ဒက္ခိဏ သာခါ (ရဝေထွန်း)
“ဒက္ခိဏသာခါ ပုံတော်” ဟုဆိုလျှင် ဥာဏ်တော် နိမ့်နိမ့် လက်ျာ လက်တော် တန်းတန်း လည်တိုင် မပါ ကြာဖက်ဆောင်း ဆံတော်ပုံနှင့် မှိုကိုးချက် ပါရှိမှ စစ်မှန်သည်ဟု ပြောကြသည်၊ ထိုအတိုင်း ထုလုပ် ပူဇော်၍ အမြတ်တနိုး ရှိခိုး ကိုးကွယ် ကြလေသည်၊ သို့နှင့် ဒက္ခိဏသာခါ သည် မြန်မာနိုင်ငံ အနှံ့ ကိုးကွယ် ပူဇော်ရာ ရုပ်ပွားတော် တစ်မျိုး ဖြစ်၍ နေပေသည်။
အချို့က “ ဒက္ခိဏသာခါ ဘုရားဆိုတာ ဘယ် ကမ.္ဘာမှာ ပွင့်တာလဲ၊ ဂေါတမ ဘုရားနှင့် ဘယ်သူ အရင်လဲ” ဟုပင် မေးလေသည်၊ ဤ မျှအထိပင် သူများ ဒက္ခိဏသာခါ ၍သာ ခါလိုက်ရသည်၊ ဘာမှန်း ညာမှန်း မသိသူများပင် ရှိသေးသည်၊ ဂေါတမ မြတ်စွာဘုရား သာသနာတော် အတွင်းဝယ် အခြား ကိုးကွယ်ရာ တစ်ရပ် အနေဖြင့် မှတ်ယူနေမိ ပါက အကုသိုလ် ပွားများ စရာပင် ဖြစ်နေချေ ဦးမည်။
ဗုဒ္ဓဘာသာ ဝင်တိုင်း လိုလိုပင် “ ဒက္ခိဏသာခါ ဗောဓိပင် ” ဟုဆိုလျှင် သာသနာ ၂၃၆ - ခုနှစ် အရှင် မဟိန္ဒတို့ သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွသွားပြီးနောက် ဘိက္ခုနီ သာသနာ ဆက်ရန် နောက်ထပ် လိုက်ပါရသော သံဃမိတ္တာ ထေရီမ ပင့်ဆောင်သွားသည့် သီဟိုဠ်ရောက် ဗောဓိပင်ကို သိရှိကြသည်၊ မဇ္ဈိမတိုင်းကြီး ရှင်ဘုရင် အသောက မင်းကြီးသည် ရဟန္တာ အရှင်မြတ်ကြီးများနှင့် တိုင်ပင်၍ သီဟိုဠ်ကျွန်း၌ စိုက်ပျိုး ကိုးကွယ်ရန် အတွက် မူလ မဟာ ဗောဓိပင်မှ လက်ျာ တောင်ကိုင်းကို ဖြတ်ယူပြီးလျှင် ရွှေဖျဉ်အိုးဖြင့် ပျိုးစိုက် ဆောင်ယူ၍ သီဟိုဠ်ကျွန်းသို့ ရောက်လျှင် ခမ်းနားစွာ ကြိုဆိုလျက် အနုရာဓမြို့ တောင်မျက်နှာ ရာဇဝတ္တု တံခါးမုခ်အရပ်၌ စိုက်ပျိုးသည်၊ ထိုဗောဓိပင်ငယ်မှ အသီး (၅) လုံးပါလာရာ ထို အသီး (၅) လုံးမှ တစ်လုံးလျှင် (၈) ပင်စီ ပေါက် ပြန်သဖြင့် ဗောဓိပွား (၄၀)၊ မူလအပင် နှင့်သော် (၄၁) ပင်သော ဗောဓိပင်များ ဖြစ်ပေါ် လာလေသည်၊ ထိုမူလ ဗောဓိပင်နှင့် ပင်ပွားတော် (၄၀) တို့ကို မဟာ ဗောဓိပင်ကြီး၏ ဒက္ခိဏမည်သော လက်ျာ တောင်ကိုင်းမှ ဖြစ်ပေါ်ခဲ့၍ “ ဒက္ခိဏသာခါ (တောင်ကိုင်း) ဗောဓိပင်များ” ဟူ၍ ခေါ်လေသည်။
မြန်မာပြည်ရောက် ဒက္ခိဏသာခါများ
သီဟိုဠ်ကျွန်းရှိ ဒက္ခိဏသာခါ ရုပ်ပွားတော်များသည် သီဟိုဠ် မြန်မာ သာသနာ ကူးလူးမှု အားလျော်စွာ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အခါ မြန်မာနိုင်ငံတွင် ဒက္ခိဏသာခါ ရုပ်ပွားတော်များ ပေါ်ပေါက်၍ လာတော့သည်၊ ထိုအကြောင်းနှင့်စပ်၍ သမန္တစက္ခုဒီပနီမှ အောက်ပါ စကားရပ်များကို ထုတ်နုတ် အပ်ပါသည်။
ရတနာပူရမြို့ကို တတိယမြောက် တည်ထောင်သော နော်တော် ဆင်ဖြူရှင် မင်းတရား လက်ထက် သီဟိုဠ်ရောက် သာရလင်္ကာရ သူမြတ် နူတ်ထွက်စာတမ်း တွင်လည်း အစောင့် အိမ်ခြေ တစ်ရာနှင့် သင်္ဃမိတ္တာ ဆောင်ယူခဲ့သည့် ဗောဓိပင်သာ တွေ့မြင်ခဲ့ကြောင်း ဆိုသည်များနှင့် ထောက်သော် အချို့ သေပျောက် လျော့ယွင်းသည် ဆိုသော စကားသည် မှန်မည် ကဲ့သို့ ရှိသည်။ ထို ( သေပျောက် လျော့ယွင်းသော) ဒက္ခိဏသာခါ ဗောဓိသားတို့ကို အခက်မှ စ၍ ပြည်သူတို့သည် ဘုရားရုပ်တု ထုလုပ်ကိုးကွယ် ကုန်သည်၊ ရဟန်း သံဃာတို့လည်း မြတ်ထွတ်လှသော သစ်ပင်ဟူ၍ ထိုရုပ်ထုကို အမြတ်တနိုး ကိုးကွယ် ကြကုန်သည် ”
(သမန္တစက္ခု - ဒု-၁၂ )
ရာဇဝင်တွင် ထို ဒက္ခိဏသာခါ ရုပ်တု ရုပ်ပွားတော်များ မြန်မာနိုင်ငံသို့ ရောက်လာကြကြောင်း ဖော်ပြချက်များ ရှိပေသည်၊ သက္ကရဇ် ၇၈၈- ခုနှစ်တွင် ရတနာပူရ အင်းဝ နေပြည်တော်၌ နန်းတက်တော်မူသော မိုးညှင်း မင်းတရားကြီး လက်ထက်တွင် သီဟိုဠ်မှ ဒက္ခိဏသာခါ အကြီးအငယ် ဆူရေ သုံးရာကျော် ရောက်လာကြောင်း၊ မင်းမှူးမတ် မှစ၍ ပြည်သူ လူ ရဟန်းတို့ အမြတ်တနိုး ကိုးကွယ် ပူဇော်ကြကြောင်း ဖော်ပြထားသည်၊ ထို့နောက် သီဟိုဠ်ကျွန်းမှ အစဉ် အဆက် ရောက်ရှိ လာကြသော ရဟန်း သံဃာတော်များမှာ ရာဇဝင် တစ်လျှောက်လုံး မှာ လည်းကောင်း၊ ယခု မျက်မှောက်ခေတ် အထိ လည်းကောင်း အစဉ်မပြတ် ခဲ့သဖြင့် မြန်မာ ရုပ်ပွားတော်များ သီဟိုဠ်ရောက်၍ သီဟိုဠ်မှလည်း ဒက္ခိဏသာခါမှ စ၍ ရုပ်ပွားတော်ပေါင်းစုံပင် မြန်မာနိုင်ငံသို့ ရောက်ရှိ နေပေတော့၏ ။
သီဟိုဠ် ဗောဓိသားကိုလုပ်မှ ဒက္ခိဏသာခါ ဖြစ်လော မြန်မာနိုင်ငံရှိ ဗောဓိပင်များမှ ရရှိသော အရွက် အကိုင်း အသားများကို သရိုးစပ်၍ ဖြစ်စေ၊ ထုလုပ်၍ ဖြစ်စေ ကိုးကွယ်လျှင်ကော ဒက္ခိဏသာခါ မခေါ်ရဘူးလားဟု မေးလျှင်လည်း ဖြစ်ပါသည် ခေါ်ရပါသည်ဟု ဖြေလိုပါသည်၊ အဘယ့်ကြောင့် ဆိုသော် မြန်မာနိုင်ငံရှိ ဗောဓိပင်များသည် မဇ္ဈိမဒေသမှ ရသည်ထက် - သီဟိုဠ်မှ ရလာသည်သာ များသည်၊ သီဟိုဠ် ဒက္ခိဏသာခါ ဗောဓိမျိုး ဗောဓိပွားများသာ များ၍ မြန်မာ ဗောဓိများသည်လည်း ဒက္ခိဏသာခါ ဗောဓိများဟု ခေါ်ဆိုနိုင်ပါသည်၊ အနည်းအပါး မဇ္ဈိမ ဗောဓိပွါးများ ရှိချင်ရှိမည် ဖြစ်သော်လည်း ဒက္ခိဏသာခါ တွင် ကျယ်နေပြီ ဖြစ်၍ ယင်း ဗောဓိသားများလည်း အလိုလို ဒက္ခိဏသာခါ ဖြစ်လာရမည်မှာ လမ်းရိုးအတိုင်းပင်၊ အခြားကျွန်းသား ကံ့ကော် စသည်များလည်း ယခုခေတ်တွင် ဒက္ခိဏသာခါ ပုံထုက ဒက္ခိဏသာခါ ဖြစ်လာ ပြန်ပါ၏ ။
ဤ၌ ဒက္ခိဏသာခါ ဟုဆိုသဖြင့် လျဉ်းပါးစရာ ဖြစ်လာပြန်ပါ၏၊ ဒက္ခိဏသာခါ ပုံထုမှ ဒက္ခိဏသာခါလော ဟူသော ပြဿနာပင် ဖြစ်၏ ။ အထက်ဖော်ပြပါ အကြောင်းရပ်တို့ကို ဆင်ခြင်၍ ဒက္ခိဏသာခါသည် ပုံကို ပဓာန ထား၍ ခေါ်သည် မဟုတ်၊ မူလ အသားကိုသာ ပဓာနထား၍ ခေါ်ဆိုကြောင်း သိနိုင်ပါ၏ ။ သို့သော် အစဉ်အလာ အားဖြင့် ကြည့်မြင်တိုင် သင်္ကန်း၊ ပုသိမ်ထီး၊ အင်းဝ သပိတ်ဖုံး ဟူသော ရဟန်းဝေါဟာရ၊ ဘန်ကောက်လုံချည်၊ မန္တလေး ပိုးထည် စသော လူသုံး ဝေါဟာရများ ကဲ့သို့ မူလ အဆင်အသွေး ပုံစံ နမူနာကို စွဲ၍ ခေါ်နေသော အတိုင်းပင် သီဟိုဠ် ဒက္ခိဏ သာခါ ရုပ်ထုပုံသည် ဤ အတိုင်း ဖြစ်၍ ထင်ရှားနေသဖြင့် ဤ အတိုင်းထုလုပ်မှ ဒက္ခိဏသာခါ ဖြစ်သည်၊ မတ်ရပ် လျောင်းတော်မူနှင့် ရိုးရိုး မြန်မာ ရုပ်ပွားတော်ပုံ ထုလုပ်က ဗောဓိပင်၏ လက်ျာ တောင်ကိုင်းကို လောလော လတ်လတ် ယူ၍ ထုလုပ်သည့်တိုင် ဒက္ခိဏသာခါ မဟုတ်သလို ထင်မှတ် နေကြလေသည်။
ထို့ကြောင့် မတ်ရပ်တော် ဒက္ခိဏသာခါ၊ လျောင်းတော်မူ ဒက္ခိဏသာခါ၊ မြန်မာပုံ ဒက္ခိဏသာခါ များလည်း ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့ ဗောဓိကုန်း ဗောဓိပင်ကြီးမှ ဒက္ခိဏသာခါများ ထုလုပ်ပုံကို ဖော်ပြလိုပါ၏ ။
ဗောဓိကုန်း ဒက္ခိဏသာခါများ
ဟံသာဝတီ နေပြည်တော် ဓမ္မစေတီ မင်းကြီးသည် ဥက္ကလာပတိုင်း ဒဂုန်မြို့ (ယခု ရန်ကုန်မြို့) ဆံတော်ရှင် (ရွှေတိဂုံ) စေတီတော်ကြီး၏ အနောက်မြောက် ဆံတော်ကြိုလမ်း (ယခု ဝင်ဒါမီယာ) နဘေးရှိ ကုန်းတော် ပေါ်တွင် သီဟိုဠ် ဒက္ခိဏသာခါ ဗောဓိပင်မှ ရသော မျိုးစေ့ကို စိုက်ပျိုးတော် မူခဲ့သည်၊ မြန်မာ သက္ကရာဇ် ၈၃၈ - ခုနှစ် ပတ်ဝန်းကျင် လောက်တွင် ဖြစ်၏ ။
ထို ဗောဓိပင်ကြီးသည် ၁၂၉၄ ခုနှစ် တော်သလင်းလ အတွင်းတွင် မိုးမရွာ လေမတိုက်ဘဲ တောင်ကိုင်းကြီးသည် နံနက် (၃) နာရီတွင် အလိုလို ကျိုးကျ လာလေသည်၊ ထိုနောက် မကြာမီ အကိုင်းကြီးများပါ ဆက်တိုက်ကျိုးကျလေရာ နံနက် မိုးလင်းသောအခါ ပင်စည် ငုတ်တိုကြီးသာ ကျန်လေသော ဟူ၏ ။
ဤ ကျိုးကျသော အကိုင်းကြီးများကို ဖြတ်တောက် ပြီးနောက် ပင်စည် ငုတ်တိုကြီးကို လေ့လာကြရာ ခြောက်သွေ့နေသည်ကို တွေ့ရသဖြင့် အရင်းမှ လွှဖြင့် တိုက်၍ လှဲလိုက် ကြရ၏ ။ ထို အပင်ရင်းမှ လက်သန်းဖျားခန့် ဗောဓိပင်ပျို တစ်ပင် ပေါက်နေသည်ကို တွေ့ရ၍ ထိုဗောဓိပင်ပျိုကို မူလ နေရာမှ အရှေ့ဘက် အတောင် နှစ်ဆယ် ခန့်တွင် ရွှေ့ပြောင်း စိုက်ပျိုး ပြီးလျှင် ထို ဗောဓိပင် နေရာတွင် စေတီ တည်ထားလိုက်ကြ၏ ။ ယခုတိုင် ထိုဗောဓိပင်နှင့် စေတီတော်ကို ဗောဓိကုန်းတွင် ဖူးတွေ့ နိုင်ပေသည်။
ရပ်တော်မူ ဒက္ခိဏသာခါ
ထိုကျိုးကျသွားသော ဗောဓိကိုင်းများမှ အသားများနှင့် ပင်စည်ဗောဓိသားများကို ဖြတ်တောက်၍ ထိုကျောင်းတိုက် အတွင်းမှာပင် ပန်းပုဆရာများစွာ ခေါ်ယူပြီးလျှင် ရုပ်ပွားတော်များစွာ ထုလုပ်ကြရာ တစ်နှစ်ခန့်ပင် ကြာသည်ဟု ဆိုပေသည်။ ထိုဒက္ခိဏသာခါ ရုပ်ပွားတော်ပေါင်း များစွာတွင် ၃ - ပေ၊ ၄ - ပေ ၊ ၅ ပေ အထိရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီး အထိ ပုံတော်ပေါင်း များစွာ ပါရှိလေသည်၊ ထို ထုလုပ်ပြီးစီးသော ဒက္ခိဏသာခါ ရုပ်ပွားတော်များကို (မူလ ဗောဓိပင်ကြီး နေရာ အရှေ့ဘက် အတောင် နှစ်ဆယ်ခန့်တွင် ရွှေ့၍ စိုက်ပျိုးထားသည့် ဗောဓိပင်ပျို၏ အရှေ့ဘက် အတောင်နှစ်ဆယ် ခန့်တွင်ပင် ) စေတီ တစ်ဆူ တည်၍ ဌာပနာ လိုက်လေသည်။
သို့ဖြစ်၍ ၅ ပေခန့်ရှိ ဒက္ခိဏသာခါ ရပ်တော်မူ ရုပ်ပွားတော်ကြီး ပင်ရှိခဲ့ကြောင်း၊ ယင်း ရုပ်ပွားတော်မှာ ဒက္ခိဏသာခါ ဟူသမျှတို့တွင် အကြီးဆုံး ပင် ဖြစ်ဟန် တူကြောင်း မှတ်သားရရုံမက ဒက္ခိဏသာခါ ဟူသည်မှာ ပုံတော်သည် ပဓာနမဟုတ်၊ မူလ အသားသာ ပဓာန ဖြစ်ကြောင်း မှတ်သား သင့်ပေသည်။
ဤ ကား ဒက္ခိဏသာခါ ရုပ်ပွားတော်နှင့် ပတ်သတ်၍ သိမှတ်ကြည်ညို စရာများ ဖြစ်ပါသည်၊ ဆေးဘုရား စီရင်နည်း၊ မှိုကိုးချက် ထည့်သွင်းနည်း၊ ဂါထာ မန္တန်စုပ်နည်း စသည်တို့ကား ဘုရားကြည်ညိုသော သမ္မာဒိဋ္ဌိ နွယ်ဝင် သူတော်စင်တို့ လုပ်ထုံးများ မဟုတ်၍ ဤ၌ မဖော်ပြလို တော့ပါချေ ။
(ရဝေထွန်း)
0 comments:
Post a Comment