ကိုယ့်ကိုချစ်ရင် ကိုယ်ပြုပြင်
ဒီလိုပါပဲ တန်ဘိုးရှိတဲ့လူ့ဘ၀ရလာတဲ့အခိုက်မှာ ကိုယ့်ကိုယ်ကို တန်ဘိုးမထားဘဲ ထင်သလိုနေထိုင်ကြမယ်ဆိုရင် လူ့ဘ၀ကုန်ဆုံးလို့ နောက်ဘ၀မှာ လူပြန်ဖြစ်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ ရတောင့်ရခဲ ဖြစ်လာရတဲ့လူ့ဘ၀ကို ပြုပြင်ပြီး နေထိုင်ဖို့အရေးကြီးပါတယ်။ ဘ၀သံသရာမှာ ဆင်းရဲတာကို ဘယ်သူမှလဲ မလိုချင်ကြဘူး။ သတ္တ၀ါတွေဟာ ချမ်းသာသုခကို အလိုရှိကြတယ်၊ အသက်ရှည်ချင်ကြတယ်၊ ဒါပေမဲ့ ဆင်းရဲကိုတော့ စက်ဆုပ်ကြတယ်။ ဒါဟာသဘာဝပါပဲ။ ဘ၀အဆက်ဆက် ချမ်းသာချင်တယ်ဆိုရင်တော့ မိမိရဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတွေကို ကောင်း အောင်ပြုပြင်သွားကြရမှာပါ။
တစ်ဘ၀တာ အသက်ရှင်နေတုန်းမှာ ကျန်းမာပျော်ရွှင်ဖို့အတွက် အပူအအေးမျှတအောင်၊ အစားအစာများမျှတအောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး နေထိုင်သွားဖို့လိုသလို ဘ၀သံသရာမှာ အထက်တန်းရောက်ဖို့အတွက် ကိုယ့်ကိုယ်ကို ပြုပြင်ပေး ရပါလိမ့်မယ်။
တစ်နေ့ အမျိုးသမီးတစ်ဦးက “အရှင်ဘုရား မကြာသေးခင်က ဆွမ်းကပ်သွားတဲ့ အမျိုးသမီးလေဘုရား…” အစချီစကားစလာပါတယ်။ စာရေးသူက “ဘာဖြစ်တာလဲ……..ဆိုစမ်းပါဦး” လို့မေးတော့ “သူတို့မှာ ညီအစ်မနှစ်ယောက်ပဲ ရှိပါတယ်ဘုရား။ တစ်ယောက်သောသူက မာနထောင်လွှား၊ ဘယ်သူနဲ့မှမတည့်၊ အားလုံးနဲ့ အဆင်မပြေဘူး၊ တစ်ယောက်သောသူကလဲ ဆတ်ဆတ်ထိ မခံ၊ သူတို့နှစ်ဦးဟာ ဘယ်တော့မှ မတည့်ပါဘူးဘုရား၊ ရင်းနှီးတဲ့သူများကလဲ ပြေးကြည့်မှ ဒီညီအစ်မနှစ်ဦးပဲရှိတာ သင့်မြတ်အောင် တစ်ယောက်ကို တစ်ယောက် အလျှော့ပေးပြီး နေထိုင် ဆက်ဆံကြဖို့အကြောင်း ဘယ်လောက်ပဲပြောပေမယ့် အခုအချိန်အထိ လုံးဝ မတည့်ကြပါဘုရား” လို့ ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ပြောလာပါတယ်။
သူမပြောစကားအရ မှန်သင့်သလောက်မှန်ပါတယ်။ ဒါက သူများအကြောင်းပါ။ လူအများကို ဘယ်သူက ဘယ်လို ဆိုပြီး သူအများအကြောင်း ကို ပြောနေရင် အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ ပြီးသွားမဲ့ကိစ္စလဲမဟုတ်ပါ။ တကယ်တန်း ဖြစ်သင့်တာက မိမိဘ၀အကြောင်းကို မိမိပြန်တွေးပြီး ပြုပြင်သုံးသပ်သွားကြရမှာပါ။ သူအများအကြောင်း ပြောကြမှာထက် ကိုယ့်အကြောင်းကို ကိုယ် ပြန်သုံးသပ်ပြီး မေးခွန်းထုတ်ရမှာပါ။ လိုအပ်တဲ့နေရာ တွေမှာ ပြုပြင်သွားရမှာပါ။ လူအများဟာ မျက်လုံးနှစ်လုံးပွင့်လာကတည်းက သူများအကြောင်း အဆိုးအကောင်းကို ပြောဆိုရင်း အချိန်ဖြုန်းတတ်ကြတယ်။ သူများအကြောင်းပြောရင်းနဲ့ နှစ်သက်မှု၊ မနှစ်သက်မှုစတဲ့ လောဘ၊ဒေါသ ကိလေသာတွေ မိမိသဏ္ဍာန်မှာ အညစ်နွမ်းခံနေကြရတယ်။ နောက်တစ်ခုက အခြားသူ ပြောလာတဲ့ဆန့်ကျင်ဘက်စကားကို လက်ခံပြီး နှလုံးသွင်းမိတတ်ကြတယ်။ အဲဒီအခါ ထိုဆန့်ကျင်ဘက်စကားအပေါ် တွေးပြီး မကျေမနပ်ဖြစ် ကြတယ်။ ဒေါသတွေဖြစ်ကြတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ထိခိုက်မှန်းမသိ ထိခိုက်ခံနေရတာပါ။ ဒါကြောင့် လူအများက ပြောလာတဲ့ဆန့်ကျင်ဘက်စကား တို့ကိုလဲ နှလုံးသွင်း မဆင်ခြင်းသင့်သလို သူတစ်ပါး ကောင်းကြောင်း မကောင်းကြောင်းတွေကိုလဲ အရေးတယူ မပြောသင့်-မကြည့်သင့်ပါဘူး။
ဒီအကြောင်းနဲ့စပ်လို့ ရှေးအခါက အိန္ဒိယနိုင်ငံ ၊ သာဝတ္ထိမြို့မှာ နာမည်အားဖြင့် မထင်ရှားတဲ့ သာဝတ္ထိပြည်သား သူဌေးကြီးတစ်ဦး ရှိခဲ့ဖူး တယ်။ သူဌေးကြီးမှာလဲ ချစ်လှတဲ့ သူဌေးကတော်ကြီးတစ်ဦး ရှိတယ်။ တစ်နေ့တော့ သူဌေးကြီးဟာ ကလေးတစ်ယောက်ကို မွေးစားခဲ့တယ်။ ကလေးရဲ့ နာမည်က “ပါဝေယျ” လို့နာမည်ပေးကြတယ်။ အရွယ်ရောက်လာတဲ့အခါ အာဇီဝက ဆိုတဲ့ အ၀တ်မ၀တ်တဲ့ မိစ္ဆာဒိဋ္ဌိ ဆရာကြီးထံ နည်းခံခဲ့တယ်။ ဒါကြောင့် သူဌေးသား ပါဝေယျ ဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်ခဲ့ရတယ်။
ထို့အတူပဲ သူဌေးကြီးနဲ့သူဌေးကတော်တို့ကလဲ အဲဒီအချိန်တုန်းက ဘာသာခြားပဲ ဖြစ်ခဲ့ကြပါတယ်။ ရှေးအခါက အိန္ဒိယနိုင်ငံမှာ ဘုရားရှင်နဲ့ မတွေ့မီ၊ ဘုရားရှင်ရဲ့တရားကို မနာကြားရသေးမီ အများအားဖြင့် ဘာသာခြားဖြစ်ကြတယ်ဆိုတာ သိထားသင့်ပါတယ်။
ဒီအချိန်တုန်းက သူဌေးကြီးဇနီးမောင်နှံတို့ရဲ့ အိမ်နီးနားချင်းများကတော့ အများအားဖြင့် ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်။ ဒါကြောင့် အိမ်နီးနားချင်းများဟာ နေ့တိုင်းလိုလို ညနေချမ်းအချိန် ဇေတ၀န်ကျောင်းတော်ကြီးကို သွားပြီး ဘုရားရှင်ဟောကြားတဲ့တရားတော်များကို နာယူမှတ် သားလေ့ရှိကြတယ်။ ဘုရားရှင်ရဲ့တရားတော်ဟာ ဘယ်လောက်ကောင်းကြောင်း ၊ ဘယ်လေက်အနှစ်သာရရှိကြောင်း ဘယ်လောက်အားကိုး ထိုက်ကြောင်း စတဲ့ ဘုရားရှင်ရဲ့ ဂုဏ်ကိုပါ ထည့်သွင်းပြီး ပြောကြဆိုကြ၊ အားလပ်တဲ့အချိန်များမှာလဲ အချင်းချင်း တရားဆွေးနွေးကြတယ်။ အဲဒီလို အိမ်နီးနားချင်းများက ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးနဲ့စပ်ပြီး ပြောဆိုနေကြတဲ့စကားသံများကို သူဌေးကတော်ကြီး ကြားနေရပါတယ်။ ဒီလိုတရားနဲ့စပ်တဲ့စကားသံများကို တစ်ရက်လဲမဟုတ်၊တစ်လလဲမဟုတ် ၊နှစ်နဲ့ချီပြီး ကြားဖန်များလာတဲ့အခါ သူဌေးကတော်ကြီးဟာ ဘုရားရှင်နဲ့စပ်ပြီး တွေးမိလာတယ်။ ဘုရားရှင်ရဲ့တရားတော်အကြောင်း သူ့စိတ်ထဲမှာ နေရာယူမှန်းမသိ ယူလာခဲ့ပါတယ်။
တစ်နေ့ သူဌေးကတော်ကြီးဟာ သားဖြစ်သူ ပါဝေယျ ကိုခေါ်ကာ “သားလေး ပါဝေယျက…အမေလေ ဇေတ၀န်ကျောင်းသွားပြီး တရားနာကြည့်ချင်တယ်။ အမေ့ကို ကူညီပါဦးလားသားရယ်” လို့ သားဖြစ်သူကို တိုင်ပင်လိုက်ပါတယ်။ ပါဝေယျ က “အမေရယ်…ကျောင်းမသွားပါနဲ့၊ အမေက အသက်ကြီးနေပြီ..၊ တရားသွားနာလဲ ဘာအကျိုးရှိမှလဲအမေ….အမေပင်ပမ်းရုံပဲ ရှိတော့မပေါ့၊ မသွားပါနဲ့လားအမေ” လို့ တရားနာချင်နေ တဲ့အမေ့ကို တားမြစ်တယ်။ မိခင်ဟာ သားဖြစ်သူကို အကြိမ်ကြိမ် ဆွေးနွေးပေမဲ့ မသွားပါနဲ့လားအမေ ဆိုတဲ့ အဖြေသာ ရခဲ့တယ်။ ဒီနေရာမှာ လူကြီးလုပ်တဲ့ အမေက သားဖြစ်သူကို အသိပေးနေရကောင်းလား၊ အသိမပေးဘဲနဲ့ကော သွားလို့မရဘူးလား လို့ မေးစရာရှိတယ်။ ဒါနဲ့စပ်လို့ မိသားစုတစ်ခုလုံးက ဘာသာခြားဖြစ်နေတာဆိုတော့ သူဌေးကြီးကိုလဲ မတိုင်ပင်ချင်တဲ့အတွက် သားဖြစ်သူကို တိုင်ပင်တာဖြစ်ဟန်တူပါတယ် လို့ ယူဆမိတယ်။
ဇေတ၀န်ကျောင်းသွားမှာကို အိမ်သားတွေရဲ့ ဆန္ဒမပါတဲ့အတွက် သူဌေးကတော်ကြီး မသွားဖြစ်ခဲ့ပါ။ဒါပေမဲ့ တရားတော်ကိုတော့ နာချင်တဲ့ဆန္ဒက ကြာလေ ပြင်းပြလာလေပါပဲ။ ဒါနဲ့ သူဌေးကတော်ကြီးက တစ်မျိုး တွေးပြန်တယ်။ ကျောင်းမသွားရရင်လဲ ငါတို့အိမ်မှာပဲ ဘုရားရှင်ကို ဆွမ်းပင့်ကျွေးပြီး တရားနာရင်ကောင်းမယ်၊ဒီအကြံကောင်းတယ်ဆိုပြီး သားဖြစ်သူကို “သား..ပါဝေယျ..အမေကျောင်းကို မသွားတော့ပါ ဘူး၊ဘုရားရှင်ကို အိမ်ပင့်ပြီး ဆွမ်းကျွေးမယ်၊ပြီးရင်တရားနာမယ်၊ ဒါကြောင့်လေ သား ကျောင်းတော်ကိုသွားပြီး ဘုရားရှင်ကို ပင့်ပေးစမ်းပါ” လို့ သူဌေးကတော်ကြီးက စေခိုင်းလိုက်တယ်။ အမေကခိုင်းတာဆိုတော့ သားဖြစ်သူမှာ မနေသာ၊ ကျောင်းတော်သွားဖို့ အိမ်မှထွက်ခဲ့တယ်။ လမ်းခုလပ်မှာ သူကိုးကွယ်ဆည်းကပ်နေတဲ့ အာဇီဝကထံ ၀င်ပြီး အကျိုးအကြောင်းကို ပြောပြတယ်။ ထိုအခါ အာဇီဝက က “ ငါ့တပည့် ကျောင်းကို မသွားနဲ့” လို့ပြောတော့ ပါဝယျက “ ဆရာ…အမေကခိုင်းတာဆိုတော့ မသွားလို့မဖြစ်ဘူး၊ သွားမှရမယ်” လို့ ပြောတယ်။ အာဇီဝက က “ ဒီလိုဆိုလဲ သွားလေ၊ သွားပင့်တဲ့အခါ ဘယ်အိမ်ကို လာရမယ်ဆိုတာ မပြောခဲ့နဲ့၊ ဒါဆိုရင် ရဟန်းဂေါတမ မလာနိုင်တော့ဘူးပေါ့၊ မနက်ဖန်ရင် ငါတို့ဆရာတပည့်နှစ်ယောက် ရဟန်းဂေါတမကို ကျွေးမဲ့အစားအစာကို အကုန်သာစားလိုက်ကြရအောင်” လို့ သူ့တပည့်အား ပြောလိုက်တယ်။
ဘုရားရှင်တို့ဆိုတာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း လူတကာပြုနိုင်ခဲတဲ့အမှုတွေကို ပြုလုပ်ပြီး ပါရမီဖြည့်ကျင့်ခဲ့ရတာပါ။ ဗောဓိပင်နဲ့ရွှေပလ္လင်ကို အောင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်တော်မူခဲ့တာဟာလဲ ဘယ်သူမှ လမ်းညွန်ပေးလို့မဟုတ်ပါဘူး၊ ဘုရားရှင် သိသင့်သိထိုက်တဲ့တရားအလုံးစုံကို သူတစ်ပါးအကူအညီမပါဘဲ သိမြင်နိုင်ပါတယ်။ ယခုလက်ရှိ ကမ္ဘာကြီးမှာလဲ ဘုရားရှင်သွားလိုတဲ့နေရာများကို လမ်းပြအဖြစ် Guide ခေါ်စရာမလိုဘဲ ကိုယ်တော်တိုင် သွားနိုင်ပါတယ်။ဒါ့ပြင် သာမန်လူများမသိနိုင်တဲ့ လမ်းတွေကိုလဲ ညွန်ပြနိုင်ပါတယ်။ ဒီလမ်းကငရဲသို့သွားတဲ့လမ်း၊ ဒီလမ်းကတိရစ္ဆာန်ဘုံသို့ သွားတဲ့လမ်း၊ ဒီလမ်းက ပြိတ္တာဘုံသို့သွားတဲ့လမ်း၊ ဒီလမ်းက လူ့ဘုံကို သွားတဲ့လမ်း၊ ဒီလမ်းကနတ်ပြည်ကို သွားတဲ့လမ်းစသည်ဖြင့် လမ်းများကိုလဲညွန်ပေးနိုင်တယ်။ ပုထုဇဉ်များမရောက်နိုင် အရိယာများသာရောက်နိုင်တဲ့ အိုနာသေခြင်ကင်းရာ နိဗ္ဗာန်ကို သွားချင်တယ်ဆိုရင်လဲ လမ်းညွန်ပေးနိုင်ပါတယ်။ဒါကြောင့်ဘုရားရှင်ဟာ လောကမှာ အတုမရှိ လမ်းညွန်ပေးနိုင်တဲ့ လမ်းပြပုဂ္ဂိုလ်ထူး ကြီးဖြစ်တော်မူပါတယ်။
ဒါကို အခြေအမြစ်ကျကျ မသိရှာတဲ့ အာဇီဝကခမျာ ဘုရားရှင်ကို လျှော့တွက်ထားလိုက်မိတယ်။ ဒီလိုနဲ့ အာဇီဝကဟာ မနက်အစောကြီး ကတည်းက ပါဝေယျတို့အိမ်ကို ရောက်နေခဲ့တယ်။ အချိန်တန်တော့ ဘုရားရှင်လဲ ပါဝေယျတို့အိမ်ပေါက်ဝ ရောက်တော်မူခဲ့ပြီ။ ဘုရားရှင်ကြွမယ်ဆိုတော့ အိမ်နီးနားချင်းတွေကိုလဲ ခေါ်ထားရတယ်။သူတို့က ဗုဒ္ဓဘာသာတွေဆိုတော့ ဘုရားရှင်နဲ့ပတ်သက်ရင် မစိမ်းကြဘူး၊ လုပ်တတ်ကိုင်တတ်ကြတယ်။ ဒါကြောင့် အိမ်နီးနားချင်းတို့ရဲ့အကူအညီကိုလဲ ယူရပါသေးတယ်။ ဘုရားရှင်ဟာ ခင်းထားတဲ့နေရာမှာ ထိုင်တော်မူပါတယ်။ သူဌေးကတော်ကြီး ကပ်တဲ့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး တရားဟောတော်မူပါတယ်။ ဒီအချိန်မှာ အိမ်နောက်ဖေးကို အစောကြီးကတည်းကရောက်နေတဲ့ အာဇီဝကဟာ မနာလိုဝန်တိုမှုတွေဖြစ်ပြီး ဂဏာမငြိမ်ဖြစ်ကာ အိမ်ရှေ့ကိုထွက်လာပါတယ်။ သူဌေးကတော်ကြီးကို “အယုတ်တမာမကြီး…သင်တော့ ရဟန်းဂေါတမကို ဆည်းကပ်လို့ သင်တော့ ပျက်စီးပါပြီ” ဆိုပြီး ဆဲဆိုကာ ထွက်ပြေးသွားပါတော့တယ်။ ကြားလိုက်ရတဲ့စကားသံကြောင့် သူဌေးကတော်ကြီးခမျာ တရားအပေါ်မှာ အာရုံမစုစည်းနိုင်ဘဲ ဖြစ်နေရှာတယ်။ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူဌေးကတော်ကြီးအား “ ဥပါသကာမကြီး…. သူတစ်ပါးပြောလာတဲ့ ဆန်ကျင်ဘက်စကားတွေ၊ ကြမ်းတမ်းပြီး မနာလိုတဲ့စကားတွေကို သင့်စိတ်ထဲမှာ နှလုံးမသွင်းလေနဲ့၊သူတစ်ပါးပြုလုပ်တဲ့ မကောင်းမှုအပေါ်မှာလဲ မကြည့်လေနဲ့၊ ကိုယ့်ပြုတဲ့အမှုကိုသာ ကိုယ်နှလုံးသွင်းရမယ်” လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။ တရားဒေသနာအဆုံးမှာ သူဌေးကတော်ကြီးဟာ သောတာပန်တည်ခဲ့ပါတယ်။
နားလည်အောင် ရှင်းပြပါဦးမယ်၊ လောကမှာ လူတွေဟာ သူတစ်ပါးအကြောင်းပဲ တွေးတတ်ကြပြီး၊ ကိုယ့်အကြောင်းကိုတော့ မသိရှာကြ၊ အမှန်က သူတစ်ပါးရဲ့ ကောင်းကြောင်းမကောင်းကြောင်းတွေကို အချိန်ကုန်ခံပြီး စိတ်ထဲမထည့်သင့်ပါဘူး။ ရရှိလာတဲ့လူ့ဘ၀ တိုတောင်လွန်းလှပါတယ်။ တကယ်တန်း နှလုံးသွင်းသင့်တာက သူတစ်ပါးအကြောင်းမဟုတ်၊ မိမိအကြောင်းပဲဖြစ်တယ်ဆိုတာကို ဘုရားရှင် မိန့်တော်မူလိုရင်းပါ။
ဖြတ်သန်းလာခဲ့တဲ့ဘ၀တစ်လျှောက်မှာ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုများကို ဆင်ခြင်ကာ ကောင်းတဲ့ ကိုယ်အလုပ်၊နှုတ်အပြော၊စိတ်အကြံများကို မိမိကိုယ်တိုင် ပြုပြင်သွားရမှာပါ။ မိမိရဲ့ဘ၀အဆင့်အတန်း မြင့်မားချင်တယ်ဆိုရင် သူတစ်ပါးက ပြုပြင်ပေးလို့မရပါ၊ မိမိကိုယ်ကိုမိမိ ပြုပြင်ကြရမှာပါ။ ဘုရားရှင်က “ငါဘုရားတို့ကတော့ နည်းပေးရုံသာပေးနိုင်တယ်၊ ဒို့များနည်းပေးတဲ့အတိုင်း ပြုလုပ်ကြမယ်ဆိုရင် ကိလေသာကုန်ရာကို ရောက်နိုင်လိမ့် မယ်” လို့ ဟောတော်မူခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ပြုပြင်ချင်တယ်ဆိုရင်တော့ ဘုရားပေးတဲ့နည်းလမ်းကို ယူကာ ကိုယ်တိုင်ပြုပြင် ရမယ်၊ကျင့်သုံးရမှာဖြစ်တယ်။ ဒါကြောင့်စာချစ်သူများ ကိုယ့်ကိုယ်ကို ချစ်လို့ရှိရင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း တန်ဖိုးရှိတဲ့လူ့ဘ၀ကို ကျော်ဖြတ်ကြပါစို့လို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။
0 comments:
Post a Comment