ငါလည်းတစ်နေ့ သူတို့လို
“၉၅၊ ၈၄၊ ၇၂၊ ၇၃၊ ၈၁၊ ၆၄၊ ၆၃၊ ၆၈၊ ၃၅၊ ၃၁၊ ၄၇၊ ၄၃၊ ၅၁၊ ၂၂၊ ၃၊ ၄၆၊ ၆၉၊ ၇”
အထက်ပါဂဏန်းသင်္ချာတို့ကား အခြားမဟုတ်၊ နေ့စဉ်ထုတ်သတင်းစာ နာရေးကဏ္ဍတွင် တွေ့မြင်နေရသော သေဆုံးသူတို့၏ အသက်တို့ပင်ဖြစ်၏။ ထိုအထဲ၌ အသက်အရွယ်ကြီးရင့်သူများပါသလို အသက်အရွယ် ငယ်ရွယ်သူများလည်း ပါဝင်ပေ၏။ ကျော်ကြားသူများ ပါသလို သာမန် လူများလည်း ပါဝင်ပေ၏။ တစ်ဖန် ရာထူးဂုဏ်သိမ်မြင့်မားကာ အခြွေအရံအသင်းအပင်း ၀န်းရံနေသောသူများ ပါသလို ရာထူးဂုဏ်သိမ်မရှိ၊ အခြွေအရံအသင်း အပင်းကင်းသော သူတို့လည်း ပါဝင်ပေ၏။ အချို့ကား လူ့ဘ၀ပင် ဘယ်လိုနေမှန်း မသိသေး။ နာရေးကဏ္ဍ၌ ပါဝင်နေ၏။ ထိုမြင်ကွင်းကား တစ်ရက်မဟုတ်၊ နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းဖြစ်၏။
ထိုသေဆုံးသူတို့အထဲ၌ ကိုယ်မသိဖူး မမြင်ဖူးသူများပါဝင်သလို ကိုယ့်မိတ်ဆွေ ကိုယ့်သူ ငယ်ချင်းတို့လည်း ပါဝင်နေ၏။ တစ်ဖန် ကိုယ့်ဆွေမျိုး သားချင်းထဲက ပါရှိနေတတ်သလို ရံဖန်ရံခါ ကိုယ့်မိသားစုဝင်ထဲကပင် ဖြစ်နေတတ်၏။ ထိုသေဆုံးသူတို့ကို တွေ့မြင်ရသည့်အချိန် (သေဆုံး သည့်အကြောင်းကို ကြားသိရသည့်အချိန်)တွင် မည်သို့သော စိတ်ခံစားမှုများ ဖြစ်ခဲ့ပါသနည်း။ ထိတ်လန့်မှုသံဝေဂကော ဖြစ်ခဲ့ရဲ့လား။ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါက ချက်ချင်းပင် အဖြေထွက် လာမည်ဖြစ်၏။
အများအားဖြင့် သေဆုံးသူသည် ကိုယ်နှင့် မည်သို့မျှမတော်စပ်လျှင် စိတ်မကောင်းဖြစ်ရုံ သနားရုံမျှသာ ဖြစ်ကြ၏။ သွေးသားတော်စပ်လျှင်မူ ၀မ်းနည်းကြေကွဲရုံ၊ ပူဆွေးသောက ရောက်ရုံ မျှသာ ဖြစ်ကြ၏။ ပြောရလျှင် “ဤမျှသာ”ဟု ပြောဆိုရမည်ဖြစ်၏။ ထို့ထက်မပို။ “သူတို့သေရသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါလည်း သေရမှာပါလား”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ မရောက်ပေ။ ရောက်လျှင်လည်း အခိုက်အတန့်သာ ဖြစ်ပေလိမ့်မည်။
အချို့ကား စိတ်မကောင်းဖြစ်ခြင်း၊ သနားခြင်းမျှပင် မဖြစ်။ အလောင်းကို ရှေ့မှာထား၍ စီးပွားရေးအကြောင်း၊ သားရေးသမီးရေးအကြောင်း၊ အိမ်အကြောင်း၊ ကားအကြောင်း၊ စပါးအ ကြောင်း၊ ပဲအကြောင်း၊ ရုပ်ရှင်ဗီဒီယိုအကြောင်းတို့ကို လှိုင်လှိုင်ပြောနေကြ၏။ အသိတရား၊ သတိ တရား မရှိကြပေ။ သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထားကာ သံဝေဂမဖြစ်ဘဲ လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ၊ မောဟဖြစ်စရာ အာရုံတွေနှင့် လုံးထွေးရစ်ပတ်နေသည်မှာ အရုပ်ဆိုးအကျည်းတန် လှ၏။ သေခြင်းတရားမှာ ကိုယ်နှင့်မဆိုင်တော့သလိုလို။ သေခြင်းတရားမှ အစဉ်ထာဝရ လွတ်ကင်းနေကြသလိုလိုပင်။ အမှန်အားဖြင့် သံဝေဂဖြစ်စရာကို တွေ့မြင်ကြားသိရလျှင် “ငါလည်း တစ်နေ့နေ့မှာ သူတို့လို…”ဆိုသော ထိတ်လန့်မှုသံဝေဂအဆင့်သို့ ရောက်သင့်၏။ ထိုသို့ သံဝေဂဖြစ်သည့်အတွက် လောကီကိစ္စရော လောကုတ္တရာကိစ္စပါ အကျိုးမယုတ်။ ဆုံးရှုံးမှုမဖြစ်။ မိမိအတွက် တစ်ခုခုတော့ ကျန်ရှိမည်သာ ဖြစ်၏။ ဤ၌ တိဿမင်းသား၏ အဖြစ်ကို ပြဆိုလို၏။
၇-ရက်ပြည့်က အသတ်ခံရမည့်တိဿ
သီရိဓမ္မာသောကမင်းကြီး၌ ညီတော်အရင်းတစ်ယောက် ရှိလေ၏။ ယင်းညီတော်ကား တိဿမင်းသားပင်။ မင်းကြီးသည် ညီတော် တိဿမင်းသားကို အိမ်ရှေ့မင်းသားအရာ၌ ထားလေ၏။ ထိုတိဿမင်းသားသည် တစ်နေ့ တောလည်ထွက်ရာ သမင်များကိုမြင်ပြီး “မြက်ကိုစားနေရတဲ့ သမင်တွေတောင်မှ ပျော်မြူးနိုင်ကြသေးတယ်၊ စားကောင်းသောက်ဖွယ်တွေစား၊ နူးညံ့သိမ်မွေ့တဲ့ အိပ်ရာတွေမှာ အိပ်ကြရတဲ့ ရဟန်းတွေမှာ ဘယ်မှာမပျော်ဘဲ ရှိပါ့မလဲ”ဟု မသင့်လျော်သော အကြံကို ကြံမိလေ၏။ ထိုအကြံကို သီရိဓမ္မာသောကမင်းကြီးအား လျှောက်ထား လေ၏။ သီရိဓမ္မာ သောကမင်းကြီးသည် ညီတော်တိဿမင်းသားကို ဆုံးမလိုသည့်အတွက်….
“ညီတော်တိဿ….လာပါ။ ၇-ရက်တိတိ ထီးနန်းစံပါ။ ၇-ရက်ပြည့်ရင်တော့ ညီတော်ကို သတ်မယ်” ဟု မိန့်ကြားလေ၏။
တိဿမင်းသားသည် “၇-ရက်ပြည့်ရင် ငါဟာ အသတ်ခံရတော့မယ်(သေရတော့မယ်)”ဟု တွေးပြီး ရေမချိုးနိုင်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ချုံးလာလေ၏။ ၇-ရက်ပြည့် သောအခါ သီရိဓမ္မာသောကမင်းကြီးက....”မင်းဟာ ဘာဖြစ်လို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး ပိန်ချုံး သွားတာလဲ”ဟု မေးလေ၏။ ထိုအခါ တိဿမင်းသားက….”သေရမည့်ဘေးကို တွေးကြောက်နေမိ လို့ပါ”ဟု လျှောက်တင်ရာ…”ဟဲ့တိဿ….၇-ရက်ကြာမှ သေရမယ်လို့ ရက်တိတိကျကျပိုင်းဖြတ်ပြီး သိတဲ့ မင်းတောင်မှ လွတ်လွတ်လပ်လပ် မပျော်ရွင်နိုင်ဘူးဆိုရင် ထွက်သက်ဝင်သက်တိုင်း အစဉ်မ ပြတ် သေဘေးကိုရှုနေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာပျော်နိုင်မှာလဲ”ဟု မိန့်တော်မူလေ၏။
တိဿမင်းသားသည် ထိုအခါမှ သာသနာတော်ကို ပို၍ကြည်ညိုလေ၏။ နောင်တစ်ချိန်တွင် ရဟန်းပြုရာ ရဟန္တာဖြစ်သွားလေ၏။
ဤ၌ တိဿမင်းသားသည် အစက သူလိုကိုယ်လိုပင်။ သေခြင်းတရားကို သတိမရ။ သေခြင်းတရားနှင့်ပတ်သက်၍ အသိမရှိ၊ သတိမရှိ။ မေ့လျော့ကာနေ၏။ တကယ်သေရမည်ဆို သောအခါမှ မအိပ်နိုင်၊ မစားနိုင်လောက်အောင်ပင် ထိတ်လန့်မှုဖြစ်လေ၏။ ယင်းထိတ်လန့်မှုကို အခြေခံကာ နောင်တွင် ရဟန္တာဖြစ်သွားလေ၏။ ဆိုလိုသည်မှာ ထိတ်လန့်မှုသံဝေဂသည် နိဗ္ဗာန် ရောက်အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်ဟုပင်။
“နိဗ္ဗာန်က မြင့်တယ်။ လက်ရှိအကျိုးတရားကိုပဲ လိုချင် ရချင်တယ်”ဟုဆိုလျှင်လည်း ရနိုင်ပေ၏။ လက်ရှိအကျိုးတရားကား စိတ်ဓာတ်များ မြင့်မားလာခြင်းပင် ဖြစ်၏။ မှန်ပေသည်။ ပုထုဇဉ် တို့သဘောမှာ အများအားဖြင့် မဟုတ်တာလုပ်ရမည်ကို သဘောကျတတ်၏။ မဟုတ်တာပြောဆို ရသည်ကို ကျေနပ်နေတတ်၏။ မကောင်းတာကြံစည်နေရသည်ကို နှစ်ခြိုက်နေတတ်၏။ ထိတ်လန့်မှုသံဝေဂ ပွားများသူတစ်ယောက်အနေနှင့်မူ “ငါလည်း တစ်နေ့နေ့မှာ သူတို့လို သေရမှာ ပါလား”ဟူသောအသိ၊ သတိထားရှိသည့်အတွက် ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်သည့်တိုင် မဟုတ်တာလုပ်ရမည်ကို တတ်နိုင်သမျှ ရှောင်ကြဉ်လာ၏။ မဟုတ်တာပြောရမည်ကို ရွံရှာလာ၏။ မကောင်းတာကြံစည်ရမည်ကို စက်ဆုပ်လာ၏။
ထို့ကြောင့် သံဝေဂပွားများသူ၏ ဘ၀သည် တဖြည်းဖြည်း အထက်တန်းကျလာ၏။ အခြေ ခိုင်လာ၏။ တည်ငြိမ်လာ၏။ အေးချမ်းလာ၏။ ကိုယ်လိုသူလို သာမန်စိတ်ထားမျိုးမှ အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်၊ အပြောအဆို၊ အပြုအမူများ ပိုင်ဆိုင်လာ၏။
သို့ဖြစ်၍ လူတို့သည် သံဝေဂဖြစ်စရာမြင်ကွင်းကို ရှေ့မှာထား၍ အမှုမဲ့ အမှတ်မဲ့ မနေသင့်ပေ။ အသိတရား၊ သတိတရား ရှိသင့်ပေ၏။ “ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရ မှာပါလား”ဟု ထိတ်လန့်မှုသံဝေဂ ဖြစ်သင့်ပေ၏။ မိမိချစ်ခင်မြတ်နိုးအပ်သော မိဘ၊ သားသမီး၊ ဇနီးမယား၊ လင်သား၊ မိတ်ဆွေသူငယ်ချင်း၊ (သို့မဟုတ်) ဘ၀တူလူသားတစ်ဦးကို ဘာမျှတန် ကြေးမရှိသော စိတ်မကောင်းမှု၊ သနားမှု၊ ၀မ်းနည်းကြေကွဲမှု၊ ပူဆွေးသောကရောက်မှုတို့မျှ လောက်နှင့် အလဲအလှယ် ပြုလုပ်မည်လား၊ စဉ်းစားသင့်ပေ၏။ အမှန်အားဖြင့် လဲချင်းလဲရလျှင် “ငါလည်းပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရမှာပါလား”ဆိုသော တန်ဖိုးရှိသော ထိတ်လန့်မှုသံဝေဂနှင့်သာ လဲလှယ်သင့်ပေ၏။ သို့မှသာ အတိုင်းအတာတစ်ခုအထိ လဲလှယ်ရ ကျိုးနပ်မည် ဖြစ်၏။
အရှင်ကောဏ္ဍည (သာသနာ့တက္ကသိုလ်)

0 comments:
Post a Comment