လောကပါလတရား တကယ်ရှိသူဆိုတာ
သေချာတွေးကြည့်ရင် ကောင်းမှုကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာ လုပ်တာပဲ ဖြစ်ဖြစ်၊ ကွယ်ရာမှာလုပ်တာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်ကို ကျန်တဲ့သူတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသား ဖြစ်ပါတယ်။ ဒီလိုဆိုတော့ လူရှေ့သူရှေ့မှာ မလုပ်ဘဲ ရှောင်ကြဉ်ပြီး လူကွယ်ရာမှာ လုပ်ချင်သလို လုပ်နေတာကိုလည်း ကိုယ်ကိုယ်တိုင်က သိနေပြီးသား ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ အရဟံ ဂုဏ်တော်အဖွင့်ကို ကြည့်မယ်ဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူခြင်းဆိုတဲ့ အဖွင့်တစ်ခု ရှိပါတယ်။ ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ ကွယ်ရာအရပ်မှာပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ စိတ်ကွယ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူတော့တဲ့ အနှိုင်းမဲ့အရှင်မြတ်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်လောက် ကွယ်ရာမှာ အကုသိုလ် အလုပ်တွေကို အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် ဘုရားရှင်ကို အတုယူပြီး ကွယ်ရာမှာလည်း အကုသိုလ်အလုပ်တွေကို ရှောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အဓိကကတော့ မကောင်းမှု အကုသိုလ်ဆိုတာ လူရှေ့သူရှေ့မှာပဲ ဖြစ်ဖြစ်၊ လူကွယ်ရာမှာပဲ ဖြစ်ဖြစ် မလုပ်ဘဲရှောင်ကြဉ်နိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် တကယ်မကောင်းမှု အကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်တယ်ဆိုတဲ့သူဟာ အဲဒီလို မျက်မှောက်မျက်ကွယ် နှစ်မျိုးလုံးမှာ မကောင်းမှုအကုသိုလ်ကို ရှက်ကြောက်ပြီး ရှောင်ကြဉ်နိုင်တဲ့သူမျိုးကိုသာ ဆိုတာဖြစ်ပြီး ဒီလိုမျက်မှောက်မျက်ကွယ် နှစ်ခုလုံးမှာ ဒီဟိရီသြတ္တပ္ပတရားတွေကို စောင့်ထိန်းတဲ့သူကိုသာ တကယ့်လောကပါလ တရားရှိသူ၊ လောကပါလ တရားနဲ့ ပြည့်စုံသူလို့ ပြောရခြင်း ဖြစ်ပါတယ်။
0 comments:
Post a Comment