ကျွန်တော်နားလည်သွားသောအရာ
ဇာတ်လမ်းတစ်ခု ကြားဖူးသည်မှာ အသုဘအခမ်းအနားများ၌ သေဆုံး သူ၏မိသားစုကို တရားနှင့်ဖြေဖို့ အမြဲ သြဝါဒပေးလေ့ရှိသည့် ကျောင်းထိုင် ဆရာတော်တစ်ပါးသည် တစ်နေ့သူ၏ မယ်တော် ကွယ်လွန်သွားသောအခါ ဣနြေ္ဒပျက်လောက်အောင် ရှိုက်ကြီး တငင် ငိုကြွေးသည်ဟုဆို၏။ သို့နှင့် အနီးအနားမှတကာတစ်ဦးက ဆရာ တော်အား သူများအလှည့်တွင် ကိုယ် ကဆုံးမလေ့ရှိသည့်အတိုင်း မိမိအလှည့် တွင်လည်း တရားနှင့်ဖြေဖို့ လျှောက် ကြားလေသည်။ ထိုအခါ ဆရာတော်က ငိုသံကြီးနှင့် ”ဟ ဒါကတော့ ငါ့အမေ ကိုးကွ” ဟူ၍ ပြန်ပြောလိုက်သည်ဆို၏။
ကျွန်တော်နှင့် ကပ်လျက်အိမ် တွင်နေ သည့် အဒေါ်ကြီးသည် နံနက်တိုင်း မင်းကွန်းဆရာတော်ဘုရား၏ အရပ် ဆယ်မျက်နှာမေတ္တာပို့ အခွေကို ကျယ် လောင်စွာဖွင့်ပါသည်။ ထိုအသံသည် ကျွန်တော့်အတွက် နှိုးစက်ဖြစ်သည်။ အဒေါ်ကြီးသည် ပုတီးကို လက်ကမချ တတ်ပါ။ သို့သော် တစ်နေ့သူ့အိမ် တွင်ခိုင်းသည့် ကောင်မလေးအား ဘာမကျေနပ်သည်မသိ။ စောစောစီးစီး နင်ပဲငဆပြော၍ရိုက်လေ၏။ လက်တစ် ဘက်ကပုတီး၊ လက်တစ်ဘက်က တုတ်ကိုကိုင်ထားသော ထိုအမျိုးသမီး သည် ကျွန်တော့်အား ‘မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်’ ဆိုသည့်စကားကို အမှတ်ရစေပါသည်။
”တရားသိတိုင်းတရားရှိတာမဟုတ်ဘူး” ဆိုသည့် အလယ်တန်းကျောင်းသား ဘဝက ဆရာတစ်ဦးပြောဖူးသည့် စကား ကိုအမှတ်ရနေမိပါသည်။ ဆရာနှင့် ကျွန်တော်သည် ရင်းနှီးမှုရှိပြီး အချိန် တော်တော်များများ စကားပြောဆိုဖြစ် သည်။ တစ်နေ့တွင် ကျွန်တော်သည် ကျွန်တော့်မုန့်ဖိုးထဲမှ မည်ရွေ့မည်မျှကို အလှူဒါနပြုလိုက်ကြောင်း၊ ကျွန်တော် ကုသိုလ်တွေ အများကြီးရမည်ထင် ကြောင်း ဆရာ့အား ဝမ်းသာအားရ ပြောပြမိသည်။ ထိုအခါ ဆရာသည် ”ဒါဆိုမင်းအလှူကို ငါသာဓုမခေါ်တော့ ဘူး” ဟု ပြောပါသည်။
ထိုနည်းလည်းကောင်း နတ်ပြည်သို့ ရောက်ချင်၍ ဥပုသ်စောင့်သည်၊ မှတ် ဉာဏ်ကောင်းအောင် တရားရှုမှတ်သည် ဟုပြောတိုင်း ဆရာသည် ထိုနည်းနှင်နှင် ကျွန်တော့်အပြုအမူကို လျစ်လျူပြုပါ သည်။ ကျွန်တော်သည် နားမလည်နိုင် တော့သည့်အဆုံး ဆရာ့အားအကြောင်း ရင်းကိုမေး၏။ ထိုအခါဆရာက ”မင်းဟာက အပေးအယူလုပ်နေတာ ပဲကွ” ဟု ပြောပါသည်။
ဆရာသည် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပါသည်။ သီဟိုဠ်ကျွန်းတွင် တစ်ခါက ကပ်ဆိုက်သဖြင့် လူအများ ဒုက္ခရောက်ကြသည်။ စားရမဲ့သောက်ရ မဲ့ဖြစ်ကြရာ ရဟန်းတော်များလည်း ဆွမ်းအခက်အခဲတွေ့ကြသည်။ ရဟန်း တော်တစ်ပါးသည် ဆွမ်းခံရင်း တစ်ပါး လောက်ရုံ ဆွမ်းအနည်းငယ်ကို ခက် ခက်ခဲခဲရလာခဲ့ သည်။ ဆွမ်းဘုန်းပေးပြီး ကာမှ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေ သည့် ခွေးပိန်လေးတစ်ကောင်ကိုတွေ့ ၏။ သနားကလည်းသနား၊ ဆွမ်းက လည်းစားပြီးဖြစ်နေသဖြင့် နောက်ဆုံး စားပြီးသားဆွမ်းကိုပြန်အန်ထုတ်ပြီး ခွေးကလေးကိုကျွေးလိုက် သည်ဟုဆိုပါ သည်။ ကျွန်တော်သည် သဘောပေါက် သလိုလို ရှိသော်လည်း နဝေတိမ်တောင် ဖြစ်နေပါသည်။ ဆရာ့အာဘော်ကို မိသလိုလိုနှင့် မမိဘူးဖြစ်နေပါသည်။
နှစ်ပေါင်းများစွာ ကြာတော့မှ ကျွန်တော်သည် အမေသေ၍ငိုသည့် ဘုန်းတော်ကြီး၊ ပုတီးကိုင်လျက် ဆဲဆိုနေသော အမျိုးသမီးကြီးနှင့် ဆရာ ပြောခဲ့သော စကားတို့ကို ဆက်စပ်ရင်း ဗုဒ္ဓဟောကြားခဲ့သည့် တရားအနှစ် သာရဆီသို့ ဗုဒ္ဓဘာသာဝင်တိုင်း မရောက်ကြမှန်းကို ဆင်ခြင်မိလေသည်။ ဗုဒ္ဓဟောသည့် ဒါန၊ သီလ၊ ဘာဝနာနှင့် လူအများကျင့်သုံးနေသည့် ဒါန၊ သီလ၊ ဘာဝနာတို့ မည်မျှကွာခြားမှန်း၊ ပိဋကတ်တတ်တိုင်းလည်း မိမိမှာတရား မရှိနိုင်မှန်းကို သဘောပေါက်မိသည်။
ငါမည်မျှစွန့်လွှတ်ပါသနည်း (ဒါန)၊ မကောင်းမှုကိုမည်မျှစက်ဆုပ်သနည်း (သီလ)၊ သစ္စာတရားကို မည်မျှမြတ်နိုး ပါသနည်း (ဘာဝနာ) စသည်ဖြင့် ကိုယ့် ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါသည်။ လာဘ်ရခြင်း-မရခြင်း၊ အခြွေအရံ များခြင်း-နည်းခြင်း၊ ချီးမွမ်းခြင်း-ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း-ဆင်းရဲခြင်း ဆိုသည့် လောကဓံတရားရှစ်ပါးနှင့် ကြုံတိုင်း ငါမည်မျှခံနိုင်ရည်ရှိပါ သနည်းဟု ပြန်ဆန်းစစ်ပါသည်။ ထိုအခါ ကျွန်တော် နားလည်လိုက်တာ တစ်ခုရှိ သည်။ ကျွန်တော်အများကြီး ကြိုးစား ရဦးမည်ဟူ၍ဖြစ်ပါသည်။
0 comments:
Post a Comment