(၄) အရှင်မဟာကဿပမထေရ်အကြောင်း သိကောင်းစရာ
ထို့နောက် ဘုရားရှင်၏အနီးသို့ ပြန်လာ၍ “ရှင်တော်မြတ်ဘုရား...မဟာနိသဘထေရ်ကို အိမ်တွင်းသို့ ပင့်ပါသော်လည်း အရှင်မြတ်သည် မဝင်လိုပါ။ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလားဘုရား”ဟု မေးမြန်းလျှောက်ထားလေသည်။
ဘုရားရှင်တို့၏သန္တာန်တော်၌ ဂုဏ်ကျေးဇူးကို ဝန်တိုမှုတရား-ဟူ၍ လုံဝမရှိပါ (ဗုဒ္ဓါနဉ္စ ဝဏ္ဏမစ္ဆေရံ နာမ နတ္ထိ)၊ သို့ဖြစ်၍ ဘုရားရှင်က “ဒါယကာ...ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏၊ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့လင့်မှု အလင်းပင် မပြုချေ၊ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား တောကျောင်း၌သာ
နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌ သာလျှင် နေလေ့ရှိ၏” ဟု မထေရ်မြတ်၏ ဂုဏ်ကျေးဇူးများကို အကျယ် ဟောကြားတော်မူလေသည်။
ဝေဒေဟဥပါသကာသည် အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ကာ ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူကြီးပေးပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ဘုရားအမှူးရှိသော ရဟန်းအပေါင်အား တိစီဝရိတ်တစုံစီ လှူဒါန်းဆက်ကပ်ပြီးလျှင် မဟာနိသဘ မထေရ် ရအပ်သော ရာထူးကဲ့သို့ ဓုတင်အရာ၌ အမြတ်ဆုံး ဧတဒဂ်ရာထူးကို တောင်းဆုချွေခဲ့လေသည်။
ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပ, ကုမာရကဿပ-ဟူသော ဤငယ်ကုန်, အလွန်ငယ်ကုန်သော မထေရ်တို့ကို စွဲ၍ ကြီးမြတ်တော်မူသောကြောင့် “မဟာကဿပ”ဟု ခေါ်သည်။
မှတ်ချက်။ ။ ဗာကုလထေရ်သည် ကိုယ်တိုင် ဓုတင်ကျင့်တော်မူ၏။ သူတပါးတို့အား ဓုတင်ကို ဟောကြားတော် မမူချေ။
ဥပနန္ဒထေရ်သည် ကိုယ်တိုင်တော့ ဓုတင်မကျင့်၊ သူတပါးတို့အားသာ ဓုတင်ကို ဟောကြားတော်မူသည်။
မဟာကဿပထေရ်ကား ကိုယ်တိုင်လည်း ဓုတင်ကျင့်၍ သူတပါးတို့အား ဟောကြားတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၂၇)
0 comments:
Post a Comment