* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, July 15, 2011

“ကျန်းမာခြင်းသည်လာဘ်အများ”

U Panna (8)ကျန်းမာခြင်းသည် လာဘ်အများ

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဟု ဆိုကြသည်။ အမှန်တော့ ကျန်းမာခြင်းသည် လာဘ်တစ်ပါးမက၊ လာဘ်အများ ဖြစ်၏။ ကျန်းမာနေသူထံသို့ လာဘ်အားလုံး ရောက်ရှိလာရန် အခွင့်အရေး များစွာရှိနေသောကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါး မဟုတ်၊ လာဘ်အများသာ ဖြစ်၏။

ကျန်းမာရေးကောင်းမွန်သူသည် မတတ်သေးသည့် အတတ်ပညာ၊ အသိပညာတွေကို သင်နိုင်၏။ မပိုင်ဆိုင်သေး သည့် စီးပွားဥစ္စာတွေကို ရအောင်ရှာဖွေနိုင်၏။ မရောက်ဖူးသော မည်သည့်အရပ်သို့ မဆို သွားရောက်လယ်ပတ်နိုင်၏။ ဘုရားဖူး၊အနားယူ၊ ကုသိုလ်ပြု မည်သည့်ကိစ္စကို မဆို ပြုမူဆောင်ရွက်နိုင်၏။ ကျန်းမာသူအဖို့ အခွင့်အရေးများစွာရှိလျှက် ဖြစ်၏။


တရားအားထုတ်သူများပြည့်စုံကြရမည့် အင်္ဂါငါးပါးတွင် “အပ္ပါဗာဓ-နှိပ်စက်ပြင်းစွာမခံသာအောင် ရောဂါကြီးမရှိခြင်း၊ အပ္ပါတင်္က-ဆင်းရဲငြိုငြင် အသက်ရှင်ဖွယ် ရောဂါငယ်မရှိခြင်း၊ သမဝိပါကီနိယာ ဂဟဏီယာ- စားသောက်အပ်သော အစာကို အညီအမျှ ကျေညှက်စေနိုင်သောဝမ်းမီးရှိခြင်း-ဟူ၍ တရားအားထုတ်သူတို့ ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြရမည်ကို ထိုကဲ့သို့ ဟောကြားတော်မူ၏။


ထို့ကြောင့် ဘုရားရှင်က“ အာရောဂျပရမာ လာဘာ၊လာတ်တကာတို့သည် ကျန်းမာခြင်းလျှင် လွန်မြတ်ဆုံးဖြစ်၏”ဟု မိန့်တော်မူခြင်းဖြစ်၏။ ကျန်းမာခြင်းကို အကောင်းဆုံးလာဘ်ဟု အတိအလင်း ထုတ်ဖေါ်တော်မူခဲ့၏။


ရောဂါဝေဒနာခံစားနေရမှာ သူပိုင်ဆိုင်နေသော ကြွယ်ဝချမ်းသာခြင်း၊ ပစ္စည်းဥစ္စာပေါများခြင်း၊ အတတ်ပညာ တတ် ကျွမ်းခြင်း၊ စားနိုင်၊သောက်နိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်ခြင်းစသည့် ခံစားပိုင်ခွင့် လာဘ်မှန်သမျှ သုံးဆောင်ခံစားနိုင်ခွင့်၊ အကျိုးပြုခွင့်တွေ ဆုံးရှုံးနေသဖြင့် ပိုင်ဆိုင်ရရှိထားသော လာဘ်တို့သည်ပင် မကျန်းမာသူနှင့် သူစိမ်းပြင်ပကဲ့သို့ ဖြစ်နေရ၏။

စားသောက်နိုင်ပါလျှက် အချိုရှောင်ရ၊ အငန်ရှောင်ရ ၊သွားနိုင်လာနိုင်ပါလျှက်လေယာဉ်မစီးဝန့်၊ ကားမစီးဝန့်ဖြစ်ကြရ၏။ တိုက်အိမ် အကောင်း စာကြီး ဆောက်ထားသော်လည်း ကိုယ့်တိုက်အပေါ်ထပ် ဘုရားခန်း၊ ကိုယ့်အိပ်ခန်းကိုပင် တက်ရမှာဝန့် လေးနေ၏။ ဇက်ကမခိုင်၊ ဒူးကယိုင် ၊နှလုံးကမောဟိုက်ဖြင့် လူ့ဘဝ၌ နေရခိုက် မနေပျော်ခြင်း၊ မရွှင်လန်းခြင်း ဖြစ်နေရရှာ၏။


“တပည့်တော်မဘုရား၊ လည်ပင် ကျီးပေါင်းရောဂါဖြစ်နေလို့ တဖက်သို့ ခေါင်းတစ်ခေါင်းတည်းလှည့်ကြည့်ရင် ခေါင်းက ကိုက်လွန်းလို့ တစ်ကိုယ်လုံး လှည့်ကြည့်ရတယ်ဘုရား၊ ခေါင်းကိုက်ပြီးဆိုရင် မူးနောက်လို့ မျက်လုံးကလည်းဘာမှ မမြင်တော့ဘူး ဘုရား” ဟု ခန္ဓာကိုယ်ဆူဖြိုးသည့် အသိဒကာမတစ်ဦးက လျှောက်ဖူး၏။


“ တပည့်တော်ဘုရား၊ အမြင့်များတက်ပြီးဆိုမှဖြင့် ရင်ထဲကတလှပ်လှပ်နဲ့ မောပြီးအသက်ရှုမဝတော့ဘူးဘုရား ၊မိုးကလေး အုံ့ပြီး အေးဆိမ့်ဆိမ့် ရာသီဆိုမှဖြင့် တပည့်တော့်ခန္ဓာကိုယ်က ဟိုကကိုက် ၊ဒီကနာနဲ့ အတော့်ကိုဒုက္ခရောက်တယ် ဘုရား၊တပည့်တော်ဘုရား ညဆို တော်တော်နဲ့အိမ်လို့ မပျော်ဘူးဘုရား}} စသဖြင့်စသဖြင့် လူချင်းတွေ့ပြီဆိုမှဖြင့် ရောဂါတစ်မျိုး မဟုတ်၊တစ်မျိုး ပြောပြတတ်သူတွေနှင့် ကြုံရမြဲ။



မြန်မာလူနေမှု့၌ ရောဂါဖြစ်ပြီးဆိုမှ လူနာမေးရန် လာကြ၏။ရောဂါမဖြစ်ရန် အချင်းချင်းသတိပေး စောင့်ရှောက်ခြင်း၊ အသိပေးခြင်းမျိုး မရှိလှ၊ ကျန်းမာသန်စွမ်းသူသည် မည်ကဲ့သို့ နေထိုင်စားသောက်သည်ကိုလည်း အတုမယူတတ်ကြ။


စာရေသူ၏အမေသည် ယခင်က လုံးဝမော်တော်ကားစီး၍မရ၊ ကားပေါ်ရောက်တာနှင့် ကားမူးနေတော့၏။ ကားတောက်သည်မှာလည်း အသက် အန္တရာယ်နှင့် အလွန်နီးလှ၏။ ကားတောက်လာလျှင် တသန်းသန်း တဝေဝေ ဖြစ်လာ၏။ နောက် မူးအန်ကာ ချေဖျားလက်ဖျား များ အေးပြီး သွေးတိုး လာတော့၏။ကတုန်ကယင်ဖြင့် လူကောင်းပကတိမှ လုံးဝကို လူနာကြီး ဖြစ်သွားတော့၏။


ကျေးလက်နေသူများပီပီ ကားဖြင့်အသွားအလာနည်းခြင်း၊ စိတ်ကိုက ကားစီးလျှင် မူးတော့မည်ဆိုသောအသိ စွဲနေခြင်း တို့ကြောင့် ဖြစ်ဟန်တူ၏။ မည့်သည့်ဆေးကိုဘဲ သောက်ခဲ့ သောက်ခဲ့ ကားပေါ်ရောက်၊ဓာတ်ဆီနံ့ကို ရှုမိသည်နှင့် သူအလိုလို မူးချင်လာတော့၏။ ကျန်းမာရေးချို့ယွင်း၍ မြို့ပေါ်တက်ဆေးကုသဖို့ကို အတော်နှိုင်းချိန်ခဲ့ရ၏။ အတော်ကသီလင်တဖြစ်ရ၏။


တန်ခိုးကြီးဘုရားများကို အမေကို ပို့ပေးချင်၏။ကားစီးရမှာမို့ ဘုရားဖူးထွက်ဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ခဲ့။ရွာနှင့်မိုင်နှစ်ဆယ် မျှ ဝေးသောပြည်မြို့သို့ပင် အနိုင်နိုင်ပို့ခဲ့ရ၏။


စည်းစိမ်ဥစ္စာကို ဘောဂ-ဟု ဆို၏။ အဓိပ္ပါယ်မှာ သုံးဆောင်ခံစားစရာ ဖြစ်၏။ မသုံးဆောင်နိုင်၊မခံစားနိုင်က အမည်မျှ သာ စည်းစိမ်ဖြစ်နေ၏။ အနှစ်သာရက မရှိတော့။


လုပ်ငန်းရှင်၊ ပညာရှင် ၊စာချအကျော်၊ တရားဟောအကျော်စသဖြင့်မည်သို့ပင် တော်ပါစေ၊ ကျော်ပါစေ ကျန်းမာရေး ယိုယွင်းပြီဆိုမှဖြင့် မိမိ၏တတ်သိမှု့ အားလုံးကို အများအကျိုးအတွက် မည်သို့မျှ ဆောင်ရွက်မပေးနိုင်တော့။မဝေငှနိုင်တော့။


စာရေးသူသည် ဘဝတစ်လျှောက်လုံး အာဂန္တုကရောဂါများဖြင့် ဆေးခန်းများသို့သာ ရန်ဖန်ရံခါ ရောက်ခဲ့ဘူး၏။ ဆေးရုံသို့ ယခုအသက် (၄၉)ကျပါမှ ပထမဆုံးတက်ရောက် ကုသဖြစ်သည်။


ဖြစ်ခဲ့ရသည့်မှာ-

ပြာသိုလ်လဆန်း(၇)ရက်နေ့ နံက်ပိုင်း မြောက်ဒဂုံရှိ ငယ်ဆရာတော်ကြီး၏ သက်တော်(၇၈)မွေးနေ့ကုသိုလ်ပွဲသို့ သွား ရောက်တရားဟော ၊ နေ့ဆွမ်းစား၊ ကျောင်းပြန်ရောက် ပျောင်းဖူးပြုတ်ဖြင့် ရေနွေးချမ်းသောက်၊ ညနေစာချ၊ ဘုရားဝတ်တက်ခြင်းဖြင့် ဆောင်ရွက်မြဲ ကိစ္စတို့ ကို ဆောင်ရွက်နိုင်ခဲ့၏။


ညနှစ်ချက်ခွဲအချိန်၌ စတင်ဝမ်းသွား၏။ လေးနာရီ၊ငါးရီထိ သုံးကြိမ်ဝမ်းသွား၏။မိုးလင်း၍ ကျောင်း၌ သင်တန်းလာ တက်နေသော ဓာတ်ခွဲခန်းမူး ကို ခေါ်ကာ ဆေးထိုးဆေးသောက် ပြုပြီးနောက် အတော်အသင့် သက်သာသွား၏။


ပဋ္ဌာန်းတန်ဆောင်း၌ ရုပ်ပွားတော်နှင့်ဘုရားဆောင်ကုသိုလ်ရှင်များက ကျောင်းသံဃာနှင့်ဥပုသ်သယ်များကို အရုဏ် ဆွမ်းကပ်သဖြင့် အမှတ်(၁) စစ်မှု့ထမ်းဟောင်းရွာ(လေးဒေါင့်ကန်)သို့ သီလပေးရေစက်ချတရား သွားရောက်ဟောပေးလိုက်၏။


ဟောနေရင်း မောလာ၏။ မဟောနိုင်တော့၊ ဝမ်းသွားချင်၍ ပလ္လင်ပေါ်မှအထ၌ မူးလဲတော့၏။ အထက်လှန်အောက် လျောဖြစ်လိုက်သည် မှာ နေကုန်။ဆရားဝန်နှစ်ဦးဖြင့် နှစ်ရက် ကုသပေးကြ၏။ မသက်သာသဖြင့် ပြာသိုလ်လဆန်း(၉)ရက် နေ့ ညနေတွင် ဆန်းမြန်မာကုမ္ပဏီပိုင်ရှင် ဒကာဦးမျိုးအောင်ကိုယ်တိုင် ကားဖြင့်လာပင့်ပြီး ရွှေဂုံတိုင်ဆေးရုံ၊(၆)လွှာရှိ၊အခန်း (၆၀၈)၌ ဆရာဝန်းကြီးဦးဆန်းလွင်ဦးဆောင်သောဆေးအဖွဲ့ဖြင့် တက်ရောက်ကုသခဲ့ရ၏။ ဘဝမှာ ပထမဆုံး ဆေးရုံသို့ သုံးရက် တက်ခဲ့ရခြင်း ဖြစ်၏။ ထိုနေ့ကား ၂၀ဝ၉-ခုနှစ်၊ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့မို့ အမှတ်တရ ဖြစ်ခဲ့ရ၏။


“ဥစ္စာကံစောင့်၊အသက်ဉာဏ်စောင့်” စကားပုံကို မထေမဲမြင် ပြုမိ၍ ဒဏ်ခတ်လိုက်ဟန်တူ၏။ ဆေးရုံတက်ဖြစ် ခဲ့ခြင်းဖြင့် ကျန်းမာရေး ယိုယွင်းလာပါက တတ်ကျွမ်းနားလည်ကြသည့် ဆေးပညာရှင်များနှင့်စနစ်တကျ စမ်းသပ်စစ်ဆေးပြီး ကုသဖို့ လိုအပ်ကြောင်းကို အသိရခဲ့၏။ ယနေ့ခေတ်၌ လူတစ်ကိုယ်လုံး ချို့ယွင်းနေသောနေရာကို သိနိုင်ရန် အထောက် အကူပြု စမ်းသပ်ကိရိယာများရှိနေသဖြင့် စွမ်းနိုင်သူများအဖို့ ရမ်းသမ်းကုနေခြင်းထက် စနစ်တကျ စမ်းသပ်စစ်ဆေးပြီး ကုသသင့်၏။


စရိတ်စက အလွန်ကြီးသောခေတ်မို့ ရောဂါမဖြစ်တာက အကောင်းဆုံးဖြစ်၏၊ အမြဲတမ်းရောဂါက မဖြစ်ဘဲရှိမည်မ ဟုတ်၊ခန္ဓာရလာတာကို က ရောဂါဖြစ်ဖို့မို့ ရောဂါကြီးများ မဖြစ်အောင်အထူးဂရုပြုနေထိုင်တတ်ဖို့လည်း အလွန်လိုအပ်၏။ မိမိအတွက် ဒီဘဝမှာ ဒီခန္ဓာ၊ဒီဘော်ဒီထက် အရေးကြီးတာ ဘာမှမရှိ၊လူသားစိတ်သည် တစ်ခါတစ်ရံ ဆန်းကြယ်လှ၏။


သူများအတွက်ကြတော့ အလွန်ပူပင်တတ်ပြီး၊မိမိအတွက်ကြတော့ လျှော့ပြီးတွေးတတ်၏။စာရေးသူ၏ဖြစ်အင်သည် ထိုသဘောမျိုးဖြစ်ခဲ့၏။ စာရေးသူ ဝမ်းသွားနေ၍ မလာနိုင်ကြောင်း၊ကျောင်းရှိဘုန်းကြီးဖြင့် ရေစက်ချလိုက်ပါဆိုက ပြီးနိုင်၏၊ဘုန်း ကြီးကျောင်းဖြစ်၍ အခြားသံဃာများလည်း ကျောင်း၌ ရှိကြ၏။


“ငါ-မပါ ဘယ်ဟာ မပြီး” ဆိုသော အတ္တကြောင့်သာ နေရာတိုင်း ငါ-ပါနေချင်၏။ ငါ-ကို လက်မလွတ်နိုင်၍ ရော ဂါဖြစ်ဖြစ်ခဲ့၏။ ထိုငါ-ကြောင့်ပင် ဒုက္ခရောက်၏။ အဲဒီ ငါ-ကို လွတ်လိုက်ရင် လွတ်လပ်သွားမှာ၊အားလုံးချမ်းသာသွားမှာ ဖြစ်၏။ ဥပုသ်သယ် အဖိုးအဖွားတို့လည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြမှာ။


စာရေးသူ၏ စစ်မှု့ထမ်းဟောင်းရွာသည် ပင်စင်စား စစ်မှု့ထမ်းဟောင်း သက်ကြီးရွယ်အိုအများစု နေကြ၏။ ထိုနေ့က ဥပုသ်ဆောင့်တည်ကြသည့် သက်ကြီးရွယ်အိုများ စိုးရိမ်ပူပန်မှု့ ဖြစ်ကြရ၏။ အချို့အဖွားများ မျက်ရည်တစမ်းတစမ်း ဖြစ်ကြရ၍ ရောဂါခံစားရင်ဖြင့် စာရေးသူမျာ စိတ် မကောင်းဖြစ်ခဲ့ရ၏။သင်္ခန်းစာတော့ရလိုက်၏။ သို့ပေမယ့် စိတ်မော လူမောဖြစ်ခဲ့ရ၏။


ရောဂါဖြစ်ရခြင်း အကြောင်းရင်များစွာတို့အနက် အစားအသောက်ကြောင့် ဖြစ်ရသောရောဂါက ပိုများကြောင်းကို စာပေများ၌ ဖတ်ရှု့ရ၏။ “သဗ္ဗေသတ္တာ အာဟာရဋ္ဌိကာ-ဆိုသည့်အတိုင်း သတ္တဝါဟူသမျှ အာဟာရ၌တည်၍ ဖြစ်ရကား သတ္တဝါတို့ ရောဂါဖြစ်မည်ဆိုကလည်း ထိုအာဟာရကြောင့်ပင် ဖြစ်ဖို့ များမှာ သေခြာ၏။


စားသောက်ခြင်းကို စနစ်တကျဆောင်ရွက် စားသောက်ပါက “အစာလည်းဆေး၊ဆေးအစာ” ဆို သည့်အတိုင်း ကျန်းမာခြင်း၊ ရောဂါနည်း ပါးခြင်း၊ ဖြေးဖြေးအိုခြင်းစသော ကောင်းကျိုးများစွာ ရနိုင်ကြောင်း ဘုရင်ကြီးကောသလအား ဘုရားရှင် ဤသို့ ဆုံးမတော်မူခဲ့သည်။


ကောသလမင်းကြီးသည် အသားအရေစစ်၍ ကျစ်လစ်သွားသောမိမိခန္ဓာကိုယ်ကို လက်ဖြင့်ပွတ်သပ်၍ “မြတ်စွာ ဘုရားသည် ပစ္စုပ္ပန်အကျိုးစီးပွား၊ သံသရာအကျိုးစီးပွား နှစ်မျိုးအားဖြင့် ငါ့ကို ချီးမြှောက်တော်မူပါပေ၏” ဟု နံက်အချိန်၌ အမြဲတန်းကြူးရင့် ပြောဆိုလေ့ရှိသတဲ့။


ထိုသို့ ထုတ်ဖေါ်ပြောဆိုနေခြင်း အကြောင်းမှာ ဤသို့ ဖြစ်၏-

မင်းတရားသည် ဆန်တစ်စိတ်ချက်ထမင်းနှင့်လျော်ညီသောဟင်းလျာကို ပွဲတော်တည့်လေ့ရှိ၏။ တနေ့၌ နံက်စာစား သောက်ပြီး ထမင်းအဆီယစ်ခြင်း ကို အလေးထားမဘဲ ကျောင်းတော်သို့ ရောက်လာခဲ့၏။ ဘုရားရှင်ရှေ့၌ ဆောက်တည်ရာ မရ၊ ဟိုလှုပ်ဒီလှုပ်ဖြင့် မငြိမ်မသက်ဖြစ်နေ၏။ လှဲအိမ်လို့လည်း မသင့်တော်သည့်နေရာမို့ ထိုင်လျှက် ငိုက်မည်းနေရတော့၏။


ထိုစဉ် ဘုရားရှင်က “မင်းတရား၊ပွဲတော်တည်ပြီး အနားမယူဘဲ ကျောင်းတော် ရောက်လာထင်ရဲ့” ဟု မိန့်တော်မူ၏။

“တင့်ပါဘုရား၊ ပွဲတော်တည်ပြီးကထဲက အတော်ဒုက္ခရောက်နေတယ်ဘုရား”

“မင်းတရား၊ အစားများရင် အဲလို ဒုက္ခရောက်တာဘဲ” ဟု မိန့်တော်ပြီး-

“မင်းတရား၊ အစားများများစားရင် ငိုက်မည်းတတ်တယ်။ လူးလိမ့်ပြီး အိပ်ရတယ်။ရူးရူး-လို့ ဟောက်သံကျယ်ကျယ် ထွက် တယ်။ အိမ်အောက်မှာ ခြံခပ်မွေးထားတဲ့ ဝက်ကြီးလို့ စားပိုးနင့်ပြီး တအီးတအဲအဲ ဖြစ်နေရတယ်။ အသိဉာဏ်နဲလို့ အကြိမ်ကြိမ် ပဋိသန္ဓေနေရမယ်” -ဟူ၍လည်းကောင်း-


“ မင်းတရား၊ လူဆိုတာ မိမိနဲ့ကိုယ်ညီတဲ့ အစားအသောက်ကို သိပြီးစားရမယ်၊ စားသောက်ရာ၌ သတိအမြဲရှိရမယ်။ ဒါဆို ရောဂါဝေဒနာ နည်းမယ်၊ အရွယ်တင်ကာ ဖြေးဖြေးအိုမယ်” ဟူ၍လည်းကောင်း ဆုံးမတော်မူသည်။


ထိုအဆုံးအမတော်ကို မင်းတရားသည် မှတ်သားခြင်းငှါ မစွမ်းနိုင်၍ အနီး၌ခစားနေသော တူတော်မောင် သုဒဿန လုင်ကို သင်ယူစေ၏။ သုဒဿနလုင်အား ဘုရားရှင်က “ မင်းကြီး ပွဲတော်တည်သည့်အခါ ထိုဂါထာကို အနီးမှနေ၍ ရွတ်ဆိုအသိပေး ရမည်။


မင်းကြီးသည် ဂါထာ၏ဆိုလိုရင်းကို သဘောပေါက်၍ ပွဲတော်ကို လျှော့သုံးဆောင်လိမ့်မည်။ ထိုလျှော့သည့်ထမင်းလုံး အရေအတွက်အတိုင်း ဆန်ကို လျော့လျော့ချက်ပြီး ပွဲတော်ကို နေ့စဉ် လျော့လျော့ဆက်ကပ်ပါ” ဟု မှာတော်မူလိုက်၏။


ကောသလမင်းကြီး ပွဲတော် တည်တိုင်းတည်တိုင်း ထိုဂါထာကို နေ့စဉ် ရွတ်ဆိုပေးသည်။ မင်းတရားလည်း အစားအ သောက်ကို လျော့ သုံးဆောင် တော့ ၏။ ဝမ်းဗိုက်တင်းအောင် မစားတော့။ ဤနည်းဖြင့် မင်းတရားသည် ဆန်နို့ဆီဗူး နှစ်လုံးချက်သာသာ သုံးဆောင်တော့၏။ မင်းတရား၏ ကိုယ်လုံးသည်လည်း ယခင်ကဲ့သို့ ဆူဖြိုးခြင်းမရှိတော့ဘဲ ဘေးကင်း သွယ်လျကျစ် လစ်ပြီး ဝိတ်ကျသွား၏။ နေရထိုင်ရသည်မှာ ချမ်းချမ်းသာ သာ ဖြစ်သွား၏။တူတော်မောင်အားလည်း ရွတ်ဆိုတိုင်း ရွတ်ဆိုတိုင်း ဆုတော်ငွေ တစ်ထောင်ကျပ် ဆုချတော်မူ၏။ (သံယုတ်ပါဠိတော်၌ တစ်ရာဟု ဆိုသည်။)


တစ်နေ့၌ ဘုရားရှင်ထံရောက်လာသော ကောသလမင်းကြီးသည် ရှိခိုးဦးချပြီး “မြတ်စွာဘုရား၊ယခု တပည့်တော် ချမ်းချမ်းသာသာရှိတယ် ဘုရား နေရထိုင်ရတာ အဆင်ပြေတယ်ဘုရား၊ခု သမင်းကိုလည်း လိုက်ဖမ်းနိုင်တယ် ဘုရား၊ မြင်းကိုလည်း လိုက်ဖမ်းနိုင်တယ်ဘုရား” ဟု လျှောက်ထားသဖြင့် အထက်ပါအတိုင်း ဘုရားရှင်က “ အာရောဂျပရမာ လာဘာ-လာဘ်တကာတို့သည် ကျန်းမာခြင်းလျှင် လွန်မြတ်ဆုံးဖြစ်၏” ဟု မိန့်တော်မူခြင်းဖြစ်၏။


ကျန်းမာခြင်းသည် အဘယ်မျှ အရေးကြီးကြောင်းကို မကျန်းမာဖြစ်သူတိုင်း သိကြ၏။

ဤသို့ ဘုရားရှင်သည်လည်း ရောဂါဝေဒနာတို့၏ ဇစ်မြစ်ကို အစားအသောက်ကိုပင် အလေးထားဟောပြတော် မူခဲ့၏။

အစားအသောက်ကို မဆင်မချင် စားသောက်ခြင်းဖြင့် ရောဂါဝေဒနာထူပြောရုံမျှမက အသိဉာဏ်ထုံထိုင်းပြီး တရားအသိပင် မသိနိုင်။ အသိနည်း၍ တရားမကျင့်နိုင်၊ တရားမကျင်နိုင်သဖြင့် သံသရာထဲ၌ ပဋိသန္ဓေ အဖန်ဖန်နေရ၏။ သံသရာ၌ ကျင်လယ်နေရတော့၏။


စနစ်တကျစွာ စားသောက်ခြင်းနှင့် ပတ်သက်၍ ကြေညက်လွယ်သောအစားအစာများ(အသီးအရွက်)ကို စားသောက်ရ မည်ကိုလည်းကောင်း၊ တရားအားထုတ် သူများအဖို့ လေးငါးလုပ်လျော့စားရမည်ကိုလည်းကောင်း၊ သာမန်လူများ စားသောက် မည့်အစာ၏ ဆယ်ပုံတွင် ခုနစ်ပုံရှစ်ပုံမျှ စားသောက်ကြရမည်ကိုလည်းကောင်း ဆိုကြ၏။ ရေများများသောက်ဖို့ကိုလည်း သတိပေးကြ၏။သို့ပေမယ့် သူရောကိုယ်ပါ စားကောင်းလျှင် အဝစားဖြစ်ကြ၏။ထို့ကြောင့် ရောဂါများ အဖြစ်များကြ၏။


ရောဂါဖြစ်က ဆေးမြီးတိုများကို ညွှန်းလေ့ရှိကြသည်မှာ မြန်မာလူမျိုးတို့၏ချစ်စရာဓလေ့ ဖြစ်၏။သို့သော် ကျန်းမာရေး သတိပေးစာတို့တွင် မိမိဖာသာ ဆေးဝယ်မသောက်ဘဲ တတ်ကျွမ်းသည့်ဆေးပညာရှင်(ဆရာဝန်)တို့၏ ညွှန်ကြားချက်ဖြင့်သာ ဆေးကို သောက်သင့်ကြောင်း ဆိုကြ၏။ မည်သို့ လုပ်ဆောင်ရပါမည်နည်း။


ကိုယ့်ရောဂါကို ကိုယ်တိုင်ချင့်ချိန်လျှက် သက်သာပျောက်ကင်းအောင် မည်သို့ဆောင်ရွက်သင့်သည်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆောင်ရွက်သင့် ၏။ ဖြစ်နိုင်လျှင် တတ်ကျွမ်းနားလည်သူများနှင့် ကုသခြင်းသည် အကောင်းဆုံးဖြစ်၏။


စာရေးသူ၏ အာဂန္တုကရောဂါ အထက်လှမ်းအောက်လျောခြင်းနှင့်စပ်၍ ဆရာဝန်ကြီးများက “ဝမ်းအသွားများလျှင် ဆီးချုပ်ပြီး ကျောက်ကပ်ဒုက္ခဖြစ် တတ်၍ မပေါ့ဆသင့်ကြောင်း” ပြောပြကြ၏။


ဆီးကျောက် မကြာမကြာတည်လေ့ရှိသော စာရေးသူသည် ယခင်က ဆရာဝန်ကြီးများဖြင့် ကျကျနန ကုသခဲ့၏၊ နောင်တွင် အခြားသော ကျောက် ကျဆေးများကိုလည်း သောက်ဖြစ်၏။ကျောက်များ ကျ၍ ဝမ်းသာခဲ့၏။


ယခုဆရာဝန်ကြီးများက သွေးများစစ်ပြီး ထိုကဲ့သို့ စနစ်မကျသော ဆေးသောက်ခြင်းတို့ကြောင့် ကျောက်ကပ်လုပ် အားနည်းနေကြောင်း အတိ အကျပြောကြပြန်၏။


သူရဇ္ဇမဂ္ဂဇင်းတွင် ဆီးချိုအတွက် ပျားပြီးရွက်ကောင်းကြောင်းဖတ်ရသဖြင့် စာရေးသူ၏ကျောင်း၌ ပျားမြီးပင်များ စိုက်ပျိုးထားပြီး လက်ဆောင်ပေးဖြစ် ၏။ကျောင်းနားက မစိန်အေး နေ့စဉ် နှစ်ရွက်နှစ်ရွက် စား၏။ သူမ၏ဆီးချိုး (၁၅၀)မှမတိုး တော့၊အကျိုးများလှ၏။ စေတီယင်္ဂဏစာပေးပွဲ စာထောက် စာမဆောင်ရွက်ရန် ရောက်ခဲ့၏။စာမေးပွဲဆိုင်ရာ ဒကာတစ်ဦးက သူယောက္ခမကြီး ဆီးချိုးရှိသဖြင့် ပျားမြီးရွက် မနက်နှစ် ရွက်၊နေ့လည်နှစ် ရွက်စားကြောင်း ပြောပြသည်။


အလွန့်အောင့်၍ မနေနိုင်သဖြင့် မဟာမြိုင်ဆေးခန်း၌ ဆရာဝန်ကြီးနှင့် သွေးဖေါက်ဆေးစစ်ရာ အသဲ၌ ပိုးတွေ့ကြောင်း၊ ထိုပိုးဖြစ်ရခြင်းသည် သစ်ရွက်စိမ်းစား၍ ဖြစ်ကြောင်းကိုပါ ပြောပြသည်။


တပည့်ဖြစ်သူ ဦးနန္ဒ၏မိခင် အသဲခြောက်၍ ဝမ်းဗိုက်ကြီးဖေါင်းတင်းနေ၏။ ကျောင်းဝိုင်းအတွင်းရှိ အဝါအပွင့်ပါ ဗိဇပ်ငယ်အရွက်ကို အရည်ညှစ်သောက် ၏၊ ဝမ်းဗိုက်ချပ်ကျပြီး အအောင့်ပါသက်သာသွား၏။


စာရေးသူကို လွန်ခဲ့သောငါးနှစ်ကျော်က စာလာပြပေးသော ဆရာကြီးက လိုချင်၍ ဧကရာဇ်ကိုင်းများကို အဆီထုတ် ပေးဖူး၏။ စာရေးသူထံ၌လည်း ချန်ထားခဲ့၏။ ထိုအဆီကို မိုင်းခံစက္ကူ၌ သုတ်၍ အဖုအကျိတ်ကို အုံပေးကပ်ပေးပါက အဖုအ ကျိတ် ပျောက်ကင်းကြောင်း ပြောပြ ထားခဲ့သဖြင့် မရေး၏လည်ပင်အကျိတ်၊မသင်းသင်းဆွေ၏လက်မောင်းအကျိတ်တို့ကို သတင်းစာစက္ကူ၌ သုတ်လိမ်းပြီးကပ်ပေး ရာ ပျောက်ကင်း သွားသည်။ (မိုင်းခံစက္ကူမရှိ သတင်းစာကို အသုံးပြခြင်းဖြစ်၏။)


စအိုနာခေါ် စအိုနှုတ်ခမ်းသားများမှ သွေယိုခြင်း၊ အပြင်လိပ်ခေါင်ထွက်ခြင်းတို့ကို ပျဉ်းမသီးကို သွေးလိမ်းပါက ဧကန် ပျောက်ပါသည်။ ရွာသာကြီး စီးပွားရေးတတ္တသိုလ်သွားသော အမှတ်(၂)လမ်းမကြီးဘေးတွင် ပျဉ်မပင်များရှိပါသည်။


အချို့ဆေးဖက်ဝင်အပင်များသည် တစ်ယောက်နှင့်အဆင်ပြေသော်လည်း နောက်တစ်ဦးနှင့် အဆင်ပြေချင်မှ ပြေတတ်သည့်သဘောမျိုး ရှိဟန်တူ၏။ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်အသုံးပြုရန်အလွန်လိုအပ်၏။ သုတေသန အခိုင်အမာပြုထားသည့် ဆေးသည်ပင် ဟိုလူနာနှင့်မတည့်၊ ဒီလူနာနှင့်အဆင်မပြေ ဖြစ်တတ်သေးသည် မဟုတ်ပါလား။


ခန္ဓာကိုယ်က ကံ စိတ် ဥတု အာဟာရ အကြောင်းတရားလေးပါးကြောင့် ဖြစ်ရတာမို့ ကံနှင့်စိတ်သည် တစ်ဦးနှင့်တစ်ဦး တထပ်တည်းမကျ ၍ ရောဂါ တူပါလျှက် တချို့ဆေးအမယ် မတူခြင်း၊ ဆေးမတည့်ခြင်း တို့ရှိတတ်၍ “ဒီဆေးသုံးဖူးလား၊ ဒီဆေး နဲ့တည့်ပါသလား” ဟု ဆေးမထိုး ခင် မေးတတ်ကြ သည်ကို သတိထားမိ၏။


ဘေးထွက်ဆိုးကျိုးမရှိဟု ဆိုကြသော်လည်း ဘေးထွက်ဆိုးကျိုးမရှိခြင်းကို မည်သို့ သုတေသနလုပ်ဆောင် ထားပါသည်ဟု ခိုင်ခိုင်မာမာ ပြောခြင်း မျိုးကိုကား မတွေ့ရပါ။ မြန်မာ့အလင်း သတင်းစာ၌ ပါရာစီတမော့နှင့်အကိုက် အခဲပျောက် ဆေးများကို အသောက်များက အသဲတို့ အစာအိမ်တို့၌ ဒုက္ခဖြစ်တတ်ကြောင်းကို ဖတ်ရ၍ ဆေးဝါတို့၌ ဆိုက် အဖက်ခေါ် ဘေးထွက်ဆိုး ကျိုး အနည်းနှင့်အများတော့ ရှိကြမည်မှာ သေခြာ၏။


ထို့ကြောင့် အများညွှန်းသော ဆေးမြီးတိုခေါ် ဆေးဖက်ဝင်အမယ်များနှင့်ဆေးဝါးများကို ပျောက်ချင်ဇောဖြင့် လက်လွတ် စပယ် မမှီဝဲသင့်။ ဘုရားအဆုံးမတော်အတိုင်း စားသောက်မည့် အရာရာတိုင်း၌ အသိရှိဖို့၊ သတိရှိဖို့ လိုအပ်၏။ နားလည်တတ်ကျွမ်းသူများ ၊အတွေ့အကြုံရှိသူများနှင်တိုင်ပင်၍ အသုံးပြုသင့်၏။


အသိနှင့်သတိ ရှိလျှင် ရောဂါ အဖြစ်နည်းကာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိမည်။အာယုကပ်ကျော်တက် အောင် သက်တမ်းရှည်မည်။ ကျန်းမာခြင်းဖြင့် လာဘ်အများကို ပိုင်ဆိုင်ခွင့်ရှိ၍ “ကျန်းမာခြင်းသည် လာဘ်တစ်ပါးသာ မဟုတ်၊လာဘ်အများ” ဖြစ်ကြောင်း ကို ရေးသားလိုက်ရပါသည်။

အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

မေတ္တာများဖြင့်

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/

2011-ခု၊ ဇူလိုင်လ ၁၄-ရက်၊ ကြာသပတေးနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP