* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, July 26, 2011

ဘိနပ်စီးခြင်းပြဿနာ

စာရေးသူတို့ မြန်မာလူမျိုးများက ဘုရားကျောင်းတွေအပေါ် ဘိနပ်မစီးခြင်းကို အလေးထားပေမဲ့ ထိုင်းနိုင်ငံမှာတော့ ဘုရားကျောင်း၊ ဓမ္မာရုံတွေ အတွင်းမှာ ဘိနပ်စီးသွားကြသည်။

စာမိတ်ဆက်
ဘုရားပရ၀ုဏ်အတွင်းနှင့် ဘုန်းကြီးကျောင်းအတွင်း တပည့်တော်တို့လို လူဝတ်ကြောင်တွေ ဘိနပ်စီးသွားခြင်း သင့်-မသင်နှင့် ပတ်သက်ပြီး အရှင်ဘုရား အားတဲ့အခါ ရှင်းပြပေးပါဦးဘုရားတဲ့။ ဒီမေးခွန်းက မကွေးဆေးတက္ကသိုလ်တက်နေတဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသားတစ်ယောက်က မေတ္တာရပ်ခံထားတဲ့ မေးခွန်းဖြစ်ပါတယ်။ စာရေးသူက ‘‘မောင်ရင်--ဒီလိုမေးခွန်းနဲ့ ပတ်သက်ပြီး ဖြေထားတာတွေ အများပြားရှိပါတယ်။ ရှာဖတ်ပါ။ စာအုပ်တွေမှာရော ဘလော့ဂ်တွေမှာရော များစွားရှိပြီးသားပါ’’ဟု ပြောပေမဲ့၊ အရှင်ဘုရား ပြောတာ ဖြေတာကိုပဲ မှတ်ထားချင်ပါတယ်ဘုရား၊ ကျေးဇူးပြု၍ ဖြေပေးပါဘုရား။

တကယ်တော့ စာရေးသူလဲ ဘာမှ ဗဟုသုတရှိတာမဟုတ်ပါဘူး၊ စာဖတ်အားလဲ သိပ်မရှိပါဘူး။ သို့သော်လည်း တတ်သလောက် မှတ်သလောက်တော့ ပြောပြပါ့မယ်။ လိုနေလဲ ဖြည့်တွေး၊ ပိုနေလဲ ပယ်တွေးပေးပါလို့ပဲ ဦးစွာ မေတ္တာရပ်ပါတယ်။

အထွဋ်အမြတ်
ဘုရားရှင်သည် လောကအားလုံးတို့၏ အထွဋ်အမြတ်ဖြစ်သည်၊ ဘုန်းတော်ကြီးကျောင်းများသည်လည်း ဘုရားရှင်၏ ကျောင်းများ ဖြစ်ရကား ဘုရားပရ၀ုဏ်ဟူ၍ ပြောနိုင်သည်။ သို့သော်လည်း လူတွေရဲ့စိတ်ထဲမှာ ဘုရားရှင်ဓာတ်တော် မွှေတော်များ ကိန်းရာ စေတီတော် ပုထိုးတော်များ၏ နေရာကို ဘုရားဝန်းဟု သတ်မှတ်ကြသည်၊ ရဟန်းသံဃာများနေသော နေရာများကိုတော့ ဘုန်းကြီးကျောင်များဟု ယူဆထားကြသည်။ တကယ်တော့ ဘုန်းကြီးကျောင်းထဲမှာ ဘုရားစေတီ ရုပ်ပွားတော်များ များစွာရှိသည့်အပြင် ကျောင်းများသည်လည်း ဘုရားကျောင်းများဖြစ်သည်အတွက် အတူတူပင် ယူဆရပါသည်။

ဘိနပ်စီးခြင်း
တချို့ဘုန်းတော်ကြီးကျောင်းတွေမှာ ဘိနပ်စီးခွင့်ပြုသည်၊ တချို့ကျောင်းတွေမှာတော့ စီးခွင့်မပြု၊ တချို့ကျောင်းတွေမှာတော့ သင်္ကြန်စတဲ့ လူသူ များစွားလာသည့် အခါကြီးရက်ကြီးများနှင့် အလှူအတန်းရှိသည့်အခါ ဘိနပ်စီးခွင့်ပြုသည်၊ တချို့ကျောင်းများမှာတော့ တရားဝင်စီးခွင့်ပြုသည်ဟု မဆိုသော်လည်း စီးပြီး သွားလာနေကြသည်။ အယူအဆ ခံယူချက် အမျိုးအမျိုးရှိနေသည်။

ယနေ့ခေတ်တော့ ကျောင်းဝင်းထဲ ဘိနပ်တော့ စီးပြီး မ၀င်ပေမဲ့ ဆိုင်ကယ်စီး ကားစီးပြီးတော့ ၀င်ကြသည်။ ဒါလဲ စဉ်းစားစရာပင်ဖြစ်သည်။ စာရေးသူ ရွာတစ်ရွာရောက်ဖူးသည်၊ တိုက်ကြီးမြို့နယ်က သပြေတန်းရွာလေးဖြစ်သည်၊ ထိုရွာရှိ ရွာသူရွာသားများသည် ဘာသာရေးကိုင်းရှိုင်းကြသလို ဘုန်းကြီး ရဟန်းများကိုလည်း အရိုသေပေးလွန်းသည်။ ထိုဒေသမှာတော့ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးသည်ဖြစ်သည်၊ ဘုန်းကြီးရဟန်းတွေ အလှူအတန်းရှိသည်အခါပဲ ဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်ခုကြောင့်ပဲ ဖြစ်ဖြစ် တစ်ရွာနှင့် တစ်ရွာသွားသည့်အခါ ဆိုင်ကယ်စီး၍ သွားကြရသည်၊ ဆိုင်ကယ်၏ နောက်က ထိုင်လိုက်ရသည်။ ကျောင်းတိုင်းနီးပါး ဆိုင်ကယ် ၀ယ်ထားကြသည်။ အဲသည်လို ဆိုင်ကယ်များနောက်က စီးလိုက်ခြင်းကို အပြစ်ဟူ၍ မယူဆကြတော့ပေ၊ စာရေးသူကို မွေးဖွားပေးရာ ဇာတိရပ်ရွာမှာလဲ ထိုနည်းအတူပင် အပြစ်မပြင်ကြတော့ပေ။ ထိုသပြေတန်းရွာရောက်ခိုက် စာရေးသူလည်း ဆိုင်ကယ်နောက်က လိုက်စီးဖူးသည်။ တခါတော့ ဘုန်းကြီးကျောင်းထဲ ၀င်မည့်လုပ်တော့ ရှေ့က ဆိုင်ကယ်မောင်းတဲ့သူ ဆိုင်ကယ်ရပ်ပြီး ဘိနပ်ချွတ်သည်ကို တွေ့လိုက်ရသည်။ စာရေးသူလည်း စဉ်းစားမိသည်၊ အော်--- ဒီလူတွေရဲ့ စိတ်ထဲမှာ ဘုန်းကြီးကျောင်းကို ရိုသေးလေးစားတဲ့ စိတ်ရှိနေသည်။ ဆိုင်ကယ်ကြီး စီးပြီး ကျောင်းထဲ ၀င်ပေမဲ့ သူ့စိတ်ထဲမှာ ဂါရ၀တရားရှိနေ၍ အပြစ်မရှိဟူ၍ ယူဆလိုက်သည်။
အကယ်၍ ဘုရားဝင်းထဲမှာပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းထဲမှာပဲ ဖြစ်ဖြစ်၊ ရွှံ့တွေ ဗွတ်တွေရှိနေသည်၊ ဘိနပ်မစီးဘဲ သွားပါက ခြေထောက်မှာ ပေတေကျန်ပြီး ထိုဘုရားကျောင်းထဲ ၀င်သွားသော် ကျောင်းတွေ ဘုရားဝင်းအခင်းတွေ ပိုပြီး ပေတေပြိး ညစ်ပတ်သွားပါလိမ့်မည်။ ထို့အတွက် သံဃိကကျောင်း၊ သာသနိကအဆောက်အဦးဖြစ်သဖြင့် ပိုအပြစ်ကြီးပါလိမ့်မည်။ ထိုဘုရားကျောင်းများ မညစ်ပတ်စေလိုသော ဆန္ဒ ဂါရ၀တရား စိတ်များရှေ့ရှုနေပြီး ဘိနပ်စီးပြီး သွားကောင်းသည်၊ ၀င်ကောင်းသည်ဟု မှတ်သားရပါသည်။ ထို့ကြောင့် ဘုရားလက်ထက်ကထဲက ဘုန်းတော်ကြီးကျောင်း လှေခါးမှာပဲ ဖြစ်ဖြစ် ကျောင်းဝင်ပေါက်မှာပဲ ဖြစ်ဖြစ် ခြေထောက်ကို ဆေးကြောပြီးမှ ကျောင်းပေါ်တက်ရန် ရေပုံး၊ ရေအိုး၊ စင့်အိုးများတည်ထားကြသည်။

စာရေးသူကို ပညာရေးရော ကိုယ်ကျင့်တရားရော လူနေမှုအဆင့်အတန်းတွေကိုပါ ပေးလိုက်သည့် အမရပူမြို့ မဟာဂန္ဓာကျောင်းတိုက်အတွင်း မည်သူမဆို ဘိနပ်စီးသွားခွင့်ပြုထားသည်။ အကြောင်းကား အထက်မှာ ပြထားသလို သံဃိကကျောင်းတွေပေါ် ဘိနပ်မစီးဘဲ ပေတေနေသော ခြေတို့ဖြင့် နှင်းမိပါက ပိုအပြစ်ကြီးမည်။ သံဃိကကျောင်းကို ခန္ဓာကိုယ်မှ ချွေးတွေဖြင့် မှီလိုက်တဲ့ အပြစ်ကြောင့် သူစိလောမပြိတ္တာ ဖြစ်ရသည်၊ သူစိ-အပ်၊ လောမ- အမွှေးအမျှင်၊ ခန္ဓာကိုယ်မှာရှိသော အမွှေးအမျှင်များသည် အပ်ချောင်းကဲ့ မာပြီး စူးနေရာကား ဘာနဲ့ ထိထိ၊ တခုခုကို မီလိုက်ရင်ပဲ ဖြစ်ဖြစ် ထိုအပ်မွှေးမျှင်များကား ခန္ဓာကို နာကျင်စေသည်၊ စူးစေသည်အတွက် အိပ်မရ၊ လှဲမရ၊ ထိုင်မရ ဖြစ်ကာ ဒုက္ခခံနေရသည့် ပြိတ္တာမျိုးကို သူစိလောမ ပြိတ္တာဟုခေါ်သည်။ ထို့ကြောင့် သံဃိကကျောင်းများကို ရိုသေသောအားဖြင့် ကျောင်းထဲမှာ ဘိနပ်စီးခွင့်ပြုထားသည်။

ထို့ပြင် စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ ၀င်းအတွင်းမှာလဲ ဘိနပ်စီးခွင့်ပြုထားသည်။ ကျောင်းတွေအပေါ်တက်မှသာလျှင် ဘိနပ်ကို လှေခါးရင်းမှာ တန်းစီချွတ်ကြရသည်။ မိမိ နှလုံးသွင်းသော စိတ်သာလျှင် ပဓာနဖြစ်သည်၊ မရိုသေ မလေးစားလိုသော စိတ်ဖြင့် ဘိနပ်ပဲ စီးစီး၊ ဆိုင်ကယ်ပဲ စီးစီး၊ ဘိနပ်မပါဗလာပဲ ဖြစ်ဖြစ် ကျောင်းဝင်း သို့မဟုတ် ဘုရားဝင်းထဲသွားပါက အပြစ်ရှိသည်သာ။ ‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ စိတ်သာလျှင် အဓိက ဟုသော ဘုရားစကားအရ- စိတ်ကောင်းနှလုံးကောင်းဖြင့် ကျောင်းဝင်းထဲ ဘိနပ်စီးကောင်းသည်ဟု မှတ်ရပါလိမ့်မည်။

လူများစုအထင်
လူအများစုက ထင်ထားသည်မှာ ဘုန်းကြီးကျောင်း ဘုရားကျောင်းတွေမှာ ဘိနပ်စီးသွားလျှင် ဘ၀ဆက်ဆက်မှာ ခြေဖ၀ါးဓားခွဲခံရမည်ဟု ဖြစ်သည်။ ဘာ့ကြောင့် သူတို ထင်သနည်းဟူမူကား- ဘုရားရှင်၏ ကျောင်းဒကာ အရိယာ ဗိမ္ဗိသာရမင်းကြီးသည် သားဖြစ်သူ အဇာတသတ်မင်း၏ ခြေဖ၀ါး ဓားနဲ့မွန်းပြီး ဆားနှင့်ပတ်ကာ နိစ္စပ်မှုကြောင့် နတ်ရွာစံကံတော်ကုန်ခဲ့ရသည်။ ဒါကို စာက မင်းကြီးသည် အရင်ဘ၀ စေတီရင်ပြင်မှာ ဘိနပ်စီးပြီးသွားခြင်း၊ နေရာထိုင်ခွင်းအတွက် ခင်းထားသော သင်ဖျာအပေါ်မှာ ညစ်ပတ်သော ခြေတို့ဖြင့်နှင်းမိသောကြောင့် ဖြစ်သည်ဟု ဆရာများ ဆိုကြသည်ဟု အဋ္ဌကထာဆရာက ဆိုသည်။ (ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ ဓောတေဟိ ပါဒေဟိ အက္ကမိ၊ တဿာယံ နဿန္ဒောတိ ၀ဒန္တိ) (သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ သာမညဖလသုတ်မှ စာပိုဒ်ကလေးဖြစ်ပါသည်။) ထိုဇာတ်လမ်းကို လူတိုင်းက သိထားကြသည့်အတွက် ထိုအယူအဆ ဖြစ်ဟန်တူပါသည်။ တကယ်တော့ ထိုစာကို လေ့လာကြည့်မယ်ဆိုရင် ညစ်ပတ်နေသော ခြေဖြင့်နှင်းမိခြင်း၊ ထို့ပြင် အဂါရ၀စိတ်လဲ ပါမည်။

ရဟန်းတော်များကျင့်ဝတ်
ရဟန်းတော်များအတွက် ကိုယ်က အာဂန္တု ဧည့်သည်အဖြစ်နဲ့ သူများကျောင်းသွားပါက ပညတ်ထားသည့် လူမှုရေး ကျင့်ဝတ်တစ်ခုရှိသည်။ ဧည့်သည် အာဂန္တုရဟန်းသာမဏေတို့သည် ကျောင်းတစ်ကျောင်းကို ၀င်ပါက ဘိနပ်ချွတ်ခြင်း၊ ဆောင်းထားသည့် ထီး ယုတ်သိမ်းခြင်း၊ ဦးခေါင်းခြုံထားသော သင်္ကန်းကို ဖြုတ်ခြင်း၊ ပုခုံးပေါ်မှာ အပိုတင်ထားသော သင်္ကန်းကို အောက်သို့ချခြင်း စတဲ့ အာဝါသိက(ကျောင်းထိုင်) အမြဲနေပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့ အမှတ်လက္ခဏာတွေ ဖြစ်သည်။

ရှေးမင်းများ
အဇာတသတ်မင်း စသော ဘုရားလက်ထက် မင်းတွေသည် ဘုရားရှင်ထံ ဘုရားဖူးသွားသည့်အခါ ယခုကဲ့သို့ မော်တော်ကားများ မပေါ်သေးသဖြင့် ဆင် မြင်း များဖြင့် သွားကြရသည်။ ဘုရားရှင်၏ ကျောင်းပေါက်ဝ ရောက်သည့်အခါ ဆင်ပေါ် မြင်းပေါ်မှ ဆင်းပြိး ခြေလျင်သွားကြသည်။ ယခုခေတ်တော့ မော်တော်ကားများကို လှေကားခြေရင်းထိ မောင်းနှင်လာကြသည်။
တခါက သောဏဒဏ္ဍပုဏ္ဏားကြီး ဘုရားတရားတော်နာကြားပြီး ဘုရားတပည့်ဖြစ်သွားသည်။ သို့သော်လည်း သူ့မှာကား ပရိသတ်အခြံအရံနဲ့ နေရသည်၊ ထိုပရိသတ်ကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေရသည့် အတွက် ပရိသတ်ကြားရောက်နေ၍ ဘုရားရှင်အား မြင်သော ထ၍ ရှိခိုးလိုက်ရင် သူ့ကိုးကွယ်သည့် ပရိသတ်လျော့သွားမည်၊ လာဘ်လာဘတွေ လျော့နဲသွားမည်။ ထို့ကြောင့် ဘုရားရှင်နှင့် နားလည်မှု ရယူကာ အမှတ်သားဖြင့် အရိုသေပေးရသည်။ ပရိသတ်အကြားရောက်နေသော တပည့်တော်သည် လက်အုပ်ချီလိုက်လျင် နေရာမှ ထပေးပြီး အရိုသေပေးနေတယ်ဟု မှတ်ပါဘုရား။ ဦးခေါင်းပေါ်မှာ ခေါင်းမုခြုံကို အောက်ချလိုက်ပါလျင် ဦးခေါင်းရတနာဖြင့် ရှိခိုးနေသည်ဟု မှတ်တော်မူပါ၊ ယာဉ်ပေါ်ရောက်နေသော တပည့်တော်သည် ဆောင်းထားသော ထီးကို ရုပ်သိမ်းပါလျှင် ဦးခေါင်းဖြင့် ရှိခိုးနေသည်ဟု မှတ်တော်မူပါဘုရားဟု ဘုရားနှင့် နားလည်မှုရယူကာ အမှတ်သားပြု၍ အရိုသေပေးသည်။ ထိုအခြင်းအရာ အားလုံးသည် သူ၏ စိတ်ထဲမှ ရှိသော ရိုသေလေးစာ ဂါရ၀တရားကို ပြသည်။ ဘိနပ်ချွတ်၍ သွားခြင်း၊ ထီးရုတ်သိမ်း၍ သွားခြင်း၊ ကားပေါ်မှ ဆင်း၍သွားခြင်းတို့သည် ရိုသေခြင်း၏ သင်္ကေတမျှသာ ဖြစ်သည်။

ဆိုလိုသည်မှာ အခြင်းအရာအများသည် တဖတ်လူကို ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ပြလိုက်ခြင်းဖြစ်သည်၊ အဓိက ကတော့ ရှေးကပြောသလို စိတ်သာလျှင်အဓိကဖြစ်သည်။ စိတ်ထဲက ရိုသေနေပါလျှင် ဘိနပ် စီး၍ဖြစ်စေ ကားစီး၍ဖြစ်စေ ဆင်စီး၍ ဖြစ်စေ သွားကောင်းသည် ၀င်ကောင်းသည်၊ ဆင်ပေါ် ကားပေါ် ဘိနပ်ချွတ်ခြင်းတို့သည် စိတ်ထဲရှိ ဂါရ၀တရားကို ကာယကံမြောက် ပြသလိုက်ခြင်းဖြစ်သည်။ ‘‘၀ိညတ္တိ ဒွယံ စိတ္တဇမေ၀’’ အရ ကာယကံ ၀စီကံတို့သည် စိတ်ကြောင့် ဖြစ်ကြရသည့်အတွက် စိတ်သာလျှင်ပဓာနဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၇-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP