တောင်ကိုရီယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်းအမှတ်စဉ် (၄၈)
အရှင်ဘုရား...
တပည့်တော်လည်း အရင်ရက်ပိုင်းကတော့ တပည့်တော်တို့ရဲ့ သင်တန်းအစီ အစဉ်တွေက အချိန်တိုအတွင်းမှာ မဟာသိပ္ပံသင်တန်းပြီးအောင်လုပ်ရတာဆိုတော့ အစီအစဉ်တွေ အရမ်းကြပ်နေ တာနဲ့ဘုန်းဘုန်းနဲ့တောင် သိပ်မဆက်သွယ်ဖြစ် ဘူးဘုရား။ အခုရက်ပိုင်းတော့တပည့်တော်လည်း အလုပ်တွေနည်းနည်းပါးသွားလို့ဘာသာရေးအကြောင်းလေးစဉ်းစားမိရင်းနဲ့ မေးခွန်းလေးတစ်ခုပေါ်လာ လို့ပါဘုရား။တပည့်တော်တို့ ရဟန်းပြုတဲ့ အခါ သာမန် လူဝတ်ကြောင်နာမည်ကို ပါဠိနာမည်ပြောင်းကြပါ တယ်ဘုရား။ဘုရားလက်ထက်ကရော အဲဒီလို နာမည်ပြောင်းလေ့ ရှိပါသ လားဘုရား။နောက်ပြီးလော ကုတ္တရာမှာပညတ်တရားထက် ပရမတ္ထတရားကိုပိုပြီးအလေးပေးပေမယ့်လောကီနယ်မှာတော့ ပညတ်တွေ ကလည်းမရှိမဖြစ် လိုအပ်တယ်လို့ထင်ပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် အဓိက မေးချင်တဲ့ မေးခွန်း ကတော့ပညတ်တွေဘာကြောင့် လိုအပ်ရသလဲဆိုတာ ဘုရားဟောထားတာတွေရှိရင်သိချင်ပါတယ် ဘုရား။ ရိုသေစွာဖြင့် ကြံထူး
ဘုရားလက်ထက်ကရော လူဝတ်ကြောင်ဘ၀မှ ရဟန်းဘ၀သို့ပြောင်းသော် နာမည်ပြောင်း၊ မပြောင်း ဆိုသည့် အမေးကိုဖြေရရင်သိဒ္ဓတ္ထမင်းသား(ပြီးပြည့်စုံသူမင်းသား) အမည်မှ တရားသိသွားသောအခါ သိသူ ဗုဒ္ဓအဖြစ်သို့ အမည်ပြောင်းသွားသည်ကို သိနိုင်ပါသည်။ဂေါတမ ဟူသောအမည်မှာ ဘုရားရှင်၏ မျိုးနွယ် အမည်ဖြစ်ပါသည်။ သာရိပုတ္တထေရ်သည် လူ့ဘ၀က ဥပတိဿဖြစ်ပြီးမောဂ္ဂလာနထေရ်ကို လူ့ဘ၀ ကကောလိတဟုခေါ်ပါသည်။အရှင်မဟာ ကဿပမထေရ်၏ လူ့ဘ၀နာမည်သည် ပိပ္ပလိလုလင်ဖြစ်ပါ သည်။ အရှင်အာနန္ဒာ၊ ဘဂု၊ ကိမိလ၊ဒေ၀ဒတ်၊ အနုရုဒ္ဓါ၊ ဥပါလိ၊ ဆန္န၊ ဘဒ္ဒိယစသည့် မထေရ်တို့မှာ လူ့ဘ၀ ကနာမည် အတိုင်းပင်ဖြစ်၍ မပြောင်းလဲပါ။ သို့အတွက် ဘုရားလက်ထက်က နာမည်ပြောင်း ရှိသလို၊ မပြောင်းသည်လည်းရှိပေသည်။ ဘုရားခေတ်က နာမည်များသည် ပါဠိနာမည်များပင်ဖြစ်၍ နာမည်ပြောင်း လဲသော်လည်း ပါဠိနာမည်မှ အခြားပါဠိနာမည်တစ်ခုသို့ပြောင်းလဲခြင်းမျိုးဖြစ်ပါသည်။မြန်မာ ဥပ မာအားဖြင့်မောင်စိုးသူကို မောင်ကျော်နိုင်ဟု ပြောင်းခြင်းမျိုး ဖြစ်ပါသည်။
မြန်မာအပါဝင် ထေရ၀ါဒနိုင်ငံအားလုံးနှင့် မဟာယာန ၀ါဒရှိသည့်နိုင်ငံများတွင် ပါဠိနာမည် ပြောင်းခြင်းကို ဓမ္မနာမည်ပြောင်းခြင်းဟုပြောဆိုကြပါသည်။ပြောင်းလဲခြင်းမှာ သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးများ၏ နာမည် သည်ပါဠိဘာသာဖြင့်မဟုတ်သဖြင့် ပါဠိဘာသာကို အမြတ်တနိုးထားသောထေရ၀ါဒနှင့် သက္ကတဘာသာကို တန်ဖိုးထားသော မဟာယာန၀ါဒယုံကြည်သူများက ထိုဘာသာနာ မည်ကို ပြောင်းယူကြခြင်း ဖြစ်ပါသည်။ ပါဠိနှင့်သက္ကတစာပေသည်ကွဲလွဲမှုမဆိုစလောက် သာရှိပါသည်။ ဤသို့ပြောင်းလဲခြင်းဖြင့် ဓမ္မကိုတန်ဖိုး ထားခြင်း၊ လူဝတ်ကြောင်ဘ၀နာမည်နှင့် ကွဲပြား သွားသဖြင့် သီးသန့်ဖြစ်သွားပြီး ရှင်းရှင်းလင်း လင်းဖြစ် သွားခြင်းစသော ကောင်းကျိုးများရစေပါသည်။ ရဟန်းဘ၀ရောက်သော် လူ့နာမည်သုံးစွဲနေသော ရဟန်း များလည်းရှိပါသည်။ သို့သော် အနည်းစု ဖြစ်ပါသည်။ ဆရာတော်ဦးရန်ကုန်၊ ဆရာတော်ဦးထွန်းတင် စသည်တို့ ဖြစ်ပါသည်။
ပညတ်သည် အလွန်အရေးကြီးပါသည်။ အများစုက လက်ခံထားကြသဖြင့် အများနှင့် ဆက်ဆံရသော လောကကြီးတွင် ပညတ်မရှိ၍ မဖြစ်ပါ။ ဥပမာ သင်္ကန်းသည် ပိတ်စမှဖြစ်ရပါသည်။ ထဘီ၊ ပုဆိုးသည်လည်း ပိတ်စမှ ဖြစ်ရပါသည်။ သင်္ကန်းဟု လူအများကခေါ်ဝေါ် ပညတ်ပြီးသော အခါတွင် တန်ဖိုးမတူတော့ပါ။ ပရမတ်အနေနှင့် ကြည့်လျှင်မူ အဋ္ဌကကလာပ်ရုပ် အစုမျှသာ ဖြစ်ပါသည်။ မိခင်နှင့် ဇနီးတို့ကိုလည်း သမ္မုတိမျက်စိနှင့်(ပညတ်မျက်စိ) ကြည့်ရပါသည်။ ပရမတ် မျက်စိ သက်သက်ဖြင့် ကြည့်ပါ ကကျေးဇူးမပေါ်လွင်ပဲ ရှိတတ်ပါသည်။ ရုပ်နာမ်နှစ်ပါးဟုသာမြင်နေပါက ခွဲခြားရမည်မှာ ခက်ခဲ သွားပေလိမ့်မည်။ သို့အတွက်ကြောင့် ပညတ် ပရမတ်ကို ကွဲပြားစွာ သိရပါမည်။ အသေ၀နာစ ဗာလာနံ၊ (လူမိုက်ကို အပေါင်းသင်းရ) ပဏ္ဍိတာနဉ္စသေ၀နာ (ပညာရှိကို မှီဝဲဆည်းကပ်ရ) ဟုဟောတော်မူရာ ပညတ်ဒေသနာသာဖြစ်ပါသည်။ ပရမတ္ထအနေဖြင့် လူဟူ၍မရှိ ရုပ်နာမ်နှစ်ပါး၊ သို့မဟုတ် ခန္ဓာငါးပါးသာ ရှိပေရာ လူမိုက်ဟုလည်း မရှိ၊ ပညာရှိဟုလည်း မဆိုဟု ပရမတ်မျက်စိတပ်ပြီးပြောဆိုပါက ဘုရားဟောဒေ သနာကို နားလည်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် မင်္ဂလသုတ် တစ်ခုလုံးသည် သမ္မုတိသစ္စာ (ပညတ်ကိုဗဟိုပြု၍) ကိုဟောတော်မူပါသည်။ သုတ္တန်ဒေသနာ အကုန်လုံး၊ ၀ိနည်းဒေသနာ တစ်လုံး ပညတ်ကို အခြေပြု၍ဟောတော်မူပါသည်။ အဘိဓမ္မာဒေသနာတော်သည်သာလျှင် ပရမတ်ကို ဗဟိုပြု ပြီးဟောတော်မူပါသည်။ ပညတ်ကို ဥာဏ်ဖြင့်ခွဲခြမ်း စိတ်ဖြာသော် အဆင့်ဆင်ပြောင်းနေသည် ကိုတွေ့ ရပေမည်။လောကလူသားတွေ စည်းကမ်းတကျနေတတ်ရန်၊ ညီညီညွတ်ညွတ်နေ တတ်ရန်၊ ကြီးပွါး တိုးတက်ရန် ပညတ်သည် အရေးကြီးပါသည်။ သုတ္တန်၊ ၀ိနည်းဒေသနာတော်များ၏ အကျိုးများသည် ပညတ်မှ ရလာသည့် ရလာဘ်များဖြစ်ပါသည်။
ပရမတ္ထသစ္စာသည် သံသရာလွတ်လမ်း သက်သက်သာဖြစ်ပါသည်။ ပညတ်ကိုကျော်နိုင်မှ ပရမတ် ကိုမြင်မည်ဖြစ်ပါသည်။ ထူးခြားသောဥာဏ် မရှိပါပဲ ပရမတ် မျက်လုံး မရှိနိုင်ပါ။ ပရမတ်သည်လောကုတ္တ ရာ အကျိုးစီးပွါးအတွက် ဖြစ်ပါသည်။ ပညတ်သည် လောကီ အကျိုးစီးပွါး အတွက် ဖြစ်ပါသည်။
0 comments:
Post a Comment