အပိုင်း(၂၁)၊ ကန္နီမြို့စွယ်တော်တိုက်
Friday, 09 September 2011 06:32 |
အပိုင်း(၂၁)၊ ကန္နီမြို့စွယ်တော်တိုက် စာရေးသူတို့အဖွဲ့သည် အနုရာဓပူရမြို့အနီးတစ်ဝိုက်၌ရှိသော စေတီပုထိုးရုပ်ပွါးတော်များ၊ ပေါလိုနာရုဝမြို့ဟောင်းရှိစေတီပုထိုးရုပ်ပွါးတော်များ၊ စတုတ္ထသင်္ဂါယနာတင်ခဲ့ရာ မလယဇနပုဒ်ရှိ အာလောကလိုဏ်ဂူ စသည်တို့ကို လှည့်လည် ပူဇော်ခဲ့ကြပြီး စွယ်တော်ဓာတ်မြတ် ကိန်းဝပ်တည်ရှိရာ ကန္နီမြို့ဆီသို့ ဦးတည်ခဲ့ကြလေသည်။
ကန္နီမြို့သည် တောင်ပေါ်မြို့ကလေးတစ်မြို့ဖြစ်ပြီး သီရိလင်္ကာ၏ ဒုတိယမြို့တော် ဖြစ်၏။ နှင်းခိုးတဝေဝေဖြင့် နေချင့်စဖွယ်ရှိသည့်အပြင် ဗုဒ္ဓ၏စွယ်တော်ဓာတ်မြတ် ကိန်းဝပ်ရာနေရာတစ်ခုဖြစ်သောကြောင့်လည်း ထင်ရှားလှပါ၏။ စာရေးသူတို့အဖွဲ့သည် ကန္နီမြို့မြန်မာကျောင်းတိုက်တွင် ညအိပ်တည်းခိုကြပြီး နောက်တစ်နေ့မနက်စောစော၊ စွယ်တော်မြတ်ကို အရုဏ်ဆွမ်းကပ်လှူပူဇော်ချိန်ကိုမှန်း၍ စွယ်တော်တိုက်ရှိရာသို့ သွားရောက်ပူဇော်ခဲ့ကြရလေသည်။
ဖြူဖွေးသည့်နှင်းမှုံကြားဝယ် ဝတ်စုံဖြူကိုယ်စီဖြင့် အဖြူရောင်ကြာပန်းကို ကိုင်ဆောင်ကာ အဖြူရောင်စွယ်တော်ဓာတ်မြတ်ရှိရာသို့ ဦးတည်သွားလာ နေကြသည့် လင်္ကာသူလင်္ကာသားတို့၏ မျက်နှာများကား အေးချမ်းလှဘိ၏။ အဝေးမှ လှမ်းမြင်နေရသော အဖြူရောင်စွယ်တော်တိုက်သည်လည်း ရောင်စုံမီးလုံးများကြားဝယ် ခန့်ညားထည်ဝါလှဘိ၏။ စာရေးသူတို့အဖွဲ့သည် စွယ်တော်မြတ်ကို သီရိလင်္ကာသို့ပင့်ဆောင်ယူလာခဲ့သော ဒန္ဒကုမာရ မင်းသားနှင့် ဟေမမာလာမင်းသ္မီးတို့ ဇနီးမောင်နှံရုပ်တု၊ အင်္ဂလိပ်အစိုးရ လက်ထက် “စွယ်တော်တိုက်ရှေ့၌ ဗြိတိသျှအလံကို လွှင့်တင်ရာသလော” ဟု အင်္ဂလိပ် အလံကိုဆွဲငင်ဖြုတ်ချပြီး ခြေထောက်ဖြင့်နင်းခြေခဲ့သည့် အရှင်သုမင်္ဂလ၏ ရုပ်ထုတို့ကို ဖြတ်သန်းပြီး စွယ်တော်တိုက်ထဲသို့ ဝင်ရောက်ခဲ့ကြ၏။
စွယ်တော်တိုက်အောက်ထပ်သို့ ဝင်လိုက်လျှင်ပင် တတုံတုံမြည်ဟီးသည့် ရိုးရာဗုံသံ၊ နှဲသံတို့ကိုကြားကြရ၏။ အပေါ်ထပ်သို့တက်ရောက်လိုက်လျှင်ကား စွယ်တော်မြတ် ကိန်းဝပ် တော်မူရာ ဂန္ဓကုဋီတိုက်ရှေ့တွင် ဆွမ်းတော် ပန်းတော်တို့တင်လှူ ပူဇော်နေကြသူများကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ကြရလေသည်။ စာရေးသူတို့အဖွဲ့လည်း အသင့်ပါလာသော ကြာပန်းများဖြင့် ဘုရားဂုဏ်တော်ကိုအာရုံပြု ပူဇော်ကြပြီးလျှင် စွယ်တော်မြတ်ကို စောင့်ကြပ်နေကြသည့် ဘုန်းတော်ကြီးများကို ခွင့်ပန်ကာ ဂန္ဓကုဋီတိုက်ထဲသို့ ဝင်ရောက် ခဲ့ကြလေသည်။ သို့ရာတွင် စွယ်တော်မြတ်ကိုကား တိုက်ရိုက်မဖူးခဲ့ကြရ။ စွယ်တော်မြတ်ကို ကျောက်မြက် ရတနာတို့ဖြင့်စီခြယ်ထားသော ဖန်ကျောင်းဆောင်ထဲ၌ ကိန်းဝပ်စေပြီးလျှင် လေးနှစ်မှ တစ်ကြိမ် အပြင်သို့ပင့်ဆောင်ကာ အပူဇော်ခံစေလေ့ရှိကြောင်းသိရ၏။ စင်စစ် စွယ်တော်မြတ်သည် လင်္ကာသားတို့၏ နှလုံးသည်းပွတ်သဖွယ်ဖြစ်ပေရကား လုံခြုံရေးအတွက် အဘက်ဘက်မှ ဟာကွက်မရှိရအောင် စောင့်ရှောက် ထားကြခြင်းသာ ဖြစ်လေသည်။
သီရိလင်္ကာသို့ စွယ်တော်မြတ်ကြွရောက်လာခြင်း
သီရိလင်္ကာသို့ စွယ်တော်မြတ်ကြွရောက်လာပုံကားထူးခြားလွန်းလှ၏။ ဘုရားသခင်ပရိနိဗ္ဗာန်ပြုတော်မူ၍ တေဇောဓာတ်လောင်တော်မူလျှင် အရှင်သာရိပုတ္တရာ၏တပည့် 'အရှင်ခေမာ'–မည်သော ရဟန္တာမထေရ်မြတ်သည် အောက်လက်ဝဲစွယ်တော်မြတ်ကိုပင့်ဆောင်ကာ ကလိင်္ဂတိုင်း၊ ဒန္တပူရ ပြည့်ရှင်မင်းအား ပေးအပ်ကိုးကွယ်စေခဲ့လေသည်။ ကလိင်္ဂမင်းအဆက်ဆက်တို့သည် စွယ်တော်မြတ်ကို နှစ်ပေါင်း(၈ဝဝ)ခန့်မျှကြာမြင့်သည့်တိုင်အောင် ကိုးကွယ်ပူဇော်လာခဲ့ကြရာ ဂုဟသီဝမင်းလက်ထက်တိုင်အောင် ရောက်ရှိလာခဲ့လေသည်။
ဟေမမာလာတို့ဇနီးမောင်နှံရုပ်တု ဟေမမာလာမင်းသ္မီးသည်လည်း ဖခမည်းတော်တို့ အခြေအနေမဟန်သည်ကိုသိ၍ ခင်ပွန်းဖြစ်သူ ဒန္တမင်းသားနှင့်အတူ စွယ်တော်မြတ်ကို ပင့်ဆောင် ပြီးလျှင် သီရိလင်္ကာသို့ ထွက်ပြေးလာခဲ့ရလေသည်။ ဆင်းရဲသားအသွင်ဖြင့်ထွက်ပြေးလာခဲ့ကြရရှာသော ဟေမမာလာတို့မောင်နှံသည် ကလိင်္ဂ ဆိပ်ကမ်းမှ ရေလမ်းခရီးဖြင့်ထွက်ခွါလာခဲ့ကြရာ သီဟိုဠ်ကျွန်းလင်္ကာပတ္တနားဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြလေသည်။ ထိုမှသည် ခြေလျင်ခရီးကြမ်း နှင်ကြရပြီးမှ အနုရာဓပူရမင်းနေပြည်တော်သို့ ဆိုက်ရောက်ကြလေသည်။
စွယ်တော်လှည့်လည်ပူဇော်ပွဲ |
Last Updated on Friday, 09 September 2011 09:53 |
0 comments:
Post a Comment