“ကျမသိတဲ့ ဆေးမြီးတိုအစွမ်း” မချွင်လေး (ပါရီ)
မချွင်လေး(ပါရီ)
မေတ္တာဥယျာဉ်ဝက်ဘ်ဆိုဒ်ကို ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)က “ဝေဟင်ဥယျာဉ်”လို့တင်စားရေးသားသွားတာကို ဖတ်လိုက် ရတော့ ဆရာတော်ရဲ့ ခေတ်မှီတဲ့ အမြင်ကို အံသြလေးစားမိပါတယ်။
မေတ္တာဥယျာဉ်ဝက်ဘ်ဆိုဒ်ကလေးဟာ ဓမ္မစာပေ၊ ဘဝစာပေလေးတွေကို ကမ္ဘာအနှံ့ဖြန့် ပေးနေတယ်ဆိုတာ ကျမရာနှုန်းပြည့်ထောက်ခံပါတယ်။ ကျမဆိုမနက် ဘုရားအရုဏ်ဆွမ်းကပ်၊ဘုရားရှိခိုးပြီးတာနဲ့ မေတ္တာဥယျာဉ်ဝက်ဘ်ဆိုဒ်က လက်ရွေးစင် ဓမ္မဆောင်းပါးကို အပြေးအလွှား ဖတ်လေ့ ရှိပါတယ်။ ကိုယ်သိပ်ကြိုက်တဲ့ဆောင်ပါးဆိုကူးယူ၊ အမျိုးအစားအလိုက်fileဖွဲ့ထားပြီး ကိုယ့်မိတ်ဆွေတွေနှင့် သင့်တော်တာဆိုတဆင့် ပို့ပေးရ တာလဲအမောပါပဲ။
အဲ့ဒီအထဲက ဆရာတော်အရှင်ပညာသီဟာဘိဝံသရဲ့ “ဆေးမြီးတိုအစွမ်း” ဆောင်းပါးကို ဖတ်လိုက်ရတော့ ကျမသိတဲ့ ဆေးမြီးတို အချို့ ကို ဝေမျှချင်စိတ်ပေါ်လာပြီး ဆရာတော်ဆီ အီးမေးပို့လိုက်ပါသည်။ ဆရာတော်ကအကြောင်းပြန်ပါတယ်။ စာဖတ်ပရိသတ် တွေအကျိုးများ နိုင်လို့မို့ “ကိုယ့်တွေ့ဆေးမြီးတိုဆောင်းပါးလေး”တစ်ပုဒ်လိုရေးဖို့အကြံပေးလာပါတယ်။
ကျမတစ်ခါမှဆောင်းပါးမရေးဖူးပါဘူး။ ဆောင်းပါးရေးဖို့နေနေသာသာ ကျောင်းသား ဘ၀တုံးက စာစီစာကုံးတောင် ဖြောင့်အောင် မရေးတတ် လို့ မေးတတ်တဲ့စာစီစာကုံးတွေကို စာအုပ်တွေထဲကရှာဖတ်ပြီး အလွတ်ကျက်မှတ်ခဲ့တာတွေ ပြန်သတိရမိပါတယ်။
ဆရာတော့်ဆောင်းပါးမှာ လက်တွေ့ပျောက်ကင်းတဲ့ ဆေးမြီးတိုများကို ဖေါက်သယ်ချပေးကြပါ၊ ရောဂါထူပြီ ဆေးကုသစရိတ်ကြီးမားတဲ့ ယနေ့ခေတ်မှာ အတော်ကုသိုလ်ရမှာ သေခြာပါတယ်တဲ့။ ဇီဝိတဒါန(အသက်လှူ) ကုသိုလ်၊ အဘယဒါန (ဘေးမဲ့ကုသိုလ်)မို့ ကျွဲနွားငှက် လွှတ်တာထက် ပိုကုသိုလ်ရပါတယ်တဲ့။ အဲ့ဒီကောင်းကျိုးတွေအပြင် ဆရာတော့်ဆောင်းပါးမှာ ပါတဲ့အတိုင်း ခေတ်မှီဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေကလည်း ကင်းဝေးတာမို့ဖတ်မိသူ ဝေဒနာခံစား နေရသူများ အကျိုးရှိကြပါစေ။
စာမချောတာ သတ်ပုံမှားတာတွေကို မေတ္တာဥယျာဉ် ဝက်ဘ်ဆိုဒ် စာဖတ်သူ ပရိတ်သတ်က မေတ္တာထားပြီး သည်းခံဖတ်ကြမှာမို့ စိတ်ပူစရာမလို၊ လိုရင်းက အဖိုးတန်တဲ့ ကိုယ်သိတဲ့ဆေးမြီးတိုတွေ ကမ္ဘာအနှံ့ပြန့်နှံ့ဖို့ အသုံးတဲ့ဖို့ပဲလို့ ကိုယ့်ကိုယ် အားပေးရင်း ကြိုးစားရေးလိုက်ပါတယ်။
တကယ်တော့ ခေတ်မှီဆေးဆိုတာလဲ ဆေးပင်ဆေးရွက်ကစခဲ့တာပါ။ ဥပမာ Respine ဆိုတဲ့ လူသိများတဲ့သွေးကျဆေးဆို မွေလိုပင်ဆီရှိတဲ့ အပင်ကရလို့ Respine လို့ခေါ်ခဲ့တာပါ။ ထို့အတူပဲ နှလုံးရောဂါဆေးဖြစ်တဲ့ Digoxin လဲအပင်ကရခဲ့တာပါပဲ။ ဘုရားလက်ထက်တော်က နာမည်ကြီးပါရဂူဆရာဇီဝက ဆေးပညာတွေသင်လို့ပြည့်စုံမစုံကို သူ့ဆရာက ပေါက်တူးနဲ့ချင်းပေးပြီး တောထဲမှာ ဆေးဖက်မ၀င်တဲ့အပင် တူးလာ ခဲ့ဖို့ ခိုင်းပြီး စမ်းသပ်ခဲ့ပါတယ်။ ဆရာဇီဝကအတွက် အပင်တိုင်းဆေးဖက်ဝင်တာမို့ ဘာအပင်မှ ယူမလာပါဘူး၊ သူ့ဆရာက မင်းပညာအားလုံး တတ်ပြီးဆိုပြီး ကျောင်းဆင်းပေးလိုက်တယ် လို့ဖတ်ရဘူးပါတယ်။
ကျမတို့ငယ်စဉ်အခါက ကျမပတ်ဝန်ကျင်က လူကြီများဆေးဟူ၍ တကူးတကစားကြတာမတွေ့ရပါဘူး။ ဆေးခန်းတွေလဲ အခုခေတ်လို မှိုလိုပေါက်ပြီးလဲမရှိပါဘူး။
ဒါပေမဲ့ “အစာလည်းဆေး၊ဆေးလည်းအစာ”ဆိုတာလက်ကိုင်ထားပြီး၊ ရာသီဥတုနဲ့သင့် တော်အောင် စားသုံးကြတာတွေ့ရပါတယ်။ အဲ့ဒီအချိန် တုံးက တိုင်းရင်းမေစတဲ့ဂျာနယ်တွေမှာ ဒီအပတ်တော့ ဘာအစာတွေ၊ အရသာတွေ၊ ဥပမာ အချို၊ အချဉ် စသည်တွေက ကျန်းမာရေး အတွက်ကောင်းကြောင်း၊ ဘာဖြစ်ရင် ဥပမာအကြောတက်ရင်ဘာစားပါဆိုတဲ့ အခန်းတစ်ခန်း အမြဲပါပါတယ်။ ရပ်ကွက်အခေါ်ဓာတ်တိုင်လို့ ပြော ပါတယ်။ အဲ့ဒီဓာတ်တိုင်အတိုင်း စားကြတာ များပါတယ်။
ကျမမှတ်မိတာကတော့ အခါးနည်းတယ်ဆိုတဲ့အချိန်မှာ အခါးကြောက်တဲ့ကျမအတွက် ကြက်ဟင်းခါးသီးဟင်းစားရတာ အရသာရှိတာ မှတ်မိပါတယ်။
နိဒါန်းတွေသိပ်ရှည်သွားလို့ဆေးမြီးတိုဆီသွားကြရအောင်ပါ။ ကျမငယ်ငယ် ၁၀ နှစ်ခန့် က ဆီးကောင်းကောင်းမသွားနိုင်လို့မေမေက အဲ့ဒီအချိန်က နံမည်ကြီးတဲ့ ဒီဇူစာဆေးခန်းက ခွဲစိတ်ဆရာဝန်ကြီးထံခေါ်သွားပါတယ်။
ဆရာဝန်ကြီးက ဆီးအိမ်ကို ဓါတ်မှန်ရိုက်ခိုင်းပါတယ်။ ဓါတ်မှန်မှာဆီးအိမ်ထဲမှာ ကြက်ဥလုံးခန့် ကျောက်တစ်လုံးရှိနေတာတွေ့ရပါတယ်။ ကံကောင်းထောက်မစွာ ဓါးမ ထက်တဲ့ ခွဲစိတ် ဆရာဝန်ကြီးမို့ ချက်ချင်းခွဲဖို့မစီစဉ်ပဲ သောက်ဆေးတွေ ပေးပြီး ၆လနေမှ ပြန်လာရန်ပြောပါတယ်။
ဆီးကျောက်ဆိုတာနဲ့ မေမေကဆရာဝန်ရဲ့ ဆေးအပြင် သံမနိုင် ကျောက်မနိုင်ဆိုတဲ့ အပင်တွေလိုက်နှုတ်ပါတယ် အဲ့ဒီအချိန်(လွန်ခဲ့တဲ့ အနှစ်(၅၀) ကျော်)ကရန်ကုန်မြို့၊ ကျောက်မြောင်းရပ်ကွက်အိမ်မရှိတဲ့နေရာတွေမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ အပင်လေးငါးပင်ကိုရေစင် စင်ဆေး အမြစ်ဖယ်ပြီး ထန်းလျက်တစ်ခဲနှစ်ခဲနှင့် သုံးခွက်တစ် ခွက်တင်ကြိုပေးတာကိုသောက်ရပါတယ်။ တစ်ပတ်ကိုနှစ်ခါလောက်တိုက်ပါတယ်။
၆-လပြည့်လို့ ဓါတ်မှန်ပြန်ရိုက်ကြည့်တော့ ကျောက်လုံးဝမရှိတော့လို့ မခွဲရတော့ပါဘူး။ ရောဂါလဲအခုထက်ထိပြန်မဖြစ်တော့ပါ။ ဒါပေမဲ့ ဆရာဝန်ပေးတဲ့သောက်ဆေး (ဘာဆေးမှန်းတော့မသိပါ၊ အဖြူမှုန့်များလို့သာမှတ်မိပါတယ်) တွေလည်း သောက်ခဲ့တာမို့ သံမနိုင်ကျောက် မနိုင်ကြောင့်လား၊ ဆရာဝန်ဆေးကြောင့်လား ဆိုတာမပြောနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတော့ မတ်တော်သူရဲ့လက်ဝဲ ကျောက်ကပ်နှင့် ဆီးအိမ် ဆက် သွယ်သော ဆီးလမ်းကြောင်းအသေး (left ureter )မှာကျောက်တည်ပြီး နာလွန်းလို့ (Pethidine)ပက်သီးတင်းပင် ထိုးရပါတယ်။ ချက်ချင်းခွဲလို့လဲမဖြစ်၊ ခွဲစိတ်ရခက်ခဲသော ကျောက်အသေးလေးလည်းဖြစ်နေသဖြင့် ပျောက်လိုပျောက်ငြား သံမနိုင်ကျောက်မနိုင်နှင့် ထန်းလျက် ကြိုတိုက်ရာ ပထမအကြိမ်မှာပင် အနာသက်သာသွားပါတယ်။ နောက်တစ်ခါ ထပ်သောက်တဲ့အခါ သေးငယ်သောကျောက်ကလေး ဆီးထဲ ပါလာတာကို တွေ့ရပါတယ်။ မတ်ဖြစ်သူလည်း ယခုအထိပြန်မဖြစ်တော့ပါ။
ဆရာတော့်ဆေးမြီးတိုတွင်ဆီချိုရောဂါအတွက် အစွမ်းပြင်းသောဥလျှစ်ရွက်ကို ဖေါ်ပြထားပါတယ်။ ကျမသိတဲ့ဆီချိုဆေးကတော့ အပျော့စားပါ။ BPI ကထုတ် တဲ့ Diabecon ဆေးပြား နှင့်အာနိသင်တူတယ်လို့ပြောရပါမယ်။ Diabeconဆေး သောက်သူများ အစားထိုးသုံးနိုင် ပါတယ်။ သူကတော့ကြက်ဟင်းခါးသီးပါပဲ။ ကြက်ဟင်းခါးသီး၊ မည်သည့်အမျိုးမဆို သေးသေး ခါးခါး မြန်မာမျိုးဖြစ်စေ၊ အလုံးကြီးကြီးအခါးပေါ့တဲ့ အသီး ဖြစ်စေ အသုံးပြုနိုင်ပါသည်။
ကြက်ဟင်းခါးသီးကိုချက်စားစား၊ ပြုတ်တို့တို့၊ အခြောက်လှန်းပြီး၊ ရေနွေးကြမ်းလိုပဲသောက်ရပါတယ်။မြန်မာပြည်၊ ရန်ကုန်၊ ဆေးသုတေသန က ခေတ်မှီနည်းစနစ်များဖြင့်စမ်းသပ်ရာ ဆီးချိုရောဂါအတွက် အသုံးပြုနိုင်တာတွေ့ရလို့အမှုန့်ပြုပြီး capsule များတွင်ထည့်ပြီး လွန်ခဲ့သော ၁၀ နှစ်ကျော်ကရောင်းခဲ့ပါတယ်။
နောက်ဆေးတစ်ခုကတော့ cholesterol သွေးအဆီကျစေတဲ့ဆေးပါ။ သူကတော့ကြက်သွန် ဖြူပါပဲ။ အစိမ်းစားရင်ပိုပြီးအာနိသင်ကောင်းပါတယ်။ အစားမက်တဲ့ ကျမရဲ့အဖေအသက်၉၅ နှစ်ကို နေ့စဉ်အမွှာသေးနှစ်မွှာ တို့စားခိုင်းပါတယ်။
ကြက်သွန်ဖြူက အစွမ်းထက်တဲ့ပိုးသတ်ဆေးလည်းဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာစမ်းသပ်ကြည့်တာသာမန် (bacteria) ပိုးများသာမက အသက်ပြင်းသော TB ပိုး (TB ပိုးမှာ သံချပ်ကာ အင်္ကျီကဲ့သို့ အက်စစ်ဓာတ်ကိုခံနိုင်သော အပြင်အလွှာရှိပါတယ်) တွေ့ရပါတယ်။
ဆေးဆိုအလွန်ကြောက်တဲ့ (ချောကလက်အလွန်ကြိုက်သော်လည်းချောကလက်ဆေးဆိုတာနဲ့မစားတော့သော)ကျမရဲ့အမ အသက်၇၄နှစ် ၊ချောင်းဆိုးတိုင်းဆေးမသောက်ပဲ ကြက်သွန်ဖြူသာ မနက်ပြန်ညပြန် ထမင်းစားတိုင်းတို့စားပါတယ်။ ကြက်သွန်ဖြူနံ့အလွန်ကြောက်သော အင်္ဂလိပ်များက ကြက်သွန်ဖြူရဲ့အနံ့ကိုချွတ်ပြီး အမှုန့်လုပ် အဆီကျဆေးအဖြစ် စားသုံးကြ ပါတယ်။
နောက်ဆေးတစ်မျိုးကတော့ ငှက်ဖျားဆေးပါပဲ။ ငှက်ဖျားထူပျော်သောတောင်ကြီးမြို့ အင်းသားများငှက်ဖျားမဖြစ်အောင် တစ်ပတ် တစ်ခါ ဆေးခါးဟင်းဆိုသော အလွန်ခါးတဲ့ ဟင်းချိုတစ်မျိုး ချက်သောက်ပါတယ်။
မိတ်ဆွေဆရာဝန်တစ်ဦးကလဲ ဆေးရုံပေါ်မှာဥဏှောက်ထဲငှက်ဖျားပိုးဝင်ပြီး၊ခေတ်ပေါ် quinine, chloroqine, artesunate စတာတွေ မနိုင်တော့လို့ ပြစ်ရတော့မယ်လူနာတွေကို ၀က်ရဲ့သဲခြေအိပ်အရည်များနှခေါင်းပိတ်ကထဲ့ပေးခဲ့တာ ကုသတဲ့လူနာ ၁၁ ယောက်လုံး ရှင်သွားခဲ့ တယ်လို့ပြောပါတယ်။
သူနိုင်ငံခြားပညာတော်သင်သွားစဉ်က ခေတ်မှီနည်းတွေနဲ့စမ်း သပ်ဖို့ကြိုးစားခဲ့ပေမဲ့ အခွင့်အရေးမရခဲ့ကြောင်းပြောပါတယ်။ ကြားဖြတ်ပြီးပြော ချင်တာက နောက်ဆုံးပေါ် artesunateဆိုတာ ဒေါနပန်းက ထုတ်ထားတဲ့ဆေးပါ။ တဆက်ထဲပဲ မေမေ မကြာခဏ ပြောပြတဲ့ သူငယ် ငယ်ကျောက်ပေါက်လို့ သူ့အမေက ပါးနပ်စွာကုခဲ့ပုံတို့ကို သွား သတိရ မိပါတယ်။ မေမေ ၁၆ နှစ်သမီးလောက်ကသူတို့ နေထိုင်ရာဖါးအံမြို့ ဝန်းကျင်မှာသူ အပါအ၀င် လူတော်တော်များများ ကျောက်ပေါက်ကြတယ်တဲ့။
သူ့အမေကသူ့ကို မှန်မကြည့်ရဘူး (မျက်နှာမှာမြင်မကောင်းအောင် အဖုတွေပေါက်နေတာမို့ ကြောက်မှာစိုးလို့ ထင်ပါတယ်)။ အပြင်လဲမထွက်ရ၊ ဘယ်ဧည့်သည်မှနဲ့လည်းပေးမတွေ့ပါဘူးတဲ့၊ ရွာကအမဲလိုက်သူတွေကို စာပါးကျီးမြွေ အဖမ်းခိုင်းပြီးသူ့ရှေ့မှာတင် သည်းခြေကိုထုတ်စေ ပါတယ်တဲ့။ အဲ့ဒီသည်းခြေကို အခြောက်လှမ်းပြီး နေ့တိုင်းရေစိမ်တိုက်ပါတယ်တဲ့။ အနာများတစ်ဖြေးဖြေး ခြောက်သွားပြီး အနာရွတ်တောင် မထင်ပဲ ကောင်းသွားတယ်လို့ဆိုပါတယ်။ မေမေ့မျက်နှာမှာ ကျောက်ပေါက်ရာ လုံးဝမရှိလို့ ကျမသိပ်မယုံခဲ့ပါ။ မေမေကပြောပါသေးတယ်။ ထန်းလျက်၊ ထန်လျက်ပါတဲ့ အစာတွေလဲမစားဖို့အဖွါးကပြောပါတယ်တဲ့။ ထန်းလျက်စားရင် အနာရွတ် ထင်တယ်တဲ့။
တရုပ်ပြည်မှာ တိရစ္ဆာန်အမျိုးမျိုးရဲ့သည်းခြေတွေကို ဆေးဖေါ်ဖို့နည်း မျိုးစုံနဲ့ထုတ်ကြ တာကိုလည်း ဆေးဂျာနယ်တွေမှာဖတ်ဖူးပါတယ်။ ကျမတခုစဉ်းစားမိတာက အလွန်ခါးတဲ့ သည်းခြေအိပ်ရယ်၊ ငှက်ဖျားပျောက်ဆေးအားလုံးနဲ့ ဆေးတော်တော်များများဟာခါးတဲ့ အရသာ ရှိနေပြီးနေတာ ဘာကြောင့်လဲ။
`“အချိုကြိုက်သူ လူမိုက်”
“ အခါးကြိုက်သူ လူလိမ္မာ” ဆိုတဲ့ရှေးလူကြီးသူမတို့ရဲ့စကားကိုလည်းကြားရောင်နေမိပါတယ်။
အခွင့်သင့်ပါက ဆက်လက်မျှဝေသွားပါအုံးမည်..
မချွင်လေး(ပါရီ)
မှတ်ချက်။ ။ စာဖတ်ပရိသတ်များအတွက် စိတ် စေတနာ မေတ္တာများဖြင့် ကိုယ်တွေ့လေးများ မျှဝေရေးပို့တဲ့ မေတ္တာဥယျာဉ်ရဲ့ စာချစ်ပရိသတ်တစ်ဦးဖြစ်တဲ့ ပါရီက ဒေါက်တာ မချွင်လေးအား အထူးပဲကျေးဇူးတင်ရှိပါသည်။ မည်သူမဆို အမျိုး ဘာသာ သာသနာအတွက် အကျိုးပြု စာများ ရေးပို့နိုင် ပါသည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ စက်တင်ဘာလ(11)ရက်၊ တနင်္ဂနေနေ့။
0 comments:
Post a Comment