* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, July 20, 2011

အောင်ဆန်း သို့မဟုတ် အရိုင်း

ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ တိုင်းပြည်၏ ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သည်မှာ ယနေ့ဆိုလျှင် (၆၄) နှစ်မြောက်သို့ တိုင်ခဲ့ပါပြီ။ ရိုလည်း ရိုးသား၊ ဖြောင့်မတ်မှုလည်း အပြည့်၊ သတ္တိရော ဗျတ္တိပါ ကြီးမားသည့် ပုဂ္ဂိုလ်မျိုးကို နှစ်ပေါင်းများစွာ ကြာမှ တစ်ခါတရံသာ ရတတ်ကြသည်။ ရခဲ့လှသည့် ထိုပုဂ္ဂိုလ်မျိုးကို မမေ့အပ် သည်သာမက တန်ဖိုးလည်း ထားအပ်ပါ၏။ မြတ်လည်း မြတ်နိုးအပ်ပါ၏။ တန်ဖိုးထား မြတ်နိုးအပ်သည့် အားလျှော်စွာ အတုလည်း ယူအပ်ပါ၏။
တန်ဖိုးထား မြတ်နိုးပါသော်လည်း မိမိအနေဖြင့် သူနှင့် ပတ်သက်သည့် စာ မရေးဖြစ်ခဲ့ပါ။ ထို့ကြောင့် Thursday, April 01, 2010 က ဤ ဘလောဂ်တွင် တင်ခဲ့သည့် ဆရာကြီး ဒဂုန် တာရာ၏ “ အောင်ဆန်း သို့မဟုတ် အရိုင်း” ကို ခဏ ပြန်ဆွဲတင်ထားပါသည်။ စပြီး တင်စဉ်က အမှာစကားလေး ရေးထားခဲ့သည်ကိုလည်း မပြုမပြင် တပါးတည်းပင် ဖော်ပြလိုက်ပါသည်။

ဘုန်းဉာဏ်
(၁၉၊ ဇူလိုင်၊ ၂၀၁၁)

ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ဆောင်းပါးနှင့် ပတ်သက်လို့ ဗိုလ်ချုပ်က "တာရာက ငါ့ကို အရိုင်းတဲ့ကွာ" လို့ ငြီးငြူးရှာကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးသည်။ ဖတ်ဖူးခဲ့တဲ့ စာအုပ်နှင့် စာရေးသူကို မှတ်မိနေသလို ရှိနေပေမဲ့ သေချာအောင် ပြန်ကြည့်ဖို့ စာအုပ်မရှိလို့ ဒီမှာတော့ မညွှန်းလိုက်တော့ပါဘူး။ ထားပါတော့။ လူလားမြောက် ကတည်းက မြန်မာပြည် လွတ်လပ်ရေးအတွက် အချိန်ပြည့် စဉ်းစားနေခဲ့ပြီး အလုပ်တွေလုပ်ခဲ့တဲ့ ဗိုလ်ချုပ်၊ မှုန်ပြပြ အတိတ် တစ်ချိန်ကသာဆို ဒဏ္ဍာရီလား တကယ်လားလို့ ဒုတ်ကိုင်ပြီး အငြင်းပွား ကြရအောင်ကို စိတ်ဓာတ်ရော လုပ်ရပ်ပါ တော်ခဲ့တဲ့ ဗိုလ်ချုပ်၊ အဲဒီဗိုလ်ချုပ်ရဲ့ အကြောင်းဆိုတော့ ဖတ်ချင် နေခဲ့တာပါ။ ဗိုလ်ချုပ်ရဲ့ ငြီးငြူသံလိုလို ဘာလိုလို စကားသံလေးကို အကဲခတ်ကြည့်ရင် ဆရာ တာရာရဲ့ ဆောင်းပါးဟာ မရှိတာတွေကို အရှိ၊ မကောင်းတာတွေကို အကောင်း ဖန်တီးထားတဲ့ ခေတ်သစ် ဘုန်းတော်ဘွဲ့မဟုတ်တာ သေချာတယ်လို့တော့ အကဲခတ်မိပါတယ်။ ဒါကြောင့်လဲ ဖတ်ချင်ခဲ့တဲ့ ဆန္ဒဟာ မပျောက် မပျက် တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ မကြုံတော့မဖတ်ခဲ့ရပါဘူး။

အခုတော့ ကြုံလာပါပြီ။ စင်္ကာပူကို အလည်လာတုန်း သူငယ်ချင်းရဲ့ နေရာလေးမှာ ဂျာနယ်လေး တစ်စောင် ကို တွေ့လို့ လှန်လှောကြည့်မိတော့ အမှတ်မထင် ဒီဆောင်းပါးကို တွေ့လိုက်ရတာပါ။ ချက်ချင်းပဲ ကောက် ဖတ် လိုက်မိတော့ အရမ်းကို သဘောကျသွားပါတယ်။ သဘောကျရခြင်းရဲ့ အကြောင်းကတော့ အရှိကို အရှိအတိုင်း ရေးထားလို့ပါလို့ပဲ တိုတိုပြောပါရစေ။ ကိုယ်ဖတ်ရရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်လိုပဲ ဖတ်ချင်ပေမဲ့ မတွေ့လို့ မဖတ်ရသေးသူတွေကို ဖတ်နိုင်ကြစေချင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘလော့ဂ်လေးပေါ် တင်ဦးမှပဲလို့ အတွေးပေါက်တာနှင့် ချက်ချင်းပဲ ကောက်ကာငင်ကာ ကူးထားလိုက်ပါတယ်။

ဒီဆောင်းပါးဟာ ဘယ်မဂ္ဂဇင်းမှာ ဘယ်လ ဘယ်နှစ်က ပါတယ် စတဲ့ မူလ ပုံနှိပ်မှတ်တမ်း အပြည့်အစုံ ဖော်ပြပေးချင်ပေမဲ့ အခုတော့ မပေးနိုင်သေးပါဘူး။ ဒါကိုတော့ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ။ နောင်မှာ အကြောင်းသင့်ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်။ အခု ဒီမှာတင်ထားဖို့ ကူးယူခဲ့တဲ့ စာစောင်ကိုတော့ ဆောင်းပါးအဆုံးမှာ ရည်ညွှန်းအဖြစ် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာ အောင်သင်း စကားငှါးပြောရရင် မစားပဲနဲ့ စွန့်သွားတဲ့ ခေါင်းဆောင်ကြီးပါ။ တိုင်းပြည်အတွက် နောက်ဆုံးမိနစ်အထိ အလုပ်လုပ်သွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့်မို့ တစ်ပြည်လုံးနီးပါးက ကြည်ညို လေးစားကြပါတယ်။ ဒါပေမဲ့ သူ့မှာလဲ လူမှုရေး ချို့ယွင်းချက် လေးတွေရှိပါတယ်။ သူ့ရဲ့ အဲဒီချို့ယွင်းချက်များကိုလည်း ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။ ဖော်ပြထား လိုက်တာမှ ဖတ်ရင်းတောင် ဆရားကြီး တာရာ ပြောရက်လိုက်တာကွာ လို့ပင် ပြောမိသေးပါတယ်။ သူငယ်ချင်းကို ဖတ်ပြမိတော့ "ဟာ သူရေးတာကလဲ တယ်ကြမ်းပါလား" ဟု ဆိုပြန်ပါတယ်။ အမျိုးသမီး တစ်ဦးကတော့ ဒီလောက် အချိုးအစားကျတဲ့ ဗိုလ်ချုပ် မျက်နှာကိုများ စာရေးဆရာက ရုပ်ဆိုးတယ်လို့ ပြောသလားလို့ မေးခွန်းထုပ်ပြန်ပါတယ်။ တကယ်တော့ စာမူရှင် ဆရာကြီး တာရာ ရေးထားသလို " . . . စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်" ဆိုသကဲ့သို့ပင် ကိုယ်တန်ဖိုးထား လေးစားသည့် အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်ရကား အရာရာ ကောင်းမွန် ပြည့်ဝစေလိုသည့် ဆန္ဒများမှ ပေါက်ဖွားလာတဲ့ စကားများ ဖြစ်တာကတော့ သေချာပါတယ်။ ဒီလို ဖြစ်နေကြတာကိုက လူပင်သေသော်လည်း သူ့ဂုဏ်သိက္ခာများကား မသေသည့် သက်သေတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းကလဲ လူထုနှင့် တစ်သားတည်း နေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 'တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်' ဆိုတဲ့ ဆရာတာရာရဲ့ဆောင်းပါးပါ ကောက်ချက်အတိုင်းပါပဲ။ လူထုရဲ့ ဘဝ၊ လူထုရဲ့ လိုအပ်ချက်ကို ကြည့်ရှု ဖြည့်ဆည်းပေးတဲ့ သူကို လူအများ လေးစား ချစ်ခင်ကြသလို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်စုအတွက်သာ လုပ်ဆောင်သူများဟာလဲ အများရဲ့ ချစ်မြတ်နိုးခြင်း ခံရမည် မဟုတ်သည်မှာ တကယ့် အမှန်တရားပင် ဖြစ်ပါတယ်။ အဲဒီလိုလူအတွက်တော့ ကမ္ဘာကျော် ဟောပြောသမားကောင်းတွေနှင့် အာပေါက်အောင် သူကောင်းကြောင်း ပြောခိုင်းပေမဲ့ လူထုရဲ့ လက်တွေ့ဘဝနှင့် တစ်ထပ်တည်း မကျတာကြောင့် "အပြောက ဝတိန်ဘုံ၊ မနောက ကလိန်ခြုံ" လို့ သတ်မှတ်ခံရမှာပါ။ ညံ့ဖျင်းလှတဲ့ သူ့စိတ်ဓာတ်ကို သိနေကြလို့ ဘယ်သူကမှ ယုံကြည်လာ၊ မေတ္တာ သက်ဝင်လာမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ဆရာ တာရာရဲ့ ဒီကောက်ချက်ဟာ ဒီမှာ ပို့စ် တင်ထား ခြင်းခြင်းရဲ့ အကြောင်းတစ်ရပ်ပါပဲလို့ ဆိုပါရစေ။

ဘာပဲဆိုစေ၊ "စာပေသည် ခေတ်၏ ကြေးမုံပြင်" ဆိုတဲ့ အတိုင်းပါပဲ၊ အဲဒီခေတ်က အကြောင်းအရာ၊ လွတ်လပ်စွာ ရေးသားကြပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထား တစ်စိတ် တစ်ဒေသ၊ အထူးသဖြင့် အမှားကို ဝန်ခံရဲ ပြင်ရဲသည့် စိတ္တသတ္တိ စသည် စသည်တို့ကို ဒီဆောင်းပါးမှာ တွေ့ရလို့ မိမိတို့ ခေတ်လူငယ်တွေ အတွက် ဖတ်ရကျိုး နပ်တဲ့ စာတစ်ပုဒ်ပါပဲ။

"ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်" ဆိုတဲ့ သီချင်းကို ကျောင်းသား ပေါက်စ ဘဝက မကြာခဏ (မိမိတို့ကျောင်းလေးမှာ) ဆိုခဲ့ကြရသလို ကြီးလာတော့လဲ မကြာခဏ ကြားနေခဲ့ရတာပါ။ အဲဒီ သီချင်းထဲမှာ ပါတဲ့ မြန်မာပြည်သားတွေရဲ့ ဆန္ဒဟာ ခုထိတော့ ဘဝနှင့် တစ်ထပ်တည်း မဖြစ်သေးပါဘူး။ သူများတိုင်းပြည်ကို အမှီလိုက်နိုင်ဖို့ လူတော် လူမြတ်တွေ၊ ခေါင်းဆောင်ကောင်းတွေ အများကြီး လိုအပ်လှတဲ့ အမိ မြန်မာပြည် အတွက် မိဘတိုင်းက မမွေးပေးနိုင်ပေမဲ့ မွေးပေးနိုင်တဲ့ မိဘများ ပေါ်ပေါက်လာပါစေလို့ ရင်မှပေါက်ဖွား ဆန္ဒစကားကို လေးလေးနက်နက် ဆိုလိုက်ရပါတယ်။
အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ !!!
ဘုန်းဉာဏ်
Sembawang, Singapore
၂၆၊ ၀၃၊ ၂၀၁၀
အောင်ဆန်း သို့မဟုတ် အရိုင်း
ဒဂုန်တာရာ
(၁)
သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေဝတ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက် ရှိသည်။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍ နေ၏။ အနောက်နားရှိ လူထု အစိတ်အပိုင်း တခုကားအချင်းချင်း ခေါင်းခြင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။
အစိမ်းရောင် ကတ္တိပါကားကြီးသည် သူ့ကို နောက်က ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တော တောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တိပါကားသည် အခြား ဘာ အဓိပ္ပါယ်ကိုမှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍နေ၏။
သူသည် စိမ်းညို့သော ကားကြီးရှေ့ စင်မြင့်ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီဖျဉ်ကျမ်းကြီးကို ဝတ်ထား၏။ လုံခြည်မှာ နီရဲသော ပိုးလုံခြည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက် မျက်နှာနှင့်လည်း တူ၏။
တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့်သာ တူ၏။ လူထုထဲမှ လူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။
သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများ ကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။
သင် ပထမဦးဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေသည်။
ထိုအခါကား ၁၉၃၆ ခုနှစ်၊ ပထမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ် အဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်းစကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။
၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက် 'အောင်ဆန်း' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင် စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။
သို့သော် ဂျူဗလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသော အခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။
တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။
ထိုအခါ ကျွန်တော့မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့် စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက်တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်။ မရင်းနှီးခဲ့ ပေ။
သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီ၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင် သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။
ကိုအောင်ဆန်းနှင့် ကျွန်တော့ကို သခင်ဗဟိန်းက အသိဖွဲ့ပေး၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမား သက်သက် မဟုတ်သဖြင့် သူ၏အသိထက်လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ ရောက် မသွားခဲ့ပေ။
သခင်ဘဟိန်းနှင့်က သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။
ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှ ရတု၊ ပိုက်စုံစသော ကဗျာများ၊ ဝတ္ထုတို ဆောင်းပါးစသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။
သို့သော် တစ်ခါက သခင်ဘဟိန်းနှင့် အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့ ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။ ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင် တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော သူ၏ဆောင်းပါးကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေးပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်း၏ ကြွေးကြော်သံ 'မျိုးညွန့်' မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာရ အမည်ရှိ ဆောင်းပါးတိုကလေးကိုသာ သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာအရေး ညံ့သူမဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ ဟာသဉာဏ် ပါ၏။
ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌ သူ၏ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို 'ပညာရေး ပူရာဏ်ကျမ်း' ကြီး ပေတကား… ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက် ပါပေသေည်။
ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်လာ၍လား မပြောတတ် ဒဂုန် မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။
ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိနိုင်ငံရေးက အစချီ၍ မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေထိရေး၏။ စာပြောင်၍ ဖတ်၍ ကောင်း၏။
သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိထား၍လား မပြောတတ်။ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရ ရှာလေသည်။
သမဂ္ဂ ဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ - ခုနှစ်က သူသည် ဘီအယ်တန်းတွင်ရှိ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့ ဘီဒိုပေါ် တချို့ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကျဲကာ ရုန်းရင်း ဆန်ခတ်ဖြစ်၍ှနေကြသည်။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။
သူသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့ အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟု ကျွန်တော် ထင်၏။
နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍ ဝေဖန်စကား ပြော၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသား တစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ အတော် ထိခိုက်သော အပြစ်တွေကို ထုပ်ဖော် ပြောလေသည်။ အခြေခိုင်သည်၊မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက်သော စကားမျိုးု သုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။
ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသား တစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကို အောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို ပြောလိုက်လေသည်။
သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။
တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။
သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဘူးသော သူ့ကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက် ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကို ကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလိုသာ နိုင်ငံရေးကို တွေးနေဟန် တူ၏။ ဗမာ ပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံ ရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။
သူစကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား။ သူပြောချင်တာကိုသာ စွတ်၍ ပြောနေတတ်သည်။
တစ်ခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စအချိန်၊ ဝိတိုရိယ ရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော် ထိုင်ကာ တီးနေ၏။ ဘေးမှ သခင် စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က ဝိုင်း၍ သီချင်းဆိုလျက် ရှိသည်။ ဘီအိုင်အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

x x x ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ရယ် x x x
ချစ်သဲနွယ် x x x
အဟုတ်ကို ချစ်တော့မယ် x x x
ခင်ရယ် ကြင်မယ် x x x
ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက်၊ ဂေါက်၊ ဂေါက် နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ကာ ရပ်လျက် "ဟေ့ ရပ်ကြ၊ အခုလို အခါမျိုးမှာ ရဲစိတ်၊ ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျာ့။ ဒီချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက မဟန်ဘူး။ ရုပ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး ထွက်သွားလေ၏။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူက ဒီလိုလူစားမျိုး။ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်၏ လက်ထပ်ပွဲသည် ဘီအိုင်အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပထမဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ စန္ဒယားဆရာ တစ်ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှာ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရ တရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ "ကဉ္စန" သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။
တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့အရင် ဝင်စေ၏။ ဧည့်သည်များက အဝတွင် ရပ်၍ သူ့ အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တစ်လုံးကို ယူစားလိုက်သည်။ သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံ အရ "ထမင်း စားပါအုံးလား" ဟု ခေါ်ချင်မှ ခေါ်သည်။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြလေ၏။
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ပဲ နေ၏။
သူ့တွင် နိုင်ငံရေး ဝိဥာဉ်က ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာလုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မလုပ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ ပြုလုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။
၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြော၏။ အနုပညာဆိုတာရှိတာပဲ။ လင်မယား ဘဝမှာလည်း အနုပညာ မဲ့လျှင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လန်ရေး အစစ် ဖြစ်မယ်။
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ် အိမ်ထောင်ပြုတယ် ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတာ" ဟု မမေးပဲ သူ့ဘာသာသူ ပြောနေ၏။ လက်ထပ်ပြီးစက ကျွန်တော်ရေးလျက် ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှု စာအုပ်နှင့် ပတ်သက်၍ အင်လျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသော အခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။ သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့်လည်း အကြောင်း မရှိ။ အကြောင်း မရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွှေရွှေ လောကွတ်ပျူငှါ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။
တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက် ၏။ အော် သားနှင့် မယားနှင့်မို့ လူစိတ် တော်တော် ပေါက်လာပြီး အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်း၊ အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကတော့ မပြောတတ်။
ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော် သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။ တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှသူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည်။ ဖြစ်လိမ့်မည်။
ရည်ညွှန်း။ ။ Australian Burmese Community Journal, No. 1, Vol (4), October, 2009, pp. 18 - 19/ 27/ 29 တွင် ပြန်လည် ဖော်ပြထားသည့် ဒဂုန်တာရာ၏ "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ကူးယူ၍ ပြန်လည်တင်ပြလိုက်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP