ဒုတိယအကြိမ် နှလုံးရောဂါထခြင်း မဖြစ်စေရန်

တကယ်လို့များ သင်အနေဖြင့် နှလုံးရောဂါထခြင်း (Heart Attack) တစ်ကြိမ်ဖြစ်ဖူးရင် နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်တစ်ကြိမ် နှလုံးရောဂါထတဲ့ အန္တရာယ် လျော့ပါးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားစာနည်း အလေ့အထရှိတာဟာ နှလုံးကို အနာကျက်စေပြီး နောက်ထပ်ဒုက္ခမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံဟာ ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး ဆီးချို သွေးချိုရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အူမကြီးနဲ့ စအိုကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးကျန်းမာရေးနဲ့ ညီညွတ်အောင် စားသင့်တဲ့ အစားအသောက် ပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီစားပါ။ အစားအသောက် စားတဲ့အခါပြည့်ဝဆီနဲ့ ထရန့်ဖက်စ် (Trans fat) ကို ရှောင်ပါ။ မပြည့်ဝဆီတွေဖြစ်တဲ့ Polyunsaturated fats နဲ့ Monounsaturated fats တွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးစားပါ။ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ အညိုရောင်ခေါက်ဆွဲနဲ့ အုတ်ဂျုံတို့ဟာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်း၊ ဆီးချို သွေးချိုရောဂါကို ကာကွယ်ထိန်းသိမ်းပေးခြင်းနဲ့ အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အသားဓာတ်စားပါ။ နှလုံးကျန်းမာဖို့ရာအတွက် အနီရောင် အသားကို လျှော့စားပြီး ငါးများများစားပါ။ ငါးထဲမှာ ပါတဲ့ အဆီဓာတ်ဟာ နှလုံးခုန်နှုန်း မှန်အောင် ကာကွယ်ပေးခြင်း၊ သွေးခဲခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း၊ သွေးဖိအား လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
နှလုံးရောဂါရှိသူတွေဟာ တစ်နေ့ကို အိုမီဂါသရီး ငါးအဆီတစ်တောင့် စားသင့်ကြောင်း အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းက သတိပေးထားပါတယ်။ ငါးအပြင် ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေဟာလည်း စားသင့်တဲ့ အသားဓာတ်တွေပဲ ဖြစ်ပါတယ်။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။ ဒီအစားအသောက်တွေဟာ ဆေးဝါး အများစုထက်ပိုပြီး ကျန်းမာရေး အကျိုးကျေးဇူးပေးနိုင်ပါတယ်။
ပုံမှန် ကိုယ်အလေးချိန်ထိန်းသိမ်းပါ
ပုံမှန်ထက် ကိုယ်အလေးချိန်များတာ၊ အဝလွန်တာကို ဘယ်သူမှတော့ သဘောကျမှာ မဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့် ကိုယ်အလေးချိန်များခဲ့ရင်တောင် အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု နှစ်ခုပေါင်းပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်ပါတယ်။ အစားအသောက်အကြောင်းကိုတော့ အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုအကြောင်းကို အခုပြောပြချင်ပါတယ်။
တက်တက်ကြွကြွနေပါ။ နှလုံးရောဂါထခြင်း ခံစားရပြီးချိန်မှာ ကိုယ်လက်လှုပ်ရှားဖို့ စိတ်မပါတာ ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ အားကစားလုပ်ရတာ ခက်ခဲနိုင်ပေမယ့် အကျင့်ဖြစ်သွားချိန်မှာတော့ အားကစားကို မလုပ်ရရင်တောင် မနေနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အားကစားမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်အတွက် သင့်တော်တဲ့ အားကစား အစီအစဉ် ရေးဆွဲပါ။
ကိုယ်လက်လှုပ်ရှားမှုအတွက် မိနစ် ၃၀ အချိန်ပေးပါ။ တကယ်လို့ သင်ဟာ ကိုယ်အလေးချိန်များသူမဟုတ်ရင် သွေးတိုးခြင်း လျော့ကျနိုင်ပါတယ်။ သွေးတိုးခြင်းဟာ နှလုံးရောဂါဖြစ်စေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ခပ်သွက်သွက် လမ်းလျှောက်ခြင်းစတဲ့ အေရိုးဗစ်အားကစားတွေကို တစ်နေ့ မိနစ် ၃၀ နဲ့ တစ်ပတ်မှာ သုံးကြိမ်ကနေ ငါးကြိမ်အထိ ပြုလုပ်ပေးပါက သွေးတိုးခြင်းကို ကာကွယ်နိုင်ပြီး ကျန်းမာရေး ကောင်းမွန်စေပါတယ်။
ဆေးလိပ် မသောက်ရပါ
ဆေးလိပ်သောက်တာဟာ နှလုံးအတွက် အလွန်အန္တရာယ်များပါတယ်။ ဆေးလိပ် သောက်တာဟာ နှလုံးသွေးကြောပိတ်နိုင်ခြေများကာ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါထခြင်းနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်သောက်တာကြောင့် နှလုံးခုန်နှုန်း မမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။ နှလုံးရောဂါထခြင်း တစ်ကြိမ်ဖြစ်ဖူးပြီဆိုရင်တော့ ကိုယ်တိုင် ဆေးလိပ်သောက်တာအပြင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုပါ ရှောင်သင့်ပါတယ်။ ဆေးလိပ် ဖြတ်လိုက်တာနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ချက်ချင်းခံစားရပါလိမ့်မယ်။
စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးစရာ ဘဝအခြေအနေထဲမှာ နှလုံးရောဂါထနိုင်ခြေ များပါတယ်။ သွေးဖိအား မြင့်လေ နှလုံးကနေသွေးကို ပိုပြီး ညှစ်ထုတ်ရလေဖြစ်ကာ နှလုံးအပေါ် ဒဏ်ပိစေပါတယ်။ နှလုံးရောဂါထပြီးနောက် ဒါမှမဟုတ် နှလုံးကို ခွဲစိတ်ကုသမှု ခံယူပြီးနောက် သွေးဖိအား ပုံမှန်ဖြစ်နေရင်တောင် နှလုံးအပေါ်ဝန်ထုပ်ဝန်ပိုး လျော့နည်းစေဖို့ ဆရာဝန်က ဆေးကုသမှု ပေးပါလိမ့်မယ်။ ဆရာဝန်ရဲ့ ဆေးကုသမှုကို မှန်မှန်ခံယူပြီး ဆေးကို မှန်မှန်သောက်ပါ။
သွေးတွင်း ကိုလက်စထရောလျှော့ချပါ
သွေးထဲမှာ မကောင်းတဲ့ LDL ကို လက်စထရောများနေရင် နှလုံးရောဂါအတွက် အန္တရာယ် ရှိပါတယ်။ ဒါကြောင့် သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရော လျော့နည်းအောင် အစားအသောက် ပုံစံပြောင်းလဲလိုက်ပါ။ ဒါ့အပြင် သွေးတွင်း ကိုလက်စထရောကျစေဖို့ ဆရာဝန်ပေးတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်အတိုင်း မှန်မှန်သောက်ဖို့ လိုပါတယ်။
ဆေးဝါးကုသမှု ခံယူပါ
တစ်ကြိမ်နှလုံးရောဂါထပြီး နောက် ဆေးဝါးကုသမှုခံယူပါက နောက်တစ်ကြိမ် နှလုံးပြဿနာ ခံစားရမှု လျော့နည်းစေနိုင်ပါတယ်။ ဆရာဝန်အနေနဲ့ သွေးကျဲစေဖို့ အက်စပရင်ဆေးပြား၊ သွေးတွင်း ကိုလက်စထရော လျော့ကျစေဖို့ စတေတင်ဆေးပြား၊ ACE inhibitors နဲ့ Beta-blockers ဆေးပြား စတာတွေကို လိုအပ်သလို ပေးပါလိမ့်မယ်။ ဆေးဝါးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ အရေးကြီးပါတယ်။
Ref : Good Health

0 comments:
Post a Comment