ဆန်ချီစေတီတော်ငယ်ပုံ


ဆန်ချီစေတီတော်ကို သုံးပတ်တိတိ လက်ယာရစ်လှည့်ပတ်ပူဇော်ခဲ့ပါတယ်။ အပြင်ကတစ်ပတ်၊ အတွင်းက တစ်ပတ်၊ အထက်ပစ္စယာပေါ်ကတစ်ပတ်ပေါ့။ ပြီးတာနဲ့ ဘုရားရှိခိုးတယ်။ ပြီးနောက် ဘေးပတ်ဝန်းကျင်တွေ လှည့်ပတ်ကြည့်ကြတယ်။ ဘေးမှာ ကျိုးပဲ့ပျက်စီးနေတဲ့ အသောကကျောက်တိုင် အပိုင်းအစများ၊ ကျောင်းဟောင်း အဆော်ကအဦပျက်များ၊ စေတီငယ်အပျက်အစီးများ၊ ဓမ္မာရုံဟောင်းနေရာက တိုင်များစသည်ဖြင့် များစွာတွေ့ရပါတယ်။ ဆန်ချီစေတီကြီးနဲ့ မျက်စောင်းထိုးလောက်မှာ ဆန်ချီစေတီငယ်တစ်ဆူကိုလဲ ဖူးတွေ့ရမှာဖြစ်ပါတယ်။ အကြီးက ထီးသုံးဆင့်၊ အငယ်က ထီးတစ်ဆင့်နဲ့ တွေ့ရမှာဖြစ်ပါတယ်။

ဓမ္မာရုံဟောင်းပုံ

စေတီငယ်အပျက်အစီးများ

စေတီတော်ကြီးနောက်ခံထား၍

အသောကကျောက်စာတိုင်အကျိုးအပဲ့များ

အသောကကျောက်စာတိုင်အကျိုးအပဲ့များ

ဘာပုံလဲတော့မသိ


ဆန်ချီစေတီတော်ရဲ့ ဒီဇိုင်းကို ယူပြီးတည်ထားခဲ့တဲ့ စေတီတော်၊ သို့မဟုတ် ဆန်ချီစေတီဒီဇိုင်းနဲ့ ခပ်ဆင်ဆင်စေတီတော်အဖြစ် မဟာပရနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံမှာ တွေ့ရတဲ့စေတီတော်ကိုလဲ သတိထားမိလိုက်တယ်။ သူနဲ့တစ်ခေတ်တည်းလား၊ သို့မဟုတ် သူ့ထက်နောက်ကျလေသည်လား၊ ရှေးကျလေသည်လားဆိုတာကိုတော့ သမိုင်းပညာရှင်များမှ သိပါလိမ့်မယ်။ ဂျပန်များကလဲ ဆန်ချီစေတီတော်ဒီဇိုင်းကို အထူးနှစ်သက်ဟန်ရှိပါတယ်။ ဆန်ချီစေတီတော်ဒီဇိုင်းအတိုင်း တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဂျပန်စေတီတော်တွေကို မကြာမကြာ ဖူးတွေ့ရပါတယ်။ ဆရာတော်ဦးဉာဏိဿရကလည်း ဆန်ချီစေတီတော်ကို အထူးနှစ်သက်တော်မူလို့ သူတည်ထောင်ထားတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်အတွင်း တည်ဆောက်ထားတဲ့ ခန်းမကြီးကို ဆန်ချီစေတီကိုယ်ထည်ပုံနဲ့ တည်ဆောက်ပြီး အခြားဗိသုကာလက်ရာ မျိုးစုံနဲ့ မွမ်းမံတန်ဆာဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။


ကုသိနာရုံက မဟာပရိနိဗ္ဗာနစေတီပုံ

ရာဇဂြိုဟ်တောင်ပေါ်က ဂျပန်တည်ထားတဲ့ စေတီတော်

သီတဂူဗုဒ္ဓတက္ကသိုလ်ရှိ သိမ်တော်ကြီး


စကားပြန်ဆက်ရရင် ဆန်ချီစေတီတော်ကြီးရဲ့ လက်ဝဲဘက် အထက်ကုန်းမြင့်ပေါ်တက်ကြည့်လိုက်ရင် ကျောင်းတော်ရာအဟောင်းကြီးကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီကျောင်းတော်ရာ အဟောင်းကတော့ ရှေးယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ နေထိုင်ရာ ကျောင်းတော်ဟောင်းဖြစ်ပါလိမ့်မယ်။ သီဟိုဠ်သာသာပြုကြွတော်မူခဲ့တဲ့ အသောက မင်းကြီးရဲ့ သားတော် အရှင်မဟိန္ဒတစ်လသီတင်းသုံးခဲ့တယ်လို့ဆိုတဲ့ ကျောင်းတော်ဟောင်းပင် ဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့တာပါပဲ။ တော်တော်ပြောင်မြောက်တဲ့ အနုပညာလက်ရာအပျောက်အမွှမ်းများနဲ့ အလှဆင်ပြီး ကျောက်အုတ်များနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ကျောင်းတော်ရာဟောင်း ဖြစ်ပါတယ်။


ကျောင်းတော်ဟောင်းပုံ

အရှင်မဟိန္ဒသီတင်းသုံးခဲ့တယ်လို့ ယူဆရတဲ့ ကျောင်းဟောင်း


ဆန်ချီစေတီတော်ရဲ့ လက်ယာဘက် တောင်ဇောင်းအောက်ပိုင်းမှာလဲ ကျောင်းတော်ရာများကို တွေ့ရမှာဖြစ်သလို သောက်သုံးရေကန်ကြီးတစ်ကန်ကိုလဲ တွေ့ရပါတယ်။ ထိုရှုခင်းများကိုကျော်လွန်၍ အောက်ဘက်ကို လှမ်းမြော်ကြည့်လိုက်မည်ဆိုပါက အလွန်တရာ စိမ်းလန်းစိုပြေတဲ့ ရှုခင်းလှလှတွေကို တ၀ကြီးကြည့်ရှုခံစားနိုင်ပါတယ်။ ဆန်ချီစေတီတော် တစ်ဝိုက်တွင် တွေ့သမျှ မြင်သမျှ အကုန်စေ့စေ့ငင လိုက်လံကြည့်ရှုပြီးနောက်တွင် ပြန်ထွက်ခဲ့ကြပါတော့တယ်။ တောင်အောက်ဘက်တွင် ဆန်ချီပြတိုက်တစ်ခုရှိပါတယ်။ အဲဒီပြတိုက်ထဲကိုလဲ ၀င်ရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဒီပြတိုက်ထဲက ဆန်ချီပြုပြင်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းဆင်းတုတော်များ၊ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းပစ္စယများ စသည် စုံလင်စွာ ခင်းကျင်းပြသထားပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်ခွင့်မရလို့ ကြည့်ရုံသာ ကြည့်ခဲ့ရတယ်။

ရေကန်ကြီးနှင့်ကျောင်းတော်ရာဟောင်း

အဝေးမျှော်ရှုခင်း


ပြတိုက်ကြည့်ပြီးတာနဲ့ ကြည့်စရာ ဖူးစရာ အားလုံးစုံပြီဖြစ်လို့ စားသောက်ဆိုင်တစ်ဆိုင် ၀င်ပြီးနေ့ဆွမ်းဘုန်းပေးလိုက်ကြတယ်။ ကံကောင်းတယ်ပြောရမယ်၊ ဒီဆိုင်မှာက ထမင်းကြော်ရလို့ ထမင်းကြော် (Chicken Fried Rice) မှာစားလိုက်ကြတယ်။ ဒီနောက် ဘိုပါးမြို့သို့ ပြန်လည်ထွက်ခွါလာခဲ့ကြရာ ညနေသုံးနာရီလောက် ပြန်ရောက်ပါတယ်။ အချိန်ရနေသေးသဖြင့် ဘိုပါးမြို့ သဘာဝရေကန်ကြီးဘေးတွင် ခေတ္တသွားရောက် နားနေ အပန်းဖြေခဲ့ကြပါတယ်။ ရေကန်ကြီးထဲကိုလဲ စပိဘုတ်စီးပြီး လှည့်လည်ခဲ့ကြသေးတယ်။ သဘာဝရေပြင်ပေါ်က သဘာဝရေငွေ့နဲ့ သဘာဝရေဓာတ်လေးတွေ ထိတွေ့ခံစားကြည့်တဲ့သဘောပေါ့။ တကယ်တော့ လူငယ်တွေ အပျော်စီးလေ့ရှိကြတာပါ။ ဒို့ဘုန်းကြီးတွေလဲ ရောက်တုန်းရောက်ခိုက် ကြုံတုန်းကြိုက်ဆိုသလို မကြီးမငယ်နဲ့ လှေစီးကြတဲ့သဘောပေါ့။ ဘေးမှာ မြန်မာပရိသတ်တွေ ရှိနေမယ်ဆိုရင်တော့ စီးဖြစ်မယ်မထင်ဘူးလေ။ လှေနှစ်စီးငှားလိုက်တာ ရူပီး (၃၇၀)ပေးရပါတယ်။ ကိုယ်တော်တစ်ပါးက အတင်းစီးချင်နေတော့လဲ ကဲ အကုန်လုံး စီးကြမယ်ဆိုပြီး တစ်ညီတစ်ညွတ်တည်း စီးလိုက်ကြလေရဲ့။ ဘာမှမကြာလိုက်ဘူး၊ နီးနီးလေး တစ်ပတ် ပတ်မောင်းပေးလိုက်တာ၊ (၁၀)မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။

ဘိုပါးသဘာဝရေကန်ကြီး၏ ရေပြင်ကျယ်မြင်ကွင်း

ကုလားဒကာများနှင့် အမှတ်တရ နှုတ်ဆက်ဓာတ်ပုံ


ရေကန်ကြီးဘေး ခေတ္တနားနေပြီး နောက်မကြာမီ ဘိုပါးမြို့က ဗုဒ္ဓဘာသာဒကာများက ခေတ္တနားနေတည်းခိုရန် ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယဥက္ကဋ္ဌရဲ့ နေအိမ်မှာ အိပ်ခန်းတွေ ကျကျနန ပြင်ပေးထားပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်လို့ အဲဒီကို သွားကြတယ်။ ရထားက ည (၉)နာရီမှ စီးရမှာဖြစ်တော့ နေရထိုင်ရ အဆင်ပြေအောင် သူတို့က စီစဉ်ပေးလိုက်တာဖြစ်တယ်။ မဆိုးလှဘူး။ အိပ်ခန်းကျယ်နှစ်ခန်းကို ဘုန်းကြီးတွေ နားခိုလို့ရအောင် သေသေချာချာ သန့်သန့်ပြန့်ပြန့် ခင်းကျင်း ပြင်ဆင်ပေးထားတာ။ ဗုဒ္ဓဘာသာသူဋ္ဌေးတစ်ယောက်ဖြစ်တယ်ဆိုတာ သူတို့အိမ်ရောက်မှ အကဲခတ်လိုက်မိတယ်။ ဧည့်ခန်းကလဲ အကျယ်ကြီး၊ ရေချိုးခန်းတွေ မီးဖိုခန်းတွေကလဲ အကျယ်ကြီးတွေ၊ အိပ်ခန်းတွေကလဲ ဘယ်နှစ်ခန်းတောင်ရှိတယ်မသိဘူး။ လွတ်တဲ့အခန်းတွေကို သူတို့ ပြင်ဆင်ပေးထားတာလေ။ ဒီလိုစီစဉ်ပေးထားတော့ ရောက်ရောက်ချင်း သူတို့နဲ့ စကားပြောဖို့ကလဲ ကိုယ်က ကုလားစကားမတတ်တော့ ပြောမနေတော့ဘူး။ ခေတ္တထိုင် နှုတ်ဆက်၊ ခြေလက်သန့်စင်ပြီး သူတို့ပြင်ပေးထားတဲ့ အိပ်ခန်းထဲဝင် အိပ်လိုက်တာ ရထားထွက်ခါနီးပြီလို့ လက်တို့နှိုးကာမှပဲ နိုးလာတော့တယ်။ ဗုဒ္ဓဘာသာပရိသတ်တွေ တော်တော်များများ လာရောက်နှုတ်ဆက်ကြတာတွေ့ရတော့ ဘိုပါးမြို့က ပြန်ရမှာတောင် လွမ်းသယောင်ယောင်။ နေနိုင်လားဆိုတော့လဲ နေနိုင်ပါဘူးလေ။ နှုတ်ဆက်၊ မှတ်တမ်းဓာတ်ပုံတွေရိုက်၊ ပြီးတာနဲ့ ဘူတာကို အတင်းမောင်းနှင်ခဲ့ကြပါတယ်။ ဘူတာရောက်တော့ ရထားက ဆိုက်နေနှင့်ပြီ၊ ရထားပေါ်ရောက်လို့ သုံးမိနစ်လောက်အကြာမှာ ရထား စတင်ထွက်ခွါလေတော့တယ်။ တော်သေးရဲ့။ အပြန်မှာ မပြေးခဲ့ရပေမယ့် ရထားမီလိုက်သေးလို့။ ရထားသာ မမီလိုက်ရင်တော့ ဘိုပါးမှာ နောက်တစ်ညကြာမည်သာမှတ်ပေတော့။ ဘာပဲဖြစ်ဖြစ် မီလိုက်တာ ကံကောင်းပါတယ်။ နောက်နေ့ (၂၁)ရက်နေ့နံနက် (၇)နာရီလောက် ဒေလီမြို့သို့ ပြန်ရောက်လေတော့သတည်း။

(ဤတွင်ပြီးပါပြီ)။

ဒေါက်တာအရှင်ပါရမီ