* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 27, 2011

*စာရိတ္တသတ္တိ အထူးရှိဖို့*

ကျွန်တော်လည်း မြန်မာနိုင်ငံ ပြန်ရောက်ပြီးကတည်းက စာမရေးဖြစ်၊ အင်တာနက်ကိုလည်း သိပ်ပြီးမသုံးဖြစ်ဖူး ဖြစ်နေတယ်။ ဒါပေမယ့် စာဖတ်ဝါသနာက တားမရတော့ သောကြာနေ့ စနေနေ့ဆို ဂျာနယ်အသစ်ဖတ်ချင်ပါသဖြင့် ၀ယ်ရန်အတွက် စာအုပ်ဆိုင်ကို အမြဲဦးတည် ခြေလှမ်းပြင်မိပါတယ်။ ဂျာနယ်တွေကလည်း အရင်ကထက်ကို မျိုးစုံသလို၊ ဘာသာရေးမဂ္ဂဇင်းတွေကလည်း အများကြီးပဲ ထွက်နေပါတယ်။ ကျွန်တော်လည်း ဂျာနယ်မဂ္ဂဇင်း မျိုးစုံ ရှိသမျှမုန့်ဖိုးလေးမှ မျှပြီးဝယ်ကာ ဖတ်ပြီးရင် ရွာကိုသယ်သွားပြီး ရွာမှ ရွာသူရွာသားများကို ပြန်လည်မျှဝေ ပေးပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ဂျာနယ်ဆိုင်ကို သွားတော့ ဂျာနယ်အသစ်တွေကလည်း ပုံနေတာဘဲ။ ဒါနဲ့ ကျွန်တော်လည်း ဘယ်ဂျာနယ်က ကောင်းမလဲ ရွေးရင်းနဲ့ ဆောင်းပါးခေါင်းစဉ်လေးတွေကို လိုက်ဖတ်နေမိပါတယ်။ အဲဒီမှာ Vol-2 , No-58, 23-29 Sept 2011 The Hot News weekly ဂျာနယ်မှ ဆောင်းပါးရှင် ဒေါက်တာအောင်တင်ဦး ရေးထားသည့် "ကမ္ဘာမြေပေါ်တွင် သူခိုးမရှိသော နိုင်ငံတစ်နိုင်ငံ ရှိခဲ့ဖူးသည်" ခေါင်းစဉ်ကိုတွေ့လိုက်တော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဘယ်နိုင်ငံပါလိမ့်ပေါ့ ဟု စဉ်းစားမိတယ်။ ဂျာနယ်သာဝယ်လာတယ်။ ပြန်ရောက်တော့လည်း မအားသေးတာနဲ့ အဲဒီဆောင်းပါး မဖတ်ဖြစ်သေးပါဘူး။ ညရောက်မှ ဖတ်ကြည့်မိတယ်။ အဲဒီဆောင်းပါးကိုရေးသားသော ဒေါက်တာအောင်တင်ဦးကလည်း ဆရာတော်အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ရေးသားသည့် "စာရိတ္တသတ္တိ" စာအုပ်မှ ဆရာတော်၏ အမှာစာ "သူခိုးမရှိသောနိုင်ငံ" ခေါင်းစဉ်ကို စိတ်ဝင်စားပြီး ဖတ်ကြည့်မိ၍ ရေးသားသော ဆောင်းပါးဖြစ်ပါတယ်။ ကျွန်တော်လည်း စိတ်ဝင်စားသလို စာဖတ်သူများကိုလည်း ပြန်လည်မျှဝေလိုသော ဆန္ဒရှိလာသဖြင့် ဆရာတော်၊ ဆောင်းပါးရှင် ဒေါက်တာအောင်တင်ဦး နှင့် The Hot News weekly ဂျာနယ်ကိုလည်း ပြန်လည်မျှဝေခွင့် ပြုပါရန် ဒီနေရာမှပဲ ကျွန်တော် မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာ။
ဆရာတော်၏ ဆောင်းပါးအစက ဒီလိုပါခင်ဗျာ----
ကမ္ဘာမြေပေါ်တွင် သူခိုးမရှိသော နိုင်ငံတစ်နိုင်ငံရှိခဲ့ဖူးသည်။ ထိုနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု ဆိုလျှင် ယခုခေတ် လူတော်တော်များများက စာရေးသူကို ကိုယ့်ငါးချဉ်ကိုယ်ချဉ်သူ ကိုယ့်ဘက်ကိုယ်ယက်သော လိပ်လိုလူဟု ဆိုကြပေလိမ့်မည်။ သို့သော် ထိုစကားကို ပြောသူသည် စာရေးသူလို မြန်မာတစ်ယောက်မဟုတ်ဘဲ ဘာသာခြား၊ လူမျိုးခြား၊ နိုင်ငံခြားသားတစ်ယောက်ဖြစ်သည်ဟု သိရလျှင်ကား များစွာ အံ့သြကြပေလိမ့်မည်။
ကမ္ဘာပေါ်တွင် သူခိုးမရှိသော တစ်ခုတည်းသောနိုင်ငံကား မြန်မာနိုင်ငံသာ ဖြစ်သည်ဟူ၍ ရဲရဲဝံ့ဝံ့ပြောခဲ့သူကား အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီးပင်ဖြစ်ပါသည်။ သူသည် ၁၈၉၅ ခုနှစ်တွင် မွေးဖွား၍ ၁၉၃၂ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ၀ိပဿနာတရားများကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဖိုးတော်သူပင်ဖြစ်သည်။
အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာ့အနှံ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူအမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံနေပြည်တော်တွင် အခြေချနေထိုင်ခဲ့သည်။ ထိုအချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏ လက်ထဲမှာသာရှိသောကြောင့် သူခိုး၊ လူလိမ်ဆိုသည်မှာ ချိုနဲ့လားဟု မေးရလောက်အောင် မြန်မာတိုင်းစာရိတ္တသိတ္တိ အပြည့်ရှိနေချိန်ပင်ဖြစ်ပါ၏။
ဘဆေဆ်လာဂျီသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီးအသီးသီးတွင် သွားလာရောင်းဝယ်ရသည်။ အရောင်းအ၀ယ်လုပ်သော ပစ္စည်းပစ္စယများတင်ရန် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမားငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။ အရောင်းအ၀ယ်ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်ဆ်လာဂျီ၏ ပိုက်ဆံထည့်သည့် အိတ်ကြီးမှာလည်း ငွေဒင်္ဂါးပြားများဖြင့် ပြည့်ပြည့်လာခဲ့သည်။
နောက်ထပ်မြို့သုံးမြို့၊ ငါးရက်ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအ၀ယ်ကိစ္စပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတစ်ယောက် အိမ်ပြန်ရတော့မည်ကို တွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ နေ၀င်စပြုနေပြီဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမားများကို အချက်ပြလိုက်သည်။
ရှေးခေတ်က ဇရပ်ဆိုသည်ကို ယခုခေတ်လူငယ်များ နားလည်ရန် မလွယ်သောကြောင့် အနည်းငယ် ရေးသားပါမည်။ ယခုခေတ်လူငယ်များသိကြသည်ကား ကျောင်းဝိုင်း၊ ဘုရားဝိုင်းအတွင်း ဥပုသ်သည်များ နားနေရန် ဆောက်လုပ်သည့် ဇရပ်များသာဖြစ်ပေသည်။ ဘဆေဆ်လလ်ဂျီတို့ တည်းခိုမည့် ဇရပ်ကား ထိုကဲ့သို့ မဟုတ်ပေ။
ညဉ့်အိပ်၊ ညဉ့်နေခရီးသည်များအတွက် လမ်းဆုံလမ်းခွတွင် ဆောက်လုပ်ထားသော ဇရပ်မျိုးသာဖြစ်ပေသည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသော်လည်း အကာကားမရှိပေ။ အကာမထားခြင်းသည် အရပ်လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ၊ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည်ဟူသော အဓိပ္ပာယ်ကို ဆောင်သည်ဟု ယူဆပါသည်။
တတ်နိုင်သော ဇရပ်အလှူရှင်အချို့သည် ခရီးသွားများအတွက် ဆန်ဆီစသော စားသောက်ဖွယ်ရာများကိုပင် ထားပေးကြောင်းသိရသည်။ ကား၊ မီး၊ ရထားစသော ယာဉ်များ၊ မပေါ်သေးသောခေတ်တွင် ခရီးသွားများအနေဖြင့် ခြေလျင်နှင့် နွားလှည်းလောက်ကိုသာ အားကိုးပြီး သွားကြရာတွင် လမ်းခုလတ်၌ တည်းခိုရန် ဇရပ်တန်ဆောင်းများကို အမှန်ပင်လိုပါသည်။
ချက်ပြုတ်စားသောက်ပြီး နေလည်းမရှိတော့ပြီဖြစ်၍ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောက်တစ်နေ့ မိုးမလင်းမီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ညကတည်းက ဆော်သြထားလိုက်သည်။ အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို ခေါင်းအုံး အိပ်လိုက်သည်။ မနက်စောစော ခရီးထွက်သောအခါ မေ့ကျန်ခဲ့မှာ စိုးသောကြောင့်ဖြစ်သည်။
မနက်လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်ခဲ့ကြသည်။ ခြောက်နာရီခန့် ခရီးပေါက်ပြီးအခါမှာပင် ခေါင်းအုံးအိပ်ခဲ့သော ငွေအိတ်ကြီးပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။ ပြင်းထန်သော စိုးရိမ်သောကစိတ်ကြောင့် နှလုံးမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင်ဖြစ်လာသည်။
"ဟေ့ အားလုံးခဏရပ်ကြဦး"
သူ၏စကားများကြောင့် မြင်းသမားများအားလုံး ရပ်လိုက်ကြသည်။ ဘာဖြစ်လို့ပါလိမ့်ဟူသော အတွေးဖြင့် မြင်းသမားများက သူ့ကိုလှမ်းကြည့်လိုက်ကြသည်။ သူက
"ကျွန်တော့် ငွေဒင်္ဂါးအိတ်ကြီး ညအိပ်တဲ့ဇရပ်ပေါ်မှာ ကျန်ခဲ့တယ်။ ဒါကြောင့် နောက်ကြောင်းပြန်လှည့်ကြရမယ်" ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမားငါးယောက်လုံး တစ်ယောက်မှ တအံ့တသြတထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့
"ကဲ မြန်မြန်သွားယူဖို့ ပြင်ကြလေ။ ဘာလို့ အေးတိအေးစက် ဖြစ်နေကြတာတုန်း" ဟု ပြောလိုက်သောအခါတွင်မှ အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက
"မိတ်ဆွေကြီး ဘာမှစိတ်ပူမနေပါနဲ့ ကိုယ့်ခရီးကိုသာ ဆုံးအောင်ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုယူပါ။ မိတ်ဆွေကြီး ငွေအိတ်က ဘယ်မှ ထွက်မပြေးပါဘူး။ ဘယ်သူမှလည်း မယူပါဘူး" ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီတစ်ယောက် ဒေါသထွက်သွားသည်။ လွယ်ရင်သူကြွယ်တောင်မနေဘူးဟူသော စကားရှိနေရာ အဆင်သင့်တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို အဘယ်လူသည် မယူဘဲနေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူပါဘူးဟု တာဝန်ခံနိုင်လောက်အောင် သူတို့မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တကောင်းနေကြလို့နည်းဟု တွေးနေမိသည်။
"အေးလေ အခု ငါတို့ထွက်လာတာပဲ ခြောက်နာရီကျော်သွားပြီဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွားတစ်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာ အဖက်တင်မှာပဲ" ဟုတွေးမိပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်ထွက်သွားလေသည်။
ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီထားခဲ့သော ငွေဒင်္ဂါးအိတ်ကြီးကို ခေါင်းအုံးအိတ်စဉ်ကအတိုင်း လက်ရာမပျက် ပြန်တွေ့သွားခဲ့သည်။ ရေတွက်ကြည့်သောအခါတွင်လည်း တစ်ပြားတစ်ချပ်မှ မလျှော့၊ ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီးဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းလျာ သူ့မြေးလေးကို
"ငါ့မြေးရေ အဖိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့နိုင်ငံဆိုလို့ ဒီမြန်မာနိုင်ငံတစ်ခုပဲရှိတယ်။ အဖိုးက ကိုယ်တွေ့ပါ။ နောက်တစ်ခု ဆက်ပြောပြဦးမယ်"
တစ်ခါတော့ မန္တလေးရတနာပုံ ဈေးကြီးတော်လမ်းကြီး အလယ်မှာ အမျိုးသမီးကြီးတစ်ယောက် အဖိုးတန်စိန်နားကပ်တစ်ဖက် ပြုတ်ကျသွားခဲ့သည်။ ဈေးတန်းကြီးအလယ်တည့်တည့်မှာ ပြုတ်ကျဆိုတော့ ဥဒဟိုသွားလာနေကြတဲ့ ဈေးဝယ်တွေအနက်က တစ်ယောက်မဟုတ် တစ်ယောက်တော့ တွေ့မှာပဲ"
"ဟိုဘက်ဒီဘက်က ဈေးသည်တွေလည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ မြင်ကြမှာပဲ။ ဒါပေမဲ့ တစ်ယောက်မှ ကောက်မယူကြဘူး။ ဘယ်လောက်အံ့သြဖို့ ကောင်းသလဲ။ အလွယ်တကူတွေ့ရတဲ့ အဖိုးတန်ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာလူမျိုးတွေဟာ သူတစ်ပါးအိမ်က ပစ္စည်းမသိအောင် ယူဖို့ဆိုတာကတော့ ပိုပြီးဝေးသေးတာပေါ့"
"မိုးချုပ်လို့ ဈေးချိုတော်ကြီးသာ ပိတ်သွားတယ်။ စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပဲ။ နောက်တစ်နေ့မနက် ဈေးချိုတော်ကြီးဖွင့်ခါနီးအချိန်မှာ သန့်ရှင်းရေး အလုပ်သမလေးတစ်ယောက်က တံမြက်စည်း ကိုယ်စီကိုင်ပြီး လှဲကြကျင်းကြရတယ်။ ဒီအချိန်မှာ အလုပ်သမလေးတစ်ယောက်က ဒီစိန်နားကပ်ကြီးကို တွေ့သွားတယ်။
"ဥစ္စာဓန ဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲတဲ့သူတွေကို တွေ့ချင်ရင် မြန်မာပြည်ကို လာခဲ့ပါလို့ပဲ ပြောရတော့မှာပဲ မြေးလေးရေ ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲရှာတဲ့ သန့်ရှင်းရေးအလုပ်သမလေးဟာ စိန်နားကပ်ကြီးကို တွေ့တဲ့အခါ ကောက်တော့ ကိုင်လိုက်သေးတယ်"
"ယူဖို့မဟုတ်ဘူး။ စိန်နားကပ်အောက်က ဖုန်တွေအမှိုက်သရိုက်တွေ လှဲပစ်ဖို့ပါ။ လှဲကျင်းပြီးတဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျပျောက်သွားခဲ့တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့"
"နောက်ဆုံး ဈေးရုံတာဝန်ခံကိုယ်တိုင် မြို့ထဲ မောင်းထုပိုင်ရှင်ရှာပြီး ပြန်ပေးလိုက်ရတယ်" ဟုပြောပြခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မြန်မာဘုရင်စနစ် နိဂုံးချုပ်သည့်အချိန်အထိ အထက်မြန်မာပြည်တွင် အိမ်မှန်သမျှ သော့ခတ်သော အလေ့အထ မရှိကြပေ။ ခွေး၊ နွားစသော တိရိစ္ဆာန်များ မ၀င်နိုင်ရုံ ဂလန့်ထိုးရုံသာ ထိုးထားကြသည်။ မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်ပြီး နိုင်ငံခြားသားမျိုးစုံ ၀င်ရောက်လာကြသောအခါတွင်ကား အောက်တန်းစားများက အိမ်နောက်ဖေးက ထဘီကို ၀င်ခိုးတတ်သလို အထက်တန်းစားများကလည်း ပန်ကာအောက်ထိုင်ပြီး စာရင်းလိမ်ကာ အချီကြီးခိုးတတ်လာကြသည်။ စင်စစ်ခိုးတတ်၊ ဖွတ်တတ်၊ လိမ်တတ်သော အကျင့်သည် မြန်မာတို့၏ အကျင့်မဟုတ်၊ မြန်မာပြည်ကို နိုင့်ထက်စီးနင်းဝင်ရောက် သိမ်းပိုက်ကြသည့် နယ်ချဲ့အင်္ဂလိပ်နှင့် ထိုစဉ်အချိန်က မြန်မာပြည်တွင်းသို့ တံခါးမရှိ၊ ဓားမရှိဝင်ရောက်ခဲ့သော နိုင်ငံခြားသားတို့၏ အကျင့်သာဖြစ်ပေသည်။
နယ်ချဲ့တို့ဝင်ရောက် အုပ်ချုပ်လိုက်သည့်အတွက် မြန်မာပြည်သည် အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦးများနှင့်အတူ အကျင့်စာရိတ္တပါ ပျက်စီးသွားသော အိုးအိမ်၊ တိုက်တာ အဆောက်အဦးများကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ပျက်စီးသွားသော အကျင့်စာရိတ္တကိုကား လွယ်လွယ်နှင့်ပြန်၍ ပြုပြင်ဖို့မလွယ်ကူပေ။
သို့သော် မဖြစ်နိုင်သောအရာကား မဟုတ်၊ ပျက်အစဉ် ပြင်ခဏဟူသော စကားအတိုင်း ဇွဲသန်သန်နှင့် ပြုပြင်လျှင် ရနိုင်သည်သာ။ အောက်ခံဖောင်ဒေးရှင်း မရှိဘဲ တိုက်တည်လျှင် ခဏနှင့် ပြိုကျပျက်စီးရသကဲ့သို့ စာရိတ္တဟူသော မဏ္ဍိုင်မခိုင်မာဘဲ နိုင်ငံတစ်ခုတိုးတက်အောင် တည်ဆောက်မည်ဆိုလျှင်လည်း ခဏသာရမည်ဖြစ်ပါသည်။
အချို့နိုင်ငံကြီးများတွင် အရောင်းဆိုင်ကြီးများ ခင်းကျင်းထားသော်လည်း စောင့်ရောင်းမည့်သူမရှိ။ အချိန်မှန်ပြေးဆွဲနေသော ရထားကြီးများရှိသော်လည်း လက်မှတ်စစ်မရှိ။ ၀ယ်မည့်သူ၊ စီးမည့်သူများသည် တန်ရာတန်ကြေးပေးပြီး ၀ယ်သွားကြသည်။ စီးသွားကြသည်။ ခိုးဖို့ အခွင့်အလမ်း ကြုံသော်လည်း မခိုးယူကြ။
ထိုသို့ မခိုးယူခြင်းဖြင့် ဘာအကျိုးရှိသနည်းဆိုငြားအံ့။ ထိုနိုင်ငံများသည် ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ ရနိုင်သော ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်နေရခြင်းသည် စာရိတ္တမဏ္ဍိုင် မြဲခိုင်ခြင်း၏ ကောင်းကျိုးပင်ဖြစ်ပါတော့၏။
ထိုကဲ့သို့ စာရိတ္တမျိုးကို ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသားနိုင်ငံများတွင် မတွေ့ရခြင်းကို ထောက်သောအားဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတစ်ခုဖြစ်ရန် စာရိတ္တသည် အရေးကြီးဆုံးဖြစ်ကြောင်း ထင်ရှားလှပါသည်။
ထို့ကြောင့် မိမိနိုင်ငံကို တကယ်တိုးတက်စေချင်လျှင် မိမိကိုယ်ကစ၍ ပြုပြင်ရပါမည်။ ငါတစ်ယောက်တည်း မပြုပြင်ရုံနဲ့ ဘာမှမဖြစ်လောက်ပါဘူး။ ပြုပြင်မည့်သူတွေ အများကြီးရှိပါတယ်ဆိုပြီး ပေါ့ပေါ့တန်တန်နေလိုက်မည်ဆိုလျှင် ကချင်ကျေးရွာတစ်ရွာမှ ခေါင်ရည်သောက်ပွဲတစ်ခုကဲ့သို့ ဖြစ်သွားပါလိမ့်မည်။
ထိုရွာမှ ရွာသူကြီးက စုပေါင်းခေါင်ရည်သောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် လူတစ်ယောက်လျှင် ခေါင်ရည်တစ်အိုးယူလာပြီး အခမ်းအနားအလယ်မှာ ချထားသည့် ရာဝင်အိုးကြီးထဲသို့ လောင်းထည့်ကြရန် နှိုးဆော်လိုက်သည်။ ထိုအချိန်တွင် လူလည်တစ်ယောက်က တစ်ရွာလုံးရှိသမျှလူတွေ ခေါင်းရည်တစ်အိုးစီယူလာကြမှာပဲ ငါတစ်ယောက်တည်း ရေထည့်သွားရုံနဲ့ ဘာမှ မသိသာလောက်ပါဘူးဟု တွေးပြီး ရေကိုသာယူလာပြီး ရာဝင်အိုးထဲ လောင်းထည့်လိုက်သည်။
အခမ်းအနားစသောအခါ ခေါင်ရည်အိုးကြီးကို ဖွင့်လိုက်သည်နှင့် အားလုံးရေများချည်း ဖြစ်နေလေသည်။ ထို့ကြောင့် ခေါင်ရည်သောက်ပွဲ အခမ်းအနားလည်း ပျက်သွားလေသည်။ ထိုကဲ့သို့ မဖြစ်အောင် စာရိတ္တကို မိမိကိုယ်တိုင်က အရင်ဆုံးပြုပြင်ဖို့ အရေးကြီးလှပါသည်။
နိဂုံးချုပ်ဆိုပါအံ့၊ မြန်မာတို့သည် မခိုးတတ်၊ မဖွက်တတ်၊ မလိမ်တတ်ပါ။ ထို့ကြောင့် ခိုးတတ်၊ ဖွက်တတ်၊ လိမ်တတ်သော သူများသည် မြန်မာမဟုတ်ပါ။ မြန်မာမစစ်ပါ။ ဤစာအုပ်၌ မခိုးတတ်၊ မဖွက်တတ်၊ မလိမ်တတ်သော မြန်မာစစ်စစ်များ၏ မခိုးပုံ၊ မလိမ်ပုံ၊ တကယ့်ဖြစ်ရပ်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ကြိုးစား၍ ရေးသားထားပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)
ဆောင်းပါး ဖတ်ကြည့်ပြီးမှ အော် ကျွန်တော်တို့ မြန်မာနိုင်ငံပါလားဆိုတာ သိသွားပြီး ရင်ထဲမှာ ကျေနပ်ပီတီ အထူးဖြစ်မိပါတယ်။ မြန်မာလူမျိုးတို့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တတွေဟာ လောကီနယ်ပယ်တွင် ကျင်လည်ကာ နေထိုင်နေသမျှ ကာလပတ်လုံး ရိုးသားစွာဖြင့် နေထိုင်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ တချို့က ပြောကြတယ်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်ပါဘူးကွာ။ ဒါပေမယ့် ဆီဖြစ်ဖို့အတွက်တော့ နှမ်းစေ့တွေကို စုပေါင်းထားရတာဘဲ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိမှသည် မိမိ ပတ်ဝန်းကျင်ကို ကောင်းအောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ဆရာဇော်ဂျီ၏ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
"ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်သည်၊
လူ့ဘုံလောက၊ အကာမျှတည့်၊
သူကငြူစူ၊ မကြည်ဖြူ၍၊
ခွာယူလိုက၊ ခွာ၍ရ၊
ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊
လူ့ဘုံလောက၊ နှစ်သာရတည့်၊
သူကငြူစူ။ မကြည်ဖြူလည်း၊
ခွာယူမရ၊ ကွာမကျ။"
(ဇော်ဂျီ)
ဆရာဇော်ဂျီ၏ ကဗျာလေးမှ ကျွန်တော်တို့အတွက် သတိပြု ဆင်ခြင်စရာ အနှစ်သာရ များစွာပေးထားသလို၊ ဆရာတော်၏ ဆောင်းပါးကို ဖတ်လိုက်ခြင်းအားဖြင့်လည်း အနာဂတ်သားကောင်း သမီးကောင်းလေးများသည် ကိုယ်ကျင့်သီလများ စောင့်ထိန်းကာ စာရိတ္တသတ္တိ အထူးရှိအောင် ကြိုးစားလျှက် မိမိတို့၏ ဂုဏ်ကျက်သရေ၊ လူမျိုးနှင့် တိုင်းပြည်၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်နိုင်သော သူများဖြစ်အောင် ကြိုးစားကြပါဆိုလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး(မြန်အောင်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP