* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, July 20, 2011

ဝိမုတ္တိသုခ Bliss နှင့်ဖိုးသား( အဖြူရောင်မေတ္တာ) တို့ ပေးသော အဘိုးတန်မွေးနေ့လက်ဆောင်များ

Daruma၊ ဓမ္မနှင့် ပစ်တိုင်းထောင် အတွေးများ(ဝိမုတ္တိသုခ)

by Vimuttisukha Bliss on Wednesday, July 20, 2011 at 1:18am

ဒီတစ်ခေါက် အမမွေးနေ့ကိုတော့ ဓမ္မနှင့်စပ်ဆက်ပြီး တွေးမိတွေးရာလေးတွေ အမှတ်တရ လက်ဆောင်ရေးပေးလိုက်ပါတယ်ဗျာ။

တစ်နေ့က ကျွန်တော့်ရဲ့  Personal မေးလ်အကောင့်ရဲ့  Gtalk Message က စာတန်းကို ဖတ်ပြီး တူမလုပ်တဲ့သူကမေးပါတယ်။ ဦးဦး....ဘာအဓိပ္ပါယ်လဲ ဆိုပြီးတော့။ Message က 七転び八起き” လို့ ရေးထားတာပါ။ အသံထွက်က Nana Korobi Ya Oki” လို့ အသံထွက်ပါတယ်။ အဓိပ္ပါယ်က “ခုနှစ်ကြိမ်လဲရင် ရှစ်ကြိမ်ထမယ်” လို့ အဓိပ္ပါယ်ရပါတယ်။ ဂျပန်လူမျိုးတွေသုံးတတ်ကြတဲ့ ဆောင်ပုဒ်လေးတစ်ခုပေါ့။ သူတို့တွေ ဒီဆောင်ပုဒ်လေးနှင့် ဆင်းရဲပြီး သယံဇာတမရှိတဲ့ တိုင်းပြည်အဆင့်ကနေ အခုလို ကမ္ဘာ့အဆင့်မီတိုင်းပြည်ဖြစ်အောင် ကြိုးစားထူထောင်လာနိုင်ခဲ့ကြတာ။ တူမလုပ်တဲ့သူကို အဲဒီဆောင်ပုဒ်နှင့်ပတ်သက်ပြီး နည်းနည်းလေး သူနားလည်အောင် ရှင်းပြဖြစ်လိုက်ပါတယ်။

တလောက မိတ်ဆွေဂျပန်ဆရာမနှင့် စကားပြောဖြစ်တော့ ဂျပန်လူမျိုးတွေရဲ့  ယုံကြည်မှုတွေထဲက တစ်ခုဖြစ်တဲ့ အရုပ်တစ်ခုအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအရုပ်ကို ဂျပန်လို “Daruma” လို့ခေါ်ပါတယ်။ စကားလုံးအရင်းအမြစ်ကို လိုက်ရင်တော့ အိန္ဒိယကနေ မွေးစားထားတဲ့စကားလုံးဖြစ်နေပြီး မူရင်းစာလုံးက မြန်မာလိုအသံထွက်ရမယ်ဆို “ဓမ္မ” ပါတဲ့။ (http://en.wikipedia.org/wiki/Daruma_doll) ဘယ်လိုအရုပ်များလဲလို့ ကြည့်လိုက်တော့ မြန်မာပြည်က ပစ်တိုင်းထောင် အရုပ်လိုမျိုးဖြစ်နေတာ သွားတွေ့ပါတယ်။ ဘယ်လို ပစ်ပစ် ပြန်ပြန်ထောင်တယ်။ သူတို့လူမျိုးတွေကတော့ ဒီအရုပ်ကို အလုပ်တစ်ခုမလုပ်မီမှာဝယ်တတ်ကြပါတယ်။ ဆိုင်က ၀ယ်ဝယ်လာချင်း အရုပ်မှာ မျက်လုံးတွေပါမလာဘဲ မျက်လုံးနေရာက အဖြူရောင်အဖြစ် လွတ်နေပါတယ်။ အဲဒီလွတ်နေတဲ့ မျက်လုံးတစ်လုံးကို ၀ယ်လာတဲ့သူက အနက်ရောင်နှင့် သူ့ဖာသာသူ ဆွဲခြယ်ရပါတယ်။ ကျန်တဲ့မျက်လုံး တစ်ဘက်ကိုတော့ မိမိရည်ရွယ်ထားတဲ့အလုပ်ပြီးမြောက်တဲ့အချိန်ကျတော့ ထပ်ပြီးဆွဲရပါတယ်တဲ့။ မျက်လုံးတစ်ဘက်မရှိပဲ ဖြူနေတဲ့အရုပ်ကို မြင်တိုင်း မိမိရဲ့ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်ပန်းတိုင်းကို သတိရစေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာတုန်းက ကျွန်တော် တရားအားထုတ်ဖြစ်ခဲ့တဲ့ရိပ်သာတစ်ခုမှာ စစအားထုတ်ချင်းရက်တွေမှာ သမထကို အားထုတ်ရပါတယ်။ ဒီလိုနဲ့  သုံးလေးရက်အားထုတ်လို့ သမာဓိ အတော်အတန်ကောင်းလာတဲ့အချိန်ရောက်တော့ ၀ိပဿနာကို ကူးပေးပါတယ်။ အဲဒီအချိန်မှာ တရားပြတဲ့ဆရာတော်က သြ၀ါဒပေးတာက “အခုအချိန်ကနေစပြီးတော့ ပစ်တိုင်းထောင်လိုမျိုး မိမိကိုယ်ကို သဘောထားရပါမယ်”တဲ့။ “ပစ်တိုင်းထောင်အရုပ်ဟာ ဘယ်လိုပစ်ပစ် ပြန်ပြန်ထောင်လာနိုင်သလို ယောဂီပုဂ္ဂိုလ်ဟာလည်း ဘယ်အာရုံကိုပဲဖြစ်ဖြစ် မငြီးမညူတန်း မလွတ်တမ်းလက်ခံမှတ်ရင်းနှင့် အမြဲစိတ်ကသတိဆက်ပြီး ထောင်မတ်နေနိုင်ရမယ်” လို့ ဆုံးမပါတယ်။ ၀ိပဿနာတရားအားထုတ်နေချိန်အတွင်း ဣရိယာပုဒ်ကို မပြောင်းတော့ဘူးလို့ အချိန်နှင့် သတ်မှတ်ပြီး အဓိဋ္ဌာန်နှင့် ထိုင်လိုက်တော့ အဲဒီအချိန်အတွင်း တွေ့ကြုံလာသမျှ ကိုယ်ကာယ ဒုက္ခတွေကိုလည်း အရှုခံအာရုံတွေအဖြစ်နှင့် သိပေးပြီး သည်းခံရပါတော့တယ်။ ခန္ဓာကို လာတိုက်သမျှ အာရုံတွေကို ကြိုးစားသည်းခံမှတ်ရင်း နှလုံးသွင်းမှန်သွားတဲ့ အချိန်တစ်ချိန်မှာတော့ အာရုံအကောင်းအဆိုး အားလုံးအပေါ် မျှတစွာ လက်ခံနိုင်သွားပါတော့တယ်။ အဲဒီအလေ့အကျင့်ဟာ နောက်ပိုင်း တရားရိပ်သာပြင်ပ လူမှုဘ၀ထဲနေထိုင်သွားလာတဲ့အခါတွေမှာလည်း အသုံးတည့်တာကို တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ လူ့ဘ၀မှာ တစ်ခါတလေ ကိုယ်က ကောင်းတာလုပ်နေလည်းပဲ အဆိုးတွေကတော့ ကြုံရတတ်တာပါဘဲ။ ကံနှင့်ကံရဲ့ အကျိုးပေးကို နားမလည်ရင်တော့ အတော်လေး မျက်စိလည်ချင်စရာကောင်းပါတယ်။ ဖန်ဆင်းရှင် တစ်ဦးဦးကပဲ ကိုယ့်ဘ၀ကို စီမံခြယ်လည်နေတယ်လို့ ယုံကြည်သွားလောက်အောင်ကိုပါဘဲ။ ဒါကြောင့်လည်း လောကမှာ လူတွေ ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်နေကြတာ အံ့သြဖို့တော့မရှိပါဘူး။ တခါတလေကျပြန်တော့လည်း အကောင်းတွေက မျှော်လင့်မထားပဲ လိုတာထက်ပိုလို့ တွေ့ကြုံကြရပြန်ပါရော။ အဲဒီအခါမျိုးမှာ ကျွန်တော်တို့တွေဖြစ်တတ်တာက သတိလက်လွတ်နှင့် သာယာတတ်ကြတာပါ။ အဲဒီအချိန်မှာ မာနတွေတက်ပြီး ငါမှငါ ဖြစ်မိတတ်ပြန်ပါတယ်။ တကယ်ကတော့ လောကဓံအဆိုးအကောင်းဆိုတာတွေဟာ ပစ်တိုင်းထောင်ကို ပစ်လှဲဖို့ ကြိုးစားနေတဲ့ တွန်းလှဲချက်တွေဆိုတာကို သဘောပေါက်နားလည်ထားဖို့ လုံလောက်တဲ့ အသိဉာဏ်ခွန်အား ကျွန်တော်တို့မှာ ရှိထားဖို့ လိုပါတယ်။

ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်ကြီးများဟာ ဘယ်လိုပဲ လောကဓံ အကောင်းအဆိုးတွေကြုံတွေ့နေပါစေ မျှတတဲ့နှလုံးသွင်းနှင့်ပဲနေကြတော့တယ်ဆိုတာကို ဟိုးအသက်ငယ်ငယ် စာထဲမှာဖတ်ရတော့ နားသိပ်မလည်ခဲ့ပါဘူး။ တကယ်တမ်း လက်တွေ့နှင့်ယှဉ်လာတော့မှ အရှင်မြတ်ကြီးတွေရဲ့  စိတ်ဓါတ်တော်တွေကို မှန်းဆကြည်ညိုနိုင်လာပါတော့တယ်။ Fight and Flight ဆိုတာ နှစ်ခုလုံးက တကယ်တော့ ကျွန်တော်တို့ အာရုံတွေအပေါ်မှာ သတိမပါ၊ ဉာဏ်မပါပဲ ဗီဇစိတ်တွေနှင့် ပြန်လည်တုံ့ပြန်မှုတွေပါဘဲ။ လောကဓံအထိုးအနှက်ကို အရှုံးပေးလိုက်ရတဲ့သဘောလို့ ပြောလို့ရပါတယ်။ တကယ် အသိဉာဏ်ပါလာပြီဆိုတဲ့အချိန်မှာတော့ အာရုံတွေအပေါ်မှာ React မလုပ်တော့ပဲ Response အဖြစ် ပြောင်းသွားနိုင်ပါတော့တယ်။ လူတွေမှာက ကိုယ်မလိုချင်တဲ့ အာရုံဝင်လာပြီဆိုရင် ငြင်းထုတ်ပစ်လိုက်ဖို့၊ တွန်းဖယ်လိုက်ဖို့ကို အမြဲကြိုးစားချင်နေတာဆိုတော့ အဲဒီအကျင့်ကြီးကို ကြိုးစားဖျောက်ပစ်ပြီး ဘာအာရုံလာလာ ကျေကျေနပ်နပ်လက်ခံမယ် (Accept) လုပ်မယ်၊ ပြီးတော့မှ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်မယ် (Response) လုပ်မယ်လို့ စိတ်ကို ပြုပြင်ယူဖို့ လိုပါတယ်။ ဒါဟာ ပစ်တိုင်းထောင် ကျင့်စဉ်ရဲ့ အခြေခံပါဘဲ။

ဂျပန်တွေကတော့ သူတို့ရဲ့ လောကီအကျိုးစီးပွားအတွက် စိတ်ပိုင်းဆိုင်ရာ အားသစ်ဖြစ်စေဖို့ ပစ်တိုင်းထောင်အရုပ်ကို အသုံးချကြပါတယ်။ မြန်မာလူမျိုးတွေအတွက်တော့ ပစ်တိုင်ထောင်အရုပ်ဆိုတာ ကလေးတွေဆော့စရာ၊ လူကြီးတွေ ဧည့်ခန်းထဲ အလှထားစရာ ဖြစ်နေပါတယ်။ ပစ်တိုင်းထောင်အရုပ်လေးမှာ အင်မတန်နက်ရှိုင်းသိမ်မွေ့တဲ့ အဓိပ္ပါယ်တွေ အပြည့်နှင့်ရှိနေတယ်ဆိုတာကို လောကီထွက်မြောက်ကြောင်း ကျင့်ကြံနေသူများ၊ ထွက်မြောက်သွားပြီးသူများကတော့ သိနေလေရဲ့ အမရေ။ ကျွန်တော်ကတော့ ပစ်တိုင်းထောင်အရုပ်လေးကို “ဓမ္မ” လို့ အမည်ပေးထားတာကို အတော်လေး သဘောကျမိပါရဲ့ ။

အမရဲ့  ရွှေရတုအကြိုမွေးနေ့မှာ အမက ပင်လယ်ဝရောက်နေပြီလို့ ပြောတော့ ကျွန်တော်ကော ဘယ်နားလောက်ရောက်နေပါလိမ့်၊ မြစ်ဝကျွန်းပေါ်အစပ်နားလောက်တော့ ရောက်နေပြီထင်တယ်လို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် "Growing Old" မဖြစ်ပဲ "Growing Up" ဖြစ်အောင် လုပ်ရမှာပဲလို့ ကိုယ့်ကိုယ်ကိုတော့ သတိပေးမိပါတယ်။

အမလည်း တရားသတိနှင့် ရည်မှန်းရာ ပန်းတိုင်ပေါက်အောင် လျှောက်လှမ်းနိုင်ပါစေ။ သာသနာတော်ပြန့်ပွားစည်ပင်ရေးအတွက်လည်း ဆထပ်တိုးကြိုးပမ်းနိုင်ပါစေလို့ (၄၉)နှစ်မြောက်မွေးနေ့ အမှတ်တရ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်

Bliss

20.07.2011 (Wed.)

စာကြွင်း

Dr. Than Than Sein (မသစ္စာအလင်း(www.thitsaralin.org)) ရဲ့ မွေးနေ့အတွက် အမှတ်တရ ရေးသားခြင်းဖြစ်ပါသည်။

မနှစ်က ကျွန်တော့်မွေးနေ့က တိုက်ဆိုင်စွာနှင့် အနတ္တလက္ခဏသုတ်တော် ဟောတဲ့နေ့မှာ ကျရောက်ခဲ့ပါတယ်။ ဒီနှစ်တော့ အမမွေးနေ့က အနတ္တလက္ခဏသုတ်တော် ဟောကြားတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေပြန်ပါတယ်။ ကောင်းလေစွ။

*************************************************************************************

*အချိန်တိုင်းကို စိန်စီပစ်လိုက်မယ်…*

ပြည့်စုံအောင်( အဖြူရောင်မေတ္တာ)


အယူအဆ၊ ဘ၀အမြင်
သွင်ပြင်မတူ၊ ညီတူမရှိ
သိချင်ရာသိ၊ ယူချင်ရာယူ
စွဲချင်ရာစွဲ၊ သဘောကွဲ၍
သဲသဲလှုပ်လှုပ်၊ ရှုပ်ရှုပ်ယှက်ယှက်
အပူထွက်ကာ၊ ဖြတ် “သန်း” ကြာညောင်း
“သန်း” ပေါင်းများစွာ၊ ကုဋေကုဋာတွေဆက်
အသင်္ချေထပ်ပြီ၊
မပြတ်မသား၊ အတွယ်များနှင့်
စွဲအားထူရှာ၊ လူသားကမ္ဘာ..။

ထိုထိုလူစား၊ များအကြားတွင်
ငါကားတစ်ယောက်၊ စိတ်မကောက်ဘဲ
ရှေ့လျှောက်လမ်းစဉ်၊ လွတ်လမ်းဆင်မည်
ရောက်ရင်လည်းရောက်၊ မရောက်လည်းနေ
အရေးမမှု၊ အမှောင်ထုကို
အံတုတွန်းလှန်၊ ငါရုန်းကန်မည်
ရည်သန်လှုပ်ရှား၊ အသွားအပြန်
မှန်မှန်ပျံ “သန်း”၊ သံသရာလမ်းမှ
ရံခါဖြတ် “သန်း”၊ လွတ်ရာလမ်းသို့။

စိန်စီစိန်တောင်၊ စိန်ပြောင်ပြောင်နှင့်
စိန်ရောင်တွေလွှမ်း၊ “စိန်” စီလမ်းနှယ်
လွတ်လမ်းကိုရှု၊ ပမာပြုမိ
ငါတွေးကြည့်သည်၊ ငါသိငါတတ်
ငါမြတ်ငါတော်၊ ငါလူမော်ဟု
ငါကျော်မလွှမ်း၊ စီန်စီလမ်းမှာ
စိန်ပန်းနှယ်တင့်၊ “စိန်” ပွင့်နှယ်မာ
စိန်လွှာတွေဆင်၊ ငါ့စိတ်စဉ်သည်
ဖြစ်တည်အသစ်၊ တုစစ်ပိုင်းခြား
ပြတ်သားချိန်မှာ၊ ပြတ်သားလိုက်မည်
ရုရှစိန်တော့ မဖြစ်လို..။ ။

၂၀-၀၇-၂၀၁၁ ရက်နေ့တွင် ကျရောက်သော အန်တီသန်းသန်းစိန် (သစ္စာအလင်း - http://www.thitsaralin.org​/) ရဲ့ ၄၉-နှစ်မြောက် မွေးနေ့မင်္ဂလာအတွက် သီကုံးရေးစပ်မိသည်။

တီလေးတစ်ယောက် စိန်စီသောလမ်းမှာ အချိန်တိုင်းကို စိန်စီနိုင်ပါစေကြောင်း၊ သာသနာ့ဝန်.. ခန္ဓာ့ဝန်တွေကိုလည်း လွယ်ကူစွာ ထမ်းရွက်နိုင်စေကြောင်း မွေးနေ့ဆုမွန် တောင်းလိုက်ပါ၏။

ခင်မင်လေးစားလျက်
ပြည့်စုံအောင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP