“ဇွန်” လရဲ့ ပုံရိပ်များ (၂၀၀၉)
ဪ... အချိန်က လောကရဲ့အရာအားလုံးကို တိုက်စားနေပြီ။ ဘာလိုလိုနဲ့ ပြီးခဲ့တဲ့ “ဇွန်”လ ၂၄ ရက်နေ့ နွေရာသီတွင် မြတ်စွာဘုရားရဲ့ တရားဓမ္မတွေနဲ့ ရင်းနှီးပျော်မွေ့ခဲ့တာ (၂)နှစ် တိုင်ရှိခဲ့ပြီ။ အဲ့လိုပြန်တွေးလိုက်တိုင်း ဘုရား၊ တရား၊သံဃာ ရတနာမြတ်သုံးပါးနှင့် မိဘ၊ ဆရာသမားများ၏ ကျေးဇူးတရားတွေဟာ တကယ်ပဲ အနန္တော အနတ္တဆို တာကိုယ်တိုင် ခံစားသိမြင်ပြီး အကြိမ်ကြိမ် ရှိခိုးဦးချမိပါတယ် အရှင်မြတ်တို့ဘုရား။
တစ်နေ့သော... ဇွန်လ၏ နောက်ဆုံးအပတ်....(၂၀၀၉ ခုနှစ်- ဇွန်လ ၂၄) မာစတာ ဒုတိယနှစ် စာမေးပွဲအတွင်း နောက်ဆုံးသော ဘာသာရပ်ဖြစ်သော C++ ဖြေဆိုမည့်ရက်ကို စောင့်ဆိုင်းနေ သောကာလ.. အဆောင်ရဲ့ ကော်ရစ်တာထောင့်လေးမှာ သူငယ်ချင်း များစုရုံးပြီး စကားလက်ဆုံ ကျနေကြစဉ်. ထိုသူများမှာ တစ်ခြားသူများမဟုတ်. စာမေးပွဲဖြေဆိုရန် ကင်းလွတ် ခွင့်ရထားကြသူများ (ဤတက္ကသိုလ်တွင် စာသင်နှစ်တစ်လျောက်လုံး စာတွေ့လက်တွေ့လုပ် ဆောင်မှု့ အမှတ်ကောင်းသောသူများသာ) ၊ တစ်ခြားသူ တွေစာမေးပွဲတွက် ပြင်ဆင်နေကြစဉ်. ထိုလူအုပ်မှာ အရက်သောက်ဖို့ရန် ဆိုင်းပြင်နေကြပြီ။ ထိုအချိန် ကျွန်တော် တို့လူအုပ်ဘက်သို့ လျောက်လှမ်းလာသော သူတစ်ယောက်.
“ကိုဝင်းမြင့်ပါလား”
ကိုဝင်းမြင့် - ညီလေးတို့ ည ၁၁ နာရီမှာ ပိုင်းလော့ဆရာတော်ဘုရားကြီး တရားစခန်းပွဲရှိတယ်။ ဘုရားခန်းမှာပဲ အွန်လိုင်းကနေ တိုက်ရိုက်နာယူကြမယ်။ ညီလေးတို့ တရားနာချင်တဲ့သူများ လာနာနိုင်ပါတယ်။
ကျွန်တော့်အတွေး ထဲတွင် ပိုင်းလော့ဆရာတော်ဘုရားကြီး ဆိုတာကို မရင်းနှီးခဲ့ တရားစခန်း ဆိုတာ မဝင်ဖူးခဲ့။ တရားဓမ္မ၏ အနှစ်သာရဆိုတာ ဘာမှန်းမသိခဲ့။ တကယ်ပဲ မိရိုးဖလာ ဗုဒ္ဓဘာသာ တစ်ဦးပဲဆိုတာ ကျွန်တော် တရားတော်တွေ နာကြားလာတဲ့ အခါမှာသိခဲ့ပြီး။ ဘုရားတွေ့ရင် ဦးချရုံ ကိုယ်လိုချင်တဲ့ ဆုတောင်းရုံ လောက်သာ အသုံးချခဲ့သူ။ ထိုသို့သော သူတစ်ယောက် ဘယ်လိုအကြောင်း ကံတွေကြောင့် ကျေးဇူးကြီးမားလှသော ကိုဝင်းမြင့်၏ အသိပေး နှိုးဆော်မှု့ တစ်ခွန်းထဲနှင့် တရားပွဲအား နာယူရန် စိတ်အားထက်သန် ခဲ့ပြီမသိ။ ကျွန်တော်တို့၏ သုရာမေရယ ကံကျူးလွန်မည့် အစီအစဉ်လည်း ပျက်ခဲ့ပြီ။ ဘုရားခန်း ဝင်ပြီး တရားနာယူရန် အားလုံး ဆုံးဖြတ်ချက် ချလိုက်ပြီ.. ဪ. ဘော်ကာပုလင်းလေး ရေခဲသေတ္တာထဲမှာ အထီးကျန်ခဲ့ပြီ။ ထိုပုလင်းဟာ ကျွန်တော်၏ နောက်ဆုံး မသောက်ဖြစ်တော့တဲ့ ပုလင်း ဆိုတာ ထိုအချိန်ကကျွန်တော်မသိခဲ့။
ည (၁၁) နာရီထိုးပြီ...
တရားတော် နာယူမည့်သူများ အင်္ကျီအဖြူ ပုဆိုးလေးများဖြင့် သန့်ရှင်း စင်ကြယ်နေကြပြီ။ စိတ်တွေကလည်း ဆရာတော်ဘုရားကြီးအား ဖူးမြော်ရန်နှင့် တရားနာယူရန် ပျင်းပြနေကြသည့်အချိန်..
VZO connection ရသွားပြီ
(Maplewood ,USA) နှင့် ကျွန်တော်တို့ဆီမှ အချိန်ကား ည ၁၁ နာရီ၊ USA တွင်ကား မနက် ၈ နာရီခန့်ရှိခဲ့ပြီ။ ကျွန်တော်တို့တွေ ထိုစဉ်အခါက VZO အထောက် အပံ့ဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်သံကို တိုက်ရိုက် နာယူခွင့်ရခဲ့ကြသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး အမြဲပြောကြားနေသော ရခဲလှတဲ့ အရာဆိုတာ ယခုတွင်ပို၍သိမြင်လာခဲ့ပြီ. သစ္စာတရားကို ဟောကြားနိုင်တဲ့ သူတော်ကောင်း ဆရာကောင်းနဲ့လည်း ကြုံကြိုက်နေပြီ ထောင်နိုင်တဲ့နားကလည်း ကောင်းနေပြန်ပါပြီ နားလည်နိုင်တဲ့ အသိဉာဏ်လေးကလဲရှိတဲ့အတွက် မရင်းနှီးသော သစ္စာတရားများ ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးပြများကို နားလည်ထိတွေ့ခွင့် ရခဲ့ပါတယ်။ ပိုင်းလော့ဆရာတော် ဘုရားကြီးကလဲ တရားဟောရင်းနဲ့ အသိပေး ဆုံးမစကားလေးတွေ ပြောသွားတာ လေးတွေက အတွေးထဲမှာ အမြဲစိုးမိုးနေခဲ့တယ်။ စိတ်က မကောင်းတဲ့ဘက်မှာ လွန်ဆွဲနေပေမဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေ ဆရာတော်ဘုရားကြီး၏ အဆုံးအမ တွေက စိုးမိုးနိုင်ခဲ့ပါပြီ။ “ဘုရားက မကောင်းဘူးဆိုတဲ့အရာကို ကိုယ်ဘယ်လောက်ကြိုက်ကြိုက် ပေသာ ရှောင်၊ ဘုရားက ကောင်းတယ်ဆိုတဲ့အရာကို ကိုယ်ဘယ်လောက် မကြိုက် မကြိုက် ပေသာလုပ်”၊ ပေပြီးတော့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အကြောင်းကြောင့်လည်း ကျွန်တော်ကိုယ်တိုင် မထင်မှတ်တာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အားလုံးသော ဓမ္မမိတ်ဆွေများကို ယုံယုံကြည်ကြည်နဲ့ လုပ်လာစေချင်တဲ့ ဆန္ဒကြောင့်လဲ ကျွန်တော် ထုတ်ဖော်ပြောချင်ပါတယ်။
၁။ စတင်နာယူတဲ့ နေ့ကပေါ့ အချိန်က ပြောင်းပြန်ဆိုတော့ အိပ်ချိန်မမှန် သေးတဲ့အတွက် တရားခဏ နားတဲ့အချိန်မှာ အိပ်ချင်နေခဲ့တာတော့ အမှန်ပါ။ နာရီဝက်သာ ခဏတာ အနားယူတဲ့ အချိန်မှာ ကျွန်တော် တရားနှလုံးသွင်းရင်း မှေးခနဲ အိပ်ပျော်သွားခဲ့ပါတယ်။ ကျွန်တော် နိုးထလာတဲ့အချိန်မှာ ခေါင်းအလွန် ကြည်လင် နေတယ် မိုးတောင်လင်းပြီ ထင်ခဲ့ပါတယ်. တော်တော်လဲ အိပ်ပျော်သွားတာလား ဘာလားမသိပါဘူး အကြာကြီးလို့ ထင်ခဲ့တယ် တရားပွဲ လွတ်သွားပြီလို့ အောက်မေ့ခဲ့ပါတယ် နာရီကြည့်လိုက်တော့ ကျွန်တော်ထင်ခဲ့သလို မဟုတ်ပါဘူး ကျွန်တော် စအိပ်ပျော်သွား တဲ့အချိန်ကနေ ၁၅ မိနစ်ခန့်သာရှိသေးတယ်။ တစ်သက်မှာ တစ်ခါမှ အဲ့လောက် အိပ်ချင်နေတာကို ၁၅ မိနစ်နဲ့ အိပ်ရေးဝပြီး ခေါင်းကြည်လင်နေတယ် ဆိုတာကတော့ ထူးခြားချက်ပါပဲ။ ကျွန်တော့်ကို တရားဆက်လက် နာယူနိုင်ရန် အတွက် ခေါင်းက ကြည်လင်နေခဲ့ပါပြီ။ ဟုတ်ပါတယ်. ကျွန်တော်တို့တွေ သိတတ်ခါစထဲက ခုချိန်ထိ စဉ်းစားကြည့်ရင် ညအိပ်ခါနီးမှာ ဘာတွေတွေးလို့ ဘယ်လိုအိပ်ပျော်သွားခဲ့ပါသလဲ? အတွေးတွေများပြီး အကြောတွေတင်းပြီး အိပ်ပျော်ခဲ့တာတွေကြီးပါပဲ ဒါကြောင့်လဲ မနက်အိပ်ယာထရင် ညောင်းညာ ကိုက်ခဲမှုတွေ ဖြစ်နေတာပါပဲ။ အားလုံးကို စမ်းသက်စေချင်ပါတယ် ညအိပ်ယာဝင်ရင် ကိုယ်နာထားဖူးတဲ့ တရားတစ်ခုခု ကမ္မဋ္ဌာန်းတစ်ခုခု ကိုပေါ့ ဒါမှမဟုတ် ဝင်လေထွက်လေ လေးကိုသာ သိပေးပြီး အိပ်ပျော်သွားပါစေ။ မနက်တွင် သင့်ခေါင်းကြည်လင်ပြီး ပေါ့ပါးနေပါလိမ့်မယ်။
၂။ တရားကလဲ ခုမှတကယ်ကို နာယူခွင့်နဲ့ကြုံတော့ တရားစာလုံးတွေ စာပေတွေ အဓိပ္ပါယ်တွေ နားမရှင်းတာတွေ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်မှာ စိတ်ထဲမှာ သိချင်တာလေးကို ရေရွတ်မိလိုက်ရင် မကြာပါဘူး ဆရာတော်ဘုရားကြီးက ရှင်းလင်းဟောကြားသွားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ခဏခဏကြုံနေရပါတယ်။
၃။ တရားကို တစ်စိုက်မတ်မတ် လေးလေးစားစား နာယူချင်တဲ့စိတ်လေး ကတော့ရှိခဲ့ပါတယ်။ ထိုကြောင့် ပဲလားမသိ တရားစခန်းပြီးဆုံးသွားတဲ့အချိန်မှာ ကျွန်တော့် အတိတ်က အမှားလုပ်တာတွေ အရက်သောက်တာတွေ တစ်ခါတစ်ရံ ဆေးလိပ်သောက်တာတွေ ကျွန်တော့်အတွေးထဲ ထိုအရာတွေကို လုပ်ဆောင်ချင်စိတ်ဟာ ပေါ်မလာတော့ပါဘူး။ ကျွန်တော် လုပ်ချင်ရက်နဲ့ ထိန်းသိမ်း ထားခဲ့ခြင်းမျိုး မဟုတ်ဘဲ လုံးဝကို ပျောက်ကွယ်သွားခဲ့တယ်ဆိုတာ ယနေ့တိုင်ထိပါပဲ။ အရင်ကတော့ ဆေးလိပ်ဖြတ်တယ် ဆိုရင် တစ်လနှစ်လ စသည်ဖြင့်သာ ဖြတ်နိုင်ခဲ့သည်။ ထိုအခါက ဆေးလိပ်ကိုဖြတ်ခဲ့ ခြင်းပေသာဖြစ်တယ် ဆိုတာ သိလာပါတယ်။ တကယ်ကစိတ်ကို ဖြတ်ရမည်သာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ထွေထွေ ထူးထူး သတိထားပြီးဖြတ်စရာ မလိုခဲ့ပါဘူး။ တရားရဲ့ ထူးခြားသော အသိတွေကြောင့်လို့ ကျွန်တော် လုံးဝယုံကြည် ခဲ့ပါတယ်။
ထိုနေ့မှစ၍ ဆရာတော်ဘုရားကြီး၏ တရားတော်တွေ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်ဆေးတွေဖြင့် ကျွန်တော့်အနာကိုတစ်ချို့ကို ပျောက်ကင်း စေခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးများရဲ့ ဆေးတွေကတော့ အနာကိုလုံးလုံး ပျောက်စေနိုင်တဲ့ ဆေးစွမ်းကောင်းတွေ ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဆေးညွှန်း တွေကလည်း ပျောက်ကင်းစေရန် အတိအကျ ပေးထားခြင်းမျိုးဖြစ်ပါတယ်။ ထိုပေမဲ့ အနာနာလုံးလုံး ပျောက်ကင်းဖို့ရန်မှာ ကျွန်တော်ကိုယ်တိုင်ပဲ မှန်မှန်မှီဝဲ ဆေးမှန်မှန် ထည့်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော့်၏ အကြောင်းကံတွေ ကြောင့်သာ သူတော်ကောင်းတရား ဖြစ်တဲ့ သစ္စာလေးပါး တရားနာကြား ခွင့်ရခဲ့ရသည်။ နာကြားဖို့ရန်လည်း အခွင့်အလမ်း တွေကြုံခဲ့ရသည်။ ဟောကြားတဲ့ တရားတွေကိုလည်း နာယူနိုင်စွမ်းရှိခဲ့ သောကြောင့်သာ အတိတ်ကလုပ်ခဲ့သော မိမိ၏ အမှားများကို ပြုပြင်နိုင်ခဲ့သည်။ ပစ္စုပ္ပန်မှာလည်း ပြုပြင်နေဆဲ ဖြစ်ခဲ့သောအတွက်ကြောင့်လည်း အနာဂတ် အမှားများ မကောင်းမှုများကိုလည်း အတတ်နိုင်ဆုံး ရှောင်ပယ် သွားနိုင်လိမ့်မည်လို့ ယုံကြည်ခဲ့ပါသည်။
ထိုကဲ့သို့ ဖြစ်လာနိုင်ဖို့ရန် အတွက်လည်း ကျေးဇူးကြီးမားလှသော မြတ်စွာဘုရားရှင်၊ တရားဒေသနာတော်များ၊ ဆရာတော်ဘုရားကြီးများကို ဦးထိပ်ထားလျက်. မိမိအား ပဲ့ပင်ခေါ်ဆောင်သွား သော ကျွန်တော့်၏ ဆရာအဖြစ်လည်းကောင်း မိတ်ဆွေကောင်းအဖြစ်တစ်ဖုံ ကျေးဇူးရှိသော ကိုဝင်းမြင့်အား ကျေးဇူးသိမြင် ဆပ်သောအနေဖြင့် ကျွန်တော်၏ အတွေ့ အကြုံ များကို စာဖတ်သူ ဓမ္မမိတ်ဆွေတို့အား ညောင်အိုင်သား ကလောင်ဖြင့် ရေးသားသော-
ငါတတ်ငါတော်
ငါလူမော်ဟု
ငါသော်ဆရာမလုပ်ပါတည့်
ငါတွေးသည့်အတွေး
ငါရေးသည့်စာ
ထိုထိုစာကြောင့်
သူငါအများ
အသိပွားလျှင်
ငါပင်ရေးကျိုးနပ်သတည်း ဆိုတဲ့စာသားလေးကို နှလုံးသွင်းပြီး မိမိ၏အတွေ့အကြုံ သူတစ်ပါးတို့၏ အတွေ့အကြုံဖြင့် ဘုရား၊ တရား၊ သံဃာအား ယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့် သူတော်ကောင်း တရားများ နာကြားခွင့်ရကြပြီး သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ မဂ်ဉာဏ် ဖိုဂ်ဉာဏ်ရရှိအောင် ကျင့်ကြံပွားများ နိုင်ကြပါစေအလို့ဌာ. အားလုံး၏ ကျေးဇူးတရား အထောက်အပံ့တွေဖြင့် မိမိ၏ ဘဝဖြစ်စဉ်ကို “ဇွန်”လ၏ ပုံရိပ်များ ဖြင့် ရေးသားပြီး ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ..
အားလုံးပဲကျန်းမာချမ်းမြေ့ကြပါစေ..
မေတ္တာဖြင့်...
သန့်ဇင်
0 comments:
Post a Comment