* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, October 25, 2011

ဒုက္ခတွေကများ - ဗုဒ္ဓကယ်ပါ့ဘုရား (မေတ္တာဦး- ဇေယျာ ရွှေမြေ)

ဒုက္ခတွေကများ - ဗုဒ္ဓကယ်ပါ့ဘုရား

[IMG]/images/stories/Resized_IMG_7677.jpg[/IMG]

စာတစ်စောင် ပေတစ်ဖွဲ့ရယ်လို့ ရေးလဲမရေးခဲ့ဖူးပါဘူး၊ မရေးစဘူး အရေးထူးတာကတော့ မေတ္တာဥယျာဉ်ရဲ့ ဖိတ်ခေါ်မှုကြောင့်ပါပဲ၊ စာရေးသူ မေတ္တာဥယျာဉ်ထဲ ဝင်ခွင့်ရကထဲက နေ့စဉ်ပဲ ဝင်ရောက်ပျော်ရွှင် နေခဲ့မိပါတယ်၊ တနေ့တစ်ခါလောက်မှ မေတ္တာဥယျာဉ်ထဲ မဝင်ရရင် စိတ်အစဉ် ဟာ မပျော်ရွှင် မလန်းဆန်းသလိုပါပဲ၊ “မေတ္တာဥယျာဉ်၊ ဝင်မိလျင်၊ အစဉ်လွမ်းပါသည်” ဆိုတဲ့ ကဗျာလေးအတိုင်းပါပဲ

[IMG]/images/stories/Resized_IMG_7766.jpg[/IMG]

မေတ္တာဥယျာဉ်ထဲ ဝင်ရောက်တိုင်းလဲ သဘာဝအလှ၊ ပန်းအလှတွေနဲ့ အမြဲတမ်း လှပနေတဲ့ ပေါ့တလန်မြို့ရယ် သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်လေး ဦးသိရိန္ဒနဲ့ သူ့ရဲ့ တပည့်ဒကာဒကာမ တွေရယ်ကို ပြန်လည်သတိရ နေမိပါတယ်၊ တွေ့ဆုံခဲ့ကြတဲ့ အချိန်အတိုင်းအတာ ဘာမှမကြာခဲ့သော်လည်း စာရေးသူရဲ့  နှလုံးသားထဲမှာတော့ ထာဝစဉ် စွဲထင်နေလျက်ပါ၊ ဒါကြောင့်လဲ မေတ္တာဥယျာဉ်ထဲ နေ့စဉ်ဝင်ဖြစ်နေပါတယ်။



မေတ္တာဥယျာဉ်ထဲဝင်လိုက်တိုင်းလဲ သတိရနေသလို သတိရတိုင်းလဲ လွမ်းနေမိပြန်ရော့၊ မေတ္တာဥယျာဉ်ထဲ ဝင်ပါများတော့ မေတ္တာဥယျာဉ်ထဲမှာ အစဉ်ပွင့်လန်းနေကြတဲ့ အခြားပန်းလေးတွေလို ကိုယ်လဲပဲ မွှေးကြိုင်လန်းဆန်းတဲ့ ပန်းတစ်ပွင့်အနေနဲ့ ပါဝင်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့ပါတယ်၊ ဒီစာပန်းတစ်ပွင့်ဟာ စာရေးသူရဲ့ ရင်ထဲက ပထမဦးဆုံး ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်ဆိုရင် မှားမယ်မထင်ပါဘူး၊ အမြင်မလှပေမဲ့ အကြင်နာမျှဝေလို့ ခူးချွေပန်ဆင်ကြမယ်ဆိုရင်, ရနံ့မမွှေးလှပေမဲ့ ခဏလေးမျှ နွေးထွေးမှုပေးကြမယ်ဆိုရင် စာရေးသူ စိုက်ပျိုးရကျိုးနပ်ပါပြီ၊ မေတ္တာဥယျာဉ်မှာ ဝင်ရောက်လာကြတဲ့ စာချစ်သူတွေကို ရှေးဦးစွာ ဒုက္ခနဲ့ပတ်သက်တဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ မျှဝေခံစား အသိတရားတစ်ခု ပေးချင်ပါတယ်။

[IMG]/images/stories/Resized_IMG_7608.jpg[/IMG]

ဒုက္ခဆိုတဲ့ စကားလုံးလေးဟာ လူတိုင်းသုံးနေကြ စကားလုံးတစ်လုံးပါ၊ အထူးအကျယ်ဖွဲ့ပြီး ချဲ့ ကားရေးစရာ လိုမယ်မထင်ပါဘူး၊ ဒါပေမဲ့ သစ္စာ လေးပါးမှာ ဒုက္ခဆိုတာ အမှန်တရားတစ်ခုမို့ သေသေချာချာ ရေရေရာရာတော့ သိသင့်တယ်လို့ ထင်ပါတယ်၊ ဒီခေတ်ကလဲ သစ္စာတရားတွေ ဟောကြပြောကြ သိအောင်ကြိုးစားနေကြတဲ့အတွက် သစ္စာခေတ်လို့ တောင် ပြောလို့ရပါတယ်၊ “မိမိကိုယ်ကို သစ္စာသိထားပြီးပြီ”လို့ ထင်မြင်ယူဆ နေကြသူတွေလဲ အများကြီးပါပဲ၊ သစ္စာတရားဆိုတာ နက်နဲခက်ခဲလှတဲ့အတွက်ကြောင့် အလွယ်တကူ သိနိုင်တဲ့တရားမျိုး မဟုတ်ပါဘူး၊ တကယ်ဆိုရင် သစ္စာလေးပါးလုံး မဆိုထားပါနဲ့ ဒုက္ခတစ်လုံးကိုပဲ ပိုင်ပိုင်နိုင်နိုင် သိကြရဲ့လားလို့ မေးစမ်းချင်ပါတယ်၊ ဒီပုံပြင်လေးဟာ သစ္စာ သိထားပြီးပြီလို့ ထင်မြင်ယူဆနေကြသူတွေအတွက် သတိထားစရာ ပုံပြင်တစ်ပုဒ် ဖြစ်သလို ပုထုဇဉ်တွေရဲ့ သစ္စာအမြင်ကိုလဲ ပီပြင် ထင်ရှားအောင် လှောင်ပြောင်ပြောထားတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ၊ ကြားဖူးပြီးသား ပုံပြင်လေးဖြစ်မှာပါ။

ဒုက္ခရှာတဲ့မျောက်တစ်ကောင်

တခါတုံးက လမ်းဆုံလမ်းမတစ်ခုမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်၊ အဲဒီညောင်ပင်ကြီးပေါ်မှာလဲ မျောက်ကြီး တစ်ကောင် နေသတဲ့၊ ညောင်ပင်ကြီးရဲ့ အောက်ကို အရပ်လေးမျက်နှာက ခရီးသွားတွေဟာ ခဏတာဝင်ရောက် တထောက်လောက်နားခိုပြီးမှ လိုရာခရီး ဆက်ပြီးသွားကြ တယ်၊ ဝင်ရောက်နားခိုကြတဲ့ခရီးသည် တိုင်းကလဲ “ ဒုက္ခ ဒုက္ခ ” လို့ နှုတ်ကနေ ညီးညူပြီး အမောဝင်ဖြေ၊ အမောပြေမှ လိုရာခရီးကို ထွက်ခွါသွားကြ တယ်တဲ့၊ ဒါကို အမြဲတန်းမြင်တွေ့ နေရတဲ့ မျောက်ကြီးဟာ “ဒုက္ခ”ဆိုတာကို သိပ်စိတ်ဝင်စားနေသတဲ့၊ တနေ့တော့ ခရီးသည်တစ်ယောက်ဟာ အထုပ်ကြီး တစ်ထုပ် ထမ်းပြီး ညောင်ပင်အောက် ရောက်လာတယ်၊ ဒါကို မျောက်ကြီးက ဒုက္ခအထုပ်ကြီးထင်ပြီး “မိတ်ဆွေ- ဒီ အထုပ်ကြီးဟာ ဒုက္ခထုပ်ကြီးဆိုရင် ကျုပ်ကို ဒုက္ခနဲနဲလောက် ပေးခဲ့စမ်းပါ” လို့ ဆင်းတောင်းသတဲ့၊ ဒီတော့ ခရီးသည်က “မျောက်ကြီးရယ် ကြံကြံဖန်ဖန် ဒုက္ခမှ လိုချင်ရတယ်လို့၊ ဒုက္ခကို ဘာများထင်လို့ လိုချင်ရတာလဲ” လို့ ပြန်မေးလိုက်သတဲ့၊ ဒီတော့ မျောက်ကြီးကလဲ “မိတ်ဆွေ- ဒုက္ခဆိုတာ အမောဖြေဆေးလို့ထင်ပါတယ်”တဲ့။

ဒုက္ခဆိုတာ အမောဖြေဆေးပါ

မှန်ပါတယ်၊ ပုထုဇဉ်တွေဟာလဲ မျောက်ကြီးလိုဘဲ ဒုက္ခကို အမောဖြေဆေးလို့ အထင်မှားနေကြတယ်၊ လောကီ စည်းစိမ်ချမ်းသာတွေကို အမောဖြေဆေးလို့ထင်ပြီး နေ့စဉ်ပဲ ရှာဖွေစုဆောင်းနေကြတယ်၊ အမျိုးသားတွေကလဲ တနေကုန် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပေမဲ့ အိမ်ရောက်လို့ ဇနီးလေးရဲ့မျက်နှာ မြင်လိုက်ရရင် အမောပြေတယ်လို့ ဆိုကြတယ် မဟုတ်လား၊ အမျိုးသမီးတွေဘက်ကလဲ ဒီအတိုင်းပါပဲ၊ ကိုယ့်ခင်ပွန်ရဲ့းမျက်နှာမြင်ရရင် အားအင်တွေကို ပြည့်လို့၊ “နှစ်ယောက်ထဲဆိုရင် မောင်ရယ် ဧဝရက်တောင်ထိပ်” တို့၊ “ မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး”တို့ ဆိုတဲ့ သီချင်း တွေက သက်သေပြနေတာပဲလေ၊ သားသမီးပစ္စည်းတွေလဲ ထိုနည်းလည်းကောင်းပါပဲ၊ “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းတည်း”တဲ့၊ မိဘတွေများ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်း နေပါ စေ၊ သားသမီးတွေမျက်နှာ မြင်လိုက်ရရင် အမောပြေကြတယ်၊ သူတို့အတွက်တော့ သားသမီးတွေက အမောဖြေဆေး တွေပဲပေါ့၊ ကိုယ်ပိုင်ဆိုင်တဲ့ အိမ်တွေ, ကားတွေ, ရွှေတွေ, ငွေတွေကြည့်ပြီးတော့လဲ ပျော်ရွှင်ကြည်နူး နေကြတာပဲ မဟုတ်လား၊ ဒါကြောင့် ပုထုဇဉ်တွေရဲ့  ဒုက္ခအမြင်ဟာ မျောက်ကြီး မြင်တဲ့အမြင်နဲ့ ထပ်တူထပ်မျှပါပဲ။

[IMG]/images/stories/Resized_IMG_7579.jpg[/IMG]

ဒီတော့ ခရီးသွားက “အင်း ဒီမျောက်နဲ့တော့ ခက်နေပါပြီ၊ သူ့ကို ဒုက္ခအကြောင်းနားလည်အောင် ငါ ပြောနိုင်မှာ မဟုတ်ဘူး” ဆိုပြီး “မျောက်ကြီး- ဒုက္ခ တကယ်လိုချင်ရင်တော့ ဟောဟိုက တောစပ်နားမှာ ဘုန်းကြီးကျောင်းရှိတယ်၊ ဘုန်းကြီးဆီကို သွားတောင်းပါ” လို့ လမ်းညွှန်လိုက်သတဲ့၊ ဒါနဲ့ပဲ မျောက်ကြီးက တောကျောင်းသွားပြီး ဘုန်းကြီးဆီကို ဒုက္ခတောင်းတော့တာပေါ့၊ ဘုန်းကြီးက “ဟဲ့- မျောက်ကြီး၊ ဒုက္ခကို ဘာများထင်လို့ လိုချင်ရတာလဲ” လို့မေးတော့ မျောက်ကြီးက “အမောဖြေဆေး ထင်လို့ပါဘုရား” လို့ လျှောက်တာပေါ့၊ ဒီတော့ ဘုန်ကြီးက ပြုံးပြီး “ကောင်းပြီ မင်းလို ချင်နေတဲ့ ဒုက္ခ ငါပေးပါ့မယ်၊ ဘယ်လောက်များ လိုချင်သလဲ” လို့ မေးတော့၊ “ ရမယ်ဆိုရင် များလေကောင်းလေပေါ့ ဘုရား”တဲ့၊ မျောက်ကြီးဟာ ဒုက္ခကို တကယ်အမောဖြေဆေးထင်လို့ အများကြီး တောင်းလိုက်တာပါ၊ မကောင်းမှန်းသိရင် ဘယ်တောင်းပါ့မလဲ။

များလေ ကောင်းလေ

ပုထုဇဉ်တွေဟာလဲ ဒီမျောက်ကြီးအတိုင်းပါပဲ၊ ဒုက္ခကို သုခလို့အထင်မှားပြီး အများကြီး လိုချင်နေကြတာပါ၊ မျောက်ကြီး ပြောသလိုပြောရရင် များလေကောင်းလေပေါ့၊ ရွှေတွေငွေတွေလဲ အများကြီးလိုချင်တယ်၊ တိုက်တွေ ကားတွေ လဲ အများကြီးပိုင်ချင်တယ်၊ ခြံတွေ မြေတွေ ဆိုင်တွေ ကုမ္ပဏီတွေ အားလုံးကို ပါပဲ၊ များလေကောင်းလေပဲ ပေါ့နော်၊ တကယ်တော့ ကာမဂုဏ်စည်းစိမ်တွေဆိုတာ ပိုင်ဆိုင်မှုတွေများလေ သံယောဇဉ် များလေ၊ သံယောဇဉ်များလေ ဒုက္ခတွေ များလေပါ၊ ဒါကြောင့် မြတ်စွာဘုရားကလဲ “အချစ်တစ်ခုရှိရင် ဒုက္ခတစ်ခုရှိမယ်၊ အချစ်များရင် ဒုက္ခများမယ်၊ အချစ်နဲရင် ဒုက္ခနဲမယ်၊ အချစ်မရှိရင် ဒုက္ခလဲမရှိတော့ဘူး” လို့ ဟောထားတာပဲ မဟုတ်လား၊ သမုဒယဆိုတဲ့ အချစ်တွေ ကြောင့် ဒုက္ခဆိုတဲ့ ဆင်းရဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ ဘုရားဘယ်လိုဟောဟော ပုထုဇဉ်တွေရဲ့  သဘောကတော့ “မချစ်ရင် မနေနိုင်တာက လွဲလို့” ဆိုပြီး တချစ်ထဲချစ်နေကြတာပဲလေ၊ နောက်ပြီးတော့လဲ “ နဲနဲချစ်တာ မလောက်လို့၊ အများကြီး ချစ်ပါအုံးလို့၊ ကိုကို ချစ်ရေ” ဆိုတာလေ၊ ဒီသီချင်းလေးက လောကီအနေနဲ့ကြည့်ရင် သဘောကျစရာ ထင်ရပေမဲ့ လောကုတ္တရာတရားသဘောနဲ့ ဆင်ခြင်ကြည့်တော့ “ နဲနဲဒုက္ခရောက်တာ မကြောက်လို့၊ အများကြီးဒုက္ခ ပေးပါအုံး” လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ၊ ဒါကြောင့် ကိုကိုချစ်တို့ မမချစ်တို့ သတိပေးလိုက်ပါရဲ့  အများကြီး မချစ်လိုက်ကြပါနဲ့၊ အချစ်များရင် ဒုက္ခတွေလဲ များမှာစိုးလို့ပါ။

အခုလဲကြည့်လေ၊ မျောက်ကြီးက “များလေကောင်းလေပါဘုရား”တဲ့၊ ဒီတော့ ဘုန်းကြီးက “ကောင်းပြီ၊ မင်း တောင်းတဲ့အတိုင်း ငါပေးမယ်၊ မနက်ဖြန် နေမွန်းတည့်ချိန်လောက် ကျောင်းကိုလာခဲ့ပါ”လို့ မှာလိုက်တယ်၊ မျောက်ကြီး ခမြာ သိပ်ပျော်သွားတာပေါ့၊ မျောက်ကြီးလဲ ပြန်သွားရော့ ဘုန်းကြီးက ညဘက်မှာ တောခွေးကြီး တစ်ကောင်ဖမ်းပြီး အိပ်ထဲ အလုံပိတ်ချည်ထားလိုက်တယ်၊ နောက်နေ့ နေမွန်းတည့်ချိန် မျောက်ကြီး ရောက်လာတော့ ဘုန်းကြီးက “ကဲ -မျောက်ကြီး၊ မင်းလိုချင်တဲ့ ဒုက္ခတွေကို ဟောဟိုက အထုတ်ကြီးထဲ ထည့်ထားတယ်၊ အဲဒီအထုပ်ကြီး ထမ်းသွား၊ သစ်ပင် တစ်ပင်မှမရှိတဲ့ လွင်တီးခေါင်ပြင်ရောက်မှ ဖွင့်ကြည့်၊ မင်းလိုချင်တဲ့ ဒုက္ခ မုချတွေ့လိမ့်မယ်”လို့ ပြောပြီး ပေးလိုက်ပါတယ်၊ မျောက်ကြီးခမြာ အထုပ်ကြီး မနိုင့်တနိုင် ထမ်းပြီးတော့ “ငါလိုချင်တဲ့ ဒုက္ခတွေတော့ ရပြီ” ဆိုပြီး သိပ်ပျော်နေတယ်ဆိုပဲ၊ ဒို့လူတွေလဲ ငွေထုပ်ကြီးတွေ၊ ရတနာထုပ်ကြီးတွေရရင် ပျော်နေတာဘဲ မဟုတ်လား။ တခါတလေ သားသမီးလေး တွေ ချီပြီး ပျော်နေကြတဲ့ မိဘတွေကို မြင်ရရင် မျောက်ကြီး အထုပ်ထမ်း ပျော်နေသလိုမျိုး မြင်ယောင်နေမိပါတယ်။

[IMG]/images/stories/Resized_IMG_6824.jpg[/IMG]

သားရှိသောသူ၊ သားကြောင့်ပူ၊ လှိုက်ဆူ မချမ်းသာ၊
သမီးရှိသောသူ၊ သမီးကြောင့်ပူ၊ လှိုက်ဆူ မချမ်းသာ-တဲ့။

သားရှိရင် သားအတွက် ပူရမယ်၊ သမီးရှိရင် သမီးအတွက်ပူရမယ်၊ သားသမီးဆိုတာ ဒုက္ခမီးတွေပဲလို့ ဘုရားဟော ပေမယ်လို့ ဒုက္ခလို့မမြင် သုခလို့ထင်ပြီးပျော်နေကြတာဟာ မျောက်ကြီး အထုပ်ထမ်းပြီး ပျော်နေတာနဲ့ အတူတူပါပဲ၊ မျောက်ကြီးခမြာ ဘုန်းကြီးမှာတဲ့အတိုင်း အထုပ်ကြီး ထမ်းသွားပြီး လွင်တီးခေါင်ပြင်ရောက်တော့ အမောတောင်မဖြေနိုင် ရှာဘူး၊ ချက်ချင်းပဲ အထုပ်ကို ဖြေကြည့်လိုက်ပါရောတဲ့၊ ဘာပြောကောင်းမလဲ တညလုံးအပိတ်ခံ နေရတဲ့ခွေးကြီးဟာ စိတ်ဆိုးပြီး မျောက်ကို လိုက်ကိုက်တာပေါ့၊ မျောက်ကြီးလဲ ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ ခွေးကြီး ကိုက်လို့ အမြီးတွေလဲပြတ် ခြေထောက်တွေလဲ စုတ်လို့၊ သွေးသံတရဲရဲနဲ့ နီးရာတောစပ်က သစ်ပင်တစ်ပင်ပေါ် တက်ပြေးရတယ်၊ ခွေးကလဲ မျောက်ကြီးနောက်ကလိုက်ရင်း သစ်ပင်အောက်ရောက်တော့ မျောက်ကြီးဆင်းလာရင် ကိုက်သတ်မယ်ဆိုပြီး စောင့်နေ ပြန်သတဲ့၊ မျောက်ကြီးလဲ သစ်ပင်အောက်က ခွေးကြီးကို ကြည့်ပြီး “အော်- လူတွေ ပြောပြောနေတဲ့ ဒုက္ခဆိုတာ မျက်လုံး ပြူးပြူး ပါးစပ်ပြဲပြဲ လျှာတွဲလဲနဲ့ အကောင်ကြီး ပါလား”လို့ အဲဒီလို ကောက်ချက်ချသတဲ့။



တကယ်ဆိုရင် သေရေး ရှင်ရေး အသက်လုပြီးပြေးခဲ့ရတာတွေ၊ ခွေးကိုက်လို့ အမြီးပြတ်ပြီး ခြေထောက်စုတ်ခဲ့ တာတွေ၊ ဒါတွေကိုဒုက္ခလို့ မြင်ဘို့ ကောင်း တယ်၊ ဒါတွေကို ဒုက္ခလို့မမြင်ဘဲ ခွေးကြီးကိုပဲ ဒုက္ခကောင်လို့ မြင်ပါသတဲ့။

လူတွေဟာလဲ ဒီလိုပါပဲ၊ “ဒုက္ခန္တိ ခန္ဓပဉ္စကံ - ဒုက္ခဆိုတာ တခြား မဟုတ်ဘူးဟေ့ မင်းတို့ရထားတဲ့ ခန္ဓာကြီးပဲ၊ ဒီခန္ဓာဟာ ဒုက္ခတုံးကြီးပဲ”လို့ ဟောနေ ပေမဲ့ ပုထုဇဉ်တွေကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဒုက္ခလို့မမြင်ကြဘူးလေ၊ စီးပွါးရေး အဆင်မပြေတာတွေ၊ ဈေးရောင်းလို့ မကောင်း တာတွေ၊ ဒေါ်လာဈေးကျတာတွေ၊ သားရေးသမီးရေး အဆင်မပြေတာတွေ၊ ဒါတွေကိုပဲ ဒုက္ခလို့ မြင်နေကြတာပါ၊ မျောက်ကြီးဟာ ဒုက္ခကို သေချာမသိသလိုပါပဲ၊ ပုထုဇဉ်တွေလဲ ဒုက္ခကို အမှန်အတိုင်း မသိကြပါဘူး၊ မျောက်ကြီးဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ပုထုဇဉ်တွေလဲ ကိုယ့်ဒုက္ခ ကိုယ်တိုင်ရှာနေကြတာပါ။



“ချမ်းသာ တစ်ခု၊ လိုလား မှုကြောင့်၊ ပုပုရွရွ၊ ရှာဖွေကြလည်း၊ ဒုက္ခပင်လယ်၊ ကျယ်ထက် ကျယ်သည်၊ ရွယ်တိုင်းမမြောက်ကြပါတကား” ဆိုတဲ့အတိုင်းပဲ ဒုက္ခကို သုခအထင်နဲ့ ရှာနေကြလို့ ဒုက္ခပင်လယ်ဝေနေကြတာပါ၊ “ရှာတာကသုခ၊ ရတာကဒုက္ခ” အဲဒီလို မသိခဲ့ကြလို့ပဲ သံသရာထဲမှာ ပင်ပန်းဆင်းရဲစွာ ကျင်လည်ခဲ့ပြီးပါပြီ၊ အခုလဲ ပင်ပန်းဆင်းရဲနေကြဆဲ၊ နောင်လဲပဲ ပင်ပန်း ဆင်းရဲ ကြရအုံးမှာပါ၊ ပုထုဇဉ်ဘဝက မလွန်မြောက်နိုင်သေးသမျှတော့ ဒီလိုပဲ သံသရာထဲမှာ ချာချာလည်ပြီးကာ အချိန် အကန့်အသတ်မရှိ၊ အရေအတွက် အပိုင်းအခြားမရှိတဲ့ ဒုက္ခတွေ ကို မနားတမ်း ခံစားနေကြရမဲ့ ကျုပ်တို့ ပုထုဇဉ်တွေရဲ့  အဖြစ်တွေကိုတွေးကြောက်ကာ “အော် ဒုက္ခတွေကများ ... ဗုဒ္ဓကယ်ပါ့ ဘုရား”လို့သာ အားလုံးကြားအောင် မေတ္တာဥယျာဉ် ထဲကနေ အော်ဟစ်လိုက်ချင်ပါတော့တယ်။ ။

မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ မွှေးကြိုင်လန်းဆန်းကြပါစေ။
မေတ္တာဦး
(ဇေယျာ ရွှေမြေ)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
2011-ခု၊ အောက်တိုဘာလ(25)ရက်၊ အင်္ဂါနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP