* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, August 16, 2011

လေးလွန်း၍မတွန်းနိုင်ဘူးလား

" ဇွန်ပန်းရုံအနီး နွံထဲ၌လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ လေးလွန်း၍မတွန်းနိုင်ဘူးလား "

ငယ်ငယ်က အတန်းထဲမှာပေါ့ . . . . .။

မူလတန်းကျောင်းသားဘ၀ “က” ကြီး “ခ“ ခွေးတတ်ကာစ အရွယ်က သံပြိုင်ညီညာ သူ ငါ မင်းတို့ အစုံ အသံကုန် အော်ခဲ့ကြဘူးပါသည်။ ဆရာမ ရိုက်မှ စိုး၍ အော်ခဲ့ပါသည်။ အမေဆူမှာ စိုး၍ အော်ခဲ့ပါသည်။ သူ၏အနက် အဓိပ္ပာယ် အနှစ်သာရ အတိမ်အနက်ကို မသိရေးချ မသိခဲ့ပါ။

ခုတော့ လေးဆယ်ကျော် ငါးနှစ်တွင်းမှ ပြန်ဆုံရတယ် ဆိုသလို၊ အနားမှာ အဲဒီ မူလတန်းဖတ်စာ စာအုပ်မရှိပါ။ အဲဒီစာမျိုး ရေးထားတာကို မြင်၍လည်း မဟုတ်ပါ။

ငယ်စဉ်က လည်ချောင်းကွဲ၊ အာခေါင်ပြဲအောင် အော်ခဲ့၍ စွဲမြဲစွာ တင်ကျန်ရစ်ခဲ့တဲ့ နှလုံးသား ထောင့်တစ်နေရာက တိုက်တိုက် ဆိုင်ဆိုင် သတိရလာခဲ့သည် အမှတ်ထင်ထင် ဖြစ်လာသည် “စာ“ အက္ခရာ မပေါ်တော့ သော နှလုံးသားမှ ထိုစာ ထိုကဗျာလေးကို မျက်စိမှိတ်၍ စာကို ကြံ မူလတန်း ပြန်တက်ကြည့်တော့။

သြော် . . . ငါ ခုမှ ကျောင်းပြန်အပ်ရဦးမှာပါလား။

ငါတို့ စာတွေဖတ်ခဲ့၊ ကျက်ခဲ့ကြ၍ အတန်းတွေ အောင်ကြသည် ဘွဲ့တွေရခဲ့ကြသည်။

သို့သော် . . . စာတတ်ခဲ့ကြပါသလား။ ငါတော့ မတတ်ခဲ့ရိုးအမှန် ဒါကြောင့် မူလတန်းပြန်တက် -

ဇွန်ပန်းရုံအနီးကို လေ့လာကြည့်သည် တက္ကသိုလ်ကျောင်းသားမဟုတ် ဘဲ မူလတန်းကျောင်းသား အမြင်နှင့်ကြည့်တော့ ဇွန်ပန်းရုံ လှသည် မွှေးသည် သာယာသည်ပေါ့ . . .။

ဤသာယာလှပ မွေးပြန့်သော ပန်းရုံနားမှာ နွံထဲ၌ ဆို၍ နွံ ရွှံနွံ အလွန် အကျည်းတန်ရုပ်ဆိုး၍ ရွံ့စရာ ကြောက်စရာက ပန်းရုံနှင့် မလိုက်ဖက်စွာ တည်ရှိနေသည်တဲ့ မဖြစ်သင့်ပေ။

ပန်းရုံလေးလည်း လှနေသည် လမ်းစုံလေးလည်း ဖုန်နေသည် ဂွမ်းပုံလေးလည်း မှုန်နေသည် ဆိုမှ လိုက်ဖက်သည်ပေါ့ သြော် . . . ဒါဖြင့်

ပန်းကို ခင်လျက် လမ်းမပြင်ခဲ့တာ ထင်ရှားပြနေသည်မို့ -

ပန်းရုံလှလျက် လမ်းပုံမကျဖြစ်ကာ နွံထဲ၌ လှည်းဘီးကျွံနေသတဲ့လား။

ကိုင်း မျက်စိပြန်ဖွင့် ဘ၀ စာမျက်နှာပြန်ကြည့် ငါတို့ ပတ်ဝန်းကျင် မြတ်နိုး ဖွယ်ရာ ရတနာတွေ ဘုရားရတနာတွေ၊ တရားမြတ်ရတနာ၊ သံဃာမြတ် ရတနာ၊ ရတနာပန်းရုံ၊ ရတနာ ပန်းခင် အလွန်မွှေးပါသည်။ အလွန်လည်း လှပါသည်။ အလွန်သာယာလှပါသည်။ လောက၌ သံသရာ၌ အလွန့်အလွန် တွေ့ရန် ကြုံရန်၊ ဆုံရန် ခက်ခဲလှသည်။ ပန်းရုံ အနားမှာ ငါတို့ ရောက်နေကြ ပါသလား။ ဒီပန်းရုံသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၅၅) ကျော်က လှမြဲ လှနေပါသည်။ လှဆဲ မွှေးဆဲ သာယာဆဲ ပန်းရုံအနီးက တို့လျှောက်တဲ့လမ်း။

ဇွန်ပန်းရုံအနီးမှာတော့ -

ငါတို့ အမျိုး ဘာသာ သာသနာ အတွက် တွန်းနေကြပါသည် မျက်နှာမလွဲနိုင်သူတွေ၊ ခွန်အားပြည့်စုံသူတွေ အစွမ်းရှိတွေ၊ အစွမ်းရှိသူတွေ၊ အလှမ်းမှီသူတွေ၊

တစ်ယောက်ပြီး တစ်ယောက်

တစ်ဖွဲ့ပြီး တစ်ဖွဲ့၊

တစ်ခေတ်ပြီး တစ်ခေတ်၊

တွန်းခဲ့ကြပါ၏

ဆက်၍လည်း တွန်းကြပါလိမ့်မည်။

လောကအလှဆင်လိုသူများ

လှစေလိုသူများ ရှိပါပေ။

ပေမို့ -

” နွံ ထဲ၍ လှည်းဘီးကျွံနေ၏ ”

လူစွမ်းကောင်းများ တစ်ယောက်ပြီး တစ်ယောက်၊

သူတော်ကောင်းတို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့၊

ခေတ်တွေလည်း တစ်ခေတ်ပြီးတစ်ခေတ်

အဆက်မပြတ် မျိုးဆက်မပြတ်

တာဝန်သိခဲ့ကြသည်၊ တာဝန်ယူခဲ့ကြသည်။

အားလုံးလည်း သိသည်၊ အားလုံးလည်း ချိပါပြီ။

သို့သော် . . .

“နွံ ထဲ၍ လှည်းဘီးကျွံနေ၏”

ပန်းရုံရှိသော်လည်း လမ်းက မဖုန်သေး။

လမ်းဖုန်ကြရန်က လှည်းဘီးက မကြွ၊

လှည်းမကြွနိုင်တော့ နွံ မရှင်းနိုင်သေး - မဖို့နိုင်သေး၊

လှည်းကမှ မရွေ့သေးဘဲကိုး . . .။

ကူ၍ တွန်းပေးကြပါ

. . . . . . . . . . .

. . . . . . . . . .။

အို သူတော်ကောင်းတို့ ယနေ့ လောကကို အလှဆင်နိုင်ရန်အတွက် မိမိတို့ ဌာန အသီးသီးကိုယ့်ရပ် ကိုယ်ရွာ ကိုယ့်ဒေသမှာ ကိုယ်စီ နိုင်ရာ တာဝန်ထမ်း လို့ ပန်းရုံနံဘေးက လမ်းစုံဘေးဖုံအောင် ကြိုးစားနေကြသော ပရဟိတ အကျိုးဆောင်တို့ခင်ဗျား -

ပရဟိတ လုပ်ငန်းသည် လောကကို အလှဆင်သော လောကသား အများအကျိုးဆောင်သော၊ အလွန် အဖိုးတန်သောအကျိုးပြုလုပ်ငန်း ဖြစ်ကြောင်း အားလုံး ယုံကြည်သိရှိကြပြီး ဖြစ်သည်ကို ငါတို့ သံသယ ဖြစ်စရာ မရှိပါ။ ပရဟိတ အလုပ်သည် လူစွမ်းကောင်းတို့၏ အလုပ်ပင် ဖြစ်ပေ၏။

လူ ၊ စွမ်း ၊ ကောင်း ဆိုရာ ၌

လူ - လူသားပီသသော - လူ့အကျင့်ဝတ်ကို ကျင့်ဆောင်သော လူ့သီလ စောင့်ထိန်းသူ လူပီသစွာ လူသားတို့အပေါ် တာဝန်ကျေသူ၊ လူသားအကျိုးကို ဆောင်နိုင်သူ

စွမ်း - ကာယ စွမ်းအား၊ ဥာဏစွမ်းအားရှိသူ၊ အကောင်းအဆိုး ခွဲခြားနိုင်သူ၊ အမှားအမှန်ကို ဝေဖန်တတ်သူ၊ အကြောင်းအကျိုးကို ပိုင်းခြားသိသူ၊ အများအကျိုးစီးပွားကို ဆောင်နိုင်သူ၊ ကာကွယ် စောင့်ရှောက်နိုင်သူ၊

ကောင်း - စိတ်ကောင်းရှိသူ၊ ကောင်းသောစိတ်၊ သဘော ထားကြီးကျယ် မြင့်မြတ်သူ၊ စိတ်ဓာတ်ခွန်အား ပြည့်ဝသူ၊ နားလည် ခွင့် လွတ်တတ်သူ၊ သည်းခံနိုင်စွမ်းရှိသူ၊ မဆုတ်နစ်သူ၊ အစဉ်ဖြောင့်မတ်မှု ရှိသူ၊ အများအကျိုးကိုသာ ထာဝစဉ်ဦးစားပေး ရွက်ဆောင်သူ စသည့် လူ၊ စွမ်း၊ ကောင်း တို့၏ အင်္ဂါအရည်အချင်းများဖြင့် ပြည့်စုံသူတို့သာ လျှင်စစ်မှန်သော ပရဟိတ အလုပ်ကို လုပ်ကိုင်နိုင်သူ၊ တစ်နည်းအား ဖြင့် လောကကို လှပစေသူ၊ အနာဂတ်ကို ပုံဖော်သူ၊ မျှော်လင့်ချက်တို့ ရှင်သန်စေသူ ဟူ၍ ခေါ်ဆိုရပေမည်။

ပရဟိတ လုပ်ငန်းမရှိ၊ လူ၊ စွမ်း၊ ကောင်း သူတို့ မရှိသော အရပ်ဒေသ၊ မရှိသော အချိန်သည် မျှော်လင့်ခြင်းကင်းသော အရပ်၊ အကျည်းတန် အရုပ်ဆိုးသော အရပ်၊ အနာဂတ်ပျောက်ဆုံးနေသော သူများသာ ဖြစ်ကြရပေမည်။

ထို့ကြောင့် ကမ္ဘာတည်စတွင် နတ်ဗြဟ္မာတို့သည် ကြာပန်း အတွင်းမှ ပရိက္ခရာတို့ကို ရှာဖွေကြကုန်၏။ ပရိက္ခရာတစ်စုံတွေ့က ဘုရားတစ်ဆူ၊ ပရိက္ခရာ ငါးစုံတွေ့က ဘုရားငါးဆူ ပွင့်မည်ဟူ၍ အလွန် ၀မ်းမြောက်ကြပေ၏။ ပရိက္ခရာ တစ်စုံမှ မတွေ့သော ကမ္ဘာ၌ကား - အချည်းအနှီး သုညကမ္ဘာဟူ၍ နတ်ဗြဟ္မာများ ပြင်းစွာ ပူဆွေး ငိုကြွေး ကြကုန်၏။

သုည ကမ္ဘာဟူသည် - ကုသိုလ်တရားကို ဆိတ်သုဉ်းကမ္ဘာ၊ သံသရာ လွတ်လမ်း ပျောက်ဆုံးသော ကမ္ဘာ၊ ပညာမဲ့ ကမ္ဘာ၊ အနာဂတ် မျှော်လင့်ချက် မဲ့စေသော ကမ္ဘဟု ဆိုပေသည်။

အနာဂတ်ကို ပြခဲ့သူ မျှော်လင့်ခြင်းတို့ ရှင်သန်စေသူ လောကကို လှပ စေခဲ့သူ မြတ်စွာဘုရားရှင်သည် ဘုရားလောင်းတော် အဖြစ် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ဗျာဒိတ်တော်ကို ခံယူနိုင်ရန်(သို့မဟုတ်) လောကကို အလှဆင်နိုင်သူအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူနိုင်ရန် အတွက် ရှေးမဆွမရေ မတွက်နိုင်သော ကာလ ဘ၀များစွာကပင် . . .။

ဤရွေ့ ဤမျှ ဟု ရေတွက်မှတ်သားခြင်းငှာ မတတ်ရာသော မဟာကပ် ပေါင်း ခုနစ်သင်္ချေအတွင်း ပွင့်တော်မူသော ဘုရားပေါင်း တစ်သိန်းနှစ် သောင်းငါးထောင်သော ဘုရားရှင်တို့အား ဖူးတွေ့၍ အဆုံးအမနာယူ အားကျ၍ စိတ်တွင်းကြံဆောင်ကာ ပါရမီတော် ဆယ်ပါးနှင့် စွန့်ခြင်းကြီး ငါးဖြာတို့ကို စတင်၍ ပရဟိတ စတော်မူခဲ့ပေ၏။

ထို့နောက် မဟာကပ်ကမ္ဘာပေါင်း ကိုးအသင်္ချေအထက်၌ ပွင့်တော်မူ သော လောက၏ အလှဆင်သူ သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ကုန် သော ဘုရားရှင်တို့၏ ထံတော်မှောက်၌ စိတ်မှ ပြည့်လျှံ နှုတ်က အံ့၍ ဖန်ဖန်ဝပ်တွား ဆန္ဒပွား၍ ဆယ်ပါးသော ပါရမီ၊ အပြားသုံးလီနှင့် ငါးသွယ်သော ပရိစ္စာဂ အကျင့်မြတ်ကို တိုး၍ စွန့်လွတ် ကျင့်ဆောင် တော်မူခဲ့၍ ပါရမီရင့်လာ သုမေဓာ ဘ၀ရောက်တော်မူခဲ့ရလေသည်။

သုမေဓာ ပညာရှိသည် ရှေ့ကဖြည့်ကျင့်လာသော ပါရမီတော်ကြောင့် မြင့်မြတ်လာသူပီပီ ရရှိလာသော ပညာရှိတို့ စက်ဆုပ်သော ပညာမဲ့များ သူယုတ်မာများ လွန်စွာ မြတ်နိုးတန်ဖိုးထားအပ်သော ကုဋေများစွာ သော ပစ္စည်းဥစ္စာတို့နှင့်တကွ ဂုဏ်ပါဝါတို့အား ငဲ့ကွက်ခြင်းမရှိ စွန့်ပစ် တော်မူ၍ လောကမှ လွတ်မြောက်ရာ လမ်းရှာထွက်တော်မူရာ ပါရမီရှင် ပီပီ ရသေ့ဘ၀ တန်ခိုးအဘိဥာဏ် ပြည့်စုံကာ ရင့်ကျက်သော သီလ၊ သမာဓိ၊ ပညတို့နှင့် အဆင်သင့်ဖြစ်ခိုက်မှာမှ ဒီပင်္ကရာ ဘုရားရှင်အား အကြောင်းဆိုက်ဆိုက် ဦးခိုက်ရစဉ် မိမိ၏ ပါရမီဓာတ် ပညာရပ်ကြောင့် ဘုရားစစ်စစ် ဧကန်ဖြစ်သည်ကို ဖူးတွေ့နေရမှန်းလည်း မုချပိုင်ပိုင် သိလေ၏။ ထို့ပြင် ထိုဘုရားရှင်ထံမှ သစ္စာလေးအင် တရားမြတ်အစဉ် ကို နာကြားရသည်နှင့် ဧကန် ထိုခဏ နိဗ္ဗာန်ရ၍ သူရှာဖွေရာ ပန်းတိုင်ရ နိုင်သည်ကိုလည်း သံသယမရှိ အထူးပင် သိ၏။

သို့သော် . . . တစ်ယောက်တည်းတော့၊

နစ်နေသော လှည်း၊

ကျွံနေသော နွံ၊

လမ်းပျက်ကို ရှောင်၍ ပန်းခက်ကိုချည်း မဆောင်လို၊

ဘုရားဆုသာ ပန်လေ၏။

ထိုအချိန်မှ ရှေ့သွား ဘုရားရှင်တို့ လမ်းပေါ်ရောက်၍ လူ၊ စွမ်း၊ ကောင်းတို့ စာရင်းသို့ ဒီပင်္ကရာမြတ် ဘုရားမှ သွတ်သွင်းပေးတော်မူခဲ့ လေ၏။ ထိုအချိန်မှ စ၍ လေးအသင်္ချေနှင့် တစ်သိန်းသော ကမ္ဘာတိုင် အောင် ဘုရားအလောင်းတော်သည်။

လောကတ္ထ စရိယံ၊

ဥာတ္ထ စရိယံ၊

ဗုဒ္ဓတ္ထ စရိယံ၊

၁။ လောအကျိုးစီးပွားကို ဦးဆောင်ကျင့်ဆောင်တော်မူခြင်း စ၍

၂။` အဆွေမျိုးများကို အကျိုးစီးပွားကို ကျင့်ဆောင်တော်မူခြင်း အလယ်

၃။ ဘုရားဖြစ်ခြင်း အကျိုး အဆုံး သုံးပါးသော ကျင့်စဉ်တို့နှင့် ပါရမီ ဆယ်ပါးအပြားသုံးဆယ် စွန့်ခြင်းကြီး (၅) ပါးတို့အား စွန့်လွတ်၍ ပရဟိတ လုပ်ငန်းကြီးကို တစ်စိုက်မတ်မတ် မပြတ်မလပ် မဆုတ်မနစ် ရွက်ဆောင်တော်မူခဲ့ပေ၏။

သုမေဓာ မှ သည် သိဒ္ဓတ္ထ ဘ၀တိုင်အောင် ဘုရားအလောင်းတော် သည် ဖြစ်ဖြစ်လေရာ ဘ၀တို့၌ လောကအကျိုးကို ရွက်ဆောင်တော်မူ ခဲ့ပေ၏။

သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား၏ နှုတ်တော်မှ ဗျာဒိတ်စကား မြွက်ကြားသည်ကို ကြားနာ၍ ဘုရားရှင်နှင့် နောက်ပါ သံဃာတစ်သိန်းတို့ ကြွသွားပြီးနောက် ၀ပ်လျားမှောက်နေရာ ဗွက်အိုင် မှ ထ၍ ထိုင်ကာ ထက်ဝယ်ဖွဲ့ခွေ၍ ချက်ခြင်း စဉ်းစားခန်းဝင်ခဲ့သည်မှာ ဘုရားဖြစ်ရန် ဘာတွေ လုပ်ရမည်နည်း။ ပညရှိပီပီ ထင်လင်းစွာ မြင်ပေ ၏။ လောကအကျိုးဆောင်လို၍ ဘုရားဖြစ်ချင်သည့် ဘုရားဖြစ်ရန် လည်း လောကအကျိုးဆောင်မှ ဘုရားဖြစ်ပေမည်။ လောကအကျိုးကို ဆောင်မှ လောက၀ိဒူ မည်ပေမည်။

ဆိုသည်ကို ကောင်းမွန် ပိုင်နိုင်စွာ မြင်၍ လုပ်ငန်းစဉ်ကို ဝေဖန်ရာ -

၁။ ဒါနပါရမီ - ဟူသော စွန့်ကြဲပေးတော်လှူဒါန်းခြင်း၊

၂။ သီလပါရမီ - ၅ ပါး၊ ၈ ပါး၊ ၁၀ ပါးစသော ဆိုင်ရာ သီလ များကို စောင့်ထိန်းခြင်း၊

၃။ နေက္ခမ္မပါရမီ - စည်းစိမ်၊ ဥစ္စာဂုဏ်ပါဝါတို့အား စွန့်လွတ် ခြင်း။

၎။ ပညာပါရမီ - အရာရာကို တတ်သိနားလည်ခြင်း။

၅။ ၀ီရိယပါရမီ - ကုသိုလ်ကိစ္စ - လောကအကျိုး ဆွေမျိုးတို့ အကျိုး စီးပွားကိစ္စတို့ကို မကြောက်မရွံ့ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်း။

၆။ ခန္တီ ပါရမီ - လောကအကျိုး အများအကျိုးအတွက် အမျိုးမျိုး သော လောကဓံ အတိုက်အခိုက် အထုအထောင်းတို့ကို သည်းခံခြင်း၊ နောက်မဆုတ်ခြင်း။

၇။ သစ္စာပါရမီ - အမြဲမှန်ကန်ဖြောင့်မတ်စွာ မယိမ်းမယိုင် ဖြောင့် မှန်ကန်ခြင်း။

၈။ အဓိဋ္ဌာန်ပါရမီ - မိမိရည်မှန်းရာ ပန်းတိုင်လမ်းဆုံးအထိ ပြီး မြောက်အောင် စွဲမြဲစွာ အောင်မြင်အောင် ဆောင်ရွက်ဆောင်ခြင်း။

၉။ မေတ္တာပါရမီ - သတ္တ၀ါများအပေါ် ချစ်ခင်သောအားဖြင့် အစဉ် ကောင်းကျိုးကို လိုလားခြင်း။

၁၀။ ဥပေက္ခာပါရမီ - မုန်းသူမထား ချစ်သူမရှိပဲ လောကအကျိုးကို သာ တစ်တန်းတည်းရှေ့ရှုခြင်း။

( ပုဂ္ဂလဓိဋ္ဌာန် မပါ ဓမ္မဓိဋ္ဌာန်သာ ဆောင်၏)

စသည်ဖြင့် (၁၀) ပါးသော ပါရမီအမှုကိစ္စတို့ကို မြင်တော်မူ၍ ထိုမှ တစ်ဖန် ဤ(၁၀)ပါး၌ သာမာန်ဖြည့်ကျင့်မှုကို ပါရမီဟု ခေါ်၍ မျက်စိ၊ နား၊ နှာ - ကိုယ်အင်္ဂါအစိတ်အပိုင်း မိမိ၏ ခန္ဓာကို မငဲ့မကွက် ဖြည့်ကျင့် မူကို ဥပပါရမီ (၁၀)ပါးဖြစ်၍ မိမိအသက်ကိုပင် မငဲ့ကွက်တော့ပဲ အသက်ပါ စွန့်ရန်ဖြည့်ကျင့်ခြင်းကို ပရမတ္ထပါရမီ(၁၀) ပါးသုံးလီပါရမီတို့ ကို ဖြည့်ကျင့်ရမည်ကို ထင်ထင်ရှားရှား သိမြင်ပြီး ငါးပါးသော စွန့်ခြင်း တို့ကိုပါ မြင်၏ ထိုလျှောက်ရမည့်လမ်းအတွက် အလောင်းတော်သည် ဤ (၁၀)ပါး (၃)လီနှင့် ငါးလီသော စွန့်ခြင်းပင်မက ဓားတောင်ကို ကျော်ရမည့် မီးပင်လယ်ကို ဖြတ်ရ ဖြတ်ရ ငါသည် ဖြစ်အောင် လုပ်မည် နောက်မဆုတ်ဟူ၍ ရဲဝံ့ပြတ်သားစွာ နွံအိုင်တွင်းမှာ တစ်ထိုင်တည်းနှင့် ဆုံးဖြတ်တော်မူခဲ့ပေ၏။

ဆုံးဖြတ်တော်မူခဲ့သည့်အတိုင်း အလောင်းတော်ဘ၀ ပေးလှူခဲ့သော လောကီစည်းစိမ်၏ ကာမဂုဏ် ပစ္စည်းဥစ္စာများကို အသာထား၍ မျက်လုံးတို့အား ကိုယ်တိုင်ဖောက်၍ လှူခဲ့သည်ကား ညအခါ ကောင်းကင်တွင် မြင်ရသော တိမ်သလ္လာကင်းသော ကြယ်စုံည၏ ကြယ်တာရာ အရေအတွက်မက များစွာသာလွန်၍လည်းကောင်း၊ ဖောက်၍ လှူခဲ့သော အသွေးတော်တို့ကား ယူဇနာ (၂၄၀၀၀) အနက် ဆောင်သော မဟာသမုဒ္ဒရာ (၄)စင်း မကပေ။

ဖြစ်လေရာ ဘ၀များမှာ လောကအကျိုး အမျိုးအနွယ်တို့၏ အကျိုးကို ရွက်ဆောင်တော်မူခဲ့ပေသည်။ လူမင်း၊ နတ်မင်း အစရှိသော မြင့်မြတ် သော ဘ၀တို့ကို မဆိုထားနှင့် ယုတ်နိမ့်သော တိရိစ္ဆာန် ဘ၀တို့ကို မဆိုထားနှင့် ခြင်္သေ့မင်းဖြစ်စဉ် ခြင်္သေ့များနှင့် တောနေ သတ္တ၀ါများ အကျိုးကိုလည်းကောင်း၊ သမင်ဘ၀ရောက်စဉ် သမင်မျိုးနွယ်တို့အား လည်းကောင်း၊ ခွေးဘ၀ရောက်စဉ် ခွေမျိုးနွယ်တို့အား လည်းကောင်း၊ မျောက်ဖြစ်စဉ် မျောက်မျိုးနွယ်တို့အား လည်းကောင်း၊ မိမိအသက်ကို ပင် စွန့်လွတ်၍ကယ်တင်တော်မူခဲ့သည်။ အကျိုးဆောင် တော်မူခဲ့ပေ၏ ထိုမျှမကသေးတို့ကို တိရိစ္ဆာန်ဘ၀များ၌ ရင်ဆိုင်ဖြေရှင်းရသော လူမင်းတို့အား မိမိမျိုးနွယ်တို့အား ကယ်တင်ရင်း တရားလမ်းပြ၍ ရှင်ဘုရင်အား သီလစောင့်ထိန်းစေကာ လောက အသက်ရှိ သတ္တ၀ါများ အတွက်ပါ ဘေးမဲ့ဖြစ်အောင် အကျိုးဆောင်ခဲ့သည်များကို ကြည့်ခြင်းဖြင့် -

မြတ်စွာဘုရားအလောင်းတော်သည် လောကတ္ထစရိယံ - လောကအကျိုးဆောင်ရွက်ခြင်း၊ ဥာတတ္ထစရိယ - အမျိုးအနွယ်တို့၏ အကျိုးကို ဆောင်ရွက်ခြင်း၊ အစရှိသော ပရဟိတ လုပ်ငန်းများကို ရွက် ဆောင်ရင်း ၄င်း၏ဗုဒ္ဓတ္ထစရိယံ ရင့်ကျက်လာပေသည်၊ ပြည့်စုံ၍ လာပေ သည်။

ပါရမီတော်အစုံ ပြည့်စုံတော်မူ၍ ဘုရားအဖြစ်သို့ ဗောဓိပင်နှင့် ရွှေပုလ္လင်တော်ပေါ်၌ အောင်မြင်တော် မူသည်ဖြစ်၍ ဗုဒ္ဓအဖြစ်သို့ အရယူခြင်းသည်ပင်လျှင် လောကအကျိုး အဆွေအမျိုးတို့၏ အကျိုး စီးပွားကို အစွမ်းကုန်ဆောင်ရွက်နိုင်ရန်သာလျှင် ပဓာနကိစ္စပင် မဟုတ် ပါလော့။

ဒါ့ကြောင့် ဘုရားဖြစ်ပြီး လောကကို ကယ်တင်နိုင်ရန် ဗုဒ္ဓ စက္ခု ဟု ဆိုအပ်သော ဘုရားရှင်တို့၏ အမြင်နှင့် ကြည့်မြင်တော်မူသောအခါ ၌ကား နွံအိုင်ထဲထိုင်၍ တစ်ထိုင်တည်း ဆုံးဖြတ်ခဲ့သော သုမေဓာ၊ အမြင်လောက်မလွယ်ကူမှန်းသိလိုက်ရ၍ ဘုရားဖြစ်ပြီး တရားမဟော ရန် ဆုံးဖြတ်တော်မူရှာပေ၏။

သရဏဂုံ ပန်းရုံနံဘေး နက်ရှိုင်း ထူထပ်သော ကိလေသာနွံအိုင် တွင်းက မလူးမလွန့်သော နစ်နေသော လှည်းအိုနှင့် ခွန်အား ချိနဲ့နေ ကြသော မှိုင်တွေနေသော သူတို့အား ကြည့်တော်မူ၍ -

လေးလွန်း၍ မတွန်းနိုင်ဘူးလား . . .။

ဗုဒ္ဓကိုယ်တော်တိုင်ပင် အရှုံးပေးရတော့မယောင်၊ အရှုံးပေးတော့ မယောင် ဖြစ်တော်မူရရှာပေ၏။ သဟမ္ပဗြဟ္မာကြီးဆင်း၍ တောင်းပန် ခြင်း အကြောင်းပြ၍ ဥာဏ်တော်စွမ်းပကားဖြင့် နည်းလမ်း ရှာကာ အင်အားရှာဖို့ မိဂဒါဝုန်သို့ ကြွ ပဉ္စ၀ဂ္ဂီတို့မှ ဘဒ္ဒ၀ဂ္ဂီ အစချီ၍ သံဃအဖွဲ့ အစည်းကြီး စတင် ထူထောင်စုဆောင်းတော်မူခဲ့ပေ၏။

ပိုက်ကွန်ကြီးတစ်ခုတွင်း ပိတ်မိကြရှာသော ငုံးငှက်လေးများအား အလောင်းတော် ငုံးမင်းကယ်တင်ခြင်းသို့ -

အစာရှာရင်း ပျော်ရွှင်မြူး၍မေ့လျော့နေသော ငုံးငှက်ငယ်တစ် သိုက်အပေါ်သို့ ငှက်ခက်မုဆိုး ရက်စက်စွာသော ပိုက်ကွန်ကြီး အုပ်မိုး လာပေသောအခါ ငှက်ငယ်များ ကွက်ချက်မိပြီဟု သိ၍ လွန်စွာ ကြောက်လန့်ကြပြီး တစ်ကောင် တစ်မျိုး အတင်းတိုး၍ လွတ်ရေး ရုန်း ကန် စွမ်းသမျှ လှန်ကြရှာသော်လည်း ကွန်ကားမလှုပ်အားသာ ယုတ်၍ ဟန်ချက်မညီ အားမပီ၍ အစွမ်းမရှိ လမ်းမသိ ဖြစ်နေကြချိန်တွင် အလောင်းတော်သည် မျှော်ခေါ်ချင့်တွက် လမ်းအတွက် နှိုးဆော် ရရှာ ပေသည်။

ငှက်များ အားလုံးအား စုဝေါး ငြိမ်သက်စေ၍ လွတ်မြောက်ရေး လမ်းစဉ်ကို အစီအစဉ်တကျ သွန်သင်ပြရန် လားရာတစ်စု ပန်းတိုင် တစ်ခုတည်းကို တစ်စုတစ်ဝေးတည်း၊ ညီညာဟန်ချက်နှင့် ပြိုင်တူရုန်း ထွက်မှ ကွန်ချက်လွတ်မည့်အကြောင်း ကောင်းစွာ သွန်သင်ပြရရှာပေ သည်။ ငှက်ငယ်လေးများ တစ်ကောင်ခြင်း စွမ်းကြပါသည်။

သို့သော် တစ်ကောင်တည်း အစွမ်းနှင့်တော့ ပိုက်ကွက်က မလှုပ်၊ တစ်ဖွဲ့ခြင်းလည်း စွမ်းကြပါသည်။ တစ်ဖွဲ့ခြင်းအစွမ်းနှင့်လည်း ပိုက်က မဖြန် သင်တို့သာ အားကုန်၍ မကြာခင် မုဆိုးမရဏတွင်း သက်ဆင်းကြရပေတော့သည်။

ဒါ့ကြောင့် ဘုရားအလောင်းတော် ငုံးမင်းသည်နည်းလမ်းသိ၍ စည်းကမ်းရှိစွာနှင့် ပြိုင်တူညီညာ ရုန်းကန်ပါဟု နှိုးဆော်အချက်ပေး၍ ပြိုင်ထူထ၍ ပျံကြမှ ပိုက်ကွန်သည် ကောင်းကင်သို့ ငှက်အုပ်နှင့်တကွ ပါလာပြီး လုံလောက်သော အမြင်ရောက်မှ အတူ ရုန်းထွက်၍ ငှက်ငယ် အားလုံး မရဏမင်း၊ မုဆိုးတွင်းမှ လွတ်မြောက်ခဲ့သည် သာမကကို နှလုံးမူ၍ -

သူတော်ကောင်းတို့ . . . . .

ဗုဒ္ဓသာသနာအကျိုးဆောင် သုမင်္ဂလာအဖွဲ့ကြီးအား

၁။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ထူထောင်ပြီး ဗုဒ္ဓတက္ကသိုလ်များအား အရှည်တည်တံ့၍ ပြည့်စုံအဆင့်မှီသော တက္ကသိုလ်များ အဖြစ်ထောက် ပံ့ရန်။

၂။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဓွန်ရှည် တည်တံ့ ပြန့်ပွားရန်။

၃။ ပရိယတ္တိစာပေ - သင်ကြားပို့ချသူ - လိုက်စားသူများအား လို အပ်သည်များ ထောက်ပံ့နိုင်ရန်။

၎။ ဗုဒ္ဓဘာသာရေး အသိများအား ကလေးသူငယ်အရွယ်မှ အရွယ် မရောက်သူများအထိ မပြတ်ထိတွေ့ သင်ယူနိုင်စေရန်။

၅။ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပညာပေးလုပ် ငန်းများ ရွက်ဆောင်ရန်။

၆။ ကျောင်းနေရွယ်တိုင်း ပညာအခမဲ့သင်ယူနိုင်ရန်။

၇။ ကံအရေးမလှ၍ မရှိနွမ်းပါးသူများအား ကျန်းမာရေး ကူညီစောင့် ရှောက်ပေးနိုင်ရန်။

၈။ ရှေ့ လူ၊ စွမ်း၊ ကောင်း တို့ စွမ်းဆောင်ခဲ့သော အခမဲ့ ကုသိုလ် ဖြစ် ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အား အဓွန့်ရှည်တည်တံ့နိုင်ရေး ထောက်ပံ့ပေးရန်။

၉။ နယ်လှည့်ကျန်းမာရေး ဆောင်ရွက်မှုများနှင့် ကျန်းမာရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၁၀။ သဘာဝဘေးဒဏ်ခံ ဒေသများသို့ အလျင်အမြန် ကူညီဆောင် ရွက်နိုင်ရေး၊ အထူး ရံပုံငွေများ အရေးပေါ် ရံပုံငွေများထားရှိရန်။

၁၁။ ပရဟိတလုပ်ငန်းခြင်း အပြန်အလှန် နားလည်မှု ရယူရန်နှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန်။

၁၂။ သဘာဝဘေးပတ်ဝန်ကျင် ထိန်းသိမ်းစောင့်ရှောက်ရန်။

၁၃။ အမျိုးဘာသာ သာသနာအနာဂတ်တွင် မျိုးဆက်သစ်များ မျိုးဆက်ကောင်းများဖြင့် လှပတင့်တယ်ရစ်ကြစေရန် ငါတို့အားလုံးမှ တာဝန်ရှိကြပါသည်။ လောကအလှအတွက် တစ်မြို့ တစ်နယ် တစ်မိသားစုတည်းနှင့် မပြည့်စုံ မလှပ မတင့်တယ်နိုင်ပါ။ မိဘထက် တော်သော သားသမီးများနှင့် ဆရာထက်အဆင့်အတန်းမြင့်သော တပည့်များအဖြစ် မွေးမြူပြုစုပေးနိုင်မှ ငါတို့ လူမျိုးငါတို့ သာသနာ ငါတို့ နိုင်ငံ သာယာလှပ အေးချမ်းပါလိမ့်မည်။

သာသနာ့တစ်ရပ်လုံး

တစ်မျိုးသားလုံး

တစ်နိုင်ငံလုံး - အနာဂတ်ရေး . . . ပေမို့

လေးလွန်း၍ မတွန်းနိုင်ဘူးလား

…………………………………….

ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့

နံသာသင်းကြိုင်

စုံနံသာမြိုင်ကို

၂-၉-၂၀၁၁ - အရောက်ကြွ

သုမင်္ဂလ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP