* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, August 5, 2011

လမြတ်ဝါဆို

ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သော လ ဖြစ်၏။ ၀ါဆိုလပြည့်နေ့မှာ ဘုရားအလောင်း တော်သည် နတ်ဗြဟ္မာ အပေါင်းတို့ တောင်းပန်မှုကြောင့် မယ်တော်၏ ၀မ်း၌ ပဋိသန္ဓေ နေတော်မူခဲ့၏။ အိုနာသေရေး ဒုက္ခဘေးတို့မှ ကင်းလွတ်ရာဖြစ်သော တရားထူးကိုရှာရန် တောထွက်တော်မူခဲ့၏။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦး အမှူးပြုသော နတ်ဗြဟ္မာ အပေါင်းတို့အား ဓမ္မစကြာ တရားဦးကို ဟောတော်မူခဲ့၏။ ထို့ကြောင့် ‘’သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို’’ဟု အဆိုရှိခဲ့ပေ သည်။ ဘုရားရှင်၏ တပည့်သား သံဃာတော်များသည် ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ ၀ါဆိုဝါကပ်ကြ၍ ဗုဒ္ဓတရားတော်များကို သင်ယူပို့ချ ဟောပြခြင်း ပရိယတ္တိ၊ ကိုယ်တိုင်ကျင့်ပွါး အားထုတ်ခြင်း ပဋိပတ္တိတို့ကို ပြုလုပ်ကြ၏။ ထို့အတူပင် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည်လည်း ဗုဒ္ဓ ဓမ္မ သံဃာ့ဂုဏ်ကို အာရုံ ပြုကာ ဒါန သီလ ဘာဝနာ အလုပ် အားထုတ်လျက် ကုသိုလ်တရား ပွားများကြရပေ၏။
ဝါဆိုသင်္ကန်း ကပ်လှူဒါန်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် အထူးသဖြင့် ၀ါတွင်းကာလမှာပင် ဥပုသ်သီတင်း ဆောက် တည်ကြခြင်း၊ ဗုဒ္ဓဂုဏ်တော်များပွားများခြင်း၊ ဆွမ်းတော် ပန်းတော် ရေချမ်းတော်တို့ဖြင့် ကပ်လှူ ပူဇော်ကြခြင်း၊ မြတ်စွာဘုရား ပဌမဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစကြာပါဠိတော်တို့ကို ရွတ်ဆိုပူဇော် ကြခြင်း၊ သံဃာတော် အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းကြခြင်း၊ တရားတော်များ နာယူကြခြင်း စသော ကုသိုလ်ကောင်းမှု မျိုးစုံတို့ကို ပြုခွင့်ရကြပေသည်။ အထူးသဖြင့် ၀ါဆိုဝါကပ်ကြသော သံဃာတော် များကို ‘’သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ ဣမံ ၀ဿဝါသိကစီဝရံ သံဃဿ ဒေမ’’ - တပည့်တော်တို့ သည် သံသရာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်း အကျိုးငှါ ဤ၀ါဆိုသင်္ကန်းကို သံဃာတော် အရှင်မြတ်တို့ အား ဆက်ကပ်လှူဒါန်းကြပါကုန်၏၊ ဟု ရွတ်ဆိုကာ လှူဒါန်းကြသည်။
ဝါဆိုသင်္ကန်းဟူသည် ၀ါတွင်းကာလမှာ ဖြစ်စေ၊ ၀ါဆိုခါနီး ကာလမှာဖြစ်စေ ကျောင်းတိုက်တစ်တိုက် သို့မဟုတ် နေရာ တနေရာ၌ ၀ါဆိုဝါကပ်ကြသော သံဃာများအား လှူဒါန်းအပ်သော သင်္ကန်းဖြစ်၏။ သံဃာတော် အရှင်မြတ်များသည် ဘုရားရှင်၏ အမိန့်တော်အရ ၀ါတွင်းသုံးလ မိုးကာလ၀ယ် အရပ်ဒေသ အသီးသီးသို့ ခရီးမသွားရတော့ဘဲ တနေရာတည်းမှာ သီတင်းသုံး၍ ပရိယတ် ပဋိပတ်တရားများကို အားထုတ်ကြရ၏။ ဤကဲ့သို့ အားထုတ်ကြသော သံဃာတော်များအား မိမိတို့ လှူအပ်သော သင်္ကန်းကို ၀တ်ရုံ သုံးစွဲကာ အားထုတ်နိုင်ကြပါစေဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းကြခြင်းဖြစ်၏။
သင်္ကန်းလှူရ ကျိုးဖလကား
ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းသည် ဘယ်လိုအကျိုးထူးများ ရနိုင်ပါသနည်းဟု မေးကြပါ၏။ အမှန်မှာ ၀ါဆိုသင်္ကန်းပဲဖြစ်စေ ရိုးရိုးသင်္ကန်းပဲဖြစ်စေ လှူဒါန်းကြရခြင်းသည် ထူးမြတ်သော အကျိုးရှိပေ၏။ သင်္ကန်း သည် အရဟတ္တဓဇ - ရဟန္တာအရှင်မြတ်များ၏ အောင်လံ တံခွန်သဖွယ် ဖြစ်သော ပစ္စည်းဖြစ်၏။ ပုဂ္ဂိုလ် တဦးတယောက်သည် လူဝတ်ကြောင်ဘ၀ဖြင့် တရားထူးရကာ ရဟန္တာဖြစ်သွားပါလျှင် လူဘ၀ဖြင့် ဆက်လက် မတည်နိုင်ပါ။ သင်္ကန်းဝတ်ဖြင့် နေမှသာလျှင် ဆက်လက်အသက်ရှင်နိုင်ပါ၏။ သို့မဟုတ်လျှင် ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရတော့၏။ ရဟန္တာဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံရသည်တော့မဟုတ်ပါ ရဟန္တာ၏ မြင့်မြတ်သောဂုဏ်ကို လူဝတ်ကြောင် (လူ့အ၀တ်) က မထိန်းနိုင်သောကြောင့်သာဖြစ်ပေသည်။
ရဟန္တာ၏ မြင့်မြတ်သောဂုဏ်ကို ထိန်းပေးနိုင်သော အရဟတ္တဓဇ ရဟန်းတော်တို့၏ အောင်လံသဖွယ်ဖြစ် သော မြတ်သောသင်္ကန်း၊ ထိုသင်္ကန်းကို မိမိတို့ကိုယ်တိုင် လှူဒါန်းကြရခြင်းသည် ထူးမြတ်သော ကောင်းသော အကျိုးကို ရရှိနိုင်၏။ သင်္ကန်းဟူသော လှူဘွယ်ပစ္စည်းသည် သာသနာတော်နှင့်ကြုံမှ လှူခွင့် ရသော ပစ္စည်းဖြစ်။ သာသနာပ အခါကာလများ၌ လှူခွင့်မရနိုင်ပါ။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်စေ၊ ကထိန်သင်္ကန်းဖြစ်စေ၊ ရိုးရိုးသင်္ကန်းပဲဖြစ်စေ သာသနာတော်ကြီးနှင့် တွေ့ကြုံရခိုက် လှူဒါန်းထိုက်လှပေ သည်။
သင်္ကန်းလှူဒါန်းရကျိုးနှင့်စပ်၍ ဓမ္မပဒအဋ္ဌကထာ၌လည်း တိုက်ရိုက်ပြဆိုထားပါသေးသည် ‘’ဣတ္ထီနံ ဟိ စီဝရဒါနံ မဟာလတာ ပသာဓနဘဏ္ဍေန မတ္ထကံ ပပ္ပေါတိ၊ ပုရိသာနံ ဣဒ္ဓိမယ ပတ္တစီဝရေနာတိ’’ - သင်္ကန်း အလှူသည် အမျိုးသမီးများအတွက် မဟာလတာ တန်ဆာအထူးကို ၀တ်ဆင်သုံးစွဲရခြင်းဖြင့် ထူးမြတ်သော အကျိုးကို ရ၍ အမျိုးသားများ အတွက်မူ နောက်နောင်သာသနာတွင် ဘုရားရှင်က ဧဟိ ဘိက္ခု ခေါ်ဆိုလိုက်သည်နှင့် ၀ါတော်ခြောက်ဆယ်ရသော မဟာထေရ်ကြီးကဲ့သို့ တန်ခိုးဖြင့်ပြီးသော သင်္ကန်းပရိက္ခ ရာ စုံလင်စွာဖြင့် အာသဝေါကုန်ခန်း ရဟန်းအဖြစ်သို့ ရောက်ရလေ၏။ ဘုရားရှင်တို့သည် သင်္ကန်းလှူခဲ့ဘူး သော ကုသိုလ်ရှင်များကိုသာ ဧဟိ ဘိက္ခု ခေါ်တော်မူကြ၏။ အမှန်မှာ မိမိသင်္ကန်းလှူခဲ့သော ကုသိုလ်ထူး၏ အကျိုးဆက်ကြောင့် သင်္ကန်းရှာနေစရာ မလိုတော့ဘဲ တန်ခိုးဖြင့်ပြီးသော သင်္ကန်းကိုသာ ၀တ်ရုံသုံးစွဲရလေ တော့၏။
မဟာလတာ တန်ဆာ
မဟာလတာတန်ဆာဟူသည် အမျိုးသမီးများ ၀တ်ဆင်ရသော အ၀တ်တန်ဆာတမျိုးပင်ဖြစ်၏။ သင်္ကန်း လှူခဲ့ဘူးသော ဘုန်းကံရှိသူ အမျိုးသမီးများသာ ၀တ်ဆင်သုံးစွဲနိုင်၏။ ဗုဒ္ဓခေတ်ကာလအချိန်၌ ထိုတန်ဆာမျိုးဝတ်ဆင်နိုင်သူ သုံးဦးသာ ရှိ၏။ ထိုသုံးဦးမှာ ၁။ ကျောင်းအမကြီး ၀ိသာခါ၊ ၂။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာနှင့် ၃။ ဗာရာဏသီသူဌေးသမီးတို့ဖြစ်၏။ ၀ိသာခါ၏ဖခင် ဓနဉ္စယသူဌေး ကြီးသည် သမီးအတွက် မဟာလတာတန်ဆာအထူးကို ပြုလုပ်စေရာ ရွှေပန်းတိမ်သည် ငါးရာတို့ဖြင့် လေးလကြာအောင် ပြုလုပ်ရလေ၏။ ပြုလုပ်ရန်အတွက် နီးမြန်းသော ရွှေစင်တစ်ထောင်၊ ထိုရွှေစင်နှင့် သင့် လျော်သော ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာ၊ စိန် စသော ပစ္စည်းများ ပေးရ၏။ အချိန်အဆကို ရေတွက်သော် စိန် လေးကွမ်းစား၊ သန္တာသုံးဆယ့်နှစ်ကွမ်းစား၊ ပတ္တမြားသုံးဆယ့်သုံးကွမ်းစားနှင့် အခြားအခြားသော ရတနာများစွာတို့ဖြင့် ပြုပြင်စီရင်ထား၏။ ပိုးချည် ၀ါချည်တို့ဖြင့် မရောယှက် ရွှေချည် ငွေချည်သက်သက်ဖြင့် သာ ပြုလုပ်၏။ ထိုမဟာလတာတန်ဆာ ထိပ်တွင်တစ်ခုတည်းသော ရွှေဥဒေါင်းရုပ်ကို တပ်ဆင်ထား၏။ ဦးခေါင်း ဦးထိပ်မှ စွပ်၍ချလိုက်လျှင် ခြေဖမိုးတိုင်အောင်ဖုံးမိ၏။ တန်ဖိုးမှာ ကိုးကုဋေဖြစ်၍ လက်ခအဖြစ် အဖိုးတစ်သိန်း ပေးရ၏။
ဤကဲ့သို့သော တန်ဆာအထူးကို ၀ိသာခါ ဘယ်လိုသော ကောင်းမှုကြောင့် ရရှိခဲ့ပါသနည်းဆိုလျှင် ကဿပ ဘုရားရှင်လက်ထက်တော်အခါ၌ ရဟန်းသံဃာတော် တစ်သိန်းတို့အား သင်္ကန်းလှူခဲ့ဖူးသော အကျိုးဆက် ကြောင့် ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးပညာရှိတို့က သင်္ကန်းလှူရခြင်း၏ အကျိုးဆက်ကို လင်္ကာဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့ကြလေသည်။
‘’သကျပုတ္တ၊ သမဏဟု၊ သာကိယဇာတ်၊ ရဟန်းမြတ်အား၊ လျှောက်ပတ်တင့်ဆန်း၊ မြတ်သင်္ကန်းကို၊ လှူဒါန်း သည့်သူ၊ ယောက်ျားမူကား၊ ဘုန်းလူဇိနော်၊ ဧဟိခေါ်၍၊ ၀ါတော် သဋ္ဌိ၊ ခြောက်ဆယ်ရှိသား၊ ထေရ်ကြီး အလား၊ လွန်တည်ငြား၍၊ ရှစ်ပါးပရိက္ခရာ၊ လွယ်ပြီးကာလျှင်၊ လေးဖြာအာသဝေါ၊ သန့်စင်ကြော၏။’’
‘’မနောစင်ဖြူ၊ မိန်းမမူကား၊ ရွှေဇမ္ဗူရာဇ်၊ ဦးဦးသစ်ကို၊ ချိန်စစ် တစ်ထောင်၊ နိက္ခဆောင်၍၊ ထိန်ပြောင်စိန်သား လေးကွမ်းစားတည်း၊ မြကားတေတ္တိံ၊ ရွယ်ထိန်သန္တာ၊ ဗာဝိသာနှင့်၊ မုတ္တာဆယ့်တစ်၊ ကြွင်းလစ်ရတနာ၊ သင့်ရာရာကို၊ ကောင်းစွာငွေကြိုး၊ ချယ်သီထိုး၍၊ အဖိုးကိုးကုဋေ၊ ထိုက်တန်ပေ၏၊ ရွှေပန်းထိန်ငါးရာ၊ ရက်မှာ လေးလ၊ ကာလကြာအောင်၊ ကောင်းစွာချုပ်ပြီး၊ တန်ဆာကြီးကို၊ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည့်၊ အခေါင်တုလတ်၊ မိန်းမမြတ်တို့၊ ၀တ်ဆင်ကြရာ၊ မဟာလတာ၊ ပသာဓန၊ နာမတံဆိပ်၊ ခပ်နှိပ်ဝေဆာ၊ ထိုတန်ဆာကို၊ ကောင်းစွာ အံ့ခြီး၊ ၀တ်ဆင်ပြီး၍၊ မဂ်ထီးဖိုလ်ရိပ်၊ အောင်ဘိသိက်ဖြင့်၊ အောင်ဟိတ် ဇမ္ဗူနန်း ဆန်တက်မြန်းသည် - - သင်္ကန်းဒါန လှူကျိုးတည်း’’။ ။
ပုဗ္ဗာရုံကျောင်း ဆောက်လှူဒါန်း
ဝိသာခါသည် မိမိ၏ ထိုမဟာလတာ တန်ဆာကို တန်ဖိုးဖြတ်ကာ ရောင်းချပြီး ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပေ၏။ အနဲငယ်ချဲ့ရပါလျှင် - - သာဝတ္ထိမြို့နေ ပြည်သူအပေါင်းတို့သည် မင်္ဂလာပွဲအခမ်းအနားတို့၌ ၀ိသာခါကို ရှေးဦးစွာ ဖိတ်ကြား၍ ကျွေး မွေးလေ့ရှိ၏။ ၀ိသာခါသည်လည်း ဖိတ်ကြားအပ်သော မင်္ဂလာပွဲများ၌ မဟာလတာတန်ဆာကို ၀တ်ဆင်၍ တက်ရောက်၏။ တစ်နေ့သော် ၀ိသာခါသည် ဖိတ်ကြားအပ်သော မင်္ဂလာပွဲသို့တက်ရောက်ပြီး ဥပုသ်နေ့ဖြစ် ၍ ဘုရားဖူးရန် အခြံအရံများနှင့်အတူ ကျောင်းတော်သို့ ဆက်သွား၏။ ကျောင်းတော်အပေါက်ဝသို့ ရောက်လေသော် ‘’မြတ်စွာဘုရားရှင်တို့၏ အထံတော်သို့ ဤသို့ ပျံ့လွင့်သူတို့၏ အသွင်အပြင်ဖြင့် သွားရောက်ရန် မသင့်’’ ဟု ဆင်ခြင်ကာ ၀တ်ဆင်ထားသော မဟာလတာတန်ဆာကို ချွတ်ပြီးလျင် ကျွန်မ သို့ အပ်ထားလိုက်၏။
ဝိသာခါသည် ဇေတ၀န်ကျောင်းအပြင်သို့ ရောက်၍ မဟာလတာ တန်ဆာကို ၀တ်ဆင်ရန် ကျွန်မအား တောင်း၏။ မေ့ကျန်နေခဲ့ကြောင်းပြောလျှင် ‘’သွား ယူခဲ့လော့၊ အကယ်၍ အရှင်အာနန္ဒာသိမ်းဆည်းထားခဲ့ လျှင် ထိုပစ္စည်းကို အရှင်မြတ်တို့အား လှူပြီးဖြစ်သည်’’ ဟု မှာကြား၍ အယူခိုင်းလိုက်၏။ အရှင်အာနန္ဒာသည် ကျောင်းတွင်း၌ မေ့ကျန်ရစ်သော ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိ၏။ ကျွန်မ ပြန်လာ၍ အရှင်အာနန္ဒာ သိမ်းဆည်းထားကြောင်းသိရသော အခါ မဟာလတာ တန်ဆာကို သံဃာအား လှူဒါန်းလိုက်၏။ သို့သော် အရှင်မြတ်တို့အား စောင့်ရှောက်ထိန်းသိမ်းရန် ခက်ခဲလှသောကြောင့် အပ်စပ်သော ပစ္စည်းဘဏ္ဍာပြုလုပ် ပြီး တန်ဆာကို ကိုးကုဋေနှင့် လက်ခတစ်သိန်း တန်ဘိုးဖြတ်ကာ မြို့တွင်းသို့လှည့်လည် ရောင်းချလေ၏။ ထိုမျှလောက် တန်ဘိုးကြီးသော ဥစ္စာကို ၀ယ်ယူနိုင်သူမရှိသောကြောင့် မိမိကိုယ်တိုင် ပြန်ဝယ်ယူကာ ပုဗ္ဗာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့လေသည်။ (ဓမ္မပဒ ဋ္ဌ - ပုဗ္ဗ၀ဂ်)
နောက်ဆုံး ပန်းတိုင်
ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် ဘယ်လိုကုသိုလ်ကိုပဲ ပြုပြု နောက်ဆုံးပန်းတိုင်ကား အိုနာသေရေး ဆင်းရဲဘေးမှ လွတ်မြောက်ဘို့ နိဗ္ဗာန်ရောက်ဘို့ပင်ဖြစ်၏။ ထိုသို့ဆိုလျှင် သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ စသည်ဖြင့် အဘယ်ကြောင့် တောင်းနေကြပါသနည်းဟု မေးဘွယ်ရှိပါ၏။ သစ်ပင်စိုက်ပျိုး ရာ၌ ဟိုမျိုးစေ့စိုက်လျှင် ဟို အပင်ပေါက်၍ ဒီမျိုးစေ့စိုက်လျှင် ဒီအပင်ပေါက်သည် ဆိုသကဲ့သို့ ကိုယ်စိုက်ပျိုး သည့် မျိုးစေ့အားလျော်စွာ အပင်ပေါက်ခြင်းဟူသော အကျိုးရင်းရှိကြ၏။ ဥပမာ - အစာအာဟာရတို့ကို စားသောက်ကြရာ၌ ဘယ်အစာ ဘယ်အာဟာရကိုပဲ စားစား နောက်ဆုံး အသွေးအသားဖြစ်ဘို့ ပဓာန ဖြစ် ၏။ သို့သော် လျှာပေါ်ရောက်သည့်အခိုက်တွင် အချိုသီးစားလျှင် အချိုအရသာ၊ အဆိမ့်သီးစားလျှင် အဆိမ့်အရသာ ပေါ်ပြီး နောက်ဆုံး အသွေးအသား အဖြစ်သို့ရောက်သွားတော့၏။
ထို့အတူ နောက်ဆုံးပန်းတိုင်သို့ မရောက်ကြမီ သံသရာတခွင် ကျင်လည်ရသော ကြားကာလ အတွင်းဝယ် သင်္ကန်းလှူပြီး နိဗ္ဗာန်သွားကြ၏။ ဆွမ်းလှူပြီး နိဗ္ဗာန်သွားကြ၏။ သို့သော် ကိုယ်ပြုလုပ်သည့် စေတနာ ဆန္ဒအားလျော်စွာ (လျှာပေါ်ရောက်ခိုက် အရသာကိုသိရ ခံစားရသလို) သင်္ကန်းအကျိုး၊ ဆွမ်းအကျိုး၊ ကျောင်းအကျိုး၊ ဆေးအကျိုး စသည်ဖြင့် သီးခြား အကျိုးလေးများကို ကိုယ်ကြိုက်သလို ခံစားကြရခြင်းသာ ဖြစ်ပေ၏။
ထိုကဲ့သို့ ကိုယ့်အလို ကိုယ့်အကြိုက် ကိုယ့်စရိုက်နှင့် အညီ သီးခြားအကျိုးလေးများရယူ ခံစားနိုင်ကြစေရန် ဤသို့ အခွင့်ကောင်း အခါကောင်းနှင့် ကြုံရသည့်အခိုက်ဝယ် ဦးဦးဖျားဖျား ပါရမီကုသိုလ်ထူးများ ဖြစ်ပွားနိုင်ကြပါစေ ဟု မေတ္တာဆန္ဒပြုလိုက်ရပါသည်။


အရှင်ဣန္ဒာစာရ
(၂၀၀၇ ခုနှစ်၊ ဇူလိုင်လထုတ် ဝေဇယန္တာ သတင်းလွှာမှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP