မိုးနှင့်တူသော လူသားများ
လူဆိုတာဘာလဲ?
အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိရမယ်၊ သိတဲ့အတိုင်း လိုက်လုပ်တတ်ရမယ်။ ဒါမှသာ လူမည်ပါသတဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်ရင်၊ လူဖြစ်ရကျိုးနပ်ချင်ရင်၊ လူမည်တဲ့ လူတစ်ယောက်ဖြစ် ချင်တယ်ဆိုရင် အကြောင်းအရာတစ်ခု မိမိနဲ့ ကြုံတွေ့လာတိုင်း ကောင်းတာလား၊ ဆိုးတာလားဆိုတာ အရင်ဆုံးသိအောင် သရုပ်ခွဲပေးပါ။ ပြီးတော့ ကောင်းတာဆိုရင် ကံ၊ကံရဲ့ အကျိုး ယုံကြည့်တဲ့ စိတ်ထားနဲ့ ဆက်လုပ်ဖို့ ကိုယ့်မှာတာဝန်ရှိသလို၊ မကောင်းတာဆိုရင်လည်း “ဒီမကောင်းတာကိုလုပ်မိရင် အဲဒီ မကောင်းတာကြီးက တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ငါ့ကို ဆင်းရဲခြင်းတွေ မေးလိမ့်မယ်”ဆိုတဲ့ အတွေးနဲ့ မလုပ်ဖြစ်အောင် မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို နိုင်အောင်ထိန်းပါ။
အဘိဓမ္မာခုနှစ်ကျမ်းထဲမှာ ပုဂ္ဂလပညတ်ကျမ်းဆိုတာရှိပါတယ်။ အဲဒီကျမ်းက ပုဂ္ဂိုလ်အမျိုးအမျိုးကို ကွဲကွဲပြားပြား၊ ခြားခြားနားနားသိစေရန်အတွက် သူအကန့်နဲ့သူ တကန့်စီ ဒီလို မိုးနဲ့ဥပမာပေပြီးတော့ ခွဲခြားပြသပေးထားပါသေးတယ်။
မိုးလေးမျိုး
(၁) ခြိမ်းလျှက် မရွာသော မိုး၊
(၂) ရွာလျှက် မခြိမ်းသော မိုး၊
(၃) ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာသော မိုး၊
(၄) ခြိမ်းလည်းမခြိမ်း၊ ရွာလည်းမရွာသော မိုး၊
(၁) လောကမှာ လူတချို့ဟာ ပါးစပ်ကသာပြောတယ်၊ ပြောတဲ့အတိုင်း လက်က လက်တွေ့မလုပ်ကြဘူး။ ဒီလိုပြောရုံသာပြောပြီး၊ ပြောတိုင်းလိုက်မလုပ်တတ်တဲ့ သူဟာ ခြိမ်းလျှက် မရွာသောမိုးနဲ့တူကြတယ်။
(၂) လောကမှာ လူတချို့ဟာ အလုပ်ကိုတော့ လုပ်ကြတယ်၊ ပြောတော့ မပြောကြဘူး၊ ဒီလို လုပ်ရုံသာ လုပ်ပြီး၊ မပြောတဲ့သူဟာ ရွာပေမယ့် မခြိမ်းတဲ့ မိုးနဲ့တူကြတယ်။
(၃) လောကမှာ လူတချို့ဟာ အလုပ်လည်းလုပ်ကြတယ်။ ပြောလည်းပြောကြတယ်။ ဒီလို ပြောလည်းပြော၊ လုပ်လည်းလုပ်တဲ့သူတွေဟာ ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာတဲ့မိုးနဲ့တူကြတယ်။
(၄) လောကမှာ လူတချို့ဟာ အလုပ်လည်း မလုပ်ကြဘူး၊ ပြောလည်း မပြောကြဘူး၊ ဒီလူတွေဟာ ခြိမ်းလည်း မခြိမ်း၊ ရွာလည်း၊ မရွာတဲ့မိုးနဲ့တူကြတယ်။
သင်ရော ဘယ်လိုလူစားမျိုးလဲ?
မော်ကွန်းသစ်
7း58am 20.6.2011
0 comments:
Post a Comment