ဘုန်းကြီး၊ မိန်းမနှင့် Chatting ... ပြန်ကြားချက် (၁)
ဒီပို့စ်ကို မဖတ်ခင် ဒေါက်တာဣန္ဒက ရဲ့
http://www.dhammagarden.com ဆိုက်ထဲက
ဘုန်းကြီး၊ မိန်းမနှင့် Chatting
ဆိုတဲ့ ခေါင်းစဉ်ပါ ပို့စ်လေး (၃) ပုဒ်ကို အရင်ဖတ်စေချင်ပါတယ်။
ဘုန်းကြီး၊ မိန်းမ နှင့် ချက်တင် ခေါင်းစဉ် ပါ ဆောင်းပါးနဲ့ ပတ်သတ်ပြီး ဦးဇင်းတို့ သူငယ်ချင်းတွေ ဆွေးနွေးမိပါတယ်။ တစ်ပါးအမြင်နဲ့ တစ်ပါးအမြင် ဖလှယ်ကြည့်မိတဲ့အခါ အဲဒီ ဒကာတော် ရေးထားသလောက်ထိလည်း စိုးရိမ်စရာ ကောင်းလိမ့်မယ်လို့ မထင်မိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒကာတော်က စေတနာနဲ့ လျှောက်ထားတယ်ဆိုပေမယ့်...
(တပည့်တော် ရဟန်းငယ်များဖက်ကနေစဉ်းစားပေးပါသေးတယ်ဘုရား။ သူတို့လဲ လူငယ်တွေမို့ စိတ်ဖြစ်လောက်တယ်ပေါ့ဘုရား။ ဒါပေမယ့် အဲလိုဖြစ်တယ်ဆိုရင်လဲ လူနာမည်နဲ့လုပ်သင့်တာပေါ့ဘုရား။ အခုက ပြောင်ကြီးကိုလုပ်နေကြပြီလေ။....)
(ဆရာတော်နဲ့ပတ်သက်သူ ရဟန်းငယ်များကို တကယ်လို့မထိန်းနိုင်ဘူးဆိုရင်လဲ လူအကောင့်နဲ့ပဲ ရည်းစားစကားပြောကြပါလို့ အကြံပေးချင်ပါတယ်ဘုရား။) ဆိုတဲ့ အဲဒီအကြံပေးချက်ကတော့ မသင့်တော်ပါဘူး။ လုံးဝကို မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ “ကွယ်ရာမှာပဲ မကောင်းမှုလုပ်ကြပါ၊ လူရှေ့ သူရှေ့မှာတော့ မလုပ်ကြပါနဲ့” ဆိုပြီး မကောင်းမှုကို (ခွင့်လွှတ်သလိုလိုနဲ့) တစ်ဘက်ကနေ ပြန်အားပေးနေသလို ဖြစ်နေပါတယ်။
“နင်တို့အားထားယုံကြည်နေတဲ့ ဘုန်းကြီးတွေက သူများပေးတာကိုယူပြီး ဘာမှအလုပ်မလုပ်ပဲ အွန်လိုင်းပေါ်ထိုင်ပြီး ဟိုကောင်မလေး အင်ဗိုက်လုပ်လိုက် ဒီလူနဲ့ရည်းစားစကားပြောလိုက် လုပ်နေတာကို သိရဲ့လားတဲ့။”
...................... .................... .............................
“ခက်တာက သူတို့ ပြောတာကို တပည့်တော်က ယုံရအရမ်းခက်နေပြန်ရော။ သူတို့က ဘာသာခြားဆိုတော့ တပည့်တော်ကိုးကွယ်တဲ့ ဘာသာကို စော်ကားတာပဲလေလို့ ယူဆမိလို့ပါ။ ဒါပေမယ့် မကြာခင်က မြန်မာပြည်ကို ပြန်သွားမှ ပိုသိရတော့တယ်ဘုရား။”
ပိုသိရတော့တယ်ဆိုတော့ ဒကာတော်ရဲ့ စိတ်ထဲမှာ တကယ်ပဲ ရဟန်းငယ်အများစုဟာ အဲလို ချက်တင်မှာ အမြဲအီစီကလီ လုပ်တယ်ဆိုတာကို မသိစိတ်က ထောက်ခံသလို ဖြစ်နေပါတယ်။ သိစိတ်ထဲမှာတော့ ရဟန်းငယ် အားလုံးဟာ ချက်တင်မှာ အလဟဿ အချိန်မဖြုန်းဘူးဆိုတာ ပြည်ပအတွေ့အကြုံရှိသူ တစ်ယောက်နေနဲ့ သိပြီးဖြစ်ပါလိမ့်မယ်။ ဒကာတော်ရဲ့ အပြုသဘောဆောင်တဲ့ လျှောက်ထားချက်တွေဟာ ဗုဒ္ဓဘာသာဆိုတာ ဘုန်းကြီးတွေကို လှူတန်းရတာ.. ရှိခိုးရတာ... လို့ပဲ နားလည်ထားကြတဲ့ ခေတ်ပညာအောင်လတ်မှတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ချို့ရဲ့ အမြင်မှာ ဘုန်းကြီးတွေအပေါ် ပိုပြီး အထင်သေးသွားစေပါတယ်။
ဂန္ထ၀င်နဲ့ပို့စ်မော်ဒန်၊ လူငယ်နဲ့လူကြီး၊ လူသားနဲ့ရဟန်း၊ ကိုရင်နဲ့ ဦးဇင်း၊ စာသင်သားနဲ့ ဘုန်းကြီး၊ ပုထုဇဉ်နဲ့ အရိယာ၊ သူ့နေရာနဲ့သူ ခွဲခြားပြီး နားလည်ထားရင် အကြိုးအကြောင်း အဆိုးအကောင်း ဒွန်တွဲနေတတ်တဲ့ လောကသဘာဝကို သဘောပေါက်ပါလိမ့်မယ်။ ဦးဇင်တို့ ငယ်ငယ်က မုံရွာမှာ ဘောလုံးကွင်းထဲ စာသင်သား ရဟန်းငယ်တွေ ဘောလုံးပွဲ အားပေးတာနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ လူကြီးတွေက မြို့နယ်၊ သံဃမဟာနာယက ဆရာတော်ကို ရဟန်းတော်တွေ ဘောပွဲကြည့်ခြင်းမှ တားမြစ်ပေးဖို့၊ ကြည့်တဲ့ ကိုယ်တော်တွေကိုလည်း ဖမ်းဆီးပေးဖို့ လျှောက်ထားတော့ ဆရာတော်ကြီးက ...
“အေးကွ၊ လူငယ်ဆိုတာကတော့ သဘာဝ မရင့်ကျက်သေးဘူး။ အပြစ်ပြောလို့ရပေမယ့် အပြစ်ပြောဖို့ မသင့်တော်ပါဘူးကွာ။ စာသင်သား ရဟန်းငယ်ဘ၀ကနေ ငါတို့လို စာချဆရာတော်တွေ ဖြစ်လာခဲ့ရင် မင့်တို့က ဝေါ (ထမ်းစင်) နဲ့လာပင့်ရင်တောင် ငြင်းလွှတ်မှာပဲကွ။ မင့်တို့လည်း ငယ်ရာက ကြီးလာတာပါပဲ။ သူတို့လည်း ငယ်ရာကကြီးသွားရင် အသက်အရွယ်အရ သဘောပေါက်ပါလိမ့်မယ်။”
အဲဒီလို ပြန်မိန့်လိုက်ပါတယ်။ ခုခေတ် ရဟန်းငယ် စာသင်သား အနည်းစုဟာ အင်တာနက်ကို ချက်တင်ထိုင်ပြီး အချိန်ဖြုန်းတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့တွေ သဘာဝ ရင့်ကျက်လာတဲ့အခါမှာ အသိတရားက ပြုပြင်ပေးသွားမှာပါ။ ဒကာတော်ရဲ့ လျှောက်ထားချက်ထဲမှာ...
“သူက (ညီမဖြစ်သူက) ဆွမ်းစားမှာပါလာတဲ့ နိုင်ငံခြားပညာသင်နှစ်ပါးပါလာတာနဲ့တင် အရိုအသေ မပေးတော့တာပါ။
... သိချင်တာကိုမေးကြည့်မှ...”
“ဘုန်းကြီးနဲ့ ခင်မင်ရတာ စိတ်ငြိမ်းချမ်းရမယ် ဘာသာအတွေ့အကြုံရမယ်ဆိုတဲ့အတွေးနဲ့
facebook က နေတဆင့် ခင်လာတဲ့ ဘုန်းကြီးတစ်ပါးနဲ့ Gtalk ပြောင်းပြီးစကားပြောတဲ့အထိရင်းနှီးလာပါသတဲ့။
ဘုန်းကြီးဆီကလဲ ဘုရား တရားနဲ့ ပတ်သက်ပြီးအတော်အတန်သိရလို့ ကျေနပ်လို့မဆုံးခင်မှာပဲ တပည့်တော်ညီမကို အဲဒီဘုန်းကြီးက ရည်းစားစကားပြောပါရောတဲ့။ အစကတော့ ညီမက အံ့သြနေတာပေါ့နော်။ နောက်တော့လဲ လူသားပါပဲလေဆိုပြီး နားလည်မှုနဲ့ဆက်ပြောနေပေမယ့်လို့ ရည်းစားအဖြစ် လက်မခံတော့ဘူးဆိုတာ သိရက်နဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုဖို့ မျက်နှာပြောင်တိုက်ပြီး နေသတဲ့လေ။ နောက်တော့ မဖြစ်တော့ဘူးဆိုပြီး တပည့်တော်ညီမကပဲ ဘလောဂ်လုပ်ပြစ်လိုက်ရတယ် လို့ပြောပါတယ်။”
“ညီမကပြောသေးတယ် အဲလိုအပြောခံထားရတော့ ရဟန်းငယ်မျက်နှာတွေကိုမြင်ရင် ရှိခိုးလို့မရတော့ဘူးတဲ့ဘုရား။ အဲလောက်တောင်မျက်နှာပြောင်တိုက်နေကြပြီလားဘုရား။”
အဲလောက်တောင် မျက်နှာပြောင်တိုက်နေကြတဲ့ ရဟန်းတွေရှိသလားလို့ဆိုတော့.. အင်တာနက်ကို ချက်တင်မှာ အချိန်ဖြုန်းတဲ့ အနည်းစုသော ရဟန်းတွေထဲမှာ ရှိတော့ရှိမယ်၊ ရှားတယ်။ အဲဒီလို ရှားပါတဲ့ ရဟန်းငယ်တစ်ချို့ရဲ့ တခါတရံမှားတတ်တဲ့ အကျင့်လေးကို လိုက်ပြီးမြင်နေမယ်ဆိုရင် သဘောထား သေးသိမ်ရာ ရောက်ပါတယ်။ ရဟန်းတော်တစ်ချို့ရဲ့ အပြစ်အနာအဆာတွေကို ဘာသာခြားတွေအနေနဲ့ ဗုဒ္ဓဘာသာကို ထိပါးပုတ်ခတ် လိုတဲ့ဆန္ဒနဲ့ ထောက်ပြတာဆိုရင် ဖြစ်သင့်ပေမယ့် ခေတ်ပညာနဲ့ ဗုဒ္ဓဘာသာကို အတော်အတန် နားလည်ထားကြတဲ့ ဒကာ/ဒကာမတစ်ချို့ရဲ့ အမြင်မှားမှုကတော့ တော်တော်ကို ၀မ်းနည်းစရာကောင်းပါတယ်။
ဥာဏ်နုသူတွေက လယ်မလုပ်တတ်သူနဲ့ တူတယ်။ လယ်မလုပ်တတ်တဲ့သူဟာ မြေသြဇာကောင်းတဲ့ နေရာကို ရွေးချပြီးလုပ်မှ အသီးအနှံရသလို အမြင်မကျယ်တဲ့ သူတွေဟာ နာမည်ရဆရာတော်တွေကို ရွေးချယ်ပြီး ကြည်ညိုမိမှသာ ကုသိုလ်တရား ဖြစ်ပွားနိုင်ပါတယ်။ ဉာဏ်ပညာရင့်ကျက်တဲ့ သူတွေက လယ်လုပ်တတ်တဲ့သူနဲ့ တူတယ်။ လယ်လုပ်တတ်တဲ့ သူတွေဟာ မြေသြဇာကောင်းတဲ့ နေရာမှာစိုက်စိုက်၊ မြေသြဇာမကောင်းတဲ့ နေရာမှာစိုက်စိုက်၊ နောက်ဆုံး တောင်ထိပ်တက်ပြီး စိုက်ပျိုးအုံး သီးနှံကတော့ ရတာပါပဲ။ အမြင်ကျယ်တဲ့ သူတွေဟာ နာမည်ကျော်ဆရာတော်တွေကိုပဲ လှူလှူ၊ သာမညောင်ည ကိုရင်၊ ဦးဇင်းတွေကိုပဲ လှူလှူ ကြည်ညိုတဲ့သဒ္ဓါတရား ခိုင်မာမှုကြောင့် ကုသိုလ်ရနေတော့တာပါပဲ။ ပျားရည်ကိုလိုချင်တဲ့သူဟာ အနှစ်မရှိတဲ့ ကြက်ဆူပင်မှာဖြစ်စေ ပျားရည်ကို ရနိုင်သလို ဘာသာတရားရဲ့ အနှစ်သာရကို နားလည်တဲ့သူဟာ အပြစ်လုပ်မိတဲ့ ရဟန်းငယ်တွေထံကလည်း ကုသိုလ်တရားတွေရနိုင်တာပါပဲ။
“ရဟန်းငယ်မျက်နှာတွေ ကိုမြင်ရင် ရှိခိုးလို့မရတော့ဘူး” ဆိုတဲ့ ဒကာမကို စေတနာထားပြီး ပြောချင်ပါတယ်။ မိမိကြည်ညိုတဲ့ ဆရာတော်တွေကိုသာ ကိုးကွယ်ရှိခိုးကြပါ။ စိတ်ထဲကတော့ ရဟန်းငယ် အားလုံးကို မပြစ်မှားမိပါစေနဲ့။ ဘာဖြစ်လို့ အဲလိုပြောရသလဲဆိုရင် ငယ်သော်လည်း အထင်သေးပြီး မပြစ်မှားသင့်တဲ့အရာတွေထဲမှာ ကိုရင်ငယ်၊ ရဟန်းငယ်တွေ ပါနေတယ်ဆိုတာ နည်းနည်းလောက် သတိထားမိစေချင်လို့ပါ။ ရဟန်းငယ်တွေကို မကြည်ညိုလို့ မရှိခိုးတာက ကုသိုလ်မရရုံက လွဲပြီး ဘာမှအပြစ်မဖြစ်ပါဘူး။ မကြည်ညိုဘူးဆိုဘူး အပြစ် ပြောမိတယ်ဆိုရင်တော့ ၀စီကံအကုသိုလ်အရ အပြစ်ဖြစ်သွားနိုင်ပါတယ်။ စဉ်းစား ဆင်ခြင် စေလိုပါတယ်။
၁။ ဘုန်းကြီးများ အင်တာနက်သုံးတာဟာ အပြစ်မရှိဘူးလားဘုရား။
ဒီမေးခွန်းမျိုးနဲ့ ပတ်သတ်ပြီး အလွယ်တကူ ဖြေရမယ်ဆိုရင် အင်တာနက်ကို အသုံးတတ်ရင် ကုသိုလ်ရသလို အသုံးမတတ်ရင်လည်း အကုသိုလ် ဖြစ်ပါတယ်။ အဲဒီ အဖြေနှစ်ခုဟာ ပုဂ္ဂိုလ်တစ်ဦး (ရဟန်းငယ်တစ်ပါး) အတွက် ကုသိုလ်ရအောင် သုံးတာရှိသလို အပြစ်ဖြစ်မိအောင် သုံးတဲ့အခါလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ပုထုဇ္ဇနော ဥမ္မတ္တကော.. ဆိုသလို ပုထုဇဉ်ရဲ့စိတ်ဟာ ကုသိုလ်တရားနဲ့ချည်း အမြဲဖြစ်အောင် မနေနိုင်သေးပါဘူး။ စိတ်ဆိုတာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တဲ့ သဘောရှိလို့ မြတ်ဗုဒ္ဓက “အပ္ပမာဒေန ဘိက္ခဝေ သမ္မာဒေထ” သတိတရားကို မပြတ်ထားကြပါ..လို့ တဖွဖွ မှားကြာခဲ့တာပါ။ အခုလို ကိလေသာ အာရုံတွေ ပေါများလွန်းတဲ့ ခေတ်မှာ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ထက် သင်္ကန်းဝတ်လေး မကျွတ်အောင်တောင် တော်တော်ကို ထိန်းထိန်းသိမ်းသိမ်း နေပြီး ပညာသင်ကြားနေရတဲ့ ကိုရင်၊ ရဟန်းတွေရဲ့ ဘ၀ကို အမြင်ကျယ်ကျယ်နဲ့ ကြည့်စေလိုပါတယ်။
ရဟန်းတော်များအနေနဲ့လည်း သာသနာတော်ရဲ့ အကျိုးကိုလိုလားသူအဖြစ် ဆင်ဆင်ခြင်ခြင်နဲ့ အင်တာနက်ကို အကျိုးရှိစွာ သုံးနိုင်ပါစေ...လို့ မျှော်လင့်လျှက်...
အရှင်သာသန (မုံရွာ)
0 comments:
Post a Comment