားကို သူ မမြင်ဘူး။ သူ့တန်ခိုးစွမ်းအားလောက်နဲ့ ဘုရားကိုပြိုင်ဖို့ စဉ်းစားတယ်။ ဘုရား သာသနာတော်မှာ ရှိတဲ့ လက်ဝဲရံ၊ လက်ယာရံ ကိုယ်တော်မြတ်ကြီးတွေကိုတောင် သူ့လက်အောက်မှာ ထားချင်တယ်။ ဘုရားထံပါး ချဉ်းကပ်ပြီးတော့လည်း ဘုရားရဲ့တပည့်တပန်းတွေကို သူ့ကိုပေးဖို့ သွားတောင်းသေးတယ်။ မရတဲ့အပြင် ဘုရားရှင်ရဲ့ ပြစ်တင်မောင်းမဲတာ ခံရတော့ အရှက်ကြီးရှက်ပြီး ဘုရားရှင်ကို လုပ်ကြံ သတ်ဖြတ်ဖို့အထိ ကြံစည်ကြိုးစားခဲ့ပါတယ်။

တစ်ဝက်အမြင်ဆိုတာ တကယ်တော့ ငါးဆယ်ရာခိုင်နှုန်း ကွက်လပ်ဖြစ်နေသေးတဲ့ အမြင်ပဲ။ တစ်နည်းအားဖြင့် ကျပ်မပြည့်တဲ့ အမြင်ပါပဲ။ အဲဒီတော့ ဝေါဟာရအနေနဲ့သာ လူလိမ္မာဖြစ်နေတာ။ စိတ်ကတော့ မိုက်တဲ့ဘက်ကို ဦးလှည့်နေတုန်းပဲ။ ရထားတဲ့ တန်ခိုးစွမ်းအားဟာ သာသနာပြုရာမှာ လျင်မြန်ဖို့၊ အများအကျိုးကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ပါလားလို့ နှလုံးသွင်းပြီး သစ္စာတရားကို သိမြင်ဖို့အတွက် ဆက်ပြီး ကြိုးစားသွားရဦးမှာပါလားလို့ ဉာဏ်မသွင်းတတ်တော့ လောကီအဘိညာဉ် ရလျက်သားနဲ့ လူမိုက်စာရင်းဝင်ပြီး ဇတ်သိမ်းမလှ ဖြစ်သွားတော့တာပေါ့။

ဒါကြောင့် တန်ခိုးအာဏာ၊ ပါဝါ၊ စွမ်းအားဆိုတာတွေဟာ ဉာဏ်မပြည့်စုံသေးတဲ့ (ဉာဏ် တစ်ဝက် ဖြစ်နေသေးတဲ့) လူတွေရဲ့လက်ထဲရောက်ရင် အင်မတန်ကို အန္တရာယ်များလှပါတယ်။

ဒီအတွေးဖြစ်ပေါ်နေချိန်မှာပဲ မှတ်စုစာအုပ်ထဲက အလွတ်ရလုနီးပါးဖြစ်နေတဲ့ စာပိုဒ်အချို့ကိုလည်း တစ်ဆက်တည်း သတိရမိပါတယ်။

အောင်မြင်တယ်ဆိုတာ သူများထက်သာသွားတာကို မဆိုလိုပါဘူး။ ပြိုင်ပွဲမှာ ပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်တာ၊ ရာထူး အမြင့်ဆုံးရတာ၊ ဘွဲ့ထူးကြီးကြီး ရထားတာ၊ ဂုဏ်ပြုတာတွေ ခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။

ကိုယ့်ဘ၀မှာ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ် မြင့်မြတ်တဲ့အလုပ်၊ ကိုယ့်ဝါသနာစရိုက် ပါရမီနဲ့ ကိုက်ညီတဲ့အလုပ်၊ ကိုယ့်ရဲ့မြင့်မြတ်တဲ့ လူ့သဘာဝမှာ နက်နက်ရှိုင်းရှိုင်း အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ရတဲ့ အလုပ်ကို လုပ်တဲ့သူဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။ ဘယ်သူမျှမသိကြလည်း အောင်မြင်တဲ့သူပဲ။

ဆရာတော် ဦးဇောတိကရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် စာအုပ်ထဲကပါ။

ဒါကြောင့် တစ်ယောက်က တစ်ယောက်ကို ခန့်မှန်းရခက်တဲ့ လောကကြီးထဲမှာ သူ့အမြင်၊ သူ့ထောက်ခံချက် ရဖို့ထက် ကိုယ့်စိတ်ကိုယ့်သန္တာန်မှာ စင်ကြယ်နေဖို့ အဓိကပါ။ အထင်ဆိုတာကိုက အမြင်လောက် မတိကျပါဘူး။ ခန့်မှန်းတယ်ဆိုကတည်းက မှန်ချင်မှလည်း မှန်မယ်ဆိုတာ သိထားပြီးရင် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အကောင်းဆုံး ဆက်လုပ်နေဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုယ်လုပ်နေတဲ့ကိစ္စဟာ ကောင်းမွန်မှန်ကန်မှုနဲ့ စင်ကြယ်မြင့်မြတ်မှုရှိ မရှိကိုတော့ စင်ကြယ်သူတွေ၊ စိတ်သန့်စင်သူတွေက သိနိုင်ကြပါတယ်။ လောကမှာ သိစရာမှန်သမျှကို စိတ်နဲ့သိရတာပါ။ စိတ်စင်ကြယ်သူဟာ သိစရာမှန်သမျှကို အကုန်သိမြင်ပါတယ်။ စိတ်စင်ကြယ်တဲ့သူဟာ ကိုယ့်စိတ်ကိုလည်း အသေအချာသိသလို သူတစ်ပါး စိတ်ကိုလည်း သိမြင်နိုင်ပါတယ်။ ဒီလိုသိနိုင်မှသာ ပညာရှိစာရင်းဝင်မှာပါ။

စာရေးဆရာရေးသားထားတဲ့ ပညာရှိတွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ဟာ အတော့်ကိုလေးနက် ပါတယ်။

The wise perceive man’s value by his purity, they touch the inner most core of life.

ပညာရှိကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ သန့်စင်မှုနဲ့ ရှုမြင်တယ်။ သူတို့ဟာ ဘ၀ရဲ့ အတွင်းအကျဆုံးအရာကို ထိတွေ့ကြတယ်။

ဖုန်တွေ အလူးလူးပေကျံနေတဲ့ ကြေးမုံပြင်တို့၊ ရေခိုးရေငွေ့တွေ ရိုက်ခတ်ထားတဲ့ မှန်မျက်နှာပြင်တို့မှာ ပုံရိပ်တွေ ထင်ထင်ရှားရှား မပေါ်နိုင်သလိုပါပဲ။ ရှုပ်ထွေးနေတဲ့စိတ်၊ အညစ်အကြေးတွေ ထူပြောနေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်တွေမှာလည်း လူတစ်ယောက်ရဲ့ တန်ဖိုးကို အမှန်အတိုင်း ဆုံးဖြတ်နိုင်တဲ့အမြင် ပေါ်နိုင်ဖို့ခက်လှပါတယ်။ သန့်ရှင်းနေတဲ့စိတ်၊ အညစ်အကြေး ကင်းစင်နေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်မှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အမှန်အတိုင်း အတိအကျ ပေါ်နိုင်ပါတယ်။

ဒါကြောင့် သူများကို အမှန်အတိုင်းရှုမြင်ချင်ရင် ကိုယ့်စိတ်ကို အရင်သန့်စင်အောင် လုပ်ထားဖို့ လိုပါတယ်။

ဒါမှသာ “စိတ်သန့်စင်သူသည် စိတ်မသန့်စင်သူကိုလည်း သိသည်။ စိတ်သန့်စင်သူကိုလည်း သိသည်” ဆိုတဲ့ စကားရပ်အတိုင်း ဖြစ်တော့မှာပေါ့။

လောလောဆယ်မှာတော့ ကိုယ့်စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေနဲ့ ရှုပ်ထွေးပွေလိမ်ပြီး မသန့်မစင် ဖြစ်နေသေးရင်တော့ “စိတ်မသန့်စင်သေးသူသည် စိတ်မသန့်စင်သူကိုလည်း မသိ၊ စိတ်သန့်စင်သူကိုလည်း မသိ” ဆိုတဲ့ အချက်ကိုတော့ ၀န်ခံရတော့မှာပါပဲ . . . . .

မြသန်းစံ

၁၅-၉-၂၀၀၇။

http://www.facebook.com/messages/?action=read&tid=id.198419873567813#!/notes/momo-aung/%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%91%E1%80%B2-%E1%80%9B%E1%80%AD%E1%80%95%E1%80%B9%E1%80%81%E1%80%94%E1%80%B2-%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%90%E1%80%BC-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%99%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%B6/284071864961740

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP